အခန်း (၃၃၇-၃၃၉)
Vol. 23 Ch. 337-339
အပိုင်း (၃၃၇) သားမက်နှင့် ယောက္ခမ (၁)
စစ်တဲအတွင်း၌ ရှင်းယန်တပ်မှ အဆင့်(၆)နှင့်အထက် စစ်သူကြီးများအားလုံး စုဝေးရောက်ရှိနေကြလေသည်။ ကျန်းကျုံးနှင့် လုဖေးတို့လည်း အပါအဝင် ဖြစ်၏။ ရှင်းယန်ဝမ် လုလင်းပါ အပါအဝင်ဆိုလျှင် စုစုပေါင်း (၂၄)ယောက် ရှိလေသည်။
တက်ရောက်လာသည့် အိမ်ရှေ့စံမင်းသားပါ ပေါင်းလိုက်လျှင် စုစုပေါင်း (၂၅)ယောက် ရှိလေသည်။
ပြီးခဲ့သည့်နှစ် ပုန်ကန်မှုကို နှိမ်နင်းစဉ်က အိမ်ရှေ့စံမင်းသားသည် ရှင်းယန်တပ်နှင့်အတူ စစ်ထွက်ခဲ့ဖူးလေသည်။ စစ်သူကြီးများသည် အိမ်ရှေ့စံမင်းသား၏ အပြုအမူနှင့် လုပ်နည်းလုပ်ဟန်များကို ရင်းနှီးကျွမ်းဝင်ပြီး ဖြစ်ကြ၏။
အိမ်ရှေ့စံမင်းသားသည် စကားနည်းပြီး သဘောထားကြီးကာ နူးညံ့သိမ်မွေ့သည့် စိတ်သဘောထားရှိသူ ဖြစ်သည်။ ထို့အပြင် ရှင်းယန်ဝမ်၏ သားမက်လည်း ဖြစ်လေသည်။ စစ်သူကြီးများက သူ့ကို မိမိလူရင်းကဲ့သို့ သဘောထားကြပြီး နည်းနည်းလေးမှ ဖယ်ကြဉ်ထားခြင်း မရှိကြပေ။
လီကျင့် စစ်တဲထဲသို့ ဝင်လာသည်နှင့် စစ်သူကြီးများအားလုံးက တပြိုင်နက် လက်ယှက်ကာ အရိုအသေ ပြုလိုက်ကြလေသည်။
"ကျွန်တော်မျိုးတို့ အိမ်ရှေ့စံမင်းသားကို ဂါရဝပြုပါတယ်"
လီကျင့်က ရယ်မောကာ ပြောလိုက်လေသည်။
"စစ်သူကြီးတို့ အားနာနေစရာ မလိုပါဘူး"
သူသည် သဘာဝကျကျပင် ယောက္ခမဖြစ်သူ လုလင်း၏ ဘေးနားသို့ သွားရောက် ထိုင်လိုက်လေသည်။
လုလင်းက လီကျင့်ကို ခေါင်းအနည်းငယ်ညိတ်ပြကာ အိမ်ရှေ့စံမင်းသားကို အရင်ဆုံး စကားပြောရန် ယဉ်ကျေးစွာ ဖိတ်ခေါ်လိုက်၏။ လီကျင့်က ပြုံးကာ ပြောလေသည်။
"လုစစ်သူကြီးချုပ်က ကျွန်တော့်ကို အားနာမနေပါနဲ့။ စစ်ရေးကိစ္စက အရေးကြီးတယ်။ ကျွန်တော်က အပြင်လူပဲလေ။ ဝင်ပြီး ဆရာလုပ်နေလို့ ဘယ်ဖြစ်မလဲ"
ထိုစကားမှာ ပေါ့ပါးပြီး ရယ်စရာကောင်းသဖြင့် စစ်သူကြီးများအားလုံး ရယ်မောလိုက်ကြလေသည်။
ကျန်းကျုံးက ပါးစပ်ဖြဲကာ ရယ်မောရင်း ပြောလိုက်လေသည်။ "အရှင်မင်းသားက နှိမ့်ချလွန်းနေပါပြီ။ အရှင်မင်းသားသာ အပြင်လူဖြစ်နေရင် ကျွန်တော်မျိုးတို့လည်း စစ်တိုက်ထွက်စရာ မလိုတော့ဘူးပေါ့"
အခြား လူငယ်စစ်သူကြီးတစ်ဦးကလည်း ရယ်မောကာ ထောက်ခံပြောဆိုလေသည်။ "စစ်သူကြီးကျန်း ပြောတာ မှန်ပါတယ်"
လီကျင့်သည် နှိမ့်ချတတ်ပြီး သင်ယူလိုစိတ် ပြင်းပြသူဖြစ်ရာ စစ်ရေးကိစ္စများကို အထူးဂရုစိုက်ပြီး စစ်ဆေးရေးတာဝန်များကို တက်ကြွစွာ လွှဲပြောင်းယူခဲ့လေသည်။ လုလင်း၏ လက်ထောက်အဖြစ် လုပ်ကိုင်ရန်လည်း လိုလားလေ၏။ ထိုကဲ့သို့သော စိတ်ဓါတ်နှင့် အရည်အချင်းတို့ကြောင့် စစ်သူကြီးများအားလုံး၏ လေးစားမှုကို ရရှိထားခြင်း ဖြစ်သည်။
စကားစမြည် အနည်းငယ် ပြောပြီးနောက်တွင်တော့ အဓိကအကြောင်းအရာသို့ ရောက်ရှိလာခဲ့လေသည်။
လုလင်းသည် ကိုယ်ရံတော်ကို ယန်တိုင်းပြည် မြေပုံထုတ်ခိုင်းလိုက်လေသည်။
စစ်တိုက်ရာတွင် အရေးအကြီးဆုံးမှာ ကိုယ့်အကြောင်းကိုယ်သိပြီး ရန်သူ့အကြောင်းကို သိရှိရန်ပင် ဖြစ်၏။
သာ့ဝေတိုင်းပြည်သည် ယန်နှင့် ချူတိုင်းပြည်တို့ကို တိုက်ခိုက်သိမ်းပိုက်ရန် စောစီးစွာကတည်းက ရည်ရွယ်ထားခဲ့ပြီး လွန်ခဲ့သည့် နှစ်အနည်းငယ်ကတည်းက သူလျှိုများကို ယန်နှင့် ချူတိုင်းပြည်များသို့ စေလွှတ်ထားခဲ့လေသည်။ နှစ်အနည်းငယ်ကြာ အားထုတ်ပြီးမှသာ ယန်နှင့် ချူတိုင်းပြည်တို့၏ မြေပုံကို ရေးဆွဲနိုင်ခဲ့ခြင်း ဖြစ်သည်။
ထိုနိုင်ငံနှစ်ခု၏ မြေပုံသည် တပ်မတော်၏ လျှို့ဝှက်ချက်ဖြစ်ပြီး စုစုပေါင်း (၃)စုံသာ ရေးဆွဲထားလေသည်။ တစ်စုံကို မြို့တော်တွင် ထားရှိပြီး ကျန်နှစ်စုံမှာ တပ်မတော်ထဲတွင် ရှိ၏။ ယန်တိုင်းပြည်မြေပုံမှာ လုလင်းနှင့် ဖူယန်မြို့စားတို့လက်ထဲတွင် အသီးသီးရှိကြပြီး ချူတိုင်းပြည်မြေပုံကတော့ ယုံးကျားဧကရာဇ်နှင့် ကွမ်းပင်းနယ်စားတို့လက်ထဲတွင် ရှိလေသည်။
တပ်မကြီး၏ ချီတက်မည့် လမ်းကြောင်းကို စောစီးစွာကတည်းက သတ်မှတ်ထားပြီး ဖြစ်၏။
လုလင်းသည် အကြည့်တစ်ချက် ဝေ့ဝဲလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်လေသည်။
"ငါတို့ စစ်ပွဲတစ်ပွဲ နိုင်ထားပြီးပြီ။ ယန်တိုင်းပြည်က မြို့တစ်မြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီ။ ရက်အနည်းငယ် အနားယူပြီးရင် မနက်ဖြန် ဖုန်းချန်မြို့ကို သွားတိုက်မယ်"
လုလင်း၏ လက်ညှိုးသည် ယန်တိုင်းပြည်၏ အခြားမြို့တစ်မြို့ပေါ်သို့ ကျရောက်သွားလေသည်။ စစ်သူကြီးများသည်လည်း ငြိမ်မနေနိုင်တော့ဘဲ အသီးသီး ဝိုင်းအုံလာကြပြီး ဖုန်းချန်မြို့၏ မြေပြင်အနေအထားကို သေချာစွာ ကြည့်ရှုကြတော့သည်။
ယန်တိုင်းပြည်တွင် စုစုပေါင်း မြို့(၁၄)မြို့ရှိရာ အကြီးဆုံး မြို့ကြီး(၆)မြို့သည် နောက်ဘက်တွင် ရှိပြီး ရှေ့ပိုင်းမှ မြို့များမှာ သိပ်မကြီးမားလှပေ။ ဖုန်းချန်မြို့သည် မြေမျက်နှာသွင်ပြင် ညီညာပြန့်ပြူးပြီး မြို့ရိုးမှာလည်း သိပ်မမြင့်မားလှချေ။ ဖုန်းချန်မြို့ကို စောင့်ကြပ်နေသူမှာ နာမည် သိပ်မကြီးသော ယန်တိုင်းပြည် စစ်သူကြီးတစ်ဦး ဖြစ်လေသည်။
စစ်သူကြီးများသည် စိတ်အားထက်သန်နေကြပြီး ကိုယ်တိုင် ရှေ့ထွက်တာဝန်ယူရန် တောင်းဆိုကြတော့သည်။
"စစ်သူကြီး... ကျွန်တော်မျိုး ရှေ့ပြေးတပ်အနေနဲ့ သွားပြီး ဖုန်းချန်မြို့ကို အရင်သွားစုံစမ်းပါရစေ"
"ကျွန်တော်မျိုး သွားပါရစေ။ စစ်သူကြီး အမိန့်ပေးပါ"
လူတိုင်း စိတ်ဓာတ်တက်ကြွနေကြပြီး တစ်ယောက်ထက်တစ်ယောက် အလုအယက် ဦးဆောင်ချင်နေကြလေသည်။ အရပ်ဘက်အရာရှိများက တိုင်းပြည်အတွက် အားကုန်ထုတ်ကြိုးပမ်းကြသလို စစ်ဘက်အရာရှိများကလည်း သေမင်းကို မကြောက်ရွံ့ကြပေ။ သာ့ဝေတိုင်းပြည်က နောက်ဆုံးတွင် ကောင်းကင်အောက်ကို တစ်စည်းတစ်လုံးတည်းဖြစ်အောင် သိမ်းပိုက်နိုင်ခြင်းမှာ အကြောင်းမဲ့ မဟုတ်ချေ။
ဒီလိုအခြေအနေမျိုးတွင် လီကျင့်ပင်လျှင် တည်ငြိမ်စွာ နေနိုင်ရန် ခက်ခဲလာခဲ့လေသည်။ သူက မနေနိုင်ဘဲ ပြောလိုက်မိတော့သည်။
"လုစစ်သူကြီးချုပ် ကျွန်တော်လည်း တပ်ကိုဦးဆောင်ပြီး ဖုန်းချန်မြို့ကို သွားချင်တယ်"
လီကျင့်က တက်ကြွစွာ တောင်းဆိုလာသည်ကို လုလင်း မအံ့သြမိပေ။
လီကျင့်သည် မြို့တော်တွင် နေရစ်ခဲ့ရန် ဆန္ဒမရှိဘဲ တပ်မတော်နှင့်အတူ လိုက်ပါစစ်ထွက်လာခြင်းကို ကြည့်ခြင်းအားဖြင့် သူ့ရင်ထဲတွင် သွေးဆာနေကြောင်း သိသာလေသည်။ ဒီရက်ပိုင်းအတွင်း လီကျင့်သည် တပ်ချီတက်ခြင်း၊ တပ်ဖြန့်ခင်းကျင်းခြင်းနှင့် စစ်သည်အင်အား အသုံးပြုခြင်းတို့ကို အလေးထား သင်ယူခဲ့သည်။ စစ်မြေပြင်သို့ ရောက်လာမှတော့ စောစောဖြစ်စေ နောက်ကျ၍ဖြစ်စေ ဓားကိုကိုင်ကာ ရန်သူကို သတ်ဖြတ်ရမည်သာ ဖြစ်၏။
ဖုန်းချန်မြို့သည် တိုက်ခိုက်ရန် လွယ်ကူသည့် ပစ်မှတ်တစ်ခုဖြစ်ရာ လီကျင့်ကို အရင်ဆုံး လွှတ်လိုက်ပြီး စစ်ပွဲနှင့် အသားကျအောင် လေ့ကျင့်ပေးလိုက်ခြင်းကလည်း ကောင်းမွန်လေသည်။
လုလင်းက ခဏလောက် စဉ်းစားလိုက်ပြီးနောက် သဘောတူလိုက်လေသည်။
"ကောင်းပြီလေ။ မနက်ဖြန် တပ်စတင်ချီတက်မယ်။ လုဖေး မင်းနဲ့ အရှင်မင်းသားက ရှေ့ပြေးတပ်အနေနဲ့ စစ်သည် (၁)သောင်းကို ဦးဆောင်ပြီး ဖုန်းချန်မြို့ကို အရင်သွားစုံစမ်းကြ"
လုလင်းသည် စိတ်မချနိုင်သေးသဖြင့် လုဖေးကို အိမ်ရှေ့စံလီကျင့်နှင့်အတူ လိုက်ပါသွားရန် စေလွှတ်လိုက်ခြင်း ဖြစ်သည်။
လုဖေးသည် ငယ်စဉ်ကတည်းက စစ်တပ်ထဲတွင် ကြီးပြင်းလာသူဖြစ်ပြီး သတ္တိဗျတ္တိနှင့် ပြည့်စုံကာ တပ်ထဲတွင် အလွန် ဂုဏ်သရေရှိသူ ဖြစ်လေသည်။ လုဖေးရှိနေလျှင် အိမ်ရှေ့စံမင်းသား၏ လုံခြုံရေးအတွက် စိတ်ချရပေလိမ့်မည်။
လုဖေးက ချက်ချင်းပင် အမိန့်ကို နာခံလိုက်လေသည်။
လီကျင့်ကလည်း ယောက္ခမဖြစ်သူ၏ စေတနာကို တိတ်ဆိတ်စွာ လက်ခံလိုက်တော့သည်။
ထို့နောက်တွင်တော့ ဆက်တိုက်ဆိုသလို တပ်ချီတက်ရန် စီစဉ်ကြလေသည်။ ဒီအစည်းအဝေးသည် မွန်းလွဲပိုင်းတစ်ချိန်လုံး ကြာမြင့်ခဲ့လေသည်။ ညနေစောင်းမှသာ စစ်သူကြီးများ လူစုခွဲသွားကြတော့သည်။
လုလင်းသည် အိမ်ရှေ့စံမင်းသား၊ ကျန်းကျုံးနှင့် လုဖေးတို့ကို ချန်ထားရစ်ခဲ့ပြီး ပြုံးကာ ပြောလိုက်လေသည်။
"မနက်ဖြန်ဆိုရင် စစ်ထွက်ရတော့မယ်။ ဒီည ငါတို့ သားအဖ သားမက် ၄ ယောက် အတူတူ ညစာစားရင်း စကားပြောကြတာပေါ့"
လီကျင့်တို့ ၃ ယောက်ကလည်း ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်ကြလေသည်။
...
တပ်ထဲတွင် စည်းကမ်းရှိပြီး အရက်သောက်ခွင့် မရှိပေ။ လုလင်းသည် အမှန်တကယ်တော့ အရက်စွဲနေသူဖြစ်သော်လည်း သည်းခံထားရခြင်း ဖြစ်၏။
တပ်မကြီး၏ အကြီးအကဲတစ်ယောက်အနေဖြင့် စစ်စည်းကမ်းကို ချိုးဖောက်ရာတွင် ဦးဆောင်လို့ မဖြစ်ပေ။ သူကိုယ်တိုင်ကသာ ကွယ်ရာတွင် အရက်သောက်နေမည်ဆိုလျှင် နောက်နောင်တွင် စစ်သူကြီးများကို မည်သို့ ထိန်းချုပ်နိုင်ပါတော့မည်နည်း။
မကြီးမားလှသော ထမင်းစားပွဲပေါ်တွင် ဟင်းပွဲ ၆ ပွဲ ခင်းကျင်းထားပြီး လူတိုင်း၏ရှေ့တွင် ရေနွေးကြမ်း တစ်ခွက်စီ ချထားလေသည်။ လုလင်းက ဘယ်နေရာကနေ ထုတ်လိုက်မှန်းမသိသည့် အိုးတစ်လုံးကို ထုတ်ယူလိုက်ကာ အဖုံးဖွင့်လိုက်သည်နှင့် ပြင်းရှသည့် အရက်နံ့များ ပျံ့လွင့်လာတော့သည်။
လုလင်းသည် အိုးဝသို့ တိုးကပ်သွားပြီး အရက်နံ့ကို ပြင်းပြင်းရှူရှိုက်လိုက်၏။ ထို့နောက် အရက်နံ့ကို အမှီပြုကာ လက်ဖက်ရည်ခွက်ကို မော့သောက်လိုက်ရာ မျက်နှာတစ်ခုလုံး ကျေနပ်နှစ်သိမ့်မှုတို့ဖြင့် ပြည့်နှက်သွားလေသည်။
လီကျင့် "..."
ဒီလိုမြင်ကွင်းမျိုးကို ကျန်းကျုံးနှင့် လုဖေးတို့က မြင်ဖူးနေကြဖြစ်သဖြင့် ခေါင်းငုံ့ကာ တိတ်တဆိတ် ရယ်မောနေကြလေသည်။
လီကျင့်လည်း နှစ်ကြိမ်ခန့် မြင်ဖူးသော်လည်း မြင်ရတိုင်း ဆန်းသစ်ပြီး ရယ်စရာကောင်းသည်ဟု ခံစားရမြဲပင်။ သူက မရယ်ဘဲ မနေနိုင်တော့ဘဲ ပြောလိုက်လေသည်။
"ယွဲ့ဖု ဒီလောက်သောက်ချင်နေရင် တိတ်တိတ်ကလေး နည်းနည်းလောက် သောက်လိုက်ပါလား။ ဒီမှာက တခြားလူမှ မရှိတာ။ တစ်ညလောက်ကြာရင် အရက်နံ့က ပျောက်သွားမှာပဲ။ ဘယ်သူမှ သိမှာမဟုတ်ဘူး"
လုလင်းက ပြုံးကာ ပြန်ပြောလိုက်လေသည်။
"ရှင်းယန်တပ်က စည်းကမ်းတွေကို ငါကိုယ်တိုင် သတ်မှတ်ထားတာလေ။ ကိုယ်တိုင်က ကွယ်ရာမှာ စည်းကမ်းမလိုက်နာလို့ ဘယ်ဖြစ်မလဲ။ ဒီလိုလေး အနံ့ခံလိုက်ရတာနဲ့တင် တော်တော်ကောင်းနေပါပြီကွာ။ စစ်ပွဲနိုင်မှပဲ ဝဝလင်လင် သောက်တော့မယ်"
ဒီလို ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းမှာ အမှန်ပင် လေးစားစရာ ကောင်းလှပေသည်။
လီကျင့်သည် ကြည်လင်ရွှင်လန်းနေသော ယောက္ခမကို ကြည့်ရင်း ရင်ထဲတွင် ဝမ်းနည်းသလို ခံစားလိုက်ရသည်။
ဒီလို ပြိုင်ဘက်ကင်း စစ်သူကြီးတစ်ယောက်က ယခင်ဘဝတုန်းက သာ့ဝေတိုင်းပြည်အတွက် စစ်တိုက်ရင်း သေဆုံးခဲ့ရတယ်။ လီဟောက်သာ ယုံကြည်စိတ်ချရသူ ဖြစ်ခဲ့ရင် သူ့ရဲ့ဇနီးနဲ့ သားသမီးတွေကိုရော၊ လုမိသားစုတစ်စုလုံးကိုပါ အခုလို ဆက်ဆံခဲ့မှာ မဟုတ်ဘူး။
လီကျင့်က သူ့ကို စိုက်ကြည့်နေသည်ကို လုလင်း မြင်သောအခါ အထင်လွဲသွားပြီး ပြုံးကာ အိုးကို ကမ်းပေးလာလေသည်။
"ဒါက (၁၀)နှစ်ကြာအောင် သိမ်းထားတဲ့ အရက်ကောင်းကွ။ အရက်နံ့က ပြင်းရှနေတာပဲ။ တစ်ချက်ရှူပြီး ရေနွေးကြမ်းသောက်လိုက်ရင် အရမ်းမိုက်တာ။ မင်းပါ တစ်ချက်လောက် ရှူကြည့်လိုက်"
လီကျင့်သည် ပြောစရာစကားမဲ့သွားပြီး ရယ်မောလိုက်မိသည်။ ဘာမှပြန်မရှင်းပြတော့ဘဲ အိုးကို လှမ်းယူကာ အိုးဝနားသို့ တိုးကပ်လိုက်လေသည်။
အမှန်ပင်။ အရက်နံ့က နှာခေါင်းထဲသို့ တိုးဝင်လာ၏။
ရေနွေးကြမ်း တစ်ငုံသောက်လိုက်သည့်အခါ အမှန်တကယ်ပင် မူးရီဝေဝေ အရသာထူးကို ခံစားလိုက်ရလေသည်။
ကျန်းကျုံးက အားကျသည့်အကြည့်ဖြင့် ကြည့်ကာ တမင်သက်သက် သက်ပြင်းချလိုက်လေသည်။
"ယွဲ့ဖုရဲ့ စိတ်ထဲမှာ စတုတ္ထသားမက်ပဲ ရှိတော့တာပဲ။ ကျွန်တော့်လို သားမက်အကြီးကို ဘယ်မှာ သတိရတော့မှာလဲ။ ကျွန်တော်ကတော့ လုံးဝ မျက်နှာသာ အပေးမခံရတော့ပါဘူး"
လီကျင့်၏ ပါးစပ်ထဲမှ ရေနွေးကြမ်းများ သီးသွားတော့သည်။
လုဖေးက ဟားတိုက် ရယ်မောလိုက်လေသည်။
လုလင်းကလည်း ရယ်မောလိုက်ပြီး မျက်လှည့်ပြလိုက်သကဲ့သို့ နောက်ထပ် အိုး(၃)လုံးကို ထပ်မံထုတ်ယူလိုက်ပြန်သည်။
"စိတ်မပူပါနဲ့ကွာ။ လူတိုင်းအတွက်ပါတယ်"
လူတိုင်း၏ ရှေ့တွင် အရက်အိုးတစ်လုံးစီ ချထားပြီး အရက်နံ့ရှူကာ ရေနွေးကြမ်းသောက်နေကြသည့် မြင်ကွင်းမှာ တကယ်ပင် ရယ်စရာကောင်းလှပေသည်။ သူ့ရှေ့တွင် ရောက်နေသည့် ဒီလူ(၃)ယောက်သည် သူနှင့် သွေးသားတော်စပ်ခြင်း မရှိကြသော်လည်း ယခုအခါတွင်တော့ သူ့ကို ခိုင်မာစွာ ထောက်ခံသူများ ဖြစ်လာကြသလို သူ့ရဲ့ မိသားစုဝင်များလည်း ဖြစ်လာကြပေပြီ။
ဘယ်အရပ်ဆီကမှန်း မသိသော လေတစ်ချက်သည် စစ်တဲထဲသို့ တိုးဝင်တိုက်ခတ်လာပြီး လီကျင့်၏ ရင်ထဲမှ သွေးများကိုပါ ဆူပွက်သွားစေခဲ့သည်။
လီကျင့်၏ မျက်ဝန်းအိမ်များ ရုတ်တရက် ပူနွေးလာခဲ့လေသည်။
သို့သော်လည်း ကြည်နူးစရာ ခံစားချက်လေးမှာ ကြာကြာမခံလိုက်ချေ။
လက်ဖက်ရည် (၃)ခွက်ခန့် သောက်ပြီးနောက်တွင် လုလင်းက ရုတ်တရက် ပြုံးကာ လီကျင့်ကို မေးလိုက်လေသည်။
"ရှောင်ယွိက မင်းဆီ စာရေးလိုက်တယ်မလား"
လီကျင့်က ပြုံးကာ ခေါင်းညိတ်လိုက်သည်။
လုလင်းက ချက်ချင်းပင် ထပ်မေးလိုက်ပြန်သည်။
"စာတစ်မျက်နှာပဲ ရေးလိုက်တာမလား"
ကြည့်ရတာ ရှောင်ယွိက အဖေအရင်းဆီ စာရေးတာလည်း သိပ်တော့ များပုံမရဘူး။ လီကျင့်က ဆက်ပြီး ခေါင်းညိတ်ပြလိုက်သည်။
လုလင်းက ပါးစပ်ဖြဲကာ ရယ်မောလိုက်ပြီး ဂုဏ်ယူဝင့်ကြွားသည့် မျက်နှာထားဖြင့် ပြောလိုက်လေသည်။
"ရှောင်ယွိက ငါ့ဆီကို စာ (၃)မျက်နှာတောင် ရေးလိုက်တာကွ"
လီကျင့် "..."
...
အပိုင်း (၃၃၈) သားမက်နှင့် ယောက္ခမ (၂)
လီကျင့်ကတော့ ဒီအချိန်မှာ သူ့ရင်ထဲတွင် အချဉ်ဓာတ်များ ပြည့်နှက်နေသည်ကို ဝန်ခံချင်စိတ် မရှိလှပေ။
ရှောင်ယွိက အရမ်းကို ဘက်လိုက်တာပဲ။ အဖေအရင်းဆီ ရေးတဲ့စာကျတော့ ၃ မျက်နှာတောင် ရှိပြီး သူ့ယောကျာ်းဆီ ရေးတဲ့စာကျတော့ စာတစ်မျက်နှာတည်းရယ်။ မဟုတ်သေးပါဘူး... တစ်မျက်နှာတောင် မပြည့်ချင်ဘူး။
လီကျင့်က စိတ်ထဲတွင် အချဉ်ပေါက်နေသော်လည်း နှုတ်ကတော့ ပြုံးပြုံးလေး ပြောနေရရှာသည်။
"ရှောင်ယွိရဲ့ စိတ်ထဲမှာ ယွဲ့ဖုကိုပဲ အမြဲတမ်း သတိရနေတာလေ။ စာရှည်ရှည် ရေးတာကလည်း သဘာဝကျပါတယ်"
လုလင်းက ဟားတိုက် ရယ်မောလိုက်ပြီး အရက်အိုးကို ကောက်ယူကာ ၃ ကြိမ်ဆက်တိုက် ပြင်းပြင်းထန်ထန် ရှူသွင်းလိုက်လေသည်။ အရက်ကောင်း ၃ ခွက် ဆက်တိုက်မော့လိုက်သကဲ့သို့ ကျေနပ်သွားပုံရ၏။
ကျန်းကျုံးက မြေပဲဆံများကို လက်ဖြင့်ယူကာ လေထဲသို့ တစ်လုံးပြီးတစ်လုံး မြှောက်တင်လိုက်ပြီး ပါးစပ်ဖြင့် လိုက်ဖမ်းစားနေလေသည်။ တစ်လုံးမှ လွတ်ကျသွားခြင်း မရှိဘဲ အကုန်လုံး ပါးစပ်ထဲသို့ ဝင်ရောက်သွား၏။
"အရှင်မင်းသားက သိပ်ပြီး ဝမ်းနည်းမနေပါနဲ့ဗျာ။ ကျွန်တော်နဲ့ မင်ဖန်းတို့ လက်ထပ်တာ နှစ်ပေါင်းများစွာ ကြာနေပါပြီ။ စစ်ထွက်လာတိုင်း မင်ဖန်းက ကျွန်တော့်ဆီ စာရေးရင် ယွဲ့ဖုဆီ ရေးတဲ့စာလောက် ဘယ်တုန်းကမှ မရှည်ခဲ့ဘူး"
လီကျင့်က ချောင်းတစ်ချက်ဟန့်လိုက်ပြီး လေးနက်စွာ ရှင်းပြလေသည်။
"ကျွန်တော် ဝမ်းနည်းနေတာ မဟုတ်ပါဘူး။ ယွဲ့ဖုနဲ့ ရှောင်ယွိက သားအဖတွေလေ။ သံယောဇဉ်ကြီးမားတာက ဖြစ်သင့်ဖြစ်ထိုက်ပါတယ်"
ကျန်းကျုံးက နောက်ဆုံးကျန်သည့် မြေပဲဆံကို ဖမ်းစားလိုက်ပြီး လီကျင့်ကို မျက်စိတစ်ဖက် မှိတ်ပြလိုက်လေသည်။
တော်ပါတော့ဗျာ။ ဟန်ဆောင်မနေပါနဲ့တော့။ အရှင်မင်းသား စိတ်ထဲမှာ ဘာတွေးနေလဲဆိုတာ ကျွန်တော် သိပါတယ်ဗျ။
လီကျင့်က နှာခေါင်းကို ပွတ်သပ်ရင်း ဘာမှ ဆက်မပြောတော့ချေ။
လုဖေးက ထိုမြင်ကွင်းကို ကြည့်ရင်း ရယ်ချင်နေမိသည်။
"ယိဖုရဲ့ စိတ်သဘောထားက ဒီလိုပါပဲ။ သာ့ကျဲက စစ်ကျဲဖူနဲ့ လက်ထပ်ပြီးတဲ့နောက် တပ်ထဲကို စာရေးတိုင်း စစ်ကျဲဖူဆီ ရေးတဲ့စာက ပိုရှည်နေခဲ့ရင် ယိဖုက နှုတ်က ထုတ်မပြောပေမယ့် ပြန်ရောက်တာနဲ့ တတွတ်တွတ် ပြောတော့တာပဲ"
ဒါကြောင့် အိမ်ထောင်ပြုပြီးသား သမီးတွေက အဖေကြီးရဲ့ စိတ်ခံစားချက်ကို အရင်ဆုံး ဂရုစိုက်ရတာပေါ့လေ။
လုဖေးက ထိုသို့ပြောလိုက်မှ လီကျင့်၏ စိတ်ထဲတွင် သက်သာရာ ရသွားတော့သည်။
ညစာစားပြီးနောက် လီကျင့်သည် မိမိစစ်တဲသို့ ပြန်ရောက်သည့်အခါ ရှောင်ယွမ်ကုန်းကုန်းကို မင်နှင့်စုတ်တံ ပြင်ဆင်ခိုင်းပြီး လူတိုင်းကို တစ်စောင်စီ ပြန်စာရေးလိုက်လေသည်။ ပထမဆုံး စာကိုတော့ လုမင်ယွိဆီ ရေးလိုက်သည်မှာ ပြောနေစရာပင် မလိုတော့ပေ။
စာထဲတွင် လီကျင့်သည် မိမိ၏ ဝမ်းနည်းပက်လက်ဖြစ်ရမှုကို သွယ်ဝိုက်၍ ရေးသားထားလေသည်။
နောင်ဆိုရင် လုလင်းဆီ ၃ မျက်နှာရေးရင် သူ့ဆီကို အနည်းဆုံး ၂ မျက်နှာတော့ ပြည့်အောင် ရေးပေးပါနော်။
...
"ယိဖုကလည်း လုပ်လိုက်ရင် ဒီလိုချည်းပဲ"
ညစာစားပြီးနောက် လုဖေးက ချက်ချင်း ပြန်မသွားဘဲ လုလင်းကို အဖော်ပြု စကားပြောရန် နေရစ်ခဲ့လေသည်။ ပါးစပ်ဟလိုက်သည်နှင့် ချက်ချင်းပင် ညည်းတွားလိုက်တော့သည်။
"မပြောသင့်တာကိုမှ ရွေးပြောတတ်တယ်။ ထိုက်ဇီကို ကြည့်ပါဦး။ ခုနက မျက်နှာထားက ရှလကာရည်အိုးကြီး မော့သောက်ထားသလိုပဲ"
လုလင်းက ဂရုမစိုက်ဘဲ ဟားတိုက် ရယ်မောလိုက်လေသည်။
"သူ့ဘာသာသူ ဝမ်းနည်းပါစေပေါ့ကွာ။ ငါပျော်ဖို့က အဓိကပဲ။ ငါ့သမီးက သူ့အဖေအရင်းကို သတိရပြီး စာရှည်ရှည်ရေးတာ ဘာဖြစ်လို့လဲ"
လုဖေးက ရယ်မောလိုက်ပြီး ပြောလိုက်သည်။ "ယိဖုတစ်ယောက်တည်း တိတ်တိတ်ကလေး ပျော်နေလိုက်ရင် ပြီးတာပဲကို။ ဘာလို့များ ထုတ်ပြောလိုက်ရတာလဲ"
လုလင်းက ပါးစပ်ဖြဲကာ ရယ်မောရင်း လုဖေးကို မျက်စိတစ်ဖက် မှိတ်ပြလိုက်လေသည်။ "ဒါကို မင်း နားမလည်ပါဘူးကွ။ လင်မယားကြားမှာ တစ်ခါတလေကျရင် သဝန်တိုပြီး စိတ်ကောက်တာလေးတွေ ရှိနေမှ သံယောဇဉ်တိုးတာလေ"
သံယောဇဉ်တိုးတာ မတိုးတာတော့ ကျွန်တော် မသိဘူး။ ကျွန်တော့်အမြင်အရတော့ ယိဖုက ကြွားချင်လို့ သက်သက်ပဲ။
လုဖေးသည် မြောက်ကြွကြွဖြစ်နေသော ယိဖုကို တိတ်ဆိတ်စွာ ကြည့်လိုက်ပြီး စကားများကို ပြန်မျိုချလိုက်ရတော့သည်။
သားအဖနှစ်ယောက် စနောက်ပြီးနောက်တွင်တော့ အရေးကြီးကိစ္စများကို စတင်ဆွေးနွေးကြလေသည်။
"ထိုက်ဇီက စစ်ပွဲမှာ အစွမ်းပြပြီး အကျိုးဆောင်မှုယူချင်နေတာ။ ဒီတိုက်ပွဲမှာ ထိုက်ဇီကို မျက်နှာများများ ပြခိုင်းလိုက်"
လုလင်းက အပြုံးကို ရုပ်သိမ်းလိုက်ပြီး တိုးတိုးတိတ်တိတ် မှာကြားလိုက်လေသည်။
"ဒါပေမဲ့ ထိုက်ဇီကို လုံးဝ အန္တရာယ်မဖြစ်စေနဲ့။ ဘယ်အချိန် ဘယ်နေရာရောက်ရောက် ထိုက်ဇီရဲ့ လုံခြုံရေးကို အဓိကထားရမယ်"
လုလင်းက လုဖေးကို အိမ်ရှေ့စံမင်းသားနှင့်အတူ လိုက်ပါသွားရန် တမင်သက်သက် စီစဉ်ရခြင်း၏ ရည်ရွယ်ချက်မှာ ရှင်းလင်းလှပေသည်။
လုဖေးက လေးနက်စွာ ကတိပေးလိုက်လေသည်။
"ယိဖု စိတ်ချပါ။ ကျွန်တော် ရှိနေသရွေ့ ထိုက်ဇီကို လုံးဝ အန္တရာယ်အဖြစ်မခံပါဘူး"
ဖုန်းချန်မြို့တိုက်ပွဲတွင် အိမ်ရှေ့စံမင်းသား၏ ဂုဏ်သတင်းကို ထင်ရှားစေရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ လုဖေးသည် မိမိ၏ အရည်အချင်းကို လျှို့ဝှက်ထားပြီး အိမ်ရှေ့စံမင်းသား၏ လုံခြုံရေးကိုလည်း ကာကွယ်ပေးရမည် ဖြစ်သည်။ တာဝန်ကြီးမားပြီး ဖိအားများသော်လည်း အကျိုးဆောင်မှုမှတ်တမ်းဝင်မည့် အလုပ်မျိုးတော့ မဟုတ်ပေ။
သို့သော်လည်း အိမ်ရှေ့စံမင်းသားနှင့် လုမိသားစုသည် တစ်လှေတည်းစီး တစ်ခရီးတည်းသွားများ ဖြစ်နေကြပြီ။
အိမ်ရှေ့စံမင်းသား အဆင်ပြေမှ လုမင်ယွိ အဆင်ပြေမည်။ လုမိသားစုလည်း ပိုပြီး အဆင်ပြေမည်။
လုဖေးက သူ့သဘောကို နားလည်ကြောင်း လုလင်း မြင်သောအခါ ကျေနပ်သွားလေသည်။
"မင်း နားလည်ရင် ပြီးတာပါပဲ။ နောက်ပိုင်း မင်း အကျိုးဆောင်မှုယူဖို့ အခွင့်အရေးတွေ အများကြီး ရှိပါသေးတယ်။ အခုလောလောဆယ်တော့ စိတ်မလောပါနဲ့ဦး"
ထို့နောက် အသံကို နှိမ့်ကာ သေချာစွာ ညွှန်ကြားလိုက်လေသည်။
လုဖေးက တစ်ချက်ချင်းစီ ခေါင်းညိတ် လက်ခံလိုက်တော့သည်။
...
ဒုတိယနေ့တွင် လုဖေးသည် စစ်သည်အင်အား (၅)ထောင်ကို စုစည်းပြီး အိမ်ရှေ့စံမင်းသားနှင့်အတူ ဖုန်းချန်မြို့သို့ ဦးတည်ချီတက်လိုက်ကြလေသည်။
...
လီကျင့်သည် ဒီတစ်ခေါက်တွင် ကိုယ်ရံတော်တပ်သား (၅၀၀)ကို ခေါ်ဆောင်လာခဲ့သည်။ ထိုအိမ်ရှေ့စံကိုယ်ရံတော်များ အားလုံးသည် စစ်မှုထမ်းမျိုးရိုးမှ ဆင်းသက်လာသူများဖြစ်ကြပြီး သံချပ်ကာအင်္ကျီများ တောက်ပနေကာ စိတ်ဓာတ်တက်ကြွနေကြသည်။ လက်ထဲမှ ဓားရှည်များမှာလည်း နှင်းကဲ့သို့ ဖြူဖွေးတောက်ပနေလေသည်။ ရှင်းယန်တပ်မှ စစ်သည်များထက် ပို၍ သားနားနေသယောင် ရှိ၏။
သို့သော်လည်း တကယ့်တကယ် စစ်တိုက်ရလျှင် မြို့တော်တွင် ဇိမ်ကျနေသည့် အိမ်ရှေ့စံကိုယ်ရံတော်များသည် ရှင်းယန်တပ်မှ အထူးတပ်သားများကို လုံးဝ ယှဉ်နိုင်မည် မဟုတ်ချေ။
သူတို့စီးနင်းလာသည့် မြင်းများက ပိုကောင်းပြီး မြင်းစီးကျွမ်းကျင်မှုလည်း ရှိကြသော်လည်း ရှင်းယန်တပ်ကို မမှီနိုင်ဘဲ ဖြစ်နေရသည်မှာ တကယ်ပင် စိတ်ပျက်စရာ ကောင်းလှပေသည်။
လမ်းတစ်လျှောက်လုံး နားနေခြင်းမရှိဘဲ လျင်မြန်စွာ မြင်းဒုန်းစိုင်းစီးလာခဲ့ကြသည်။
လက်ဝဲတပ်မှူးက သခင်ဖြစ်သူ ပင်ပန်းမည်ကို စိုးရိမ်သဖြင့် အိမ်ရှေ့စံမင်းသား၏ ဘေးနားသို့ မြင်းဒုန်းစိုင်းစီးသွားပြီး တိုးတိုးလေး လျှောက်တင်လေသည်။
"တပ်ချီလာတာ နေ့တစ်ဝက်လောက် ရှိနေပါပြီ။ အရှင်မင်းသား တပ်ကို ခဏလောက် ရပ်နားခိုင်းလိုက်ပါလား"
လီကျင့်က ငြင်းပယ်လိုက်လေသည်။
"မလိုပါဘူး။ နောက်ထပ် ၁နာရီလောက် ထပ်သွားပြီးမှ နားကြတာပေါ့"
လီကျင့်သည် ငယ်စဉ်ကတည်းက စည်းစိမ်ချမ်းသာဖြင့် ကြီးပြင်းလာသူဖြစ်ရာ ဒုက္ခဆင်းရဲကို မကြုံဖူးခဲ့ပေ။ ယခင်ဘဝက စစ်တိုက်ထွက်စဉ်ကလည်း အများအားဖြင့် နောက်တန်းတွင်သာ နေခဲ့ရပြီး တပ်ကိုဦးဆောင်ကာ ရှေ့တန်းထွက်ရသည့် အကြိမ်အရေအတွက်မှာ အလွန်ပင် နည်းပါးခဲ့သည်။
နောက်ပိုင်းတွင် တိုက်ပွဲအနည်းငယ် တိုက်ခိုက်ခဲ့ပြီးနောက် မြားထိမှန်ကာ သေဆုံးခဲ့ရသည်...
ပြန်မပြောတာပဲ ကောင်းပါတယ်လေ။
မည်သို့ပင်ဖြစ်စေ ဒီဘဝတွင်တော့ လီကျင့်သည် စိတ်ဓာတ်ပိုင်းဆိုင်ရာ အပြည့်အဝ ပြင်ဆင်ထားပြီး ဖြစ်သည်။ ပင်ပန်းဆင်းရဲခံရမည့်အချိန်တွင် လုံးဝ နောက်မတွန့်တော့ပေ။
နေ့တစ်ဝက်ကျော် တပ်ချီတက်ပြီးနောက် စစ်သည် ၁သောင်းသည် မြင်းပေါ်မှဆင်းကာ အနားယူကြလေသည်။ ခရီးသွားနေစဉ် မီးမမွှေးရသဖြင့် စစ်သည်များသည် သားရေအိတ်ထဲမှ ရေအေးကို သောက်ကာ မုန့်ခြောက် ၂ချပ်ကို စားသုံးကြရသည်။
စစ်သူကြီးများလည်း ထိုနည်းတူပင် ဖြစ်၏။ လုဖေးနှင့် လီကျင့်တို့အတွက်သာ အမဲသားခြောက် အနည်းငယ် ပိုပါလာခြင်း ဖြစ်သည်။
လုဖေးသည် ထိုကဲ့သို့သော ဘဝမျိုးနှင့် နေသားကျနေပြီဖြစ်ရာ မုန့်ခြောက်နှင့် အမဲသားကို အရသာရှိစွာ စားသောက်နေလေသည်။ စားပြီး၍ ကြည့်လိုက်ရာ အိမ်ရှေ့စံမင်းသားလည်း ကုန်စင်အောင် စားသောက်ပြီးဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ချောမောခန့်ညားသော မျက်နှာပေါ်တွင် ပင်ပန်းနွမ်းနယ်သည့် အရိပ်အယောင် လုံးဝ မတွေ့ရချေ။
မျက်နှာလေးက နုဖတ်နေပေမယ့် အတွင်းစိတ်ကတော့ တကယ့် ယောကျာ်းပီသပါပေတယ်။
လုဖေးသည် ယောက်ဖဖြစ်သူကို စိတ်ထဲတွင် လက်မထောင်ကာ ချီးကျူးလိုက်ပြီး ပြုံးရွှင်စွာ ပြောလိုက်လေသည်။
"နာရီဝက်လောက် နားပြီးရင် ခရီးဆက်ရအောင်။ ဒီနေရာနဲ့ ဖုန်းချန်မြို့က မိုင် ၂၀၀ လောက် လိုသေးတယ်။ မြန်မြန်သွားရင် မနက်ဖြန် ညနေလောက်ဆို မြို့အပြင်ကို ရောက်လောက်တယ်"
လီကျင့်က မျက်ခုံးပင့်ကာ ပြုံးလိုက်လေသည်။
"ကောင်းပြီလေ။ ကျွန်တော်တို့ အရှိန်တင်ပြီး ချီတက်ကြမယ်။ ဖုန်းချန်မြို့က တပ်စောင့်တွေကို အရင်ဆုံး ခြိမ်းခြောက်လိုက်ရအောင်"
ဖုန်းချန်မြို့တွင် စစ်သည်အင်အား သိပ်မများလှဘဲ ၁သောင်းအောက်သာ ရှိလေသည်။ ထုံးစံအရဆိုလျှင် မြို့ကိုတိုက်ခိုက်မည့်သူသည် မြို့စောင့်တပ်ထက် အနည်းဆုံး ၂ဆ သာလွန်ရမည် ဖြစ်သည်။ ကံကောင်းသည်မှာ လီကျင့်နှင့် လုဖေးတို့က ရှေ့ပြေးတပ်အနေဖြင့် ဦးဆောင်လာခြင်း ဖြစ်သည်။ နောက်တွင် ရှင်းယန်တပ်သား (၅)သောင်းနှင့် ကျောက်မိသားစုတပ် ၅သောင်းလည်း လိုက်ပါလာကြသည်။ မြို့ကို သိမ်းပိုက်နိုင်မည်မှာ မလွဲဧကန်ပင် ဖြစ်၏။
ဒုတိယနေ့ ညနေခင်းတွင် မြင်းတပ်သား ၁သောင်းသည် ဖုန်းချန်မြို့အပြင်ဘက်သို့ ရောက်ရှိလာကြလေသည်။
ဖုန်းချန်မြို့၏ မြို့စောင့်စစ်သူကြီးမှာ အသက် ၄၀ကျော်အရွယ် စစ်သူကြီးတစ်ဦးဖြစ်ပြီး ယန်တိုင်းပြည် စစ်သူကြီးများထဲတွင် အရည်အချင်း သာမန်မျှသာ ရှိသူတစ်ဦး ဖြစ်သည်။ သို့မဟုတ်ပါကလည်း ယန်တိုင်းပြည် နယ်စပ်မြို့ကို စောင့်ကြပ်ရန် အပို့ခံရမည် မဟုတ်ပေ။
ရှင်းယန်တပ်က မိုးကြိုးပစ်သကဲ့သို့ လျင်မြန်သော အရှိန်အဟုန်ဖြင့် မြို့တစ်မြို့ကို သိမ်းပိုက်လိုက်ကြောင်း သတင်းကို စစ်သူကြီးဝမ် စောစီးစွာကတည်းက ကြားသိထားပြီး ဖြစ်၏။ ယန်တိုင်းပြည် မြို့တော်သို့လည်း အကူအညီတောင်းခံစာကို အမြန်ဆုံး ပေးပို့ထားပြီး ဖြစ်သည်။
ယခုအချိန်တွင် စစ်ကူမရောက်လာသေးဘဲ ရှင်းယန်တပ်က အရင်ရောက်လာခဲ့သည်။
စစ်သူကြီးဝမ်သည် စစ်သည်များ၏ သတင်းပို့ချက်ကို ကြားရသောအခါ ကံဆိုးမိုးမှောင်ကျပြီဟု ညည်းတွားလိုက်ပြီး တစ်ခဏလေးပင် အချိန်မဆွဲရဲတော့ဘဲ မြို့တံခါးကို ပိတ်ရန် အမိန့်ပေးလိုက်တော့သည်။ မြို့စောင့်တပ်သားများ အားလုံးကိုလည်း မြို့တံခါးကို စောင့်ကြပ်ရန် ဆင့်ခေါ်လိုက်လေသည်။
စစ်သူကြီးဝမ် ကိုယ်တိုင် မြို့ရိုးပေါ်သို့ တက်ရောက်ပြီး အဝေးမှ ဒုန်းစိုင်းစီးလာသော ရှင်းယန်တပ်ကို လှမ်းမျှော်ကြည့်လိုက်လေသည်။
ရှင်းယန်တပ်သည် တစ်ယောက်လျှင် မြင်းနှစ်ကောင်ဖြင့် ဖုန်ထူအောင် နင်းချီလာကြသည်။ မြင်းအကောင်ရေသောင်းချီ ပြေးလွှားလာသဖြင့် မြေကြီးပင် တုန်ခါနေသယောင် ရှိ၏။ စစ်သူကြီးဝမ်၏ နှလုံးသားသည်လည်း လိုက်ပါတုန်ခါနေတော့သည်။
ဖုန်းချန်မြို့ကို စောင့်ကြပ်နေကြသော စစ်သည်များကို ကြည့်လိုက်သည့်အခါတွင်လည်း တပ်မတော်ကြီး၏ ဖိအားပေးမှုအောက်တွင် မျက်နှာများ ပျက်ယွင်းနေကြလေသည်။
...
အပိုင်း (၃၃၉) ရင့်ကျက်လာခြင်း
ဖုန်းချန်မြို့ကို တိုက်ခိုက်သိမ်းပိုက်ရန် ၃ ရက်သာ ကြာမြင့်ခဲ့လေသည်။
အိမ်ရှေ့စံမင်းသား ကိုယ်တိုင်ဦးဆောင်ကာ မြို့ကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်၏။ ၃ ရက်မြောက်နေ့တွင် မြို့တံခါး ပွင့်သွားခဲ့သည်။ ရှင်းယန်တပ်နှင့် ကျောက်မိသားစုတပ်များသည် အချိန်ကိုက် ရောက်ရှိလာကြပြီး မြို့ပြင်တွင် စစ်သည်အင်အား တစ်သိန်း တပ်စွဲထားသဖြင့် ဖုန်းချန်မြို့စောင့်တပ်မှာ စိတ်ဓာတ်ကျဆင်းသွားရတော့သည်။
စစ်သူကြီးဝမ် ကျဆုံးသွားပြီးနောက် လက်ကျန်မြို့စောင့်တပ်သား ထောင်ဂဏန်းခန့်မှာ လက်နက်ချ အရှုံးပေးလိုက်ကြသည်။
ဖုန်းချန်မြို့သူမြို့သားများသည် ထိတ်လန့်တကြား ငိုကြွေးကာ မြေပြင်ပေါ်တွင် ဒူးထောက်တောင်းပန်နေကြပြီး မြို့ပျက်ကာ အိမ်ရာမဲ့ရမည့်ကံကြမ္မာကို စောင့်ဆိုင်းနေကြလေသည်။
ဒါကလည်း စစ်ပွဲ၏ ထုံးစံတစ်ခုပင်။ စစ်နိုင်ပြီးနောက် မြို့လုံးကျွတ် သတ်ဖြတ်ခြင်းမပြုလုပ်လျှင်တောင် စစ်သည်များကို မြို့ထဲသို့ ဝင်ရောက်ကာ ရက်အနည်းငယ်ကြာ "မွှေနှောက်" ခွင့် ပြုထားတတ်သည်။ မီးရှို့၊ လူသတ်၊ လုယက်၊ မုဒိမ်းကျင့်ခြင်းများ ပြုလုပ်ကြစမြဲပင်။
ပြည်သူများသည် စစ်ပွဲဆိုလျှင် မျက်နှာပျက်သွားတတ်ကြသည်။ အကြောင်းမှာ စစ်နိုင်သည့် စစ်သည်များသည် ဓားပြများထက်ပင် ရက်စက်ကြမ်းကြုတ်တတ်သောကြောင့် ဖြစ်၏။
လုလင်းသည် စစ်စည်းကမ်း တင်းကျပ်သူအဖြစ် ကျော်ကြားပြီး စစ်သည်များကို အလွန်အမင်း ထိန်းချုပ်ထားလေသည်။ ရှင်းယန်တပ်သည် စစ်နိုင်ပြီးနောက် မြို့ထဲသို့ဝင်ရောက်ကာ လူသတ်ခြင်း၊ အမျိုးသမီးများကို စော်ကားခြင်းတို့ လုံးဝမပြုလုပ်ရပေ။
သို့သော် လုလင်းသည် စစ်သည်များကိုလည်း နစ်နာအောင် မလုပ်ပေ။ မြို့သိမ်းပိုက်ပြီးနောက် ဖုန်းချန်မြို့ ဘဏ္ဍာတိုက်ထဲမှ ပစ္စည်းများကို ထုတ်ယူကာ တစ်ဆသာ ယူထားပြီး ကျန်ကိုးဆကို စစ်သည်များ၏ စွမ်းဆောင်ရည်အလိုက် ခွဲဝေပေးလေသည်။
ထို့ကြောင့် ရှင်းယန်တပ်သည် စည်းလုံးညီညွတ်ကြပြီး စစ်စည်းကမ်းကို လိုက်နာကြသဖြင့် သာ့ဝေတိုင်းပြည်၏ အတော်ဆုံးတပ်မတော် ဖြစ်လာရခြင်း ဖြစ်၏။
ဒီတိုက်ပွဲတွင် လီကျင့်သည်လည်း တိုက်ရည်ခိုက်ရည်ရှိသူအဖြစ် နာမည်ရသွားခဲ့သည်။
ဂုဏ်သရေရှိသော အိမ်ရှေ့စံမင်းသားသည် စစ်သည်များ၏ နောက်ကွယ်တွင် ပုန်းအောင်းကာ အောင်မြင်မှုကို စောင့်ဆိုင်းနေခြင်းမပြုဘဲ တပ်ကို ဦးဆောင်ကာ တိုက်ပွဲဝင်ခဲ့သည်။ မြို့တံခါးပွင့်သွားသည့်အခါ မြို့ထဲသို့ ဦးဆောင်ဝင်ရောက်ပြီး စစ်သူကြီးဝမ်ကို ကိုယ်တိုင် သတ်ဖြတ်ကာ ခေါင်းဖြတ်ယူခဲ့လေသည်။
လီကျင့်ကိုယ်တိုင်လည်း ဒဏ်ရာအနည်းငယ် ရရှိခဲ့သည်။
ကံကောင်းသည်မှာ အရေပြားပွန်းပဲ့ရုံသာ ဖြစ်၏။ တပ်နှင့်အတူပါလာသော စစ်ဖက်သမားတော်က ချက်ချင်း ဆေးထည့်ပေးလေသည်။
လုဖေးသည် စိတ်မကောင်းဖြစ်နေပြီး လီကျင့်အနားတွင် စောင့်ရှောက်နေလိုသော်လည်း လီကျင့်က မောင်းထုတ်လိုက်လေသည်။
"ဒါက ဒဏ်ရာအသေးလေးပါ။ ရက်နည်းနည်းလောက် နားလိုက်ရင် ကောင်းသွားမှာ။ ဖုန်းချန်မြို့ကို သိမ်းပြီးပြီဆိုတော့ ဆက်လုပ်စရာတွေ အများကြီး ရှိသေးတယ်။ မင်း သွားလုပ်စရာရှိတာ သွားလုပ်တော့။ ငါ့နားမှာ လာစောင့်မနေနဲ့"
လုဖေးလည်း လက်ခံလိုက်ရတော့သည်။ မထွက်ခွာမီ သတိပေးစကား ပြောလိုက်သေး၏။
"အရှင်မင်းသား နောက်ဆိုရင် ဒီလောက် မမိုက်မဲပါနဲ့တော့"
လီကျင့်၏ မျက်နှာမှာ အနည်းငယ် ဖြူဖတ်နေသော်လည်း စိတ်ဓာတ်ကတော့ တက်ကြွနေဆဲပင်။
"စစ်တိုက်တာပဲ ဒဏ်ရာနည်းနည်းလောက် ရတာ ဘာဖြစ်လို့လဲ။ ဖုဟွမ်ဆိုရင် စစ်တိုက်ရင်း တစ်ကိုယ်လုံး ဒဏ်ရာတွေချည်းပဲ။ ငါက စစ်တိုက်မယ်လို့ ဆုံးဖြတ်ပြီးမှတော့ ဒဏ်ရာရမှာ မကြောက်ဘူး"
ခဏရပ်ပြီး သူက ဆက်ပြောလေသည်။
"ယွဲ့ဖုက မင်းကို ငါ့အနားမှာနေပြီး စောင့်ရှောက်ဖို့ မှာထားတာ ငါသိပါတယ်။ ဒါပေမဲ့ ငါက ကလေးပေါက်စလေးမှ မဟုတ်တာ။ အရာရာတိုင်းကို တခြားလူဆီမှာ မှီခိုနေလို့ ဘယ်ဖြစ်မလဲ။ ငါလိုချင်တာကို ငါ့ကိုယ်တိုင် ကြိုးစားပြီး ယူရမှာပေါ့"
လုဖေးသည် စိတ်လှုပ်ရှားသွားပြီး ခေါင်းညိတ်လိုက်လေသည်။ "ကောင်းပါပြီ"
လုဖေး ထွက်သွားမှ လီကျင့်သည် အံကြိတ်ပြီး ညည်းတွားလိုက်မိသည်။
အရေပြားပွန်းပဲ့ရုံ ဆိုသော်လည်း တော်တော်လေး နာတာပဲ။
ရှောင်ယွမ်သည် သခင်ဖြစ်သူအတွက် စိတ်မကောင်းဖြစ်ရသဖြင့် စိတ်ငြိမ်ဆေးရည် တစ်ခွက် ကျိုချက်လာပြီး တိုက်လေသည်။
"အရှင်မင်းသား ဒီဆေးရည်လေး သောက်ပြီး ကောင်းကောင်း အိပ်လိုက်ပါဦး"
လီကျင့်သည် ဆေးရည်သောက်ပြီးနောက် မကြာမီ အိပ်ပျော်သွားတော့သည်။
...
ပြန်နိုးလာချိန်တွင် နောက်တစ်နေ့ ညနေခင်းပင် ရောက်နေလေပြီ။
စစ်ဖက်သမားတော်သည် ဖွဖွလေး လှုပ်ရှားကာ လီကျင့်အတွက် ဆေးလဲပေးလေသည်။ ရှောင်ယွမ်က ဆန်ပြုတ်တစ်ခွက် ခွံ့ကျွေး၏။ လီကျင့်သည် စားသောက်ပြီးနောက် အားအင်ပြန်ပြည့်လာသဖြင့် လက်ဝဲတပ်မှူးကို မေးလိုက်လေသည်။
"မြို့ထဲမှာ အခြေအနေ ဘယ်လိုလဲ"
လက်ဝဲတပ်မှူး၏ မျက်လုံးထဲတွင် လေးစားမှုများ ပေါ်လွင်နေသည်။
"လုစစ်သူကြီးချုပ်က စစ်သည် တစ်သောင်းပဲ မြို့ထဲခေါ်သွားပြီး ကျန်တဲ့တပ်တွေကို မြို့ပြင်မှာပဲ တပ်စွဲခိုင်းထားပါတယ်။ ကြေညာချက်တွေ ထုတ်ပြန်ပြီး ပြည်သူတွေကို နှစ်သိမ့်ထားပါတယ်။ ဘဏ္ဍာတိုက်ကိုဖွင့်ပြီး ရွှေငွေနဲ့ စားနပ်ရိက္ခာတွေကို မြို့ပြင်က စစ်တပ်ဆီ ပို့ဆောင်ခိုင်းထားပါတယ်"
စစ်နိုင်ခြင်းက မထူးဆန်းသော်လည်း ရှုံးနိမ့်သွားသော ဖုန်းချန်မြို့ကို နှစ်ရက်အတွင်း တည်ငြိမ်အောင် လုပ်နိုင်ခြင်းက အံ့သြစရာ ကောင်းလှပေသည်။
လီကျင့်၏ မျက်ဝန်းထဲတွင် ချီးကျူးသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
"ယွဲ့ဖုက စစ်တိုက်တော်ရုံတင်မကဘူး။ ပြည်သူတွေကိုလည်း ကြင်နာတတ်သေးတယ်"
ဒီလို လုလင်းမျိုးကမှ သာ့ဝေတိုင်းပြည်၏ အတော်ဆုံးစစ်သူကြီးဟူသော ဂုဏ်ပုဒ်နှင့် ထိုက်တန်ပေသည်။
ဒီလို ကြင်နာတတ်သည့် ဂုဏ်သတင်းကြောင့် ယန်တိုင်းပြည်၏ အခြားမြို့များကို ဆက်လက်တိုက်ခိုက်ရာတွင် အကျိုးကျေးဇူးများစွာ ရရှိစေနိုင်သည်။ ရှင်းယန်တပ်က မြို့ကို သိမ်းပိုက်ပြီးနောက် လူတွေကို မသတ်ဖြတ်မှန်း ပြည်သူတွေ သိသွားရင် ပြင်းပြင်းထန်ထန် ခုခံတော့မှာ မဟုတ်ဘူး။ ယန်တိုင်းပြည် စစ်သည်တွေတောင် သေချာပေါက် တိုက်ခိုက်လိုစိတ် ရှိတော့မှာ မဟုတ်ဘူး။
ယခင်ဘဝကလည်း ဒီအတိုင်းပင် ဖြစ်ခဲ့သည်။ လုလင်းသည် ယန်တိုင်းပြည်ကို တစ်မြို့ပြီးတစ်မြို့ တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ နောက်ပိုင်းတွင် အလိုအလျောက် လက်နက်ချသည့် မြို့များပင် ရှိလာခဲ့သည်။
ဝမ်းနည်းစရာကောင်းသည်မှာ ယန်တိုင်းပြည် စစ်သူကြီးတစ်ဦး၏ ဟန်ဆောင်လက်နက်ချမှုကို ယုံကြည်မိပြီး ထောင်ချောက်ထဲသို့ ဝင်မိကာ လုလင်းသည် မြားဒဏ်များဖြင့် သေဆုံးခဲ့ရခြင်း ဖြစ်သည်။
ထိုကောက်ကျစ်စဉ်းလဲသော ယန်စစ်သူကြီး၏ နာမည်မှာ ယန်ထော် ဖြစ်၏။ သူ စောင့်ကြပ်နေသည့် မြို့မှာ လျန်ချန်မြို့ ဖြစ်ပြီး ယန်တိုင်းပြည်၏ မြို့ကြီး ၆မြို့အနက် တစ်မြို့ အပါအဝင် ဖြစ်သည်။ ဒီအတိုင်း ဆက်တိုက်သွားမည်ဆိုလျှင် အနည်းဆုံး တစ်နှစ်ခွဲလောက်ကြာမှ အဲ့ဒီမြို့ကို ရောက်နိုင်မည်။
အဲ့ဒီအချိန်ကျရင် ယန်ထော်ကို အရင်ဆုံး သတ်ပစ်ရမယ်။
လီကျင့်သည် စိတ်ထဲတွင် ဆုံးဖြတ်ချက်ချလိုက်ပြီး သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်လေသည်။
ထိုအချိန်မှာပင် တံခါးဝမှ ရင်းနှီးနေသော ခြေသံကို ကြားလိုက်ရသည်။
လီကျင့် မော့ကြည့်လိုက်ရာ ယောက္ခမဖြစ်သူ အခန်းထဲသို့ လျှောက်ဝင်လာသည်ကို တွေ့လိုက်ရသည်။ လုလင်းသည် လီကျင့်ကို တစ်ချက် အကဲခတ်ကြည့်လိုက်ပြီး ဒဏ်ရာ သိပ်မပြင်းထန်ကြောင်း သေချာမှ သက်ပြင်းချလိုက်လေသည်။
"အရှင်မင်းသား အခု ဘယ်လိုနေသေးလဲ"
လီကျင့်က ပြုံးကာ ဖြေလိုက်သည်။
"အစကတော့ နည်းနည်း နာနေသေးတယ်။ ယွဲ့ဖု ရောက်လာတာနဲ့ လုံးဝ မနာတော့ဘူး"
ကလေးလို ချွဲနေပါလား။
လုလင်းက ရယ်မောလိုက်မိ၏။
" ကျွန်တော့်အပြစ်ပါ။ လာတာ နည်းနည်း နောက်ကျသွားတယ်။ မနေ့ကတည်းက လာကြည့်သင့်တာ"
လုလင်းသည် စစ်သူကြီးချုပ်ဖြစ်ရာ လုပ်စရာကိစ္စတွေ အများကြီး ရှိနေသည်။ မနေ့က မြို့သိမ်းပြီးနောက် တပ်မတော်ကို ဦးဆောင်ပြီး မြို့ထဲဝင်ကာ အခြေအနေကို ထိန်းသိမ်းရင်း တစ်ညလုံး မအိပ်ခဲ့ရပေ။ ယခုအချိန်ထိ မျက်လုံးထဲတွင် သွေးကြောများ ယှက်သန်းနေဆဲပင်။
လီကျင့်သည် ပင်ပန်းနေသော ယောက္ခမကို ကြည့်ရင်း စိတ်မကောင်းဖြစ်သွားသည်။
"ယွဲ့ဖု တစ်ညလုံး မအိပ်ရသေးဘူးမလား။ မျက်လုံးတွေလည်း နီရဲနေပြီ။ အားတဲ့အချိန်လေး နည်းနည်းလောက် အိပ်လိုက်ပါဦး။ ကျွန်တော့်ဆီတောင် လာကြည့်သေးတယ်"
လုလင်းက ဂရုမစိုက်ဘဲ ပြောလိုက်လေသည်။
"စစ်တိုက်နေတဲ့အချိန်ဆိုရင် ၂ ရက် ၃ ရက် မအိပ်တာက ပုံမှန်ပါပဲ။ ဒါလောက်လေး ပင်ပန်းတာ ဘာမှ မဟုတ်ပါဘူး"
ထို့နောက် လီကျင့်ကို ချီးကျူးလိုက်လေသည်။
"အရှင်မင်းသားက ပထမဆုံးအကြိမ် တပ်ကို ဦးဆောင်တိုက်ခိုက်တာတောင် မကြောက်မလန့်ဘဲ သေသေချာချာ လုပ်နိုင်တယ်။ ဒီလောက်မြန်မြန် ဖုန်းချန်မြို့ကို သိမ်းနိုင်တာ အရှင်မင်းသားရဲ့ အကျိုးဆောင်မှုအများဆုံးပဲ"
လီကျင့်သည် ဒဏ်ရာမရသော ဘယ်လက်ဖြင့် မျက်နှာကိုအုပ်ကာ ရှက်သလို လုပ်ပြလိုက်လေသည်။
"ယွဲ့ဖု ဒီလောက်ကြီး ချီးကျူးနေတော့ ကျွန်တော် ရှက်လာပြီ"
လုလင်း သဘောကျကာ ရယ်မောလိုက်ပြီး မကြာမီ လေးနက်သော မျက်နှာထားဖြင့် ပြန်ပြောလိုက်သည်။
"အရှင်မင်းသား လုဖေးကို ပြောလိုက်တဲ့စကားတွေကို သူ ကျွန်တော့်ကို ပြန်ပြောပြပါတယ်။ အရှင်မင်းသားရဲ့ စေတနာကို ကျွန်တော် သိပါတယ်။ သူများရဲ့ အကျိုးဆောင်မှုကို မလိုချင်တာ၊ မခွဲယူချင်တာ သိပါတယ်။ ဒါပေမဲ့ အရှင်မင်းသားရဲ့ လုံခြုံရေးကိုတော့ ဦးစားပေးသင့်ပါတယ်"
"စစ်မြေပြင်မှာက ဓားတွေလှံတွေက မျက်စိမပါဘူး။ မြားတွေကလည်း ပျံဝဲနေတာ။ ဆော့ကစားလို့ရတဲ့ နေရာ မဟုတ်ဘူး။ အရှင်မင်းသား နောက်ဆိုရင် ဒီလောက် မမိုက်မဲပါနဲ့တော့"
လီကျင့်လည်း အပြုံးကို ရုပ်သိမ်းလိုက်ပြီး လေးနက်စွာ ပြောလိုက်လေသည်။ "ကျွန်တော် အန္တရာယ်ကင်းကင်းနဲ့ မြို့တော်ကို ပြန်လာမယ်လို့ ရှောင်ယွိကို ကတိပေးထားပါတယ်။ ကျွန်တော့်အသက်ကို ဘယ်သူ့ထက်မဆို ပိုတန်ဖိုးထားပါတယ်"
"စစ်မြေပြင်မှာ အသက်ကို တန်ဖိုးထားလို့ရပေမယ့် သူရဲဘောကြောင်လို့တော့ မရပါဘူး။ အမြဲတမ်း သူများနောက်ကျောမှာ ပုန်းနေပြီး အောင်ပွဲခံဖို့ စောင့်နေမယ်ဆိုရင် ကျွန်တော် ဘာလို့များ စစ်တိုက်ထွက်လာဦးမှာလဲ။ မြို့တော်မှာ နေခဲ့တာက ပိုအေးဆေးတာပေါ့"
"ယွဲ့ဖု စိတ်ချပါ။ ကျွန်တော် အဆိုးအကောင်း နားလည်ပါတယ်။ တကယ်လို့ မနိုင်တော့ဘူးဆိုရင် အလကားနေရင်း အသေခံမှာ မဟုတ်ပါဘူး"
နုပျိုချောမောသော မျက်နှာလေးသည် စစ်မြေပြင်၏ အခက်အခဲများကို ဖြတ်သန်းပြီးနောက် ယောကျာ်းပီသသော ရင့်ကျက်မှုနှင့် စူးရှထက်မြက်မှုတို့ ပေါ်လွင်လာခဲ့သည်။
ဒါမှ သာ့ဝေတိုင်းပြည်ရဲ့ အိမ်ရှေ့စံမင်းသား ပီသတာ။
စစ်တိုက်ရမှာ ကြောက်နေတဲ့ ပျော့ညံ့သူတစ်ယောက်က သာ့ဝေတိုင်းပြည်ရဲ့ ထီးနန်းကို ဘယ်လို ဆက်ခံနိုင်မှာလဲ။ အိမ်ရှေ့စံနေရာမှာ ဘယ်လို မြဲနိုင်မှာလဲ။
လုလင်း၏ ရင်ထဲတွင် သဘောကျနှစ်သက်မှုများ ပြည့်နှက်သွားပြီး မျက်ဝန်းထဲတွင် အပြုံးရိပ်များ သန်းလာခဲ့သည်။
"အရှင်မင်းသား ပြောတာ ကောင်းလိုက်တာ။ ဒီလိုထိုက်ဇီ ရှိနေတာ သာ့ဝေတိုင်းပြည်ရဲ့ ကံကောင်းခြင်းပါပဲ။ ပြည်သူတွေရဲ့ ကံကောင်းခြင်းပါပဲ"
ဒါပေမဲ့ ဂရုစိုက်သင့်တာတော့ ဂရုစိုက်ရမှာပဲ။
လုလင်းက ဆက်ပြောလိုက်သည်။ "ကျွန်တော် အရှင်မင်းသားအတွက် ကိုယ်ရံတော် ၁၀၀ ပို့ပေးလိုက်မယ်။ သူတို့က စစ်တိုက်ကျွမ်းကျင်တဲ့ ဝါရင့်စစ်သည်တွေပါ"
လီကျင့်သည် မငြင်းဆန်တော့ဘဲ ယောက္ခမကို ပြုံးပြုံးလေး ကျေးဇူးတင်လိုက်တော့သည်။
...