← Chapters

အခန်း (၃၃၁-၃၃၃)

Vol. 23 Ch. 331-333

အခန်း (၃၃၁-၃၃၃)

Vol. 23 Ch. 331-333

အပိုင်း (၃၃၁) ထက်မြက်သောအစွမ်း

စစ်သည်များကို မည်ကဲ့သို့ စေလွှတ်ရမည်ဆိုသည့် အသေးစိတ်အချက်အလက်များကိုတော့ အတွင်းဝန်အမတ်ကြီးများက ဆက်လက်ဆွေးနွေးတိုင်ပင်ကြလေသည်။

ချောင်မိဖုရားခေါင်သည် သိပ်နားမလည်သော်လည်း တည်ငြိမ်စွာ ကိုင်တွယ်နိုင်ခဲ့သည်။ ရံဖန်ရံခါ စိတ်ထဲမသိုးမသန့်ဖြစ်လာလျှင် ဘေးနားရှိ ချွေးမတော်ကို လှမ်းကြည့်လိုက်လေသည်။ လုမင်ယွိက အသာအယာ ခေါင်းညိတ်ပြလိုက်သည်နှင့် ချောင်မိဖုရားခေါင်၏ စိတ်နှလုံးသည်လည်း ပြန်လည်တည်ငြိမ်သွားရတော့၏။

ဆွေးနွေးတိုင်ပင်မှုများ ပြီးဆုံးလုနီးပါး အချိန်တွင် လုမင်ယွိက လေသံတိုးတိုးဖြင့် အကြံပြုလိုက်လေသည်။ "တော်ဝင်ကိုယ်ရံတော်တပ်ဖွဲ့ကို ထုတ်နုတ်သုံးစွဲမယ်ဆိုရင် မူဟုပ်အနေနဲ့ စစ်သူကြီးလျန်ကို ခေါ်တွေ့သင့်ပါတယ်"

ချောင်မိဖုရားခေါင်သည် ခေါင်းကို အနည်းငယ် ညိတ်လိုက်လေသည်။

စစ်သူကြီးလျန်သည် တော်ဝင်ကိုယ်ရံတော်တပ်မှူးချုပ် ဖြစ်သည့်အားလျော်စွာ နေ့စဉ် နန်းတော်ထဲတွင် တာဝန်ထမ်းဆောင်နေရလေသည်။ ချောင်မိဖုရားခေါင်က လူလွှတ်ပြီး အမိန့်တော်ပါးလိုက်သည်နှင့် စစ်သူကြီးလျန်သည် လျင်မြန်စွာ ရောက်ရှိလာခဲ့တော့၏။

စစ်သူကြီးလျန်သည် ကိုယ်ရံတော်တပ်သားဘဝမှ တက်လာသူဖြစ်ပြီး လီမိသားစု၏ အိမ်ပေါက်အစေခံမလေးကို ဇနီးအဖြစ် ပေါင်းသင်းခဲ့သူ ဖြစ်လေသည်။ သူ၏ ဦးနှောက်ထဲတွင် အိမ်တော်ကျွန်ဟူသော အတွေးအခေါ် ရှိနေဆဲပင်။ ချောင်မိဖုရားခေါင်က စကားဟလိုက်သည်နှင့် စစ်သူကြီးလျန်သည် ငြင်းဆန်စကား တစ်ခွန်းမျှမဆိုဘဲ ချက်ချင်းပင် လက်ခံလိုက်လေသည်။ "ကျွန်တော်မျိုး အခုပဲ တော်ဝင်ကိုယ်ရံတော်တပ်ဖွဲ့ကို သွားရောက် စုစည်းလိုက်ပါ့မယ်"

ချောင်မိဖုရားခေါင်သည် စိတ်ထဲတွင် ကျေနပ်သွားပြီး မျက်မှောင်များလည်း ပြေလျော့သွားလေတော့သည်။

အခြေအနေသည် အရေးတကြီးဖြစ်နေပြီး ၂ရက်အတွင်း စစ်ထွက်ရမည်ဖြစ်ရာ အလုပ်ရှုပ်စရာကိစ္စများမှာ များပြားလှပေသည်။ ချောင်ကောလောင်နှင့် အခြားသူများသည် တိုင်ပင်ဆွေးနွေးပြီးနောက် အသီးသီး နှုတ်ဆက်ထွက်ခွာသွားကြလေသည်။

မကြာမီတွင် ဝမ်ဟွားနန်းဆောင်ထဲ၌ ချောင်မိဖုရားခေါင်၊ လုမင်ယွိနှင့် စတုတ္ထမင်းသားတို့ ၃ဦးသာ ကျန်ရစ်တော့၏။

ချောင်မိဖုရားခေါင်သည် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပြီး လုမင်ယွိကို တစ်ချက်ကြည့်ကာ ပြောလေသည်။ "ချောင်ကောလောင်က လက်ရှိကာလရဲ့ အမတ်ချုပ်ဖြစ်သလို စာပေပညာရှင်အမတ်တွေရဲ့ ခေါင်းဆောင်လည်း ဖြစ်တယ်။ မင်းဘက်က မှန်နေရင်တောင် ချောင်ကောလောင်ကို စကားပြောရင် ဒီထက်ပိုပြီး ယဉ်ကျေးသင့်တယ်"

သူမ၏ လေသံထဲတွင် အပြစ်တင်လိုသော သဘောထားအနည်းငယ် ပါဝင်နေလေသည်။

မည်သို့ပင်ဆိုစေ ထိုသူသည် သူမ၏ ဖခင်အရင်း ဖြစ်ပေသည်။ မိမိ၏ ချွေးမတော်က ဖခင်အရင်းဖြစ်သူကို မျက်နှာပျက်အောင် ပြန်ပြောနေသည်ကို မျက်ဝါးထင်ထင် ကြည့်နေခဲ့ရပြီး ချောင်မိဖုရားခေါင်အနေဖြင့် ယခုအချိန်အထိ သည်းခံနိုင်ခဲ့ခြင်းသည်ပင် အတော်လေး စိတ်သဘောထားပြည့်ဝသည်ဟု ဆိုရပေမည်။

လုမင်ယွိသည် ချောင်မိဖုရားခေါင်နှင့် အငြင်းပွားမနေဘဲ လိမ်မ္မာစွာဖြင့် ပြန်ပြောလိုက်လေသည်။ "မူဟုပ် ပြောတာမှန်ပါတယ်။ အာရှီက ခဏတာ စိတ်လိုက်မာန်ပါဖြစ်သွားပြီး စကားပြောတာ နည်းနည်း တည့်တိုးဆန်သွားတယ်။ ဒီကိစ္စပြီးသွားရင် အာရှီက ချောင်ကောလောင်ကို သွားတွေ့ပြီး ကိုယ်တိုင်ကိုယ်ကျ တောင်းပန်လိုက်ပါ့မယ်"

အကယ်၍ လုမင်ယွိသာ တစ်ယူသန် ခေါင်းမာနေမည်ဆိုလျှင် ချောင်မိဖုရားခေါင်၏ စိတ်ထဲတွင် ကျေနပ်နိုင်မည် မဟုတ်ချေ။

လုမင်ယွိက ဤကဲ့သို့ အလျှော့ပေးလိုက်သည်တွင် ချောင်မိဖုရားခေါင်၏ ဒေါသများလည်း ပြေလျော့သွားပြီး စဉ်းစားကာ ပြောလိုက်လေသည်။ "ဒီလောက်ကြီး အလေးအနက်ထားနေစရာတော့ မလိုပါဘူး။ ဒီနေ့ နန်းဆောင်ထဲမှာ ပြောခဲ့တဲ့ စကားတွေကို လူနည်းနည်းလောက်ပဲ သိတာပါ။ အပြင်ကို မပေါက်ကြားသွားရင် ပြီးတာပါပဲ"

လုမင်ယွိက ခေါင်းညိတ်ကာ လက်ခံလိုက်လေသည်။

ထို့နောက်မှ ချောင်မိဖုရားခေါင်သည် စတုတ္ထမင်းသားကို ကြည့်ကာ ပြောလေသည်။ "မင်းရဲ့ အစ်ကိုတော်တွေအားလုံးက စစ်တပ်ကို ဦးဆောင်ပြီး စစ်ထွက်ကြတာ။ ဒီတစ်ခါ ပုန်ကန်မှုကို နှိမ်နင်းရာမှာ မင်းက စစ်ဆေးရေးမှူးအနေနဲ့ လိုက်ပါရမှာဆိုတော့ အနေအထိုင် အပြောအဆို ဆင်ခြင်ရမယ်။ မင်းရဲ့ ဒုတိယအစ်ကိုတော် အရင်တုန်းက လုပ်ခဲ့သလိုမျိုး အတုယူရမယ်။ စစ်ရေးကိစ္စတွေကို ဝင်မပါဘဲ ဝါရင့်စစ်သူကြီးတွေ စိတ်မပျက်အောင် နေရမယ်"

မင်းသားတစ်ပါးအနေဖြင့် စစ်ဆေးရေးမှူး တာဝန်ယူရခြင်း၏ အဓိက အခန်းကဏ္ဍမှာ ပြည်သူလူထု၏ စိတ်နှလုံးကို တည်ငြိမ်စေရန် ဖြစ်လေသည်။ လက်အောက်ငယ်သားများနှင့် အပြိုင်အဆိုင် အကျိုးဆောင်မှု လုယူခြင်းမှာ ရှောင်ကြဉ်ရမည့် အချက်ပင်။

စတုတ္ထမင်းသားက ရိုသေစွာဖြင့် ပြန်ပြောလိုက်လေသည်။ "မူဟုပ်ရဲ့ ဆုံးမစကားကို သားတော် မှတ်သားထားလိုက်ပါမယ်"

...

စတုတ္ထမင်းသားသည် ဝမ်ဟွားနန်းဆောင်မှ ထွက်ခွာလာပြီးနောက် ရှို့နင်နန်းဆောင်သို့ ထွက်ခွာလာခဲ့လေသည်။

ချင်ဖေးသည် မယ်တော်ကြီးကျောက်နှင့် စကားစမြည် ပြောဆိုနေချိန်တွင် သားဖြစ်သူ ရောက်လာသည်ကို မြင်လိုက်ရသဖြင့် အနည်းငယ် အံ့အားသင့်သွားပြီး ပြုံးကာ မေးလိုက်လေသည်။ "ညီလာခံမှာ အလုပ်တွေ ရှုပ်နေတာ မဟုတ်ဘူးလား။ မင်းက အလုပ်မလုပ်ဘဲ ဘာလို့ ရှို့နင်နန်းဆောင်ကို ရောက်လာတာလဲ"

ဒီသား အူတူတူလေးကတော့ ဒီလိုအချိန်ကောင်းမှာ အာဏာရအောင်ကြိုးစားပြီး အမတ်တွေကို စည်းရုံးရမယ့်အစား အနောက်နန်းဆောင်ကို ဘာလာလုပ်တာပါလိမ့်။

မယ်တော်ကြီးကျောက်ကတော့ ပျော်ရွှင်နေပုံရပြီး သူမ အချစ်ဆုံး မြေးတော်ကို ပြုံးရွှင်စွာ လက်ယပ်ခေါ်လိုက်လေသည်။ "ဒီကိုလာ ထိုင်၊ အဘွားနဲ့ စကားပြောရအောင်"

စတုတ္ထမင်းသားသည် ဟုတ်ကဲ့ ဟု ဖြေကြားလိုက်ပြီး မယ်တော်ကြီးကျောက်၏ ဘေးတွင် ဝင်ထိုင်လိုက်သည်။ ထို့နောက်တွင်တော့ နူးညံ့သိမ်မွေ့သော လေသံဖြင့် စောစောက ဖြစ်ပျက်ခဲ့သည့် ကိစ္စရပ်များကို ပြောပြလိုက်လေသည်။

နားထောင်လို့ပင် မပြီးဆုံးသေးမီ မယ်တော်ကြီးကျောက်သည် မျက်မှောင်ကြုတ်ကာ မကျေမနပ်ဖြင့် နှာခေါင်းတစ်ချက် ရှုံ့လိုက်လေသည်။ "ဒီလုရှီကတော့ တကယ့်ကို မငြိမ်မသက်နဲ့ ဂနာမငြိမ်ဖြစ်နေတဲ့သူပဲ"

"ဟုတ်ပါ့" ချင်ဖေးကလည်း အားပါတရ မီးလောင်ရာ လေပင့်လေတော့သည်။ "ညီလာခံက ကိစ္စတွေကို အတွင်းဝန်အမတ်တွေ ရှိနေတာပဲ။ မဆုံးဖြတ်နိုင်ရင်တောင် စတုတ္ထမင်းသား ရှိတယ်၊ မိဖုရားခေါင်ကြီး ရှိတယ်။ သူက ထိုက်ဇီဖေး တစ်ယောက်အနေနဲ့ ဘာကိစ္စ ဝင်ပြီး မျက်နှာပြနေရတာလဲ"

"လက်ရှိ အမတ်ချုပ်ကြီးကိုတောင် မလေးမစား ပြောရဲဆိုရဲတယ်။ ဒီလိုစိတ်ဓာတ်မျိုးကို တကယ်ပဲ ပြုပြင်သင့်နေပြီ"

စတုတ္ထမင်းသားသည် နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားပြီး သူ၏ မယ်တော်ချင်ဖေးကို ပြောစရာစကားမဲ့စွာ ကြည့်လိုက်လေသည်။ "မူဖေး၊ ဒီနေ့သာ အာ့စောင် မပါရင် ချောင်ကောလောင်နဲ့ လော်ဝန်ကြီးကို ဘယ်သူမှ နားဝင်အောင် ပြောနိုင်မှာ မဟုတ်ဘူး။ စစ်တိုက်တဲ့ ကိစ္စဆိုတာက မြန်လေကောင်းလေပဲ။ လုံးဝ နှောင့်နှေးလို့ မရဘူး"

သူများလောက် အရည်အချင်းမရှိရင်လည်း ရိုးရိုးသားသားနဲ့ ငြိမ်ငြိမ်နေပါတော့လား။ အမြဲတမ်း ပြဿနာရှာဖို့ပဲ မတွေးနေပါနဲ့။ မျက်နှာဖြတ်ရိုက်ခံရတာ များနေပြီ။ မနာသေးဘူးလား။

မယ်တော်ကြီးကျောက်သည် စတုတ္ထမင်းသားက လုမင်ယွိကို ချီးကျူးစကားဆိုသည်ကို နားထောင်ရန် သဘောမကျသဖြင့် စိတ်မရှည်စွာ နှာခေါင်းရှုံ့လိုက်လေသည်။ "မိန်းမသားဆိုတာ ကိုယ့်စည်းကိုယ့်ကမ်းနဲ့ နေပြီး ခင်ပွန်းသည်ကို ပြုစု၊ သားသမီးကို ဆုံးမရမှာ။ ကလေးနှစ်ယောက်ကို ကောင်းကောင်း ထိန်းကျောင်းဖို့က အရေးအကြီးဆုံးပဲ"

စတုတ္ထမင်းသားသည် ပါးစပ်ပိတ်ထားလိုက်တော့သည်။ သူသည် မိခင်ဖြစ်သူကို နားချနိုင်သော်လည်း ကျိုးကြောင်းဆီလျော်မှု မရှိသော အဘွားဖြစ်သူကိုတော့ နားချ၍ ရနိုင်မည်မဟုတ်ပေ။

မယ်တော်ကြီးကျောက်က ပွစိပွစိ ပြောဆိုပြီးနောက် စတုတ္ထမင်းသား စစ်ထွက်မည့်ကိစ္စကို မေးမြန်းလေသည်။

စတုတ္ထမင်းသားက အားတင်းကာ ပြန်ဖြေလိုက်လေသည်။ "မြေးတော်က တာဝန်ကြီးကြီးမားမား ပေးအပ်ခံထားရတာပါ။ ဒီတစ်ခေါက် စစ်ဆေးရေးမှူးအနေနဲ့ လိုက်ပါရမှာ"

မယ်တော်ကြီးကျောက်သည် မြေးတော်ကို အန္တရာယ် မပြုစေလိုသဖြင့် နှမြောတသ ဖြစ်နေမိသည်။ "စွန်းစန်းကိုကို စစ်သူကြီး ခန့်ထားတယ် မဟုတ်လား။ ဘာကိစ္စ မင်းပါ လိုက်ပြီး အန္တရာယ်သွားခံရမှာလဲ"

စစ်သူကြီးစွန်းသည်လည်း လီမိသားစု၏ အိမ်တော်ထိန်းတပ်မှူးဟောင်း ဖြစ်ပြီး မွေးချင်း တတိယမြောက် ဖြစ်သဖြင့် နာမည်အရင်းမှာ စွန်းစန်းကို စွန်းခွေးသုံးကောင် ဟု ခေါ်လေသည်။ နောက်ပိုင်းတွင် စစ်သူကြီးဖြစ်လာသောအခါ နာမည်ကို စွန်းရှန့်ဟု ပြောင်းလဲခဲ့သည်။ သို့သော်လည်း မယ်တော်ကြီးကျောက်ကတော့ ယခင်က အကျင့်ပါနေသော နာမည်ကိုသာ ခေါ်ဝေါ်နေဆဲပင်။

စတုတ္ထမင်းသားသည် နှုတ်ခမ်းထောင့်များ ထပ်မံ၍ တွန့်ကွေးသွားပြန်ပြီး မယ်တော်ကြီးကျောက်ကို စိတ်ရှည်လက်ရှည် ချော့မြှူလိုက်လေသည်။ "တိုက်ခိုက်ရေးကိစ္စတွေကိုတော့ စစ်သူကြီးစွန်းကို လွှဲပေးထားမှာပါ။ မြေးတော်က စစ်ဆေးရေးမှူးအနေနဲ့ အဓိက ကြီးကြပ်ပေးရုံပါပဲ။ ပြီးတော့ စစ်ပွဲပြီးရင် ပြည်သူတွေကို နှစ်သိမ့်ပေးရမယ့် ကိစ္စတွေ ရှိသေးတယ်လေ"

ကိုယ်တိုင်ကိုယ်ကျ စစ်မတိုက်ရရင် ပြီးတာပါပဲလေ။ မယ်တော်ကြီးကျောက်သည် သက်ပြင်းချလိုက်ပြီး ဟားတိုက်ရယ်မောလိုက်လေသည်။ "ဟုတ်တယ် ဟုတ်တယ်။ တိုက်ခိုက်ရေးကိစ္စက စွန်းစန်းကိုကို ပေးလုပ်ခိုင်းလိုက်ရင် ရပြီ။ မင်းက ရှေ့ကနေ တက်မသွားနဲ့။ အေးအေးဆေးဆေး ပြန်လာခဲ့။ မင်းအတွက် အကျိုးဆောင်မှု အကြီးကြီး ရမှာ"

ချင်ဖေးကလည်း ပြုံးကာ ထောက်ခံပြောဆိုလိုက်သည်။ "မယ်တော်ကြီး ပြောတာ အမှန်ပဲ။ စစ်နိုင်ရင် မင်း ကြီးကြပ်တာ ကောင်းလို့ပဲ"

စတုတ္ထမင်းသား "..."

သူတို့က ငါ့ကို အကျိုးဆောင်မှု သွားလုတယ်လို့ ထင်နေကြတာကိုး။

စတုတ္ထမင်းသားသည် မိခင်နှင့် အဘွားဖြစ်သူတို့၏ စိတ်နေစိတ်ထားကို ကောင်းစွာ သိရှိထားသဖြင့် ဘာမှ ဆက်မပြောတော့ဘဲ တိတ်တဆိတ်သာ ခံယူလိုက်တော့သည်။

အိမ်တော်သို့ ပြန်ရောက်သောအခါ စတုတ္ထမင်းသားသည် ယနေ့ ဖြစ်ပျက်ခဲ့သမျှကို ကျောက်ယွီအား ပြောပြလိုက်ပြီး မျက်နှာတွင်လည်း စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေသည့်ပုံ ပေါ်နေလေသည်။ "အဘွားနဲ့ မူဖေးကို ဘယ်လို စကားပြောရမလဲဆိုတာ တကယ်မသိတော့ပါဘူး။ ကိုယ်က ပုန်ကန်မှုကို နှိမ်နင်းပြီး တိုင်းပြည်အတွက် အလုပ်လုပ်ပေးချင်တာ။ သူတို့ကတော့ ကောင်းရော။ ကိုယ့်ကို ဘယ်လို အကျိုးဆောင်မှု လုယူရမလဲ သင်ပေးနေတယ်။ စဉ်းစားကြည့်လေ။ ကိုယ်က မင်းသားပဲ။ အကျိုးဆောင်မှု ဘယ်လောက်များများ ရာထူးတက်စရာမှ မရှိတာ"

ကျောက်ယွီသည်လည်း မတတ်သာသည့်ဟန်ဖြင့် သက်ပြင်းချလိုက်လေသည်။ "မူဖေးက တစ်နေ့ကုန် သွေးထိုးနေတာ။ မယ်တော်ကြီး စိတ်ရှုပ်သွားတာလည်း မဆန်းပါဘူး။ ဘာပဲဖြစ်ဖြစ် ရှင့်ဘက်က မှန်အောင်နေဖို့ လိုတယ်။ တကယ်လို့ မကောင်းသတင်းတွေ ထွက်လာပြီး နန်းတော်ထဲ ရောက်သွားရင် ဒါမှမဟုတ် အာ့စောင် သိသွားရင် သိပ်ကောင်းမှာ မဟုတ်ဘူး"

စတုတ္ထမင်းသားသည်လည်း သက်ပြင်းချလိုက်ပြီး ခေါင်းညိတ်လိုက်လေသည်။

...

အမတ်များအားလုံး သဘောထား တိုက်ဆိုင်သွားကြပြီး ဝိုင်းဝန်းကြိုးပမ်းကြသဖြင့် လုပ်ငန်းဆောင်တာများသည် အလွန်လျင်မြန်လေသည်။

၂ရက်အကြာတွင် စစ်သူကြီးစွန်းသည် စစ်သည်အင်အား ၃သောင်းကို ဦးဆောင်ကာ မြို့တော်မှ ထွက်ခွာလာခဲ့လေသည်။ စတုတ္ထမင်းသားသည်လည်း စစ်ဆေးရေးမှူးအနေဖြင့် စစ်တပ်နှင့်အတူ လိုက်ပါလာခဲ့၏။

လမ်းခရီးတစ်လျှောက် အလျင်အမြန် ချီတက်လာခဲ့ကြရာ ၅ရက်အတွင်းမှာပင် ပုန်ကန်မှုဖြစ်ပွားရာ ဒေသသို့ ရောက်ရှိလာခဲ့ကြသည်။ ထိုဒေသရှိ တပ်စွဲထားသော စစ်သူကြီးသည် စစ်ကူများကို မြင်တွေ့လိုက်ရသောအခါ စိတ်လှုပ်ရှားလွန်းသဖြင့် နေရာတွင်ပင် ငိုကြွေးလေတော့သည်။

"နန်းတော်က နောက်ဆုံးတော့ စစ်သည်တွေ လွှတ်လိုက်ပြီပဲ"

"အီး...ဟီး... နောက်ထပ် ၂ရက်လောက်သာ နောက်ကျရင် ကျွန်တော်တို့ တောင့်ခံနိုင်တော့မှာ မဟုတ်ဘူး"

"သူပုန်တွေက အစတုန်းက ထောင်ဂဏန်းလောက်ပဲ ရှိတာ။ နောက်ပိုင်းကျတော့ လူတွေ ပိုပိုများလာပြီး ကျွန်တော်တို့ တကယ်ပဲ မခုခံနိုင်တော့ဘူး။ တပ်စွဲထားတဲ့ စစ်သည်တွေလည်း တစ်ဝက်ကျော်လောက် သေကုန်ပြီ။ အခုဆို ၃ထောင်ကျော်လောက်ပဲ ကျန်တော့တယ်။ သူပုန်တွေက ၁သောင်းကျော်လောက် ရှိတယ်။ နယ်မြေ ၂ခုကိုတောင် သိမ်းပိုက်ထားပြီးပြီ။ ဒီအတိုင်းသာ ဆက်သွားရင် လုံးဝ ပွက်လောရိုက်ကုန်တော့မှာ"

စတုတ္ထမင်းသားသည် နှုတ်ခမ်းမွှေးမုတ်ဆိတ်မွှေးများပေါ်တွင် မျက်ရည်များ နှပ်များ ပေကျံနေသည်အထိ ဝမ်းနည်းပက်လက် ငိုကြွေးနေသော စစ်သူကြီးကို တွဲထူလိုက်ပြီး နူးညံ့စွာဖြင့် နှစ်သိမ့်ပေးလိုက်လေသည်။

အသက် ၅၀ကျော်အရွယ်ရှိပြီဖြစ်သော စစ်သူကြီးစွန်းသည် လျင်မြန်ပြတ်သားစွာဖြင့် စကားတစ်ခွန်းမျှပင်မဆိုဘဲ စစ်ပွဲအခြေအနေကို လွှဲပြောင်းယူလိုက်လေတော့သည်။

...

အပိုင်း (၃၃၂) ဝရုန်းသုန်းကားအခြေအနေ

၁၀ရက်အတွင်းမှာပင် နန်းတော်သည် အောင်ပွဲရ သတင်းကောင်းကို လက်ခံရရှိလိုက်လေသည်။

စစ်သူကြီးစွန်းသည် သူပုန်များကို ဦးဆောင်နှိမ်နင်းရာတွင် အောင်ပွဲခံနိုင်ခဲ့ပြီး နယ်မြေတစ်ခုကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကာ သူပုန် ၂ထောင်ခန့်ကိုလည်း ကွပ်မျက်နိုင်ခဲ့လေသည်။

အောင်ပွဲရသတင်းသည် နန်းတော်သို့ ရောက်ရှိလာသောအခါ အမတ်များအားလုံးသည် စိတ်သက်သာရာ ရသွားကြပြီး တစ်ယောက်ချင်းစီတိုင်း၏ မျက်နှာတွင် ပျော်ရွှင်ကြည်နူးမှုများ ဖုံးလွှမ်းသွားတော့သည်။

ချောင်ကောလောင်သည် ကိုယ်တိုင်ကိုယ်ကျ ကျောင်းဖန်နန်းဆောင်သို့ သွားရောက်ပြီး ချောင်မိဖုရားခေါင်ကို သတင်းကောင်း ပါးလိုက်လေသည်။ "...စစ်သူကြီးစွန်းက တကယ့်ကို စစ်ပွဲပေါင်းများစွာ ဖြတ်သန်းလာတဲ့ ဝါရင့်စစ်သူကြီးပါပဲ။ အသက်ကြီးပေမယ့် သူ့ရဲ့ ရဲရင့်မှုကတော့ လျော့မသွားသေးပါဘူး။ စစ်တပ်ကို ဦးဆောင်ပြီး နယ်မြေတစ်ခုကို သိမ်းပိုက်နိုင်ခဲ့သလို သူပုန် ၂ထောင်ကျော်ကိုလည်း နှိမ်နင်းနိုင်ခဲ့တယ်။ ဒီအတိုင်းသာဆိုရင် နောက်ထပ် တစ်လမပြည့်ခင်မှာတင် ပုန်ကန်မှုကို အပြီးတိုင် ရှင်းလင်းနိုင်မှာပါ"

ချောင်မိဖုရားခေါင်၏ မျက်နှာတွင် ပျော်ရွှင်မှုများ ယိုဖိတ်ကျလာပြီး "ကောင်းတယ်! ဒါက တကယ့်ကို သတင်းကောင်းပဲ။ စစ်သူကြီးစွန်းကို ဆုလာဘ်တွေ အများကြီး ချီးမြှင့်သင့်တယ်"

ချောင်ကောလောင်က ပြုံးကာ ပြောလိုက်သည်။ "ဟွမ်ဟုပ်ညန်ညန် ပြောတာ မှန်ပါတယ်။ စစ်သူကြီးစွန်း ပြန်ရောက်လာရင် နန်းတော်ကနေ ဆုလာဘ်တွေ အများကြီး ပေးအပ်ရမှာပါ။ ပြီးတော့ စစ်ဆေးရေးမှူးအနေနဲ့ လိုက်ပါသွားတဲ့ စတုတ္ထမင်းသားကလည်း ဒီစစ်ပွဲမှာ အကျိုးဆောင်မှု မနည်းမနော ရယူနိုင်ခဲ့တယ်"

စတုတ္ထမင်းသားသည် ကိုယ်တိုင် စစ်မြေပြင်သို့ မဝင်ရောက်သော်လည်း စစ်ဆေးရေးမှူးတာဝန်ကိုတော့ ကျေပွန်စွာ ထမ်းဆောင်နိုင်ခဲ့လေသည်။

ချောင်မိဖုရားခေါင်သည် အလွန်အမင်း ပျော်ရွှင်နေသဖြင့် စတုတ္ထမင်းသားသည် မယားငယ်မှ မွေးဖွားသူဖြစ်သည်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ပါးစပ်ဖွင့်ကာ ချီးကျူးစကား ဆိုလိုက်လေသည်။

ချောင်ကောလောင်သည် အနောက်နန်းဆောင်တွင် အချိန်ကြာကြာ နေလို့မဖြစ်သဖြင့် မကြာမီမှာပင် နှုတ်ဆက်ထွက်ခွာရန် ပြင်လိုက်သည်။

ချောင်မိဖုရားခေါင်သည် ချောင်ကောလောင်ကို ကိုယ်တိုင်ကိုယ်ကျ တွဲထူပေးပြီးနောက် လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "လုရှီက စစ်သူကြီးမျိုးနွယ်က ဆင်းသက်လာတဲ့ ကျားမလေးလေ။ ငယ်ငယ်လေးကတည်းက သိုင်းပညာသင်ယူပြီး စစ်သူကြီးကျမ်းတွေကို ဖတ်ထားတော့ စစ်တိုက်တဲ့ အကြောင်းကို နားလည်ပါတယ်။ သူကလည်း တိုင်းပြည်အေးချမ်းဖို့အတွက် စေတနာနဲ့ အဲ့ဒီနေ့က အတင်းအကြပ် ပြောခဲ့တာပါ။ အဖေက ကလေးတွေနဲ့ ဖက်ပြီး အပြစ်မယူပါနဲ့နော်"

ထိုအကြောင်းကို ပြောလာသောအခါ ချောင်ကောလောင်သည် အနည်းငယ် နေရခက်သွားပြီး ချောင်းတစ်ချက် ဟန့်လိုက်လေသည်။ "အရင်တုန်းက အဖေ သေချာ မစဉ်းစားမိခဲ့လို့ပါ။ ထိုက်ဇီဖေးက ငယ်ရွယ်ပြီး စိတ်မြန်လက်မြန် ရှိပေမယ့် သူပြောတဲ့ စကားတွေက အကျိုးကြောင်း ဆီလျော်မှု ရှိပါတယ်"

လက်တွေ့အခြေအနေက သက်သေပြနေပြီ မဟုတ်ပါလား။

စစ်သူကြီးစွန်းသည် သည်လိုလျင်မြန်စွာ ပုန်ကန်မှုကို နှိမ်နင်းနိုင်ခြင်းသည် လုမင်ယွိ၏ အမြော်အမြင် ကြီးမားမှုကို ပြသနေလေသည်။ အကယ်၍ သူပုန်အင်အားသာ ကြီးထွားလာပါက ဘယ်လောက် ရှုပ်ထွေးသွားမည်ကို မည်သူမှ ခန့်မှန်းနိုင်မည် မဟုတ်ပေ။

ချောင်မိဖုရားခေါင်သည် ဖခင်ဖြစ်သူကို နှစ်သိမ့်စကား ပြောဆိုပြီးနောက် ကျောင်းဖန်နန်းဆောင်မှ ပြန်လည်ပို့ဆောင်ပေးလိုက်လေသည်။

လုမင်ယွိသည် ကလေးနှစ်ယောက်ကို ခေါ်ဆောင်ကာ ဂါရဝပြုရန် ရောက်ရှိလာသောအခါ ချောင်မိဖုရားခေါင်၏ မျက်နှာတွင် ပျော်ရွှင်မှုများ ဖုံးလွှမ်းနေသည်ကို မြင်လိုက်ရသဖြင့် ပြုံးကာ မေးလိုက်လေသည်။ "မူဟုပ် ဒီလောက်တောင် ပျော်နေတာ ဘာသတင်းကောင်းများ ကြားလို့လဲ"

စစ်သူကြီးစွန်း စစ်နိုင်သည့် သတင်းကောင်းသည် လုမင်ယွိ၏ နားထဲသို့ စောစောစီးစီးကပင် ရောက်ရှိပြီး ဖြစ်လေသည်။ ချောင်ကောလောင် ကိုယ်တိုင် ကျောင်းဖန်နန်းဆောင်သို့ လာရောက်သည်ကိုလည်း လုမင်ယွိ ကောင်းကောင်း သိရှိထား၏။

သူမ တမင်တကာ ရှောင်နေလိုက်ခြင်းသည်လည်း အလိုက်တသိ ပြုမူခြင်းပင်။ သို့မှသာ ချောင်ကောလောင် မျက်နှာမပျက်ရမည် မဟုတ်ပါလား။

ချောင်မိဖုရားခေါင်သည် ပျော်ရွှင်စွာဖြင့် စစ်နိုင်သည့်သတင်းကို လုမင်ယွိအား ပြောပြလိုက်ပြီး လုမင်ယွိကိုလည်း အကြီးအကျယ် ချီးကျူးစကား ဆိုလိုက်လေသည်။

လုမင်ယွိသည် မိမိ၏ အကျိုးဆောင်မှုဟု မယူဆဘဲ အသာအယာ ပြုံးလိုက်လေသည်။ "စစ်သူကြီးစွန်းက ဝါရင့်စစ်သူကြီးဆိုတော့ အတွေ့အကြုံ ရင့်ကျက်ပါတယ်။ အရင်ဆုံး အောင်ပွဲခံလိုက်တာပါ။ နောက်ပိုင်းကျရင် အရှိန်အဟုန်ပြင်းပြင်းနဲ့ တိုက်ခိုက်ပြီး အမြန်ဆုံး သူပုန်တွေကို နှိမ်နင်းနိုင်မှာပါ။ မူဟုပ် သတင်းကောင်းကိုသာ စောင့်နေလိုက်ပါ"

...

လုမင်ယွိ၏ ခန့်မှန်းချက်သည် နည်းနည်းလေးမှ လွဲချော်ခြင်းမရှိပေ။

နောက်ပိုင်း ရက်အနည်းငယ်အတွင်း သတင်းကောင်းများ ဆက်တိုက် ရောက်ရှိလာခဲ့လေသည်။

ပိုပြီး ကောင်းမွန်သည့်အချက်မှာ ရှင်းယန်စစ်တပ်နှင့် ဖူယန်စစ်တပ်တို့ဆီမှလည်း အောင်ပွဲရ သတင်းကောင်းများ ရောက်ရှိလာခြင်းပင်။ ထိုစစ်တပ်ကြီးသည် ယန်ပြည်နယ်၏ ပထမဆုံး မြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်လေသည်။

ဆက်တိုက် အောင်ပွဲခံနေခြင်းသည် နန်းတွင်းနှင့် ပြည်သူလူထု၏ စိတ်နှလုံးကို တက်ကြွ လန်းဆန်းစေပြီး အိမ်ရှေ့စံနန်းဆောင်တစ်ခုလုံး ပျော်ရွှင်မြူးထူးနေကြတော့သည်။ အိမ်ရှေ့စံမင်းသား လီကျင့်သည် ရှင်းယန်စစ်တပ်နှင့်အတူ လိုက်ပါသွားခြင်း ဖြစ်သဖြင့် ရှင်းယန်စစ်တပ်၏ အောင်မြင်မှုသည် အိမ်ရှေ့စံမင်းသား၏ ဂုဏ်ကျက်သရေပင် ဖြစ်သည် မဟုတ်ပါလား။

နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် ယုံးကျားဧကရာဇ်နှင့် ပထမမင်းသားတို့ဘက်မှတော့ လောလောဆယ်တွင် စစ်သတင်း မကြားရသေးပေ။

ချောင်မိဖုရားခေါင်သည် စိတ်ပျော်ရွှင်နေသဖြင့် လုမင်ယွိနှင့်အတူ ရှို့နင်နန်းဆောင်သို့ ဂါရဝပြုရန် သွားရောက်ခဲ့ပြီး မယ်တော်ကြီးကျောက်ကို သတင်းကောင်း ပါးလိုက်လေသည်။

မယ်တော်ကြီးကျောက်သည် သတင်းကို ကြားပြီးနောက် ပထမဆုံး တုံ့ပြန်မှုမှာ "အရှင်မင်းကြီးဘက်က စစ်မနိုင်သေးဘူးလား" ဟူ၍ပင်။

မယ်တော်ကြီးကျောက်၏ စိတ်ထဲတွင် သားတော်သည်သာ အရေးအကြီးဆုံး ဖြစ်လေသည်။

ချောင်မိဖုရားခေါင်ကဲ့သို့ပင် မိမိ၏ သားအရင်း အန္တရာယ်ကင်းဖို့ကိုသာ အဓိကထားသည် မဟုတ်ပါလား။

"ချူဘက်က လောလောဆယ် သတင်းမကြားရသေးပါဘူး။ သတင်းကောင်းက လမ်းမှာ ရောက်နေလောက်ပါပြီ။ မကြာခင် မြို့တော်ကို ရောက်လာမှာပါ။ မူဟုပ် နောက်ထပ် ရက်နည်းနည်းလောက် စောင့်လိုက်ပါဦး" ချောင်မိဖုရားခေါင်က ပြုံးကာ ပြောလိုက်လေသည်။

မယ်တော်ကြီးကျောက်က ခေါင်းညိတ်လိုက်ပြီး ပြန်လည်ပြုံးရယ်ကာ ပြောလိုက်လေသည်။ "ကျောက်မိသားစုစစ်တပ်နဲ့ ရှင်းယန်စစ်တပ်က တူတူသွားတာလေ။ ဒီတစ်ခါ စစ်နိုင်တယ်ဆိုတော့ ဖူယန်မြို့စားလည်း အကျိုးဆောင်မှု အကြီးကြီး ရမှာပဲ"

အမှန်တကယ်တော့ ဒီတစ်ခေါက် အောင်ပွဲသည် ရှင်းယန်စစ်တပ်၏ ကြိုးပမ်းမှုသာ ဖြစ်လေသည်။ ဖူယန်မြို့စားသည် နောက်တန်းမှ လိုက်ပါရုံသာဖြစ်ပြီး ဘာမှ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း မရှိပေ။ အကျိုးဆောင်မှု လုယူခြင်းသည် မည်သည့်အချိန်တွင်မဆို ရှိနေတတ်သည်ပင်။

သို့သော် ယန်ပြည်နှင့် ချူပြည်ကို တိုက်ခိုက်ခြင်း အစပြုရုံသာ ရှိသေးသည်ကို မယ်တော်ကြီးကျောက်က မျက်နှာပြောင်တိုက်စွာဖြင့် သူမ၏ တူတော်မောင်အတွက် အကျိုးဆောင်မှု တောင်းခံနေခြင်းသည် အနည်းငယ် အရုပ်ဆိုး အကျည်းတန်လွန်းလှလေသည်။

ချောင်မိဖုရားခေါင်သည် အလိုက်တသိဖြင့် လုမင်ယွိကို လှမ်းကြည့်လိုက်လေသည်။

လုမင်ယွိသည် မျက်ကန်းတစ္ဆေမကြောက် ဘက်လိုက်တတ်သော မယ်တော်ကြီးကျောက်နှင့် စကားအများကြီး မပြောလိုသဖြင့် ဖျော့တော့စွာ ပြုံးလိုက်လေသည်။ "စစ်တပ်ထဲမှာ စစ်ဆေးရေးမှူး ပါပါတယ်။ ဘယ်သူက ဘာလုပ်တယ်ဆိုတာ မှတ်တမ်းတင်ထားမှာပါ။ စစ်ပွဲပြီးရင် တစ်ခုချင်းစီ ရှင်းလင်းရမှာပါ"

ရှင်းယန်ဝမ်နှင့် အကျိုးဆောင်မှု လုယူချင်လျှင် ဖူယန်မြို့စားတွင် ထိုမျှလောက် အရည်အချင်း ရှိမရှိ ကြည့်ရပေဦးမည်။

ချောင်မိဖုရားခေါင်သည်လည်း ဆက်လက်၍ စကားမပြောတော့ပေ။

ချင်ဖေးကတော့ မယ်တော်ကြီးကျောက်၏ တူမအရင်း ဖြစ်သည့်အားလျော်စွာ ပါးစပ်ဖွင့်သည်နှင့် မေးလိုက်လေသည်။ "စတုတ္ထမင်းသားလည်း ဒီတစ်ခေါက် အကျိုးဆောင်မှု မနည်းမနော ရမှာမလား"

ချောင်မိဖုရားခေါင်သည် စိတ်ထဲတွင် အော့နှလုံးနာသွားပြီး မျက်နှာပေါ်မှ အပြုံးများလည်း ပျောက်ကွယ်သွားတော့သည်။ "ဟုတ်တယ်။ စစ်သူကြီးစွန်း ပြန်ရောက်လာရင် နန်းတော်ကနေ ဆုလာဘ်တွေ ပေးမှာပါ။ စိတ်ချပါ။ ဘယ်သူမှ စတုတ္ထမင်းသားကို မျက်နှာလိုက်မှာ မဟုတ်ပါဘူး"

ချင်ဖေးသည် ခနဲ့တဲ့တဲ့ အပြောခံလိုက်ရသော်လည်း မျက်နှာပြောင်တိုက်ကာ ပြုံးလျက် ပြောလိုက်လေသည်။ "ဒါဆိုရင်တော့ ချန်ချဲ့က ဟွမ်ဟုပ်ညန်ညန်ကို ကြိုတင်ပြီး ကျေးဇူးတင်ရမှာပေါ့"

လုမင်ယွိသည် ချင်ဖေး၏ အခွင့်အရေးယူတတ်သော အကျင့်စရိုက်ကို မကြည့်ရက်သဖြင့် အေးဆေးစွာ ဝင်ပြောလိုက်လေသည်။ "စတုတ္ထမင်းသားက ချင်ဖေး မွေးဖွားထားတာ ဖြစ်ပေမယ့် မူဟုပ်ရဲ့ သားတော်လည်း ဖြစ်တာပဲ။ မူဟုပ်က ကိုယ့်သားကိုယ် ဂရုစိုက်တာ ဘာကိစ္စ ချင်ဖေးက ကျေးဇူးတင်နေရမှာလဲ"

ချင်ဖေး "..."

ချင်ဖေးသည် မျက်နှာပျက်ကာ ရယ်မောလိုက်ပြီး နောက်ဆုံးတော့ ပါးစပ်ပိတ်သွားလေတော့သည်။ စိတ်ထဲတွင်တော့ စတုတ္ထမင်းသား ပြန်လာမည့်ရက်ကို တွက်ချက်နေမိလေသည်။

...

မည်သူကမှ ထင်မှတ်မထားသော အခြေအနေဆိုးကြီး ရုတ်တရက် ဖြစ်ပေါ်လာခဲ့လေသည်။

စစ်သူကြီးစွန်းသည် ဒဏ်ရာဟောင်း ပြန်လည် ဖောက်ပြန်လာပြီး ရန်သူကို လိုက်လံတိုက်ခိုက်စဉ် မြင်းပေါ်မှ ပြုတ်ကျကာ နေရာတွင်ပင် သေဆုံးသွားခဲ့လေသည်။ စစ်သူကြီး ကျဆုံးသွားခြင်းသည် မိမိဘက်မှ စစ်သည်များ၏ စိတ်ဓာတ်ကို အကြီးအကျယ် ထိုးနှက်လိုက်ခြင်း ဖြစ်လေသည်။ ထို့ကြောင့်ပင် နန်းတော်မှ စေလွှတ်လိုက်သော စစ်တပ်သည် ပထမဆုံးအကြိမ် စစ်ရှုံးခြင်းနှင့် ကြုံတွေ့လိုက်ရလေသည်။

စစ်ရှုံးသည်မှာ ပြဿနာ မဟုတ်သော်လည်း အရေးကြီးသည်မှာ စစ်သူကြီးစွန်း သေဆုံးသွားခြင်းပင်။ နောက်ဆက်တွဲ ဘာလုပ်ကြမည်နည်း။

သတင်းဆိုးကြီး နန်းတော်သို့ ရောက်ရှိလာသောအခါ ချောင်ကောလောင် အစရှိသော အမတ်ကြီးများသည် ဝမ်ဟွားနန်းဆောင်တွင် စုဝေးကြပြီး ချောင်မိဖုရားခေါင်ကိုလည်း ဖိတ်ကြားကာ တိုင်ပင်ဆွေးနွေးကြလေသည်။ အမတ်များအားလုံးသည် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီး ဖြစ်သဖြင့် လုမင်ယွိက ချောင်မိဖုရားခေါင်ကို တွဲထူကာ ဝမ်ဟွားနန်းဆောင်သို့ ဝင်ရောက်လာသည်ကို မြင်သောအခါ "အနောက်နန်းဆောင်က နိုင်ငံရေး ဝင်မပါရ" ဟူသော ဓလေ့ထုံးတမ်းကို တမင်တကာ လျစ်လျူရှုထားလိုက်ကြလေသည်။

ချောင်ကောလောင်သည် မျက်မှောင်ကြုတ်ကာ လေးနက်စွာ ပြောလိုက်လေသည်။ "စစ်သူကြီးစွန်းက ရှေ့တန်းမှာ ဒဏ်ရာဟောင်း ပြန်ဖောက်ပြီး ဆုံးပါးသွားတော့ စစ်သည်တွေ ခေါင်းဆောင်မဲ့ ဖြစ်သွားတယ်။ ကံကောင်းတာက စတုတ္ထမင်းသား စစ်တပ်ထဲမှာ ရှိနေလို့ စစ်သည်တွေရဲ့ စိတ်ဓာတ်ကို ခဏတာ ထိန်းသိမ်းထားနိုင်တာ"

စစ်ဘက်ဆိုင်ရာဝန်ကြီးယန်က ဝင်ပြောလိုက်လေသည်။ "စစ်တိုက်တာက ဒီအခြေအနေထိ ရောက်နေပြီဆိုတော့ လုံးဝ ဆုတ်ခွာလို့ မဖြစ်ဘူး။ သူပုန်တွေကို အပြီးတိုင် ချေမှုန်းမှ ရမယ်။ ကျွန်တော်မျိုး ထင်တာကတော့ အခု အရေးကြီးဆုံးက စစ်သေနာပတိချုပ်အသစ် ရွေးချယ်ဖို့ပဲ"

စစ်သည်နှင့် စစ်သူကြီးများသည် ရင်းနှီးကျွမ်းဝင်မှု ရှိရန် လိုအပ်လေသည်။ နန်းတော်မှ လူသစ် ထပ်မံစေလွှတ်ခြင်းမှာ အဆင်မပြေလှပေ။ စစ်တိုက်ရာတွင် အရေးကြီးဆုံးမှာ အချိန်ကိုက် လှုပ်ရှားခြင်း ဖြစ်ပြီး ဤကဲ့သို့ နှောင့်နှေးကြန့်ကြာနေ၍ မဖြစ်ပေ။

အကောင်းဆုံးမှာ စစ်တပ်ထဲမှ တစ်ယောက်ယောက်ကို ရွေးချယ်ပြီး စစ်သေနာပတိချုပ် နေရာတွင် အစားထိုးခြင်းပင်။

ချောင်မိဖုရားခေါင်သည် စိတ်မငြိမ်မသက် ဖြစ်နေပြီး ယန်ကို မေးလိုက်လေသည်။ "စစ်တပ်ထဲမှာ စစ်သူကြီးစွန်းကလွဲရင် ဘယ်သူက စစ်သေနာပတိချုပ် လုပ်နိုင်မှာလဲ"

ဝန်ကြီးယောင်က တခြား ဒုစစ်သူကြီး အနည်းငယ်၏ အမည်ကို ပြောပြလိုက်လေသည်။ ထို ဒုစစ်သူကြီးများသည် ဦးဆောင်မှု အတွေ့အကြုံ မရှိခြင်း သို့မဟုတ် စစ်သူကြီးစွန်းကဲ့သို့ အသက်အရွယ် ကြီးရင့်နေခြင်းတို့ကြောင့် သိပ်ပြီး အဆင်မပြေလှပေ။

လုမင်ယွိ၏ အသံ ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။ "အခု စစ်တပ်ထဲမှာ ဘယ်သူက ဦးစီးနေတာလဲ"

ဝန်ကြီးယောင်က ပြန်ဖြေလိုက်လေသည်။ "စတုတ္ထမင်းသားပါ"

အရေးကြီးသော အချိန်တွင် စတုတ္ထမင်းသားသည် ကြောက်ရွံ့ခြင်း မရှိဘဲ ဖိအားများကို ကြံ့ကြံ့ခံကာ စစ်သည်များ၏ စိတ်ဓာတ်ကို ထိန်းသိမ်းထားနိုင်ခဲ့လေသည်။

လုမင်ယွိ၏ မျက်ဝန်းများ တောက်ပသွားပြီး "စတုတ္ထမင်းသားက ဦးစီးနိုင်မှတော့ စစ်သေနာပတိချုပ် နေရာကို သူပဲ ယူလိုက်ပေါ့။ တခြားလူ ရှာနေစရာ မလိုတော့ဘူး"

...

အပိုင်း (၃၃၃) စစ်သေနာပတိ (၁)

လုမင်ယွိ၏ အကြံပြုချက်ကို ကြားလိုက်သောအခါ အမတ်များ၏ မျက်နှာတွင် အမျိုးမျိုးသော အမူအရာများ ပေါ်ထွက်လာလေတော့သည်။

ချောင်ကောလောင်သည် မျက်မှောင်ကြုတ်ကာ ပြောလေသည်။ "စတုတ္ထမင်းသားက ငယ်ရွယ်လွန်းတယ်။ အရင်တုန်းကလည်း စစ်မတိုက်ဖူးဘူး။ သူ့ကို စစ်သေနာပတိခန့်တာ သိပ်ပြီး သင့်တော်မယ် မထင်ဘူး"

"ဘာမှ မသင့်တော်စရာ မရှိပါဘူး" လုမင်ယွိက အေးဆေးစွာ ပြန်ပြောလိုက်လေသည်။ "ဘယ်သူမှ မွေးကတည်းက စစ်တိုက်တတ်တာ မဟုတ်ပါဘူး။ ပထမဆုံးအကြိမ်ဆိုတာ အမြဲတမ်း ရှိစမြဲပါ။ အခုချိန်မှာ စတုတ္ထမင်းသားကလွဲရင် ဘယ်သူမှ စစ်သည်တွေရဲ့ စိတ်ဓာတ်ကို ထိန်းပေးနိုင်မှာ မဟုတ်ဘူး"

ဝန်ကြီးယောင်က ခေါင်းညိတ် ထောက်ခံလိုက်လေသည်။ "ထိုက်ဇီဖေး ပြောတာ အဓိပ္ပာယ်ရှိတယ်။ စစ်သည်တွေရဲ့ စိတ်ဓာတ် တည်ငြိမ်ဖို့အတွက်ဆိုရင် စတုတ္ထမင်းသားကလွဲပြီး တခြားသူ မရှိဘူး"

ဒုစစ်သူကြီးတချို့သည် စစ်တိုက်နိုင်စွမ်း ရှိသော်လည်း စစ်သေနာပတိနေရာကို ယူရန်တော့ မည်သူမျှ အရည်အချင်း မပြည့်မီပေ။

စတုတ္ထမင်းသားကတော့ တော်ဝင်မျိုးနွယ် ဖြစ်သဖြင့် အားလုံးကို ထိန်းချုပ်နိုင်လေသည်။

ဝန်ကြီးယောင်က သဘောတူလိုက်သည်နှင့် ကျန်ရှိသော ဝန်ကြီးများကလည်း တညီတညွတ်တည်း ထောက်ခံကြလေသည်။

ဝန်ကြီးလော် တစ်ဦးတည်းသာ စိုးရိမ်ပူပန်နေလေသည်။ "စတုတ္ထမင်းသားက ပထမဆုံးအကြိမ် စစ်တိုက်တာဆိုတော့ စစ်ရှုံးပြီးရင် ဆက်မတိုက်ရဲမှာ စိုးရိမ်ရတယ်"

စတုတ္ထမင်းသားသည် အရည်အချင်း မရှိဘဲ စစ်ပွဲတစ်ခုလုံးကို ဖျက်ဆီးပစ်မည်ကို စိုးရိမ်နေခြင်း ဖြစ်လေသည်။

လုမင်ယွိသည် စိတ်မလောဘဲ ဖြည်းဖြည်းချင်း ရှင်းပြလိုက်၏။ "စတုတ္ထမင်းသားကို စစ်သေနာပတိ ခန့်တယ်ဆိုတာ စစ်သည်တွေရဲ့ စိတ်ဓာတ် တည်ငြိမ်ဖို့အတွက်ပါပဲ။ သူကိုယ်တိုင် စစ်တိုက်စရာ မလိုပါဘူး။ မူဟုပ်က စတုတ္ထမင်းသားဆီ စာတစ်စောင်လောက် ရေးပေးလိုက်ရင် ရပါပြီ"

ဆိုလိုသည်မှာ စတုတ္ထမင်းသားသည် စစ်တဲထဲတွင် ထိုင်နေရုံသာ ဖြစ်ပြီး တိုက်ခိုက်ရေးကိစ္စများကို စစ်သူကြီးများက တာဝန်ယူရမည် ဖြစ်သည်။ ဒါသည် လက်ရှိအခြေအနေအတွက် အကောင်းဆုံး နည်းလမ်းပင်။

ဤကိစ္စကို အမတ်များက တရားဝင် အမိန့်စာ ထုတ်ပြန်လျှင် စတုတ္ထမင်းသား၏ သိက္ခာကို ထိခိုက်စေနိုင်သဖြင့် ချောင်မိဖုရားခေါင်က သီးသန့် "မှာကြား" ခြင်းသည် ပိုပြီး သင့်လျော်ပေသည်။

လုမင်ယွိသည် တိုတောင်းသော အချိန်အတွင်း ဤကဲ့သို့ ဖြေရှင်းနည်းကို စဉ်းစားမိသဖြင့် ချောင်ကောလောင်သည် မည်သို့မျှ ငြင်းဆန်နိုင်ခြင်း မရှိတော့ဘဲ စိတ်ထဲတွင် ချီးကျူးမိလေသည်။

လုမင်ယွိသည် တကယ့်ကို မွေးရာပါ စစ်သူကြီး အရည်အချင်း ရှိသူပင်။ သို့သော် ကံဆိုးသည်မှာ အမျိုးသမီး ဖြစ်နေခြင်းပင်။

မဟုတ်လျှင် စတုတ္ထမင်းသားကို စစ်သေနာပတိ ခန့်နေစရာပင် လိုမည်မဟုတ်ပေ။

ပုံမှန်အချိန်များတွင် ချောင်ကောလောင်သည် လုမင်ယွိက နိုင်ငံရေးနှင့် စစ်ရေးကိစ္စများကို ဝင်ရောက်စွက်ဖက်သည်ကို မကြိုက်နှစ်သက်သော်လည်း ယခုကဲ့သို့ ခေါင်းဆောင်မဲ့နေချိန်တွင် ချောင်မိဖုရားခေါင်က အနောက်နန်းဆောင်ကိုသာ ထိန်းသိမ်းနိုင်ပြီး တိုင်းပြည်အရေးတွင် အားကိုးမရဖြစ်နေချိန်၌ လုမင်ယွိ ရှိနေခြင်းက အားကိုးရာတစ်ခု ဖြစ်နေလေသည်။

ထားလိုက်ပါတော့လေ။ ထိုက်ဇီဖေးက အိမ်ရှေ့စံနန်းဆောင်ကို ကိုယ်စားပြုတာပဲ။ ဆုံးဖြတ်ချက်ချတာ ဘာမှ မဖြစ်ပါဘူး။

ချောင်ကောလောင်သည် စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး "ထိုက်ဇီဖေး ပြောတဲ့အတိုင်းပါပဲ။ အတွင်းဝန်ရုံးက စတုတ္ထမင်းသားကို စစ်သေနာပတိ ခန့်အပ်ကြောင်း အမိန့်စာ ထုတ်ပြန်လိုက်ပါ့မယ်"

ချောင်မိဖုရားခေါင်သည်လည်း သတိပြန်ဝင်လာပြီး "ပန်ကုံး အခုပဲ စာသွားရေးလိုက်မယ်"

...

ချောင်မိဖုရားခေါင်သည် အပြင်ပန်းတွင် တည်ငြိမ်နေသော်လည်း အတွင်းစိတ်ထဲတွင်တော့ လှုပ်ရှားနေလေသည်။

သူမသည် ကျောင်းဖန်နန်းဆောင်သို့ ရောက်သည်အထိ အားတင်းထားခဲ့ရပြီး နန်းဆောင်ထဲ ရောက်သည်နှင့် ညာဘက်လက်သည် တဆတ်ဆတ် တုန်ခါလာလေတော့သည်။ "စတုတ္ထမင်းသားကို စစ်သေနာပတိ ခန့်လိုက်တာ တကယ်ရော အဆင်ပြေပါ့မလား။ တစ်ခုခု လွဲချော်သွားပြီး ပုန်ကန်မှုကို မထိန်းနိုင်ရင် ဘယ်လိုလုပ်မလဲ"

စတုတ္ထမင်းသား သေသည် ရှင်သည်ကို ချောင်မိဖုရားခေါင် သိပ်ဂရုမစိုက်ပေ။ သို့သော် လက်ရှိတွင် မြို့တော်၌ စစ်သည်အင်အား နည်းပါးနေချိန်တွင် စတုတ္ထမင်းသား ဦးဆောင်သွားသော စစ်သည် ၃သောင်းသာ ထိခိုက်ကျဆုံးမှု များပြားသွားပါက အခြေအနေ ဆိုးရွားသွားနိုင်လေသည်။

ချောင်မိဖုရားခေါင်သည် တွေးလေလေ ကြောက်လေလေ ဖြစ်ပြီး ညာဘက်လက်သည် ပိုပြီး တုန်ခါလာလေသည်။ ဘယ်ဘက်လက်သည်လည်း တုန်နေသော်လည်း လုမင်ယွိက ညာဘက်လက်ကို ဆုပ်ကိုင်ထားသဖြင့် ညာဘက်လက် တုန်နေသည်ကိုသာ သိရှိလေသည်။

"မူဟုပ် မကြောက်ပါနဲ့" လုမင်ယွိ၏ အသံသည် တည်ငြိမ်နေဆဲပင်။ "စစ်တိုက်တယ်ဆိုတာ ဘယ်သူမှ နိုင်မယ်လို့ အာမမခံနိုင်ပါဘူး။ အခုချိန်မှာ စတုတ္ထမင်းသားကို ယုံကြည်လိုက်ရုံပါပဲ"

ချောင်မိဖုရားခေါင်သည် လုမင်ယွိကို သနားစဖွယ် ကြည့်လိုက်လေသည်။ "သူက အားကိုးမရရင်ရော"

လုမင်ယွိက ချောင်မိဖုရားခေါင်ကို ပြန်ကြည့်လိုက်လေသည်။ "ဒါဆိုရင် စစ်တပ်ထဲက ဒုစစ်သူကြီး တစ်ယောက်ယောက်ကို ရွေးပြီး စစ်သူကြီး ခန့်လိုက်မယ်။ မရရင် မြို့တော်မှာ စစ်သူကြီးတွေ ရှိပါသေးတယ်။ စစ်ကူ လွှတ်လိုက်လို့ ရပါတယ်"

"မူဟုပ် ဘာကို စိုးရိမ်နေလဲဆိုတာ အာရှီ သိပါတယ်။ ဒါပေမဲ့ ဒါက အဆိုးဆုံး ဖြစ်နိုင်ခြေကို ပြောတာပါ။ အဲ့ဒီအဆင့်ထိ မရောက်သေးပါဘူး။ မူဟုပ် ကိုယ့်ဟာကိုယ် ခြောက်လှန့်မနေပါနဲ့"

"ဖုဟွမ်နဲ့ ထိုက်ဇီ မြို့တော်မှာ မရှိဘူး။ နန်းတော်ထဲမှာ မူဟုပ်ကို စောင့်ကြည့်နေတဲ့ မျက်လုံးတွေ အများကြီး ရှိတယ်။ အခုအချိန်မှာ မူဟုပ်က တည်ငြိမ်နေမှ ဖြစ်မယ်"

"မူဟုပ် တည်ငြိမ်မှ တခြားလူတွေလည်း စိတ်ငြိမ်ပြီး တိုင်းပြည်လည်း အေးချမ်းမှာပါ"

ချောင်မိဖုရားခေါင် "..."

သူမ မတည်ငြိမ်နိုင်ရင် ဘယ်လိုလုပ်မလဲ။

ချောင်မိဖုရားခေါင်သည် တည်ငြိမ်ရင့်ကျက်သော ချွေးမတော်ကို ကြည့်ရင်း လှုပ်ရှားနေသော စိတ်နှလုံးသည် တဖြည်းဖြည်း ငြိမ်သက်သွားတော့သည်။ ခဏကြာမှ ပြောလိုက်လေသည်။ "မင်း ပြောတာ မှန်တယ်။ ပန်ကုံး အခုပဲ စာသွားရေးလိုက်မယ်"

လုမင်ယွိက နူးညံ့စွာ ပြောလိုက်လေသည်။ "အာရှီ မင်သွေးပေးပါမယ်"

ကျောင်းဖန်နန်းဆောင်တွင် စာကြည့်ခန်းအငယ်လေး တစ်ခု ရှိလေသည်။ ချောင်မိဖုရားခေါင်သည် စာကြည့်ခန်းထဲသို့ ဝင်ရောက်သွားသောအခါ မျက်နှာပေါ်မှ ဖြူဖပ်ဖြူရော် အရောင်များ အနည်းငယ် ပျောက်ကွယ်သွားလေသည်။ လုမင်ယွိသည် လျင်မြန်စွာ မင်သွေးပေးပြီး စာရွက်ကို ဖြန့်ခင်းပေးလိုက်၏။

ချောင်မိဖုရားခေါင်သည် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး စာစရေးလေသည်။ အစပိုင်းတွင် လက်ရေးမငြိမ်သော်လည်း နောက်ပိုင်းတွင်တော့ ပိုပြီး ချောမွေ့လာလေသည်။

စာ ၂မျက်နှာ ရေးပြီးသောအခါ ချောင်မိဖုရားခေါင်က ပြောလိုက်လေသည်။ "မင်း တစ်ချက် ကြည့်လိုက်ပါဦး။ လိုအပ်တာ ရှိသေးလားလို့"

လုမင်ယွိသည်လည်း အားမနာဘဲ စာကို တစ်ချက် ဖတ်ကြည့်လိုက်ပြီးနောက် ပြောလိုက်လေသည်။ "ဘာမှ လိုအပ်တာ မရှိပါဘူး။ ဒါပေမဲ့ လေသံက နည်းနည်း ပျော့နေတယ်။ ဒီလိုလုပ်ပါ။ အာရှီလည်း စတုတ္ထမင်းသားဆီ စာတစ်စောင် ရေးလိုက်မယ်။ မူဟုပ်ရဲ့ စာနဲ့အတူတူ ပို့လိုက်တာပေါ့"

မရီးဖြစ်သူက မတ်ဖြစ်သူကို စာရေးခြင်းသည် သိပ်ပြီး မသင့်တော်လှပေ။

သို့သော် ယခုအချိန်သည် ထိုအရာများကို ဂရုစိုက်နေရမည့်အချိန် မဟုတ်ပေ။

ချောင်မိဖုရားခေါင်က ခေါင်းညိတ်လိုက်လေသည်။

လုမင်ယွိသည် စာရေးစားပွဲတွင် ထိုင်ကာ စာတစ်စောင် ရေးလိုက်လေသည်။ သူမသည် လျင်မြန်သွက်လက်စွာ ရေးလိုက်ပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် ပြီးသွားလေသည်။

ချောင်မိဖုရားခေါင်သည် အံ့သြသွားပြီး စာကို ယူကြည့်လိုက်ရာ စာထဲတွင် စာကြောင်းတိုလေး တစ်ကြောင်းသာ ပါဝင်လေသည်။ "မင်းရဲ့ စစ်သေနာပတိ တာဝန်ကို ကောင်းကောင်း ထမ်းဆောင်ပြီး စစ်သည်တွေရဲ့ စိတ်ဓာတ်ကို ထိန်းသိမ်းပါ။ တိုက်ခိုက်ရေးကိစ္စကို စစ်သူကြီးတွေကို လွှဲပေးလိုက်ပါ"

ချောင်မိဖုရားခေါင် "..."

စာပေပညာရှင် မျိုးနွယ်မှ ဆင်းသက်လာပြီး အနုပညာရပ်များကို ကျွမ်းကျင်ပိုင်နိုင်သော ချောင်မိဖုရားခေါင်သည် နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားလေသည်။

ဒီစာက ရိုးရှင်းပြီး တဲ့တိုးဆန်လိုက်တာ။

လုမင်ယွိရဲ့ ပုံစံ အပြည့်ပဲ။

လုမင်ယွိသည် ချောင်မိဖုရားခေါင်၏ အမူအရာကို မမြင်ချင်ယောင်ဆောင်ကာ ပြောလိုက်လေသည်။ "အာရှီ အခုပဲ စာအိတ်ပိတ်ပြီး နန်းတော်အပြင်ကို ပို့ခိုင်းလိုက်ပါ့မယ်"

ချောင်မိဖုရားခေါင်သည် သက်ပြင်းချလိုက်ပြီး ခေါင်းညိတ်လိုက်လေသည်။

ထိုအချိန်မှာပင် စာကြည့်ခန်းအပြင်ဘက်မှ ရှုပ်ထွေးသော ခြေသံများ ထွက်ပေါ်လာလေသည်။ တံခါးစောင့် ချိုင်လန်သည် ဝင်လာသူကို တားဆီးရန် ကြိုးစားနေလေသည်။ "ချင်ဖေး၊ ဟွမ်ဟုပ်ညန်ညန်နဲ့ ထိုက်ဇီဖေးတို့ အရေးကြီးကိစ္စ တိုင်ပင်နေကြပါတယ်။ ကျေးဇူးပြုပြီး ခဏစောင့်ပေးပါ..."

ချင်ဖေးသည် ငိုရှိုက်သံဖြင့် အော်ဟစ်လိုက်လေသည်။ "ဟွမ်ဟုပ်ညန်ညန်! ချန်ချဲ့ ပြောစရာ ရှိလို့ပါ။ ဟွမ်ဟုပ်ညန်ညန်နဲ့ တွေ့ခွင့်ပြုပါ"

...

ချင်ဖေးသည် သည်လောက် လျင်မြန်စွာ ရောက်ရှိလာခြင်းမှာ စတုတ္ထမင်းသားကို စစ်သေနာပတိ ခန့်အပ်လိုက်ခြင်းကြောင့် ဖြစ်မည်မှာ သေချာလေသည်။

ချောင်မိဖုရားခေါင်၏ မျက်နှာသည် တည်သွားပြီး စိတ်ထဲတွင် ဒေါသထွက်သွားလေသည်။

ဒီချင်ဖေးက သတင်းတော့ မြန်သားပဲ။ ချက်ချင်း ရောက်ချလာတယ်။

လုမင်ယွိက ချောင်မိဖုရားခေါင်ကို ကြည့်လိုက်လေသည်။ "မူဟုပ်၊ အာရှီပဲ ချင်ဖေးကို ပြန်လွှတ်လိုက်ပါ့မယ်"

ချောင်မိဖုရားခေါင်သည် ခေါင်းကိုက်နေပြီး စိတ်အခြေအနေ မကောင်းသဖြင့် ချင်ဖေးကို မတွေ့ချင်ပေ။ ထို့ကြောင့် ခေါင်းညိတ်လိုက်လေသည်။ "ကောင်းပြီ"

ချောင်မိဖုရားခေါင်သည် စာကြည့်ခန်း၏ နောက်ပေါက်မှ ထွက်ခွာသွားပြီး မိမိ၏ အိပ်ဆောင်သို့ ပြန်သွားလေသည်။

လုမင်ယွိသည် တံခါးသွားဖွင့်လိုက်လေသည်။

ချင်ဖေးသည် မျက်လုံးများ နီရဲလျက် အခန်းထဲသို့ ပြေးဝင်လာပြီး ဘာမှမကြည့်ဘဲ ဒူးထောက်လိုက်ကာ ငိုကြွေးလေတော့သည်။ "ဟွမ်ဟုပ်ညန်ညန်ကို တောင်းပန်ပါတယ်။ စတုတ္ထမင်းသားကို ပြန်ခေါ်ပေးပါနော်။ စစ်သူကြီးစွန်းတောင် သေသွားပြီ။ စတုတ္ထမင်းသားက စစ်မတိုက်ဖူးဘဲနဲ့ ဘယ်လိုလုပ် စစ်သေနာပတိ လုပ်နိုင်မှာလဲ..."

"စစ်သတင်းက မနက်ကမှ အတွင်းဝန်ရုံးကို ရောက်တာ။ အမတ်တွေက မူဟုပ်ကို ခေါ်ပြီး တိုင်ပင်တာ ၁နာရီလောက်ပဲ ရှိသေးတယ်" လုမင်ယွိ၏ အသံသည် အေးစက်နေလေသည်။ "မေးပါရစေဦး။ ချင်ဖေးက ဘယ်သူ့ဆီက သတင်းကြားတာလဲ"

ချင်ဖေး "..."

...

All Chapters