← Chapters

အခန်း (၃၅၅-၃၅၇)

Vol. 24 Ch. 355-357

အခန်း (၃၅၅-၃၅၇)

Vol. 24 Ch. 355-357

အပိုင်း (၃၅၅) ဖျင်အန်းကုန်းကျူ (၂)

ကလေးငယ်၏ စူးရှသော ငိုသံတစ်ခုသည် အားလုံး၏ နားထဲသို့ ရှင်းရှင်းလင်းလင်း ရောက်ရှိလာခဲ့၏။

လက်သည်အမျိုးသမီးကြီးက ဝမ်းမြောက်ဝမ်းသာ ထွက်လာပြီး သတင်းကောင်းကို ကြေငြာလိုက်လေသည်။ "ဟွမ်ဟုပ်ညန်ညန်ကို ဂုဏ်ပြုပါတယ်။ ဝမ်ကျဲယွီနဲ့ မင်းသမီးလေး နှစ်ယောက်စလုံး ကျန်းမာပါတယ်။ မင်သမီးလေးက ဖြူဖွေးဝဖြိုးပြီးတော့ ၇ကျင်းတောင် ရှိပါတယ်။ ရေချိုးသန့်စင်ပြီးရင် ဟွမ်ဟုပ်ညန်ညန်ဆီကို ခေါ်လာခဲ့ပါမယ်"

ချောင်မိဖုရားခေါင်သည် ရင်ထဲမှအလုံးကြီး ကျသွားသကဲ့သို့ ခံစားလိုက်ရပြီး ပြုံးကာပြောလိုက်လေသည်။ "ကောင်းပြီ။ ဒီတစ်ကြိမ် မင်းတို့ရဲ့ အကျိုးဆောင်မှုကို မှတ်တမ်းတင်ထားလိုက်မယ်။ ဆုတွေအများကြီး ချီးမြှင့်မယ်"

လုမင်ယွိက ပြုံးကာ ဝင်ပြောလိုက်၏။ "အာရှီကြားတာတော့ ဖုဟွမ် မသွားခင်တုန်းက မင်းသမီးလေးအတွက် နာမည်ပေးခဲ့တယ်ဆို"

ချောင်မိဖုရားခေါင်က ပြုံးကာပြန်ဖြေလိုက်သည်။ "ဟုတ်တယ်။ အရှင်မင်းကြီး ပြောတာက ဝမ်ကျဲယွီရဲ့ဗိုက်ထဲက မင်းသမီးမွေးလာရင် ဖျင်အန်းကုန်းကျူလို့ ဘွဲ့နာမည်ပေးမယ်တဲ့"

သမားတော်ကြီးကျိုးသည် ဝမ်မေရန်၏ ဝမ်းဗိုက်ထဲတွင် ရှိနေသည်မှာ မင်သမီးလေးဖြစ်ကြောင်း အစောကြီးကတည်းက စမ်းသပ်သိရှိထားလေသည်။ သို့သော် သွေးခုန်နှုန်းစမ်းသပ်ခြင်းသည် ၁၀၀% မမှန်နိုင်ချေ။ ယခု ကလေးမွေးလာတော့မှသာ မင်းသမီးလေးဖြစ်ကြောင်း သေချာသွားလေသည်။

မင်းသမီးလေးဖြစ်တာ ကောင်းတာပေါ့။ ထီးနန်းလုမှာ မဟုတ်သလို မင်းသားတွေအတွက်လဲ ခြိမ်းခြောက်မှု မရှိဘူးလေ။

ချင်ဖေး၊ စူးဖေးနှင့် မုန့်ကွေ့ဖေးတို့၏ စိတ်သည် ချက်ချင်းငြိမ်သက်သွားပြီး စကားစမြည်ပြောဆိုရန် စိတ်ပါလာကြတော့သည်။

"ဖျင်အန်းကုန်းကျူ ... ဘွဲ့နာမည်လေးက တကယ်ကောင်းတာပဲ"

ချင်ဖေးသည် မျက်ခုံးပြေလျော့သွားပြီး ပြုံးကာပြောလိုက်၏။ "ဖြစ်ချင်တော့ အရှင်မင်းကြီးက မိုင်ထောင်ချီဝေးတဲ့နေရာ ရောက်နေတယ်။ ဒီသတင်းကောင်းကို သိရဖို့ဆိုရင် လဝက်လောက် စောင့်ရအုံးမယ်"

စူးဖေးကလဲ ပြုံးရွှင်စွာဖြင့် ထောက်ခံလိုက်၏။ "နန်းတော်ထဲမှာ ဒီလိုမင်္ဂလာကိစ္စရှိလာတာ သေချာဂုဏ်ပြုရမှာပေါ့"

မုန့်ကွေ့ဖေးက အပြုံးတစ်ခုကို ညှစ်ထုတ်လိုက်လေသည်။ "ဟုတ်တာပေါ့"

ချောင်မိဖုရားခေါင်က ကြည်လင်ရွှင်ပျစွာဖြင့် ပြောလိုက်လေသည်။ "၃ရက်မြောက် ရေချိုးမင်္ဂလာနဲ့ တလပြည့်ပွဲကို သေသေချာချာလေး စဥ်းစားပေးရမယ်။ အားလုံးလဲ ဒီအခွင့်အရေးကို အသုံးချပြီး ပျော်ပျော်ပါးပါး နေကြတာပေါ့"

စကားပြောနေစဥ်မှာပင် မွေးကာစ ဖျင်အန်းကုန်းကျူကို ချီထုတ်လာကြလေသည်။

မျက်နှာလေးကို ကြည့်လိုက်သည်နှင့် ချစ်စရာကောင်းသည့်ပုံစံလေး ဖြစ်နေလေ၏။

လူအများက ဝိုင်းဝန်းချီးကျူးကြလေသည်။ မသိလျှင် သူတို့က ဘယ်လောက်တောင် ဝမ်းသာနေသလဲဟုပင် ထင်ရပေသည်။ ရှို့နဥ်နန်းဆောင်ထဲမှ မယ်တော်ကြီးကျောက်သည် သတင်းကြားသိရပြီးနောက် သက်ပြင်းတစ်ချက် ချမိလိုက်လေ၏။ "အိုက်ကျားက သမားတော်ကြီးကျိုး မှားစမ်းမိပါစေလို့ မျှော်လင့်နေတာ။ ဝမ်ကျဲယွီက တကယ်ပဲ မင်းသမီးလေး မွေးလာတာကိုး"

မယ်တော်ကြီးကျောက်သည် ရိုးရှင်းသူဖြစ်ပြီး မြေးယောက်ျားလေးကိုသာ လိုချင်သူ ဖြစ်လေသည်။

စိတ်မကောင်းဖြစ်ပြီးနောက်တွင်တော့ မယ်တော်ကြီးကျောက်သည် ဝမ်မေရန်ကို ဆုလာဘ်များစွာ ချီးမြှင့်လိုက်လေ၏။

မြေးမျိုးဆက် ကလေးမွေးတာ မတွေ့ရတာ ၁၀နှစ်ကျော်နေပြီ။ မင်းသမီးလေးဖြစ်နေရင်တောင် မရှိတာထက်တော့ သာပါသေးတယ်။

...

ဖျင်အန်းကုန်းကျူ၏ သုံးရက်မြောက် ရေချိုးမင်္ဂလာပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပလေသည်။

မင်းသားကြင်ရာတော်များသည်လဲ နန်းတော်ထဲသို့ ဝင်ရောက်လာကြပြီး ဖျင်အန်းကုန်းကျူ၏ဘေးတွင် ဝိုင်းဖွဲ့ကာ စကားပြောနေကြလေ၏။

ပထမမင်းသားကြင်ရာတော်က ပြုံးကာ ချီးကျူးစကား ပြောလိုက်၏။ "မင်းသမီးလေးရဲ့ မျက်နှာလေးက သန့်ရှင်းစင်ကြယ်လိုက်တာ။ ကြီးလာရင် သေချာပေါက် အလှမယ်လေး ဖြစ်လာမှာပဲ"

ကျောက်ယွီသည် မုန့်ယွင်လော်ကို တစ်ချက် စွေ့ကြည့်လိုက်ပြီး ဝင်ပြောလိုက်၏။ "သာ့စောင်က ဖျင်အန်းကုန်းကျူကိုပဲ ချီးကျူးမနေပါနဲ့။ နောက်ကျရင် ကျန်းအာကို တွေ့ရင်လည်း အများကြီး ချီးကျူးပေးပါအုံး။ မဟုတ်ရင် စန်းစောင်က စိတ်မကြည်မလင်ဖြစ်ပြီး ကျွန်မတို့ကိုပဲ မဲနေလိမ့်မယ်"

မုန့်ယွင်လော်သည် အမြီးတက်နင်းခံလိုက်ရသလို ကျောက်ယွီကို စိုက်ကြည့်လိုက်လေ၏။ "နင်ပြောတဲ့စကားက ဘာသဘောလဲ"

ကျောက်ယွီကလဲ အလျှော့ပေးမည့်သူမဟုတ်ဘဲ ဟန်ဆောင်ပြုံးပြကာ ပြန်ပြောလိုက်တော့သည်။ "ကျွန်မက မွေးရာပါ ပွင့်လင်းတဲ့သူလေ။ စိတ်ထဲရှိတာပဲ ပြောလိုက်တာပါ။ တခြားသဘော မရှိပါဘူး။ စန်းစောင်က တခြားသူပြောတာကို အမြဲတမ်း သံသယဝင်တတ်တယ်လို့ ကြည့်ရတာ အတွေးလွန်ပြီး သံသယများနေတဲ့ပုံပဲ"

မုန့်ယွင်လော် "..."

မုန့်ယွင်လော်သည် မျက်လုံးများထဲတွင် မီးပွားများထွက်လာပြီး ရုတ်တရက် မတ်တပ်ထရပ်လိုက်တော့သည်။

ကျောက်ယွီကလဲ နည်းနည်းလေးမှ မကြောက်ဘဲ ထရပ်လိုက်၏။

လုမင်ယွိ၏ မျက်ခုံးများမှာ လှုပ်ရှားသွားပြီး လေသံအေးအေးဖြင့် ပြောလိုက်တော့သည်။ "သမီးယောက်မ အချင်းချင်းစနောက်တာကို ဘာလို့အတည်ယူနေကြတာလဲ။ ဒီနေ့က ကုန်းကျူရဲ့ ၃ရက်မြောက်ရေချိုးပွဲ နေ့ထူးနေ့မြတ်လေ ရယ်စရာဖြစ်အောင် မလုပ်ကြပါနဲ့။ အားလုံးထိုင်ပြီး စကားပြောကြပါ"

လုမင်ယွိသည် အသံကိုမြှင့်ပြီး မပြောလိုက်သော်လည်း မမြင်ရသော ဖိအားတစ်ခုက လျင်မြန်စွာ ပျံ့နှံ့သွားလေသည်။

ကျောက်ယွီက ချက်ချင်းပြန်ထိုင်ချလိုက်၏။ "အာ့စောင်ပြောတာ မှန်ပါတယ်။ ကျွန်မ အာ့စောင်ရဲ့စကားကို နားထောင်ပါ့မယ်"

မုန့်ယွင်လော်သည် ဒေါသကြောင့် မျက်နှာတစ်ခုလုံး ပြာနှမ်းသွားပြီး လွှတ်ခနဲ ပြောထွက်သွားတော့၏။ "ကျောက်ယွီ နင် ဒီမှာ ဟန်ဆောင်မနေနဲ့။ နင်က တမင်သက်သက် ငါရဲ့ ကျန်းအာကို လှောင်ချင်နေတာ။ ဟိုတလောက ငါ့အိမ်ကို လာပြီးလှောင်တာ မလုံလောက်သေးလို့ ဒီနေ့ ဒီမှာ ငါ့အရှက်ကို လာခွဲနေတာ ပြီးတော့ လုမင်ယွိ နင်က ထိုက်ဇီဖေးဖြစ်နေလို့၊ သားတစ်ယောက် သမီးတစ်ယောက် မွေးထားလို့ ငါ့ရှေ့မှာ ဆရာကြီး လာလုပ်နေတာပေါ့"

"ငါ ဒီနေ့ နင့်ကို ဂရုမစိုက်ဘူး။ နင် ဘာလုပ်နိုင်မလဲ ကြည့်ရသေးတာပေါ့"

လုမင်ယွိ၏ မျက်နှာအမူအယာမှာ အေးစက်သွားလေတော့သည်။ "မုန့်ယွင်လော် ဘယ်သူကမှ နင့်ကို မလှောင်ဘူး။ နင့်ဘာသာနင် စိတ်ထဲမှာစွဲနေပြီး တခြားသူတွေ နင့်အကြောင်း ပြောနေတယ်လို့ သံသယဝင်ပြီး ပြဿနာလိုက်ရှာနေတာ"

"နင် ရန်ဖြစ်ချင်ရင် နောက်ရက်ကျရင် ငါ သေချာပေါက် အဖော်လုပ်ပေးမယ်။ ဒီနေ့က ကုန်းကျူရဲ့ ၃ရက်မြောက်ရေချိုးပွဲနေ့။ နင် ထပ်ပြီး သောင်းကျန်းနေရင် ငါ နင့်ကို ပထမဦးဆုံး အပြစ်ပေးရလိမ့်မယ်"

မုန့်ယွင်လော်သည် မျက်နှာထားတင်းမာလျက် အေးစက်စက် ရယ်မောလိုက်လေ၏။ "ငါ သောင်းကျန်းတော့ နင်က ဘာလုပ်ချင်လို့လဲ"

လုမင်ယွိသည် စကားအများကြီး မပြောတော့ဘဲ လက်ကိုဆန့်ကာ မုန့်ယွင်လော်၏ အင်္ကျီကော်လံကို ဆွဲကိုင်လိုက်လေသည်။

မုန့်ယွင်လော်သည် ထိတ်လန့်သွားပြီး ရုန်းကန်ရင်း အော်ဟစ်ရန် ပြင်လိုက်၏။ လုမင်ယွိက လျင်မြန်စွာဖြင့် ကျန်လက်တစ်ဖက်ကို သုံးကာ မုန့်ယွင်လော်၏ အသံအိုးကို ထိန်းချုပ်ထားလိုက်လေသည်။

မုန့်ယွင်လော်သည် ဒေါသတကြီး ရုန်းကန်အော်ဟစ်သော်လည်း အသံက တစ်စက်မှ ထွက်မလာချေ။ ထိုမြင်ကွင်းသည် အနည်းငယ် ရယ်စရာကောင်းနေသလို ဖြစ်နေတော့သည်။

လုမင်ယွိကတော့ မျက်နှာထားတင်းတင်းဖြင့် မုန့်ယွင်လော်ကို နန်းတော်တံခါးအပြင်ဘက်သို့ ဆွဲထုတ်သွားလေသည်။

မုန့်ယွင်လော် ခေါ်လာသည့် နန်းတွင်းသူလေးများသည် မျက်နှာပျက်ကာ နောက်မှ လိုက်သွားကြလေသည်။ လုမင်ယွိက လက်ကိုလွှတ်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်တော့သည်။ "မင်းတို့တွေ ... စန်းဟွမ်စစ်ဖေးညန်ညန်ကို အိမ်တော်ပြန်ပို့လိုက်ကြ"

မုန့်ယွင်လော်က ပြန်လှည့်လာရန် ပြင်လိုက်သော်လည်း လုမင်ယွိက လက်တစ်ဖက်ဆန့်ထုတ်ကာ မုန့်ယွင်လော်၏ ကျဥ်ကြောတစ်ခုကို နှိပ်လိုက်လေသည်။

မုန့်ယွင်လော်မှာ ဒူးများပျော့ခွေသွားပြီး ကံကောင်းထောက်မစွာ နန်းတွင်းသူများက အချိန်မီ ဖမ်းထိန်းနိုင်လိုက်လေသည်။

လုမင်ယွိက မုန့်ယွင်လော်၏ မီးဝင်းဝက်းတောက်နေသော မျက်လုံးများကိုကြည့်ကာ လေသံအေးအေးဖြင့် ပြောလိုက်၏။ "နင့်စိတ်ထဲမှာ မကျေနပ်တာက နင့်ကိစ္စပဲ။ လူတိုင်းက နင့်ကို အလိုလိုက်ရမယ်လို့ မထင်နေနဲ့။ အိမ်ပြန်ရောက်ရင် ကောင်းကောင်းစဥ်းစားကြည့်။ နားမလည်သေးသရွေ့ နောက်ဆိုရင် နန်းတော်ထဲ ဝင်မလာနဲ့တော့"

ထို့နောက် ကြောက်လန့်တကြား ဖြစ်နေသော နန်းတွင်းသူများကို ကြည့်လိုက်လေသည်။ "စန်းဟွမ်စစ်ဖေးညန်ညန်ကိုခေါ်ပြီး မထွက်သွားသေးဘူးလား"

နန်းတွင်းသူများသည် တုန်လှုပ်သွားကြပြီး ခေါင်းငုံ့အမိန့်နာခံလျက် မုန့်ယွင်လော်ကို တွဲခေါ်သွားကြလေတော့သည်။ ...

...

လုမင်ယွိသည် ရင်ထဲက ဒေါသများကို ဖြည်ချလိုက်ပြီး အခန်းထဲသို့ ပြန်ဝင်လာခဲ့လိုက်၏။

ပထမမင်းသားကြင်ရာတော်က ရှုပ်ထွေးနေသည့်အကြည့်ဖြင့် လုမင်ယွိကို ကြည့်လိုက်လေသည်။

သူမသည် မုန့်ယွင်လော်ကို မကြိုက်သည်မှာမှန်သော်လည်း လုမင်ယွိဟူသော ဤထိုက်ဇီဖေးသည် တကယ်ကို ကြောက်စရာ ကောင်းလွန်းလှသည်။ စကားတစ်ခွန်းမတည့်သည်နှင့် ချက်ချင်း မျက်နှာပြောင်းကာ မုန့်ယွင်လော်ကို နန်းတော်ထဲမှ မောင်းထုတ်လိုက်လေသည်။

နောက်ဆိုလျှင် မုန့်ယွင်လော်တစ်ယောက် အဘယ်မျက်နှာဖြင့် နန်းတော်ထဲ ဝင်လာရဲပါတော့မည်နည်း။

ဒီနေ့ လုမင်ယွိက မုန့်ယွင်လော်ကို ဒီလိုဆက်ဆံနိုင်ရင် နောက်ရက်ကျရင် တခြားယောက်မတွေကို ဒီလိုမဆက်ဆံဘူးလို့ ဘယ်သူက အာမခံနိုင်မှာလဲ။

ကျောက်ယွီကတော့ ထိုမျှလောက် တွေးတောခြင်းမရှိဘဲ ကျေနပ်အားရစွာ ရယ်မောလိုက်တော့သည်။ "အာ့စောင် ဒီနေ့တော့ ကျွန်မအတွက် လက်စားချေပေးလိုက်တာပဲ။ အဲဒီ့နေ့က ကျွန်မနဲ့ အရှင်မင်းသားက စေတနာနဲ့ ကျန်းအာကို သွားကြည့်တာပါ"

"အရှင်မင်းသားက ကျန်းအာကို ပြုံးပြတာကို စန်းစောင်က ကျန်းအာက ရုပ်ဆိုးလို့ လှောင်တယ်ဆိုပြီးတော့ ကျွန်မတို့လင်မယားကို အိမ်တော်ထဲက မောင်းထုတ်တယ်လေ။ တကယ့်ကို ဒီလိုလူမျိုး တခါမှ မမြင်ဖူးပါဘူး"

"ကိုယ်မွေးတဲ့ကလေးကို ကိုယ်တိုင်မချစ်ဘဲ ဟိုဟာမကောင်း ဒီဟာမကောင်းနဲ့ တခြားသူတွေကို လိုက်အပြစ်တင်နေတယ်။ တကယ်ရယ်စရာကောင်းသလို စိတ်တိုစရာလဲကောင်းတယ်"

မဟုတ်လို့လား။

ကိုယ့်ဘာသာကို စိတ်မကြည်တာနဲ့ လူတိုင်းကိုလိုက်ပြီး မကျေမနပ် ဖြစ်နေတာလေ။

ဒီလိုရောဂါမျိုးကို သေချာကုပေးမှရမယ်။

လုမင်ယွိကတော့ ပြန်ထိုင်ချလိုက်ပြီး လက်ဖက်ရည်တစ်ခွက် သောက်လိုက်လေသည်။ "ခုနက ငါ သူ့ကို ပြောလိုက်ပါပြီ။ သူ နားမလည်ဘဲ ဆက်သောင်းကျန်းနေရင် နောက်ဆို နန်းတော်ထဲ ဝင်မလာနဲ့တော့လို့"

ထိုက်ဇီဖေး၏ အရှိန်အဝါသည် အထင်းသားပေါ်လွင်နေလေ၏။

ပထမမင်းသားကြင်ရာတော်မှာ မျက်လွှာချထားလိုက်ပြီး တိုးတိုးလေး ပြောလိုက်လေတော့သည်။ "စန်းတိမေ့အနေနဲ့ ထိုက်ဇီဖေးရဲ့ စေတနာကို နားလည်ပါစေလို့ပဲ မျှော်လင့်ပါတယ်"

လုမင်ယွိကတော့ လေသံအေးအေးဖြင့် ပြောလိုက်လေသည်။ "နားလည်တာ နားမလည်တာ အရေးမကြီးပါဘူး။ ဘာပဲဖြစ်ဖြစ် နန်းတော်ထဲဝင်လာရင် နန်းတွင်းစည်းကမ်းတွေကို လိုက်နာရမယ်။ အကြောင်းမရှိ ပြဿနာရှာချင်ရင်တော့ လုံဝခွင့်မပြုနိုင်ဘူး"

...

အပိုင်း (၃၅၆) ဟာသ

ရယ်စရာကောင်းသော သည်ကိစ္စသည် ချောင်မိဖုရားခေါင်နှင့် တခြားသူများ၏ နားထဲသို့ အလျင်အမြန် ရောက်ရှိလာလေသည်။

ချောင်မိဖုရားခေါင်က စိတ်ထဲမထားဘဲ ခေါင်းညိတ်လိုက်လေသည်။

"ပန်ကုံး သိပါပြီ"

သို့သော် ဘေးတွင် ထိုင်နေသည့် စူးဖေး၏ မျက်နှာထား ပြောင်းလဲသွား၏။

လုမင်ယွိက တမင်သက်သက် ရန်ရှာပြီး ရက်စက်ပြနေခြင်းပင်။ သူမသည်လည်း မုန့်ယွင်လော်အပေါ်တွင် မကျေနပ်ချက်များ ရှိသော်လည်း လုမင်ယွိက မုန့်ယွင်လော်ကို မောင်းထုတ်လိုက်ခြင်းသည် တတိယမင်းသားအိမ်တော်၏ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေပြီး သူမ၏ မျက်နှာကို ဖြတ်ရိုက်လိုက်သကဲ့သို့ ဖြစ်နေတော့သည်။

စူးဖေးက ဒေါသကို မြိုသိပ်ကာ တိုးတိုးလေး ပြောလိုက်လေသည်။ "မုန့်ရှီက စိတ်မြန်လက်မြန် ရှိပြီး တစ်ခါတလေ စကားမှားတတ်တာ ရှိပါတယ်။ ဒါပေမဲ့ ထိုက်ဇီဖေးက မုန့်ရှီကို ချက်ချင်း နန်းတော်ထဲကနေ မောင်းထုတ်လိုက်တာက နည်းနည်း ရက်စက်လွန်းရာ ကျပါတယ်။ နန်းတော်ထဲက ကိစ္စတွေကို ဟွမ်ဟုပ်ညန်ညန်ကပဲ စီမံပိုင်ခွင့်ရှိတာလေ။ ထိုက်ဇီဖေးအနေနဲ့ မုန့်ရှီကို မကျေနပ်ရင်တောင် ဟွမ်ဟုပ်ညန်ညန်ကို အရင်ဆုံး တိုင်ပင်သင့်တာ။ ပြီးမှ ဟွမ်ဟုပ်ညန်ညန်က အပြစ်ပေးသင့်တာ"

စကားထဲတွင် သွေးထိုးလှုံ့ဆော်မှုများ အထင်းသား ပေါ်လွင်နေလေသည်။

ချောင်မိဖုရားခေါင်သည် စူးဖေးကို တစ်ချက် စွေကြည့်လိုက်ပြီး လေသံအေးအေးဖြင့် ပြောလိုက်လေသည်။ "ထိုက်ဇီဖေး လုပ်တာ ပန်ကုံး သဘောကျပါတယ်"

စူးဖေး "..."

စူးဖေးသည် လက်ထဲက လက်ကိုင်ပုဝါကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး တောင့်တင်းနေသည့် အပြုံးကို ညှစ်ထုတ်လိုက်ရတော့ည်။ "ဟွမ်ဟုပ်ညန်ညန်က သဘောထားကြီးပြီး ထိုက်ဇီဖေးကို ယုံကြည်အားကိုးတာ ကျွန်မ လေးစားပါတယ်"

ချောင်မိဖုရားခေါင်၏ စိတ်ထဲတွင် ကျေနပ်ချင်မှ ကျေနပ်မည် ဖြစ်သော်လည်း လူရှေ့သူရှေ့တွင်တော့ သူမနှင့် လုမင်ယွိသည် အမြဲတမ်း တစ်ဖက်တည်းတွင် ရှိနေကြသူများ ဖြစ်သည်။ သူမက ပေါ့ပေါ့ပါးပါး ပြုံးကာ ပြောလိုက်တော့သည်။ "ထိုက်ဇီဖေးက စိတ်မြန်လက်မြန် ရှိပြီး ပြတ်သားတဲ့သူ။ ဒီအနောက်နန်းဆောင်ကို မကြာခင် သူ့လက်ထဲ လွှဲပေးရမှာပဲ။ သူက လူတိုင်းကို နိုင်နင်းနေမှတော့ ပန်ကုံးက ဝမ်းသာရမှာပေါ့"

ချင်ဖေးသည် ဘေးမှနေ၍ ဟာသတစ်ခု ကြည့်နေရသကဲ့သို့ ကြည့်နေပြီး ဝင်ပြောလိုက်လေသည်။ "စည်းကမ်းမရှိရင် ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။ စန်းဟွမ်စစ်ဖေးက မင်းသမီးလေးရဲ့ သုံးရက်မြောက် ရေချိုးပွဲမှာ လာပြီး သောင်းကျန်းနေတော့ ထိုက်ဇီဖေး ဒေါသထွက်တာလည်း မဆန်းပါဘူး"

ရေထဲကျနေသော ခွေးကို ဝိုင်းရိုက်ရသည့်အဖြစ်အား လူတိုင်းက ကြိုက်နှစ်သက်ကြသည် မဟုတ်ပါလား။

မုန့်ကွေ့ဖေးကလည်း အေးအေးလူလူ ဝင်ထောက်ခံလေသည်။ "ချင်ဖေး ပြောတာ မှန်ပါတယ်။ စူးဖေး အားရင် မုန့်ရှီကို သေချာ ခေါ်ပြီး ဆုံးမသင့်တယ်"

စူးဖေးသည် လူတိုင်း၏ ဝိုင်းဝန်း တိုက်ခိုက်ခြင်းကို ခံရသဖြင့် ပါးစပ်ပိတ်ထားလိုက်ရတော့သည်။

...

ကုတင်ပေါ်တွင် လှဲနေသည့် ဝမ်ကျဲယွီသည်လည်း ထိုသတင်းကို အလျင်အမြန် သိရှိသွားလေသည်။

ဘေးနားတွင် ပြုစုနေသည့် နန်းတွင်းသူလေးက တိုးတိုးလေး ပြောလိုက်လေသည်။

"ကျဲယွီညန်ညန် စိတ်မပူပါနဲ့။ ထိုက်ဇီဖေးက စန်းဟွမ်စစ်ဖေးကို မောင်းထုတ်လိုက်ပါပြီ။ မင်းသမီးလေးရဲ့ သုံးရက်မြောက် ရေချိုးပွဲလည်း အဆင်ပြေပြေ ပြီးသွားပါပြီ"

ဝမ်ကျဲယွီ၏ လှပသော မျက်နှာလေးသည် ဖြူဖပ်ဖြူရော် ဖြစ်နေသေးပြီး အသံမှာလည်း အားနည်းနေလေသည်။

"ဧည့်သည်တွေ ပြန်သွားရင် ငါ့ကိုယ်စား ထိုက်ဇီဖေးကို သွားပြီး ကျေးဇူးတင်စကား ပြောပေးပါ"

မင်းသားကြင်ရာတော်များကြားက အငြင်းပွားမှုသည် သူမလို ကိုယ်လုပ်တော်တစ်ယောက်နှင့် မသက်ဆိုင်ပေ။ မုန့်ယွင်လော်သည် ဒီနေ့မှ ရွေးပြီး ပြဿနာရှာခြင်းသည် တကယ်ကို ဒေါသထွက်စရာ ကောင်းလှသည်။

ဝမ်ကျဲယွီသည် သူမကို အထင်သေးတာ ဂရုမစိုက်သော်လည်း သမီးလေးကိုတော့ နည်းနည်းလေးမျှ စိတ်ထိခိုက်ခံမည် မဟုတ်ပေ။ လုမင်ယွိသည် ဒီနေ့ သူမအတွက် မျက်နှာရအောင် လုပ်ပေးခဲ့သလို မင်းသမီးလေးအတွက်လည်း ကာကွယ်ပေးခဲ့ခြင်း ဖြစ်သည်။

ဒီကျေးဇူးတရားကို သူမက တိတ်တဆိတ် လက်ခံလိုက်လေသည်။

နန်းတွင်းသူလေးက ပြုံးကာ ခေါင်းညိတ်ပြီး ထွက်သွားလေသည်။

ခဏကြာပြီးနောက် နန်းတွင်းသူလေး ပြန်ရောက်လာသည်။ သူမနှင့်အတူ လုမင်ယွိလည်း ပါလာခဲ့သည်။

ဝမ်ကျဲယွီသည် အံ့အားသင့်သွားပြီး ကမန်းကတန်း ထရန် ပြင်လိုက်၏။

"ဝမ်ကျဲယွီက မင်းသမီးလေး မွေးထားတာ နှစ်ရက်ပဲ ရှိသေးတာ။ ကောင်းကောင်း အနားယူပါ"

လုမင်ယွိ၏ နှုတ်ခမ်းထောင့်များတွင် အပြုံးတစ်ခု ရှိနေပြီး စောစောက ဒေါသတကြီး ဖြစ်နေသည့် ပုံစံမျိုး လုံးဝ မရှိတော့ပေ။

ဝမ်ကျဲယွီသည် ကျေးဇူးတင်စိတ်များ ပြည့်နှက်နေပြီး တိုးတိုးလေး ပြောလိုက်လေသည်။ "ဒီနေ့ကိစ္စအတွက် ထိုက်ဇီဖေးကို ကျေးဇူးတင်ပါတယ်"

လုမင်ယွိက ပြုံးကာ ဝမ်ကျဲယွီကို နှစ်သိမ့်လိုက်၏။ "ပုံမှန်ရက်ဆိုရင် စန်းဟွမ်စစ်ဖေး ဘာပြောပြော ကျွန်မ သည်းခံလိုက်မှာပါ။ ဒီနေ့က မင်းသမီးလေးရဲ့ သုံးရက်မြောက် ရေချိုးပွဲလေ။ သူက အတိုင်အတာ မသိဘဲ လာပြီး ရန်ရှာနေတော့ ကျွန်မ ဘယ်လို သည်းခံနိုင်မှာလဲ။ ရှင် စိတ်ချလက်ချ အနားယူပါ။ ဒါတွေကို ဂရုစိုက်စရာ မလိုပါဘူး"

ဝမ်ကျဲယွီက နူးညံ့စွာ ပြန်ဖြေလိုက်လေသည်။ "ဟုတ်ကဲ့ပါ"

ဝမ်ကျဲယွီသည် သူမတွင် အသုံးဝင်သည့် တန်ဖိုးရှိနေသေးကြောင်း ကောင်းကောင်း သိလေသည်။

အသုံးချခံရမှာကို သူမ မကြောက်ပါဘူး။ အနောက်နန်းဆောင်မှာ အသုံးချခံရမယ့် တန်ဖိုးရှိနေသေးတာက ကံကောင်းတဲ့ ကိစ္စတစ်ခုပါပဲ။

သူမသည် စကားနားထောင်ပြီး အသုံးဝင်သည့် ဓားတစ်လက် ဖြစ်သောကြောင့် ချောင်မိဖုရားခေါင်၏ ရှေ့မှောက်တွင် မျက်နှာရခြင်း ဖြစ်သည်။ ထို့ကြောင့်လည်း ထိုက်ဇီဖေးက တွန့်ဆုတ်ခြင်းမရှိ ကူညီပေးခြင်း ဖြစ်သည်။

အထိန်းတော်ကြီးသည် မင်းသမီးလေးကို ပွေ့ချီကာ အခန်းထဲသို့ ဝင်လာခဲ့သည်။

လုမင်ယွိက ပြုံးကာ လက်ကမ်းလိုက်ပြီး မင်းသမီးလေးကို ရင်ခွင်ထဲသို့ ပွေ့ဖက်လိုက်၏။ ကလေးချီဖူးသည့် အတွေ့အကြုံရှိသဖြင့် သူမ၏ ပုံစံသည် ကျွမ်းကျင်နေလေသည်။ မင်းသမီးလေးသည်လည်း ပုတ်သိပ်ချော့မြှူခံလိုက်ရသဖြင့် သက်တောင့်သက်သာ ဖြစ်နေလေသည်။

ဝမ်ကျဲယွီသည် စကားများသူ မဟုတ်သော်လည်း ယခုအချိန်တွင် ကျေးဇူးတင်သည့် မျက်ဝန်းများဖြင့် ကြည့်ကာ တိုးတိုးလေး ပြောလိုက်တော့သည်။ "ထိုက်ဇီဖေးက မင်းသမီးလေးအပေါ် ဒီလောက် ကောင်းပေးတာ ကျွန်မ ရင်ထဲကနေ ကျေးဇူးတင်ပါတယ်"

လုမင်ယွိက ပြုံးလိုက်ကာ "ဒါက အရှင်မင်းသားရဲ့ ညီမလေးလေ။ ကျွန်မရဲ့ ယောက်မလေးပဲ။ ကိုယ့်ယောက်မလေးအပေါ် ကောင်းတာ ဖြစ်သင့်ပါတယ်"

ဒါက ကတိပေးလိုက်ခြင်းပင်။ နောက်ဆိုရင် မင်းသမီးလေးကို သေချာ စောင့်ရှောက်ပေးမယ် ဆိုသည့် သဘောပင်။

ဝမ်ကျဲယွီ၏ ရင်ထဲတွင် နွေးထွေးမှုများ စီးဆင်းသွားပြီး တိုးတိုးလေး ပြောလိုက်လေသည်။ "ကျေးဇူးတင်ပါတယ် ထိုက်ဇီဖေး။ နောက်ဆိုရင် ကျွန်မက ဟွမ်ဟုပ်ညန်ညန်နဲ့ ထိုက်ဇီဖေးရဲ့ စကားကိုပဲ နားထောင်ပါ့မယ်"

လုမင်ယွိသည် အနည်းငယ် ပြုံးလိုက်လေသည်။

ဉာဏ်ကောင်းတဲ့သူနဲ့ စကားပြောရတာ တကယ် သက်သာလိုက်တာ။

...

လုမင်ယွိ စိတ်ပျော်ရွှင်နေသော်လည်း တတိယမင်းသားအိမ်တော်မှ မုန့်ယွင်လော်ကတော့ ထိုမျှ မပျော်ရွှင်နိုင်ပေ။

နန်းတွင်းသူများ တွဲခေါ်လာခြင်းဖြင့် အိမ်တော်သို့ ပြန်ရောက်ပြီးနောက် ကုတင်ပေါ်တွင် ၄နာရီခန့် လှဲနေပြီးမှ အကြောပိတ်ထားသည်များနှင့် အသံအိုး ပိတ်ထားသည်များ ပျောက်ကွယ်သွားလေသည်။

လှုပ်ရှားနိုင်၊ စကားပြောနိုင်သည့် အချိန်တွင် သူမသည် ကုတင်ပေါ်မှ ချက်ချင်း ခုန်ဆင်းလိုက်ပြီး ဆဲဆိုရန် ပြင်လိုက်စဉ် ခြေထောက်များ ထုံကျင်သွားကာ ကုတင်ပေါ်သို့ ပြန်လည် လဲကျသွားလေသည်။

ပါလာသည့် အစေခံမလေး ဝမ်ရှို့သည် အလျင်အမြန် ရှေ့တိုးကာ မုန့်ယွင်လော်ကို တွဲထူလိုက်ရသည်။ "ညန်ညန်က အကြာကြီး တောင့်တောင့်ကြီး လှဲနေရတာဆိုတော့ အားမရှိသေးဘူး။ ခဏလောက် ထပ်ပြီး နားလိုက်ပါဦး"

မုန့်ယွင်လော်က ဒေါသတကြီး အော်ဟစ်လိုက်လေသည်။ "ဒီလောက် ကြာနေပြီဟာ ဘာနားနေရဦးမှာလဲ။ ငါ့ကို မြန်မြန် ထူစမ်း"

ဝမ်ရှို့သည် သခင်မ၏ အလိုကို မလွန်ဆန်ရဲသဖြင့် မုန့်ယွင်လော်ကို တွဲထူပေးလိုက်ရတော့သည်။

မုန့်ယွင်လော်သည် ခြေထောက်များ နာကျင်နေသော်လည်း အခန်းထဲတွင် တစ်ပတ် လမ်းလျှောက်လိုက်ပြီး အားအင်များ ပြန်လည်ပြည့်ဖြိုးလာမှ ပါးစပ်ဟကာ ဆဲဆိုလေတော့သည်။ အရင်ဆုံး ကျောက်ယွီကို ဆဲပြီး နောက်မှ လုမင်ယွိကို ဆဲလေသည်။

ဝမ်ရှို့က ဝင်ရောက် နှစ်သိမ့်သော်လည်း ခွေးသွေးပက်ခံလိုက်ရသကဲ့သို့ အဆဲခံလိုက်ရလေသည်။

ဝမ်ရှို့သည် ခေါင်းပုသွားပြီး ပါးစပ်ပိတ်ထားလိုက်ရတော့သည်။ စိတ်ထဲတွင်တော့ သက်ပြင်းချလိုက်မိသည်။

မုန့်ယွင်လော်သည် ကျန်းအာကို မွေးပြီးကတည်းက စိတ်တိုင်းကျသည့်ရက်ဟူ၍ မရှိခဲ့ပေ။ ဒေါသစိတ်တွေနဲ့ နေ့ရက်တွေကို ဖြတ်သန်းနေမှတော့ ပိုပြီး မွန်းကြပ်လာတာ အဆန်းမှ မဟုတ်တာ။

တကယ်တမ်း ပြန်ကြည့်ရင် ပြဿနာက ညန်ညန် ကိုယ်တိုင်မှာပဲ ရှိတာလေ။

မုန့်ယွင်လော် ဆဲဆိုလို့ မောသွားသည့်အခါ ဝမ်ရှို့သည် ရေနွေးတစ်ခွက်ကို ကမ်းပေးလိုက်ပြီး ချော့မော့လိုက်လေသည်။

"ညန်ညန် ရေနည်းနည်း သောက်လိုက်ပါ။ လည်ချောင်းရှင်းအောင်လို့။ စိတ်မဆိုးပါနဲ့တော့"

မုန့်ယွင်လော်သည် မျက်နှာမည်းကြီးဖြင့် ရေတစ်ခွက်လုံးကို မော့သောက်လိုက်လေသည်။

အထိန်းတော်ကြီးသည် ကျန်းအာကို ပွေ့ချီလာကာ အချိန်ကိုက် ရောက်ရှိလာပြီး ပြုံးကာ ပြောလိုက်လေသည်။

"သခင်မငယ်လေးက ညန်ညန်ကို မတွေ့ရတာ တစ်နေကုန် ရှိနေပြီ။ ညန်ညန်ကို လွမ်းနေရှာတာ"

မုန့်ယွင်လော်သည် သမီးဖြစ်သူ၏ ဝဖြိုးသော မျက်နှာနှင့် သေးငယ်သော မျက်လုံးများကို ငုံ့ကြည့်လိုက်မိ၏။ ရင်ထဲမှ ဒေါသနှင့် မကျေနပ်ချက်များ ပြန်လည် ထွက်ပေါ်လာပြီး စိတ်မရှည်စွာ ပြောလိုက်လေသည်။

"မြန်မြန် ခေါ်သွားစမ်း။ ငါ့ရှေ့မှာ လာမရှုပ်နဲ့။ ကြည့်ရတာ စိတ်ရှုပ်စရာ ကောင်းတယ်"

အထိန်းတော်ကြီးသည် အငေါက်ခံလိုက်ရသဖြင့် မျက်နှာပျက်ကာ ခေါင်းညိတ်ပြီး ကျန်းအာကို ချီလျက် ထွက်ခွာသွားလေသည်။

ဝမ်ရှို့သည် သက်ပြင်းချလိုက်ပြီး တိုးတိုးလေး ပြောလိုက်လေသည်။ "အရှင်မင်းသားက အပြင်ထွက်ပြီး စစ်တိုက်နေတာ။ ဘယ်တော့မှ ပြန်ရောက်မလဲ မသိဘူး။ အခုချိန်မှာ သခင်မငယ်လေးက ညန်ညန်ရဲ့ အားကိုးရာလေ။ ကိုယ့်ဘာသာ ဘာလို့ စိတ်ဒုက္ခပေးနေရတာလဲ။ သားလိုချင်ရင် နောက်မှ ထပ်မွေးလို့ ရတာပဲ။ သခင်မငယ်လေးကလည်း ညန်ညန်ရဲ့ သွေးသားရင်းချာပါပဲ"

မုန့်ယွင်လော်၏ မျက်ဝန်းအိမ်များ နီရဲလာပြီး မျက်ရည်များ တသွင်သွင် စီးကျလာလေတော့သည်။ "နင် ဘာနားလည်လို့လဲ။ သားတစ်ယောက် မရှိရင် အားကိုးရာ မရှိဘူး။ လူတိုင်းက ငါ့ကို အနိုင်ကျင့်ကြတယ်။ ငါသာ သားမွေးထားရင် ယောက်မတွေထဲမှာ ဘယ်သူက ငါ့ကို လှောင်ရဲ၊ အနိုင်ကျင့်ရဲမှာလဲ"

သားမွေးတာ ကောင်းမှန်း ဝမ်ရှို့လည်း သိပါတယ်။ ဒါပေမဲ့ ညန်ညန် မွေးလာတာက သမီးလေး ဖြစ်နေတာလေ။ ကိုယ့်ကံကြမ္မာကို ကိုယ်တိုင် မကျေမနပ်ဖြစ်ပြီး မျက်ရည်နဲ့ မျက်နှာသစ်နေလို့ ဘာထူးမှာလဲ။

ဝမ်ရှို့သည် အားတင်းပြီး အကြာကြီး နှစ်သိမ့်သော်လည်း မုန့်ယွင်လော်ကတော့ စိတ်ဓာတ်ကျနေပြီး ဘာကိုမှ နားမဝင်တော့ပေ။ လက်ကာပြပြီး ဝမ်ရှို့ကို ထွက်သွားခိုင်းလိုက်လေသည်။

...

အပိုင်း (၃၅၇) စိန်ခေါ်ခြင်း

ထိုနေ့မှ စ၍ မုန့်ယွင်လော်သည် လဝက်ခန့် လူလုံးထွက်မပြခဲ့ပေ။ ကွမ်းပင်းနယ်စားကတော်သည် သတင်းကြားပြီးနောက် ကိုယ်တိုင် သွားရောက်တွေ့ဆုံခဲ့လေသည်။ သားအမိနှစ်ယောက် တိတ်တဆိတ် ဘာတွေ ပြောခဲ့ကြမှန်း မသိရပေ။

ဖျင်အန်းကုန်းကျူ၏ တစ်လပြည့်ပွဲနေ့တွင် မုန့်ယွင်လော်သည် လက်ဆောင်ကြီးများ ပြင်ဆင်ကာ နန်းတော်ထဲသို့ ဝင်ရောက်လာတော့သည်။ ပုံမှန်ထက် စကားပြော နည်းသွားပြီး အထူးတလည် ငြိမ်သက်နေလေ၏။

မုန့်ယွင်လော် မသောင်းကျန်းမှတော့ လုမင်ယွိသည်လည်း ထိုက်ဇီဖေး၏ သဘောထားကြီးမှုကို ထုတ်ပြကာ သူမနှင့် အပြစ်မယူတော့ပေ။

ကျောက်ယွီသည် ကိုယ်ဝန်ရထားသည့် ပျော်ရွှင်မှုများတွင် နစ်မြောနေပြီး မုန့်ယွင်လော်နှင့် ရန်ဖြစ်ရန် အချိန်မရှိ ဖြစ်နေလေသည်။

လုမင်ယွိသည် ကျောက်ယွီကို ကြည့်ရင်း ပြုံးကာ ပြောလိုက်လေသည်။ "စစ်တိမေ့ ကိုယ်ဝန်ရသွားတာ တကယ် ဝမ်းသာစရာပဲ"

ကျောက်ယွီက ပျော်ရွှင်စွာဖြင့် ပြန်ပြောလိုက်သည်။ "ကျွန်မ ဒီနေ့ကို မျှော်လင့်နေတာ ကြာလှပြီ"

ဤကဲ့သို့ ပွင့်လင်းစွာ ဝမ်းသာနေမှုကြောင့် လူတိုင်းသည် သဘောကျစွာ ပြုံးမိလိုက်ကြလေသည်။ စတုတ္ထမင်းသား မြို့တော်သို့ ပြန်ရောက်ပြီးနောက် ဇနီးမောင်နှံနှစ်ဦးသည် ပူးကပ်နေကြသဖြင့် ကိုယ်ဝန်ရသည်မှာ ထူးဆန်းသည့် ကိစ္စ မဟုတ်ပေ။

ကျောက်ယွီသည်လည်း ထူးခြားသူတစ်ဦး ဖြစ်သည်။ နန်းတွင်းစားပွဲ စတင်သည်နှင့် တူများကို လျင်မြန်စွာ အသုံးပြုကာ စားသောက်နေသည်မှာ လူတိုင်း အံ့အားသင့်ရလောက်အောင်ပင်။

လုမင်ယွိက မနေနိုင်ဘဲ စနောက်လိုက်တော့၏။ "တခြားသူတွေ ကိုယ်ဝန်ရရင် အစားအသောက် ဆင်ခြင်ပြီး ဂရုစိုက်ကြတာ။ မင်းကတော့ ဒီစားပွဲပေါ်က ဟင်းတွေတောင် မလောက်တော့ဘူး ထင်တယ်"

ပထမမင်းသားကြင်ရာတော်နှင့် တခြားသူများလည်း ရယ်မောလိုက်ကြလေသည်။

ကျောက်ယွီက ပြုံးကာ ပြန်ပြောလိုက်လေသည်။ "ရယ်ချင်ရင် ရယ်ကြ။ ကျွန်မကတော့ စားမှာပဲ။ ကိုယ်ဝန်ဆောင် အော့အန်တာ မဖြစ်ခင် များများ စားထားရမယ်။ မဟုတ်ရင် နောက်ရက်နည်းနည်း ကြာရင် စားချင်ရင်တောင် စားလို့ရမှာ မဟုတ်ဘူး"

အားလုံးက ထိုစကားကို ကြားသောအခါ ပိုပြီး ရယ်မောကြလေသည်။

ချင်ဖေး တစ်ယောက်သာ ချွေးမကို တိတ်တဆိတ် မျက်စောင်းထိုးလိုက်လေသည်။

ဘဝဆက်တိုင်း အစားမစားရတဲ့ အတိုင်းပဲ။ ဒီလိုပွဲလမ်းသဘင်မှာ အငမ်းမရ စားသောက်နေတာ ရှက်စရာကောင်းလိုက်တာ။

နန်းတွင်းစားပွဲ ပြီးဆုံးသည်နှင့် ချင်ဖေးသည် ကျောက်ယွီကို ခေါ်ကာ မျက်နှာထား တင်းမာစွာဖြင့် ဆုံးမလေတော့သည်။ "နင် စတုတ္ထမင်းသားနဲ့ လက်ထပ်ထားတာ တစ်နှစ်လောက် ရှိပြီဆိုတော့ မင်းသားကြင်ရာတော် တစ်ယောက်လို နေတတ်ထိုင်တတ်သင့်ပြီ။ ဒီနေ့ လူတွေအများကြီး ရှေ့မှာ နင့်အပြောအဆို အနေအထိုင်တွေကို ပြန်ကြည့်စမ်းပါဦး။ စတုတ္ထမင်းသားကြင်ရာတော်ရဲ့ ဂုဏ်သိက္ခာ ဘယ်နားရောက်နေပြီလဲ"

"နင်က ငတ်ပြတ်ပြီး သေသွားတဲ့ သရဲ ဝင်စားတာလား။ စားမယ်... စားမယ်နဲ့။ တစ်နေ့ကုန် စားဖို့ပဲ သိတယ်"

ကျောက်ယွီက တိုးတိုးလေး ပြန်ပြောလိုက်လေသည်။ "ကျွန်မ ဗိုက်ဆာလို့ပါ"

ပြန်ခံပြောရဲသေးတယ်!

ချင်ဖေးသည် ဒေါသထွက်လွန်း၍ ခေါင်းမူးသွားပြီး လက်ညှိုးထိုးကာ ကျောက်ယွီ၏ နဖူးကို အားဖြင့် ထိုးလိုက်လေသည်။ "တခြားသူတွေ ကိုယ်ဝန်ရှိရင် ပျို့အန်ပြီး စားမဝင်ကြဘူး။ နင်ကတော့ ပြောင်းပြန်ပဲ။ ပိုတောင် စားနိုင်သေးတယ်။ နင် စားချင်ရင်တောင် အောင့်ထားပြီး အိမ်တော်ရောက်မှ စားလို့ ရတာပဲ။ လူတွေ အများကြီး ရှေ့မှာ အရှက်ခွဲမှ ဖြစ်မှာလား"

ငတ်ပြတ်ပြီး သေသွားတဲ့ သရဲ ဝင်စားတာတို့၊ အရှက်ခွဲတာတို့နဲ့။

ကျောက်ယွီသည်လည်း အဆူခံရလွန်းသဖြင့် ဒေါသထွက်လာပြီး မနေနိုင်ဘဲ ပြန်ပြောလိုက်လေသည်။ "ကျွန်မ နည်းနည်း ပိုစားမိတာနဲ့ ဘာလို့ အရှက်ကွဲရမှာလဲ။ မူဖေး ကြည့်မရရင် မကြည့်နဲ့ပေါ့"

ချင်ဖေး "..."

ချင်ဖေးတစ်ယောက် ဒေါသကြောင့် မျက်နှာတစ်ခုလုံး ပြာနှမ်းသွားတော့သည်။

ကျောက်ယွီက ဉာဏ်ကောင်းသူ ဖြစ်သဖြင့် ယောက္ခမ၏ မျက်နှာထား မကောင်းသည်ကို မြင်သောအခါ ဗိုက်ကို ချက်ချင်း ဖက်လိုက်ပြီး မျက်မှောင်ကြုတ်ကာ အော်ဟစ်လိုက်တော့သည်။

ချင်ဖေးမှာ လန့်ဖျပ်သွားပြီး မကျေနပ်ချက်များ ရှိသော်လည်း ဆက်မပြောရဲတော့ပေ။ ကျောက်ယွီ၏ လက်မောင်းကို ကမန်းကတန်း တွဲလိုက်ပြီး မေးလိုက်လေသည်။

"မြန်မြန် ထိုင်ပြီး နားလိုက်။ နင့်မှာ ကိုယ်ဝန်ရှိနေတာ။ ထိခိုက်လို့ မဖြစ်ဘူး။ မြန်မြန် ထိုင်လိုက်"

ထို့နောက် ချက်ချင်းပင် သမားတော် ခေါ်ခိုင်းလိုက်လေသည်။

ကျောက်ယွီသည် မျက်မှောင်ကြုတ်ကာ ထိုင်နေပြီး လက်နှစ်ဖက်ဖြင့် ဗိုက်ကို ဖက်ထားလေသည်။ ချင်ဖေး မြင်လိုက်ရသည်တွင် နဖူးမှ ချွေးများ ပြန်လာပြီး စိတ်ထဲတွင် နောင်တရနေလေသည်။

ချွေးမက စားချင်ရင် စားပါစေတော့။ ငါက ဘာလို့ ပါးစပ်သရမ်းမိပါလိမ့်။ ကျောက်ယွီသာ ကိုယ်ဝန် ထိခိုက်သွားရင် ငါ နောင်တရလို့ ဆုံးမှာ မဟုတ်ဘူး!

မကြာခင်မှာပင် သမားတော်ဝူ ရောက်ရှိလာလေသည်။ ကံကောင်းထောက်မစွာ သွေးခုန်နှုန်း စမ်းသပ်ပြီးနောက် ဘာမှ မဖြစ်ကြောင်း သိလိုက်ရလေသည်။

ချင်ဖေးသည် သက်ပြင်းချလိုက်ပြီး သမားတော်ဝူကို ပြန်လွှတ်လိုက်ပြီးနောက် မျက်နှာထား ပြောင်းကာ ကြင်နာစွာ ပြောလိုက်လေသည်။

"မြန်မြန် အိမ်ပြန်ပြီး နားလိုက်တော့။ ကိုယ်ဝန်ကို ဂရုစိုက်။ ဘာစားချင်လဲ။ မီးဖိုချောင်ကို လုပ်ခိုင်းလိုက်မယ်"

ကျောက်ယွီကလည်း သနားစရာ မျက်နှာလေးဖြင့် ယောက္ခမကို ကြည့်လိုက်လေသည်။

"ဒါဆို နောက်ကျရင် နန်းတော်ထဲ ဝင်တဲ့အချိန် ကျွန်မ စားချင်ရင် ဘယ်လိုလုပ်မလဲ"

ချင်ဖေးက ပြတ်သားစွာ ပြောလိုက်တော့သည်။ "စားချင်ရင် စားလိုက်။ တခြားသူတွေ ဘာပြောပြော ဂရုမစိုက်နဲ့"

ကျောက်ယွီတစ်ယောက် ကျေနပ်အားရစွာဖြင့် စတုတ္ထမင်းသားအိမ်တော်သို့ ပြန်သွားလေတော့သည်။

...

နှစ်ရက်ကြာပြီးနောက် နန်းတော်ထဲသို့ ဂါရဝပြုရန် ဝင်လာသည့်အခါ ကျောက်ယွီသည် အိမ်ရှေ့စံအိမ်တော်သို့ သွားရောက်ခဲ့လေသည်။

ယောက်မနှစ်ယောက် သီးသန့် စကားပြောကြရင်း ကျောက်ယွီက တိုးတိုးလေး ရယ်မောကာ ထိုကိစ္စကို ပြောပြလာခဲ့သည်။ "....မူဖေးက အခုဆိုရင် ကျွန်မ အစားများတာကို မဆူတော့ဘူး။ ခုနက ဂါရဝပြုဖို့ သွားတော့ မူဖေးက ကျွန်မကို များများစားဖို့တောင် မှာလိုက်သေးတယ်"

လုမင်ယွိသည် ကျောက်ယွီ၏ မျက်နှာအမူအရာကို ကြည့်ကာ ရယ်မောလိုက်လေသည်။

"နင် သိပ်ပြီး မလွန်စေနဲ့။ ချင်ဖေးက စိတ်သဘောထား သိမ်မွေ့ပြီး ပါးနပ်တဲ့သူ။ နင် ဟန်ဆောင်နေတာကို မရိပ်မိဘူးလို့ မထင်နဲ့"

ကျောက်ယွီက ဂရုမစိုက်ဘဲ ပြုံးကာ မျက်ခုံးပင့်လိုက်လေသည်။ "ရိပ်မိသွားလည်း မကြောက်ပါဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်မမှာ ကိုယ်ဝန် ရှိနေတာပဲ။ သူက ဒီအချိန်မှာ ကျွန်မကို စည်းကမ်းတွေ လာသတ်မှတ်လို့ မရဘူးလေ။ ဒီလို ရှားပါးတဲ့ အခွင့်အရေးကို အသုံးချပြီး သူ့ကို ကောင်းကောင်းလေး ပြန်တုံ့ပြန်ရမှာပေါ့"

ယောက္ခမနှင့် ချွေးမကြားက စစ်ပွဲသည် အိမ်ထောင်ကျသည့် နေ့ကတည်းက စတင်ခဲ့ခြင်း ဖြစ်သည်။

ချွေးမဖြစ်သူသည် မွေးရာပါ အားနည်းသူ ဖြစ်ပြီး ကိစ္စတစ်ခုခု ကြုံလာလျှင် အများအားဖြင့် ချွေးမကသာ ခံရလေသည်။ ကိုယ်ဝန်ရလာမှသာ အဖိုးတန်ဓားမြှောင်ကို ကိုင်ဆောင်ထားသကဲ့သို့ ဖြစ်လာပြီး ကောင်းကောင်း အသုံးမချလျှင် ကိုယ့်ကိုယ်ကိုယ် အားနာစရာ ဖြစ်နေပေလိမ့်မည်။

လုမင်ယွိသည် ကျောက်ယွီ၏ ကျေနပ်အားရနေသည့် ပုံစံကို ကြည့်ကာ မနေနိုင်ဘဲ ရယ်မောလိုက်တော့သည်။ "နင် ကိုယ့်ဘာသာ အတိုင်းအတာ ရှိရင် ပြီးတာပါပဲ။ သိပ်ပြီး မလွန်စေနဲ့။ စစ်တိကို ကြားထဲမှာ နေရခက်အောင် မလုပ်နဲ့"

ကျောက်ယွီက သက်ပြင်းချလိုက်လေသည်။ "သားတစ်ယောက်အနေနဲ့ မိခင်ကို ရိုသေတာက ဖြစ်သင့်ပါတယ်။ ချွေးမတစ်ယောက်အနေနဲ့ ယောက္ခမကို ရိုသေရမှာကလည်း တာဝန်ပါပဲ။ ဒါပေမဲ့ ဘာမှ ပြန်မပြောဘဲ သည်းခံနေရင် ဘယ်လိုလုပ် အဆင်ပြေမှာလဲ"

ထို့နောက် လုမင်ယွိကို ကြည့်လိုက်ကာ "အာ့စောင်က ကံအကောင်းဆုံးပဲ"

ယောက္ခမနဲ့ ချွေးမ စစ်ပွဲမှာ အရေးကြီးဆုံးက ယောကျာ်းရဲ့ သဘောထားပဲ။ ယောကျာ်းက အမေဘက်က ပါနေရင် မိန်းမဖြစ်သူက ဘယ်လောက်ပဲ တော်နေပါစေ အလကားပဲ။

အိမ်ရှေ့စံ လီကျင့်လို ဇနီးသည်ဘက်က အမြဲတမ်း ရပ်တည်ပေးတတ်တဲ့သူက ရှားမှရှားပဲ။ ချောင်မိဖုရားခေါင်ကလည်း စိတ်သဘောထား သေးသိမ်တဲ့သူ မဟုတ်ဘူး။ သားအတွက် အနည်းငယ် အလျှော့ပေးလိုက်တော့ လုမင်ယွိနဲ့ ယောက္ခမချွေးမ ဆက်ဆံရေးက စံပြဖြစ်နေတော့တာပဲ။

လုမင်ယွိက အနည်းငယ် ပြုံးလိုက်ကာ "ဟုတ်တယ်။ ကျွန်မ တကယ် ကံကောင်းတာပါ"

စိတ်ထဲတွင် လီကျင့်၏ ပုံရိပ် ပေါ်လာခဲ့သည်။

လီကျင့် မြို့တော်ကနေ ထွက်သွားတာ ၈လကျော်ပြီ။

သူမသည် ဝမ်းနည်းပက်လက် ဖြစ်တတ်သည့် လူမျိုး မဟုတ်ပေ။ ပုံမှန်အချိန်များတွင် ကလေးနှစ်ယောက်ကို ထိန်းကျောင်းရင်း ချောင်မိဖုရားခေါင်ကို ကူညီကာ နန်းတွင်းကိစ္စများကို စီမံခန့်ခွဲပေးနေရသည်။ ထို့အပြင် နန်းတွင်းအခြေအနေများကိုလည်း အမြဲ စောင့်ကြည့်နေရသည်။ အားလပ်သည့် အချိန်ကျမှသာ လီကျင့်ကို သတိရမိလေသည်။

ရှေ့တန်းတွင် စစ်ပွဲများ ပြင်းထန်နေသဖြင့် တစ်လလျှင် အိမ်ပြန်စာ တစ်စောင်သာ ရောက်ရှိလာလေသည်။ လီကျင့်၏ အိမ်ပြန်စာသည် အမြဲတမ်း ထူထဲနေတတ်သည်။ သို့သော် မည်မျှပင် ထူထဲပါစေ ရင်ထဲက အလွမ်းများကို ဖြေဖျောက်မပေးနိုင်ပေ။

ကျောက်ယွီက ပြုံးကာ စနောက်လိုက်လေသည်။ "အာ့စောင် ဘာလို့ ရုတ်တရက် ငြိမ်သွားတာလဲ။ ထိုက်ဇီကို သတိရနေတာလား"

လုမင်ယွိသည် မငြင်းဘဲ ခေါင်းညိတ်ကာ ဝန်ခံလိုက်၏။ "ဟုတ်တယ်"

ယောက်မများထဲတွင် ကျောက်ယွီနှင့် လုမင်ယွိသည် အခင်မင်ဆုံး ဖြစ်ရခြင်းမှာ အကြောင်းရင်း ရှိလေသည်။ လုမင်ယွိသည် ပွင့်လင်းမြင်သာသူ ဖြစ်ပြီး ကျောက်ယွီကလည်း စိတ်ထဲရှိတာ ပြောတတ်သည့် ဖြောင့်မတ်သူ ဖြစ်လေသည်။

ကျောက်ယွီက ပြုံးကာ ပြောလိုက်လေသည်။ "အရှင်မင်းသား မြို့တော်ကနေ ထွက်သွားတာ ၆လ ရှိပြီ။ ကျွန်မလည်း သူ့ကို အမြဲတမ်း သတိရနေတာ။ ကျွန်မက သူ အကျိုးဆောင်မှုတွေ လုပ်လာမှာကို မလိုချင်ပါဘူး။ ကျွန်မ ဘေးမှာ ဘေးကင်းကင်းနဲ့ ရှိနေရင် ပြီးတာပါပဲ"

"သာ့ဝေတိုင်းပြည်က တိုင်းတစ်ပါးကို သိမ်းပိုက်ပြီး တိုင်းပြည်အေးချမ်းသွားရင် နောက်နှစ်နည်းနည်းကြာရင် ကျွန်မ အရှင်မင်းသားကို နယ်စားသွားလုပ်ဖို့ ပြောမလို့။ ကျွန်မတို့လင်မယားက ဘာစွမ်းရည်မှ မရှိပါဘူး။ နောက်ဆိုရင် နယ်မြေကို ကောင်းကောင်း အုပ်ချုပ်ပြီး ကလေးတွေ အများကြီး မွေးမယ်။ မူဖေး လိုက်ချင်ရင်လည်း နယ်မြေကို ခေါ်သွားပြီး ပြုစုမယ်"

"လင်မယားနှစ်ယောက် အေးအေးချမ်းချမ်း နေပြီး တစ်သက်လုံး ပျော်ပျော်ရွှင်ရွှင် နေသွားရင် ရပြီလေ"

...

All Chapters