← Chapters

အခန်း (၃၂၂-၃၂၄)

Vol. 22 Ch. 322-324

အခန်း (၃၂၂-၃၂၄)

Vol. 22 Ch. 322-324

အပိုင်း (၃၂၂) သွယ်ဝိုက်သတိပေးခြင်း

ဒီစကားလုံးတွေက တကယ့်ကို နားခါးစရာ ကောင်းလိုက်တာ။

ချင်ဖေး၏ ပါးစပ်မှ ထွက်လာသည့် "အပြင်လူ" ဟူသော စကားလုံးသည် ချောင်ကောလောင်ကို တိုက်ရိုက်ရည်ညွှန်းနေခြင်းပင်။

ချောင်မိဖုရားခေါင်၏ မျက်လုံးများက အေးစက်သွားသော်လည်း ဒီလောက် သေးငယ်တဲ့ ကိစ္စလေးကို ဖြေရှင်းဖို့ သူမကိုယ်တိုင် ဝင်ရောက်ပြောဆိုရန် မလိုပေ။

လုမင်ယွိက တစ်ခွန်းတည်းဖြင့် ချင်ဖေးကို ပါးစပ်ပိတ်သွားစေခဲ့သည်။ "ချင်ဖေး ပြောနေတဲ့ အပြင်လူဆိုတာ ဘယ်သူ့ကို ရည်ညွှန်းနေတာလဲတော့ မသိဘူး"

"ချောင်ကောလောင်နဲ့ ဌာနကြီးခြောက်ခုက ဝန်ကြီးတွေကို ရည်ညွှန်းပြီး ပြောနေတာတော့ မဟုတ်ဘူးမလား"

"စစ်ဘက်အရာရှိတွေက စစ်ထွက်တိုက်ကြတယ်။ အရပ်ဖက်အရာရှိတွေက နိုင်ငံရေးရာတွေကို တာဝန်ယူပြီး တိုင်းပြည် တည်ငြိမ်အေးချမ်းအောင် လုပ်ဆောင်ပေးကြတယ်။ ပြီးတော့ စစ်တပ်အတွက် လိုအပ်တဲ့ ရိက္ခာတွေကို ပြင်ဆင်ပေးရသေးတယ်။ ဘယ်လိုဖြစ်ပြီး ချင်ဖေးရဲ့ ပါးစပ်ထဲမှာတော့ သူတို့က မကောင်းတဲ့ ရည်ရွယ်ချက်ရှိတဲ့ အပြင်လူတွေ ဖြစ်သွားရတာလဲ"

ချင်ဖေး "..."

ချင်ဖေးသည် ဒေါသကြောင့် အသက်ရှူပင် မမှန်တော့သော်လည်း အပြုံးတစ်ခုကို အတင်းညှစ်ထုတ်လိုက်လေသည်။ "ထိုက်ဇီဖေး စကားပြောတာ ပြင်းထန်လွန်းနေပါပြီ။ ကျွန်မက ဘယ်သူ့ကိုမှ စွပ်စွဲတာ၊ သံသယဝင်တာမျိုး မရှိပါဘူး။ စတုတ္ထမင်းသားလည်း အသက်မငယ်တော့ဘူးလေ။ တိုင်းပြည်အတွက် တစ်ဖက်တစ်လမ်းက ကူညီပေးသင့်တယ်လို့ တွေးမိလို့ပါ"

လုမင်ယွိက ချင်ဖေးကို ပြုံးစစဖြင့် ကြည့်ကာ ပြောလိုက်လေသည်။ "ကူညီပေးတယ်ဆိုတာ ကောင်းတဲ့ကိစ္စပါ။ ဒါပေမဲ့ ဘယ်လို တာဝန်ထမ်းဆောင်မလဲ၊ ဘယ်လို ကူညီပေးမလဲ ဆိုတာကိုတော့ သေချာ စဉ်းစားပြီး စည်းဘောင်အတွင်းမှာ နေသင့်ပါတယ်။ ကိုယ်နဲ့မဆိုင်တဲ့ နေရာတွေကို ဝင်မပါမိအောင်၊ မပြောသင့်တဲ့ စကားတွေ မပြောမိအောင်၊ မလုပ်သင့်တဲ့ အလုပ်တွေ မလုပ်မိအောင် သတိထားရမယ်။ မဟုတ်ရင် အခွင့်ကောင်းယူပြီး အာဏာလုဖို့ ကြိုးစားနေတယ်လို့ တခြားလူတွေ အထင်လွဲသွားလိမ့်မယ်။ အရှင်မင်းကြီးနဲ့ ထိုက်ဇီတို့က အထင်လွဲသွားရင် မကောင်းဘူးလေ"

ချင်ဖေးသည် လုံးဝ မပြုံးနိုင်တော့ဘဲ မျက်နှာပျက်ပျက်ဖြင့် ပြန်ပြောလိုက်ရသည်။ "ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ထိုက်ဇီဖေးက ဒီလိုပြောတော့ ကျွန်မတို့ သားအမိကို တော်တော်လေး ကြောက်လန့်စေတာပဲ"

လုမင်ယွိကလည်း အေးဆေးစွာ ပြန်ပြောလိုက်၏။ "ကြောက်လန့်နေစရာ မလိုပါဘူး။ စတုတ္ထမင်းသားက စာပေကျမ်းဂန်တွေကို လေ့လာထားတဲ့သူပဲ။ ဒီလို အကြောင်းတရားတွေကို တခြားလူတွေထက် ပိုသိမှာပါ။ အမှားလုပ်မိမှာ မဟုတ်လောက်ပါဘူး"

ချင်ဖေး "..."

ချင်ဖေးသည် လုမင်ယွိ၏ စကားလုံးများကြောင့် ဘာပြန်ပြောရမှန်း မသိအောင် ဖြစ်သွားခဲ့သည်။

မယ်တော်ကြီးကျောက်သည် ယုံးကျားဧကရာဇ်အတွက် စိတ်ပူပန်နေသဖြင့် ချင်ဖေးဘက်မှ ဝင်ရောက်ကူညီပေးရန် စိတ်မပါတော့ပေ။ ထို့ပြင် ချင်ဖေးကိုပင် အနည်းငယ် အပြစ်တင်လိုက်လေသည်။ "တပ်မတော်ကြီးတောင် မြို့တော်က မထွက်ရသေးဘူး။ ညည်းက နိုင်ငံရေးရာတွေကို စိတ်ဝင်စားနေပြီလား။ ညည်းက အနောက်နန်းဆောင်က ကိုယ်လုပ်တော်ပဲ ရှိသေးတာ။ နိုင်ငံရေးအကြောင်း ဘာနားလည်လို့လဲ။ အရှင်မင်းကြီးက အစောကြီးကတည်းက စီစဉ်ထားပြီးသားပါ။ ညည်း စိတ်ပူနေစရာ မလိုပါဘူး"

ချင်ဖေးသည် ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့ကာ ပါးစပ်ပိတ်နေလိုက်တော့သည်။

ချောင်မိဖုရားခေါင်သည် ထိုမြင်ကွင်းကို ကြည့်ပြီး စိတ်ထဲတွင် အလွန်ကျေနပ်သွားလေသည်။ စိုးရိမ်ပူပန်နေသော စိတ်များသည်လည်း ပျောက်ကွယ်သွားတော့သည်။

မယ်တော်ကြီးကျောက်သည် ခဏနေပြီးနောက် ချင်ဖေး၏ တွဲကူမှုဖြင့် ပြန်သွားလေသည်။

ချောင်မိဖုရားခေါင်သည် သက်ပြင်းချလိုက်ပြီး လုမင်ယွိကို တိုးတိုးလေး ပြောလိုက်သည်။ "ချင်ဖေးရဲ့ အကြံအစည်တွေကို မျက်နှာပေါ်မှာ အတိုင်းသား မြင်နေရတာပဲ။ တခြားလူတွေကို အရူးတွေများ မှတ်နေလား မသိဘူး။ ဟွန်း! မင်း ဒီနေ့ ပြောလိုက်တာ တော်တော် ကောင်းတယ်။ သူ့ကို ကောင်းကောင်း ဆုံးမပေးသင့်တာ"

လုမင်ယွိက အသာပြုံးလိုက်သည်။ "မူဟုပ် စိတ်မပူပါနဲ့။ ချင်ဖေး တစ်ယောက်တည်းနဲ့ ဘာလှိုင်းလုံးမှ ဖြစ်လာမှာ မဟုတ်ပါဘူး။ နန်းတော်ထဲမှာ ချောင်ကောလောင်နဲ့ ဌာနကြီးခြောက်ခုက ဝန်ကြီးတွေ ရှိတယ်။ ပြီးတော့ အိမ်ရှေ့စံနန်းဆောင်က အရာရှိတွေလည်း ရှိသေးတယ်။ စတုတ္ထမင်းသားက ငြိမ်ငြိမ်နေရင်တော့ ပြီးတာပါပဲ။ တကယ်လို့ မငြိမ်ဘဲ လှုပ်ရှားလာရင် သူ့လက်ကို ဖြတ်ပစ်မယ့်လူ ရှိလာမှာပါ"

ချောင်မိဖုရားခေါင်သည် စိတ်ပေါ့ပါးသွားပြီး ရင်ခွင်ထဲမှ မြေးလေးကို ပုတ်ပေးရင်း ရယ်မောလိုက်လေသည်။ "မင်းပြောတာ မှန်တယ်။ ချင်ဖေး ဘယ်လောက်ပဲ ကြိုးစားပါစေ။ အလကား ဖြစ်သွားမှာပဲ"

ဟွန်း!

တောထဲမှာ ကျားမရှိတာနဲ့ မျောက်က ဘုရင်လုပ်လို့ ရမယ်များ ထင်နေလား မသိဘူး။

...

အခြားတစ်ဖက်တွင်တော့ မယ်တော်ကြီးကျောက်သည် ရှို့နင်နန်းဆောင်သို့ ရောက်သည်နှင့် ချင်ဖေးကို မျက်လုံးပြူးကာ ဆူပူလေတော့သည်။ "ညည်းပြောလိုက်တဲ့ စကားတွေကို ပြန်စဉ်းစားကြည့်ဦး။ မိဖုရားခေါင်နဲ့ လုရှီ မပြောနဲ့၊ ငါတောင်မှ နားထောင်ရတာ သိပ်အဆင်မပြေဘူး"

"အရှင်မင်းကြီးနဲ့ ထိုက်ဇီ အခုမှ ထွက်သွားတာလေ။ မြို့တော်ကတောင် မထွက်ရသေးဘူး။ ညည်းက နိုင်ငံရေးရာတွေကို စိတ်ဝင်စားနေပြီလား။ အနောက်နန်းဆောင်က နိုင်ငံရေးမှာ ဝင်မပါရဘူးဆိုတာ မသိဘူးလား။ မိဖုရားခေါင်နဲ့ ထိုက်ဇီဖေးတောင် ဘာမှမပြောဘဲ နေနေတာ။ ညည်းက ဘာမို့လို့လဲ"

"ပြီးတော့ စတုတ္ထမင်းသားက ငယ်ပါသေးတယ်။ ညီလာခံတက်ပြီး နားထောင်ရုံပဲ ရှိသေးတာ။ ဘာတာဝန်မှ တရားဝင် ထမ်းဆောင်ဖူးတာ မဟုတ်ဘူး။ ညည်းက ပါးစပ်ဟတာနဲ့ သူ့ကို ကူညီခိုင်းနေပြီ။ ညည်း မျက်နှာက ဘယ်လောက်တောင် ကြီးနေလို့လဲ"

မယ်တော်ကြီးကျောက်၏ တံတွေးစက်များသည် ချင်ဖေး၏ မျက်နှာပေါ်သို့ပင် လွင့်စဉ်လာလေသည်။

ချင်ဖေးသည် တံတွေးများကို မသုတ်ရဲဘဲ ခေါင်းငုံ့ကာ အပြစ်ကို ဝန်ခံလိုက်ရတော့သည်။ "မယ်တော်ကြီး စိတ်လျှော့ပါ။ ကျွန်မ မှားသွားပါတယ်။ ခုနက မပြောသင့်တဲ့ စကားတွေကို ပြောမိသွားပါတယ်။ ဒါပေမဲ့ ကျွန်မမှာ တခြားရည်ရွယ်ချက် မရှိပါဘူး။ ကိုယ့်လူက သူစိမ်းတွေထက် ပိုစိတ်ချရတယ်လို့ တွေးမိလို့ပါ"

ဒီစကားကတော့ ဟုတ်သည်။

မယ်တော်ကြီးကျောက်သည် ချောင်မိဖုရားခေါင်ကို မနှစ်သက်သလို ချောင်မိသားစုကိုလည်း မနှစ်သက်ပေ။ နှုတ်ခမ်းကို တွန့်ကွေးလိုက်ပြီး ပြောလိုက်သည်။ "ဒီသဘောတရားကို လူတိုင်း သိပါတယ်။ ဒါပေမဲ့ မိဖုရားခေါင်က သူ့မိဘဆွေမျိုးတွေဘက်ပဲ ပါတာလေ။ ချောင်မိသားစုကို ဘယ်တော့မှ အပြင်လူလို့ သတ်မှတ်မှာ မဟုတ်ဘူး။ လုရှီနဲ့ ချောင်မိသားစုကလည်း ရင်းနှီးကြတယ်။ ချောင်မိသားစုက မြေးသမက်ကိုတောင် အိမ်ရှေ့စံနန်းဆောင်မှာ အရာရှိ ခန့်ထားတယ်"

ချင်ဖေးသည် အခွင့်ကောင်းယူပြီး ချောင်မိဖုရားခေါင်နှင့် လုမင်ယွိကို တိုက်ခိုက်လိုက်လေသည်။ "ချောင်မိသားစုနဲ့ လုမိသားစု။ စာပေပညာရှင်တစ်ယောက်နဲ့ စစ်သည်တော်တစ်ယောက် ပူးပေါင်းလိုက်ရင် တခြားလူတွေကို ဘယ်သူက ဂရုစိုက်တော့မှာလဲ။ ဖူယန်မြို့စားအိမ်တော်တောင်မှ လုမိသားစုနဲ့ ချောင်မိသားစုလောက် မျက်နှာမပွင့်ဘူး"

မယ်တော်ကြီးကျောက်သည် ဘက်လိုက်တတ်သူ ဖြစ်သောကြောင့် ဒီစကားကို ကြားလိုက်ရသည့်အခါ စိတ်ထဲတွင် မကျေမနပ် ဖြစ်သွားပြီး နှာခေါင်းတစ်ချက် ရှုံ့လိုက်လေသည်။

ချင်ဖေးက လေသံတိုးတိုးဖြင့် ထပ်ပြောလိုက်သည်။ "ကျွန်မ တွေးမိတာကတော့ နိုင်ငံရေးကိစ္စတွေကို စာပေပညာရှင် ဝန်ကြီးတွေက တာဝန်ယူပေးလိမ့်မယ်။ စတုတ္ထမင်းသားကတော့ သူတို့ကို သေချာ စောင့်ကြည့်နေရုံပဲ။ တစ်ခုခု ထူးခြားတာရှိရင် အရှင်မင်းကြီးနဲ့ ထိုက်ဇီဆီ ချက်ချင်း သတင်းပို့လို့ ရတာပေါ့"

မယ်တော်ကြီးကျောက်သည် သဘောတူစွာဖြင့် ခေါင်းညိတ်လိုက်လေသည်။ "ညည်းပြောတာ ဟုတ်တယ်။ စတုတ္ထမင်းသားကို သူတို့ကို သေချာ စောင့်ကြည့်ခိုင်းလိုက်။ တစ်ခုခု ဖြစ်လာရင် ငါ့ကို အရင်ဆုံး လာပြောခိုင်း"

ချင်ဖေးက အလျင်အမြန်ပင် ဟုတ်ကဲ့ဟု ဖြေကြားလိုက်လေသည်။

...

မကြာမီတွင် ဟွေ့အန်းကုန်းကျူသည် နန်းတော်ထဲသို့ ဂါရဝပြုရန် ရောက်ရှိလာခဲ့သည်။

ယခုတစ်ကြိမ် တပ်မတော်ကြီး စစ်ချီရာတွင် ဝူဖုမာသည် လိုက်ပါသွားခြင်း မရှိသော်လည်း နောက်တန်းရိက္ခာထောက်ပံ့ရေးအတွက် တာဝန်ယူရလေသည်။ ဒါသည်လည်း ကြီးလေးသော တာဝန်တစ်ခုပင်။ လွန်ခဲ့သော လဝက်ခန့်ကတည်းက ဝူဖုမာသည် အခွန်ဌာနရုံးတွင် သွားရောက် နေထိုင်ခဲ့ရသည်။

ဝူဖုမာကို ယုံကြည်ပြီး တာဝန်ကြီးကြီးမားမား ပေးအပ်သည့်အတွက် ဟွေ့အန်းကုန်းကျူသည် ဝမ်းသာဂုဏ်ယူနေမိသည်။ သို့သော် လဝက်ခန့် ခင်ပွန်းသည်နှင့် မတွေ့ရသဖြင့် စိတ်ထဲတွင်တော့ လွမ်းဆွတ်နေမိ၏။ ဒီရက်ပိုင်းအတွင်း ဟွေ့အန်းကုန်းကျူသည် နေ့တိုင်း နန်းတော်ထဲသို့ ဝင်ရောက်လာပြီး တစ်နေကုန် နေလေ့ရှိသည်။

ဘာပဲဖြစ်ဖြစ် အားနေတာပဲလေ။ နန်းတော်ထဲ ဝင်လာရင် ချောင်မိဖုရားခေါင်ကို အဖော်ပြုပေးလို့ ရသလို ကလေးထိန်းတာလဲ ကူညီပေးလို့ ရတာပေါ့။

ဟွေ့အန်းကုန်းကျူသည် တူလေးနှင့် တူမလေးကို ချစ်ခင်သဖြင့် ရောက်လာသည်နှင့် ကလေးနှစ်ယောက်လုံးကို အတင်းလုယူပြီး ပွေ့ချီလိုက်လေသည်။

လုမင်ယွိက ပြုံးကာ ပြောလိုက်၏။ "သူတို့နှစ်ယောက်က တစ်နေ့ထက်တစ်နေ့ ပိုလေးလာတာ။ တစ်ယောက်တည်း ချီရင်တောင် တော်တော်လေး လေးနေပြီ။ နှစ်ယောက်လုံးကို ချီထားရင် ခဏလေးနဲ့ ခါးနာလာလိမ့်မယ်။ ဟွမ်ကျဲ သတိထားဦးနော်"

ဟွေ့အန်းကုန်းကျူက မျက်ခုံးပင့်ကာ မာန်ပါပါ ပြောလိုက်လေသည်။ "နင် ငါ့ကို လျှော့တွက်လွန်းနေပြီ။ ငါ ငယ်ငယ်တုန်းက ကိုယ်ခံပညာ လေ့ကျင့်ဖူးပါတယ်။ နင့်လောက် အားမသန်ပေမဲ့ ကလေးနှစ်ယောက် ချီဖို့လောက်ကတော့ ဘာပြဿနာမှ မရှိပါဘူး"

နာရီဝက်မပြည့်မီမှာပင် ဟွေ့အန်းကုန်းကျူသည် သူမ ပြောခဲ့သော စကားများအတွက် နောင်တရလာတော့သည်။

ရွှီအာနှင့် ရွှမ်းအာတို့သည် ဖက်တီးလုံးလေးများ ဖြစ်ပြီး ချစ်ဖို့ကောင်းသလောက် ဆော့ကစားရတာလည်း ကြိုက်ကြသည်။ ပွေ့ချီထားရုံဖြင့် မကျေနပ်ဘဲ လမ်းလျှောက်ပြီး ချီထားမှ သဘောကျကြသည်။ ရပ်လိုက်သည်နှင့် မကျေမနပ် အော်ဟစ်ကြတော့သည်။

ဟွေ့အန်းကုန်းကျူသည် လက်မောင်းများ ကိုက်ခဲလာပြီး ခေါင်းများပင် မူးနောက်လာတော့သည်။

လုမင်ယွိက အသာပြုံးလိုက်ပြီး ဟွေ့အန်းကုန်းကျူ လက်ထဲမှ ကလေးများကို လွှဲပြောင်းယူလိုက်လေသည်။

ပေါ့ပါးလွတ်လပ်စွာ ပွေ့ချီထားသော လုမင်ယွိကို ကြည့်ပြီး ဟွေ့အန်းကုန်းကျူသည် အားကျသွားလေသည်။ "အားသန်တာ တကယ်ကောင်းတာပဲ"

"ဟုတ်တာပေါ့။ နေရာတကာမှာ အသုံးမဝင်ပေမဲ့ ကလေးချီတဲ့နေရာမှာတော့ အသုံးဝင်သားပဲ။ နေ့ဝက်လောက် ချီထားရင်တောင် မောမှာ မဟုတ်ဘူး" လုမင်ယွိ၏ အသံထဲတွင်တော့ ကိုယ့်ကိုယ်ကိုယ် သရော်သည့် အရိပ်အယောင်များ ပါဝင်နေသည်။

ကိုယ်ခံပညာနှင့် ပတ်သက်လာလျှင် သူမသည် အစ်ကိုကြီး လုဖေးထက်ပင် သာလွန်လေသည်။

လုမိသားစု၏ စစ်သူကြီးကျမ်းစာအုပ်များကိုလည်း သူမ အလွတ်ရနေသည်။ သို့သော် အမျိုးသမီးတစ်ယောက် ဖြစ်နေသဖြင့် သူမသည် စစ်တပ်ထဲ ဝင်ရောက်ခွင့် မရသလို စစ်သည်များကို ဦးဆောင်ခွင့်လည်း မရှိပေ။ ထူးချွန်သော သိုင်းပညာများ ရှိသော်လည်း အသုံးချစရာ နေရာမရှိဖြစ်နေသည်။

ထက်မြက်သော ဓားတစ်လက်ကို သေတ္တာထဲတွင် သိမ်းဆည်းထားရပြီး နေရောင်ခြည်နှင့် မထိတွေ့ရသကဲ့သို့ပင်။

ဟွေ့အန်းကုန်းကျူသည် လုမင်ယွိ၏ ခံစားချက်ကို နားမလည်သဖြင့် ပေါ့ပေါ့ပါးပါး ပြုံးကာ ပြောလိုက်လေသည်။ "ဒါက အသုံးဝင်တာပဲလေ။ ယောကျာ်းတွေက အပြင်မှာ စစ်ထွက်တိုက်ပြီး အသက်စွန့်ကြတယ်။ မိန်းမတွေက ကလေးမွေးပြီး အိမ်မှုကိစ္စတွေကို တာဝန်ယူပေးရတယ်။ ဒါလည်း အရေးကြီးတာပဲ"

လုမင်ယွိက ပြုံးကာ ထောက်ခံလိုက်သည်။ "ဟွမ်ကျဲ ပြောတာ မှန်ပါတယ်"

သို့သော် စိတ်ထဲတွင်တော့ နောင်တရခြင်းများ ကျန်ရှိနေဆဲပင်။

...

အပိုင်း (၃၂၃) ရက်၁၀၀ပြည့် (၁)

တပ်မတော်ကြီး ထွက်ခွာပြီးနောက်တွင် တိုင်းပြည်၏ အုပ်ချုပ်ရေးယန္တရားသည်လည်း ပုံမှန်အတိုင်း လျင်မြန်စွာ လည်ပတ်နေလေသည်။

ရိက္ခာထောက်ပံ့မှု သေချာစေရေးသည် လက်ရှိတွင် အရေးကြီးဆုံးကိစ္စ ဖြစ်သည်။ စစ်ဘက်ရေးရာဌာနနှင့် အခွန်ဘဏ္ဍာရေးရာဌာနတို့သည် ဖိအားအများဆုံးနှင့် အလုပ်အရှုပ်ဆုံး ဖြစ်သည်။ ဌာနနှစ်ခုမှ ဝန်ကြီးများသည် ရုံးခန်းထဲတွင် နေထိုင်သည်မှာ အတော်ကြာပြီဖြစ်ပြီး ဆက်လက်နေထိုင်ရဦးမည့် အခြေအနေတွင် ရှိနေသည်။

ချောင်ကောလောင်နှင့် အခြားဌာနလေးခုမှ ဝန်ကြီးများသည် နေ့စဉ် လုပ်ငန်းဆောင်တာများကို တာဝန်ယူပြီး စတုတ္ထမင်းသားသည်လည်း နေ့စဉ် သူတို့အနားတွင် ရှိနေလေသည်။

စတုတ္ထမင်းသားမှာ ဖူယန်မြို့စား၏ သတိပေးချက်ကို ရရှိထားသဖြင့် စိတ်ပူပန်နေရ၏။ ထို့ပြင် ချင်ဖေး၏ မောက်မာမှုကြောင့် ချောင်မိဖုရားခေါင်နှင့် လုမင်ယွိတို့ ယောက္ခမနှင့် ချွေးမ နှစ်ယောက်ပေါင်းကာ သတိပေးခြင်း ခံခဲ့ရသဖြင့် သူသည် မည်သည့် လှုပ်ရှားမှုမှ မပြုလုပ်ရဲတော့ပေ။ နေ့စဉ်နေ့တိုင်း ရိုးသားစွာဖြင့် ညီလာခံတက်ကာ ဝန်ကြီးများ၏ ဆွေးနွေးမှုနှင့် နိုင်ငံရေးရာ ဆောင်ရွက်ချက်များကို နားထောင်လေ့လာနေလေသည်။

ထို့နောက်တွင် နေ့စဉ် ကျောင်းဖန်နန်းဆောင်သို့ သွားရောက်ပြီး မိမိ ကြားသိမြင်တွေ့ခဲ့ရသမျှကို ချောင်မိဖုရားခေါင်ထံ အစီရင်ခံတင်ပြလေသည်။

လုမင်ယွိသည် ကလေးနှစ်ယောက်နှင့်အတူ နေ့ခင်းဘက်တွင် ကျောင်းဖန်နန်းဆောင်၌ ရှိနေတတ်သည်။

စတုတ္ထမင်းသား၏ တင်ပြချက်များကို လုမင်ယွိကလည်း နားထောင်နေမိသည်။

"... ဖုဟွမ် ထွက်သွားတာ ၆ရက် ရှိပြီဆိုတော့ ခရီးတော်တော်ပေါက်နေလောက်ပြီ။ တပ်မတော်ကြီးက လမ်းကြောင်းနှစ်ခု ခွဲသွားတယ်။ ကွမ်းပင်းနယ်စား... မဟုတ်ဘူး... သာ့ကောက တပ်ကိုဦးဆောင်ပြီး ဖုဟွမ်နဲ့အတူ ချူနိုင်ငံဘက်ကို သွားမယ်။ ရှင်းယန်ဝမ်နဲ့ ဖူယန်မြို့စားတို့ရဲ့ တပ်ဖွဲ့နှစ်ခုကတော့ ယန်နိုင်ငံဘက်ကို သွားကြမယ်"

ယခင်ဘဝနှင့် အတူတူပင်။ ယုံးကျားဧကရာဇ်နှင့် ပထမမင်းသားတို့က တစ်လမ်း၊ လီကျင့်နှင့် လီဟောက် ညီအစ်ကိုနှစ်ယောက်က တစ်လမ်း သွားကြခြင်း ဖြစ်သည်။ တပ်ဖွဲ့နှစ်ခုသည် ယန်နှင့်ချူ နယ်စပ်သို့ တည့်တည့်ဝင်ရောက်သွားပြီး တရကြမ်း တိုက်ခိုက်ကာ နောက်ဆုံးကျမှ တဖြည်းဖြည်း ပြန်လည် ပေါင်းစည်းကြမည် ဖြစ်သည်။

လုမင်ယွိသည် စိတ်ထဲတွင် နားလည်သဘောပေါက်သဖြင့် အများကြီး မမေးတော့ပေ။

ချောင်မိဖုရားခေါင်သည် စစ်တိုက်ခြင်းနှင့် ပတ်သက်ပြီး နားမလည်သလို ထိုက်ဇီ၏ ဘေးကင်းရေးကို စိတ်ပူသောကြောင့် မေးခွန်းများ မေးမြန်းနေမိသည်။

စတုတ္ထမင်းသားသည် တစ်ခုချင်းစီ ဖြေကြားပေးပြီး စိတ်ဂနာမငြိမ်ဖြစ်နေသော ချောင်မိဖုရားခေါင်ကို နှစ်သိမ့်ပေးလေသည်။ "ရှင်းယန်တပ်ဖွဲ့က သာ့ဝေတိုင်းပြည်ရဲ့ အတော်ဆုံး တပ်ဖွဲ့ပါ။ ရှင်းယန်ဝမ်ကလည်း သတ္တိရှိပြီး တော်ပါတယ်။ အာ့ကောက ရှင်းယန်တပ်ဖွဲ့နဲ့အတူ လိုက်သွားတာဆိုတော့ ရှင်းယန်ဝမ်က အာ့ကောကို သေချာပေါက် ကာကွယ်ပေးမှာပါ။ မူဟုပ် စိတ်မပူပါနဲ့"

ချောင်မိဖုရားခေါင်သည် စိတ်အေးသွားပြီး စတုတ္ထမင်းသားကို ချီးကျူးစကား ဆိုလိုက်လေသည်။ "ဒီရက်ပိုင်း မင်း နေ့တိုင်း ညီလာခံတက်တယ်။ ပြီးတော့ မယ်တော်ကြီးနဲ့ ပန်ကုံးကို လာပြီး နှစ်သိမ့်ပေးသေးတယ်။ မင်းရဲ့ ရိုသေသိတတ်မှုတွေကို ပန်ကုံး မှတ်သားထားပါတယ်"

ဟုတ်ပါသည်။ စတုတ္ထမင်းသားသည် နေ့စဉ် စကားတစ်ခွန်းတည်းကို နှစ်ခါ ပြောရလေသည်။ ရှို့နင်နန်းဆောင်သို့ အရင်သွားပြီး မယ်တော်ကြီးကျောက်ကို နှစ်သိမ့်ရသည်။ ပြီးမှ ကျောင်းဖန်နန်းဆောင်သို့ လာပြီး ချောင်မိဖုရားခေါင်ကို နှစ်သိမ့်ရပြန်သည်။

စတုတ္ထမင်းသားသည် ဉာဏ်ကောင်းပြီး စကားပြောလည်း ကောင်းသဖြင့် ချက်ချင်း ပြန်ဖြေလိုက်လေသည်။ "ဖုဟွမ်နဲ့ သာ့ကော၊ အာ့ကော၊ စန်းကောတို့က တိုင်းပြည်အတွက် စစ်တိုက်သွားကြတာ။ ကျွန်တော်က မလိုက်သွားရဘဲ မြို့တော်မှာ ကျန်ခဲ့တာလေ။ ဒါတွေက ကျွန်တော် လုပ်သင့်လုပ်ထိုက်တာတွေပါ"

စတုတ္ထမင်းသား ပြန်သွားပြီးနောက် ချောင်မိဖုရားခေါင်က သက်ပြင်းချလိုက်လေသည်။ "ချင်ဖေးက အကြံအစည်များပြီး လူမုန်းစရာ ကောင်းပေမဲ့ စတုတ္ထမင်းသားကတော့ သူ့အမေစိတ် မပါလို့ တော်ပါသေးတယ်။ ချစ်ဖို့ကောင်းသားပဲ"

လုမင်ယွိသည် သတိပြန်ဝင်လာပြီး ပြုံးကာ ပြန်ပြောလိုက်သည်။ "ဟုတ်ပါတယ်။ စတုတ္ထမင်းသားက တာဝန်ထမ်းဆောင်တာ သပ်ရပ်ပါတယ်။ အနည်းဆုံးတော့ ဒီရက်ပိုင်း စည်းကျော်တာ မရှိဘူး။ မူဟုပ်လည်း စိတ်ချလို့ရတာပေါ့"

ချောင်မိဖုရားခေါင်က ပြုံးပြီး ခေါင်းညိတ်လိုက်သည်။

သူမသည် စတုတ္ထမင်းသား၏ လှုပ်ရှားမှုများကို တိတ်တဆိတ် စောင့်ကြည့်ရန် လူလွှတ်ထားပြီးဖြစ်သည်။ လောလောဆယ် လှုပ်ရှားမှု မရှိသော်လည်း နောက်ပိုင်းတွင် မရှိနိုင်ဟု ပြောမရပေ။ ထို့ကြောင့် စောင့်ကြည့်မည့် မျက်လုံးများ ထားရှိရလိမ့်မည်။

ယောက္ခမနှင့် ချွေးမတို့ စကားအနည်းငယ် ပြောပြီးနောက် ကလေးအကြောင်းသို့ ရောက်သွားကြသည်။

သူတို့နှစ်ယောက်သည် နန်းတော်ထဲတွင် ရှိနေပြီး နိုင်ငံရေးရာများကို ဝင်မစွက်ဖက်ရပေ။ တပ်မတော်ကြီးသည်လည်း မြို့တော်နှင့် မိုင်သုံးလေးရာ ကွာဝေးနေသဖြင့် လှမ်း၍ မမှီနိုင်ပေ။ နေ့စဉ် စိတ်ပူနေရုံဖြင့် အရာထင်မည် မဟုတ်ပေ။ ပထမရက်များ ကုန်ဆုံးသွားပြီးနောက် ယခုအခါ တဖြည်းဖြည်း အသားကျလာခဲ့ကြသည်။

"တိုင်းပြည်မှာ ကိစ္စတွေ ရှုပ်ထွေးနေတယ်။ အရှင်မင်းကြီးနဲ့ ထိုက်ဇီလည်း နန်းတော်ထဲမှာ မရှိဘူး။ ရွှီအာနဲ့ ရွှမ်းအာတို့ရဲ့ ရက်၁၀၀ပြည့်ကို အကြီးအကျယ် မလုပ်တော့ဘူး" ချောင်မိဖုရားခေါင်က လုမင်ယွိကို ပြုံးပြရင်း ပြောလိုက်သည်။ "နန်းတော်ထဲမှာပဲ ပွဲသေးသေးလေး လုပ်ပြီး ကိုယ့်လူအချင်းချင်း ပျော်ပျော်ပါးပါး နေလိုက်ကြတာပေါ့"

လုမင်ယွိက ပြုံးကာ သဘောတူလိုက်သည်။ "အားလုံး မူဟုပ် သဘောပါပဲ"

...

အကြီးအကျယ် မလုပ်ဘူးဆိုသော်လည်း လုမင်ယွိ၏ မိဘဆွေမျိုးများကိုတော့ ချန်လှပ်ထား၍ မရပေ။

ချောင်မိဖုရားခေါင်သည် လုအိမ်တော်သို့ အမိန့်တော် စေလွှတ်လိုက်ပြီး ရှန့်လန်နှင့် ယောက်မများကို နန်းတော်ထဲ ဝင်ခိုင်းလိုက်သည်။ ထို့ပြင် ချောင်မိသားစုဝင်များ၊ ဖူယန်မြို့စားကတော်နှင့် တော်ဝင်ဆွေမျိုးများကိုလည်း ဖိတ်ကြားထားလေသည်။

ကွမ်းပင်းနယ်စားကတော်ကတော့ ခင်ပွန်းဖြစ်သူ ရာထူးချခံထားရသဖြင့် သူမ၏ ဘွဲ့ထူးဂုဏ်ထူးများလည်း လျှော့ချခံလိုက်ရသည်။ ထို့ကြောင့် ယခုတစ်ကြိမ် နန်းတော်ထဲသို့ ဝင်ခွင့်မရပေ။

မုန့်ယွင်လော်သည် ဧည့်စာရင်းကို ကြည့်ပြီးနောက် စိတ်ထဲတွင် ဝမ်းနည်းခြင်းနှင့် ဒေါသထွက်ခြင်းများ ဖြစ်ပေါ်လာခဲ့လေသည်။ ထို့ကြောင့် မိခင်အိမ်သို့ အထူးတလည် ပြန်သွားကာ မျက်လုံးများ နီရဲလျက် ကွမ်းပင်းနယ်စားကတော်ကို ပြောပြလိုက်လေသည်။ "ဟွမ်ဟုပ်ညန်ညန်က အဖေ လုမင်ယွိကို လုပ်ကြံခိုင်းတဲ့ကိစ္စကို အခုထိ အငြိုးထားနေတုန်းပဲ"

ကွမ်းပင်းနယ်စားကတော်သည် နေအိမ်အကျယ်ချုပ် ကျခံနေရသည်မှာ နှစ်ဝက်ကျော် ရှိပြီဖြစ်သဖြင့် ဆံပင်များ ဖြူလာပြီး နဖူးတွင် အရေးအကြောင်းများ ပေါ်လာကာ အိုစာသွားလေသည်။

သမီးဖြစ်သူ၏ မကျေမနပ် ပြောဆိုသံများကို ကြားရသော်လည်း ကွမ်းပင်းနယ်စားကတော်သည် စိတ်လှုပ်ရှားခြင်း မရှိဘဲ အေးဆေးစွာ ပြောလိုက်သည်။ "ငါသာဆိုရင်လည်း အငြိုးထားမှာပဲ"

မုန့်ယွင်လော်မှာ ဆွံ့အသွားတော့သည်။

"ပြောရရင် မုန့်မိသားစုက အမှားကြီး လုပ်မိခဲ့တာ" ကွမ်းပင်းနယ်စားကတော်က သက်ပြင်းချလိုက်သည်။ "ဒီလိုအချိန်မှာ ဟွမ်ဟုပ်ညန်ညန်က မုန့်မိသားစုကို မျက်နှာသာ မပေးတာ အပြစ်ပြောလို့ မရဘူး။ မုန့်မိသားစုရဲ့ မျက်နှာကို နင့်အဖေနဲ့ နင့်အဒေါ်တို့ အကုန်ဖျက်စီးပစ်လိုက်ပြီ"

မုန့်ယွင်လော်သည် နှုတ်ခမ်းကို ဖိကိုက်လိုက်ပြီး မကျေမနပ် ဖြစ်နေဆဲပင်။ "အဖေ့ကိုလည်း အပြစ်ပေးပြီးပြီ။ လုပ်ကြံတဲ့ကိစ္စကိုလည်း ဘယ်သူမှ မပြောကြတော့ဘူး။ လုမင်ယွိရဲ့ ကလေးတွေ ရက်၁၀၀ပြည့်ပွဲမှာ အမေ နန်းတော်ထဲ ဝင်ခွင့်ရရင် ဒီကိစ္စက လုံးဝ ပြီးသွားမှာ။ တတိယမင်းသားနဲ့ သမီးမျက်နှာကို ထောက်ပြီးတော့ သူတို့ ယောက္ခမနဲ့ ချွေးမက သဘောထားကြီးပေးသင့်တယ်"

ကွမ်းပင်းနယ်စားကတော်သည် နဖူးကို နှိပ်နယ်လိုက်ကာ "နင့်မှာ ဘယ်က အားအင်တွေ ရပြီး ဒီလို အဓိပ္ပာယ်မရှိတဲ့ စကားတွေ ပြောနေလဲ မသိဘူး။ ဟွမ်ဟုပ်ညန်ညန်က အနောက်နန်းဆောင်ရဲ့ အရှင်သခင်မ ဆိုတာ မပြောနဲ့ဦး။ ယောက္ခမအနေနဲ့ နင့်ကို မျက်နှာသာ မပေးချင်ရင် နင်က ဘာလုပ်နိုင်မှာလဲ။ ပြီးတော့ ဟို လုမင်ယွိကလည်း အလျှော့ပေးမယ့်သူ မဟုတ်ဘူး။ နင် လျှောက်တွေးပြီး ကိုယ့်ကိုယ်ကိုယ် စိတ်ဆင်းရဲအောင် မလုပ်နဲ့"

"ဒီလို အချိန်ရနေရင် ကလေးကို ဂရုစိုက်ပြီး နေလိုက်ပါ"

မုန့်ယွင်လော်သည် မိခင်ဖြစ်သူက သူမဘက်မှ မပါသဖြင့် စိတ်ဆိုးသွားတော့သည်။ "တော်ပြီ။ သမီးက အမေ့အိမ်ကို ထည့်စဉ်းစားပေးနေတာကို အမေက ကျေးဇူးမတင်တဲ့အပြင် ဆူနေသေးတယ်။ သမီး ဘာမှ မပြောတော့ဘူး"

ပြောပြီးသည်နှင့် လှည့်ထွက်သွားလေသည်။

ကွမ်းပင်းနယ်စားကတော်သည် ထပြီး လိုက်မပို့ပေ။ အတော်ကြာ ထိုင်နေပြီးနောက် မျက်နှာတွင် ခါးသီးမှုများ ပြည့်နှက်လာတော့သည်။

အရင်တုန်းက မုန့်မိသားစု ဘယ်လောက်တောင် ကြီးကျယ်ခမ်းနားခဲ့သလဲ။ သူမလို ကွမ်းပင်းနယ်စားကတော် သွားလေရာ နေရာတိုင်းတွင် လူတိုင်းက မြှောက်ပင့်ပေးကြသည်။ ချောင်မိသားစုက အမျိုးသမီးတွေထက်တောင် မျက်နှာပွင့်ခဲ့သည်။ အခုတော့ အိမ်တံခါးဝမှာ လူသူကင်းမဲ့ပြီး နန်းတော်ထဲ ဝင်ခွင့်တောင် မရတော့ဘူး။

...

ရွှီအာနှင့် ရွှမ်းအာတို့၏ ရက်၁၀၀ပြည့်ပွဲကို အိမ်ရှေ့စံနန်းဆောင်တွင် ကျင်းပလေသည်။ မယ်တော်ကြီးကျောက်သည် ရှို့နင်နန်းဆောင်တွင် နေရတာ ပျင်းနေသဖြင့် ယနေ့ အိမ်ရှေ့စံနန်းဆောင်သို့ အထူးတလည် ရောက်လာခဲ့သည်။

ချင်ဖေးသည် ပြုံးရွှင်စွာဖြင့် မယ်တော်ကြီးကျောက်ကို တွဲကူလာခဲ့သည်။ လွန်ခဲ့သော ရက်အနည်းငယ်က အရှက်ခွဲခံခဲ့ရသည်ကို လုံးဝ မေ့ပစ်လိုက်ပုံရပြီး လုမင်ယွိကို တွေ့သည်နှင့် အလွန်ရင်းနှီးစွာ ဆက်ဆံလေသည်။

ဒါသည်လည်း ချင်ဖေး၏ ထူးခြားချက်ပင်။ မည်သို့သော မုန်တိုင်းမျိုး တိုက်ခိုက်ပါစေ သူမ၏ မျက်နှာပြောင်တိုက်မှုကတော့ မပြောင်းလဲပေ။

လုမင်ယွိသည် စိတ်ထဲတွင် ရယ်မောလိုက်ပြီး စကားအနည်းငယ် ပြန်ပြောလိုက်သည်။

ကျောက်ယွီကတော့ လုမင်ယွိ၏ အင်္ကျီလက်ကို ဆွဲပြီး တိုးတိုးလေး ပြောလိုက်၏။ "ကျွန်မ မူဖေး လွန်ခဲ့တဲ့ ရက်အနည်းငယ်က ပြောခဲ့တဲ့ စကားတွေကို မရီး စိတ်ထဲမထားပါနဲ့။ အရှင်မင်းသားက စည်းကမ်းမသိတဲ့သူ မဟုတ်ပါဘူး"

လုမင်ယွိက မသိမသာ ပြုံးလိုက်သည်။ "ခရီးဝေးသွားမှ မြင်းကောင်းမှန်း သိရသလို အချိန်ကြာမှ လူ့စိတ်ကို သိနိုင်တာလေ။ စတုတ္ထမင်းသားရဲ့ အကျင့်စာရိတ္တကို အာ့စောင်က ယုံကြည်ပါတယ်"

ကျောက်ယွီသည် စကား၏ အတိမ်အနက်ကို နားမလည်သဖြင့် ပြုံးကာ ပြောလိုက်လေသည်။ "အာ့စောင် အထင်မလွဲရင် ပြီးတာပါပဲ။ ကျွန်မလည်း အရှင်မင်းသားကို မကြာခဏ ပြောပါတယ်။ တာဝန်ကို သေချာထမ်းဆောင်ဖို့၊ မဆိုင်တဲ့ကိစ္စတွေကို ဝင်မပါဖို့၊ ပါးစပ်မများဖို့ပေါ့"

ယောက်မနှစ်ယောက် တိုးတိုးတိတ်တိတ် စကားပြောနေကြစဉ် မကြာမီ နန်းတွင်းပွဲ တက်ရောက်မည့် ဧည့်သည်များ တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြသဖြင့် စကားပြောရန် အချိန်မရှိတော့ပေ။ ကျောက်ယွီသည် စိတ်အားထက်သန်စွာဖြင့် ဧည့်သည်များကို ကူညီဧည့်ခံပေးလေသည်။

ပြောရမမည်ဆိုလျှင် ဒီနေ့ နန်းတော်ထဲ ဝင်လာသူများက တော်ဝင်ဆွေမျိုးများပင်။

လုမိသားစု၊ ချောင်မိသားစု၊ ကျောက်မိသားစုတို့ ပါဝင်သည်။ လျန်ဖူးရန်သည်လည်း ချွေးမနှစ်ယောက်ကို ခေါ်ဆောင်ပြီး နန်းတော်ထဲသို့ ရောက်လာခဲ့လေသည်။ မုန့်မိသားစုဝင်များသာ ပျောက်ဆုံးနေသဖြင့် မုန့်ယွင်လော် ဒေါသထွက်သည်မှာလည်း မဆန်းပေ။

...

အပိုင်း (၃၂၄) ရက်၁၀၀ပြည့် (၂)

နွေဦးရာသီ ရောက်ပြီဖြစ်သဖြင့် ရာသီဥတုက နွေးထွေးလာသည်။ မွန်းတည့်ချိန်တွင် ကျင်းပသော နန်းတွင်းပွဲတော်၌ နေရောင်ခြည်သည် နွေးထွေးစွာ ထွန်းလင်းနေလေသည်။

ရွှီအာနှင့် ရွှမ်းအာတို့သည် အနီရောင် ပိုးသားအင်္ကျီများကို ဝတ်ဆင်ထားပြီး အပြင်သို့ ပွေ့ထုတ်လာကြသည်။

မောင်နှမနှစ်ယောက်၏ အသားအရေသည် ဖြူဖွေးနုနယ်ပြီး မျက်နှာလေးများမှာ ဖောင်းအိလို့နေသည်။ မျက်ခုံးနှင့် မျက်လုံးများကလည်း ပွင့်လန်းလာသည်။ ချီယွင်သည် သူတို့၏ နဖူးပေါ်တွင် အနီရောင်စက်ဝိုင်းလေးများ ရေးဆွဲပေးထားသဖြင့် ပိုပြီး ချစ်စဖွယ်ကောင်းနေတော့သည်။

လူအများက ဝိုင်းအုံလာပြီး အလုအယက် ပွေ့ချီကြလေသည်။

ရွှီအာနှင့် ရွှမ်းအာတို့သည် နန်းတော်ထဲတွင် ကြီးပြင်းလာသူများ ဖြစ်သဖြင့် နေ့စဉ် လူအများ၏ ပွေ့ဖက်နမ်းရှုပ်ခြင်းကို ခံနေကျဖြစ်သည်။ ထို့ကြောင့် ဒီလို ဆူညံသော အခြေအနေနှင့် ရင်းနှီးနေပြီးဖြစ်သည်။ မငိုမယိုဘဲ ပါးစပ်လေးများ ဟကာ ပြုံးရယ်နေကြလေသည်။

ရှန်းလန်သည် ရွှမ်းအာကို လုယူပွေ့ချီထားပြီး ပြုံးကာ ပြောလိုက်သည်။ "နှမြောစရာပဲ။ ကျွမ်းအာက ငယ်လွန်းသေးတော့ ဒီနေ့ နန်းတော်ထဲ ခေါ်လာလို့ မရဘူး။ မဟုတ်ရင် ကလေးတွေ စုပြီး ပိုပျော်စရာကောင်းမှာ"

ဟုတ်ပါ့။

လုမင်ယွိသည်လည်း တူလေးကို သတိရနေသဖြင့် တိုးတိုးလေး ရယ်မောကာ ပြောလိုက်သည်။ "နောက်ရက်နည်းနည်းကြာလို့ ရာသီဥတု ပိုနွေးလာရင် ကလေးတွေကိုခေါ်ပြီး လုအိမ်တော်ကို ရက်နည်းနည်းလောက် လာနေဦးမယ်"

ရှန်းလန်၏ မျက်ခုံးများ လှုပ်ရှားသွားပြီး ချောင်မိဖုရားခေါင်ရှိရာသို့ မသိမသာ လှမ်းကြည့်လိုက်ကာ တိုးတိုးလေး မေးလိုက်သည်။ "နင်က အခု နန်းတော်ထဲမှာ နေရတာလေ။ နန်းတော်ထဲက ထွက်ဖို့ဆိုတာ အဆင်ပြေပါ့မလား"

ထိုက်ဇီဖေး ဖြစ်သွားပြီး အိမ်ရှေ့စံနန်းဆောင်တွင် နေထိုင်ရပြီဆိုလျှင် လှုပ်ရှားမှုတိုင်းသည် မယ်တော်ကြီးကျောက်နှင့် ချောင်မိဖုရားခေါင်တို့၏ မျက်စိအောက်တွင် ရှိနေရသည်။ အရင်တုန်းကလိုမျိုး ပြန်ချင်သည်နှင့် ပြန်လို့ရတော့မှာ မဟုတ်ပေ။

လုမင်ယွိက မျက်ခုံးပင့်ကာ ပြုံးလိုက်ပြီး "စိတ်မပူပါနဲ့။ ငါ ပြောပြီးမှတော့ သေချာပေါက် ပြန်လာခဲ့မှာပါ။ မူဟုပ်က တားမှာ မဟုတ်ပါဘူး"

ရှန်းလန်သည် ဆက်မမေးတော့ဘဲ စကားလမ်းကြောင်း လွှဲလိုက်တော့၏။ "တပ်မတော်ကြီးက လမ်းမှာ ရှိနေတုန်းပဲ။ နင့်အာ့ကောက ခရီးနှင်နေရပေမဲ့ စာရေးဖို့ အချိန်ရသေးတယ်။ တကယ်တမ်း စစ်တိုက်တဲ့အချိန်ကျရင်တော့ အချိန်ရတော့မှာ မဟုတ်ဘူး"

လုမင်ယွိက ပြုံးလိုက်သည်။ "ဟုတ်တယ်။ ၁၀ရက်တောင် မပြည့်သေးဘူး။ အရှင်မင်းသားဆီက စာ၃စောင် ရောက်လာပြီ"

လီကျင့် ထွက်သွားပြီးနောက် အိမ်ရှေ့စံနန်းဆောင်သည် တိတ်ဆိတ်သွားခဲ့သည်။

လုမင်ယွိသည် တစ်ယောက်တည်း အိပ်ရတာ အကျင့်မရှိသဖြင့် ညတိုင်း ရွှီအာနှင့် ရွှမ်းအာတို့ကို ခေါ်အိပ်လေ့ရှိသည်။ ကလေးများက ညဘက်ဆိုလျှင် နိုးတတ်သဖြင့် အလုပ်ရှုပ်ပြီး အိပ်ရေးမဝပေ။ ခင်ပွန်းသည်ကို သတိရဖို့ အချိန်ပင် မရှိတော့ပေ။

ရှန်းလန်၏ အခြေအနေသည်လည်း အတူတူပင်။ တိုးတိုးလေး ရယ်မောကာ ပြောလိုက်၏။ "ကျွမ်းအာက ညတိုင်း ငါနဲ့ အတူအိပ်တာ။ တစ်ညဆိုရင် နှစ်ခါ သုံးခါလောက် နိုးတယ်။ ငါမရှိရင် အိပ်မပျော်ဘူး။ ငါဆိုရင် အိပ်ချင်လွန်းလို့ မျက်လုံးတောင် မဖွင့်နိုင်တော့ဘူး။ သူ့အဖေကို သတိရဖို့ အချိန်ဘယ်ရှိမလဲ"

လုမင်ယွိသည် တိုးတိုးလေး ရယ်မောလိုက်မိတော့သည်။

သူတို့နှစ်ယောက် စကားကောင်းနေသဖြင့် ရွှမ်းအာကို လျစ်လျူရှုထားမိသလို ဖြစ်သွားသည်။

ရွှမ်းအာသည် မကျေနပ်တော့ဘဲ လက်သေးသေးလေးများကို ဝှေ့ယမ်းကာ အော်ဟစ်နေတော့သည်။ ရှန်းလန်သည် သဘောကျသွားပြီး ရယ်မောလိုက်သည်။ "ရွှမ်းအာက တကယ်ပဲ ဉာဏ်ကောင်းတာပဲ"

လုမင်ယွိသည် ချစ်ခင်စွာဖြင့် သမီးလေး၏ ပါးကို ကိုင်လိုက်ကာ "ဉာဏ်မကောင်းဘဲ နေမလား။ နေ့တိုင်း ငါ့ကိုယ်ပေါ်ကနေ မဆင်းချင်ဘူး ဖြစ်နေတာ။ ငါက လက်တစ်ဖက်နဲ့ သူ့ကိုချီပြီး နောက်လက်တစ်ဖက်နဲ့ ရွှီအာကို ချီထားရင် သူက မကျေနပ်ဘူး။ ရွှီအာကို ခြေထောက်နဲ့ လှမ်းကန်သေးတာ"

ရှန်းလန်က ရယ်မောလိုက်မိသည်။ "ဒီလောက် ငယ်ငယ်လေးနဲ့ နေရာလုတတ်နေပြီပေါ့"

ဟုတ်ပါ့။

လုမင်ယွိက မတတ်သာသည့်ဟန်ဖြင့် ပြုံးလိုက်သည်။ "ရွှီအာကလည်း လက်သီးဆုပ်လေးနဲ့ သူ့ညီမလေးကို တွန်းထုတ်တတ်တယ်"

ရှန်းလန်သည် စိတ်ဝင်စားသွားပြီး ဟွေ့အန်းကုန်းကျူ လက်ထဲမှ ရွှီအာကို အတင်းလုယူလိုက်လေသည်။ မောင်နှမနှစ်ယောက်လုံးကို ပွေ့ချီထားလိုက်သည်။ လူအများက ဝိုင်းကြည့်ကြရာ ရွှီအာနှင့် ရွှမ်းအာတို့သည် လက်သီးဖြင့်ထိုးလိုက် ခြေထောက်ဖြင့် ကန်လိုက်နှင့် အလုပ်ရှုပ်နေကြသည်ကို တွေ့လိုက်ရသည်။

ကြည့်နေသူများအားလုံး ရယ်မောနေကြတော့သည်။

ဒီလိုနေ့မျိုးမှာ ဘယ်သူကမှ အငွေ့အသက်ကို မဖျက်ဆီးရဲကြပေ။ ထို့ပြင် မယ်တော်ကြီးကျောက်နှင့် ချောင်မိဖုရားခေါင်တို့ကလည်း ရွှီအာနှင့် ရွှမ်းအာတို့ကို ကြည့်ပြီး ပျော်ရွှင်နေကြသည်။ ဘယ်သူကမှ မလိုအပ်တဲ့ စကားတွေကို ပြောရဲမှာ မဟုတ်ပေ။

လုမင်ယွိက ပြုံးပြီး ခေါ်လိုက်သည်။ "ရွှီအာ... ရွှမ်းအာ..."

မျက်လုံးဝိုင်းဝိုင်းလေး နှစ်စုံသည် မိခင်ဖြစ်သူထံသို့ ချက်ချင်း လှည့်ကြည့်လာကြသည်။ တစ်ပြိုင်တည်း လက်ဆန့်ကာ မိခင်ဖြစ်သူထံ လာချင်ကြောင်း ပြသကြလေသည်။

လုမင်ယွိက ပြုံးကာ လက်ဆန့်လိုက်ပြီး ကလေးများကို လှမ်းယူလိုက်သည်။

...

ရက်အတော်ကြာ မျက်နှာမပြဖြစ်သော မုန့်ကွေ့ဖေးသည် ပျော်ရွှင်စရာ ကိစ္စများတွင် ပါဝင်ခြင်း မရှိဘဲ ဘေးတစ်ဖက်တွင် တစ်ယောက်တည်း ထိုင်နေလေသည်။ ယခင်က သူမ၏ ဘေးနားတွင် စည်ကားခဲ့သလောက် ယခုတွင်တော့ တိတ်ဆိတ်ခြောက်ကပ်နေတော့သည်။

သူမနှင့် ဆန့်ကျင်ဘက် ဖြစ်နေသူမှာ ဝမ်မေရန် ဖြစ်လေသည်။

ဝမ်မေရန်သည် ကိုယ်ဝန်ကို ဂရုတစိုက် စောင့်ရှောက်နေပြီး ယခုအခါ ကိုယ်ဝန် ၃လ ပြည့်ပြီဖြစ်သဖြင့် ကိုယ်ဝန်တည်ငြိမ်လာပြီ ဖြစ်သည်။ ယနေ့ ရွှီအာနှင့် ရွှမ်းအာတို့၏ ရက်၁၀၀ပြည့်ပွဲ ဖြစ်သောကြောင့် ဝမ်မေရန်သည် အပြင်ထွက်လာခြင်း ဖြစ်သည်။ ဂုဏ်ပြုစကား ပြောကြားပြီးနောက် သူမသည် ဘေးတစ်ဖက်တွင် တိတ်ဆိတ်စွာ ထိုင်နေလေသည်။

ဝမ်မေရန်သည် နန်းတွင်း၌ မျက်နှာပွင့်သူ ဖြစ်သဖြင့် ထောင့်တစ်နေရာတွင် ထိုင်နေလျှင်ပင် မိဖုရားငယ်များ လာရောက် နှုတ်ဆက်ကြလေသည်။ ငယ်ရွယ်သော မိဖုရားငယ်များသာမက ချင်ဖေးနှင့် စူးကွေ့ဖေးတို့သည်လည်း ဝမ်မေရန်နှင့် လာရောက် စကားပြောကြလေသည်။

ဝမ်မေရန်သည် ယုံးကျားဧကရာဇ်၏ ရှေ့မှောက်တွင် တက်ကြွလန်းဆန်းနေသော်လည်း လူများသော နေရာတွင်တော့ အနေအထိုင် ဆင်ခြင်လေသည်။ ယခုအချိန်တွင် နှုတ်ခမ်းကို စေ့ကာ ပြုံးနေပြီး ခေါင်းညိတ်ပြရုံသာ ပြုလုပ်လေသည်။ စကားများများ မပြောသလို မောက်မာခြင်းလည်း မရှိပေ။

"အရှင်မင်းကြီး ကိုယ်တိုင် ဦးစီးပြီး ယန်နဲ့ချူကို စစ်ထွက်တိုက်တာ။ စစ်နိုင်ပြီး ပြန်လာတဲ့အချိန်ကျရင် ဝမ်မေရန်ရဲ့ ဗိုက်ထဲက ကလေးလေးလည်း မွေးလောက်ပြီ" ချင်ဖေးက ရင်းနှီးစွာ ပြုံးပြရင်း ပြောလိုက်သည်။ "ဝမ်မေရန်က မင်းသားလေး မွေးဖွားပေးပြီး တော်ဝင်မိသားစုကို မျိုးဆက်ပွားပေးနိုင်ဖို့ မျှော်လင့်ပါတယ်"

ရောဂါပျောက်ကင်းသွားပြီဖြစ်သော စူးကွေ့ဖေးသည်လည်း ယနေ့ အိမ်ရှေ့စံနန်းဆောင်သို့ ရောက်လာခဲ့သည်။ ချင်ဖေးထက်ပင် ပိုပြီး ရင်းနှီးစွာ ပြုံးပြလေသည်။ "ဟုတ်တာပေါ့။ ဒီနှစ်တွေမှာ နန်းတော်ထဲမှာ ကလေးမမွေးတာ ကြာပြီ။ ကျွန်မလည်း ဝမ်မေရန်က သားလေး မွေးပေးဖို့ မျှော်လင့်ပါတယ်"

ဝမ်မေရန်က နူးညံ့စွာ ပြန်ဖြေလိုက်သည်။ "သားဖြစ်ဖြစ် သမီးဖြစ်ဖြစ် ကျွန်မကတော့ ဝမ်းသာပါတယ်"

သူမကတော့ ဗိုက်ထဲက ကလေးကို သမီးလေး ဖြစ်စေချင်သည်။

ယုံးကျားဧကရာဇ်တွင် သားတော် ၅ပါး ရှိပြီးဖြစ်သည်။ ထိုက်ဇီကိုလည်း ခန့်အပ်ပြီးပြီ။ သူမက သမီးလေး မွေးဖွားပေးလျှင် ထိုက်ဇီအတွက် အန္တရာယ် မရှိသလို မိဖုရားခေါင်ကြီးလည်း ပိုသဘောကျပေလိမ့်မည်။

သူမတွင် ရည်မှန်းချက်ကြီးကြီးမားမား မရှိပေ။ နန်းတော်ထဲတွင် အေးအေးချမ်းချမ်း နေထိုင်သွားချင်ရုံသာ ဖြစ်သည်။

ဝမ်မေရန်သည် မျက်နှာပေါ်တွင် မိတ်ကပ်လိမ်းခြယ်ထားခြင်း မရှိသော်လည်း လှပနေဆဲပင်။

မုန့်ကွေ့ဖေးကတော့ နူးညံ့စွာ ပြုံးနေသော ဝမ်မေရန်ကို အဝေးကနေ ကြည့်ပြီး ဒေါသထွက်လွန်းသဖြင့် ရင်ထဲမှ သွေးများပင် ယိုစီးကျမတတ် ဖြစ်နေသည်။

ဒါသည် ဝမ်မေရန်ကို သူမ သေသေချာချာ ကြည့်ရှုခြင်း ပထမဆုံးအကြိမ် ဖြစ်သည်။ ကြည့်လေလေ ပိုပြီး ဒေါသထွက်လေလေပင်။

ဝမ်မေရန်၏ ရုပ်ရည်သွင်ပြင်သည် သူမ၏ ငယ်ရွယ်စဉ်က ပုံစံနှင့် ၅၀ရာခိုင်နှုန်းခန့် တူညီနေသည်။ တောက်ပသော အဝတ်အစားများ ဝတ်ဆင်ပြီး သေချာ ပြင်ဆင်ကာ တမင်တကာ တုပလိုက်လျှင် သူမနှင့် ပိုတူသွားပေလိမ့်မည်။ သို့သော် သူမထက် အများကြီး ငယ်ရွယ်နုပျိုလေသည်။

ယုံးကျားဧကရာဇ်က စွဲလမ်းနှစ်သက်သွားသည်မှာ မဆန်းပေ။ အခုဆိုရင် ကိုယ်ဝန်တောင် ရှိနေပြီ။

မုန့်ကွေ့ဖေးသည် ဝမ်မေရန်၏ အနည်းငယ် စူထွက်နေသော ဗိုက်ကို စူးစိုက်ကြည့်လိုက်လေသည်။

ဝမ်မေရန်သည် ကျောထဲမှ စိမ့်တက်လာသဖြင့် မသိမသာ ကိုယ်ကိုစောင်းကာ မုန့်ကွေ့ဖေး၏ အကြည့်ကို ရှောင်ရှားလိုက်လေသည်။

မုန့်ကွေ့ဖေးကတော့ လွယ်လွယ်နှင့် လွှတ်ပေးလိုစိတ် မရှိပေ။ ထရပ်ကာ လျှောက်လာခဲ့၏။ ချင်ဖေးနှင့် စူးကွေ့ဖေးတို့သည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး လက်ပိုက်ကာ ပွဲကြည့်ရန် ပြင်လိုက်ကြသည်။

မုန့်ကွေ့ဖေးသည် အနှစ် ၂၀ လောက် မျက်နှာပွင့်ခဲ့ပြီး အနောက်နန်းဆောင်တွင် ဗိုလ်ကျလေ့ရှိသည်။ ချင်ဖေးနှင့် စူးကွေ့ဖေးတို့သည် အရင်က အနိုင်ကျင့်ခံရဖူးသည်။ မုန့်ကွေ့ဖေးသည် ယခင်ကလောက် အရှိန်အဝါ မရှိတော့သော်လည်း ကြွင်းကျန်နေသော အရှိန်အဝါတော့ ရှိနေသေးသည်။ ထို့ကြောင့် သူတို့သည် အကျင့်ပါနေသလို ရှောင်ပေးလိုက်ကြသည်။

"မုန့်ကွေ့ဖေးကို ဂါရဝပြုပါတယ်" ဝမ်မေရန်သည် ရှောင်လွှဲ၍ မရမှန်း သိသဖြင့် ထရပ်ကာ နှုတ်ဆက်လိုက်ရသည်။

အမှန်တကယ်တော့ ဝမ်မေရန် ကိုယ်ဝန်ရှိလာပြီးနောက် ချောင်မိဖုရားခေါင်က သူမကို ဂါရဝပြုစရာ မလိုကြောင်း ကင်းလွတ်ခွင့် ပေးထားပြီးဖြစ်သည်။

မုန့်ကွေ့ဖေးသည် ဂါရဝပြုခြင်းကို လက်ခံလိုက်ပြီး ဝမ်မေရန်၏ မျက်နှာကို ကြည့်ကာ မဲ့ပြုံးပြုံးပြီး ပြောလိုက်လေသည်။ "ဒီနှစ်ဝက်လောက်အတွင်းမှာ ဝမ်မေရန်က အရှင်မင်းကြီးရဲ့ ချစ်မြတ်နိုးမှုကို ရရှိထားပြီး အနောက်နန်းဆောင်မှာ ပြိုင်ဘက်ကင်း ဖြစ်နေတယ်။ တကယ်ကို အားကျစရာပါပဲ။ ဝမ်မေရန်က ဘယ်လိုပုံစံမျိုးလဲဆိုတာ တို့ သိချင်နေခဲ့တာ ကြာပါပြီ။ ဒီနေ့မှ တွေ့ဖူးတော့တယ်"

"ဟွမ်ဟုပ်ညန်ညန်က ညည်းကို ဘယ်ကနေ ရှာတွေ့လာလဲတော့ မသိဘူး။ တို့ ငယ်ငယ်တုန်းက ပုံစံနဲ့ တော်တော်လေး တူတာပဲ။ အရှင်မင်းကြီးရဲ့ မျက်နှာသာပေးမှုကို မြန်မြန်ဆန်ဆန် ရရှိသွားတာ မဆန်းပါဘူး"

တချို့ကိစ္စတွေကို လူတိုင်း သိကြသည်။ သို့သော်လည်း ထုတ်ပြောလိုက်လျှင်တော့ ရှက်စရာ ကောင်းသွားတတ်သည်။

သို့သော် ရှက်ရမည့်လူက မူရင်းလူ မဟုတ်ဘဲ အတုအပလူသာ ဖြစ်လေသည်။

...

All Chapters