← Chapters

အခန်း (၃၄၃-၃၄၅)

Vol. 23 Ch. 343-345

အခန်း (၃၄၃-၃၄၅)

Vol. 23 Ch. 343-345

အပိုင်း (၃၄၃) စကားများခြင်း

စတုတ္ထမင်းသားအကြောင်းပြောရလျှင် တကယ့်ကို အံ့သြချီးကျူးစရာပင်။

နန်းတော်ထဲတွင် နေထိုင်စဉ်က စတုတ္ထမင်းသားသည် စကားပြောသွက်လက်ပြီး ပွဲလမ်းသဘင်နှင့် အတင်းအဖျင်းများကို နှစ်သက်သူအဖြစ် နာမည်ကြီးခဲ့သည်။ ငယ်စဉ်ကတည်းက သက်တောင့်သက်သာ နေထိုင်လာသူဖြစ်သဖြင့် မည်သူကမှ သူ စစ်တိုက်တတ်လိမ့်မည်ဟု မထင်ထားခဲ့ကြချေ။

ဒီတစ်ကြိမ် ပုန်ကန်မှုကို နှိမ်နင်းရာတွင် လုမင်ယွိက စတုတ္ထမင်းသားကို စစ်သေနာပတိအဖြစ် အတင်းအကြပ် ထောက်ခံခဲ့ခြင်းမှာ သူ့ကို နာမည်ခံသက်သက်သာ ဖြစ်စေလိုပြီး စစ်သည်များ၏ စိတ်ဓာတ်ကို တည်ငြိမ်စေရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် မထင်မှတ်ထားသည်မှာ စတုတ္ထမင်းသားသည် တဖြည်းဖြည်း ရင့်ကျက်လာပြီး ကိုယ်တိုင်ဦးစီးကာ အောင်ပွဲအချို့ကို ရယူနိုင်ခဲ့ခြင်းပင်။

လီမိသားစုဝင် ယောက်ျားလေးများ၏ သွေးထဲတွင် စစ်တိုက်ရာ၌ ထူးချွန်သည့် မျိုးရိုးဗီဇများ စီးဆင်းနေသည်လား မပြောတတ်ချေ။

ချောင်မိဖုရားခေါင်က ပြုံးကာ ချီးကျူးလိုက်လေသည်။ "စတုတ္ထမင်းသားက ဒီတစ်ခေါက်မှာ အကြီးမားဆုံး အကျိုးဆောင်မှုကို ရယူနိုင်ခဲ့တယ်။ မြို့တော်ကို ပြန်ရောက်ရင် သေချာပေါက် ဆုကြီးကြီး ချီးမြှင့်ရမယ်"

ကြည့်ပါဦး။ စတုတ္ထမင်းသား စစ်တိုက်သည့်အကြောင်း ပြောသည့်အခါ ချောင်မိဖုရားခေါင်၏ မျက်နှာထားက မည်မျှပင် အေးချမ်းလိုက်ပါသနည်း။ နည်းနည်းလေးမှ ကြောက်လန့်တကြား ဖြစ်မနေသည့်အပြင် စတုတ္ထမင်းသား မြားထိမှန်မှာကိုလဲ စိုးရိမ်ပူပန်ခြင်း မရှိချေ။

လုမင်ယွိက အသာပြုံးလိုက်ပြီး ခေါင်းညိတ်ထောက်ခံလိုက်လေသည်။

...

ဒီကိစ္စသေးသေးလေးကြောင့် သမီးယောက္ခမတို့သည် ရက်အနည်းငယ်ကြာအောင် စိတ်မကြည်မလင် ဖြစ်နေခဲ့ကြသည်။

ဟွေ့အန်းကုန်းကျူက နေ့တိုင်းလိုလို နန်းတော်ထဲ ဝင်လေ့ရှိပြီး မကြာခင်မှာပင် ထူးခြားမှုကို သတိထားမိသွားကာ ချောင်မိဖုရားခေါင်ကို တိတ်တဆိတ် မေးမြန်းလိုက်လေသည်။ "မူဟုပ်နဲ့ လုရှီက ပုံမှန်ဆို တည့်ကြပါတယ်၊ ဘာဖြစ်လို့ အခုတလော စိတ်ကောက်နေကြတာလဲ"

ကလေးအတူတူ ထိန်းနေကြသော်လည်း စကားပြောဆိုသည်ကတော့ အရင်ကထက် အများကြီး နည်းသွားသည်။

ချောင်မိဖုရားခေါင်က အစတုန်းက ဝန်မခံသော်လည်း ဟွေ့အန်းကုန်းကျူက အကြိမ်ကြိမ် မေးမြန်းလာသဖြင့် နောက်ဆုံးတော့ မကျေမနပ်ဖြစ်ရသည့် အကြောင်းရင်းကို ပြောပြလိုက်ရတော့သည်။ "..... ငါက အားကျင့်ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်လို့ စာရေးပြီးတော့ ကိုယ်တိုင်ဦးစီးမတိုက်ဖို့ မှာချင်တာလေ။ သူကတော့ ချက်ချင်းကြီး ငါ့ကို ပြန်ပက်ပြောတယ်။ ငါက မိဖုရားခေါင်ကြီး မဟုတ်ရင်တောင် သာမန်အိမ်က ယောက္ခမကို ချွေးမက စကားပြောရင် ဒီထက်ပိုပြီး နူးညံ့သင့်တာပေါ့"

ဟွေ့အန်းကုန်းကျူက မျက်ခုံးပင့်လိုက်ပြီး မကျေမနပ် ပြောလိုက်လေသည်။ "သူ ကျွန်မကို ရိုင်းရိုင်းစိုင်းစိုင်း ပြောတာက ထားလိုက်ပါတော့။ မူဟုပ်ကိုကျတော့ ဘယ်လိုလုပ် ဒီလိုပြောရဲရတာလဲ။ ကျွန်မ အခုပဲ သွားပြီး စာရင်းရှင်းလိုက်မယ်"

ပြောရင်းဆိုရင်း သူမက ဝုန်းခနဲ ထရပ်လိုက်လေသည်။

ချောင်မိဖုရားခေါင်က လန့်သွားပြီး ဟွေ့အန်းကုန်းကျူ၏ လက်မောင်းကို အမြန်လှမ်းဆွဲကာ တားဆီးလိုက်ရသည်။ "ဘာတွေ လျှောက်လုပ်နေတာလဲ။ ဒီအတိုင်း ကတောက်ကဆ ဖြစ်ရုံလေးပါ။ နောက်ရက်နည်းနည်းလောက်ဆိုရင် စိတ်ပြေသွားမှာပါ။ မင်းက ကြားထဲကနေ ဝင်ပါလိုက်ရင် လူတိုင်းသိကုန်အောင် လုပ်သလို ဖြစ်နေမှာပေါ့"

ဟွေ့အန်းကုန်းကျူက မိခင်ကို တကယ်ပဲ သနားမိသဖြင့် လုမင်ယွိကို သွားပြီး 'ဆုံးမ' ချင်နေသော်လည်း ချောင်မိဖုရားခေါင်က တားဆီးလိုက်သဖြင့် သူမ၏ ဒေါသများက ချောင်မိဖုရားခေါင်ဆီ ဦးလှည့်လာတော့သည်။ "စိတ်ဆိုးနေတာက မူဟုပ်လေ။ ကျွန်မက သူ့ကို သွားပြီး စာရင်းရှင်းပေးမလို့ကို မူဟုပ်က တားနေပြန်ပြီ။ ဒါဆို မူဟုပ်က ဘယ်လိုလုပ်ချင်တာလဲ"

ချောင်မိဖုရားခေါင်က ခေါင်းပိုကိုက်လာပြီး သက်ပြင်းချလိုက်လေသည်။ "ထားလိုက်ပါတော့။ မင်း ဘာမှမသိသလိုပဲ နေလိုက်ပါ။ အားကျင့်က အပြင်မှာ အသက်နဲ့ရင်းပြီး တိုက်ခိုက်နေရတာ။ ငါတို့ ယောက္ခမနဲ့ ချွေးမက စိတ်ဝမ်းကွဲမနေဘဲ အနောက်နန်းဆောင်ကို တည်ငြိမ်အောင် ထိန်းသိမ်းထားတာကမှ မှန်ကန်တဲ့အလုပ်ပဲ။ စိတ်ဆိုးဒေါသထွက်တာလေး တစ်ခုနဲ့ ပြဿနာတက်နေရင် ဂုဏ်သိက္ခာလဲ မရှိသလို လူယုတ်မာတွေ အခွင့်ကောင်းယူတာလဲ ခံရနိုင်တယ်။ ကိစ္စအသေးလေးကနေ အကြီးကြီး ဖြစ်သွားလိမ့်မယ်"

ဟွေ့အန်းကုန်းကျူက ဒေါသထွက်လွန်းသဖြင့် အော်ပြောလိုက်လေသည်။ "မူဟုပ် ဘာစကား ပြောလိုက်တာလဲ။ ကျွန်မက မီးလောင်ရာလေပင့်လုပ်တဲ့ လူယုတ်မာ ဖြစ်သွားပြီပေါ့လေ"

ချောင်မိဖုရားခေါင် "....."

သူမ ဘယ်လို ဝဋ်ကြွေးမျိုး ပါလာတာလဲ။ ချွေးမကလဲ ခေါင်းမာပြီး ဒေါသကြီးသလို သမီးကလဲ ယမ်းအိုးလို ပေါက်ကွဲလွယ်နေတယ်။ နှစ်ယောက်လုံးကို လိုက်ချော့နေရတာပါလား။

"ငါ ပြောတာ မင်းကို မဟုတ်ပါဘူး" ချောင်မိဖုရားခေါင်က စိတ်ရှည်လက်ရှည် ချော့မော့လိုက်လေသည်။ "အနောက်နန်းဆောင်ထဲက မုန့်ဖေး၊ ချင်ဖေး၊ စူးဖေးတို့က သဘောကောင်းတဲ့သူတွေ မဟုတ်ကြဘူး။ နေ့တိုင်း နည်းလမ်းပေါင်းစုံသုံးပြီး ကျောင်းဖန်နန်းဆောင်ရဲ့ သတင်းကို ထောက်လှမ်းနေကြတာ။ ဒါ့ကြောင့် ငါနဲ့ လုရှီ စိတ်မကြည်မလင် ဖြစ်နေပေမဲ့ ပုံမှန်အတိုင်းပဲ နေနေကြတာလေ။ သူတို့သိသွားပြီး ပြဿနာရှာမှာစိုးလို့ပါ....."

ဟွေ့အန်းကုန်းကျူက ဒေါသထွက်နေပြီဖြစ်ရာ ဘာမှနားမဝင်တော့ဘဲ ဖြတ်ပြောလိုက်လေသည်။ "တော်ပါတော့။ ဘာမှဆက်မပြောပါနဲ့တော့။ ကျွန်မ သိပါတယ်။ မူဟုပ်က ကျွန်မကို စိတ်ထဲကနေ အလိုမကျဖြစ်နေတာမလား။ ကျွန်မလို သမီးက မိဘအိမ်ကိစ္စကို ဝင်ပါနေလို့ အမြင်ကပ်နေတာမလား။ နောက်ဆိုရင် ကျွန်မ လာပြီး မျက်နှာမပြတော့ပါဘူး"

ပြောပြီးသည်နှင့် သူမက ဒေါသတကြီး ထထွက်သွားတော့သည်။

တိုက်တိုက်ဆိုင်ဆိုင် ကျောင်းဖန်နန်းဆောင်ထဲက မထွက်ရသေးခင်မှာပင် လုမင်ယွိနှင့် မျက်နှာချင်းဆိုင် တိုးမိလေသည်။

လုမင်ယွိက ကလေးနှစ်ယောက်ကို ခေါ်ဆောင်ပြီး ဂါရဝပြုရန် လာခြင်းဖြစ်ရာ ဟွေ့အန်းကုန်းကျူ မျက်နှာတင်းမာပြီး လျှောက်လှမ်းလာသည်ကို မြင်လိုက်ရသဖြင့် အံ့သြသွားလေသည်။ "ဟွမ်ကျဲ ဘာဖြစ်လာတာလဲ။ ဘယ်သူကများ ဟွမ်ကျဲကို စိတ်ဆိုးအောင် လုပ်ရဲလို့လဲ။ ကျွန်မကိုသာ ပြောပြ။ ကျွန်မ ဟွမ်ကျဲအတွက် လက်စားချေပေးမယ်"

ဟွေ့အန်းကုန်းကျူက လုမင်ယွိကို စူးစိုက်ကြည့်လိုက်ပြီး သူမက တမင်တကာ မသိချင်ယောင်ဆောင်ပြီး မေးနေသည်ဟု ထင်မှတ်လိုက်ကာ တင်းမာစွာ ပြန်ပြောလိုက်လေသည်။ "ဘာမှမဖြစ်ပါဘူး။ ကုန်းကျူအိမ်တော်မှာ ကိစ္စရှိလို့ ကျွန်မ အရင်ပြန်နှင့်တော့မယ်"

အရင်တုန်းကသာဆိုလျှင် ဟွေ့အန်းကုန်းကျူသည် နေရာမှာပင် လုမင်ယွိနှင့် ရန်ဖြစ်မိလောက်သည်။

အခုတော့ သူမ၏ ဒေါသကို အတော်လေး ထိန်းချုပ်နိုင်နေပြီ ဖြစ်သည်။ စိတ်ထဲတွင် မကျေမနပ် ဖြစ်နေသော်လည်း သည်းခံလိုက်လေသည်။ အလွန်ဆုံးတော့ မျက်စိရှေ့က အမြန်ဆုံး ပျောက်ကွယ်သွားအောင် ရှောင်ထွက်လိုက်ခြင်းပင်။

ဟွေ့အန်းကုန်းကျူ ဒေါသတကြီး ထွက်ခွာသွားသည်ကို ကြည့်ပြီး ချီယွင်က စိုးရိမ်တကြီး တိုးတိုးလေး ပြောလိုက်လေသည်။ "ကြည့်ရတာ ကုန်းကျူက မိဖုရားခေါင်ကြီးနဲ့ စကားများလာတဲ့ပုံပဲ။ မိဖုရားခေါင်ကြီး စိတ်မကြည်မလင် ဖြစ်နေလောက်တယ်။ ဒီနေ့ ဂါရဝပြုပြီးရင် အရှေ့နန်းဆောင်ကို ပြန်ကြမလား"

လုမင်ယွိက အကြည့်ကို ရုပ်သိမ်းလိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။ "မလိုပါဘူး။ ပုံမှန်အတိုင်းပဲ နေလိုက်ရင် ရပါတယ်"

ထို့နောက် သူမက တည်ငြိမ်စွာဖြင့် ရွှီအာနှင့် ရွှမ်းအာတို့ကို ခေါ်ဆောင်ကာ ဂါရဝပြုရန် ဝင်ရောက်သွားလေသည်။

...

ချောင်မိဖုရားခေါင်သည် ဒီနေ့ ဟွေ့အန်းကုန်းကျူကြောင့် ဒေါသထွက်နေပြီး ရင်ဘတ်ကို လက်ဖြင့် ဖိထားရလေသည်။ မြေးနှစ်ယောက်ကို မြင်လိုက်ရမှသာ ရင်ထဲက အောင့်သက်သက်ဖြစ်မှုက လျော့ပါးသွားပြီး မြေးတော်လေးကို လှမ်းပွေ့လိုက်လေသည်။

ရွှမ်းအာကတော့ အဘွားဖြစ်သူ၏ မျက်နှာလိုက်မှုကို ဂရုမစိုက်ဘဲ အမေလုပ်သူကိုသာ တင်းကြပ်စွာ ဖက်တွယ်ထားတော့သည်။

လုမင်ယွိက ပြုံးကာ ရွှမ်းအာကို မြှောက်လိုက်ပြီး လေထဲသို့ ပစ်တင်လိုက်ကာ ပြန်ဖမ်းလိုက်လေသည်။ သူမက ပေါ့ပေါ့ပါးပါး ပစ်တင်လိုက်ပြီး တည်ငြိမ်စွာ ပြန်ဖမ်းလိုက်ခြင်း ဖြစ်သည်။

ချောင်မိဖုရားခေါင်က မြင်လိုက်ရသည်နှင့် ရင်တုန်ပန်းတုန် ဖြစ်သွားပြီး မနေနိုင်ဘဲ ပြောလိုက်လေသည်။ "ရွှမ်းအာက ငယ်ပါသေးတယ်။ မင်း သတိထားမှပေါ့။ ကလေး ပြုတ်ကျသွားဦးမယ်"

ရွှမ်းအာကတော့ အဘွားဖြစ်သူ၏ စေတနာကို နားမလည်ဘဲ တခစ်ခစ်ရယ်မောကာ အမေလုပ်သူ၏ ရင်ခွင်ထဲသို့ တိုးဝင်လိုက်ပြီး လက်သေးသေးလေးများကို ဝှေ့ယမ်းကာ ထပ်ပြီး ပျံချင်နေပြန်သည်။

လုမင်ယွိက ချောင်မိဖုရားခေါင်ကို ပြုံးပြလိုက်လေသည်။ "မူဟုပ် စိတ်ချပါ။ ကျွန်မက အားလဲသန်သလို ချိန်ဆတာလဲ တိကျပါတယ်။ မျက်လုံးမှိတ်ထားရင်တောင် ရွှမ်းအာကို ဖမ်းမိနိုင်ပါတယ်" ပြောရင်းဆိုရင်း သူမက တကယ်ပဲ မျက်လုံးကို မှိတ်ပြလိုက်လေသည်။

ချောင်မိဖုရားခေါင်၏ နှလုံးသားသည် ရင်ဘတ်ထဲမှ ခုန်ထွက်လုမတတ် ဖြစ်သွားပြီး နောက်ဆုံးတော့ သည်းမခံနိုင်ဘဲ အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်တော့သည်။ "မျက်လုံးမမှိတ်နဲ့လေ။ တော်ပါတော့။ ပန်ကုံး မင်းကို ယုံပါပြီ"

လုမင်ယွိက မျက်လုံးဖွင့်လိုက်ပြီး ရယ်မောလိုက်လေသည်။ "ကျွန်မ မျက်လုံးမမှိတ်ပါဘူး။ ခုနက မူဟုပ် ပျော်အောင် စနောက်လိုက်တာပါ"

ချောင်မိဖုရားခေါင် "....."

သူမကို ဒေါသထွက်အောင် မလုပ်ရင် တော်ပါပြီ။

ချောင်မိဖုရားခေါင် စိတ်မချနိုင်သေးခင်မှာပင် ရင်ခွင်ထဲက ရွှီအာက လှုပ်လှုပ်ရွရွ ဖြစ်လာပြီး အမေလုပ်သူက လက်ဆန့်တန်းထားသည်ကို မျှော်လင့်တကြီး လှမ်းကြည့်ကာ သူလဲ ပျံချင်နေပြန်သည်။

ကြည့်ရတာ လုမင်ယွိက ကွယ်ရာမှာ ဒီလို ခဏခဏ ဆော့ကစားပေးပုံရတယ်။

ချောင်မိဖုရားခေါင်က ရွှီအာကို အန္တရာယ် မဖြစ်စေချင်သဖြင့် မြေးတော်ကို ပွေ့ဖက်ထားပြီး ပွစိပွစိ ပြောလိုက်လေသည်။ "ရွှီအာ လိမ်လိမ်မာမာ ထိုင်နေနော်။ ဒီလိုကစားနည်းက အရမ်း အန္တရာယ်များတယ်။ မကစားနဲ့တော့နော်"

ရွှီအာက နည်းနည်းလေးမှ လက်မခံဘဲ လက်သေးသေးလေးဖြင့် ချောင်မိဖုရားခေါင်ကို တွန်းထုတ်ကာ လုမင်ယွိဆီသို့ အတင်းရုန်းကန် သွားနေတော့သည်။

လုမင်ယွိက ရွှမ်းအာကို အကြိမ်အနည်းငယ် ပစ်တင်ကစားပေးပြီးနောက် ချီယွင်ကို ပေးလိုက်ကာ သားဖြစ်သူကို ကျွမ်းကျင်စွာ လှမ်းချီလိုက်ပြီး လေထဲသို့ ပစ်တင်လိုက်လေသည်။ ရွှီအာက တခစ်ခစ် ရယ်မောလိုက်ပြီး ချောင်မိဖုရားခေါင်၏ အော်ဟစ်သံကြားတွင် လုမင်ယွိ၏ ရင်ခွင်ထဲသို့ တည်ငြိမ်စွာ ကျရောက်လာခဲ့သည်။

လုမင်ယွိက ရယ်မောကာ လှမ်းကြည့်လိုက်လေသည်။ "ကလေးတွေက တစ်နေ့တစ်ခြား ကြီးလာတာဆိုတော့ ဆော့ကစားတာက မလွဲမသွေ ရှိမှာပါပဲ။ ပိုကြီးလာရင် မြင်းစီး လေးပစ်တာတွေ သင်ရဦးမှာ။ တကယ်တမ်း ပြောရရင် ဘာလုပ်လုပ် အန္တရာယ်က ရှိနေတာပါပဲ။ ရေတစ်ခွက် သောက်ရင်တောင် သီးနိုင်သလို ထမင်းစားရင်လဲ နင်နိုင်တာပဲလေ။ သီးမှာ နင်မှာကြောက်လို့ မစားမသောက်ဘဲ နေရမှာလား"

ချောင်မိဖုရားခေါင် "....."

လုမင်ယွိ၏ စကားတွင် အဓိပ္ပာယ် နှစ်ခွ ပါနေသည်ကို ချောင်မိဖုရားခေါင်က နားမလည်ဘဲ အဘယ်မှာ ရှိပါမည်နည်း။

ဟုတ်သားပဲ။ ကလေးတွေ ကြီးလာရင် ကိုယ်ပိုင်အမြင်နဲ့ အတွေးအခေါ်တွေ ရှိလာကြပြီ။ သူမလို မိခင်တစ်ယောက်အနေနဲ့ မိုင်ပေါင်းထောင်ချီ ဝေးကွာနေတဲ့ သားဖြစ်သူကို ဘယ်လိုလုပ် ထိန်းချုပ်နိုင်ပါ့မလဲ။

ချောင်မိဖုရားခေါင်က ခဏလောက် တိတ်ဆိတ်နေပြီးနောက် နောက်ဆုံးတော့ သက်ပြင်းချလိုက်လေသည်။ "မင်း ပြောတာ မှန်ပါတယ်။ ပန်ကုံးက အမြင်ကျဉ်းသွားခဲ့တယ်"

...

အပိုင်း (၃၄၄) ရင်ဖွင့်ခြင်း

ဒီစကားကို ကြားလိုက်ရသည်နှင့် ချောင်မိဖုရားခေါင်၏ ရက်အနည်းငယ်ကြအောင် မကြည်မလင်ဖြစ်နေသည့်စိတ်က လွင့်ပျယ်သွားတော့သည်။ သို့သော် သူမ၏ မျက်ဝန်းများတွင်တော့ အသက်ဝင်မှု မရှိတော့ဘဲ ရုတ်တရက် မှိန်ဖျော့သွားလေသည်။

ဒါက ဒီလောကထဲက မိခင်တိုင်း ဖြတ်သန်းရမည့် လမ်းကြောင်းတစ်ခု ဖြစ်ပေလိမ့်မည်။

ဆယ်လလွယ်ပြီး ခက်ခက်ခဲခဲ မွေးဖွားထားရသည့် သား။ စကားစပြောတတ်ချိန်ကစပြီး အားသွန်ခွန်စိုက် ပြုစုပျိုးထောင်ပေးခဲ့ရသည့် သား။ ခင်ပွန်းသည်ကို အားကိုးလို့ မရသည့်အတွက် မေတ္တာအားလုံးကို ပုံအပ်ထားခဲ့ရသည့် သား။

သို့သော် သားကြီးပြင်းလာပြီးနောက်တွင်တော့ ဇနီးသည်ကို လက်ထပ်ယူလိုက်သည်နှင့် စိတ်နှလုံးတစ်ခုလုံးက ဇနီးသည်ဆီ ပါသွားလေသည်။ မိခင်အရင်းကို ရိုသေချစ်ခင်သည်မှာ မှန်သော်လည်း သားဖြစ်သူ၏ ရင်ထဲတွင် အရေးကြီးဆုံးသူသည် မိမိ၏ ဇနီးနှင့် သားသမီးများသာ ဖြစ်ပြီး မိခင်အရင်း မဟုတ်တော့ပေ။

မိခင်အရင်းတစ်ယောက်အနေနှင့် သားဖြစ်သူကို ကောင်းစားစေချင်လျှင် တိတ်တဆိတ် နောက်ဆုတ်ပေးရုံသာ တတ်နိုင်တော့သည်။

သားဖြစ်သူတွင် ကိုယ်ပိုင်အမြင်နှင့် အတွေးအခေါ်များ ရှိလာပြီ ဖြစ်သဖြင့် မိခင်တစ်ယောက်အနေနှင့် တားဆီးလို့ မရဘဲ စိတ်ရောကိုယ်ပါ ထောက်ခံပေးရုံသာ ရှိတော့သည်။ သူမ မည်မျှပင် ထိတ်လန့်ကြောက်ရွံ့နေပါစေ သည်းခံလိုက်ရုံသာ ရှိပြီး သားဖြစ်သူ အမြင့်သို့ ပျံသန်းမည်ကို တားဆီးလို့ မရနိုင်ပေ။

ချောင်မိဖုရားခေါင်သည် မသိမသာ နှခေါင်းရှုံ့လိုက်ပြီး တိတ်တဆိတ် ခေါင်းလွှဲလိုက်လေသည်။

လုမင်ယွိက သက်ပြင်းတစ်ချက် ဖွဖွချလိုက်ပြီး ရွှီအာကို နို့ထိန်းသည်လက်ထဲ ထည့်ပေးလိုက်သည်။ ထို့နောက် သူမကိုယ်တိုင် ချောင်မိဖုရားခေါင်၏ ဘေးနားတွင် ဝင်ထိုင်ကာ လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "ဒီရက်ပိုင်း မူဟုပ် စိတ်မကြည်မလင် ဖြစ်နေတာကို အာရှီ နားလည်ပါတယ်။ မူဟုပ်က အရှင်မင်းသား စစ်တိုက်ထွက်သွားတဲ့ကိစ္စကို စိတ်ပူနေတာပါ"

"အရှင်မင်းသားက သာ့ဝေတိုင်းပြည်ရဲ့ ထိုက်ဇီအရှင်မင်းသား ဖြစ်နေလေတော့ ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုကို ရချင်ရင် အစွမ်းကုန် ကြိုးစားရမှာပါ"

"အရှင်မင်းသားကို မဆိုထားပါနဲ့။ ပထမမင်းသားနဲ့ တတိယမင်းသားဆိုရင်လဲ အတူတူပါပဲ။ စစ်တိုက်ထွက်ပြီး အကျိုးဆောင်မှုယူချင်ကြတာပါပဲ။ စတုတ္ထမင်းသားဆိုရင်လဲ ကြည့်ပါဦး။ အရင်တုန်းက ပျင်းရိပြီး ဆော့ကစားတတ်ပေမဲ့ မြို့တော်က ထွက်သွားတာနဲ့ ပုန်ကန်မှုကို နှိမ်နင်းတဲ့နေရာမှာ တကယ်ပဲ ပုံစံကျလာတာပဲလေ"

"ယောကျာ်းကောင်းတစ်ယောက်အနေနဲ့ သေမှာကြောက်လို့ မဖြစ်ဘူးလေ။ ကိုယ့်လုံခြုံရေးကိုပဲ ကြည့်ပြီး နောက်ဆုတ်နေလို့ မရဘူး။ မူဟုပ်အနေနဲ့ ဒီလိုသားမျိုး ရှိတာကို ဂုဏ်ယူသင့်ပါတယ်"

ချောင်မိဖုရားခေါင်၏ မျက်ဝန်းအိမ်များ ဘယ်အချိန်ကတည်းက နီရဲလာသည်မသိ။ အသံကလည်း အနည်းငယ် တုန်ယင်နေတော့သည်။ "မင်း ပြောတဲ့ သဘောတရားတွေကို ပန်ကုံးက ဘာလို့ နားမလည်ဘဲ နေပါ့မလဲ။ ဒါပေမဲ့ မိခင်တစ်ယောက်ရဲ့ စိတ်ကို မင်း နားမလည်ပါဘူး"

"အားကျင့်သာ တစ်ခုခုဖြစ်သွားရင် ပန်ကုံးလဲ အသက်ရှင်နိုင်မှာ မဟုတ်တော့ပါဘူး"

လုမင်ယွိ၏ ရင်ထဲတွင် တုန်လှုပ်သွားတော့သည်။

ယခင်ဘဝတုန်းက လီကျင့်သည် စစ်မြေပြင်တွင် ကျဆုံးသွားခဲ့သည်။ သတင်းဆိုးက မြို့တော်သို့ ရောက်ရှိလာသည့်အခါ ချောင်မိဖုရားခေါင်၏ ကမ္ဘာကြီးကလဲ ပြိုလဲသွားခဲ့ရသည်။ မကြာခင်မှာပင် နာမကျန်းဖြစ်ကာ အိပ်ရာထဲ လဲသွားပြီး တစ်နှစ်မပြည့်ခင်မှာပင် ကွယ်လွန်သွားခဲ့သည်။ ဒီကိစ္စထဲတွင် စူးဖေး၏ "လက်ရာ" ပါဝင်နေသည်မှာ မှန်သော်ငြား အရေးအကြီးဆုံးအချက်ကတော့ လီကျင့် သေဆုံးသွားသဖြင့် ချောင်မိဖုရားခေါင်တွင် အသက်ရှင်ချင်စိတ် မရှိတော့ခြင်းကြောင့်ပင်။

ထုတ်မပြောနိုင်သည့် တောင်းပန်မှုနှင့် နောင်တတရားတို့သည် ရင်ထဲတွင် လှိုင်းထန်လာတော့သည်။

လုမင်ယွိက ကိုယ်ကိုညွှတ်လိုက်ပြီး ချောင်မိဖုရားခေါင်၏ လက်ကို လှမ်းဆွဲလိုက်လေသည်။ "မူဟုပ်"

ချောင်မိဖုရားခေါင်၏လက်သည် အနည်းငယ် တုန်ယင်သွားပြီး လုမင်ယွိကို လှည့်ကြည့်လိုက်လေသည်။

ယောက္ခမနှင့် ချွေးမတို့သည် အမြဲတမ်း သင့်မြတ်ခဲ့ကြပြီး စကားများ ရန်ဖြစ်သည်မှာ အလွန်ရှားပါးလှသည်။ ယခုလို ရင်းရင်းနှီးနှီး လက်ကိုင်ထားသည့် မြင်ကွင်းမျိုးကတော့ ပထမဆုံးအကြိမ်ပင်။

လုမင်ယွိ၏ မျက်လုံးများထဲတွင် မျက်ရည်စများ ဝေ့သီလာသော်လည်း အသံကတော့ တည်ငြိမ်ပြတ်သားနေလေသည်။ "မူဟုပ် စိတ်ချပါ။ အရှင်မင်းသားက ကောင်းကောင်းမွန်မွန် ပြန်လာမှာပါ။ မူဟုပ်လဲ အသက်ရာကျော် ရှည်ရမှာပါ"

ချောင်မိဖုရားခေါင်၏ နှာခေါင်းက ပိုပြီးပူစပ်လာကာ အသံကလဲ တိုးဝင်သွားတော့သည်။ "ငါလဲ မင်းပြောသလို ဖြစ်ပါစေလို့ ဆုတောင်းပါတယ်"

ခဏရပ်ပြီးနောက် သူမက ထပ်ပြောပြန်သည်။ "အားကျင့် ကြီးလာပြီပဲ။ သူ့မှာ ကိုယ်ပိုင်အမြင် ရှိနေပြီ။ မင်း ပြောတာ မှန်ပါတယ်။ ငါ သူ့ကို မတားဆီးသင့်ပါဘူး။ နောက်ဆို စာရေးရင် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ပဲ မှာလိုက်တော့မယ်"

လုမင်ယွိက အင်း ဟု ပြန်ဖြေလိုက်ပြီး မျက်တောင်ကို ခတ်ကာ မျက်ရည်များကို ပြန်သိမ်းလိုက်လေသည်။

ယောက္ခမနှင့် ချွေးမကြားက အဖုအထစ်လေး ပြေလည်သွားပြီး နားလည်မှုက တစ်ဆင့် ပိုတိုးလာတော့သည်။

လုမင်ယွိက ကုလားထိုင်ပေါ်တွင် ပြန်ထိုင်လိုက်ပြီး စိတ်ငြိမ်သွားမှ ပြုံးကာ ပြောလိုက်လေသည်။ "ဒီနေ့ ဟွမ်ကျဲနဲ့ မူဟုပ် စကားများတာကလဲ ဒီကိစ္စကြောင့်ပဲမလား"

ချောင်မိဖုရားခေါင်က ချောင်းဟန့်လိုက်လေသည်။ "ဟွေ့အန်းက မွေးကတည်းက စိတ်သဘောထား ပြည့်ဝပြီး ကိစ္စတွေကို ဝင်ပါရတာ ကြိုက်တယ်။ သူ့ကို စကားနည်းနည်း ပြောဖို့ ငါက ပြောလိုက်တာ။ သူ စိတ်မရှည်တော့ ဒေါသတကြီး ထွက်သွားတာပဲ"

လုမင်ယွိက သဘောပေါက်သွားပြီး ပြုံးကာ ပြောလိုက်သည်။ "ဒီနေ့တော့ ထားလိုက်ပါတော့။ ဟွမ်ကျဲ စိတ်ပြေပါစေဦး။ မနက်ဖြန်ကျမှ ဟွမ်ကျဲကို နန်းတော်ထဲ ဝင်ဖို့ လူလွှတ်လိုက်မယ်။ သားအမိတွေပဲ ရန်ငြိုးထားစရာမှ မလိုတာ။ စကားပြောပြီး ရှင်းလိုက်ရင် ပြီးသွားမှာပါ"

ချောင်မိဖုရားခေါင်က ပြုံးကာ ခေါင်းညိတ်လိုက်လေသည်။

...

နောက်တစ်နေ့တွင် ချီယွင်သည် နန်းတော်ထဲက ထွက်ခွာပြီး ကုန်းကျူအိမ်တော်သို့ သွားရောက်ခဲ့လေသည်။

ဟွေ့အန်းကုန်းကျူသည် ဒေါသကြီးသူ ဖြစ်သဖြင့် တစ်ညကုန်လွန်သွားသော်လည်း မျက်နှာက တင်းမာနေဆဲပင်။ ချီယွင်သည် လုမင်ယွိ၏ ကိုယ်ရံတော် အပျိုတော်ဖြစ်သဖြင့် နန်းတော်ထဲက လူတိုင်းက သူမကို လေးစားကြသည်။

ဟွေ့အန်းကုန်းကျူ စိတ်ကြည်နေချိန်ဆိုလျှင် ချီယွင်အပေါ် အတော်လေး ယဉ်ကျေးသည်။ စိတ်မကြည်မလင် ဖြစ်နေချိန်မှာတော့ သိပ်ပြီး ဖော်ရွေမည် မဟုတ်ချေ။ မျက်နှာကို တည်ထားပြီး ပြောလိုက်လေသည်။ "နင်က နန်းတော်ထဲမှာ ထိုက်ဇီဖေးကို မပြုစုဘဲ ကုန်းကျူအိမ်တော်ကို ဘာလာလုပ်တာလဲ"

ချီယွင်က ပြုံးရွှင်စွာဖြင့် အရိုအသေ ပြုလိုက်လေသည်။ "ကျွန်မက ထိုက်ဇီဖေးရဲ့ အမိန့်အရ ကုန်းကျူမင်းသမီးကို နန်းတော်ထဲ ဝင်ဖို့ လာဖိတ်တာပါ"

ဟွေ့အန်းကုန်းကျူက မျက်နှာကို မဲ့လိုက်လေသည်။ "နင် ပြန်ပြီး လျှောက်တင်လိုက်ပါ။ ငါ အရမ်း အလုပ်ရှုပ်နေလို့ ဒီနေ့ နန်းတော်ထဲ ဝင်ဖို့ အချိန်မရှိဘူးလို့"

ချီယွင်က အခက်တွေ့သလို ဟန်ဆောင်လိုက်လေသည်။ "ထိုက်ဇီဖေးက အမိန့်ပေးထားပါတယ်။ ဒီနေ့ ကုန်းကျူမင်းသမီးကို မခေါ်လာနိုင်ရင် နန်းတော်ထဲ ပြန်မလာနဲ့တဲ့။ မင်းသမီး ကျွန်မကို သနားပါဦး။ မဟုတ်ရင် ကျွန်မ သခင်မကို ပြန်ပြီး လျှောက်တင်လို့ ရမှာ မဟုတ်တော့ဘူး"

ချီယွင်သည် လုမင်ယွိကို ပြုစုနိုင်သူ ဖြစ်သဖြင့် လူချော့သည့် နေရာမှာ ထိပ်တန်းအဆင့် ရှိလေသည်။ စကားကောင်းများ တစ်လှေကြီး ပြောဆိုပြီးနောက် နောက်ဆုံးတော့ ဟွေ့အန်းကုန်းကျူ ခေါင်းညိတ်လာအောင် စွမ်းဆောင်နိုင်ခဲ့လေသည်။

ဟွေ့အန်းကုန်းကျူက မျက်နှာလေး တည်လျက် နန်းတော်ထဲသို့ ဝင်ရောက်လာခဲ့သည်။

လုမင်ယွိက ပြုံးရွှင်စွာဖြင့် ကြိုဆိုလိုက်ပြီး ဟွေ့အန်းကုန်းကျူ၏ မျက်နှာတင်းမာမှုကို မမြင်ချင်ယောင်ဆောင်လိုက်လေသည်။ "ဟွမ်ကျဲ နန်းတော်ထဲ တစ်ရက်လောက် မလာတာနဲ့ ကျွန်မနဲ့ မူဟုပ်က နန်းတော်ထဲမှာ ခြောက်ကပ်နေသလို ခံစားရတယ်"

လုမင်ယွိကလည်း မာနကြီးပြီး ဒေါသကြီးသူ ဖြစ်သည်။ ပုံမှန်ဆိုလျှင် သူမကသာ လူတွေကို ဒုက္ခပေးလေ့ရှိပြီး သည်လို ပြုံးပြုံးရွှင်ရွှင်နှင့် လူချော့သည်ကို ဘယ်အချိန်က မြင်ဖူးခဲ့ပါသနည်း။

ဟွေ့အန်းကုန်းကျူက သဘောကျသွားပြီး ဒေါသများ တစ်ဝက်လောက် လျော့ကျသွားတော့သည်။ သို့သော် ပါးစပ်ကတော့ မာနေဆဲပင်။ "နင် ပြောတာ လွန်လွန်းပါပြီ။ နန်းတော်ထဲမှာ လူတွေ ဒီလောက်များတာ။ ငါတစ်ယောက် မရှိတာနဲ့ ဘာဖြစ်သွားမှာလဲ။ မူဟုပ် မျက်လုံးထဲမှာ ရွှီအာနဲ့ ရွှမ်းအာပဲ ရှိတာ။ ငါက မူဟုပ် မျက်စိရှေ့မှာ သွားရှုပ်နေရင် အမြင်ကပ်ခံရဦးမယ်"

လုမင်ယွိက ပြုံးလိုက်ပြီး ဟွေ့အန်းကုန်းကျူကို ဆွဲခေါ်သွားလေသည်။

ဘာပဲဖြစ်ဖြစ် သူမက အားသန်သူ ဖြစ်သဖြင့် အနည်းငယ် အားစိုက်လိုက်ရုံဖြင့် ဟွေ့အန်းကုန်းကျူမှာ မတတ်သာဘဲ ကျောင်းဖန်နန်းဆောင်ထဲသို့ ပါသွားရတော့သည်။

ထို့နောက် ဟွေ့အန်းကုန်းကျူကို ကြိုဆိုလိုက်သည်မှာ တူလေးနှင့် တူမလေး၏ ဖောင်းဖောင်းအစ်အစ် မျက်နှာလေးများ ဖြစ်လေသည်။ ပန်းပွင့်လေးများလို ပြုံးရွှင်နေကြတော့၏။

ချောင်မိဖုရားခေါင်က မြေးနှစ်ယောက်ကို ပျော်ရွှင်စွာ ပွေ့ဖက်ထားရင်း ဟွေ့အန်းကုန်းကျူကို ပြုံးပြလိုက်လေသည်။ "မြန်မြန်လာပါဦး။ ရွှီအာနဲ့ ရွှမ်းအာက အဒေါ်ကို မတွေ့တာ နှစ်ရက်ရှိပြီ။ လွမ်းနေကြတာ"

ဟွေ့အန်းကုန်းကျူသည် ကိုယ်ပိုင်ကလေး မရှိသော်လည်း ကလေးအချစ်တတ်ဆုံးသူ ဖြစ်လေသည်။ ဝူမိသားစုထဲတွင် တူ၊တူမများ တစ်ပုံကြီး ရှိသော်လည်း ရွှီအာနှင့် ရွှမ်းအာလောက်တော့ ရင်းနှီးမှု မရှိချေ။

သွေးက ရေထက်ပျစ်သည် ဆိုသည့်စကားက လုံးဝ မှန်ကန်လေသည်။ ဟွေ့အန်းကုန်းကျူ နေ့တိုင်း နန်းတော်ထဲဝင်ခြင်းမှာ မိခင်ကို အဖော်ပြုပေးရန်သာမက တူနှင့်တူမလေးကို တွေ့ချင်သောကြောင့်လည်း ပါလေသည်။

ရွှီအာနှင့် ရွှမ်းအာတို့သည် လက်ကလေးများ ဆန့်တန်းကာ အဒေါ်ဆီသို့ လှမ်းတောင်းဆိုလိုက်ကြသည်။ ဟွေ့အန်းကုန်းကျူသည် စိတ်ကောက်နေသည့် ကိစ္စကို ဘယ်မှာ မှတ်မိပါတော့မည်နည်း။ ချက်ချင်းဆိုသလို မျက်နှာပွင့်လန်းသွားပြီး လက်ကမ်းကာ ကလေးနှစ်ယောက်လုံးကို ပွေ့ဖက်လိုက်လေတော့သည်။

ချောင်မိဖုရားခေါင်က ရယ်မောကာ ပြောလိုက်လေသည်။ "သူတို့က ပေါင် ၂၀ ကျော်နေပြီ။ ဖြူဖြူဖိုင့်ဖိုင့်နဲ့ ကျစ်လစ်နေတာ။ မင်း ဘယ်လိုလုပ် နှစ်ယောက်လုံးကို ချီနိုင်မှာလဲ"

ဟွေ့အန်းကုန်းကျူက ပြုံးဖြဲဖြဲဖြင့် တူလေးကို နမ်းလိုက်ပြီး တူမလေး၏ ပါးနုနုလေးကို ထပ်နမ်းလိုက်လေသည်။ "ကျွန်မ မပန်းပါဘူး။ နှစ်ယောက်လုံးကို ချီရတာ ကျေနပ်တယ်"

သမီးဖြစ်သူ၏ ငြင်းဆန်မှုကို ခံရသည်မှာ ပုံမှန်ကိစ္စပင်။ ချောင်မိဖုရားခေါင်ကလဲ စိတ်ထဲမထားဘဲ ပြုံးကာ ပြောလိုက်လေသည်။ "ပြီးတာပါပဲ။ မင်း ချီချင်ရင်လဲ ဒီနေ့တစ်နေကုန် မင်းပဲ ချီထားလိုက်တော့။ ဘယ်သူမှ မင်းနဲ့ လာမလုဘူး"

လုမင်ယွိက ပြုံးကာ ဝင်ပြောလိုက်လေသည်။ "တော်ဝင်မီးဖိုဆောင်ကို ဟွမ်ကျဲ ကြိုက်တဲ့ဟင်းပွဲတွေ ချက်ခိုင်းလိုက်မယ်"

ဟွေ့အန်းကုန်းကျူသည် ယောက္ခမနှင့် ချွေးမတို့၏ ဝိုင်းဝန်းချော့မော့မှုကို ခံလိုက်ရသဖြင့် စိတ်ရောကိုယ်ပါ ကြည်နူးသွားပြီး မာနလေး တစ်ခွဲသားဖြင့် ပြန်ပြောလိုက်လေသည်။ "ကောင်းပြီလေ။ မူဟုပ်နဲ့ ညီမလေးတို့က စေတနာနဲ့ တားနေမှတော့ ကျွန်မလဲ နန်းတော်ထဲမှာ တစ်ရက်လောက် နေလိုက်ပါ့မယ်"

ချောင်မိဖုရားခေါင်နှင့် လုမင်ယွိတို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ကာ ပြုံးလိုက်ကြလေသည်။

ထိုအချိန်မှာပင် ချိုင်လန် ဝင်ရောက်လာပြီး လျှောက်တင်လေသည်။ "တတိယမင်းသားအိမ်တော်က လူလွှတ်ပြီး သတင်းလာပို့ပါတယ်။ တတိယမင်းသားကြင်ရာတော် ဗိုက်နာနေပါပြီတဲ့"

...

အပိုင်း (၃၄၅) မီးဖွားချိန် (၁)

လီဟောက် ထွက်ခွာသွားပြီးနောက် မုန့်ယွင်လော်သည် အိမ်တော်ထဲတွင် ကိုယ်ဝန်စောင့်ရှောက်ရင်းသာ နေထိုင်ကာ ၁၀ ရက် တစ်ကြိမ်လောက်သာ နန်းတော်ထဲ ဝင်ရောက် ဂါရဝပြုလေသည်။ နောက်ပိုင်းတွင် လရင့်လာသည်နှင့်အမျှ ကိုယ်ဝန်စောင့်ရှောက်မှုကို အကြောင်းပြကာ နန်းတော်တံခါးဝကို ခြေဦးမလှည့်တော့ချေ။

စူးဖေးသည် စိတ်ထဲတွင် မကျေမနပ် ဖြစ်နေပြီး လီချန်ကို အကြိမ်ကြိမ် ညည်းညူ ပြောဆိုလေသည်။ "နင့် စန်းကော ထွက်သွားတာနဲ့ နင့် စန်းစောင်က နန်းတော်တံခါးဝကိုတောင် မလာတော့ဘူး။ တစ်ခုခု ဖြစ်ရင်တောင် အားကိုးလို့ မရတော့ဘူး"

လီချန်သည် အကြောင်းမဲ့ သက်သက် အစ်ကိုဖြစ်သူ၏ ရိုက်နှက်ခံခဲ့ရသဖြင့် လဝက်လောက် အိပ်ရာထဲ လဲနေခဲ့ရပြီးမှ ဒဏ်ရာသက်သာသွားခြင်း ဖြစ်သည်။ ဒီလပိုင်းအတွင်း စိတ်ထဲတွင် ဒေါသများ စုပုံနေတော့သည်။

စူးဖေးက လီဟောက်အကြောင်း ပြောလျှင် လီချန်က ဘာမှ ပြန်မပြောချေ။

စူးဖေးက ချွေးမကို အပြစ်တင် ပြောဆိုလျှင်လည်း လီချန်က ဘာမှ ပြန်မပြောချေ။

အတော်ကြာအောင် ပြောပြီးသည့်တိုင် တုံ့ပြန်မှု မရှိသဖြင့် စူးဖေးက စိတ်ပျက်လာကာ သက်ပြင်းချလိုက်လေသည်။ "နင်က အရင်ကတည်းက စကားပြောရတာ မကြိုက်ပါဘူး။ အခုဆို ပိုဆိုးလာတယ်။ တစ်နေ့ကုန် ပါးစပ်ပိတ်ထားပြီး ဘူးသီးခြောက်ကြီးလို ဖြစ်နေတာပဲ"

လီချန်က စူးဖေးကို တစ်ချက် ကြည့်လိုက်လေသည်။ "ကျွန်တော် ပြောတဲ့ စကားတွေကို မူဖေးမှ နားထောင်ချင်တာ မဟုတ်တာ။ ကျွန်တော်က ဘာပြောရဦးမှာလဲ"

စူးဖေးက သူ့ကို ချော့ဖို့ စိတ်မပါသဖြင့် လက်ကာပြလိုက်လေသည်။ "ထားလိုက်ပါတော့။ စာကြည့်ဆောင်သွားပြီး စာသွားဖတ်ချေတော့"

လီချန်က နှုတ်ခမ်းကို စေ့ထားလိုက်ပြီး ယိဟွားနန်းဆောင်ထဲက ထွက်ခွာသွားတော့သည်။

...

စူးဖေးသည် သားဖြစ်သူကို သတိရပြီး တစ်ခါ ငိုကြွေးလိုက်ပြန်သည်။ မျက်ရည်မခြောက်သေးမီမှာပင် နန်းတွင်းအပျိုတော်လေးက ပျော်ရွှင်စွာဖြင့် သတင်းလာပို့လေသည်။ "စူးဖေးညန်ညန်.... စန်းဟွမ်စစ်ဖေးညန်ညန်(တတိယမင်းသားကြင်ရာတော်) ဗိုက်နာလာလို့ မီးဖွားခန်းထဲ ဝင်သွားပါပြီ"

စူးဖေးသည် ချက်ချင်း စိတ်ဓာတ်တက်ကြွလာပြီး လက်ကိုင်ပုဝါဖြင့် မျက်ရည်များကို သုတ်လိုက်လေသည်။ "မွေးပြီလား။ သားယောက်ျားလေးလား"

နန်းတွင်းအပျိုတော်လေးက ပြုံးကာ ပြန်ဖြေလိုက်လေသည်။ "အခုမှ ဗိုက်စနာတာပါ။ ဘယ်လောက် မြန်မြန် မွေးမှာလဲ။ ဒါပေမဲ့ ကျွန်မ ထင်တာတော့ သေချာပေါက် မြေးတော်လေး ဖြစ်မှာပါ"

နန်းတွင်းသမားတော်ချုပ်ကျိုးသည် ကိုယ်ဝန်ဆောင်သည်များ၏ သွေးခုန်နှုန်းကို စမ်းသပ်ရာတွင် ကျွမ်းကျင်သူ ဖြစ်ပြီး ကိုယ်ဝန် ၅ လ ၆ လခန့် ရှိလျှင် ယောကျာ်းလေး မိန်းကလေး ခွဲခြားသိရှိနိုင်ပြီ ဖြစ်သည်။ သို့သော် မုန့်ယွင်လော်သည် နောက်ပိုင်းလများတွင် နန်းတော်ထဲ မဝင်သဖြင့် သမားတော်ကျိုး စမ်းသပ်ခွင့် မရလိုက်ပေ။

စူးဖေးကတော့ ဒီကလေးသည် သေချာပေါက် မြေးတော်လေး ဖြစ်ရမည်ဟု ကြိုတင် ဆုံးဖြတ်ထားပြီး ဖြစ်လေသည်။ "ကောင်းပြီ။ မြေးတော်လေး မွေးလာရင် ယိဟွားနန်းဆောင်ထဲက လူတိုင်းကို ဆုချမယ်"

နန်းတွင်းအပျိုတော်များကလဲ အလိုက်တသိ ဂါရဝပြုကာ ကျေးဇူးတင်စကား ဆိုလိုက်ကြလေသည်။

စူးဖေးသည် ယိဟွားနန်းဆောင်ထဲတွင် မနေနိုင်တော့ဘဲ ပြန်လည် ပြင်ဆင်မွမ်းမံပြီးနောက် ကျောင်းဖန်နန်းဆောင်သို့ ထွက်ခွာလာခဲ့လေသည်။

ကျောင်းဖန်နန်းဆောင်ထဲတွင် ချောင်မိဖုရားခေါင်သည် မြေးနှစ်ယောက်နှင့် ဆော့ကစားနေလေသည်။ စူးဖေး ရောက်လာသည်နှင့် ချောင်မိဖုရားခေါင်၏ အပြုံးက အနည်းငယ် လျော့ပါးသွားတော့သည်။

"ချန်ချဲ့ ဟွမ်ဟုပ်ညန်ညန်ကို လာပြီး ဂုဏ်ပြုတာပါ" စူးဖေးက ပျော်ရွှင်စွာဖြင့် ဂါရဝပြုလိုက်လေသည်။ "စန်းဟွမ်စစ်ဖေး ဗိုက်နာနေပါပြီ။ မကြာခင် တော်ဝင်မိသားစုဝင် အသစ်လေး တိုးလာတော့မယ်"

ချောင်မိဖုရားခေါင်သည် မိဖုရားခေါင်ကြီး ပီသစွာ သဘောထားကြီးမှုကို ပြသလိုက်ပြီး ပြုံးကာ ပြောလိုက်လေသည်။ "ပန်ကုံးလဲ သတင်းကောင်းကို စောင့်နေတာပါ"

စူးဖေးက ပြုံးလိုက်လေသည်။ "ချန်ချဲ့ မျှော်လင့်နေခဲ့တာ လပေါင်းများစွာ ကြာခဲ့ပါပြီ။ မုန့်ရှီသာ သားယောက်ျားလေး မွေးရင် အားဟောက်ဆီ စာရေးပြီး ဝမ်းသာအောင် ပြောပြရဦးမယ်"

ရွှီအာနှင့် ရွှမ်းအာတို့က သူတို့ကို ဂရုမစိုက်ကြသဖြင့် မကျေမနပ် ဖြစ်လာကြပြီး လက်သေးသေးလေးများကို ဝှေ့ယမ်းကာ ပါးစပ်မှလဲ တတွတ်တွတ် အသံပြုနေကြလေသည်။

ချောင်မိဖုရားခေါင်က ပြုံးကာ ကိုယ်ကိုကိုင်းလိုက်ပြီး ကလေးနှစ်ယောက်၏ လက်ကလေးများကို ဆုပ်ကိုင်လိုက်လေသည်။ "ရွှီအာနဲ့ ရွှမ်းအာက လိမ်တယ်နော်။ မဆိုးနဲ့တော့။ အဘွားက စူးဖေးနဲ့ စကားပြောနေတာ။ မင်းတို့ကို တမင်တကာ မခေါ်တာ မဟုတ်ပါဘူး"

စူးဖေး၏ အကြည့်ကလဲ ကလေးနှစ်ယောက်ဆီ ရောက်သွားတော့သည်။

ရွှီအာနှင့် ရွှမ်းအာတို့သည် အလွန် ကျန်းမာသန်စွမ်းကြသည်။ လမစေ့ဘဲ မွေးသည့် ကလေးများသည် သာမန်ကလေးများထက် ပိုသေးငယ်တတ်သော်လည်း သူတို့မောင်နှမနှစ်ယောက် မွေးဖွားချိန်တွင် အမှန်တကယ် သေးငယ်ခဲ့ကြသည်။

သို့သော် မောင်နှမနှစ်ယောက်သည် အစားကောင်းကောင်း စားနိုင်ပြီး ကောင်းကောင်း အိပ်နိုင်ကြသဖြင့် ယခု ၇ လ သား အရွယ် ရောက်သောအခါ ဖြူဖြူဖိုင့်ဖိုင့်နှင့် ဝဖြိုးနေကြပြီ ဖြစ်သည်။ လက်မောင်းလေးများသည် ကြာစွယ်နုလေးများလို ဖြစ်နေပြီး မျက်နှာလေးများက ဖောင်းအစ်နေကာ မျက်လုံးလေးများက နက်မှောင် တောက်ပနေသည်မှာ အလွန် ချစ်စရာ ကောင်းလှသည်။

စူးဖေးသည် သူမ၏ မြေးဦးလေး လီယန့်ကို သတိရသွားမိသည်။ လီယန့်သည်လဲ ကျန်းမာသန်စွမ်းပြီး ချစ်စရာကောင်းသည့် ကလေးလေး ဖြစ်ခဲ့သည်။

စက်ဆုပ်ရွံရှာဖွယ်ကောင်းပြီး သေသင့်သော လုမင်ယွိ။ စည်းစိမ်ဥစ္စာကို မက်မောပြီး လီကျင့်ကို လက်ထပ်ခဲ့သည့် မိန်းမ။ သူမကြောင့်ပဲ သူမ၏မြေးလေး လူဖြစ်ခွင့် မရခဲ့ခြင်းပင်။

နေပါဦး။ လုမင်ယွိ ဘယ်ရောက်သွားတာလဲ။

စူးဖေးသည် နန်းဆောင်ထဲတွင် လူတစ်ယောက် လျော့နည်းနေသည်ကို နောက်ကျမှ သတိထားမိလိုက်ပြီး မနေနိုင်ဘဲ မေးလိုက်မိသည်။ "ရွှီအာနဲ့ ရွှမ်းအာ ရှိနေတာ။ ထိုက်ဇီဖေးက ဘယ်ရောက်သွားတာလဲ"

ချောင်မိဖုရားခေါင်က ပြုံးကာ ဖြေလိုက်လေသည်။ "မုန့်ရှီက သားဦးမွေးမှာလေ။ မီးဖွားချိန်မှာ အိမ်တော်ထဲမှာ ဦးစီးမဲ့လူ လိုတာပေါ့။ ပန်ကုံးက လုရှီကို တတိယမင်းသားအိမ်တော်ဆီ လွှတ်လိုက်တယ်။ အချိန်တွက်ကြည့်ရင် အခုလောက်ဆို ရောက်နေလောက်ပြီ"

ဘာ။

လုမင်ယွိက တတိယမင်းသားအိမ်တော်ကို သွားတယ်ဟုတ်လား။

စူးဖေး၏ နှလုံးခုန်သံ တစ်ချက် ရပ်တန့်သွားပြီး မျက်နှာပျက်ကာ အော်ပြောလိုက်မိသည်။ "သူက ဘာလို့ တတိယမင်းသားအိမ်တော်ကို သွားရတာလဲ"

ချောင်မိဖုရားခေါင်က မော့ကြည့်လိုက်လေသည်။ "လုရှီက ထိုက်ဇီဖေးလေ။ မုန့်ရှီနဲ့ကလဲ မောင်နှမဝမ်းကွဲ တော်စပ်သေးတယ်။ ဒီလိုအချိန်မှာ သူ သွားတာ အသင့်တော်ဆုံးပဲ"

စူးဖေး "....."

စူးဖေးသည် ချောင်မိဖုရားခေါင်၏ မကျေမနပ် အကြည့်အောက်တွင် သူမ၏ အမူအရာ ပျက်ယွင်းသွားသည်ကို သတိထားမိလိုက်ပြီး ခြောက်ကပ်ကပ် အပြုံးတစ်ခုကို ညှစ်ထုတ်လိုက်ရလေသည်။ "ဟွမ်ဟုပ်ညန်ညန် ပြောတာ မှန်ပါတယ်။ ချန်ချဲ့က စိတ်လောသွားလို့ စကားမှားသွားပါတယ်။ ဟွမ်ဟုပ်ညန်ညန် စိတ်ထဲ မထားပါနဲ့"

ချောင်မိဖုရားခေါင်ကတော့ စူးဖေး၏ ခံစားချက်ကို ဂရုစိုက်မနေဘဲ ပေါ့ပေါ့ပါးပါး ပြောလိုက်လေသည်။ "မင်း ယိဟွားနန်းဆောင်ကို ပြန်ပြီး သတင်းကောင်း စောင့်နေလိုက်ပါ"

စူးဖေးတစ်ယောက် မတတ်သာဘဲ ထွက်ခွာလာခဲ့ရတော့သည်။

ကျောင်းဖန်နန်းဆောင်က ထွက်လာပြီးနောက် စူးဖေး၏ မျက်နှာပေါ်က အပြုံးတုသည် ချက်ချင်း ပျောက်ကွယ်သွားပြီး ညာဘက်လက်က လက်ကိုင်ပုဝါကို တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်လေသည်။

လုမင်ယွိက အငြိုးအတေးတွေ ရှိနေတာ။ ဒီလိုအချိန်မှာ ခြေလက်မြန်မြန်နဲ့ လုပ်လိုက်ရင် ဘယ်လိုလုပ်မလဲ။

မဖြစ်ဘူး။ ဒီအတိုင်း ထိုင်စောင့်နေလို့ မဖြစ်ဘူး။

စူးဖေးသည် ယိဟွားနန်းဆောင်ကို ပြန်မသွားဘဲ လမ်းကြောင်းပြောင်းကာ စာကြည့်ဆောင်သို့ တန်းတန်းမတ်မတ် သွားလိုက်လေသည်။

ယုံးကျားဧကရာဇ်နှင့် မင်းသားအများစုသည် မြို့တော်တွင် မရှိကြဘဲ ပဉ္စမမင်းသား တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့သည်။ ပဉ္စမမင်းသားသည် စာပေတွင် သာမန်သာ ရှိပြီး ဒီရက်ပိုင်း ပိုပြီး ပျင်းရိနေလေသည်။ ဆရာကြီးက စိတ်ပါလက်ပါ သင်ကြားပေးနေသော်လည်း ပဉ္စမမင်းသားကတော့ နားထောင်နေသယောင် ရှိသော်လည်း စိတ်က လွင့်ပျံနေလေသည်။

စူးဖေး ရောက်လာသည်နှင့် ပဉ္စမမင်းသား၏ ဒီနေ့သင်ခန်းစာ ပြီးဆုံးသွားတော့သည်။

"မူဖေး ဘာလို့ စာကြည့်ဆောင်ကို ရုတ်တရက် ရောက်လာတာလဲ" မိခင်ဖြစ်သူ လာတွေ့သဖြင့် ပဉ္စမမင်းသားက ပျော်ရွှင်စွာ မေးလိုက်လေသည်။

စူးဖေးက ပြုံးကာ ပြောလိုက်သည်။ "နင့်ရဲ့ စန်းစောင် ဗိုက်နာနေပြီ။ နင် အခုပဲ တတိယမင်းသားအိမ်တော်ကို သွားကြည့်လိုက်ဦး။ မြေးတော်လေး မွေးပြီးမှ ပြန်လာခဲ့"

တမင်သက်သက် လာတွေ့တာ မဟုတ်ပါလား။

ပဉ္စမမင်းသား၏ အပြုံးက တန့်သွားပြီး မလိုလားသည့် လေသံဖြင့် ပြောလိုက်လေသည်။ "မိန်းမတွေ မွေးဖွားတဲ့ကိစ္စကို ကျွန်တော်က နားမလည်ပါဘူး။ သွားပြီး ဘာလုပ်ရမှာလဲ။ သာ့စောင်က ဘေးအိမ်မှာ ရှိနေတာပဲ။ အာ့စောင်နဲ့ စစ်စောင်တို့လဲ သွားကြမှာပဲ။ ကျွန်တော် သွားစရာ မလိုပါဘူး"

စူးဖေးက စိတ်ပူလွန်းသဖြင့် ပဉ္စမမင်းသားကို မျက်စောင်းထိုးလိုက်လေသည်။ "သွားဆို သွားလိုက်။ နင့် စန်းကော မြို့တော်မှာ မရှိဘူး။ နင်က ညီတစ်ယောက်အနေနဲ့ တတိယမင်းသားအိမ်တော်မှာ သွားနေပေးလိုက်ရင် အစေခံတွေ ပေါ့ဆမှာ မဟုတ်တော့ဘူးပေါ့"

အရေးအကြီးဆုံးက လုမင်ယွိကို စောင့်ကြည့်ဖို့ပဲ။

ပဉ္စမမင်းသားက မတတ်သာဘဲ လက်ခံလိုက်ရတော့သည်။

စူးဖေးက တိုးတိုးလေး မှာလိုက်လေသည်။ "လုမင်ယွိကို သတိထားပြီး ကြည့်နေနော်"

ပဉ္စမမင်းသားက နားမလည်စွာဖြင့် မိခင်ကို ကြည့်လိုက်လေသည်။ "အာ့စောင်ကို ဘာလို့ ကြည့်နေရမှာလဲ"

စူးဖေးက စိတ်မရှည်စွာ ပြောလိုက်သည်။ "ကြည့်ဆို ကြည့်လိုက်။ ဘာလို့ အများကြီး မေးနေတာလဲ"

ပဉ္စမမင်းသားက စိတ်ရှုပ်ထွေးစွာဖြင့် အင်း ဟု ပြန်ဖြေလိုက်လေသည်။

...

တတိယမင်းသားအိမ်တော်။

လုမင်ယွိသည် မီးဖွားခန်းအပြင်ဘက်သို့ အမြန်ရောက်ရှိလာခဲ့သည်။ ထူထဲသော တံခါးကို ဖြတ်ပြီး မုန့်ယွင်လော်၏ နာကျင်စွာ အော်ဟစ်သံများကို ကြားနေရလေသည်။

လုမင်ယွိက မျက်မှောင်ကြုတ်လိုက်ပြီး ဘေးနားရှိ နန်းတွင်းအပျိုတော်ကို မေးလိုက်လေသည်။ "စန်းဟွမ်စစ်ဖေး မီးဖွားခန်းဝင်သွားတာ ဘယ်လောက်ကြာပြီလဲ။ ဒီလိုပဲ အော်နေတာလား"

နန်းတွင်းအပျိုတော်က ကြောက်လန့်တကြား ဖြေလိုက်လေသည်။ "စန်းဟွမ်စစ်ဖေးညန်ညန် မီးဖွားခန်းဝင်သွားတာ နှစ်နာရီတောင် မပြည့်သေးပါဘူး။ အော်သံကတော့ ရပ်မသွားပါဘူး"

လုမင်ယွိသည် မီးဖွားခန်းထဲ ဝင်သွားဖို့ စိတ်ကူးမရှိသဖြင့် အမိန့်ပေးလိုက်လေသည်။ "နင် ဝင်သွားပြီး ငါ့ကိုယ်စား စကားပါးလိုက်။ စန်းဟွမ်စစ်ဖေးကို သည်းခံထားဖို့ ပြောလိုက်။ အော်ဟစ်ပြီး အားအင်တွေ ဖြုန်းတီးမနေနဲ့။ မဟုတ်ရင် ကလေးမွေးဖို့ အားမရှိဘဲ နေလိမ့်မယ်"

နန်းတွင်းအပျိုတော်က အမိန့်ကို နာခံပြီး မီးဖွားခန်းထဲ ဝင်သွားလေ၏။

မီးဖွားခန်းထဲက အော်ဟစ်သံများသည်လည်း တဖြည်းဖြည်း တိတ်ဆိတ်သွားလေတော့သည်။

...

All Chapters