← Chapters

အခန်း (၃၁၆-၃၁၈)

Vol. 22 Ch. 316-318

အခန်း (၃၁၆-၃၁၈)

Vol. 22 Ch. 316-318

အပိုင်း (၃၁၆) ကျောခိုင်းခြင်း (၂)

ရက်ပေါင်းများစွာ ဆက်တိုက်ဆိုသလို လီချန်သည် လူရှေ့သို့ ထွက်မလာခဲ့ချေ။

ဝမ်းနည်းဖွယ်ကောင်းသည်မှာ မည်သူကမျှ ဒီကိစ္စကို သတိမထားမိကြခြင်းပင်။

ယခင်ကဆိုလျှင် စူးဖေးနှင့် လီဟောက်တို့က အချိန်တိုင်း ဂရုစိုက်တတ်ကြသော်ငြား ယခု လီချန် နေထိုင်မကောင်း ဖြစ်နေချိန်တွင်တော့ လီဟောက်သည် တစ်ခေါက်လေးပင် သွားရောက် ကြည့်ရှုခြင်း မရှိချေ။ စူးဖေးသည်လည်း လီချန်ဆီသို့ သွားရောက်ခြင်း မရှိခဲ့ချေ။ နန်းတော်ထဲမှ အခြားသူများ ဆိုလျှင်တော့ ပြောနေစရာပင် လိုမည် မဟုတ်တော့ချေ။

မုန့်ယွင်လော်သည် စိတ်ထဲတွင် တီးတိုးရေရွတ်နေမိပြီး ကွယ်ရာတွင် လီဟောက်ကို မေးမြန်းလိုက်လေသည်။

"ဝူတိ နေမကောင်းဖြစ်နေတာ ဒီလောက်ရက်တွေ ကြာနေပြီ။ ရှင်က ဘာလို့ ဝူတိကို သွားမကြည့်တာလဲ"

လီဟောက်သည် ယခင်က ဤညီအစ်ကိုရင်းအပေါ် မည်မျှ ချစ်ခင်ကြင်နာသည်ကို မုန့်ယွင်လော် အားလုံး မြင်တွေ့ခဲ့ရသည်ပင်။

ကိစ္စကြီးကြီးငယ်ငယ် အသေးစိတ်မကျန် တစ်ခုချင်းစီတိုင်းကို မေးမြန်းတတ်လေသည်။ ပုံမှန်အချိန်များတွင်ဆိုလျှင် လီချန် နှာချေလိုက်သည်ကအစ လီဟောက်က စိတ်ထဲတွင် စိုးရိမ်နေတတ်သည်။ ဒီတစ်ကြိမ်တွင် ဘာများ ဖြစ်သွားရသနည်း။ နေမကောင်းဖြစ်နေသည်မှာ သည်လောက် ရက်ရှည်ကြာနေပြီကို လီဟောက်က ဘာကြောင့် ထုတ်ဖော်ပင် မပြောရသနည်း။

လီချန်အကြောင်း ပြောလိုက်သည်နှင့် လီဟောက်၏ မျက်နှာထားသည် တည်သွားပြီး လေသံအေးစက်စက်ဖြင့် ပြောလိုက်လေသည်။ "စစ်တပ်က စစ်ထွက်တော့မှာဆိုတော့ လတ်တလော ညီလာခံမှာ ကိစ္စတွေ အများကြီး အလုပ်ရှုပ်နေတယ်။ ငါ အားမနေဘူး"

မုန့်ယွင်လော်သည် အနည်းငယ် ပူထွက်နေပြီဖြစ်သော ဝမ်းဗိုက်လေးကို ပွတ်သပ်ရင်း ပွစိပွစိ ပြောလိုက်လေသည်။ "ဘယ်လောက်တောင် အလုပ်များနေလို့လဲ။ ရှင် နန်းတော်ထဲ ဝင်တဲ့အချိန်ကျရင် လမ်းကြုံဝင်ကြည့်လိုက်ရုံပဲဟာ..."

"ဆက်မပြောနဲ့တော့" လီဟောက်သည် ရုတ်တရက် မုန့်ယွင်လော်၏ စကားကို ဖြတ်ပြောလိုက်သည်။ မျက်နှာထားက အုံ့မှိုင်းနေပြီး အသံကလည်း ရေခဲတမျှ အေးစက်နေလေသည်။

"မင်း ကိုယ်ဝန်ရှိနေတာ။ ကောင်းကောင်း အနားယူနေ။ နန်းတော်ထဲက ကိစ္စတွေက မင်းနဲ့ မဆိုင်ဘူး" ပြောပြီးသည်နှင့် စာကြည့်ဆောင်သို့ သွားကာ တစ်ယောက်တည်း အနားယူလိုက်လေသည်။

မုန့်ယွင်လော်သည် ဝမ်းနည်းသွားပြီး မျက်ဝန်းများ နီရဲလာတော့သည်။

အရင်တုန်းက လီဟောက်က သူမကို ယောက္ခမနဲ့ ယောက်ျားလေးဘက်က ဆွေမျိုးတွေအပေါ် အလိုက်မသိဘူးလို့ အပြစ်တင်တယ်။ အခု သူမက အလိုက်သိပေးတော့လည်း သူက မကျေနပ်ပြန်ဘူး။ ဒီလို စကားလုံးတွေနဲ့ အေးစက်စက် ဆက်ဆံတာ တကယ်ပဲ သူမရဲ့နှလုံးသားကို နာကျင်စေတာပဲ။

ကိုယ်ရံတော်အစေခံ ဝမ်ရှို့က အလျင်အမြန်ပင် အသံတိုးတိုးဖြင့် နှစ်သိမ့်လေသည်။ "ညန်ညန်က ကိုယ်ဝန်ရှိနေတာဆိုတော့ စိတ်ခံစားချက်ကို တည်ငြိမ်အောင် ထားရမယ်လေ။ ကလေးကို ထိခိုက်သွားပါဦးမယ်"

မုန့်ယွင်လော်သည် ရင်ထဲတွင် ဝမ်းနည်းစိတ်များ ပြည့်နှက်နေပြီး ရှိုက်သံဖြင့် ညည်းညူလိုက်သည်။ "အရှင်မင်းသားရဲ့ အဲဒီပုံစံကို နင်လည်း မြင်သားပဲ။ ငါ ဘယ်စကား ပြောမိလို့ မှားသွားတာလဲ။ သူက ငါ့ကို အရှက်ခွဲရုံသက်သက်လား"

ဝမ်ရှို့သည် ဆက်ပြီး နှစ်သိမ့်ရတော့သည်။ "အရှင်မင်းသားက နေ့တိုင်း အလုပ်များနေတော့ စိတ်အခြေအနေက ပုံမှန်မဟုတ်တာလည်း ဖြစ်နိုင်ပါတယ်။ ညန်ညန်က ဘာလို့ ဂရုစိုက်နေမှာလဲ။ ဒါ့အပြင် ညန်ညန် ကိုယ်ဝန်ဆောင်ထားရလို့ အရှင်မင်းသားအတွက် အိပ်ဆောင်အပျိုတော် ၂ယောက် စီစဉ်ပေးတာတောင် အရှင်မင်းသားက လုံးဝ လက်မခံခဲ့ဘူးလေ။ အရှင်မင်းသားရဲ့ စိတ်ထဲမှာ ညန်ညန် တစ်ယောက်တည်း ရှိတယ်ဆိုတာ သိသာနေတာပဲဟာ"

ဒီစကားကို ကြားလိုက်ရမှသာ နားဝင်ချိုသွားတော့သည်။

ထားလိုက်ပါတော့။ လီဟောက် ကိုယ်တိုင်တောင် ဂရုမစိုက်သည်ကို သူမက လီချန် မည်သို့ဖြစ်နေသည်ကို အဘယ်ကြောင့် သွားရောက် ဂရုစိုက်နေရပါမည်နည်း။

မုန့်ယွင်လော်သည် ခေတ္တမျှ ငိုကြွေးပြီးနောက် လက်ကိုင်ပုဝါဖြင့် မျက်ရည်များကို သုတ်လိုက်လေသည်။ မီးဖိုချောင်ကို ညစာ ပြင်ဆင်ခိုင်းလိုက်ပြီး လီဟောက်၏ စာကြည့်ဆောင်သို့ ကိုယ်တိုင် သွားပို့လိုက်တော့သည်။

လီဟောက်သည် စိတ်အခြေအနေ အုံ့မှိုင်းနေပြီး ဖြေဖျောက်မရ ဖြစ်နေသဖြင့် မုန့်ယွင်လော်ကို လုံးဝ မတွေ့ချင်ပေ။ သူမ၏ ဂရုစိုက်မှုကိုဖြစ်စေ ပွစိပွစိ ပြောဆိုမှုများကိုဖြစ်စေ သည်းခံနိုင်စွမ်း မရှိတော့ချေ။ ရှောင်နျန်ကို ညစာ ယူလာခိုင်းပြီး မုန့်ယွင်လော်ကို တံခါးဝတွင် တားဆီးထားလိုက်လေသည်။

ရှောင်နျန်ကလည်း အလိုက်တသိပင် အပြောအဆို တတ်လေသည်။ "အရှင်မင်းသား ပြောပါတယ်။ ညန်ညန်ရဲ့ ကျန်းမာရေးက အရေးကြီးတော့ စောစောပြန်ပြီး အနားယူလိုက်ပါတဲ့"

စကားကို မည်မျှပင် ကောင်းအောင် ပြောနေပါစေ။ သူမကို စာကြည့်ဆောင် အပြင်ဘက်တွင် တားဆီးထားလိုခြင်းသာ မဟုတ်ပါလား။

မုန့်ယွင်လော်သည် မူလကတည်းက စိတ်သဘောထား ကောင်းမွန်သူ မဟုတ်ပေ။ ကိုယ်ဝန်ရပြီးသည့်နောက်တွင် ပိုလို့ပင် စိတ်တိုလွယ်လာရာ ချက်ချင်းပင် မျက်စောင်းထိုးကာ ပြောလိုက်တော့သည်။

"ငါ အရှင်မင်းသားကို တွေ့ချင်တယ်။ နင်ကများ ငါ့ကို တားရဲတယ်ပေါ့။ အခုချက်ချင်း ထွက်သွားစမ်း"

မုန့်ယွင်လော်သည် ကိုယ်ဝန်ရှိနေသဖြင့် ရှောင်နျန်လည်း အတင်းအကြပ် မတားဆီးရဲဘဲ လမ်းဖယ်ပေးလိုက်ရတော့သည်။

လီဟောက်သည် မုန့်ယွင်လော်ကို မြင်သောအခါ မျက်မှောင်ကြုတ်လိုက်မိပြီး သူ၏ အကြည့်များက မုန့်ယွင်လော်၏ ပူထွက်နေသော ဝမ်းဗိုက်ပေါ်သို့ ဖြတ်သန်းသွားရာ လူ့လောကထဲသို့ ရောက်မလာနိုင်ခဲ့သော သားတော် ယန့်အာကို သတိရသွားပြီး ရင်ထဲတွင် တဆစ်ဆစ် နာကျင်သွားတော့သည်။

လီဟောက်၏ မျက်နှာထားသည် ကြည့်ကောင်းလှသည်တော့ မဟုတ်ချေ။

မုန့်ယွင်လော်သည် လီဟောက် မျက်နှာမကောင်းသည်ကို မြင်သောအခါ စကားအများကြီး မပြောရဲတော့ဘဲ နူးညံ့စွာ ပြောလိုက်လေသည်။

"ညစာ အရင် စားလိုက်ပါဦး"

လီဟောက်က အင်း ဟု အသံပြုလိုက်ပြီး အရသာမခံနိုင်ဘဲ ညစာကို စားသုံးလိုက်သည်။

ဤသို့ ငြိမ်းချမ်းသော အခိုက်အတန့်လေးကြောင့် မုန့်ယွင်လော်၏ စိတ်အခြေအနေလည်း ကောင်းမွန်လာခဲ့သည်။

ပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းသည်မှာ လီဟောက်က သူမကို စတင် ပွေ့ဖက်လိုက်ပြီး သူမ၏ ဝမ်းဗိုက်လေးကို ဖွဖွလေး ပွတ်သပ်ပေးနေခြင်းပင်။

"ယွင်လော်... ငါ ဒီတစ်ခါ သွားရင် ဘယ်နေ့မှ မြို့တော်ကို ပြန်ရောက်မယ်ဆိုတာ မသိဘူး။ နန်းတော်ထဲက ကိစ္စတွေကို မင်း ဘာမှ ဝင်မပါနဲ့။ ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်း ဂရုစိုက်ပြီး ငါတို့ရဲ့ ကလေးကို ဘေးကင်းကင်းနဲ့ မွေးဖွားရမယ်နော်"

မုန့်ယွင်လော်၏ ရင်ထဲတွင် ကြည်နူးစိတ်များ ပြည့်နှက်သွားပြီး ခင်ပွန်းသည်၏ ရင်ခွင်ထဲသို့ တိုးဝင်လိုက်လေသည်။

"အရှင်မင်းသား စိတ်ချပါ။ ကျွန်မ ကောင်းကောင်း အနားယူပြီး ကလေးကို ဘေးကင်းကင်းနဲ့ မွေးဖွားရင်း ရှင် ပြန်လာမှာကို စောင့်နေပါ့မယ်"

လီဟောက်က အင်း ဟု အသံပြုလိုက်ပြီး မျက်ဝန်းထဲတွင် ရှုပ်ထွေးသော ခံစားချက်များ ဖြတ်ပြေးသွားသည်။ နောက်ဆုံးတွင်တော့ မှာကြားစကား ၂ခွန်း ပြောလိုက်လေသည်။ "ငါ သွားပြီးရင် မင်း နန်းတော်ထဲ သိပ်မဝင်နဲ့။ မူဖေး ဒါမှမဟုတ် လီချန်မှာ ဘာကိစ္စပဲ ရှိရှိ မင်း ဂရုစိုက်စရာ မလိုဘူး"

မုန့်ယွင်လော် "..."

မုန့်ယွင်လော်သည် သူမ နားကြားလွဲသွားသည်ဟုပင် ထင်မှတ်လိုက်မိပြီး လီဟောက်ကို မော့ကြည့်ကာ မေးလိုက်မိ၏။

"အရှင်မင်းသား... ရှင် မူဖေးတို့ လီချန်တို့နဲ့ စိတ်ကောက်ထားတာလား"

လီဟောက်က အသံမထွက်ဘဲ နေလိုက်သည်မှာ ဝန်ခံလိုက်သည့် သဘောပင်။

မုန့်ယွင်လော်ကတော့ သဘောထားကြီးဟန် ပြုမူလိုက်ပြီး နူးညံ့စွာ ပြောဆိုလေသည်။

"ဘယ်လောက်ပဲ စိတ်ဆိုးဆိုး သူတို့က အရှင်မင်းသားရဲ့ မိခင်အရင်းနဲ့ ညီအစ်ကိုအရင်းတွေပဲလေ။ လုံးဝ မမေးမမြန်းဘဲ နေလို့ ဘယ်ဖြစ်မလဲ။ ကျွန်မက အခု ကိုယ်ဝန်ရှိနေတော့ ကလေးအတွက် အနားယူတာကို အဓိက ထားရမှာ။ ကလေးမွေးပြီးရင်တော့ ကျွန်မ နန်းတော်ထဲ ဝင်ပြီး အရှင်မင်းသား ကိုယ်စား စူးဖေးကို ဂါရဝပြုပြီး ဝူတိကို စောင့်ရှောက်ပေးပါ့မယ်"

လီဟောက်၏ အသံမှာမူ အေးစက်မာကျောလာတော့သည်။

"ငါ ပြောတဲ့အတိုင်းသာ လုပ်"

မုန့်ယွင်လော်သည် နားမလည်နိုင် ဖြစ်သွားပြီး ရေခဲတမျှ အေးစက်နေသော လီဟောက်၏ မျက်နှာချောချောကို ကြည့်ကာ မေးခွန်းထုတ်ရန် နှုတ်ဆွံ့သွားတော့သည်။ ခေါင်းညိတ်ပြီးသာ လက်ခံလိုက်ရတော့၏။

...

အချိန်ကုန်လွန်သွားသည်မှာ မျက်စိတစ်မှိတ်အတွင်းပင် ၂လပိုင်းသို့ ရောက်ရှိလာခဲ့ပြီ။

စစ်တပ်ကြီး ချီတက်ရန် နီးကပ်လာသည်နှင့်အမျှ ညီလာခံရှိ ဌာနကြီးခြောက်ခုစလုံးသည် အလုပ်များလွန်း၍ နေ့ညပင် မခွဲခြားနိုင်တော့ချေ။ စစ်တပ်စခန်းထဲရှိ စစ်သည်များသည်လည်း ခရီးထွက်ရန် အသင့်ဖြစ်စေဖို့ အထုပ်အပိုးများကို ပြင်ဆင်နေကြသည်။

အချိန်နှစ်ဝက်ခန့် အကျယ်ချုပ် ကျခံထားရသည့် ကွမ်းပင်းနယ်စား မုန့်ဟွေးသည်လည်း စစ်ထွက်မည့်အထဲတွင် ပါဝင်လေသည်။

မုန့်မိသားစု တစ်ခုလုံးသည် ၈လ ၉လ ခန့် အောင့်အီးသည်းခံထားရသော အသက်ရှူသံများကို အနည်းငယ် မှုတ်ထုတ်လိုက်နိုင်ကြတော့သည်။ ဘွဲ့ထူး ဂုဏ်ထူးများ ရုပ်သိမ်းခံရပြီး ရာထူးလျှော့ချခံလိုက်ရသော်ငြား စစ်တပ်ကို ဦးဆောင်ပြီး စစ်တိုက်ခွင့် ရရှိနေသေးသည်ပင်။ စစ်မြေပြင်သည် အကျိုးဆောင်မှုမှတ်တမ်း ရယူရန် အလွယ်ကူဆုံး နေရာဖြစ်သည်။ စစ်ပွဲအနည်းငယ်လောက် အောင်နိုင်လိုက်လျှင် ပြန်လည် ဦးမော့လာနိုင်ပေလိမ့်မည်။

ယုံးကျားဧကရာဇ်သည် အလုပ်များလွန်းသဖြင့် တစ်ကိုယ်တည်း ခွဲမရနိုင်အောင် ဖြစ်နေလေသည်။ ရံဖန်ရံခါ အနောက်နန်းဆောင်သို့ ဝင်ရောက်လျှင်လည်း အများဆုံး ရှို့နင်နန်းဆောင်သို့ သွားရောက် ဂါရဝပြုခြင်းသာ ရှိသည်။ သို့မဟုတ် ကျောင်းဖန်နန်းဆောင်သို့ သွားရောက်ပြီး မြေးတော်ရွှီအာနှင့် မြေးမတော်ရွှမ်းအာတို့ကို တွေ့ဆုံခြင်းသာ ရှိလေသည်။

ချောင်မိဖုရားခေါင်သည် ယုံးကျားဧကရာဇ်အပေါ် လင်မယားသံယောဇဉ် မရှိတော့ချေ။ သို့သော်ငြား မိဖုရားခေါင် တစ်ပါးအနေနှင့် သားတော်က ထိုက်ဇီအရာ ရရှိထားသည်ဖြစ်ရာ သူမသည် စစ်တိုက်မည့် ကိစ္စကို အလွန် ဂရုစိုက်လေသည်။

"နောက်ထပ် ၂ရက်ဆိုရင် အရှင်မင်းကြီးက စစ်တပ်ကို ဦးဆောင်ပြီး စစ်ထွက်ရတော့မယ်" ချောင်မိဖုရားခေါင်က နူးညံ့စွာ ပြောလိုက်လေသည်။ "စစ်တိုက်တဲ့ ကိစ္စတွေကို ချန်ချဲ့ နားမလည်ပါဘူး။ ချန်ချဲ့က အရှင်မင်းကြီးကို ကျန်းမာရေး ဂရုစိုက်ဖို့ပဲ တောင်းဆိုချင်ပါတယ်။ ဘယ်အချိန်ပဲရောက်ရောက် ကိုယ့်ကိုယ်ကိုယ် အရင်ဆုံး ဂရုစိုက်ပါ"

ယန်နိုင်ငံနှင့် ချူနိုင်ငံကို မသိမ်းပိုက်နိုင်သေးဘဲ စစ်မြေပြင်မှာ စောစောစီးစီး အသေမခံလိုက်နှင့်ဦး။ သေချင်လျှင်လည်း ပြည်မကြီးတစ်ခုလုံးကို စုစည်းပြီးမှ သေ။

ယုံးကျားဧကရာဇ်သည် ချောင်မိဖုရားခေါင်က မိမိကို သည်လို "ဂရုစိုက်" သည်ကို မြင်သောအခါ အတော်လေး စိတ်လှုပ်ရှားသွားပြီး ပြုံးကာ ချောင်မိဖုရားခေါင်၏ လက်ကို ဆုပ်ကိုင်လျက် ပြောလိုက်လေသည်။ "ဟွမ်ဟုပ် စိတ်ချပါ။ ကျန်း စစ်ပွဲနိုင်ပြီး ပြန်လာမယ့် သတင်းကောင်းကိုသာ စောင့်နေလိုက်"

ချောင်မိဖုရားခေါင်က အလိုက်တသိပင် အပြုံးတစ်ခုကို ဖန်တီးလိုက်လေသည်။ "ဟုတ်ကဲ့ပါ။ ချန်ချဲ့က အရှင်မင်းကြီး စစ်ပွဲအောင်နိုင်ပြီး မြို့တော်ကို အမြန်ဆုံး ပြန်ရောက်လာဖို့ မျှော်လင့်နေပါတယ်"

ယုံးကျားဧကရာဇ်သည် မှာကြားစရာ ရှိသည်များကိုလည်း မှာကြားရလေသည်။ "ကျန်း သွားပြီးရင် အနောက်နန်းဆောင် ကိစ္စတွေကို ဟွမ်ဟုပ်ဆီပဲ အပ်ခဲ့ရတော့မှာ။ မူဟုပ်က အသက်ကြီးလာလေ စိတ်က ပိုပြီး ကလေးဆန်လာလေပဲ။ ဟွမ်ဟုပ်ကပဲ သည်းခံပေးလိုက်ပါ"

"ဝမ်ကျဲယွီက ကိုယ်ဝန်ရှိနေတာ။ ဟွမ်ဟုပ်က ဝမ်ကျဲယွီကို ကောင်းကောင်း စောင့်ရှောက်ပေးပါ။ သူ ကလေး ဘေးကင်းကင်းနဲ့ မွေးပြီးရင် ကျန်းဆီကို သတင်းကောင်း ပို့ပေးပါ"

"မုန့်ဖေးကိုလည်း ကျန်း ပြောထားပြီးပါပြီ။ သူက ပုံမှန်ဆို ယန်ရှီးနန်းဆောင်မှာပဲ နေတာ။ အရေးကြီးကိစ္စ မရှိရင် ယန်ရှီးနန်းဆောင်က ထွက်လာမှာ မဟုတ်ပါဘူး။ တကယ်လို့ ကိစ္စတစ်ခုခု ရှိလာရင်လည်း ဟွမ်ဟုပ်ပဲ စီစဉ်ဆုံးဖြတ်လိုက်ပါ"

ချောင်မိဖုရားခေါင်သည် တစ်ခုချင်းစီတိုင်းကို လက်ခံလိုက်သော်လည်း စိတ်ထဲတွင်တော့ တိတ်တဆိတ် အေးစက်စွာ ရယ်မောလိုက်မိသည်။

အရင်တုန်းကတော့ ရွှေလို ဥလို တယုတယနဲ့။ မိုးပေါ်တောင် မြှောက်တင်ထားချင်နေတာ။ အခုကျတော့ရော။ ဝမ်ကျဲယွီရဲ့ နောက်မှာတောင် ရောက်မသွားဘူးလား။

ယုံးကျားဧကရာဇ်ရဲ့ အချစ်ကို အားကိုးပြီး တစ်သက်လုံး ထည်ဝါလို့ ရမယ်များ ထင်နေသလား။

အခုတော့ တိမ်လွှာထက်က ပြုတ်ကျပြီး မြေကြီးထဲ နစ်ဝင်သွားမယ့် နေ့ရက်ကို ဖြည်းဖြည်းချင်းသာ စောင့်နေလိုက်တော့။

...

အပိုင်း (၃၁၇) သစ္စာရှိခြင်း (၁)

ယခုတစ်ခေါက် တတိုင်းပြည်လုံး စစ်ထွက်ကြရာတွင် သာဝေ့တိုင်းပြည်၏ လှုပ်ရှားနိုင်သော စစ်အင်အားမှန်သမျှ အားလုံးကို အသုံးပြုထားလေသည်။

စုစုပေါင်း စစ်ကြောင်းလေးကြောင်းရှိ၏။ ပထမစစ်ကြောင်းမှာ ခြောက်သောင်းအင်အားရှိသော ရှင်းယန်စစ်တပ်ဖြစ်ပြီး ရှင်းယန်ဝမ်က စစ်သူကြီးအဖြစ် ဦးဆောင်မည်ဖြစ်သည်။ ကျန်းကျုံးနှင့်လုဖေးတို့သည် ရှင်းယန်ဝမ်၏ လက်အောက်က လူငယ်စစ်သူကြီးများဖြစ်ကြသည်။

ဒုတိယစစ်ကြောင်းကို ဦးဆောင်သူမှာ ဖူယန်မြို့စားဖြစ်ပြီး စစ်သည်လေးသောင်းကို ကွပ်ကဲရမည်။

တတိယစစ်ကြောင်းမှာ မူလက မုန့်မိသားစုစစ်တပ် ဖြစ်သည်။ ကွမ်းပင်းနယ်စား မုန့်ဟွေးသည် ရာထူးအဆင့်ဆင့် လျှော့ချခံထားရသဖြင့် စစ်တပ်တစ်ခုလုံးကို တစ်ဦးတည်းကွပ်ကဲရန် အရည်အချင်း မမှီတော့ချေ။ ဒုတိယစစ်သူကြီးသာ လုပ်ရတော့သည်။ ယုံးကျားဧကရာဇ်သည် ပထမမင်းသားကို ပင်မစစ်သူကြီးအဖြစ် ခန့်အပ်လိုက်လေသည်။

အရှင်မင်းကြီး၏ ကိုယ်ကျိုးအတွက် ကြံစည်မှုများကို တစ်ချက်ကြည့်လိုက်ရုံနှင့် သိသာသည်။

ပထမမင်းသားသည် မင်းသားများကြားထဲတွင် စစ်တိုက်ရာ၌ နာမည်ကောင်းအနည်းငယ်ရှိသော်ငြား စစ်ပွဲပေါင်းများစွာ ကြုံတွေ့ခဲ့ရပြီး အတွေ့အကြုံ ရင့်ကျက်နေသော ကွမ်းပင်းနယ်စားနှင့် ယှဥ်လိုက်လျှင် အများကြီး ကွာခြားနေသေးသည်။ ယုံးကျားဧကရာဇ်သည် ပထမမင်းသားကို စစ်သေနာပတိချုပ်အဖြစ် ခန့်အပ်ခြင်းမှာ နာမည်ခံသက်သက်သာဖြစ်ပြီး တကယ်တမ်း စစ်တိုက်ရမည့်သူမှာ ကွမ်းပင်းနယ်စားသာ ဖြစ်လေသည်။ စစ်ပွဲအောင်နိုင်ခဲ့လျှင် စစ်ရေးအကျိုးဆောင်မှု အများစုသည် ပထမမင်းသား၏ နာမည်အောက်သို့ ရောက်ရှိသွားပေလိမ့်မည်။

အရှင်မင်းကြီး၏ ဒီရည်ရွယ်ချက်ကိုလည်း လူတိုင်းက မြင်သာလေသည်။ ဖူယန်မြို့စားက ကွယ်ရာတွင် မနာလိုဝန်တိုစိတ်ဖြင့် စကားအနည်းငယ် ဆိုခဲ့သည်မှလွဲလျှင် ကျန်လူများက ဘာမှမပြောကြပေ။ လုလင်းကပင် စကားတစ်ခွန်းမှ မဆိုခဲ့ချေ။

ဘာပဲဖြစ်ဖြစ်လေ သူ့သမက်က အိမ်ရှေ့စံရာထူး ရပြီးပြီပဲ။ ဘုရင်နဲ့အမတ်၊ အထက်နဲ့အောက် နေရာသတ်မှတ်ပြီးပြီဖြစ်လို့ ပထမမင်းသားအနေနဲ့ လှိုင်းလုံးကြီးကြီးမားမား ဖြစ်လာအောင် လုပ်နိုင်မှာ မဟုတ်တော့ပါဘူး။

ယုံးကျားဧကရာဇ်သည် အနောက်နန်းဆောင်ကိစ္စတွင် မျက်နှာလိုက်မှုများရှိကာ ရှုပ်ထွေးနေသော်ငြား နိုင်ငံရေးနှင့် အုပ်ချုပ်ရေးကိစ္စများတွင်တော့ တိကျပြတ်သားပြီး ဉာဏ်ပညာကြီးမားသူဖြစ်၏။ အလွယ်တကူနှင့် အမိန့်တော် ပြန်ရုတ်သိမ်းခြင်း ရာထူးချခြင်းတို့ကို ပြုလုပ်လိမ့်မည် မဟုတ်ပေ။

တစ်လှမ်းဆုတ်ပြီး တွေးကြည့်မည်ဆိုလျှင်ပင် ပထမမင်းသားနှင့် ကွမ်းပင်းနယ်စားတို့တွင် ထိုအကြံအစည် ရှိနေခဲ့လျှင်ပင် အိမ်ရှေ့စံဘက်တော်သားများက သဘောတူပါမလားဆိုသည်ကို ကြည့်ရပေအုံးမည်။

နောက်ဆုံးစစ်ကြောင်းမှာ တော်ဝင်ကိုယ်ရံတော်တပ်ဖွဲ့ ဖြစ်လေသည်။

သာ့ဝေတိုင်းပြည်၏ တော်ဝင်ကိုယ်ရံတော်တပ်ဖွဲ့တွင် စစ်သည်အင်အား ရှစ်သောင်း ရှိလေသည်။ မူလက ယုံးကျားဧကရာဇ် စတင်ပုန်ကန်စဥ်က ပိုင်ဆိုင်ခဲ့သော ကိုယ်ပိုင်စစ်တပ်ဖြစ်ပြီး လီမိသားစုစစ်တပ်ဟု ပြောလျှင်လည်း မမှားချေ။ နောက်ပိုင်းတွင် ယုံးကျားဧကရာဇ်က သာ့ဝေတိုင်းပြည်ကို တည်ထောင်ပြီးသည့်အခါ လီမိသားစုစ်တပ်ကို အခြေခံပြီး တော်ဝင်ကိုယ်ရံတော်တပ်ဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်လေသည်။

တော်ဝင်တပ်ဖွဲ့ခေါင်းဆောင်မှာ စစ်သူကြီးလျန်ဖြစ်ပြီး ယုံးကျားဧကရာဇ်အပေါ် သစ္စာအရှိဆုံးသူ ဖြစ်လေသည်။ ယခုတစ်ကြိမ် စစ်တိုက်ရာတွင် ယုံးကျားဧကရာဇ်က တော်ဝင်ကိုယ်ရံတော် ငါးသောင်းကို ရွေးချယ်ခဲ့ပြီး သုံးသောင်းကို မြို့စောင့်ကြပ်ရန် ချန်ထားခဲ့သည်။ စစ်သူကြီးလျန်က စစ်တိုက်ရန် တက်ကြွစွာ တောင်းဆိုခဲ့သော်ငြားလည်း ယုံးကျားဧကရာဇ်ကတော့ သူ့ကို ထားရစ်ခဲ့လေသည်။

"လျန်ကျန့်" ယုံးကျားဧကရာဇ်က လေးနက်စွာ မိန့်တော်မူလိုက်သည်။ "ကျန်းကိုယ်တိုင် စစ်တပ်ကိုဦးဆောင်ပြီး စစ်ထွက်မှာ မြန်ရင်တစ်နှစ် ကြာရင်နှစ်နှစ်၊ သုံးနှစ်လောက်လောက်မှ မြို့တော်ကို ပြန်ရောက်မယ်။ မြို့တော်ကို ကာကွယ်စောင့်ရှောက်မဲ့ တာဝန်ကြီးကို ကျန်းက မင်းဆီမှာ အပ်နှံခဲ့မယ်"

လျန်ကျန့်ဆိုသည်မှာ စစ်သူကြီးလျန်၏ အမည်အရင်း ဖြစ်လေသည်။

ဒီနာမည်ကိုလဲ ယုံးကျားဧကရာဇ်ကိုယ်တိုင် အပ်နှင်းပေးခဲ့ခြင်း ဖြစ်၏။

ယခုအခါ ဂုဏ်သရေရှိပြီး တန်ခိုးအာဏာကြီးမားသော ဧကရာဇ်၏ အရေးပါလှသည့် အမတ်ကြီးဖြစ်နေသော်ငြား တစ်ချိန်ကတော့ လီမိသားစုသခင်လေး၏ ကိုယ်ရံတော်သာ ဖြစ်ခဲ့လေသည်။ ငယ်စဥ်ကတည်းက အတူတူ ကြီးပြင်းလာပြီး အတူတူ သိုင်းပညာ သင်ယူခဲ့ကြသဖြင့် သခင်နှင့်ကျွန်ကြားက သံယောဇဥ်သည် နက်ရှိုင်းလှပေသည်။

ယုံးကျားဧကရာဇ်သည် ပြည်မကြီးကို သိမ်းပိုက်ပြီး ကိုယ်ပိုင်ထီးနန်း တည်ထောင်ရန် ရည်ရွယ်ချက်ရှိခဲ့၏။ တိုင်းပြည်ကို သိမ်းပိုက်ခြင်းသည် လွယ်ကူသောကိစ္စ မဟုတ်ချေ။ အစပိုင်းတွင် စစ်ရှုံးခြင်းများနှင့် ကြုံတွေ့ခဲ့ရသည်။ လျန်ကျန့်သည် ကိုယ်ကျိုးမငဲ့ဘဲ သေရေးရှင်းရေး တိုက်ပွဲများကို ဝင်ခဲ့ပြီး ဧကရာဇ်အတွက်ပင် မြှားချက်ကို ကိုယ်စားခံယူပေးခဲ့သူ ဖြစ်သည်။

ယုံးကျားဧကရာဇ်၏ လျန်ကျန့်အပေါ် ယုံကြည်မှုသည် တစ်ခြားစစ်သူကြီးများထက် ပိုသာလေသည်။

ဥပမာအားဖြင့် ပြောရမည်ဆိုလျှင် ယုံးကျားဧကရာဇ်က လုလင်းကို ကြည့်သောအခါ သာ့ဝေတိုင်းပြည်၏ ကျောထောက်နောက်ခံ အမတ်ကြီးတစ်ဦးအဖြစ် မြင်လေသည်။ လျန်ကျန့်ကို ကြည့်သောအခါတွင်တော့ မိသားစု၏ အမှုထမ်းတစ်ဦးလို သဘောထားလေသည်။

စစ်သူကြီးလျန်သည် ဒူးထောက်ကာ သုံးကြိမ်ဦးချလိုက်ပြီး ပြတ်သားသော မျက်နှာထားဖြင့် ပြန်ပြောလိုက်၏။ "အရှင်မင်းကြီး စိတ်ချပါ။ ကျွန်တော်မျိုး သေချာပေါက် အစွမ်းကုန် ကြိုးစားပါ့မယ်။ အရှင်မင်းကြီးရဲ့ ယုံကြည်မှုကို လုံးဝ. အလဟဿ မဖြစ်စေရပါဘူး"

စစ်သူ့ကြီးလျန်သည် အရပ်ရှည်ရှည် သန်မာထွားကြိုင်းသူဖြစ်၏။ သာမာန်ယောက်ျားများထက် ခေါင်းတစ်လုံးပိုမြင့်ပြီး ဒူးထောက်လျှင်ပင် သာမာန်မျှော်စင်ကြီး တစ်ခုနှင့် တူနေလေသည်။ စကားပြောသည့် အသံမှာလည်း ခေါင်းလောင်းထိုးသံသကဲ့သို့ ကျယ်လောင်ပြီး နားထဲတွင် တဝုန်းဝုန် မြည်နေတတ်၏။

သူနှင့် ယှဥ်လိုက်လျှင် ကွမ်းပင်းနယ်စားက မျက်နှာဖြူကောင်လေးနှင့်တူပြီး ဖူယန်မြို့စားကတော့ လူကောင်မထွားသည့် ကလေးနှင့် တူနေတော့သည်။ အရပ်ရှည်ပြီး သန်မာထွားကြိုင်းသော လုလင်းပင်လျှင် စစ်သူကြီးလျန်နှင့် ယှဥ်လိုက်ပါက စစ်သားပီသသော ကြမ်းတမ်းခက်ထန်မှု အနည်းငယ် လျော့နည်းနေသေးသည်။

ယုံးကျားဧကရာဇ်၏ မျက်နှာအမူအယာမှာ ပြေလျော့သွားတော့၏။ "မင်းက အခု တော်ဝင်ကိုယ်ရံတော်တပ်ရဲ့ စစ်သူကြီး ဖြစ်နေပြီ။ ခဏခဏ ဒူးထောက်နေလို့ ဘယ်ကောင်းမလဲ။ မြန်မြန်ထပြီး စကားပြောစမ်းပါ"

စစ်သူကြီးလျန်က မတ်တပ်ထရပ်လိုက်ပြီး ပြောသင့်ပြောထိုက်သည်ဟု ယူဆသော မျက်နှာထားဖြင့် ပြောလိုက်၏။ "အရှင်မင်းကြီး ကျွန်တော်မျိုးကို မြှောက်စားပြီး တော်ဝင်ကိုယ်ရံတော်တပ်ရဲ့ စစ်သူကြီး ရာထူးကိုပေးထားတာပါ။ ဒါပေမဲ့ ကျွန်တော်မျိုးရဲ့ စိတ်ထဲမှာတော့ အရှင်မင်းကြီးက ထာဝရသခင်ဖြစ်ပြီး ကျွန်တော်မျိုးကတော့ အရှင်မင်းကြီးရဲ့ သစ္စာအရှိဆုံး ကျွန်ပါပဲ"

ယုံးကျားဧကရာဇ်က ရယ်မောလိုက်လေ၏။ "တော်ပြီ တော်ပါပြီ။ မင်းကို မပြောတော့ပါဘူး"

ဘာပဲဖြစ်ဖြစ်လေ။ သူ ဘယ်လိုပဲ ပြောပြောပါ။ လျန်ကျန့်ကတော့ သူ့ကို လီမိသားစုရဲ့ ကျွန်လို့ပဲ ခေါင်းမာမာနဲ့ မှတ်ယူထားပြီး သခင်အတွက် အသက်ပေးဖို့ ဝန်မလေးတဲ့ သူပဲဟာ။

စစ်သူကြီးလျန်၏ ဒီသစ္စာတရားကြောင့်ပင် ယုံးကျားဧကရာဇ်သည် သူ့အပေါ် အလွန်ရင်းနှီးလေသည်။ သူ့ကို မြှောက်စားရုံသာမက သားကြီးကိုပါ လျန်မိသားစုက အမျိုးသမီးနဲ့ လက်ထပ်ပေးပြီး ချွေးမတော်အဖြစ် တော်စပ်စေခဲ့သည်။

ပထမမင်းသားကြင်ရာတော်သည် သုံးနှစ်ကြာသည်အထိ ကိုယ်ဝန်မရသော်ငြားလည်း ယုံးကျားဧကရာဇ်ကတော့ ပထမမင်းသားအတွက် ကိုယ်လုပ်တော် ရွေးချယ်ပေးခြင်း.မပြုလုပ်ခဲ့ပေ။

ထိုအရာအားလုံးက ဧကရာဇ်မင်းမြတ်၏ လျန်မိသားစုအပေါ် ထားရှိသည့် ယုံကြည်မှုနှင့် စောင့်ရှောက်မှုများပင်။

ယုံးကျားဧကရာဇ်သည် ခဏလောက် စဥ်းစားလိုက်ပြီးနောက် စစ်သူကြီးလျန်ကို ထပ်မံမှာကြားလိုက်လေသည်။ "ညီလာခံကိစ္စတွေကိုတော့ ချောင်ကောလောင်တို့လို စာပေပညာရှိအမတ်တွေ ရှိတာမလို့ မင်း စိတ်ပူစရာမလိုဘူး။ မင်းတာဝန်ကို ကျေအောင်သာလုပ်ပါ။ တကယ်လို့ မတော်တဆမှု တစ်ခုခုဖြစ်လာခဲ့ရင် နန်းတော်ထဲဝင်ပြီး ဟွမ်ဟုပ်ကို သွားတွေ့ပါ။ ဟွမ်ဟုပ်ရဲ့ အမိန့်ကို နာခံရမယ်"

ဒါကတော့ စည်းကမ်းနဲ့ မညီဘူးပေါ့လေ။

သို့သော် ယုံးကျားဧကရာဇ်၏ စိတ်ထဲတွင် စစ်သူကြီးလျန်ကို မိသားစုအမှုထမ်းကဲ့သိူ့ သဘောထားခြင်း ဖြစ်လေသည်။ မည်သို့ပင်ဆိုစေ ယခင်က လျန်ကျန့်သည်လဲ သူဟူသော သခင်နှင့်အတူ အတွင်းဆောင်သို့ မကြာခဏ ဝင်ထွက်သွားလာခဲ့ဖူးသည်ပင်။

စစ်သူကြီးလျန်သည် တွန့်ဆုတ်ခြင်းမရှိဘဲ လက်ခံလိုက်လေ၏။ "ဟုတ်ကဲ့ပါ။ ကျွန်တော်မျိုး မှတ်သားထားပါ့မယ်"

ယခုတစ်ကြိမ်တွင် စတုတ္ထမင်းသားနှင့် ပဉ်စမမငျးသားသညျ နန်းတော်ထဲတွင် ကျန်ရစ်ခဲ့လေသည်။ အနောက်နန်းဆောင်တွင် မယ်တော်ကြီးကျောက်လဲ ရှိနေလေသည်။

သို့သော်ငြား ယုံးကျားဧကရာဇ်က မိခင်အရင်းနှင့် သားတော်နှစ်ပါးအကြောင်း တစ်လုံးမှ မဟခဲ့ပေ။ ယင်းကို ကြည့်ခြင်းအားဖြင့် ယုံးကျားဧကရာဇ်သည် အရေးကြီးချိန်တွင် မည်သူက စိတ်ချရပြီး မည်သူ့ကို ယုံကြည်ရမည်ဆိုသည်ကို ကောင်းစွာသိရှိကြောင်း ပေါ်လွင်နေလေသည်။

စစ်သူကြီးလျန်ကလဲ ကိုယ်တိုင် အကြံပြုလိုက်၏။ "ကျွန်တော်မျိုးရဲ့ အသုံးမကျတဲ့ သားနှစ်ယောက်က ဦးနှောက်မကောင်းပေမဲ့ သစ္စာရှိပြီး စိတ်ချရပါတယ်။ ခွန်အားလဲ နည်းနည်းရှိကြပါတယ်။ အရှင်မင်းကြီး သူတို့နှစ်ယောက်ကို ခေါ်သွားပြီး ဘေးမှာ အမှုထမ်းခိုင်းလိုက်ပါ"

အန္တရာယ်အများဆုံး အခိုက်အတန့်မျိုး ရှိလာခဲ့ရင် အရှင်မင်းကြီးအတွက် ဒိုင်းတစ်ခုအနေနဲ့ ကာကွယ်ပေးလို့ ရတာပေါ့။

နောက်ဆုံးစကားတစ်ခွန်းကိုတော့ စစ်သူကြီးလျန်က ထုတ်မပြောခဲ့သော်ငြား ဆိုလိုရင်းကိုတော့ အထင်းသား ပေါ်လွင်နေလေသည်။

ယုံးကျားဧကရာဇ်၏ ရင်ထဲတွင် လှုပ်ရှားသွားပြီး စဥ်းစားကာ မိန့်တော်မူလိုက်၏။ "သားကြီးက သားတစ်ယောက်ရနေပြီဆိုတော့ သူ့ကို ငါနဲ့အတူ လိုက်ခဲ့ခိုင်းမယ်။ သားငယ်ကတော့ အိမ်ထောင်ကျတာ တစ်နှစ်ပဲ ရှိသေးပြီး သားသမီး မရသေးဘူးဆိုတော့ မလိုက်ခဲ့နဲ့တော့"

စစ်သူကြီးလျန်က ပြန်လည်လျှောက်တင်လိုက်၏။ "သားငယ်ရဲ့မိန်းမလဲ ကိုယ်ဝန်ရှိနေပါပြီ။ သမားတော် စမ်းသပ်ကြည့်တာက သားယောက်ျားလေးလို့ ပြောပါတယ်။ သားငယ် တစ်ခုခုဖြစ်သွားရင်လည်း ကြောက်စရာ မလိုတော့ပါဘူး"

ယုံးကျားဧကရာဇ်မှာ အခိုက်အတန့် ဆွံ့အသွားပြီး ခေါင်းညိမ့်ကာ ခွင့်ပြုလိုက်ရတော့၏။

စစ်သူကြီးလျန်၏ ညိုမောင်းပြီး ကြမ်းတမ်းနေသော မျက်နှာပေါ်တွင် နောက်ဆုံးတော့ အပြုံးတစ်ခု ပေါ်ထွက်လာပြီး လက်နှစ်ဖက်ကိုယှက်ကာ ဧကရာဇ်ကို ကျေးဇူးတုံ့ပြန် လိုက်တော့သည်။

-

ထိုနေ့ညနေစောင်းတွင် စစ်သူကြီးလျန်သည် အိမ်တော်သို့ ပြန်ရောက်လာသောအခါ သားနှစ်ယောက်ကိုခေါ်ပြီး မှာကြားလိုက်လေ၏။ "မင်းတို့နှစ်ယောက် အရှင်မင်းကြီးနဲ့အတူတူ စစ်တိုက်ထွက်ရမယ်။ တခြားကိစ္စတွေကို ဘာမှ ဂရုစိုက်စရာမလိုဘူး။ အရှင်မင်းကြီးရဲ့ဘေးမှာ သေသေချာချာ စောင့်ကြပ်နေဖို့ပဲ လိုတယ်"

လျန်သာ့လန်သည် ယခုနှစ် ၂၄နှစ်ရှိပြီဖြစ်ပြီး ဖခင်နှင့် တစ်ပုံစံတည်း တူလေသည်။ အရပ်ရှည်ပြီး အသားညိုကာ ထွားကြိုင်းသည်။ အသံကလဲ သာမာန်လူများထက် ကျယ်လောင်လေသည်။

"ဒါတွေကို အဖေမှာစရာ မလိုပါဘူး။ ကျွန်တော်တို့ သိပါတယ်"

လျန်အာ့လန်သည် အသက်ငယ်သေးပြီး အခုမှ ၁၈နှစ်သာ ရှိသေးလေသည်။ အစ်ကိုဖြစ်သူထက် ခေါင်းတစ်ဝက်ခန့် ပိုသော်ငြား အသံကတော့ မတိုးချေ။ "အဖေ စိတ်ချပါ။ တကယ်လို့ စစ်ရှုံးတာပဲဖြစ်ဖြစ် အန္တရာယ်ကြုံလာရတာပဲဖြစ်ဖြစ် ကျွန်တော် ကိုယ့်အသက်ကိုစွန့်ပြီး အရှင်မင်းကြီးရဲ့ ဘေးကင်းရေးကို ကာကွယ်ပေးပါ့မယ်"

စစ်သူကြီးလျန်သည် ထိုစကားများကို ကြားသောအခါ မျက်ခုံးပင်မလှုပ်ဘဲ လေးနက်စွာ ပြောလိုက်၏။ "သစ္စာရှိတယ်ဆိုတာက. ပါးစပ်ကနေ လွယ်လွယ်လေး ပြောရုံနဲ့ မပြီးဘူး။ ငါတို့ လျန်မိသားစုက အရှင်မင်းကြီးရဲ့ ယုံကြည်မှုနဲ့ လေးစားမှုကို ရရှိထားလို့သာ ဒီနေ့ဒီအချိန်မှာ ဒီလိုအခြေအနေမျိုး ရောက်နေတာ"

"လုမိသားစု၊ မုန့်မိသားစု၊ ကျောက်မိသားစုတွေက ကြီးမားတဲ့ စစ်မှုထမ်းကောင်း မှတ်တမ်းတွေနဲ့ ရပ်တည်ခဲ့ကြတာ။ ငါက အရှင်မင်းကြီးရဲ့ အိမ်တော်ပါ ကျွန်ဖြစ်သလို မင်းတို့က ငါ့သားတွေဆိုတော့ မင်းတို့လဲ အရှင်မင်းကြီးရဲ့ ကျွန်တွေပဲ"

"အရှင်မင်းကြီးက ငါတို့တွေကို ဒီလောက်တောင် မျက်နှာသာပေးပြီး ဆက်ံဆံနေမှတော့ ငါတို့ကလဲ အသက်ကိုစွန့်ပြီး အရှင်မင်းကြီးအတွက် သစ္စာစောင့်သိရမှာပဲ"

"အန္တရာယ်အများဆုံးအချိန်တွေ ရောက်လာရင် အရှင်မင်းကြီးအစား အသေခံပေးလိုက်တာက ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကိစ္စပဲ"

လျန်သာ့လန်နှင့်လျန်အာ့လန်တို့သည် ငယ်စဥ်ကတည်းက ဒီစကားများကို နားထောင်ပြီး ကြီးပြင်လာသူများ ဖြစ်ကြသဖြင့် ညီအစ်ကိုနှစ်ယောက်စလုံးမှာ မျက်နှာအရောင် မပြောင်းလဲဘဲ ပြိုင်တူလက်ခံလိုက်ကြတော့သည်။

ထိုအခါကျမှ စစ်သူကြီးလျန်သည်လဲ ကျေနပ်သွားလေတော့သည်။

ထိုအချိန်တွင် အိမ်တော်အစေခံတစ်ဦးက ဝင်လာပြီး သတင်းပို့လေသည်။ "ပထမမင်းသားနဲ့ ပထမမင်းသားကြင်ရာတော်တို့ ရောက်လာကြပါတယ်"

...

အပိုင်း (၃၁၈) သစ္စာရှိခြင်း (၂)

သမီးနှင့် သမက်တို့ အိမ်ပြန်ရောက်လာသည်ကို ကြားလိုက်ရသော်ငြား စစ်သူကြီးလျန်၏ မျက်နှာပေါ်တွင် ဝမ်းသာသည့် အရိပ်အယောင် သိပ်မရှိလှဘဲ မျက်နှာပင် အနည်းငယ် တည်သွားလေသည်။

ပထမမင်းသားဖြစ်သည့် သမက်အပေါ်တွင် စစ်သူကြီးလျန်က သိပ်ပြီးသဘောမကျလှချေ။

လွန်ခဲ့သည့် နှစ်အနည်းငယ်ကတော့ အဆင်ပြေပါသေးသည်။ လင်မယားနှစ်ယောက်ကလဲ သင့်မြတ်ကြသည်။ ပထမမင်းသားက မုန့်မိသားစုနှင့်ရင်းနှီးပြီး ယောက္ခမအိမ်ကို မနွေးထွေးသော်လည်း စစ်သူကြီးလျန်ကတော့ စိတ်ထဲတွင်မထားပေ။

သူက လီမိသားစု၏ ကျွန်ဘဝမှ ဆင်းသက်လာသူဖြစ်သည်။ ယုံးကျားဧကရာဇ်က မည်မျှပင် မြှောက်စားထားပါစေ ဒီမိသားစု၏ မျက်လုံးထဲတွင်တော့ လျန်မိသားစုသည် အဆင့်အတန်းမရှိသည့် ကျွန်များသာ ဖြစ်နေဆဲပင်။

ပထမမင်းသားသည် မိမိကဲ့သို့ ယောက္ခမတစ်ယောက်အပေါ် ရိုသေမှုမရှိသလို ရင်းနှီးမှုလည်းမရှိချေ။ မုန့်ကွေ့ဖေးကလဲ လျန်မိသားစုအပေါ် ပိုလို့ပင် မကျေနပ်ဘဲ ပထမမင်းသားကြင်ရာတော်ကို ဟိုဟာမကောင်း ဒီဟာမကောင်း အပြစ်ရှာတတ်လေသည်။

ထိုအကြောင်းအရာများကိုလဲ စစ်သူကြီးလျန်က ကောင်းကောင်းကြီး သိနေ၏။ သူသည် ပုံမှန်အားဖြင့်လည်း ပထမမင်းသားအိမ်တော်သို့ သွားလေ့မရှိချေ။ ရံဖန်ရံခါ လျန်ဖူးရန် သွားရောက်လည်ပတ်လျှင်လည်း ပထမမင်းသားကြင်ရာတော်ကို ကိုယ့်နေရာကို နေဖို့သာ မှာကြားရလေ့ရှိသည်။

နောက်ပိုင်းတွင် ပထမမင်းသားကြင်ရာတော် ကိုယ်ဝန်ပျက်ကျသွားကာ နှစ်ဝက်လောက် အိပ်ရာထဲ လဲနေခဲ့ရသည်။ စစ်သူကြီးလျန်သည် သမီးဖြစ်သူကို သနားပြီး ပထမမင်းသားအပေါ် ပိုလို့ပင် မကျေမနပ် ဖြစ်လာခဲ့၏။ သို့သော်ငြား ပထမမင်းသားရှေ့တွင်တော့ သူက ယောက္ခမတစ်ယောက်အနေဖြင့် အရှိန်အဝါ ထုတ်မရသလို သမက်ကို ပြေးထိုးလို့လဲ မရသဖြင့် နှာခေါင်းပိတ်ကာ ဆက်ပြီး သည်းခံနေခဲ့ရလေသည်။

မုန့်မိသားစု ကံဆိုးမိုးမှောင်ကျပြီး ဒုက္ခရောက်သည့်အချိန်ကြမှ ပထမမင်းသားသည် ယောက္ခမအိမ်တော်နှင့် ပိုမိုရင်းနှီးလာခဲ့၏။ သုံးလေးရက်တစ်ခါ လျန်ရှီကို အဖော်ပြုပြီး မိဘအိမ်သို့ ပြန်လာတတ်လေသည်။

သမက်ဖြစ်သူ၏ အကျင့်စရိုက်ကို ကောင်းစွာသိမြင်နေရပြီး စစ်သူကြီးလျန်သည် ပထမမင်းသားနှင့် ရင်းနှီးအောင် မနေနိုင်တော့ချေ။

လျန်သာ့လန်က ဖခင်ဖြစ်သူ၏ စိတ်သဘောထားကို အသိဆုံးဖြစ်သဖြင့် လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "အဖေ နောက်၂ရက်ဆိုရင် ပထမမင်းသားက စစ်ထွက်တော့မှာ ဒီနေ့ အဖေကို လာနှုတ်ဆက်တာဖြစ်တာ သေချာတယ်။ အဖေကလဲ မျက်နှာကြီး တည်မထားပါနဲ့။ ညီမလေးအတွက် သည်းခံလိုက်ပါအုံး"

ချန်အာ့လန်ကလဲ သက်ပြင်းချကာ ပြောလေသည်။ "အစ်ကိုကြီးပြောတာ ဟုတ်တယ်။ အခု အစ်မက ထန်အာကို သူ့ခြံဝန်းထဲမှာ ခေါ်မွေးထားတော့ အားကိုးရာ ရှိသွားပြီလေ။ ပထမမင်းသားက အစ်မအပေါ် ကောင်းပေးနေသရွေ့ ကျွန်တော်တို့က ဒေါသတွေကို မျိုသိပ်ထားလိုက်ရုံပါပဲ"

စစ်သူကြီးလျန်၏ မျက်လုံးများက တစ်ချက်လက်သွားပြီး မထီမဲ့မြင်ဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။ "ငါကလဲ သူ့ကို အမှန်တရားကိုမြင်ပြီး ကိုယ့်နေရာကို နေစေချင်တာပါ။ သူ့မှာ မရှိသင့်မရှိထိုက်တဲ့အတွေးတွေ တွေးနေမှာကိုပဲ စိုးရိမ်မိတာ"

"ငါတို့ လျန်မိသားစုက အရှင်မင်းကြီးရဲ့ ကျွန်တွေပဲ။ အရှင်မင်းကြီးအတွက်ပဲ သစ္စာရှိရမယ်။ အရှင်မင်းကြီးက ဘယ်သူ့ကို အိမ်ရှေ့စံခန့်ခန့် ငါတို့က လျန်မိသားစုသားအဖတွေက ဝင်မပါနိုင်သလို ဝင်ပါစရာလည်း မလိုဘူး။ ဘယ်သူကမှ ငါတို့ကို ရေပုပ်မြောင်းထဲ ဆွဲခေါ်သွားလို့မရဘူး"

ပထမမင်းသားက ဘာအကြံအစည် ရှိနေသည်ကို စစ်သူကြီးလျန်က မသိဘဲ နေပါမည်တဲ့လား။ ထို့ကြောင့်ပင် စစ်သူကြီးလျန်သည် ထိုသမက်ကို စိတ်ထဲတွင် ပိုပြီး ရွံရှာနေမိခြင်း ဖြစ်လေသည်။

သမီးကို သူ့ထံ ပေးစားလိုက်ရုံနှင့် လျန်မိသားစုက သူ့အတွက် အသက်စွန့်ပေးရမည်ဟု ထင်နေပါသည်တဲ့လား။

လျန်မိသားစုက အိမ်ရှေ့စံတင်မြှောက်သည့် ကိစ္စတွင် ပါဝင်မည် မဟုတ်သည်ကိုလည်း ခဏချန်လှပ်ထားပါအုံး။ အကယ်၍များ သူ့ကို ရွေးချယ်ခိုင်းလျှင်ပင် သူက တရားဝင် မိဖုရားခေါင်ကြီးမှမွေးသည် ဒုတိယမင်းသားကိုသာ ရွေးချယ်ပေလိမ့်မည်။ မယားငယ်ကမွေးသည့် သားတစ်ယောက်က အိမ်ရာကို လုချင်နေသေးသည်။ မည်သို့များ ဒီလောက် မျက်နှာပြောင် တိုက်နိုင်ရပါသနည်း။

စစ်သူကြီးလျန်၏ စကားများက ရှင်းလင်းပြတ်သားလွန်းလှသဖြင့် လျန်သာ့လန်နှင့်လျန်အာ့လန်တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ဘာမှပြန်မပြောကြတော့ချေ။

သူတို့နှင့် ဖခင်ဖြစ်သူ၏ အတွေးများကတော့ အနည်းငယ် ကွဲပြားလေသည်။

လျန်မိသားစုက အိမ်ရှေ့စံလုသည့်ကိစ္စကို တက်တက်ကြွကြွ ပါဝင်မည်မဟုတ် သို့သော်ငြား အရေးကြီးသည့်အချိန် ရောက်လာလျှင်တော့ နောက်ကနေ မသိမသာ တွန်းပေးလိုက်ဖို့ကလဲ မဖြစ်နိုင်သည်တော့ မဟုတ်ချေ။ မည်သို့ဆိုစေ သူတို့၏ ညီမအရင်းသည် ပထမမင်းသားကြင်ရာတော် ဖြစ်နေသည် မဟုတ်ပါလား။

အိမ်တွင်လုပ်ရသည်က အိမ်ရှေ့စံမင်းသား၏ ယောက်ဖလုပ်ရသည်လောက် မည်သည့်နေရာတွင် ယှဥ်လို့ရပါမည်နည်း။

သို့သော်ငြား ဒီစကားများကိုတော့ ဖခင်ဖြစ်သူရှေ့တွင် လုံးဝပြောပြလို့ မဖြစ်ချေ။ မဟုတ်လျှင် စစ်သူကြီးလျန်က ဒေါသထွက်ပြီး သူတို့ကို အသေရိုက်နှက်ပေအုံးမည်။

...

မကြာမှီတွင် ပထမမင်းသားလင်မယားသည် စာကြည့်ဆောင်ထဲသို့ ဝင်ရောက်လာကြလေ၏။

ပထမမင်းသားကြင်ရာတော်သည် ပိန်သွားပြီးနောက် ပြန်မဝလာတော့ချေ။ သွယ်လျသည့် ခန္ဓာကိုယ်လေးက ဆင်းရဲပင်ပန်းသည့်ပုံစံ ပေါက်နေလေသည်။ မျက်နှာပေါ်တွင် မျက်နှာချေ လိမ်းခြယ်ထားသဖြင့် ကြည့်ရသည်မှာတော့ အဆင်ပြေပုံရလေ၏။

"သမီး အဖေ့ကို ဂါရဝပြုပါတယ်" ပထမမင်းသားကြင်ရာတော်က ပြုံးကာနှုတ်ဆက်လိုက်၏။ အစ်ကိုကြီးနှင့်မောင်လေးကိုပါ နှုတ်ဆက်လိုက်၏။

ပထမမင်းသားသည် ယခုအခါ ယောက္ခမအပေါ်တွင်လည်း ပိုမိုရင်းနှီးလာခဲ့လေသည်။ ပြုံးကာဖြင့် လက်နှစ်ဘက်ကိုယှက်ပြီး ယွဲ့ဖုဟု နှုတ်ဆက်လိုက်၏။

စစ်သူကြီးလျန်ကတော့ စိတ်ထဲတွင် မကျေနပ်သော်ငြား မျက်နှာပေါ်တွင် ဘာမှမပြသဘဲ ဖော်ရွေစွာ ပြုံးလိုက်တော့သည်။ "အရှင်မင်းသား ထိုင်ပါ။ ဒီလောက်နောက်ကျမှ ဘာလို့ရောက်လာတာလဲ"

ပထမမင်းသားကလဲ ပြုံးကာပြန်ပြောလိုက်၏။ "နောက်နှစ်ရက်ဆိုရင် တပ်မတော်ကြီးက ထွက်ခွာတော့မှာဆိုတော့ ကျွန်တော်က ယွဲ့ဖုနဲ့ ယောက်ဖနှစ်ယောက်ကို အထူးတလည် လာနှုတ်ဆက်တာပါ"

စစ်သူကြီးလျန်ကလဲ ပြောလိုက်လေသည်။ "ကျွန်တော်မျိုးကို နှုတ်ဆက်တာက ထားပါတော့။ သာ့လန်နဲ့အာ့လန်ကိုတော့ နှုတ်ဆက်စရာ မလိုပါဘူး။ ကျွန်တော်မျိုး ဒီနေ့ပဲ အရှင်မင်းကြီးကို လျှောက်တင်လိုက်ပါတယ်။ သူတို့ညီအစ်ကိုနှစ်ယောက်ကို အရှင်မင်းကြီးနဲ့အတူ စစ်ထွက်ခိုင်းလိုက်ပါပြီ။ ရာထူးမရှိဘဲ အရှင်မင်းကြီးရဲ့ ကိုယ်ရံတော်ပဲ လုပ်ရမှာပါ"

စကားနည်းနည်းလေးနှင့် သားနှစ်ယောက်လုံးကို အရှင်မင်းကြီး၏ ဘေးနားသို့ ပို့ဆောင်နိုင်သည်မှာ စစ်သူကြီးလျန်တစ်ယောက်သာ ရှိပေလိမ့်မည်။

"ရာထူးမရှိဘူး" ဆိုသည်မှာ တပ်မတော်ထဲက စစ်သူကြီးများထက်ပင် အရှင်မင်းကြီးနှင့် ပိုမိုရင်းနှီးပြီး ယုံကြည်ရသည်ဟု ဆိုလိုခြင်းပင်။

ပထမမင်းသားသည် ကြိတ်ပြီး စိတ်ထဲတွင် ဝမ်းသာသွားပြီး လျန်သာ့လန်နှင့်လျန်အာ့လန်တို့ကို ကပျာကယာ ဂုဏ်ပြုစကား ပြောလိုက်လေသည်။

လျန်သာ့လန်ကတော့ ပြုံးကာပြန်ပြောလိုက်၏။ "ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်က တော်ဝင်ကိုယ်ရံတော် တပ်ဖွဲ့ထဲမှာပဲ အမြဲတမ်း တာဝန်ထမ်းဆောင်ခဲ့တာ ဒီတစ်ခါမှ အရှင်မင်းကြီး ဘေးနားမှာ ကိုယ်ရံတော်အဖြစ် ပထမဦးဆုံး လိုက်ပါရမှာဆိုတော့ သင်ယူစရာတွေ အများကြီး ရှိပါသေးတယ်"

လျန်အာ့လန်ကလဲ ဝင်ပြောလိုက်သည်။ "အရှင်မင်းသားကလဲ သင်ကြားပြသပေးပါအုံး"

ပထမမင်းသားက ပြုံးကာပြောလိုက်လေသည်။ "ယောက်ဖတို့က ဘာလို့ဒီလောက် နိမ့်ချနေရတာလဲ။ ကိုယ်ရံတော်တပ်ဖွဲထဲမှာတောင် မင်းတို့က ထိပ်တန်းသိုင်းပညာရှင်တွေပဲလေ။ ဖုယွမ်ကလဲ မင်းတို့နဲ့ ရင်းနှီးပြီးသားပါ။ နောက်ဆိုရင် ဖုဟွမ်ဆီမှာ အတူတူ တာဝန်ထမ်းဆောင်ရင်း ငါ့ကိုတောင် ပြန်ပြီးသင်ပြပေးရမှာ"

ပထမမင်းသားက အောက်ကျခံပြီး လူများကို ချော့မော့သည့်နေရာတွင် အမှန်ပင် မခေလှကြောင်းတော့ ဝန်ခံရပေမည်။

လျန်သာ့လန်က အသက်ကြီးသူပီပီ တည်ငြိမ်နေလေ၏။

လျန်အာ့လန်ကတော့ မျက်ခုံးများပြေလျော့သွားကာ ပါးစပ်ကြီး ဖြီးနေအောင် ပြုံးလိုက်လေသည်။ "အရှင်မင်းသားက ကျွန်တော့်ထက် နှစ်နှစ်ပဲကြီးတာပါ။ မင်းကြီးနဲ့အတူ စစ်ပွဲတွေအများကြီး တိုက်ခဲ့ပြီးပါပြီ။ စစ်မြေပြင် အတွေ့အကြုံကလဲ ကျွန်တော်တို့ထက် အများကြီး သာနေပါတယ်"

ပထမမင်းသားကလဲ ပြုံးကာပြန်ဖြေလိုက်၏။ "ကြည့်ရတာ ယွဲ့ဖုက ယောက်ဖတို့ကို ကြိုတင်ပြီး သင်ကြားပြသပေးထားပုံရတယ်။ ကျွန်တော့်ရဲ့ ဒီအရည်အချင်းလောက်က ယွဲ့ဖုရှေ့မှာ ပြောပလောက်စရာ မဟုတ်ပါဘူး၊

စစ်သူကြီးလျန်က မျက်နှာလုပ်နေသည့် သမက်ကို တစ်ချက် စွေကြည့်လိုက်ပြီး အေးစက်စက် ပြောလိုက်လေသည်။ "ကျွန်တော်မျိုးမှာ အရည်အချင်း မရှိပါဘူး။ သစ္စာရှိခြင်းဆိုတဲ့ စကားလုံးနှစ်လုံးပဲ ရှိပါတယ်။ ပထမမင်းသားက တပ်မတော်နဲ့အတူ စစ်ထွက်တဲ့အခါ မရိုးသားတဲ့စိတ်တွေကို လျှော့ပြီး စစ်တိုက်တဲ့နေရာမှာပဲ အာရုံစိုက်မယ်ဆိုရင် အရှင်မင်းကြီးကလဲ သဘာဝအတိုင်း မြင်တွေ့လာပါလိမ့်မယ်"

ပထမမင်းသား "..."

ပထမမင်းသားသည် ငြင်းဆန်ခံလိုက်ရသဖြင့် စိတ်ထဲတွင် မကျေမနပ် ဖြစ်သွားသော်ငြားလည်း စိတ်ရှည်သည်းခံကာ စကားဆက်ပြောနေလိုက်လေသည်။

စစ်သူကြီးလျန်က စကားများများပြောရန် မနှစ်သက်သဖြင့် နည်းနည်းပါးပါး ပြောပြီးသည်နှင့် ပါးစပ်ပိတ်ထားလိုက်တော့သည်။ ပထမမင်းသားက မည်မျှပင် စကားပြောကောင်းပါစေ ယောက္ခမဖြစ်သူက မျက်နှာကြီး တည်ထားသဖြင့် အမွှေးတိုင်တစ်တိုင်စာ ကြာပြီးနောက်တွင် နှုတ်ဆက်ထွက်ခွာလာခဲ့ရသည်။ စစ်သူကြီးလျန်က သားနှစ်ယောက်နှင့်အတူ ပထမမင်းသားဇနီးမောင်နှံကို အိမ်တော်ပြင်ပအထိ လိုက်လံပိုဆောင်ပေးလိုက်လေသည်။

...

လျန်အိမ်တော်မှ ထွက်လာပြီး မြင်းလှည်းပေါ်ရောက်သည်နှင့် ပထမမင်းသား၏ မျက်နှာမှာ ညိုမည်းသွားလေတော့သည်။

ပထမမင်းသားကြင်ရာတော်သည် ပထမမင်းသား၏ မျက်နှာမကောင်းသည်ကို မြင်သောအခါ စိုးရိမ်တကြီးဖြင့် လေသံတိုးတိုး ပြောလိုက်၏။ "ကျွန်မအဖေက စကားအပြောမတတ်လို့ပါ။ ပြောတဲ့စကားတွေက နားထောင်လို့မကောင်းရင် အရှင်မင်းသား စိတ်ထဲမထားပါနဲ့နော်"

စကားအပြောမတတ်ဘူးဆိုသည့် စကားကပင် ယဥ်ကျေးလွန်းနေသေးသည်။ တကယ်တမ်းက ခေါင်းမာလွန်းသည့် လူတစ်ယောက်သာပင်။

ပထမမင်းသားသည် နှာခေါင်းတစ်ချက် ရှုံ့လိုက်လေတော့၏။ "ယွဲ့ဖုက ဖုဟွမ်အပေါ် သစ္စာရှိတယ်ဆိုတာ ငါ သိပါတယ်။ ဘာကိစ္စပဲကြုံကြုံ သူက ဖုဟွမ်ဘက်ကပဲ ရပ်တည်တာလေ။ အရင်တုန်းက မူဖေး အပြစ်ပေးခံရပြီး မုန့်မိသားစု ဒုက္ခရောက်တုန်းကလဲ ယွဲ့ဖုက တောင်းပန်စကား တစ်ခွန်းမှ မပြောပေးခဲ့ဘူး"

"ယွဲ့ဖုက ငါ့ကို လမ်းညွှန်ပေးဖို့ဆိုတာ ငါက ဘယ်မှာမျှော်လင့်ရဲ့ပါ့မလဲ"

ပထမမင်းသားကြင်ရာတော် "..."

ပထမမင်းသားကြင်ရာတော်သည် ဆို့နစ်သွားပြီး ခေါင်းငုံ့ထားလိုက်မိတော့၏။

ပထမမင်းသားက လျန်မိသားစုကို သူ့ဘက် ရပ်တည်စေချင်သော်ငြား လျန်မိသားစု သားအဖများက လက်မခံဘဲ အရှင်မင်းကြီးအပေါ်သာ သစ္စာစောင့်သိကြသည်။

ယုံးကျားဧကရာဇ်က အိမ်ရှေ့စံခန့်အပ်ပြီးနောက်တွင် စစ်သူကြီးလျန်သည် အိမ်ရှေ့စံအပေါ် ပထမမင်းသားထက်ပင် ပိုမိုရိုသေလေးစားပြီး ရင်းနှီးနေသဖြင့် ပထမမင်းသားစိတ်ထဲတွင် ဒေါသမထွက်ဘဲ မည်သို့နေပါမည်နည်း။

ဖခင်ဖြစ်သူ၏ စိတ်ထဲတွင် သစ္စာရှိခြင်း နှလုံးသားရှိလေသည်။ သမီးဖြစ်သူအတွက်နှင့် ပထမမင်းသားအိမ်တော်ဘက်မှ လုံးဝရပ်တည်ပေးလိမ့်မည် မဟုတ်ချေ။

ခင်ပွန်းဖြစ်သူ၏ စိတ်ထဲတွင် လိုချင်သည်မှာ ယောက္ခမ၏ ထောက်ခံမှုသာ ဖြစ်နေသည်။

သူမသည် မိဘအိမ်နှင့် ခင်ပွန်းသည်ကြားတွင် ဗျာများနေရပြီး ဘေးကျပ်နံကျပ် ဖြစ်နေရတော့သည်။ ထိုအခြေအနေ၏ ဝမ်းနည်းဖွယ်ရာ ခါးသီးမှုနှင့် မတတ်သာမှုများကို သူမကိုယ်တိုင်သာ အသိဆုံး ဖြစ်လေတော့သည်။

...

All Chapters