အခန်း (၃၀၇-၃၀၉)
Vol. 21 Ch. 307-309
အပိုင်း (၃၀၇) ထူးဆန်းမှု
လီချန်သည် လန့်ဖြန့်သွားတော့သည်။
စန်းကောက သူ့ကို ဘာလို့ ဒီလိုကြည့်နေတာလဲ။
သူသည် ခွင့်မလွတ်နိုင်သော အပြစ်ကြီးတစ်ခု ကျူးလွန်ထားသည့်နှယ် အစ်ကိုဖြစ်သူ၏ အကြည့်များတွင် အေးစက်မှုနှင့် အကဲခတ်မှုများ ပြည့်နှက်နေလေသည်။
"စန်းကော" လီချန်သည် ကြောက်စိတ်ကို မျိုသိပ်ထားလိုက်ပြီး လီဟောက်နှင့် စကားသွားပြောလိုက်၏။ "စန်းကော မနေ့က ခွင့်ယူထားတော့ ကျွန်တော်က အရမ်းစိတ်ပူနေတာ။ နန်းတော်ထဲကထွက်ပြီး လာတွေ့မလို့လုပ်တာ မူဖေးက မသွားခိုင်းဘူးလေ။ စန်းကောကို အနှောက်အယှက်ဖြစ်မှာစိုးလို့တဲ့ အခု သက်သာသွားပြီလား"
လီဟောက်ကတော့ တိုတိုပြတ်ပြတ်ဖြင့် ပြန်ဖြေလိုက်၏။ "ငါ ဘာမှမဖြစ်ဘူး"
လီချန်က အစ်ကိုဖြစ်သူကို အကဲခတ်လိုက်ပြီး တိုးတိုးလေး ပြောလိုက်လေသည်။ "စန်းကောပုံစံက ဘာမှမဖြစ်တဲ့ပုံစံ မဟုတ်ပါဘူး"
ပုံမှန်အတိုင်းပါပဲ။ စကားပြောတာလဲ နှေးကွေးပြီး အမူအယာတွေက လေးလံထိုင်းမှိုင်းနေတုန်းပဲ။ ဖောင်းကားနေတဲ့ မျက်နှာကြီးက တုံးအတယ်လို့ ထင်ရပေမဲ့ ရိုးသားပြီး ပျော့ညံ့တဲ့ပုံစံ ပေါက်နေတယ်။
ဒီလို လီချန်မျိုးက နှစ်အနည်းငယ်ကြာရင် မရီးဖြစ်သူအပေါ် ဘယ်လိုကိစ္စမျိုး လုပ်ရဲမှာလဲတဲ့။
သူက သူ့အမေအရင်းနဲ့ ညီအရင်းကို ကောင်းကောင်း နားလည်တယ်လို့ အမြဲတမ်း ထင်ထားခဲ့တာ။
အခုမှ သိလိုက်ရတယ်။ ဒါတွေအားလုံးက သူ့ထင်မြင်ချက်ပဲ ဆိုတာကို။
တကယ်တမ်းတော့ သူက စူးဖေးကိုလဲ နားမလည်သလို ညီအရင်းကိုလဲ နားမလည်ပါဘူး။
လီချန်သည် အစ်ကိုဖြစ်သူ၏ ထူးဆန်းသောအကြည့်ကြောင့် ကြက်သီးထလာပြီး တုန်ယင်စွာ မေးလိုက်လေသည်။ "စန်းကော တကယ်ပဲ ဘာဖြစ်လို့လဲ ဘာလို့ ကျွန်တော့်ကို ဒီလိုထူးထူးဆန်းဆန်း ကြည့်နေတာလဲ"
လီဟောက်က ခဏလောက် တိတ်ဆိတ်နေလိုက်ပြီးမှ အကြည့်လွှဲလိုက်ကာ ပြောလိုက်လေသည်။ "ဘာမှမဟုတ်ပါဘူး"
လီချန် "..."
ဘာမှမဟုတ်တာတော့ မဖြစ်နိုင်ဘူး။
သို့သော်ငြား အစ်ကိုဖြစ်သူအပေါ် ကြောက်ရွံ့အားကိုးစိတ်က အရိုးထဲစွဲနေပြီဖြစ်သဖြင့် လီဟောက်က ဘာမှမပြောလျှင် သူကလဲ ဆက်မမေးရဲတော့ပေ။
လီချန်သည် ပါးစပ်ပိတ်ထားလိုက်ပြီး အစ်ကိုဖြစ်သူဘေးတွင် လိမ်မာစွာ နေလိုက်တော့သည်။
မကြာခင် နှစ်ကုန်နန်းတွင်းစားသောက်ပွဲကြီး စတင်လေ၏။
မယ်တော်ကြီးကျောက်သည် ယုံးကျားဧကရာဇ်နှင့် ချောင်မိဖုရားခေါင်တို့ ခြံရဲလျက် ဝင်ရောက်လာခဲ့သည်။ ပထမမင်းသား ဇနီးမောင်နှံကလဲ တွဲဖက်ကာ ဝင်ရောက်လာကြ၏။ ဟွေ့အန်းကုန်းကျူနှင့် ဝူဖုမာတို့သည်လဲ လက်ချင်းချိတ်ကာ ပျော်ရွှင်စွာ ဝင်လာကြလေသည်။
ထိုက်ဇီလီကျင့်နှင့် ထိုက်ဇီဖေးလုမင်ယွိတို့ ဝင်ရောက်လာချိန်တွင် လီချန်သည် အစ်ကိုဖြစ်သူ၏ ခန္ဓာကိုယ်က တောင့်တင်းသွားသည်ကို သတ်ထားမိလိုက်လေသည်။
လုမင်ယွိက လီကျင့်နှင့် လက်ထပ်တာ တစ်နှစ်ရှိပြီ။ သားတစ်ယောက် သမီးတစ်ယောက်တောင် ရနေပြီ။ လီဟောက်လဲ မိန်းမရနေပါပြီ။ မိန်းမက ကိုယ်ဝန်တောင်ရှိနေပြီ အတိတ်က ဇာတ်လမ်းဟောင်းကို မမေ့နိုင်သေးဘူးလား။
လီချန်သည် စိတ်ထဲတွင် ရေရွတ်လိုက်ပြီး လီဟောက်ကို မြန်မြန် တစ်ချက်လှမ်းကြည့်လိုက်သည်။
လီဟောက်သည် လီချန်၏ မျက်နှာအမူအယာကို လုံးဝဂရုမစိုက်ဘဲ သူ့အကြည့်သည် လူအုပ်ကြီးကို ကျော်ဖြတ်သွားပြီး အဝေးတစ်နေရာက လုမင်ယိ၏ မျက်နှာပေါ်သို့ ကျရောက်သွားလေသည်။
နန်းတွင်းထဲတွင် မီးအိမ်ပေါင်းများစွာက ခန်းမဆောင်ကြီးကို နေ့ခင်းအလား လင်းထိန်နေစေ၏။ အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လုမင်ယွိသည် ကျက်သရေရှိလှပြီး လှပစွာ တောက်ပြောင်နေတော့သည်။ သူမသည် ရတနာတစ်ပါးကဲ့သို့ တောက်ပနေတော့၏။ လီကျင့်သည် တစ်ခုခု တီးတိုးပြောလိုက်သည်တွင် လုမင်ယွိက ပြုံးရယ်လိုက်လေသည်။
သူမ၏ မျက်ဝန်းထဲက အပြုံးရိပ်လေးသည် လီဟောက်၏ မျက်လုံးကို စူးရှသွားစေတော့သည်။ သူသည် နက်ရှိုင်းလှသည့် ရေကန်ထဲသို့ ပြုတ်ကျသွားသလို မွန်းကြပ်လာပြီး အသက်ရှူရ ခက်လာတော့သည်။ လုမင်ယွိကလဲ အာရုံခံစားမှု ကောင်းမွန်လွန်းသဖြင့် တစ်စုံတစ်ခုကို သတိပြုမိလိုက်ပြီး ဝေ့ဝဲကာ ကြည့်လိုက်လေသည်။ လီဟောက်က အရင်ဦးအောင် အကြည့်လွှဲလိုက်သဖြင့် အကြည့်ချင်းမဆုံလိုက်ချေ။
လုမင်ယွိသည် အနည်းငယ် မျက်မှောင်ကြုတ်သွားတော့၏။
လီကျင့်သည် ထူးခြားမှုကို သတိထားမိလိုက်ပြီး တိုးတိုးလေး မေးလိုက်လေသည်။ "ရှောင်ယွိ ဘာဖြစ်လို့လဲ"
လုမင်ယွိကတော့ ပေါ့ပေါ့ပါးပါးသာ ပြန်ဖြေလိုက်၏။ "တစ်ယောက်ယောက်က ကျွန်မကို စိုက်ကြည့်နေသလို ခံစားရလို့။ ဒါပေမဲ့ ခုနက လိုက်ကြည့်တာ ဘယ်သူမီန်း မတွေ့မိလိုက်ဘူး"
စကားပြောရင်း သူမ၏ စိတ်ထဲတွင် တစ်ခုခုကို ရိပ်မိလိုက်လေသည်။
လီကျင့်၏ မျက်လုံးများက လက်ခနဲဖြစ်သွားပြီး အဝေးက လီဟောက်နှင့် လီချန်တို့ ညီအစ်ကိုနှစ်ယောက်ကို လှမ်းကြည့်လိုက်၏။ လောလောဆယ်တွင်တော့ ဘာတစ်ခုမှ မတွေ့ရပေ။
...
ခဏကြာပြီးနောက်တွင် ကိုယ်လုပ်တော်များသည် တစ်ယောက်ပြီး တစ်ယောက် ဝင်လာကြလေသည်။
မုန့်ယွင်လော်သည် ယိယွားနန်းဆောင်သို့ အရင်သွားပြီး စူးဖေးနှင့်အတူ ဝင်ရောက်လာခြင်းဖြစ်၏။ စူးဖေးသည် တစ်ရက်နှင့် နှစ်ညတိုင်တိုင် စိတ်မငြိမ်မသက် ဖြစ်နေခဲ့ပြီး လီဟောက်ကို တွေ့တုံရန် သတ္တိမရှိသလောက် ဖြစ်နေ၏။
ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ရှောင်ပုန်းနေလို့ မရဘူးလေ။။ သူက သူ့ရဲ့အမေအရင်းပဲ။ မသင့်တော်တဲ့ကိစ္စတစ်ခုနှစ်ခု လုပ်ခဲ့မိရင်တောင် သူက အမေအရင်းကို ငြင်းပယ်မှာ မဟုတ်ပါဘူး။
စူးဖေးသည် မိမိကိုယ်ကို အားပေးလိုက်ပြီး လီဟောက်ကို မြင်လိုက်သည့်အချိန်တွင် ခြေလှမ်းများ တုံ့ဆိုင်းသွားတော့သည်။
မုန့်ယွင်လော်သည် ဘာမှမသိဘဲ လီဟောက်ကို ပြုံးကာ နှုတ်ဆက်လိုက်လေသည်။ "ကျွန်မ အရှင်မင်းသားနဲ့ ယိဟွားနန်းဆောင်ကို အရင်သွားဖို့ ပြောထားတာလေ။ အရှင်မင်းသားက ဘာဖြစ်လို့ ကျောင်းဖန်နန်းဆောင်ကို အရင်ရောက်နေတာလဲ"
လီဟောက်က စူးဖေးကို တစ်ချက်ကြည့်လိုက်၏။
စူးဖေး၏ ရင်ထဲတွင် ထိတ်ခနဲဖြစ်သွားပြီး မျက်လုံးများထဲတွင် တောင်းပန်သည့်အရိပ်အယောင် ပေါ်လာခဲ့သည်။
လီဟောက်က ခဏလောက် တိတ်ဆိတ်နေပြီးနောက် ရှေ့သို့တိုးကာ မူဖေးဟု နှုတ်ဆက်လိုက်လေသည်။
စူးဖေး၏ တင်းမာနေသောခန္ဓာကိုယ်သည် ချက်ချင်းလျော့ကျသွားပြီး မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာလေသည်။ "အားဟောက် မင်း မနေ့က တစ်ရက်နားလိုက်တာ သက်သာသွားပြီလား"
လီဟောက်က ပြန်ဖြေလိုက်လေသည်။ "သက်သာသွားပါပြီ။ မူဖေး စိတ်မပူပါနဲ့"
စူးဖေးက ပုံမှန်အတိုင်း ပြန်ပြောလိုက်လေသည်။ "ငါက မင်းကို ဂရုမစိုက်ရင် ဘယ်သူ့ကို ဂရုစိုက်ရမှာလဲ။ မင်း ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ရမယ်။ ပြီးနောက် ဘေးနားက မုန့်ယွင်လော်ကို မှာကြားလိုက်လေသည်။ "မင်းက ကိုယ်ဝန်ရှိနေတာဆိုတော့ ကလေးကို ဂရုစိုက်ရမယ်။ ဒါပေမဲ့ အားဟောက်ရဲ့ ကျန်းမာရေးကိုလဲ ဂရုစိုက်ပေးအုံးနော်"
မုန့်ယွင်လော်က ပြုံးကာ ခေါင်းညိမ့်လိုက်လေသည်။
"ဟုတ်ကဲ့ပါ မူဖေး"
သူမနှင့် စူးဖေးတို့သည် အချင်းချင်း ပြဿနာတတ်ခဲ့ဖူးသော်လည်း အမြဲတမ်း သူမကပဲ ခေါင်းငုံ့ခံလိုက်ရလေသည်။
မတတ်နိုင်ဘူးလေ။ ပြဿနာတက်တိုင်း လီဟောက်က စူးဖေးဘက်ပဲ ပါတာကိုး။ သူမတစ်ယောက်တည်း ဘယ်လိုလုပ် သားအမိနှစ်ယောက်ကို ယှဥ်နိုင်မှာလဲ။
မုန့်ယွင်လော်သည် မကျေနပ်သော်ငြား သီးခံတတ်လာလေသည်။ ကိုယ်ဝန်ရှိလာပြီးနောက်တွင် ယောက္ခမနှင့်ချွေးမ ဆက်ဆံရေးကလဲ အတော်လေး ပြေလည်လာပြီဖြစ်၏။
စူးဖေးက စကားအနည်းငယ် မှာကြားလိုက်ပြီး ချင်ဖေးတို့နှင့်အတူ သွားထိုင်လိုက်လေသည်။ လီဟောက်နှင့် မုန့်ယွင်လော်တို့က စတုတ္ထမင်းသား ဇနီးမောင်နှံဘေးတွင် ဝင်ထိုင်လိုက်ကြသည်။
ထိုက်ဇီနှင့်ထိုက်ဇီဖေးတို့က ဧကရာဇ်နှင့် မိဖုရားခေါင်ဘေးတွင် ထိုင်နေကြပြီး သူတို့၏ ဂုဏ်ဒြပ်နှင့်နေရာသည် လူအများထက် သာလွန်နေသည်။ လူပေါင်းများစွာ ခြားနားထားသဖြင့် လီဟောက်သည် မော့ကြည့်လိုက်သည့်အခါတိုင်း ဝိုးတဝါး ပုံရိပ်လေးကိုသာ မြင်တွေ့ရ၏။
နန်းတွင်းစားတော်ပွဲသည် သီဆိုကခုန်မှုများဖြင့် ပြည့်နှက်နေပြီး ပျော်ရွှင်စရာ ကောင်းလှလေသည်။
ဒီလိုစည်ကားသိုက်မြိုက်သည့် ပွဲလမ်းသဘင်ကြီးထဲတွင် ရောက်နေသော်ငြားလည်း လီဟောက်သည် မျက်နှာပေါ်တွင် အပြုံးတစ်ခုကို အတင်းညှစ်ထုတ်ထားရပြီး ရင်ထဲမှာတော့ အေးစက်နေလေတော့၏။
သူ လုမင်ယွိရဲ့ ရှေ့မှောက်ကို ပြေးသွားပြီး မေးချင်နေမိတော့တယ်။ ဘာဖြစ်လို့ ဒီလောက်ရက်စက်ပြီး လင်မယားသံယောဇဥ်ကို ဖြတ်တောက်ပစ်ရတာလဲလို့ပေါ့။ အရင်ဘဝတုန်းက တကယ်ပဲ ဘာတွေဖြစ်ခဲ့တာလဲလို့ မေးချင်နေမိတယ်။ ဒါပေမဲ့ သူ ဘာမှမလုပ်နိုင်ဘဲ လူအများနဲ့အတူ ခွက်မြှောက်ပြီး သောက်နေရုံပဲ တတ်နိုင်တော့တာပဲ။
...
စားသောက်ပွဲ တစ်ဝက်လောက် ရောက်လာချိန်တွင် ချင်ဖေးနှင့် စူးဖေးတို့အောက်တွင် ထိုင်နေသည့် ဝမ်မေရန်သည် ရုတ်တရက် မျက်နှာဖြူဖတ်ဖြူရော်ဖြစ်သွားပြီး ရင်ဘတ်ကိုဖိကာ အော့အန်ချင်သလို ဖြစ်လာတော့သည်။
ချင်ဖေးက အရင်ဆုံး သတိထားမိလိုက်လေသည်။
"ဝမ်မေရန် ဘာဖြစ်လို့လဲ နေမကောင်းဘူးလား"
ဝမ်မေရန်က ရင်ဘတ်ကိုဖိထားရင်း အားယူကာ ပြုံးလိုက်လေသည်။ "ချန်ချဲ့ ဒီရက်ပိုင်း ဗိုက်ထဲမှာ တမျိုးကြီးဖြစ်ပြီး အန်ချင်သလိုလို ဖြစ်နေလို့ပါ။ အအေးမိသွားတာလား၊ အစားမှားတာလား မသိပါဘူး။ ဒီနေ့ ခွင့်တိုင်ပြီး မလာဘဲနေသင့်တာ အခုတော့ အားလုံးကို စိတ်အနှောက်အယှက် ဖြစ်စေမိပါပြီ။ တကယ်ပဲ ရှက်စရာကောင်းပါတယ်"
ပြောပြီးသည်နှင့် ထကာ တောင်းပန်လိုက်လေသည်။
တောင်းပန်သည်နှင့် နောက်တစ်ချက် ထိုးအန်လိုက်ပြန်သည်။ ချောမောလှသည့် မျက်နှာလေးသည် သွေးမရှိတော့သလို ဖြူဖတ်ဖြူရော် ဖြစ်သွားတော့၏။
နေပါအုံး။
ချင်ဖေး၏ ဦးနှောက်ထဲတွင် ဖြစ်နိုင်ချေတစ်ခု ပေါ်လာပြီး ဘေးနားက စူးဖေးကို လှမ်းကြည့်လိုက်၏။ စူးဖေးသည်လဲ အတွေ့အကြုံရှိသူပီပီ မကောင်းသည့် ဖြစ်နိုင်ချေတစ်ခုကို တွေးမိလိုက်တော့သည်။
ချောင်မိဖုရားခေါင်က ပါးစပ်ကိုဖွင့်ကာ အမိန့်ပေးလိုက်တော့၏။ "ချိုင်လန် သမားတော်ချုပ်ကျိုးကို သွားခေါ်လိုက်"
ဝမ်မေရန်၏ ရာထူးအဆင့်အတန်းအရဆိုလျှင် သမားတော်ချုပ်ကျိုးကို ခေါ်ယူခွင့်မရှိပေ။ သို့သော် ချောင်မိဖုရားခေါင်က ဝမ်မေရန်ကို မြှောက်စားချင်နေပြီး ယုံးကျားဧကရာဇ်ကလဲ ခွင့်ပြုထားသဖြင့် ဘယ်သူကမှ ဘာမှမပြောရဲကြပေ။
ချင်ဖေး၏ ရင်ထဲတွင် မနာလိုစိတ်များ ဖြစ်ပေါ်လာသော်ငြားလည်း ပြုံးကာပြောလိုက်လေသည်။ "ချန်ချဲ့က ဆေးပညာနားမလည်ပါဘူး။ ဒါပေမဲ့ ဝမ်မေရန်ရဲ့ ပုံစံကိုကြည့်ရတာ တစ်ခုခုတော့ မှန်းဆလို့ရနေပြီ။ ကြည့်ရတာ နန်းတော်ထဲမှာ မင်္ဂလာကိစ္စ ရှိတော့မယ်ထင်တယ်"
ဝမ်မေရန်သည် မျက်နှာဖြူကာ စကားပင် မပြောနိုင်တော့ပေ။
စူးဖေးသည်လဲ ရင်ထဲတွင် မနာလိုဝန်တိုစိတ်များ ဖြစ်ပေါ်နေသော်ငြား ပါးစပ်ကိုအုပ်ကာ ရယ်မောလိုက်တော့သည်။ "ချန်ချဲ့ ကြည့်ရတာ ဝမ်မေရန် ကိုယ်ဝန်ရှိနေပြီထင်တယ်"
ယုံးကျားဧကရာဇ်သည် ဝမ်းသာအားရဖြစ်သွားပြီး မျက်နှာပေါ်တွင် အပြုံးများ ပြည့်နှက်သွားတော့သည်။ "သမားတော်ချုပ်ကျိုး စမ်းသပ်ပြီးရင် သိရမှာပေါ့"
ချောင်မိဖုရားခေါင်က အခြေအနေကို နားလည်လိုက်ပြီး ပြုံးကာပြောလိုက်တော့သည်။ "ကခုန်နေတာတွေကို ခဏလောက် ရပ်ထားလိုက်"
...
အပိုင်း (၃၀၈) သတင်းကောင်း
တော်ဝင်သမားတော်ချုပ်ကျိုးသည် ပင်မနန်းဆောင်ထဲသို့ အလျင်အမြန် ဝင်ရောက်လာပြီး ဝမ်မေရန်၏ သွေးခုန်နှုန်းကို စမ်းသပ်လေသည်။
လူတိုင်း၏ အကြည့်များက တညီတညွတ်တည်း ရောက်ရှိသွားကြ၏။ ထိုအထဲတွင် မယ်တော်ကြီးကျောက်နှင့် ယုံးကျားဧကရာဇ်တို့၏ အကြည့်များက အထက်သန်ဆုံး ဖြစ်နေကြလေသည်။
အငယ်ဆုံးသော ပဉ္စမမင်းသားသည် ၁၃ နှစ် ရှိနေပြီ ဖြစ်လေသည်။ ဤနှစ်များအတွင်း ယုံးကျားဧကရာဇ်သည် စစ်တိုက်ထွက်နေရသဖြင့် အလုပ်များပြီး ပင်ပန်းနွမ်းနယ်နေခဲ့ရာ အနောက်နန်းဆောင်တွင် လှုပ်ရှားမှုမရှိခဲ့ပေ။
မင်းသား ၅ ပါးနှင့် မင်းသမီး ၂ ပါး ဆိုသည်မှာ မနည်းလှသော်လည်း တော်ဝင်မိသားစုအတွက်မူ သားသမီးရတနာ ပိုများလေ ပိုကောင်းလေပင်။
တော်ဝင်သမားတော်ချုပ်ကျိုးသည် သွေးခုန်နှုန်း စမ်းသပ်ပြီးနောက် ပြုံးရွှင်စွာဖြင့် လက်နှစ်ဖက်ကို ယှက်ကာ ဂုဏ်ပြုစကား ဆိုလိုက်လေသည်။
"ဝမ်မေရန်မှာ ကိုယ်ဝန်ရှိနေပါပြီ။ ဂုဏ်ယူပါတယ် အရှင်မင်းကြီး။ ဂုဏ်ယူပါတယ် မိဖုရားခေါင်ကြီး။ နန်းတော်ထဲမှာ မင်းသားလေး သို့မဟုတ် မင်းသမီးလေး တိုးလာတော့မှာပါ"
ယုံးကျားဧကရာဇ်က အလွန်ဝမ်းမြောက်သွား၏။
"ကောင်းတယ်။ ဒီလိုသတင်းကောင်းမျိုးကို ဆုကြီးကြီးချီးမြှင့်ရမယ်"
မယ်တော်ကြီးကျောက်သည်လည်း မျက်နှာတစ်ခုလုံး အပြုံးများ ဝေဆာနေတော့သည်။
"အိုက်ကျားက အနောက်နန်းဆောင်မှာ သတင်းကောင်း ကြားရဖို့ မျှော်လင့်နေခဲ့တာ။ ဒီနှစ်တွေအကြာကြီး စောင့်လိုက်ရပြီးမှ နောက်ဆုံးတော့ မျှော်လင့်ချက် ပြည့်သွားပြီပဲ။ ဝမ်မေရန်ရဲ့ ဗိုက်က တကယ်ပဲ အားကိုးရတာပဲ။ အိုက်ကျား အရမ်းဝမ်းသာတယ်။ အကောင်းဆုံးကတော့ မင်းသားလေး မွေးဖွားပေးနိုင်ရင် ပိုကောင်းတာပေါ့"
ချောင်မိဖုရားခေါင်က ပြုံးကာ စကားထောက်လိုက်လေသည်။
"မင်းသမီးလေး မွေးရင်လည်း ဝမ်းမြောက်စရာပါပဲ"
မယ်တော်ကြီးကျောက်သည် ရန်မရှာဘဲ ရှားရှားပါးပါး ပျော်ရွှင်စွာ ရယ်မောလိုက်လေသည်။
"ဟွမ်ဟုပ် ပြောတာ မှန်ပါတယ်။ မင်းသားလေးဖြစ်ဖြစ် မင်းသမီးလေးဖြစ်ဖြစ် အကုန်ကောင်းပါတယ်"
ယုံးကျားဧကရာဇ်က ပြုံးလျက် ဆိုလိုက်၏။
"ဝမ်မေရန်မှာ ကိုယ်ဝန်ရှိလာပြီဆိုတော့ ရာထူးလည်း တိုးပေးသင့်ပြီ။ ဟွမ်ဟုပ် သဘောကရော ဝမ်မေရန်ကို ဘယ်လိုရာထူးမျိုး ပေးရင် ကောင်းမလဲ"
ချောင်မိဖုရားခေါင်က အပြုံးဖြင့် ပြန်ဖြေလိုက်လေသည်။
"အရင်ဆုံး ကျဲယွီ ရာထူး တိုးပေးလိုက်ပါ"
ယုံးကျားဧကရာဇ်က ခေါင်းညိတ်လိုက်၏။
"အဲဒါလည်း ကောင်းတာပဲ"
လဝက်မျှသော အချိန်တိုအတွင်း သာမန်နန်းတွင်းအပျိုတော်ဘဝမှ ကျဲယွီရာထူးအထိ တိုးမြှင့်ခံရခြင်းက မျက်နှာသာပေးခံရမှုကို ထင်ရှားစေသည်။
ဝမ်မေရန်၏ ဖြူဖျော့သော မျက်နှာလေးပေါ်တွင် သွေးရောင်လွှမ်းသွားပြီး ရှက်သွေးဖြာကာ ထရပ်၍ ကျေးဇူးတင်စကား ဆိုလိုက်လေသည်။
"ချန်ချဲ့ အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်။ ဟွမ်ဟုပ်ညန်ညန်ကို ကျေးဇူးတင်ပါတယ်"
စူးကျောင်းရုံ၏ စိတ်ထဲတွင်တော့ ချဉ်စပ်ခါးသီးနေတော့သည်။
သူမက အနောက်နန်းဆောင်တွင် နှစ်ပေါင်းများစွာ အမှုထမ်းခဲ့ပြီး သားနှစ်ယောက် မွေးဖွားပေးခဲ့တာတောင်မှ ကျောင်းရုံ ရာထူးသာ ရရှိခဲ့သည်။ ဒီဝမ်မေရန်ကတော့ ကံကောင်းလိုက်တာ။ လဝက်အတွင်းမှာတင် ကျဲယွီ ဖြစ်လာခဲ့ပြီ။ နောင်ပိုင်း မင်းသားလေးသာ ထပ်မွေးလိုက်ရင် ဘယ်လိုတွေ ဖြစ်လာမှာလဲ။
ချင်ဖေးက စိတ်ထဲတွင် မျက်စောင်းထိုးမိလေသည်။
ကိုယ်ဝန်ရှိသည့်ကိစ္စကို ကိုယ်တိုင် အသိဆုံးပင်။ ဝမ်မေရန်က မစောမနှောင်း နှစ်ကုန်ပိုင်း နန်းတွင်းစားပွဲကျမှ ကိုယ်ဝန်ရှိမှန်း စမ်းသပ်တွေ့ရှိရသည် ဆိုသည်မှာ ချောင်မိဖုရားခေါင်၏ "လက်ရာ" မပါဘူးဆိုလျှင် သူမ လုံးဝ မယုံပေ။
ယုံးကျားဧကရာဇ် ပျော်ရွှင်နေသည့် ပုံစံကို ကြည့်ရုံဖြင့် "သဘောထားကြီးပြီး ကြင်နာတတ်တဲ့" ချောင်မိဖုရားခေါင်အပေါ် ဘယ်လောက်တောင် ကျေနပ်နေလဲဆိုတာ သိသာလှသည်။
ထင်ထားသည့်အတိုင်းပင် နန်းတွင်းစားပွဲပြီးဆုံးသောအခါ ယုံးကျားဧကရာဇ်သည် ကျောင်းဖန်နန်းဆောင်တွင် ကျန်ရစ်ခဲ့လေသည်။
ယုံးကျားဧကရာဇ်က ချောင်မိဖုရားခေါင်ကို ပြုံးကာ ပြောလိုက်လေသည်။
"ကျန်း စစ်မထွက်ခင် ဒီလိုသတင်းကောင်း ကြားရလိမ့်မယ်လို့ တကယ်မထင်ထားမိဘူး"
ချောင်မိဖုရားခေါင်က အပြုံးဖြင့် ပြန်ပြောလိုက်၏။
"အရှင်မင်းကြီးက သက်လတ်ပိုင်းအရွယ်ပဲ ရှိပါသေးတယ်။ သားသမီးရတနာ ထွန်းကားတာ ချန်ချဲ့လည်း ဝမ်းသာမိပါတယ်။ အရှင်မင်းကြီး စိတ်ချပါ။ ချန်ချဲ့ ဝမ်မေရန်ကို ကောင်းကောင်း စောင့်ရှောက်လိုက်ပါ့မယ်"
ယုံးကျားဧကရာဇ်သည် ချောင်မိဖုရားခေါင်၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး ကြင်နာစွာ ပြုံးလျက် ပြောလိုက်လေသည်။
"မိဖုရားခေါင်က သဘောထားကြီးပြီး လိမ္မာပါပေတယ်။ ဒါက ကျန်းရဲ့ ကံကောင်းမှုပဲ"
အသက်ကြီးနေပြီကို အချစ်တော်ကြီး လုပ်ပြနေသေးတယ်။ တကယ် ရွံစရာကောင်းလိုက်တာ။
ချောင်မိဖုရားခေါင်၏ စိတ်ထဲတွင် လှုပ်ရှားမှုမရှိသော်လည်း မျက်နှာထက်တွင်တော့ ကြည်နူးသောအပြုံးကို ပန်ဆင်ထားလိုက်သည်။
"အရှင်မင်းကြီးက ချန်ချဲ့ကို ဒီလိုချီးကျူးတော့ ချန်ချဲ့ နေရခက်မိပါတယ်"
ခဏရပ်ပြီးနောက် သူမက ဆက်ပြောလိုက်၏။
"ဝမ်မေရန်က ကိုယ်ဝန်ရှိနေပြီဆိုတော့ စိတ်ငြိမ်ငြိမ်ထားပြီး ကိုယ်ဝန်စောင့်ရှောက်ဖို့ လိုပါတယ်။ ချန်ချဲ့ အရှင်မင်းကြီးကို ပြုစုဖို့ နောက်ထပ် ငယ်ရွယ်တဲ့သူ နှစ်ယောက်လောက် ရွေးပေးပါ့မယ်"
ယုံးကျားဧကရာဇ်က ရယ်မောလိုက်လေသည်။
"ဒါတော့ မလိုတော့ပါဘူး။ နှစ်ကူးပြီးရင် ကျန်းက စစ်ထွက်ရတော့မှာ။ ဒီလိုကိစ္စတွေအတွက် စိတ်မပါတော့ပါဘူး။ မိဖုရားခေါင်ရဲ့ စေတနာကို ကျန်း လက်ခံပါတယ်"
...
"ဝမ်မေရန်ရဲ့ ကိုယ်ဝန်က အချိန်ကိုက်ပဲ"
အိမ်ရှေ့စံနန်းဆောင်ထဲတွင် လီကျင့်က လေသံတိုးတိုးဖြင့် ပြုံးကာ ပြောလိုက်လေသည်။
"ဖုဟွမ် ဒီည ဘယ်လောက် ပျော်နေလဲဆိုတာ ကြည့်ရုံနဲ့ သိသာပါတယ်"
ဝမ်မေရန် ကိုယ်ဝန်ရှိပြီး မျက်နှာသာပေးခံရခြင်းသည် မုန့်ဖေးအတွက် နောက်ထပ် ထိုးနှက်ချက်ကြီးတစ်ခု ဖြစ်လေသည်။ ချောင်မိဖုရားခေါင်အတွက်တော့ သတင်းကောင်းကြီးပင်။ အိမ်ရှေ့စံ နေရာကိုလည်း ခန့်အပ်ပြီးပြီဖြစ်ရာ နောက်ထပ် မိဖုရားငယ်တစ်ပါးမှ မင်းသားတစ်ပါး ထပ်မွေးလာလျှင်လည်း လီကျင့်၏ နေရာကို ထိခိုက်နိုင်မည် မဟုတ်ပေ။
လုမင်ယွိ၏ မျက်ဝန်းများ အရောင်လက်သွားပြီး အသံကို နှိမ့်ကာ ပြောလိုက်လေသည်။
"ဝမ်မေရန်က လွန်ခဲ့တဲ့ လဝက်ကတည်းက သတင်းကောင်း ရှိနေပြီးသားပါ။ မူဟုပ်က တမင်သက်သက် သတင်းကို ဖုံးဖိထားပြီး ဒီည နန်းတွင်းစားပွဲကျမှ ပြဇာတ်ကောင်းတစ်ပုဒ် ခင်းကျင်းလိုက်တာ"
သို့မှသာ ရလဒ်က အကောင်းဆုံး ဖြစ်လာမည် မဟုတ်ပါလား။
လီကျင့်က နားလည်သဘောပေါက်စွာ ခေါင်းညိတ်လိုက်လေသည်။
ဇနီးမောင်နှံနှစ်ဦးသည် စကားအနည်းငယ် တိုးတိုးပြောပြီးနောက် ထိုခေါင်းစဉ်ကို ဘေးဖယ်ထားလိုက်ကာ ကလေးနှစ်ယောက်ကို ပွေ့ဖက်ကာ စနောက်နေကြတော့သည်။ ကလေးများသည် တစ်နေ့တစ်ခြား ကြီးထွားလာပြီး လက်သီးဆုပ်လေးများကလည်း သန်မာလာကြသည်။
လီကျင့်က လက်ချောင်းတစ်ချောင်းကို ကမ်းပေးလိုက်ရာ ရွှမ်းအာက ချက်ချင်း ဆုပ်ကိုင်လိုက်လေသည်။ လီကျင့်သည် သဘောကျသွားပြီး လက်ချောင်းကို တမင် လှုပ်ရမ်းလိုက်သော်လည်း ရွှမ်းအာက အားကုန်သုံးကာ ဆုပ်ကိုင်ထားဆဲပင်။
လီကျင့်က ပြုံးရွှင်စွာဖြင့် အာမေဋိတ် ပြုလိုက်လေသည်။
"ကြည့်ပါဦး။ ကိုတို့ရဲ့ရွှမ်းအာက အားသန်လိုက်တာ။ ကြီးလာရင် မင်းလိုပဲ ခွန်အား ရှိလာမှာ"
လုမင်ယွိသည် တစ်နေ့ကုန် ကလေးဘေးတွင် နေနေရသူဖြစ်သဖြင့် ကောင်းစွာသိလေသည်။ သူမက လေသံတိုးတိုးဖြင့် ရယ်မောကာ ပြောလိုက်၏။
"ကျွန်မရဲ့ခွန်အားတွေက ရွှမ်းအာဆီ ပါသွားတာ နေမှာ။ ရွှီအာကလည်း အားမနည်းပေမဲ့ ညီမလေးကိုတော့ မမီဘူး"
လီကျင့်ကတော့ ဂရုမစိုက်ဘဲ စိတ်အားထက်သန်စွာ ပြောလိုက်လေသည်။
"ရွှမ်းအာ အားသန်တာ ကောင်းတာပေါ့။ နောက်ဆို ဘယ်သူမှ ကိုတို့ရဲ့သမီးတော်လေးကို အနိုင်ကျင့်လို့ မရတော့ဘူး"
ရွှမ်းအာသည် သွားမရှိသေးသော ပါးစပ်လေးကို ဖြဲကာ ရယ်မောနေတော့သည်။
လီကျင့်သည် သမီးဖြစ်သူကို ပွေ့ဖက်ထားရသည်မှာ ပျော်ရွှင်လွန်းသဖြင့် ပြန်မချချင်တော့ပေ။
လုမင်ယွိက ပြုံးလိုက်ပြီး ရွှီအာကို လက်ချောင်းဖြင့် အသာတို့ထိလိုက်ကာ ပြောလိုက်လေသည်။
"သားက အစ်ကိုကြီးလေ။ နောက်ဆို ညီမလေးကို ဂရုစိုက်ရမယ်နော်"
ရွှီအာသည် ခြေထောက်လေးများကို ကန်ကျောက်ရင်း ပါးစပ်မှ တအဲ့အဲ့ အသံလေးများ ပြုလုပ်နေသည်မှာ နားလည်သည်၊ မလည်သည်ကိုတော့ မသိရချေ။
...
ဒီနှစ်သစ်ကူးတွင် အိမ်ရှေ့စံလင်မယားနှင့် ကလေးနှစ်ယောက် အရှေ့နန်းဆောင်တွင် နေထိုင်ကြသဖြင့် နန်းတော်ကြီးသည် အထူးစည်ကားသက်ဝင်နေလေသည်။
ချောင်မိဖုရားခေါင်သည် နေ့စဉ် မြေးတော် မောင်နှမနှင့် အတူရှိနေရသဖြင့် မျက်နှာပေါ်မှ အပြုံးများသည် တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာလေသည်။
မယ်တော်ကြီးကျောက်သည်လည်း စိတ်နှလုံးရွှင်လန်း ဝမ်းမြောက်နေပြီး ဝမ်ကျဲယွီကို ဆုလာဘ်များစွာ ချီးမြှင့်လိုက်၏။ ထို့နောက် ချောင်မိဖုရားခေါင်ကို ပြောလိုက်လေသည်။
"ဝမ်ကျဲယွီမှာ ကိုယ်ဝန်ရှိနေပြီဆိုတော့ ဟွမ်ဟုပ်က ဝမ်ကျဲယွီကို ကောင်းကောင်း စောင့်ရှောက်ပေးရမယ်။ နန်းတော်ထဲမှာ မင်းသားလေး ထပ်တိုးလာရင် အိုက်ကျားက ဟွမ်ဟုပ်ရဲ့ အကျိုးဆောင်မှုလို့ မှတ်တမ်းတင်ပေးမယ်"
ချောင်မိဖုရားခေါင်က ပြုံးရွှင်စွာဖြင့် လက်ခံလိုက်လေသည်။
ချင်ဖေးနှင့် စူးကျောင်းရုံတို့၏ ရင်ထဲတွင် မကျေမချမ်း ဖြစ်နေကြသော်လည်း အပြုံးများကို ညှစ်ထုတ်ကာ ဝမ်ကျဲယွီကို ဂုဏ်ပြုစကား ဆိုရင်း လက်ဆောင်များ ပေးအပ်လိုက်ကြရသည်။
ယုံးကျားဧကရာဇ်သည် စိတ်အခြေအနေ ကောင်းမွန်နေသဖြင့် ယန်ရှီနန်းဆောင်သို့ တစ်ခေါက် ရောက်သွားလေသည်။
ယန်ရှီနန်းဆောင်မှ ပြန်ထွက်လာသောအခါ ယုံးကျားဧကရာဇ်က ချောင်မိဖုရားခေါင်နှင့် တိုင်ပင်လေသည်။
"မုန့်ဖေး အကျယ်ချုပ်ကျတာ နှစ်ဝက်ကျော်လောက် ရှိပြီဆိုတော့ သူလည်း အမှားကို သိလောက်ပါပြီ။ ပထမလ ကုန်တာနဲ့ ကျန်းက စစ်ထွက်ရတော့မှာ။ မုန့်ဖေးကို အပြင်ထွက်ပြီး လူတွေ့ခွင့် ပေးလိုက်ရအောင်"
နန်းတွင်းအုပ်ချုပ်ရေးပိုင်းသည် ယန်ချူကို စစ်မက်ပြုရန်အတွက် နှစ်နှစ်ကြာ ပြင်ဆင်ခဲ့ရပြီး ဒုတိယလတွင် စစ်တပ်ကြီး စတင်ထွက်ခွာမည် ဖြစ်သည်။ ယုံးကျားဧကရာဇ် ကိုယ်တိုင် စစ်ချီမည်ဖြစ်ရာ ဤစစ်ပွဲ မည်မျှကြာမြင့်မည်ကို မသိနိုင်ပေ။
ချောင်မိဖုရားခေါင်သည် မူလက တားဆီးချင်သော်လည်း ဤအကြောင်းများကို တွေးမိသောအခါ စိတ်ပျော့သွားပြီး စဉ်းစားကာ ပြောလိုက်လေသည်။
"မုန့်ဖေးက အပြစ်ကြီး ကျူးလွန်ထားတာပါ။ အရှင်မင်းကြီးက သူ့ကို အပြင်ထွက်ခွင့်ပေးမယ် ဆိုရင်တော့ ချန်ချဲ့ မတားပါဘူး။ ဒါပေမဲ့ သူက လုရှီကို တောင်းပန်ရမယ်။ ပြီးတော့ နောက်နောင် မကောင်းတဲ့စိတ် မမွေးတော့ပါဘူးဆိုပြီး ကျိန်ဆိုရမယ်"
ယုံးကျားဧကရာဇ်သည် ချောင်မိဖုရားခေါင် သဘောတူသည်ကို မြင်သောအခါ သက်ပြင်းချလိုက်ပြီး စကားတစ်ခွန်းမှ ထပ်မဆိုဘဲ လက်ခံလိုက်လေသည်။
"ကောင်းပြီ။ ဒါပေမဲ့ ဒီကိစ္စကို အသံကျယ်ကျယ်လောင်လောင် မဖြစ်စေချင်ဘူး။ မုန့်ဖေးကို လုရှီဆီသွားပြီး သီးသန့် တောင်းပန်ခိုင်းလိုက်မယ်"
တော်ဝင်မိသားစု၏ ဂုဏ်သိက္ခာနှင့် ပတ်သက်နေသဖြင့် အပြင်လူများကိုတော့ မုန့်ဖေး နေမကောင်း၍ နန်းဆောင်ပိတ်ပြီး အနားယူနေသည်ဟုသာ သတင်းလွှင့်ထားလေသည်။
ဒီအရှက်သိက္ခာ ဖုံးကွယ်ထားသော အဝတ်စကိုတော့ ဆက်လက် ဖုံးအုပ်ထားရပေဦးမည်။
ချောင်မိဖုရားခေါင်သည် စိတ်ထဲမှ အေးစက်စွာ နှာခေါင်းရှုံ့လိုက်သော်လည်း နှုတ်မှ ခပ်ပေါ့ပေါ့ ပြောလိုက်လေသည်။
"အရှင်မင်းကြီး အမိန့်အတိုင်းပါပဲ"
ထို့နောက် သူမက စကားလမ်းကြောင်း လွှဲလိုက်လေသည်။
"အရှင်မင်းကြီးက မကြာခင် စစ်ထွက်ရတော့မှာ။ မြို့တော်ကို ဘယ်တော့ပြန်ရောက်မလဲ မသိနိုင်ဘူး။ ဝမ်ကျဲယွီ မွေးတဲ့အချိန်ကျရင် အရှင်မင်းကြီးက မြို့တော်ကို ပြန်ရောက်နိုင်မှာ မဟုတ်ဘူး။ အရှင်မင်းကြီး မင်းသားလေးနဲ့ မင်းသမီးလေးအတွက် နာမည် ကြိုပေးထားလိုက်ပါလား"
ယုံးကျားဧကရာဇ်၏ အာရုံသည် ချက်ချင်း ပြောင်းလဲသွားပြီး ခဏမျှ စဉ်းစားကာ ပြောလိုက်လေသည်။
"မင်းသားလေးဆိုရင် လီရှန့် လို့ ပေးမယ်။ မင်းသမီးလေးဆိုရင်တော့ ဖိန်အန်း လို့ ပေးမယ်"
ချောင်မိဖုရားခေါင်က ပြုံးလိုက်၏။
"အားလုံး နာမည်ကောင်းလေးတွေပါပဲ"
ယုံးကျားဧကရာဇ် ထွက်ခွာသွားပြီးနောက် ချောင်မိဖုရားခေါင်သည် လုမင်ယွိကို ခေါ်လိုက်ပြီး မုန့်ဖေး အပြင်ထွက်ခွင့်ရမည့်ကိစ္စကို ပြောပြလိုက်လေသည်။
"...မုန့်ဖေးက နှစ်မကူးခင်ကတည်းက ငြိမ်ငြိမ်မနေဘူး။ အရှင်မင်းကြီးက သည်းခံပြီး နှစ်ကူးပြီးမှ ဒီကိစ္စကို ထုတ်ပြောတာ။ မူဟုပ် တားချင်ရင်တောင် တားလို့မရတော့ပါဘူး"
အပိုင်း (၃၀၉) မျက်နှာပြပြီ
လုမင်ယွိသည် ဒီကိစ္စအတွက် ကြိုတင်စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်သဖြင့် အေးအေးဆေးဆေးပင် ပြုံးလိုက်လေသည်။ "သူ အပြင်ထွက်ချင်ရင်လည်း ထွက်ပါစေလေ"
တစ်လမပြည့်ခင် အချိန်အတွင်း ယုံးကျားဧကရာဇ်သည် တိုင်းပြည်အတွက် စစ်ထွက်ရတော့မည်။
အကြီးမားဆုံးသော ကျောထောက်နောက်ခံတိုင်ကြီး မရှိတော့လျှင် မုန့်ဖေးသည် နန်းတော်ထဲတွင် မည်သည့် လှိုင်းတံပိုးများ ဖန်တီးနိုင်ဦးမည်နည်း။
ချောင်မိဖုရားခေါင်သည် လုမင်ယွိ၏ တည်ငြိမ်မှုကို မြင်ရသဖြင့် စိတ်သက်သာရာ ရသွားလေသည်။
"မင်း စိတ်ဖြေနိုင်ရင် ပြီးတာပါပဲ။ အရှင်မင်းကြီးက သံယောဇဉ်ကြီးတတ်တဲ့သူပါ။ အချစ်သစ်တွေ ရနေပေမဲ့ မုန့်ရှီကိုတော့ မစွန့်လွှတ်နိုင်သေးဘူး။ လုပ်ကြံခံရတဲ့ကိစ္စကိုလည်း ထပ်မပြောကြပါနဲ့တော့"
လုမင်ယွိက ခေါင်းအနည်းငယ် ညိတ်လိုက်၏။
ယုံးကျားဧကရာဇ်၏ မျက်လုံးထဲတွင် အိမ်ရှေ့စံဘက်က လွှမ်းမိုးထားပြီး ဖြစ်သည်။ အမှားကြီး ကျူးလွန်ခဲ့သော မုန့်ဖေးသည် ထိုက်သင့်သော ပြစ်ဒဏ်ကို ခံခဲ့ရပြီ။ အခုအချိန်တွင်တော့ သူမသည် သနားစရာကောင်းသူ ဖြစ်နေတော့သည်။
ရေနစ်နေသော ခွေးကို ရိုက်နှက်ရခြင်းသည် ပျော်ရွှင်ဖွယ်ကောင်းသော်လည်း အရှင်မင်းကြီး၏ စိတ်သဘောထားကို ထည့်သွင်းစဉ်းစားပြီး အနည်းငယ် ထိန်းသိမ်းရပေမည်။
...
ပထမလ ၈ ရက်နေ့တွင် ယန်ရှီနန်းဆောင်တံခါးကြီး နောက်ဆုံးတွင် ပွင့်သွားခဲ့လေပြီ။
နှစ်ဝက်ကျော်ကြာ မျက်နှာမပြခဲ့သော မုန့်ဖေးသည် ယန်ရှီနန်းဆောင်မှ ဖြည်းညှင်းစွာ ထွက်ခွာလာပြီး ကျောင်းဖန်နန်းဆောင်သို့ ဝင်ရောက်လာခဲ့သည်။
ချောင်မိဖုရားခေါင်သည် ဇာမဏီသလွန်ပေါ်တွင် တင့်တယ်စွာ ထိုင်နေပြီး မုန့်ဖေးကို အေးစက်စွာ ကြည့်နေလေသည်။ လုမင်ယွိသည် ချောင်မိဖုရားခေါင်၏ ဘေးတွင် ထိုင်နေပြီး မျက်ဝန်းများက ထက်မြက်အေးစက်နေသည်။ ဟွေ့အန်းကုန်းကျူသည်လည်း နန်းတော်သို့ ရောက်နေပြီး ပထမမင်းသား ကြင်ရာတော်၊ တတိယမင်းသားကြင်ရာတော်နှင့် စတုတ္ထမင်းသားကြင်ရာတော်တို့လည်း ရှိနေကြသည်။
ဤကဲ့သို့ စည်ကားသော ပွဲမျိုးတွင် ချင်ဖေးနှင့် စူးဖေးတို့လည်း မပါလျှင် မဖြစ်ပေ။ ကိုယ်ဝန်ရှိနေသော ဝမ်ကျဲယွီကတော့ ကိုယ်ဝန်စောင့်ရှောက်ရန်အတွက် ဒီနေ့ မျက်နှာလာမပြပေ။
လူတိုင်း၏ အကြည့်များသည် မုန့်ဖေး၏ မျက်နှာပေါ်သို့ တညီတညွတ်တည်း ကျရောက်သွားကြသည်။
မုန့်ဖေးသည် အတော်လေး ပိန်ကျသွားပြီး ယခင်က တောက်ပသော အလှတရားများလည်း မှေးမှိန်သွားခဲ့သည်။ နဖူးနှင့် မျက်လုံးထောင့်များတွင် အရေးအကြောင်းများ ပေါ်လာကာ ရုတ်တရက် ၁၀ နှစ်လောက် အိုစာသွားသလို ဖြူဖျော့နွမ်းနယ်နေလေသည်။
မုန့်ဖေးတွင် ယခင်က မောက်မာဝင့်ကြွားမှုများ မရှိတော့ဘဲ စည်းကမ်းတကျ ဒူးထောက်ကာ ချောင်မိဖုရားခေါင်ကို ဦးခိုက်လိုက်လေသည်။
"ချန်ချဲ့ မုန့်ရှီ ဟွမ်ဟုပ်ညန်ညန်ကို ဂါရဝပြုပါတယ်"
ချောင်မိဖုရားခေါင်၏ အကြည့်သည် ဓားသွားကဲ့သို့ ထက်ရှနေပြီး မုန့်ဖေး၏ မျက်နှာကို ဖြတ်ကျော်သွားသည်။
"မုန့်ရှီ မင်း နေမကောင်းတာ နှစ်ဝက်ကျော်လောက် ရှိနေပြီ။ အခုရော သက်သာသွားပြီလား"
မုန့်ဖေးက ရိုသေစွာ ဖြေကြားလိုက်လေသည်။
"ဟွမ်ဟုပ်ညန်ညန် ဂရုစိုက်မေးမြန်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ချန်ချဲ့ရဲ့ ရောဂါက သက်သာသွားပါပြီ"
ဒဏ်ရာပြင်းထန်စွာ ရခဲ့သဖြင့် ရောဂါအမြစ်တွယ်ကျန်ခဲ့သည်။ သက်သာသည် ဆိုသည်မှာ ခုတင်ပေါ်မှ ဆင်းပြီး လမ်းလျှောက်နိုင်ရုံသာ ရှိသည်။ ပင်ပန်းသော အလုပ်များ လုပ်၍မရသလို စိတ်အနှောင့်အယှက် ဖြစ်စရာကိစ္စများကိုလည်း ခံနိုင်ရည်မရှိပေ။
ချောင်မိဖုရားခေါင်က စကားအနည်းငယ် ပြောဆိုလိုက်လေသည်။ "နေမကောင်း ဖြစ်ထားတော့ ခန္ဓာကိုယ်က အရင်လို ဘယ်ကောင်းပါ့မလဲ။ မလိုအပ်ရင် ကျောင်းဖန်နန်းဆောင်ကို လာပြီး ဂါရဝပြုစရာ မလိုပါဘူး။ နောက်ဆို ကိုယ့်စည်းကမ်းကိုယ် ထိန်းသိမ်းပြီး နေထိုင်ပါ။ ဒါဆို ပန်ကုံး စိတ်အေးရတာပေါ့"
မုန့်ဖေးက ရိုသေစွာ ထပ်မံဖြေကြားလိုက်ပြီး အပျိုတော်၏ တွဲကူမှုဖြင့် ဖြည်းညှင်းစွာ ထရပ်လိုက်လေသည်။
ချင်ဖေးသည် ဤကဲ့သို့ နှလုံးသားကို ထိုးနှက်နိုင်သော အခွင့်ကောင်းကို လက်လွှတ်ခံပါ့မလား။ ပြုံးကာ ပြောလိုက်လေသည်။ "မတွေ့တာ ကြာတော့ မုန့်ဖေးက တော်တော်လေး ပိန်ပြီး နွမ်းနယ်သွားတာပဲ။ ဒီအနောက်နန်းဆောင်ထဲမှာ နုပျိုလတ်ဆတ်တဲ့ အလှမယ်လေးတွေ တစ်ယောက်ပြီးတစ်ယောက် ရောက်လာနေကြတာ။ မုန့်ဖေးလည်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်သင့်တယ်။ အရှင်မင်းကြီးကို ဒီလို ဖျော့တော့တဲ့ မျက်နှာကြီးနဲ့ သွားတွေ့လို့ မဖြစ်ဘူးလေ"
စူးဖေးကလည်း ပြုံးလျက် ဆိုလိုက်၏။ "မုန့်ဖေးက တစ်နေ့လုံး နန်းဆောင်ထဲမှာပဲ အောင်းနေတော့ နန်းတော်ထဲက သတင်းကောင်းကို မသိသေးဘူး ထင်တယ်။ ဝမ်မေရန်မှာ ကိုယ်ဝန်ရှိနေပြီ။ ကျဲယွီရာထူးတောင် တိုးပေးထားပြီးပြီ။ နောက်လအနည်းငယ် ကြာရင် နန်းတော်ထဲမှာ သားသမီးရတနာ တိုးလာတော့မှာ"
တစ်ယောက်ပြီးတစ်ယောက် စေတနာမရှိဘဲ သူမ၏ အရှက်ကွဲနေမှုကို ကြည့်ချင်နေကြသည်။
မုန့်ဖေးသည် ရင်ထဲမှ ဒေါသများကို ဖိနှိပ်လိုက်ပြီး တိုးညှင်းစွာ ပြန်ပြောလိုက်လေသည်။
"ဒီလိုသတင်းကောင်းမျိုး ကြားရတာ ဝမ်းသာစရာပါပဲ"
ဒီလို စိတ်ညစ်စရာကိစ္စများကို အရင်ဆုံး သည်းခံလိုက်ရုံသာ ရှိလေသည်။
ချင်ဖေးနှင့် စူးဖေးတို့သည် မုန့်ဖေး၏ အသံတိတ် သည်းခံနေရသော ပုံစံကို ကြည့်ပြီး ရင်ထဲတွင် အလွန် ကျေနပ်သွားကြသည်။
ချောင်မိဖုရားခေါင်သည်တော့ အနည်းငယ် သတိထားလိုက်မိသည်။
မုန့်ဖေးက အရင်က ဘယ်လောက် မောက်မာလိုက်သလဲ။ အခုတော့ တခြားလူတစ်ယောက် ပြောင်းလဲသွားသလို ဖြစ်နေတယ်။ ဒီလိုဖြစ်လေလေ ပိုပြီး သတိထားရလေလေပင်။
လူတိုင်းက ဂါရဝပြုပြီးနောက် တစ်ယောက်ပြီးတစ်ယောက် ပြန်ထွက်သွားကြသည်။ ချောင်မိဖုရားခေါင်သည် မုန့်ဖေးကို တမင် ချန်ထားလိုက်ပြီး အေးစက်စွာ ပြောလိုက်လေသည်။
"ထိုက်ဇီဖေးက ဘေးဆောင်မှာ မင်းကို စောင့်နေတယ်။ မင်းမှာ ပြောစရာရှိရင် ကိုယ်တိုင် သွားပြောလိုက်ပါ"
သည်းခံခြင်းသည် ရင်ထဲတွင် ဓားတစ်ချောင်း စိုက်ထားရသလိုပင်။
မုန့်ဖေးသည် တိုးညှင်းစွာ လက်ခံလိုက်ပြီး ထကာ ဘေးဆောင်သို့ သွားလိုက်လေသည်။
လုမင်ယွိသည် ခန်းမထဲတွင် ရပ်နေပြီး မုန့်ဖေးကို အေးစက်စွာ ကြည့်နေကာ စကားတစ်ခွန်းမှ မဆိုပေ။
မုန့်ဖေးသည် အရှက်ကွဲခြင်းနှင့် ဒေါသကို သည်းခံပြီး ဂါရဝပြုကာ တောင်းပန်လိုက်လေသည်။
"အဲဒီနေ့က ငါ စိတ်မိုက်မဲပြီး အမှားလုပ်မိပါတယ်။ ဒီရက်တွေမှာ ငါ နန်းဆောင်ပိတ်ပြီး အပြစ်ကို ဆင်ခြင်သုံးသပ်ခဲ့ပါတယ်။ နောင်ဆိုရင် ငါ လုံးဝ မကောင်းတဲ့စိတ် မမွေးတော့ပါဘူး။ ထိုက်ဇီဖေး ငါ့ကို ခွင့်လွှတ်ပေးပါ"
ထို့နောက် ကျိန်စာတိုက်လိုက်လေသည်။
"ငါ ဒီနေ့ ပြောတဲ့ စကားတွေက ရင်ထဲကလာတဲ့ စကားတွေပါ။ ကတိဖျက်ခဲ့ရင် ငါ့ကို တစ်စစီမွှန်းပြီး အသေဆိုးနဲ့ သေပါစေ"
လုမင်ယွိ၏ အေးစက်သော အသံသည် မုန့်ဖေး၏ နားထဲသို့ ဝင်ရောက်လာလေသည်။
"ရှင် ကျိန်ဆိုနေတဲ့ စကားတွေကို ကျွန်မ တစ်လုံးမှ မယုံဘူး"
မုန့်ဖေး "..."
မုန့်ဖေးသည် ရုတ်တရက် ခေါင်းမော့ကြည့်လိုက်ရာ မျက်လုံးထဲတွင် ဒေါသများ ပြည့်နှက်နေလေသည်။
လုမင်ယွိ၏ အကြည့်သည် ဓားသွားကဲ့သို့ မုန့်ဖေး၏ မျက်လုံးထဲသို့ စိုက်ဝင်သွားသည်။
"ရှင် ဟန်ဆောင်နေတာက ဖုဟွမ် ကြည့်ဖို့အတွက်ပဲ။ ဒီနေ့ ကျွန်မ ရှင့်ရဲ့ တောင်းပန်စကားကို လာနားထောင်တာကလည်း ဖုဟွမ် ကြည့်ဖို့အတွက်ပဲ"
"ရှင် ဘာတွေ တွေးနေလဲဆိုတာ ကျွန်မ ကောင်းကောင်းသိတယ်။ ကျွန်မ ဘာတွေ တွေးနေလဲဆိုတာလည်း ရှင် သိမှာပါ"
"အသက်ရှည်ချင်ရင် ရှင့်ရဲ့ ယန်ရှီနန်းဆောင်ထဲမှာပဲ ငြိမ်ငြိမ်နေပါ။ မဟုတ်ရင် နောင်တရမယ့်နေ့ ရောက်လာလိမ့်မယ်"
မုန့်ဖေးသည် နှစ်ဝက်ကျော် အကျယ်ချုပ် ကျခံခဲ့ရသဖြင့် သည်းခံနိုင်စွမ်း အတော်လေး တိုးတက်လာခဲ့သည်။
လုမင်ယွိ၏ နှလုံးသားကို ထိုးနှက်သော စကားများ နားထဲဝင်လာသောအခါ မုန့်ဖေး၏ မျက်လုံးထဲမှ မီးပွားများ ထွက်ကျမတတ် ဖြစ်သွားသော်လည်း သည်းခံလိုက်ပြီး ဒေါသကို မပေါက်ကွဲစေဘဲ အောင့်အီးကာ ပြောလိုက်လေသည်။
"ငါ တကယ် နောင်တရလို့ပါ။ ဟန်ဆောင်နေတာ မဟုတ်ပါဘူး"
လုမင်ယွိက နှုတ်ခမ်းထောင့်ကို တွန့်ရုံ ပြုံးလိုက်လေသည်။
"အဟက်"
တစ်လုံးမှ မယုံကြောင်း သိသာနေသည်။
မုန့်ဖေး၏ မျက်နှာသည် ရှုံ့မဲ့သွားပြီး ဒေါသအားလုံးကို မျိုချလိုက်ကာ ဟန်ဆောင်စကား အနည်းငယ် ပြောပြီး ထွက်ခွာသွားတော့သည်။
ယန်ရှီနန်းဆောင်သို့ ပြန်ရောက်သောအခါ မုန့်ဖေးသည် ဒေါသတကြီး သောင်းကျန်းပြီး အိပ်ဆောင်ထဲမှ ပစ္စည်း အများစုကို ရိုက်ခွဲပစ်လိုက်လေသည်။ ဒေါသထွက်နေစဉ် ရုတ်တရက် ရင်ဘတ်ထဲမှ နာကျင်မှု တစ်ချက် ခံစားလိုက်ရပြီး မျက်လုံးများ ပြာဝေကာ မေ့လဲသွားတော့သည်။
...
ယုံးကျားဧကရာဇ်သည် မျက်မှောင်ကြုတ်လျက် ယန်ရှီနန်းဆောင်ထဲသို့ ဝင်ရောက်လာလေသည်။
တော်ဝင်သမားတော်ချုပ်ကျိုးက မုန့်ဖေးကို သွေးခုန်နှုန်းစမ်းသပ်ပေးကာ အပ်စိုက်ကုသပေးပြီး ဆေးရည်များ တိုက်ကျွေးလိုက်ရသည်။ အချိန်အတော်ကြာ အလုပ်ရှုပ်ပြီးမှ မုန့်ဖေး သတိပြန်ရလာလေသည်။ မျက်လုံးဖွင့်လိုက်သည်နှင့် ယုံးကျားဧကရာဇ်က ခုတင်ဘေးတွင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။
မုန့်ဖေး ငိုကြွေးကာ တိုင်တောခြင်း မပြုရသေးမီ ယုံးကျားဧကရာဇ်က တည်တင်းသော မျက်နှာထားဖြင့် ပြောလိုက်လေသည်။ "မင်းကို အပြင်ထွက်ပြီး လူတွေ့ခွင့်ပေးဖို့ မိဖုရားခေါင်ကို ကျန်း ပြောလိုက်တော့ မိဖုရားခေါင်က ချက်ချင်း လက်ခံခဲ့တယ်"
"မင်းရဲ့ မျက်နှာကို ထောက်ပြီး လုရှီကို သီးသန့် တောင်းပန်ခိုင်းတာ။ မင်းက ဘာလို့ ဒီလောက်တောင် ဒေါသထွက်နေရတာလဲ"
အစကတည်းက သူမကို နှစ်သိမ့်ရန် လာခြင်း မဟုတ်ဘဲ ဒေါသထွက်သည့်အတွက် အပြစ်တင်ရန် လာခြင်းပင်။
ယုံးကျားဧကရာဇ်၏ စိတ်သည် ယခင်ကကဲ့သို့ သူမတစ်ယောက်တည်းအပေါ် တိမ်းညွတ်ခြင်း မရှိတော့ပေ။
မုန့်ဖေး၏ ရင်ထဲတွင် ဒေါသများ တောက်လောင်လာသော်လည်း သည်းခံလိုက်ပြီး တိုးညှင်းစွာ အမှားဝန်ခံလိုက်လေသည်။
"အရှင်မင်းကြီး ပြောတာ မှန်ပါတယ်။ ချန်ချဲ့ သဘောထား သေးသိမ်မိပါတယ်"
"မင်း သဘောထား သေးသိမ်တာတော့ အမှန်ပဲ"
ယုံးကျားဧကရာဇ်၏ အသံသည် အေးစက် ခက်ထန်နေသည်။
"ဒီနေ့ မင်းနဲ့ လုရှီ နေရာချင်း လဲကြည့်။ မင်းကို လုပ်ကြံတဲ့လူကို မင်း အလွယ်တကူ လွှတ်ပေးမလား"
"လုရှီက စိတ်ထဲမှာ ဒေါသထွက်နေတော့ စကားလုံးတွေက နားထောင်ရ ခက်တာပေါ့။ မင်းက နားထောင်လိုက်ရုံပဲ။ မင်းကတော့ အကောင်းသား။ နန်းဆောင်ပြန်ရောက်တာနဲ့ သောင်းကျန်းပြီး သတိမေ့သွားတဲ့အထိ ဒေါသထွက်ပြတယ်။ နန်းတော်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ပြီ"
"ကျန်းက မင်းအတွက် ကြားဝင် ဖြေရှင်းပေးချင်တာတောင် ဖုံးဖိပေးလို့ မရတော့ဘူး။ မင်းက ဒီလောက် အလေးအပေါ့ နားမလည်တော့ ကျန်းရဲ့ မျက်နှာကို ဘယ်နား သွားထားရမလဲ"
မုန့်ဖေး "..."
မုန့်ဖေးသည် ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ယင်လာတော့သည်။
သူမသည် နှစ်ပေါင်း ၂၀ လုံးလုံး တစ်ဦးတည်း အချစ်ခံခဲ့ရသူ ဖြစ်သည်။ ဒီလို အေးစက်သော စကားမျိုး တစ်ခါမှ မကြားခဲ့ဖူးပေ။
ကိုယ်တိုင် မျက်နှာသာပေးမှု လျော့နည်းလာသည်ကို သိရှိခြင်းက တစ်ပိုင်း။ တကယ်တမ်း ဤအခြေအနေနှင့် ရင်ဆိုင်ရသောအခါ ရင်ထဲမှ အေးစက်မှုနှင့် ဝမ်းနည်းဒေါသထွက်မှုများက ဒီရေအလား ဝင်ရောက်လာကြသည်။
ယုံးကျားဧကရာဇ်သည် မုန့်ဖေးကို စိုက်ကြည့်ရင်း လေးနက်စွာ ပြောလိုက်လေသည်။
"မင်း ဒီလို စိတ်သဘောထားမျိုး ဆက်ရှိနေဦးမယ်ဆိုရင် ယန်ရှီနန်းဆောင်ထဲမှာပဲ ဆက်နေလိုက်တော့။ အပြင်ထွက်ပြီး လူမတွေ့နဲ့တော့"
မုန့်ဖေး လန့်ဖျပ်သွားပြီး အေးစက်မှုနှင့် ဝမ်းနည်းဒေါသထွက်မှုများကို ဘေးဖယ်ထားလိုက်ကာ ခေါင်းငုံ့ကာ အမှားဝန်ခံလိုက်ရတော့သည်။
"ချန်ချဲ့ မှားသွားပါပြီ။ အရှင်မင်းကြီး စိတ်လျှော့ပါ"
...