အခန်း (၃၁၃-၃၁၅)
Vol. 21 Ch. 313-315
အပိုင်း (၃၁၃) ညီအစ်ကို (၁)
သိုင်းလေ့ကျင့်ရေးခန်းမအတွင်း၌ လုံးဝန်းကာ ဘောလုံးတစ်လုံးကဲ့သို့ ဝဖြိုးနေသော လီချန်သည် အစ်ကိုဖြစ်သူ လီဟောက်၏ လက်သီးချက်ကြောင့် ဝမ်းဗိုက်ကို ထိမှန်သွားပြီး နာကျင်မှုကြောင့် ဝမ်ဗိုက်ကိုပိုက်ကာ ကြမ်းပြင်ပေါ်တွင် တပတ်လောက် လှိမ့်သွားလေသည်။ ပါးစပ်ကလဲ တရစပ် အသနားခံနေတော့၏။
"စန်းကော ကျွန်တော့်ရဲ့ သိုင်းပညာက အရည်အချင်းမကောင်းတာ သိသားပဲ။ ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ။ အား ... နာလိုက်တာ"
လီဟောက်သည် စကားတစ်ခွန်းမှမပြောဘဲ ရှေ့သို့တိုးလာကာ လီချန်၏ ရင်ဘတ်က အင်္ကျီစကို ဆွဲမလိုက်ပြီး နောက်ထပ်လက်သီးတစ်ချက် ထပ်ထိုးလိုက်လေသည်။
ဒီလက်သီးချက်သည် လီချန်၏ ရင်ဘတ်တည့်တည့်သို့ ကျရောက်သွား၏။
လီချန်သည် နောက်တကြိမ် စူးစူးဝါးဝါး အော်ဟစ်လိုက်ပြန်သည်။ "စန်းကော အသက်ချမ်းသာပေးပါ!"
လီဟောက်သည် မကြားလိုက်သည်နှယ် အသံတိတ်ကာ ဆက်လက် ထိုးကြိတ်နေလေသည်။ သို့သော်ငြား လက်သီးချက်များက အသက်အန္တရာယ်ရှိသည့် နေရာများနှင့် မျက်နှာကို ရှောင်ရှားထားပြီး အသားများသော နေရာများကိုသာ ရွေးချယ်ကာ ထိုးနှက်နေခြင်း ဖြစ်လေသည်။ လီချန်ကို နာကျင်ရအောင် အော်ဟစ်နေရစေသော်ငြား အတွင်းကလီစာများကိုတော့ အမှန်တကယ် ထိခိုက်ဒဏ်ရာရစေခြင်း မရှိချေ။
ဒါက အမေတစ်ဦးတည်းက မွေးလာခဲ့တဲ့ သူ့ရဲ့ ညီအရင်းခေါက်ခေါက်ပဲလေ။
သူ့ထက် အသက်အနည်းငယ် ငယ်ရွယ်ပြီး ကလေးဘဝကတည်းက သူ့နောက်ကနေ တကောက်ကောက်လိုက်ခဲ့တာ။ ဘာကိစ္စပဲ ကြုံရပါစေ သူက ရှေ့ကနေ မားမားမတ်မတ် ကာကွယ်ပေးခဲ့ရတဲ့ ညီငယ်လေးပဲ။
ငါရှိနေသရွေ့ ငါ့ညီကို ဒုက္ခမရောက်ရစေဘူးလို့ သူတိတ်တိတ်လေး သစ္စာဆိုခဲ့ဖူးတယ်။
သူက စိတ်ရောကိုယ်ပါ ယုံကြည်ပြီး နေရာတိုင်းမှာ ကာကွယ်ပေးခဲ့ရတဲ့ ညီအရင်းက ထီးနန်းကို ဆက်ခံပြီးတဲ့နောက်မှာ ပထမဦးဆုံး လုပ်တဲ့ကိစ္စက မုဆိုးမဖြစ်သွားတဲ့ သူ့ရဲ့မရီးကို စော်ကားဖို့ ကြိုးစားတာတဲ့လား။
ဒီလီချန်က ဘယ်လိုလုပ်ပြီး တိရိစ္ဆာန်ထက်တောင် နိမ့်ကျတဲ့ အပြုအမူမျိုးကို လုပ်ရက်ရတာလဲ။
လီချန်၏ မျက်နှာတစ်ခုလုံးသည် မျက်ရည်များ နှာရည်များဖြင့် ပေကျံနေပြီး ရှောင်တိမ်းချင်သော်ငြားလည်း မရှောင်တိမ်းနိုင်သဖြင့် ငိုယိုအော်ဟစ်ကာ အသနားခံနေရတော့သည်။ သို့သော်ငြား သူ၏ အချစ်ဆုံးအစ်ကိုသည် နတ်ဆိုးပူးကပ်နေသလို မျက်လုံးများနီရဲကာ မရပ်မနား ထိုးကြိတ်နေသည်မှာ အလွန်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလှလေသည်။
လီဟောက်သည် အလွန်ဒေါသထွက်နေတတ်ပြီး နောက်ဆုံးတွင် မိမိကိုယ်ကို မထိန်းချုပ်နိုင်တော့ဘဲ လက်သီးတစ်ချက်သည် လီချန်၏ မေးစေ့ကို ထိမှန်သွားလေတော့သည်။
လီချန်မှာ နာကျင်လွန်းသဖြင့် မျက်ရည်များ ပန်းထွက်လာရုံသာမက ငိုပင်မငိုနိုင်တော့ချေ။
လီဟောက်သည်လဲ နောက်ဆုံးတွင်တော့ လက်ကို ရပ်တန့်သွားလိုက်တော့၏။
လီချန်သည် အင်္ကျီလက်စဖြင့် မျက်ရည်ကို ဗရမ်းဗတာသုတ်လိုက်ပြီး မေးစေ့ကိုအုပ်ကာ ဝမ်းနည်းပလက်နှင့် သနားစဖွယ် မျက်ဝန်းများဖြင့် ကြည့်လိုက်လေ၏။ အသံများကလဲ ဗလုံးဗထွေး ဖြစ်နေလေတော့သည်။ "စန်းကော ... မင်း ... မင်းဘာဖြစ်နေတာလဲ"
အကြောင်းအရင်းမရှိဘဲ ဘာကိစ္စ ငါ့ကို လာထိုးနေတာလဲ။
ငါ ဘာအမှား လုပ်မိလို့လဲ။
လီဟောက်၏ နက်ရှိုင်းသော မျက်ဝန်းနက်များသည် လီချန်ကို စိုက်ကြည့်နေပြီး စကားတစ်ခွန်းမှ မဆိုချေ။
လီချန်သည် ကြက်သီးမွှေးညှင်းများပင် ထလာလေ၏။ စန်းကောသည် ယခုအချိန်တွင် ဒေါသအလွန်ထွက်နေကြောင်း သူ၏ အသိစိတ်က အသိပေးနေ၏။ သူ ရိုးရိုးသားသားနေပြီး စန်းကောကို ဒေါသထပ်မထွက်စေတာက အကောင်းဆုံးပဲ ဖြစ်လိမ့်မည်။
လီချန်သည် တံတွေးတစ်ချက် မျိုချလိုက်ပြီး နောက်သို့ တိတ်တဆိတ် ခြေလှမ်းတစ်လှမ်းဆုတ်ကာ လေသံတိုးတိုးဖြင့် ပြောလိုက်လေ၏။ "စန်းကော စိတ်အခြေအနေမကောင်းရင် ငါ ကိုယ်ရံတော်တစ်ချို့ ခေါ်ပေးမယ်လေ။ စန်းကောနဲ့ အဖော်ပြုပြီး လေ့ကျင့်ပေးကြလိမ့်မယ်"
လူကို ထိုးနှက်ပြီး အပြစ်ပေးချင်ရင် ကိုယ်ရံတော်တွေ အများကြီးရှိတာပဲ။ ငါကိုတော့ ဒုက္ခမပေးပါနဲ့လေ။
လီဟောက်၏ အသံသည် ပုံမှန်မဟုတ်ဘဲ တင်းမာနေတော့၏။ "လီချန်"
လီချန်မှာ အထိတ်တလန့် ဖြစ်သွားပြီး အလိုအလျောက် နောက်သို့ ခြေနှစ်လှမ်း ဆုတ်လိုက်မိလေ၏။ လီဟောက်သာ အမှန်တကယ် လက်ပါချင်လျှင် သူသည် မည်မျှပင် နောက်သို့ဆုတ်စေသော်ငြား အသုံးဝင်မည်မဟုတ်ကြောင်းကိုတော့ သူ မသိရှာချေ။
လီဟောက်သည် လက်သီးကို တင်းနေအောင် ဆုတ်ထားလိုက်ပြီး သွားကြားထဲက စကားလုံးတစ်ချို့ကို ညှစ်ထုတ်လိုက်လေ၏။ "ငါ မင်းကို ဆက်မထိုးတော့ဘူး။ ငါ မင်းကို မေးစရာရှိတယ်"
လီချန်သည် တိတ်တဆိတ် သက်ပြင်းချလိုက်ပြီး နာကျင်နေသည်ကိုပင် မအော်ဟစ်ရဲတော့ဘဲ ရိုးရိုးသားသားပင် "ဟုတ်"ဟု ပြန်ဖြေလိုက်လေသည်။
ဘယ်ဘက်ကကြည့်ကြည့် ညာဘက်ကကြည့်ကြည့် အပေါ်ကကြည့်ကြည့် အောက်ကကြည့်ကြည့် ရိုးသားပြီး အတန်ငယ် တုံးအသည်ဟု ထင်ရသော လူငယ်လေးတစ်ဦးသာပင်။ လုမင်ယွိ ပြောသကဲ့သို့ တိရိစ္ဆာန်ထက်နိမ့်ကျသော မျိုးမစစ်ကောင် တစ်ကောင်အဖြစ် မည်သို့များ ပြောင်းလဲသွားရပါသနည်း။
သို့တည်းမဟုတ် ထိုအရာများ အားလုံးက လီချန်၏ ဟန်ဆောင်မှုများလား။ သူသည် သူ့ညီအရင်းကို ဘယ်တုန်းကမှ အမှန်တကယ် နားမလည်ခဲ့ခြင်းလား။
လီချန်သည် အစ်ကိုဖြစ်သူ၏ ဤအကဲခတ်နေသောအကြည့်ကြောင့် ကျောပြင်တွင် ချွေးစေးများပြန်လာပြီး မနေနိုင်တော့ဘဲ မေးလိုက်မိတော့သည်။ "စန်းကော ဒီနေ့ ဘာဖြစ်နေတာလဲ။ ဘာဖြစ်လို့ ဒီလောက်တောင် ထူးဆန်းနေရတာလဲ။ ပြီးတော့ ကျွန်တော့်ကို ဘာမေးချင်လို့လဲ"
လီဟောက်၏ မျက်ဝန်းထဲတွင် နာကျင်မှုနှင့် မှောင်မိုက်သော အရိပ်အယောင်များ ဖြတ်ပြေးသွားပြီး အတန်ကြာမှ မေးလိုက်တော့သည်။ "ငါ မင်းကို မေးမယ်။ မင်း အခုလက်ရှိဘဝကို ကျေနပ်ရဲ့လား"
လီချန်သည် မေးခွန်းကြောင့် ကြောင်အမ်းအမ်း ဖြစ်သွားပြီး သတိလက်လွတ်ပင် ပြန်ဖြေလိုက်လေ၏။ "ကျေနပ်တာပေါ့။ စားဝတ်နေရေး ပူပန်စရာမလိုဘူး။ စားချင်တာစား သောက်ချင်တာသောက်လို့ရတယ်။ ဒါပေမဲ့ နေ့တိုင်းစာဖတ်ပြီး သိုင်းလေ့ကျင့်နေရတာတော့ အရမ်းပင်ပန်းတာပဲ။ ကျွန်တော်က မွေးရာပါ ဉာဏ်နည်းတဲ့သူလေ။ စန်းကောလောက် ထက်မြက်တာ မဟုတ်တော့ ဘာသင်သင် မတတ်ဘူး။ စာသင်ဆောင်သွားပြီး စာမဖတ်ရရင်တော့ ပိုကောင်းမှာပဲ"
လီဟောက်သည် လီချန်ကို စူးစိုက်ကာ ကြည့်လိုက်၏။ "မင်း ငါ့ကို မုန်းလား"
လီချန်က ဝဖြိုးနေသော မျက်နှာကြီးကို မဲ့ရွဲ့လိုက်ကာ ပြန်ဖြေလိုက်လေသည်။ "စန်းကော ဒီနေ့ဘာလို့ ဒီလို ထူးထူးဆန်းဆန်းတွေ လာမေးနေတာလဲ။ ကျွန်တော်တို့က ညီအစ်ကိုအရင်းတွေပဲလေ။ အစ်ကိုက နေရာတိုင်းမှာ ကျွန်တော့်ကို စောင့်ရှောက်ပေးနေတာ။ ကျွန်တော်တို့က ခြေနဲ့လက်လို သံယောဇဥ်ကြီးကြတာပဲ။ ကျွန်တော်က စန်းကောကို ကျေးဇူးတင်လို့တောင် မဆုံးပါဘူး။ ဘယ်လိုလုပ်ပြီး မုန်းရမှာလဲ"
ဒါက လီချန်ရဲ့ ရင်ထဲက စကားအစစ်အမှန် ဟုတ်ရဲ့လား။
လီဟောက်၏ အကြည့်သည် ပိုမိုစူးရှလာပြီး ဓားသွားနှစ်ချောင်းလို လီချန်၏ အဆီပြင်များကိုခွင်းကာ နှလုံးအောက်ခြေရှိ အမှောင်မိုက်ဆုံးသော အတွေးများကို ထွင်းဖောက် ကြည့်ရှုနေသကဲ့သို့ပင်။
စန်းကော ... ကျွန်တော်က အစ်ကို့ကို ကျေးဇူးတင်ပါတယ်။
ဒါပေမဲ့ ကျွန်တော့်စိတ်ထဲမှာလည်း အစ်ကို့ကို မုန်းလဲမုန်းတယ်။
မင်းက အရာရာမှာ ထူးချွန်တယ်။ မူဖေးရဲ့ မျက်လုံးထဲမှာလည်း အစ်ကိုပဲရှိတယ်။ အစ်ကိုနဲ့ ယှဥ်လိုက်ရင် ကျွန်တော်က ဘာမှသုံးမရတဲ့ အမှိုက်ကောင် တုံးအတဲ့ကောင် ဖြစ်သွားရော လူတိုင်းက ကျွန်တော်က မင်းအတွက် ဝန်ထုပ်ဝန်ပိုးလို့ ထင်နေကြတယ်။ မူဖေးကလဲ ဒီလိုပဲ ထင်တယ်။ အိမ်ထောင်ကျလာတဲ့ စန်းစောင်ကလဲ ဒီလိုပဲထင်တယ်။ အစ်ကို့ရဲ့ စိတ်ထဲမှာလည်း ဒီလိုပဲ တွေးနေတာ မဟုတ်လား။
လီချန်သည် ဖိအားပေးခံနေရသော အကြည့်အောက်တွင် နဖူးက ချွေးစေးများ ကျလာပြီး လည်ချောင်းများ ခြောက်သွေ့လာတော့သည်။ သူက နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်ပြီး တိုးတိုးလေး ပြောလိုက်၏။ "စန်းကော နောက်ကျနေပြီ။ ရေချိုးပြီး သွားအိပ်ကြရအောင်လေ"
အစ်ကိုက ကျွန်တော့်ကို ဒီလိုကြည့်နေတော့ တကယ်ပဲ စိတ်တွေအရမ်းလှုပ်ရှားလာပြီး ကြောက်လန့်လာမိတယ်။
လီဟောက်သည် လီချန်၏ စကားကို မကြားသကဲ့သို့ ဆက်လက်မေးမြန်းလိုက်လေသည်။ "ငါ မင်းကို မေးမယ်။ တကယ်လို့ ငါက စစ်မြေပြင်မှာ ဒဏ်ရာအပြင်းအထန်ရပြီး အသက်ရှင်ဖို့ မကြာတော့ဘူးဆိုပါစို့။ ငါ့ရဲ့မိန်းမနဲ့ သားသမီးတွေကို မင်းလက်ထဲ အပ်နှံခဲ့မယ်ဆိုရင် မင်း ဘယ်လိုလုပ်မလဲ"
လီချန်သည် နောက်တစ်ကြိမ် ကြောင်အမ်းအမ်း ဖြစ်သွားရပြန်သည်။ "အစ်ကိုက ဘာလို့ ရုတ်တရက်ကြီး ဒီလိုနမိတ်မရှိတဲ့စကားတွေ ပြောနေတာလဲ ..."
"ငါ့ကိုပြန်ဖြေ" လီဟောက်၏ အသံသည် ရုတ်တရက် မြင့်တက်သွားပြီး လေသံထဲတွင်လည်း လီချန် မသိနိုင်သည့် ဒေါသအငွေ့အသက်များ ပါဝင်နေတော့၏။ "မင်း ဘယ်လိုလုပ်မှာလဲ"
လီချန်သည် ပါးစပ်ကိုဖွင့်ကာ ဖြေလိုက်ရတော့သည်။ "တကယ်လို့ အဲလိုနေ့မျိုး ရောက်လာခဲ့ရင်တော့ ကျွန်တော်က မုဆိုးမဖြစ်သွားတဲ့မရီးနဲ့ တူလေးကို သေသေချာချာ စောင့်ရှောက်ပေးမှာပါ"
လီဟောက်၏ မျက်ဝန်းထဲက အလင်းရောင်သည် မှိန်ဖျော့သွားပြီး သွားကြားထဲက စကားလုံးတစ်ချို့ကို ညှစ်ထုတ်ကာ မေးလိုက်လေ၏။ "မင်းက မုဆိုးမဖြစ်သွားတဲ့ မရီးတော်အပေါ် အနိုင်ကျင့်စော်ကားလိုစိတ်တွေ ဖြစ်လာမှာလား"
လီချန်၏ ခေါင်းထဲတွင် ဝုန်းခနဲ မြည်ဟီးသွားပြီး ဖင်ကို မီးမြှိုက်လိုက်သကဲ့သို့ ရုတ်တရက် ထခုန်လိုက်ကာ မျက်နှာပေါ်က အဆီပြင်များပင် တုန်ခါသွားတော့သည်။ "စန်းကော အစ်ကို ရူးသွားပြီလား။ ဘာဖြစ်လို့ ဒီလို အဓိပ္ပါယ် မရှိတဲ့စကားကို မေးနေရတာလဲ"
"တကယ်လို့ အဲဒီ့လို ယုတ်မာတဲ့စိတ်ကူးမျိုး ဝင်လာရင် ကျွန်တော်က လူဟုတ်ပါတော့မလား"
ဟုတ်သားပဲ။ ဒီလိုကိစ္စမျိုးကို လုပ်ခဲ့ရင် လူလို့သတ်မှတ်လို့ ရပါ့မလား။
စူးဖေး၏ မလုံမလဲဖြစ်နေမှုများနှင့် ဖုံးကွယ်ထားမှုများ လုမင်ယွိ၏ နာကျင်ဒေါသထွက်နေသည့် မေးခွန်းများအားလုံးက ရှင်းလင်းပြတ်သားနေသည့် အချက်အလက်တစ်ခုကို ညွှန်ပြလို့နေသည်။ လီချန်က တကယ်ပင် လူကျင့်ဝတ်နှင့်မညီခြင်းကို ပြုလုပ်ခဲ့ခြင်းပင်။
လီဟောက်သည် ဒေါသထွက်ကာ ဝမ်းနည်းပလက်ဖြစ်လုနီးပါး ဖြစ်နေသော်ငြား လီချန်ကို ကြည့်ရင်း ရင်ထဲတွင် ကျောက်တုံးကြီး ဖိထားသလို လေးလံနေတော့၏။
စိတ်ထဲက အသံတစ်ခုကတော့ ရှေ့မှာရှိနေတဲ့ တိရိစ္ဆာန်ထက် နိမ့်ကျတဲ့ကောင်ကို သတ်ပစ်လိုက်ဟု အော်ဟစ်နေလေသည်။
နောက်ထပ်အသံတစ်ခုကတော့ သူက မင်းရဲ့ညီအရင်းလေ။ မင်း သူ့ကို တစ်သက်လုံး စောင့်ရှောက်ပါ့မယ်လို့ သစ္စာပြုထားတယ် မဟုတ်လား။ မင်း ဘယ်လိုလုပ်ပြီး သူ့ကို သတ်ချင်စိတ် ပေါ်လာရတာလဲဟု တားဆီးနေပြန်သည်။
လီချန်သည် နောက်ဆုံးတွင် အစ်ကိုဖြစ်သူ၏ ကြောက်မက်ဖွယ်ကောင်းသော အကြည့်ကြောင့် ထိတ်လန့်ကာ ငိုကြွေးလေတော့သည်။ မျက်ရည်များနှင့် နှာရည်များသည် မျက်နှာပေါ်တွင် ပေပွနေတော့၏။ "စန်းကော မင်း နတ်ဆိုးပူးနေတာလား။ အစ်ကို့ရဲ့ ပုံစံက အရမ်းကြောက်ဖို့ ကောင်းတာပဲ။ ဒီညပြောတဲ့ စကားတွေက တစ်ခွန်းထက်တစ်ခွန်း ပိုပြီးတော့ ထူးဆန်းနေတယ်။ ကျွန်တော့်ကို မခြောက်လှန့်ပါနဲ့"
လီဟောက်သည် မျက်လုံးများကို မှိတ်လိုက်ပြီး လေပူတစ်ချက်ကို အသက်ပြင်းပြင်း ရှူသွင်းလိုက်လေ၏။
သူက လီချန်ကို ဆက်မကြည့်တော့ဘဲ ကျောခိုင်းလိုက်ကာ စကားအနည်းငယ်ကိုသာ ထားရစ်ခဲ့လေသည်။ "လီချန် မင်းဒီနေ့ ပြောခဲ့တဲ့စကားကို မှတ်ထားပါ။ မင်း လူကောင်းတစ်ယောက် ဖြစ်အောင်နေပါ။ တိရိစ္ဆာန်ထက်နိမ့်ကျရင် မျိုးမစစ်ကောင်တော့ မလုပ်မိစေနဲ့"
ပြောပြီးသည်နှင့် ခြေလှမ်းကြဲကြီးများဖြင့် ထွက်ခွာသွားလေတော့သည်။
လီဟောက် ထွက်သွားသည်နှင့် နေရာအနှံ လွှမ်းခြုံထားသော ကြောက်ရွံ့မှုများသည်လည်း လျော့ပါးသွားတော့၏။
လီချန်သည် သက်ပြင်းတစ်ချက် ချလိုက်ပြီး ကြမ်းပြင်ပေါ်သို့ ခွေခွေလေး ထိုင်ချလိုက်လေ၏။ ထို့နောက်တွင်တော့ လေအေးတစ်ချက်ကို ရှူသွင်းလိုက်ပြီး အားခနဲ အော်ဟစ်လိုက်လေတော့၏။
နာလိုက်တာ။ တစ်ကိုယ်လုံး နာနေတာပဲ။ စန်းကောက လွန်လွန်းတာပဲ။
တံခါးဝတွင် စောင့်နေသော အတွင်းနန်းဆောင်ကုန်းကုန်း ရှောင်ချွန်းက အပြေးဝင်ရောက်လာခဲ့၏။ "အရှင်မင်းသား ကျွန်တော်မျိုး တော်ဝင်သမားတော်ကို သွားပင့်ပေးရမလား"
လီချန်က ငိုယိုရင်း ပြောလိုက်လေတော့သည်။ "ဘာသမားတော်ကို ခေါ်စရာလို့လို့လဲ။ ဒီညကိစ္စကို.ဘယ်သူမှ အပြင်ကို ပေါက်ကြားလို့ မဖြစ်ဘူး။ မဟုတ်ရင်တော့ ငါ တုတ်နဲ့ ရိုက်သတ်ပစ်မယ်"
...
အပိုင်း (၃၁၄) ညီအစ်ကို (၂)
လီချန်က တော်ဝင်သမားတော်ကို ခေါ်ခွင့်မပြုဘဲ တားမြစ်ထားသဖြင့် ရှောင်ချွန်းသည် တိတ်တဆိတ် ထိခိုက်ဒဏ်ရာ ဆေးဝါးများကို ရှာဖွေယူလာကာ သခင်ဖြစ်သူကို ဆေးကုသပေးလေသည်။
ဤသို့ ဆေးကုသပေးနေစဉ်၌ ရှောင်ချွန်းသည် ပိုလို့ပင် စိတ်ပူပန်လာရတော့၏။ လီချန်၏ မျက်နှာတွင် မေးစေ့တစ်နေရာတည်း၌သာ ဒဏ်ရာအညိုအမည်း ရှိသော်လည်း ခန္ဓာကိုယ်ကတော့ မတူချေ။ နေရာအနှံ့၌ ဖူးရောင်နေသော အညိုအမည်း ဒဏ်ရာများကိုသာ မြင်တွေ့နေရလေသည်။
တတိယမင်းသားသည် ပုံမှန်အားဖြင့် ပဉ္စမမင်းသားကို အချစ်ဆုံးဖြစ်သည်။ ယနေ့တွင်တော့ နေသည် အနောက်ဘက်က ထွက်နေသယောင်ပင်။ အဘယ်ကြောင့် ဤမျှ ပြင်းထန်သော လက်ချက်ဖြင့် ထိုးကြိတ်ရသနည်း။
ရှောင်ချွန်းသည် စိတ်လွတ်သွားပြီး ဆေးလိမ်းပေးသော လက်ထဲတွင် အားသည် ပိုသွားခဲ့လေသည်။ လီချန်သည် နာကျင်လွန်းသဖြင့် အံကြိတ်ကာ မျက်နှာမဲ့လိုက်ပြီး ခြေထောက်ကို ဆန့်တန်းကာ ရှောင်ချွန်းကို မြေပြင်ပေါ်သို့ လှဲချလိုက်လေသည်။ "မင်းက သိပ်ကို မိုက်မဲလှချည်လား။ ဒီလောက်တောင် လက်ဖိပြီး ထိုးတာ။ သခင်ကို ရည်ရွယ်ချက်ရှိရှိနဲ့ ဒုက္ခပေးချင်နေတာလား"
ရှောင်ချွန်းသည် ဝမ်းဗိုက်ကို အကန်ခံလိုက်ရသဖြင့် နာကျင်မှုကြောင့် နဖူးပေါ်တွင် ချွေးစေးများပင် ထွက်လာသော်လည်း နာကျင်မှုကို မအော်ဟစ်ရဲချေ။ မြေပြင်ပေါ်တွင် ဒူးထောက်ကာ ခေါင်းငုံ့တောင်းပန်လိုက်လေသည်။ "ကျွန်တော်မျိုး မတော်တဆ ဖြစ်သွားတာပါ။ အရှင်မင်းသား အသက်ချမ်းသာပေးပါ"
လီချန်သည် ရှောင်ချွန်း၏ တုန်ယင်နေသော မျက်နှာကို မျက်လုံးသေးသေးဖြင့် စိုက်ကြည့်လိုက်ပြီး ရက်စက်ကြမ်းတမ်းစွာဖြင့် အမိန့်ပေးလိုက်သည်။ "ဟိုဘက်ကို လာပြီး ဆက်ပြီး ဆေးလိမ်းပေး"
တစ်ကိုယ်လုံး ဆေးကုသပြီးနောက်တွင် လီချန်က ရှောင်ချွန်းကို အဝတ်အစားများ ချွတ်ခိုင်းပြန်သည်။ ရှောင်ချွန်းသည် တုန်တုန်ယင်ယင်ဖြင့် အဝတ်အစားများကို ချွတ်လိုက်ရတော့၏။ နာရီဝက်ကြာပြီးနောက်တွင် ရှောင်ချွန်းသည် တုန်ယင်နေသော ခြေထောက်နှစ်ဖက်ဖြင့် မိမိ၏ အခန်းဆီသို့ မနည်း ပြန်လာနိုင်ခဲ့လေသည်။ ထို့နောက်တွင်တော့ သေတ္တာထဲမှ ထိခိုက်ဒဏ်ရာ ဆေးဘူးတစ်ဘူးကို စမ်းတဝါးဝါးဖြင့် ရှာဖွေယူကာ မျက်ရည်များသုတ်ရင်း မိမိကိုယ်ကို ဆေးလိမ်းပေးရတော့၏။
လက်မောင်းသည် ပြောစရာပင် မလိုတော့ဘဲ ကိုက်ဖြတ်ခြင်း ခံထားရသည့်အပြင် တစ်ကိုယ်လုံးတွင်လည်း ကောင်းမွန်သော အရေပြားနေရာ မရှိတော့ဘဲ ကိုက်ရာများ၊ ဆွဲဆိတ်ခံထားရသော ဒဏ်ရာများနှင့် ပြည့်နေသည်။ ခြေထောက်တွင်လည်း အသားတစ်ပိုင်းကို အကိုက်ခံထားရလေသည်။
နောက်တစ်နေ့တွင် လီချန်က ဖျားနာသည်ဟု အကြောင်းပြကာ စာသင်ဆောင်သို့ မသွားတော့ချေ။
စိတ်ထဲ၌ စိုးရိမ်ပူပန်နေသော စူးဖေးကိုယ်တိုင် လာရောက်ကာ သားတော်ကို ကြည့်ရှုလေသည်။ "အာချန်... မနေ့ညက မင်း အကောင်းကြီး ရှိသေးတာပဲလေ။ တစ်ညတည်းနဲ့ ဘယ်လိုလုပ် ဖျားသွားရတာလဲ။ ပြီးတော့ ဘာလို့ တော်ဝင်သမားတော်ကို မခေါ်ရတာလဲ"
စူးဖေးသည် ပါးစပ်ဖွင့်ကာ တော်ဝင်သမားတော်ကို ခေါ်မည်အပြု၌ လီချန်က တားမြစ်လိုက်သည်။ "မူဖေး... တော်ဝင်သမားတော်ကို ခေါ်စရာမလိုပါဘူး။ ကျွန်တော် ဆေးလိမ်းထားပြီးပါပြီ။ နားလိုက်ရင် ရက်အနည်းငယ်အတွင်းမှာ ကောင်းသွားပါလိမ့်မယ်"
ဆေးလိမ်းထားတာလား။
စူးဖေးသည် မျက်ခုံးများ ထိခိုက်မတတ် တွန့်ကွေးသွားပြီး လီချန်၏ စောင်ကို ဆွဲလှန်ကာ အင်္ကျီရင်ဘတ်ကို ဆွဲဖွင့်ကြည့်လိုက်ရာ မျက်နှာသည် ရုတ်တရက် ပြောင်းလဲသွားတော့သည်။ "ဘယ်သူက မင်းကို ဒီလို ဒဏ်ရာတွေ ရအောင် လုပ်လိုက်တာလဲ"
လီချန်သည် အစကတည်းက ဖုံးကွယ်ထားရန် ရည်ရွယ်ခြင်း မရှိဘဲ အကြောင်းပြချက်ပင် မရှိဘဲ အထိုးခံလိုက်ရသည့်အတွက် ရင်ထဲတွင် မချိအောင် နာကျင်နေခဲ့လေသည်။
"စန်းကောပါ" လီချန်သည် မျက်လုံးများ နီရဲလာကာ ပြောလိုက်သည်။ "မနေ့ညက စန်းကောက ကျွန်တော့်ရဲ့ အိပ်ဆောင်မှာ လာအိပ်မယ်လို့ ပြောတယ်။ ဒါပေမဲ့ ရောက်လာတော့ ကျွန်တော့်ကို သိုင်းလေ့ကျင့်ရေးခန်းမထဲ ဆွဲခေါ်သွားပြီး အားရပါးရ ထိုးကြိတ်ပစ်လိုက်တယ်။ ကျွန်တော် ဘယ်လိုပဲ အသနားခံပေမဲ့ သူ ဂရုမစိုက်ဘူး။ ထိုးကြိတ်ပြီးတဲ့အခါ ဘာမှ မပြောဘဲ ထွက်သွားတယ်"
"မူဖေး... စန်းကောက ဘာဖြစ်နေတာလဲ"
စူးဖေးသည် မျက်နှာထား တင်းမာသွားခဲ့တော့သည်။
မနေ့ညက လုမင်ယွိ စောစောစီးစီး ထွက်သွားသည့်အခါ သူမ သတိထားမိခဲ့သည်။ ယခု လီချန်၏ စကားများကို ကြားရသည့်အခါ ဘာတွေ ဖြစ်ပျက်ခဲ့သည်ကို ရှင်းရှင်းလင်းလင်း သိလိုက်ရတော့၏။
လီဟောက်သည် သီးသန့်သွားရောက်ကာ လုမင်ယွိနှင့် တွေ့ဆုံခဲ့ရမည်။ မည်သည့်စကားများကို ပြောလိုက်သည်မသိ။ ညီအစ်ကို နှစ်ဦးကြားတွင် စိတ်ဝမ်းကွဲကာ ဆက်ဆံရေး ပျက်ပြားသွားစေတော့သည်။
လီချန်သည် အတော်ကြာအောင် စောင့်ဆိုင်းနေသော်လည်း မိခင်ဖြစ်သူ၏ နှစ်သိမ့်စကားကို မကြားရသဖြင့် စိတ်ထဲတွင် ပိုလို့ပင် နာကျင်လာတော့သည်။ "မူဖေး ဘာလို့ စကားမပြောတာလဲ။ ကျွန်တော် ဘာအမှား လုပ်မိလို့ စန်းကောက ဒီလိုလုပ်ရတာလဲ"
စူးဖေး၏ မျက်နှာသည် အလွန်ပင် ဆိုးရွားနေပြီး သွားများကို ကိုက်ကာ လီချန်ကို ပြောလိုက်သည်။ "မင်းရဲ့ စန်းကောက မင်းကို ရိုက်နှက်ခဲ့တဲ့ကိစ္စကို ဘယ်သူ့ကိုမှ မပြောပြနဲ့"
လီချန်သည် မျက်နှာပူစွာဖြင့် နေလိုက်ရတော့သည်။
သူ အကြောင်းမရှိ အထိုးခံရတာကို ဘာမှ မလုပ်ဘဲ ငြိမ်ခံနေရမှာလား။
လီချန်သည် အစ်ကိုဖြစ်သူကို ဒေါသထွက်စေချင်ခဲ့သည်။ စူးဖေး၏ ဤကဲ့သို့သော တုံ့ပြန်မှုကြောင့် အကြီးအကျယ် စိတ်ပျက်အားငယ်ကာ ဝမ်းနည်းလာပြီး အဆီများဖြင့် ပြည့်နေသော မျက်လုံးသေးသေးများထဲမှ မကျေနပ်မှုနှင့် ဒေါသ မီးတောက်များ ထွက်ပေါ်လာတော့သည်။ "မူဖေးရဲ့ စိတ်ထဲမှာ စန်းကောကပဲ အရာရာ ကောင်းနေတာလား။ ကျွန်တော်ကတော့ ဘာမှ တန်ဖိုးမရှိဘူးလား"
သူ အသက် ၁၃ နှစ် ပြည့်ပြီ။ မသိနားမလည်သော ကလေးမဟုတ်တော့ချေ။ သို့သော် အစ်ကိုဖြစ်သူက သူ့ကို လုံးဝ ဂရုမစိုက်ဘဲ ဆူချင်လည်း ဆူ၊ ရိုက်ချင်လည်း ရိုက်၊ ရှင်းပြခြင်း တစ်စက်ကလေးမျှပင် မရှိချေ။ မိခင်ဖြစ်သူကလည်း ထိုအတိုင်းပင်။
စူးဖေးသည် သူ၏ ဒေါသကို လုံးဝ ဂရုမစိုက်ဘဲ မျက်နှာကို တင်းမာစွာဖြင့် ဆက်လက် ဆူပူလေသည်။ "ဘာ အဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ။ ငါက မင်းတို့ ညီအစ်ကိုနှစ်ယောက်ကိုပဲ မွေးထားတာ။ မင်းတို့ ညီအစ်ကိုတွေက တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ကူညီဖေးမရမယ်။ ငါ ဘယ်တုန်းက မင်းကို တန်ဖိုးမရှိဘူးလို့ ပြောခဲ့ဖူးလို့လဲ"
"မင်းရဲ့ အစ်ကိုကြီးက မကြာသေးခင်က စိတ်အခြေအနေ မကောင်းဖြစ်နေတာ။ သူက မင်းကို ရိုက်နှက်ပြီး ဒေါသထွက်ပေါက်ခဲ့တာကို မင်းက စိတ်ထဲမှာ ဆက်ပြီး မှတ်ထားနေတယ်။ အရင်က သူ မင်းအပေါ် ဘယ်လောက် ကောင်းခဲ့တာကို မင်း မေ့သွားပြီလား"
"ဒီကိစ္စကို ဆက်မပြောနဲ့တော့။ နောက်တစ်ကြိမ် သူ့ကို တွေ့ရင် မင်း ရိုရိုသေသေနဲ့ တောင်းပန်လိုက်။ သူနဲ့ ဆန့်ကျင်ဘက် စကားတွေ မပြောရဘူး။ ကြားလား"
လီချန်သည် မျက်နှာပူစွာဖြင့် နေလိုက်ရတော့သည်။
သူ အထိုးခံရတာကိုတောင် ပြန်ပြီး တောင်းပန်ရမယ်ပေါ့လေ။
လီချန်သည် မျက်လုံးများ နီရဲလာကာ ဒေါသတကြီး အော်လိုက်သည်။ "မူဖေးက အရမ်းကို ဘက်လိုက်လွန်းပါတယ်"
စူးဖေးသည် စိတ်ရှုပ်ထွေးနေသဖြင့် လီချန်၏ မကျေနပ်မှုကို ဂရုစိုက်ဖို့ အချိန်မရှိတော့ချေ။
ဘက်လိုက်တာလား။ ဒီကိစ္စမှာ ဘက်လိုက်တာတော့ ဟုတ်တယ်။ ဒါပေမဲ့ ဘက်လိုက်တာက သားအကြီးကို မဟုတ်ဘူး။ ရှေ့မှာရှိတဲ့ ဒီ သားဆိုးကို ဘက်လိုက်တာ။ ယခင်ဘဝမှာ မပြောသင့်တဲ့ ရိုင်းစိုင်းတဲ့ ကိစ္စတွေကို လုပ်ခဲ့တာကို လီဟောက်က သူ့ကို ဒီလို တစ်ချက်ပဲ ရိုက်နှက်ပြီး ဒေါသထွက်ခဲ့တာက လီချန်အတွက်တော့ အရမ်းကို ကံကောင်းနေပြီ။
သို့သော် ဤကဲ့သို့သော စကားမျိုးကို သူမ ရှင်းပြလို့ မရချေ။
စူးဖေးသည် လက်ကို ဆန့်တန်းကာ လီချန်၏ ဦးခေါင်းနောက်စေ့ကို အားရပါးရ ရိုက်လိုက်ပြီး အသံမာမာဖြင့် ပြောလိုက်လေသည်။ "ငါ ပြောတာတွေကို မင်း မှတ်ထားလား မမှတ်ထားဘူးလား"
လီချန်သည် ရုတ်တရက် ရိုက်ခံရသဖြင့် ကုတင်ပေါ်မှ ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။ ပိုဆိုးသည်မှာ လီချန်သည် အပြင်လူများ မြင်သကဲ့သို့ ရိုးသားသော စိတ်ထား မရှိသူ ဖြစ်သည်။
လီချန်သည် ရုတ်တရက် အော်ဟစ်လိုက်လေသည်။ "အစ်ကိုကြီးကိုသာ မူဖေးရဲ့ မျက်လုံးထဲမှာ မြင်တယ်။ ကျွန်တော်ဆိုတဲ့ သားကိုတော့ ဘယ်မှာမှ မမြင်ဘူး"
"ထွက်သွား... အခုချက်ချင်း ထွက်သွား။ မူဖေးလို မိခင်မျိုး ကျွန်တော့်မှာ မရှိဘူး"
စူးဖေးသည် လီချန်၏ မျက်လုံးထဲရှိ ဒေါသအလင်းရောင်ကြောင့် ထိတ်လန့်သွားပြီး ပြင်းထန်စွာ ခုန်နေသော ရင်ဘတ်ကို ဖိကိုင်လိုက်သည်။ ဆူပူကြိမ်းမောင်းလိုသော်လည်း မည်သည့်စကားလုံးကို ပြောရမည်မသိဘဲ အသက်ရှူရ ခက်ခဲလာပြီး မျက်လုံးများ လှန်ကာ မေ့လဲသွားတော့သည်။
လီချန်သည် မျက်နှာပူစွာဖြင့် နေလိုက်ရတော့သည်။
...
စူးဖေး မေ့လဲသွားသောအခါ လီချန်သည် မကျေနပ်မှုနှင့် ဒေါသများ မည်မျှပင် ရှိပါစေ အေးခဲသွားတော့သည်။
သူသည် ရှုပ်ထွေးနေသော စိတ်ဖြင့် စူးဖေးကို ကုတင်ပေါ်သို့ တွဲခေါ်သွားပြီး အနားယူခိုင်းရတော့သည်။ ထို့နောက် အံကြိတ်ကာ အစ်ကိုဖြစ်သူကို သတင်းပို့ရန် လူလွှတ်လိုက်ရတော့၏။ ရှေ့နန်းဆောင်မှ အနောက်နန်းဆောင်သို့ ဝေးလွန်းသည် မဟုတ်သဖြင့် နှစ်ချောင်းသော အမွှေးတိုင် မကုန်မီမှာပင် မျက်နှာတင်းမာနေသော လီဟောက် ရောက်ရှိလာခဲ့လေသည်။
လီချန်သည် ရင်ထဲ၌ မကျေမနပ်ဖြစ်နေသော်လည်း လီဟောက်၏ အေးစက်နေသော မျက်လုံးများကို စိုက်ကြည့်လိုက်သည့်အခါ အဘယ်ကြောင့် မသိ၊ ဒေါသသည် တစ်ဝက်နီးပါး လျော့ပါးသွားသည်။ သူသည် လီဟောက်နှင့် မျက်လုံးချင်း ဆုံရန်ပင် သတ္တိမရှိတော့ဘဲ လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "မူဖေး ကျွန်တော့်ကို လာကြည့်တယ်။ စကား နည်းနည်းပါးပါး ပြောမိတာကိုပဲ မူဖေးက စိတ်ဆိုးပြီး မေ့လဲသွားတယ်"
လီချန်သည် စိတ်ရှုပ်ထွေးမှုများကြောင့် ဘာမှ မသိတော့ချေ။
လီဟောက်ကတော့ ဘာတွေ ဖြစ်ပျက်ခဲ့သည်ကို ရှင်းရှင်းလင်းလင်း သိလိုက်၏။
သူက ပေါ့ပေါ့ပါးပါး ပြောလိုက်လေသည်။ "တော်ဝင်သမားတော်ကို ခေါ်စရာမလိုဘူး"
တော်ဝင်သမားတော်ကို ခေါ်လိုက်ပါက နန်းတော်တစ်ခုလုံး သိရှိသွားလိမ့်မည်။ မိခင်နှင့် သားသမီး သုံးဦးကြားတွင် မည်မျှပင် ပဋိပက္ခများ ရှိနေပါစေ အပြင်လူကို သိစေလို့ မဖြစ်ချေ။
လီချန်သည် ညည်းတွားသံဖြင့် ပြန်ဖြေလိုက်၏။
လီဟောက်သည် လီချန်၏ ဒဏ်ရာကို တစ်ချက်မျှပင် မေးမြန်းခြင်း မရှိဘဲ ကုတင်နားသို့ သွားရောက်ကာ စူးဖေး၏ လည်ချောင်းဘေးနေရာကို ဖိနှိပ်လိုက်သည်။ စူးဖေးသည် ဒေါသကြောင့် အသက်ရှူကျပ်ကာ မေ့လဲသွားခြင်းဖြစ်ပြီး အားပြင်းစွာ ဖိနှိပ်လိုက်သောအခါ သတိပြန်လည် ရလာခဲ့သည်။
မျက်လုံးဖွင့်လိုက်သည်နှင့် လီဟောက်၏ အေးစက်နေသော မျက်လုံးများကို မြင်လိုက်ရသောအခါ စူးဖေးသည် ချက်ချင်း မျက်လုံးများ နီရဲလာကာ မျက်ရည်များ စီးကျလာလေတော့သည်။
စူးဖေးသည် လီဟောက်၏ လက်ကို တင်းတင်းဆုပ်ကိုင်လိုက်ပြီး တောင်းပန်သော လေသံဖြင့် ပြောလိုက်သည်။ "အားဟောက်... အာချန်က ငယ်သေးတယ်။ သူ ဘာမှ မသိဘူး။ ဘာမှ မတတ်ဘူး"
"မင်း ဒေါသထွက်ရင် သူ့ကို ထပ်ပြီး ရိုက်နှက်လိုက်ပါ။ ဒါပေမဲ့ သူ့ကို စိတ်မဆိုးပါနဲ့။ သူ့ကို စိတ်ထဲက ထုတ်ပစ်ပြီး ပစ်မထားခဲ့ပါနဲ့"
"အားဟောက်... သူက မင်းရဲ့ ညီအရင်းပဲလေ။ မင်းမှာ ဒီတစ်ယောက်တည်းသော ညီအစ်ကိုပဲ ရှိတယ်။ မင်း သူ့ကို ပစ်မထားသင့်ဘူး"
လီချန်တစ်ယောက် မျက်နှာပူစွာဖြင့် နေလိုက်ရတော့သည်။
...
အပိုင်း (၃၁၅) ကျောခိုင်းခြင်း (၁)
သူက ဘာမှ မလုပ်ရဘဲ ဆိုးဆိုးဝါးဝါး အရိုက်ခံလိုက်ရသည်။ မိခင်အရင်းကလည်း သူ့အတွက် အားပေးစကား မပြောသည့်အပြင် အစ်ကိုတော်ကို ဒေါသ မထွက်ရန်သာ တောင်းပန်နေသည်။
ဒီလောကကြီးက ဘာတွေ ဖြစ်နေတာလဲ။
သူ နားကြားမှားတာလား။ ဒါမှမဟုတ် သူ့အမေကပဲ ရူးသွပ်သွားတာလား။
လီချန်သည် မျက်လုံးအစုံကို ရုတ်တရက် ဖွင့်လိုက်ပြီး ရှေ့သို့ ပြေးသွားကာ အခြေအနေကို ရှင်းလင်းစွာ မေးမြန်းလိုသည့် ဆန္ဒများ ပြင်းပြနေတော့သည်။
ကံမကောင်းစွာဖြင့် မူဖေးဖြစ်သူ စူးဖေး၏ အာရုံစိုက်မှုအားလုံးက သားတော်ကြီးပေါ်တွင်သာ ရှိနေပြီး လီချန်ကို ထည့်တွက်မထားချေ။ အစ်ကိုတော် လီဟောက်ကလည်း သူ့ကို တစ်ချက်ပင် ကြည့်မသွား။
သူသည် ဘဝတွင် အမုန်းဆုံးဖြစ်သည့် ပစ်ပယ်ခြင်းနှင့် လျစ်လျူရှုခံရခြင်း အခြေအနေသို့ ရောက်ရှိသွားပြန်လေသည်။
"မူဖေး၊ ဘာမှ ထပ်မပြောပါနဲ့တော့” လီဟောက်၏ အသံတွင် အတင်းအကြပ် ထိန်းချုပ်ထားသော ဒေါသများ ပါဝင်နေ၏။ "ကျွန်တော် သူ့ကို ဘယ်တော့မှ နစ်နာအောင် ထားခဲ့တာမရှိဘူး။ နေရာတိုင်းမှာ ဂရုစိုက်ခဲ့တယ်။ ဒါပေမဲ့ ဒီလို သားရဲလို အသိတရားကင်းမဲ့တဲ့ ကျေးစွပ်ကြီးကို မွေးမြူမိလိမ့်မယ်လို့ ဘယ်သူ သိခဲ့ပါ့မလဲ။ ကျွန်တော် သူ့ကို သေအောင် မရိုက်မိတာကပဲ တော်သေးတယ်"
စူးဖေးသည် မျက်လုံးများ နီရဲကာ ရှိုက်ကြီးတငင် ငိုကြွေးနေသည်။ "သူက ခဏတာ စိတ်မှားသွားတာပါ။ ဒါပေမဲ့ အမှားကတော့ မဖြစ်မြောက်ခဲ့ဘူး။ နောက်ပြီး သူ အမြဲတမ်း နောင်တရနေခဲ့တယ်။ မင်း... မင်းပဲ သည်းခံပြီး သူ့ကို စိတ်မဆိုးပါနဲ့တော့"
လီဟောက်သည် ခနဲ့တဲ့တဲ့ ပြုံးရယ်လိုက်လေသည်။ "ဘယ်လိုလုပ် ဒီလောက်ထိ သည်းခံနိုင်မှာလဲ ကျွန်တော် မသိဘူး!"
သူချစ်ရတဲ့ ဇနီးကို တခြားသူတစ်ယောက်က လက်ထပ်ယူလိုက်ပြီ။ သူ့သားလေးက ဘယ်တော့မှ မွေးဖွားလာခွင့် ရတော့မည် မဟုတ်။
ဒီအရာအားလုံးက ရှေ့မှောက်တွင်ရှိသော စူးဖေးနှင့် လီချန်ကြောင့်ပင်။
သူသည် ဇနီးနှင့်သား၊ တိုင်းပြည်ကို အပ်နှင်းခဲ့သည်။ သို့သော်လည်း လုမင်ယွိတို့ သားအမိကို သူတို့သည် မည်သို့များ ဆက်ဆံခဲ့ကြပါသနည်း။ သူ အနက်ရှိုင်းဆုံးအထိပင် မတွေးဝံ့တော့ချေ။ နည်းနည်းလေး တွေးလိုက်ရုံနဲ့နှင့်ကို ဓားဆွဲပြီး လူသတ်ချင်စိတ်များ ပေါ်လာတော့သည်။
"အားဟောက်၊ မင်း စိတ်မဆိုးပါနဲ့တော့။ ငါ သူ့ကိုယ်စား မင်းကို တောင်းပန်ပါတယ်။ မင်း သူ့ကို လုံးဝ မမုန်းပါနဲ့"
လီဟောက်၏ မျက်လုံးများ နီရဲလာပြီး စူးဖေးကို ကြည့်ကာ အံကိုခဲထားလိုက်ပြီး ပြောလိုက်၏။ "မူဖေးက ကျွန်တော့် မိခင်အရင်း၊ သူက ကျွန်တော့် ညီအရင်း။ သူတို့ကို လောကမှာ အရေးအကြီးဆုံး ဆွေမျိုးတွေလို့ ကျွန်တော် သတ်မှတ်ခဲ့တယ်။ ဘယ်သူကမှ သူတို့လောက် အရေးမကြီးခဲ့ဘူး"
"သူတို့က ကျွန်တော့်ကို ဘယ်လို လုပ်ခဲ့လဲ"
"နည်းနည်းလေးတောင် အသိစိတ်ရှိရင် ဒီလိုမျိုး ကျွန်တော့်ကို မလုပ်သင့်ဘူး!"
စူးဖေး “...”
စူးဖေးသည် အသက်ရှူရခက်လောက်အောင် ငိုကြွေးနေပြီး လီဟောက်၏ အင်္ကျီလက်ကို တင်းတင်းဆုပ်ကိုင်ထားပြီး မလွှတ်တော့ချေ။
လီဟောက်မှာတော့ ထပ်ပြီး တွယ်ကပ်နေဖို့ရန် စိတ်ရှည်သည်းခံမှု မရှိတော့ဘဲ အင်္ကျီလက်ကို အားကုန် ဆွဲထုတ်လိုက်ပြီး ထရပ်လိုက်တော့သည်။ သူ့အသံသည် တိုးဖျော့နေသော်လည်း ခက်ထန်ပြတ်သားလို့နေသည်။ "နောက်တစ်လခွဲဆိုရင် ဖုဟွမ်နဲ့အတူ စစ်ထွက်ရတော့မယ်။ မင်းတို့ နန်းတော်ထဲမှာ ကိုယ့်ဘာသာ ဂရုစိုက်ကြ"
ပြောပြီးသည်နှင့် လှည့်ထွက်သွားလေတော့သည်။
လီချန်မှာ ရူးမတတ်ပင်။
မူဖေးနှင့် အစ်ကိုတော် ပြောသွားသည်များကို သူ တစ်လုံးမှ နားမလည်လိုက်။
သူသည် ခြေဗလာနှင့် ကုတင်ပေါ်မှ ပြေးဆင်းလာပြီး လီဟောက်နောက်ကို လိုက်သွားကာ လျှင်မြန်စွာ အသက်ရှူရင်း တောင်းဆိုလိုက်လေသည်။ "စန်းကော၊ ခဏရပ်ပါဦး။ ဒီနေ့ စကားကို ရှင်းအောင်ပြောပြီးမှ သွား။ ကျွန်တော် ဘာလုပ်ခဲ့လို့လဲ။ ဘာလို့ ကျွန်တော့်ကို မျက်ဖြူဝံပုလွေလို့ ပြောနေရတာလဲ။ ကျွန်တော် တကယ် ဘာ အမှားလုပ်ခဲ့လဲ"
လီဟောက်သည် မျက်လုံးနီရဲနေသော လီချန်ကို အေးစက်စွာ ကြည့်ကာ တစ်လုံးချင်းစီ ခပ်ပြတ်ပြတ် ပြောလိုက်သည်။ "ဒီနေ့ကစပြီး ငါ မင်းကို ညီအဖြစ် မသတ်မှတ်တော့ဘူး။ ဖယ်စမ်း!"
သူ၏ မျက်လုံးထဲမှ လူသတ်လိုသည့် အရိပ်အယောင်ကလည်း အမှန်တကယ်ပင်။
လီချန်၏ ရင်ထဲတွင် ကြောက်ရွံ့မှုများ အေးစက်စွာ တိုးဝင်လာလေသည်။
အစ်ကိုတော်သည် ဟာသပြောနေခြင်း မဟုတ်။ သူ့ကို တကယ် သတ်ချင်နေခြင်းပင်။
လီချန်က အလိုအလျောက်ပင် နှစ်လှမ်းခန့် နောက်ဆုတ်သွားသည်တွင် လီဟောက်သည် နှုတ်ခမ်းကို တင်းတင်းစေ့ကာ လီချန်ဘေးမှနေ၍ ခေါင်းတစ်ချက်ပင် လှည့်မကြည့်ဘဲ ထွက်ခွာသွားလေတော့သည်။
လီချန်သည် ရပ်နေရာ၌ ခဏလောက် ဆွံ့အစွာ ရပ်နေပြီးနောက် ကျဉ်းမြောင်းသော ကုတင်နားသို့ ပြေးသွားကာ ငိုကြွေးနေသော စူးဖေး၏ ပခုံးနှစ်ဖက်ကို ဆွဲကိုင်ကာ အားဖြင့် လှုပ်ယမ်းလိုက်သည်။ "မူဖေး၊ ပြောပြပါဦး။ ဘာတွေ ဖြစ်ခဲ့တာလဲ။ စန်းကော ဘာလို့ ဒီလောက် စိတ်ဆိုးနေရတာလဲ။ ကျွန်တော် ဘာလုပ်မိလို့လဲ"
စူးဖေးမှာလည်း မူးမေ့လုနီးပါးပင်။
စူးဖေးသည် ငိုယိုနေရင်း လီချန်ကို ပါးတစ်ချက် ရိုက်ချလိုက်၏။ "မင်း ဘာလို့ မေးရဲတာလဲ။ ဘယ်သူ သိမလဲ။ မင်းကပဲ အဲဒီလို မိုက်မဲတဲ့ အရာတွေကို လုပ်ခဲ့တာ!"
ဒီပါးရိုက်ချက်က အားအပြည့်ပါပြီး လီချန်၏ မျက်နှာတွင် ပန်းရောင် လက်ငါးချောင်း အရာများ ထင်ကျန်ရစ်ခဲ့သည်။
လီချန်မှာ ရူးတော့မတတ် ဖြစ်သွားလေသည်။ "ဘာလို့ ကျွန်တော့်ကို ရိုက်တာလဲ။ ကျွန်တော် ဘာလုပ်ခဲ့လို့လဲ။ ကျွန်တော် နေ့တိုင်း စာသင်ဆောင်မှာ စာဖတ်နေတာ။ နန်းတော်ထဲကတောင် ခြေတစ်လှမ်း မခွာခဲ့ဘူး။ လွန်ခဲ့တဲ့ နှစ်ရက်ကတောင် အစ်ကိုတော်နဲ့ ရယ်မောပြောဆိုနေသေးတာ။ ဘယ်လိုလုပ် ချက်ချင်းကြီး ဆိုးယုတ်တဲ့ အပြစ်သား ဖြစ်သွားရတာလဲ!"
စူးဖေးသည် မပြောသင့်သည့် စကားကို ပြောမိတော့မလို ဖြစ်သွားသော်လည်း အချိန်မီ သတိဝင်လာခဲ့သည်။
သူမသည် မျက်ရည်များကို လက်ဖြင့် သုတ်လိုက်ပြီး မုန်းတီးစွာဖြင့် ပြောလိုက်လေသည်။ "မင်း မမေးပါနဲ့တော့။ အတိုချုပ်ပြောရရင် ဒီနေ့ကစပြီး မင်း အိပ်ဆောင်ထဲမှာပဲ နေတော့။ မင်း အစ်ကိုတော် မြို့တော်က ထွက်ခွာသွားမှ အိပ်ဆောင်ထဲက ထွက်လာ"
လီဟောက်က စိတ်မထိန်းနိုင်ဘဲ သူ့ကို ထပ်ပြီး ကိုယ်ထိလက်ရောက် မလုပ်မိစေရန်ပင်။
လုမင်ယွိကလည်း အတိတ်က နာကြည်းမှုများ ပြန်လည်သတိရပြီး သူ့ကို သတ်မိမည်ကိုလည်း စိုးရိမ်ရသေးသည်။
လီချန်သည် ထပ်မံမေးမြန်းရန် ကြိုးစားသော်လည်း စူးဖေးမှာ ထရပ်ပြီး ထွက်ခွာသွားခဲ့လေသည်။ လီချန်တစ်ယောက်တည်းကိုသာ "လူတိုင်း သိပြီး၊ ကိုယ်တစ်ယောက်တည်း မသိရ"သည့် ခံစားချက်ဖြင့် နေရာတွင် ကျန်ရစ်စေခဲ့သည်။
...
လီချန်သည် အမြဲတမ်း ပျင်းရိပြီး စာမဖတ်ချင်သည့် အကျင့်ရှိခဲ့ပြီး ဖျားယောင်နေသည်ဟု ပြောသည်မှာလည်း အစဥ်အလာဖြစ်သည်။ ချောင်မိဖုရားခေါင် သိသောအခါ လီချန်ကို စစ်ဆေးရန် တော်ဝင်သမားတော်တစ်ဦးကို စေလွှတ်လိုက်လေသည်။
တော်ဝင်သမားတော်သည် တုန်လှုပ်ချောက်ချားစွာဖြင့် လာရောက် လျှောက်တင်လေ၏။ "ပဉ္စမမင်းသား အရှင်မင်းသားက နည်းနည်းလေး ဖျားနာပြီး ဆေးသောက်ကာ အနားယူလိုက်ရင် သက်သာသွားပါလိမ့်မယ်"
ချောင်မိဖုရားခေါင်သည် သံသယ မဖြစ်ဘဲ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ "မင်း နေ့တိုင်း ပဉ္စမမင်းသားရဲ့ သွေးခုန်နှုန်းကို သွားရောက် စမ်းသပ်ပေးပါ"
တော်ဝင်သမားတော်သည် တလေးတစားဖြင့် လက်ခံပြီးနောက် ကျောင်းဖန်နန်းဆောင်မှ ထွက်ခွာသွားစဉ် နဖူးမှ ချွေးများကို လက်ဖြင့် သုတ်လိုက်မိတော့သည်။
တော်ဝင်သမားတော်တစ်ဦးအနေဖြင့် နန်းတော်တွင် အေးချမ်းစွာ အသက်ရှင်နေလိုပါက မသိချင်ယောင်ဆောင်ပြီး မျက်ကန်းဖြစ်ရန် သင်ယူတတ်ရမည်။
ဥပမာအားဖြင့် ဒီနေ့ သူသည် ပဉ္စမမင်းသား၏ သွေးခုန်နှုန်းကို စစ်ဆေးသောအခါ ပဉ္စမမင်းသား၏ တစ်ကိုယ်လုံးတွင် ကြောက်မက်ဖွယ်ရာ ဒဏ်ရာများ ရှိနေသည်ကို မြင်ခဲ့ရသော်လည်း ဘာမှ မမေးရဲခဲ့ချေ။ ပဉ္စမမင်းသား ပြောသည့်အတိုင်းသာ လိုက်နာခဲ့ရသည်။ စကားများခြင်းကို ရှောင်ကြဉ်ခြင်းက ပိုကောင်းပေသည်။
လုမင်ယွိသည် ကလေးနှစ်ယောက်နှင့်အတူ ကျောင်းဖန်နန်းဆောင်သို့ ဂါရဝပြုရန် လာသောအခါ ချောင်မိဖုရားခေါင်က လီချန် ဖျားနာပြီး အနားယူနေရကြောင်း ပြောပြလိုက်သည်။
လုမင်ယွိကတော့ ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်၏။ "ဝူတိ ကျန်းမာရေး မကောင်းဘူးဆိုရင် ကောင်းကောင်း အနားယူသင့်တယ်။ ကျန်းမာရေး ကောင်းသွားမှ စာသင်ဆောင်မှာ စာဆက်ဖတ်တာ ပိုကောင်းတယ်"
သူမ၏ ရင်ထဲတွင်တော့ ခနဲ့တဲ့တဲ့ ရယ်မောနေမိသည်။
လီချန်ကို တစ်ချက် ရိုက်နှက်ခြင်းကပင် လီဟောက်သည် ယခင်ဘဝမှ ဇနီးနှင့်သားအတွက် "အသိစိတ်" ရှိကြောင်း ပြသနေသည်။ လီဟောက်အကြောင်းကို သိသော သူမအနေဖြင့် လီဟောက်သည် အမှန်တရားကို လီချန်ကို လုံးဝ ပြောပြမည် မဟုတ်ကြောင်းကိုလည်း ပြောနိုင်သည်။ အကြောင်းမှာ သူသည် လီချန်ကို ကျောခိုင်းပစ်ရန် လုံးဝ စိတ်မချမ်းသာနိုင်သောကြောင့်ပင်။
တော်ပြီ။ ဒီလို စိတ်အနှောင့်အယှက် ဖြစ်စရာ ကိစ္စတွေကို မတွေးတော့ဘူး။
လုမင်ယွိသည် အလျင်အမြန် စိတ်ပြန်ဝင်လာပြီး ကလေးနှစ်ယောက်ကို ချီကာ စနောက်ကစားပေးလိုက်လေသည်။
ခဏအကြာတွင် ယိဟွားနန်းဆောင်မှ နန်းတွင်းအပျိုတော်တစ်ဦး လာရောက် သတင်းပို့လေသည်။ "ဟွမ်ဟုပ်ညန်ညန်ကို လျှောက်တင်ပါတယ်။ စူးဖေးညန်ညန် ခေါင်းမူးနေလို့ ဒီနေ့ ညန်ညန်ကို ဂါရဝပြုဖို့ မလာနိုင်ပါဘူး"
"တိုက်ဆိုင်လိုက်တာ။ သားအမိနှစ်ယောက်စလုံးက တစ်နေ့တည်း ဖျားနာနေကြတာပဲ။
ချောင်မိဖုရားခေါင်သည် အလိုအလျောက် မျက်မှောင်ကြုတ်လိုက်ပြီး ညင်သာစွာ ပြောလိုက်သည်။ "ပန်ကုံးရဲ့ အမိန့်ကို သွားပြောလိုက်။ တော်ဝင်သမားတော်ကို ယိဟွားနန်းဆောင်ကို သွားပြီး စူးဖေးအတွက် သွေးခုန်နှုန်း စမ်းသပ်ကာ ဆေးစာရေးပေးပါလို့ ပြောလိုက်"
နန်းတွင်းအပျိုတော်သည် ရိုသေစွာ အမိန့်ကို နာခံပြီး ဆုတ်ခွာသွားခဲ့သည်။
ချောင်မိဖုရားခေါင်သည် စိတ်အနှောင့်အယှက် ဖြစ်ဟန်တူပြီး လုမင်ယွိကို ပြောလိုက်၏။ "စူးဖေးတို့ သားအမိနှစ်ယောက်က ဒီနေ့ ဘာတွေ ပြဿနာ ရှာနေမှန်းမသိဘူး"
လုမင်ယွိသည် နှုတ်ခမ်းကို လှုပ်လိုက်ပြီး သူမ၏ မျက်လုံးနက်များထဲတွင် ခနဲ့တဲ့တဲ့ အကြည့်များ လျှပ်တစ်ပြက် ဖြတ်ပြေးသွားသည်။ "စိတ်ရောဒါ ဖြစ်မယ်ထင်တယ်"
ချောင်မိဖုရားခေါင်ကလည်း ထိုသားအမိကို ထပ်မံ ပြောဆိုရန် စိတ်မပါတော့ချေ။ လုမင်ယွိကို လှည့်ကာ မေးလိုက်လေသည်။ "ဒါနဲ့၊ မင်း ညကလည်း ကျန်းမာရေး မကောင်းဘူးလို့ ပြောခဲ့သေးတယ်။ ဘာလို့ ကောင်းကောင်း မနားဘဲ တော်ဝင်သမားတော်ကို ခေါ်ပြီး မစစ်ဆေးတာလဲ"
လုမင်ယွိက ပုံမှန်အတိုင်း ပြုံးကာ ပြောလိုက်သည်။ "ညက လေအေးမိလို့ နည်းနည်း ခေါင်းမူးတာ။ တစ်ညလုံး အိပ်လိုက်တော့ ဒီနေ့ မနက်မှာ ကောင်းသွားပါပြီ။ ဒါကြောင့် ရေးကြီးခွင်ကျယ်လုပ်ပြီး တော်ဝင်သမားတော်ကို ခေါ်ဖို့ မလိုပါဘူး။ မူဟုပ် အာရှီအတွက် စိတ်ပူစရာ မလိုပါဘူး"
ချောင်မိဖုရားခေါင်သည် လုမင်ယွိကို သေချာ စိုက်ကြည့်ပြီးနောက် ရယ်မောကာ ပြောလိုက်တော့သည်။ "မင်းရဲ့ အသားအရေက ပန်ကုံးထက်တောင် ပိုကောင်းနေသေးတာ။ ပန်ကုံး စိတ်ပူစရာ မလိုပါဘူးလေ"
လုမင်ယွိသည် နှုတ်ခမ်းကို စေ့ကာ ပြုံးလိုက်လေတော့သည်။
...