← Chapters

အခန်း (၃၅၈-၃၆၀)

Vol. 24 Ch. 358-360

အခန်း (၃၅၈-၃၆၀)

Vol. 24 Ch. 358-360

အပိုင်း (၃၅၈) ဆုံးမခြင်း

လုမင်ယွိ၏ အပြုံးသည် ရပ်တန့်သွားပြီး ကျောက်ယွီကို ကြည့်လိုက်လေသည်။

ကျောက်ယွီသည် ပွင့်လင်းဖြောင့်မတ်သော်လည်း မိုက်မဲသူတော့ မဟုတ်ပေ။ ဒီလိုအခွင့်အရေးကို ယူပြီး ဒီလိုစကားမျိုး ပြောခြင်းသည် သူမ၏ သဘောထားကို ဖော်ပြခြင်းပင်။ သူမသည် လေးနက်သော အကြည့်ဖြင့် လုမင်ယွိကို ကြည့်လိုက်လေသည်။

"ကျွန်မ ပြောတာ တကယ် စိတ်ရင်းနဲ့ပါ"

နင်ကတော့ စိတ်ရင်းနဲ့ ပြောနေတာ ဟုတ်ပါတယ်။ ဒါပေမဲ့ ချင်ဖေးနဲ့ စတုတ္ထမင်းသားတို့ သားအမိနှစ်ယောက်ကရော ဒီလိုတွေးမယ်လို့ ဘယ်သူပြောနိုင်မှာလဲ။

လုမင်ယွိသည် စိတ်ထဲတွင် သက်ပြင်းချလိုက်သော်လည်း မျက်နှာတွင်တော့ အပြုံးတစ်ခုကို ဆင်မြန်းလိုက်၏။ "ဒါတွေက နောက်မှ ဖြစ်လာမယ့် ကိစ္စတွေပါ။ ဘာလို့ ပြောနေတာလဲ။ ငါကတော့ နင့်ကို မြို့တော်မှာပဲ နေစေချင်တယ်။ ငါတို့ သမီးယောက်မနှစ်ယောက်က စိတ်တူကိုယ်တူ ရှိတာလေ။ နင် ထွက်သွားမှာကို ဘယ်လိုလုပ် လိုလားမှာလဲ"

ကျောက်ယွီသည်လည်း ဆက်မပြောတော့ဘဲ စကားလမ်းကြောင်း လွှဲလိုက်လေသည်။

"ရွှီအာနဲ့ ရွှမ်းအာတောင် လမ်းလျှောက်တတ်နေပြီ"

ရွှီအာနှင့် ရွှမ်းအာသည် တစ်နေ့ထက် တစ်နေ့ ကြီးပြင်းလာပြီး ၁၀လသားအရွယ်ကပင် လမ်းလျှောက်တတ်နေပြီ ဖြစ်သည်။ ယခုဆိုလျှင် တစ်နှစ်ပြည့်တော့မည် ဖြစ်ရာ အဆော့သန်လာကြသည့် ကလေးနှစ်ဦးသည် ချီတာကို မကြိုက်တော့ဘဲ ဖိုင့်ဖိုင့်တုတ်တုတ် ခြေထောက်လေးများဖြင့် ကိုယ့်ဘာသာ လျှောက်သွားနေကြလေသည်။

အိမ်ရှေ့စံအိမ်တော်ထဲတွင် ကော်ဇောထူကြီးများ ခင်းထားသလို မောင်နှမနှစ်ယောက်စလုံးကလည်း ပိုးသားအင်္ကျီ အထူကြီးများကို ဝတ်ဆင်ထားသဖြင့် ရံဖန်ရံခါ ချော်လဲ၍ ဖင်ထိုင်ရက် လဲကျသွားလျှင်လည်း မငိုဘဲ ကိုယ့်ဘာသာ ပြန်ထကာ ဆက်လျှောက်ကြလေသည်။

လုမင်ယွိနှင့် ကျောက်ယွီတို့ စကားပြောနေကြစဉ် ကလေးနှစ်ယောက်သည် သူတို့ဘေးတွင် ပတ်ချာလည် လျှောက်သွားနေကြလေသည်။

ကျောက်ယွီသည် ပြုံးရွှင်စွာဖြင့် ကလေးများကို လက်ယပ်ခေါ်လိုက်လေသည်။

"စစ်ရှန်ညန်(စတုတ္ထအဒေါ်)ဆီ လာပါဦး"

ရွှီအာသည် ပါးစပ်လေး ဟကာ မပီကလာ ပီကလာဖြင့် "ရှန်" ဟု ခေါ်လိုက်လေသည်။

ရွှမ်းအာသည် အချစ်ခံရခြင်းကို အနှစ်သက်ဆုံး ဖြစ်သဖြင့် ချက်ချင်း ပြေးလာတော့သည်။

လုမင်ယွိသည် မျက်စိလျင် ခြေမြန်ဖြင့် ရွှမ်းအာကို ရင်ခွင်ထဲသို့ ကောက်ချီလိုက်လေသည်။

"ရွှမ်းအာ... စစ်ရှန်ညန်က ဗိုက်ကြီးနေတာလေ။ သမီး သွားပြီး မတိုက်မိစေနဲ့။ ကြားလား"

လုမင်ယွိသည် ရှားရှားပါးပါး မျက်နှာထား တင်းမာနေလေသည်။

ရွှမ်းအာသည် နားလည်တစ်ချက် မလည်တစ်ချက်ဖြင့် မေမေက သူ့ကို ဆူနေသည်ကို သိလိုက်သဖြင့် နှုတ်ခမ်းလေး ထော်ကာ ငိုတော့မည် ပြုလေသည်။

လုမင်ယွိသည် ကလေးချစ်တတ်သော်လည်း အလိုလိုက်လေ့ မရှိပေ။ ချက်ချင်း လေသံမာမာဖြင့် ပြောလိုက်လေသည်။

"မငိုရဘူး"

ရွှမ်းအာသည် မေမေ့ကို မော့ကြည့်ပြီး ပဲစေ့ခန့် မျက်ရည်များ တသွင်သွင် စီးကျလာလေသည်။

ရွှီအာကတော့ ဘာဖြစ်မှန်း မသိပေ။ သို့သော် မောင်နှမနှစ်ယောက်သည် အမြွှာဖြစ်ပြီး မနက်ရော ညပါ အတူတူ ရှိနေကြသူများ ဖြစ်သဖြင့် ငိုလျှင် အတူတူ ငိုကြလေသည်။ ထို့ကြောင့် ရွှီအာသည်လည်း အသံကုန် အော်ဟစ် ငိုကြွေးလေတော့သည်။

ကျောက်ယွီသည် လုမင်ယွိထက်ပင် ပို၍ သနားသွားပြီး မျက်စောင်းထိုးလိုက်လေသည်။

"ကလေးက ဒီလောက် ငယ်သေးတာ ဘာနားလည်မှာလဲ။ တမင်သက်သက် ဝင်တိုက်တာမှ မဟုတ်တာ။ ဘာလို့ ဒီလောက်တောင် ဆူနေရတာလဲ"

ထို့နောက် ရွှမ်းအာကို လှမ်းချီလိုက်လေသည်။ "ရွှမ်းအာ လိမ္မာတယ်။ မငိုနဲ့နော်။ စစ်ရှန်ညန် ဒီမှာ ရှိတယ်။ မေမေက သမီးကို ဆူရင် စစ်ရှန်ညန်က သူ့ကို ပြန်ရိုက်ပေးမယ်"

လုမင်ယွိကို လက်သီးဖြင့် ရွယ်ပြလိုက်လေသည်။

ရွှမ်းအာသည် ချက်ချင်း အငိုတိတ်သွားပြီး ပြုံးရယ်ကာ ကျောက်ယွီ၏ လည်ပင်းကို ဖက်လျက် ပါးဖောင်းဖောင်းလေးကို ပွတ်သပ်နေလေသည်။

ကျောက်ယွီသည် သဘောကျလွန်းသဖြင့် မျက်လုံးများ ပိတ်သွားသည်အထိ ရယ်မောလိုက်ပြီး ရွှမ်းအာ၏ ပါးဖောင်းဖောင်းလေးကို ကိုင်ကာ နှစ်ချက်လောက် နမ်းလိုက်လေသည်။

ရွှီအာသည်လည်း မငိုတော့ဘဲ စစ်ရှန်ညန်၏ ဘေးနားသို့ လျှောက်သွားကာ ပါးဖောင်းဖောင်းလေးကို ထိုးပေးလိုက်လေသည်။

ကြည့်ပါဦး။ ဒီမြှောက်ထိုးပင့်ကော် လုပ်တတ်တဲ့ အကျင့်စရိုက်လေးကို။

လုမင်ယွိသည် ရယ်ချင်သလို ငိုချင်သလို ဖြစ်သွားပြီး ကလေးနှစ်ယောက်ကို မျက်စောင်းထိုးလိုက်လေသည်။

ကျောက်ယွီကတော့ ပျော်လွန်းသဖြင့် ရွှီအာကိုပါ ခေါင်းငုံ့ကာ နှစ်ချက်လောက် နမ်းလိုက်လေသည်။ ထို့နောက် ကြည်နူးစွာ ပြောလိုက်လေသည်။

"ဒီမောင်နှမနှစ်ယောက်က တကယ်ကို ဉာဏ်ကောင်းပြီး ချစ်ဖို့ကောင်းတာပဲ။ နောက်ဆို ကျွန်မ သားမွေးမွေး သမီးမွေးမွေး သူတို့မောင်နှမနှစ်ယောက်ရဲ့ တစ်ဝက်လောက် ဉာဏ်ကောင်းရင် ကျေနပ်ပါပြီ"

လုမင်ယွိက ပြုံးကာ သက်ပြင်းချလိုက်လေသည်။ "ဉာဏ်ကောင်းတာ မကောင်းတာတော့ မသိဘူး။ ဘာပဲဖြစ်ဖြစ် မောင်နှမနှစ်ယောက်စလုံးက တော်တော် ဆော့တာပဲ။ ငယ်ငယ်တုန်းက တစ်နေ့ကုန် ချီထားရတယ်။ အခု လမ်းလျှောက်တတ်တော့ အချီမခံတော့ဘဲ တစ်နေ့ကုန် လျှောက်သွားနေကြတာ။ မျက်တောင်မခတ်ဘဲ ကြည့်နေရတယ်။ မဟုတ်ရင် အချိန်မရွေး ချော်လဲနိုင်တယ်။ မောင်နှမနှစ်ယောက်က လူကြီးတွေ သတိမထားမိတဲ့ အချိန်ဆို ရန်ဖြစ်ကြသေးတယ်။ နင်က ငါ့ကို တစ်ချက်ထိုး၊ ငါက နင့်ကို တစ်ချက်ကန်နဲ့"

ကျောက်ယွီသည် သဘောကျစွာ ရယ်မောလိုက်လေသည်။

"သူတို့က ရန်ဖြစ်တတ်သေးတာလား"

"ဒါပေါ့"

လုမင်ယွိက ပြုံးကာ ပြောလိုက်လေသည်။ "ကလေးတွေက ငယ်ပေမဲ့ စိတ်ထဲမှာ အကုန်သိတယ်။ အမေက ဘယ်သူ့ကို အရင်ချီလဲ။ အဘွားက ဘယ်သူ့ကို ပိုချစ်လဲ။ ဘယ်သူက ထမင်းအရင်စားရလဲ။ ဘယ်သူက အရင် လမ်းလျှောက်လဲ။ ဘယ်သူ့ကို အရင် ချီးကျူးလဲ။ အကုန်လုံးကို လိုက်ပြီး ပြိုင်ဆိုင်နေကြတာ"

စကားပြောနေစဉ်မှာပင် ရွှီအာသည် ညီမဖြစ်သူ၏ အင်္ကျီကို အားကုန် ဆွဲနေသည်ကို တွေ့လိုက်ရလေသည်။ နေရာလွတ်ရသွားသည့်အခါ သူက ခေါင်းလျှိုဝင်လိုက်လေသည်။

ကျောက်ယွီသည် သဘောကျလွန်းသဖြင့် တခစ်ခစ် ရယ်မောနေတော့သည်။

လုမင်ယွိသည် စိတ်မချသဖြင့် ဆော့ကစားနေသော ကလေးနှစ်ယောက်ကို ပြန်ချီလိုက်လေသည်။

"နင့်ကိုယ်ဝန်က နုသေးတာဆိုတော့ သတိထားတာ ပိုကောင်းပါတယ်။ ကလေးနှစ်ယောက်က အားသန်တယ်။ နင့်ဗိုက်ကို ထိခိုက်မိသွားမှာ စိုးလို့"

ကျောက်ယွီက ပြုံးကာ ခေါင်းညိတ်လိုက်လေသည်။

...

ကျောက်ယွီ ပြန်သွားပြီးနောက် လုမင်ယွိသည် ကလေးများကို အောက်ချပေးလိုက်ပြီး မောင်နှမနှစ်ယောက် ယှဉ်ရပ်ခိုင်းလိုက်လေသည်။

"သားတို့နှစ်ယောက် သေချာ နားထောင်နော်" လုမင်ယွိသည် မျက်နှာထားဖြင့် ပြောလိုက်လေသည်။ "နောက်ဆိုရင် လမ်းလျှောက်ရင် သတိထားရမယ်။ ဟိုပြေးဒီပြေး မလုပ်ရဘူး။ ပြီးတော့ စစ်ရှန်ညန်ကို ဝင်မတိုက်မိစေနဲ့။ ကြားလား"

ရွှီအာနှင့် ရွှမ်းအာသည် ပြိုင်တူ ခေါင်းညိတ်လိုက်ကြ၏။ "အင်း"

လိမ္မာရေးခြားရှိပြီး စကားနားထောင်သည့် ပုံစံလေးများသည် မြင်ရသူ၏ စိတ်နှလုံးကို ရေကဲ့သို့ ပျော့ပျောင်းသွားစေလေသည်။

တကယ်တမ်းကျတော့ ခေါင်းပြန်လှည့်လိုက်တာနဲ့ အမေ ဆုံးမလိုက်တာတွေကို မေ့သွားကြမှာပါ။

လုမင်ယွိသည် ကလေးနှစ်ယောက်၏ စိတ်နေစိတ်ထားကို ကောင်းကောင်းသိသဖြင့် ဆက်လက်၍ မျက်နှာထား တင်းတင်းဖြင့် ပြောလိုက်လေသည်။

"မေမေ ဒီနေ့ ပြောတာကို သားတို့ မှတ်ထားနော်။ မေမေ ပြောတာ နားမထောင်ရင် ရိုက်မှာ"

မောင်နှမနှစ်ယောက်က ဆက်ပြီး ခေါင်းညိတ်ပြလေသည်။ "အင်း"

ချီယွင်သည် ဘေးမှ ကြည့်ရင်း သနားလာသဖြင့် ချောင်းတစ်ချက် ဟန့်လိုက်တော့သည်။ "ကလေးတွေက ငယ်ပါသေးတယ်။ ထိုက်ဇီဖေး ပြောတာတွေ သူတို့ ဘယ်နားလည်မှာလဲ။ ကြီးမှ ဆုံးမလည်း နောက်မကျပါဘူး။ ပြီးတော့ စစ်ဟွမ်စစ်ဖေးညန်ညန်ကလည်း ဒီနေ့ ဘာမှ မဖြစ်သွားပါဘူး"

လုမင်ယွိက ပြုံးကာ ချီယွင်ကို မျက်စောင်းထိုးလိုက်လေသည်။ "တကယ် ပြဿနာတက်မှဆို နောက်ကျသွားပြီလေ"

ချီယွင်က ပြုံးကာ ပြန်ပြောလိုက်လေသည်။ "ဟုတ်ပါပြီ။ ထိုက်ဇီဖေး ပြောတာ မှန်ပါတယ်။ ကျွန်မ မင်းသားလေးနဲ့ မင်းသမီးလေးကို ခေါ်သွားပြီး ဆုံးမလိုက်ပါ့မယ်။ ထိုက်ဇီဖေး ရှေ့မှာ လာရှုပ်ပြီး စိတ်ဒုက္ခ မပေးခိုင်းပါဘူး"

ရွှီအာနှင့် ရွှမ်းအာတို့ အရင်းနှီးဆုံးလူသည် မိခင်ပြီးလျှင် ချီယွင်ပင် ဖြစ်လေသည်။

ချီယွင်က လက်ကမ်းလိုက်သည်နှင့် မောင်နှမနှစ်ယောက်သည် ဝမ်းသာအားရ လက်ဆွဲကာ ခြေထောက်တိုလေးများဖြင့် လျှောက်သွားလိုက်ရာ ခဏအတွင်းမှာပင် ပျောက်ကွယ်သွားလေတော့သည်။

လုမင်ယွိသည် မတတ်သာဘဲ ပြုံးလိုက်မိလေ၏။ တော်သေးတာက ချောင်မိဖုရားခေါင် မရှိလို့။ မဟုတ်ရင် မြေးချစ်တတ်တဲ့ ချောင်မိဖုရားခေါင်က ဒီလို ဆုံးမစကား ပြောခွင့်တောင် ပေးမှာ မဟုတ်ဘူး။

...

ကျောင်းဖန်နန်းဆောင်တွင်။

ချောင်မိဖုရားခေါင်သည် ရုတ်တရက် နှာချေလိုက်လေသည်။

"ဘယ်သူကများ ကွယ်ရာမှာ ပန်ကုံး မကောင်းကြောင်း ပြောနေပါလိမ့်"

ချောင်မိဖုရားခေါင်သည် နှုတ်ခမ်းထောင့်ကို လက်ကိုင်ပုဝါဖြင့် သုတ်လိုက်ရင်း ပေါ့ပေါ့ပါးပါး ပြောလိုက်လေသည်။

ချိုင်လန်က ပြုံးကာ ပြောလိုက်လေသည်။

"ဟွမ်ဟုပ်ညန်ညန်က သဘောထားကြီးပြီး ကြင်နာတတ်တော့ နန်းတော်တစ်ခုလုံးက ချီးကျူးနေကြတာပါ။ ဘယ်သူကများ မကောင်းပြောရဲမှာလဲ"

မြှောက်ပြောမှန်း သိသော်လည်း နားထောင်ရတာ ကောင်းမွန်လှပေသည်။

ချောင်မိဖုရားခေါင်က ပြုံးလိုက်လေသည်။ "နေ့လယ်စာ စားချိန် နီးနေပြီ။ မီးဖိုချောင်ကို ပြင်ဆင်ခိုင်းလိုက်။ ပြီးတော့ အိမ်ရှေ့စံအိမ်တော်ကို သတင်းပို့လိုက်။ ထိုက်ဇီဖေးကို ကလေးတွေ ခေါ်ပြီး ထမင်းလာစားဖို့ ပြောလိုက်"

ချောင်မိဖုရားခေါင်သည် မြေးများနှင့် တစ်ရက်လေးပင် ခွဲမနေနိုင်ပေ။ နေ့တစ်ဝက်လောက် မတွေ့ရသေးတာကို သုံးလေးကြိမ်လောက် ညည်းနေပြီ။

ချိုင်လန်သည် ပြုံးကာ ထွက်ခွာသွားလေသည်။

နာရီဝက်ခန့် ကြာပြီးနောက် လုမင်ယွိသည် ရွှမ်းအာနှင့် ရွှီအာတို့ကို ခေါ်ဆောင်လာခဲ့လေသည်။

ကလေးနှစ်ယောက်သည် အဘွားဟု မခေါ်တတ်သေးဘဲ "ဘွား... ဘွား" ဟုသာ ခေါ်တတ်ကြလေသည်။

ချောင်မိဖုရားခေါင်သည် သဘောကျလွန်းသဖြင့် မျက်လုံးများ ပိတ်သွားသည်အထိ ပြုံးရယ်လိုက်လေသည်။

"လာပါဦး... အဘွားရဲ့ မြေးချောလေးတွေ။ ဒီကို လာပါဦး။ အဘွား ပွေ့ချီပါရစေ"

ရွှမ်းအာနှင့် ရွှီအာသည် ကိုယ့်ဘာသာ ချောင်မိဖုရားခေါင်၏ ဘေးနားသို့ လျှောက်သွားလိုက်ကြသည်။ ထို့နောက် တစ်ယောက်တစ်ဖက်စီဖြင့် ချောင်မိဖုရားခေါင်၏ အင်္ကျီလက်ကို ဆွဲကာ ချွဲနွဲ့လိုက်ကြသည်။ မျက်နှာလေးများမှာ သနားစရာကောင်းနေပြီး မိခင်ဖြစ်သူကို လှည့်ကြည့်လိုက်ကြသေးသည်။

ဒါက အဘွားကို တိုင်ပြောနေတာပဲ!

လုမင်ယွိ "..."

...

အပိုင်း (၃၅၉) တစ်နှစ်ပြည့်

"ဒီမောင်နှမနှစ်ယောက် တိုင်ပြောတတ်နေပြီပေါ့လေ" လုမင်ယွိသည် ဒေါသထွက်လွန်းသဖြင့် ရယ်မောလိုက်လေသည်။

ချောင်မိဖုရားခေါင်သည်လည်း သဘောကျစွာ ရယ်မောလိုက်ပြီး ဖြစ်ကြောင်းကုန်စင် မေးမြန်းလေသည်။

လုမင်ယွိသည် မတတ်သာဘဲ ဖြစ်ပျက်သမျှကို ပြန်ပြောပြလေသည်။

"....ကိစ္စကြီးကြီးမားမားတော့ မဟုတ်ပေမဲ့ သူတို့ကို ထိန်းမှ ဖြစ်တော့မယ်။ တစ်နေ့ကုန် ဟိုပြေးဒီပြေးနဲ့ စစ်ဟွမ်စစ်ဖေးကို တိုက်မိသွားရင် ဘယ်လိုလုပ်မလဲ"

ချောင်မိဖုရားခေါင်က ချက်ချင်း ဝင်ပြောလိုက်လေသည်။ "မင်းလည်း သိသားပဲ။ ကလေးတွေက ငယ်သေးတာ။ ဘာနားလည်မှာလဲ။ ကျောက်ရှီက ကိုယ်ဝန်ရှိနေတာဆိုတော့ သူ့အိမ်တော်မှာပဲ နေခိုင်းလိုက်ပေါ့။ ကလေးတွေနဲ့ ဝေးဝေးနေခိုင်းလိုက်"

လုမင်ယွိ "..."

ထင်တဲ့အတိုင်းပါပဲ။

ချောင်မိဖုရားခေါင်ရဲ့ တုံ့ပြန်မှုက သူမ ခန့်မှန်းထားတဲ့အတိုင်း တစ်ပုံစံတည်းပဲ။

အတိုချုပ်ပြောရရင် မြေးတွေကို အသည်းအသန် ကာကွယ်ပေးတာပဲ။

လုမင်ယွိသည် ချောင်မိဖုရားခေါင်နှင့် ထိပ်တိုက် မတွေ့ချင်ပေ။ ဘာပဲဖြစ်ဖြစ် သူမ ကလေးတွေကို ဆုံးမချင်ရင် ဆုံးမလို့ရတာပဲ။ ချောင်မိဖုရားခေါင်က အိမ်ရှေ့စံအိမ်တော်ထဲထိ လိုက်လာပြီး ကလေးဆုံးမတာကို ဝင်မရှုပ်နိုင်ဘူးလေ။

ချောင်မိဖုရားခေါင်သည် လုမင်ယွိ၏ မျက်နှာထားကို ကြည့်လိုက်သောအခါ သူမ ကိုယ်တိုင် မြေးများကို အနည်းငယ် အလိုလိုက်မိကြောင်း သတိထားမိလိုက်သည်။ ချောင်းတစ်ချက် ဟန့်လိုက်ပြီး ပြုံးကာ ပြောလိုက်လေသည်။ "ထားပါတော့။ မင်း ကွယ်ရာမှာ ဘယ်လိုဆုံးမမလဲဆိုတာ ပန်ကုံး မမြင်ရတော့ ဝင်မပါတော့ပါဘူး။ ဒါပေမဲ့ ပန်ကုံးရဲ့ ရှေ့ရောက်ရင်တော့ သူတို့မောင်နှမနှစ်ယောက် ဘာလုပ်ချင်လဲ လုပ်ပါစေ"

မြေးအလိုလိုက်တတ်တဲ့ အဘွားတစ်ယောက်အနေနဲ့ ဒီလောက် လိုက်လျောပေးလိုက်တာက အတော်များသွားပါပြီ။

လုမင်ယွိသည် အနည်းငယ် ပြုံးလိုက်ပြီး လိုက်လျောပေးလိုက်လေသည်။

"မူဟုပ် မြေးတွေကို ချစ်တာ အာရှီ နားလည်ပါတယ်"

ယောက္ခမနှင့် ချွေးမသည် နေ့တိုင်း တွေ့ဆုံနေကြပြီး နေ့ခင်းဖက်ဆိုလျှင် အတူတူ ရှိနေတတ်ကြသည်။ လျှာနှင့်သွားပင် မတော်တဆ ကိုက်မိတတ်ကြသေးရာ ရံဖန်ရံခါ စိတ်မကြည်မလင် ဖြစ်ကြသည်မှာ သဘာဝပင်။ အပြန်အလှန် လိုက်လျောပေးလိုက်လျှင် ပြီးသွားသည့် ကိစ္စများပင်။

သို့သော် ရွှီအာနှင့် ရွှမ်းအာတို့သည် အဘွားက သူတို့ဘက်မှ မပါပေးသဖြင့် စိတ်ကောက်သွားကြလေသည်။

ရွှီအာသည် ချောင်မိဖုရားခေါင်၏ လက်တစ်ဖက်ကို ဆွဲလိုက်ပြီး ရွှမ်းအာက ကျန်လက်တစ်ဖက်ကို ဆွဲလိုက်လေသည်။

ချောင်မိဖုရားခေါင်သည် ပြုံးလိုက်ပြန်ပြီး မြေးလေးများ၏ ဖိုင့်ဖိုင့်တုတ်တုတ် လက်ကလေးများကို ပြန်လည် ဆုပ်ကိုင်လိုက်လေသည်။

"မြေးလေးတို့ ဘာလုပ်ချင်လို့လဲ။ အဘွားကို မေမေ ရိုက်အောင် လုပ်ခိုင်းမလို့လား။ ဒါတော့ မဖြစ်ဘူး။ မြေးတို့ မေမေက အားကြီးသလို သိုင်းပညာလည်း တော်တယ်လေ။ အဘွား မနိုင်ဘူး"

လုမင်ယွိသည် ပြုံးလိုက်ပြီး ရှေ့တိုးကာ လက်တစ်ဖက်လျှင် တစ်ယောက်စီ မလိုက်လေသည်။

"သားတို့နှစ်ယောက် အဘွားကို မနှောင့်ယှက်နဲ့တော့။ ကိုယ့်ဘာသာ သွားဆော့ကြ။ ထပ်ပြီး တိုင်ပြောရဲရင် မေမေ ရိုက်မှာနော်"

ရွှီအာနှင့် ရွှမ်းအာသည် ချက်ချင်း ငြိမ်ကျသွားပြီး ခေါင်းကို အားကုန် ညိတ်လိုက်ကြသည်။ ထို့နောက် လက်ချင်းချိတ်ကာ ဘေးသို့ သွားရောက် ဆော့ကစားကြလေသည်။

ကလေးတွေက ငယ်ပေမဲ့ စိတ်ထဲမှာ အကုန်သိတာ။ ဘယ်သူက အလိုလိုက်လဲ။ ဘယ်သူ့ကို သွားမစရဘူးလဲ ဆိုတာ ကောင်းကောင်း သိတာပဲ။

ချောင်မိဖုရားခေါင်သည် သဘောကျစွာ ရယ်မောလိုက်လေသည်။ "ဒီမောင်နှမနှစ်ယောက်က တကယ်ကို လူလည်လေးတွေပဲ။ ဒါနဲ့ နောက်ရက်နည်းနည်းဆို သူတို့ တစ်နှစ်ပြည့်တော့မယ်။ ပန်ကုံး စဉ်းစားထားတာက တစ်နှစ်ပြည့်ပွဲကို သေသေချာချာလေး ကျင်းပပေးချင်တယ်"

လုမင်ယွိက ပြန်ပြောလိုက်လေသည်။ "စစ်တပ်က ရှေ့တန်းမှာ တိုက်ခိုက်နေရတာ။ လူတွေက စိတ်မတည်မငြိမ် ဖြစ်နေကြတယ်။ ပွဲကြီးပွဲလမ်း မလုပ်ပါနဲ့တော့။ နန်းတွင်းစားပွဲ နည်းနည်းလောက် ခင်းကျင်းပြီး ဆွေမျိုးမိတ်ဆွေတချို့ကို ဖိတ်လိုက်ရင် ရပါပြီ"

လုမင်ယွိက အတင်းငြင်းဆန်နေသဖြင့် ချောင်မိဖုရားခေါင်သည် ခေါင်းညိတ်လိုက်ရလေသည်။

...

ရွှီအာနှင့် ရွှမ်းအာတို့၏ တစ်နှစ်ပြည့်ပွဲကို ကြီးကြီးကျယ်ကျယ် မကျင်းပသော်လည်း အတော်လေး စည်ကားသည်ဟု ပြောနိုင်ပေသည်။

နန်းတွင်းစားပွဲကို အိမ်ရှေ့စံအိမ်တော်တွင် ကျင်းပပြီး လုမင်ယွိ၏ မိဘဆွေမျိုးများ နန်းတော်ထဲသို့ ဝင်ရောက်လာကြလေသည်။ ထို့အပြင် အိမ်ရှေ့စံအိမ်တော် အရာရှိများ၏ ဇနီးသည်များ၊ မိဖုရားငယ်များနှင့် တော်ဝင်အမျိုးသမီးများလည်း ရောက်ရှိလာကြသည်။ လူအများက ရွှီအာနှင့် ရွှမ်းအာကို ဝိုင်းရံထားကြပြီး ပစ္စည်းရွေးချယ်ပွဲကို ကြည့်ရှုနေကြလေသည်။

မောင်နှမနှစ်ယောက်သည် အနီရောင် ပိုးသားဝတ်စုံ ဆင်တူ ဝတ်ဆင်ထားကြပြီး ခေါင်းပေါ်တွင် ဆံပင်အနည်းငယ်ကို စုစည်းကာ စည်းနှောင်ထားကြသည်။ ကြည်လင်တောက်ပသော မျက်ဝန်းများသည် ဟိုဟိုဒီဒီ ကြည့်ရှုနေကြပြီး စိတ်ဝင်စားစရာ ပစ္စည်းများကို ရှာဖွေနေကြလေသည်။

ရွှမ်းအာသည် သူမ နှစ်သက်သော ပစ္စည်းကို ချက်ချင်း တွေ့ရှိသွားပြီး ဖိုင့်ဖိုင့်တုတ်တုတ် လက်ကလေးဖြင့် လှမ်းယူလိုက်လေသည်။

မိတ်ကပ်ဗူးတွေ၊ ကျောက်မျက်ရတနာတွေ အများကြီး ရှိပေမဲ့ သူက လေးနဲ့မြှား အသေးစားလေးကို ရွေးယူလိုက်တယ်။

လူအများက ချက်ချင်း ရယ်မောလိုက်ကြလေသည်။

ရှန်းလန်က ပြုံးကာ စနောက်လိုက်လေသည်။

"ကြည့်ရတာ ရွှမ်းအာက ကြီးလာရင် သူ့မေမေလိုပဲ သိုင်းပညာနဲ့ လေးပစ်တာ ဝါသနာပါမယ့်ပုံပဲ"

သာ့ဝေတိုင်းပြည်တွင် သိုင်းပညာ လေ့ကျင့်ခြင်းသည် ခေတ်စားသဖြင့် အမျိုးသမီးများ သိုင်းပညာ လေ့ကျင့်သည်မှာ ထူးဆန်းသည့် ကိစ္စ မဟုတ်ပေ။

ရွှီအာသည် နှေးကွေးနေပြီး ဘေးပတ်လည်ကို လှည့်ပတ်ကြည့်ရှုကာ နောက်ဆုံးတွင် လေးထောင့်ပုံစံ ပစ္စည်းတစ်ခုပေါ်သို့ အကြည့်ရောက်သွားလေသည်။ ရွှီအာသည် ဝမ်းသာအားရ လက်ကိုဆန့်ကာ ယူလိုက်လေသည်။

ချောင်မိဖုရားခေါင်သည် မျက်နှာပွင့်လန်းသွားပြီး ပြုံးရွှင်စွာ ပြောလိုက်လေသည်။

"ရွှီအာက ရွှေတံဆိပ်တုံးကို ယူလိုက်ပြီ"

အိမ်ရှေ့စံ၏ အကြီးဆုံး သားတော်ဖြစ်သည့် အားလျော်စွာ နောင်တစ်ချိန်တွင် ထီးနန်းဆက်ခံရမည့်သူ ဖြစ်သည်။ ပစ္စည်းရွေးချယ်ပွဲတွင် တိုင်းပြည်အာဏာကို ကိုယ်စားပြုသည့် ရွှေတံဆိပ်တုံးကို ရွေးချယ်လိုက်ခြင်းသည် မင်္ဂလာအရှိဆုံးပင်။

လူအများက ရွှီအာကို ဝိုင်းဝန်း ချီးကျူးကြလေသည်။ ရွှီအာသည် ပါးစပ်လေး ဟကာ သွားဖြူဖြူလေးများ ပေါ်သည်အထိ ပြုံးရယ်လိုက်လေသည်။

ရွှမ်းအာသည် အရာရာတွင် ထိပ်ဆုံးက နေချင်သူ ဖြစ်ရာ လူတိုင်း အစ်ကိုဖြစ်သူကို ဝိုင်းဝန်း ချီးကျူးနေကြသည်ကို မြင်သောအခါ မကျေမနပ် ဖြစ်သွားလေသည်။ ဖိုင့်ဖိုင့်တုတ်တုတ် ခြေထောက်လေးများဖြင့် အစ်ကို့ဘေးနားသို့ လျှောက်သွားလိုက်ပြီး လက်ထဲက လေးမြှားကို လွှတ်ချကာ ရွှီအာ၏ လက်ထဲက ရွှေတံဆိပ်တုံးကို လုယူလိုက်လေသည်။

ရွှီအာသည် စိတ်ပူသွားပြီး ညီမဖြစ်သူ၏ လက်ကို ဖက်ထားကာ ခေါင်းငုံ့ပြီး ကိုက်လိုက်လေသည်။

ရွှမ်းအာသည် မငိုဘဲ ကျန်လက်တစ်ဖက်ဖြင့် ရွှီအာကို တွန်းထုတ်လိုက်ရာ ရွှီအာသည် ဖင်ထိုင်ရက် လဲကျသွားလေသည်။

ရွှီအာလေးတစ်‌ယောက် အသံကုန် အော်ဟစ် ငိုကြွေးလေတော့သည်။

အားလုံးမှာ ကြောင်အမ်းအမ်း ဖြစ်သွားကြပြီး မကြာခင် ရယ်မောလိုက်ကြလေသည်။

"ရွှမ်းအာက အားသန်လိုက်တာ"

"ဟုတ်ပါ့။ သိပ်ပြီး အားစိုက်လိုက်တာ မတွေ့ရဘဲ ရွှေတံဆိပ်တုံးကို လုယူလိုက်နိုင်တယ်။ အစ်ကိုကိုတောင် တွန်းလှဲလိုက်သေးတယ်။ ကြီးလာရင် အမေလိုပဲ အားသန်မယ့်ပုံပဲ"

ပစ္စည်းရွေးချယ်ပွဲဆိုတာ ပျော်ဖို့ လုပ်တာပဲလေ။

မောင်နှမနှစ်ယောက် ရွှေတံဆိပ်တုံး လုကြတာ တကယ် စိတ်ဝင်စားဖို့ ကောင်းတယ်။

ချောင်မိဖုရားခေါင်သည် မြေးလေးကို သနားသွားပြီး ပွေ့ချီကာ ချော့မော့လိုက်လေသည်။ ရွှီအာသည် ခေါင်းမာပြီး ရွှေတံဆိပ်တုံး လိုချင်ကြောင်း အော်ဟစ်ငိုကြွေးနေလေသည်။

ရွှမ်းအာကတော့ ပေးမည် မဟုတ်ပေ။ သူမ လုယူထားနိုင်ပြီ ဖြစ်သဖြင့် သူမ ပိုင်ဆိုင်သွားပြီ ဖြစ်သည်။ ဝမ်းမြောက်ဝမ်းသာဖြင့် ရွှေတံဆိပ်တုံးကို လက်ထဲတွင် ဆုပ်ကိုင်ထားပြီး လူတိုင်းကို ဂုဏ်ယူစွာ လိုက်ပြနေလေသည်။

လုမင်ယွိသည် ရယ်ချင်သလို ငိုချင်သလို ဖြစ်သွားပြီး ရွှမ်းအာ၏ နဖူးကို လှမးတို့လိုက်လေသည်။ "အားသန်တာကို အခွင့်ကောင်းယူပြီး တစ်နေ့ကုန် အစ်ကိုကိုပဲ အနိုင်ကျင့်နေတယ်"

ရွှမ်းအာသည် လက်ထဲ ရောက်နေသည့် ပစ္စည်းကို ပြန်ထုတ်ပေးမည် မဟုတ်ပေ။ ရွှီအာကလည်း အသည်းအသန် ငိုကြွေးနေလေသည်။ လုမင်ယွိသည် ချီယွင်ကို နောက်ထပ် ရွှေတံဆိပ်တုံး တစ်တုံး ယူလာခိုင်းပြီး ရွှီအာ၏ လက်ထဲသို့ ထည့်ပေးလိုက်ရတော့သည်။

ထိုအခါမှ ရွှီအာသည် အငိုတိတ်သွားပြီး ရွှေတံဆိပ်တုံးကို ကိုင်ကာ ညီမဖြစ်သူနှင့် သွားရောက် ဆော့ကစားလေတော့သည်။

ရှန်းလန်သည် လုမင်ယွိ၏ နားနား ကပ်ကာ တိုးတိုးလေး ရယ်မောလိုက်တော့၏။ "ဒီမောင်နှမနှစ်ယောက်က တကယ်ကို ဉာဏ်ကောင်းပြီး လည်တာပဲ။ ဒီလောက် ငယ်တာတောင် ပစ္စည်းလုတတ်နေပြီ"

လုမင်ယွိက မတတ်နိုင်သည့်ဟန်ဖြင့် ပြုံးလိုက်လေသည်။ "ဟုတ်ပါ့။ တစ်နေ့ကို အနည်းဆုံး လေးငါးခါလောက် ရန်ဖြစ်ကြတယ်။ မျက်တောင်မခတ်ဘဲ ကြည့်နေလဲ အလကားပဲ။ ခုနလေးတင် ငိုနေပြီး နောက်တစ်ခဏကျ အတူတူ ပြန်ဆော့နေကြရော။ ခဏလေးတောင် ခွဲမနေနိုင်ကြဘူး"

ရှန်းလန်သည် အားကျစွာ ပြောလိုက်လေသည်။ "ကောင်းတာပေါ့။ မောင်နှမနှစ်ယောက် အတူတူဆိုတော့ စည်ကားတာပေါ့။ ငါ့ရဲ့ ကျွမ်းအာလို မဟုတ်ဘူး။ နေ့တိုင်း တစ်ယောက်တည်းပဲ။ ကစားဖော်တောင် မရှိဘူး"

လုမင်ယွိက မျက်ခုံးပင့်ကာ ပြုံးလိုက်လေသည်။ "ကျွမ်အာ နည်းနည်း ကြီးလာရင် နန်းတော်ထဲ ဝင်ခိုင်းပြီး ရွှီအာ၊ ရွှမ်းအာတို့နဲ့ ကစားခိုင်းလိုက်ပေါ့"

ဒါက ကလေး နည်းနည်း ကြီးလာမှ ဖြစ်မှာလေ။ လမ်းလျှောက်တတ်၊ စကားပြောတတ်ပြီး ယဉ်ကျေးမှု နည်းနည်း နားလည်မှ ရမှာ။ ဒီနေ့ ရှန်းလန်က ကျွမ်းအာကို ခေါ်မလာခဲ့သလို ချောင်ဝမ်ကလည်း နဉ်အာကို ခေါ်မလာခဲ့ပေ။ မုန့်ယွင်လော်ဆိုလျှင် ကျန်းအာကို အိမ်တော်မှာပင် ထားခဲ့လေသည်။

ကလေးက ငယ်လွန်းရင် ခဏနေ နို့တိုက်ရ၊ ခဏနေ လဲပေးရနဲ့ နန်းတော်ထဲ ခေါ်လာရင် မလွယ်ကူလှပေ။

ရှန်းလန်က ပြုံးကာ ပြန်ပြောလိုက်လေသည်။ "ငါလည်း ကလေး မြန်မြန် ကြီးလာပါစေလို့ မျှော်လင့်နေတာ"

လူများ စကားကောင်းနေကြစဉ် စတုတ္ထမင်းသားသည် လေးနက်သော မျက်နှာထားဖြင့် ရောက်ရှိလာလေသည်။

ဒီနေ့က ညီလာခံ ကျင်းပတဲ့နေ့လေ။ စတုတ္ထမင်းသားက ဘာလို့ အိမ်ရှေ့စံအိမ်တော်ကို ရောက်လာတာလဲ။ ပြီးတော့ မျက်နှာထားကလည်း သိပ်မကောင်းလှဘူး။

ချောင်မိဖုရားခေါင်၏ ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားပြီး မေးလိုက်လေသည်။

"ညီလာခံမှာ ဘာဖြစ်လို့လဲ"

...

အပိုင်း (၃၆၀) ရှုံးပွဲ (၁)

လုမင်ယွိ၏ အကြည့်များ တည်ငြိမ်သွားပြီး စတုတ္ထမင်းသားကို ကြည့်လိုက်လေသည်။

ယခုအချိန်တွင် သာ့ဝေတိုင်းပြည်အတွက် အရေးကြီးဆုံးအရာမှာ စစ်ပွဲပင် ဖြစ်သည်။ စတုတ္ထမင်းသား၏ မျက်နှာကို ကြည့်ရသည်မှာ စစ်ပွဲတွင် ရှုံးနိမ့်လာကြောင်း ထင်ရှားနေလေသည်။

ထင်ထားသည့်အတိုင်းပင်။ စတုတ္ထမင်းသားသည် မျက်နှာပျက်ယွင်းစွာဖြင့် လျှောက်တင်လေ၏။ "မူဟုပ်ကို လျှောက်တင်ပါတယ်။ စစ်မြေပြင်က စာရောက်လာပါတယ်။ သာ့ကော တပ်ကိုဦးဆောင်သွားတဲ့အချိန် ရန်သူကို လျှော့တွက်မိလို့ စစ်ရှုံးသွားပါတယ်။ ထောင်ချီပြီး သေဆုံးဒဏ်ရာရခဲ့ပါတယ်။ ပြီးတော့ သာ့ကောလည်း ဒဏ်ရာရထားပါတယ်..."

စကားမဆုံးခင်မှာပင် မုန့်ကွေ့ဖေးသည် မျက်ဝန်းများ နီရဲလျက် ပြေးထွက်လာပြီး အသံကုန် အော်ဟစ်လိုက်လေသည်။ "မင်း ဘာပြောလိုက်တာလဲ။ ပထမမင်းသားက ဘယ်လိုလုပ် ဒဏ်ရာရတာလဲ။ ဒဏ်ရာက ဘယ်လိုအနေအထားလဲ။ စိုးရိမ်ရလား"

ပထမမင်းသား ကြင်ရာတော်၏ မျက်နှာသည် ဖြူဖပ်ဖြူရော် ဖြစ်သွားပြီး ခန္ဓာကိုယ် ယိမ်းယိုင်သွားကာ လဲကျလုနီးပါး ဖြစ်သွားလေသည်။

လုမင်ယွိက အနီးဆုံးတွင် ရှိနေသဖြင့် ပထမမင်းသား ကြင်ရာတော်ကို လှမ်းတွဲလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်လေသည်။ "ဘယ်သူမှ မလန့်ကြနဲ့ဦး။ စစ်တိ ပြောတာကို အရင်နားထောင်"

စတုတ္ထမင်းသားသည် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး လျင်မြန်စွာ ပြောလိုက်လေသည်။ " စာထဲမှာ စစ်မြေပြင်က သေဆုံးဒဏ်ရာရတဲ့ အရေအတွက်ကိုပဲ ဖော်ပြထားပါတယ်။ သာ့ကော ဒဏ်ရာရတဲ့ ကိစ္စကို အသေးစိတ် မပြောထားပါဘူး။ ကျွန်တော် ထင်တာတော့ ဒဏ်ရာ သိပ်မပြင်းထန်လောက်ပါဘူး။ မုန့်ကွေ့ဖေး စိတ်မပူပါနဲ့။ သာ့စောင်လည်း စိတ်အေးအေးထားပါ"

ယခင်ဘဝတုန်းက ပထမမင်းသားသည် စစ်မြေပြင်တွင် ကျဆုံးခဲ့ရသည်။

ဒီဘဝတွင် လီကျင့်သည် စစ်မထွက်ခင်ကတည်းက ပထမမင်းသားကို သတိပေးခဲ့သလို ဒီလနည်းနည်းအတွင်းမှာလည်း စာရေးပြီး သတိပေးခဲ့သည်။ သို့သော် ပထမမင်းသားသည် အကျိုးဆောင်မှု ပြုလုပ်ချင်စိတ် ပြင်းပြနေသဖြင့် လီကျင့်၏ စကားကို နားမထောင်ခဲ့ပေ။ နောက်ဆုံးတွင် ရန်သူကို လျှော့တွက်မိပြီး ထောင်ချောက်ထဲ ဝင်သွားကာ စစ်ရှုံးခဲ့လေသည်။ စစ်သည်များ သေဆုံးဒဏ်ရာရခဲ့သည့်အပြင် သူကိုယ်တိုင်လည်း ဒဏ်ရာရခဲ့လေသည်။

ဒဏ်ရာ အခြေအနေ ဘယ်လိုရှိမှန်း မသိရပေမဲ့ အသက်မသေတာပဲ တော်လှပါပြီ။

လုမင်ယွိ၏ ဦးနှောက်သည် လျင်မြန်စွာ အလုပ်လုပ်နေပြီး မျက်နှာတွင် အေးစက်စက် အမူအရာများ ပေါ်လာလေသည်။ "စစ်မြေပြင်မှာ ဓားတွေလှံတွေက မျက်စိမပါဘူး။ ဒဏ်ရာရတာက ရှောင်လွှဲလို့ မရပါဘူး။ အသက်အန္တရာယ် မရှိရင် ပြီးတာပါပဲ"

သူမ ပြောသည့်စကားသည် အမှန်တရားပင်။ သို့သော် စိုးရိမ်ပူပန်နေသော မုန့်ကွေ့ဖေးနှင့် သာ့ဟွမ်စစ်ဖေးတို့အတွက်တော့ ရင်ဘတ်ကို ဓားဖြင့် ထိုးကာ မီးလောင်ရာ လေပင့်လိုက်သကဲ့သို့ ဖြစ်နေတော့သည်။

မုန့်ကွေ့ဖေးသည် ရုတ်တရက် လှည့်ကြည့်လိုက်ပြီး နီရဲနေသော မျက်လုံးများဖြင့် လုမင်ယွိကို စိုက်ကြည့်လေသည်။ "ထိုက်ဇီ ဒဏ်ရာရတာ မဟုတ်လို့ ထိုက်ဇီဖေးက အေးအေးဆေးဆေး ပြောနိုင်တာပေါ့"

ပထမမင်းသား ကြင်ရာတော်သည် စိတ်ဓာတ်ပျော့ညံ့သူ ဖြစ်သဖြင့် မျက်နှာကို အင်္ကျီလက်ဖြင့် အုပ်ကာ ရှိုက်ကြီးတငင် ငိုကြွေးလေတော့သည်။

ပစ္စည်းရွေးချယ်ပွဲ၏ ပျော်ရွှင်ကြည်နူးမှုများသည် တစ်ခဏအတွင်း ပျောက်ကွယ်သွားလေသည်။

လုမင်ယွိ၏ မျက်နှာထားသည် တည်ငြိမ်နေဆဲပင်။ "ဒီလောက် ဝေးတဲ့နေရာကနေ စစ်မြေပြင်သတင်း ပို့လာတာ လဝက်ကျော် ကြာတယ်။ အချိန်ကို တွက်ကြည့်ရင် ဒီစစ်ပွဲက ပြီးတာ ကြာပြီ။ ပထမမင်းသား ဒဏ်ရာရသွားတာ ကျွန်မလည်း စိတ်မကောင်း ဖြစ်ရပါတယ်။ ဒါပေမဲ့ အခုအချိန်မှာ ငိုကြွေးနေလို့ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။ စစ်တပ်အတွက် ဘာလုပ်ပေးနိုင်မလဲ ဆိုတာ စဉ်းစားတာ ပိုကောင်းပါတယ်"

ရုတ်တရက် သတင်းဆိုး ကြားလိုက်ရသဖြင့် လူတိုင်း စိတ်လှုပ်ရှားနေကြသည်။

လုမင်ယွိ၏ အေးစက်တည်ငြိမ်မှုနှင့် မမြင်ရသော ဖိအားတို့ ပျံ့နှံ့သွားသည်တွင် လူတိုင်း၏ စိတ်နှလုံးများ တဖြည်းဖြည်း တည်ငြိမ်သွားကြသည်။

မုန့်ယွင်လော်က မုန့်ကွေ့ဖေးကို ပထမဆုံး နှစ်သိမ့်လိုက်လေသည်။ "ထိုက်ဇီဖေး ပြောတာလည်း အကြောင်းရှိပါတယ်။ စစ်တိုက်တဲ့အကြောင်း ကျွန်မတို့ နားမလည်ပါဘူး။ ပြီးတော့ မိုင်ထောင်ချီ ဝေးကွာနေတာလေ။ စိတ်ပူနေလည်း အလကားပါပဲ။ ဒီလိုအချိန်မှာ စိတ်တည်ငြိမ်အောင်ထားပြီး နောက်ထပ် သတင်းတွေကို စောင့်တာ ပိုကောင်းပါတယ်။ ကူးမူ ကိုယ့်ကိုယ်ကိုယ် မခြောက်လှန့်ပါနဲ့"

ကျောက်ယွီသည် ရှေ့တိုးကာ ပထမမင်းသား ကြင်ရာတော်ကို တွဲလိုက်ပြီး တိုးတိုးလေး ပြောလိုက်လေသည်။ "စစ်တိုက်ရင် ဒဏ်ရာရတာက ရှောင်လွှဲလို့ မရပါဘူး။ ဒဏ်ရာ သေးသေးလေး ဖြစ်လောက်မှာပါ။ စစ်တပ်ထဲမှာ သမားတော် ရှိတာပဲ။ ဒဏ်ရာ ပျောက်နေလောက်ပါပြီ။ သတင်းက မြို့တော်ကို မရောက်လာသေးတာ နေမှာပါ"

လူအများက ဝိုင်းဝန်း နှစ်သိမ့်ပေးကြသော်လည်း မုန့်ကွေ့ဖေးနှင့် ပထမမင်းသား ကြင်ရာတော်တို့သည် နားမဝင်တော့ဘဲ စိတ်ဓာတ်ကျနေကြလေသည်။

ချောင်မိဖုရားခေါင်သည် မတတ်သာဘဲ နန်းတွင်းသူများကို ခေါ်ကာ သူတို့နှစ်ဦးကို ယန်ရှီးနန်းဆောင်သို့ တွဲပို့ခိုင်းလိုက်ရတော့သည်။

...

ဒီလိုကိစ္စမျိုး ဖြစ်ပွားပြီးနောက် မည်သူမှ စားသောက်ချင်စိတ် မရှိကြတော့ပေ။ ရွှီအာနှင့် ရွှမ်းအာတို့၏ တစ်နှစ်ပြည့်ပွဲသည် ကမန်းကတန်း ပြီးဆုံးသွားလေသည်။

ချောင်မိဖုရားခေါင်သည် စိတ်ပူပန်စွာဖြင့် ကျောင်းဖန်နန်းဆောင်သို့ ပြန်သွားလေသည်။

လုမင်ဖန်း၊ ရှန်းလန်နှင့် တခြားသူများသည် အိမ်ရှေ့စံအိမ်တော်တွင် စုဝေးနေကြသည်။ စောစောက အားတင်းထားကြသော်လည်း ယခုအခါ စိတ်ပူပန်မှုများကို ထုတ်ဖော်ပြောဆိုကြလေသည်။

"စစ်ရှုံးတယ်ဆိုတော့ နောက်ဆက်တွဲ ဘာဖြစ်လာမလဲ မသိဘူး"

"ဟုတ်ပါ့။ အရင်တုန်းက အမြဲတမ်း နိုင်နေပြီး အခု ရုတ်တရက်ကြီး ရှုံးသွားတော့ စစ်သည်တွေရဲ့ စိတ်ဓာတ်ရေးရာ ထိခိုက်သွားမှာ သေချာတယ်"

"ပထမမင်းသားရဲ့ ဒဏ်ရာကရော ဘယ်လိုနေလဲ မသိဘူး"

လုရွှမ်းသည် လူတိုင်း စိုးရိမ်နေသည့် စကားတစ်ခွန်းကို ထုတ်ပြောလိုက်မိသည်။ "ထိုက်ဇီ ဘာမှ မဖြစ်ဘူး မဟုတ်လား"

လုမင်ယွိကတော့ လူတိုင်းထက် ပိုမို တည်ငြိမ်နေလေသည်။ "စစ်တပ်ကို နှစ်ဖွဲ့ခွဲထားတာ။ ပထမမင်းသား စစ်ရှုံးတာက ထိုက်ဇီကို မထိခိုက်စေပါဘူး။ အားလုံး မလန့်ကြနဲ့"

လုမင်ဖန်းနှင့် ရှန်းလန်တို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး သက်ပြင်းချလိုက်ကြလေသည်။

သူတို့ စိတ်ပူတာက ထိုက်ဇီ တစ်ယောက်တည်း မဟုတ်ဘဲ ကိုယ့်ခင်ပွန်းသည်တွေပါ ပါနေတာလေ။

စစ်သူကြီးနဲ့ အိမ်ထောင်ကျရင် ဒီလိုပဲ ခံစားရတာပဲ။ ခင်ပွန်းသည် စစ်တိုက်ထွက်သွားတာနဲ့ စိတ်က လေထဲ ရောက်နေသလိုပဲ။ အချိန်မရွေး သတင်းဆိုး ကြားရမှာကို ကြောက်နေရတာ။

လုမင်ယွိသည် သူတို့၏ စိုးရိမ်ပူပန်မှုကို ရိပ်မိသဖြင့် တိုးတိုးလေး ပြောလိုက်လေသည်။

"ကိုယ့်ကိုယ်ကိုယ် မခြောက်လှန့်ကြနဲ့။ ယောကျာ်းတွေ စစ်တိုက်ထွက်သွားရင် ငါတို့က အိမ်ရဲ့ ကျောရိုး ဖြစ်လာရမယ်။ ငါတို့သာ စိတ်လှုပ်ရှားနေရင် အကုန်လုံး ရှုပ်ထွေးကုန်မှာပေါ့"

လုမင်ဖန်းသည် အတွေ့အကြုံ ရင့်ကျက်သူ ဖြစ်သဖြင့် စိတ်ကို အလျင်အမြန် တည်ငြိမ်အောင် ထားလိုက်လေသည်။

"စစ်မေ့ ပြောတာ မှန်တယ်။ ငါတို့ စိတ်တည်ငြိမ်အောင် ထားရမယ်"

ရှန်းလန်က တိုးတိုးလေး ထောက်ခံလိုက်လေသည်။

...

ယန်ရှီးနန်းဆောင်တွင် မုန့်ကွေ့ဖေးနှင့် ပထမမင်းသား ကြင်ရာတော်တို့ မျက်နှာချင်းဆိုင် ထိုင်ကာ ငေးမှိုင်နေကြသည်။

ပထမမင်းသားကြင်ရာတော်သည် နောက်တစ်ကြိမ် မျက်ရည်ကျလာပြန်သည်။ မုန့်ကွေ့ဖေးကတော့ မငိုဘဲ အံကြိတ်ကာ ပြောလိုက်လေသည်။ "ဒီလုမင်ယွိက တကယ်ကို စိတ်ထားယုတ်မာတာပဲ"

"အားယိ ဒဏ်ရာရသွားတာ ဘယ်လောက် ပြင်းထန်မှန်း မသိရသေးဘူး။ ငါတို့ သားအမိနှစ်ယောက် ရင်တွေ ကွဲမတတ် ဖြစ်နေတာကို သူက ဘေးကနေ ပွဲထိုင်ကြည့်ပြီး နည်းနည်းလေးတောင် စိတ်မပူဘူး။ ကြည့်ရတာ အားယိ တစ်ခုခု ဖြစ်သွားမှာကို သူ မျှော်လင့်နေပုံပဲ"

ပထမမင်းသားကြင်ရာတော်က ရှိုက်ကြီးတငင် ငိုကြွေးရင်း ပြောလိုက်လေသည်။

"အခု ဒါတွေ ပြောနေလို့ ဘာထူးမှာလဲ။ အရှင်မင်းသား ဘာမှ မဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းနေရတာ"

မုန့်ကွေ့ဖေးသည် စိတ်ရှုပ်ထွေးနေပြီး သာ့ဟွမ်စစ်ဖေးကို မျက်စောင်းထိုးလိုက်တော့သည်။ "ငို... ငို။ ငိုတာကလွဲပြီး နင် ဘာတတ်သေးလဲ။ မျက်ရည် သုတ်လိုက်စမ်း။ သေမလို ဖြစ်တဲ့ အခြေအနေ မရောက်သေးဘူး"

ပထမမင်းသား ကြင်ရာတော်သည် အင်္ကျီလက်ဖြင့် မျက်ရည်သုတ်လိုက်သော်လည်း မခြောက်ခင်မှာပင် မျက်ရည်များ ထပ်မံ ကျဆင်းလာပြန်သည်။

မုန့်ကွေ့ဖေးသည် ကြည့်မရတော့သဖြင့် မတ်တပ်ထရပ်ကာ အိပ်ခန်းထဲသို့ ဝင်သွားလေသည်။

ပထမမင်းသား ကြင်ရာတော်သည်လည်း ယောက္ခမကို ချော့မော့ရန် စိတ်မပါတော့ဘဲ ငေးငေးငိုင်ငိုင် ထိုင်နေမိသည်။ ပုတီးစေ့ ပြတ်ကျသကဲ့သို့ မျက်ရည်များ တသွင်သွင် စီးကျနေလေသည်။

ဘယ်လောက်ပဲ စိတ်ဆိုးဆိုး၊ အပြစ်တင်တင် သူက ကိုယ့်ယောကျာ်းပဲလေ။ သူ ကောင်းမွန်နေဖို့ မျှော်လင့်တာပေါ့။ အခု သူ စစ်ရှုံးပြီး ဒဏ်ရာရတယ် ဆိုတော့ ရင်ထဲမှာ မီးလောင်နေသလိုပဲ။

ထိုနေ့မှ စ၍ သတင်းဆိုးများ ဆက်တိုက် ရောက်ရှိလာလေသည်။

ပထမမင်းသား စစ်ရှုံးပြီးနောက် ချူစစ်တပ်သည် အခွင့်ကောင်းယူကာ လူစုပြီး တိုက်ခိုက်လာသည်။ ယုံးကျားဧကရာဇ်သည် အသည်းအသန် ခုခံတိုက်ခိုက်ရပြီး နှစ်ဖက်စလုံး သေဆုံးဒဏ်ရာရမှု များပြားလေသည်။

အစပိုင်းက အရှိန်အဟုန်ပြင်းပြင်းဖြင့် တိုက်ခိုက်နိုင်ခဲ့သော်လည်း ယခုအချိန်တွင်တော့ တကယ့် အခက်အခဲများနှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။

ပထမမင်းသား၏ ဒဏ်ရာ အခြေအနေ သတင်းလည်း နန်းတော်ထဲသို့ ရောက်ရှိလာလေသည်။

ပထမမင်းသားသည် ညာဘက်ခြေထောက် ဒဏ်ရာရခဲ့သည်။ ဒဏ်ရာ ပြင်းထန်သည့်အပြင် ကုသရန် အချိန်လွန်သွားသဖြင့် အသက်ရှင်သော်လည်း ညာဘက်ခြေထောက် မသန်စွမ်း ဖြစ်သွားနိုင်ခြေ ရှိလေသည်။

ပထမမင်းသား ကြင်ရာတော်သည် သတင်းဆိုး ကြားလိုက်ရသည်နှင့် ချက်ချင်း မူးမေ့လဲကျသွားတော့သည်။

မုန့်ကွေ့ဖေးသည်လည်း ပထမမင်းသား ကြင်ရာတော်နှင့် မထူးမခြားနားပင်။ အိပ်ရာထဲ လဲသွားလေသည်။

မယ်တော်ကြီးကျောက်သည် မြေးအကြီးဆုံးကို သနားလွန်းသဖြင့် အကြီးအကျယ် ငိုကြွေးလေတော့သည်။

"ဒီဓားခုတ်ခံရမယ့် ချူကောင်တွေ... ငါ့မြေးရဲ့ ခြေထောက်ကို လုပ်ရက်ကြတယ်။ သူက ငယ်ငယ်လေး ရှိသေးတာ။ နောက်ဆို ခြေထောက် မသန်မစွမ်း ဖြစ်သွားရင် ဘယ်လို လုပ်မလဲ"

ချင်ဖေးသည် စိတ်ထဲတွင် ကျိတ်ပြီး ဝမ်းသာနေလေသည်။ အိမ်ရှေ့စံနဲ့ တတိယမင်းသားပါ ဒဏ်ရာရသွားရင် ကောင်းမှာပဲ။

ချင်ဖေးသည် ကြက်သွန်နီ အရည် သုတ်ထားသည့် လက်ကိုင်ပုဝါဖြင့် မျက်လုံးထောင့်ကို ပွတ်လိုက်ရာ မျက်ဝန်းအိမ်များ ချက်ချင်း နီရဲလာလေသည်။ ရှိုက်သံဖြင့် မယ်တော်ကြီးကျောက်ကို နှစ်သိမ့်လိုက်လေသည်။

"ကံကောင်းတာက ပထမမင်းသား ခြေထောက်တစ်ဖက်ပဲ ဒဏ်ရာရသွားတာပါ။ အသက်အန္တရာယ် မရှိတာပဲ တော်လှပါပြီ။ မယ်တော်ကြီး သိပ်ပြီး ဝမ်းနည်းမနေပါနဲ့။ ကျန်းမာရေး ထိခိုက်သွားရင် နန်းတော်ထဲမှာ ဦးဆောင်မယ့်သူ မရှိဘဲ ဖြစ်နေပါ့မယ်"

...

All Chapters