အခန်း (၃၁၀-၃၁၂)
Vol. 21 Ch. 310-312
အပိုင်း (၃၁၀) ရှန့်ယွမ်မီးထွန်းပွဲတော်
ယုံးကျားဧကရာဇ်သည် ယန်ရှီနန်းဆောင်မှ ထွက်ခွာလာပြီး ကျောင်းဖန်နန်းဆောင်သို့ ရောက်ရှိလာခဲ့လေသည်။ ချောင်မိဖုရားခေါင်ကို စိတ်သက်သာရာရစေရန်အတွက် ရည်ရွယ်၍ ပြောဆိုလိုက်လေသည်။
"ကျန်း မုန့်ရှီကို ဆူပူထားလိုက်ပါပြီ။ သူလည်း အမှားကို သိသွားပါပြီ။ မိဖုရားခေါင်က သဘောထားကြီးပါတယ်။ သူနဲ့ သွားပြီး အပြိုင်အဆိုင် လုပ်မနေပါနဲ့တော့"
ချောင်မိဖုရားခေါင်ကလဲ အေးစက်စွာ ပြောလိုက်၏။
"မုန့်ရှီရဲ့ စိတ်သဘောထားမျိုးကို ချန်ချဲ့ ခံစားခဲ့ရတာ နှစ်ပေါင်း ၂၀ ရှိနေပါပြီ။ ပြိုင်ဆိုင်သည်ဖြစ်စေ၊ မပြိုင်ဆိုင်သည်ဖြစ်စေ အသားကျနေပါပြီ။ ဒါပေမဲ့ သူ့ရဲ့ ဒီလိုအပြုအမူမျိုးကို နည်းနည်းတော့ ထိန်းသိမ်းသင့်တယ်"
"ချန်ချဲ့ မပြောသင့်တဲ့စကားကို ပြောရရင် အခုဆို သူလည်း အဘွားအရွယ် ရောက်နေပြီ။ နည်းနည်းလေးမှ စိတ်တိုင်းမကျရင် ဒေါသထွက်ပြီး အရှင်မင်းကြီးကို လာချော့ခိုင်းနေတာ။ မျိုးဆက်သစ်တွေ ရယ်မောမှာကို မကြောက်ဘူးလား"
"ပြီးတော့ သူ ဘာလုပ်ခဲ့လဲဆိုတာ သူ့ကိုယ်သူ အသိဆုံးပါ။ ပါးစပ်ကနေ တောင်းပန်စကား ပြောတာက လုပ်သင့်လုပ်ထိုက်တာပါ။ ယန်ရှီနန်းဆောင်ကို ပြန်ရောက်တာနဲ့ သတိမေ့သွားတယ်ဆိုတာက ထိုက်ဇီဖေးကို တမင်သက်သက် ရွှံ့ရေနဲ့ ပက်တာပဲ"
ယုံးကျားဧကရာဇ် "..."
ယုံးကျားဧကရာဇ်သည် ရုတ်တရက် အနေခက်သွားပြီး ချောင်းတစ်ချက် ဟန့်ကာ ပြောလိုက်လေသည်။
"လုရှီဘက်ကို မိဖုရားခေါင်ပဲ သွားပြီး နှစ်သိမ့်ပေးလိုက်ပါ"
ယောက္ခထီးအနေဖြင့် ချွေးမကို ကိုယ်တိုင်သွားရောက် နှစ်သိမ့်ရန် မသင့်လျော်ပေ။ ဒီလိုကိစ္စမျိုးကို ချောင်မိဖုရားခေါင်ကသာ ဖြေရှင်းပေးရမည်။
ချောင်မိဖုရားခေါင်သည် စိတ်ထဲတွင် ကျေနပ်သွားပြီး ခေါင်းညိတ် လက်ခံလိုက်လေသည်။ ထို့နောက် ယုံးကျားဧကရာဇ်ကို မေးလိုက်၏။
"မုန့်ဖေး သတိမေ့သွားတယ်ဆိုတော့ ရက်အနည်းငယ်လောက် အနားယူရဦးမှာပေါ့"
ယုံးကျားဧကရာဇ်၏ ရင်ထဲတွင်လည်း ဒေါသများ ပြည့်နှက်နေပြီး ပြောလိုက်လေသည်။
"ရှန့်ယွမ်ပွဲတော် ပြီးမှပဲ ကျောင်းဖန်နန်းဆောင်ကို လာခွင့်ပြုမယ်"
ချောင်မိဖုရားခေါင်သည် စကားထပ်မပြောတော့ဘဲ ပြုံးကာ ပြောလိုက်လေသည်။
"ဝမ်ကျဲယွီ ကိုယ်ဝန်ရှိနေတော့ ဘေးနားမှာ လူတစ်ယောက်လောက် လိုအပ်နေမှာ။ အရှင်မင်းကြီး အားရင် ဝမ်ကျဲယွီဆီ သွားကြည့်လိုက်ပါဦး"
ယုံးကျားဧကရာဇ်၏ မျက်နှာထား ပြေလျော့သွားပြီး ပြုံးလျက် ပြောလိုက်လေသည်။ "ကောင်းပြီ။ ကျန်း အခုပဲ သွားလိုက်မယ်"
ဝမ်ကျဲယွီ၏ နန်းဆောင်သို့ ရောက်သောအခါ ဝမ်ကျဲယွီသည် အံ့အားသင့် ဝမ်းသာစွာဖြင့် ကြိုဆိုလေသည်။ "အရှင်မင်းကြီး ဘယ်လိုလုပ် ရုတ်တရက် ရောက်လာတာလဲ။ ချန်ချဲ့ မျက်နှာချေတောင် မလိမ်းရသေးဘူး။ ဒီလို ရုပ်ဆိုးဆိုးကြီးနဲ့ အရှင်မင်းကြီးကို လာတွေ့တာ တကယ်ပဲ ရိုင်းပျမိပါတယ်"
၁၇ နှစ်အရွယ် ဖြစ်သဖြင့် မျက်နှာချေမလိမ်းထားသော်လည်း အလွန် လှပတင့်တယ်နေသည်။
ဝမ်ကျဲယွီသည် ဖြူစင်လှပပြီး အပြုံးလေးကလည်း နူးညံ့သိမ်မွေ့သည်။ မျက်ဝန်းနက်လေးများက ကြည်လင်နေပြီး လေးစားမှုနှင့် အားကိုးမှုများ ပြည့်နှက်နေသည်။
ယုံးကျားဧကရာဇ်၏ ရင်ထဲတွင် နွေးထွေးသွားပြီး ဝမ်ကျဲယွီကို တွဲထူပေးလိုက်လေသည်။
"မင်းမှာ ကိုယ်ဝန်ရှိနေတာပဲ။ ဂါရဝပြုစရာ မလိုပါဘူး"
ဝမ်ကျဲယွီက နှုတ်ခမ်းကို ကိုက်လျက် ပြုံးလိုက်ပြီး ထရပ်လိုက်လေသည်။
ယုံးကျားဧကရာဇ်သည် ဝမ်ကျဲယွီ၏ လက်ကို ဆွဲထားရင်း သူမ၏ ကျန်းမာရေးအခြေအနေကို မေးမြန်းလိုက်သည်။ ဝမ်ကျဲယွီက နူးညံ့စွာ ဖြေကြားလေသည်။ "ဟွမ်ဟုပ်ညန်ညန်က နေ့တိုင်း သမားတော်ကို လာစမ်းသပ်ခိုင်းပါတယ်။ အားဆေးတွေလည်း အများကြီး ပေးထားတာ။ မွေးတဲ့အထိတောင် ကုန်မှာမဟုတ်ဘူး"
ယုံးကျားဧကရာဇ်က ပြုံးလိုက်လေသည်။ "ဟွမ်ဟုပ်က သဘောထားကြီးပြီး ကြင်နာတတ်ပါတယ်။ သူ မင်းကို စောင့်ရှောက်ပေးနေမှတော့ ကျန်းလည်း စိတ်ချရတာပေါ့"
ထို့နောက် ဝမ်ကျဲယွီကို ဘာလိုချင်သလဲဟု မေးလိုက်လေသည်။
ဝမ်ကျဲယွီက အလေးအနက် စဉ်းစားပြီးနောက် ပြုံးကာ ပြောလိုက်လေသည်။
"ချန်ချဲ့က အစက အပြစ်ရှိတဲ့ မူးမတ်မျိုးနွယ်ရဲ့ သမီးပါ။ ဟွမ်ဟုပ်ညန်ညန်ရဲ့ မေတ္တာကြောင့် အရှင်မင်းကြီးကို ပြုစုခွင့် ရခဲ့တာပါ။ အခု ကိုယ်ဝန်လည်း ရှိနေပြီဆိုတော့ အရာရာ အဆင်ပြေနေပါပြီ။ တကယ်ပဲ ဘာမှ လိုချင်တာ မရှိတော့ပါဘူး"
ယုံးကျားဧကရာဇ်သည် အမှန်တကယ် စိတ်လှုပ်ရှားသွားလေသည်။
အနောက်နန်းဆောင်မှ မိဖုရားငယ်များသည် သူ့ကိုတွေ့လျှင် ဆုလာဘ်များ တောင်းခံလေ့ ရှိကြသည်။ ရွှေငွေရတနာ ပိုးဖဲကတ္တီပါများ မဟုတ်လျှင် ရာထူးတိုးပေးရန် သို့မဟုတ် အခြားမိဖုရားငယ်များကို ကျော်တက်နိုင်ရန် တောင်းဆိုတတ်ကြသည်။
ဝမ်ကျဲယွီသည် မျက်နှာသာပေးခံရသော်လည်း အနေအထိုင် တတ်သိပြီး ဘာမှ မတောင်းဆိုဘဲ လိမ္မာလွန်းသဖြင့် သနားချစ်ခင်စရာ ကောင်းလှသည်။
ယုံးကျားဧကရာဇ်၏ စိတ်သည် မသိမသာ သူမဘက်သို့ ယိမ်းသွားလေတော့သည်။
...
မကြာမီ ရှန့်ယွမ်ပွဲတော်နေ့သို့ ရောက်ရှိလာလေသည်။
နန်းတော်ပြင်ပတွင် မီးထွန်းပွဲတော် ရှိသကဲ့သို့ နန်းတော်အတွင်းတွင်လည်း ရောင်စုံမီးပုံးများဖြင့် စည်ကားသိုက်မြိုက်နေသည်။
ချောင်မိဖုရားခေါင်သည် ဒီရက်ပိုင်း စိတ်အခြေအနေ ကောင်းမွန်လို့နေသည်။ မျက်စိနောက်စရာ ကောင်းသော မုန့်ဖေးသည် တစ်ခေါက် မျက်နှာပြပြီးနောက် ယန်ရှီနန်းဆောင်တွင် ပြန်လည် အကျယ်ချုပ် ကျသွားသဖြင့် ချောင်မိဖုရားခေါင်၏ စိတ်အခြေအနေ ပိုကောင်းမွန်လာပြီး ရှန့်ယွမ်ပွဲတော်ကို အထူးတလည် ပြင်ဆင်ကျင်းပလိုက်လေသည်။
နန်းတွင်းစားပွဲ ပြီးဆုံးသောအခါ လူတိုင်းသည် ဧကရာဇ်မင်းမြတ်နှင့် မိဖုရားခေါင်ကြီး၏ နောက်မှ လိုက်ပါကာ ဥယျာဉ်တော်ထဲတွင် မီးပုံးများ ကြည့်ရှုကြလေသည်။
နန်းဆောင်အသီးသီးမှ မိဖုရားငယ်များနှင့် အပျိုတော်များ ပြုလုပ်ထားသော မီးပုံးများအပြင် အတွင်းဝန်ရုံးမှ ပညာရှင်များ ပြုလုပ်ထားသော မီးပုံးများမှာ ပိုလို့ပင် များပြားလေသည်။ လက်ရာမြောက်ပြီး မီးရောင်စုံများဖြင့် တောက်ပနေသည်မှာ မျက်စိပသာဒ ဖြစ်စရာပင်။
မီးပုံးများထဲတွင် ပဟေဠိများ ပါရှိပြီး အဖြေမှန်ပါက မီးပုံးကို ယူဆောင်သွားနိုင်သည်။
မင်းသားများသည် မိမိတို့၏ အရည်အချင်းများကို ထုတ်ဖော်ပြသကြပြီး အနိုင်ရရှိသော မီးပုံးများကို ချောင်မိဖုရားခေါင် သို့မဟုတ် မိမိတို့၏ ကြင်ရာတော်များကို ပေးအပ်ကြလေသည်။ ယနေ့ အထင်ပေါ်ဆုံးမှာ လီကျင့်နှင့် လုမင်ယွိတို့ မဟုတ်ဘဲ စတုတ္ထမင်းသား ဇနီးမောင်နှံပင် ဖြစ်လေသည်။
ကြင်စဦးဇနီးမောင်နှံသည် ကော်နှင့်ကပ်ထားသကဲ့သို့ တွဲကပ်နေကြပြီး လက်ချင်းချိတ်ကာ မီးပုံးကြည့်ရှု၍ ပဟေဠိ အဖြေညှိနေကြသည်။ စတုတ္ထမင်းသားသည် မီးပုံးများစွာ အနိုင်ရရှိပြီး မယ်တော်ကြီးကျောက်ကို နှစ်လုံး၊ ချောင်မိဖုရားခေါင်နှင့် ချင်ဖေးကို တစ်လုံးစီ ဆက်သကာ ကျန်ရှိသော မီးပုံးများကို ကျောက်ယွီ၏ လက်ထဲသို့ ထည့်ပေးလိုက်လေသည်။
ကျောက်ယွီသည် ပျော်ရွှင်လွန်းသဖြင့် မျက်နှာလေး နီရဲနေတော့သည်။
လုမင်ယွိက ပြုံးကာ စနောက်လိုက်လေသည်။ "ဥယျာဉ်ထဲက မီးပုံးတွေ အကုန်လုံးကို စတုတ္ထမင်းသားက ယူပြီး မင်းကို ပေးတော့မယ် ထင်တယ်"
လီကျင့်သည် မီးပုံးပဟေဠိ မဖြေချင်၍ မဟုတ်ဘဲ ရွှီအာနှင့် ရွှမ်းအာတို့ နှစ်ယောက်လုံး သူ့ရင်ခွင်ထဲတွင် ရှိနေသဖြင့် မအားလပ်ခြင်း ဖြစ်လေသည်။
ကျောက်ယွီသည် စိတ်ထဲတွင် ချိုမြိန်နေပြီး တိုးညှင်းစွာ ပြောလိုက်လေသည်။
"ရွှီအာကို ကျွန်မ ခဏလောက် ပေးချီပါဦး။ ကလေးကံ ကူးယူရအောင်လို့ပါ"
စတုတ္ထမင်းသား စစ်ပွဲလိုက်မသွားရသည့် အကြောင်းရင်းကို နန်းတော်တစ်ခုလုံး သိရှိထားကြပြီး ဖြစ်သည်။ ကျောက်ယွီသည် ချက်ချင်း ကိုယ်ဝန်ရှိချင်နေရှာသည်။ လုမင်ယွိ ရယ်မောလိုက်ပြီး လီကျင့်၏ ရင်ခွင်ထဲမှ ရွှီအာကို ယူကာ ကျောက်ယွီကို ပေးလိုက်လေသည်။
ရွှီအာသည် တဖြည်းဖြည်း လေးလံလာပြီး အဝတ်အစားများလည်း ထူထဲစွာ ဝတ်ဆင်ထားသည်။
ကျောက်ယွီသည် ပွေ့ဖက်လိုက်သောအခါ လေးလံနေသော်လည်း ပြန်မချချင်တော့ဘဲ ရွှီအာကို ချီးကျူးလိုက်လေသည်။
"ရွှီအာရဲ့ မျက်လုံးတွေက တကယ်လှတာပဲ။ ဝိုင်းစက်ပြီး တောက်ပနေတာ။ ကြီးလာရင် သေချာပေါက် ထက်မြက်မှာပဲ"
မည်သူမဆို မိမိ၏ ကလေးကို ချီးကျူးခံရလျှင် သဘောကျတတ်ကြစမြဲ။ လုမင်ယွိသည်လည်း ထိုနည်းတူပင် ဖြစ်၍ ပြုံးကာ ပြောလိုက်လေသည်။
"ကျွန်မလည်း ရှင် ပြောသလို ဖြစ်လာဖို့ မျှော်လင့်ပါတယ်"
မုန့်ယွင်လော်သည် ဗိုက်အနည်းငယ် ထွက်နေပြီ ဖြစ်သည်။ လုမင်ယွိကို မကြိုက်သော်လည်း ကလေးများကို နှစ်သက်သဖြင့် ကျောက်ယွီ၏ ဘေးသို့ ကပ်ကာ စကားဝင်ပြောနေတော့သည်။
လုမင်ယွိ၏ မျက်ခုံးများ အနည်းငယ် လှုပ်ရှားသွားပြီး လီကျင့်ကို တိုးတိုးလေး ပြောလိုက်လေသည်။
"ရှင် ကလေးတွေကို ကြည့်ထားလိုက်။ ကျွန်မ ခဏနေရင် ပြန်လာခဲ့မယ်"
လီကျင့်က ပြုံးကာ ခေါင်းညိတ်လိုက်သည်။
မလှမ်းမကမ်းတွင် ရှိနေသော လီဟောက်သည် တိတ်တဆိတ် နောက်ဆုတ်သွားပြီး လုမင်ယွိ ထွက်ခွာသွားသော နေရာကို ကြည့်လိုက်လေသည်။
...
ဥယျာဉ်တော်၏ အရှေ့မြောက်ဘက်ထောင့်တွင် အိမ်သာ အဆောင်ငယ်တစ်ခု ရှိလေသည်။
လုမင်ယွိသည် ကိစ္စပြီးသောအခါ အဝတ်အစားများကို သပ်ရပ်အောင် ပြုလုပ်ပြီး အိမ်သာ အဆောင်မှ ထွက်လာခဲ့သည်။ ထိုစဉ် ရင်းနှီးသော အရိပ်တစ်ခုနှင့် မျက်နှာချင်းဆိုင် တွေ့လိုက်ရလေသည်။
လုမင်ယွိ၏ မျက်နှာထားသည် ရုတ်တရက် အေးစက်သွားတော့သည်။
ထိုအရိပ်သည် အနားသို့ မကပ်ဘဲ တိုးတိုးလေး ပြောလိုက်လေသည်။
"ငါ မင်းကို ပြောစရာ ရှိတယ်"
လုမင်ယွိက အေးစက်စွာ ပြောလိုက်၏။
"သခွားခင်းထဲမှာ ဖိနပ်မပြင်ရ၊ ဆီးသီးပင်အောက်မှာ ဦးထုပ်မပြင်ရဘူး။ မတ်နဲ့ မရီးဆိုတာ ရှောင်သင့်တဲ့အရာတွေကို ရှောင်ရမယ်။ ပြောစရာရှိရင် ရှင့်အစ်ကိုရှေ့မှာ လာပြော"
မလှမ်းမကမ်းတွင် ရပ်နေသောသူမှာ လီဟောက်ပင် ဖြစ်လေသည်။
လုမင်ယွိ၏ ဘေးတွင် ချီယွင်သာ ပါလာခဲ့သည်။ လီဟောက်က တစ်ယောက်တည်း ရောက်လာပြီး ကုန်းကုန်းတစ်ယောက်မှပင် မခေါ်လာခဲ့ပေ။ သူသည် ရှုပ်ထွေးသော အကြည့်ဖြင့် လုမင်ယွိကို စိုက်ကြည့်နေပြီး သည်းခံထားသော အသံထဲတွင် တောင်းပန်တိုးလျှိုးမှုများ ပါဝင်နေလေသည်။
"ငါ့ကို လက်ဖက်ရည်တစ်အိုးစာလောက် အချိန်ပေးပါ။ မေးစရာရှိတာ မေးပြီးရင် ငါ သွားပါ့မယ်"
'မေးစရာရှိတာ မေးမယ်ဟုတ်လား”'
ဘာကို ရှင်းရှင်းလင်းလင်း သိချင်တာလဲ။
လုမင်ယွိက မျက်လုံးကို မှေးလိုက်ရာ လျှပ်စီးလက်သကဲ့သို့ အတွေးတစ်ခု ခေါင်းထဲ ဝင်ရောက်လာလေသည်။
သူမသည် နှုတ်ခမ်းကို တွန့်ကာ လှောင်ပြောင်သည့် အပြုံးဖြင့် ပြောလိုက်လေသည်။ "ကောင်းပြီလေ။ ရှင် ဘာမေးချင်လဲဆိုတာ နားထောင်ပေးမယ်"
ချီယွင်က မျက်မှောင်ကြုတ်ကာ တိုးတိုးလေး ပြောလိုက်လေသည်။
"မင်းသမီး... ဒါက မဖြစ်သင့်ပါဘူး..."
"နင် အရင် စောင့်နေလိုက်"
လုမင်ယွိသည် ငြင်းဆန်၍မရသော အမိန့်ကို ပေးလိုက်ပြီး အနီးဆုံး ဝါးတောထဲသို့ ဝင်သွားလိုက်လေသည်။ လီဟောက်သည် သူမနောက်မှ ကပ်လိုက်လာပြီး ဝါးတောထဲသို့ ဝင်ရောက်သွားသည်။
ချီယွင်သည် မတတ်သာသည့်အဆုံး ဝါးတောအပြင်ဘက်တွင် စောင့်နေရင်း စိတ်ထဲမှ ဆုတောင်းနေရတော့သည်။ ဒီအချိန်မှာ ဘယ်သူမှ ရောက်မလာပါစေနဲ့။ မဟုတ်ရင် ပါးစပ်တစ်ရာပါလည်း ရှင်းပြလို့ ရမှာမဟုတ်ဘူး။
ဝါးရွက်များ ကြွေကျနေပြီး ဝါးပင်များ ထူထပ်စွာ ပေါက်ရောက်နေသဖြင့် သူတို့နှစ်ဦး၏ ပုံသဏ္ဌာန်ကို ကွယ်ဝှက်ထားလေသည်။
အဝေးမှ နန်းတွင်းမီးပုံးများသည် မှိန်ဖျဖျ လင်းလက်နေပြီး လုမင်ယွိနှင့် လီဟောက်တို့သည် ၃ မီတာကျော် ကွာခြားလျက် ရှိနေကြရာ နှစ်ဦးစလုံး၏ မျက်နှာများကို သဲကွဲစွာ မမြင်ရပေ။
"ရှင် ဘာမေးချင်တာလဲ"
လုမင်ယွိက အေးစက်စွာ မေးလိုက်လေတော့သည်။
...
အပိုင်း (၃၁၁) ရန်ငြိုးဟောင်းများ
လရောင်သည် ကြည်လင်ကာ အေးစက်နေပြီး ထူထပ်သော ဝါးရွက်များကြားက ဖြတ်သန်းကာ ကျရောက်နေလေသည်။
လီဟောက်သည် လုမင်ယွိ၏ မျက်နှာကို သဲကွဲစွာ မမြင်ရသော်ငြား သူမ၏ မျက်ဝန်းထဲက အေးစက်မှုကို ရှင်းလင်းစွာ ခံစားနေမိ၏။ အတိုင်းအဆမရှိသော ခါးသီးမှုများသည် ရင်ထဲသို့ ဝင်ရောက်လာပြီး ပါးစပ်ထဲထိ ပြန့်နှံ့ကာ လျှာဖျားတွင် ခါးသက်သွားလေတော့သည်။
"ရှောင်ယွိ" လီဟောက်သည် ခက်ခဲစွာဖြင့် စကားလုံးအနည်းငယ်ကို ညှစ်ထုတ်လိုက်လေသည်။ "မင်း ငါ့ကို ဒီလောက်တောင် မုန်းနေတာလား။ ငါ့ကို ထပ်ပြီးမယူချင်လောက်တဲ့အထိမုန်းပြီး ငါတို့ရဲ့ ယန့်အာကို စွန့်လွှတ်လိုက်တဲ့အထိ မုန်းနေတာလား"
ယန့်အာဟူသော စကားလုံးနှစ်လုံး နားထဲဝင်လာသည်နှင့် လုမင်ယွိ၏ တစ်ကိုယ်လုံး တုန်ခါသွားပြီး မျက်ဝန်းထဲက အေးစက်မှုများသည် အတိုင်းအဆမရှိသော မုန်းတီးရွံရှာမှုအဖြစ် ပြောင်းလဲသွားတော့သည်။
သူ တကယ်ပဲ အကုန်သိနေပြီကိုး။
သူက ဘယ်လိုမျက်နှာမျိုးနဲ့များ ယန့်အာအကြောင်း ပြောရဲရတာလဲ။
လီဟောက်သည် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ရာ ချောမောလှသောမျက်နှာသည် လရောင်အောက်တွင် ပေါ်လာပြီး မျက်ဝန်းနက်များထဲမှ ပြင်းထန်လှသည့် နာကျင်မှုများက အထင်းသား မြင်တွေ့နေရလေသည်။
"ရှောင်ယွိ ငါ မင်းအပေါ် အမှားလုပ်ခဲ့မိပါတယ်။ မင်းရဲ့ မေတ္တာကို ငါ သစ္စာဖောက်ခဲ့မိတယ်။ ငါ့အမေဘက်ကိုပဲ ပါခဲ့ပြီး မင်းကို ဝမ်းနည်းအောင် မလုပ်ခဲ့သင့်ဘူး။ မင်းနဲ့ လုမိသားစုအပေါ် သံသယဝင်ပြီး ထီးနန်းကို ဝူတိဆီ မလွှဲပေးခဲ့သင့်ပါဘူး ..."
"ပါးစပ်ပိတ်ထား!"
လုမင်ယွိက အေးစက်စွာ ပြောလိုက်လေသည်။ "ဒီလို ဟန်ဆောင်ပန်ဆောင်စကားတွေ ကြားရတာ ကျွန်မ ရွံလွန်းလို့ပါ"
လီဟောက်သည် အပ်ဖြင့်ထိုးဆွခံလိုက်ရသလို ခန္ဓာကိုယ်မှာ တုန်ယင်သွားပြီး မျက်နှာကလဲ ဖြူဖျော့သွားလေတော့သည်။
"လီဟောက် ... ရှင့်အမေက ရှင့်ကို အကုန်ပြောပြပြီးပြီဆိုမှတော့ ကျွန်မတို့ နှစ်ယောက်ကြားမှာ ရန်သူဆိုတာကလွဲပြီး ဘာမှမရှိတော့ဘူးဆိုတာ ရှင် နားလည်သင့်တယ်။ ပြန်ပြီးသင့်မြတ်စရာအကြောင်း မရှိတော့ဘူး"
"ကျွန်မရှေ့မှာ ယန့်အာအကြောင်းပြောဖို့ ရှင့်မှာ အရည်အချင်း မရှိပါဘူး"
လီဟောက်၏ နှလုံးသားသည် လိမ်ညှစ်ခံထားရသလို နာကျင်နေပြီး အသံများက တုန်ယင်နေတော့၏။ "မင်း ဘာဖြစ်လို့ အစကတည်းက ငါ့ကို မပြောရတာလဲ။ ငါသာ စောစောသိခဲ့ရင် ငါ ... "
"ရှင်က ဘာလုပ်မှာလဲ" လုမင်ယွိက လှောင်ပြောင်စွာ ရယ်မောလိုက်ပြီး စကားလုံးများကလဲ ထက်ရှကာ ရက်စက်လှလေသည်။ "ကျွန်မအတွက်နဲ့ ရှင့်အမေအရင်းကြီးကို သတ်ပစ်မှာလား"
လီဟောက်သည် ပါးစပ်ဟလိုက်သော်ငြား စကားတစ်လုံးမှ ထွက်မလာဘဲ မျက်နှာမှာ ပိုလို့ပင် ဖြူဖျော့သွားလေတော့သည်။
"ကျွန်မဘက်ကကြည့်ရင် ကျွန်မယောက်ျားရဲ့ သစ္စာဖောက်တာကို ခံရတာက အရိုးထဲထိ နာကျင်ရတယ်။ ရှင့်ဘက်က ကြည့်ရင်တော့ အဲဒါက ရှင့်အမေအရင်းနဲ့ ညီအရင်းပဲလေ။ သွေးသားတော်စပ်တဲ့ ဆွေမျိုးရင်းချာတွေပဲ။ ရှင်ကာကွယ်ပေးရမဲ့ မိသားစုဝင်တွေပဲ။ ရှင်က ဘယ်လိုလုပ်ပြီး ကျွန်မအတွက်နဲ့ သူတို့ကို လမ်းခွဲမှာလဲ"
"ရှင် လုပ်နိုင်ရင်တောင် ကျွန်မ ရှင့်ကို ထပ်ယူမှာမဟုတ်ဘူး"
"ယန့်အာနဲ့ ဒီဘဝက ကျွန်မနဲ့ ရေစက်ကုန်သွားပြီ။ ဒါကလဲ မတတ်နိုင်တဲ့ကိစ္စပဲ။ ကျွန်မရှေ့မှာ သူ့အကြောင်းပြောဖို့ ရှင်အနေနဲ့ လုံးဝမထိုက်တန်ဘူး"
လုမင်ယွိသည် ဒေါသမထွက်သည်မှာ ကြာမြင့်နေပြီဖြစ်၏။
ရင်ထဲတွင် ဖိနှိပ်ထားရသည့် ရန်ငြိုးဟောင်းများသည် လှိုင်းလုံးကြီးများလို ဝင်ရောက်လာတော့သည်။ သွေးများ ဆူပွက်လာပြီး နားထင်ကြောများ ထောင်တက်လာတော့သည်။
သူမတွင် အသိစိတ်လေး နည်းနည်းကပ်နေသေးသဖြင့်သာ မဟုတ်လျှင်တော့ ယခုအချိန်မှာပင် လီဟောက်ကို သတ်မိပေလိမ့်မည်။
"ထွက်သွား! ကျွန်မရှေ့ကနေ အခုချက်ချင်း ထွက်သွား"
လီဟောက်သည် ထွက်မသွားဘဲ ရှေ့သို့ နောက်တစ်လှမ်း တိုးလာခဲ့လေသည်။ နှစ်ဦးသား နီးကပ်သွားသဖြင့် တစ်ယောက်မျက်နှာကိုတစ်ယောက် ရှင်းလင်းစွာ မြင်တွေ့နေရ၏။ "ရှောင်ယွိ ဝူတိက မင်းအပေါ် ဘာအမှားလုပ်ခဲ့လို့လဲ"
လုမင်ယွိ၏ မျက်လုံးထဲတွင် ရွံရှာမှုများ ဖြတ်ပြေးသွားပြီး လှောင်ပြောင်ရယ်မောလိုက်လေတော့သည်။ "ဘာလဲ စူးဖေးက ရှင့်ကို ပြောပြဖို့ သတ္တိမရှိဘူးလား။ အစ်ကိုဖြစ်သူရဲ့ ဖိနှိပ်မှုကို နှစ်ပေါင်းများစွာ ခံခဲ့ရတဲ့ အသုံးမကျတဲ့ကောင်က စိတ်ဓာတ်တွေ ကောက်ကျစ်ပြီး အစ်ကိုဖြစ်သူရဲ့ အရာအားလုံးကို လိုချင်နေခဲ့တာလေ။ အစ်ကိုဖြစ်သူက သူ့ကို ယုံကြည်ပြီး ထီးနန်းလွှဲခဲ့တယ်။ တူတော်မောင်ကို အရွယ်ရောက်တဲ့အထိ စောင့်ရှောက်ပေးဖို့ မှာခဲ့တယ်။ သူကတော့ မုဆိုးမဖြစ်သွားတဲ့ မရီးကိုတောင် အတင်းအဓ္ဓမကြံစည်ဖို့ မအောင့်အီးနိုင် ဖြစ်နေခဲ့တာလေ"
"ကျွန်မမှာ သိုင်းပညာတတ်နေလို့သာ ဆေးမိထားတာတောင် အဲဒီ့ အသုံးအမကျတဲ့ ကောင်စုတ်ကို ကန်ထုတ်နိုင်ခဲ့တာ မဟုတ်ရင် သူ စော်ကားတာ ခံရတော့မှာ"
လီဟောက်၏ ရင်ဘတ်ကို လက်သီးကြီးဖြင့် ထိုးနှက်ခံလိုက်ရသလို ခံစားလိုက်ရပြီး မျက်နှာတွင် သွေးရောင်ပင် မကျန်တော့ချေ။
အမှန်တရားက သူ့ခန့်မှန်းထားတာထက် ရက်စက်နေပါလား။
လုမင်ယွိ၏ ရင်ထဲတွင် ရက်စက်သော ကျေနပ်မှုတစ်ခု ဖြတ်သန်းသွားပြီး ရုတ်တရက် ရှေ့သို့ တိုးလိုက်လေသည်။ "ဒါက ရှင် ကြားချင်နေတဲ့ အမှန်တရားပဲ။ အခု ရှင် သိသွားပြီဆိုတော့ ဘယ်လိုခံစားရလဲ"
ထို့မျက်လုံးများထဲတွင် တောက်လောင်နေသော အမုန်းတရားများသည် အလွန်ပြင်းထန်လှသဖြင့် လီဟောက်မှာ ခံနိုင်ရည်မရှိဘဲ အမှတ်တမဲ့ နောက်သို့ ဆုတ်လိုက်မိလေသည်။
လုမင်ယွိက အေးစက်စွာ မေးခွန်းထုတ်လိုက်၏။ "ရှင် အခု အကုန်သိသွားပြီဆိုတော့ ဘာလုပ်မှာလဲ။ ရှင့်ရဲ့အရင်ဘဝက မိန်းမနဲ့ကလေးအတွက် ဘယ်လိုလက်စားချေပေးမှာလဲ"
"ရှင့်အမေကို သတ်မှာလား။ ဒါမှမဟုတ် လီချန်ကို သတ်မှာလား"
လီဟောက်သည် စကားတစ်ခွန်းမှ မပြောနိုင်တော့ဘဲ နောက်ထပ်ခြေတစ်လှမ်း ဆုတ်မိလိုက်လေသည်။
လုမင်ယွိ၏ မျက်လုံးများက လှောင်ပြောင်သရော်မှုများ ပေါ်ထွက်လာခဲ့၏။
"ထင်ထားတဲ့အတိုင်းပဲလေ။ ရှင် ဘာမှလုပ်မှာ မဟုတ်ပါဘူး။ အလွန်ဆုံး ရှင်လုပ်နိုင်တာက ကျွန်မကို နှစ်သိမ့်ဖို့ အသုံးမကျတဲ့ စကားတွေပြောပြီး သည်းခံခိုင်းဖို့ နေမှာပဲ"
"လီဟောက် ကျွန်မ ရှင့်အကြောင်း ကောင်းကောင်းသိသွားပါပြီ"
"ရှင့်စိတ်ထဲမှာ ရှင့်အမေအရင်းနဲ့ ညီအရင်းလောက် ဘယ်သူမှ အရေးမကြီးပါဘူး။ ကျွန်မ လုမင်ယွိဆိုတာ သစ္စာဖောက်ခံရတာ ခံရကျိုးနပ်ပါတယ်။ ကျွန်မ မျက်လုံးကန်းလို့သာ ရှင့်အပေါ် သံယောဇဥ်ကြီးမိတာ"
"ရှင် ယန့်အာအကြောင်းပြောဖို့ မထိုက်တန်ပါဘူး။ ကျွန်မလဲ ရှင်နဲ့ သီးသန့်ထပ်ပြီး မတွေ့ချင်တော့ဘူး။ ရှင်နဲ့ကျွန်မကြားမှာ ရန်ငြိုးကလွဲပြီး ဘာမှမပတ်သတ်တော့ဘူး"
ပြောပြီးသည်နှင့် သူမသည် လှည့်ထွက်သွားလေတော့သည်။
လီဟောက်မှာ မလှုပ်မယှက်ရပ်နေပြီး လုမင်ယွိ၏ ကျောပြင် အဝေးသို့ ထွက်ခွာသွားသည်ကိုသာ ငေးကြည့်နေမိတော့၏။
ထို့နောက်တွင်တော့ သူသည် ခေါင်းငုံ့ကာ သွေးတစ်လုံး အန်ထုတ်လိုက်လေသည်။
...
အေးစက်လှသည့် ညလေပြေသည် ပါးပြင်ကို လာရောက်ရိုက်ခတ်သော်ငြား လုမင်ယိ၏ ရင်ထဲက ဒေါသမီးကို ငြှိမ်းသတ်နိုင်ခြင်း မရှိချေ။
ယခင်ဘဝက နာကျည်းမှု မကျေနပ်ချက်နှင့် ရန်ငြိုးများအားလုံးသည် ရင်ထဲသို့ ဝင်ရောက်လာပြီး အဆုံးမရှိသော အမှောင်ထုနှင့် အေးစက်မှုတို့ကသာ သူမကို လွှမ်းခြုံသွားလေသည်။ သူမသည် အတိတ်က အကြောင်းအရာများကို မတွေးမိသည်မှာ ကြာနေပြီဖြစ်၏။
ဒီညတော့ လီဟောက်ကြောင့် ရန်ငြိုးဟောင်းများ ပြန်ပေါ်လာခဲ့လေသည်။
ချီယွင်သည်လဲ လန့်ဖြန့်သွားပြီး အပြေးကလေး ရောက်လာတော့သည်။ "ညန်ညန် ဘာဖြစ်လို့လဲ။ တတိယမင်းသားက ဘာပြောလိုက်လို့ ညန်ညန် ဒီလောက်တောင် ဒေါသထွက်သွားရတာလဲ"
လုမင်ယွိ၏ မျက်လုံးထဲတွင် ဒေါသမီးများ တောက်လောင်နေပြီး အသံကလဲ တင်းမာလို့နေသည်။ "ငါ အရှေ့နန်းဆောင်ကို အရင်ပြန်နှင့်မယ်။ နင် လူလွှတ်ပြီး ထိုက်ဇီကို သတင်းပို့လိုက်။ ငါနေမကောင်းလို့ အရင်ပြန်သွားနှင့်မယ်လို့ မီးပုံးပွဲတော် ဆက်မနေတော့ဘူးလို့ ပြောလိုက်"
သူမ၏ ယခုပုံစံနှင့် လူရှေ့ထွက်ရန် မသင့်တော်တော့ချေ။
ချီယွင်သည် ရင်ထဲက ထိတ်လန့်မှုနှင့်သံသယများကို ဖိနှိပ်ထားလိုက်ပြီး ခေါင်းညိမ့်ကာ လက်ခံလိုက်လေသည်။
လုမင်ယွိသည် အရှေ့နန်းဆောင်သို့ အမြန်ပြန်လာခဲ့ပြီး အိပ်ဆောင်ထဲသို့ တစ်ယောက်တည်း ဝင်သွားလိုက်၏။
အိပ်ဆောင်ထဲတွင် မှောင်မည်းနေပြီး ဖယောင်းတိုင်ပင် မီးမထွန်းထားပေ။ သူမသည် အမှောင်ထဲတွင် တိတ်ဆိတ်စွာ ထိုင်နေပြီး ရင်ထဲက ဒေါသလှိုင်းများကို လွှတ်ချလိုက်တော့၏။ ပြန်လည်မွေးဖွားလာပြီးနောက် သူမ၏ အမုန်းဟောင်းများထဲတွင် နစ်မြှုပ်သွားရန် ခွင့်ပြုလိုက်ခြင်းမှာ ပထမဦးဆုံး အကြိမ်ပင်။
အခြေအနေက အခိုက်အတန့်လေး ဖြစ်နေသယောင်ရှိသော်ငြား နှစ်ပေါင်းများစွာ ကြာမြင့်သွားသလိုပင်။
အချိန်မည်မျှ ကုန်ဆုံးသွားသည်ကိုပင် မသိတော့ပေ။
တံခါးခေါက်သံကြောင့် အဆုံးမရှိသော အမှောင်ထုထဲမှ သူမသည် လန့်နိုးလာခဲ့လေသည်။
"ရှောင်ယွိ" လီကျင့်၏ အသံပင်။
လီကျင့်က တံခါးထပ်ခေါက်လိုက်ပြီး အသံထဲတွင် စိုးရိမ်ပူပန်မှုများ ပါဝင်နေတော့၏။ "ရှောင်ယွိ တံခါးဖွင့်ပါအုံး"
တံခါးကို မင်းတုံးချမထားသဖြင့် သူက တံခါးကိုတွန်းဖွင့်ကာ ဝင်လာလို့ရလေသည်။ သို့သော်ငြား သူသည် မည်မျှပင် စိတ်ပူနေပါစေ အတင်းဝင်ရောက် မလာခဲ့ချေ။ တံခါးခေါက်ပြီး သူမ၏ တုံ့ပြန်မှုကို စောင့်ဆိုင်းနေလေ၏။
လင်မယားဖြစ်သော်လည်း မပြောချင်သော လျှိုဝှက်ချက်များနှင့် မပြချင်သော အားနည်းချက်များ ရှိတတ်စမြဲပင်။
ယခုအချိန်တွင် သူမ လိုအပ်နေသည်မှာ ကိုယ်ပိုင်အချိန်ပင် ဖြစ်လေသည်။
လုမင်ယွိ၏ နှာဖျားဝက ရှုံ့မဲ့သွားပြီး ပါးစပ်ဟလိုက်ရာ အသံကပင် အနည်းငယ် ကွဲအက်နေတော့၏။ "ဘာမှမဖြစ်ပါဘူး။ တစ်ယောက်တည်း နေချင်လို့ပါ"
တံခါးအပြင်ဘက်က လီကျင့်သည် ခဏလောက် တိတ်ဆိတ်သွားပြီး တိုးတိုးလေး ပြောလိုက်တော့၏။ "ကောင်းပြီ။ ကို အပြင်မှာ စောင့်နေမယ်။ မင်း ကို့ကိုတွေ့ချင်ရင် တံခါးဖွင့်လိုက်နော်"
ထို့နောက်တွင်တော့ အသံထပ်ထွက် မလာတော့ချေ။
သူမ၏ ကမ္ဘာကြီးသည် အမှောင်ထုထဲသို့ ပြန်လည်ရောက်ရှိသွားပြန်သည်။
သို့သော်ငြား သူမကို ဝါးမြိုလုနီးပါးဖြစ်နေသော ဒေါသမီးများက တဖြည်းဖြည်း ငြိမ်းအေးသွားလေ၏။ တည်ငြိမ်မှုနှင့် အသိဉာဏ်များကလဲ ပြန်လည်ရရှိလာခဲ့သည်။
သူမသည် မည်မျှကြာအောင် ထိုင်နေမိသည် မသိချေ။ လုံးဝတည်ငြိမ်သွားပြီး သတိပြန်ဝင်လာမှ ထရပ်လိုက်ကာ တံခါးကို သွားဖွင့်လိုက်တော့သည်။
လီကျင့်သည် တံခါးအပြင်ဘက်တွင် အမှန်တကယ် စောင့်ဆိုင်းနေလေ၏။
တံခါးပွင့်လာသည်နှင့် လီကျင့်က ချက်ချင်းမော့ကြည့်လိုက်၏။ လုမင်ယွိ၏ စိတ်အခြေအနေ တည်ငြိမ်သွားသည် သေချာမှ သက်ပြင်းချလိုက်ပြီး လက်ကိုဆန့်ကာ လုမင်ယွိ၏ ပါးပြင်ကို ပွတ်သပ်လိုက်လေ၏။ "အခန်းထဲမှာ တစ်ယောက်တည်း ပုန်းပြီးငိုနေတယ်လို့ ထင်နေတာ။ မငိုဘူးပဲ"
လုမင်ယွိ "..."
...
အပိုင်း (၃၁၂) နှစ်သိမ့်ခြင်း
လုမင်ယွိသည် ရယ်ချင်သွားပြီး အနည်းငယ် ပြုံးမိသွားကာ ပြောလိုက်လေသည်။ "ရှင်ကျွန်မကို အရမ်းလျှော့တွက်ထားတာပဲ"
လီဟောက်နှင့် ရင်ဆိုင်ရချိန်တွင် သူမတွင် လူသတ်ချင်စိတ်သာ ဖြစ်ပေါ်လာပြီး မည်သို့ဝမ်းနည်းမျက်ရည် ကျနိုင်ပါမည်နည်း။
သူမ၏ တစ်ခုတည်းသော အားနည်းချက်နှင့် မထိတွေ့ချင်သော နာကျင်မှုသည် ဒီဘဝတွင် လူဖြစ်ခွင့်မရတော့သည့် ယန့်အာပင်။
လီကျင့်က သူမ၏ အေးစက်လှသောလက်ကို ဆုပ်ကိုင်လိုက်ပြီး အခန်းထဲသို့ ဝင်သွားကာ ဖယောင်းတိုင်ကို ကိုယ်တိုင်မီးညှိလိုက်လေသည်။ တောက်ပနေသော မီးတောက်များသည် လှုပ်ခတ်သွားပြီး နွေးထွေးသော အလင်းရောင်များ နေရာအနှံ့သို့ ကျရောက်သွား၏။
အခန်းထဲက အမှောင်ထုကိုလည်း မောင်းထုတ်လိုက်သည်။
လုမင်ယွိသည် သက်ပြင်းတစ်ချက်ကို မှုတ်ထုတ်လိုက်သည်။
လီကျင့်က လုမင်ယွိကို နှုတ်ဆိတ်စွာကြည့်နေပြီး ဒီနေ့ညတွင် သူမ တွေ့ဆုံခဲ့သည့်လူ သူမ ပြောခဲ့သည့် စကားအကြောင်းကို မမေးမြန်းခဲ့ပေ။ ခဏကြာမှ သူက အသံတိုးတိုးဖြင့် ပြောလေသည်။ "ရေချိုးအဝတ်စားလဲပြီး စောစောအိပ်တော့လေ!"
လုမင်ယွိသည် နေရာကမရွေ့ဘဲ လီကျင့်ကို ကြည့်ကာ ပြောလိုက်လေသည်။ "လီဟောက် အကုန်သိသွားပြီ"
လီကျင့်၏ မျက်ခုံးများ လှုပ်ရှားသွားပြီး လုမင်ယွိကို တလေးတနက် ကြည့်လိုက်မိ၏။ "မင်း သူ့ကို ဘယ်သူလဲဆိုတာတော့ လုံးဝပြောပြမှာ မဟုတ်ဘူး မဟုတ်လား"
"စူးဖေး!" လုမင်ယွိက စကားလုံးနှစ်လုံးကို ထုတ်ကာပြောလိုက်၏။ "အရင်ဘဝတုန်းက ကျွန်မ အဆိပ်မိပြီး သေဆုံးခဲ့ရတယ်။ မသေခင်မှာ သူ့ကို ဓားနဲ့ထိုးသတ်ခဲ့တယ်။ သူနဲ့ကျွန်မ အတူတူ ပြန်လည်မွေးဖွားလာကြမယ်လို့ ထင်မထားခဲ့မိဘူး"
လီကျင့်၏ မျက်ဝန်းထဲတွင် နားလည်သဘောပေါက်သွားသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားပြီး လေသံတိုးတိုးဖြင့် ပြောလေသည်။ "သူ့ခမျာ သည်းခံနိုင်သားပဲ။ မင်းကို တောက်လျှောက်လုံး ရှောင်ပုန်းနေခဲ့တာကိုး"
စူးဖေးသည် အမြဲတမ်း သတိကြီးကြီးထားပြီး ကိုယ့်နေရာကိုယ် နေခဲ့သောကြောင့် သူသည် စူးဖေး၏ ထူးခြားမှုကို သတိမပြုမိခဲ့ချေ။
လုမင်ယွိ၏ မျက်ဝန်းထဲတွင် လှောင်ပြောင်သရော်သည့် အရိပ်အယောင်များ ဖြတ်သန်းသွားလေသည်။ "သူက လျှို့ဝှက်ချက်ကို တောက်လျှောက်ဖုံးကွယ်ထားခဲ့ပုံရတယ်။ ဒါပေမဲ့ လီဟောက်က အလွယ်တကူ အလိမ်ခံရမဲ့လူ မဟုတ်တော့ အခြေအနေ မူမမှန်တာကို စောစောစီးစီး ရိပ်မိသွားတာလေ။ ဘယ်လိုနည်းလမ်းတွေ သုံးလိုက်လဲတော့ မသိဘူး။ သူဆီကနေ အမှန်တရား တဝက်လောက်ကို နှိုက်ထုတ်နိုင်လိုက်တယ်"
စကားကို ခဏရပ်လိုက်ပြီး သူမက ဆက်ပြောလေသည်။ "လီဟောက်က မကျေမနပ်ဖြစ်ပြီး ဒီည ကျွန်မကို တမင်သက်သက် လာမေးတာ။ ဘာလို့ ဒီလောက်ရက်စက်ပြီး ယန့်အာကို စွန့်ပစ်ခဲ့တာလဲတဲ့"
လီကျင့်၏ မျက်နှာအမူအယာမှာ အေးစက်သွားလေတော့သည်။ "သူကများ မေးရက်ရတယ်!"
လုမင်ယွိကလဲ အေးစက်စွာ ပြောလိုက်၏။ "သူ့လိုလူမျိုးက စိတ်ထဲမှာ ကိုယ့်ဟာကိုပဲ ရှိတာလေ။ ကျွန်မကို လာပြီးအပြစ်တင်ရဲတာ မဆန်းပါဘူး"
လုမင်ယွိ၏ မျက်နှာအမူအယာမှာ တည်ငြိမ်နေသော်ငြားလည်း လီကျင့်ကတော့ ကြည့်ရင်း ပိုပြီးစိတ်မကောင်း ဖြစ်လာရတော့သည်။
သူမက ယန့်အာကို မည်မျှချစ်ခင်ကြောင်း သူ အသိဆုံးပင်။ မိခင်တစ်ယောက်က ကိုယ့်သွေးသားအရင်းကို မည်သို့များ သတိမရဘဲ နေနိုင်ပါမည်နည်း။ ဒီဘဝတွင် ယန့်အာ လူဖြစ်ခွင့်မရတော့ခြင်းသည် လုမင်ယွိ၏ စိတ်ထဲတွင် အကြီးမားဆုံးသော နောင်တတရားပင်။
သာမာန်အချိန်များတွင် သူမ၏ အားနည်းချက်ကို မထိခိုက်စေလိုသဖြင့် သူက လုံးဝထုတ်မပြောခဲ့ချေ။
မုန်းစရာကောင်းလွန်းသည့် လီဟောက်က ဒီနေ့ည သူမ၏ ရင်ထဲက ဒဏ်ရာဟောင်းကို အတင်းအဓ္ဓမ ပြန်လှန်ခဲ့လေသည်။
လီကျင့်က လက်ကိုဆန့်တန်းလိုက်ကာ လုမင်ယွိကို ရင်ခွင်ထဲသို့ ဆွဲသွင်းထားလိုက်ပြီး သူမ၏ နားနားကပ်ကာ တိုးတိုးလေး ပြောလိုက်၏။ "ရှောင်ယွိ ... မင်းစိတ်ထဲမှာ ခံစားနေရရင် ကို့ရင်ခွင်ထဲမှာ ခဏလောက် ငိုလိုက်ပါ"
လုမင်ယွိသည် လီကျင့်၏ ရင်ဘတ်ထဲသို့ ခေါင်းကို မြှုပ်ထားလိုက်တော့၏။ ခဏကြာမှ ခေါင်းမော့လာပြီး သူမ၏ အကြည့်များသည် အနည်းငယ် မှေးမှိန်နေသော်ငြားလည်း ပိုပြီးခိုင်မာပြတ်သားနေတော့သည်။ "ခုဏက ကျွန်မ ဝမ်းနည်းပြီးသွားပြီ။ အတိတ်ကကိစ္စတွေကို ထပ်မပြောတော့ဘူး။ အခု ကျွန်မမှာ ရှင်ရှိတယ် ရွှီအာနဲ့ရွှမ်းအာတို့ ရှိတယ်။ ကောင်းကင်ဘုံက ကျွန်မအပေါ် တော်တော်လေး ကောင်းမွန်နေပါပြီ"
သားနှင့်သမီးအကြောင်း ပြောလိုက်သည်နှင့် လုမင်ယွိ၏ မျက်ဝန်းထဲတွင် ကြင်နာမှုများ ပြည့်လျှံလာပြီး အသံကလဲ နူးညံ့သွားတော့သည်။ "ဒါနဲ့ မီးပုံးပွဲတောင် ကောင်းကောင်း မကြည့်ရသေးဘူး။ ကျွန်မ ဒီအတိုင်း ပြန်လာခဲ့တာ။ ရှင်လဲ နောက်ကနေ လိုက်ပြန်လာတာဆိုတော့ ရွှီအာနဲ့ရွမ်းအာတို့ ဘယ်မှာလဲ"
လီကျင့်က ချောင်းတစ်ချက် ဟန့်လိုက်ကာ "ကိုက သတင်းကြားတာနဲ့ ပြန်လာဖို့ လောနေတာဆိုတော့ ကလေးနှစ်ယောက်ကို ဖုဟွမ်နဲ့ မူဟုပ်ဆီမှာပဲ အပ်ထားခဲ့တယ်။ ကောင်းတာပေါ့။ သူတို့လဲ အလုပ်ရှုပ်သွားပြီး တခြားကိစ္စတွေ လျှောက်တွေးနေဖို့ အချိန်ရမှာ မဟုတ်တော့ဘူး"
လုမင်ယွိကလဲ ရယ်မောလိုက်တော့သည်။ "ကလေးတွေက ငယ်သေးတာ။ ထငိုပြီဆိုရင် ဖုဟွမ်နဲ့မူဟုပ် ဘယ်လိုလုပ် ချော့နိုင်မှာလဲ။ လူလွှတ်ပြီး ကလေးတွေကို မြန်မြန်သွားပြန်ခေါ်လိုက်ပါ"
လီကျင့်က ပြုံးကာပြောလိုက်၏။ "ကို သွားခေါ်လိုက်ပါ့မယ်။ မင်း ခဏလောက်တော့ အပြင်မထွက်နဲ့အုံး။ အရင်ဆုံး ရေချိုးလိုက် ကို ပြန်လာတာကို စောင့်နေနော်"
လုမင်ယွိက ပြုံးကာ ခေါင်းညိမ့်လိုက်လေသည်။
လီကျင့် ထွက်သွားပြီးနောက် လုမင်ယွိသည် ရေချိုးခန်းထဲသို့ ဝင်သွားခဲ့၏။
ချီယွင်က လုမင်ယွိ ရေချိုးရန် ပြင်ဆင်ပေးနေရင်း လေသံတိုးတိုးဖြင့် ပွစိပွစိ ပြောနေလေသည်။ "ကျွန်မက စကားများတာတော့ မဟုတ်ပါဘူး။ အရှင်မင်းသားက သခင်မလေးအပေါ် ဒီလောက်ကောင်းတာကို သခင်မလေးက တတိယမင်းသားကို ပြန်ပြီးသတိရနေလို့ မဖြစ်ဘူးလေ"
လုမင်ယွိက တခြားသူဆိုလျှင် မျက်နှာထားတင်းမာရမည် ဖြစ်သော်ငြားလည်း ငယ်စဥ်ကတည်းက အတူကြီးပြင်းလာသည့် ချီယွင်အပေါ်တွင်တော့ မတတ်သာသည့်ဟန်ဖြင့် ပြုံးကာ ပြောလိုက်ရတော့သည်။ "တော်ပါတော့။ နင် ပွစိပွစိ လုပ်မနေပါနဲ့တော့။ ငါ့စိတ်ကို ငါသိပါတယ်"
"သိရင်ပြီးတာပါပဲ"
ချီယွင်ကလဲ ဆက်ပြီး ပွစိပွစိလုပ်နေပြန်သည်။ "ဒါက ပထမဦးဆုံးအကြိမ် ဖြစ်သလို နောက်ဆုံးအကြိမ်လဲ ဖြစ်ရမယ်။ နောက်တစ်ခါဆိုရင် ကျွန်မ လမ်းကြည့်ပေးမှာ မဟုတ်တော့ဘူး"
လုမင်ယွိ "..."
လုမင်ယွိမှာ ငိုရခက်ရယ်ရခက်ဖြစ်သွားပြီး ချီယွင်ကို မျက်စောင်းတစ်ချက် ထိုးလိုက်တော့သည်။ "ဘယ်သူက နင့်သခင်လဲ။ နင်က ပါးစပ်ဖွင့်လိုက်တာနဲ့ အိမ်ရှေ့စံဘက်ကပဲ ဘာလို့ ပြောနေရတာလဲ"
ချီယွင်ကလဲ ယုံကြည်မှုရှိရှိဖြင့် ပြန်ဖြေလေ၏။ "ကျွန်မက မျက်စိမပါတာမှ မဟုတ်တာ။ ထိုက်ဇီက သခင်မလေးအပေါ် တကယ်ကောင်းတယ်ဆိုတာ ကျွန်မ မျက်မြင်ပဲလေ။ ကျွန်မက ထိုက်ဇီဘက်က ကာပြောပေးရမှာပေါ့"
လုမင်ယွိက မတတ်သာဘဲ ပြန်ပြောလိုက်ရတော့သည်။ "ကောင်းပါပြီ ကောင်းပါပြီ ငါက နင့်စကား နားထောင်ပါမယ်။ နောက်ဆို လီဟောက်ဆိုတဲ့ကောင်နဲ့ နှစ်ယောက်တည်း စကားမပြောတော့ပါဘူး"
ဒီလိုမှပေါ့!
ချီယွင်သည် ကျေနပ်သွားပြီး ပါးစပ်ပိတ်သွားတော့သည်။
လုမင်ယွိက ရေချိုးအဝတ်အစားလဲပြီးချိန်တွင် လီကျင့်သည်လဲ ကလေးများကို ပွေ့ဖက်လျက် ပြန်ရောက်လာခဲ့လေသည်။
အမှန်တကယ်တော့ နို့ထိန်းလေးယောက်က အချိန်မရွေး ပြုစုစောင့်ရှောက်ပေးနေသဖြင့် ရွှီအာနှင့်ရွှမ်းအာတို့သည် သိပ်ပြီးဆူပူသောင်းကျန်းခြင်း မရှိပေ။ မောင်နှမနှစ်ယောက်သည် ဗိုက်ဝနေပြီဖြစ်ရာ ပါးစပ်လေးများကို တပြင်ပြင်လှုပ်နေကာ ဖခင်ဖြစ်သူ၏ ရင်ခွင်ထဲတွင် သက်တောင့်သက်သာ ရှိနေကြလေသည်။
လုမင်ယွိက ကလေးနှစ်ယောက်ကို ကြည့်လိုက်ပြီး ရင်ထဲတွင် ချစ်ခင်မြတ်နိုးစိတ်များ ပြည့်လျှံလာတော့၏။ သူမက ပြုံးကာ ကလေးကို လှမ်းချီလိုက်လေသည်။ "ဒီည ကျွန်မ ကလေးတွေနဲ့ အတူတူအိပ်မယ်"
လီကျင့်ကလဲ ချက်ချင်း ပြန်ပြောလိုက်လေသည်။ "ကိုလဲ သူတို့မောင်နှမနှစ်ယောက်နဲ့ အတူတူအိပ်မယ်"
နောက်ထပ်လဝက်ကြာလျှင် သူသည် စစ်ချီထွက်ရပေတော့မည်။ အချိန်ကို အလုအယက်ယူကာ သားသမီးများနှင့် အချိန်များများ ပေးရပေမည်။
လီကျင့်က အလျင်အမြန်ပင် ရေချိုးအဝတ်အစားလဲပြီး ကုတင်ပေါ်သို့ ရောက်လာခဲ့၏။ လုမင်ယွိက ရွှီအာကို ချော့သိပ်ထားပြီးဖြစ်သည်။ ရွှမ်းအာ မအိပ်သေးဘဲ သမ်းဝေနေပြီး မျက်လုံးသေးသေးလေးများက ပူးကပ်လုနီးပါး ဖြစ်နေတော့သည်။
လီကျင့်က ရယ်မောလိုက်ပြီး သမီးဖြစ်သူကို ပွေ့ချီကာ ကျောကုန်းလေးကို ပုတ်ပေးရင်း နူးညံ့စွာ ချော့မြူလိုက်လေသည်။ "ရွှမ်းအာ လိမ်မာတယ်။ အိပ်တော့နော်!"
ရွှမ်းအာသည် ခေါင်းသေးသေးလေးကို ဖခင်ဖြစ်သူ၏ လက်မောင်းပေါ်တင်ထားလိုက်ပြီး မကြာခင် အိပ်ပျော်သွားလေ၏။
ထိုအခါမှ လီကျင့်သည် သမီးဖြစ်သူကို ဂရုတစိုက် ချပေးလိုက်၏။ ကလေးနှစ်ယောက်ကို ချထားလိုက်ပြီး လုမင်ယွိ၏ မျက်နှာကို အနမ်းပေးလိုက်လေသည်။ လုမင်ယွိက ရယ်သံသဲ့သဲ့လေးပြုကာ ပြောလိုက်၏။ "စောစောအိပ်တော့။ မနက်ဖြန် စောစောထရအုံးမယ်"
လုမင်ယွိ၏ ယနေ့အခြေအနေကြောင့် အမှန်ပင် ကြည်နူးချစ်ခင်ရသည့် စိတ်အခြေအနေ မရှိနေချေ။
လီကျင့်ကလဲ အတင်းအကြပ် မတောင်းဆိုဘဲ ပြုံးကာ အသံပြုလိုက်ပြီး မျက်လုံးများကို အမြန်မှိတ်လိုက်တော့သည်။
ရွှီအာက မိခင်၏ရင်ခွင်ထဲတွင် အိပ်စက်နေပြီး ရွှမ်းအာက ဖခင်ကို မှီထားကာ မိသားစုလေးယောက်သား အတူတကွ နှစ်ခြိုက်စွာ အိပ်မောကျသွားကြတော့သည်။
...
ထိုညတွင်ပင် နန်းတော်ထဲ၌ အိပ်မပျော်နိုင်သူတစ်ဦး ရှိလေသည်။
"အား ..."
"စန်းကော အသက်ချမ်းသာပေးပါ!"
ပဥ္စမမင်းသားလီချန်၏ နန်းဆောင်လေ့ကျင့်ရေး အခန်းထဲမှ သနားစဖွယ် အော်ဟစ်သံများ မကြာခဏ ထွက်ပေါ်နေသည်။
အတွင်းနန်းဆောင်ကုန်းကုန်း ရှောင်ချွန်းသည် လေ့ကျင့်ရေးခန်း အပြင်ဘက်တွင် စောင့်ဆိုင်းနေပြီး သခင်ဖြစ်သူ၏။ အော်ဟစ်သံများကို ဆက်တိုက်ကြားနေရသဖြင့် မျက်လုံးထောင့်များပင် တဆတ်ဆတ်တုန်လာကာ အသံတိုးတိုးဖြင့် မေးလိုက်၏။ "ရှောင်နျန်ကုန်းကုန်း ... တတိယမင်းသားက ဒီည ဘာဖြစ်လာတာလဲ"
တကယ်ပဲ ပုံမှန်မဟုတ်တော့ဘူး။ တတိယမင်းသားက ဘယ်တွေသွားပြီး ပျောက်နေမှန်းမသိဘဲ ပြန်ပေါ်လာတော့လည်း ပဥ္စမင်းသားကို စိုက်ကြည့်နေတယ် ... သူ့လို အတွင်းနန်းဆောင်ကုန်းကုန်းတောင်မှ ကြက်သီးထမိတယ်။
ပိုပြီးထူးဆန်းသည်မှာ တတိယမင်းသားသည် တတိယမင်းသားကြင်ရာတော်ကို အိမ်တော်သို့ အရင်ပြန်ခိုင်းလိုက်ပြီး သူကတော့ နန်းတော်ထဲတွင် ကျန်ရစ်နေကာ ပဥ္စမမင်းသားနှင့် "ညနက်သည်အထိ ဖယောင်းတိုင်ထွန်းပြီး စကားပြောမယ်"ဟု ဆိုခြင်းပင်။
နန်းဆောင်ထဲသို့ ဝင်လိုက်သည်နှင့် စကားတစ်လုံးမှမပြောဘဲ ပဥ္စမင်းသားကိုဆွဲပြီး လေ့ကျင့်ရေးအခန်းထဲသို့ ခေါ်သွားခဲ့လေသည်။
ပဥ္စမင်းသား၏ ကိုယ်ခံပညာ အစွမ်းအစလောက်နှင့် သာမာန်ကိုယ်ရံတော်တစ်ယောက်ကိုပင် နိုင်အောင်မတိုက်နိုင်ပေ။ ယခုအခါ တတိယမင်းသား၏ ဆုံးမမှုကို ပြင်းပြင်းထန်ထန် ခံနေရရှာလေသည်။ အသံကို နားထောင်ကြည့်ရုံနှင့် ရှောင်ချွန်းက သူ့သခင်အစား နာကျင်နေမိ၏။
ရှောင်နျန်ကုန်းကုန်းသည်လဲ သံသယများဖြင့် ပြည့်နှက်နေပြီး လေသံကိုနှိမ့်ကာ ပြောလိုက်လေသည်။ "အရှင်မင်းသားက ဒီရက်ပိုင်း စိတ်အခြေအနေ သိပ်မကောင်းဘူး။ ဘာဖြစ်တာလဲဆိုတာကိုတော့ ငါလဲ မသိဘူး"
မဟုတ်မှလွဲရော ဒီနေ့ည သူ့ဒေါသတွေကို ဖွင့်ချဖို့ ပဥ္စမင်းသားကို လာရိုက်နေတာများလား။
...