← Chapters

အခန်း (၃၄၀-၃၄၂)

Vol. 23 Ch. 340-342

အခန်း (၃၄၀-၃၄၂)

Vol. 23 Ch. 340-342

အပိုင်း (၃၄၀) မျက်နှာပြောင်ခြင်း (၁)

ရှင်းယန်တပ်သည် ဖုန်းချန်မြို့ကို သိမ်းပိုက်လိုက်ပြီး နောက်ထပ် အောင်ပွဲတစ်ခု ရရှိလိုက်လေသည်။

ဖူယန်မြို့စားသည် ကျောက်မိသားစုတပ်ကို ဦးဆောင်၍ နောက်ကျသွားခဲ့သဖြင့် ပထမဆုံးအောင်ပွဲကို လက်လွတ်ခဲ့ရသည်။ သို့သော် ရွှေငွေနှင့် ရိက္ခာများကို ခွဲဝေသည့်အခါတွင်တော့ အားနာခြင်းမရှိဘဲ တစ်ဝက်အတိအကျ ယူလေသည်။

ဤကဲ့သို့ မျက်နှာပြောင်သည့် လုပ်ရပ်မျိုးကို မြင်ရခြင်းမှာ အံ့သြစရာကောင်းလှပေသည်။

လီဟောက်သည်လည်း ပထမဦးဆုံးအကြိမ် စစ်ထွက်ခြင်းဖြစ်ရာ မူလက ပြင်းထန်သော တိုက်ပွဲများ၊ အသက်အန္တရာယ်ကြားမှ စွန့်စားမှုများနှင့် ကြီးကျယ်ခမ်းနားသော အောင်မြင်မှုများကို စိတ်ကူးယဉ်ထားခဲ့သည်။ သို့သော် လက်တွေ့တွင်တော့ ရှင်းယန်တပ်၏ နောက်မှလိုက်ကာ အောင်ပွဲကို ကောက်ယူရုံသာ ဖြစ်နေခဲ့ရာ မျှော်လင့်ချက်နှင့် လက်တွေ့ကွာခြားချက်မှာ ကြီးမားလှပေသည်။

လီဟောက်သည် သည်းမခံနိုင်တော့ဘဲ ဖူယန်မြို့စား၏ စစ်တဲသို့ သွားရောက်ခဲ့လေသည်။

"ဦးလေး" လီဟောက်သည် သီးသန့်တွေ့ဆုံချိန်တွင် ဦးလေးဟု ခေါ်ဝေါ်ကာ ရင်းနှီးမှုကို ပြသလိုက်သည်။ "ဒီတစ်ခေါက် စစ်ထွက်တာ ရှင်းယန်တပ်က အမြဲတမ်း ရှေ့ကနေ ဦးဆောင်နေတယ်။ ကျောက်မိသားစုတပ်က တိုက်ပွဲငယ်လေးတွေပဲ တိုက်ရတယ်။ တချို့စစ်သည်တွေဆို ဓားတောင် မဆွဲရသေးဘူး။ ကျွန်တော့်အမြင်အရ နောက်တစ်ခါ မြို့သိမ်းတိုက်ပွဲကျရင် ကျွန်တော်တို့က ဦးအောင် တိုက်သင့်တယ်"

ဖူယန်မြို့စားက မထီမဲ့မြင် ပြုံးလိုက်ပြီး လီဟောက်ကို တစ်ချက်ကြည့်လိုက်သည်။

"ဘာဖြစ်လို့လဲ။ ထိုက်ဇီ အောင်မြင်မှုရနေတာကို မနာလိုဖြစ်နေတာလား"

လီဟောက် "..."

ဒီဖူယန်မြို့စားက ပုံမှန်အချိန်ဆိုလျှင် ရယ်မောပေါ့ပါးနေတတ်သော်လည်း တကယ်တမ်းတွင် ဉာဏ်အလွန်များပြီး အရာအားလုံးကို ရှင်းလင်းစွာ မြင်နိုင်သူ ဖြစ်လေသည်။

လူငယ်များသည် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူတတ်ကြပြီး မျက်နှာမပြောင်တတ်ကြပေ။ လီဟောက်သည် မိမိ၏ အတွင်းစိတ်ကို အမြင်ခံလိုက်ရသဖြင့် နားရွက်များ ပူထူသွားပြီး ချောင်းတစ်ချက်ဟန့်ကာ ပြောလိုက်သည်။

"ကျွန်တော် အာ့ကောနဲ့ ပြိုင်ဆိုင်လိုစိတ် မရှိပါဘူး။ ဦးလေး အထင်လွဲနေပါပြီ"

"မရှိရင် ပြီးတာပါပဲ" ဖူယန်မြို့စားသည် ရှားရှားပါးပါး ဦးလေးတစ်ယောက်၏ ပုံစံဖြင့် အပြုံးကို ရုပ်သိမ်းကာ တူတော်မောင်ကို လေးနက်စွာ ဆုံးမလေသည်။

"ထိုက်ဇီက အစက တိုင်းပြည်ကို စောင့်ရှောက်ဖို့ မြို့တော်မှာ နေခဲ့သင့်တာ။ ဒါပေမဲ့ စစ်မြေပြင်ကို တမင်တကာ ရောက်လာတယ်ဆိုတာ ဘာအတွက်လဲ။ အောင်ပွဲရချင်လို့၊ ဂုဏ်ယူစရာ လုပ်ချင်လို့ပဲ မဟုတ်လား။ သူက သာ့ဝေတိုင်းပြည်ရဲ့ ထိုက်ဇီလေ။ နောင်တစ်ချိန်ကျရင် တိုင်းပြည်တစ်ခုလုံးက သူ့ပိုင်ဆိုင်မှု ဖြစ်လာမှာ။ သူက အသက်စွန့်ပြီး သွေးထွက်သံယို ခံစားသင့်တာပေါ့"

"မင်းက ထိုက်ဇီနဲ့ ဘာလိုက်ပြိုင်စရာ ရှိလို့လဲ။ မင်းက မိဖုရားငယ်က မွေးတဲ့ သားတော်ပဲ။ နောင်တစ်ချိန်ကျရင် နယ်စားမင်းအဖြစ်နဲ့ တစ်သက်လုံး စည်းစိမ်ခံစားရမှာ။ မင်းက ရှေ့တန်းထွက်ပြီး တိုက်ခိုက်၊ ကြီးကျယ်တဲ့ အောင်ပွဲတွေ ရယူလိုက်ရင် ထိုက်ဇီက မင်းကို သံသယဝင်လာအောင် လုပ်ချင်လို့လား"

"နောင်တစ်ချိန် အေးအေးချမ်းချမ်း နေချင်ရင် အခုအချိန်မှာ ခေါင်းငုံ့နေတာ အကောင်းဆုံးပဲ"

လီဟောက် "..."

ဒီလိုစကားမျိုးကို ရည်မှန်းချက်ကြီးပြီး သွေးဆာနေသည့် လူငယ်တစ်ယောက်အနေဖြင့် လက်ခံနိုင်ရန် ခက်ခဲလှပေသည်။

လီဟောက်သည် အသက်ပြင်းပြင်း ရှူလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ "ဦးလေး ပြောတာက ကျွန်တော့်ကောင်းကျိုးအတွက် ဆိုတာ ကျွန်တော် သိပါတယ်။ ဦးလေးရဲ့ စေတနာကို ကျွန်တော် လက်ခံပါတယ်။ ဒါပေမဲ့ ကျွန်တော် လိုချင်တာက အစွမ်းအစကို ဖုံးကွယ်ထားပြီး သူများနောက်ကနေ အောင်ပွဲကို ကောက်ယူချင်တာ မဟုတ်ပါဘူး။ ကျွန်တော်လည်း တပ်ကို ဦးဆောင်ပြီး ယန်တိုင်းပြည်ရဲ့ မြို့တွေကို တိုက်ခိုက်ချင်ပါတယ်"

"ဒီတိုင်းပြည်က ဖုဟွမ် ပိုင်ဆိုင်တာပါ။ ကျွန်တော်က ဖုဟွမ်ရဲ့ သားတော်၊ လီမိသားစုရဲ့ သားယောက်ျားတစ်ယောက် ဖြစ်တဲ့အတွက် တိုင်းပြည်အတွက် အားထုတ်သင့်ပါတယ်။ သွေးထွက်သံယို ခံစားရမယ်ဆိုရင်တောင် လီဟောက်ဆိုတဲ့ ကျွန်တော့်နာမည် ပါသင့်ပါတယ်"

ဒီလို စိတ်ဓာတ်တက်ကြွပြီး ရဲရင့်သည့် စကားများက ဖူယန်မြို့စားကို စိတ်လှုပ်ရှားအောင် မလုပ်နိုင်ခဲ့ပေ။

ဖူယန်မြို့စားက ဟားတိုက် ရယ်မောလိုက်သည်။ "လူငယ်တွေမှာ စိတ်ဓာတ်တက်ကြွတာ ကောင်းပါတယ်။ ဒါပေမဲ့ အခုအခြေအနေက ကောင်းနေတယ်လို့ ငါထင်တယ်။ စစ်တိုက်ဖို့ မလောပါနဲ့ဦး"

ဖူယန်မြို့စားက မလောသော်လည်း လီဟောက်က လောနေလေသည်။ စိတ်လောလာသည့်အခါ လေသံက အနည်းငယ် မာထန်လာတော့သည်။

"လူတိုင်းက ပြောကြတယ်။ ရှင်းယန်တပ်က သာ့ဝေတိုင်းပြည်ရဲ့ အတော်ဆုံးတပ်၊ ရှင်းယန်ဝမ်က သာ့ဝေတိုင်းပြည်ရဲ့ အတော်ဆုံး စစ်သူကြီးတဲ့။ မုန့်မိသားစုတပ်ကလည်း တိုက်ပွဲပေါင်းများစွာ တိုက်ခိုက်ခဲ့ဖူးပြီး ကျောက်မိသားစုတပ်ထက် သာလွန်တယ်တဲ့။ ဦးလေးက တတိယနေရာမှာ နေရတာ ကျေနပ်နေတာလား"

ဖူယန်မြို့စားက ထပ်မံ ရယ်မောလိုက်ပြန်သည်။ "ဒါက အမှန်တရားပဲလေ။ မကျေနပ်စရာ ဘာရှိလို့လဲ။ ရှင်းယန်တပ်က ရှေ့က တိုက်ပေးတယ်။ ငါက နောက်ကလိုက်ပြီး အကျိုးအမြတ် ခံစားရတယ်။ ငွေတွေခွဲယူ၊ အသားတွေစားရတာ ဘာမှ မလျော့ပါဘူး။ ငါက ဘာကိစ္စ စိတ်လောရမှာလဲ"

လီဟောက် "..."

ဖူယန်မြို့စားသည် လီဟောက်၏ ပခုံးကို ပုတ်ကာ စိတ်ရှည်လက်ရှည် ဆုံးမလေသည်။

"လူငယ်တွေ သွေးဆူတာ ကောင်းပါတယ်။ ဒါပေမဲ့ စစ်တိုက်တယ်ဆိုတာ ဆော့ကစားတာ မဟုတ်ဘူး။ လူ့အသက်တွေနဲ့ ရင်းရတာ"

"မင်းက ရှင်းယန်တပ်ရဲ့ စွမ်းရည်ကိုပဲ မြင်ပြီး ရှင်းယန်တပ်ရဲ့ အသေအပျောက် များတာကို မသိဘူး။ တိုက်ပွဲပြီးတိုင်း ရှင်းယန်တပ်က စစ်သည်အသစ်တွေ အများကြီး ပြန်ခေါ်ရတယ်။ စစ်သည်အသစ်တွေကို သေမင်းကို မကြောက်တဲ့ စစ်သည်တော်တွေ ဖြစ်လာအောင် လေ့ကျင့်ပေးရတာ အချိန်နဲ့ လုပ်အား ဘယ်လောက် ပေးရလဲ မင်း မသိဘူး။ ဒါကြောင့် ရှင်းယန်တပ်က တစ်နှစ်ပတ်လုံး လေ့ကျင့်နေရတာ။ ရှင်းယန်ဝမ်ဆိုရင် နေ့တိုင်း အလုပ်ရှုပ်နေတာ နားချိန်တောင် မရှိဘူး။ နောက်မိန်းမ ယူဖို့တောင် အချိန်မရှိဘူး။ နေ့တိုင်း တပ်ထဲမှာပဲ နေရတာ"

"မင်းဦးလေး ငါကတော့ ရှင်းယန်ဝမ်လောက် အရည်အချင်း မရှိဘူးလို့ ကိုယ့်ကိုယ်ကိုယ် သိတယ်။ ဒါကြောင့် မနိုင်ဝန်ကို မထမ်းဘူး။ မင်းက ကျောက်မိသားစုတပ်ရဲ့ စစ်ဆေးရေးမှူး ဖြစ်လာမှတော့ အမြန်ဆုံး အသားကျအောင် လုပ်ရမှာပေါ့"

အသားကျရမတဲ့လား။

သေမှာကြောက်ပြီး စစ်တိုက်ရမှာ ကြောက်တာကို ဒီလောက်တောင် ကောင်းကောင်းမွန်မွန် ပြောတတ်သေးတယ်။ မျက်နှာပြောင်လိုက်တာ လွန်ပါရော။

လီဟောက်၏ လည်ချောင်းထဲတွင် သွေးစတစ်လုပ် ဆို့တက်လာသကဲ့သို့ ခံစားလိုက်ရပြီး အတော်ကြာမှ စကားတစ်ခွန်း ညှစ်ထုတ်လိုက်ရသည်။

"ဦးလေး ပြောတာ မှန်ပါတယ်။ ကျွန်တော့်မှာ လုပ်စရာ ရှိသေးလို့ ဦးလေးကို မနှောင့်ယှက်တော့ပါဘူး။ စစ်တဲကို ပြန်လိုက်ပါဦးမယ်"

ဖူယန်မြို့စားက ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။ လီဟောက် ထွက်သွားမှ ဖူယန်မြို့စားက သက်ပြင်းချလိုက်လေသည်။

ငယ်ပါသေးတယ်။ လီဟောက်က အောင်မြင်မှု ရချင်စိတ်ပဲ ရှိတယ်။ အောင်မြင်မှုတိုင်းရဲ့ နောက်ကွယ်မှာ အရိုးတောင်ပုံရာပုံ ရှိနေတာကို မစဉ်းစားမိဘူး။

ရှင်းယန်ဝမ်က ဒီလောက် အသက်စွန့်ပြီး ကြိုးစားနေတာက သူ့သမီးက ထိုက်ဇီရဲ့ ကြင်ရာတော် ဖြစ်နေလို့လေ။ သာ့ဝေတိုင်းပြည်က နောင်တစ်ချိန်ကျရင် ထိုက်ဇီ ပိုင်ဆိုင်မှာ။ လုမိသားစုအတွက်လည်း တစ်ဝက် ပါနေတာပေါ့။

သူ့လို ဖူယန်မြို့စားက ဘာကိစ္စ လိုက်ပြီး အသက်စွန့်ရမှာလဲ။

လီဟောက်မပြောနဲ့။ သူ့သမီးရဲ့ယောက်ျား၊ စတုတ္ထမင်းသား လီရှန် လာရင်တောင် သူက ဒီလောက်ကြီး အားစိုက်ထုတ်မှာ မဟုတ်ဘူး။ ကိုယ့်အင်အားကို ထိန်းသိမ်းထားတာကမှ အမှန်ကန်ဆုံးပဲ။

ယန်တိုင်းပြည်ရဲ့ ပင်မတပ်မတော် မရောက်လာသေးဘူး။ တကယ့်တိုက်ပွဲကြမ်းတွေ မစသေးဘူး။ နောက်ဆိုရင် အသက်လုပြီး တိုက်ရမယ့် တိုက်ပွဲတွေ အများကြီး လာဦးမှာ ။

ထိုအချိန်တွင် ကိုယ်ရံတော်တစ်ဦး ဝင်ရောက်လာပြီး ပြုံးရွှင်စွာ လျှောက်တင်လေသည်။

"ဟိုရယ်... ရှင်းယန်ဝမ်က စစ်သူကြီးလုဖေးကို ပစ္စည်းလာပို့ခိုင်းပါတယ်"

လုဖေးသည် ယခုအခါ အဆင့်၄ စစ်သူကြီး ဖြစ်နေပြီဖြစ်ရာ တပ်ထဲတွင် စစ်သူကြီးလုဖေးဟု ခေါ်ဝေါ်ကြလေသည်။

ဖူယန်မြို့စားသည် စစ်နိုင်ပစ္စည်းများ ရောက်လာပြီဟု ကြားလိုက်သည်နှင့် မျက်နှာတစ်ခုလုံး ဝင်းပသွားတော့သည်။

"ကောင်းပြီ ကောင်းပြီ။ စစ်သူကြီးလုဖေးကို အမြန်ဆုံး ဝင်ခိုင်းလိုက်"

မကြာမီ သံချပ်ကာဝတ်ဆင်ထားသော လုဖေးသည် စစ်တဲထဲသို့ ဝင်ရောက်လာလေသည်။

လုဖေးသည် ခန့်ညားထည်ဝါပြီး မျက်ဝန်းများ တောက်ပနေလေသည်။ သူက လက်ယှက်ကာ ပြုံး၍ ပြောလိုက်သည်။

"စစ်သူကြီးချုပ်ကျောက်... ကျွန်တော်မျိုး အမိန့်အရ ရောက်လာပါပြီ။ ဒီနေ့ စစ်သူကြီးချုပ်လုက ဖုန်းချန်မြို့ စစ်တပ်စခန်းကနေ ရွှေငွေသေတ္တာ ဆယ်ချီ သိမ်းဆည်းရမိပါတယ်။ ကျွန်တော်မျိုးက တစ်ဝက်ကို လာပို့တာပါ"

ဖူယန်မြို့စားသည် ပျော်ရွှင်မှုကြောင့် မျက်ခုံးများ ပင့်တက်သွားပြီး အလွန် ရင်းနှီးဖော်ရွေစွာ ရယ်မောလိုက်လေသည်။

"စစ်သူကြီးချုပ်လုကို ကျေးဇူးတင်ကြောင်း ပြောပေးပါဦး။ မင်း ရောက်တုန်းရောက်ခိုက် တစ်ခါတည်း ညစာစားပြီးမှ ပြန်ပါလား"

ကျောက်မိသားစုတပ်တွင် စစ်စည်းကမ်း သိပ်မတင်းကျပ်လှပေ။ စစ်မတိုက်ရသည့်အချိန်တွင် စစ်သူကြီးများသည် ရံဖန်ရံခါ တိတ်တဆိတ် အရက်သောက်လေ့ ရှိကြသည်။

လုဖေးက ပြုံးကာ ငြင်းပယ်လိုက်သည်။

"စစ်သူကြီးချုပ်ကျောက်ရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ တပ်ထဲမှာ လုပ်စရာတွေ များနေလို့ပါ။ ပြီးတော့ ထိုက်ဇီကလည်း ဒဏ်ရာရထားသေးတော့ ကျွန်တော် စောစောပြန်မှ ဖြစ်မှာပါ"

ဖူယန်မြို့စားက ချက်ချင်းပင် ထိုက်ဇီ၏ ကျန်းမာရေးအခြေအနေကို စိုးရိမ်တကြီး မေးမြန်းလေသည်။

"ထိုက်ဇီက ဒဏ်ရာအသေးစားလေးပဲ ရတာပါ။ ရက်နည်းနည်း နားလိုက်ရင် ကောင်းသွားပါလိမ့်မယ်" လုဖေးက ဖြေလိုက်သည်။ "စစ်သူကြီးချုပ်ကျောက် စိတ်မပူပါနဲ့"

ဖူယန်မြို့စားက သက်ပြင်းချလိုက်ပြီး ပြုံးကာ ပြောလိုက်သည်။

"ငါက စစ်သူကြီးချုပ်ဆိုတော့ တပ်စခန်းကနေ ခွာလို့ မရဘူး။ ငါ့ဆီမှာ ဒဏ်ရာပျောက်ဆေး ကောင်းကောင်းတွေ ရှိတယ်။ ထိုက်ဇီကို ပေးဖို့ မင်း ယူသွားလိုက်ပါ"

လုဖေးက ပြုံးကာ လက်ခံလိုက်လေသည်။

ယိဖု ပြောဖူးတယ်။ ဖူယန်မြို့စားက စစ်တိုက်တဲ့ အရည်အချင်း သာမန်ပဲ ရှိပေမယ့် သူများတွေ မမီနိုင်တဲ့ အားသာချက်တော့ ရှိတယ်။ ဥပမာ မျက်နှာ အရမ်းပြောင်တာမျိုးပေါ့။

ရှင်းယန်တပ်က ရှေ့ကနေ တိုက်ခိုက်နေချိန်မှာ ဖူယန်မြို့စားက စိတ်ရှည်လက်ရှည်နဲ့ နောက်ကနေ လိုက်လာပြီး လုယူခြင်းမပြုဘဲ နေနိုင်တယ်။ ဒါပေမဲ့ အကျိုးအမြတ် ခွဲဝေတဲ့အချိန်ကျတော့ တစ်ဝက်တောင်းဖို့ ဝန်မလေးပြန်ဘူး။

လုဖေးက စိတ်ထဲတွင် ကဲ့ရဲ့နေသည်ကို ဖူယန်မြို့စား မသိပေ။ သိလျှင်လည်း သူက ဂရုစိုက်မည် မဟုတ်ချေ။

လူငယ်တွေက အရမ်း စိတ်လိုက်မာန်ပါ လုပ်တတ်ကြတယ်။ စစ်မြေပြင်မှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နည်းကို အရင်ဆုံး သင်ယူရမယ်ဆိုတာ မသိကြဘူး။ ကိုယ့်ကိုယ်ကိုယ် စစ်နတ်ဘုရားလို့ ထင်နေတဲ့သူတွေက အရင်ဆုံး သေကြတာပဲ။

...

အပိုင်း (၃၄၁) မျက်နှာပြောင်တိုက်ခြင်း (၂)

လုဖေးသည် အမိန့်ပြန်ပေးရန် ပြန်ရောက်လာပြီး ယိဖုရှေ့မှောက်တွင် မကျေမနပ် ညည်းညူစကား အနည်းငယ် ပြောလိုက်လေသည်။ ".....ကျွန်တော်က ပစ္စည်းတွေ အများကြီး သွားပို့ပေးတာတောင် ဖူယန်မြို့စားက မျက်နှာပြောင်တိုက်ပြီး လက်ခံလိုက်သေးတယ်"

"ချီတက်တုန်းကလဲ လေးလေးကန်ကန်နဲ့။ ကျွန်တော်တို့ထက် မိုင်ပေါင်းဆယ်ချီ နောက်ကျနေခဲ့တာ။ တိုက်ပွဲဖြစ်တိုင်း ကျွန်တော်တို့ ရှင်းယန်တပ်ကပဲ ရှေ့ကသွားရတယ်။ မြို့ကိုသိမ်းပြီးတော့မှ သူက စစ်သည်တွေကို ဦးဆောင်ပြီး မြို့ထဲဝင်လာကာ အချောင်လာနှိုက်တော့တာပဲ"

"ပစ္စည်းတွေ ခွဲဝေတဲ့အခါကျတော့လဲ သူက အားမနာတမ်း တစ်ဝက်တိတိ လိုချင်နေသေးတယ်"

"လောကကြီးမှာ ဘယ်လိုလုပ် ဒီလိုလူမျိုး ရှိရတာလဲ"

လုလင်းက ပြုံးကာ လုဖေးကို တစ်ချက် စောင်းငဲ့ကြည့်လိုက်သည်။ "ဒါလေးနဲ့ပဲ ကြည့်မရဖြစ်နေပြီလား။ ဖူယန်မြို့စားက အနည်းဆုံးတော့ ခြေထောက်ကို လာမဆွဲထားတာကိုပဲ ကျေးဇူးတင်ရဦးမယ်။ တကယ်လို့သာ တိုက်လဲမတိုက်တတ်ဘဲ ခြေထောက်ပဲ လာဆွဲနေတဲ့လူနဲ့ တွေ့ရင် ဘယ်လိုလုပ်မလဲ"

လုဖေးမှာ ပြောစရာစကားမရှိဘဲ ဆွံ့အသွားတော့သည်။

လုလင်းက အပြုံးကို ရုပ်သိမ်းလိုက်ပြီး လေးနက်စွာ ဆုံးမလေတော့သည်။ "ကိစ္စတစ်ခုကို အပေါ်ယံပဲ ကြည့်လို့မရဘူး။ ဖူယန်မြို့စားက ဒီနေ့ဒီအချိန်ထိ ရပ်တည်နိုင်တာက တစ်ဝက်လောက်က မယ်တော်ကြီးကျောက်ကို မှီခိုထားရတာဆိုပေမဲ့ သူ့မှာလဲ အရည်အချင်းရှိလို့ပဲ"

ဘာစွမ်းရည်ရှိလို့လဲ။ မျက်နှာပြောင်တိုက်တာပဲ ရှိတာကို!

လုဖေးသည် စိတ်ထဲတွင် ကျိတ်ဆဲလိုက်သော်လည်း ထုတ်မပြောမိချေ။

လုလင်းသည် သူ့မျက်နှာကို ကြည့်ရုံဖြင့် သိလိုက်သဖြင့် ပြုံးကာ မွေးစားသား၏ ပခုံးကို ပုတ်လိုက်လေသည်။ "မင်းက ငယ်ပါသေးတယ်။ စစ်တပ်ထဲမှာပဲ နေသားကျနေပြီး စစ်တိုက်ဖို့ပဲ သိတာကိုး။ အမတ်တစ်ယောက်အနေနဲ့ ဘယ်လိုနေရမယ်ဆိုတာကို နားမလည်ဘူးပဲ"

"ဖူယန်မြို့စားက စစ်တိုက်တဲ့နေရာမှာ အရည်အချင်း မရှိပေမဲ့ အမတ်တစ်ယောက်အနေနဲ့ နေတတ်တဲ့နေရာမှာတော့ သာမန်လူတွေထက် အများကြီး သာလွန်တယ်။ အရှင်မင်းကြီးက သူ့ကို ယုံကြည်ပြီး အသုံးချချင်နေတာ။ သူ့ကို မြှောက်စားချင်နေတာလေ။ ငါက အားစိုက်ထုတ်ပြီး တိုက်ခိုက်ပေးလိုက်လို့ သူက တစ်ဝက်လောက် အချောင်လာနှိုက်သွားလဲ ကိစ္စမရှိပါဘူး။ ဒါက သူ့ရဲ့ စွမ်းရည်ပဲလေ"

ဖူယန်မြို့စားက ရှင်းရှင်းလင်းလင်းကြီးကို မျက်နှာပြောင်တိုက်တာဖြစ်ပြီး ပွင့်ပွင့်လင်းလင်းကြီးကို လူလည်ကျတာ ဖြစ်လေသည်။ ဒီလိုသဘောထားကလဲ လုလင်းကို သဘောထား ပြသလိုက်ခြင်းပင် ဖြစ်၏။ လုလင်းက ထိုက်ဇီအရှင်မင်းသားကို မြှောက်စားချင်နေမှတော့ ဖူယန်မြို့စားက အပြိုင်အဆိုင် လာပြီး အကျိုးဆောင်မှုယူနေမှာ မဟုတ်တော့ပေ။

ဒီလောက် ရှင်းလင်းပြတ်သားသည့် လူတစ်ယောက်ကို မင်းအနေနဲ့ မကြိုက်ရင်နေမယ်။ ဒါပေမဲ့ မုန်းလို့တော့ ရမှာမဟုတ်ဘူး။

လုဖေးက အတော်ကြာအောင် အောင့်ထားပြီးမှ စကားတစ်ခွန်းကို ညှစ်ထုတ်ပြောလိုက်လေသည်။ "ဘာပဲဖြစ်ဖြစ် ကျွန်တော် သူ့ကို မကြိုက်ဘူး"

လုလင်းက ရယ်မောလိုက်တော့သည်။ "သူက သာ့ဝေတိုင်းပြည်ရဲ့ ဖူယန်မြို့စားလေ။ မယ်တော်ကြီးရဲ့ တူတော်မောင်ဖြစ်ပြီး အရှင်မင်းကြီးရဲ့ ညီဝမ်းကွဲတော်စပ်သူပဲ။ မင်း ကြိုက်တာ မကြိုက်တာက ဘာအရေးကြီးလို့လဲ။ သူကတော့ ဒီအတိုင်းပဲ ဂုဏ်ရှိန်ကြီးမားနေမှာပဲလေ"

လုဖေး "....."

ဒါကမှ ဒေါသထွက်စရာ အကောင်းဆုံးအချက်ပဲ။

လုဖေးက စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းကို ကုတ်လိုက်မိသည်။

လုလင်းက ပြုံးကာ မွေးစားသားကို နှစ်သိမ့်လိုက်လေသည်။ "ထားလိုက်ပါတော့။ အများကြီး တွေးမနေပါနဲ့တော့။ လောလောဆယ် သာ့ဝေတိုင်းပြည်နဲ့ ယန်နိုင်ငံရဲ့ စစ်ပွဲက အခုမှစတာပဲ ရှိသေးတယ်။ ယန်နိုင်ငံက စစ်တပ်ကြီး ရောက်လာပြီဆိုရင် ဖူယန်မြို့စားက စစ်သည်မထုတ်ချင်လို့လဲ ရမှာမဟုတ်တော့ဘူး"

ဒါကလဲ ဟုတ်တာပဲ။

ယန်နိုင်ငံသည် မြို့နှစ်မြို့ဆက်တိုက် လက်လွတ်လိုက်ရသဖြင့် ယန်ဘုရင်က ဒေါသထွက်ကာ စစ်သည်များကို သေချာပေါက် စေလွှတ်တော့မည် ဖြစ်သည်။ နောက်ပိုင်းတွင် မြို့သိမ်းတိုက်ပွဲ ဆင်နွှဲရသည်မှာ အရင်လောက် လွယ်ကူတော့မည် မဟုတ်ချေ။

လုဖေးက ခေါင်းညိတ်လိုက်ပြီး ထပ်ပြောလိုက်ပြန်သည်။ "ထိုက်ဇီက ဒီတစ်ခေါက်မှာ ဦးဆောင်ပြီး အောင်ပွဲရယူနိုင်ခဲ့လို့ ယိဖုက မှတ်တမ်းစာအုပ်ထဲမှာ အကျိုးဆောင်မှုမှတ်တမ်းတင်ပေးထားပြီးပါပြီ။ နောက်ရက်နည်းနည်းလောက်ဆိုရင် အရှင်မင်းကြီးနဲ့ ရုံးတော်ဘက်ကလဲ စစ်အောင်နိုင်တဲ့ သတင်းကို ရရှိလောက်ပါပြီ"

လုလင်းက ခေါင်းအနည်းငယ် ညိတ်လိုက်သည်။ "အရှင်မင်းသားရဲ့ ဒဏ်ရာသက်သာသွားရင် တပ်ဖွဲ့ကို ဦးဆောင်ချင်တယ်ဆိုလဲ သူ့သဘောအတိုင်း လွှတ်ပေးလိုက်ပါ"

လုဖေးက ထိတ်လန့်သွားပြီး လုလင်းကို လှမ်းကြည့်လိုက်သည်။ "ယိဖု....."

"အရှင်မင်းသားက စွန်ရဲဖြစ်ချင်နေတာ။ သစ်ကိုင်းပေါ်က စာကလေး မလုပ်ချင်ဘူးလေ" လုလင်းက သက်ပြင်းတစ်ချက် ဖွဖွချလိုက်သည်။ "ဘယ်လိုပဲပြောပြော အရှင်မင်းသားမှာ တာဝန်ယူလိုစိတ်ရှိတာက ကောင်းတဲ့အရာပါပဲ။ ငါတို့က တောက်လျှောက် တားဆီးနေရင် ကောင်းမှာမဟုတ်ဘူး။ ငါက ကိုယ်ရံတော်တပ်သား ၁၀၀ ကို အရှင်မင်းသားဆီ လွှတ်လိုက်မယ်။ စစ်မြေပြင်ရောက်ရင် အရှင်မင်းသားရဲ့ အသက်အန္တရာယ်ကို ကာကွယ်ပေးလိုက်ရင် ရပြီလေ"

လူတစ်ယောက်က အခက်အခဲတွေကို မကြုံတွေ့ဘူးရင် ဘယ်လိုလုပ် ရင့်ကျက်ပြောင်းလဲလာနိုင်ပါ့မလဲ။

လီကျင့်မှာ ဒီလိုစိတ်ဓာတ်မျိုးရှိနေမှတော့ သူဆိုသည့် ယွဲ့ဖုတစ်ယောက်အနေနဲ့ ဖြည့်ဆည်းပေးသင့်သည်ပေါ့။

...

၃ရက် ကြာမြင့်ပြီးနောက်။

စစ်ဖက်သမားတော်သည် ထိုက်ဇီအရှင်မင်းသားအတွက် ဆေးလဲပေးရင်း ပြုံးကာ ပြောလိုက်လေသည်။ "အရှင်မင်းသားက ဒဏ်ရာအနည်းငယ်ပဲ ရတာပါ။ ရက်နည်းနည်းလောက် အနားယူလိုက်တော့ အနာဖေးတက်သွားပါပြီ။ နည်းနည်း ယားပါလိမ့်မယ်။ မကုတ်ပါနဲ့။ နောက်ထပ် ရက်နည်းနည်းလောက်ဆိုရင် လုံးဝပျောက်ကင်းသွားပါလိမ့်မယ်"

လီကျင့်က ပြုံးကာ ခေါင်းညိတ်လိုက်ပြီး စစ်ဖက်သမားတော်ကို ဆုချီးမြှင့်ရန် အမိန့်ပေးလိုက်သည်။

စစ်ဖက်သမားတော် ထွက်သွားပြီးနောက် ရှောင်ယွမ်က "အရှင်မင်းသား ဒဏ်ရာသက်သာသွားပြီဆိုတော့ ကျွန်တော်မျိုးလဲ စိတ်အေးရပါပြီ" ဟု သက်ပြင်းချလိုက်လေသည်။ ထို့နောက် အသံတိုးတိုးဖြင့် မေးလိုက်ပြန်သည်။ "အရှင်မင်းသား ဒဏ်ရာရတဲ့ကိစ္စကို ထိုက်ဇီဖေးနဲ့ မိဖုရားခေါင်ကြီးဆီ တကယ်ပဲ စာရေးပြီး မပြောပြတော့ဘူးလား"

လီကျင့်က စဉ်းစားမနေဘဲ ချက်ချင်း ပြန်ပြောလိုက်လေသည်။ "မလိုတော့ပါဘူး။ ဒီလောက် ဒဏ်ရာအသေးအမွှားလေးက ပျောက်တောင် ပျောက်နေပြီပဲ။ သူတို့ကို ပြောလိုက်ရင် သူတို့ကို စိတ်ပူပင်စေရုံပဲ ရှိမှာပါ"

အထူးသဖြင့် ချောင်မိဖုရားခေါင်သည် အတွေးများတတ်သူ ဖြစ်သဖြင့် သည်လိုကိစ္စမျိုးကို ခံနိုင်ရည် ရှိမည်မဟုတ်ပေ။

ရှောင်ယွမ်လဲ ဘာမှဆက်မပြောတော့ချေ။

ထိုအချိန်မှာပင် အတွင်းနန်းဆောင်ကုန်းကုန်းတစ်ယောက် ဝင်ရောက်လာပြီး လျှောက်တင်လေသည်။ "ထိုက်ဇီအရှင်မင်းသားကို လျှောက်တင်ပါတယ်.... တတိယမင်းသား ရောက်လာပြီး လာရောက် သတင်းမေးပါတယ်"

လီဟောက် ဘာလို့ ရောက်လာတာလဲ။

လီကျင့်၏ အပြုံးက အနည်းငယ် တန့်သွားပြီးနောက် ချက်ချင်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားကာ ပြောလိုက်လေသည်။ "သူ့ကို ဝင်ခိုင်းလိုက်ပါ"

ခဏအကြာတွင် လီဟောက် ဝင်ရောက်လာခဲ့လေသည်။ ညီအစ်ကိုနှစ်ယောက် စလုံးသည် မြို့တော်ကနေ အတူတူထွက်ခွာလာပြီး လမ်းကြောင်းတစ်ခုတည်းကို သွားလာခဲ့သော်ငြား ပြီးခဲ့သည့် လအနည်းငယ်အတွင်း လုံးဝ မတွေ့ဆုံဖြစ်ခဲ့ကြပေ။

ယနေ့ တွေ့ဆုံလိုက်ကြသည်နှင့် အချင်းချင်း အကဲခတ်ကြည့်လိုက်ကြရာ စိတ်ထဲတွင် ကိုယ်စီ အံ့အားသင့်သွားကြတော့သည်။

လီဟောက် အံ့သြသွားရသည်မှာ လီကျင့်သည် ပုံမှန်အချိန်၌ စာပေပညာရှင်ဆန်ပြီး သိမ်မွေ့သော်ငြား ယခုအချိန်တွင်တော့ စစ်မြေပြင်၌ လေ့ကျင့်ထားသဖြင့် ထက်မြက်သည့် အရှိန်အဝါများ ရှိနေခြင်းကြောင့်ပင်။ ဓားသွားကို အိမ်ထဲက ဆွဲထုတ်လိုက်သကဲ့သို့ ဖြစ်နေလေသည်။

လီကျင့် အံ့သြသွားရသည်မှာ လီဟောက်၏ မျက်နှာသည် အနည်းငယ် ညိုမဲနေပြီး စိတ်ဓာတ်တက်ကြွနေသည့် ပုံစံမျိုး လုံးဝမရှိဘဲ အတောင်ပံကျိုးနေသည့် စွန်ရဲတစ်ကောင်လို ဖြစ်နေခြင်းကြောင့်ပင်။

"အာ့ကော ဒဏ်ရာအနည်းငယ် ရထားတယ်လို့ ကြားပါတယ်။ ကျွန်တော့်စိတ်ထဲမှာ အမြဲတမ်း စိတ်ပူနေခဲ့တာ။ ဒီနေ့ အားလပ်တာနဲ့ပဲ မြို့ထဲဝင်လာပြီး အာ့ကောကို လာကြည့်တာပါ" လီဟောက်က တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်လေသည်။

ရှင်းယန်တပ်က ဖုန်းချန်မြို့ကို သိမ်းပိုက်လိုက်ပြီးနောက် လီကျင့်သည် စစ်သူကြီးဝမ်၏ အိမ်တွင်နေထိုင်ကာ ဒဏ်ရာကို ကုသနေခြင်း ဖြစ်သည်။

ဖူယန်မြို့စားကတော့ အလိုက်တသိပင် မြို့ပြင်တွင် တပ်စွဲထားလေသည်။

လီကျင့်က ပေါ့ပေါ့ပါးပါး ပြုံးလိုက်လေသည်။ "ငါ့ရဲ့ ဒဏ်ရာအသေးစားလေးက ပြောပလောက်စရာ မရှိပါဘူး။ စန်းတိက စိတ်ဒုက္ခခံပြီး မှတ်ထားပေးတာ ကျေးဇူးတင်ပါတယ်"

ညီအစ်ကိုနှစ်ယောက်သည် ဟိုမရောက်ဒီမရောက် စကားအနည်းငယ် ပြောလိုက်ကြပြီးနောက် မကြာခင်မှာပင် တိတ်ဆိတ်သွားကြတော့သည်။

တခြားသူများရှေ့တွင် ဟန်ဆောင်ကောင်း ဟန်ဆောင်နေနိုင်သော်ငြား ညီအစ်ကိုနှစ်ယောက် သီးသန့်ရှိနေချိန်မှာတော့ ပြောစရာစကား မရှိတော့ချေ။ ထူးဆန်းသည်မှာ ဒီလောက် အနေရခက်နေတာတောင် လီဟောက်က ထိုင်နေဆဲဖြစ်ပြီး ပြန်မသွားချေ။

လီကျင့်ကလဲ စိတ်ရှည်သည်းခံနိုင်စွမ်းရှိသူ ဖြစ်သဖြင့် လီဟောက်ကို ဒီအတိုင်း လွှတ်ထားလိုက်လေသည်။

ဘေးနားရှိ အတွင်းနန်းဆောင်ကုန်းကုန်းများမှာ အနေရခက်လွန်းသဖြင့် သခင်များအတွက် ဝင်ပြောပြီး အခြေအနေကို ထိန်းပေးချင်စိတ် ပေါက်လာတော့သည်။

အချိန်အတော်ကြာပြီးနောက် လီဟောက်က တိတ်ဆိတ်မှုကို ထပ်မံဖြိုခွင်းလိုက်ပြန်သည်။ "အာ့ကောက ဒဏ်ရာရတဲ့အကြောင်း မူဟုပ်နဲ့ အာ့စောင်တို့ကို စာရေးပြီး ပြောပြလိုက်သေးလား"

နောက်ဆုံးစကားလုံးနှစ်လုံးက အနည်းငယ် ပြောရခက်ခဲနေလေသည်။

ဇနီးသည်ကို လုယူသွားသည့် အမုန်းတရားက ရင်ထဲတွင် လေးလံစွာ ဖိစီးနေတော့၏။ ပြန်တွေးမိတိုင်း လီဟောက်သည် ဓားဆွဲထုတ်ပြီး ထိုက်ဇီအရှင်မင်းသားကို သတ်ပစ်ချင်စိတ် ပေါက်သွားရလေသည်။

လီကျင့်၏ မျက်လုံးများက အရောင်လက်သွားပြီး လီဟောက်ကို နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်လေသည်။ "စစ်ချီတက်ပြီး တိုက်ခိုက်နေမှတော့ ဒဏ်ရာအနည်းငယ်ရတာက ဘာမှမဟုတ်ပါဘူး။ ဒီလောက် ကိစ္စသေးသေးလေးအတွက်နဲ့ သူတို့ကို စိတ်ပူပင်စေစရာ မလိုပါဘူး။ ကြည့်ရတာ စန်းတိကလဲ ဒီလို ပါးစပ်ဖွာမဲ့သူမျိုး မဟုတ်လောက်ပါဘူး"

လီဟောက်က နှုတ်ခမ်းထောင့်ကို တွန့်ကွေးလိုက်သည်။ "အာ့ကောတောင် မပြောချင်မှတော့ ကျွန်တော်က ဘာကိစ္စ ပိုပြောရမှာလဲ"

ခဏရပ်ပြီးနောက် လီဟောက်က ဖူယန်မြို့စား စစ်သည်လွှတ်ပြီး ရှေ့တက်မတိုက်ခိုက်လိုသည့် ကိစ္စကို ပြောလာခဲ့လေသည်။ ".....ကျွန်တော် သီးသန့် အကြိမ်ကြိမ် သွားပြောပေမဲ့ သူက နားကိုမထောင်ဘူး။ ဒီအတိုင်းသာဆိုရင် ရှင်းယန်တပ်ကို ဒုက္ခပေးသလို ဖြစ်မနေဘူးလား"

လီကျင့်ကတော့ တည်ငြိမ်စွာပင် ပြောလိုက်လေသည်။ "ဖူယန်မြို့စားက စစ်သူကြီးကောင်းတစ်ယောက်လို့ ခေါ်လို့မရဘူး။ ကျောက်မိသားစုတပ်က စစ်သည်အင်အား များပြားပေမဲ့ ထိပ်တန်းတပ်ဖွဲ့လို့ ပြောလို့မရဘူး။ ရှေ့တန်းထွက်ဖို့ မသင့်တော်ပါဘူး"

"အခုမှ စစ်ပွဲက စတာပဲ ရှိသေးတယ်။ သာ့ဝေတိုင်းပြည်အတွက် အရေးကြီးတာက အနိုင်တိုက်ပွဲကြီး အနည်းငယ်လောက် တိုက်ပြပြီး စစ်သည်တွေရဲ့ စိတ်ဓာတ်ကို မြှင့်တင်ဖို့နဲ့ ယန်စစ်တပ်ကို ခြိမ်းခြောက်ဖို့ပဲ။ ဒါ့ကြောင့် ရှင်းယန်တပ်က မြို့သိမ်းတိုက်ပွဲ ဆင်နွှဲတာက အသင့်တော်ဆုံးပဲ။ ဖူယန်မြို့စားက အကျိုးဆောင်မှုရမဲ့ အခွင့်အရေးကို ရှင်းယန်တပ်ဆီ လိုလိုလားလား လွှဲပေးလိုက်တာပဲ။ ဒီလိုသဘောထားမျိုးက ငါတို့ လေးစားသင့်တဲ့အရာပဲလေ"

"မင်းက တိုက်ပွဲဝင်ချင်နေတာ။ နောက်ဆိုရင် အခွင့်အရေးတွေ အများကြီး ရှိလာမှာပါ။ လောလောဆယ်တော့ စိတ်မလောပါနဲ့။ နောက်ဆိုရင် ဒီလိုစကားမျိုး ထပ်မပြောမိစေနဲ့။ ဖူယန်မြို့စားရဲ့ နားထဲရောက်သွားရင် မင်းနဲ့ စိတ်ဝမ်းကွဲသွားလိမ့်မယ်။ မင်းက စစ်ဆေးရေးမှူး။ သူက စစ်သူကြီးချုပ်။ မတည့်ကြဘူးဆိုရင် စစ်ရေးကိစ္စတွေကို နှောင့်နှေးကုန်လိမ့်မယ်"

လီဟောက် "....."

ထားလိုက်ပါတော့။ စကားပြောရတာ ဘယ်လိုမှ အဆင်မပြေဘူးပဲ။

သူက တကယ်ပဲ အားယားနေတာကိုး။ ဘာကိစ္စ လီကျင့်ဆီ လာပြီး ရင်ဖွင့်နေမိတာလဲ။ ဒါက ကိုယ့်ဘာသာကိုယ် စိတ်မချမ်းသာအောင် လာလုပ်နေတာပဲ မဟုတ်လား။

လီဟောက်က နှုတ်ခမ်းထောင့်ကို တွန့်လိုက်ပြီး စကားတစ်ခွန်းကို ညှစ်ထုတ်ပြောလိုက်လေသည်။ "ထိုက်ဇီအရှင်မင်းသား ပြောတာ မှန်ပါတယ်"

...

အပိုင်း (၃၄၂) ဝမ်းသာဖွယ်သတင်း

ရှင်းယန်တပ်ဖွဲ့က ဖုန်းချန်မြို့ကို သိမ်းပိုက်လိုက်သည့် ဝမ်းသာဖွယ်သတင်းသည် လဝက်ကျော် ကြာမြင့်ပြီးနောက်မှ မြို့တော်သို့ ရောက်ရှိလာခဲ့လေသည်။

စစ်ပွဲနိုင်ခြင်းသည် ဝမ်းမြောက်ဖွယ်ရာ ကိစ္စရပ်ကြီး ဖြစ်လေသည်။ နန်းတွင်းအမတ်များကြားတွင် ပျော်ရွှင်မှု အငွေ့အသက်များ လွှမ်းခြုံနေတော့၏။ အထူးသဖြင့် အိမ်ရှေ့စံအင်အားစုများမှာ ထိုက်ဇီအရှင်မင်းသားက ထိပ်တန်းကုသိုလ် ရယူနိုင်ခဲ့သဖြင့် လူတိုင်း စိတ်ဓာတ်တက်ကြွကာ ပျော်ရွှင်နေကြလေသည်။

ချောင်မိဖုရားခေါင်သည် သတင်းကြားကြားချင်း လက်နှစ်ဖက်ကို ပူးကပ်ကာ ဘုရားစင်ရှေ့တွင် အရိုအသေပြုလိုက်လေသည်။ "တကယ်ပဲ ဘုရားရှင် ကောင်းချီးပေးတာပဲ"

လုမင်ယွိက ပြုံးကာ နှုတ်ခမ်းကို စေ့ထားလိုက်သည်။

တပ်အင်အားစုကြီးသည် ဒုတိယလတွင် မြို့တော်မှ ထွက်ခွာသွားကြပြီး ယခုဆိုလျှင် ၆လမြောက်သို့ ရောက်ရှိနေပြီဖြစ်ကာ မျက်စိတစ်မှိတ်အတွင်း ၄လ ကြာမြင့်သွားခဲ့ပြီ။ ရာသီဥတုကလဲ ပူပြင်းလာပြီ ဖြစ်လေသည်။ ကျောင်းဖန်နန်းဆောင်ထဲတွင် ရေခဲဇလုံများ ချထားပြီး ကြမ်းပြင်ပေါ်တွင်တော့ နူးညံ့ပြီး ထူထဲသည့် ကော်ဇောကို ခင်းထားလေသည်။

ဖြူဖြူဖိုင့်ဖိုင့် ရွှီအာနှင့် ရွှမ်းအာတို့ မောင်နှမနှစ်ယောက်သည် ကော်ဇောပေါ်တွင် ထိုင်ကာ ဆော့ကစားနေကြသည်။

မောင်နှမနှစ်ယောက်သည် ၆လ ကျော်လာပြီဖြစ်သဖြင့် ထိုင်တတ်နေပြီ ဖြစ်လေသည်။ ခဏလောက် ထိုင်လိုက် မှောက်ရက်လဲလိုက် ကိုယ်လုံးကို လှိမ့်လိုက်နှင့် ဆော့ကစားနေကြတော့၏။ မူလက ပါးလွှာနေသည့် ဆံပင်လေးများသည်လည်း တဖြည်းဖြည်း သန်စွမ်းနက်မှောင်လာသည်။

လုမင်ယွိသည် စိတ်ပါလာလျှင် သားနှင့်သမီးအတွက် ခေါင်းစည်းကြိုးအနီရောင်လေးဖြင့် ဆံပင်ကို စုစည်းပေးတတ်သည်။ ဖြူဖြူနုနု ကလေးနှစ်ယောက်က ပါးစပ်ဖြဲကာ သွားရည်များစီးကျလျက် ရယ်မောပြနေသည်မှာ ချစ်စရာကောင်းလွန်းလှသည်။

ချောင်မိဖုရားခေါင်သည် သတင်းကောင်းကို ရရှိလိုက်သဖြင့် စိတ်လက်ပေါ့ပါးနေကာ မိဖုရားခေါင်ကြီး၏ ဂုဏ်သိက္ခာကိုပင် ဂရုမစိုက်တော့ဘဲ ကော်ဇောပေါ်တွင် ဝင်ထိုင်ကာ မြေးနှစ်ယောက်ကို စနောက်နေတော့သည်။ "ရွှီအာ ရွှမ်းအာ မင်းတို့ရဲ့ အဖေက သိပ်တော်တာပဲ။ စစ်မြေပြင်မှာ အကြီးမားဆုံး ကုသိုလ်ကို ယူနိုင်ခဲ့တာ။ မင်းတို့မောင်နှမနှစ်ယောက်က သူ့အတွက် ဝမ်းသာကြတယ်မလား"

၇လသားအရွယ် ကလေးငယ်များသည် ထိုစကားများကို မည်သို့ နားလည်နိုင်မည်နည်း။ ပါးစပ်ဖြဲကာ ရယ်မောပြရုံသာ တတ်နိုင်ပြီး မေးစေ့အောက်တွင် သွားရည်များ ရွှဲနစ်နေတော့သည်။

ချောင်မိဖုရားခေါင်က သဘောကျကာ လက်ကိုင်ပုဝါကို ထုတ်ယူလိုက်ပြီး ရွှီအာအတွက် သွားရည်များကို သေချာသုတ်ပေးလိုက်လေသည်။ ထို့နောက် အံ့သြဝမ်းသာစွာဖြင့် ပြောလိုက်၏။ "မြန်မြန်လာကြည့်ပါဦး။ ရွှီအာဆီမှာ သွားပေါက်စလေး ပေါ်လာပြီ"

၆လ ၇လအရွယ် ကလေးငယ်များသည် သွားပေါက်စလေးများ ထွက်လာတတ်ပြီး ထိုအချိန်တွင် သွားရည်ယိုခြင်းမှာ ထူးခြားသည့် လက္ခဏာတစ်ခု ဖြစ်လေသည်။

ရွှမ်းအာက လွန်ခဲ့သည့် ရက်အနည်းငယ်ကတည်းက သွားပေါက်နေပြီ ဖြစ်သည်။ ချောင်မိဖုရားခေါင်က ရွှီအာအတွက် အထူးတလည် စိတ်ပူနေခဲ့ပြီး နေ့တိုင်း ကြည့်ရှုစစ်ဆေးနေခဲ့သည်။ ယနေ့ မြေးတော်လေး သွားပေါက်လာသည်ကို မြင်လိုက်ရသည့် ဝမ်းသာမှုသည် ထိုက်ဇီအရှင်မင်းသား စစ်နိုင်သည့်သတင်းကို ကြားရသည်ထက် မလျော့နည်းချေ။

လုမင်ယွိက ပြုံးကာ လျှောက်လှမ်းလာပြီး ရွှီအာကို ပွေ့ချီကာ ပါးစပ်လေးကို ဖွင့်ဟပြီး သေချာကြည့်ရှုလိုက်လေသည်။ "တကယ်ပဲ သွားပေါက်စလေး ပေါ်လာပြီပဲ"

ယောက္ခမနှင့် ချွေးမတို့ ပျော်ရွှင်နေစဉ် ဘေးနားတွင် ထိုင်နေသည့် ရွှမ်းအာက မကျေမနပ် ဖြစ်လာပြီး လက်လေး ဆန့်တန်းကာ အမေလုပ်သူဆီမှ ပွေ့ဖက်မှုကို တောင်းခံလေတော့သည်။

ချောင်မိဖုရားခေါင်က ရယ်မောလိုက်လေသည်။ "ဒီရွှမ်းအာက သူ့အစ်ကိုကို ပိုပြီး ဂရုစိုက်ခံရတာ မြင်ရင် မနေနိုင်ဘူး"

ချောင်မိဖုရားခေါင်နှင့် ဟွေ့အန်းကုန်းကျူတို့သည် ရွှီအာကို ပိုပြီးမျက်နှာသာပေးကြကာ ပုံမှန်အချိန်တွင် ပိုပြီးပွေ့ဖက်တတ်ကြသည်။ လုမင်ယွိကတော့ သမီးလေးကို သနားသဖြင့် ရွှမ်းအာကို ပိုပြီး ပွေ့ဖက်ပေးလေ့ရှိသည်။

ရွှမ်းအာကလဲ အမေလုပ်သူသည် သူမပိုင်ဆိုင်သည့်အရာဟု တစ်ယူသန် ယူဆထားတတ်သည်။ ယခု တဖြည်းဖြည်း ကြီးပြင်းလာသည်နှင့်အမျှ အမေလုပ်သူက အစ်ကိုဖြစ်သူကို ပွေ့ဖက်သည်ကို သည်းမခံနိုင်တော့ချေ။

လုမင်ယွိက လက်ညှိုးဖြင့် ရွှမ်းအာ၏ နှာခေါင်းလေးကို တို့ထိလိုက်ပြီး ချစ်စနိုး ပြောလိုက်လေသည်။ "အဘွားကို ပွေ့ခိုင်းလိုက်လေ။ အမေက အစ်ကို့ရဲ့ သွားကို ကြည့်ပေးမလို့ပါ"

ချောင်မိဖုရားခေါင်က ပြုံးရွှင်စွာဖြင့် လက်ကမ်းလိုက်သော်လည်း ရွှမ်းအာက လက်မခံဘဲ ကိုယ်လုံးလေးကို လှည့်ကာ အမေလုပ်သူကိုသာ လှမ်းတောင်းဆိုနေတော့သည်။ ချောင်မိဖုရားခေါင်က သဘောကျသွားပြီး ပြောလိုက်လေသည်။ "ရွှမ်းအာရဲ့ စိတ်ကြီးပုံက သူ့အဒေါ်နဲ့ တူလိုက်တာ။ ငယ်ငယ်တုန်းကလဲ ဒီလိုပဲ ဆိုးတာ"

လုမင်ယွိက မတတ်သာသည့်အဆုံး ရွှီအာကို ချောင်မိဖုရားခေါင် လက်ထဲ ထည့်ပေးလိုက်ပြီး ရွှမ်းအာကို ကောက်ချီလိုက်ရတော့သည်။

ရွှမ်းအာက ဝမ်းသာအားရဖြင့် အမေလုပ်သူ၏ လည်ပင်းကို ဖက်တွယ်လိုက်ပြီး ရင်ခွင်ထဲသို့ တိုးဝင်ကာ ပွတ်သီးပွတ်သပ် လုပ်နေတော့သည်။

လုမင်ယွိက ရယ်ချင်စိတ်ကို အောင့်ထားရင်း သမီးဖြစ်သူ၏ တင်ပါးလေးကို ပုတ်လိုက်လေသည်။ "နောက်ဆိုရင် အစ်ကိုနဲ့ အမေကို လုမနေနဲ့တော့နော်"

ရွှမ်းအာက နားလည်သည် မလည်သည် မသိရသော်လည်း အမေလုပ်သူကို ဖက်တွယ်ကာ တခစ်ခစ် ရယ်မောနေတော့သည်။ ရွှီအာက နှေးကွေးလေးလံစွာဖြင့် ညီမဖြစ်သူကို တစ်ချက် လှမ်းကြည့်လိုက်ပြီး အဘွားဖြစ်သူ၏ ရင်ခွင်ထဲသို့ ခေါင်းတိုးဝင်လိုက်လေသည်။

မောင်နှမနှစ်ယောက်သည် ရုပ်ချင်းဆင်တူသော်လည်း စိတ်နေစိတ်ထားကတော့ လုံးဝ ကွဲပြားခြားနားလှသည်။ ယခု တဖြည်းဖြည်း ကြီးပြင်းလာသည်နှင့်အမျှ ကွဲပြားခြားနားမှုက ပိုပြီး သိသာထင်ရှားလာတော့သည်။

ရွှီအာက ဆော့ကစားရတာ နှစ်သက်ပြီး အေးအေးဆေးဆေး နေတတ်သည်။

ရွှမ်းအာကတော့ ဆိုးသွမ်းချင်သည့် စိတ်ထားလေး ပေါ်ပေါက်လာပြီး အချိန်တိုင်း အစ်ကိုဖြစ်သူနှင့် အပြိုင်အဆိုင် လုပ်ချင်နေတတ်သည်။

...

သမီးယောက္ခမနှစ်ယောက်သည် ကလေးတစ်ယောက်စီကို ပေါင်ပေါ်တင်ထားပြီး ခဏလောက် စနောက်နေကြကာ အရေးကြီးကိစ္စကို ပြောဆိုကြလေသည်။ "အားကျင့်က စစ်ဆေးရေးမှူး လုပ်နေတာလေ။ ဘာကိစ္စ ကိုယ်တိုင် ဦးဆောင်ပြီး တိုက်ခိုက်ရတာလဲ"

ချောင်မိဖုရားခေါင်သည် ပျော်ရွှင်ပြီးနောက်တွင် အနည်းငယ် ကြောက်လန့်တကြား ဖြစ်လာတော့သည်။ "စစ်တိုက်တယ်ဆိုတာ ကစားသလို သဘောထားလို့ မရဘူးလေ။ တကယ်လို့ မြားမှန်သွားရင်ဖြစ်ဖြစ် ဒဏ်ရာရသွားရင်ဖြစ်ဖြစ် ဘယ်လိုလုပ်မလဲ။ ပန်ကုံး စာရေးပြီးတော့ သူ့ကို ရှေ့တန်းမထွက်ဖို့ သေချာမှာလိုက်ဦးမှပဲ"

လုမင်ယွိကတော့ ပြန်ပြောလိုက်လေသည်။ "အရှင်မင်းသားက စစ်တပ်နဲ့အတူ လိုက်သွားမှတော့ ကိုယ်တိုင်ဦးစီးပြီး တိုက်ခိုက်ရမှာပေါ့။ မဟုတ်ရင် ဘာသွားလုပ်မှာလဲ"

ချောင်မိဖုရားခေါင် "....."

ချောင်မိဖုရားခေါင်သည် စကားတစ်ဆို့သွားပြီး စိတ်ထဲတွင် အနည်းငယ် မကျေမနပ် ဖြစ်သွားတော့သည်။ သို့သော် ထိုမကျေနပ်မှုကို မျက်နှာပေါ်တွင် ထုတ်မပြဘဲ လေသံတိုးတိုးဖြင့် ဆက်ပြောလေသည်။ "ဒါပေမဲ့ ကိုယ့်အသက်အန္တရာယ်ကိုလဲ ထည့်စဉ်းစားရမယ်လေ။ တကယ်လို့ တစ်ခုခု လွဲချော်သွားရင် ဘယ်လိုလုပ်မလဲ"

လုမင်ယွိက နူးညံ့စွာ ပြောလိုက်သည်။ "အရှင်မင်းသားက ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတတ်ပါတယ်။ ဒီလောက် ဝေးကွာနေတာ ကျွန်မတို့က ဘယ်လောက်ပဲ စိတ်ပူနေနေ အလကားပါပဲ။ တစ်နေ့ကုန် ဒါတွေပဲ တွေးနေရင် ကိုယ့်ကိုယ်ကိုယ် စိတ်ဆင်းရဲအောင် လုပ်သလို ဖြစ်နေလိမ့်မယ်။ မူဟုပ် စိတ်လျှော့ထားလိုက်ပါ"

ဒါက ငါ့သားအရင်းလေ။ ငါက နင့်လို ဘယ်စိတ်အေးနိုင်ပါ့မလဲ။

ချောင်မိဖုရားခေါင်က စိတ်ထဲတွင် ရေရွတ်လိုက်ပြီး ဟန်ဆောင်ကာ ပြုံးလိုက်လေသည်။

လုမင်ယွိသည် ချောင်မိဖုရားခေါင်၏ မကျေမနပ်ဖြစ်မှုကို ရိပ်မိသဖြင့် ဆက်ပြီး စကားမပြောတော့ချေ။

သမီးယောက္ခမနှစ်ယောက် အတူတူနေထိုင်လာတာ ကြာလာသည်နှင့်အမျှ ကောင်းကွက်ကတော့ ပိုပြီးရင်းနှီးလာခြင်း ဖြစ်သည်။ ဆိုးကွက်ကတော့ မျက်နှာချင်းဆိုင် တွေ့နေရသဖြင့် သွားနှင့်လျှာလို ရိုက်ခတ်မှုများ ရှိလာတတ်ခြင်းပင်။

လုမင်ယွိက လူချော့တတ်သည့်သူ မဟုတ်သဖြင့် အများဆုံး လုပ်နိုင်သည်မှာ ပါးစပ်ပိတ်ထားခြင်းပင်။ စကားများပြီး ပြဿနာ အကြီးအကျယ် ဖြစ်လာမည်ကို ရှောင်ရှားလိုက်ခြင်း ဖြစ်သည်။

ကံကောင်းသည်မှာ ကလေးနှစ်ယောက်က ရှေ့တွင် လက်လွှဲလက်ပြဖြင့် အော်ဟစ်ဆော့ကစားနေကြသဖြင့် အခြေအနေက သိပ်ပြီး အနေရခက်ခြင်း မရှိချေ။

"မူဟုပ်။ အာ့တိမေ့" မကြာခင်မှာပင် ဟွေ့အန်းကုန်းကျူ ရောက်ရှိလာပြီး မျက်နှာတွင် အပြုံးပန်းများ ဝေဆာနေတော့သည်။ "ဖုမာ ပြောတာ ကြားတယ်။ အာ့တိက ဦးဆောင်တိုက်ခိုက်ပြီး ဖုန်းချန်မြို့ကို သိမ်းပိုက်လိုက်နိုင်တယ်တဲ့။ ထိပ်တန်းကုသိုလ် ရယူနိုင်ခဲ့တယ်တဲ့။ ဒါက တကယ့်ကို ဝမ်းသာစရာ သတင်းကြီးပဲ"

ချောင်မိဖုရားခေါင်က မျက်ခုံးပွင့်သွားပြီး ရယ်မောလိုက်လေသည်။ "ဟုတ်တာပေါ့။ ပန်ကုံးက လုရှီနဲ့ အဲဒီအကြောင်း ပြောနေတာ"

လုမင်ယွိက ပြုံးကာ ပြောလိုက်သည်။ "အရှင်မင်းသားက အပြင်မှာ စစ်တိုက်ပြီး ကုသိုလ်ယူနေတာ။ သာ့ဝေတိုင်းပြည်အတွက် အားဖြည့်ပေးနေတာလေ။ ကျွန်မက ထိုက်ဇီဖေး တစ်ယောက်အနေနဲ့ မျက်နှာပွင့်လန်းရပါတယ်"

ဟွေ့အန်းကုန်းကျူက သိပ်ပြီး အကဲခတ်တတ်သူ မဟုတ်သဖြင့် ယောက္ခမနှင့် ချွေးမကြားက မသိမသာ စိမ်းကားမှုကို သတိမထားမိဘဲ စိတ်လှုပ်ရှားစွာ ပြောလိုက်လေသည်။ "ဒီလိုဝမ်းသာစရာကိစ္စကို စားပွဲသောက်ပွဲလုပ်ပြီး သေချာ ဂုဏ်ပြုရမယ်။ ဟုတ်သားပဲ။ အဘွားတော် မသိသေးဘူး မဟုတ်လား။ ကျွန်မ အခုပဲ ရှို့နင်နန်းဆောင်ကို သွားပြီး အဘွားတော်ကို သတင်းသွားပို့လိုက်ဦးမယ်"

ချောင်မိဖုရားခေါင်က ဟွေ့အန်းကုန်းကျူကို တားဆီးလိုက်လေသည်။ "မင်းရဲ့ အဘွားတော်က ဒီရက်ပိုင်း စိတ်မကြည်မလင် ဖြစ်နေတာ။ မနေ့က ချင်ဖေးတောင် အဆူခံလိုက်ရသေးတယ်။ မင်းက ရှို့နင်နန်းဆောင်ကို သွားပြီး အဆူမခံနဲ့တော့"

ဟွေ့အန်းကုန်းကျူက အံ့သြသွားတော့သည်။ "ဘယ်သူက အဘွားတော် စိတ်မပျော်အောင် လုပ်ရဲလို့လဲ"

မယ်တော်ကြီးကျောက်၏ အဆင့်အတန်းနှင့်ဆိုလျှင် လုမင်ယွိပင် မျက်နှာချင်းဆိုင် ရင်ဆိုင်ရဲမည် မဟုတ်ပေ။ နန်းတော် အတွင်းအပြင်တွင် မည်သူက မယ်တော်ကြီးကျောက်ကို စိတ်မပျော်အောင် လုပ်ရဲပါမည်နည်း။

လုမင်ယွိက တိုးတိုးလေး ဖြေလိုက်သည်။ "လူကြီးတွေက အချိုကြိုက်တတ်ကြတယ်လေ။ အများကြီးစားမိတော့ ကျန်းမာရေး ထိခိုက်တာပေါ့။ သမားတော်ကျိုးက ရှို့နင်နန်းဆောင်ကို သွားပြီး စမ်းသပ်ပေးတော့ အဘွားတော်ကို အချိုလျှော့စားဖို့ ပြောခဲ့တယ်။ အဘွားတော်က မကျေမနပ်ဖြစ်နေတုန်း ချင်ဖေးက ဝင်ပြီး နှစ်သိမ့်စကား ပြောလိုက်မိလို့ အဆူခံလိုက်ရတာ"

ဪ။ ဒါကြောင့်ကိုး။

ဟွေ့အန်းကုန်းကျူက သက်ပြင်းချလိုက်သည်။ "ဒီလောက် ကိစ္စသေးသေးလေးပဲကိုး။ ကျွန်မက စစ်တိ စစ်ရှုံးလို့များလားလို့ ထင်နေတာ"

လုမင်ယွိက ရယ်မောလိုက်လေသည်။ "ဒါတော့ မဟုတ်ပါဘူး။ စစ်တိက စစ်သူကြီးချုပ် ဖြစ်လာပြီးကတည်းက တော်တော်လေး ကြိုးစားပါတယ်။ အစတုန်းက စစ်ပွဲနှစ်ကြိမ် ရှုံးနိမ့်ခဲ့ပေမဲ့ နောက်ပိုင်းမှာ ပြန်ပြီး အခြေအနေ တည်ငြိမ်သွားတယ်။ ပုန်ကန်မှုကို နှိမ်နင်းတဲ့ကိစ္စက အဆင်ပြေချောမွေ့နေပါတယ်။ ဆက်တိုက်ဆိုသလို စစ်ပွဲတွေ နိုင်နေပြီး အခုဆို ပြည်သူတွေကို နှစ်သိမ့်ရေး လုပ်နေပြီ။ နောက်တစ်လ နှစ်လလောက်ဆိုရင် မြို့တော်ကို ပြန်ရောက်လာလောက်ပါပြီ"

...

All Chapters