← Chapters

အခန်း (၃၄၆-၃၄၈)

Vol. 24 Ch. 346-348

အခန်း (၃၄၆-၃၄၈)

Vol. 24 Ch. 346-348

အပိုင်း (၃၄၆) မီးဖွားချိန် (၂)

မုန့်ယွင်လော်သည် သူမ၏ မီးဖွားခန်းရှေ့တွင် လုမင်ယွိ ရှိနေသည်ကို သိရှိသွားသည်နှင့် မာနကြီးသူပီပီ အားတင်းထားလိုက်ကာ ဆက်ပြီး အော်ဟစ်ငိုယိုခြင်း မပြုတော့ချေ။

လုမင်ယွိသည် နှုတ်ခမ်းထောင့်ကို တွန့်ချိုးထားလိုက်ပြီး မီးဖွားခန်းအပြင်ဘက်က ဧည့်ခန်းငယ်လေးထဲတွင် ဝင်ထိုင်လိုက်လေသည်။

မကြာမှီတွင် ပထမမင်းသားကြင်ရာတော်သည် အပြေးအလွှား ရောက်ရှိလာပြီး နောက်တွင်တော့ စတုတ္ထမင်းသားကြင်ရာတော် ကျောက်ယွီလဲ ရောက်ရှိလာခဲ့၏။

"စန်းစောင် မွေးပြီးလား" ကျောက်ယွီက မီးဖွားခန်းထဲသို့ ခေါင်းပြူကြည့်လိုက်လေသည်။ ထိုအချိန်တွင် မုန့်ယွင်လော်သည် ဗိုက်အရမ်းနာနေသဖြင့် ရုတ်တရက် အော်ဟစ်လိုက်လေ၏။

ကျောက်ယွီက လန့်ဖြန့်သွားပြီး ခေါင်းကို မြန်မြန်ပြန်ရုတ်သိမ်းလိုက်ကာ "ကလေးမွေးတာ ဒီလောက်တောင်နာတာလား"

ပထမမင်းသားကြင်ရာတော်သည် ကလေးမမွေးဖူးသော်လည်း ကိုယ်ဝန်တစ်ကြိမ် ပျက်ကျဖူးလေသည်။ ကိုယ်ဝန်ပျက်ကျတာတောင် နာကျင်နေပြီဆိုလျှင် ကလေးမွေးသည်က ဘယ်လောက်နာကျင်နေမည်ဟု တွေးကြည့်လို့ ရနိုင်ပေသည်။

ပထမမင်းသားကြင်ရာတော်က ဘာမှမပြောသော်လည်း လုမင်ယွိကတော့ ပြုံးကာ ဝင်ပြောလိုက်လေသည်။ "ဘယ်လိုလုပ် မနာဘဲနေမှာလဲ"

ကျောက်ယွီကတော့ စပ်စုတတ်သူဖြစ်သဖြင့် အဆုံးထိ မေးမြန်းလေတော့သည်။ "ဘယ်လိုမျိုး နာတာလဲ"

လုမင်ယွိက စဥ်းစားလိုက်ပြီး ဥပမာပေးလိုက်လေတော့သည်။ "နာလာတဲ့အခါ လူကိုနှစ်ခြမ်းကွဲအောင် ဆွဲဖြဲသလို ခံစားရတာ"

ကျောက်ယွီ "..."

ကျောက်ယွီသည် တုန်လှုပ်သွားပြီး မျက်နှာပျက်ကာ ငြီးငြူလိုက်လေတော့သည်။ "ကြားရတာ ကြောက်စရာကြီး။ မိန်းမတွေက ဘာလို့ ကလေးမွေးရတာလဲ။ ပြီးတော့ တစ်ယောက်ပြီးတစ်ယောက် မွေးနေရသေးတယ်"

လုမင်ယွိက ရယ်မောလိုက်လေတော့သည်။ "ဗိုက်နာတာ သက်သာသွားပြီး ကလေးမွေးလာရင် ပြီးသွားတာပဲလေ။ ကလေးမွေးရင် ဒီလိုနာကျင်မှုကို ခံစားရမှာပဲလေ။ မင်းက ကလေးမွေးရမှာကြောက်ရင် နောက်ဆို နည်းနည်းပဲမွေးပေါ့"

ကျောက်ယွီက သူမ၏ ပြားချပ်နေသောဗိုက်ကို ပွတ်သပ်လိုက်ပြီး စိတ်ပျက်စွာ သက်ပြင်းချလိုက်လေသည်။ "အရှင်မင်းသားက မြို့တော်က ထွက်သွားတာ လပေါင်းများစွာကြာပြီ။ ကျွန်မ တစ်ယောက်တည်း ဘယ်လိုလုပ် ကလေးမွေးလို့ရမှာလဲ"

လုမင်ယွိက သဘောကျပြီး ရယ်မောလိုက်တော့၏။ "စိတ်မလောပါနဲ့။ စစ်တိက စစ်ပွဲတွေ အနိုင်တိုက်နေပြီဆိုတော့ မကြာခင် ပြန်ရောက်လာလောက်ပါပြီ"

ပထမမင်းသားကြင်ရာတော်ကလဲ လက်ကိုင်ပုဝါဖြင့် ပါးစပ်ကိုအုပ်ကာ ရယ်မောလိုက်မိသည်။ "ဟုတ်တာပဲ။ စစ်တိ ပြန်ရောက်လာရင် သူ့ကို ဆွဲထားပြီး ကလေးမွေးခိုင်းလိုက်။ ကိုယ်ဝန်မရမချင်း အခန်းအပြင် ထွက်ခွင့်မပေးနဲ့"

ဘာပဲဖြစ်ဖြစ် အိမ်ထောင်သည်များ ဖြစ်နေကြပြီဖြစ်သဖြင့် စကားပြောရသည်မှာ သိပ်ပြီးဟန့်တားနေစရာ မလိုတော့ချေ။ အပျော်သဘော စနောက်ရုံသက်သက်သာ ဖြစ်လေသည်။

ကျောက်ယွီကလဲ ရှက်ရွံ့ခြင်းမရှိဘဲ ပြုံးကာပြောလိုက်လေသည်။ "အစ်မတို့အားလုံးမှာ ကလေးတွေရှိနေပြီ။ ကျွန်မတစ်ယောက်တည်း မရှိသေးတာ။ ကျွန်မက ဘယ်လိုလုပ်ပြီး စိတ်မပူဘဲ နေနိုင်မှာလဲ"

မယားငယ်က မွေးသည့်သားဆိုရင်လည်း သားဖြစ်နေဆဲပင်။

ထန်အာကို မွေးလာပြီးနောက် ပထမမင်းသားကြင်ရာတော်၏ ပုခုံးပေါ်က ဝန်ထုပ်ဝန်ပိုးများ လျော့ပါးသွားခဲ့သည်။ လုမင်ယွိဆိုလျှင်လည်း ပိုဆိုးသေးသည်။ အိမ်ထောင်ကျသည်နှင့် အမြွှာမွေးလိုက်သဖြင့် လူတိုင်းက အားကျနေရ၏။

သမီးယောက်မ သုံးယောက်သည် မီးဖွားခန်းရှေ့တွင် ထိုင်နေကာ လက်ဖက်ရည်သောက်ရင်း မုန့်စားရင်း စကားစမြည် ပြောဆိုနေလိုက်ကြ၏။

မကြာမှီတွင် မုန့်မိသားစုဝင်များ ရောက်ရှိလာကြလေသည်။

ကွမ်းပင်းနယ်စားကတော်က ချွေးမနှစ်ယောက်ကို ခေါ်ဆောင်လာခဲ့၏။ အချင်းချင်း တွေ့ဆုံကြသည့်အခါ နှုတ်ဆက်ဂါရဝ ပြုကြလေသည်။ ကွမ်းပင်းနယ်စားကတော်သည် သမီးဖြစ်သူကို စိတ်ပူနေသဖြင့် ပြုံးကာပြောလိုက်၏။ "ကျွန်မ မီးဖွားခန်းထဲဝင်ပြီး ယွင်လော်ကို အဖော်လုပ်ပေးချင်လို့ပါ။ ညန်ညန်တို့ ခွင့်လွှတ်ပေးကြပါ"

လုမင်ယွိကလဲ ပြုံးကာခေါင်းညိမ့်လိုက်၏။ "မုန့်ဖူးရန် ဝင်သွားလိုက်ပါ"

ကွမ်းပင်းနယ်စားကတော်သည် စိတ်အေးသွားပြီး မီးဖွားခန်းထဲသို့ အမြန်ဝင်ရောက်သွားလေသည်။ မိခင်အရင်းက အဖော်ပြုပေးနေသဖြင့် မုန့်ယွင်လော်၏ အော်ငိုသံများက ရပ်တန့်မသွားသည့်အပြင် ပိုလို့ပင် ကျယ်လောင်လာသေ’သည်။

ကျောက်ယွီက တိုးတိုးလေး ငြီးငြူလိုက်တော့၏။ "စန်းစောင်ကလဲ အော်လိုက်တာလွန်ရော။ ကျွန်မ အမြင်ပြောရရင် ခုနက မုန့်ဖူးရန် ဝင်မသွားသင့်ဘူး"

လုမင်ယွိကတော့ နှုတ်ခမ်းထောင့်ကို တွန့်ချိုးထားလိုက်၏။ သူမက စကားမပြောရသေးခင်မှာပင် ဝဖိုင့်ဖိုင့် လူငယ်လေးတစ်ယောက် ရောက်ရှိလာသည်ကို တွေ့လိုက်ရလေသည်။ လုမင်ယွိက မျက်လုံးထောင့်ဖြင့် ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်မိတော့၏။ ပထမမင်းသားကြင်ရာတော်ကလဲ ထိုလူကို မြင်လိုက်ရသဖြင့် အံ့သြသွားပြီး ပြုံးကာ မတ်တပ်ထရပ်လိုက်လေသည်။ "ဝူတိ နန်းတော်ထဲမှာမနေဘဲ ဒီကို ဘာလာလုပ်တာလဲ"

လီချန်သည် အမျိုးသမီးများ ဝိုင်းကြည့်နေသဖြင့် နေရခက်သွားပြီး ချောင်းတစ်ချက်ဟန့်လိုက်ကာ ပြောလိုက်လေသည်။ "မူဖေးက ကျွန်တော့်ကို လာကြည့်ခိုင်းလို့ပါ"

ထို့နောက်တွင်တော့ သူက လူအုပ်နှင့် အဝေးဆုံးကုလားထိုင်တစ်လုံးတွင် သွားထိုင်နေလိုက်လေသည်။

အားလုံး"..."

အရွယ်ရောက်လုနီးပါး လူပျိုပေါက်လေးတစ်ယောက် ရောက်လာသဖြင့် အမျိုးသမီးများ စကားပြောရသည်မှာ လွတ်လပ်မှုမရှိတော့ဘဲ ပါးစပ်ပိတ်ထားလိုက်ကြရတော့သည်။

ကျောက်ယွီက လုမင်ယွိ၏ နားနားသို့ကပ်ကာ တိုးတိုးလေး ပြောလိုက်တော့သည်။ "စူးဖေးကလဲ လွန်ပါရော။ စန်းစောင် မီးဖွားတာကို မတ်လုပ်သူကို လာကြည့်ခိုင်းတယ်ဆိုတာ ဘယ်လိုသဘောလဲ"

လုမင်ယွိ၏ မျက်လုံးထဲတွင် လှောင်ပြောင်သရော်သည့် အရိပ်အယောင် ဖြတ်ပြေးသွားတော့သည်။

စူးဖေးက သူမ လက်ပါမှာစိုးလို့ လီချန်ကို တမင်တကာလွှတ်ပြီး စောင့်ကြည့်ခိုင်းတာပဲ။

သူမက ဒီလိုယုတ်မာတဲ့ကိစ္စမျိုး ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူးဆိုတာကိုတော့ ထားလိုက်ပါတော့။ တကယ်လို့ သူမသာ မုန့်ယွင်လော်နဲ့ ဗိုက်ထဲကကလေးကို ဒုက္ခပေးချင်တယ်ဆိုရင် လီချန်တစ်ယောက်တည်းနဲ့ ဘာလုပ်လို့ရမှာလဲ။

...

"အား ... အား ..."

နာကျင်မှုလှိုင်းလုံးများက တစ်လှိမ့်ပြီးတစ်လှိမ့် ဝင်ရောက်လာတော့သည်။

မုန့်ယွင်လော်သည် ဆက်တိုက်အော်ဟစ်နေပြီး နဖူးပေါ်တွင် ချွေးစေးများကျကာ ဖောင်းအစ်နေသည့်မျက်နှာသည် နာကျင်မှုကြောင့် ရှုံ့တွနေလေတော့သည်။

ဒီအတိုင်းဆိုလျှင်တော့ သိပ်မဟန်တော့ချေ။

မီးဖွားပေးသည့် လက်သည်ကလဲ ချွေးများထွက်လာပြီး တိုးတိုးလေး ပြောလိုက်၏။ "ညန်ညန် မအော်ပါနဲ့တော့။ အခုမှ လမ်းကြောင်းနည်းနည်းပဲ ပွင့်ပါသေးတယ်။ လမ်းကြောင်းအကုန်ပွင့်ဖို့ဆိုရင် အနည်းဆုံး ၁နာရီ၊၂နာရီလောက် ကြာအုံးမှာ ဒီလိုဆက်အော်နေရင် ဘယ်မှာအားရှိတော့မှာလဲ"

ကွမ်းပင်းနယ်စားကတော်သည် ထိတ်လန့်သွားပြီး မုန့်ယွင်လော်ကို တိုးတိုးလေး ချော့မော့လိုက်လေသည်။ "ယွင်လော် သည်းခံလိုက်ပါအုံး။ ကလေးမွေးရင် ဒီလိုပါပဲ။ ပြီးရင် ကောင်းသွားမှာပါ"

မုန့်ယွင်လော်ကတော့ အော်ဟစ်ကာ ငိုကြွေးလိုက်၏။ “နာလွန်းလို့ သေတော့မယ်။ နောက်ဆိုရင် ထပ်မမွေးတော့ဘူး"

ကွမ်းပင်းနယ်စားကတော်က အမြန်ပြောလိုက်ရသည်။ "ဟုတ်ပါပြီ ဟုတ်ပါပြီ။ ဒီတစ်ယောက်ပဲ မွေးတော့။ နောက်ထပ်မမွေးနဲ့တော့"

နောက်ထပ်၁နာရီကြာအောင် အောင့်အီးသည်းခံပြီးနောက် နောက်ဆုံးတွင်တော့ မွေးလမ်းကြောင်း ပွင့်သွားခဲ့လေသည်။

ပြောမပြတတ်လောက်အောင် နာကျင်မှုကို ခံစားလိုက်ရပြီးနောက် ကလေးကို မီးဖွားလာနိုင်ခဲ့၏။

ကျယ်လောင်စွာ ငိုကြွေးသံကြောင့် သတိလစ်လုနီးပါးဖြစ်နေသည့် မုန့်ယွင်လော်သည် အနည်းငယ် သတိပြန်ဝင်လာခဲ့လေသည်။ သူမက မျက်လုံးကိုဖွင့်ပြီး အားယူကာ မေးလိုက်လေသည်။ "သားယောက်ျားလေးလား"

မီးဖွားလက်သည်က ပြုံးရွှင်စွာဖြင့် ဂုဏ်ပြုစကား ပြောလိုက်တော့သည်။ "ဂုဏ်ယူပါတယ် ညန်ညန်။ ဖြူဖြူဖိုင့်ဖိုင့် ချစ်စရာကောင်းတဲ့ မင်းသမီးလေး မေးပါတယ်"

ဘာ။

သားမဟုတ်ဘူး။ သမီးတဲ့လား။

၁၀လလွယ်ပြီး သားယောက်ျားလေးမွေးဖို့ မျှော်လင့်ထားခဲ့တာ ဘယ်လိုဖြစ်ပြီး သမီးမိန်းကလေး မွေးရတာလဲ။

လီဟောက်သိသွားရင် တော်တော်လေး စိတ်ပျက်သွားတော့မှာပဲ။

ပြီးတော့ စူးဖေးကလဲ မြေးယောက်ျားလေး လိုချင်တာ။ မြေးမိန်းကလေး မှန်းသိသွားရင် သူမကို ဘယ်လိုများ နှိမ်ချပြောဆိုအုံးမလဲ မသိဘူး။

ပထမမင်းသားကြင်ရာတော်အိမ်က မယားငယ်က မွေးတဲ့ကလေးဖြစ်ပေမဲ့ သားယောက်ျားလေး ဖြစ်လေသည်။ လုမင်ယွိဆိုလျှင်လည်း အမြွှာမွေးထားသည်။ သူမ အလှည့်ကျမှ သမီးမိန်းကလေး မွေးရသည်တဲ့လား။ လုံးဝအရေးနိမ့်သွားလေသည်။ နောက်ဆိုလျှင် သမီးယောက်မများကြားတွင် သူမသည် မည်သို့များ ခေါင်းမော့နိုင်ပါမည်နည်း။

မုန့်ယွင်လော်သည် ဝမ်းနည်းစိတ်ပျက်သွားပြီး မျက်ရည်များ ဝေါခနဲ စီးကျလာတော့၏။

ကွမ်းပင်းနယ်စားကတော်ကတော့ ပျော်ရွှင်နေတော့သည်။ "သားအမိနှစ်ယောက်စလုံး ဘေးကင်းတာ ကောင်းတာပေါ့"

သူမက အနှီးလေးထုတ်ထားသည့် ကလေးကို ပွေ့ချီလိုက်ပြီး မုန့်ယွင်လော်ကို တိုးတိုးလေး နှစ်သိမ့်လိုက်လေသည်။ "မြန်မြန်ကြည့်လိုက်ပါအုံး။.ကလေးက ချစ်စရာလေး။ သမီးက ငယ်ပါသေးတယ်။ သားလိုချင်ရင် နောက်မှထပ်မွေးပေါ့။ ဘာလို့ငိုနေတာလဲ။ မျက်လုံးတွေ နာကုန်အုံးမယ်"

မုန့်ယွင်လော်သည် မွေးကာစသမီးလေးကို တစ်ချက်ကြည့်လိုက်ပြီး မျက်ရည်များ ပိုစီးကျလာတော့သည်။ "ဘာလို့ ဒီလောက်တောင် ရုပ်ဆိုးနေရတာလဲ"

ကွမ်းပင်းနယ်စားကတော် "..."

...

မီးဖွားခန်းအပြင်ဘက်က လူများလဲ သတင်းကောင်းကို ကြားလိုက်ရလေသည်။

ကွမ်းပင်းနယ်စားကတော်ကိုယ်တိုင် ကလေးကိုပွေ့ချီပြီး ထွက်လာခဲ့၏။ အားလုံးက ဝိုင်းအုံကြည့်ကာ မွေးကင်စကလေးငယ်လေးကို အကြီးအကျယ် ချီးကျူးစကား ပြောဆိုနေကြတော့သည်။

လုမင်ယွိကတော့ စိတ်မပါဘဲ ချီးကျူးစကားမပြောချင်သဖြင့် ဟန်ပြလောက်သာပြောပြီး ပါးစပ်ပိတ်ထားလိုက်တော့သည်။

လီချန်က ရှေ့တိုးကြည့်ကာ အမှန်အတိုင်း ပြောလိုက်၏။ "စန်းကောနဲ့စန်းစောင်က ရုပ်ချောပါတယ်။ ကလေးက မိဘနဲ့မတူဘဲ ဘာလို့ ဒီလောက်ရုပ်ဆိုးနေတာလဲ"

ကွမ်းပင်းနယ်စားကတော် "..."

ဒါက ဦးလေးအရင်း ပြောတဲ့စကားလား။

ကွမ်းပင်းနယ်စားကတော်သည် အပြုံးမပျက်အောင် ထိန်းထားလိုက်ရတော့သည်။ "ကလေးက အခုမှမွေးတာဆိုတော့ ဒီလိုပါပဲ။ ရက်နည်းနည်းကြာရင် မျက်နှာပွင့်ပြီး လှလာမှာပါ"

လီချန်သည် စကားမှားသွားမှန်း နောက်ကျမှ သတိထားမိလိုက်ပြီး စကားကို အမြန်ပြင်ပြောလိုက်ရတော့သည်။ "စိတ်မပူပါနဲ့။ ရုပ်ဆိုးရင်တောင် တော်ဝင်မင်းသမီးလေးပဲလေ။ ကြီးလာရင် ယောက်ျားမရမှာ ပူစရာမလိုပါဘူး"

အားလုံး "..."

...

အပိုင်း (၃၄၇) သမီးမိန်းကလေး

စူးဖေးသည် တနေ့ခင်းလုံး လည်ပင်းရှည်အောင် စောင့်ဆိုင်းနေပြီးနောက် သားအမိနှစ်ယောက်စလုံး ဘေးကင်းသည်ဆိုသော သတင်းကောင်းကို ကြားလိုက်ရလေသည်။

စူးဖေး၏ မျက်နှာမှာ ချက်ချင်းမည်းမှောင်သွားတော့သည်။ "ဘယ်လိုဖြစ်ပြီး သမီးမိန်းကလေး မွေးလာရတာလဲ"

သူမက မုန့်ယွင်လော် သားမွေးလာဖို့ မျှော်လင့်နေခဲ့တာ။ လီယန့်ထက် ပိုချောပိုထက်မြက်တဲ့ မြေးလေးကို လိုချင်ခဲ့တာ။

မုန့်ယွင်လော်ရဲ့ဗိုက်က အဲလောက် အသုံးမကျဖြစ်နေလိမ့်မယ်လို့ ထင်တောင်မထားဘူး! နောက်ဆုံးတော့ အဖိုးမတန်တဲ့ သမီးမိန်းကလေးကိုပဲ မွေးလာရတယ်လို့!

လီချန်က ပွစိပွစိပြောရင်း ဝင်ထောက်လိုက်လေသည်။ "ဟုတ်ပါ့။ သမီးမွေးတာတင်မကဘူး။ ရုပ်ကလဲ ဆိုးသေးတယ်။ တစ်ကိုယ်လုံး နီရဲနေပြီးတော့ မျက်လုံးလဲ ပွင့်လာပုံမရဘူး။ ချစ်စရာကောင်းတာ တစ်စက်မှမရှိဘူး။ ရွှမ်းမေ့မေ့ (ညီမလေးရွှမ်း)နဲ့ ယှဥ်လိုက်ရင် တော်တော်ကွာခြားတယ်။ တော်ဝင်မင်းသမီးဖြစ်လာလို့သာ တော်သေးတယ်။ မဟုတ်လို့ရှိရင် ကြီးလာရင် ဘယ်သူက ယူမှာလဲ"

စူးဖေးသည် ဒေါသအကြီးအကျယ် ထွက်လာပြီး လီချန်ကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်လေတော့သည်။ "မင်းက စကားသိပ်များတာပဲ"

လီချန်သည် အဆူခံလိုက်ရသဖြင့် စိတ်ဆိုးသွားပြီး မျက်နှာတင်းမာကာ ပြောလိုက်လေသည်။ "ကိစ္စမရှိတော့ရင် ကျွန်တော်ပြန်တော့မယ်" ပြောပြီးသည်နှင့် လှည့်ထွက်သွားတော့၏။

စူးဖေးသည် ဒေါသထွက်လွန်းသဖြင့် နောက်ကလိုက်သွားပြီး လီချန်၏ နားရွက်ကိုဆွဲလိမ်ကာ ပြောတော့သည်။ "အခု မင်းပုံစံကို ကြည့်လိုက်အုံး! ဒါက မင်းအမေအရင်းကို ပြောရမဲ့ပုံလား"

လီချန်သည် နားရွက်ကို ဆွဲလိမ်ခံထားရသဖြင့် ပင့်သက်တစ်ချက် ရှိုက်လိုက်ပြီး မတတ်သာတော့ဘဲ ခေါင်းကိုငုံ့ကာ အမှားဝင်ခံရတော့သည်။ သူသည် ညတစ်ဝက်လုံး စူးဖေး၏ ဆူပူခြင်းကို သည်းခံရလေတော့၏။

စူးဖေးကလဲ တရစပ် ပြောဆိုလေတော့သည်။ "အသုံးကိုမကျဘူး။ သားလေးတစ်ယောက်တောင်မှ မမွေးနိုင်ဘူး"၊ "ငါ့မှာ နှစ်ဝက်လုံးလုံး စိုးရိမ်တကြီး စောင့်ဆိုင်းလာခဲ့ရပြီး မြေးယောက်ျားလေးတစ်ယောက်တောင် မရခဲ့ဘူး"၊ "မင်းရဲ့ စန်းကော ပြန်လာရင်တော့ သူ့အတွက် နန်းတွင်းအပျိုတော်လေး တစ်ချို့ကို သေချာပေါက် ရွေးပေးမှရတော့မယ်"

လိုရင်းကို ပြောရမည်ဆိုလျှင်တော့ စူးဖေးသည် သူမ၏ ချွေးမဖြစ်သူက သမီးတစ်ယောက် မွေးဖွားလာသည့်ကိစ္စကို အင်မတန် စိတ်ပျက်နေလေတော့သည်။

လုမင်ယွိသည်လဲ ညနေခင်းဘက်တွင် နန်းတော်သို့ ပြန်ရောက်လာခဲ့သည်။

ချောင်မိဖုရားခေါင်ကတော့ မုန့်ယွင်လော်က သမီးတစ်ယောက် မွေးသည်ဟူသည့်သတင်းကို ကြားလိုက်ရပြီးနောက် စကားအများကြီး မပြောတော့ဘဲ တစ်ခွန်းသာ ပြန်ပြောလိုက်လေသည်။ "သားအမိနှစ်ယောက်စလုံး အန္တရာယ်ကင်းတယ်ဆိုတော့ ပျော်ရွှင်စရာ ကိစ္စတစ်ခုပါပဲ။ တတိယနေ့ ရေချိုးမင်္ဂလာပွဲကျရင် မင်း တတိယမင်းသားအိမ်တော်ကို ယူသွားဖို့ လက်ဆောင်တွေ အများကြီး ထည့်ပေးလိုက်မယ်"

လုမင်ယွိကလဲ ပြုံးကာ သဘောတူလိုက်၏။

...

တတိယနေ့ ရေချိုးမင်္ဂလာပွဲတွင် အားလုံးက ဂုဏ်ပြုစကားပြောဖို့ရန်အတွက် တတိယမင်းသားအိမ်တော်သို့ သွားရောက်ခဲ့ကြသည်။

မုန့်ယွင်လော်သည် အိမ်ရာပေါ်တွင် လဲလျောင်းနေပြီး နှုံးခွေဖျော့တော့နေကာ ပျော်ရွှင်သည့် အရိပ်အယောင်လဲ မရှိချေ။

ကွမ်းပင်းနယ်စားကတော်သည် သူမ၏ ချွေးမနှင့်အတူ မနက်အစောကြီး ရောက်လာခဲ့လေသည်။ မုန်ယွင်လော်၏ နှုံးခွေနေသည့်ပုံစံကို မြင်လိုက်ရပြီး သူမမှာ တော်တော်လေး ဒေါသထွက်သွားကာ လေသံတိုးတိုးဖြင့် ဆူပူကြိမ်းမောင်းတော့သည်။ "သားရော သမီးရော နှစ်ခုစလုံးက အမေ့ရဲ့ နှလုံးသားနဲ့စိတ်ဝိညာဥ်တွေပဲ။ ငါ မင်းကို မွေးတုန်းကတောင်မှ ဒီအတိုင်းကို ဝမ်းသာနေခဲ့တာ။ နင့်ရဲ့အခုပုံစံ ကြည့်ပါအုံး။ ပျော်ရွှင်စရာပုံစံ နည်းနည်းလေးမှကို မပေါ်ဘူး"

မုန့်ယွင်လော်ကလဲ စူပုတ်ကာဖြင့် ပြောလိုက်လေသည်။ "အဲဒါကလဲ အမေက အစ်ကိုကြီးနဲ့အစ်ကိုငယ်တို့ကို ဆက်တိုက်မွေးထားလို့လေ"

ထိုစကားကလဲ အမှန်ပင်။

တရားဝင်သားနှစ်ယောက်ကို ဆက်တိုက်မွေးဖွားထားခဲ့ပြီး အိမ်တော်ထဲတွင်လည်း မယားငယ်ကမွေးသည့် သားတစ်ယောက်ရှိသည်တွင် သူမသည် သမီးတစ်ယောက် မွေးလာသောအခါ အပျော်မလွန်ဘဲ နေပါမည်တဲ့လား။

သမီးဖြစ်သူက အလွန်စိတ်ဓာတ်ကျနေသည်ကို တွေ့ရသောအခါ ကွမ်းပင်းနယ်စားကတော်က သက်ပြင်းချကာ ပြောလိုက်တော့သည်။ "နင် စိတ်ပျက်နေတယ်ဆိုရင်တောင်မှ ဒီလို သိသိသာသာ ထုတ်ပြလို့ မသင့်တော့ဘူးလေ။ သာ့ဟွမ်စစ်ဖေး၊ ထိုက်ဇီဖေးနဲ့ စစ်ဟွမ်စစ်ဖေးတို့ အားလုံးက မကြာခင် ရောက်လာတော့မှာ နင်က သူတို့တွေ နင့်ကိုရယ်မောနေတာကို လိုချင်လို့လား"

သားအမိများ ပီသကြပေသည်။ ကွမ်းပင်းနယ်စားကတော်၏ စကားလုံးက မုန့်ယွင်လော်၏ စိတ်အားကို ချက်ချင်းတိုးတက်လာစေတော့သည်။

မုန့်ယွင်လော်က အံကြိတ်ပြီး ပြောလိုက်၏။ "သူတို့တွေက သမီးကို ရယ်စရာ ဘာအခွင့်အရေး ရှိလို့လဲ။ ထန်အာက မယားငယ်သားတစ်ယောက်ပဲ။ သာ့ဟွမ်စစ်ဖေးက သူကိုယ်တိုင်တောင်မှ ကလေးတစ်ယောက် မမွေးနိုင်သေးတာပဲ။ ကျောက်ယွီက ကိုယ်ဝန်တောင် မရသေးဘူး။ ဟွေ့အန်းကုန်းကျူကလဲ ၅နှစ်အတွင်း ကိုယ်ဝန်ဆောင်နိုင်သေးတာ မဟုတ်ဘူး။ သူတို့နဲ့ ယှဥ်ကြည့်ရင် သမီးက အများကြီး သာပါသေးတယ်"

အလွန်ဆုံး သူမက လုမင်ယွိအောက် မသိမသာလေး ပဲ နိမ့်ကျရုံပေါ့။

သို့သော်ငြား မုန့်ယွင်လော် မုန်းတီးရဆုံးသူမှာ လုမင်ယွိ ဖြစ်လေသည်။

သူမ၏ အကြီးမားဆုံး အမုန်းတရားသည် လုမင်ယွိထက်ပင် ပိုပြီး သာလွန်သေးသည်။

ဟုတ်ပါသည်။ ကွမ်းပင်းနယ်စားကတော်သည် သမီးဖြစ်သူ၏ အတွင်းစိတ် ယောက်ယက်ခတ်နေသည်ကို သိနေ၏။ လုမင်ယွိအကြောင်း လုံးဝမပြောပါဘဲ သူမက ပြုံးကာ နှစ်သိမ့်စကား ပြောလိုက်တော့သည်။ "နင်ပြောတာ မှန်တယ်။ သူတို့အားလုံးက နင့်ထက် အကုန်လုံး နိမ့်ကြတယ်။ ဘယ်သူကမှ နင့်ကို ရယ်ကြမှာမဟုတ်ဘူး"

"ဒီ့အပြင် ဒါက အပွင့်ပွင့်ပြီးမှ အသီးသီးတယ်ဆိုတဲ့ ပျော်ရွှင်စရာ ကိစ္စပဲလေ။ ကိုယ့်ဟာကို မီးတွင်းကာလအတွင်းမှာ ကိုယ့်ဟာကို သေသေချာချာလေး စောင့်ရှောက်သင့်တယ်။ ပြန်ပြီးကောင်းမွန်လာအောင် နေသင့်တယ်။ အရှင်မင်းသား.မြို့တော်ကို ပြန်လာပြီးရင် နောက်ထပ်ကလေးတစ်ယောက် ယူလို့ရတာပဲ"

မုန့်ယွင်လော်သည် ကလေးမွေးစဥ်က နာကျင်မှုကို တွေးတောမိလိုက်သည့်အချိန်တွင် ကြောက်ရွံ့မှုများ ကျန်ရစ်နေဆဲပင်။ သူမသည် ထပ်မံနာကျင်မှုကြောင့် အသက်ကို ဆုံးရှုံးရမည်ဆိုလျှင်ပင် သားတစ်ယောက် မရှိလို့တော့ မဖြစ်နိုင်ပေ။

ထိုအချင်းအရာများအားလုံးကို စဥ်းစားမိသည်နှင့် သူမမှာ စိတ်ပျက်သွားလေတော့သည်။

သမီးဖြစ်သူ၏ သာမာန်ရုပ်ရည်သွင်ပြင်ကို ကြည့်လိုက်ပြီး မုန့်ယွင်လော်မှာ ပိုလို့ပင် မသက်မသာ ခံစားလိုက်ရတော့သည်။ သူမက လက်လှမ်းလိုက်ပြီး သမီးဖြစ်သူ၏ မျက်နှာလေးကို လှမ်းတို့ထိကာ ပြောလိုက်၏။ "ရုပ်ဆိုးလိုက်တာ!"

ကွမ်းပင်းနယ်စားကတော်မှာ ဒေါသထွက်သွားပြီး သူမကို ထပ်ပြီးသည်းမခံနိုင်တော့ချေ။ "ဟုတ်တယ် ဟုတ်တယ်။ နင့်သမီးက တကယ်ရုပ်ဆိုးတာ"

မုန့်ယွင်လော်သည် သူမ၏ နှလုံးသားကို ထိုးဖောက်ခဲလိုက်ရသလို ခံစားလိုက်ရပြီး တစ်ဖန် စတင်ငိုကြွေးလေတော့၏။ "သမီး သိပါတယ်။ အမေက သမီးကို နှစ်သိမ့်ဖို့ ကျွိုးစားပေးနတော။ သမီးရဲ့ သမီးက ရုပ်ဆိုးတယ်လို့ အမေလဲ ထင်နေတာမဟုတ်လား"

ကွမ်းပင်းနယ်စားကတော်၏ နှုတ်ခမ်းမှာ တွန့်ချိုးသွားပြီး သူမသည် မတတ်သာတော့ဘဲ စိတ်ရှည်ရှည်နှင့် ဆက်ပြီး ချော့မြူရလေတော့သည်။

မုန်ယွင်လော်ကတော့ ဆက်တိုက်ငိုကြွေးကာ ငိုရှိုက်နေလေတော့သည်။

နန်းတွင်းအစေခံမလေး တစ်ယောက်က လာရောက်သတင်းပို့သည့် အချိန်အထိပင်။ "ထိုက်ဇီဖေးညန်ညန်၊ သာ့ဟွမ်စစ်ဖေးညန်ညန်နဲ့ စစ်ဟွမ်စစ်ဖေးညန်ညန်တို့ ရောက်လာကြပါပြီ"

မုန့်ယွင်လော်သည် ချက်ချင်းဆိုသလို အငိုတိတ်သွားပြီး အံကြိတ်ကာ အမိန့်ပေးလိုက်၏။ "ငါမျက်နှာသစ်ဖို့ ရေသွားယူလာခဲ့။ မျက်နှာချေနဲ့ ပေါင်ဒါမှုန့်တွေ သွားယူလာ။ ပါးနီး လိမ်းချင်တယ်"

သူမသည် သူမကိုယ်တိုင် အရူးတစ်ယောက်ဖြစ်နေသည့် ပုံစံကိုတော့ သူတို့ကို သေချာပေါက် သွားပြနိုင်မည် မဟုတ်ပေ။

ကွမ်းပင်းနယ်စားကတော် "..."

ဒီတော့ သူမရဲ့ ကြိုးစားအားထုတ်မှု အားလုံးက အသုံးမဝင် ဖြစ်သွားတာပဲ။ လုမင်ယွိ ရောက်လာပြီဆိုတာနဲ့ မုန့်ယွင်လော်ရဲ့ တိုက်ခိုက်လိုစိတ်တွေကလဲ ချက်ချင်းတောက်လောင်လာခဲ့တယ်။ ကိုယ့်သမီးအရင်းဖြစ်နေလို့သာ မဟုတ်ရင် သူမကလဲ ဒီလောက်အထိ အဓိပ္ပါယ် မဲ့တာတွေ လုပ်မှာမဟုတ်ဘူး။

...

အမွှေးတိုင်တစ်တိုင်စာအချိန် ကုန်ဆုံးသွားပြီးနောက်တွင် လုမင်ယွိတို့ သမီးယောက်မမသုံးယောက်သည် အခန်းထဲသို့ အတူတူ ဝင်လာခဲ့ကြလေသည်။

လုမင်ယွိ၏ အကြည့်သည် သူတို့ကို ဝေ့ဝဲကာကြည့်လိုက်ပြီး မုန့်ယွင်လော်၏ မျက်နှာပေါ်သို့ ကျရောက်သွားလေသည်။

မုန့်ယွင်လော်သည် မျက်နှာသစ်ထားပြီး အလွန်ဖြူဖျော့နေသည်ဟု ခံစားရကာ ပါးနီကိုပင် လိမ်းထားသေးသည်။ နှင်းဆီရောင်ပါးနီလေးနှစ်ခုက သူမ၏ ပါးပြင်ပေါ်တွင် ပေါ်လွင်လို့နေ၏။

ကျောက်ယွီမှာ မနေနိုင်ဘဲ ရယ်မောလေတော့သည်။ "စန်းစောင်က စိတ်မကောင်းဖြစ်ပြီး မျက်လုံးကျွတ်ထွက်မတတ် ငိုနေမယ်လို့ ကျွန်မက စိုးရိမ်မိတာ။ အခုတော့ စန်းစောင်က အရမ်းအဆင်ပြေနေတာ တွေ့လိုက်ရတော့ စိတ်အေးရပါပြီ"

ပထမမင်းသားကြင်ရာတော်က လက်ကိုင်ပုဝါဖြင့် သူမ၏ ပါးစပ်ကို ကွယ်ထားလိုက်ကာ ကြိတ်ပြီးရယ်မောလေတော့သည်။

မုန့်ယွင်လော်ကတော့ ခေါင်းမာမာဖြင့် ထိုကိစ္စကိုဝန်ခံရန် ငြင်းဆန်လေ၏။ "နင် ဘာမဟုတ်တာတွေ လျှောက်ပြောနေတာလဲ။ ငါက သမီးလေးမွေးရလို့ကို အရမ်းဝမ်းသာနေတာ။ ဘယ်လိုလုပ်ပြီးတော့ စိတ်မကောင်းဖြစ်ပြီး မျက်လုံးကျွတ်မတတ် ငိုရမှာလဲ"

လုမင်ယွိကတော့ ကျီစယ်နေသည့် အကြည့်တစ်ခုဖြင့် မုန့်ယွင်လော်၏ မသိမသာ ယောင်ကိုင်းနေသည့် မျက်လုံးများကို ကြည့်လိုက်လေသည်။ မျက်နှာအသားအရောင်ကို ဖုံးကွယ်ထားလို့ရသော်ငြား ငိုထားသဖြင့် ယောင်ကိုင်းနေသည့် မျက်နှာကိုတော့ ဖုံးကွယ်ထားလို့ မရနိုင်ချေ။ မုန့်ယွင်လော်သည် ဒေါသထွက်သွားပြီး ထိုအကြည့်ကြောင့်ပင် ရှက်ရွံမိတော့သည်။ "နင်ကရော ငါ့ကို ဘာဖြစ်လို့ ဒီလိုစိုက်ကြည့်နေတာလဲ"

လုမင်ယွိကတော့ ပေါ့ပေါ့ပါးပါး ပြုံးလိုက်ကာ "ကလေးကို လာကြည့်တာပါ။ ငါက နင့်ကိုလာတွေ့ချင်တယ်လို့ ထင်နေတာလား"

သူမကလဲ ယဥ်ကျေးမနေတော့ဘဲ ပြန်ချေပလိုက်တော့သည်။

မုန့်ယွင်လော်သည် နာကြည်းမှုအပြည့်ဖြစ်နေပြီး လုမင်ယွိက ကလေးကိုကြည့်ရန် အနားသို့ ပိုပြီးတိုးကပ်လာချိန်တွင်တော့ ပိုလို့ပင် မရွှင်မပျဖြစ်သွားတော့သည်။ လုမင်ယွိက ကလေးက ရုပ်ဆိုးတယ်ဟု ပြောလာလျှင်တော့ သေချာပေါက် ပြန်ချေပရမည်ဟု ဆုံးဖြတ်ကာ တိတ်တိတ်လေး စဥ်းစားထားလိုက်လေသည်။

မျှော်လင့်မထားဘဲ လုမင်ယွိက ကလေး၏ မျက်နှာလေးကို အသာအယာ ပွတ်သက်လိုက်ပြီး ပြုံးကာပြောလိုက်၏။ “စန်းတိမေ့က ကိုယ်ဝန်ကို သေသေချာချာလေး ဂရုစိုက်ထားတော့ ကလေးကလဲ မွေးဖွားလာတဲ့အခါ ပေါင်အပြည့်နဲ သန်မာပြီး ကျွန်းမာသန်စွမ်းတာပဲ"

ကျောက်ယွီကလဲ ပြုံးကာဖြင့် ဝင်ထောက်ခံလိုက်လေသည်။ "ဟုတ်ပါ့! ဝမ်းဗိုက်ထဲမှာ ကောင်းကောင်းလေး အာဟာရဖြည့်လာတဲ့ ကလေးက မွေးမြူရတာ လွယ်ကူလိမ့်မယ်!"

အိမ်ထောင်ပြုပြီးသည့် အခြေအနေတွင် သားတစ်ယောက်ကို မွေးမြူနေသည့် ပထမမင်းသားကြင်ရာတော်ကလဲ အတွေ့အကြုံတစ်ချို့ရှိကာ ပြုံးပြီးပြောလိုက်လေသည်။

"သူ့ကြည့်ရတာ ထန်အာ ငယ်ငယ်တုန်းကထက်တောင် အများကြီး ပိုသန်မာမဲ့ပုံပဲ။ ထန်အာက မွေးလာတုန်းက ဒုက္ခခံစားရပြီး မကြာခဏ ဖျားတတ်တယ်လေ။.နည်းနည်းလေး ပြည့်ဖောင်းဖောင်းလေးဖြစ်နေတာက ပိုကောင်းတယ်"

လုမင်ယွိကလဲ ခေါင်းညိမ့်လိုက်ကာ "သူက ရွှီအာနဲ့ရွှမ်းအာတို့ထက် ပိုပြီးတော့ သန်မာပါတယ်။ "သူတို့၏ ချီးကျူးစကားကြောင့် မုန့်ယွင်လော်ကို သိသိသာသာ တည်ငြိမ်သွားစေတော့သည်။ သမိးဖြစ်သူကို တစ်ဖန်ပြန်ကြည့်လိုက်ပြီး ရုတ်တရက်ဆိုသလို သိပ်ပြီး ရုပ်မဆိုးတော့ဘူးဟု ခံစားလိုက်ရ၏။ သူမ၏ မျက်နှာသေးသေးလေးက ပန်းဆီရောင်လေး သမ်းနေကာ မျက်လုံးလေးက ကျဥ်းမြောင်းနေပြီး လက်သီးဆုပ်လေးမှာ ပြည့်ဖောင်းဖောင်းနှင့်သူမ၏ ဖောင်းဖောင်းလေးဖြစ်နေသည့် ခြေလက်သေးသေးလေးများကလဲ ကန်ကျောက်လို့နေလေသည်။ ... တော်တော်လေးကို ချစ်စရာကောင်းနေပုံ ပေါ်နေ၏။

ကွမ်းပင်းနယ်စားကတော်လဲ စိတ်အေးသွားပြီး ကြိတ်ပြီး ကျေးဇူးတင်မိတော့သည်။

သူမကတော့ သမီးယောက်မများက မုန့်ယွင်လော်ကို ချော့မော့ဖို့ တမင်သက်သက် ကြိုးစားနေမှန်း သိလိုက်လေသည်။

သို့မဟုတ်လျှင် မုန့်ယွင်လော်၏ လက်ရှိအခြေအနေနှင့်ဆိုလျှင် ကျီစယ်သည့် မှတ်ချက်တစ်ခုခုကပင် မိမိကိုယ်ကို အရှက်ရစေရလောက်အောင် ဖြစ်သွားစေနိုင်၏။

သူမသည် လုမင်ယွိကို သဘောမကျသော်ငြားလည်း လုမင်ယွိသည် အိမ်ရှေ့စံမင်းသမီး၏ အရောင်အဝါနှင့် အသွင်အပြင်တို့ အမှန်တကယ် ပိုင်ဆိုင်ထားသည်ကိုတော့ ဝန်ခံရပေလိမ့်မည်။

...

အပိုင်း (၃၄၈) အလိုမကျခြင်း

မုန့်ယွင်လော် မီးဖွားပြီး တစ်လပြည့်သောနေ့တွင် ချောင်မိဖုရားခေါင်က ကလေးကို ‘ကျန်း’ဟူသည့် နာမည်ပေးလိုက်လေသည်။

ယခုအချိန်တွင် သာ့ဝေတိုင်းပြည်၌ စစ်ပွဲများဖြစ်ပွားနေပြီး အရှင်မင်းကြီးနှင့်မင်သားများက နန်းတော်တွင် မရှိကြချေ။ ထို့ကြောင့် ကျန်းအာ၏ တစ်လပြည့်ပွဲကို ကြီးကြီးကျယ်ကျယ် မကျင်းပဘဲ စားပွဲဝိုင်းအနည်းငယ်ဖြင့်သာ ကျင်းပလိုက်ပြီး အားလုံးစုရုံးကာ ပျော်ပျော်ရွှင်ရွှင် နေထိုင်ကြလေသည်။

ကျန်းအာ၏ မျက်နှာပေါ်က အနီရောင်များ လွင့်ပြယ်သွားပြီး အသားအရေက တဖြည်းဖြည်း ဖြူဖြူလာကာ ကြည့်လို့အဆင်ပြေသွားလေသည်။

သို့သော် သဘာဝအတိုင်းပါလာသည့် မျက်လုံးကျဥ်းကျဥ်းလေးများသည် မျက်နှာပေါ်က အသားများဖြင့် ဖုံးလွှမ်းသွားသဖြင့် မျက်လုံးမပွင့်သကဲ့သို့ ဖြစ်နေတော့သည်။

ကျောက်ယွီက သေသေချာချာ ကြည့်လိုက်ပြီး ရုတ်တရက် ရယ်မောလိုက်လေ၏။ "ကျွန်မ ကြည့်နေရင်းနဲ့ ကျန်းအာက ဝူတိနဲ့ တူနေသလိုပဲ"

ဒီစကားကို ကြားလိုက်ရသောအခါ လီချန်ကို လှမ်းကြည့်လိုက်ကြ၏။

အင်း တကယ်ပဲတူတာပဲ။ အထူးသဖြင့် အဲဒီ့ မျက်လုံးနှစ်လုံးက ဝူတိနဲ့ တစ်ပုံတည်း ဖြစ်နေတော့တာပဲ။

တူမက ဦးလေးနဲ့တူတယ်ဆိုတော့ သိပ်ပြီးထူးဆန်းသည့်ကိစ္စ မဟုတ်ပါဘူး။

သို့သော်ငြား ဦးလေးလေးယောက်ရှိသည့် အထဲမှ တခြားဘယ်သူနဲ့မှမတူဘဲ အဘယ်ကြောင့်များ ရုပ်ရည်သာမန်ဖြစ်သည့် ဝတုတ်တုတ် ပဥ္စမဦးလေးနှင့်မှ သွားတူနေရပါသနည်း။ ကျန်းအာ ကြီးလာပြီး မှန်ကြည့်လျှင် ငိုများငိုနေတော့မလား မသိချေ။

လုမင်ယွိသည် စိတ်ထဲတွင် ကြိတ်ရယ်လိုက်ပြီး မုန့်ယွင်လော်၏ ဒဏ်ရာပေါ် ဆားမပက်ဘဲ နေလိုက်တော့သည်။

တခြားကိစ္စဆိုလျှင် စနောက်လို့ အဆင်ပြေသော်ငြား ကလေးကိစ္စဆိုတော့ ချော့ပြောသည်က ကောင်းလေသည်။

ကျောက်ယွီ၏ စကားတစ်ခွန်းတည်းနှင့်ပင် မုန့်ယွင်လော်အတွက် စိတ်ပျက်ဖို့ရန် လုံလောက်လေသည်။ လူစုခွဲလိုက်ပြီးနောက် မုန့်ယွင်လော်သည် သမီးဖြစ်သူကို ပွေ့ဖက်ကာ သေချာကြည့်ရှုလိုက်ပြီး ကျန်းအာသည် အမှန်တကယ်ပဲ လီချန်နှင့်တူနေကြောင်း တွေ့ရှိလိုက်ရတော့သည်။

မုန့်ယွင်လော်မှာ ငိုချင်စိတ် ပေါက်သွားတော့၏။

တူမက အဒေါ်နဲ့တူတယ်လို့ ပြောကြတယ်။ ဟွေ့အန်းကုန်းကျူက အလှရှင်လေး။ ကျင့်အန်းကုန်းကျူကလဲ ချစ်စရာကောင်းတယ်။ ကျန်းအာက ဘယ်အဒေါ်နဲ့ပဲတူတူ ရုပ်ဆိုးစရာအကြောင်း မရှိပါဘူး။ ဘာဖြစ်လို့များ ဆိုးဆိုးဝါးဝါး အရုပ်ဆိုးဆိုး လီချန်နဲ့ သွားတူနေရတာလဲ။

...

နောက်တနေ့တွင် မုန်ယွင်လော်သည် ကလေးကိုခေါ်ပြီး နန်းတော်ထဲသို့ ဂါရဝပြုရန် ဝင်ရောက်လာခဲ့၏။

"အာရှီ မူဟုပ်ကို ဂါရဝပြုပါတယ်" မုန့်ယွင်လော်က ယဥ်ကျေးစွာ ဂါရဝပြုလိုက်သည်။

ချောင်မိဖုရားခေါင်က ပြုံးကာပြောလိုက်၏။ "ထပါ ကျန်းအာရော ပန်ကုံး ကြည့်ရအောင် ခေါ်လာခဲ့ပါအုံး"

မုန့်ယွင်လော်က အမိန့်ကိုနာခံပြီး နို့ထိန်းမေမေလက်ထဲက ကလေးကို လှမ်းယူကာ ချောင်မိဖုရားခေါင် ရှေ့မှောက်သို့ ပို့ဆောင်ပေးလိုက်လေသည်။"တူမလေးက ပဉ်စမဦးလေးနဲ့တူတယျ" ဆိုသည့်ဟာသက မနေ့ကတည်းက ချောင်မိဖုရားခေါင်၏ နားထဲ ရောက်ရှိနေပြီးသားဖြစ်၏။ ချောင်မိဖုရားခေါင်လဲ သိချင်စိတ်ဖြစ်နေမိပြီး ယနေ့ကြည့်လိုက်မှ အမှန်တကယ် တူနေကြောင်း တွေ့ရှိလိုက်ရတော့သည်။

သို့သော် ဒီလောက် ငယ်ရွယ်သေးသည့်ကလေးလေးသည် ရုပ်ချောသည်ဖြစ်စေ ရုပ်ဆိုးသည်ဖြစ်စေ ချစ်စရာကောင်းနေပြီးသားပင်။

"ကျန်းအာက ထူးထူးခြားခြား ဝဝဖြိုးဖြိုးလေးပဲ ဗိုက်ထဲမှာတုန်းက ကောင်းကောင်းစားခဲ့ပုံရတယ်"

ချောင်မိဖုရားခေါင်က ပြုံးကာ ပြောလိုက်၏။ "ကလေးက တောင့်တင်းသန်စွမ်းတယ်ဆိုတော့ နောက်ဆိုရင် ကျန်းမာရေးကောင်းပြီး ရောဂါဘယကင်းဝေးမှာပါ"

ချောင်မိဖုရားခေါင်က ချီးကျူးစကား အနည်းငယ်ပြောပြီး မျက်နှာပန်းလှအောင် လက်ဆောင်များ ပေးသနားလိုက်လေသည်။

မုန့်ယွင်လော်က အားယူကာ ကျေးဇူးတင်စကား ဆိုလိုက်ရ၏။

ထိုအချိန်မှာပင် လုမင်ယွိကလဲ ကလေးနှစ်ယောက်ကို ခေါ်ဆောင်ကာ ဂါရဝပြုရန် ရောက်ရှိလာခဲ့သည်။

ဖြူဖြူနုနု ချောမောလှပသည့် ရွှီအာနှင့်ရွှမ်းအာတို့ကို ကြည့်လိုက်ပြီးနောက် သူမ၏ ရင်ခွင်ထဲကသမီးကို ပြန်ကြည့်လိုက်သည့်အခါ မုန့်ယွင်လော်၏ အပြုံးမှာ ပျက်ယွင်းလုနီးပါး ဖြစ်သွားတော့သည်။

"မူဟုပ် အာရှီ ကျန်းအာကိုခေါ်ပြီး ယိဟွားနန်းဆောင်ကို သွားလိုက်ပါအုံးမယ်"

မုန့်ယွင်လော်သည် လုမင်ယွိနှင့် ကြာကြာမနေချင်သဖြင့် ချက်ချင်းခွင့်တောင်းလိုက်တော့သည်။

ချောင်မိဖုရားခေါင်ကလဲ ခေါင်းအနည်းငယ် ညိမ့်ပြလိုက်၏။

မုန့်ယွင်လော်က ကလေးခေါ်ပြီး ထွက်သွားသည်နှင့် ချောင်မိဖုရားခေါင်က တိုးတိုးလေး ရယ်မောလိုက်လေသည်။ "မင်း မနေ့က ကျန်းအာက ပဥ္စမမင်းသားနဲ့ တူတယ်လို့ပြောတုန်းက ပန်ကုံးမှာ သိပ်မယုံချင်ဘူး။ ဒီနေ့မြင်လိုက်ရတော့မှပဲ အဲဒီ့မျက်လုံးသေးသေးလေးက တစ်ပုံစံတည်းပဲ"

"ဒါပေမဲ့ ဒီလိုစကားမျိုးကို တိုက်ရိုက်ပြောလို့ မကောင်းပါဘူး။ မုန့်ရှီက စိတ်သဘောထား သေးသိမ်တယ်။ သမီးမွေးလို့ စိတ်မကောင်းဖြစ်နေတာ ဒီကိစ္စကိုထပ်ပြောရင် ဘယ်လောက်တောင် စိတ်ဆိုးသွားမလဲ မသိဘူး"

လုမင်ယွိကလဲ ပေါ့ပေါ့ပါးပါး ပြုံးကာပြောလိုက်၏။ "သားပဲဖြစ်ဖြစ် သမီးပဲဖြစ်ဖြစ် ကိုယ့်သွေးသားပါပဲ။ ချောတာမချောတာထက် မိခင်ကတော့ ကိုယ့်ကလေးကို ချစ်တာပဲလေ။ သူက ကိုယ့်ဘာသာကိုယ် စိတ်ရှုပ်အောင်လုပ်နေတာပါ"

အမှန်ပဲ။

မုန့်ယွင်လော်က မာနကြီးပြီး ထိပ်ဆုံးရောက်ချင်သူဖြစ်သည်။ အထူးသဖြင့် လုမင်ယွိနှင့် နေရာတိုင်း ယှဥ်ပြိုင်ချင်သူဖြစ်သည်။ ယခုတော့ မည်သည့်နေရာမှ ယှဥ်ပြိုင်လို့ မရတော့သဖြင့် မည်မျှပင် ဒေါသထွက်နေမည် မသိတော့ချေ။

...

မုန့်ယွင်လော်သည် ဒေါသကို အောင့်အီးထားပြီး ကျန်းအာကို ခေါ်ဆောင်ကာ ယိဟွားနန်းဆောင်သို့ သွားရောက်ဂါရဝပြုလေသည်။

စူးဖေးသည် မုန့်ယွင်လော်က သမီးမွေးသည်ကို မနှစ်သက်သဖြင့် လှိုက်လှိုက်လှဲလှဲ မရှိဘဲ မျက်နှာထားတင်းမာစွာဖြင့် ပြောလိုက်၏။ "ကလေးက ငယ်ပါသေးတယ်။ ဟိုဒီလျှောက်သွားမနေပါနဲ့။ အိမ်တော်ထဲမှာပဲ ကောင်းကောင်းနေပါ"

ကိုယ်တိုင်မနှစ်သက်တာကတော့ ရှိပါစေတော့။ ယောက္ခမကပါ အေးစက်စက် ပြောဆိုလာသဖြင့် ပိုပြီးဒေါသထွက်စရာ ကောင်းလာတော့သည်။

မုန့်ယွင်လော်သည် ဒီရက်ပိုင်း စိတ်ခံစားမှု မတည်ငြိမ်သဖြင့် ဒေါသထွက်လာပြီး စကားပြောလာသည်နှင့် မာကျောလာလေတော့သည်။ "ကျန်းအာကို မွေးပြီးကတည်းက မူဖေးက တစ်ခါမှ မတွေ့ရသေးဘူး။ အာရှီက ဒီနေ့ တမင်သက်သက်ခေါ်လာပြီး ဂါရဝပြုတာတောင် မူဖေးက သေချာမကြည့်ဘူး။ အာရှီက သမီးမွေးလို့ မူဖေးက မနှစ်သက်တာလား"

စူးဖေး၏ မျက်လုံးများထဲတွင် မနှစ်သက်မှုများ ပေါ်လွင်နေပြီး ခပ်ဟဟ ရယ်မောလိုက်မိသည်။ "မင်းသာ ကျန်းမာရေးကောင်းအောင်နေပါ။ အားဟောက် ပြန်ရောက်လာရင် နောက်တစ်ယောက် ထပ်ယူလိုက်ပေါ့"

ပြောမပြတတ်လောက်အောင် ဝမ်းနည်းမှုများက မုန့်ယွင်လော်၏ ရင်ထဲသို့ ဝင်ရောက်လာတော့သည်။

ကိုယ်ဝန်ဆောင်ချိန်ကစပြီး သတိထားနေထိုင်ခဲ့ရသည်။ မည်မျှဒုက္ခရောက်ခဲ့ရသည်ကို မဆိုထားနှင့် မီးဖွားချိန်က နာကျင်မှုကလဲ လတ်လတ်ဆတ်ဆတ် ရှိနေသေးသည်။

သူမက အသက်နဲ့ရင်းပြီး မွေးထားရတဲ့ကလေးကို သားမဟုတ်ရုံနဲ့ ယောက္ခမက ဒီလောက်မနှစ်သက်ရအောင် ဖြစ်နေတာတဲ့လား။

သူမလည်း သားလိုတာပဲ။

ဘုရားရှင်က တကယ်မတရားတာပဲ။ ဘာလို့များ သူမရဲ့ဆန္ဒကို မဖြည့်ဆည်းပေးရတာလဲ။ သူမကို ဒီနေရာမှာထိုင်ပြီး သူများမျက်နှာကြည့်ကာ အနှိမ်ခံရအောင် ဘာလို့လုပ်ရတာလဲ။ မုန့်ယွင်လော်၏ မျက်ရည်များမှာ လျင်မြန်စွာ စီးကျလာတော့သည်။

စူးဖေးကလဲ လန့်ဖျန့်သွားပြီး မျက်နှာထားတင်းမာစွာဖြင့် ပြောလိုက်လေသည်။ "အကောင်းအတိုင်း ရှိရင်းက ဘာဖြစ်လို့ ငိုနေရတာလဲ။ မသိရင် ငါကပဲ မကောင်းတာပြောလိုက်သလို ဖြစ်နေပြီ"

ကျန်းမာရေးကောင်းအောင်နေပြီး သားတစ်ယောက် မြန်မြန်မွေးဖို့ပြောတာလေ တတိယမင်းသားအိမ်တော်ထဲမှာ လူထပ်ထည့်ပေးမယ်လို့ ပြောတာမှမဟုတ်တာ ဘာငိုစရာရှိလို့လဲ။ ကိုယ့်ဗိုက်က အသုံးမကျတာကို သူများက တစ်ခွန်းနှစ်ခွန်းတောင် ပြောလို့မရဘူးလား။

ယောက္ခမတစ်ယောက်အနေဖြင့် သူမ၏ စိတ်သဘောထားက တော်တော်လေး ပြည့်ဝနေပြီဟု ခံစားမိလေသည်။

မုန့်ယွင်လော်သည် ကိုယ့်ဟာကို သနားသည့်စိတ် မကျေနပ်သည့်စိတ်များ လွှမ်းမိုးလာပြီး ထိန်းချုပ်လို့မရတော့ဘဲ ငိုရင်းက ပြောလိုက်တော့၏။ "မူဖေး စိတ်ထဲမှာ မကျေနပ်တာကို ကျွန်မ သိပါတယ်။ ကျွန်မလဲ သားတစ်ယောက် မွေးချင်တာပေါ့ ဒါပေမဲ့ မွေးလာတော့ သမီးမိန်းကလေးဖြစ်နေတာ ကျွန်မက ဘယ်လိုလုပ်ရမှာလဲ"

ကျန်းအာက ငိုသံကြားသဖြင့် ကိုယ်လုံးလေး လှုပ်ယမ်းလာပြီး လိုက်ငိုတော့သည်။ မုန့်ယွင်လော်၏ ငိုသံက မကျယ်သော်ငြားလည်း ကျန်းအာ၏ ငိုသံကတော့ ကျယ်လောင်စူးရှနေလေသည်။

စူးဖေးသည် နားထဲတွင် စူးခနဲ နာကျင်သွားပြီး နားထင်ကြောများ ထောင်တက်လာတော့၏။

စစ်မြေပြင်တွင် အသက်နှင့်ရင်းပြီး တိုက်ခိုက်နေသည့် ကွမ်းပင်းနယ်စားကို တွေးမိပြီး စူးဖေးက ဆဲဆိုချင်စိတ်ကို အောင့်အီးကာ လေသံပျော့ပျောင်းအောင် ကြိုးစားလိုက်ရတော့သည်။"မငိုပါနဲ့တော့။ ဘယ်သူက ငါ့စိတ်ထဲမှာ မကျေနပ်ဘူးလို့ ပြောလို့လဲ။ ကျန်းအာကို ရလို့ ငါ ဝမ်းသာနေတာပါ"

ထို့နောက် သူမက လက်ကမ်းပြီး ကျန်းအာကို လှမ်းပွေ့လိုက်လေသည်။

သေချာကြည့်လိုက်သောအခါ စူးဖေး၏ မကျေနပ်မှုများက အနည်းငယ် လျော့ပါးသွားပြီး ပြုံးကာပြောလိုက်၏။ "ကျန်းအာက အားဟောက်နဲ့ နည်းနည်းလေးမှ မတူဘူး။ အားဟောက် ငယ်ငယ်တုန်းက ချောမောပြီး မျက်ခုံးကောင်း မျက်လုံးကောင်းပဲ။ သူက အားချန် ငယ်ငယ်တုန်းကနဲ့ တူတယ်။ အားချန်ကလဲ မျက်လုံးမှေးမှေးလေးနဲ့ မျက်နှာဖောင်းဖောင်းလေး ကြည့်ရတာ ရိုးသားမဲ့ပုံလေးပဲ"

စူးဖေးက ဒီလိုပြောလိုက်သည်နှင့် မုန့်ယွင်လော်မှာ ပိုပြီးငိုကြွေးမိတော့သည်။

ယောက္ခမကတောင် ဒီလိုပြောမှတော့ တကယ်ပဲ လီချန်နဲ့ တူနေပြီပေါ့။

စူးဖေးက မနှစ်သက်သည့်စိတ်ကို လျှော့ချလိုက်ပြီးနောက် စနောက်ဖို့ စိတ်ကူးရလာကာ ပြောလိုက်လေသည်။ "အားချန်က ငယ်နေလို့ တော်သေးတာပေါ့။ မဟုတ်ရင် အားချန်သာ အသက်ကြီးနေရင် မင်းမွေးတဲ့သမီးက ဦးလေးနဲ့တူနေလို့ မင်းတို့ မရီးနဲ့မတ်ကြားမှာ အတင်းပြောခံနေရအုံးမယ်"

မုန့်ယွင်လော် "..."

တော်ပါပြီ ဆက်ပြောလို့ မဖြစ်တော့ပါဘူး။

လီချန်ရဲ့ ဝဝတုတ်တုတ် တုံးတုံးအအပုံစံကို တွေးမိရင်း သူမမျာ အော့အန်ချင်စိတ် ပေါက်လာတော့တာပဲ။

မုန့်ယွင်လော်က လက်ကိုင်ပုဝါဖြင့် မျက်ရည်များကိုသုတ်လိုက်ပြီး ပြန်ဖို့ရန် ခွင့်တောင်းလိုက်လေသည်။ စူးဖေးကတော့ ပြန်ပြောလိုက်၏။ "နန်းတော်ထဲဝင်လာတုန်း နေ့လယ်စာစားပြီးမှ ပြန်ပါ။ ငါ အခုပဲ စာကြည့်ဆောင်ကို လူလွှတ်ပြီး အားချန်ကို လှမ်းခေါ်လိုက်မယ်"

မုန့်ယွင်လော် "..."

...

All Chapters