အခန်း (၃၂၅-၃၂၇)
Vol. 22 Ch. 325-327
အပိုင်း (၃၂၅) ပွဲကောင်း
ချင်ဖေးနှင့် စူးကွေ့ဖေးတို့သည် ပွဲကောင်းကြည့်ရန် ဆုံးဖြတ်ထားသဖြင့် ဝမ်မေရန်အတွက် ဝင်ရောက်ဖြေရှင်းပေးမည့်သူ တစ်ယောက်မျှ မရှိချေ။
ချောင်မိဖုရားခေါင်၏ အာရုံစိုက်မှုသည် မြေးတော်၊ မြေးမတော်များထံတွင် ရောက်ရှိနေပြီး လုမင်ယွိသည်လည်း ကလေးများကို ပွေ့ချီထားသဖြင့် ဝမ်မေရန်ဘက်သို့ လှည့်ကြည့်နိုင်ခြင်း မရှိပေ။ ငယ်ရွယ်သော မိဖုရားငယ်များသည် မုန့်ကွေ့ဖေးကို ရင်ဆိုင်ရဲသည့် သတ္တိမရှိကြချေ။
တစ်ခဏအတွင်း ဝမ်မေရန်သည် အလွန်အမင်း အနေရခက်သော အခြေအနေသို့ ကျရောက်သွားလေသည်။
မုန့်ကွေ့ဖေးသည် အတင်းအကြပ် ဖိအားပေးနေသဖြင့် ဝမ်မေရန်သည် ခေါင်းငုံ့ထားပြီး မုန့်ကွေ့ဖေးနှင့် အကြည့်ချင်း မဆုံအောင် ရှောင်ရှားလိုက်လေသည်။ "မုန့်ကွေ့ဖေးက နောက်နေပါပြီ"
မုန့်ကွေ့ဖေးသည် ဒီအငြိုးအတေးကို ရင်ထဲတွင် သိမ်းဆည်းထားသည်မှာ နှစ်ဝက်ကျော် ကြာမြင့်နေပြီဖြစ်သဖြင့် ယနေ့တွင် ထုတ်ဖော်ခွင့် ရရှိသောအခါ ဝမ်မေရန်ကို လွယ်လွယ်နှင့် လွှတ်ပေးမည် မဟုတ်ပေ။ ဟန်ဆောင်ပြုံးဖြင့် ပြောလိုက်၏။ "ဟုတ်ပါတယ်။ တို့က စိတ်ရင်းမှန်တယ်။ နောက်ပြောင်ရတာကို ကြိုက်တယ်။ တစ်ခါတလေ စကားပြောရင် တည့်တိုးပြောတတ်တော့ နားထောင်လို့ သိပ်အဆင်မပြေဖြစ်တတ်တယ်။ စိတ်ထဲမထားပါနဲ့"
"ဒါနဲ့ မင်းနဲ့တို့က ခန္ဓာကိုယ် အချိုးအစား တူတယ်။ ဝတ်တဲ့ အဝတ်အစားတွေကလည်း တူတယ်။ တို့ဆီမှာ အရင်တုန်းက ချုပ်ထားပြီး မဝတ်ရသေးတဲ့ အဝတ်အစားတွေ အများကြီး ရှိသေးတယ်။ ခဏနေရင် တို့ နန်းတွင်းအပျိုတော်တွေကို မင်းရဲ့ အိပ်ဆောင်ဆီ ပို့ခိုင်းလိုက်မယ်။ နန်းတွင်းချုပ်လုပ်ရေးဌာနက လူတွေကို ထပ်ပြီး အလုပ်မရှုပ်စေတော့ဘူးပေါ့"
ဒါသည် ဝမ်မေရန်က သူမ၏ ဝတ်စားဆင်ယင်ပုံကို တုပနေကြောင်း လှောင်ပြောင်လိုက်ခြင်းပင်။
ချင်ဖေးသည် ထိုစကားကို ကြားသောအခါ စိတ်ထဲတွင် အလွန်ကျေနပ်သွားလေသည်။
သူမသည် ချောင်မိဖုရားခေါင်နှင့် မုန့်ကွေ့ဖေးတို့၏ ဖိနှိပ်မှုကို ခံရသည်ကို မနှစ်သက်သလို "မျိုးဆက်သစ်" များ၏ ကျော်တက်ခြင်းကို ခံရသည်ကိုလည်း မလိုလားပေ။ ယခုအခါ ကိုယ်တိုင် ဝင်ရောက်တိုက်ခိုက်စရာ မလိုဘဲ စိတ်ကျေနပ်မှု ရရှိနေသည်။
"မုန့်ကွေ့ဖေးက ဒီလောက် သဘောထားကြီးတာ ဝမ်မေရန်က သေချာ ကျေးဇူးတင်သင့်တယ်" ချင်ဖေးက ပြုံးရွှင်စွာ ဝင်ပြောလိုက်၏။ "အခု ကိုယ်ဝန်ရှိနေလို့ မဝတ်နိုင်ရင်တောင် နောက်မှ ဝတ်ဖို့ သိမ်းထားလို့ ရတာပဲ"
စူးကွေ့ဖေးကလည်း ပါးစပ်ကိုအုပ်ကာ ရယ်မောလိုက်သည်။ "ဟုတ်တာပေါ့။ အရှင်မင်းကြီးက မုန့်ကွေ့ဖေးကို ချီးမြှင့်ထားတဲ့ အထည်တွေက နန်းတော်ထဲမှာ အကောင်းဆုံးတွေချည်းပဲ။ တို့တွေ ဝတ်ချင်ရင်တောင် ဝတ်လို့မရဘူး။ ဝမ်မေရန် မြန်မြန် ကျေးဇူးတင်လိုက်လေ"
ဝမ်မေရန်သည် ခဏမျှ တိတ်ဆိတ်နေပြီးမှ ခေါင်းမော့လာခဲ့သည်။ "မုန့်ကွေ့ဖေးကို ကျေးဇူးတင်ပါတယ်"
မုန့်ကွေ့ဖေးသည် ထိုလှပသော မျက်နှာကို ကြည့်ပြီး ရင်ထဲမှ မနာလိုဝန်တိုမှုများသည် မီးတောက်များအဖြစ် ပြောင်းလဲလုနီးပါးပင်။
ဝမ်မေရန်က ခေါင်းငုံ့သွားသော်လည်း သူမသည် လက်မလျှော့သေးပေ။ ထပ်မံ ပြုံးကာ ပြောလိုက်လေသည်။ "တို့က မင်းကို လက်ဝတ်ရတနာတွေနဲ့ တို့သုံးနေကျ မိတ်ကပ်တွေကိုပါ ပေးလိုက်မယ်။ ဟွမ်ဟုပ်ညန်ညန်လည်း စိတ်မပူရတော့ဘူးပေါ့"
ဒါသည် ချောင်မိဖုရားခေါင်က ဝမ်မေရန်ကို အသုံးချပြီး အရှင်မင်းကြီး၏ အချစ်ကို လုယူနေကြောင်း လှောင်ပြောင်လိုက်ခြင်းပင်။
ဝမ်မေရန်၏ မျက်ခုံးများ လှုပ်ရှားသွားပြီး ရုတ်တရက် ပြန်ပြောလိုက်လေသည်။ "မုန့်ကွေ့ဖေးရဲ့ စေတနာကို ချန်ချဲ့ မငြင်းဆန်သင့်ပါဘူး။ ဒါပေမဲ့ အရှင်မင်းကြီးက အစတုန်းက ချန်ချဲ့ တောက်ပတဲ့ အဝတ်အစားတွေ ဝတ်ဆင်တာကို သဘောကျပေမဲ့ နောက်ပိုင်းကျတော့ မိတ်ကပ်မလိမ်းတာက ပိုကြည့်ကောင်းတယ်လို့ ပြောပါတယ်။ အဲဒါကြောင့် ချန်ချဲ့ ရွှေငွေတွေ သိပ်မဝတ်သလို မိတ်ကပ်လည်း သိပ်မလိမ်းတော့ပါဘူး"
မုန့်ကွေ့ဖေး "..."
ဒီတန်ပြန်တိုက်ခိုက်မှုက ပြင်းထန်ပြီး တည့်မတ်လှသည်။
ချင်ဖေးနှင့် စူးကွေ့ဖေးတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး စိတ်ထဲတွင် အံ့သြသွားကြသည်။ ဂျုံနယ်ထားသလို ပျော့ပျောင်းတဲ့ စိတ်ထားရှိတဲ့ ဝမ်မေရန်မှာ ဒီလို ထက်မြက်တဲ့ အချိန် ရှိလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။
ဟုတ်ပါ့။ ယုံးကျားဧကရာဇ်က အရူးမှ မဟုတ်တာ။ ဝမ်မေရန်က မုန့်ကွေ့ဖေးကို တမင်တကာ တုပနေမှန်း မသိဘဲ နေမလား။
ဆန်းသစ်မှုတွေ ကုန်ဆုံးသွားပြီးနောက် ဝမ်မေရန်သည် မျက်နှာသာပေးမှု မလျော့နည်းသွားသည့်အပြင် တောက်လျှောက် တက်လမ်းသာ ရှိနေခဲ့သည်။ ဝမ်မေရန်တွင် ကိုယ်ပိုင် ထူးခြားချက်များ ရှိကြောင်း သိသာလှသည်။
မုန့်ကွေ့ဖေး၏ မျက်နှာထားသည် ရုတ်တရက် ပြောင်းလဲသွားပြီး မျက်လုံးများက ဓားပျံများ ပစ်လွှတ်နေသကဲ့သို့ အေးစက်သွားလေသည်။ "မင်းက တို့ ရွှေငွေတွေ ဝတ်ဆင်ပြီး မိတ်ကပ်တွေ လိမ်းခြယ်တာကို လှောင်ပြောင်နေတာလား"
ဝမ်မေရန်က တိုးတိုးလေး ပြန်ဖြေလိုက်သည်။ "ချန်ချဲ့မှာ လှောင်ပြောင်လိုစိတ် မရှိပါဘူး။ လူတိုင်းက ငယ်ရွယ်နုပျိုတဲ့အချိန် ရှိကြသလို အိုမင်းရင့်ရော်လာမယ့် နေ့ရက်ကိုလည်း ရှောင်လွှဲလို့ မရပါဘူး။ ချန်ချဲ့က အခု ငယ်ရွယ်နေသေးတော့ အဆင်းလှနေတာပေါ့။ အရှင်မင်းကြီးက ချန်ချဲ့ကို ကြည့်ရင် ဆန်းသစ်နေမှာပဲ။ နောက် ၁၀နှစ် ၈နှစ်လောက် ကြာရင် ချန်ချဲ့လည်း နွမ်းနယ်တဲ့ ပန်းတစ်ပွင့် ဖြစ်လာမှာပဲလေ။ အဲဒီအချိန်ကျရင် သေသေချာချာ ဝတ်စားဆင်ယင်ရတော့မှာပေါ့"
မုန့်ကွေ့ဖေး "..."
မုန့်ကွေ့ဖေးသာမက ချင်ဖေးနှင့် စူးကွေ့ဖေးတို့၏ ရင်ဘတ်ကိုပါ မြှားတစ်စင်း လာစိုက်သလို ခံစားလိုက်ရသည်။ စိတ်ထဲတွင် အလွန် ခံရခက်နေတော့သည်။
မုန့်ကွေ့ဖေး ဒေါသထွက်ပြီး ပေါက်ကွဲမလာခင် ဝမ်မေရန်သည် မတ်တပ်ထရပ်လိုက်လေသည်။ "ချန်ချဲ့ အဝတ်အစား သွားလဲလိုက်ဦးမယ်။ အစ်မတော်တို့ ၃ယောက် ခွင့်ပြုပေးပါဦး" နန်းတွင်းအပျိုတော်၏ တွဲကူမှုဖြင့် အေးဆေးစွာ ထွက်ခွာသွားလေသည်။
မုန့်ကွေ့ဖေးသည် ဒေါသကြောင့် မျက်နှာပျက်သွားပြီး ရင်ဘတ်များ နိမ့်လိုက်မြင့်လိုက် ဖြစ်နေတော့သည်။
ချင်ဖေးသည် သွေးထိုးလှုံဆော်ရန် အခွင့်အရေးကို လက်လွတ်မခံဘဲ တမင်သက်သက် သက်ပြင်းချလိုက်လေသည်။ "အေးလေ... တို့တွေ အကုန်လုံး အသက်ကြီးကုန်ကြပြီ။ နောက်ဆိုရင် ဒီနန်းတော်ထဲမှာ ငယ်ရွယ်တဲ့ မိဖုရားငယ်တွေရဲ့ ခေတ်ရောက်တော့မှာ"
မုန့်ကွေ့ဖေးက နှာခေါင်းတစ်ချက် ရှုံ့လိုက်၏။
စူးကွေ့ဖေးသည်လည်း အခွင့်ကောင်းယူပြီး မုန့်ကွေ့ဖေးကို နှိမ်ချချင်သဖြင့် လက်ကိုင်ပုဝါဖြင့် မျက်ရည်သုတ်ဟန်ဆောင်ကာ တိုးတိုးလေး မင်းတွားလိုက်သည်။ "ရုပ်ရည်ဆိုတာ ယိုယွင်းလွယ်တယ်။ အလှပျက်ရင် အချစ်လျော့တတ်တယ်။ ဘယ်သူမှ ဒီနေ့ရက်ကို မရှောင်လွှဲနိုင်ပါဘူး"
မုန့်ကွေ့ဖေးက အေးစက်စွာ ရယ်မောလိုက်ပြီး စူးကွေ့ဖေးကို စွေကြည့်လိုက်သည်။ "ဟွန်း! မင်းလို အဆင့်အတန်းနဲ့များ ရုပ်ရည်ယိုယွင်းတာ၊ အချစ်လျော့တာတွေ ပြောချင်နေသေးတယ်။ အရှင်မင်းကြီးက မင်းကို ဘယ်တုန်းက ချစ်ဖူးလို့လဲ။ မင်းက အရှင်မင်းကြီး ပျင်းပြေဖို့ အက ကပြပြီး သီချင်းဆိုပြရုံလောက်ပဲ တန်တာပါ"
စူးကွေ့ဖေး "..."
စူးကွေ့ဖေးသည် ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ယင်လာပြီး မျက်ရည်များ စီးကျလာတော့သည်။
မုန့်ကွေ့ဖေးသည် ဒေါသအရှိန်ဖြင့် စူးကွေ့ဖေးကို ဆက်လက် တိုက်ခိုက်လေသည်။ "ဘာလဲ။ ငါ ပြောတာ မှားလို့လား။ ဝမ်မေရန်က ရာဇဝတ်သားရဲ့ သမီးဆိုပေမဲ့ ငယ်ငယ်ကတည်းက စာပေလေ့လာထားတဲ့ အိမ်ကြီးရှင်မလေးပဲ။ ဝမ်မေရန်ကိုတောင် ငါက အထင်မကြီးတာ။ မင်းလို အဆင့်အတန်းနိမ့်ပြီး ရုပ်ရည်နဲ့ အသက်မွေးတဲ့ ကချေသည်က ငါနဲ့ လာယှဉ်ချင်နေတာလား"
ပုံမှန်အချိန်ဆိုလျှင် စူးကွေ့ဖေးသည် ဝမ်းနည်းပက်လက်ဖြင့် သားဖြစ်သူထံ သွားရောက် တိုင်တန်းပေလိမ့်မည်။
ယခုအချိန်တွင် မုန့်ကွေ့ဖေးသည် အစွယ်ကျိုးနေသော ကျားတစ်ကောင် ဖြစ်နေသော်လည်း လူပါးဝချင်နေသေးသည်။ စူးကွေ့ဖေးသည် သည်းမခံနိုင်တော့ဘဲ မျက်လုံးများ နီရဲလျက် ပြန်ပြောလိုက်လေသည်။ "ဟုတ်ပါတယ်။ ချန်ချဲ့က ရုပ်ရည်နဲ့ အသက်မွေးတဲ့ ကချေသည်ပါ။ မုန့်မိသားစုရဲ့ သခင်မလေးနဲ့ ယှဉ်ဖို့ မတန်ပါဘူး"
"ဒါပေမဲ့ မုန့်သခင်မလေး လုပ်ခဲ့တဲ့ ကိစ္စတွေကလည်း သိပ်ပြီး ဂုဏ်ယူစရာ မကောင်းပါဘူးနော်။ လီမိသားစုထဲကို ကိုယ်လုပ်တော်အဖြစ် ဝင်လာပြီး ၇လမပြည့်ခင် သားမွေးခဲ့တာလေ။ ဒီလို အိမ်ကြီးရှင်မလေးကလည်း ချန်ချဲ့ထက် ဘယ်လောက်များ သာနေလို့လဲ"
လူကို ရိုက်ရင် မျက်နှာကို မရိုက်ရဘူး။ ဆဲရင် အားနည်းချက်ကို မထိရဘူးလို့ ဆိုစကား ရှိလေသည်။
မုန့်ကွေ့ဖေးသည် ဒေါသထွက်လွန်းသဖြင့် ရှက်ရွံ့သွားပြီး ရုတ်တရက် ထရပ်ကာ လက်မြှောက်ပြီး စူးကွေ့ဖေး၏ ပါးကို ရိုက်ချလိုက်လေသည်။
မုန့်ကွေ့ဖေးသည် ကိုယ်ခံပညာ လေ့ကျင့်ဖူးသူ ဖြစ်သည်။ စူးကွေ့ဖေးကတော့ ကြက်ကလေးတစ်ကောင်ကို ဖမ်းဖို့တောင် အားမရှိသူ ဖြစ်ပြီး တစ်နေ့ကုန် နွဲ့နှောင်းနေတတ်သူ ဖြစ်သည်။ မုန့်ကွေ့ဖေး၏ ရုတ်တရက် ရိုက်ချက်ကြောင့် မူးလဲမတတ် ဖြစ်သွားလေတော့သည်။
ကျယ်လောင်သော ရိုက်နှက်သံနှင့် အာမေဋိတ်သံများကြောင့် လူအများ၏ အာရုံစိုက်မှုကို ရရှိသွားလေသည်။
...
လုမင်ယွိ၏ မျက်နှာထား တင်းမာသွားပြီး အေးစက်စွာ လှမ်းကြည့်လိုက်လေသည်။
ဒီနေ့က ကလေးတွေရဲ့ ရက်၁၀၀ပြည့်ပွဲ ဖြစ်သလို အိမ်ရှေ့စံနန်းဆောင်က တည်ခင်းတဲ့ ပွဲတော်လည်း ဖြစ်တယ်။ မုန့်ကွေ့ဖေးက ဒီလိုနေရာမျိုးမှာ ပြဿနာရှာတာ အိမ်ရှေ့စံနန်းဆောင်ကို မလေးစားတာပဲ။
သို့သော် သူမ မလှုပ်ရှားရသေးမီမှာပင် ချောင်မိဖုရားခေါင်က မျက်နှာထား တင်းမာလျက် ဒေါသတကြီး အော်ဟစ်လိုက်လေသည်။ "မိုက်ရိုင်းလိုက်တာ! ဒီနေ့လို ပျော်စရာကောင်းတဲ့ နေ့ရက်မှာ မင်းတို့ ဘာလုပ်နေကြတာလဲ"
စူးကွေ့ဖေးသည် ပါးကိုအုပ်ကာ အသံထွက် မငိုရသေးမီမှာပင် ချောင်မိဖုရားခေါင်က ဒေါသတကြီး ပြောလိုက်ပြန်သည်။ "ဘယ်သူမဆို ငိုယိုပြီး ပန်ကုံးကို စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်ရင် ပန်ကုံးက သက်ညှာမှာ မဟုတ်ဘူးနော်"
ချောင်မိဖုရားခေါင်သည် ပုံမှန်အားဖြင့် သဘောကောင်းပြီး သိမ်မွေ့သူ ဖြစ်၏။ ကိစ္စများကို ဖြေရှင်းရာတွင်လည်း အနည်းငယ် ပျော့ပြောင်းတတ်သည်။ ထို့ကြောင့် မုန့်ကွေ့ဖေးကို နှစ်ပေါင်းများစွာ သည်းခံခဲ့ခြင်း ဖြစ်သည်။ စူးကွေ့ဖေးသည် ငိုကြွေးရတာ ကြိုက်ပြီး သနားစဖွယ် ဟန်ဆောင်တတ်သည်။ ချောင်မိဖုရားခေါင်သည် စိတ်ထဲတွင် မနှစ်မြို့သော်လည်း ဝင်ရောက်စွက်ဖက်လေ့ မရှိပေ။
ယခုအချိန်တွင် ချောင်မိဖုရားခေါင်၏ မျက်နှာသည် ဒေါသကြောင့် နီမြန်းနေပြီး မျက်လုံးများက စူးရှနေလေသည်။
စူးကွေ့ဖေးသည် ထိတ်လန့်သွားပြီး မငိုရဲတော့ပေ။ အလျင်အမြန်ပင် တိုးတိုးလေး တောင်းပန်လိုက်ရသည်။ "ချန်ချဲ့ စကားပြော မဆင်ခြင်မိလို့ မုန့်ကွေ့ဖေး ဒေါသထွက်ပြီး လက်ပါသွားတာပါ။ ချန်ချဲ့ရဲ့ အမှားပါ"
ချောင်မိဖုရားခေါင်သည် မုန့်ကွေ့ဖေးကို အေးစက်စွာ ကြည့်လိုက်လေသည်။
မုန့်ကွေ့ဖေးသည် ယခင်က မောက်မာခဲ့သလောက် ယခုတော့ ထိုမျှလောက်ပင် အနေရခက်နေလေသည်။
အရင်တုန်းက သူမသည် ချောင်မိဖုရားခေါင်ကို လုံးဝ မကြောက်ခဲ့ပေ။
တရားဝင် လက်ထပ်ထားတာတော့ ဘာဖြစ်လဲ။ လီယွမ်က သူမဘက်မှာ ရှိနေရင် သူမက အနောက်နန်းဆောင်မှာ ဗိုလ်ကျလို့ ရတာပဲ။ ကွေ့ဖေး ဖြစ်လာပြီးနောက် ချောင်မိဖုရားခေါင်နှင့် အဆင့်အတန်း တူညီလုနီးပါး ဖြစ်ခဲ့ပြီး အသာစီးတောင် ယူနိုင်ခဲ့သေးတယ်။
သို့သော် အချိန်ကာလများ ပြောင်းလဲသွားပြီ ဖြစ်သဖြင့် ယခုအချိန်တွင် သူမသည် ချောင်မိဖုရားခေါင်ကို ယှဉ်ပြိုင်ရန် အားအင်မရှိတော့ပေ။
မုန့်ကွေ့ဖေးသည် အံကိုကြိတ်ကာ ခေါင်းငုံ့ပြီး အပြစ်ကို ဝန်ခံလိုက်ရတော့သည်။ "ချန်ချဲ့ စိတ်လိုက်မာန်ပါ ဖြစ်သွားပြီး စူးကွေ့ဖေးကို လက်ပါမိသွားပါတယ်။ ဟွမ်ဟုပ်ညန်ညန် အပြစ်ပေးပါ"
...
အပိုင်း (၃၂၆) အပြစ်ပေးခြင်း
စူးကွေ့ဖေးသည် ဘယ်ဘက်လက်ဖြင့် ပါးကိုအုပ်ထားရင်း မျက်ရည်များ တသွင်သွင် ကျဆင်းနေကာ အပြစ်ကို ဝန်ခံလိုက်လေသည်။ "ချန်ချဲ့မှာလည်း အမှားရှိပါတယ်။ ဟွမ်ဟုပ်ညန်ညန် အပြစ်ပေးပါ"
ချောင်မိဖုရားခေါင်သည် သူတို့နှစ်ယောက်ကို ညှာတာနေမည် မဟုတ်ပေ။ အေးစက်စွာ ပြောလိုက်လေသည်။ "ဒီနေ့ကစပြီး မင်းတို့နှစ်ယောက် ကိုယ့်အိပ်ဆောင်ထဲမှာ ကိုယ်နေပြီး တစ်လလောက် အပြစ်ကို ပြန်လည်ဆင်ခြင်ကြ။ ဝတ်စားဆင်ယင်မှုနဲ့ စားသောက်မှုတွေကို ၃၀ရာခိုင်နှုန်း လျှော့ချလိုက်"
စူးကွေ့ဖေးကတော့ ဘာမှမဖြစ်သော်လည်း မုန့်ကွေ့ဖေးသည် လွန်ခဲ့သော နှစ်ဝက်ကမှ နေအိမ်အကျယ်ချုပ် ကျခံခဲ့ရသူ ဖြစ်သည်။ ထိုစကားကို ကြားသောအခါ မုန့်ကွေ့ဖေးသည် ရုတ်တရက် ခေါင်းမော့လာပြီး မျက်လုံးများထဲတွင် အမုန်းတရားနှင့် ဒေါသများ ပြည့်နှက်နေလေသည်။ ရူးသွပ်တော့မည့် သားရဲတစ်ကောင်ကဲ့သို့ အချိန်မရွေး ထကြွသောင်းကျန်းမည့်ဟန် ရှိနေသည်။
ချောင်မိဖုရားခေါင်သည် ရင်ထဲတွင် ထိတ်လန့်သွားပြီး ကြက်သီးမွေးညင်းများပင် ထလာခဲ့သည်။
ထိုအချိန်တွင် လုမင်ယွိသည် ချောင်မိဖုရားခေါင်၏ ဘေးနားသို့ ရောက်လာပြီး မုန့်ကွေ့ဖေးကို အေးစက်စွာ စိုက်ကြည့်လိုက်လေသည်။ "ဟွမ်ဟုပ်ညန်ညန်ရဲ့ အမိန့်ကို မုန့်ကွေ့ဖေးက မကျေနပ်လို့လား"
အားအင်ကြီးမားပြီး သိုင်းပညာ ထူးချွန်သော ချွေးမဖြစ်သူ ဘေးနားရောက်လာသည်နှင့် ချောင်မိဖုရားခေါင်သည် တစ်ကိုယ်လုံး ပေါ့ပါးသွားပြီး အဆိပ်ပြင်းသော မြွေတစ်ကောင်၏ စိုက်ကြည့်ခြင်းကို ခံနေရသလို ခံစားချက်များ ပျောက်ကွယ်သွားလေသည်။
မုန့်ကွေ့ဖေးသည် လုမင်ယွိ၏ စူးရှသော အကြည့်ကို မခံနိုင်သဖြင့် ခေါင်းငုံ့ကာ ရှောင်ရှားလိုက်ရသည်။ "ချန်ချဲ့ ကျေနပ်ပါတယ်"
ပထမမင်းသားကြင်ရာတော်သည် စိတ်ထဲတွင် သက်ပြင်းချလိုက်ပြီး မုန့်ကွေ့ဖေး၏ ဘေးတွင် ဒူးထောက်ကာ အတူတူ တောင်းပန်လိုက်လေသည်။
ချောင်မိဖုရားခေါင်သည် သက်ပြင်းတစ်ချက် ချလိုက်ပြီး အေးဆေးစွာ ပြောလိုက်သည်။ "ဒီနေ့ကိစ္စက မင်းနဲ့ မဆိုင်ပါဘူး။ ပန်ကုံးက မင်းကို အပြစ်မတင်ပါဘူး။ ထတော့"
မုန့်ယွင်လော်သည် ကိုယ်ဝန်ရှိနေသဖြင့် အနေအထိုင် အပြောအဆို ဆင်ခြင်နေပြီး ဟန်ဆောင်ခြင်းပင် မပြုတော့ပေ။
စူးကွေ့ဖေးသည် မကျေနပ်သဖြင့် မုန့်ယွင်လော်ကို တစ်ချက် စိုက်ကြည့်လိုက်လေသည်။
မုန့်ယွင်လော်ကတော့ မမြင်ချင်ယောင်ဆောင်နေလိုက်သည်။ အရင်တုန်းက ခင်ပွန်းဖြစ်သူ၏ မျက်နှာကို ထောက်ပြီး စူးကွေ့ဖေးကို ရိုသေခဲ့ရသည်။ ယခုအခါ လီဟောက်သည် စစ်တိုက်ထွက်သွားပြီဖြစ်ပြီး မည်သည့်အချိန်မှ ပြန်လာမည်ကို မသိနိုင်ပေ။ သူမသည် စူးကွေ့ဖေးကို ဂရုစိုက်ချင်စိတ် မရှိတော့ပေ။
ချောင်မိဖုရားခေါင်သည် အကြည့်တစ်ချက် ဝေ့လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်လေသည်။ "ဒီနေ့ကိစ္စ ဒီမှာတင် ရပ်လိုက်တော့။ မုန့်ကွေ့ဖေးနဲ့ စူးကွေ့ဖေး... မင်းတို့နှစ်ယောက် ကိုယ့်အိပ်ဆောင်ကို ပြန်ကြတော့။ ကျန်တဲ့လူတွေ ပွဲတော်ဆက်ကျင်းပမယ်"
...
မုန့်ကွေ့ဖေးနှင့် စူးကွေ့ဖေးတို့သည် နေရာမှ ချက်ချင်း မောင်းထုတ်ခံလိုက်ရသဖြင့် အရှက်ကွဲသွားကြတော့သည်။
ထိုအဖြစ်အပျက် ပြီးသွားပြီးနောက် နန်းတွင်းပွဲတော်သည် အေးချမ်းသွားလေ၏။ မည်သူမဆို ရိုးရိုးသားသားဖြင့် ငြိမ်သက်စွာ နေကြတော့သည်။ ပွဲတော် ပြီးဆုံးသွားသည့်အခါ လူအများ တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက် ထွက်ခွာသွားကြလေသည်။
ချောင်မိဖုရားခေါင်သည် ပြုံးကာ လုမင်ယွိကို ပြောလိုက်လေသည်။ "မင်းရဲ့ မိဘဆွေမျိုးတွေ နန်းတော်ထဲ ရောက်တုန်းရောက်ခိုက် မင်း သူတို့ကို နေ့ဝက်လောက် ဆွဲထားပြီး စကားပြောလိုက်ဦးလေ"
လုမင်ယွိက ပြုံးကာ သဘောတူလိုက်သည်။
မသက်ဆိုင်သူများ ထွက်ခွာသွားကြပြီးနောက် မောင်နှမသားချင်းများ စုဝေးပြီး စကားပြောခွင့် ရရှိသွားကြသည်။
လုမင်ဖန်းသည် လုမင်ယွိကို သေချာကြည့်ရှုပြီးနောက် မျက်နှာလေး ကြည်လင်နေသည်ကို တွေ့ရမှ စိတ်အေးသွားပြီး ပြုံးကာ ပြောလိုက်သည်။ "ထိုက်ဇီ ထွက်သွားပြီးတာနဲ့ ညီမလေး စားမဝင် အိပ်မပျော် ဖြစ်နေမလားလို့ စိတ်ပူနေတာ။ အခုတော့ မလိုတော့ပါဘူး"
အားလုံးက တိုးတိုးလေး ရယ်မောလိုက်ကြသည်။
လုမင်ယွိကလည်း ရယ်မောလိုက်ပြီး ပြောလိုက်လေသည်။ "သာ့ကျဲကလည်း ငါ့ကို ပြောနေသေးတယ်။ သာ့ကျဲဖူလည်း စစ်တိုက်သွားတာပဲလေ။ သာ့ကျဲက ပိန်မသွားတဲ့အပြင် နည်းနည်းတောင် ဝလာသေးတယ်"
လုမင်ဖန်းက ပြုံးလိုက်သည်။ "စစ်သူကြီးကို လက်ထပ်ထားမှတော့ ဒီလိုဘဝမျိုးနဲ့ အသားကျနေပြီလေ။ သူ့ကို လက်ထပ်လာတာ ဒီလောက်ကြာပြီပဲ။ နေသားကျနေပါပြီ"
စိတ်ထဲမှာတော့ သတိရနေတာပေါ့။ ဒါပေမဲ့ ခင်ပွန်းဖြစ်သူ စစ်တိုက်သွားလို့ဆိုပြီး စားမဝင် အိပ်မပျော် ဖြစ်နေလို့မှ မရတာ။ နေ့ရက်တွေကို ဖြတ်သန်းရဦးမှာပဲလေ။
လုမင်ဟွားကတော့ ဒီလို ပူပန်မှုမျိုး မရှိပေ။ ကျိုးလီသည် စာပေပညာရှင် ဖြစ်ပြီး ယခုအခါ အိမ်ရှေ့စံနန်းဆောင်တွင် အမှုထမ်းနေသည်။ ဘေးကင်းလုံခြုံရုံသာမက ရုံးဆင်းချိန်ဆိုလျှင် အိမ်ပြန်ရောက်လာတတ်သည်။ ယောက္ခမများကလည်း သူမအပေါ် ကောင်းမွန်ကြသည်။ ဘဝက အေးချမ်းသာယာပြီး မျက်နှာပေါ်တွင် ကျေနပ်မှုများ ပြည့်နှက်နေလေသည်။
လုမင်ယွိက ပြုံးကာ မေးလိုက်သည်။ "စန်းကျဲရဲ့ ဘဝလေးက အဆင်ပြေရဲ့လား"
လုမင်ဟွားက နူးညံ့စွာ ပြန်ဖြေလိုက်သည်။ "အကုန် အဆင်ပြေပါတယ်။ ယောက္ခမတွေက သဘောထားကြီးကြတယ်။ ကျိုးလီကလည်း ငါ့အပေါ် ကောင်းပါတယ်။ ဝမ်အာလေးက နည်းနည်း ဆော့တာကလွဲရင်ပေါ့"
ဝမ်အာသည် ယခုအခါ ၈လသားအရွယ် ရှိပြီဖြစ်ပြီး နေ့တိုင်း မိခင်ဖြစ်သူကိုသာ ကပ်နေတတ်သည်။ လုမင်ဟွားသည် သူမ၏ အချိန်အားလုံးနီးပါးကို သားဖြစ်သူအတွက် ပေးထားရသည်။ မိခင်အိမ် ပြန်လာတာကလွဲရင် အပြင်ထွက်လေ့ မရှိပေ။
သို့သော်ငြား မိခင်ဟူသည် ဤသို့ပင်။ ကလေးရလာလျှင် စိတ်နှလုံးက ကလေးဆီမှာပဲ ရှိနေတတ်သည်။ လုမင်ဟွားသည် ညည်းတွားနေသော်လည်း မျက်နှာပေါ်တွင် အပြုံးများ ပြည့်နှက်နေလေသည်။
လုမင်ယွိက နားလည်စွာ ပြုံးလိုက်၏။ "ဝမ်အာ နည်းနည်း ကြီးလာရင် သိပ်မကပ်တော့ပါဘူး"
ကလေးအကြောင်း ပြောကြရင်း ရှန်းလန်ကလည်း ဝင်ပြောလိုက်သည်။ "ကလေးက နေ့တိုင်း မျက်စိရှေ့မှာ ရှိနေတော့ တစ်ခါတလေ စိတ်ရှုပ်စရာ ကောင်းတယ်လို့ ထင်မိတယ်။ နန်းတော်ထဲ ရောက်နေတာ နေ့ဝက်ပဲ ရှိသေးတယ်။ စိတ်ထဲမှာ သတိရနေပြီ"
အားလုံးက ရယ်မောစကားပြောကြရင်း ခေါင်းစဉ်က လုမင်ယွဲ့ဆီသို့ ရောက်သွားကြသည်။
"ဝူမေ့ က ဒီနှစ်ဆို ၁၄နှစ် ရှိပြီပဲ" လုမင်ယွိက လုမင်ယွဲ့ကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်သည်။ "နောက် ၁နှစ် ၂နှစ်လောက်ဆိုရင် အိမ်ထောင်ပြုလို့ ရပြီ"
လုမင်ယွဲ့သည် ရှက်ရွံ့နေခြင်း မရှိဘဲ ပြုံးကာ ပြောလိုက်သည်။ "ယိဖုက စစ်တိုက်ထွက်သွားပြီ။ ဒီတစ်ခေါက် စစ်ပွဲက ဘယ်လောက်ကြာမလဲ မသိဘူး။ စေ့စပ်ဖို့ အချိန်ရောက်ရင် စစ်ကျဲကပဲ စီစဉ်ပေးလိုက်ပါ"
လုမင်ယွိက ပြုံးလိုက်ကာ "စိတ်ချပါ။ အဲဒီအချိန်ကျရင် နင့်အတွက် အကောင်းဆုံး သတို့သားလောင်းကို ရွေးပေးပါ့မယ်"
လုရွှမ်းက ရယ်မောကာ ဝင်ပြောလိုက်၏။ "သေချာပေါက် ချောမောတဲ့သူ ဖြစ်ရမယ်နော်။ ဝူကျဲ က ချောမောတဲ့သူကိုပဲ ကြိုက်တာ"
လုမင်ယွဲ့သည် မျက်နှာနီရဲသွားပြီး လက်လှမ်းကာ လုရွှမ်း၏ ပါးကို ဆွဲလိမ်လိုက်လေသည်။ "ဘယ်သူက ချောမောတဲ့ လူငယ်လေးကို မကြိုက်လို့လဲ။ နင်က မျောက်ညိုလေးလို ပိန်ညောင်ညောင်နဲ့။ နေ့တိုင်း ဆော့ကစားနေတာ အချိုးမပြေဘူး။ နောင်ကျရင် မိန်းမမရဘဲ နေဦးမယ်"
လုရွှမ်းသည် နာကျင်လွန်းသဖြင့် အော်ဟစ်ကာ တောင်းပန်လိုက်ရသည်။ "နာတယ် နာတယ်။ ဝူကျဲ ခွင့်လွှတ်ပါ။ ကျွန်တော် နောက်ဆိုရင် အမှန်တိုင်း မပြောတော့ပါဘူး"
လုရွှမ်း ရှိနေသဖြင့် ရယ်သံများ မရပ်မနား ထွက်ပေါ်နေလေသည်။
ညနေစောင်းမှသာ လုမင်ဖန်းတို့ ပြန်သွားကြလေသည်။
လုမင်ယွိသည် ကိုယ်တိုင် လိုက်ပို့ပေးပြီး လုမိသားစု၏ မြင်းလှည်း အဝေးသို့ ထွက်ခွာသွားသည်ကို ကြည့်ကာ စိတ်ထဲတွင် လွမ်းဆွတ်မှုများ ဖြစ်ပေါ်လာခဲ့သည်။ ထိုက်ဇီဖေး ဖြစ်သွားပြီး အိမ်ရှေ့စံနန်းဆောင်တွင် နေထိုင်ရသည်မှာ ဒုတိယမင်းသားအိမ်တော်တွင် နေထိုင်ရသလောက် အဆင်မပြေပေ။ မိဘဆွေမျိုးများကို တွေ့ချင်လျှင်ပင် လွယ်လွယ်ကူကူ တွေ့လို့မရတော့ပေ။
ချီယွင်က တိုးတိုးလေး သတိပေးလိုက်လေသည်။ "မိုးချုပ်တော့မယ်။ သခင်မလေး ပြန်ကြရအောင်"
လုမင်ယွိသည် သတိပြန်ဝင်လာပြီး ခေါင်းညိတ်လိုက်သည်။ "ကျောင်းဖန်နန်းဆောင်ကို သွားကြစို့"
...
လုမင်ယွိသည် ကလေးနှစ်ယောက်နှင့်အတူ ကျောင်းဖန်နန်းဆောင်သို့ သွားပြီး ချောင်မိဖုရားခေါင်နှင့်အတူ ညစာစားလေသည်။
လီကျင့် ထွက်ခွာသွားပြီးနောက် လုမင်ယွိသည် နေ့တိုင်း ကလေးများကို ခေါ်ဆောင်ကာ ကျောင်းဖန်နန်းဆောင်သို့ လာပြီး ချောင်မိဖုရားခေါင်နှင့်အတူ နေ့လယ်စာ ညစာ စားလေ့ရှိသည်။ ကျောင်းဖန်နန်းဆောင်သည် ယခင်ကလို တိတ်ဆိတ်ခြောက်ကပ်မနေဘဲ နေ့တိုင်း စည်ကားနေလေသည်။
ညစာစားပြီးနောက် လုမင်ယွိသည် မိခင်အိမ်သို့ ပြန်ပြီး ရက်အနည်းငယ် သွားနေချင်ကြောင်း ပြောပြလိုက်သည်။
ချောင်မိဖုရားခေါင်သည် တားမြစ်ခြင်း မရှိဘဲ ပြောလိုက်သည်။ "ရွှီအာနဲ့ ရွှမ်းအာက ငယ်သေးတယ်။ မင်း လုအိမ်တော်ကို ပြန်နေရင် သူတို့မောင်နှမနှစ်ယောက်ကို နန်းတော်ထဲမှာ ထားခဲ့လိုက်လေ။ ပန်ကုံးနဲ့ နို့ထိန်းတွေ စောင့်ရှောက်ပေးမယ်။ စိတ်မပူနဲ့"
လုမင်ယွိက ပြုံးလိုက်သည်။ "ကလေးတွေက အမေမပါဘဲ မနေတတ်ဘူး။ ပြီးတော့ မူဟုပ်ကလည်း နေ့တိုင်း နန်းတွင်းရေးရာတွေကို စီမံခန့်ခွဲနေရတာ ပင်ပန်းနေပြီ။ အာရှီက မူဟုပ်ကို ကလေးနှစ်ယောက် ထပ်ပြီး ဝန်ပိအောင် မလုပ်ရက်ပါဘူး"
ချောင်မိဖုရားခေါင်သည် နှုတ်ခမ်းမဲ့လိုက်ပြီး "ငါ နည်းနည်းလေးမှ မပင်ပန်းပါဘူး။ နင် ပြန်ချင်ရင် ပြန်လေ။ ငါ့မြေးတွေကိုတော့ မခေါ်သွားနဲ့" ဟု ပြောချင်စိတ် ပေါက်သွားတော့သည်။
သို့သော် ပါးစပ်ဖျားရောက်မှ စကားလုံးများကို ပြောင်းလဲလိုက်တော့၏။ "ဒါဆိုလည်း ပြီးတာပါပဲ။ မင်းမှာ ဒီလို ရိုသေသိတတ်တဲ့ စိတ်ရှိတာကို ပန်ကုံး လက်ခံလိုက်ပါ့မယ်"
ယောက္ခမနှင့် ချွေးမကြားတွင် နားလည်မှုရှိပြီး လေးစားမှုရှိခြင်းက အကောင်းဆုံးပင်။ စိတ်ထဲတွင် ကျေနပ်သည်ဖြစ်စေ မကျေနပ်သည်ဖြစ်စေ မျက်နှာပေါ်တွင် ထုတ်မပြသင့်ပေ။ မဟုတ်လျှင် စိတ်ဝမ်းကွဲစရာ ဖြစ်လာနိုင်သည်။
ချောင်မိဖုရားခေါင်သည် ပြောပြီးနောက် ထပ်မံ မှာကြားလိုက်သည်။ "မင်း ကလေးတွေကို ခေါ်ပြီး လုအိမ်တော်မှာ ရက်နည်းနည်းလောက် သွားနေလိုက်။ စောစောပြန်လာနော်"
လုမင်ယွိက ပြုံးကာ သဘောတူလိုက်သည်။
အမှန်ပြောရလျှင် ချောင်မိဖုရားခေါင်သည် တကယ်ကို ကောင်းမွန်သော ယောက္ခမ ဖြစ်လေသည်။
ချောင်မိဖုရားခေါင်သည် ဟွေ့အန်းကုန်းကျူနှင့် ပိုရင်းနှီးသည်မှာ သဘာဝကျပေသည်။ သားအမိအရင်းများ ဖြစ်ကြပြီး ပြောမနာဆိုမနာ ရှိကြသည်။ ရန်ဖြစ်လျှင်ပင် ခဏနေပြီး ပြန်တည့်သွားတတ်ကြသည်။ ချွေးမအပေါ် ဒီလောက်အထိ ကောင်းမွန်ပေးနိုင်သည်မှာ ရှားပါးလှပေသည်။
...
အပိုင်း (၃၂၇) မိသားစုမေတ္တာ
ချောင်မိဖုရားခေါင်၏ ခွင့်ပြုချက်ကို ရရှိပြီးနောက် သုံးရက်အကြာတွင် လုမင်ယွိသည် နန်းတော်မှ ထွက်ခွာလာခဲ့လေသည်။
ရွှီအာနှင့် ရွှမ်းအာတို့ မောင်နှမနှစ်ယောက်လုံးတွင် နို့ထိန်းတစ်ယောက်စီနှင့် ပြုစုစောင့်ရှောက်မည့် နန်းတွင်းအပျိုတော်များ ပါရှိလေသည်။ လိုက်ပါစောင့်ရှောက်ရန်အတွက် လုမင်ယွိသည် လုယီနှင့် လုမိသားစုတပ်ဖွဲ့ဝင် ၁၀ယောက်ကို တိုက်ရိုက်ရွေးချယ် ခေါ်ဆောင်သွားခဲ့လေသည်။
လုယီသည် သခင်မကို အိမ်တော်သို့ ပြန်လည်ပို့ဆောင်ရန်အတွက် မြင်းကောင်းတစ်ကောင်ကို စီးနင်းလိုက်ပါလာပြီး လမ်းတစ်လျှောက်တွင် မြင်းလှည်းပြတင်းပေါက်ဘက်သို့ မကြာခဏ လှည့်ကြည့်လေသည်။ ချီယွင်က မြင်းလှည်းထဲတွင် ထိုင်နေပြီး မျက်နှာတစ်ဝက်ကို ဖော်ပြထားကာ ရံဖန်ရံခါ ခေါင်းပြူထွက်ကြည့်ရင်း လုယီနှင့် အကြည့်ချင်းဆုံကာ ပြုံးပြလိုက်လေသည်။
လုမင်ယွိသည် မြင်းမစီးရသည်မှာ ရက်အနည်းငယ် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ယနေ့တွင် မြင်းကောင်းတစ်ကောင်ကို စီးနင်းလိုက်ရသဖြင့် စိတ်လက်ပေါ့ပါး လန်းဆန်းနေသည်ဟု ခံစားလိုက်ရလေသည်။
ရှန်းလန်သည် သတင်းကို ကြိုတင်ရရှိထားပြီး ဖြစ်သလို လုမင်ဖန်းနှင့် လုမင်ဟွားတို့သည်လည်း ကလေးများကို ခေါ်ဆောင်ကာ လုအိမ်တော်သို့ အသီးသီး ပြန်ရောက်လာကြလေသည်။ လုမင်ယွိ မြင်းပေါ်မှ ဆင်းလိုက်သည်နှင့် လူအများက ချက်ချင်းပင် ရှေ့တိုးကြိုဆိုလိုက်ကြပြီး လုမင်ယွိတို့ သားအမိသုံးယောက်ကို ဝိုင်းရံကာ လုအိမ်တော်ထဲသို့ ဝင်ရောက်သွားကြလေသည်။
လူကြီးများသည် ကိုယ်စီ စကားစမြည် ပြောဆိုနေကြပြီး ကလေးများကလည်း တစ်နေရာတည်းတွင် စုဝေးနေကြရာ အလွန်ပင် ချစ်စရာကောင်းနေတော့သည်။
နှစ်သစ်ကူးကာလ တစ်ခုကို ဖြတ်သန်းပြီးနောက်တွင် သာ့ပေါင်အာ၏ အရပ်သည် တစ်ထွာခန့် ရှည်ထွက်လာပြီး ဖိုင့်ဖိုင့်တုတ်တုတ် ကိုယ်ခန္ဓာလေးကို မတ်မတ်ထားကာ ကြက်ဖလေးတစ်ကောင်နှယ် ရင်ကော့ လမ်းလျှောက်နေလေသည်။ ရှောင်းပေါင်အာသည်လည်း လမ်းလျှောက်ရာတွင် ပိုမိုသွက်လက်လာပြီး အစ်ကိုဖြစ်သူ၏ နောက်မှလိုက်ကာ နောက်ထပ် ကြက်ဖလေးတစ်ကောင်ကဲ့သို့ ရင်ကော့ ခေါင်းမော့ထားလေသည်။ ကိုးလသားအရွယ် ဝမ်အာသည် ဖြူဖြူဖွေးဖွေး ဖိုင့်ဖိုင့်တုတ်တုတ်နှင့် မျက်နှာကြည်လင်ကာ ပြုံးလိုက်သည့်အခါ သွားနုလေးနှစ်ချောင်း ပေါ်လာတတ်သည်။
သာ့ပေါင်အာသည် လက်ကိုဆန့်ထုတ်ကာ ဝမ်အာ၏ ပါးကို ဆွဲညှစ်လိုက်သည်။ "ဝမ်းကွဲအစ်ကိုလို့ ခေါ်ပါဦး"
ဝမ်အာသည် နားလည်သည် မလည်သည်တော့ မသိချေ။ တခစ်ခစ် ရယ်မောလိုက်ရာ ပါးစပ်ထောင့်မှ တံတွေးများသည် သာ့ပေါင်အာ၏ လက်ဖမိုးပေါ်သို့ တည့်တည့်ကျသွားလေသည်။
သာ့ပေါင်အာသည် လက်ဖမိုးဖြင့် အဝတ်အစားပေါ်တွင် ပွတ်သပ်သုတ်လိုက်ပြီး ကျွမ်းအာ၏ ဘေးသို့ သွားလိုက်ပြန်သည်။ ကျွမ်းအာသည် အထူးတလည် ဝဖြိုးပြီး မျက်နှာလေးမှာ အသားစိုင်လေးကဲ့သို့ ဖြစ်နေသည်။ သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ အလွန်ငယ်ရွယ်သေးသဖြင့် ဘာကိုမျှ နားမလည်နိုင်သေးချေ။
သာ့ပေါင်အာက စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်လေသည်။ "မင်း ကြီးလာပြီး လမ်းလျှောက်တတ်တော့မှ ငါ မင်းကို ခေါ်ဆော့မယ်"
ရှောင်းပေါင်အာက ခေါင်းညိတ် ထောက်ခံလိုက်သည်။ "အဲဒီကျရင် ငါလည်း မင်းကို ခေါ်ဆော့ပေးမယ်"
ထိုမြင်ကွင်းသည် လူအများကို ဗိုက်နှိပ်ကာ ရယ်မောစေတော့သည်။
ညီအစ်ကိုနှစ်ယောက်သည် ရွှီအာနှင့် ရွှမ်းအာတို့၏ ရှေ့သို့ ရောက်လာကြလေသည်။
သာ့ပေါင်အာသည် သေချာကြည့်ရှုပြီးနောက် အံ့သြတကြီးဖြင့် လှည့်ကြည့်ကာ ပြောလိုက်၏။ "စစ်ယီ... စစ်ယီက တကယ်ပဲ တော်တာပဲ။ ကျွန်တော့်အမေတို့ဆိုရင် တစ်ခါမွေးမှ တစ်ယောက်ပဲမွေးတာ။ စစ်ယီကျတော့ တစ်ခါတည်းနဲ့ မောင်လေးရော ညီမလေးရော မွေးနိုင်တယ်နော်"
ကလေးတို့၏ စကားသည် အမှန်ပင် ရယ်မောဖွယ် ကောင်းလှသည်။
လုမင်ယွိသည် ရယ်ချင်စိတ်ကို အောင့်ထားပြီး တည်တည်ကြည်ကြည်ဖြင့် ပြန်ပြောလိုက်သည်။ "ဒါပေါ့... စစ်ယီက အစကတည်းက အတော်ဆုံးပဲလေ။ ကဲ... ကြည့်စမ်းပါဦး... ဘယ်သူက မောင်လေး ဘယ်သူက ညီမလေးဆိုတာ ခွဲတတ်လား"
ရွှီအာနှင့် ရွှမ်းအာသည် ရုပ်ချင်းတစ်ပုံစံတည်း တူညီကြပြီး ဖခင်အရင်းဖြစ်သူ လီကျင့်ပင်လျှင် ရံဖန်ရံခါ မှားယွင်းတတ်လေသည်။
သာ့ပေါင်အာသည် အလေးအနက်ထား လေ့လာကြည့်ရှုသော်လည်း စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းကို ကုတ်လိုက်မိသည်။ "ရုပ်ချင်း တစ်ပုံစံတည်းပဲ။ ဘယ်လိုလုပ် ခွဲတတ်မှာလဲ"
ရှောင်းပေါင်အာက မကောင်းသော အကြံတစ်ခုကို ထုတ်လိုက်သည်။ "တစ်ယောက်ကို တစ်ချက်စီ ရိုက်ကြည့်လိုက်လေ။ ငိုတဲ့သူက သေချာပေါက် ညီမလေးပဲ"
သာ့ပေါင်အာက လက်ကိုဆန့်ထုတ်ကာ ရှောင်းပေါင်အာ၏ နောက်စေ့ကို ရိုက်ချလိုက်တော့သည်။ "ငါ မင်းကို အရင် ငိုအောင်ရိုက်ပြမယ်"
ရှောင်းပေါင်အာသည် အစ်ကိုဖြစ်သူ၏ လိုက်လံရိုက်နှက်မှုကို ခံလိုက်ရသဖြင့် မကြာမီတွင် ငိုယိုကာ လုမင်ဖန်း၏ ရှေ့သို့ ပြေးသွားလေတော့သည်။ "အမေ... အစ်ကိုကြီးက သားကို ရိုက်တယ်"
လုမင်ဖန်းက သားဖြစ်သူကို အလွန်နူးညံ့စွာ ပြောလိုက်သည်။ "မင်းသာ ရွှီအာနဲ့ ရွှမ်းအာကို လက်နဲ့ထိရဲ ထိကြည့်စမ်း။ ငါလည်း မင်းကို ရိုက်မှာ"
ရှောင်းပေါင်အာသည် ဝါးခနဲ ငိုကြွေးလိုက်ပြီး မည်မျှ ဝမ်းနည်းကြေကွဲနေသည်ကို ပြောပြရန်ပင် မလိုတော့ချေ။
လုမင်ယွိသည် အစပိုင်းတွင် ရယ်မောနေမိသော်လည်း မကြာမီတွင် တူတော်မောင်ကို သနားသွားကာ ရှောင်းပေါင်အာကို အနားသို့ ဆွဲခေါ်လိုက်ပြီး လက်ကိုင်ပုဝါဖြင့် မျက်ရည်များကို သေချာသုတ်ပေးလိုက်လေသည်။ "သာ့ကျဲ... အစ်မကလည်း ရှောင်းပေါင်အာကို ဒီလောက်ကြီး မဆူပါနဲ့။ သူက ငယ်သေးတာပဲ... ဆော့ကစားတတ်တာက သဘာဝပါပဲ"
လုမင်ဖန်းက မတတ်သာသည့်အပြုံးဖြင့် ပြုံးလိုက်ကာ "သူ့ကို ငယ်တယ်ဆိုပြီး အထင်မသေးနဲ့။ ဉာဏ်နီဉာဏ်နက်က နည်းတာမဟုတ်ဘူး။ ပုံမှန် အိမ်မှာဆိုရင် သာ့ပေါင်အာနဲ့ အမြဲတမ်း အပြိုင်အဆိုင် လုပ်နေတာ။ ဘာပဲဖြစ်ဖြစ် သာ့ပေါင်အာက သူ့ကို အလျှော့ပေးရတယ်။ ဒီနေ့ အိမ်ပြန်ရောက်လို့ သူ့ထက်ငယ်တဲ့ ကလေးတွေ အများကြီးကို တွေ့လိုက်ရတော့ စိတ်ထဲမကျေနပ် ဖြစ်နေတာလေ။ သူ့ကို မထိန်းချုပ်ထားရင် ကလေးတွေကို ငိုအောင် လုပ်မှာ သေချာတယ်"
ရှောင်းပေါင်အာသည် ရှိုက်ကြီးတငင်ဖြင့် မိမိကိုယ်ကို ကာကွယ်ပြောဆိုလိုက်သည်။ "သားက မလုပ်ပါဘူး" ထို့နောက် မျက်ရည်စများနှင့် လုမင်ယွိကို မော့ကြည့်လိုက်လေသည်။ "စစ်ယီ... သားက ညီမလေးကို မရိုက်ပါဘူး"
လုမင်ယွိ "..."
ညီမလေးကို မရိုက်ဘူးဆိုတော့ ညီလေးတွေကိုကျတော့ ရိုက်လို့ရတယ်ပေါ့လေ။ ၄နှစ်အရွယ် ရှောင်းပေါင်အာက တကယ်ပဲ ဉာဏ်များတာပဲ။
လုမင်ယွိသည် နားထောင်ရင်း ရယ်ချင်လာသဖြင့် သာ့ပေါင်အာနှင့် ရှောင်းပေါင်အာ ညီအစ်ကိုနှစ်ယောက်ကို ဥယျာဉ်ထဲသို့ခေါ်သွားပြီး ငှက်ပစ်ခြင်း၊ သစ်ပင်တက်ခြင်းများ ပြုလုပ်ရန် ဖိတ်ခေါ်လိုက်လေသည်။ ညီအစ်ကိုနှစ်ယောက်သည်လည်း ချက်ချင်းပင် ပျော်ရွှင်မြူးထူးစွာဖြင့် နောက်မှ ပြေးလိုက်သွားကြလေသည်။
ရွှီအာနှင့် ရွှမ်းအာကို ပြုစုစောင့်ရှောက်မည့်သူ အများအပြား ရှိနေသဖြင့် လုမင်ယွိအနေဖြင့် စိတ်ပူပန်စရာ မလိုတော့ချေ။ နေ့တစ်ဝက်လောက် ပျော်ရွှင်စွာ ကစားပြီးနောက်တွင် အတောင်ပံကျိုးနေသော စာကလေးအများအပြားကို ပိုက်ကာ ပြန်လာခဲ့လေသည်။ မီးဖိုချောင်ကို သန့်ရှင်းရေးလုပ်ခိုင်းပြီးနောက် နေ့လယ်စာတွင် ဆီဖြင့်ကြော်ထားသော စာကလေးကြော်ဟင်းပွဲ တစ်ပွဲ တိုးလာလေသည်။
သာ့ပေါင်အာသည် ယခင်နှစ်ကတည်းက သိုင်းခြေကွက်များကို စတင်လေ့ကျင့်နေပြီဖြစ်ရာ လေးကိုင်ဆောင်ထားသည့်ပုံစံမှာ အသက်ဝင်လှပေသည်။ ယနေ့တွင် စာကလေး သုံးကောင်ကို ပစ်ခတ်နိုင်ခဲ့သဖြင့် ဂုဏ်ယူဝင့်ကြွားစွာဖြင့် လူအများကို လိုက်လံကြွားဝါနေလေသည်။ "ကျွန်တော် သုံးကောင်တောင် ပစ်နိုင်ခဲ့တယ်"
လူတိုင်းကလည်း တညီတညွတ်တည်း ချီးကျူးလိုက်ကြသည်။ "သာ့ပေါင်အာက တကယ်ပဲ တော်တာပဲ"
ရှောင်းပေါင်အာသည် အစ်ကိုဖြစ်သူနှင့် ယှဉ်လျှင် အောက်ကျမခံလိုသဖြင့် ရင်ကိုကော့ကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်လေသည်။ "ကျွန်တော်က လေးကောင်တောင် ပစ်နိုင်ခဲ့တာ"
သာ့ပေါင်အာက မျက်လုံးကို အပေါ်လှန်လိုက်သည်။ "မင်းက လေးတောင် မဆွဲနိုင်ဘဲနဲ့... အကုန်လုံး စစ်ယီက မင်းအစား ပစ်ပေးထားတာကို"
ရှောင်းပေါင်အာက ခေါင်းမာစွာဖြင့် ပြောလိုက်သည်။ "ဘာပဲဖြစ်ဖြစ် ငါက မင်းထက် များတာပဲ"
သာ့ပေါင်အာသည် မည်သို့ သည်းခံနိုင်ပါမည်နည်း။ လေးနှင့်မြှားကို ချထားပြီး ညီဖြစ်သူကို ရိုက်နှက်ရန် ပြင်လိုက်တော့သည်။ ရှောင်းပေါင်အာသည် အပြေးမြန်ပြီး လုမင်ယွိ၏ နောက်ကျောတွင် ချက်ချင်း ဝင်ရောက်ပုန်းကွယ်လိုက်လေသည်။ သာ့ပေါင်အာက ဆက်လက်လိုက်ဖမ်းရာ ညီအစ်ကိုနှစ်ယောက်သည် လုမင်ယွိကို ဗဟိုပြု၍ ပတ်ပြေးနေကြတော့သည်။
လုမင်ဖန်းသည် နဖူးကို ပွတ်သပ်လိုက်ရင်း ရယ်မောကာ သက်ပြင်းချလိုက်သည်။ "တစ်နေ့လုံး သူတို့ညီအစ်ကိုတွေ ဆူညံနေတာနဲ့ပဲ ခေါင်းတောင် ကိုက်တယ်။ ယောက်ျားလေးတွေက တကယ်ပဲ ဆော့လွန်းတယ်။ နောက်ဆိုရင် သမီးလေးတစ်ယောက်လောက် ထပ်မွေးချင်မိတယ်။ လိမ္မာပြီးတော့ စိတ်ချမ်းသာရတာပေါ့"
လုမင်ယွိက ပြုံးကာ မျက်ခုံးပင့်ပြလိုက်သည်။ "အဲဒါတော့ မသေချာဘူးနော်။ တကယ်လို့များ စစ်ယီဖြစ်တဲ့ ကျွန်မနဲ့တူတဲ့ သမီးလေး မွေးလာရင် သာ့ပေါင်အာနဲ့ ရှောင်းပေါင်အာ ပေါင်းထားတာထက်တောင် ပိုပြီး ဆိုးနေဦးမယ်။ ဘယ်မှာ လိမ္မာပြီး စိတ်ချမ်းသာရမှာလဲ"
လူအားလုံးသည် တဟားဟား ရယ်မောလိုက်ကြသည်။
လုမင်ယွိက ရှက်ရွံ့ခြင်းမရှိဘဲ ပြောထွက်ရဲပေသည်။ မောင်နှမများအားလုံး ငယ်စဉ်ကတည်းက အတူကြီးပြင်းလာကြသူများ ဖြစ်သဖြင့် လုမင်ယွိ၏ စိတ်သဘောထားကို ကောင်းစွာ သိရှိကြလေသည်။ ငယ်စဉ်ကတည်းက အမှန်တကယ်ပင် စိတ်မချရသူဖြစ်ပြီး ပြဿနာရှာလျှင် တစ်ယောက်တည်းနှင့် လူအများစုစာလောက် ရှာနိုင်သူ ဖြစ်လေသည်။
...
ထိုနေ့မှစ၍ လုမင်ယွိသည် သားသမီးနှစ်ယောက်ကို ခေါ်ဆောင်ကာ လုအိမ်တော်တွင် နေထိုင်လိုက်လေသည်။
မိဘအိမ်တွင် နေထိုင်ရခြင်းသည် အထူးတလည် လွတ်လပ်ပေါ့ပါးလှ၏။
နေ့စဉ် မနက်စောစောထကာ သိုင်းကျင့်ခြင်း၊ မြှားပစ်ခြင်းများ ပြုလုပ်ပြီး လုရွှမ်းကို သိုင်းကွင်းသို့ ဆွဲခေါ်ကာ "သင်ကြား" ပေးလေသည်။ နေ့ဘက်တွင် သမီးယောက်များ စုဝေးကာ ကလေးထိန်းကြသည်။ ကလေးငယ်များက တီတီတာတာ ပြောဆိုနေကြပြီး သာ့ပေါင်အာနှင့် ရှောင်းပေါင်အာတို့သည် စတုတ္ထအဒေါ်ဖြစ်သူ လုမင်ယွိ၏ နောက်သို့ တကောက်ကောက် လိုက်ပါနေကြသည်။
ပြောချင်ရာပြောပြီး ဉာဏ်များကာ တိုက်ခိုက်နေစရာ မလိုတော့ပေ။ ယောက္ခမနှင့် မည်သို့ ဆက်ဆံရမည်ကို တွေးတောနေစရာ မလိုသလို အနောက်နန်းဆောင်ထဲက မကြည့်ချင်သော မျက်နှာများကိုလည်း ကြည့်ရှုစရာ မလိုတော့သဖြင့် စိတ်ရောကိုယ်ပါ ပေါ့ပါးရွှင်လန်းနေတော့သည်။
လုမင်ယွိသည် ပျော်ရွှင်လွန်းသဖြင့် အိမ်ပြန်ရန်ပင် သတိမရတော့ချေ။
ချောင်မိဖုရားခေါင်သည် မြေးတော်နှစ်ဦးကို အမှန်တကယ် လွမ်းဆွတ်နေလေတော့သည်။ ရက်အနည်းငယ် ကြာသောအခါ ချိုင်လန်ကို စေလွှတ်ပြီး "သတင်းမေး" ခိုင်းရလေသည်။
ချိုင်လန်သည် စကားပြောဆိုရာတွင် အလွန် အနေအထိုင်တတ်ပြီး ပြုံးကာ လျှောက်တင်လေသည်။ "ဟွမ်ဟုပ်ညန်ညန်က ထိုက်ဇီဖေးအတွက် စားသောက်ဖွယ်ရာတွေကို လာရောက်ပို့ဆောင်ခိုင်းလိုက်ပါတယ်"
အိမ်ပြန်ရန် အတိအလင်း တိုက်တွန်းခြင်းမရှိသော်လည်း တစ်ရက်နှစ်ရက်ခြားလျှင် လူတစ်ခါ လွှတ်လေ့ရှိသည်။
ထိုသို့ ၁၀ရက်ခန့် ကြာမြင့်ပြီးနောက်တွင် ရှန်းလန်က သည်းမခံနိုင်တော့ဘဲ လုမင်ယွိကို သီးသန့် ပြောလိုက်တော့၏။ "နင် ရွှီအာနဲ့ ရွှမ်းအာကို ခေါ်ပြီး နန်းတော်ထဲကို ပြန်လိုက်ပါတော့။ ဟွမ်ဟုပ်ညန်ညန်က ကလေးနှစ်ယောက်ကို လွမ်းနေရှာပြီ"
လုမင်ယွိက ရယ်မောကာ စနောက်လိုက်သည်။ "ငါ ပြန်လာနေတာ ၁၀ရက်ပဲ ရှိပါသေးတယ်။ အာ့စောင်က ငါ့ကို ငြိုငြင်နေပြီလား"
ရှန်းလန်က ရယ်မောလိုက်ကာ "ငါကတော့ နင့်ကို မပြန်ဘဲ ဒီမှာပဲ ဆက်နေစေချင်တာပါ။ ဒါပေမဲ့ နင်က ထိုက်ဇီဖေးလေ... ဒီလောက်ကြီး စိတ်ရှိတိုင်း နေလို့မရဘူး။ ဟွမ်ဟုပ်ညန်ညန်က နင့်အပေါ် သဘောထားကြီးပါတယ်။ နင်ကလည်း ကျေးဇူးတင်တတ်ရမယ်။ အရမ်းကြီး လွန်လွန်ကဲကဲ မလုပ်သင့်ဘူး။ ၁၀ရက်လောက် နေခဲ့ပြီးပြီပဲ... နည်းတာမှ မဟုတ်တာ။ ဟွမ်ဟုပ်ညန်ညန်ဆိုရင် နန်းတော်တံခါးဝကနေ ခြေတစ်လှမ်းတောင် အပြင်ထွက်တာ မဟုတ်ဘူး။ နင့်ကို ဒီလောက်ရက်အများကြီး ပြန်နေခွင့်ပြုတာ တကယ်ကို သဘောထားကြီးလွန်းနေပါပြီ"
လုမင်ယွိသည် နှုတ်မှ ပြောဆိုနေသော်လည်း စိတ်ထဲတွင် ပြန်သင့်ပြီဖြစ်ကြောင်း နားလည်နေသဖြင့် ခေါင်းကို ညိတ်ကာ ပြောလိုက်လေတော့သည်။ "ငါ မနက်ဖြန် ပြန်လိုက်ပါ့မယ်"
...