← Chapters

အခန်း (၃၆၁-၃၆၃)

Vol. 25 Ch. 361-363

အခန်း (၃၆၁-၃၆၃)

Vol. 25 Ch. 361-363

အပိုင်း (၃၆၁) ရှုံးပွဲ (၂)

မယ်တော်ကြီးကျောက်သည် အသက်ကြီးနေပြီဖြစ်ရာ ဤကဲ့သို့သော စိတ်ထိခိုက်မှုကို ခံနိုင်ရည်မရှိပေ။ ငိုကြွေးပြီးနောက် မကြာခင်မှာပင် အိပ်ရာထဲလဲသွားလေသည်။

ယှဥ်ကြည့်လိုက်လျှင် ချောင်မိဖုရားခေါင်၏ တုံ့ပြန်မှုသည် အတော်လေး တည်ငြိမ်နေလေသည်။

မိဖုရားခေါင်တစ်ပါးအနေဖြင့် မိဖုရားငယ်ကမွေးသည့် သားတစ်ယောက်၏ ခြေထောက်ဒဏ်ရာအတွက် ငိုကြွေးရန်မှာ သူမအတွက် အခက်တွေ့စေရခြင်း ဖြစ်လေသည်။

သို့သော် မယ်တော်ကြီးကျောက် နေမကောင်းဖြစ်သွားရာ ချွေးမတော်တစ်ယောက်အနေဖြင့် သွားရောက်ပြုစုရပေမည်။ စူးဖေးနှင့် ချင်ဖေးတို့သည်လဲ နေ့စဥ် ရှို့နဥ်နန်းဆောင်သို့ လာရောက်ခဲ့ကြ၏။ အနောက်နန်းဆောင်အတွင်းတွင် မုန့်ဖေးတစ်ယောက်သာ သူမထံသို့ သတင်းလာမမေးခဲ့ချေ။ မုန့်ဖေးသည်လဲ အပြင်းအထန် နာမကျန်းဖြစ်သွားပြီး အိပ်ယာထဲကပင် မထနိုင်တော့ချေ။

လုမင်ယွိသည်လဲ အိမ်ရှေ့စံ မိဖုရားတစ်ပါးအနေဖြင့် သူမ၏ လိမ်မာသိတတ်မှုကို ပြသရန်အတွက် ရှို့နျဥ်နန်းဆောင်သို့ နေ့တိုင်းသွားခဲ့ရသည်။ တခြားမင်းသားမင်းသမီးများကလဲ သူမထံသို့ သတင်းမေးရန် နန်းတော်ထဲသို့ နေ့စဥ်ဝင်ရောက်လာခဲ့ကြ၏။

ရလဒ်အနေဖြင့် လူတိုင်းက အလုပ်ရှုပ်ကာ ပင်ပန်းနွမ်းနယ်နေကြပြီး နန်းတော်တစ်ခုလုံးတွင် အုံ့မှိုင်းသည့် လေထုပတ်ဝန်းကျင်တစ်ခု ဖြစ်နေလေတော့သည်။

လုမင်ယွိက ချောင်မိဖုရားခေါင်ကို တိုးတိုးတိတ်တိတ် ပြောလိုက်၏။ "မူဟုပ် ဒီအတိုင်းတော့ ဆက်သွားလို့မဖြစ်ဘူး။ ဒါက စစ်ပွဲ တစ်ခု ရှုံးတာလေးပါပဲ။ ပထမမင်းသားက ဒဏ်ရာရသွားတယ်ဆိုပေမဲ့ သေစေနိုင်လောက်အောင် အန္တရာယ်ရှိတာမျိုး မဟုတ်ဘူးဆိုတော့ ကံကောင်းတာပေါ့။ အခု မယ်တော်ကြီးနဲ့ မုန့်ဖေးတို့က နန်းတော်ထဲမှာ နေမကောင်းဖြစ်နေကြတယ်။ ပထမမင်းသားကြင်ရာတော်ကလဲ အပြင်ဘက်မှာ အိပ်ရာထဲလဲနေတယ်။ စစ်တိမေ့ကလဲ ကိုယ်ဝန်ရှိနေပြီ။ သူ့ကို လာပြီးပြုစုစောင့်ရှောက်ဖို့ နေ့တိုင်း နန်းတော်ထဲကို ဝင်နေရတယ်။ ဒါက ကြောက်လန့်တကြား ဖြစ်သွားစေတာပဲ။ တကယ်ပဲ မသင့်တော်ဘူး!"

မြို့တော်က လူများနှင့် ညီလာခံအတွင်းက အရာရှိများအားလုံးကလဲ နန်းတော်အတွင်းက အခြေအနေကို စောင့်ကြည့်နေကြလေသည်။

အကယ်၍များ နန်းတော်အတွင်း ဖရိုဖရဲဖြစ်သွားခဲ့လျှင် လူ့နှလုံးသားသည်လဲ ယိမ်းယိုင်သွားပေလိမ့်မည်။

ချောင်မိဖုရားခေါင်က ပင်ပန်းနွမ်းနယ်နေသည့် အပြုံးလေးတစ်ခု ထုတ်ပြလိုက်၏။ "မင်းသုံးသပ်ပြတာကို ပန်ကုံး နားလည်ပါတယ်။ ပန်ကုံးတို့တွေ မုန့်ဖေးရဲ့ အခြေအနေကို လစ်လျူရှုထားလို့ရတယ်။ ဒါပေမဲ့ မင်းရဲ့အဘွားတော်က နေမကောင်းဘူး။ ပန်ကုံးက သူ့ကို မစောင့်ရှောက်ဘဲ ဘယ်လိုလုပ်ပြီး နေရမှာလဲ။ အဲဒီ့လိုပဲ မင်းသားမင်းသမီးတွေက သူတို့ရဲ့ လိမ်မာသိတတ်မှုကို ပြသနေတာကိုလည်း ပန်ကုံးက ဘယ်လိုတားဆီးနိုင်မှာလဲ"

လုမင်ယွိကတော့ ပျော့ပျောင်းစွာဖြင့် ပြောလိုက်၏။ "အဘွားတော်ရဲ့ နာမကျန်းမှုကို ပြုစုစောင့်ရှောက်ဖို့အတွက် အစီအစဥ်တစ်ခု ချဖို့တော့လိုတယ်။ ဒီလို ဖရိုဖရဲဖြစ်နေတာက အားလုံးကို စိတ်မတည်မငြိမ် ဖြစ်သွားရုံပဲရှိမယ်။ မူဟုပ်က ကျေးဇူးပြုပြီးတော့ အဘွားတော်ကို စောင့်ရှောက်ပေးမဲ့သူတွေကို အစီအစဥ်ချပေးဖို့ တော်ဝင်အမိန့်တော်တစ်ခု ထုတ်ပြန်လိုက်ပါ။ ဒီလိုဆိုရင် ရှို့နဥ်နန်းဆောင်ထဲမှာလည်း ပြုစုစောင့်ရှောက်ပေးမဲ့လူ.မပြတ်လပ်တော့သလို အားလုံးကလဲ နေ့တိုင်း အဲဒီ့နေရာကို အလောတကြီးသွားစရာ မလိုတော့ဘူးလေ"

ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် မယ်တော်ကြီးကျောက်က ဆုံးပါးသွားတာမှ မဟုတ်တာ ဘာလို့ လူတိုင်းက နေ့တိုင်း သူ့ကိုလာပြီးတော့ စောင့်ရှောက်နေရမှာလဲ။ အစီအစဥ်တစ်ခု ဆွဲလိုက်မယ်ဆိုရင် မျိုးဆက်သစ်လေးတွေကို အလှည့်ကျ လာရောက်ခွင့်ပေးပြီး မျက်နှာလဲ ဆယ်ခွင့်ပေးနိုင်သလို အခြေအနေကိုလဲ တည်ငြိမ်အောင် လုပ်နိုင်မယ်လေ။

ချောင်မိဖုရားခေါင်သည် မိမိကိုယ်မိမိ အိန္ဒြေဆည်လိုက်ပြီး ခေါင်းညိမ့်ထောက်ခံလိုက်တော့၏။ "သိပ်ကောင်းတာပဲ။ ပန်ကုံး ချက်ချင်းပဲ အမိန့်တော် ထုတ်ပြန်လိုက်မယ်"

ထို့နောက်တွင်တော့ သူမက ခဏလောက် တုံ့ဆိုင်းသွားပြီးမှ သက်ပြင်းချလိုက်လေသည်။ "ပုံမှန်ဆိုရင် ပန်ကုံးက တည်တည်ငြိမ်ငြိမ် ရှိတတ်ပါတယ်။ ဒါပေမဲ့ အရေးကြီးကိစ္စကို ရင်ဆိုင်လိုက်ရတာနဲ့ ပျာယာခပ်သွားတော့တာပဲ။ ဘေးနားမှာ ပန်ကုံးကို သတိပေးမဲ့ မင်းရှိနေလို့ပဲ တော်သေးတယ်"

လုမင်ယွိကလဲ အသာအယာ ပြုံးပြလိုက်ကာ "မူဟုပ်ရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ကူညီမျှဝေပေးရမှာက အာရှီရဲ့ တာဝန်ပါ"

ဝန်ထုပ်ဝန်ပိုးကို မျှဝေပေးတာထက်တောင် ပိုများပါသေးတယ်။

စိုးရိမ်ကြောင့်ကြမှုတွေ စိတ်မသက်မသာမှုတွေ ဖြစ်တဲ့အချိန်မှာ ဆုံးဖြတ်ချက်ပြတ်သားပြီး အရည်အချင်းပြည့်ဝပြီး ခံနိုင်ရည်ရှိတဲ့ ချွေးမတစ်ယောက် အနားမှာရှိထားတာက တကယ့်ကို အားကိုးရတဲ့ ဒေါက်တိုင်လေးတစ်ခု ရှိထားသလိုပဲ။

အလျှော့ပေးပြီး နာခံတတ်တဲ့ အမျိုးသမီးလေးက နေရာတိုင်းမှာ ရှိတာပဲ။ ဒါပေမဲ့ အခက်အခဲတွေ ကြုံလာရတဲ့အခါ ပိုပြီးဆုံးဖြတ်ချက်ပြတ်သား ပိုပြီးသန်မာတဲ့ လုမင်ယွိလို တစ်စုံတစ်ယောက် ရှိနေတာကတော့ တော်တော်လေးကို ထူးခြားတာပဲ။ သားဖြစ်သူက ပြုစားခံရတာဖြစ်နိုင်တယ်လို့ တခါတလေ စဥ်းစားခဲ့မိပေမဲ့ အခုတော့ သားဖြစ်သူက တကယ့်ကို လူအကဲခတ်တော်တာ သဘောပေါက်သွားလေရဲ့။

ချောင်မိဖုရားခေါင်သည် လုမင်ယွိကို ပြုံးပြလိုက်လေသည်။ "မင်းစဥ်းစားထားတာရှိရင် ပန်ကုံးကို ပြောလိုက်ပါ။ အခုလို ခက်ခဲနေတဲ့အချိန်မှာ ငါတို့သမီးယောက္ခမနှစ်ယောက် စိတ်တူကိုယ်တူရှိပြီး တိုင်ပင်ဆွေးနွေးတာ ပိုကောင်းတယ်"

ဒါက နန်းတွင်းကိစ္စ စီမံခန့်ခွဲတဲ့အာဏာတစ်ချို့ကို လွှဲပေးလိုက်တာပဲ။

လုမင်ယွိသည်လဲ ဟန်ဆောင်ငြင်းဆန်နေခြင်းမရှိဘဲ ပြုံးကာ လက်ခံလိုက်လေသည်။ "မူဟုပ် စိတ်ချပါ။ အာရှီ အကောင်းဆုံး ကြိုးစားပါ့မယ်"

...

ချောင်မိဖုရားခေါင်မှာ ဆုံးဖြတ်ချက်ချလိုက်ပြီးနောက် အလျင်အမြန်ပင် အမိန့်တော် ထုတ်ပြန်လိုက်လေသည်။ ရှို့နဥ်နန်းဆောင်သို့ ဝင်ရောက်ပြုစုခွင့်ရှိသူများကို အလှည့်ကျ စီမံပေးလိုက်သည်။

မုန့်ယွင်လော်နှင့်စူးဖေးက တစ်ရက် ချင်ဖေးနှင့်ကျောက်ယွီက တစ်ရက်၊ ဟွေ့အန်းကုန်းကျူနှင့်လုမင်ယွိက တစ်ရက်၊ စတုတ္ထမင်းသားနှင့် ပဥ္စမမင်းသားက တစ်ရက်၊ ချောင်မိဖုရားခေါင်နှင့်ဝမ်ကျဲယွီက တစ်ရက်။

ဤသို့ဆိုလျှင် ၅ရက်မှ၁ရက်သာ လာရောက်ပြုစုရမည်ဖြစ်သဖြင့် လူတိုင်းက သက်သာသွားကြတော့သည်။

မုန့်ဖေးနှင့် ပထမမင်းသားကြင်ရာတော် အတွက်တော့ သမားတော်ကြီးများက ကုသပေးစေသည်။ သမီးယောက္ခမနှစ်ယောက်စလုံးက ပထမမင်းသား ဒဏ်ရာပြင်းထန်သဖြင့် စိတ်ရောဂါရနေခြင်းဖြစ်ရာ ဆေးသောက်ပြီး အနားယူလိုက်လျှင် သက်သာသွားပေမည်။

နန်းတော်ထဲတွင် စနစ်တကျရှိလာသဖြင့် လူထု၏စိတ်ဓာတ်လဲ တဖြည်းဖြည်း တည်ငြိမ်လာခဲ့၏။

သို့သော် ရှေ့တန်းမှပို့လာသော စစ်မြေပြင်သတင်းများကတော့ တစ်စထက်တစ်စ ပိုပြီးထိတ်လန့်စရာ ကောင်းလာလေသည်။

ယန်တိုင်းပြည်သည်လဲ စစ်တပ်အားလုံးကို စုစည်းလိုက်သဖြင့် အမြဲတမ်း စစ်နိုင်နေသော ရှင်းယန်စစ်တပ်သည် အခက်အခဲများ ရင်ဆိုင်နေရသည်။ ရှင်းယန်စစ်တပ်၏ နောက်မှလိုက်ကာ အကျိုးဆောင်မှုယူနေသော ကျောက်စစ်တပ်သည်လဲ စစ်တိုက်ရပြီး စစ်ပွဲတစ်ခု ရှုံးနိမ့်ခဲ့လေသည်။

ချူတိုင်းပြည်ဘက်တွင်လည်း အားကုန်ထုတ်ကာ တိုက်ခိုက်နေသဖြင့် ယုံးကျားဧကရာဇ်သည်လဲ စစ်ပွဲတစ်ခု ရှုံးနိမ့်ခဲ့ပြန်သည်။

ဆက်တိုက်စစ်ရှုံးခြင်းနှင့် စစ်သည်များ သေဆုံးဒဏ်ရာရမှုစာရင်းသည် လူတိုင်း၏ ရင်ထဲတွင် တင်းကြပ်မှုကို ဖြစ်ပေါ်လာစေတော့၏။

ချောင်မိဖုရားခေါင်သည် အပေါ်ယံတွင် တည်ငြိမ်ချင်ဟန် ဆောင်နေသော်ငြားလည်း အမှန်တကယ်တွင်တော့ စိတ်ပူပန်နေပြီး အစားအသောက် ပျက်နေလေတော့သည်။ ရက်ပိုင်းအတွင်းမှာပင် ပိန်ကျသွားလေတော့၏။

ဟွေ့အန်းကုန်းကျူသည် နန်းတော်သို့ဝင်ရောက်လာပြီး ချောင်မိဖုရားခေါင်၏ ပုံစံကို မြင်ရသောအခါ စိတ်မကောင်းဖြစ်ကာ နှစ်သိမ့်လိုက်လေ၏။ "စစ်တိုက်တယ်ဆိုတာ နိုင်တာရှိသလို ရှုံးတာလဲရှိတာပဲလေ။ ပြီးခဲ့တဲ့ ၆လလုံးလုံးနိုင်နေတာပဲ။ အခုယန်နဲ့ချူက စစ်တပ်အားလုံးစုစည်းပြီး ပြန်တိုက်တာဆိုတော့ အားနည်းနည်းစိုက်ရတာ မဆန်းပါဘူး။ တစ်ပွဲနှစ်ပွဲရှုံးတာက ဘာမှမဖြစ်ပါဘူး"

ချောင်မိဖုရားခေါင်က ခါးသက်သက် ပြုံးလိုက်၏။ "မင်းရဲ့ဖုဟွမ်က စစ်တိုက်လာတာ နှစ်ပေါင်းများစွာ ကြာပြီ။ အများစုက နိုင်တာချည်းပဲ။ ဒီလို အကြီးအကျယ်ရှုံးတာမျိုး မကြုံဖူးဘူး။ ငါ ဆက်တိုက်အိမ်မက်ဆိုးတွေ မက်နေတယ်။ မင်းရဲ့ဖုဟွမ်က မြှားမှန်ပြီး ရင်ဘတ်မှာ သွေးတွေချင်းချင်းနီနေတာ မက်တယ်။ ငါ့စိတ်ထဲမှာ ဘယ်လိုလုပ် မကြောက်ဘဲ နေနိုင်မှာလဲ"

ဘေးတွင်ထိုင်နေသည့် လုမင်ယွိမှာ နှုတ်ဆိတ်နေမိတော့၏။

ယန်နှင့်ချူကိုတိုက်ခိုက်သည့် စစ်ပွဲသည် မည်မျှပြင်းထန်သည်ကို သူမတစ်ယောက်တည်းသာ သိလေသည်။

ယခင်ဘဝတုန်းက ၂နှစ်ကြာအောင် စစ်တိုက်ခဲ့ရပြီး နောက်ဆုံးတော့ တိုင်းပြည်ကို စုစည်းနိုင်ခဲ့သည်။ သို့သော် သာ့ဝေတိုင်းပြည်သည်လဲ ကြီးမားသောပေးဆပ်မှုကို ပြုလုပ်ခဲ့ရသည်။ စစ်သူကြီးများနှင့် စစ်သည်တော်တစ်ဝက်ခန့်သည် စစ်မြေပြင်တွင် ကျဆုံးခဲ့ရပြီး ပြန်မလာနိုင်ခဲ့ကြပေ။ ကျဆုံးစာရင်းသည် စာအုပ်အထူကြီးတစ်အုပ် ဖြစ်ခဲ့လေသည်။

ပထမမင်းသားက စစ်မြေပြင်မှာ ကျဆုံးခဲ့တယ်။ လီကျင့် သေဆုံးခဲ့တယ်။ လုလင်း စစ်မြေပြင်မှာ ကျဆုံးခဲ့တယ်။ ယုံးကျားဧကရာဇ်လဲ ဒဏ်ရာအပြင်းအထန် ရရှိခဲ့တယ်။

ဒီဘဝမှာတော့ ပထမမင်းသားက အသက်ရှင်နေတယ်။ တခြားသူတွေရဲ့ ပြဿနာကတော့ စစ်ပွဲမပြီးမချင်း ပြောလို့မရသေးဘူး။

ဟွေ့အန်းကုန်းကျူသည် ချောင်မိဖုရားခေါင်ကို အကြိမ်ကြိမ် နှစ်သိမ့်သော်လည်း မရသည့်အဆုံး သူမကိုယ်တိုင် မျက်ဝန်းများနီရဲလာကာ ရှိုက်သံဖြင့် ပြောလိုက်လေတော့သည်။ "စစ်မြေပြင်က ဒီလောက်အန္တရာယ်များမှန်းသိရင် အဲဒီ့တုန်းက အာ့တိကို တားခဲ့ပါတယ်"

ချောင်မိဖုရားခေါင်၏ မျက်ဝန်းများသည်လဲ နီရဲလာလေ၏။ "အခုမှ ပြောနေလို့လဲ နောက်ကျသွားပြီ"

လုမင်ယွိမှာ မနေနိုင်ဘဲ မြန်မြန်ဝင်ပြောလိုက်ရတော့သည်။ "မူဟုပ် ဟွမ်ကျဲ စစ်တိုက်ရင် နိုင်တာရှုံးတာရှိစမြဲပါ။ ဘယ်စစ်တပ်ကမှ မရှုံးဖူးဘူးဆိုတာ မရှိပါဘူး။ ခဏတာ ရှုံးနိမ့်မှုပါ"

"ယန်နဲ့ချူက သေရေးရှင်းရေး အခြေအနေရောက်နေပြီမို့လို့ နောက်ဆုံးလက်ကျန် စစ်တပ်တွေကို ထုတ်သုံးလိုက်တာပါ။ သာ့ဝေတိုင်းပြည်က တစ်ကြိမ်တိုက်ခိုက်မှုကို တောင့်ခံနိုင်ရင် နောက်ပိုင်းကျရင် အလွယ်တကူ အနိုင်ရသွားပါလိမ့်မယ်"

နောက်ဆုံးစကားကိုတော့ ပြတ်သားစွာ ပြောလိုက်လေသည်။

ချောင်မိဖုရားခေါင်နဲ့ ဟွေ့အန်းကုန်းကျူတို့ လှည့်ကြည့်လိုက်ကြပြီး မျက်ဝန်းထဲတွင် မျှော်လင့်ချက်ရောင်ခြည်များ သမ်းနေတော့၏။

"တကယ်လား"

လုမင်ယွိသည် တွန့်ဆုတ်ခြင်းမရှိဘဲ ခေါင်းညိမ့်လိုက်ပြီး ယုံကြည်ချက်ရှိရှိ ပြောလိုက်လေသည်။ "သေချာပေါက် ဖြစ်လာမှာပါ"

လုမင်ယွိတွင် လူတစ်ဖက်သားကို ယုံကြည်သွားအောင် ပြောနိုင်သည့် စွမ်းရည်ရှိသည်ဟု ဝန်ခံရပေမည်။

မုန်တိုင်းကြားက မယိမ်းယိုင် သစ်ပင်ကြီးလို၊ လှိုင်းတံပိုးကြားက တည်ငြိမ်နေတဲ့ သင်္ဘောကြီးလိုပါပင်။

ဟွေ့အန်းကုန်းကျူသည် သက်ပြင်းချလိုက်ပြီး မျက်ရည်သုတ်ကာ ရုတ်တရက် ပြောလိုက်လေ၏။ "အာ့တိမေ့ ... အရင်တုန်းက နင်က အာတိနဲ့မတန်ဘူးလို့ ငါ ထင်ခဲ့တာ"

"အခု ငါ ထင်တာမှားမှန်း သိလိုက်ရတယ်။ မင်းနဲ့အာ့တိက နတ်ဖက်တဲ့စုံတွဲပါပဲ။ မင်းက မွေးကတည်းက ထိုက်ဇီဖေး ဖြစ်လာရမဲ့သူပဲ"

ဒီလိုချီးကျူးစကားကို ဟွေ့အန်းကုန်းကျူး၏ ပါးစပ်မှ ကြားရသည်မှာ ရှားပါးလှလေသည်။

လုမင်ယွိသည် လေထုကို ပေါ့ပါးသွားစေရန် တမင်သက်သက် မျက်ခုံးပင့်ကာ ပြုံးလိုက်လေတော့၏။ "အရင်တုန်းက ဟွမ်ကျဲ ချီးကျူးတာတွေက ဟန်ဆောင်တာတွေပေါ့နော်။ ဒီနေ့ချီးကျူးတာမှ စိတ်ရင်းအမှန်ပေါ့လေ"

ဟွေ့အန်းကုန်းကျူကလဲ ခေါင်းကို အားကုန်ညိမ့်ပြလိုက်လေတော့၏။ "တကယ်ရင်ထဲကလာတဲ့ စကားပါ"

...

အပိုင်း (၃၆၂) တည်ငြိမ်မှု

ဆက်တိုက်စစ်ရှုံးသည့် သတင်းများ ရရှိလာသဖြင့် ဝန်ကြီးများလဲ ထိုင်မနေနိုင်တော့ပေ။

ချောင်ကောလောင်နှင့် ဝန်ကြီးချုပ်၆ဦးသည် ဝမ်ဟွားနန်းဆောင်၌ စုဝေးကြလေသည်။ တော်ဝင်ကိုယ်ရံတော် နန်းစောင့်တပ်မှူး စစ်သူကြီးလျန်ကိုလဲ ဖိတ်ကြားထားပြီး စတုတ္ထမင်းသားသည်လဲ ပုန်ကန်မှုနှိမ်နှင်းရာတွင် အကျိုးဆောင်မှု ရှိနေခဲ့သဖြင့် ဒီလိုအစည်းအဝေးများတွင် ဝင်ရောက်ဆွေးနွေးခွင့် ရရှိထားလေသည်။

ဝန်ကြီးများက စစ်ကူလွှတ်သင့်မလွှတ်သင့် တွေးနွေးနေကြစဥ် စတုတ္ထမင်းသားက ဝင်ပြောလိုက်၏။ "ဒီစစ်ပွဲမှာ သာ့ဝေတိုင်းပြည်ရဲ့ အကောင်းဆုံး စစ်သည်တွေ ပါသွားတာပါ။ စစ်တပ်နှစ်ဖွဲ့ပေါင်းလိုက်လျှင် စစ်သည်နှစ်သိန်းလောက် ရှိပါတယ်။ စစ်ကူထပ်လွှတ်မယ်ဆိုရင် နယ်မြေအသီးသီးက တပ်ဖွဲ့တွေကို ဆွဲထုတ်ရတော့မှာပါ။ ကျွန်တော် ထင်တာကတော့ လောလောဆယ် တောင့်ခံနိုင်ထားသေးရင် စစ်ကူလွှတ်ဖို့ မလိုသေးပါဘူး"

စစ်ဖက်ဆိုင်ရာ ဝန်ကြီးချုပ် ဝန်ကြီးယန်ကလဲ ခေါင်းငြိမ့်ပြလိုက်သည်။ "စတုတ္ထမင်းသားပြောတာ အကျိုးအကြောင်း သင့်ပါတယ်။ ကျွန်တော်လဲ စောင့်ကြည့်သင့်တယ်လို့ ထင်ပါတယ်"

ချောင်ကောလောင်က မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။ "သာ့ဝေတိုင်းပြည်က ဆက်တိုက်စစ်ရှုံးနေတော့ စစ်သည်တွေက စိတ်ဓာတ်ကျနေပြီ။ စစ်ကူမလွှတ်ရင် အခြေအနေပိုဆိုးသွားပြီး လုံးဝရှုံးနိမ့်သွားမှာ စိုးရတယ်"

စတုတ္ထမင်းသားက အလျင်အမြန် ပြန်ဖြေလိုက်လေ၏။ "မြို့တော်နဲ့ စစ်မြေပြင်က ဝေးလွန်းပါတယ်။ သတင်းအသွားအပြန်ဆိုတာ တလကျော်လောက်ကြာတယ်။ စစ်ကူလွှတ်ရင်တောင် လမ်းခရီးမှာ နှစ်လနီးပါးကြာအုံးမှာ ဟိုရောက်တဲ့အချိန်ကြရင် စစ်ပွဲက ပြီးနေလောက်ပြီ"

ချောင်ကောလောင်က ပြန်ပြောလိုက်၏။ "ဒါကြောင့်မလို့ စစ်ကူကို စောစောစီးစီး လွှတ်သင့်တာပေါ့။ ဆက်စောင့်နေလို့ မဖြစ်ဘူး"

ကျန်ရှိသော ဝန်ကြီးချုပ်များသည် စာပေပညါရှင်များဖြစ်ကြပြီး စစ်တိုက်ခြင်းကို နားမလည်ကြပေ။ တစ်ချို့က စစ်ကူလွှတ်ရန် ထောက်ခံကြပြီး တစ်ချို့က စောင့်ကြည့်ရန် အကြံပြုကြလေသည်။

စစ်သူကြီးလျန်ကတော့ တောက်လျှောက်နှုတ်ဆိတ်နေပြီးမှ နောက်ဆုံးတွင် ပါးစပ်ဟလိုက်လေ၏။ "ထပ်ပြီးစောင့်ကြည့်ကြရအောင်"

ချောင်ကောလောင်က လှည့်ကြည့်လိုက်ကာ "စစ်သူကြီးလျန်ကလဲ စောင့်ကြည့်သင့်တယ်လို့ ထင်တာလား"

စစ်သူကြီးလျန်က ခေါင်းညိမ့်ပြလိုက်ကာ စကားနည်းနည်းလေးနှင့် လိုရင်းကိုသာ ပြောလိုက်လေသည်။ "အရှင်မင်းကြီးနဲ့ ရှင်းယန်ဝမ်တို့ ရှေ့တန်းမှာ ရှိနေတယ်။ မုန့်စစ်တပ်နဲ့ ကျောက်စစ်တပ်လဲ ရှိသေးတယ်။ သူတို့တောင်မနိုင်ရင် စစ်ကူလွှတ်လိုက်လဲ အလကားပဲ စောင့်ကြည့်တာ ပိုကောင်းတယ်"

...

အစည်းအဝေးပြီးဆုံးသည်နှင့် စတုတ္ထမင်းသားသည် ကျောင်းဖန်နန်းဆောင်သို့ သွားရောက်ကာ ချောင်မိဖုရားခေါင်ကို တွေ့ဆုံလေသည်။

ပဥ္စမမင်းသားသည် ငယ်ရွယ်သေးပြီး အားကိုးမရသော်လည်း စတုတ္ထမင်းသားသည် ယခုဆိုလျှင်တော့ အသုံးဝင်နေပြီဖြစ်၏။ ချောင်မိဖုရားခေါင်သည်လဲ စတုတ္ထမင်းသားကို ပိုပြီးအားကိုးလာလေသည်။ စတုတ္ထမင်းသား ရောက်လာသည်နှင့် ယနေ့အစည်းအဝေး အခြေအနေကို မေးမြန်းလိုက်၏။

စတုတ္ထမင်းသားကလဲ တိုးတိုးလေး လျှောက်တင်လိုက်လေသည်။ "... သားတော်ထင်တာက စစ်ပွဲနှစ်ပွဲရှုံးတာနဲ့ အားလုံးရှုံးသွားတာ မဟုတ်ပါဘူး။ စစ်တပ်အင်အားက ရှိနေပါသေးတယ်။ စစ်ကူလွှတ်ဖို့ မလိုသေးပါဘူး။ စစ်သူကြီးလျန်လဲ ဒီလိုပဲ သဘောရပါတယ်။ ဒါပေမဲ့ ချောင်ကောလောင်က ဖုဟွမ်နဲ့အာ့ကောတို့ကို စိတ်ပူလွန်းလို့ စိတ်မြန်နေတာပါ။ ဒီနေ့ သားတော်တားလိုက်ပေမဲ့ မကြာခင် မူဟုပ်ဆီလာပြီး ဆွေးနွေးပါလိမ့်မယ်"

ချောင်မိဖုရားခေါင်က အားတင်းပြီး ပြန်ပြောလိုက်လေသည်။ "စိတ်ချပါ ပန်ကုံး နားလည်ပါတယ်။ ချောင်ကောလောင်နဲ့ဝန်ကြီးတွေကို ထိန်းထားနိုင်ပါတယ်"

စတုတ္ထမင်းသားသည် စိတ်သက်သာရာ ရသွားလေ၏။

စာပေပညာရှင်တွေက စစ်တိုက်တာ နားမလည်ဘဲ ဝင်မပါတာ အကောင်းဆုံးပဲ။

ဖုယွမ်နဲ့ ရှင်းယန်ဝမ်တို့က ယန်နဲ့ချူစစ်တပ်ကို မျှားခေါ်ဖို့ တမင်သက်သက် စစ်ရှုံးပြတာလည်း ဖြစ်နိုင်တာပဲ။

ဒီအချိန်မှာ စိတ်ငြိမ်အောင်ထားပြီး စောင့်ကြည့်တာ အကောင်းဆုံးပဲ။

စတုတ္ထမင်းသား ပြန်သွားပြီးနောက် ချောင်မိဖုရားခေါင်သည် လုမင်ယွိကို ကြည့်ကာပြုံးလိုက်လေသည်။ "မင်းခန့်မှန်းတာတွေ အကုန်မှန်သွားတာပဲ"

မနက်စောစောက ဝန်ကြီးများ အစည်းအဝေးလုပ်နေချိန်တွင် လုမင်ယွိက ချောင်မိဖုရားခေါင်ကို ပြောခဲ့ဖူးလေသည်။

"ဆက်တိုက်စစ်ရှုံးနေတော့ ချောင်ကောလောင်က ထိုင်နေနိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ဝန်ကြီးယန်နဲ့စစ်တိလဲ ရှိနေတော့ ချောင်ကောလောင်ကို တားနိုင်မှာပါ"

အမှန်ပင် လုမင်ယွိ ပြောသလို ဖြစ်လာခဲ့လေသည်။

လုမင်ယွိက အနည်းငယ် ပြုံးပြလိုက်ကာ "ချောင်ကောလောင်က တိုင်းပြည်အတွက် စိတ်ပူလို့ပါ"

ဒါပေမဲ့ စာပေပညာရှင်တွေက စစ်တိုက်တာ နားမလည်တော့ ဝင်မပါတာ ပိုကောင်းတယ်။

လုမင်ယွိသည် စဥ်းစားပြီး ထပ်ပြောလိုက်လေသည်။ "ချောင်ကောလောင်က မူဟုပ်ဆီလာပြီး စစ်ကူလွှတ်ဖို့ပြောရင် မူဟုပ်က တည်ငြိမ်အောင်နေနော်"

ချောင်မိဖုရားခေါင်က ခေါင်းညိမ့်လိုက်လေသည်။ "စိတ်ချပါ။ ချောင်ကောလောင် တကယ်လာရင် ပန်ကုံး သေချာနားချလိုက်ပါ့မယ်"

စကားမဆုံးခင်မှာပင် ချိုင်လန်က ဝင်လာပြီး သတင်းပို့တော့သည်။ "ဟွမ်ဟုပ်ညန်ညန်ကို လျှောက်တင်ပါတယ်။ ချောင်ကောလောင် လာရောက်တွေ့ဆုံပါတယ်"

ချောင်မိဖုရားခေါင်နှင့်လုမင်ယွိတို့သည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြလေသည်။

လုမင်ယွိက မတ်တပ်ထရပ်လိုက်၏။ "မူဟုပ်နဲ့ ချောင်ကောလောင်တို့ စကားပြောကြလေ။ အာရှီ ရှောင်ပေးပါ့မယ်"

သူမသည် သားအဖများကြားတွင် အနှောက်အယှက် မဖြစ်လိုချေ။

ချောင်မိဖုရားခေါင်ကလဲ မသိမသာ ခေါင်းညိမ့်ပြလိုက်ကာ "ကောင်းပြီ။ မင်း ရွှီအာနဲ့ရွှမ်းအာတို့ကို ခေါ်ပြီးတော့ အရှေ့ဘက်နန်းဆောင်ကို အရင်ပြန်သွားလိုက်။ နေ့လယ်ခင်းကျမှ ပြန်လာခဲ့လိုက်"

လုမင်ယွိက ပြုံးကာ သဘောတူလိုက်ပြီး ရွှီအာကို လက်တစ်ဖက်တွင်ချီကာ ကျန်သည့်လက်တစ်ဖက်တွင် ရွှမ်းအာကိုချီပြီး သုံးယောက်သားသည် ကျောင်းဖန်နန်းဆောင်မှ အတူတူ ပြန်လာခဲ့တော့သည်။ သူတို့သည် နန်းတော်အပြင်ဘက်တွင် စောင့်ဆိုင်းနေသည့် ချောင်ကောလောင်နှင့် မမျှော်လင့်ဘဲ တွေ့ဆုံလိုက်ရ၏။

ချောင်ကောလောင်ကလဲ ဦးညွှတ်အရိုအသေ ပြုလိုက်သည်။ "ကျွန်တော်မျိုး ထိုက်ဇီဖေးကို နှုတ်ဆက်ပါတယ်"

လုမင်ယွိက ပြုံးကာ ပြောလိုက်လေသည်။ "ချောင်ကောလောင် မြန်မြန်ထပါ" ထို့နောက်တွင်တော့ ရွှီအာနှင့်ရွှမ်းအာတို့ကို ပြောလိုက်၏။ "ဘိုးဘိုးကြီးကို မြန်မြန်နှုတ်ဆက်လိုက်လေ" ရွှီအာနှင့် ရွှမ်းအာတို့သည် စကားအရှည်ကြီး မပြောနိုင်ကြသေးသော်ငြား မည်သို့ ဦးညွှတ်ဂါရဝပြုရမည်ကိုတော့ သိနေပြီဖြစ်၏။ ပေါက်စီလေးနှစ်လုံးသည် တည်တည်ငြိမ်ငြိမ်ဖြင့် ဦးညွှတ်လိုက်ကာ အမှန်ပင် ချစ်စရာကောင်းနေတော့သည်။

ချောင်ကောလောင်သည် မြေးချွေးမဖြစ်သူ လုမင်ယွိကို ထူးထူးခြားခြား နှစ်သက်ခြင်း တစ်ခါမှ မရှိခဲ့သော်ငြား ဒီကောင်လေးနှင့် ကောင်မလေး အမြွှာမောင်နှမကိုတော့ နှစ်သက်မြတ်နိုးလေသည်။ သူက ပြုံးကာ ပြောလိုက်သည်။ "မင်းသားနဲ့ မင်းသမီးလေးတို့က ဒီဝန်ကြီးအိုကြီးကို နှုတ်ဆက်တော့ တကယ်ဝမ်းသာစရာ ကောင်းတာပဲ"

တိုတိုတုတ်တုတ် စကားနည်းနည်းပါးပါးပြောပြီး နောက် လုမင်ယွိသည် ကလေးများနှင့် ထွက်လာခဲ့တော့သည်။

...

ချောင်ကောလောင်သည် ကျောင်းဖန်နန်းဆောင်ထဲသို့ ဝင်လာခဲ့ပြီး အရင်ဆုံး ဦးညွတ်နှုတ်ဆက်လိုက်၏။ ချောင်မိဖုရားခေါင်က မြန်မြန်ထကာ သူ့ကို တွဲထူပေးလိုက်ပြီးမှ ပြောလိုက်လေသည်။ "အဖေ ဒီနေရာမှာ အပြင်လူမရှိပါဘူး။ တခမ်းတနားကြီးလုပ်နေဖို့ မလိုပါဘူး။ ထိုင်ပါ စကားပြောတာပေါ့!"

သူမသည် ချောင်ကောလောင်အတွက် ကိုယ်တိုင် လက်ဖက်ရည် တည့်ခင်းပေးလိုက်၏။ ချောင်ကောလောင်က ချောင်မိဖုရားခေါင် လှမ်းပေးလာသည့် လက်ဖက်ရည်ကို သောက်လိုက်ပြီး သူ့မျက်ခုံးနှင့်မျက်လုံးများက မသိမသာ ပြောလျော့သွားတော့သည်။ ထို့နောက်တွင်တော့ သူသည် မနက်ခင်းကကိစ္စကို စတင်ပြောပြလေတော့သည်။

မူလကတော့ ချောင်မိဖုရားခေါင်၏ ထောက်ခံချက်နှင့်အားပေးမှုကို ရယူဖို့ရန် မျှော်လင့်ထားသော်ငြား သူမက သူ့ကို အကြံပြုလာသည်ကို မြင်လိုက်ရချိန်တွင်တော့ အံ့အားသင့်သွားတော့သည်။ "အဖေ။ အဖေက သာ့ဝေတိုင်းပြည်ရဲ့ အကျိုးအတွက် စိတ်နှလုံးနှစ်ပြီး စိုးရိမ်ပူပန်ပေးတယ်။ ကျွန်မ ဒါကို နားလည်ပါတယ်။ ဒါပေမဲ့ ကျွန်မက စစ်ရေးကိစ္စနဲ့ ပတ်သက်လာပြီး အသိပညာ မကြွယ်ဝဘူးလေ။ အဖေကလဲ အရပ်ဘက်အရာရှိတစ်ယောက်။ ရှေ့တန်းမှာ အရှင်မင်းကြီးနဲ့ ရှင်းယန်ဝမ်တို့ ရှိနေတာဆိုတော့ ကြီးကြီးမားမား လွဲချော်တာမျိုးတွေ မရှိလောက်ပါဘူး။ ရုံးတော်အတွင်းမှာလည်း ဝန်ကြီးယန်နဲ့ စစ်သူကြီးလျန်တို့ ရှိနေတာပဲ။ အဖေ သူတို့ရဲ့ အကြံဉာဏ်ကို နားထောင်တာ ပိုကောင်းပါလိမ့်မယ်"

ချောင်ကောလောင်မှာ အခိုက်အတန့် ဆွံ့အသွားပြီး သက်ပြင်းချလိုက်တော့သည်။ "သိပ်ကောင်းတာပဲ။ ဟွမ်ဟုပ်ညန်ညန် ပြောတာကို မှတ်သားထားလိုက်ပါ့မယ်"

ချောင်မိဖုရားခေါင်သည် ဆံပင်များဖြူဖွေးနေပြီး ပင်ပန်းနွမ်းနယ်နေသော ဖခင်ကိုကြည့်ကာ စိတ်မကောင်းဖြစ်သွားပြီး လေသံပျော့ပျော့ဖြင့် ပြောလိုက်လေသည်။ "သမီးက အဖေ့ကို မယုံတာမဟုတ်ပါဘူး။ ဒါပေမဲ့ အရှင်မင်းကြီး မသွားခင်တုန်းက နန်းတွင်းကိစ္စတွေကို အဖေ့လက်ထဲ အပ်ခဲ့တာလေ။ အဖေက နန်းတွင်းကိစ္စတွေကို ကောင်းကောင်းစီမံပေးရင် တာဝန်ကျေပါပြီ"

"အရှင်မင်းကြီးက မျက်နှာလိုချင်ပြီး အသက်သေခံမဲ့သူ မဟုတ်ပါဘူး။ စစ်ကူလိုအပ်ရင် အမိန့်စာ ပို့လာမှာပါ။ အခုအမိန့်စာ မရောက်လာသေးဘူးဆိုတော့ နန်းတော်ထဲမှာ တည်ငြိမ်အောင် နေသင့်ပါတယ်"

ချောင်ကောလောင်သည် ခဏလောက် တိတ်ဆိတ်သွားပြီးမှ ခေါင်းညိမ့်လိုက်တော့သည်။ "ဟွမ်ဟုပ်ညန်ညန်ပြောတာ မှန်ပါတယ်။ အဖေက စိတ်ပူလွန်းလို့ တည်ငြိမ်မှု ပျက်သွားတာပါ"

ချောင်မိဖုရားခေါင်က ပြုံးကာ နှစ်သိမ့်လိုက်လေသည်။ "ဒီလိုကိစ္စကြုံရင် ဘယ်သူမဆို စိတ်လှုပ်ရှားမှာပဲ။ အဖေ့ကို အမှန်အတိုင်းပြောရရင် သမီးလဲ အစက ပြာသွားတာပဲ။ လုရှီက ဘေးကနေ သတိပေးလို့သာ တည်ငြိမ်နေတာ"

"ဝန်ကြီးတွေ အစည်အဝေးလုပ်မဲ့ကိစ္စကိုလည်း သူက ကြိုတွေးမိထားတာပဲ"

ဒါဆိုရင် လုမင်ယိက ချောင်မိဖုရားခေါင်ကို နားချပြီး. ဝန်ကြီးယန်နဲ့ စစ်သူကြီးလျန်တို့ဘက်က ပါခိုင်းတာပေါ့။

ချောင်ကောလောင်မှာ မကျေမနပ်ဖြစ်သွားပြီး မနေနိုင်ဘဲ ပြောလိုက်လေတော့သည်။ "အနောက်နန်းဆောင်က နိုင်ငံရေး ဝင်မရှုပ်ရဘူးလေ။ ဟွမ်ဟုပ်ညန်ညန်က ချွေးမကိုယုံကြည်တာ ကောင်းပေမဲ့ သိပ်ပြီး အလိုမလိုက်ပါနဲ့"

ချောင်မိဖုရားခေါင်သည် ချောင်ကောလောင်ကိုကြည့်ကာ အေးအေးဆေးဆေး ပြောလိုက်လေတော့သည်။ "သူ ပြောတာက ကျိုးကြောင်းသင့်နေရင် သူ့စကား နားထောင်တာ ဘာဖြစ်မှာမလို့လဲ"

ချောင်ကောလောင် "..."

...

အပိုင်း (၃၆၃) ဒဏ်ရာပြင်းထန်ခြင်း (၁)

မိုင်ပေါင်းထောင်ချီဝေးသော သာ့ဝေတိုင်းပြည်၏ စစ်တပ်စခန်းထဲတွင် ဖြစ်လေသည်။

ပထမမင်းသားသည် မျက်နှာတစ်ခုလုံး ဖြူဖျော့ကာ မျက်လုံးများကို မှိတ်ထားပြီး အိပ်ရာထက်တွင် လဲလျောင်းနေလေသည်။

စစ်တပ်နှင့်အတူ လိုက်ပါလာသော သမားတော်နှစ်ဦးသည် အလှည့်ကျ သွေးခုန်နှုန်းစမ်းသပ်နေကြပြီး မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများ အထင်းသား ပေါ်လွင်နေကြသည်။ တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြပြီး သက်ပြင်းချမိကြလေသည်။

လွန်ခဲ့သော တစ်လခန့်က ပထမမင်းသားသည် စစ်သည်တော်များကို ဦးဆောင်ကာ ချူတပ်မတော်ကို လိုက်လံတိုက်ခိုက်ခဲ့ရာ ရန်သူ၏ ခြုံခိုတိုက်ခိုက်ခြင်းကို ခံလိုက်ရသည်။ ထိုတိုက်ပွဲတွင် ထိခိုက်သေဆုံးမှု များပြားခဲ့ပြီး ပထမမင်းသားသည်လည်း မြင်းပေါ်မှ ခုတ်ချခံလိုက်ရသည်။ နောက်ဆုံးတွင် သစ္စာရှိသော ကိုယ်ရံတော်များက အသက်ပေး ကယ်ဆယ်ခဲ့သဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သော်လည်း သွေးထွက်လွန်နေခဲ့ပြီ ဖြစ်သည်။ စစ်တဲအတွင်းသို့ ထမ်းပိုးရောက်ရှိလာချိန်တွင် ခန္ဓာကိုယ်တစ်ဝက်ခန့်သည် သွေးများဖြင့် ရဲရဲနီနေလေပြီ။

ယုံးကျားဧကရာဇ်သည် ထိတ်လန့်ဒေါသထွက်ကာ ရင်နာကြေကွဲရပြီး သမားတော်နှစ်ဦးကို ချက်ချင်း စစ်တဲအတွင်းသို့ စေလွှတ်ကာ ပထမမင်းသားကို ကုသပေးစေခဲ့သည်။

ထိုသမားတော်နှစ်ဦးသည် ပြင်ပဒဏ်ရာများကို ကုသရာတွင် ကျွမ်းကျင်သူများ ဖြစ်ကြ၏။ ပထမမင်းသား၏ ဒဏ်ရာမှ အဝတ်အစားများကို ကတ်ကြေးဖြင့် ညှပ်ထုတ်လိုက်ပြီး သေချာကြည့်လိုက်သည်နှင့် နှစ်ယောက်စလုံး၏ ရင်ထဲတွင် လေးလံသွားလေတော့သည်။

ပထမမင်းသား၏ ခြေထောက်ဒဏ်ရာသည် အရိုးထိအောင် နက်ရှိုင်းလှလေသည်။ အသက်ရှင်လျှင်တောင် ညာဘက်ခြေထောက်သည် မူလအတိုင်း ပြန်လည်ကောင်းမွန်လာရန် မဖြစ်နိုင်တော့ချေ။ ပိုဆိုးသည်မှာ ပထမမင်းသား၏ တစ်ကိုယ်လုံး ပူကျက်နေပြီး အဖျားတက်နေခြင်းပင်။ နည်းနည်းလေး ပေါ့ဆလိုက်သည်နှင့် အသက်အန္တရာယ် ရှိနိုင်လေသည်။

သမားတော်နှစ်ဦးသည် မိမိတို့ တတ်စွမ်းသမျှ ပညာများကို ထုတ်သုံးကာ အိပ်ချိန်ပင် မရှိဘဲ ပထမမင်းသားကို ပြုစုကုသပေးကြရသည်။ ရက်အနည်းငယ် ကြာသောအခါ အဖျားကျသွားပြီး ပထမမင်းသား၏ အသက်ကို ကယ်တင်နိုင်ခဲ့လေသည်။

ပထမမင်းသားသည် ရက်အနည်းငယ်ကြာ သတိမေ့မြောနေခဲ့ပြီး သတိပြန်ရလာသောအခါ မိမိ၏ ညာဘက်ခြေထောက် ကျိုးသွားပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် မျက်နှာတစ်ခုလုံး မျှော်လင့်ချက်မဲ့သွားတော့သည်။ ထို့နောက် လဝက်ကျော် ကြာသည်အထိ စကားတစ်ခွန်းမှ မပြောတော့ချေ။

ယုံးကျားဧကရာဇ်သည် ဒေါသအမျက်ခြောင်းခြောင်း ထွက်ကာ ကိုယ်တိုင် ဦးစီး၍ စစ်ထွက်တိုက်ခိုက်ခဲ့သော်လည်း ထပ်မံ စစ်ရှုံးခဲ့ရပြန်သည်။ စစ်တပ်၏ စိတ်ဓာတ်ပိုင်းဆိုင်ရာသည်လည်း ကျဆင်းနေလေသည်။

ပထမမင်းသား၏ စစ်တဲအတွင်းတွင် ထူးထူးခြားခြား တိတ်ဆိတ်ငြိမ်သက်နေသည်။ သမားတော်နှစ်ဦးအပြင် ယုံးကျားဧကရာဇ်နှင့် ကွမ်းပင်းနယ်စားတို့သာ ဝင်ထွက်ခွင့်ရှိသည်။ ကျန်လူများကို ဝင်ခွင့်မပေးချေ။

သွေးခုန်နှုန်း စမ်းသပ်ပြီးနောက် သမားတော်နှစ်ဦးသည် စစ်တဲအပြင်ဘက်သို့ ထွက်ခွာလာပြီး တီးတိုးတိုင်ပင်ကြလေသည်။

"ပထမမင်းသားရဲ့ ညာဘက်ခြေထောက် ဒဏ်ရာက အရမ်းပြင်းထန်လွန်းတယ်။ နောက်ဆိုရင် မတ်တပ်ရပ်ပြီး လမ်းလျှောက်နိုင်တော့မှာ မဟုတ်ဘူး"

"အဲဒီစကားကို အခု ပြောလို့မဖြစ်ဘူး။ ငါတို့စိတ်ထဲမှာပဲ သိထားရင် ရပြီ။ ပထမမင်းသားက အခုအချိန်မှာ ဒီလို စိတ်ထိခိုက်စရာ စကားမျိုးကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး"

"မင်းလည်း မပြောဘူး၊ ငါလည်း မပြောဘူးဆိုရင် တကယ်လို့ အရှင်မင်းကြီးက ပထမမင်းသားရဲ့ ခြေထောက်က ကုလို့ရသေးတယ်လို့ ထင်သွားရင် ဘယ်လိုလုပ်မလဲ။ အရှင်မင်းကြီး ဒေါသထွက်ရင် ငါတို့အသက်တွေ ပါသွားလိမ့်မယ်"

ထို့ကြောင့် သမားတော်အလုပ်သည် လောကကြီးတွင် အခက်ခဲဆုံး အလုပ်တစ်ခု ဖြစ်လေသည်။

သာမန်ပြည်သူများကို ကုသပေးလျှင် ရောဂါပျောက်ကင်းပါက ဝမ်းသာစရာဖြစ်သော်လည်း မပျောက်ကင်းပါက ကံတရားကြောင့်ဟု သတ်မှတ်နိုင်သည်။

အရှင်မင်းကြီး သို့မဟုတ် မင်းသားများကို ကုသပေးရလျှင် ရောဂါပျောက်ကင်းအောင် ကုသပေးရခြင်းသည် တာဝန်တစ်ခု ဖြစ်သည်။ မပျောက်ကင်းပါက ဆေးပညာညံ့ဖျင်းသည်ဟု ဆိုကာ အသက်ဖြင့် ပြန်လည်ပေးဆပ်ရလေသည်။

သမားတော်နှစ်ဦးသည် သက်ပြင်းချကာ စိတ်ညစ်နေရုံဖြင့် မပြီးကြောင်း သိကြ၏။ နည်းလမ်းရှာပြီး ပထမမင်းသားကို အကောင်းဆုံး ကုသပေးရမည်။ ကုသနိုင်သလောက် ကုသပေးရုံသာ ရှိတော့သည်။

သမားတော်နှစ်ဦး တိုင်ပင်ပြီးနောက် ဆေးစာရေးပေးလိုက်သည်။ ဆေးဖော်ကောင်လေးက ဆေးကျိုပြီးနောက် စစ်တဲအတွင်းသို့ ပို့ဆောင်ပေးလိုက်လေသည်။ ဘေးတွင် အမြဲစောင့်ရှောက်နေသော ရှောင်ကျန့်ကုန်းကုန်းက ဆေးခွက်ကို လှမ်းယူလိုက်ပြီး ကုတင်ဘေးသို့ ရောက်ရှိလာသည်။

ရှောင်ကျန့်ကုန်းကုန်းသည် အသက်မကြီးသေးချေ။ ယခုနှစ်မှ အသက် ၂၀ ခန့်သာ ရှိသေးသည်။ အသက် ၁၂ နှစ်အရွယ်ကတည်းက ပထမမင်းသား၏ ဘေးတွင် ခစားလာခဲ့သည်မှာ ၈ နှစ်တိတိ ရှိပြီဖြစ်ပြီး ပထမမင်းသား၏ ယုံကြည်ရသော လူယုံတစ်ဦးလည်း ဖြစ်လေသည်။

ပထမမင်းသား သည်လို ဒဏ်ရာပြင်းထန်စွာ ရရှိထားသည်ကို မြင်ရသဖြင့် ရှောင်ကျန့်ကုန်းကုန်းသည် ကွယ်ရာတွင် မျက်ရည်များစွာ ကျခဲ့ရလေသည်။

စစ်တဲအတွင်းသို့ ဝင်ရောက်လာသည်နှင့် ရှောင်ကျန့်ကုန်းကုန်းသည် မျက်နှာထားကို ချက်ချင်း ပြင်ဆင်လိုက်ပြီး ပြုံးရွှင်သော မျက်နှာထားဖြင့် ကုတင်ဘေးတွင် ထိုင်ကာ ဂရုတစိုက် ပြောလိုက်လေသည်။

"ကျွန်တော်မျိုး အရှင်မင်းသားကို ဆေးတိုက်ပါရစေ"

ပထမမင်းသားသည် မျက်လုံးမဖွင့်သလို စကားလည်း မပြောချေ။ မျှော်လင့်ချက်မဲ့နေသော ပုံစံမျိုး ဖြစ်နေလေသည်။

"အရှင်မင်းသား စိတ်ထဲမှာ မပျော်မရွှင် ဖြစ်နေရင်တောင် ဆေးတော့ သောက်မှ ဖြစ်မှာပါ။ နေ့တိုင်း အချိန်မှန် ဆေးသောက်မှ အရှင်မင်းသားရဲ့ ခန္ဓာကိုယ်က မြန်မြန် နေကောင်းလာမှာလေ"

"ဆေးက ပူတုန်းသောက်မှ အာနိသင် အရှိဆုံးပါ။ ထပ်စောင့်နေရင် အေးသွားပါလိမ့်မယ်"

ရှောင်ကျန့်ကုန်းကုန်းသည် ထပ်ခါတလဲလဲ ပြောဆိုတိုက်တွန်းသော်လည်း ပထမမင်းသားသည် မျက်လုံးဖွင့်ပြီး ဆေးသောက်မည့်ပုံ မပေါ်ချေ။

ကြာလာသောအခါ ရှောင်ကျန့်ကုန်းကုန်းလည်း စိတ်ဓာတ်ကျလာပြီး မျက်လုံးများ နီရဲလာကာ အသံများ တုန်ရီလာလေသည်။

"အရှင်မင်းသား စိတ်ထဲမှာ ခံစားနေရတာတွေကို ကျွန်တော်မျိုး သိပါတယ်။ ဒါပေမဲ့ အဲဒီလို ဖြစ်လေလေ ဆေးကို ပိုပြီးသောက်သင့်လေလေပါ။ အရှင်မင်းသား ဒီလိုလုပ်နေတာက ကိုယ့်ကိုယ်ကိုယ် နှိပ်စက်နေတာ မဟုတ်ဘူးလား"

"ကျွန်တော်မျိုး အသေခံပြီး လျှောက်တင်ပါရစေ။ အရှင်မင်းသား ခြေထောက်ဒဏ်ရာ ရသွားပေမဲ့ အသက်အန္တရာယ်တော့ မရှိတော့ပါဘူး။ အသက်ရှင်နေသရွေ့ မျှော်လင့်ချက် ရှိပါသေးတယ်။ အရှင်မင်းသားက ကိုယ့်ကိုယ်ကိုယ် နှိပ်စက်နေမယ်ဆိုရင် တစ်ခုခု ဖြစ်သွားခဲ့ရင် ချစ်သူခင်သူတွေက စိတ်ဆင်းရဲရပြီး မုန်းတီးသူတွေက လက်ခမောင်းခတ်သွားပါလိမ့်မယ်..."

ရင်းနှီးသော အသံတစ်ခုသည် နားထဲတွင် တတွတ်တွတ် ပြောဆိုနေလေသည်။

ပထမမင်းသား ကြားနေရသည်မှာ အသေအချာပင်။

သို့သော် သူ့အတွက်တော့ အရာအားလုံးသည် ပြီးဆုံးသွားခဲ့ပြီ။ ပတ်ဝန်းကျင်တစ်ခုလုံးသည် မှောင်မိုက်နေပြီး ရှေ့ဆက်ရမည့် လမ်းခရီးသည်လည်း မရေမရာ ဖြစ်နေကာ ရင်ထဲတွင် ဟာတာတာ ဖြစ်နေလေသည်။

ညာဘက်ခြေထောက် ကျိုးသွားသော မင်းသားတစ်ပါးအနေဖြင့် ဘာလုပ်နိုင်ပါဦးမည်နည်း။

သူ့အနေဖြင့် အိမ်ရှေ့စံနှင့် ယှဉ်ပြိုင်ရန် မည်သို့သော အရည်အချင်းများ ရှိပါသေးသနည်း။

အိမ်ရှေ့စံ စစ်မြေပြင်တွင် ကျဆုံးသွားလျှင်တောင် ခြေထောက်ကျိုးနေသော သူ့ကို ထီးနန်းဆက်ခံခွင့် ပေးလိမ့်မည် မဟုတ်ချေ။

သူ အသက်ရှင်နေလို့ကော ဘာအသုံးဝင်တော့မှာလဲ။

ပထမမင်းသားသည် ခေါင်းကို အတွင်းဘက်သို့ လှည့်လိုက်ရာ မျက်ရည်စက်များ ကျဆင်းလာလေသည်။

နောက်ကျောဘက်မှ ရှိုက်သံသည် ရပ်တန့်မသွားဘဲ ရှောင်ကျန့်ကုန်းကုန်းက ငိုယိုကာ တောင်းပန်နေလေသည်။

"ကျွန်တော်မျိုး တောင်းပန်ပါတယ် အရှင်မင်းသား။ ဆေးသောက်လိုက်ပါတော့။ ကျွန်တော်မျိုးကို သနားသောအားဖြင့် ဆေးသောက်လိုက်ပါတော့။ မဟုတ်ရင် အရှင်မင်းကြီး ရောက်လာလို့ မေးတဲ့အခါ ကျွန်တော်မျိုးက ကောင်းကောင်း ပြုစုစောင့်ရှောက်မှု မပေးနိုင်ဘူးဆိုပြီး ခေါင်းဖြတ်သတ်ခံရပါလိမ့်မယ်။ တောင်းပန်ပါတယ် အရှင်မင်းသား။ ကျွန်တော်မျိုးကို သနားသောအားဖြင့် ဆေးသောက်လိုက်ပါတော့"

ပထမမင်းသားသည် မကြားသလိုပင် နေလိုက်လေသည်။

သူ့ကိုယ်သူတောင် အသက်မရှင်ချင်တော့တာ ဘေးနားက အစေခံကို ဘယ်လိုလုပ် ဂရုစိုက်နိုင်တော့မှာလဲ။

......

စစ်တဲတံခါး ပွင့်သွားပြီး ရင်းနှီးသော ခြေသံတစ်သံ ဝင်ရောက်လာလေသည်။

ရှောင်ကျန့်ကုန်းကုန်းသည် ဆေးခွက်ကို အမြန်ချထားလိုက်ပြီး မျက်ရည်များကို သုတ်ကာ ရှေ့သို့တိုးလာပြီး အရိုအသေပြုလိုက်လေသည်။

"မုန့်စစ်သူကြီးကို ဂါရဝပြုပါတယ်"

ပထမမင်းသား ဒဏ်ရာပြင်းထန်စွာ ရရှိပြီးနောက် ကွမ်းပင်းနယ်စားသည် မုန့်တပ်မတော်၏ စစ်သူကြီး ပြန်ဖြစ်လာခဲ့သည်။ စစ်တပ်တွင် မည်မျှပင် အလုပ်များနေပါစေ ကွမ်းပင်းနယ်စားသည် နေ့တိုင်း စစ်တဲသို့ လာရောက်ကြည့်ရှုလေ့ရှိပြီး တူတော်မောင်အပေါ် အလွန်ဂရုစိုက်သည်ဟု ပြောရပေမည်။

စစ်တပ်တွင် လဝက်ကျော် နေထိုင်ခဲ့ရပြီးဖြစ်သဖြင့် လှပသပ်ရပ်သော ကွမ်းပင်းနယ်စားသည် ယခုအခါ မျက်နှာတွင် မုတ်ဆိတ်မွေးများဖြင့် ပြည့်နှက်နေပြီး ကိုယ်သင်းနံ့သည်လည်း ချွေးနံ့နှင့် သွေးနံ့များ ရောနှောကာ ပြင်းထန်သော အနံ့တစ်မျိုး ထွက်ပေါ်နေလေသည်။

ကွမ်းပင်းနယ်စားသည် တစ်ချက်ဝေ့ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်လေသည်။

"မင်း အရင် ထွက်သွားလိုက်"

ရှောင်ကျန့်ကုန်းကုန်းသည် အသံတိုးတိုးဖြင့် အမိန့်နာခံကာ ထွက်ခွာသွားလေသည်။

ကွမ်းပင်းနယ်စားသည် ကုတင်ဘေးသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားလိုက်ပြီး ဆေးခွက်ကို ယူကာ စကားနည်းနည်း ပြောလိုက်လေသည်။

"လီယိ... ဆေးသောက်လိုက်"

ပထမမင်းသားသည် မည်မျှပင် စိတ်ဓာတ်ကျနေပါစေ သူ့ကို အမြဲတမ်း ထောက်ခံအားပေးခဲ့သော ဦးလေးတော်ကိုတော့ လစ်လျူရှု၍ မရပေ။ ခေါင်းပြန်လှည့်လာပြီး မျက်လုံးဖွင့်ကြည့်လိုက်လေသည်။

ပထမမင်းသားသည် နေ့စဉ် ကုတင်ပေါ်တွင် လဲလျောင်းနေရသော်လည်း မျက်လုံးများတွင် သွေးကြောများ ယှက်သန်းနေပြီး အိပ်မပျော်သည်မှာ မည်မျှကြာပြီလဲ မသိချေ။

ကွမ်းပင်းနယ်စားသည်လည်း ထိုနည်းလည်းကောင်းပင်။ မျက်လုံးများတွင် သွေးကြောများ ယှက်သန်းနေသည်မှာ ပထမမင်းသားထက် မလျော့နည်းချေ။

လတ်တလောတွင် စစ်ပွဲများ ဆက်တိုက် ရှုံးနိမ့်နေပြီး ဒဏ်ရာရသူများပြားနေသဖြင့် သူသည် စစ်သူကြီးတစ်ဦးအနေဖြင့် နေ့စဉ် အလုပ်များနေရသည်။ ထို့အပြင် အချိန်ပေး၍ ပထမမင်းသားကို လာရောက်အားပေးရသေးသဖြင့် စိတ်ထဲတွင် မကြည်လင်လှချေ။

"လူ့ဘဝဆိုတာ အတက်အကျ အနိမ့်အမြင့် ရှိတာပဲ" ကွမ်းပင်းနယ်စားက တည်ငြိမ်စွာ ပြောလိုက်လေသည်။ "ဒီလောက်လေးနဲ့ စိတ်ဓာတ်ကျသွားလို့ မဖြစ်ဘူး။ မင်း အခု ဘာမှ လျှောက်တွေးမနေနဲ့။ နေ့တိုင်း အချိန်မှန် ဆေးသောက်ပြီး ဒဏ်ရာ သက်သာအောင် လုပ်"

ကွမ်းပင်းနယ်စားသည် စိတ်ရှည်လက်ရှည် ဆေးတိုက်မည့်သူ မဟုတ်ပေ။ ပထမမင်းသားကို ပါးစပ်ဟခိုင်းပြီး အေးစက်လုနီးပါး ဖြစ်နေသော ဆေးရည်များကို လောင်းထည့်လိုက်လေသည်။

ဆေးရည်သည် မူလကပင် ခါးသက်လှသည်။ အေးသွားသောအခါ ပို၍ ခါးသက်သွားပြီး ခေါင်းနားပန်းကြီးမတတ် ဖြစ်သွားစေသည်။

ကွမ်းပင်းနယ်စား၏ လုပ်ရပ်သည် အနည်းငယ် ကြမ်းတမ်းသဖြင့် ပထမမင်းသားသည် သီးသွားပြီး ပြင်းထန်စွာ ချောင်းဆိုးလိုက်လေသည်။ လူက ချောင်းဆိုးလိုက်သည်နှင့် တစ်ကိုယ်လုံး တုန်ခါသွားပြီး ခြေထောက်ဒဏ်ရာမှ နာကျင်မှုသည်လည်း ပြင်းထန်စွာ ထွက်ပေါ်လာလေတော့သည်။

...

All Chapters