အခန်း (၃၄၉-၃၅၁)
Vol. 24 Ch. 349-351
အပိုင်း (၃၄၉) မင်္ဂလာသတင်း
ရက်အနည်းငယ် ကြာမြင့်ပြီးနောက်တွင် ချောင်သခင်မကြီးသည် နန်းတော်ထဲသို့ ဝင်ရောက်လာပြီး ချောင်မိဖုရားခေါင်ကို ပြုံးရွှင်စွာဖြင့် သတင်းကောင်း လာရောက်ပို့သလေသည်။ “ကလေးမလေးဝမ်က မနေ့က ကလေးမွေးတယ်။ သမီးလေး မွေးတာပါ။ သားအမိ နှစ်ယောက်စလုံး ကျန်းမာပါရဲ့”
ချောင်ဝမ်သည် ချောင်မိဖုရားခေါင်၏ တူမအရင်းဖြစ်ပြီး ချောင်မိဖုရားခေါင် ငယ်စဉ်ကတည်းက စောင့်ရှောက်လာသူလည်း ဖြစ်လေသည်။
ချောင်မိဖုရားခေါင်၏ စိတ်ထဲတွင် တူမဖြစ်သူအပေါ် နှုတ်မှဖွင့်မပြောနိုင်သော အားနာစိတ် အနည်းငယ် ရှိနေခဲ့သည်။ ချောင်ဝမ် ဖန်းမိသားစုထဲသို့ ဝင်ရောက်ကာ လင်မယားနှစ်ယောက် သင့်မြတ်ချစ်ခင်စွာ နေထိုင်ရမှသာ ထိုစိတ်ကို လျှော့ချနိုင်ခဲ့ခြင်း ဖြစ်လေသည်။ ချောင်ဝမ် သမီးလေးမွေးဖွားကြောင်း ကြားသိရသည့်အခါ ချောင်မိဖုရားခေါင်သည်လည်း အလွန် ဝမ်းမြောက်သွားကာ ပြုံးလျက် ပြောလေသည်။ “ပန်ကုံးက လက်ဆောင်တွေ အများကြီး ပြင်ဆင်ထားပြီးသားပါ”
လုမင်ယွိက ပြုံးကာ စကားထောက်လိုက်လေသည်။ “မနက်ဖြန်က ကလေးရဲ့ သုံးရက်မြောက် ရေချိုးမင်္ဂလာပွဲလေ။ အာရှီ ဖန်းအိမ်တော်ကို သွားပြီး ဂုဏ်ပြုပေးပါ့မယ်။ မူဟုပ် ပြင်ဆင်ထားတဲ့ လက်ဆောင်တွေကို အာရှီပဲ တစ်ခါတည်း ယူသွားပေးလိုက်ပါ့မယ်”
ဖန်းဇီကျန်းသည် ယခုအခါ အိမ်ရှေ့စံနန်းဆောင်တွင် အရာရှိအဖြစ် တာဝန်ထမ်းဆောင်နေပြီး ချောင်ဝမ်သည်လည်း လီကျင့်၏ ညီမဝမ်းကွဲ တော်စပ်သူဖြစ်လေသည်။ လုမင်ယွိကဲ့သို့သော အိမ်ရှေ့မင်းသားကြင်ရာတော် ကိုယ်တိုင် ဖန်းအိမ်တော်သို့ သွားရောက်ဂုဏ်ပြုခြင်းသည် မျက်နှာပန်းလှစေသည်ဟု ဆိုရပေမည်။
ချောင်မိဖုရားခေါင်သည် စိတ်ထဲတွင် ကျေနပ်နှစ်သိမ့်သွားပြီး ပြုံးကာ ခေါင်းညိတ်လိုက်လေသည်။ “ဒါလည်း ကောင်းတာပဲ”
ချောင်သခင်မကြီးကလည်း စိတ်ထဲတွင် တိတ်တဆိတ် သဘောကျသွားကာ ခေါင်းညိတ်လိုက်မိလေသည်။
လုမင်ယွိ၏ ဗိုလ်ကျစိုးမိုးတတ်သော ဂုဏ်သတင်းမှာ အပြင်လောကတွင် ကျော်ကြားလှ၏။ ဟွေ့အန်းကုန်းကျူကပင် လုမင်ယွိ၏ရှေ့မှောက်တွင် အရှုံးပေးခဲ့ရဖူးလေသည်။ လုမင်ယွိသည် လီကျင့်၏ အရှိန်အဝါကို အားကိုးပြီး အနောက်နန်းဆောင်တစ်ခုလုံးကို မငြိမ်မသက်ဖြစ်အောင် မွှေနှောက်လိမ့်မည်ဟု လူအများက စိုးရိမ်ပူပန်ခဲ့ကြဖူးသည်။
ကံကောင်းသည်မှာ လုမင်ယွိက ထက်မြက်သည်ဆိုရုံမျှသာ ရှိပြီး ကျိုးကြောင်းဆီလျော်မှု မရှိဘဲ ရမ်းကားသူ မဟုတ်ပေ။ ဆန့်ကျင်ဘက်အားဖြင့် လုမင်ယွိသည် အိမ်ရှေ့စံကြင်ရာတော် ဖြစ်လာပြီးနောက်တွင် ပြုမူဆောင်ရွက်ပုံများမှာ အဆင့်အတန်းရှိပြီး ခန့်ညားထည်ဝါလှသည်။
နောက်တစ်နေ့တွင် လုမင်ယွိသည် ဖန်းအိမ်တော်သို့ သွားရောက်ခဲ့လေသည်။
ဖန်းမိသားစု၏ ဇာတိမှာ မြို့တော်တွင် မဟုတ်သော်ငြား မြို့တော်တွင်လည်း နေအိမ်တစ်လုံး ရှိသည်။ ဖန်းဇီကျန်း၏ ဖခင်မှာ နယ်၌ တာဝန်ထမ်းဆောင်နေရသည်။ ယခုအခါ နေအိမ်ထဲတွင် ဖန်းဇီကျန်းနှင့် ချောင်ဝမ် ဇနီးမောင်နှံနှစ်ဦးသာ နေထိုင်ကြသည်။
လူဦးရေ နည်းပါးပြီး ရှုပ်ထွေးပွေလီမှုများလည်း မရှိချေ။ ချောင်ဝမ် လက်ထပ်ပြီးနောက်ပိုင်း နေ့ရက်များသည် အေးချမ်းပြီး စိတ်ချမ်းမြေ့ဖွယ် ကောင်းလှသည်။
ယနေ့တွင် ကလေး၏ သုံးရက်မြောက် ရေချိုးမင်္ဂလာ ဖြစ်သော်လည်း ခြောက်ကပ်မနေပေ။ ဖန်းဇီကျန်းနှင့် ခင်မင်ရင်းနှီးသော လုပ်ဖော်ကိုင်ဖက်များသည် မိသားစုများကို ခေါ်ဆောင်ကာ လာရောက်ဂုဏ်ပြုကြသည်။ ချောင်မိသားစုမှ အမျိုးသမီးများလည်း ရောက်ရှိနေကြသည်။
ထို့အပြင် အိမ်ရှေ့စံကြင်ရာတော် လုမင်ယွိ ကိုယ်တိုင် ရောက်ရှိလာသဖြင့် ဖန်းအိမ်တော်၏ ယနေ့အခမ်းအနားသည် စည်ကားသိုက်မြိုက်ပြီး မျက်နှာပန်းလှသည်ဟု ဆိုရပေမည်။
ကုတင်ထက်တွင် လဲလျောင်းနေသော ချောင်ဝမ်က ထကာ ဂါရဝပြုရန် ပြင်လိုက်သော်လည်း လုမင်ယွိက ပြုံးကာ တားဆီးလိုက်လေသည်။ “မင်း ကလေးမွေးပြီးတာ ရက်ပိုင်းပဲ ရှိသေးတယ်။ ကိုယ်ခန္ဓာက အားနည်းနေတုန်းပဲ။ စိတ်အေးလက်အေးသာ လဲနေလိုက်ပါ”
ချောင်ဝမ်က နူးညံ့စွာ ပြုံး၍ ပြန်ပြောလိုက်သည်။ “ပြောင်စောင်က ဒီလိုပြောမှတော့ ကျွန်မလည်း မျက်နှာပြောင်တိုက်ပြီး ပြောင်စောင်ရဲ့ စေတနာကို လက်ခံလိုက်ပါ့မယ်”
ချောင်ဝမ်၏ သန့်ရှင်းကြည်လင်သော မျက်နှာလေးသည် ယခင်ကထက် အနည်းငယ် ပြည့်ဖြိုးနေပြီး နှုတ်ခမ်းထောင့်တွင် အပြုံးများ ချိတ်ဆွဲလျက် မျက်ဝန်းများက ကြည်လင်တောက်ပနေကာ သွေးသားအဆင်း ပြည့်ဝနေသည်မှာ နေ့ရက်များကို စိတ်ချမ်းသာစွာ ဖြတ်သန်းနေရကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိသာလှသည်။
လုမင်ယွိသည် ချောင်ဝမ်ကို တစ်ချက် အကဲခတ်ကြည့်လိုက်ပြီး ပြုံးကာ စနောက်လိုက်လေသည်။ “တခြားသူတွေ ကလေးမွေးရင် ဒုက္ခအကြီးအကျယ် ခံစားရတာ။ မင်းရဲ့ မျက်နှာအဆင်းကတော့ ထူးထူးခြားခြားကို ကောင်းနေတာပဲ။ ကုတင်ပေါ်မှာ လှဲမနေရင် မီးနေသည် ဆိုတာတောင် ကြည့်လို့သိမှာ မဟုတ်ဘူး”
ချောင်ဝမ်သည် နှုတ်ခမ်းကို စေ့လိုက်ပြီး တိုးတိုးလေး ရယ်မောလိုက်၏။ “ကျွန်မရဲ့ ဒီကိုယ်ဝန်က တကယ်ပဲ မွေးရလွယ်ကူပါတယ်။ မီးဖွားခန်းထဲဝင်ပြီး နှစ်နာရီတောင် မကြာခင်မှာပဲ ကလေးက ထွက်လာတာ။ လက်သည်တောင် ပြောတယ်။ ကလေးမွေးတာ ဒီလောက်မြန်တဲ့သူမျိုး မမြင်ဖူးဘူးတဲ့”
ကောင်းကင်ဘုံက တရားမျှတမှု ရှိသည်ဟု ဆိုရပေမည်။ ယခင်ဘဝက အသက်တိုခဲ့ရှာသော ချောင်ဝမ်သည် ယခုဘဝတွင်တော့ လူမှန်ကို ရွေးချယ်လက်ထပ်ခဲ့ပြီး နေ့ရက်များသည် အေးချမ်းသာယာကာ ပျော်ရွှင်နေရပြီ ဖြစ်လေသည်။
စကားစမြည် ပြောဆိုပြီးနောက်တွင် နို့ထိန်းမေမေ သမီးငယ်လေးကို ပွေ့ချီကာ ရောက်ရှိလာခဲ့သည်။
လုမင်ယွိသည် ကျွမ်းကျင်စွာဖြင့် သမီးငယ်လေးကို လှမ်းချီလိုက်ပြီး တစ်ချက်ကြည့်ရုံဖြင့် မရပ်မနား ချီးကျူးလေတော့သည်။ “ကလေးက တကယ်ပဲ ချစ်စရာလေးနော်”
ချောင်ဝမ်သည် မိန်းမလှလေးတစ်ဦး ဖြစ်ပြီး ဖန်းဇီကျန်းသည်လည်း သန့်ပြန့်ချောမောသူ ဖြစ်လေသည်။ မွေးဖွားပြီး ၃ရက်သာ ရှိသေးသော သမီးငယ်လေး၏ မျက်နှာသွင်ပြင်သည် မိဘနှစ်ပါး၏ အားသာချက်များကို အမွေဆက်ခံထားကြောင်း ပေါ်လွင်နေပြီ ဖြစ်သည်။
ချောင်ဝမ်သည် သမီးဖြစ်သူကို ချစ်ခင်ကြင်နာစွာ ကြည့်လိုက်လေသည်။ “ပြောင်စောင် ရယ်တော့ မရယ်ပါနဲ့နော်။ ကျွန်မ ကိုယ့်ကလေးမို့လို့ ကြည့်မဝ ဖြစ်နေတာ။ တကယ်ကို နေရာတိုင်းက အပြစ်ပြောစရာ မရှိဘူးလို့ ထင်နေမိတယ်။ ပြောင်စောင်ကပါ ဝင်ပြီး ချီးကျူးလိုက်တော့ ကျွန်မက တကယ်လို့ ထင်သွားတော့မှာ”
နူးညံ့သိမ်မွေ့ပြီး အေးဆေးတည်ငြိမ်သော ချောင်ဝမ်သည် ယခုအခါတွင် ရယ်မောပြောဆိုတတ်နေပြီ ဖြစ်လေသည်။
လုမင်ယွိကတော့ ဟက်ခနဲ ရယ်မောလိုက်လေသည်။ “ငါက လျှောက်ပြီး ချီးကျူးနေတာ မဟုတ်ပါဘူး။ အမှန်အတိုင်း ပြောနေတာ။ ကလေးက အဖေအရင်း အမေအရင်းရဲ့ ရုပ်ရည်ကောင်းတွေကို ရွေးပြီး ယူထားမှတော့ ကြီးလာရင် သေချာပေါက်မိန်းမလှလေး ဖြစ်လာမှာ”
ချောင်ဝမ်က ပြုံးကာ ပြောလိုက်၏။ “ရုပ်ရည်အဆင်းက အမိဝမ်းထဲက ပါလာပြီးသားလေ။ လှတာ မလှတာကို ကျွန်မ သိပ်သဘောမထားပါဘူး။ သမီးလေး ကျန်းမာပြီး ဘေးကင်းရင် ပြီးတာပါပဲ”
ဟုတ်ပေသည်။ ဒါမှသာ မိခင်အရင်းတစ်ယောက်က သမီးဖြစ်သူအပေါ် ထားရှိသည့် အရိုးရှင်းဆုံးနှင့် အစစ်မှန်ဆုံးသော မေတ္တာတရားပင် ဖြစ်လေသည်။
လုမင်ယွိက ပြုံးကာ မေးလိုက်သည်။ “ကလေးနာမည် ပေးပြီးသွားပြီလား”
ချောင်ဝမ်က နှုတ်ခမ်းကို စေ့ကာ ပြုံးလိုက်လေသည်။ “သားလေးဆိုရင်တော့ ဖန်းမိသားစုရဲ့ မျိုးဆက်အလိုက် နာမည်ပေးရမှာ။ သမီးလေးဆိုတော့ စည်းကမ်းတွေ သိပ်မများပါဘူး။ ကျွန်မတို့ လင်မယားနှစ်ယောက် တိုင်ပင်ပြီး ပေးထားတာ။ နာမည်ရင်းက ဖန်းနဉ်၊ ငယ်နာမည်ကတော့ နဉ်အာ လို့ ခေါ်တယ်”
နဉ် ဆိုသည်မှာ အေးချမ်းခြင်း၊ သင့်မြတ်ခြင်းဟု အဓိပ္ပာယ်ရလေသည်။
ရိုးရှင်းသော စာလုံးတစ်လုံး ဖြစ်သော်လည်း မိဘများ၏ သမီးဖြစ်သူအပေါ် ထားရှိသည့် စစ်မှန်သော မျှော်လင့်ချက်များ ပါဝင်နေလေသည်။
“နာမည်လေးက နားထောင်လို့ ကောင်းသားပဲ” လုမင်ယွိက ခေါင်းငုံ့ကာ လက်ချောင်းလေးဖြင့် နဉ်အာ၏ ပါးပြင်လေးကို ဖွဖွလေး ပွတ်သပ်လိုက်သည်။ “နဉ်အာက ရွှမ်းအာထက် ၆လ ငယ်တယ်။ နောက်နှစ်နည်းနည်း ကြာလို့ စာသင်ရမယ့် အရွယ်ရောက်ရင် နန်းတော်ထဲဝင်ပြီး ရွှမ်းအာရဲ့ စာဖတ်ဖော်အဖြစ် အတူတူ စာသင်ခိုင်းရမယ်”
ရွှမ်းအာသည် အိမ်ရှေ့စံ၏ တရားဝင် သမီးအကြီးဆုံးဖြစ်ပြီး နောင်တစ်ချိန်တွင် သာ့ဝေတိုင်းပြည်၏ မင်းသမီး ဖြစ်လာမည့်သူဖြစ်ရာ ဂုဏ်အရှိန်အဝါ ကြီးမားလှသည်။
ရွှမ်းအာ၏ စာဖတ်ဖော် လုပ်ရခြင်းသည် နဉ်အာအတွက် ကောင်းမွန်သော အခွင့်အရေးတစ်ခု ဖြစ်သည်မှာ အသေအချာပင်။
မိခင်ဖြစ်သူများ အနေဖြင့် မိမိ၏ ကလေးကို အကောင်းဆုံးအရာများ ပေးအပ်ချင်ကြသည်မှာ ဓမ္မတာပင်။
ချောင်ဝမ်သည် ဝမ်းသာအားရ ဖြစ်သွားပြီး နည်းနည်းလေးမှ ငြင်းဆန်ခြင်း မရှိဘဲ ပြောလိုက်လေသည်။ “ဒါဆိုရင်တော့ ပြောင်စောင်ကို ကျေးဇူးတင်ကြောင်း အရင်ပြောရတော့မယ်”
ညနေစောင်းချိန် ရောက်သောအခါ ဧည့်သည်များအားလုံး ပြန်သွားကြပြီး ဖန်းအိမ်တော်သည်လည်း ပုံမှန်အတိုင်း ပြန်လည် တိတ်ဆိတ်ငြိမ်သက်သွားခဲ့လေသည်။
ဖန်းဇီကျန်းသည် တစ်ကိုယ်လုံး အရက်နံ့များ နံလျက် တက်ကြွစွာဖြင့် သမီးဖြစ်သူကို ပွေ့ချီရန် ပြင်လိုက်သည်။ ချောင်ဝမ်က ပြုံးကာ မျက်စောင်းထိုးပြီး ပြောလိုက်၏။ “ရှင် တစ်ကိုယ်လုံးလည်း အရက်နံ့တွေနဲ့။ ကလေး မူးသွားပါဦးမယ်။ မြန်မြန်သွားပြီး ရေချိုးလိုက်ဦး။ အဝတ်အစား သန့်သန့်လေး လဲပြီးမှ နဉ်အာကို လာချီ”
ဇနီးမောင်နှံ ငယ်လေးသည် အိမ်ထောင်ရေး သာယာပြီး သီးသန့်နေချိန်တွင် စကားပြောဆိုသည်မှာလည်း ရင်းနှီးချစ်ခင်ကြလေသည်။
ဖန်းဇီကျန်းက အသံတိုးတိုးဖြင့် စနောက်လိုက်လေသည်။ “ဟုတ်ပါပြီဗျာ။ မင်း သဘောအတိုင်းပါပဲ။ နှမြောစရာ ကောင်းတာက မင်းက မီးတွင်းထဲမှာ ဖြစ်နေလို့။ မဟုတ်ရင် တို့လင်မယား နှစ်ယောက် အတူတူ ရေချိုးလို့ရတာကို”
ချောင်ဝမ်သည် မျက်နှာနီရဲသွားပြီး ခင်ပွန်းဖြစ်သူကို မကျေမနပ် ရေရွတ်လိုက်လေသည်။
ဖန်းဇီကျန်းက ပါးစပ်ဖြဲကာ ရယ်မောလိုက်ပြီး လျင်မြန်စွာပင် ရေချိုးအဝတ်အစားလဲလိုက်ကာ အမူးပြေဆေးရည် တစ်ခွက်သောက်ပြီးမှ ပြန်ရောက်လာခဲ့သည်။
ဖခင်စဖြစ်ဖူးသူ ပီပီ သမီးဖြစ်သူကို ကြည့်မဝ ရှုမဝ ဖြစ်နေတော့သည်။ ဖန်းဇီကျန်းသည် နဉ်အာကို ပွေ့ချီကာ ဟိုလျှောက်ဒီလျှောက် လုပ်နေပြီး သမီးဖြစ်သူ၏ ကျောကုန်းလေးကို မကြာခဏ ပုတ်ပေးနေလေသည်။ နဉ်အာသည် ပြုစုယုယမှုအောက်တွင် သက်တောင့်သက်သာ ဖြစ်ကာ မျက်လုံးလေးမှိတ်ပြီး မကြာမီ အိပ်ပျော်သွားတော့သည်။
ဖန်းဇီကျန်းသည် သမီးဖြစ်သူကို ကုတင်ပေါ်သို့ ဂရုတစိုက် ချပေးလိုက်ပြီးနောက် တိုးတိုးလေး ရယ်မောကာ ပြောလိုက်လေသည်။ “ကြည့်ပါဦး။ တို့ရဲ့ နဉ်အာလေးက ဘယ်လောက်တောင် ချစ်စရာကောင်းလိုက်လဲ။ နောက်ကျရင် သူ့ကို စာပေ သင်ကြားပေးပြီး စောင်းတီး ပန်းချီဆွဲ သင်ပေးရမယ်။ မင်းလိုမျိုး မြို့တော်မှာ ကျော်ကြားတဲ့ ပညာတတ်အမျိုးသမီးလေး ဖြစ်လာအောင် ပျိုးထောင်ပေးရမယ်”
ဒါသည် ချောင်ဝမ်၏ ပညာတတ်အမျိုးသမီးဟူသော ဂုဏ်ပုဒ်ကို စနောက်လိုက်ခြင်းပင်။
ချောင်ဝမ်က ပြုံးကာ သူ့ကို မျက်စောင်းတစ်ချက် ထိုးလိုက်လေသည်။
ဖန်းဇီကျန်းက အသံမထွက်ဘဲ ရယ်မောလိုက်ပြီး ချောင်ဝမ်၏ လက်ကို ဆုပ်ကိုင်ကာ လက်ဖမိုးကို ဖွဖွလေး နမ်းရှိုက်လိုက်သည်။ “ဝမ်အာ... မင်း ပင်ပန်းသွားပြီ”
ချောင်ဝမ်၏ ပါးပြင်များ အနည်းငယ် နီရဲသွားလေသည်။ “ကျွန်မက သမီးလေး မွေးပေးလိုက်လို့ ရှင့်အတွက် သားတစ်ယောက် မမွေးပေးနိုင်ခဲ့တာ။ ရှင့်စိတ်ထဲမှာ တကယ်ပဲ ဝမ်းနည်းစရာလို့ မထင်ဘူးလား”
“သားဖြစ်ဖြစ် သမီးဖြစ်ဖြစ် ကိုယ့်ရဲ့ သွေးသားအရင်းတွေပဲလေ။ ဘာဝမ်းနည်းစရာ ရှိမှာလဲ” ဖန်းဇီကျန်းက ဂရုမစိုက်သလို ပြုံးကာ ပြောလိုက်သည်။ “ကိုယ်ဝန်ဆောင်ပြီး မွေးဖွားရတာ အရမ်း ပင်ပန်းလွန်းတယ်။ မင်းကို ဒီလို ဒုက္ခမျိုး မခံစားစေချင်တော့ဘူး။ နောက်ကျရင် အများဆုံး တစ်ယောက်လောက်ပဲ ထပ်ယူပြီး မယူတော့ဘဲ နေကြရအောင်”
ချောင်ဝမ်၏ စိတ်နှလုံးထဲတွင် နူးညံ့သိမ်မွေ့သော ချစ်ခြင်းမေတ္တာတို့ ပြည့်လျှံသွားတော့သည်။ “ကျွန်မ မပင်ပန်းပါဘူး။ ကျွန်မ ကလေးများများ မွေးချင်သေးတယ်”
ယောက်ျားတစ်ယောက်ကို ချစ်မြတ်နိုးမှသာ ဒီလို ဒုက္ခမျိုးကို လိုလိုလားလား ခံယူဝံ့ခြင်း ဖြစ်လေသည်။
ဖန်းဇီကျန်းသည် အလွန်တရာ စိတ်လှုပ်ရှားသွားပြီး ဇနီးဖြစ်သူကို ဖက်ကာ အချိန်အတော်ကြာအောင် ကြင်နာယုယ နေလိုက်တော့သည်။
ချောင်ဝမ်က တိုးတိုးလေး ရယ်မောကာ ပြောလိုက်လေသည်။ “ရှင့်ကို ပြောပြစရာ ကိစ္စတစ်ခု ရှိသေးတယ်။ ဒီနေ့ ပြောင်စောင်က ကျွန်မကို ပြောသွားတယ်။ နောက်နှစ်နည်းနည်း ကြာရင် ကျွန်မတို့ရဲ့ နဉ်အာကို နန်းတော်ထဲ ခေါ်ပြီး ရွှမ်းအာရဲ့ စာဖတ်ဖော် လုပ်ခိုင်းမယ်တဲ့”
ဖန်းဇီကျန်းသည် စိတ်အားတက်ကြွသွားပြီး ပြုံးရွှင်စွာ ပြောလိုက်လေသည်။ “ဒါက တကယ့် မင်္ဂလာသတင်းပဲ။ ထိုက်ဇီဖေးက နဉ်အာကို ဒီလောက် အလေးပေးနေမှတော့ မင်းအတွက်လည်း မျက်နှာပန်းလှတာပေါ့။ ကိုယ်ကတော့ အသက်ကို ပဓာနမထားဘဲ အရှင်မင်းသားအတွက် ကြိုးကြိုးစားစား တာဝန်ထမ်းဆောင်ရတော့မယ်”
...
အပိုင်း (၃၅၀) ရောင့်ရဲခြင်း
ဖန်းဇီကျန်းသည် ငယ်ရွယ်နုပျိုပြီး ထူးချွန်ထက်မြက်သူတစ်ဦး ဖြစ်သည်မှာ အမှန်ပင်။
သို့သော်ငြား သာ့ဝေတိုင်းပြည်၏ စာမေးပွဲအောင်မြင်သူ ၃၀၀ ဦးထဲတွင် သူသည် ဒုတိယအဆင့်၌သာ ပါဝင်ခဲ့လေသည်။ တတိယအဆင့် ရရှိခဲ့သော ကျိုးလီကိုပင် မယှဉ်နိုင်သေးချေ။ ရှေ့တွင် ပထမနှင့် ဒုတိယရသူများ ရှိနေသေးသည်။ ဆွေမျိုးတော်စပ်မှုသာ မရှိခဲ့လျှင် သူသည် အဘယ်မှာ အိမ်ရှေ့စံနန်းဆောင်သို့ ဝင်ရောက်ကာ အရာရှိအဖြစ် တာဝန်ထမ်းဆောင်ခွင့် ရနိုင်ပါမည်နည်း။
စကားပြန်ဆက်ရလျှင် အရာရှိလောကတွင် မှီခိုအားထားစရာ သစ်ပင်ကြီးရှိရဲ့သားနှင့် မမှီခိုသောသူသာလျှင် အရူးဖြစ်ပေလိမ့်မည်။
ဖန်းဇီကျန်းသည် မိန်းမဘက်မှ ဆွေမျိုးတော်စပ်မှုကို အသုံးပြု၍ အိမ်ရှေ့စံနန်းဆောင်သို့ ဝင်ရောက်ရခြင်းကို ရှက်စရာဟု မခံယူထားဘဲ ပြုံးလျက် ပြောလေသည်။
"ထိုက်ဇီက စာပေဗဟုသုတ ကြွယ်ဝပြီး သဘောထားကြီးပါတယ်။ မထင်မှတ်ထားတာက စစ်တိုက်တဲ့နေရာမှာလည်း နည်းနည်းလေးမှ မကြောက်မရွံ့ဘဲ ဖုန်းချန်မြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်တာက အရှင်မင်းသားရဲ့ ပထမဆုံး စွမ်းဆောင်ရည်ပဲ"
ချောင်ဝမ်သည် ဝမ်းကွဲအစ်ကိုအပေါ် စွဲလမ်းနှစ်သက်ခဲ့ဖူးသောစိတ်မှာ အတိတ်တွင် ကျန်ရစ်ခဲ့ပြီ ဖြစ်လေသည်။ ခင်ပွန်းသည်က လီကျင့်ကို ချီးကျူးစကား ဆိုလိုက်သည်တွင် သူမကလည်း ပြုံးကာ ထောက်ခံလိုက်လေသည်။
"ဟုတ်တာပေါ့။ အရှင်မင်းသားက ငယ်ငယ်ကတည်းက ထူးချွန်ထက်မြက်တာ။ ဘယ်သူမှ သူ့ကို မယှဉ်နိုင်ဘူး"
ဖန်းဇီကျန်းသည် ဇနီးသည်ကို လျင်မြန်စွာ တစ်ချက်ကြည့်လိုက်ပြီး ချောင်းတစ်ချက်ဟန့်ကာ သတိပေးလိုက်လေသည်။
"အရှင်မင်းသားက ဘယ်လောက်ပဲ ကောင်းနေပါစေ။ ထိုက်ဇီဖေးရဲ့လူပဲလေ။ မင်းက ကိုယ့်ကိုပဲ များများကြည့်ရင် ရပြီ"
လက်ထပ်ပြီး မကြာခင်မှာပင် ချောင်ဝမ်သည် ထိုအတိတ်ဟောင်းကို ဖန်းဇီကျန်းအား ပြောပြခဲ့ဖူးသည်။
တင်းတင်းကြပ်ကြပ် ပြောရလျှင် သံယောဇဉ်ဟောင်းဟုပင် မဆိုနိုင်ချေ။ အစမှအဆုံးထိ ချောင်ဝမ်၏ တစ်ဖက်သတ် အချစ်သာ ဖြစ်ခဲ့လေသည်။
ဇနီးမောင်နှံနှစ်ဦးသည် ထိုကိစ္စကို ဟာသလုပ်ကာ ပြောဆိုနေကြသည်မှာ စိတ်ထဲတွင် လုံးဝမထားတော့ကြောင်း ထင်ရှားလှသည်။
ချောင်ဝမ်က ခင်ပွန်းသည်ကို ပြုံးရွှင်စွာ ကြည့်လိုက်လေသည်။
"ရှင့်ကို လက်ထပ်ပြီးကတည်းက ကျွန်မရဲ့ မျက်လုံးထဲ ရင်ထဲမှာ ရှင်တစ်ယောက်တည်းပဲ ရှိတော့တာပါ"
ဖန်းဇီကျန်းသည် လက်ဖြင့် မျက်နှာချောချောကို အုပ်လိုက်ပြီး ရှက်သွေးဖြာချင်ယောင် ဆောင်လိုက်လေသည်။
"ရှင်မက ဒီလိုပြောလာတော့ ဝေဖူ ရဲ့စိတ်ထဲမှာ တကယ်ပဲ ဝမ်းသာမိပါတယ်။ ရှင်မ မီးထွက်ပြီးသွားရင် ဝေဖူက ကိုယ်ရောစိတ်ပါ ပုံအပ်ပြီး ပြုစုပါ့မယ်"
(ဝေဖူ- ကိုယ့်ဟာကို ယောက်ျားလို့ ခေါ်တဲ့အသုံးအနှုန်း)
ချောင်ဝမ်၏ ပါးပြင်များ နီရဲသွားပြီး ပြုံးကာ ခင်ပွန်းသည်ကို မကျေမနပ် ရေရွတ်လိုက်လေသည်။
...
လုမင်ယွိသည် နန်းတော်သို့ ပြန်ရောက်ပြီးနောက် ချောင်မိဖုရားခေါင်၏ ရှေ့မှောက်တွင် နဉ်အာကို ချီးကျူးပြောဆိုလိုက်လေသည်။
"... အခုမှ မွေးတဲ့ကလေးတွေက သိပ်ပြီးကြည့်ကောင်းတာ မဟုတ်ဘူး။ နဉ်အာကတော့ မျက်လုံးတွေ မျက်ခုံးတွေကအစ လှပပြီး မွေးရာပါ အလှပဂေးလေးပဲ။ ကြည့်လိုက်တာနဲ့ ချစ်ဖို့ကောင်းနေတာ"
"ကျွန်မ ပြောင်မေ့ကို ပြောခဲ့တယ်။ နောက်နှစ်နည်းနည်းကြာရင် နဉ်အာကို နန်းတော်ထဲခေါ်ပြီး ရွှမ်းအာရဲ့ စာဖတ်ဖော်အဖြစ် ထားဖို့လေ"
ချောင်မိဖုရားခေါင်သည် လုမင်ယွိနှင့် ချောင်ဝမ်တို့ ရင်းနှီးသည်ကို တွေ့မြင်လိုသူဖြစ်ရာ ထိုစကားကိုကြားလျှင် ပြုံး၍ ပြောလိုက်လေသည်။
"ဒီလိုကိစ္စတွေကို မင်းသဘောအတိုင်း စီစဉ်လိုက်ပါ"
ခဏရပ်ပြီးနောက် ထပ်ပြောလာသည်။ "ရွှီအာ ကြီးလာရင် ကျွမ်းအာကို သူ့ရဲ့ စာဖတ်ဖော်အဖြစ် ထားလိုက်မယ်"
ကျွမ်းအာသည် လုမင်ယွိ၏ တူတော်စပ်ပြီး ရွှီအာနှင့် ညီအစ်ကိုဝမ်းကွဲ တော်စပ်သူ ဖြစ်လေသည်။ အသက်အရွယ်လည်း တူညီသဖြင့် စာဖတ်ဖော်လုပ်ရန် သင့်တော်လှသည်။
ချောင်မိဖုရားခေါင်သည် ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် ပြောဆိုခြင်းဖြစ်ရာ လုမင်ယွိကလည်း ကျေးဇူးတင်စွာဖြင့် ပြုံးကာ လက်ခံလိုက်လေသည်။
ထိုစဉ် လက်တိုတိုဖောင်းဖောင်းလေးတစ်ဖက်က ချောင်မိဖုရားခေါင်၏ လက်ကို ရုတ်တရက် ဆွဲကိုင်လိုက်လေသည်။
ချောင်မိဖုရားခေါင်သည် ထိုလက်ဖောင်းဖောင်းလေးကို အလျင်အမြန် ပြန်လည်ဆုပ်ကိုင်လိုက်ပြီး ဝမ်းမြောက်ဝမ်းသာ ပြောလိုက်လေသည်။
"မြန်မြန် ကြည့်ပါဦး။ ရွှမ်းအာက မတ်တပ်ရပ်နိုင်နေပြီ"
ရွှမ်းအာသည် ၈လသား အရွယ်ကတည်းက လေးဖက်သွားတတ်ပြီး နေ့စဉ်နေ့တိုင်း အမွေးပွကော်ဇောထူကြီးပေါ်တွင် ဟိုဟိုဒီဒီ တွားသွားနေတတ်သည်မှာ လျင်မြန်သွက်လက်လှသည်။ ယနေ့တွင် လျှောက်သွားရင်း ချောင်မိဖုရားခေါင်၏ ခြေထောက်ကို ကိုင်ကာ မတ်တပ်ရပ်လိုက်ခြင်း ဖြစ်လေသည်။
လုမင်ယွိသည်လည်း အံ့သြဝမ်းသာ ဖြစ်သွားလေသည်။
"ရွှမ်းအာ... မေမေ့ဆီ လာခဲ့"
ရွှမ်းအာသည် ပါးစပ်လေးဖြဲကာ လက်ဆန့်တန်းပြီး လုမင်ယွိ၏လက်ကို လှမ်းကိုင်လိုက်ကာ ခြေထောက်တိုတိုလေးများဖြင့် ခြေလှမ်းနှစ်လှမ်းခန့် လှမ်းလိုက်လေသည်။
လူတိုင်းသည် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားကြသည်။ ပျော်ရွှင်ရသည့် အတိုင်းအတာမှာ ထိုက်ဇီ စစ်ပွဲနိုင်သည့်သတင်း ကြားရသည်နှင့် မခြားနားပေ။
၁၀လသားအရွယ် ကလေးငယ်သည် စကားအချို့ကို နားလည်နေပြီဖြစ်ပြီး လူကြီးများ၏ မျက်နှာရိပ်မျက်နှာကဲကိုလည်း ကြည့်တတ်နေပြီ ဖြစ်သည်။ ရွှီအာသည် ညီမဖြစ်သူကို လူအများက ဝိုင်းဝန်းချီးကျူးနေသည်ကို မြင်လိုက်ရသည့်အခါ စိတ်ထဲတွင် အားကျသလို မကျေမနပ်လည်း ဖြစ်သွားကာ တအိအိဖြင့် လေးဖက်ထောက်ကာ တွားသွားလာတော့သည်။
ရွှီအာသည် လက်တိုတိုလေးကို ဆန့်တန်းကာ မိခင်ဖြစ်သူ၏ ဂါဝန်ကို ဆွဲကိုင်လိုက်ပြီး အားပြုကာ မတ်တပ်ရပ်လိုက်လေသည်။
လုမင်ယွိသည် သားဖြစ်သူ၏ ခေါင်းကို ပွတ်သပ်ပေးလိုက်ပြီး ပြုံးကာ ချီးကျူးလိုက်လေသည်။
"ရွှီအာက လိမ္မာလိုက်တာ"
ရွှီအာက ပါးစပ်ဖြဲကာ ရယ်ပြလိုက်ပြီး သွားဖြူဖြူလေး ၄ချောင်း ပေါ်လာလေသည်။ လုမင်ယွိက ပြုံးကာ သားဖြစ်သူ၏ ပါးပြင်ကို နမ်းလိုက်၏။
ရွှမ်းအာသည် အစ်ကိုဖြစ်သူက မိခင်မေတ္တာကို လာလုသည်ဟုမြင်ကာ စိတ်ဆိုးသွားပြီး ရွှီအာကို လက်ဖြင့် တွန်းပစ်လိုက်လေသည်။
ရွှမ်းအာ၏ အားက ရွယ်တူကလေးများထက် ပိုမိုသန်မာသဖြင့် ရွှီအာသည် ဖင်ထိုင်လျက် လဲကျသွားတော့သည်။ ဖင်မနာသော်ငြား သိက္ခာကျသွားသဖြင့် ချက်ချင်းပင် အသံကုန်ဟစ်ကာ ငိုကြွေးတော့သည်။
ရွှမ်းအာကတော့ ကျေနပ်စွာဖြင့် မိခင်ဖြစ်သူကို ဖက်ထားလိုက်လေသည်။
လုမင်ယွိသည် ဒေါသထွက်ရမလို ရယ်ရမလို ဖြစ်သွားပြီး ကိုယ်ကိုကိုင်းကာ ရွှီအာကိုပါ ပွေ့ချီလိုက်ရသည်။
ချောင်မိဖုရားခေါင်က ပြုံးကာ ပြောလေသည်။
"ရွှီအာက အားသန်တယ်ဆိုရင် ရွှမ်းအာက အားပိုသန်သေးတယ်။ မောင်နှမနှစ်ယောက်က ဒီလောက်ငယ်ငယ်လေးနဲ့ ဆော့ကစားနေကြတာ။ ကြီးလာရင်တော့ နေ့တိုင်း ရန်ဖြစ်ပြီး စိတ်ကောက်နေကြမှာပဲ"
လုမင်ယွိက မတတ်နိုင်သည့်ဟန်ဖြင့် ပြုံးလိုက်လေသည်။
"အဓိကကတော့ ရွှမ်းအာက နည်းနည်း ဗိုလ်ကျချင်တာ။ သူ့အကျင့်က ကျွန်မနဲ့ တူတာနေမှာ"
ချောင်မိဖုရားခေါင်သည် ချောင်းတစ်ချက်ဟန့်ကာ ရယ်မောချင်စိတ်ကို ထိန်းချုပ်လိုက်လေသည်။
"ဒါက ပန်ကုံးပြောတာ မဟုတ်ဘူးနော်"
မောင်နှမနှစ်ယောက် တဖြည်းဖြည်း ကြီးပြင်းလာသည်နှင့်အမျှ စိတ်နေစိတ်ထားများကလည်း ကွဲပြားလာလေသည်။ နှစ်ယောက်စလုံး သက်ဝင်လှုပ်ရှားကြသော်လည်း ရွှမ်းအာက ပိုမို ဗိုလ်ကျစိုးမိုးလိုစိတ် ရှိလေသည်။ ကိစ္စတိုင်းတွင် အစ်ကိုဖြစ်သူထက် ဦးအောင် လုပ်ဆောင်တတ်သည်။ စိတ်မရှည် ဒေါသကြီးသည်မှာလည်း လုမင်ယွိ ငယ်စဉ်ကပုံစံနှင့် တူညီလှလေသည်။
လုမင်ယွိက ပြုံးလိုက်သည်။
"ကျွန်မက တကယ်ပဲ ဒီလိုစိတ်မျိုး ရှိတာပါ။ မူဟုပ် ပြောလည်း ကိစ္စမရှိပါဘူး"
ယောက္ခမနှင့် ချွေးမတို့သည် ကြည်နူးစွာ ပြုံးရယ်လိုက်ကြသည်။ ကလေးများနှင့် ခဏတာ ဆော့ကစားပြီးနောက် ဝမ်ကျဲယွီအကြောင်း ပြောဖြစ်ကြပြန်သည်။
"ဒီရက်ပိုင်းမှာ မင်္ဂလာကိစ္စတွေ တစ်ခုပြီးတစ်ခု ဖြစ်လာတာပဲ။ နောက်ထပ် တစ်လနှစ်လလောက်ဆိုရင် ဝမ်ကျဲယွီလည်း မွေးတော့မှာ"
ဝမ်ကျဲယွီသည် နှစ်သစ်ကူးပြီးနောက် ကိုယ်ဝန်ရရှိခဲ့ခြင်းဖြစ်ရာ ရက်တွက်ကြည့်လျှင် ကိုယ်ဝန် ၈လနီးပါး ရှိနေပြီဖြစ်သည်။
ချောင်မိဖုရားခေါင်သည် ဝမ်ကျဲယွီကို အထူးဂရုစိုက်ပေးပြီး သမားတော်နှင့် လက်သည်များကို ဝမ်ကျဲယွီအနားတွင် ထားရှိပေးကာ မီးဖွားခန်းကိုလည်း ကြိုတင်ပြင်ဆင်ပေးထားသည်။
ချောင်မိဖုရားခေါင်က လေသံတိုးတိုးဖြင့် ရယ်မောကာ ပြောလိုက်လေသည်။
"သမားတော်က စမ်းသပ်ပြီးပြီ။ ဝမ်ကျဲယွီရဲ့ ဒီကိုယ်ဝန်က မင်းသမီးလေးတဲ့"
နန်းတော်ထဲတွင် မင်းသားများ လုံလောက်စွာ ရှိနေပြီဖြစ်ရာ မင်းသမီးလေးတစ်ပါး ထပ်မံမွေးဖွားလာခြင်းက စည်ကားသိုက်မြိုက်စေသလို နောက်နောင်တွင် စိုးရိမ်စရာ အရှုပ်အထွေးလည်း ဖြစ်လာနိုင်မည် မဟုတ်ချေ။
ဝမ်ကျဲယွီအတွက် ဆိုလျှင်လည်း မင်းသားလေး မွေးဖွားခြင်းထက် မင်းသမီးလေး မွေးဖွားခြင်းက ပိုမိုကောင်းမွန်လေသည်။ သမီးမိန်းကလေးဟု သိရပြီးနောက် ဝမ်ကျဲယွီသည် သက်ပြင်းချကာ စိတ်အေးသွားပြီး ကောင်းကောင်းစား ကောင်းကောင်းအိပ်ကာ ကိုယ်ဝန်ကို တည်ငြိမ်စွာ လွယ်ထားနိုင်ခဲ့သည်။
လုမင်ယွိက ပြုံးကာ ပြောလိုက်သည်။
"မင်းသမီးလေး မွေးလာရင်တော့ ကျွန်မက မရီးတစ်ယောက်အနေနဲ့ လက်ဆောင်ကောင်းကောင်း ပေးရဦးမှာပဲ"
ချောင်မိဖုရားခေါင်က ခေါင်းညိတ်လိုက်သည်။
ပြောရင်းဆိုရင်းပင် လူက ရောက်လာလေတော့သည်။
၈လအရွယ် ကိုယ်ဝန်ဗိုက်ကြီးနှင့် ဝမ်ကျဲယွီသည် တုန်တုန်ယင်ယင်ဖြင့် ကျောင်းဖန်နန်းဆောင်သို့ ဂါရဝပြုရန် ဝင်ရောက်လာခဲ့သည်။
ချောင်မိဖုရားခေါင်က ပြုံးကာ အပြစ်တင်သလို ပြောလိုက်လေသည်။
"ပန်ကုံးက မင်းကို စောစောစီးစီးကတည်းက မှာထားပြီးသားပါ။ ကိုယ်ဝန်ကို ကောင်းကောင်း ဂရုစိုက်ပါ။ ကလေးကို ဘေးဘေးကင်းကင်း မွေးဖွားနိုင်ရင် အဲဒါက အကျိုးဆောင်မှုကြီး တစ်ခုပဲ။ ဂါရဝပြုတာ မပြုတာက အရေးမကြီးပါဘူးလို့"
ဝမ်ကျဲယွီ၏ မျက်နှာအဆင်းမှာ ကိုယ်ဝန်သည်နှင့်မတူဘဲ ဗိုက်ကိုမကြည့်ဘဲ မျက်နှာကိုသာကြည့်လျှင် ယခင်ကထက်ပင် ပိုမို သွေးသားပြည့်ဖြိုးနေလေသည်။
"သမားတော်က ချန်ချဲ့ကို စမ်းသပ်ပေးပါတယ်။ ချန်ချဲ့ရဲ့ သွေးခုန်နှုန်းက တည်ငြိမ်နေတယ်။ နေ့တိုင်း လမ်းများများလျှောက်ပေးရင် ခန္ဓာကိုယ်အတွက် ကောင်းတယ်လို့ ပြောပါတယ်။ ချန်ချဲ့က ကျောင်းဖန်နန်းဆောင်ကို လာပြီး ဂါရဝပြုတာက ကိုယ်လက်လှုပ်ရှားရာလည်းရောက်သလို ဟွမ်ဟုပ်ညန်ညန်ကိုလည်း တွေ့ခွင့်ရတာဆိုတော့ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပါပဲ"
ဝမ်ကျဲယွီသည် မျက်နှာသာပေးခံရမှုကို အခွင့်ကောင်းယူကာ မောက်မာခြင်း လုံးဝမရှိချေ။ ကိုယ်ဝန်ရပြီးနောက် ပထမ ၃လတွင် အနားယူသည်မှလွဲ၍ နောက်ပိုင်းတွင် နေ့တိုင်း ကျောင်းဖန်နန်းဆောင်သို့ လာရောက်ဂါရဝပြုသည်မှာ တစ်ရက်မှ မပျက်ကွက်ခဲ့ပေ။
လူ့စိတ်ဟူသည် အသားနှင့် ပြုလုပ်ထားသည်ပင်။
ချောင်မိဖုရားခေါင်သည် အစပိုင်းတွင် ဝမ်ကျဲယွီကို အသုံးချရန် ကြံရွယ်ခဲ့သော်လည်း ယခုအခါတွင်တော့ ဝမ်ကျဲယွီကို မိမိလူရင်းအဖြစ် အမှန်တကယ် သတ်မှတ်လိုက်ပြီ ဖြစ်သည်။ ချောင်မိဖုရားခေါင်သည် ဝမ်ကျဲယွီကို ကိုယ်ဝန်ဂရုစိုက်ရန် သေချာမှာကြားလိုက်လေသည်။
လုမင်ယွိသည်လည်း ဝမ်ကျဲယွီအပေါ် အလွန် သဘောကောင်းလေသည်။
"ကလေးအတွက် အဝတ်အစားတွေ ပြင်ဆင်ပြီးပြီလား"
ဝမ်ကျဲယွီက ပြုံးကာ ပြန်ဖြေလိုက်လေသည်။
"နန်းတွင်းရေးရာဌာနက အဝတ်အစားတွေ အများကြီး ပို့ပေးထားပါတယ်။ ချန်ချဲ့ရဲ့ ဘေးက နန်းတွင်းအပျိုတော်တွေကလည်း အဝတ်အစား သေးသေးလေးတွေ အများကြီး ချုပ်ပေးထားကြတယ်။ ချန်ချဲ့လည်း အားနေတာနဲ့ ကိုယ်တိုင် အများကြီး ချုပ်ဖြစ်တယ်။ ကလေး ၂နှစ်အရွယ်အထိ ဝတ်လို့ရလောက်တယ်"
ဝမ်ကျဲယွီသည် ပြောရင်းဆိုရင်း ဗိုက်ပေါ်သို့ လက်တင်လိုက်လေသည်။ မကြာခင် မွေးဖွားလာတော့မည့် သမီးလေးကို တွေးမိကာ မျက်ခုံးနှင့် မျက်လုံးများတွင် နူးညံ့မှုနှင့် ပျော်ရွှင်မှုတို့ အပြည့်ရှိနေတော့သည်။
သမီးလေး ရှိလာပြီဆိုလျှင် သူမ၏ ဘဝနှောင်းပိုင်းအတွက် မှီခိုရာ ရှိသွားပြီ ဖြစ်သည်။
နောင်တစ်ချိန် အရှင်မင်းကြီး၏ မျက်နှာသာပေးမှုကို ဆုံးရှုံးသွားလျှင်တောင် သူမ၏ ဘေးနားတွင် သမီးလေး ရှိနေပေလိမ့်မည်။
...
အပိုင်း (၃၅၁) မြို့တော်သို့ ပြန်လည်ရောက်ရှိခြင်း
နေ့ရက်များသည် တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့ပြီး နောက်ထပ် တစ်လခန့် ကြာမြင့်သွားခဲ့လေသည်။
ဆောင်းလယ်ပွဲတော် ပြီးဆုံးပြီးနောက် ရှင်းယန်စစ်တပ်ဆီမှ အောင်ပွဲရသတင်းများ ဆက်တိုက် ရောက်ရှိလာခဲ့သည်။ ယုံးကျားဧကရာဇ်သည်လည်း အားကျမခံဘဲ ချူနိုင်ငံ၏ မြို့တစ်မြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။ ပထမမင်းသားသည် စစ်သေနာပတိ ဖြစ်သည့်အလျောက် ပထမဆုံး စွမ်းဆောင်ရည်ကို ရယူနိုင်ခဲ့လေသည်။
မုန့်ဟွေးသည်လည်း ရာထူးတိုးမြှင့်ခံရပြီး ယခုအခါ မုန့်စစ်သူကြီး ဖြစ်လာခဲ့လေပြီ။
ရန်ရှီနန်းဆောင်တွင် အချိန်အတော်ကြာ ငြိမ်သက်နေခဲ့သော မုန့်ကွေ့ဖေးသည် နောက်ဆုံးတွင် မျက်နှာပွင့်လန်းလာပြီး ပြောမပြတတ်အောင် ဝမ်းသာနေတော့သည်။ ပထမမင်းသားကြင်ရာတော် နန်းတော်ထဲသို့ ဂါရဝပြုရန် ဝင်ရောက်လာသည့်အခါတွင်လည်း ခါးကို မတ်မတ်ထားနိုင်ပြီ ဖြစ်လေသည်။
ဒါတွေအားလုံးက မျှော်လင့်ထားပြီးသား ကိစ္စများပင်။ ချောင်မိဖုရားခေါင်သည် ထိုသတင်းများကို ကြားသိရသောအခါ စိတ်ထဲတွင် သိပ်ပြီးမကျေနပ်သော်လည်း မတတ်နိုင် ဖြစ်နေရလေသည်။
လုမင်ယွိက ချောင်မိဖုရားခေါင်ကို နှစ်သိမ့်လေသည်။ "သာ့ဝေတိုင်းပြည်နဲ့ ယန်၊ ချူတိုင်းပြည်တို့ စစ်ဖြစ်နေတာ။ စစ်နိုင်တာက မင်္ဂလာကိစ္စပါပဲ။ စစ်အောင်မြင်မှုဆိုတာ အသက်နဲ့ရင်းပြီး ရယူရတာပါ။ မူဟုပ်အနေနဲ့ စိတ်ထဲထားမနေပါနဲ့"
ချောင်မိဖုရားခေါင်က အနည်းငယ် ခေါင်းညိတ်လိုက်သည်။ "ဒါကတော့ မှန်ပါတယ်။ ပန်ကုံးက အရှင်မင်းကြီး စစ်ရှုံးဖို့ ဘယ်တော့မှ မျှော်လင့်မှာ မဟုတ်ပါဘူး"
အခု ပြန်စဉ်းစားကြည့်မယ်ဆိုရင် ကံကောင်းထောက်မစွာဖြင့် အိမ်ရှေ့စံမင်းသားသည်လည်း စစ်မြေပြင်သို့ လိုက်ပါသွားခဲ့သည်။ ထို့အပြင် ရှင်းယန်စစ်တပ်သည် ရဲရင့်ပြီး ပြိုင်ဘက်ကင်းသဖြင့် ယန်နိုင်ငံ၏ မြို့ ၃ မြို့ကို ဆက်တိုက် သိမ်းပိုက်နိုင်ခဲ့ကာ ယန်စစ်သည်သောင်းချီကို ဖမ်းဆီးရမိခဲ့သည်။ အိမ်ရှေ့စံ၏ စစ်ရေးစွမ်းရည်မှာ တောက်ပထွန်းလင်းနေပြီး ပထမမင်းသားနှင့် တတိယမင်းသားတို့ လိုက်မီနိုင်စရာ အကြောင်းမရှိပေ။
အကယ်၍ အိမ်ရှေ့စံသာ မြို့တော်တွင် ကျန်ရစ်ခဲ့ပြီး ပထမမင်းသားနှင့် တတိယမင်းသားတို့ စွမ်းဆောင်ရည်ကောင်းများကို ရယူနေသည်ကို လက်ပိုက်ကြည့်နေရပါက ကောင်းမွန်သောကိစ္စ ဖြစ်လာလိမ့်မည် မဟုတ်ပေ။
ရှင်းယန်စစ်တပ်သည် ယန်စစ်တပ်၏ ဂိုဒေါင်ကို ဖွင့်ကာ ရိက္ခာနှင့် ငွေကြေးများကို ဖြည့်တင်းခဲ့သည်။ သေသေချာချာ တွက်ချက်ကြည့်လျှင် ဒီနှစ်ဝက်အတွင်း သာ့ဝေတိုင်းပြည်သည် တိုက်ပွဲများ ဆက်တိုက် ဆင်နွှဲနေရသော်လည်း နိုင်ငံတော်ဘဏ္ဍာတိုက်မှ ငွေကြေးအများအပြား ထုတ်ယူသုံးစွဲရခြင်း မရှိပေ။
ချောင်မိဖုရားခေါင်သည် ထိုအချက်များကို တွေးမိပြီး ရှင်းယန်စစ်တပ်ကို မချီးကျူးဘဲ မနေနိုင်တော့ချေ။ "ရှင်းယန်စစ်တပ်က သေမှာမကြောက်ဘဲ ရဲရင့်ပြီး ပြိုင်ဘက်ကင်းလိုက်တာ။ ဒါက ရှင်းယန်ဝမ် စစ်တပ်ကို ကောင်းကောင်း အုပ်ချုပ်နိုင်လို့ပဲ"
အိမ်ရှေ့စံမင်းသား ဦးဆောင်နေသည်မှာ ရှင်းယန်စစ်တပ်ပင် ဖြစ်သည်။ ထူထဲလှသော မှတ်တမ်းများ၏ တစ်ဝက်ကျော်မှာ ရှင်းယန်စစ်တပ်၏ ဂုဏ်ပြုမှတ်တမ်းများသာ ဖြစ်လေသည်။
ထိုဂုဏ်ပုဒ်များသည် ချွေးမတော် လုမင်ယွိအပေါ်သို့ ရောက်ရှိလာမည် ဖြစ်သည်။ လုမင်ယွိသာ မရှိခဲ့လျှင် ရှင်းယန်ဝမ်သည် အဘယ်မှာ အိမ်ရှေ့စံကို အစွမ်းကုန် ကူညီပံ့ပိုးပါမည်နည်း။
လုမင်ယွိသည်လည်း ရှင်းယန်စစ်တပ်အတွက် ဂုဏ်ယူမိပြီး ပြုံးကာ ပြောလိုက်လေသည်။ "ကျွန်မအဖေက စိတ်နှလုံးတစ်ခုလုံးကို စစ်တပ်ထဲမှာ ထားရှိပြီး စစ်သည်တွေနဲ့အတူ အတူစား အတူနေပါတယ်။ တိုက်ပွဲဝင်တဲ့အခါမှာလည်း ရှေ့ဆုံးကနေ ဦးဆောင်တိုက်ခိုက်တော့ စစ်သည်တွေကလည်း သဘာဝကျကျပဲ ရဲရင့်လာကြတာပါ"
ချောင်မိဖုရားခေါင်က ပြုံးကာ ခေါင်းညိတ်လိုက်သည်။ ထို့နောက်တွင်တော့ စစ်အောင်မြင်မှုကို ကပ်ပြီး ရယူနေသော ဖူယန်မြို့စားကို မကျေမနပ်ဖြင့် ရေရွတ်လေတော့သည်။ "ဖူယန်မြို့စားလောက် မျက်နှာပြောင်တိုက်တဲ့လူမျိုး တခါမှ မတွေ့ဖူးဘူး။ ရှင်းယန်စစ်တပ်ရဲ့ နောက်ကနေလိုက်ပြီး အကျိုးဆောင်မှု ယူနေတာ။ တကယ့်တကယ် တိုက်ပွဲဝင်ရတာက ပွဲဘယ်နှစ်ပွဲမှ မရှိဘဲနဲ့ စစ်အောင်မြင်မှု ခွဲဝေတာကျတော့ ငွေကြေးနဲ့ ရိက္ခာကို အညီအမျှ ရချင်နေတယ်"
ဖွီး!
သူ့မှာ ဒီလိုမျက်နှာမျိုး ရှိရတယ်လို့!
ယှဉ်ကြည့်မယ်ဆိုရင် မုန့်ဟွေးက တကယ့်လက်နက်မှန်တွေနဲ့ တိုက်ခိုက်ပြီး စစ်အောင်မြင်မှုကို ရယူခဲ့တာ။ ဖူယန်မြို့စားထက် အများကြီး သာလွန်နေသေးတယ်။
လုမင်ယွိက ခပ်ဖျော့ဖျော့ ပြုံးလိုက်လေသည်။ "လူနဲ့လူချင်းက မတူညီကြပါဘူး။ ဖူယန်မြို့စားက ကိုယ့်ရဲ့ စစ်တိုက်တဲ့ အရည်အချင်း သာမန်ပဲရှိတယ်ဆိုတာ သိလို့ ရှင်းယန်စစ်တပ်ရဲ့ နောက်ကနေ လိုက်နေတာ ကောင်းပါတယ်။ အရည်အချင်းမရှိဘဲ ခေါင်းမာပြီး ရှေ့ထွက်ချင်နေတဲ့ လူတွေထက်စာရင် အများကြီး တော်ပါသေးတယ်"
ချောင်မိဖုရားခေါင်ကတော့ စိတ်ထဲတွင် မကျေမလည် ဖြစ်နေဆဲပင်။ "သူက မယ်တော်ကြီးရဲ့ တူအရင်းဆိုတာကို အားကိုးနေတာ။ အရှင်မင်းကြီးကလည်း သူ့ဝမ်းကွဲညီမောင်ကို အမြဲတမ်း မျက်နှာသာပေးနေတော့... ဘာပဲဖြစ်ဖြစ်လေ ညီလာခံတစ်ခုလုံးက စစ်သူကြီးတွေထဲမှာ သူလို မျက်နှာပြောင်တိုက်တဲ့သူမျိုး ဒုတိယတစ်ယောက် ရှာလို့တွေ့မှာ မဟုတ်ဘူး"
...
ချောင်မိဖုရားခေါင်က ဒေါသထွက်နေသလောက် မယ်တော်ကြီးကျောက်ကတော့ အလွန် ပျော်ရွှင်နေတော့သည်။
ရှို့နင်နန်းဆောင်ထဲတွင် မယ်တော်ကြီးကျောက်က ပြုံးရွှင်စွာဖြင့် ချင်ဖေးကို ကြည့်ကာ ဖူယန်မြို့စားအား ချီးကျူးပြောဆိုလိုက်လေသည်။ "နင့်ဝမ်းကွဲအစ်ကိုက ငယ်ငယ်ကတည်းက ဉာဏ်ကောင်းတာ။ ရှေ့ထွက်တိုက်ခိုက်ရတဲ့ အလုပ်ကို ရှင်းယန်ဝမ်ဆီ လွှဲပေးလိုက်။ ကျောက်မိသားစုစစ်တပ်က နောက်ကနေ လိုက်ရုံပဲ။ ဘယ်လောက်တောင် အေးဆေးလိုက်သလဲ။ အကျိုးဆောင်မှုကလည်း နည်းနည်းလေးမှ လျော့မသွားဘူး"
မိမိတူအရင်းက တကယ်ပဲ ဉာဏ်ကောင်းတာကိုး။
ချင်ဖေးသည်လည်း စည်းကမ်းကြီးသူ မဟုတ်သဖြင့် ချက်ချင်းပင် ထောက်ခံကာ ပြုံးလိုက်လေသည်။ "မယ်တော်ကြီး ပြောတာ မှန်ပါတယ်။ သာ့ဝေတိုင်းပြည်က တိုင်းပြည်ကို စုစည်းပြီးလို့ အရှင်မင်းကြီး ဆုလာဘ်တွေ ချီးမြှင့်တဲ့အခါကျရင် ဖူယန်မြို့စားကို အောက်ကျခံလို့ မဖြစ်ဘူး။ ဒါကမှ ကိုယ့်လူရင်း စစ်စစ်လေ"
မယ်တော်ကြီးကျောက်သည် ဒီလိုစကားမျိုးကို ကြားရသည်ကို သဘောကျသဖြင့် တဟားဟား ရယ်မောလိုက်လေသည်။ "ဒါကတော့ သေချာတာပေါ့။ မေ့သွားရင်တောင် အိုက်ကျားက များများသတိပေးရမှာပေါ့"
ပြီးနောက်တွင် မျက်နှာအပြည့် အပြုံးများဖြင့် စတုတ္ထမင်းသားကို ချီးကျူးပြန်လေသည်။ "အားရှန်က ဒီတစ်ခါ အိုက်ကျားကို အထင်ကြီးသွားစေတယ်။ ကိုယ်တိုင်ဦးဆောင်ပြီး စစ်ပွဲကြီးကို အနိုင်ရအောင် တိုက်နိုင်ခဲ့တယ်။ ဒီတစ်ခေါက် စွမ်းဆောင်ရည်က တကယ့်ကို အစစ်အမှန်ပဲ"
ချင်ဖေးသည် ထိုစကားများကို နားမထောင်ချင်တော့ဘဲ ရင်ဘတ်ကိုဖိကာ သက်ပြင်းချလိုက်လေသည်။ "ချန်ချဲ့ကတော့ သူ့ကို အေးအေးဆေးဆေးပဲ နေစေချင်တာပါ။ စွမ်းဆောင်ရည်တွေကို မက်မောပြီး ရှေ့ထွက်မတိုက်ခိုက်စေချင်ဘူး"
ပြောရင်းဆိုရင်းနှင့် လုမင်ယွိကိုပဲ အပြစ်တင်မိတော့သည်။
လုမင်ယွိသာ မရှိခဲ့လျှင် စတုတ္ထမင်းသားသည် စစ်သေနာပတိ လုပ်စရာမလိုသလို ကိုယ်တိုင် ဦးဆောင်ပြီး စစ်တိုက်စရာလည်း လိုမည်မဟုတ်ပေ။ ကံကောင်းလို့ ဘာမှမဖြစ်ခဲ့တာ။ လက်ကျိုးခြေကျိုး ဖြစ်ခဲ့လျှင် ချင်ဖေးတစ်ယောက် အမှန်ပင် ငို၍အသက်ထွက်မတတ် ဖြစ်ရပေတော့မည်။
ဘေးတွင် ထိုင်နေသော ကျောက်ယွီက ပြုံးကာ ဝင်ပြောလိုက်လေသည်။ "အရှင်မင်းသားက စစ်သည်တွေကို ဦးဆောင်ပြီး မြို့တော်ကို ပြန်လာနေပါပြီ။ ရက်အနည်းငယ်အတွင်း ရောက်လာပါတော့မယ်။ မူဖေး ဘာကို စိတ်ပူနေရတာလဲ"
ချင်ဖေးသည် မျက်မှောင်ကြုတ်လိုက်ပြီး စကားပြောရန် ပြင်လိုက်စဉ်မှာပင် နန်းတွင်းအပျိုတော်တစ်ဦး အလျင်အမြန် ဝင်ရောက်လာပြီး သတင်းပို့လေသည်။ "မယ်တော်ကြီးကို လျှောက်တင်ပါတယ်... စတုတ္ထမင်းသား မြို့တော်ကို ပြန်ရောက်ပါပြီ"
စတုတ္ထမင်းသား နောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ!
ချင်ဖေးသည် ဝမ်းသာအားရ ဖြစ်သွားပြီး ရုတ်တရက် ထရပ်လိုက်ရာ အသံများပင် တုန်ခါနေတော့သည်။ "အားရှန်း ပြန်ရောက်ပြီ။ မြန်မြန်... ငါတို့ နန်းတော်တံခါးဝကို သွားကြိုကြမယ်"
ကျောက်ယွီသည်လည်း ဝမ်းသာလွန်းသဖြင့် ခုန်ပေါက်မတတ် ဖြစ်သွားသော်လည်း သူမက ချင်ဖေးထက် အသိဉာဏ် ပိုရှိလေသည်။ "အရှင်မင်းသားက စစ်သည်တွေကို ဦးဆောင်ပြီး ပြန်လာတာဆိုတော့ စစ်သည်တွေကို အရင်ဆုံး နေရာချထားပေးရဦးမှာ။ ပြီးမှ ညီလာခံတက်ပြီး အစီရင်ခံရမှာ။ အနောက်နန်းဆောင်ကို ဝင်ဖို့ဆိုရင် အနည်းဆုံး နေ့ဝက်လောက်တော့ စောင့်ရဦးမယ်။ မူဖေး သိပ်ပြီး စိတ်မလောပါနဲ့။ စိတ်ရှည်ရှည်ထားပြီး စောင့်ပါဦး"
ချင်ဖေးသည် ဘယ်မှာ သည်းခံနိုင်တော့ပါမည်နည်း။ ပြုံးလျက် ပြောလိုက်လေသည်။ "အားရှန်း ထွက်သွားတာ တစ်နှစ်ဝက်တောင် ရှိပြီ။ ငါ့စိတ်ထဲမှာ နေ့တိုင်း စိတ်ပူနေရတာ။ တစ်ရက်မှ ကောင်းကောင်းမစားရ ကောင်းကောင်းမအိပ်ရဘူး။ ဘယ်မှာ စောင့်နိုင်တော့မလဲ။ ငါ အခုပဲ ကျောင်းဖန်နန်းဆောင်ကို သွားပြီး သတင်းနားထောင်မယ်"
ချောင်ကောလောင်သည် ညီလာခံ၏ အမတ်ချုပ်ဖြစ်သဖြင့် ညီလာခံတွင်း၌ လှုပ်ရှားမှု တစ်စုံတစ်ရာ ရှိသည်နှင့် ကျောင်းဖန်နန်းဆောင်သို့ ပထမဆုံး သတင်းရောက်ရှိလာတတ်သည်။
ယခင်ကဆိုလျှင် ချင်ဖေးသည် မနာလိုဖြစ်တတ်သော်လည်း ယခုအချိန်တွင်တော့ သားကိုတွေ့ချင်ဇောဖြင့် ထိုအရာများကို ဂရုမစိုက်နိုင်တော့ပေ။
ကျောက်ယွီသည်လည်း လိုက်ပါ၍ ထရပ်လိုက်လေသည်။ "ကျွန်မလည်း မူဖေးနဲ့အတူ ကျောင်းဖန်နန်းဆောင်ကို လိုက်ခဲ့မယ်"
...
ယောက္ခမနှင့် ချွေးမတို့သည် ကျောင်းဖန်နန်းဆောင်သို့ အလျင်အမြန် ဝင်ရောက်လာကြသည်။
ချောင်မိဖုရားခေါင်သည်လည်း သတင်းရရှိထားပြီးဖြစ်ရာ စတုတ္ထမင်းသား ဘေးကင်းစွာ ပြန်ရောက်လာသည့်အတွက် ဝမ်းသာနေလေသည်။ "မင်းတို့နှစ်ယောက် စိတ်မလောကြပါနဲ့။ ဒီမှာပဲ အတူတူ စောင့်ကြတာပေါ့။ ဒီည ပန်ကုံးက စတုတ္ထမင်းသားအတွက် ကြိုဆိုပွဲ လုပ်ပေးမယ်"
ချင်ဖေးက အကြိမ်ကြိမ် ပြုံးကာ ပြောလိုက်သည်။ "ဒါက ဟွမ်ဟုပ်ညန်ညန်ကို ဒုက္ခပေးသလို ဖြစ်သွားပါပြီ"
ဒါကြောင့်လည်း သားကိုအကြောင်းပြုပြီး မိခင်က မျက်နှာပွင့်လန်းရသည်ဟု ပြောကြခြင်း ဖြစ်သည်။
စတုတ္ထမင်းသား စစ်ပွဲနိုင်ပြီး တိုင်းပြည်အတွက် စွမ်းဆောင်ရည် ရယူပေးနိုင်ခဲ့သဖြင့် ချင်ဖေး စကားပြောသည့်အခါ ခါးကို မတ်မတ်ထားနိုင်ပြီ ဖြစ်သည်။
လုမင်ယွိသည် ပြုံးကာ ချင်ဖေးကို တစ်ချက် စောင်းကြည့်လိုက်လေသည်။ "ကံကောင်းလို့ ချင်ဖေးက သဘောထားကြီးပြီး အမြင်ကျယ်လို့ပေါ့။ အဲဒီတုန်းက စတုတ္ထမင်းသားကို မြို့တော်ပြန်ခေါ်ဖို့ မငိုယိုခဲ့လို့လေ။ မဟုတ်ရင် ဒီနေ့လိုမျိုး ဂုဏ်ယူဝံ့ကြွားစွာနဲ့ ပြန်လာနိုင်တဲ့ မင်္ဂလာကိစ္စမျိုး ဘယ်ရှိပါ့မလဲ"
ချင်ဖေး "..."
ချင်ဖေးသည် မျက်နှာပြောင်တိုက်ကာ ပြန်ပြောလိုက်လေသည်။ "တကယ်တော့ ကျွန်မလည်း အစတုန်းက စိတ်မအေးပါဘူး။ ထိုက်ဇီဖေးက စိတ်အေးဆေးဆေးတစ်ခု ပေးလိုက်လို့သာ။ အားရှန်း ဂုဏ်ပြုခံရပြီး မြို့တော်ပြန်လာနိုင်တာ ထိုက်ဇီဖေးရဲ့ ကျေးဇူးအများကြီး ပါပါတယ်။ ကျွန်မ ဒီည ထိုက်ဇီဖေးကို ဂါရဝပြုပြီး တစ်ခွက်လောက် သောက်ပါရစေ"
ဒီစကားများမှာ ဟန်ဆောင်လွန်းသဖြင့် ကျောက်ယွီပင် နားမထောင်နိုင်တော့ပေ။
ဒီနှစ်ဝက်အတွင်း ချင်ဖေးသည် သူမ၏ ရှေ့မှောက်တွင် မည်မျှ ဆဲဆိုခဲ့သည်ကို မသိတော့ချေ။ လုမင်ယွိအကြောင်း ပြောလာတိုင်း ကောင်းသည့်စကား တစ်လုံးမှ မပါခဲ့။ ယခုမှ မျက်နှာပြောင်တိုက်ပြီး ဒီလိုစကားများ ပြောနေရသည်မှာ မည်သို့သော သတ္တိမျိုးပါသနည်း။
လုမင်ယွိက အေးအေးလူလူ ပြုံးလိုက်လေသည်။ "ဂါရဝပြုတာ မပြုတာက ကိစ္စမရှိပါဘူး။ ချင်ဖေးက ကွယ်ရာမှာ ကျွန်မကို အပြစ်မတင်ရင်ပဲ ကျေးဇူးတင်လှပါပြီ"
ချင်ဖေး "..."
ဒါတောင်မှ ချင်ဖေးက ရယ်မောနိုင်သေးသည်။ "ထိုက်ဇီဖေးက စနောက်နေပါပြီ။ ကျွန်မက ထိုက်ဇီဖေးကို ကျေးဇူးတင်လို့တောင် မဆုံးပါဘူး။ ထိုက်ဇီဖေး မကောင်းကြောင်း ဘယ်ပြောပါ့မလဲ"
ကျောက်ယွီသည် နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားပြီးနောက် ရွှီအာနှင့် ရွှမ်းအာတို့ထံသို့ သွားရောက်ကာ ကစားပေးနေလိုက်တော့သည်။
နေ့ဝက်ခန့် စောင့်ဆိုင်းပြီးနောက် ညနေစောင်းချိန်တွင်တော့ စတုတ္ထမင်းသား ရောက်ရှိလာခဲ့လေသည်။
စတုတ္ထမင်းသားသည် ကျောင်းဖန်နန်းဆောင်ထဲသို့ ခြေချလိုက်သည်နှင့် ချင်ဖေးသည် မစောင့်နိုင်တော့ဘဲ ထရပ်လိုက်သည်။ အကြည့်တစ်ချက် ဝေ့လိုက်သည်နှင့် မျက်နှာပျက်သွားကာ အလျင်အမြန် ပြေးသွားလေတော့သည်။
"အားရှန်း... မင်း ဘယ်လိုဖြစ်ပြီး ဒဏ်ရာရလာတာလဲ"
...