← Chapters

အခန်း (၃၁၉-၃၂၁)

Vol. 22 Ch. 319-321

အခန်း (၃၁၉-၃၂၁)

Vol. 22 Ch. 319-321

အပိုင်း (၃၁၉) နှုတ်ဆက်ခြင်း (၁)

ထိုနေ့ညတွင် လီကျင့်နှင့်လုမင်ယွိတို့သည် နန်းတော်ထဲက သီးသန့်ထွက်လာခဲ့ပြီး လုအိမ်တော်သို့ လာရောက်ခဲ့ကြ၏။

ခွဲခွာရမည့်အချိန် နီးကပ်လာပြီဖြစ်သဖြင့် အားလုံး၏စိတ်ထဲတွင် နှမြောတသဖြစ်ကာ ဝမ်းနည်းနေကြတော့၏။

"အဖေ သမီးပြောတဲ့စကားကို မမေ့နဲ့နော်" လုမင်ယွိက လုလင်းကို တီးတိုးမှာကြားလိုက်လေသည်။

လူအများရှေ့တွင် ယန်ထော်ဟူသည့် နာမည်ကို ထုတ်ပြောဖို့ရာ အဆင်မပြေသဖြင့် ဒီလိုနည်းဖြင့်သာ သတိပေးလိုက်ရခြင်းဖြစ်သည်။ လုလင်းကတော့ ကောင်းကောင်း သဘောပေါက်နားလည်သဖြင့် လုမင်ယွိကို ခေါင်းညိမ့်ပြလိုက်လေ၏။ "စိတ်ချပါ သမီး။ အဖေ သေချာပေါက် ဘေးကင်းကင်းနဲ့ ပြန်လာပါ့မယ်"

"ဘေးကင်းကင်းနဲ့ ပြန်လာပါ့မယ်" ဟူသည့် စကားလုံးအနည်းငယ်က ပေါ့ပါးလှသည်ဟု ထင်ရသော်ငြား တကယ်တမ်းတွင်တော့ ပိသာတစ်ထောင်လောက် လေးလံလှ၏"

ယခင်ဘဝက လုလင်းသည် စစ်မြေပြင်တွင် ကျဆုံးခဲ့ရပြီး ရုပ်အလောင်းကို မြင်းသရေဖြင့် ထုပ်ပိုးကာ ပြန်သယ်လာခဲ့ရသည်။ ဒီဘဝတွင်ရော ဘေးကင်းကင်းနှင့် ပြန်လာနိုင်ပါမည်တဲ့လား။

လုမင်ယွိ၏ နှာဖျားဝတွင် မွှန်ထူသွားသလို ခံစားလိုက်ရပြီး ပြောချင်သည့် စကားများအားလုံးက လည်ချောင်းဝတွင် တစ်စို့ကုန်တော့သည်။

လုမင်ယိ၏ စိတ်ထဲတွင် တွေးနေသည့်အရာကို သိသူမှာ လီကျင့်တစ်ယောက်တည်းသာ ဖြစ်လေသည်။

လီကျင့်က လုမင်ယွိ၏လက်ကို တင်းနေအောင် ဆုပ်ကိုင်ထားလိုက်ပြီး လေးနက်စွာ ပြောလိုက်၏။ "ရှောင်ယွိ စိတ်ချပါ။ ကိုက ယွဲ့ဖုနဲ့အတူ လမ်းခရီးတစ်လျှောက်လုံး အတူတူသွားမှာပါ"

ပထမမင်းသားက မုန့်မိသားစုတပ်ဖွဲ့နှင့် လိုက်ပါရမည်ဖြစ်ပြီး တတိယမင်းသား လီဟောက်ကတော့ ကျောက်မိသားစုတပ်ဖွဲ့နှင့် လိုက်ပါသွားရမည်။ အိမ်ရှေ့စံ လီကျင့်ကတော့ ရှင်းယန်စစ်တပ်နှင့်အတူ လိုက်ပါစစ်ထွက်ရမည်ဖြစ်သည်။ ယုံးကျားဧကရာဇ်က ထိုသို့ စီစဥ်ပေးခြင်းမှာလည်း စေတနာအပြည်နှင့် ဖြစ်လေ၏။ ဒီလိုနည်းလမ်းများက မင်းသားများ၏ ဘေးကင်းရေးကို အတိုင်းအတာတစ်ခုအထိ အာမခံချက်ပေးနိုင်ပေလိမ့်သည်။

လုမင်ယွိက လီကျင့်ကို မော့ကြည့်လိုက်ကာ "ရှင်လဲ ဂရုစိုက်နော်။ ဘေးကင်းကင်းနဲ့ ပြန်လာခဲ့ပါ"

လီကျင့်၏ မျက်ဝန်းများက တည်ငြိမ်ပြတ်သားနေပြီး ခေါင်းညိမ့်ပြလိုက်လေသည်။ "ကို ပြန်လာမှာကို စိတ်ချလက်ချနဲ့ စောင့်နေလိုက်ပါ"

ဝမ်းနည်းပူဆွေးနေသည့် လေထုက ကြာကြာမခံလိုက်ချေ။

လုရွှမ်းက ခေါင်းပြူထွက်လာပြီး ပြောလေသည်။ “ယိဖု ဒီတစ်ခေါက် စစ်ထွက်ရင် ကျွန်တော့်ကိုပါ ခေါ်သွားပေးပါလား"

လုလင်းက ပြုံးကာ မျက်စောင်းထိုးလိုက်ပြီး "မင်းရဲ့ ခြေတံလက်တံသေးသေးလေးနဲ့ လှံရှည်တောင် မနိုင်ဘဲနဲ့ စစ်မြေပြင်ရောက်ရင် ဘာလုပ်လို့ရမှာလဲ။ သူများသတ်တာကို အလကားသွားခံမလို့လား"

နှစ်သစ်ကူးပြီးသွားသည့်နောက်တွင် လုရွှမ်းသည် တစ်နှစ်ပိုကြီးလာကာ ၁၂နှစ်ပြည့်ပြီ ဖြစ်လေသည်။ သို့သော်ငြား ပိန်ပိန်ပါးပါး မျောက်ရုပ်လေးက မပြောင်းလဲသေးဘဲ ခြေတံလက်တံရှည်ကာ ခေါင်းကြီးနေဆဲပင်။ လူကြီးလို ဟန်ဆောင်နေသည့် ပုံစံက ရယ်စရာကောင်းနေတော့၏။

လုရွှမ်းသည် ယိဖု၏ ရက်ရက်စက်စက် ငြင်းပယ်ခြင်းကို ခံလိုက်ရသဖြင့် စစ်ထဲလိုက်ချင်သည့် စိတ်ကူးလေး ပျောက်ကွယ်သွားပြီး ဝမ်းနည်းပလက် ငြီးတွားလိုက်လေတော့သည်။ "ကျွန်တော် အမြန်မြန် အသက်ကြီးလာဖို့ ဆုတောင်းလိုက်ချင်တော့တာပါပဲ"

လူအများကလဲ ဝိုင်းရယ်လိုက်ကြတော့သည်။

လုမင်ဖန်းက လက်လှမ်းလိုက်ပြီး လုရွှမ်း၏ ခေါင်းလေးကို ပုတ်ကာပြောလိုက်လေသည်။ "ယိဖုက စစ်ထွက်ရမယ်။ အာ့တိကလဲ လိုက်သွားရမယ်။ ကျွမ်းအာကလဲ ငယ်သေးတာဆိုတော့ လုအိမ်တော်တစ်ခုလုံးမှာ မောင်လေးအပေါ်ပဲ အားကိုးနေရတာနော်"

လူပျိုပေါက်အရွယ် ကောင်လေးများသည် ကလေးဟု အခေါ်ခံရခြင်းကို မနှစ်သက်ဆုံးပင်။ "တာဝန်ကြီးကြီးမားမား" ပေးအပ်ခံလိုက်ရသဖြင့် လုရွှမ်းသည် ချက်ချင်းစိတ်ဓာတ်တက်ကြွသွားပြီး ပါးလွှာသည့် ရင်အုပ်ကိုဖွင့်ကာ ပြောလိုက်တော့သည်။ "ကျွန်တော် ရှိနေသရွေ့ အားလုံးစိတ်ချလိုက်ကြပါ"

လုမင်ယွိ၏ ရင်ထဲက ဝမ်းနည်းမှုများကလဲ ပျောက်ကွယ်သွားပြီး ပြုံးကာ လုရွှမ်းကို လှမ်းရိုက်လိုက်တော့သည်။ "တစ်ခုခုဆိုတာနဲ့ ချက်ချင်း နန်းတော်ထဲကို စာပို့လိုက်။ အစ်မရှိနေသရွေ့ ဘယ်သူကမှ မင်းတို့ကို အနိုင်ကျင့်လို့မရစေရဘူး"

ဟုတ်တာပဲလေ။ လုလင်းတို့သားအဖ ထွက်သွားတာနဲ့ လုမိသားစုရဲ့ အားကိုးရတဲ့ ကျောထောက်နောက်ခံက လုမင်ယွိ ဖြစ်သွားပြီပဲ။

လုရွှမ်းကလဲ မြှောက်ပင့်နေသည့် အပြုံးတစ်ခုကို ပြုံးပြလိုက်ပြီး လုမင်ယွိကို လက်နှစ်ဖက်ယှက်ကာ အရိုအသေ ပေးလိုက်လေသည်။ "ထိုက်ဇီဖေးကို ကျေးဇူးတင်ပါတယ်"

လုမင်ယွိက ပြုံးကာ လုရွှမ်းကို ခြေထောက်နှင့် လှမ်းကန်လိုက်တော့သည်။

ဒီလို ကြားဖြတ်ဖြစ်ရပ်လေးကြောင့် လေထုက ပေါ့ပါးသွားခဲ့လေသည်။ စကားစမြည်ပြောဆိုပြီးနောက် သမီးနှင့်သမက်များက အသီးသီး နှုတ်ဆက်ကာ ပြန်သွားကြတော့၏။ လုလင်းက သမီးနှင့်သမက်များကို အိမ်တော်အပြင်ဘက်ထိ ပို့ပေးပြီးမှ လုဖေးကို စာကြည့်ဆောင်ထဲသို့ ခေါ်သွားလေတော့သည်။

သားအဖနှစ်ယောက်သည် သန်းခေါင်ကျော်အထိ ဆွေးနွေးပြီးမှ အနားယူလိုက်ကြ၏။

လုဖေးသည် အခန်းသို့ ပြန်ရောက်လာသည်နှင့် သားဖြစ်သူကို အရင်ဆုံး သွားကြည့်လေသည်။

ကျွမ်းအာသည် မွေးကတည်းက ကိုယ်လုံးကိုယ်ထည် ကြီးမားပြီး ယခုနှစ်လမပြည့်သေးသော်ငြား ရွှီအာနှင့် မတိမ်းမယိမ်း ရှိနေပြီဖြစ်သည်။ မျက်လုံးလေးများက နက်မှောင်တောက်ပနေပြီး ခြေထောက်တုတ်တုတ်လေးနှင့် ကန်ကျောက်လိုက်လျှင် ကြောင်လေးပင် လွင့်သွားနိုင်လေသည်။

လုဖေးသည် ဝဝကစ်ကစ် သားလေးကိုကြည့်ရင်း သဘောကျကာ ပြုံးလိုက်၏။ "ငါတို့ရဲ့ ကျွမ်းအာလေးကို ကြည့်ပါအုံး။ ကျန်းမာလန်းဆန်းပြီး အားအင်တွေ ပြည့်နေလိုက်တာ။ ကြီးလာရင် သေချာပေါက် သိုင်းပညာထူးချွန်တဲ့သူ ဖြစ်လာမှာ ပဲ"

ရှန်းလန်ကတော့ ပြုံးကာ အင်းဟုပြန်ဖြေလိုက်သော်လည်း မကြာခင်မှာပင် မျက်ဝန်းလေးများက နီရဲလာပြီး မျက်ရည်များက တာကျိုးသလို ကျဆင်းလာတော့၏။

လုဖေးသည် စိတ်မကောင်းဖြစ်သွားပြီး ချစ်ဇနီးသည်လေးကို ရင်ခွင်ထဲသို့ ထည့်သွင်းထားကာ တိုးတိုးလေး နှစ်သိမ့်လိုက်လေသည်။ "အစ်ကို ဒီတစ်ခေါက်သွားရင် ဘယ်တော့မှ ပြန်လာရမလဲ မသိဘူး။ အိမ်တော်ကိစ္စတွေကို မင်းပဲ ပင်ပင်ပန်းပန်း တာဝန်ယူရတော့မယ်။ ပြီးတော့ ကလေးကို မင်းပဲ ဂရုစိုက်ရတော့မှာ"

ရှန်းလန်က မျက်လုံးများနီရဲနေလျက် ရှိုက်သံဖြင့် ပြောလိုက်လေသည်။ "ပင်ပန်းမှာကို မကြောက်ပါဘူး။ အစ်ကိုရဲ့ ဘေးကင်းရေးကိုပဲ စိတ်ပူတာပါ။ စစ်မြေပြင်မှာ ဓားတွေလှံတွေက မျက်စိမပါဘူး။ အစ်ကို ... အစ်ကို.ဂရုစိုက်ရမယ်နော်။ သေချာပေါက် ဘေးကင်းကင်းနဲ့ ပြန်လာခဲ့နော်"

လုဖေး၏ မျက်လုံးများသည်လဲ နီရဲသွားကာ ဇနီးသည်ကို တင်းကြပ်စွာ ဖက်ထားလိုက်လေသည်။ "ကောင်းပါပြီ အစ်ကို သေချာပေါက် ဘေးကင်းကင်းနဲ့ ပြန်လာခဲ့ပါ့မယ်"

...

ခွဲခွာရမှာကို ဝမ်းနည်းပူဆွေးနေကြသူများက သူတို့တင် မဟုတ်ကြပေ။

နှစ်ရှည်လများ စစ်တိုက်နေကြသူများပင် စစ်ထွက်ခါနီးအချိန်တွင် မိသားစုဝင်များက စိုးရိမ်ပူပန်တတ်ကြသည်မှာ မလွှဲမရှောင်သာပင်။

စတုတ္ထမင်းသားသည် ဇနီးသည် အသစ်စက်စက်လေးနှင့် ဖူယန်မြို့စားအိမ်တော်သို့ ပြန်လာခဲ့ကြ၏။ ကျောက်ယွီက ကိုယ်တိုင်တောင်းယူလာသည့် ဘေးကင်းမည့် အဆောင်လက်ဖွဲ့ကို ဖခင်ဖြစ်သူ၏လက်ထဲ ထည့်ပေးလိုက်သည်။ "အဖေ ဒါက သမီးအဖေ့အတွက် တောင်းပေးထားတဲ့ ဘေးကင်းတဲ့ အဆောင်လက်ဖွဲ့လေး"

ဖူယန်မြိုးစားက ပေါ့ပေါ့ပါးပါး ပြုံးကာ ပြောလိုက်လေသည်။ "မယ်တော်ကြီးက ဗုဒ္ဓဘာသာကို ကိုးကွယ်တော့ ရှို့နဥ်နန်းဆောင်ထဲမှာ ဘုရားဆင်းတုတော်တွေကို ကိုးကွယ်ထားတယ်။ ဒါက ဘုရားရှေ့တော်မှောက်မှာ ဘယ်လောက်ကြာကြာ ထားထားတာလဲ"

ကျောက်ယွီကလဲ မျက်စောင်းထိုးပြလိုက်ကာ "လဝက်လောက်တောင်မှ ထားထားတာ မြန်မြန်ဝတ်ထားလိုက်ပါ"

ဖူယန်မြိုးစားကလဲ ရယ်မောလိုက်လေတော့သည်။ "စစ်မြေပြင်ရောက်ရင် ထူးချွန်တဲ့စစ်သည်တွေနဲ့ သတ္တိရှိတဲ့စစ်သူကြီးတွေကိုပဲ အားကိုးရတာ ဘေးကင်းရေးအဆောင်တွေက ဘာအသုံးဝင်မှာလဲ"

သမီးဖြစ်သူ၏ မျက်စောင်းထိုးခြင်းကို ခံလိုက်ရသည်တွင် ချက်ချင်းဆိုသလို စကားကို ပြောင်းပြောလိုက်ရတော့သည်။ "ဒါက သမီးရဲ့ စေတနာပဲလေ။ သေချာပေါက် အဖေက ဘေးကင်းကင်းနဲ့ ပြန်လာနိုင်အောင် စောင့်ရှောက်ပေးမှာပါ။ အခုပဲ ဝတ်လိုက်ပါမယ်"

ဒီလိုမှပေါ့။

ကျောက်ယွီသည် ချက်ချင်းဆိုသလို စိတ်ကောက်ပြေသွားပြီး ပြုံးရွှင်သွားတော့၏။

ဖူယန်မြို့စားသည် ပုံမှန်အချိန်တွင် စကားတတ်ပြီး ပေါ့ပေါ့ပါးပါး နေတတ်သော်ငြား ယခုအချိန်တွင်တော့ တည်ကြည်လေးနက်စွာဖြင့် စတုတ္ထမင်းသားကို မှာကြားလိုက်လေသည်။ "အရှင်မင်းသား ဒီတစ်ခေါက် မြို့တော်မှာ ကျန်နေရစ်ခဲ့ရတာက ကောင်းတဲ့ကိစ္စပါပဲ။ ဒီတစ်ခေါက်တိုက်ပွဲက သေချာပေါက်ပြင်းထန်တဲ့ တိုက်ပွဲဖြစ်လာမှာ ယန်နဲ့ချူတိုင်းပြည်ကလဲ အဆင်သင့် ပြင်ထားကြပြီး အင်အားအပြည့်နဲ့ စောင့်နေကြတာ။ သာ့ဝေတိုင်းပြည်က အကောင်းဆုံး စစ်သည်တွေကို ထုတ်သုံးရင်တောင် အလွယ်တကူ.အနိုငျိရနိုငျမှာမဟုတျဘူး"

"စစ်တိုက်ပြီဆိုရင် လူမသေဘူးဆိုတာ မရှိဘူး။ စာပေပညါရှင်တွေက စစ်သူကြီးတွေ ရာထူးတက်ပြီး ဘွဲ့ထူးဂုဏ်ထူးတွေရတာကိုပဲ မြင်နေကြတာ။ ဒါတွေက အသက်နဲ့လဲပြီးတော့ ရထားရတယ်ဆိုတာကို သူတို့ မသိကြဘူး။ သာ့ဝေတိုင်းပြည်က စစ်သူကြီးတွေ အများကြီး စစ်တိုက်ထွက်ကြပေမဲ့ ဘယ်နှစ်ယောက်ကများ ကိုယ်လက်အင်္ဂါ စုံစုံလင်လင်နဲ့ ပြန်လာနိုင်မလဲမသိဘူး”

"အရှင်မင်းသားတွေ စစ်တိုက်ထွက်ရင်လည်း အန္တရာယ်ရှိတာပါပဲ။ အရှင်မင်းကြီးက အရှင်မင်းသားကို ချန်ထားခဲ့မှတော့ နန်းတော်ထဲမှာပဲ စိတ်အေးအေးထားပြီး နေလိုက်ပါ"

"နန်းတွင်းရေးရာတွေကို ချောင်ကောလောင်တို့ စီမံကြလိမ့်မယ်။ အရှင်မင်းသားကတော့ များများနားထောင်ပြီး များများလေ့လာပေါ့။ မပြောသင့်တဲ့စကားကိုလည်း သည်းခံပြီး မပြောပါနဲ့"

စတုတ္ထမင်းသားသည် ပြုံးရွှင်နေသည့် မျက်နှာကို ဘေးဖယ်ထားလိုက်ပြီး လေသံတိုးတိုးဖြင့် ပြန်ဖြေလိုက်လေသည်။ "ယွဲ့ဖု ပြောတဲ့အတိုင်းပါပဲ ကျွန်တော်လဲ အဲဒီ့လိုတွေးထားပါတယ်။ ကျွန်တော်က ငယ်သေးတော့ အတွေ့အကြုံလဲ နည်းပါးတယ်။ သင်ယူစရာတွေ အများကြီး လိုပါသေးတယ်"

ဖူယန်မြို့စားသည် သမက်ဖြစ်သူက မိမိစကားကို နားလည်သဘောပေါက်ကြောင်း တွေ့လိုက်ရသဖြင့် ကျေနပ်စွာ ခေါင်းညိမ့်ပြလိုက်လေသည်။ "အရှင်မင်းသား နားလည်ရင် ပြီးတာပါပဲ။ ချင်ဖေး လျှောက်ပြောနေတာတွေကို နားမယောင်ပါနဲ့။ သူရဲ့ အမြင်ကလဲ မယ်တော်ကြီးလောက်ပဲ ရှိတာပါ။ အရှင်မင်းကြီးက မင်းသားကို ချန်ထားခဲ့တာက မြှောက်စားပြီး နိုင်ငံရေးကိစ္စတွေကို စီမံခိုင်းတယ်လို့ ထင်နေတာ"

"အရှင်မင်းသားအနေနဲ့ ချင်ဖေးရဲ့ သွေးထိုးစကားတွေကို နားယောင်ပြီး အမှားကြီး မကျူးလွန်မိပါစေနဲ့"

"နန်းတော်ထဲမှာ ချောင်မိဖုရားခေါင်နဲ့ထိုက်ဇီဖေးတို့ ရှိသေးတယ်။ နန်းတွင်းမှာ ချောင်ကောလောင် ရှိသေးတယ်။ မင်းသားက လက်လွန်သွားရင် လက်ဖြတ်ခံရလိမ့်မယ်"

စတုတ္ထမင်းသား "..."

တကယ်ကို မထင်ထားဘူး။ ဖူယန်မျိုးစားက ချင်ဖေးအကြောင်း ကောင်းကောင်းသိတာပဲ။ ပြောလိုက်တာနဲ့ တစ်ခုမှမလွဲဘူး။

တပ်မတော်ကြီးက စစ်ထွက်ခွာမည့်အချိန်တွင် အကြီးဆုံးမင်းသားသုံးယောက်လုံး လိုက်သွားရမည်ကို သိလိုက်ရ၏။ ချင်ဖေးသည် ပဉ်စမမငျးသားကို လစ်လျူရှူထားလိုက်ပြီး စတုတ္ထမင်းသားအတွက် အခွင့်အရေးကောင်းများ ရောက်လာသည်ဟု စိတ်လှုပ်ရှားစွာ တွေးထင်နေခဲ့လေသည်။ သားဖြစ်သူကို တိတ်တဆိတ်ခေါ်ကာ အကြိမ်ပေါင်းများစွာ မှာကြားလိုက်လေသည်။ "နန်းတွင်းကိစ္စတွေကို ဂရုစိုက်" "အခွင့်အရေးကောင်းတုန်း နန်းတွင်းအရာရှိတွေကို စည်းရုံးထား" စသည်ဖြင့် ...

ရှို့နဥ်နန်းဆောင်က ဘုရားဆင်းတုတော်ရှေ့မှာ ဆုတောင်းတဲ့အချိန် "ဘုရားရှင်က မျက်စိဖွင့်ပြီး ပထမမင်းသား အိမ်ရှေစံနဲ့ တတိယမင်းသားတို့ကို ခေါ်သွားပေးပါ"လို့ ဆုတောင်းနေမလားဆိုတာတောင် မသိနိုင်တော့ဘူး။

စတုတ္ထမင်းသားသည် ဖူယန်မြို့စား၏ အရာရာကို သိမြင်နေသည့်အသိကို မြင်လိုက်ရသည်တွင် နေရခက်စွာဖြင့် ချောင်းတစ်ချက် ဟန့်လိုက်လေတော့သည်။ "ယွဲ့ဖုမှာတဲ့ စကားတွေကို ကျွန်တော် မှတ်သားထားပါ့မယ်"

...

အပိုင်း (၃၂၀) နှုတ်ဆက်ခြင်း (၂)

ယိဟွားနန်းဆောင်အတွင်းတွင် စူးကွေ့ဖေးသည် တံခါးပေါက်ကို မျှော်လင့်တကြီး စိုက်ကြည့်နေလေသည်။

နန်းတွင်းအပျိုတော်တစ်ဦးသည် အလျင်အမြန် ဝင်ရောက်လာပြီး စူးကွေ့ဖေးကို ဂါရဝပြုကာ လျှောက်တင်လိုက်လေသည်။ "စူးကွေ့ဖေးကို လျှောက်တင်ပါရစေ။ တတိယမင်းသားက နန်းတော်ထဲကနေ အိမ်တော်ကို ပြန်သွားပါပြီ"

စူးကွေ့ဖေး၏ စိတ်နှလုံးသည် လေးလံသွားရလေသည်။

လီဟောက်သည် လဝက်ခန့် ရှိပြီဖြစ်သော်လည်း အနောက်နန်းဆောင်သို့ ဝင်ရောက်လာခြင်း မရှိပေ။ လီချန်ကို သွားရောက်ကြည့်ရှုခြင်း မရှိသလို ယိဟွားနန်းဆောင်သို့လာပြီး မယ်တော်ရင်းကိုလည်း လာရောက်တွေ့ဆုံခြင်း မရှိချေ။ မြို့တော်မှထွက်ခွာပြီး စစ်ချီရတော့မည့် အချိန်တွင်တော့ လာရောက်နှုတ်ဆက်သင့်သည် မဟုတ်ပါလား။ စောင့်မျှော်နေသော်လည်း ရရှိလိုက်သည့်သတင်းမှာ လီဟောက် နန်းတော်မှ ထွက်ခွာသွားပြီဟူသော သတင်းသာ ဖြစ်လေသည်။

စူးကွေ့ဖေးသည် စိတ်ဂနာမငြိမ်ဖြစ်ကာ စိတ်ထဲတွင် အလွန်ထိတ်လန့်တုန်လှုပ်လာမိသည်။

သူမ၏ စိတ်ထဲတွင် အလေးထားရဆုံးနှင့် အားကိုးရဆုံးသူမှာ သားကြီး ဖြစ်လေသည်။ လီဟောက်သည်လည်း အမြဲတမ်း မိဘကို ရိုသေသိတတ်သော သားတစ်ဦး ဖြစ်ခဲ့သည်။ ယခုအခါ လီဟောက်နှင့် သူမတို့ သားအမိနှစ်ယောက် စိတ်ဝမ်းကွဲရတော့မည့် အခြေအနေကို မြင်တွေ့နေရသဖြင့် သူမသည် တတိယမင်းသားအိမ်တော်သို့ ချက်ချင်း ပြေးသွားချင်စိတ် ပေါက်နေမိတော့သည်။

သို့သော် အနောက်နန်းဆောင်မှ ကိုယ်လုပ်တော်များသည် နန်းတော်ပြင်ပသို့ လွယ်လွယ်ကူကူ ထွက်ခွာခွင့်မရှိချေ။ သူမမဆိုထားနှင့် ချောင်မိဖုရားခေါင်ပင်လျှင် နန်းတော်မှ ထွက်ခွာဖူးခြင်း မရှိပေ။

ဘယ်လိုလုပ်ရမလဲ။

သူမ ဘာလုပ်မှ လီဟောက်နဲ့ တွေ့ရမှာလဲ။

စူးကွေ့ဖေးသည် စိတ်ပူလွန်းသဖြင့် နဖူးမှ ချွေးစေးများပင် ပြန်လာပြီးနောက် အံကိုကြိတ်ကာ အကြံတစ်ခု ရလိုက်လေသည်။

ထိုနေ့ညတွင် စူးကွေ့ဖေးသည် စောင်မခြုံဘဲ အိပ်စက်ခဲ့ပြီး ပြတင်းပေါက်ကိုဖွင့်ကာ တစ်ညလုံး လေတိုက်ခံလိုက်လေသည်။ နောက်ဆုံးတွင်တော့ မိုးလင်းချိန်၌ ကိုယ်ပူချိန်တက်လာကာ ဖျားနာသွားတော့သည်။

ချောင်မိဖုရားခေါင်သည် စူးကွေ့ဖေး နေထိုင်မကောင်းဖြစ်ကြောင်း သိရှိလိုက်ရသည့်အခါ မျက်မှောင်ကြုတ်လိုက်ပြီး မနှစ်မြို့စွာ ပြောလေသည်။ "ဒီလိုအချိန်မျိုးမှာ ဘယ်လိုဖြစ်ပြီး နေမကောင်း ဖြစ်ရတာလဲ။ တကယ့်ကို အရှုပ်ထုတ်ပဲ"

သူမသည် လက်ကို ဝှေ့ယမ်းလိုက်ပြီး တော်ဝင်သမားတော်ဝူကို စူးကွေ့ဖေးထံ သွားရောက်ကုသရန် စေလွှတ်လိုက်လေသည်။

လုမင်ယွိသည် ချောင်မိဖုရားခေါင်၏ ဘေးတွင် ထိုင်နေပြီး နှုတ်ခမ်းထောင့်များက အေးစက်စွာ ကွေးညွတ်သွားလေသည်။

စူးကွေ့ဖေးက သားကို ထိန်းချုပ်ဖို့ နည်းလမ်းဟောင်းကို ထပ်သုံးပြန်ပြီပဲ။

ဒီလို ဖျားနာသွားမှတော့ လီဟောက်က ဒေါသထွက်နေရင်တောင် နန်းတော်ထဲဝင်ပြီး လူမမာလာမေးရတော့မှာပဲ။

ချောင်မိဖုရားခေါင်သည် စူးကွေ့ဖေး၏ ရောဂါအခြေအနေကို ဆွေးနွေးရန် စိတ်မပါတော့ဘဲ လုမင်ယွိကို မေးလိုက်လေသည်။ "မနက်ဖြန် တပ်မတော်ကြီးက စစ်ချီတော့မှာဆိုတော့ အားကျင့်ရဲ့ အဝတ်အစားနဲ့ ခရီးဆောင်အိတ်တွေကို ပြင်ဆင်ပြီးပြီ မဟုတ်လား"

ခရီးဝေးသွားရမည့် သားအတွက် မိခင်က စိတ်ပူပန်နေရသည်မှာ ဓမ္မတာပင်။ ယခုခရီးစဉ်က မိုင်ထောင်ချီ ဝေးကွာသည် မဟုတ်ပါလား။

လုမင်ယွိသည် စိတ်ကို တည်ငြိမ်အောင်ထားပြီး ပြုံးကာ ပြန်ဖြေလိုက်လေသည်။ "စောစောကတည်းက ပြင်ဆင်ပြီးပါပြီ။ မူဟုပ် စိတ်ချလက်ချသာ နေပါ"

ချောင်မိဖုရားခေါင်သည် သူမ၏ ရင်ဘတ်ကို လက်ဖြင့် ဖိလိုက်ပြီး ခါးသက်သက် အပြုံးတစ်ခုကို ပြုံးလိုက်လေသည်။ "စိတ်ချတာဖြစ်ဖြစ် စိတ်မချတာဖြစ်ဖြစ် သူ့ကို တားလို့မှမရတာ" ခဏရပ်ပြီးမှ ထပ်ပြောလိုက်လေသည်။ "အားကျင့် ထွက်သွားပြီးတာနဲ့ ပန်ကုံးက အသားရှောင်ပြီး သတ်မှတ်လွတ်လပ်ခွင့် ယူလိုက်တော့မယ်။ တပ်မတော်ကြီးအတွက် ဘုရားဝတ်ပြု ဆုတောင်းပေးမယ်။ အရှင်မင်းကြီးနဲ့ ထိုက်ဇီအတွက်လည်း ဆုတောင်းပေးရမယ်"

ချောင်မိဖုရားခေါင်သည် ပထမမင်းသားနှင့် တတိယမင်းသားအကြောင်းကို တမင်ချန်လှပ်ထားခဲ့လေသည်။

လုမင်ယွိကလည်း ထိုအကြောင်းကို တစ်လုံးမှ မဟဘဲ ပြုံးကာ ပြောလိုက်လေသည်။ "ကျွန်မလည်း မူဟုပ်နဲ့အတူ အသားရှောင်ပါ့မယ်"

ချောင်မိဖုရားခေါင်က ငြင်းဆန်လိုက်လေသည်။ "ပန်ကုံးက အသက်ကြီးနေပြီဆိုတော့ သက်သတ်လွတ် စားတာက အဆင်ပြေပါတယ်။ မင်းက ငယ်သေးတယ်။ နေ့တိုင်း ရွှီအာနဲ့ ရွှမ်းအာကို ပြုစုစောင့်ရှောက်နေရတာ။ အသားငါး မစားလို့ ဘယ်ဖြစ်မလဲ"

လုမင်ယွိသည် အသားမပါလျှင် ထမင်းမစားတတ်သူ ဖြစ်သော်လည်း အလိုက်သင့် ပြုံးကာ ပြောလိုက်လေသည်။ "မူဟုပ်က ကျွန်မကို ဒီလောက်တောင် ချစ်ခင်နေမှတော့ ကျွန်မက မူဟုပ်နဲ့အတူ ၇ရက်လောက်တော့ သက်သတ်လွတ် စားပါ့မယ်။ ၇ရက်ပြည့်မှ အသားပြန်စားတော့မယ်လေ"

ချောင်မိဖုရားခေါင်က သဘောတူလိုက်ပြီး လီကျင့်နှင့်အတူ လိုက်ပါသွားမည့်သူများ၏ အခြေအနေကို အသေးစိတ် မေးမြန်းလေသည်။

လုမင်ယွိက ပြုံးကာ ဖြေလိုက်သည်။ "အရှင်မင်းသားက ကုန်းကုန်းတစ်ချို့ကို ခေါ်သွားပါတယ်။ ကိုယ်ရံတော်တပ်ဖွဲ့ အားလုံးကိုလည်း ခေါ်သွားပါတယ်"

နန်းတွင်းစည်းမျဉ်းအရ ထိုက်ဇီသည် ကိုယ်ရံတော် ၅၀၀ ထားရှိခွင့် ရှိလေသည်။ လီကျင့်သည် ယခုတစ်ကြိမ်တွင် ကိုယ်ရံတော် ၅၀၀ လုံးကို ခေါ်ဆောင်သွားခြင်း ဖြစ်သည်။ လုမိသားစု၏ ကိုယ်ရံတော်များသည် ဒုတိယမင်းသားအိမ်တော်တွင် ကျန်ရစ်ခဲ့လေသည်။

လျှို့ဝှက်ကိုယ်ရံတော် ၂၀၀၀ သည်လည်း မလှုပ်မယှက် ကျန်ရှိနေခဲ့သည်။

ဒါသည်လည်း လီကျင့်၏ ခိုင်မာသော သဘောထားပင် ဖြစ်သည်။

"ကိုက တပ်မတော်ကြီးနဲ့အတူ စစ်ချီသွားမှာဆိုတော့ ကိုယ်ရံတော်တွေ ပါသွားရင် လုံလောက်ပါပြီ။ မြို့တော်မှာ အပြောင်းအလဲ တစ်စုံတစ်ရာ ဖြစ်လာခဲ့ရင် အဆင်ပြေအောင် မင်းအတွက် လူအင်အား အလုံအလောက် ချန်ထားခဲ့ရမယ်"

လီကျင့်က ထိုသို့ ခိုင်မာစွာ ပြောဆိုလာသဖြင့် လုမင်ယွိကလည်း ဆက်လက် တိုက်တွန်းခြင်း မပြုတော့ပေ။ လီကျင့်အတွက် ခန္ဓာကိုယ်ကပ် အင်္ကျီပျော့ကိုသာ တိုးတိုးတိတ်တိတ် ပြင်ဆင်ပေးလိုက်လေသည်။ ဖခင်ဖြစ်သူ လုလင်းကို ပေးအပ်ခဲ့သည့် ရွှေချည်မျှင် အင်္ကျီပျော့နှင့် တစ်ပုံစံတည်းပင် ဖြစ်လေသည်။

...

ထိုနေ့ညတွင် နန်းတော်၌ ယုံးကျားဧကရာဇ်တို့ သားအဖလေးယောက်ကို နှုတ်ဆက်သည့် ပွဲတော် ကျင်းပလေသည်။

စူးကွေ့ဖေးသည် နေထိုင်မကောင်း ဖြစ်နေဆဲဖြစ်သဖြင့် ပွဲသို့ မတက်ရောက်နိုင်ပေ။

ပဉ္စမမင်းသား လီချန်သည် အရေပြားဒဏ်ရာများ ပျောက်ကင်းသွားပြီဖြစ်သဖြင့် နန်းတွင်းပွဲတော်သို့ တက်ရောက်လာခဲ့သည်။

လီဟောက်က အဝေးကနေ တစ်ချက်လှမ်းကြည့်လိုက်သည်နှင့် လီချန်သည် ထိတ်လန့်သွားပြီး လီဟောက်အနားသို့ မကပ်ရဲတော့ချေ။ မျက်နှာပြောင်တိုက်ပြီး စတုတ္ထမင်းသား၏ အနောက်သို့သာ လိုက်နေတော့သည်။

စတုတ္ထမင်းသားက စိတ်ထဲတွင် ထူးဆန်းနေပြီး ပြုံးကာ စနောက်လိုက်လေသည်။ "ဝူတိ ငါ့ညီက ပုံမှန်ဆိုရင် စန်းကောရဲ့ အနောက်ကိုပဲ လိုက်နေကျလေ။ ဒီနေ့ည ဘာဖြစ်လို့ ငါ့နောက်ကိုပဲ လိုက်နေတာလဲ။ လူမှားနေတာတော့ မဟုတ်ပါဘူးနော်"

လီချန်က ခြောက်ကပ်ကပ် ရယ်မောလိုက်သည်။ "မဟုတ်ပါဘူး"

ထို့နောက်တွင်တော့ ပါးစပ်ကို တင်းတင်းပိတ်ကာ စတုတ္ထမင်းသားနောက်သို့သာ ဆက်လိုက်နေတော့သည်။

အခြားတစ်ဖက်တွင်တော့ မုန့်ယွင်လော်သည်လည်း စိတ်ထဲတွင် အံ့သြနေပြီး လီဟောက်ကို တိုးတိုးလေး မေးလိုက်လေသည်။ "ဝူတိက ဘာဖြစ်လို့ ကြောက်ရွံ့နေတဲ့ပုံစံ ဖြစ်နေရတာလဲ။ ရှင့်ကိုတောင် မကြည့်ရဲဘူး ဖြစ်နေတယ်။ ရှင်နဲ့သူ စိတ်ဝမ်းကွဲထားကြတာလား"

လီဟောက်၏ မျက်ဝန်းများ အေးစက်သွားပြီး စကားပြန်မပြောချေ။

မုန့်ယွင်လော်သည် မျက်နှာပူသွားပြီး စိတ်ထဲတွင် ဒေါသထွက်သွားကာ ဘာမှဆက်မပြောဘဲ နေလိုက်တော့သည်။

ဘာပဲဖြစ်ဖြစ် လီဟောက်ရဲ့ ညီအရင်းပဲလေ။ လီဟောက်က ဂရုမစိုက်ချင်မှတော့ သူမနဲ့လည်း ဘာမှမဆိုင်ပါဘူး။ သည်းခံနိုင်ရင်လည်း လီဟောက်အနေနဲ့ ယိဟွားနန်းဆောင်ကို မသွားဘဲ နေကြည့်ပါလား။

နန်းတွင်းပွဲတော် တစ်ဝက်ကျိုးသွားသည့်အခါ လီဟောက်က နောက်ဆုံးတွင် လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "ငါ ယိဟွားနန်းဆောင်ကို သွားပြီး မူဖေးကို သွားကြည့်လိုက်ဦးမယ်"

မုန့်ယွင်လော်က စိတ်ထဲတွင် မဲ့ရွဲ့လိုက်သော်လည်း လေသံကတော့ နူးညံ့နေဆဲပင်။ "ကျွန်မလည်း အရှင်မင်းသားနဲ့အတူ လိုက်ခဲ့မယ်လေ"

"မလိုတော့ပါဘူး" လီဟောက်က မြန်ဆန်စွာပင် ဖြတ်ပြောလိုက်သည်။ "ငါ တစ်ယောက်တည်းသွားပြီး ခဏနေရင် ပြန်လာခဲ့မယ်။ မင်းက ကိုယ်ဝန်ရှိနေတာဆိုတော့ ရောဂါကူးစက်ခံရမှာ စိုးရတယ်"

ထို့နောက်တွင်တော့ တိတ်တဆိတ် ထွက်ခွာသွားလေသည်။

အမွှေးတိုင်တစ်တိုင်စာခန့် ကြာမြင့်ပြီးနောက် လီဟောက်သည် ယိဟွားနန်းဆောင်ထဲသို့ ဝင်ရောက်လာပြီး စူးကွေ့ဖေး၏ ကုတင်ဘေးသို့ ရောက်ရှိလာခဲ့သည်။

စူးကွေ့ဖေး၏ ယခုတစ်ကြိမ် ဖျားနာမှုသည် အမှန်တကယ် စစ်မှန်လေသည်။ အိပ်ဆောင်အတွင်း၌ ဆေးနံ့များ လှိုင်နေလေသည်။

စူးကွေ့ဖေးသည် မျက်နှာဖြူဖျော့နေပြီး မကြာခဏ ချောင်းဆိုးနေသည်။ ရင်းနှီးသော ခြေသံကို ကြားလိုက်ရသည်နှင့် စူးကွေ့ဖေး၏ မျက်ဝန်းထဲတွင် မျက်ရည်များ ပြည့်လျှံလာပြီး ရှိုက်သံဖြင့် ခေါ်လိုက်လေသည်။ "အားဟောက်... သား နောက်ဆုံးတော့ အမေ့ဆီ လာကြည့်ပြီပေါ့"

ဘေးနားရှိ နန်းတွင်းအပျိုတော်သည် တိတ်တဆိတ် နောက်ဆုတ် ထွက်ခွာသွားလေသည်။

လီဟောက်သည် ကုတင်ဘေးတွင်ရပ်ကာ အားနည်းနေသော စူးကွေ့ဖေးကို တိတ်ဆိတ်စွာ စိုက်ကြည့်နေမိသည်။

စူးကွေ့ဖေးသည် ကိစ္စရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ငိုကြွေးတတ်သူ ဖြစ်သည်။ ယခုလို အခြေအနေမျိုးတွင်တော့ ပိုပြီး သနားစဖွယ်ကောင်းအောင် ငိုကြွေးနေတော့သည်။ "အားဟောက်... သား စိတ်ထဲမှာ အမေနဲ့ မောင်လေးကို အပြစ်တင်နေမယ်ဆိုတာ အမေ သိပါတယ်။ အမေ တကယ်ပဲ အမှားလုပ်မိခဲ့ပါတယ်။ အားချန်ကလည်း မိုက်မဲလွန်းပါတယ်"

"ဒါပေမဲ့ သားက ဆူလည်းဆူပြီးပြီ ရိုက်လည်း ရိုက်ပြီးပြီလေ။ တကယ်ပဲ တစ်ဦးတည်းသော ညီအရင်းနဲ့ အဆက်အသွယ် ဖြတ်လိုက်တော့မလို့လား။ ပြီးတော့ ဒီအမေရင်းကိုရော လုံးဝ ပစ်ထားလိုက်တော့မလို့လား"

"အားဟောက်... အမေက မျိုးရိုးနိမ့်ပါးတော့ ဒီနန်းတော်ထဲမှာ ဘယ်သူကမှ အမေ့ကို အထင်မကြီးကြပါဘူး။ မိဖုရားခေါင်ကလည်း အမေ့ကို အထင်မကြီးသလို မုန့်ကွေ့ဖေးကလည်း အမေ့ကို လူရာမသွင်းပါဘူး။ ချင်ဖေးကလည်း အမေ့ကို မကြာခဏ လှောင်ပြောင်သရော် လုပ်တတ်တယ်။ အခုဆိုရင် နောက်မှရောက်လာတဲ့ ဝမ်မေရန်ကတောင် အမေ့ထက် ပိုပြီး မျက်နှာပွင့်နေပြီ"

"အမေက ဘယ်သူ့ကိုမှ အားကိုးလို့မရပါဘူး။ သားကိုပဲ အားကိုးနေရတာပါ။ သားက အမေ ၁၀လလွယ်ပြီး မွေးထားတဲ့ သားလေ။ သူများတွေက အမေ့ကို ရွံရှာကြပေမဲ့ သားကတော့ ကိုယ့်အမေအရင်းကို မရွံရှာဘူး မဟုတ်လား"

ရင်းနှီးနေကျ ငိုချင်းချသံများနှင့် ရင်းနှီးနေကျ ပျော့ညံ့မှုများပင် ဖြစ်လေသည်။

စူးကွေ့ဖေးက တမင်သက်သက် လုပ်ဆောင်နေမှန်း သိသော်လည်း စိတ်နှလုံးက မထိန်းချုပ်နိုင်ဘဲ ပျော့ပျောင်းသွားရလေသည်။

လီဟောက်သည် ဆက်လက် တိတ်ဆိတ်နေဆဲပင်။

စူးကွေ့ဖေးက ထပ်ပြီး ငိုကြွေးပြန်သည်။ "သား စိတ်ထဲမှာ ဒေါသထွက်နေမှန်း အမေ သိပါတယ်။ အရင်တုန်းက ကိစ္စတွေက အမေ့ရဲ့အမှားတွေပါ။ အမေ သားကို တောင်းပန်ပါတယ်။ ဒါပေမဲ့ အခု သားက မုန့်မိသားစုက သမီးပျိုကို လက်ထပ်ယူထားပြီးပြီလေ။ မုန့်ရှီမှာလည်း ကိုယ်ဝန်ရှိနေပြီ။ မကြာခင် သားအတွက် သားလေး မွေးပေးတော့မှာ။ သား လုမင်ယွိတို့ သားအမိနှစ်ယောက်ကို ဆက်ပြီး စွဲလမ်းမနေပါနဲ့တော့နော်။ ဟုတ်ပြီလား"

လီဟောက်၏ နှလုံးသားသည် အပ်ဖြင့် ထိုးဆွလိုက်သကဲ့သို့ နာကျင်သွားရလေသည်။

စူးကွေ့ဖေးသည် စမ်းတဝါးဝါးဖြင့် သူ၏လက်ကို လှမ်းဆွဲလိုက်ပြီး သနားစဖွယ် အသနားခံကာ ငိုကြွေးလေတော့သည်။ "အားဟောက်... အမေ သားကို တောင်းပန်ပါတယ်။ အမေ ဒူးထောက်ပြီး ဦးချတောင်းပန်ပါ့မယ်" ပြောပြောဆိုဆိုနှင့် ကုတင်ပေါ်မှ ဆင်းကာ ကြမ်းပြင်ပေါ်သို့ လျှောချလိုက်ပြီး ဒူးထောက်လိုက်လေသည်။

ပထမဦးဆုံးအကြိမ် ဦးမချရသေးမီမှာပင် လီဟောက်က လက်ဆန့်ကာ စူးကွေ့ဖေးကို တွဲထူလိုက်လေတော့၏။

...

အပိုင်း (၃၂၁) နှုတ်ဆက်ခြင်း (၃)

စူးကွေ့ဖေးသည် စိတ်ထဲတွင် သက်ပြင်းတစ်ချက် အသာချလိုက်ပြီး မျက်ရည်များ ဝဲနေလျက် ဆက်လက် အသနားခံလိုက်လေသည်။ "အားဟောက်... အမေ တကယ်ပဲ အမှားကို သိပါပြီ။ နောက်ဆိုရင် အမေ သေချာပေါက် ပြင်ပါ့မယ်။ သားတို့ လင်မယား ကောင်းကောင်း နေထိုင်ကြပါ။ အမေက သားတို့လင်မယားကြားက ကိစ္စတွေကို ဘယ်တော့မှ ဝင်မပါတော့ပါဘူး။ အားချန်က ပြီးခဲ့တဲ့ဘဝတုန်းက မိုက်မဲခဲ့ပေမဲ့ ဒီဘဝမှာတော့ ဘာမှမသိသေးဘူးလေ"

"သား သူ့ကို စိတ်ပြေအောင် ရိုက်ချင်ရင် ရိုက်လို့ရပါတယ်။ ဒါပေမဲ့ သူ့ကို လုံးဝ စိတ်မနာလိုက်ပါနဲ့။ သားတို့က ဘယ်လိုပဲဖြစ်ဖြစ် ညီအစ်ကိုအရင်းတွေလေ။ အရိုးကို ရိုက်ချိုးလိုက်ရင်တောင် အကြောတွေ ဆက်နေသေးတယ်"

"သား စိတ်ထဲမှာ ဒေါသထွက်နေလို့ အခု သူ့ကို ဂရုမစိုက်ချင်ဘူးဆိုရင်လည်း သား သဘောပါပဲ။ သား စစ်နိုင်ပြီး ပြန်လာတဲ့အချိန်ကျရင် ဒေါသပြေလောက်ပါပြီ။ အဲဒီအချိန်ကျရင် သားတို့က ညီအစ်ကိုတွေပဲလေ"

လီဟောက်သည် စိတ်ထဲမှ မွန်းကြပ်မှုများကို သက်ပြင်းရှည်ကြီးဖြင့် မှုတ်ထုတ်လိုက်ပြီး အသံနိမ့်နိမ့်ဖြင့် ပြောလိုက်လေသည်။ "ဆက်မပြောပါနဲ့တော့။ ကျွန်တော် အခု ဒါတွေကို နားမထောင်ချင်တော့ဘူး"

စူးကွေ့ဖေးသည် အင်္ကျီလက်ဖြင့် မျက်ရည်ကို အမြန်သုတ်လိုက်ပြီး မျက်နှာချိုသွေးကာ ပြောလိုက်သည်။ "ကောင်းပါပြီ ကောင်းပါပြီ။ သား နားမထောင်ချင်ရင် အမေ မပြောတော့ပါဘူး" ထို့နောက် ခေါင်းအုံးအောက်မှ အဆောင်လက်ဖွဲ့တစ်ခုကို ထုတ်ယူကာ လီဟောက်၏ လက်ထဲသို့ ထည့်ပေးလိုက်လေသည်။ "အားဟောက်... ဒါက အမေ သားအတွက် တောင်းပေးထားတဲ့ အဆောင်လက်ဖွဲ့ပါ။ သား အမြဲဆောင်ထားနော်။ ဒီတစ်ခေါက် စစ်တိုက်သွားရင် ရှေ့ကိုချည်းပဲ အတင်းတိုးမသွားပါနဲ့။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ"

ယခင်ဘဝတုန်းက လီဟောက်သည် စစ်မြေပြင်တွင် ဒဏ်ရာရရှိခဲ့ပြီး ငယ်ငယ်ရွယ်ရွယ်နှင့် သေဆုံးခဲ့ရသည်။

စူးကွေ့ဖေးသည် ဒီဘဝမှာတော့ သားဖြစ်သူ အသက်ရှည်ရှည် နေထိုင်သွားနိုင်ဖို့ မျှော်လင့်မိသည်။

အပြစ်တွေ ထောင်သောင်းချီ ရှိနေပါစေဦး မွေးထုတ်ပေးပြီး ကျွေးမွေးစောင့်ရှောက်ခဲ့သည့် မိခင်အရင်းပင်။

လီဟောက်သည် တောင်းပန်တိုးလျှိုးသော မျက်ဝန်းများနှင့် ကြည့်နေသည့် စူးကွေ့ဖေးကို ကြည့်ကာ သက်ပြင်းတစ်ချက် ထပ်ချလိုက်ပြီး အဆောင်လက်ဖွဲ့ကို ရင်ဘတ်တွင် ချိတ်ဆွဲလိုက်လေသည်။

...

နန်းတွင်းပွဲတော် ပြီးဆုံးပြီးနောက် ယုံးကျားဧကရာဇ်သည် ကျောင်းဖန်နန်းဆောင်တွင် ညအိပ်လေသည်။

လုမင်ယွိနှင့် လီကျင့်တို့ကတော့ လက်ချင်းချိတ်ကာ အိမ်ရှေ့စံနန်းဆောင်သို့ ပြန်လာခဲ့ကြသည်။ ကလေးများကို အရင်သွားကြည့်ပြီး သိပ်လိုက်လေသည်။

လီကျင့်သည် သားနှင့်သမီးကို မခွဲနိုင်မခွာရက် ကြည့်နေပြီး ခေါင်းငုံ့ကာ တစ်ယောက်ချင်းစီကို နမ်းလိုက်လေသည်။ "ကို ပြန်လာတဲ့အချိန်ကျရင် သားအဖေ သမီးအဖေကို မမှတ်မိတော့မှာ စိုးရတယ်"

လုမင်ယွိက တမင်ပေါ့ပေါ့ပါးပါး ပြုံးရယ်လိုက်လေသည်။ "လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက ရှင့်ပုံတူကို ကျွန်မ ဆွဲထားတယ်။ မနက်ဖြန် ရှင် ထွက်သွားပြီးတာနဲ့ ကျွန်မက နေ့တိုင်း ကလေးတွေကိုခေါ်ပြီး ရှင့်ပုံတူကို သွားကြည့်ခိုင်းမယ်။ ကလေးတွေက သူတို့အဖေအရင်းကို သေချာပေါက် မှတ်မိနေအောင် လုပ်ပေးမယ်"

လီကျင့်က စိတ်ထဲတွင် ကြိတ်ပြုံးလိုက်ပြီး လုမင်ယွိ၏လက်ကို ဆုပ်ကိုင်ကာ အိပ်ဆောင်သို့ ပြန်လာခဲ့ကြသည်။

ခွဲခွာခါနီးအချိန် ဖြစ်သောကြောင့် နားနားကပ်ကာ တိုးတိုးလေး ပြောဆိုကြရင်း မကုန်နိုင်မခမ်းနိုင်သော ကြင်နာမှုများနှင့် ချစ်ခင်မှုများ ပြည့်နှက်နေလေသည်။

သန်းခေါင်ယံ အချိန်ရောက်မှသာ ပင်ပန်းနွမ်းနယ်စွာဖြင့် အိပ်ပျော်သွားကြတော့သည်။

ဒီတစ်ညတာ အချိန်သည် ထူးထူးခြားခြား ကုန်ဆုံးလွယ်လှ၏။ မနက် ၅ချက်တီးသံ ကြားလိုက်ရသည်နှင့် လီကျင့်သည်လည်း နိုးလာခဲ့သည်။ လျင်မြန်စွာ ထလိုက်ပြီး ရွှေချည်မျှင် အင်္ကျီပျော့ကို ဝတ်ဆင်ကာ ငွေရောင်သံချပ်ကာကို ထပ်ဝတ်လိုက်လေသည်။

ချောမောသော မျက်နှာထားသည် ချက်ချင်းဆိုသလို ရဲရင့်ပြတ်သားမှုများ ပိုမိုလာခဲ့သည်။

လုမင်ယွိသည် ရှေ့သို့တိုးသွားပြီး လီကျင့်ကို နောက်ဆုံးအကြိမ် ပြင်ဆင်ပေးကာ အနားသို့ကပ်၍ လီကျင့်၏ နှုတ်ခမ်းကို ဖွဖွလေး နမ်းလိုက်လေသည်။

ပြန်ခွာမည်ပြုစဉ် လီကျင့်က အတင်းဆွဲဖက်လိုက်ပြီး ပြင်းပြင်းထန်ထန် ပြန်နမ်းလိုက်လေသည်။

အတော်ကြာမှ လီကျင့်က ခေါင်းမော့လိုက်ပြီး အသက်ရှူသံ မမှန်စွာဖြင့် သူမ၏ နှုတ်ခမ်းနား ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။ "ရှောင်ယွိ... ကို့ကို စောင့်နေနော်"

လုမင်ယွိ၏ မျက်ဝန်းအိမ်များ ပူနွေးလာသော်လည်း အသံကတော့ တည်ငြိမ်နေဆဲပင်။ "ကောင်းပါပြီ။ ကျွန်မနဲ့ ကလေးတွေက ရှင့်ကို စောင့်နေပါ့မယ်"

လီကျင့်သည် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး လှည့်ထွက်သွားလေသည်။ ခြေလှမ်းများက တည်ငြိမ်ပြီး မြန်ဆန်လှသည်။ သူသည် ရပ်တန့်ခြင်း မပြုရဲသလို လှည့်ကြည့်ခြင်းလည်း မပြုရဲပေ။ အကြောင်းမှာ ရပ်တန့်လိုက်လျှင် သို့မဟုတ် လှည့်ကြည့်လိုက်လျှင် ခြေလှမ်းဆက်လှမ်းရန် သတ္တိရှိတော့မည် မဟုတ်သောကြောင့်ပင်။

လုမင်ယွိသည် လီကျင့် ထွက်ခွာသွားသည်ကို ငေးကြည့်နေပြီး ရင်ထဲမှ နာကျင်မှုများကို မျိုသိပ်ကာ ကလေးများ၏ အခန်းဆီသို့ သွားလိုက်လေသည်။

ရွှီအာသည် ကိုယ်လုံးလေး လိမ်ကာ အိပ်မောကျနေပြီး ရွှမ်းအာသည် ပါးစပ်လေး ပြင်ရင်း အိပ်မောကျနေလေသည်။ ငယ်ရွယ်သော မောင်နှမနှစ်ယောက်သည် သူတို့၏ ဖခင်ဖြစ်သူ တပ်မတော်ကြီးနှင့်အတူ စစ်ထွက်သွားပြီး မည်သည့်အချိန်မှ ပြန်လာမည်ကို မသိနိုင်ကြောင်း နားမလည်ကြသေးပေ။

လုမင်ယွိသည် ကုတင်ဘေးတွင် ထိုင်လိုက်ပြီး အကြည့်များက စူးစိုက်နေသယောင် ရှိသော်လည်း စိတ်အာရုံများကတော့ အဝေးသို့ လွင့်ပါးလို့နေတော့သည်။

ဒီအချိန်ဆိုရင် လီကျင့်က ကျင်းလွမ်ခန်းမဆောင်ကို ရောက်နေလောက်ပြီ။

မောင်နှမနှစ်ယောက် မျက်လုံးဖွင့် နိုးလာသည့်အခါ နို့ထိန်းများ လာရောက်ပြုစုပြီး ဆံပင်ဖြီး အဝတ်အစား လဲပေးကြသည်။ လုမင်ယွိသည် စိတ်မပါတပါဖြင့် ကြည့်နေရင်း စိတ်ထဲတွင်တော့ လီကျင့်သည် ယုံးကျားဧကရာဇ်နှင့်အတူ စစ်ရေးပြကွင်းသို့ ရောက်ရှိနေလောက်ပြီဟု တွေးနေမိလေသည်။

နို့ထိန်းများက ရွှီအာနှင့် ရွှမ်းအာတို့ကို နို့တိုက်ကျွေးပြီးနောက် လုမင်ယွိသည် ကလေးများကို ပွေ့ချီကာ ကျောင်းဖန်နန်းဆောင်သို့ ဂါရဝပြုရန် သွားရောက်လေသည်။ ထိုအချိန်တွင် နေမင်းကြီးသည် ကောင်းကင်ယံတွင် မြင့်တက်နေပြီဖြစ်ပြီး နွေဦးပေါက်စ၏ အေးမြသော လေပြေလေညှင်းများက မျက်နှာကို လာရောက်ရိုက်ခတ်နေသည်။

ဒီအချိန်ဆိုရင် ယုံးကျားဧကရာဇ်က စစ်ချီမိန့်ခွန်း ပြောကြားခြင်းကလဲ ပြီးဆုံးလောက်ပြီ။ မှူးမတ်များ လိုက်ပါပို့ဆောင်မှုဖြင့် တပ်မတော်ကြီးကို ဦးဆောင်ကာ ထွက်ခွာသွားလောက်ပြီ။

...

ချောင်မိဖုရားခေါင်၏ စိတ်ဂနာမငြိမ်ဖြစ်မှုသည် လုမင်ယွိထက်ပင် ပိုဆိုးရွားလေသည်။

ချောင်မိဖုရားခေါင်၏ မျက်လုံးအောက်မှ အမည်းကွင်းများကို ကြည့်ရုံဖြင့် တစ်ညလုံး အိပ်မပျော်ဘဲ လူးလှိမ့်နေခဲ့ကြောင်း သိသာနေသည်။ မနက်စာလည်း မစားနိုင်ဘဲ မီးခဲပေါ်ထိုင်နေရသလို ဖြစ်နေသည်။ ဘာမှမမြင်ရမှန်း သိသော်လည်း နန်းဆောင်အပြင်ဘက်သို့ ထွက်ရပ်ကာ မြို့တော်တံခါးဘက်သို့ မျှော်ကြည့်နေမိလေသည်။

လုမင်ယွိသည် ကလေးနှစ်ယောက်နှင့်အတူ ဂါရဝပြုရန် ရောက်လာမှသာ ချောင်မိဖုရားခေါင်သည် အနည်းငယ် သတိပြန်ဝင်လာပြီး ရွှီအာကို ပွေ့ချီကာ တိုးတိုးလေး ညည်းတွားလိုက်လေသည်။ "ရွှီအာ... မြေးရဲ့အဖေ ဒီတစ်ခေါက် ထွက်သွားတာ ဘယ်တော့ပြန်လာမယ်မှန်း မသိဘူး။ တို့တွေ မြေးရဲ့အဖေအတွက် အတူတူ ဆုတောင်းပေးကြရအောင်။ ဘုရားရှင်က ကာကွယ်စောင့်ရှောက်ပေးပြီး မြေးရဲ့အဖေ ဘေးကင်းကင်းနဲ့ ပြန်လာနိုင်ပါစေလို့လေ"

တကယ့်ကို ယုံးကျားဧကရာဇ်ကိုပါ ထည့်သွင်းမပြောဘဲ ချန်လှပ်ထားခဲ့လေသည်။

လုမင်ယွိက စိတ်ထဲတွင် ရယ်မောလိုက်မိပြီး စိတ်ဂနာမငြိမ်ဖြစ်မှုများ အနည်းငယ် လျော့ပါးသွားလေသည်။

အားလုံးက ဒီလို စိတ်ပူနေလို့မှ မဖြစ်တာ။

လုမင်ယွိသည် စိတ်ကို တည်ငြိမ်အောင်ထားပြီး ပြုံးကာ ချောင်မိဖုရားခေါင်ကို နှစ်သိမ့်လိုက်လေသည်။ "မူဟုပ် စိတ်မပူပါနဲ့။ တပ်မတော်ကြီး ထွက်ခွာသွားတာ ယန်နဲ့ချူဒေသကို ရောက်ဖို့ဆိုရင် တစ်လကျော်လောက် ခရီးနှင်ရဦးမှာ။ ခရီးလမ်းတစ်လျှောက်လုံးက ဘေးကင်းပါတယ်"

ချောင်မိဖုရားခေါင်က ခေါင်းညိတ်လိုက်သော်လည်း နန်းဆောင်အပြင်ဘက်သို့ လှမ်းကြည့်နေမိဆဲပင်။

နောက်တစ်ခဏတွင် လီကျင့်က ပုံမှန်အတိုင်း ဝင်လာတော့မည့်အတိုင်းပင်။

နန်းတွင်းအပျိုတော် ချိုင်လန် ဝင်ရောက်လာပြီး လျှောက်တင်လိုက်လေသည်။ "ဟွမ်ဟုပ်ညန်ညန်ကို လျှောက်တင်ပါတယ်။ မယ်တော်ကြီး ရောက်လာပါတယ်"

မယ်တော်ကြီးကျောက်သည် သွားလာလှုပ်ရှားရသည်ကို မနှစ်သက်ဘဲ ပုံမှန်အားဖြင့် ရှို့နင်နန်းဆောင်တွင်သာ နေလေ့ရှိသည်။ ကျောင်းဖန်နန်းဆောင်သို့ ကိုယ်တိုင်လာရောက်ခြင်းမှာ လက်ချိုးရေလို့ပင် ရလေသည်။

ချောင်မိဖုရားခေါင်သည် အနည်းငယ် အံ့အားသင့်သွားပြီး လုမင်ယွိနှင့် တစ်ချက်ကြည့်လိုက်ကာ အတူတကွ ထရပ်ပြီး ကြိုဆိုလိုက်ကြသည်။

မယ်တော်ကြီးကျောက်သည် ချင်ဖေး၏ တွဲကူမှုဖြင့် တုန်ချိချိနှင့် ဝင်ရောက်လာခဲ့၏။ မျက်နှာကိုကြည့်ရသည်မှာလည်း တစ်ညလုံး ကောင်းကောင်း အိပ်မပျော်ထားသည့်ပုံပင်။

မယ်တော်ကြီးကျောက်သည် ယခင်က ချောင်မိဖုရားခေါင်ကို အမျိုးမျိုး အပြစ်ရှာလေ့ရှိသော်လည်း ယနေ့တွင်တော့ အပြစ်ရှာရန် စိတ်မပါတော့ဘဲ တတွတ်တွတ် ပြောဆိုနေလေသည်။ "အရှင်မင်းကြီးက တပ်မတော်ကြီးကို ဦးဆောင်ပြီး ထွက်ခွာသွားပြီပေါ့နော်။ အခု မြို့တံခါးကနေ ထွက်သွားပြီလား မသိဘူး"

ချောင်မိဖုရားခေါင်သည် စိတ်အားတင်းပြီး မယ်တော်ကြီးကျောက်ကို နှစ်သိမ့်လိုက်ရလေသည်။ "မူဟုပ် စိတ်မပူပါနဲ့။ တပ်မတော်ကြီး အခုမှ ထွက်ခွာသွားတာ ယန်နဲ့ချူဒေသကို ရောက်ဖို့ဆိုရင် တစ်လကျော်လောက် ခရီးနှင်ရဦးမှာ။ ခရီးလမ်းတစ်လျှောက်လုံးက ဘေးကင်းပါတယ်"

လုမင်ယွိ ခဏက ပြောခဲ့သည့် စကားများကို တစ်လုံးမကျန် ပြန်ပြောလိုက်ခြင်း ဖြစ်လေသည်။

လုမင်ယွိကလည်း ကြိတ်ပြီး ရယ်မောလိုက်မိပြန်သည်။

မယ်တော်ကြီးကျောက်က သက်ပြင်းတစ်ချက်ချလိုက်ကာ "အိုက်ကျား မျှော်လင့်တာကတော့ ဒီတစ်ပွဲ တိုက်ပြီးတာနဲ့ သာ့ဝေတိုင်းပြည်ကြီး အေးချမ်းသွားပြီး နောက်နောင် စစ်မတိုက်ရတော့ဖို့ပါပဲ။ အရှင်မင်းကြီးကလည်း အသက်မငယ်တော့ဘူး။ နောက်ဆိုရင် စစ်တိုက်တဲ့ကိစ္စမျိုးကို ထိုက်ဇီကိုပဲ လွှဲပေးလိုက်ရင် ရပြီ။ ဘာကိစ္စ ကိုယ်တိုင် စစ်ထွက်တိုက်နေရဦးမှာလဲ"

ချောင်မိဖုရားခေါင်က ထိုစကားကို ကြားသောအခါ သိပ်မကျေနပ်တော့ဘဲ သွယ်ဝိုက်ပြီး ပြန်ပြောလိုက်လေသည်။ "မြင်းပေါ်ကနေ တိုင်းပြည်ကို သိမ်းပိုက်တာလေ။ အရှင်မင်းကြီးက သန်စွမ်းတုန်းပဲ ရှိပါသေးတယ်။ ကိုယ်တိုင် ဦးစီးပြီး စစ်တိုက်တာက သဘာဝကျပါတယ်"

အမှန်ဆို ထိုက်ဇီကို ထားခဲ့သင့်တာ။

ဒါပေမဲ့ ထိုက်ဇီ လီကျင့် ကိုယ်တိုင်က မြို့တော်မှာ မနေချင်ဘဲ စစ်မြေပြင်ကို ကိုယ်တိုင်သွားချင်နေတာလေ။ ဘယ်လို ခေါင်းမာတဲ့ စိတ်ဓာတ်မျိုးမှန်း မသိဘူး။ ဘယ်လိုမှ တားလို့မရဘူး။

ချောင်မိဖုရားခေါင်နှင့် မယ်တော်ကြီးကျောက်တို့ ပြိုင်တူ သက်ပြင်းချလိုက်ကြတော့သည်။

ချင်ဖေးက အတော်ကြာအောင် အောင့်ထားပြီးနောက် နောက်ဆုံးတွင် မနေနိုင်ဘဲ ဝင်ပြောလိုက်လေသည်။ "အရှင်မင်းကြီးနဲ့ ထိုက်ဇီတို့ စစ်ထွက်တိုက်ပြီ။ ပထမမင်းသားနဲ့ တတိယမင်းသားတို့လည်း စစ်ထဲ လိုက်ပါသွားကြတယ်။ သူတို့ သားအဖလေးယောက်လုံးက တိုင်းပြည်အတွက် စစ်မှုထမ်းကြတာ။ မယ်တော်ကြီးနဲ့ မိဖုရားခေါင်ကြီးတို့က သူတို့အတွက် ဝမ်းသာပေးသင့်ပါတယ်"

ခဏရပ်ပြီးမှ ပြုံးကာ ဆက်ပြောလိုက်သည်။ "စတုတ္ထမင်းသားက နန်းတော်ထဲမှာ ကျန်ရစ်ခဲ့ပြီး အရှင်မင်းကြီးအတွက် တာဝန်ခွဲဝေ ထမ်းဆောင်ပေးတာပါ။ တိုင်းပြည်မှာ ကိစ္စရှိရင် စတုတ္ထမင်းသားကို လွှဲအပ်လို့ရပါတယ်။ စတုတ္ထမင်းသားက ငယ်ရွယ်ပေမဲ့ အပြင်လူတွေထက်စာရင်တော့ ပိုပြီး စိတ်ချရတာပေါ့"

...

All Chapters