← Chapters

အခန်း (၃၃၄-၃၃၆)

Vol. 23 Ch. 334-336

အခန်း (၃၃၄-၃၃၆)

Vol. 23 Ch. 334-336

အပိုင်း (၃၃၄) စစ်သေနာပတိ (၂)

ချင်ဖေးသည် ထိုအချိန်ကျမှ ခေါင်မိဖုရားခေါင်က စာကြည့်ဆောင်အတွင်းတွင် မရှိဘဲ မလှမ်းမကမ်းတွင် ရပ်နေသူမှာ ထိုက်ဇီဖေး လုမင်ယွိ ဖြစ်နေကြောင်း သတိထားမိလိုက်လေသည်။

ချင်ဖေး၏ စိတ်ထဲတွင် ဒေါသအမျက်တို့နှင့် စိုးရိမ်ပူပန်မှုတို့ ရောယှက်နေပြီး ဆက်ပြီး မငိုကြွေးနိုင်တော့သလို ဒူးလဲမထောက်နိုင်တော့ချေ။ သူမသည် မြန်မြန်မတ်တပ်ထရပ်လိုက်ပြီး မေးမြန်းလိုက်လေသည်။ "ဟွမ်ဟုပ်ညန်ညန်ရော ... ငါ ဟွမ်ဟုပ်ညန်ညန်နဲ့ တွေ့ချင်တယ်"

"ချင်ဖေး" လုမင်ယွိ၏ မျက်ဝန်းအကြည့်တို့သည် အနည်းငယ် အေးစက်သွားပြီး လေသံသည်လဲ တည်ငြိမ်လေးနက်သွားတော့၏။ "ရှင် ဘယ်နေရာကနေ သတင်းရလိုက်တာလဲ"

ထိုအကြည့်သည် ရေခဲတမျှအေးစက်နေပြီး ဓားသွားကဲ့သို့ ထက်ရှနေလေသည်။

ချင်ဖေးသည် မိမိကိုယ်ကို မထိန်းချုပ်နိုင်ဘဲ တုန်လှုပ်သွားမိကာ လုမင်ယွိ၏ ကြောက်မက်ဖွယ်ရာ ခွန်အားဗလများကို အချိန်နှောင်းမှ ပြန်လည်သတိရမိလိုက်သည်။ ရင်ထဲက တဟုန်းဟုန်း တောက်လောင်နေသော ဒေါသမီးသည် ရေအေးတစ်ခွက်ဖြင့် ပက်ဖြန်းလိုက်သကဲ့သို့ ရုတ်တရက် ငြိမ်းအေးသွားပြီး လေသံကို မတတ်သာဘဲ လျော့ချလိုက်ရတော့သည်။ "ငါ တမင်သက်သက် ကျောင်းဖန်နန်းဆောင်ရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်နေတာ မဟုတ်ပါဘူး။ စတုတ္ထမင်းသား စစ်ချီထွက်နေရတော့ စိတ်မချနိုင်ဖြစ်နေလို့ပါ။ ဒါကြောင့် အထူးတလည် ဂရုစိုက်မိသွားတာပါ"

လုမင်ယွိသည် နှုတ်ခမ်းထောင့်များကို တွန့်ကွေးကာ လှောင်ပြောင်လိုက်လေ၏။ "သြော် ... အထူးတလည် ဂရုစိုက်လိုက်ရုံနဲ့ တင် မူဟုပ်ရဲ့ လှုပ်ရှားမှုတိုင်းကို သိနိုင်တယ်ပေါ့လေ။ ချင်ဖေးရဲ့ စွမ်းရည်က တကယ်မသေးလှပါလား"

လုမင်ယွိသည် ချင်ဖေး၏ အားနည်းချက်ကို လက်လွတ်မခံဘဲ စိုက်ကြည့်နေသဖြင့် ချင်ဖေးမှာ လေသံတိုးတိုးဖြင့် ရှင်းပြလိုက်ရတော့သည်။ "ထိုက်ဇီဖေး အထင်လွဲနေပါပြီ။ စတုတ္ထမင်းသားကိစ္စကလွဲရင် တခြားကိစ္စတွေကို စိတ်ကူးနဲ့တောင်မှ မစုံစမ်းရဲပါဘူး"

မိမိ၏ သားဖြစ်သူမှာ စစ်သေနာပတိအဖြစ် အတင်းအကြပ် ခန့်အပ်ခံလိုက်ရသည်ကို တွေးမိလိုက်သည်နှင့် ချင်ဖေး၏ မျက်ရည်များသည် တစ်ဖန် ပြန်လည်စီးကျလာပြီး ရှိုက်သံများဖြင့် ပြောဆိုလိုက်လေသည်။ "စတုတ္ထမင်းသားက ငယ်ပါသေးတယ်။ ဘယ်တုန်းကမှ စစ်တပ်ကိုဦးဆောင်ပြီး တိုက်ပွဲဝင်ဖူးတာ မဟုတ်ဘူး။ စစ်ဆေးရေးမှူးလုပ်တာကတောင် မနည်းအဆင်ပြေအောင် လုပ်နေရတာ ဘယ်လိုလုပ်ပြီး စစ်သေနာပတိ လုပ်နိုင်မှာလဲ။ ညီလာခံမှာ စစ်သူကြီးတွေ အများကြီးရှိတာပဲ။ ဘယ်သူ့ကိုလွှတ်လွှတ် အဆင်မပြေဘူးလား။ ဘာဖြစ်လို့ သူ့ကိုမှ ဒီတာဝန်ကြီး ပေးလိုက်ရတာလဲ"

"ထိုက်ဇီဖေးက သူ့ရဲ့ အာ့စောင်ပဲလေ။ ထိုက်ဇီဖေးအနေနဲ့ ဟွမ်ဟုပ်ညန်ညန်ကို ကြားဝင်ပြောပေးပြီး စတုတ္ထမင်းသားကို မြို့တော်ဆီ အမြန်ဆုံး ပြန်ခေါ်ပေးပါ"

လုမင်ယွိ၏ မျက်ခုံးများမှာ လှုပ်ရှားသွားပြီး ချင်ဖေးကို စူးစိုက်ကြည့်လိုက်လေသည်။ "စစ်မြေပြင်မှာ စစ်သူကြီးလဲလှယ်တာက စစ်ရေးမှာ ရှောင်ကြဥ်ရမဲ့ တားမြစ်ချက်ဆိုတာ ရှင်မသိဘူးလား။ စတုတ္ထမင်းသားကို စစ်သေနာပတိ လုပ်ပေးတာက ညီလာခံကအမတ်တွေနဲ့ မူဟုပ်က တမင်သက်သက် အခက်တွေ့အောင် လုပ်နေတယ်လို့ ရှင် ထင်နေတာလား"

"လောလောဆယ် အခြေအနေမှာ သူကလွဲရင် ဘယ်သူကမှ စစ်သည်တွေရဲ့စိတ်ဓာတ်ကို တည်ငြိမ်အောင် မလုပ်နိုင်ဘူး။ သူ့ကို စစ်သေနာပတိ ပေးလုပ်လိုက်တာ အကောင်းဆုံးရွေးချယ်မှုပဲ"

"ရှင် မူဟုပ်ဆီ သွားပြီးတောင်းပန်နေစရာ မလိုဘူး။ အုပ်ချုပ်ရေးရုံးတော်အဖွဲ့က အမိန့်တော်ထုတ်ပြန်ပြီးပြီ။ ဒီကိစ္စ ပြင်ဆင်လို့ရမဲ့ အကြောင်းပြချက် လုံးဝမရှိဘူး"

ချင်ဖေးသည် မိုးကြိုးပစ်ခံလိုက်ရသလို တစ်ကိုယ်လုံး အားအင်ကုန်ဆုံးသွားပြီး ပျော့ခွေကာ လဲကျတော့မလိုပင် ဖြစ်သွားတော့သည်။

"သတိလစ်ချင်ယောင်ဆောင်ပြီး သနားအောင်လုပ်ပြချင်ရင် မယ်တော်ကြီးကျောက်ဆီ သွားလိုက်ပါ။ ကျွန်မရှေ့မှာ ဒီလိုလုပ်ပြနေလဲ အလကားပဲ။ အားကုန်တာပဲ အဖတ်တင်မယ်" လုမင်ယွိက အေးစက်စွာ ပြောလိုက်လေသည်။ "သာ့ဝေတစ်ပြည်လုံး စစ်ချီထွက်နေရတာ ဖုဟွမ်နဲ့ထိုက်ဇီတို့တောင် စစ်တပ်ကို ဦးဆောင်ပြီး အပြင်ရောက်နေကြတယ်။ ပထမမင်းသားနဲ့ တတိယမင်းသားလဲ အတူတူပဲ။ အသက်နဲ့ရင်းပြီး တိုက်ပွဲဝင်နေကြတာ စတုတ္ထမင်းသားက စစ်သေနာပတိဆိုတဲ့ နာမည်ခံရုံပဲ ရှိတာပါ။ တကယ်တမ်း ဦးဆောင်ပြီးတိုက်ခိုက်နေရတာက စစ်တပ်ထဲက စစ်သူကြီးတွေပါ"

"ဒီလောက်လေးတောင်မှ ရှင်က ပြီးဆုံးမှာမဟုတ်ဘဲ ပြဿနာရှာနေတုန်းလား။ ဒီလောက်သတ္တိလေးနဲ့များ ထီးနန်းအရိုက်အရာကို လိုချင်နေတာ တကယ်ရယ်စရာ ကောင်းတာပဲ"

ချင်ဖေး "..."

ချင်ဖေးသည် တစ်ကိုယ်လုံး တုန်တက်သွားပြီး အားနည်းချင်ယောင်ဆောင်ကာ သတိမေ့လဲရန်ပင် မဝံ့ရဲတော့ဘဲ အမြန်ဖြေရှင်းချက် ထုတ်လိုက်လေတော့သည်။ "စတုတ္ထမင်းသားက အမြဲတမ်း ကိုယ့်စည်းကိုယ့်ဘောင်နဲ့ နေခဲ့တာပါ။ အရှင်မင်းကြီး အပေါ်မှာလည်း သိတတ်လိမ်မာပါတယ်။ ထိုက်ဇီအပေါ်မှာလည်း အရမ်းရိုသေတာပါ။ မရှိသင့်တဲ့ အတွေးမျိုး ဘယ်တုန်းကမှ မရှိခဲ့ပါဘူ။ ထီးနန်းအရိုက်အရာကို လိုချင်တယ်ဆိုတဲ့စကားမျိုးက ပေါ့ပေါ့ပါးပါး ပြောရမဲ့စကားမျိုး မဟုတ်ဘူး။ ထိုက်ဇီဖေး စကားကို ဆင်ခြင်ပြီးပြောပါ"

လုမင်ယွိ၏ နှုတ်ခမ်းထောင့်များတွင် အေးစက်သော လှောင်ပြောင်သည့် အပြုံးတစ်ခု ပေါ်ထွက်လာခဲ့လေသည်။ "ဒီမှာ တခြားသူ မရှိပါဘူး။ ရှင်နဲ့ကျွန်မ နှစ်ယောက်တည်းရှိတာ တစ်ချို့စကားတွေကို ပွင့်ပွင့်လင်းလင်း ပြောလိုက်လည်း ကိစ္စမရှိပါဘူး"

"ရှင့်စိတ်ထဲမှာ ဘာတွေတွေးနေလဲဆိုတာကို ကျွန်မ ကောင်းကောင်းသိပါတယ်။ မယ်တော်ကြီးကျောက်ကို မှီခိုပြီး စတုတ္ထမင်းသားကို ထီးနန်းဆက်ခံသူ ဖြစ်စေချင်တာပဲ မဟုတ်လား။ ဝမ်းနည်းစရာကောင်းတာက စတုတ္ထမင်းသားရဲ့ အရှေ့မှာ ထိုက်ဇီရှိနေသလို ပထမမင်းသားနဲ့တတိယမင်းသားလဲ ရှိနေသေးတယ်။ တရားဝင်မယားက မွေးတာပဲကြည့်ကြည့် အသက်အရွယ်ကိုပဲကြည့်ကြည့် အရည်အချင်းကိုပဲကြည့်ကြည့် ဘယ်လိုပဲကြည့်ကြည့် စတုတ္ထမင်းသားရဲ့အလှည့် ရောက်လာမှာမဟုတ်ဘူး"

"ရှင်က အစ်ကိုကြီးတွေအားလုံး စစ်မြေပြင်မှာ သေဆုံးကုန်ပြီး မြို့တော်မှာ အေးအေးဆေးဆေး ကျန်ခဲ့တဲ့ စတုတ္ထမင်းသားကပဲ အချောင် အကွက်နှိုက်လို့ ရသွားမယ်လို့များ မျှော်လင့်နေတာလား"

စိတ်ထဲ၌ နက်ရှိုင်းစွာ ဖုံးကွယ်နေသော ယုတ်မာသည့်အတွေးများသည် လုမင်ယွီ၏ ဖွင့်ဟပြောဆိုခြင်းကို ခံလိုက်ရလေသည်။

ချင်ဖေးသည် လုမင်ယွိ၏ စူးရှထက်မြက်ပြီး ဖိအားပေးသည့်အကြည့်များကို မခံနိုင်တော့ဘဲ ခြေတစ်လှမ်းလှမ်းကာ နောက်ဆုတ်မိလေသည်။ "ငါ့မှာ အဲလို သစ္စာဖောက်မဲ့ အတွေးမျိုး.ဘယ်တုန်းကမှ မရှိဘူး။ နင် လျှောက်မပြောနဲ့"

ကျွန်မ လျှောက်ပြောတာ ဟုတ်မဟုတ် ရှင့်စိတ်ထဲမှာ အသိဆုံးပါ။ သာ့ဝေတိုင်းပြည်ရဲ့ နေရာသုံးခုမှာ စစ်ဖြစ်နေတယ်။ စတုတ္ထမင်းသားလဲ အားစိုက်ထုတ်သင့်တာပေါ့။ ရှင်ကသာ ဒီကိစ္စကို အကြောင်းပြပြီး ပြဿနာရှာမယ်ဆိုရင် ကျွန်မ ရှင့်ကို နည်းနည်းလောက် ပညာပေးရလိမ့်မယ်"

လုမင်ယွိက အေးစက်စွာ ပြောလိုက်လေသည်။

ချင်ဖေးသည် ပင့်သက်တစ်ချက် ရှိုက်သွင်းလိုက်မိ၏။ "မင်း ... မင်း ဘာလုပ်မလို့လဲ!"

လုမင်ယွိက ဘာစကားမှမဆိုဘဲ စာကြည့်စားပွဲပေါ်ရှိ စုတ်တံထည့်သည့် ကျောက်ခွက်ကို လှမ်းယူလိုက်လေသည်။

ထိုစုတ်တံထည့်သည့်ခွက်သည် မာကျောသော ကျောက်စိမ်းဖြင့် ပြုလုပ်ထားသဖြင့် မြေကြီးပေါ်သို့ ပြုတ်ကျလျှင်ပင် ကွဲအက်မည်မဟုတ်ချေ။ သို့သော်ငြား လုမင်ယွိ၏ လက်ထဲတွင်တော့ ကလေးကစားစရာတစ်ခုကဲ့သို့ အလွယ်တကူပင် နှစ်ပိုင်းကျိုးသွားလေတော့သည်။

လုမင်ယွိသည် နှစ်ပိုင်းကျိုးသွားသော ကျောက်ခွက်ကို စာကြည့်စားပွဲပေါ်သို့ ပြန်တင်လိုက်ပြီး ချင်ဖေးကို လေးနက်စွာ တစ်ချက်ကြည့်လိုက်လေသည်။

ချင်ဖေး၏ မျက်နှာသည် ဖြူဖျော့သွားပြီး တဆတ်ဆတ် တုန်ယင်လာတော့၏။

ဒီလုမင်ယွိက တကယ်ကြောက်စရာ ကောင်းတာပဲ။

အနောက်နန်းဆောင်မှ လူများသည် အချင်းချင်း တိုက်ခိုက်ကြရာတွင် စကားလုံးဖြင့်တိုက်ခိုက်ခြင်း သို့မဟုတ် ကွယ်ရာတွင် ဒုက္ခပေးခြင်းမျိုးသာ ပြုလုပ်လေ့ရှိသည်။ ဒီလိုမျက်နှာချင်းဆိုင် ခွန်အားသုံးပြီး ခြိမ်းခြောက်ခြင်းမျိုး ဘယ်တုန်းကမှ မရှိခဲ့ဖူးချေ။

လုမင်ယွိ၏ အသံက တစ်ဖန်ထွက်ပေါ်လာပြန်သည်။ "မယ်တော်ကြီးကျောက်ဘက်ကိုတော့ ချင်ဖေးပဲသွားပြီး ချော့မော့နှစ်သိမ့်ပေးလိုက်ပါ။ တကယ်လို့ မယ်တော်ကြီးကျောက်ရဲ့ နန်းဆောင်ထဲကနေ နားထောင်လို့ မကောင်းတဲ့ စကားသံတွေ ထွက်လာမယ်ဆိုရင် ကျွန်မက စာရင်းအားလုံးကို ချင်ဖေးရဲ့ ခေါင်းပေါ်မှာပဲ မှတ်ထားလိုက်ပါမယ်"

ချင်ဖေး "..."

လုမင်ယွိသည် ပြောပြီးသည်နှင့် လှည့်ထွက်သွားလေတော့သည်။

ငိုနေသော်ငြား မျက်ရည်မထွက်နိုင်သည့် ချင်ဖေးကိုသာ ထားရစ်ခဲ့လေ၏။

ချင်ဖေးသည် ခဏလောက် တောင်းတင်းစွာရပ်နေမိပြီး စားပွဲပေါ်က လက်ရာကိုကြည့်ကာ အလိုလို တုန်လှုပ်သွားမိပြီးမှ စာကြည့်ဆောင်ထဲက ထွက်မပြေးရုံတမယ် ထွက်ခွာလာခဲ့တော့သည်။ ...

အမှန်တရားက သက်သေပြနေသည်မှာ ချင်ဖေးကဲ့သို့သော လူစားမျိုးကို ကိုင်တွယ်မည်ဆိုပါက ဒီလို အေးစက်ခက်ထန်သောနည်းလမ်းကို အသုံးပြုမှသာ ရပေမည်။

ချင်ဖေးသည် သူမ၏ နန်းဆောင်ထဲတွင် တစ်ချီလောက် ငိုကြွေးလိုက်ပြီးနောက် ပြန်လည်ပြင်ဆင်ကာ အားတင်းပြီး မယ်တော်ကြီးကျောက်၏ နန်းဆောင်သို့ သွားရောက်ခဲ့လေ၏။ မယ်တော်ကြီးကျောက်သည်လဲ စတုတ္ထမင်းသားက စစ်သေနာပတိ ဖြစ်သွားသည့်ကိစ္စကို သိရှိသွားပြီဖြစ်သဖြင့် စိုးရိမ်ပူပန်စွာဖြင့် ချင်ဖေးကို ပြောလိုက်လေသည်။ "စွန်းအာ့ကိုကတောင် စစ်မြေပြင်မှာ သေဆုံးသွားတာ။ စတုတ္ထမင်းသားလို လက်ရုံးရည်မရှိတဲ့သူက ဘယ်လိုလုပ်ပြီး ခံနိုင်ရည်ရှိမှာလဲ။ ဒီလို ဂုဏ်ပြုတာကိုတော့ မလိုချင်ပါဘူး။ စတုတ္ထမင်းသားကို ပြန်ခေါ်လိုက်ပါ"

သူမသည်လဲ သူ့သားကို ပြန်လာစေချင်သည်ပင်။

သို့ပေသိ ဟိုရက်စက်လှသည့် လုမင်ယွိက ခွင့်မပြုနေခြင်းသာ။

ချင်ဖေး၏ ရင်ထဲတွင် သွေးမျက်ရည်ကျနေသော်ငြား မျက်နှာပေါ်တွင်တော့ တရားမျှတဟန်တောင်ကာ ပြောလိုက်လေသည်။ "ဒါက လီမိသားစုပိုင်တဲ့ တိုင်းပြည်လေ။ စတုတ္ထမင်းသားက လီမိသားစုရဲ့ သားယောက်ျားလေးတစ်ယောက်ပဲ ဒီလိုအချိန်မျိုးမှာ သူက ဘယ်လိုလုပ်ပြီး မြို့တော်ကို ပြန်လာလို့ ရမှာလဲ"

"မယ်တော်ကြီး စိတ်ချပါ။ စတုတ္တမင်းသားက စစ်သေနာပတိဆိုပေမဲ့ အမည်ခံပဲ ရှိတာပါ။ တကယ်တမ်း စစ်တိုက်မှာက စစ်တပ်ထဲက စစ်သူကြီးတွေပါ။ သူက စစ်သည်တွေရဲ့စိတ်ဓာတ်ကို တည်ငြိမ်အောင် လုပ်ပေးရုံပါပဲ"

ဒီလိုပြောလိုက်မှ မယ်တော်ကြီးကျောက်သည်လဲ စိတ်အေးသွားပြီး မျက်မှောင်ကြုတ်ထားရာမှ ပြုံးရယ်ကာ ပြောလာလေတော့သည်။ "ဒါဆိုရင်လည်း ကောင်းတာပေါ့။ တိုင်းပြည်ဆူပူမှုတွေကို ငြှိမ်းသတ်ပြီးရင် ဒီဂုဏ်ပြုမှုက စတုတ္ထမင်းသားအတွက်ပဲ ဖြစ်လာမှာ ဘယ်သူမှ လုယူသွားလို့ မရတော့ဘူး"

မယ်တော်ကြီးကျောက်မှာ သဘောကျသွားပြီး ပြုံးရယ်နေသော်ငြားလည်း ချင်ဖေး၏ ရင်ထဲတွင်တော့ သွေးစက်များ ကျနေရတော့သည်။

စစ်မြေပြင်ကကိစ္စက ဘယ်မှာ ဒီလောက်ရိုးရှင်းလို့လဲ။ မတော်တဆမှုတွေက အမြဲတမ်း ရှိနေတတ်တာပဲ။ ဥပမာ စစ်သူကြီးစွန်းဆိုရင် တဟုန်ထိုးအောင်ပွဲတွေ ဆက်တိုက်ရခဲ့ပြီး ဆူပူမှုတွေ ငြှိမ်းသတ်နိုင်တော့မဲ့အချိန်ကျမှ ဒဏ်ရာဟောင်းပြန်ပေါ်ပြီး မြင်းပေါ်က ပြုတ်ကျသေဆုံးသွားလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။

ပုန်ကန်သူတွေက အသက်ရှူချောင်သွားပြီး ပြန်လည်စုဖွဲ့ပြီး တိုက်ခိုက်လာကြတယ်။ နန်းတော်တပ်ဘက်မှာတော့ စိတ်ဓာတ်ကျဆင်းနေတာ။ တကယ်တမ်း တိုက်ခိုက်လာရင် ဘယ်သူနိုင်မယ် ဘယ်သူရှုံးမယ် ဘယ်သူမှ မပြောနိုင်ဘူး။

အခုတော့ ပြောလို့ကောင်းတာပေါ့။ အရေးကြီးတဲ့အချိန်ရောက်ရင် စတုတ္ထမင်းသားက ရှောင်လွှဲချင်ရင်တောင် ရှောင်လွှဲလို့ရမှာ မဟုတ်ဘူး။

ဒီလိုတွေးလိုက်ပြန်တော့လည်း ချင်ဖေးတစ်ယောက် ငိုချင်လာပြန်လေသည်။

သို့သော်ငြား လုမင်ယွိ ဒီနေ့ပြလိုက်သည့် လက်သံက ချင်ဖေးကို လုံးဝတုန်လှုပ်သွားစေခဲ့သည်။ ချင်ဖေးသည် မယ်တော်ကြီးကျောက်၏ နားနားကပ်ကာ သွေးထိုးစကား မပြောရဲတော့ချေ။

ကျောင်းဖန်နန်းဆောင်ထဲတွင် ချောင်မိဖုရားခေါင်က စိုးရိမ်ပူပန်စွာဖြင့် လုမင်ယွိကို မေးလိုက်၏။ "ချင်ဖေးက သွေးထိုးလှုံ့ဆော်ရတာကို ကြိုက်တယ်။ သူ မယ်တော်ကြီးကျောက်ရဲ့ နန်းဆောင်မှာသွားပြီး မဟုတ်တာတွေ မပြောဘူးဆိုတာ သေချာလို့လား"

လုမင်ယွိက အေးအေးဆေးဆေး ပြုံးလိုက်သည်။ "မူဟုပ် စိတ်ချပါ။ သူ မလုပ်ရဲပါဘူး"

လူယုတ်မာတွေက လူဆိုးကို အကြောက်ဆုံးပဲလေ။

ချင်ဖေးလို လူစားမျိုးကို ကိုင်တွယ်ဖို့က ရိုးရှင်းပြီး ကြမ်းကြမ်းတမ်းတမ်း တိုက်ရိုက်ကိုင်တွယ်လိုက်တာက အကွေ့အဝိုက်များတဲ့ စကားလုံးတွေနဲ့ သတိပေးနေတာထက် ပိုပြီးတော့ ထိရောက်မှုရှိပါတယ်။

...

အပိုင်း (၃၃၅) အိမ်ကပေးစာ (၁)

၅ရက်ကြာသောအခါတွင် အုပ်ချုပ်ရေးအဖွဲ့မှ ထုတ်ပြန်လိုက်သော တရားဝင်အမိန့်စာသည် စစ်တပ်သို့ရောက်ရှိလာခဲ့လေသည်။

ထိုရက်ပိုင်းအတွင်းတွင် စတုတ္ထမင်းသားသည် စစ်သေနာပတိ၏ တာဝန်ကို ကိုယ်တိုင်ဦးစီးပြီး ကိုယ်တိုင် တာဝန်ယူခဲ့လေသည်။ သူသည် သူပုန်များနှင့် တိုက်ပွဲနှစ်ပွဲ ယှဥ်ပြိုင်တိုက်ခိုက်ခဲ့ရာ ပထမပွဲတွင် ရှုံးနိမ့်သော်လည်း နောက်တစ်ပွဲတွင်တော့ အထိနာစွာဖြင့် အနိုင်ရရှိခဲ့လေသည်။

စစ်တပ်အတွင်းတွင် ထိခိုက်သေဆုံးသူများလဲ အနည်းနှင့်အများ ရှိခဲ့လေသည်။

မည်သို့ပင်ဖြစ်စေ ဖိအားများကို ကြံ့ကြံ့ခံနိုင်ခဲ့ပြီး စစ်သည်တော်များ၏ စိတ်ဓာတ်ကို တည်ငြိမ်အောင် ထိန်းသိမ်းနိုင်ခဲ့လေသည်။

အမိန့်တော်ကို လာရောက်ကြေငြာသူမှာ စစ်ဘက်ရေးရာဝန်ကြီးဌာနက ညွှန်ကြားရေးမှူးကျောက် ဖြစ်လေသည်။ သူသည် ဖူယန်မြို့စား၏ ဆွေမျိုးတော်စပ်သူဖြစ်ပြီး စတုတ္ထမင်းသားနှင့်လည်း ခင်မင်ရင်းနှီးမှုရှိသူ ဖြစ်၏။ အုပ်ချုပ်ရေးအဖွဲ့က ညွှန်ကြားရေးမှူးကျောက်ကို ရွေးချယ်စေလွှတ်လိုက်ခြင်းမှာ စတုတ္ထမင်းသားကို နှစ်သိမ့်လိုသော သဘောပါဝင်လေသည်။

ညွှန်ကြားရေးမှူးကျောက်က အမိန့်ပြန်တမ်းကို ဖတ်ကြားပြီးသည့်နောက်တွင် မျက်နှာတစ်ခုလုံး ပိန်ချုံးနေပြီး မျက်လုံးများနီရဲနေသော စတုတ္ထမင်းသားက လက်နှစ်ဖက်ယှက်ကာ အမိန့်တော်ကို လက်ခံယူလိုက်လေသည်။ လွန်ခဲ့သည့် လဝက်ခန့်က စတုတ္ထမင်းသားသည် ကောင်းကောင်းမစားနိုင် ကောင်းကောင်းမအိပ်နိုင်သဖြင့် ပုခုံးပေါ်တွင် တာဝန်ကြီးများကို ထမ်းဆောင်ထားရကာ ပိန်ချုံးသွားသည်ကလဲ ဆန်းတော့မဆန်းပေ။

စတုတ္ထမင်းသားက တာဝန်ယူတတ်သူပီပီ နောက်ဆုတ်သွားခြင်း မရှိချေ။ အရေးကြီးသည့်အချိန်တွင် ဖိအားများကို ကြံ့ကြံ့ခံနိုင်ခဲ့လေသည်။

ညွှန်ကြားရေးမှူးချုပ်ကျောက်က လေသံတိုးတိုးဖြင့် နှစ်သိမ့်စကားပြောလိုက်၏။ "စတုတ္ထမင်းသားအနေနဲ့ စစ်သည်တွေရဲ့ စိတ်ဓာတ်ကို တည်ငြိမ်အောင်လုပ်ဖို့က အဓိကပါ။ တိုက်ပွဲဝင်ဖို့ကတော့ စစ်သူကြီးတွေကိုပဲ လွှတ်လိုက်ပါ။ ကိုယ့်ဟာကို ဂရုစိုက်ပါအုံး"

စတုတ္ထမင်းသားကလဲ အားတင်းကာ ပြန်ဖြေလိုက်၏။ "စိတ်ချပါ။ ကျွန်တော့်အရည်အချင်းကို ကျွန်တော် သိပါတယ်။ အလကားနေရင်း အသေခံမဲ့သူ မဟုတ်ပါဘူး"

သူ့အသံထဲတွင် မိမိကိုယ်ကို လှောင်ပြောင်သရော်သည့် ဟာသနှောနေသော လေသံနှင့်သတ္တိများ ပါဝင်နေလေသည်။

ညွှန်ကြားရေးမှူးချုပ်သည် စတုတ္ထမင်းသားက အသိစိတ်ကပ်ပြီး ဆင်ခြင်တုံတရားရှိနေသည်ကို မြင်လိုက်ရသဖြင့် သက်ပြင်းချနိုင်သွားတော့၏။ "အရှင်မင်းသား စိတ်ချပါ။ မြို့တော်က ရိက္ခာတွေကို လုံလောက်အောင် ပို့ပေးပါလိမ့်မယ်။ ကျွန်တော်မျိုးက အရင်ဦးအောင်လာပြီး အမိန့်ပြန်တမ်းကို ကြေငြာတာပါ။ နောက်မှာ တစ်လစာရိက္ခာတွေ လမ်းခရီးမှာ ပါလာပါတယ်။ ၅ရက်အတွင်း ရောက်လာပါလိမ့်မယ်"

စစ်တိုက်ရာတွင် အရေးကြီးဆုံးမှာ ရိက္ခာပင် ဖြစ်လေသည်။ စစ်သည်များက ဗိုက်ဝမှသာ တိုက်ပွဲဝင်ရန် အားအင်ရှိမည် မဟုတ်ပါလား။

စတုတ္ထမင်းသားက ခေါင်းညိမ့်လိုက်ပြီး မနေနိုင်ဘဲ မေးလိုက်မိ၏။ "နန်းတော်ထဲမှာ ဘာပြဿနာမှ မရှိဘူးမဟုတ်လား"

ညွှန်းကြားရေးမှူးကျောက်သည် ကျောက်မိသားစုဝင်ဖြစ်သည့် အားလျော်စွာ ချင်ဖေးနှင့် အသက်တူရွယ်တူရှိပြီး အတူတူ ကြီးပြင်းလာခဲ့သူများ ဖြစ်ကြသည်။ စတုတ္ထမင်းသားက ဘာမေးချင်မှန်း သဘောပေါက်သွားပြီး ချောင်းတစ်ချက်ဟန့်ကာ ပြောလိုက်၏။ "ချင်ဖေးက သဘောထားကြီးပြီး မယ်တော်ကြီးကျောက်ကိုတောင် ကိုယ်တိုင်ကိုယ်ကျ နှစ်သိမ့်ပေးတယ်လို့ ကြားပါတယ်"

စတုတ္ထမင်းသား "..."

ဒါက သူ့အမေအရင်း ဟုတ်ရဲ့လား။

သူသိထားသည့် သူ့အမေအရင်း၏ စရိုက်နှင့်ဆိုလျှင် ကျောင်းဖန်နန်းဆောင်သို့ ပြေးသွားပြီး ချောင်မိဖုရားခေါင်ကို သူ့အား မြို့တော်သို့ ပြန်ခေါ်ပေးရန် ငိုယိုတောင်းပန်ရမည် မဟုတ်ပါလား။ ဘယ်တုန်းကများ ဒီလောက် သဘောထားကြီးသွားရပါသနည်း။

စတုတ္ထမင်းသားက စဥ်းစားခန်းဝင်သွားသော်လည်း ပါးစပ်ကတော့ ပြုံးပြီးပြောလိုက်လေသည်။ "ဒါဆိုလည်း ကောင်းတာပေါ့"

ထို့နောက်တွင်တော့ စတုတ္ထမင်းသားသည် စစ်တပ်ထဲရှိ စစ်သူကြီးများအားလုံးကို ခေါ်ယူလိုက်လေသည်။ ညွှန်ကြားရေးမှူးကျောက်က စစ်သူကြီးများ၏ ရှေ့မှောက်တွင် အမိန့်ပြန်တမ်းကို နောက်တကြိမ် ဖတ်ပြလိုက်၏။ စစ်သူကြီးများက မည်သည့်ကန့်ကွက်မှုမှ မရှိကြချေ။

မည်သို့ဆိုစေ စတုတ္ထမင်းသားက စစ်သေနာပတိတာဝန်ကို ယူထားသည်မှာ လဝက်ကျော်ကြာနေပြီပင်။ စကားပြောဆိုပုံနှင့် အမူအယာများက နုနယ်သေးသော်ငြားလည်း ကိစ္စမရှိချေ။ အရေးကြီးသည်မှာ သူ၏ ဂုဏ်ဒြပ်က မြင့်မားပြီး စစ်သူကြီးများကို ထိန်းချုပ်နိုင်ခြင်းပင်။

စတုတ္ထမင်းသားက စစ်သူကြီးများကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး ရိုးသားစွာ ပြောလိုက်တော့သည်။ "ကျွန်တော်က စစ်ရေးအကြောင်း နားမလည်ပါဘူး။ တိုက်ပွဲဝင်ဖို့နဲ့ သူပုန်တွေကို နှိမ်နှင်းဖို့ကိစ္စက ခင်များတို့အပေါ်မှာပဲ မူတည်ပါတယ်။ ခင်များတို့ စိတ်ချပါ။ ခင်များတို့ရဲ့ စွမ်းဆောင်ရည်တွေကို ကျွန်တော် တစ်ခုချင်းစီ မှတ်တမ်းတင်ထားပေးပါ့မယ်။ နောက်ကျရင် အောင်ပွဲခံပြီး မြို့တော်ကို ပြန်ရောက်တဲ့အခါ ကျွန်တော်ကိုယ်တိုင် ခင်များတို့အတွက် ဆုတောင်းခံပေးပါ့မယ်"

ဒီလို စစ်သေနာပတိမျိုး ရှိနေခြင်းက စစ်သူကြီးများအတွက်တော့ ကံကောင်းခြင်းပင်။

စစ်သူကြီးများသည် ရင်ဘတ်ကိုပုတ်ကာ သစ္စာရှိကြောင်း အားတက်သရော ကတိပေးကြလေသည်။

ညွှန်ကြားရေးမှူးချုပ်က ထိုမြင်ကွင်းကိုကြည့်ရင်း စိတ်ထဲတွင် ကျေနပ်စွာ ခေါင်းညိမ့်မိလိုက်၏။

စစ်မြေပြင်က လူတစ်ယောက်ကို အကောင်းဆုံး လေ့ကျင့်ပေးနိုင်တာပဲ။ အရင်တုန်းက စည်းစိမ်ယစ်မူးပြီး ရယ်မောစရာတွေပဲ ပြောတတ်တဲ့ စတုတ္ထမင်းသားက အခုဆိုရင် တည်ငြိမ်ရင့်ကျက်တဲ့ပုံစံ ပေါက်နေပြီ။ ဒီစစ်သေနာပတိ တာဝန်ကို ယူလို့ရလောက်သားပဲ။

...

ညွှန်ကြားရေးမှူးကျောက် ထွက်ခွာသွားပြီးနောက် စတုတ္ထမင်းသားသည် နန်းတော်ထဲက ပေးပို့လိုက်သော အိမ်ကပေးစာများကို လက်ခံရရှိလေသည်။

ချောင်မိဖုရားခေါင်၏ စာသည် ထုံစမ်းအတိုင်းပင် မိခင်တစ်ယောက်အနေဖြင့် သူ၏ လုပ်ရပ်များကို ချီးကျူးပြီး သာ့ဝေတိုင်းပြည်အတွက် ဆက်လက်ကြိုးစားရန် တိုက်တွန်းအားပေးထားလေသည်။

စတုတ္ထမင်းသားသည် ထိုစာကို ဖတ်ကြည့်သည့်အခါ စိတ်ထဲတွင် ထွေထွေထူးထူးခံစားချက် မရှိချေ။ မိခင်ဖြစ်သူသည် သူတို့လို မယားငယ်ကမွေးသည့် သားသမီးများအပေါ်တွင် အလွန်ကောင်းမွန်သည်ဟု မဆိုနိုင်သော်လည်း ဆိုးတော့လဲ မဆိုးလှပေ။

ဟင် ... အာ့စောင်ကလဲ သူ့ဆီ စာရေးလိုက်တာပဲ!

စတုတ္ထမင်းသားသည် သိလိုစိတ်ဖြင့် ပါးလွှာသောစာအိတ်ကလေးကို ကြည့်လိုက်ရာ စာတစ်ကြောင်းတည်းကိုသာ တွေ့လိုက်ရလေသည်။

မင်းရဲ့ စစ်သေနာပတိတာဝန်ကို ကောင်းကောင်းယူပြီး စစ်သည်တွေရဲ့စိတ်ဓာတ်ကို တည်ငြိမ်အောင်လုပ်ပါ။ တိုက်ပွဲဝင်တာကိုတော့ စစ်သူကြီးတွေကိုပဲ လွှဲထားလိုက်ပါ။

စတုတ္ထမင်းသား "..."

တကယ့်ကို အာ့စောင်ရဲ့ လေယူလေသိမ်းအတိုင်းပဲ။

စတုတ္ထမင်းသား နောက်ဆုံးဖွင့်ဖတ်လိုက်သည့်စာမှာ မိခင်အရင်း ချင်ဖေး၏စာပင်။

ထိုစာသည် အထူးပင် ရှည်လျားလှပြီး စုစုပေါင်း၆မျက်နှာ ရှိလေသည်။ ပထမ၃မျက်နှာမှာ သူမ၏ လုပ်ပိုင်ခွင့်မရှိမှုနှင့် လုမင်ယွိအပေါ် မကျေနပ်ချက်များကို ငိုယိုကာ ပြောဆိုထားခြင်းဖြစ်ပြီး နောက်ဆုံးသုံးမျက်နှာကိုတော့ သူ့အသက်ကို သေချာဂရုစိုက်ရန် မှာကြားထားပြီး အရေးကြီးသည့်အချိန်တွင် စစ်တပ်ကိုပစ်ထားခဲ့ပြီး မြို့တော်သို့ထွက်ပြေးကာ ပြန်လာရန် မှာကြားထားခြင်းဖြစ်လေသည်။

စတုတ္ထမင်းသား "..."

တကယ့်ကို သူ့အမေအရင်းပါပဲ။ အမြဲတမ်း အပေါ်ယံဆန်ပြီး အတ္တကြီးနေတုန်းပဲ။

သူသာ တိတ်တဆိတ်ထွက်ပြေးပြီး မြို့တော်ကိုပြန်သွားရင် ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာမလဲဆိုတာကို နည်းနည်းလေးမှ မတွေးဘူး။ ဒီလို အရှက်ရစရာကောင်းတဲ့ ကိစ္စမျိုးကို လုပ်လိုက်ရင် သူက နောက်ပိုင်း ဘယ်လိုမျက်နှာပြရတော့မှာလဲ။ ဒါက စစ်သည်သုံးသောင်းနဲ့ သောင်းချီတဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ သက်ဆိုင်နေတဲ့ကိစ္စလေ။

ညီအစ်ကိုတွေ အချင်းချင်း ဒုက္ခပေးကြတာက တကဏ္ဍ။ ဒီလိုအချိန်မျိုးမှာတော့ တာဝန်ယူမှု တာဝန်ခံမှုမရှိလို့ ဘယ်ဖြစ်မလဲ။

စတုတ္ထမင်းသားသည် လေးပင်စွာ သက်ပြင်းချလိုက်ပြီး မိခင်ဖြစ်သူ၏စာကို သိမ်းဆည်းလိုက်ကာ နောက်ဆုံးတွင်တော့ ကျောက်ယွီ၏ စာကို ဖတ်ရှုလိုက်လေသည်။

ကျောက်ယွီ၏ စာသည်လဲ အတော်ပင်ထူထဲလှပြီး ၈မျက်နှာတိတိ ရှိလေသည်။ ပထမ၄မျက်နှာမှာ ခွဲခွာရသည့် လွမ်းဆွတ်မှုများကို ရေးသားထားပြီး နောက်ဆုံးလေးမျက်နှာမှာတော့ စစ်တိုက်ရန်အတွက် အားပေးတိုက်တွန်းထားခြင်း ဖြစ်လေသည်။ အကယ်၍ သူသာ သေဆုံးသွားလျှင် သူမသည်လဲ လိုက်သေပြီး မြေအောက်ကမ္ဘာတွင် ဇနီးမောင်နှံအဖြစ် ဆက်လက်ပေါင်းသင်းသွားမည်ဟု ရေးသားထားလေသည်။

စတုတ္ထမင်းသား "..."

သူရွေးချယ်ထားတဲ့မိန်းမပဲ။ နည်းနည်းလေး တုံအပေမဲ့ သူ့စိတ်ထဲမှာ သူတစ်ယောက်တည်းပဲရှိတာ။

စတုတ္ထမင်းသား၏ ရင်ထဲတွင် နွေးထွေးသွားပြီး ကျောက်ယွီ၏စာကို ရင်ဘတ်ထဲတွင် ထည့်ထားလိုက်လေသည်။ ထို့နောက်တွင်တော့ အိပ်ယာပေါ်တွင် လှဲချလိုက်ပြီး အိပ်စက်လိုက်တော့သည်။ လဝက်ကျော်အတွင်း ဒါသည် ပထမဦးဆုံးအကြိမ် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခြင်းပင်။

...

၁၀ရက်အကြာ ယန်နိုင်ငံနယ်စပ်။

သာ့ဝေစစ်တပ်သည် တောင်ခြေတွင် တပ်စွဲထားလေသည်။ တောင်တန်းများကို ကျောမှီထားသဖြင့် ခံစစ်ကောင်းမွန်ပြီး တိုက်ခိုက်ရခက်ခဲသောနေရာဖြစ်သည်။ အနီးအနားတွင် မြစ်တစ်စင်းရှိပြီး ရေရရှိရန်လည်း လွယ်ကူလေသည်။

စစ်ချီထွက်ရချိန်တွင် စားသောက်နေထိုင်မှုပုံစံများကို ချေးများနေလို့တော့ မရချေ။

စစ်သေနာပတိဖြစ်သည့်တိုင် စစ်တဲထဲ၌သာ နေထိုင်ရလေသည်။ သာမာန်စစ်တဲထက် အနည်းငယ် ပိုကျယ်ဝန်းသည်ကလွဲလျှင် ထူးခြားမှုမရှိချေ။ တနေ့သုံးနပ်ကို စစ်သည်များနှင့် အတူတူစားသုံးရပြီး အသားဟင်းတစ်ခွက်နှစ်ခွက်လောက်သာ ပိုရရှိလေသည်။

ထိုက်ဇီလီကျင့်သည် ရှင်းယန်စစ်တပ်၏ စစ်စခန်းတွင်နေထိုင်ပြီး တတိယမင်းသားလီဟောက်ကတော့ ကျောက်မိသားစုစစ်တပ်၏ စစ်စခန်းတွင် နေထိုင်လေသည်။

စစ်စခန်းနှစ်ခုသည် မိုင်၂၀ကျော်ကွာဝေးပြီး အပြန်အလှန် စောင့်ကြည့်နေကြ၏။ မြင်းအမြန်စီးလျှင် နာရီဝက်ခန့် ကြာလေသည်။ ဟိုဘက်တွင် မီးမွှေးလျှင် ဒီဘက်ကမြင်နိုင်ရသော အကွာအဝေးပင်။

လီကျင့်ကဲ့သို့ သန့်ပြန့်ချောမောသောသူသည် စစ်တပ်ထဲသို့ ရောက်လာပြီးနောက် စစ်သားတစ်ယောက်လို ကြမ်းတမ်းသောပုံစံမျိုး ပေါက်လာခဲ့၏။ ဆံပင်များရှည်လျားသော်လည်း ပြုပြင်ရန်အချိန်မရှိ မေးစေ့တွင်လည်း မုတ်ဆိတ်မွှေးစများ ပေါ်ထွက်လာပြီး လမ်းလျှောက်ခြင်းက မြန်လာသလို စကားပြောသံကလဲ ကျယ်လောင်ကာ ပေါက်စီစားလျှင် သုံးလုံးအထက် စားနိုင်လာလေသည်။

အကယ်၍ လုမင်ယွိသာ ဒီနေရာသို့ရောက်လာခဲ့လျှင် သူမ၏ ခင်ပွန်းသည် ပုံစံပြောင်းသွားသည်ကိုတွေ့ပြီး အံ့သြလိမ့်မည်က အမှန်ပင်။

ဒီရက်ပိုင်းအတွင်းတွင် တိုက်ပွဲမရှိသဖြင့် ကျန်းကျုံးနှင့်လုဖေးတို့သည် အားလပ်နေကြကာ လီကျင့်၏အနားတွင် လာရောက်စုဝေးတတ်ကြသည်။

ယောက်ဖနှင့် မယားညီအစ်ကိုဖြစ်သူတို့၏ ရှေ့မှောက်တွင် လီကျင့်သည် ထိုက်ဇီ၏ ဟိတ်ဟန်လုံးဝမရှိဘဲ ရင်းနှီးပွင့်လင်းစွာ ပြောဆိုရယ်မောနေတတ်သည်။

"... မြို့တော်နဲ့ ဒီလောက်ဝေးနေတော့ စစ်သတင်းတွေပို့ဆောင်ရတာ အဆင်မပြေဘူး။ အသွားအပြန်ဆိုရင် ၁လလောက်ကြာတယ်"

လီကျင့်က ရယ်မောရင်း သက်ပြင်းချလိုက်၏။ "စစ်တိုက်တယ်ဆိုတာ စစ်သေနာပတိအပေါ်မှာပဲ မူတည်တာ။ စစ်တိုက်ထွက်ရင် အရှင်မင်းကြီးအမိန့်ကို နာခံဖို့မလိုဘူးဆိုတာ အဲဒါကြောင့်ကိုး"

ထိုက်ဇီ၏ စစ်တပ်ထဲတွင် လူသုံးယောက်သည် စားပွဲပုလေးကို ဝိုင်းထိုင်လိုက်ကြ၏။ စားပွဲပေါ်တွင် ဟင်းပွဲအနည်းငယ် တင်ထားလေသည်။

ကောင်းမွန်သော ဟင်းလျာများမဟုတ်ဘဲ စစ်တပ်ထဲက စားဖိုမှူး၏ လက်ရာသာဖြစ်လေ၏။ သီးသန့်ချက်ပြုတ်ပေးထားသော်ငြားလည်း သာမာန်အရသာသာ ရှိလေသည်။ သတ်သတ်လွတ် ဟင်းပွဲလေးပွဲအပြင် ဝက်သားနီချက်တစ်ပွဲနှင့် ဝက်နံရိုးချိုချဥ်တစ်ပွဲသာပါရှိပြီး ထိုအရာကပင် အထူးဟင်းလျာ ဖြစ်နေလေသည်။

စစ်တပ်ထဲတွင် အရက်သောက်ခွင့်မရှိသဖြင့် လီကျင့်သည် ရေနွေးကြမ်းအိုးတစ်လုံးကိုသာ တည့်ခင်းဧည့်ခံလိုက်လေသည်။

သူတို့သုံးဦးသည် ရေနွေးကြမ်းကိုသောက်ရင်း စကားစမြည် ပြောဆိုနေကြသည်မှာ လွတ်လပ်ပေါ့ပါးနေတော့သည်။

...

အပိုင်း (၃၃၆) အိမ်ကပေးစာ (၂)

ကျန်းကျုံးသည် ဆံပင်များ ရှုပ်ပွနေပြီး မုတ်ဆိတ်မွှေးများကလဲ ရှည်နေကာ ကိုယ်ပေါ်တွင် အနံ့အသက်များ ပျံ့လွှင်နေလေသည်။ စစ်တပ်ထဲတွင် ရေချိုးရန် အဆင်မပြေသောကြောင့် ၁၀ရက်တစ်ကြိမ် ရေချိုးရလျှင်ပင် ဇိမ်ခံနေပြီဟု ပြောလို့ရသည်။

လူတိုင်းလိုလိုပင် အနံ့ဆိုးများရှိနေကြပြီး သူက အသန့်ရှင်းဆုံးအုပ်စုထဲတွင် ပါဝင်နေသေးသည်။

လီကျင့်၏ စကားကို ကြားလိုက်ရသောအခါ ကျန်းကျုံးက ရယ်မောပြီး ထောက်ခံလိုက်လေ၏။ "ဟုတ်တာပေါ့။ စစ်သည်တွေက အသက်နဲ့ရင်းပြီး တိုက်ပွဲဝင်နေကြတာ စစ်သူကြီးတစ်ယောက်အနေနဲ့ စစ်ပွဲနိုင်ဖို့က အရေးကြီးသလို စစ်သည်တွေရဲ့အသက်ကိုလည်း တန်ဖိုးထားရတယ်။ ဒီလို အခက်အခဲတွေကို မြို့တော်ကနေ လက်ညှိုးထိုးပြီး အမိန့်ပေးနေတဲ့ စာပေပညာရှင်အမတ်တွေ ဘယ်နားလည်ပါ့မလဲ"

လုဖေးကလဲ အလေးအနက် သဘောတူလေသည်။ "မှန်လိုက်တာ။ တော်သေးတာက အရှင်မင်းကြီးကိုယ်တိုင် စစ်တပ်ကို ဦးဆောင်လာလို့ စစ်သည်တွေရဲ့ အခက်အခဲကို နားလည်ပေးနိုင်တာ။ ယိဖု ကျွန်တော့်ကို ပြောဖူးတယ်။ နာမည်ကြီးစစ်သူကြီးတစ်ယောက်က အရှင်သခင်ကောင်း တစ်ယောက်နဲ့ တွေ့ရတာ ဘဝဆက်တိုင်း ကုသိုလ်ကောင်းမှုလုပ်ခဲ့လို့တဲ့"

စစ်သူကြီးတွေက တိုက်ပွဲဝင်ရမှာ သွေးမြေကျရမှာကို မကြောက်ပေမဲ့ ရှေ့တန်းမှာ တိုက်ခိုက်နေတုန်း နောက်ကျောကနေ ဓားနဲ့အထိုးခံရမှာကို အကြောက်ဆုံးပဲ။

လီကျင့်သည် လုဖေးနှင့်ကျန်းကျုံးတို့၏ စကားဝိုင်းကို ပြုံးပြီးနားထောင်နေလိုက်သည်။ ယခင်ဘဝတုန်းကလဲ သူသည် စစ်တပ်ထဲတွင် အချိန်တစ်ခုအထိ နေထိုင်ခဲ့ဖူးသည်။ သို့သော် ထိုအချိန်က သူသည် ယုံးကျားဧကရာဇ်က ဘေးနားတွင်သာ နေခဲ့ရသည်။ ကိုယ်တိုင်ဦးဆောင်ပြီး တိုက်ပွဲဝင်ရသည့် အကြိမ်အရေအတွက်က အလွန်နည်းပါးသလို စစ်တပ်ထဲက စစ်သူကြီးများနှင့်လည်း သိပ်ပြီးရင်းနှီးမှု မရှိခဲ့ချေ။

စစ်ရေးကိစ္စသည် သူ၏ အားနည်းချက် ဖြစ်လေသည်။ ဒီဘဝတွင်တော့ သူသည် စစ်ရေးကိစ္စများကို အထူးအလေးထား လေ့လာခဲ့၏။ ယခင်တစ်ခေါက်က ရှင်းယန်စစ်တပ်နှင့်အတူ စစ်ဆေးရေးမှူးအဖြစ် လိုက်ပါခဲ့ပြီး သူပုန်များကို နှိမ်နှင်းခဲ့ဖူးသလို ယခုတစ်ကြိမ်တွင်လည်း ရှင်းယန်စစ်တပ်နှင့်အတူ လိုက်ပါလာခဲ့ပြန်သည်။ သူသည် အရာအားလုံးကို မျက်လုံးထဲတွင် မှတ်သားထားပြီး နှလုံးထဲတွင် သိမ်းဆည်းထားကာ တိတ်တဆိတ် လေ့လာသင်ယူနေလေသည်။

ကျန်းကျုံး၏ စကားလမ်းကြောင်းသည် သာ့ဝေတိုင်းပြည်၏အတွင်းမှ ပြည်တွင်းစစ်ဘက်သို့ ရောက်ရှိသွားပြန်သည်။ "သာ့ဝေတိုင်းပြည်က တည်ထောင်တာမကြာသေးတော့ ပြည်တွင်းစစ်ဖြစ်တာလည်း ရိုးရှင်းတဲ့ကိစ္စပါပဲ။ စစ်သူကြီးစွန်းက တကယ် အရည်အချင်းရှိတဲ့သူပါ။ နှမျောစရာကောင်းတာက အသက်တိုလွန်းတယ်။ ဒဏ်ရာဟောင်း ပြန်ပေါ်ပြီး သေဆုံးသွားတာ။ နောက်ထပ် ဘယ်သူကများ စစ်သေနာပတိ ဖြစ်လာမလဲ မသိဘူး"

စစ်တပ်ထဲက သတင်းစကားများကို မြို့တော်သို့ ပို့ဆောင်ရန် ခက်ခဲသလို မြို့တော်က သတင်းစကားများကလဲ စစ်တပ်ထဲသို့ ရောက်ရှိလာရန် အချိန်ကြာမြင့်လေသည်။

ထို့ကြောင့် လူတိုင်းသည် စစ်သူကြီးစွန်း မတော်တဆ သေဆုံးသွားသည်ကိုသာ သိရှိထားကြပြီး စတုတ္ထမင်းသားက စစ်သေနာပတိ ဖြစ်သွားသည်ကိုတော့ မသိကြသေးပေ။

လုဖေးက လီကျင့်ကို ကြည့်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်၏။ "ညီလာခံမှာ ချောင်ကောလောင်နဲ့ ဝန်ကြီး၆ယောက်ရှိနေတာ တည်ငြိမ်အောင် ထိန်းထားနိုင်မှာပါ။ အနောက်နန်းဆောင်ကရော ငြိမ်သက်ပါ့မလား မသိဘူး"

လီကျင့်၏ လေသံကတော့ အလွန်ယုံကြည်မှုရှိနေလေ၏။ "ရှောင်ယွိ ရှိနေသမျှ အနောက်နန်းဆောင်က ညီလာခံထက် ပိုပြီးငြိမ်သက်နေအုံးမှာ"

လုဖေး "..."

တကယ်တော့ လုဖေး၏ စိတ်ထဲတွင်လည်း ထိုအတိုင်း တွေးနေမိခြင်းဖြစ်သည်။ သို့သော် ပါးစပ်ကတော့ ညီမဖြစ်သူအတွက် နှိမ့်ချစကား ပြောလိုက်ရသည်။ "စစ်မေ့ကလဲ အဲလောက်အထိ မတော်ပါဘူး။ သိုင်းပညာ နည်းနည်းကောင်းတယ် စိတ်ကြီးတယ်။ ပြီးတော့ နည်းနည်းလေး ဗိုလ်ကျတတ်တယ် ဒါပါပဲ"

ကျန်းကျုံးသည် သူ၏ ဒုတိယယောက်ဖကို တိတ်တဆိတ် လှမ်းကြည့်လိုက်လေသည်။

လုဖေးက မျက်တောင်မခပ်ဘဲ ဆက်ပြောလိုက်၏။ "သာမာန်အချိန်မှာတော့ သတိမထားမိပါဘူး။ တကယ်တမ်း ကိစ္စကြုံလာရင်တော့ ရှောင်ယွိ ရှိနေတာက ကျောထောက်နောက်ခံ ရှိနေသလိုပါပဲ"

ဒါတော့ ဟုတ်တယ်။

ကျန်းကျုံးကလဲ သဘာဝကျကျပင် ဝင်ပြောလိုက်လေသည်။ "တခြားသူတွေ လန့်နေတဲ့အချိန်မှာ စစ်မေ့က လန့်ဖျန့်တာမျိုး မရှိဘူး။ တခြားသူတွေ စိတ်ရှုပ်နေတဲ့အချိန်မှာ စစ်မေ့က တည်ငြိမ်တယ်။ တခြားသူတွေ အကြံကုန်နေတဲ့အချိန်မှာ စစ်မေ့က အကြံကောင်း ချက်ချင်းထုတ်ပေးနိုင်တယ်။ အရေးကြီးတဲ့ အချိန်ရောက်ရင် စစ်မေ့တစ်ယောက်တည်းက လူ၁၀ယောက်နဲ့ညီတယ်"

လီကျင့်က ယောက်ဖဖြစ်သူကို တစ်ချက်ကြည့်လိုက်ပြီး မယားညီအစ်ကိုကို တစ်ချက်ကြည့်ကာ ပြောလိုက်လေသည်။ "မင်းတို့ပဲ အကုန်ပြောကြတော့ ကျွန်တော်က ဘာပြောရတော့မှာလဲ"

သုံးယောက်သား ပြိုင်တူရယ်မောလိုက်ကြပြီး ခွက်ချင်းတိုက်ကာ သောက်လိုက်ကြ၏။

ရေနွေးကြမ်း ဖြစ်သော်ငြားလည်း အရသာတော့ ရှိလှလေသည်။

ကျန်းကျုံးသည် ဝက်သားနီတစ်တုံးကိုယူပြီး အရသာရှိစွာ စားသောက်လိုက်လေသည်။

လုဖေးသည် ဇနီးနှင့်ကလေးများကို သတိရမိပြီး သက်ပြင်းချလိုက်မိတော့၏။ "အရင်တုန်းက တစ်ကိုယ်တည်းသမားမလို့ ယိဖုနောက်လိုက်ပြီး တိုက်ပွဲဝင်ရတာ ဘာသံယောဇဥ်မှ မရှိခဲ့ဘူး။ အခု အားလပ်ချိန်ရရင် မိန်းမနဲ့ကလေးကိုပဲ သတိရနေမိတယ်"

လီကျင့်သည်လဲ ထိုခံစားချက်ကို နားလည်လေသည်။ "ကျွန်တော်လဲ အတူတူပါပဲ။ နေ့ခင်းဘက် အလုပ်များရင် တော်သေးတယ်။ ညဘက်ရောက်ရင် ရှောင်ယွိနဲ့ကလေးနှစ်ယောက်ကို သတိရတယ်"

စိုးရိမ်ပူပန်မှုများနှင့် သတိရလွမ်းဆွတ်မှုများက လျော့နှောလို့ နေတော့သည်။

ကျန်းကျုံးကတော့ သိပ်ပြီး ဝမ်းနည်းပူဆွေးမနေပေ။

သူနှင့်လုမင်ဖန်းတို့သည် ငယ်ချစ်များဖြစ်ကြပြီး သံယောဇဥ် ကြီးမားကြသည်။ လက်ထပ်ပြီး နှစ်အတော်ကြာသည်အထိ သားနှစ်ယောက်ရရှိခဲ့ပြီး လင်မယားဆက်ဆံရေးကလဲ အလွန်ကောင်းမွန်လေသည်။ လအနည်းငယ် ခွဲခွာရသည်က ဇနီးနှ င့်သားနှစ်ယောက်ကို သတိရသည်ကလဲ အမှန်ပင်။ သို့သော် စစ်သူကြီးတစ်ယောက်အနေဖြင့် စစ်တိုက်ထွက်ရလျှင် ဇနီးနှင့်သားနှစ်ယောက်ကို ခွဲခွာရသည်မှာ ရှောင်လွှဲမရသည့် ကိစ္စဖြစ်ကြောင်း သူသည် ကောင်းစွာနားလည်ထားပြီး နေသားကျနေ၏။

လီကျင့်နှင့်လုဖေး စကားပြောနေချိန်တွင် ကျန်းကျုံးသည် တူကို လျင်မြန်စွာ အသုံးပြုပြီး ဝက်သားနီ တစ်ပန်းကန်လုံးနီးပါးကို စားသောက်လိုက်လေ၏။

လုဖေးက သတိပြန်ဝင်လာသောအခါ ရယ်မောပြီး ပြောလိုက်တော့၏။ "ရက်နည်းနည်းလောက် အသားမစားရတာနဲ့ ဒီလောက်တောင် ငတ်နေတာလား"

ကျန်းကျုံးကလဲ တဟားဟား ရယ်မောလိုက်တော့သည်။ "မင်းတို့ပြောချင်တာ ပြောကြ။ ငါကတော့ အသားငတ်နေတယ်။ ဒီနေ့ ဗိုက်ဝအောင်စားထားမှ နောက်တစ်ခါ ဘယ်တော့မှ ဒီလိုစားရမယ်မှန်းမသိဘူး"

လီကျင့်လဲ ပြုံးလိုက်မိ၏။

လုဖေးသည် တည်ငြိမ်လေးနက်ပြီး အားကိုးရသူဖြစ်သည်။ မယားညီအစ်ကိုဖြစ်သူ ကျန်းကျုံးကတော့ သွက်လက်ပြီး ပျော်ပျော်နေတတ်သူဖြစ်သည်။ သူတို့နှင့်အတူနေရသည်မှာ ကိုယ့်ညီအစ်ကိုအရင်းများနှင့် နေရသည်ထက် ပိုပြီးလွတ်လပ်ပေါ့ပါးလေသည်။

လက်ဝဲတပ်မှူးက စစ်တပ်ထဲသို့ ဝင်ရောက်လာပြီး ဝမ်းသာအားရ ပြောလိုက်၏။ "ထိုက်ဇီ မြို့တော်က စာရောက်လာပါတယ်"

စကားဆုံးသည်နှင့် လီကျင့် လုဖေးနှင့်ကျန်းကျုံးတို့ သုံးယောက်သား ပြိုင်တူမတ်တပ်ထရပ်လိုက်ပြီး မေးလိုက်ကြ၏။ "စာက ဘယ်မှာလဲ"

...

စစ်မီးလျှံများသည် သုံးလဆက်တိုက် တောက်လောင်နေချိန်တွင် အိမ်ကပေးစာသည် ရွှေထက်ပင် ပိုပြီးအဖိုးတန်လေသည်။ ထိုစကားသည် လုံးဝမှန်ကန်ကြောင်း သက်သေပြနေ၏။

စစ်မြေပြင်တွင် အမျှော်လင့်ဆုံးအရာမှာ အိမ်ကပေးစာပင်။

သတင်းစကားပို့ဆောင်ရန် ခက်ခဲသဖြင့် တလလျှင် စာတစ်စောင်ရရှိရန်ပင် ခဲယဥ်းလှသည်။ စစ်တပ်သို့ ပေးပို့လာသောစာများသည် ထူထဲစွာရှိနေပြီး သက်ဆိုင်ရာစစ်တဲများသို့ ပို့ဆောင်ထားပြီး ဖြစ်လေ၏။

လုဖေးနှင့် ကျန့်ကျုံးသည် ထမင်းစားနေသည်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ကိုယ့်စစ်တဲဆီသို့ အမြန်ပြေးကာ စာဖတ်ကြတော့သည်။

လီကျင့်သည်လဲ စိတ်လှုပ်ရှားနေသဖြင့် သူတို့ကို ဂရုမစိုက်နိုင်တော့ပေ။ သူက ကိုယ်ရံတော်များကို ထွက်သွားရန် လက်ပြလိုက်ပြီး ထူထဲသောစာအုပ်ကို ယူလိုက်လေ၏။ ထိုအထဲတွင် ချောင်မိဖုရားခေါင်၏စာ ဟွေ့အန်းကုန်းကျူ၏စာ လုမင်ယွိ၏စာနှင့် အိမ်ရှေ့စံနန်းဆောင်မှ အရာရှိများ၏စာများ ပါဝင်လေသည်။

လီကျင့်သည် လုမင်ယွိ၏စာကို အရင်ဆုံး ဖွင့်ဖတ်လိုက်လေသည်။

ပါးလွှသော စာရွက်တစ်ရွက်သာပါရှိပြီး စာရွက်အပြည့်ပင် ရေးသားထားခြင်း မရှိချေ။

လီကျင့်သည် မကျေမနပ် ဖြစ်သွားသော်လည်း စာကို သေချာဖတ်ရှုလိုက်လေသည်။ "မူဟုပ် နေကောင်းတယ်။ ရွှီအာနဲ့ ရွှမ်းအာတို့လည်း နေကောင်းကြတယ်။ ကျွန်မလဲ နေကောင်းပါတယ်။ နန်းတော်ထဲမှာ အာလုံးအဆင်ပြေပါတယ် စိတ်မပူပါနဲ့"

ပထမစာကြောင်းကို ဖတ်ပြီးသည်နှင့် လီကျင့်သည် ပြုံးလိုက်မိတော့သည်။ တကယ့်ကို လုမင်ယွိ၏ ပုံစံအတိုင်းပင်။ တိုတိုတုတ်တုတ် လိုရင်းတိုရှင်းနှင့် ရှင်းလင်းပြတ်သားလှလေသည်။

ထို့နောက်တွင်တော့ လုမင်ယွိသည် စတုတ္ထမင်းသားကို စစ်သေနာပတိချုပ်အဖြစ် အဆိုပြုခဲ့သည့်အကြောင်းကို ပြောပြထား၏။ "... ညီလာခံမှာ ခေါင်းဆောင်မရှိဘူး။ ချောင်ကောလောင်က ကိုယ်ကျိုးမကြည့်ဘူးဆိုပေမဲ့ စစ်ရေးအကြောင်း နားမလည်ဘူး။ ဝန်ကြီးချုပ်ယောင်နဲ့ သဘောထားကွဲလွဲနေကြတယ်"

"မူဟုပ်က ဝင်ပြောဖို့ အဆင်မပြေလို့ ကျွန်မကပဲ စတုတ္ထမင်းသားကို သူပုန်နှိမ်နှင်းဖို့ လွှတ်လိုက်ဖို့ အဆိုပြုလိုက်တယ်။ စစ်သူကြီးစွန်း မတော်တဆ သေဆုံးသွားတာကတော့ ကျွန်မကပဲ စတုတ္ထမင်းသားကို စစ်သေနာပတိခန့်အပ်ဖို့ ထပ်ပြီး အဆိုပြုလိုက်တယ်"

ချင်ဖေးကတော့ ငိုယိုပြီး ပြဿနာရှာချင်ပေမဲ့လည်း ကျွန်မ တားဆီးထားလိုက်ပါတယ်"

"ချောကောလောင်က အနောက်နန်းဆောင်က နိုင်ငံရေးမှာဝင်ပါတာကို သဘောမကျလို့ ကျွန်မကို အပြစ်တင်ချင်နေတယ်။ ဒါပေမဲ့ လောလောဆယ် ပြဿနာ မဖြစ်သေးပါဘူး။ ရှင် စိတ်မပူပါနဲ့"

နောက်ဆုံးကျမှ ဂရုစိုက်ရန် မှာကြားထားသည့် စာနှစ်ကြောင်း ပါလာလေသည်။ "ရှင် စစ်တပ်ထဲမှာနေရင် များများကြည့်၊ များများနားထောင်ပြီး များများစဥ်းစားပါ။ ကိုယ်တိုင်ဦးစီးပြီး တိုက်ပွဲဝင်ဖို့ မလောပါနဲ့။ ဂရုစိုက်နော်။ ဘေးကင်းကင်းနဲ့ ပြန်လာခဲ့ပါ"

လီကျင့်သည် စာနှစ်ကြောင်းကို အနည်းဆုံး ၁၀ခေါက်လောက်ဖတ်ပြီးမှ မတတ်သာဘဲ စာကိုသိမ်းဆည်းလိုက်ရ၏။ ထို့နောက် ခေါင်းအုံးအောက်တွင် ထည့်ထားလိုက်ပြီး အားလပ်ချိန်ရလျှင် ပြန်ထုတ်ဖတ်ရန် ကြံစည်ထားလိုက်တော့သည်။

ထို့နောက်တွင် လီကျင့်သည် ကျန်ရှိနေသောစာများကို တစ်စောင်ချင်း ဖတ်ရှုလိုက်လေသည်။

လူတိုင်းကတော့ သူ့ကို လွှမ်းဆွတ်သတိရကြောင်း ရေးသားထားကြသည်။ ချောင်မိဖုရားခေါင်၏စာသည် အရှည်ဆုံးဖြစ်ပြီး ဟွေ့အန်းကုန်းကျူ၏စာသည်လဲ စာရွက်တော်တော်များများ ပါရှိလေသည်။ အိမ်ရှေ့စံနန်းဆောင်မှ အရာရှိများထဲတွင် ကျိုးလီ၏စာသည် အရိုးသားဆုံးနှင့် အလေးနက်ဆုံး ဖြစ်နေ၏။

လီကျင့်သည် ကျိုးလီကို သိပ်ပြီးသဘောမကျလှပေ။ သို့သော်ငြား ယောက်ဖဖြစ်နေသဖြင့် အသုံးချရမည်သာ။

စာဖတ်ပြီးသည့်အချိန်တွင်တော့ နေ့လယ်ခင်း ရောက်နေလေပြီ။

လုလင်းသည် စစ်သူကြီးများကို စစ်တဲထဲတွင် ခေါ်ယူတွေ့ဆုံပြီး ဆွေးနွေးပွဲ ပြုလုပ်လေ၏။ လီကျင့်သည် ထိုက်ဇီမင်းသား ဖြစ်သော်ငြားလည်း မာန်မနမရှိဘဲ ဆွေးနွေးပွဲသို့ အတူတကွ တက်ရောက်လိုက်လေတော့သည်။

...

All Chapters