← Chapters

အခန်း (၃၆၄-၃၆၆)

Vol. 25 Ch. 364-366

အခန်း (၃၆၄-၃၆၆)

Vol. 25 Ch. 364-366

အပိုင်း (၃၆၄) ဒဏ်ရာပြင်းထန်ခြင်း (၂)

ညာဘက်ခြေထောက်မှ ပြင်းထန်သော နာကျင်မှုကို ပထမမင်းသားသည် အံကြိတ်ကာ သည်းခံနေရပြီး နဖူးတွင် ချွေးစေးများ တစ်လုံးလုံးကျနေလေသည်။

ကွမ်းပင်းနယ်စားက နှစ်သိမ့်ခြင်း မပြုသလို ထူမပေးခြင်းလည်း မရှိပေ။ သူက အေးစက်သော အကြည့်ဖြင့် ခဏလောက် စိုက်ကြည့်နေပြီးနောက် မေးလိုက်လေသည်။ "နာလား"

ပထမမင်းသားသည် နောက်ဆုံးတော့ သည်းမခံနိုင်တော့ဘဲ အံကြိတ်ကာ ပြန်ဖြေလိုက်လေသည်။ "နာတာပေါ့"

အရိုးထဲကနေ ကိုက်ခဲနေသလို အသည်းနှလုံး ကွဲကြေမတတ် နာကျင်လွန်းလှသည်။

သည်းခံထားသော မျက်ရည်ပူများသည် မျက်ဝန်းထဲမှ စီးကျလာလေသည်။

ပထမမင်းသားသည် သူ့ကို ချစ်ခင်နှစ်သက်သော ဦးလေးဖြစ်စေကာမူ ယခုကဲ့သို့ သနားစရာကောင်းသော ပုံစံမျိုးကို အမြင်မခံလိုပေ။ သူသည် ခက်ခက်ခဲခဲပင် ခေါင်းကို အတွင်းဘက်သို့ လှည့်လိုက်လေသည်။

ကွမ်းပင်းနယ်စားသည် လည်ချောင်းထဲမှ သက်ပြင်းကို မျိုချလိုက်ပြီး ရက်စက်လုနီးပါး အေးဆေးတည်ငြိမ်သော အသံဖြင့် ပြောလိုက်လေသည်။

"နာတာ မှန်တာပေါ့။ ဒဏ်ရာရမှတော့ မနာဘဲ နေမလား"

"မင်းက စစ်ပွဲအနည်းငယ် လိုက်တိုက်ဖူးရုံနဲ့ ကိုယ့်ကိုယ်ကိုယ် စစ်နတ်ဘုရားလို့ ထင်နေတာလား။ အဲဒီနေ့က မင်း စစ်ထွက်ခါနီးမှာ ငါ တားခဲ့ပေမဲ့ မင်းက ခေါင်းမာပြီး အကျိုးဆောင်ချင်စိတ်နဲ့ ထွက်သွားတာလေ။ မင်းက စစ်သူကြီး၊ ငါက ဒုစစ်သူကြီးဆိုပြီး ပြောလိုက်တော့။ ငါ မင်းကို ဘယ်လိုတားလို့ရတော့မှာလဲ။ အခု ရလဒ်က ဘယ်လိုဖြစ်သွားပြီလဲ"

"မင်းက ချူတပ်ရဲ့ ထောင်ချောက်ထဲ ဝင်သွားပြီး မင်း ခေါ်သွားတဲ့ စစ်သည်တော်တွေ တစ်ဝက်ကျော် သေကုန်ပြီ။ အဲဒီစစ်သည်တော်တွေက သာ့ဝေတိုင်းပြည်က နှစ်ပေါင်းများစွာ မွေးမြူထားတဲ့ အကောင်းဆုံး စစ်သည်တော်တွေ။ မုန့်တပ်ရဲ့ အထူးစစ်သည်တွေကွ။ တစ်ပွဲတည်းနဲ့ ထောင်ချီပြီး သေကုန်ပြီ"

"မင်း ခြေထောက်တစ်ဖက်လောက်က ဘာအရေးကြီးလို့လဲ။ မင်း အိပ်ရာပေါ်မှာ လှုပ်မရလို့သာ၊ မဟုတ်ရင် ငါ မင်းကို ရိုက်နှက်ဆုံးမပြီးလောက်ပြီ"

"မင်းရဲ့ မာနကြီးမှုကြောင့် စစ်သည်တော်ထောင်ချီပြီး အသက်ဆုံးရှုံးသွားရပြီ။ ကောင်းမွန်နေတဲ့ စစ်ရေးအခြေအနေလည်း ပျက်စီးသွားပြီ။ စစ်တပ်ရဲ့ စိတ်ဓာတ်တွေ ကျဆင်းနေလို့ အရှင်မင်းကြီးကိုယ်တိုင် ဦးဆောင်ပြီး စစ်ထွက်နေရတာ"

"မင်းကတော့ ကိုယ့်ကိုယ်ကိုယ် သနားပြီး ဝမ်းနည်းပူဆွေးနေရုံကလွဲလို့ ဘာလုပ်သေးလဲ"

"ဆေးတောင် မသောက်ချင်ဘူး။ လူတွေက ချော့မော့တောင်းပန်မှ သောက်မယ်ဆိုတဲ့ သဘောလား။ မင်း အသက်ရှင်ချင်ရင် ဆေးသောက်။ မရှင်ချင်ရင်လည်း ကြိုက်သလိုသာ လုပ်တော့"

ပထမမင်းသားသည် နောင်တရခြင်း၊ ရှက်ရွံ့ခြင်းတို့ဖြင့် မျက်လုံးများ နီရဲကာ ခေါင်းပြန်လှည့်လာပြီး အသံတိုးတိုးဖြင့် ပြောလိုက်လေသည်။

"တောင်းပန်ပါတယ် ဦးလေး"

"အခုမှ တောင်းပန်နေလို့ ဘာထူးမှာလဲ။ သေသွားတဲ့ စစ်သည်တော်တွေက ပြန်ရှင်လာမှာမှ မဟုတ်တာ"

ကွမ်းပင်းနယ်စား၏ ရင်ထဲတွင် ဒေါသမီးတောက်လောင်နေသည်မှာ တစ်လခန့် ရှိပြီဖြစ်ရာ ယနေ့မှ ပေါက်ကွဲထွက်လာခြင်း ဖြစ်လေသည်။ မျက်လုံးများတွင် ဒေါသအရိပ်အယောင်များ လက်ခနဲ ဖြစ်သွားပြီး ဆက်ပြောလိုက်လေသည်။

"ချူတပ်က အနိုင်ရထားတဲ့ အရှိန်နဲ့ စစ်အင်အားတွေ စုစည်းနေတယ်။ နောက်ပိုင်း တိုက်ရမယ့် စစ်ပွဲတွေက ပိုပြီး ခက်ခဲကြမ်းတမ်းလာလိမ့်မယ်။ ချူတပ်ကို အပြီးတိုင် ချေမှုန်းပြီး ချူနိုင်ငံကို သိမ်းပိုက်နိုင်ရင်လည်း သိမ်းပိုက်၊ မဟုတ်ရင်လည်း စစ်ရှုံးပြီး သာ့ဝေတိုင်းပြည်ကို ပြန်ပြေးရုံပဲ ရှိတော့မယ်"

"အရှင်မင်းကြီးဆိုရင် အလုပ်များလွန်းလို့ မအိပ်ရတာ ရက်တော်တော်ကြာနေပြီ။ ငါလည်း အတူတူပဲ"

"ဒီနေ့ ငါလာတာ နောက်ဆုံးပဲ။ နောက်ဆို ငါ မလာတော့ဘူး။ မင်း ကြိုက်သလိုသာ နေတော့"

ပြောပြီးသည်နှင့် ထရပ်ကာ ထွက်ခွာသွားလေတော့သည်။

ပထမမင်းသားက ငိုယိုပြီး အော်ပြောလိုက်လေသည်။ "ဦးလေး... ကျွန်တော် ကောင်းကောင်း ဆေးသောက်ပြီး ဒဏ်ရာကို ကုသပါ့မယ်"

ကွမ်းပင်းနယ်စားသည် လှည့်မကြည့်ဘဲ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားကာ ဆက်လက်ထွက်ခွာသွားလေသည်။

ပထမမင်းသားသည် အားရပါးရ ငိုကြွေးလိုက်ရာ ရင်ထဲတွင် စုပြုံနေသော ဝမ်းနည်းမှုများ လျော့ပါးသွားပြီး အသက်ရှင်လိုစိတ် ပြန်လည်ဖြစ်ပေါ်လာခဲ့လေသည်။ စကားလည်း ပြန်ပြောလာလေသည်။

သမားတော်နှစ်ဦး သွေးခုန်နှုန်း လာရောက်စမ်းသပ်သည့်အခါ ပထမမင်းသားက အသံအက်အက်ဖြင့် မေးလိုက်လေသည်။ "ကျွန်တော့်ခြေထောက် ကုလို့ရပါဦးမလား"

သမားတော်နှစ်ဦးသည် တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြပြီး တစ်ယောက်က စကားလုံးရွေးချယ်ကာ ပြောလိုက်လေသည်။

"ခြေထောက်ဒဏ်ရာက အရမ်းပြင်းထန်လွန်းတယ်။ နောက်ပိုင်း ဒဏ်ရာ အမာရွတ် ကျန်ခဲ့နိုင်ပါတယ်"

ပထမမင်းသားသည် ကြိုတင်မျှော်လင့်ထားပြီး ဖြစ်သော်လည်း အံကြိတ်ကာ ထပ်မေးလိုက်လေသည်။ "ကျွန်တော် မတ်တပ်ရပ်လို့ ရနိုင်ဦးမလား။ ဓားကိုင်လို့ ရနိုင်ဦးမလား"

သမားတော်က အသံတိုးတိုးဖြင့် ဖြေကြားလိုက်လေသည်။ "ကျွန်တော်မျိုး အစွမ်းကုန် ကြိုးစားကုသပေးပါ့မယ်"

အစွမ်းကုန် ကြိုးစားပေးမည်ဟု ဆိုခြင်းမှာ မျှော်လင့်ချက် နည်းပါးသည်ဟု ဆိုလိုခြင်း ဖြစ်လေသည်။

ပထမမင်းသားသည် ရင်ထဲတွင် အေးစက်သွားသော်လည်း အားတင်းကာ ငိုသည်ထက် အရုပ်ဆိုးသော အပြုံးတစ်ခုကို ပြုံးပြလိုက်လေသည်။

"သမားတော်နှစ်ယောက်ကို ဒုက္ခပေးရပါပြီ"

ပထမမင်းသားသည် ကုသမှုကို လက်ခံပြီး ဆေးကို အချိန်မှန် သောက်သုံးတော့မည် ဖြစ်၏။

သမားတော်နှစ်ဦးသည် သက်ပြင်းချကာ စိတ်အေးသွားကြပြီး အလျင်အမြန် ပြန်လည်ဖြေကြားလိုက်ကြလေသည်။

"ဒါတွေက ကျွန်တော်မျိုးတို့ရဲ့ တာဝန်ပါ။ အရှင်မင်းသား အနေနဲ့ အားနာစရာ မလိုပါဘူး"

......

နောက်တစ်ရက် ကြာသောအခါ။

ယုံးကျားဧကရာဇ်သည် စစ်တဲအတွင်းသို့ ဝင်ရောက်လာလေသည်။

စစ်တပ်အတွင်းတွင် ယောက်ျားသားများသာ ရှိသဖြင့် စားဝတ်နေရေး အရာအားလုံးသည် ရိုးရှင်းလွန်းလှသည်။ စစ်တပ်ထဲတွင် ရှိနေသဖြင့် ဧကရာဇ်မင်းမြတ် ဖြစ်လင့်ကစား မျက်နှာတွင် မုတ်ဆိတ်မွေးများဖြင့် ရှုပ်ပွနေသော ပုံစံမျိုး ဖြစ်နေလေသည်။

ကွမ်းပင်းနယ်စား ပြောသည့်အတိုင်း ယုံးကျားဧကရာဇ်သည် လတ်တလောတွင် စိတ်ဖိစီးမှုများနေပြီး ညအိပ်မပျော်သည်မှာ ရက်အတော်ကြာနေပြီ ဖြစ်သဖြင့် မျက်လုံးများတွင် သွေးကြောများ ယှက်သန်းနေကာ ပင်ပန်းနွမ်းနယ်နေပုံ ပေါက်နေလေသည်။

ပထမမင်းသားသည် ယုံးကျားဧကရာဇ်ကို တွေ့သည်နှင့် မျက်လုံးများ နီရဲလာလေသည်။ "သားတော်က သားမိုက်ပါ။ ဖုဟွမ်ကို ထပြီး ဂါရဝပြု တောင်းပန်လို့ မရပါဘူး"

ယုံးကျားဧကရာဇ်သည် သားကြီးဖြစ်သူ၏ ဖြူဖျော့နေသော မျက်နှာကို ကြည့်ကာ ရင်ထဲတွင် နာကျင်သွားပြီး ပခုံးကို အသာပုတ်ကာ ပြောလိုက်လေသည်။ "မင်း ဒဏ်ရာသက်သာအောင် နေတာက ကျန်းကို ကျေးဇူးဆပ်တာပါပဲ"

ပထမမင်းသား၏ မျက်လုံးများ ထပ်မံနီရဲသွားပြန်သည်။

ယုံးကျားဧကရာဇ်နှင့်အတူ ဝင်ရောက်လာသူများမှာ ပထမမင်းသား၏ ယောက်ဖများဖြစ်သော လျန်သာ့လန်နှင့် လျန်အာ့လန်တို့ ဖြစ်ကြသည်။

ညီအစ်ကိုနှစ်ယောက်သည် ယောက်ဖဖြစ်သူ၏ သနားစရာပုံစံကို ကြည့်ကာ စိတ်မကောင်း ဖြစ်မိကြလေသည်။

စစ်မြေပြင်တွင် ဘာမဆို ဖြစ်သွားနိုင်သည်။

စစ်သူကြီးစွန်း ဆိုလျှင် ဒဏ်ရာဟောင်း ပြန်ပေါ်လာပြီး မြင်းပေါ်မှ ပြုတ်ကျကာ ကွယ်လွန်သွားခဲ့ရသည်။ ပထမမင်းသား ခြေထောက်ဒဏ်ရာရသွားခြင်းသည် စိတ်မကောင်းစရာ ဖြစ်သော်လည်း အသက်ရှင်နေသေးခြင်းကပင် ကံကောင်းသည်ဟု ဆိုရပေမည်။

ယုံးကျားဧကရာဇ်က သားကြီးဖြစ်သူကို နှစ်သိမ့်စကား ပြောလိုက်လေသည်။

"မင်း စိတ်မကောင်းဖြစ်နေတာ ကျန်း သိပါတယ်။ ဒါပေမဲ့ ဖြစ်ပြီးတာတွေ ဖြစ်ကုန်ပြီဆိုတော့ ဘာမှ တွေးမနေပါနဲ့တော့။ စစ်တဲထဲမှာ အေးအေးဆေးဆေး အနားယူပါ။ ဒဏ်ရာ နည်းနည်းသက်သာလာရင် ကျန်း မင်းကို မြို့တော်ပြန်ပို့ပေးပါ့မယ်"

ပထမမင်းသားသည် လန့်သွားပြီး ချက်ချင်း ပြောလိုက်လေသည်။

"ကျွန်တော် မပြန်ချင်ပါဘူး"

သူ့အနေနဲ့ ဘယ်မျက်နှာနဲ့ မြို့တော်ကို ပြန်ရမှာလဲ။

ယုံးကျားဧကရာဇ်သည် မျက်မှောင်ကြုတ်ကာ တည်ငြိမ်စွာ ပြောလိုက်လေသည်။

"မင်းဒဏ်ရာက ဒီလောက် ပြင်းထန်တာ၊ တစ်နှစ်လောက် အနားယူမှ ကောင်းမှာ။ စစ်တိုက်ဖို့ ဘယ်လိုလုပ် ခံနိုင်ရည် ရှိမှာလဲ"

စစ်တဲသည် လောလောဆယ် ဤနေရာတွင် စခန်းချထားသော်လည်း တိုက်ပွဲနိုင်လျှင် ချူနိုင်ငံအတွင်းသို့ ဆက်လက်ချီတက်ရမည်။ စစ်ရှုံးလျှင်လည်း နောက်ဆုတ်ရပေမည်။ ပထမမင်းသား၏ အခြေအနေအရ ခရီးကြမ်းသွားလာခြင်းကို ခံနိုင်ရည် ရှိမည်မဟုတ်ချေ။

အကောင်းဆုံးမှာ မြို့တော်သို့ ပြန်လွှတ်ပြီး အေးအေးဆေးဆေး အနားယူစေခြင်း ဖြစ်သည်။

ပထမမင်းသားသည် ယုံးကျားဧကရာဇ်၏ လက်မောင်းကို ဆွဲကိုင်ကာ တောင်းပန်လိုက်လေသည်။ "ဖုဟွမ်... သားတော် မြို့တော်ကို မပြန်ချင်ပါဘူး။ စစ်တပ်ထဲမှာပဲ နေချင်ပါတယ်။ ပင်ပန်းဆင်းရဲတာတွေကို သားတော် မကြောက်ပါဘူး။ ဖုဟွမ်... သားတော်ကို မြို့တော် ပြန်မလွှတ်ပါနဲ့..."

နောက်ဆုံးတွင် အသံများ တုန်ရီလာလေသည်။

"သားတော်ရဲ့ ပေါ့ဆမှုကြောင့် စစ်ရှုံးခဲ့ရပြီး စစ်သည်တော်ထောင်ချီ သေဆုံးခဲ့ရပါတယ်။ သားတော် ဘယ်မျက်နှာနဲ့ မြို့တော်ကို ပြန်ရမှာလဲ"

"သားတော် ခြေထောက်ဒဏ်ရာရပေမဲ့ လက်နှစ်ဖက် ရှိပါသေးတယ်။ ဦးနှောက်လည်း ရှိပါသေးတယ်။ ဖုဟွမ်... သားတော်ကို စစ်တပ်ထဲမှာ ဆက်နေခွင့်ပြုပါ။ စစ်တပ်အတွက် တစ်ဖက်တစ်လမ်းက အကျိုးပြုချင်ပါသေးတယ်"

ဒီပုံစံနဲ့က ဝန်ထုပ်ဝန်ပိုး မဖြစ်ရင် ကံကောင်း။ ဘာများ အကျိုးပြုနိုင်ဦးမှာမို့လို့လဲ။

ယုံးကျားဧကရာဇ်သည် ပါးစပ်ဟလိုက်သော်လည်း ထိုကြမ်းတမ်းသော စကားများကို မျိုချလိုက်ပြီး ပြောင်းလဲပြောဆိုလိုက်လေသည်။ "ကောင်းပြီလေ။ မင်း နေချင်ရင် နေပေါ့။ ဒါပေမဲ့ ခရီးကြမ်း မခံနိုင်ရင် မာန်တင်းမနေနဲ့။ ကျန်းကို ပြောပါ။ အဲဒီကျမှ မြို့တော်ကို ပြန်ပို့ပေးမယ်"

ပထမမင်းသားက ရှိုက်သံဖြင့် လက်ခံလိုက်လေသည်။

ယုံးကျားဧကရာဇ်သည် အချိန်ကြာကြာ နေမရသဖြင့် စကားအနည်းငယ် ပြောဆိုပြီးနောက် လျန်အာ့လန်ကို ပထမမင်းသားအား စောင့်ရှောက်ရန် ထားခဲ့လိုက်လေသည်။

လျန်အာ့လန်သည် ကုတင်ဘေးတွင် ထိုင်ကာ အသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "အရှင်မင်းသား ဒဏ်ရာရတဲ့သတင်း မြို့တော်ကို ရောက်သွားတော့ မုန့်ကွေ့ဖေးနဲ့ သာ့ဟွမ်စစ်ဖေးတို့ ခံနိုင်ရည်မရှိဘဲ ဖျားနာကုန်ကြတယ်။ အရှင်မင်းသားက သူတို့ရဲ့ အားကိုးရာမို့လို့ သေချာပေါက် တောင့်ခံထားရပါမယ်"

ဟုတ်တာပေါ့... သူ့မှာ အမေနဲ့ သားမယား ရှိနေသေးတာပဲ။

သူ လဲကျသွားလို့ မဖြစ်ဘူး။

ပထမမင်းသားသည် အားတင်းကာ ခေါင်းညိတ်လိုက်လေသည်။

"စိတ်ချပါ... ငါ တောင့်ခံထားနိုင်ပါတယ်"

ထိုအချိန်တွင်ပင် ရှောင်ကျန့်ကုန်းကုန်းသည် ဝင်ရောက်လာပြီး အသံတိုးတိုးဖြင့် လျှောက်တင်လေသည်။

"အရှင်မင်းသားကို လျှောက်တင်ပါတယ်... အိမ်ရှေ့စံက စာပို့လိုက်ပါတယ်"

...

အပိုင်း (၃၆၅) ဒဏ်ရာပြင်းထန်ခြင်း (၃)

အိမ်ရှေ့စံ လီကျင့်၏ နာမည်ကို ကြားလိုက်ရသည်နှင့် ပထမမင်းသား၏ မျက်နှာထားသည် ချက်ချင်း တောင့်တင်းသွားလေသည်။

ညီအစ်ကိုနှစ်ယောက်သည် ငယ်စဉ်ကတည်းက တိတ်တဆိတ် တိုက်ခိုက်လာခဲ့ကြသည်မှာ သံယောဇဉ် မည်မျှကျန်ရှိသည်ကို နှစ်ဦးစလုံး အသိဆုံး ဖြစ်ကြသည်။

စစ်မထွက်မီက လီကျင့်သည် သူ့ဆီသို့ လာရောက်ပြီး စစ်တိုက်သည့်အခါ စစ်သည်တော်များကို ဂရုစိုက်ရန်နှင့် အကျိုးဆောင်လိုစိတ် များပြားပြီး ထောင်ချောက်ထဲသို့ မဝင်မိစေရန် သတိပေးခဲ့ဖူးသည်။

ထိုအချိန်က သူ ဘယ်လို တုံ့ပြန်ခဲ့ပါသနည်း။

အပေါ်ယံ အပြုံးဖြင့် နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားပြီး မျက်လုံးထဲတွင် အထင်သေးသော အရိပ်အယောင်များဖြင့် ပြောခဲ့သည်။

"ငါက ဖုဟွမ်နဲ့အတူ စစ်ပွဲတွေ အကြိမ်ကြိမ် လိုက်ပါဖူးတယ်။ ကိုယ်တိုင်လည်း စစ်သည်တော်တွေကို ဦးဆောင်ပြီး တိုက်ခိုက်ဖူးတယ်။ စစ်ရေးစစ်ရာမှာ ကျွမ်းကျင်ပါတယ်။ အာ့တိ စိတ်ပူနေစရာ မလိုပါဘူး"

လီကျင့်၏ မျက်နှာထားသည် ရှုပ်ထွေးသွားသော်လည်း ဒေါသကို မြိုသိပ်ကာ ထပ်မံသတိပေးခဲ့သည်။

"ချူတပ်ထဲမှာ ယွဲ့ရုံ ဆိုတဲ့ စစ်သူကြီးတစ်ယောက် ရှိတယ်။ လူက ကောက်ကျစ်စဉ်းလဲပြီး ဉာဏ်များတယ်။ တကယ်လို့ သူ့နဲ့တွေ့ရင် သတိထားပါ"

သူက ဟားခနဲ ရယ်မောပြီး ပေါ့ပေါ့တန်တန် လက်ခံခဲ့သည်။

ထို့နောက်တွင် စစ်တပ်နှစ်ခု လမ်းခွဲသွားကြပြီး သူနှင့် လီကျင့်တို့ တွေ့ဆုံရန် အခွင့်အရေး မရှိတော့ချေ။ လဝက်ကျော်အတွင်း လီကျင့်က စာ ၃ စောင် ပို့လာခဲ့ပြီး စာတိုင်းတွင် ယွဲ့ရုံ ဟူသော စစ်သူကြီးအကြောင်း ပါဝင်လေသည်။

တစ်ခါ၊ နှစ်ခါ ဆိုတော့ ထိုနာမည်သည် သူ့ခေါင်းထဲတွင် စွဲထင်ကျန်ရစ်ခဲ့သည်။

လွန်ခဲ့သော တစ်လက သူသည် မုန့်တပ်ကို ဦးဆောင်ကာ ယွဲ့ရုံနှင့် တွေ့ဆုံခဲ့သည်။ သူ တွေးခဲ့သည်မှာ ချူတပ်ကို အမြန်ဆုံး ချေမှုန်းပြီး ယွဲ့ရုံကို ကိုယ်တိုင် သတ်ဖြတ်ကာ လီကျင့်ကို သူ့အစွမ်းအစများ ပြသရမည် ဟူ၍ပင်။

သို့သော် ယွဲ့ရုံသည် ထောင်ချောက်များ ကြိုတင်စီစဉ်ထားပြီး သူ့ကို တစ်ဆင့်ချင်း ဆွဲခေါ်သွားခဲ့သည်။ သူက ယွဲ့ရုံကို သတ်ဖြတ်နိုင်ခြင်း မရှိသည့်အပြင် ယွဲ့ရုံ၏ ဓားချက်ကြောင့် ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရပြီး အသက်ပါ ပျောက်လုနီးပါး ဖြစ်ခဲ့ရသည်။

သူ ဒဏ်ရာပြင်းထန်စွာ ရရှိသွားသည့်သတင်း လီကျင့်ဆီ ရောက်သွားလောက်ပြီ။

လီကျင့်က စာရေးလာသည်မှာ သေချာပေါက် သူ့ကို လှောင်ပြောင်သရော်ပြီး စစ်ရှုံးသည့်အပြင် ခြေထောက်တစ်ဖက်ပါ ပေးဆပ်လိုက်ရသည်ဟု ပြောဆိုချင်၍ ဖြစ်ပေမည်။

ပထမမင်းသား၏ မျက်နှာထားသည် အမျိုးမျိုး ပြောင်းလဲနေပြီး စကားတစ်ခွန်းမှ မပြောဘဲ နေလိုက်လေသည်။

လျန်အာ့လန်က ချောင်းဟန့်ကာ အသံတိုးတိုးဖြင့် သတိပေးလိုက်လေသည်။

"စာပို့တဲ့သူက စစ်တဲအပြင်မှာ ရှိနေပါသေးတယ်။ အရှင်မင်းသား အရင်တွေ့လိုက်ပါဦး"

ညီအစ်ကိုနှစ်ယောက် မည်မျှပင် မသင့်မြတ်နေပါစေ ဒါက အတွင်းရေးကိစ္စပင်။ အပြင်လူများ သိအောင် မလုပ်သင့်ပေ။ စာပို့သမားကိုပင် မတွေ့ဘဲ နေလိုက်ခြင်းက သိက္ခာကျလွန်းလှသည်။

ပထမမင်းသားသည် သတိပြန်ဝင်လာပြီး အသံအက်အက်ဖြင့် ပြောလိုက်လေသည်။

"ဝင်ခိုင်းလိုက်"

ခဏအကြာတွင် စာလာပို့သော အိမ်ရှေ့စံ၏ ကိုယ်ရံတော်သည် စစ်တဲအတွင်းသို့ ဝင်ရောက်လာပြီး ဒူးထောက်ကာ အရိုအသေပြုလေသည်။ ယန်နိုင်ငံနှင့် ချူနိုင်ငံတွင် စစ်တိုက်နေကြပြီး တပ်နှစ်ခုသည် ယန်နှင့် ချူ နယ်မြေများသို့ နက်ရှိုင်းစွာ ဝင်ရောက်နေကြသဖြင့် မိုင်ရာချီ ကွာဝေးလေသည်။ စာတစ်စောင် ပို့ရန်မှာ မလွယ်ကူလှပေ။

ကိုယ်ရံတော်သည် စာကို လက်နှစ်ဖက်ဖြင့် ဆက်သကာ ရိုသေစွာ ပြောလိုက်လေသည်။

"ထိုက်ဇီက ကျွန်တော်မျိုးကို စာလာပို့ခိုင်းတာပါ။ တကယ်လို့ ပထမမင်းသား စာပြန်မယ်ဆိုရင် ကျွန်တော်မျိုး တစ်ခါတည်း ယူသွားပါ့မယ်"

ပထမမင်းသားသည် အားတင်းကာ ပြောလိုက်လေသည်။

"မင်း အရင်သွားနားလိုက်ဦး။ မနက်ဖြန်ကျရင် စာပြန်ပေးလိုက်မယ်"

ရက်ပေါင်းများစွာ ခရီးနှင်လာသော ကိုယ်ရံတော်သည် ထွက်ခွာသွားလေသည်။

ပထမမင်းသားသည် ခြေထောက်ဒဏ်ရာ ပြင်းထန်သော်လည်း လက်နှစ်ဖက်ကတော့ ဒဏ်ရာမရရှိသဖြင့် မထူမပါး စာအိတ်ကို ကိုင်ထားလိုက်သည်။ မီးပူတိုက်ထားသော သံပူခဲကို ကိုင်ထားရသကဲ့သို့ လွှင့်ပစ်ချင်နေသော မျက်နှာထား ဖြစ်နေလေသည်။

လျန်အာ့လန်သည် မနေနိုင်ဘဲ အကြံပြုလိုက်လေသည်။

"အရှင်မင်းသား ကျွန်တော်ပြောတာ နားထောင်ပါဦး။ ဘယ်လိုပဲဖြစ်ဖြစ် ထိုက်ဇီက အရှင်မင်းသားရဲ့ ညီအစ်ကိုအရင်းပါ။ အရင်တုန်းက စိတ်ဝမ်းကွဲစရာတွေ ရှိခဲ့ပေမဲ့ အခု အရှင်မင်းသား ဒဏ်ရာရနေချိန်မှာ ထိုက်ဇီက စာရေးလာမှတော့ အရှင်မင်းသားအနေနဲ့ ဒီအခွင့်အရေးကိုယူပြီး ထိုက်ဇီနဲ့ ပြန်လည်သင့်မြတ်အောင် လုပ်သင့်ပါတယ်"

တစ်နည်းအားဖြင့် ပြောရလျှင် ယခင်က ပထမမင်းသားသည် အိမ်ရှေ့စံနှင့် ယှဉ်ပြိုင်ခဲ့သော်လည်း မနိုင်ခဲ့ပေ။ ယခုအခါ အိမ်ရှေ့စံသည် အကြိမ်ကြိမ် အောင်ပွဲခံနေပြီး ပထမမင်းသားမှာတော့ ခြေထောက်ဒဏ်ရာကြောင့် မသန်စွမ်းသူတစ်ပိုင်း ဖြစ်နေပြီ။ နောင်တစ်ချိန် အိမ်ရှေ့စံရာထူး မမြဲလျှင်တောင် ပထမမင်းသား အလှည့်ရောက်လာမည် မဟုတ်ချေ။

ဒီအချိန်မှ ခေါင်းမငုံ့ရင် ဘယ်အချိန် ခေါင်းငုံ့မလဲ။

ပထမမင်းသားသာ ခေါင်းငုံ့လိုက်လျှင် အိမ်ရှေ့စံ၏ စိတ်သဘောထားအရ ဒုက္ခိတဖြစ်နေသော အစ်ကိုကြီးတစ်ယောက်ကို လက်မခံဘဲ နေမည် မဟုတ်ပေ။

လျန်အာ့လန်သည် ပထမမင်းသား၏ ယောက်ဖအရင်းဖြစ်၍သာ ဤစကားမျိုး ပြောရဲခြင်း ဖြစ်သည်။ အခြားသူသာဆိုလျှင် ပထမမင်းသားက မောင်းထုတ်လိုက်လောက်ပြီ။

သို့သော်ငြား ပထမမင်းသား၏ မျက်နှာထားသည် ကောင်းမွန်မလာဘဲ အချိန်အတော်ကြာမှ စကားအနည်းငယ် ပြောလိုက်လေသည်။

"ငါ စာဖတ်ချင်လို့... မင်း အရင်ပြန်တော့"

ပထမမင်းသားက သဘောထား သေးသိမ်လွန်းသည်။

လျန်အာ့လန်သည် စိတ်ထဲတွင် သက်ပြင်းချလိုက်ပြီး ထွက်ခွာခါနီးတွင် မနေနိုင်ဘဲ ထပ်မံသတိပေးလိုက်လေသည်။

"ထိုက်ဇီက ညီအစ်ကိုသံယောဇဉ်ကို ထောက်ထားပြီး စာရေးလာတာပါ။ အရှင်မင်းသားလည်း စာကို ကောင်းကောင်း ပြန်ရေးလိုက်ပါ။ ညီအစ်ကိုတွေကြားမှာ ဖြေရှင်းလို့ မရနိုင်တဲ့ အမုန်းတရားဆိုတာ မရှိပါဘူး"

အဓိကကတော့ ကိုယ့်စိတ်ကို ဖြေရှင်းလို့မရတာပါပဲ။

ပထမမင်းသားသည် ဘာမှပြန်မပြောချေ။

လျန်အာ့လန်သည် လက်ယှက်နှုတ်ဆက်ကာ ထွက်ခွာသွားလေတော့သည်။

လျန်အာ့လန် ထွက်ခွာသွားပြီးနောက် ပထမမင်းသားသည် စာကို မဖောက်ဘဲ ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်ကာ မျက်လုံးမှိတ်ထားလိုက်လေသည်။

ရှောင်ကျန့်ကုန်းကုန်းသည် တိတ်တဆိတ် လျှောက်လာပြီး စာကို ကောက်ယူကာ ပထမမင်းသား၏ ခေါင်းအုံးဘေးတွင် တင်ထားပေးလိုက်လေသည်။

ပထမမင်းသား အိပ်ပျော်သွားသည်လား မသိသော်လည်း မိုးချုပ်သည်အထိ မျက်လုံးမှိတ်ထားဆဲပင်။ သမားတော်နှစ်ဦးသည် သွေးခုန်နှုန်းစမ်းသပ်ရန်နှင့် ဆေးထည့်ရန် ရောက်ရှိလာပြန်သည်။

ဆေးထည့်တိုင်း ဒဏ်ရာကို ထိတွေ့ရသဖြင့် ညှဉ်းဆဲခံနေရသကဲ့သို့ပင်။

ပထမမင်းသား၏ နဖူးပေါ်တွင် ချွေးစေးများ ကျဆင်းလာပြီး ပြင်းထန်သော နာကျင်မှုကြောင့် မျက်နှာတစ်ခုလုံး ရှုံ့မဲ့နေလေသည်။

ဆေးထည့်ပြီးသွားသောအခါ ပထမမင်းသားသည် အသက်တစ်ဝက်လောက် ပါသွားသကဲ့သို့ အသက်ပြင်းပြင်း ရှူနေရသည်။

ရှောင်ကျန့်ကုန်းကုန်းသည် ဆန်ပြုတ်တစ်ခွက် ယူလာသော်လည်း ပထမမင်းသားသည် စားချင်စိတ် လုံးဝမရှိချေ။

"ငါ မစားဘူး... ယူသွား"

ရှောင်ကျန့်ကုန်းကုန်းသည် ပန်းကန်လုံးကို ဘေးတွင်ချထားလိုက်ပြီး ကြမ်းပြင်ပေါ်ကျနေသော စာကို ကောက်ယူကာ ပထမမင်းသား၏ လက်နားတွင် ထားပေးလိုက်သည်။

"အရှင်မင်းသား... ထိုက်ဇီရဲ့ စာကို မဖတ်ရသေးပါဘူး"

"အစေခံကများ သခင်ကို ဆရာလာလုပ်နေတယ်"

ပထမမင်းသားသည် မျက်လုံးဖွင့်လိုက်ပြီး ဒေါသတကြီး အော်ပြောလိုက်လေသည်။

"ထွက်သွားစမ်း"

ရှောင်ကျန့်ကုန်းကုန်းသည် ကြောက်လန့်တကြား ထွက်ပြေးသွားလေသည်။

ပထမမင်းသားသည် တွေးလေ ဒေါသထွက်လေ ဖြစ်လာပြီး စာအိတ်ကို ယူကာ ထက်ပိုင်းဖြဲပစ်လိုက်သည်။ စိတ်မကျေနပ်သေးဘဲ ထပ်ခါထပ်ခါ ဖြဲပစ်လိုက်ရာ စာရွက်စများသည် ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲသွားလေတော့သည်။

......

တခြား ကျယ်ဝန်းသော စစ်တဲတစ်ခုအတွင်းတွင် စစ်သူကြီးများ စုဝေးရောက်ရှိနေကြပြီး ယုံးကျားဧကရာဇ်သည် နောက်ဆက်တွဲ စစ်ပွဲအခြေအနေများကို တည်ငြိမ်စွာ ဆွေးနွေးတိုင်ပင်နေလေသည်။

လျန်သာ့လန်နှင့် လျန်အာ့လန်တို့သည် စစ်တဲအပြင်ဘက်တွင် စောင့်ကြပ်နေကြသည်။

ချူနယ်မြေသည် စိုစွတ်ပြီး ပူနွေးသဖြင့် ဆောင်းရာသီရောက်သော်လည်း သိပ်မအေးလှချေ။

ညီအစ်ကိုနှစ်ယောက်သည် အရပ်ရှည်ပြီး သန်မာထွားကြိုင်းကြသဖြင့် ယှဉ်ရပ်လိုက်လျှင် သံတိုင်ကြီးနှစ်တိုင်ကဲ့သို့ပင်။

"ထိုက်ဇီ စာလာပို့တယ်လို့ ကြားတယ်"

လျန်သာ့လန်သည် ခေါင်းမလှည့်ဘဲ အသံတိုးတိုးဖြင့် မေးလိုက်လေသည်။

လျန်အာ့လန်က နားလည်လိုက်ပြီး သက်ပြင်းချကာ ပြန်ဖြေလိုက်လေသည်။

"ဟုတ်တယ်။ ဒါပေမဲ့ အရှင်မင်းသားက လက်ခံတဲ့ပုံ မပေါ်ဘူး။ ကျွန်တော်က စာဖတ်ပြီး ပြန်စာရေးဖို့ တိုက်တွန်းခဲ့ပေမဲ့ နားမထောင်ဘဲ မောင်းထုတ်လိုက်တယ်"

လျန်သာ့လန်သည် ခဏလောက် တိတ်ဆိတ်နေပြီးနောက် ပြောလိုက်လေသည်။

"အရှင်မင်းသားက သဘောထား သေးသိမ်လွန်းတယ်"

ဟုတ်တာပေါ့။

ဒီအချိန်ရောက်နေတာတောင် မာနကို တင်းခံထားပြီး အိမ်ရှေ့စံနဲ့ ပြိုင်ချင်နေတုန်းပဲ။ သဘောထား သေးသိမ်ရုံသာမက အခြေအနေကိုလည်း သုံးသပ်နိုင်စွမ်း မရှိဘူး။

ဒီလိုယောက်ဖမျိုး ရထားတာ တော်တော် ခံရခက်တာပဲ။

"ထားလိုက်ပါတော့... ကျွန်တော်တို့ လုပ်သင့်တာ လုပ်ပြီးပြီပဲ"

လျန်အာ့လန်က တီးတိုး ရေရွတ်လိုက်လေသည်။

"အဖေပြောတာ မှန်ပါတယ်။ ကျွန်တော်တို့ ညီအစ်ကိုတွေက အရှင်မင်းကြီးအပေါ် သစ္စာရှိဖို့ပဲ လိုတာပါ။ မင်းသားတွေရဲ့ ကိစ္စက ကျွန်တော်တို့နဲ့ မဆိုင်ပါဘူး"

လျန်သာ့လန်က ခေါင်းညိတ်လိုက်လေသည်။

ပထမမင်းသား ကိုယ့်သေတွင်း ကိုယ်တူးတာ သူ့ကိစ္စပဲ။ လျန်မိသားစုက လိုက်ပါပတ်သက်လို့ မဖြစ်ဘူး။

အရင်တုန်းက ညီအစ်ကိုနှစ်ယောက် စိတ်ကူးယဉ်ခဲ့ဖူးကြသည်။ ယခုတော့ ထိုစိတ်ကူးများသည် ပျောက်ကွယ်သွားခဲ့ပြီ။

လျန်မိသားစုသည် သစ္စာရှိသော မှူးမတ်မျိုးရိုးဖြစ်ပြီး ဧကရာဇ်မင်းမြတ်၏ ကျွန်များသာ ဖြစ်ကြသည်။ ယခုအခါ အရှင်မင်းကြီးအပေါ် သစ္စာစောင့်သိပြီး နောင်တစ်ချိန် အိမ်ရှေ့စံ နန်းတက်လာလျှင် အိမ်ရှေ့စံအပေါ် သစ္စာစောင့်သိရမည်။ ဒါသည် လျန်မိသားစု လျှောက်လှမ်းရမည့် လမ်းကြောင်းဖြစ်ပြီး အလုံခြုံဆုံးနှင့် အကောင်းဆုံးလည်း ဖြစ်ပေသည်။

...

အပိုင်း( ၃၆၆) စစ်အင်အား

ပထမမင်းသားသည် အိမ်ရှေ့စံ၏စာကို တစ်ချက်မှပင် ဖတ်မကြည့်ဘဲ အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲပစ်လိုက်သဖြင့် ပြန်စာရေးရန်လဲ အကြောင်းမရှိတော့ချေ။

အိမ်ရှေ့စံ၏ ကိုယ်ရံတော်သည် တစ်ညတာအနားယူပြီးနောက် ပြန်စာမရသဖြင့် စစ်တပ်သို့ ပြန်လာခဲ့လိုက်တော့၏။ ခရီးကြမ်းနှင်လာခဲ့ပြီးနောက် လဝက်ခန့်အကြာတွင် ရင်းနှီးနေပြီးသား စစ်တပ်သို့ ပြန်ရောက်လာခဲ့သည်။

စာသွားပို့သောကိုယ်ရံတော်သည် အိမ်ရှေ့စံ၏ ကိုယ်ရံတော်ခေါင်းဆောင်ထံသို့ သွားသတင်းပို့လေသည်။ "တပ်မှူးကျော် ထိုက်ဇီ ဘယ်မှာလဲ"

တပ်မှူးကျော်က အသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "ဒီရက်ပိုင်း တိုက်ပွဲတွေ ပြင်းထန်နေလို့ ထိုက်ဇီက ရှင်းယန်ဝမ်၊ ဖူယန်ဟိုတို့နဲ့အတူ စစ်တပ်ထဲမှာ ဆွေးနွေးနေတယ်။ နေ့တစ်ဝက်လောက် ရှိနေပြီ အခုထိ မပြီးသေးဘူး"

"မင်းမလောနဲ့အုံး။ စစ်တဲထဲကိုပြန်ပြီး ခဏလောက်နားလိုက်အုံး။ ထိုက်ဇီလာတဲ့အခါ မင်းကို ခေါ်တွေ့ပါလိမ့်မယ်"

သာ့ယန်မြေပုံကို ကြည့်မည်ဆိုပါက သာ့ဝေတိုင်းပြည်သည် မြို့၅ခုကို သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း တွေ့ရမည်။ ဆဠမမြောက်မြို့သည် သာ့ယန်တိုင်းပြည်၏ စစ်ရေးအချက်အချာကျသော မြို့ဖြစ်ပြီး သာ့ယန်တိုင်းပြည်၏ အကောင်းဆုံး စစ်သည်တော်များကို စေလွှတ်ကာ သာ့ဝေတိုင်းပြည်၏ စစ်တပ်ကို မြို့ရိုးအပြင်ဘက်တွင် တားဆီးထားလေသည်။

ရှင်းယန်တပ်နှင့် ကျောက်တပ်တို့သည်လဲ တပ်ခွဲချင်းမပြုတော့ဘဲ မြို့အပြင်ဘက် မိုင်၅၀ခန့်အကွာတွင် အတူစခန်းချထားကြသည်။

ဖူယန်ဟိုဦးဆောင်သော စစ်ပွဲတစ်ခုတွင် ရှုံးနိမ့်ခဲ့လေသည်။

ဖူယန်ဟိုသည် ဒဏ်ရာအနည်းငယ် ရရှိခဲ့ပြီး လက်မောင်းကို ပိတ်ဖြူစဖြင့် တင်းကြပ်စွာ စည်းနှောင်ထားကာ လည်ပင်းတွင် သိုင်းထားလေသည်။ သူသည် မျက်နှာတစ်ခုလုံး ဖုန်များပေကျံနေပြီး ယခင်ကဲ့သို့ တည်ငြိမ်မှုမရှိတော့ဘဲ အံကြိတ်ကာ ဒေါသတကြီး ပြောလိုက်တော့၏။ "ဒီယန်ကောင်တွေ ယမ်းအိုးစားထားတဲ့အတိုင်းပဲ။ စစ်မြေပြင်မှာ အသက်ကို ပဓာနမထားဘဲ တိုက်ခိုက်နေကြတယ်။ ဒီလိုစစ်ပွဲမျိုး ဘယ်လိုတိုက်ရမှာလဲ"

ရှင်းယန်ဝမ်၏ မျက်နှာအမူအယာကတော့ လေးနက်နေသော်ငြား တည်ငြိမ်နေဆဲပင်။

"ယုန်ကတောင် အကျပ်အတည်းတွေ့ရင် ကိုက်တတ်သေးတာပဲ။ သာ့ဝေတိုင်းပြည်က သာ့ယန်တိုင်းပြည်ရဲ့ မြို့၅မြို့ကို သိမ်းထားလိုက်ပြီ သူတို့ရဲ့ နယ်မြေသုံးပုံတစ်ပုံကို ယူထားလိုက်ပြီ။ သာ့ယန်တိုင်းပြည်က ဘယ်လိုလုပ်မလောဘဲ နေမှာလဲ။ သူတို့က အကောင်းဆုံး စစ်သည်တော်တွေ အကုန်လုံးကို ထုတ်သုံးပြီး သာ့ဝေတိုင်းပြည်ရဲ့ စစ်တပ်ကို အပြီးတိုင် ချေမှုန်းဖို့ ကြိုးစားနေကြတာ။ အသက်ကို ပဓာနမထားဘဲ တိုက်ခိုက်တာ မဆန်းပါဘူး"

ကျန်ရှိနေကြသည့် စစ်သူကြီးများကလဲ မျက်မှောင်ကြုတ်ထားလိုက်ကြလေသည်။

စစ်တိုက်ခြင်းဆိုသည်မှာ စိတ်ဓာတ်ပိုင်းဆိုင်ရာ အရှိန်အဟုန်ပင်။ ယခင်က သာဝေ့တိုင်းပြည်သည် ဝါးကိုခွဲသကဲ့သို့ အလွယ်တကူ အနိုင်ရခဲ့ပြီး စစ်တပ်၏ စိတ်ဓာတ်အင်အားများက တက်ကြွနေခဲ့သည်။ ယခုအခါ ဆက်တိုက်စစ်ရှုံးနေပြီး စစ်သည်တော်အများအပြား သေဆုံးဒဏ်ရာရသဖြင့် စစ်တပ်၏ စိတ်ဓာတ်ကလဲ ကျဆင်းနေလေသည်။

ရေရှည်ဆိုလျှင်တော့ ကောင်းမွန်သော အလားအလာ မဟုတ်ပေ။

လောလောဆယ်တွင် စစ်တပ်၏ စိတ်ဓာတ်ကို ပြန်လည်မြှင့်တင်ရန်အတွက် အောင်ပွဲကြီးတစ်ခု လိုအပ်နေလေသည်။

ဖူယန်ဟိုသည် စစ်တိုက်ရာတွင် မကျွမ်းကျင်သော်လည်း အခြေအနေကို သုံးသပ်ရာတွင် တိကျလှ၏။ သူက ပြောလာခဲ့သည်။ "ဘယ်လိုပဲဖြစ်ဖြစ် ထပ်ပြီးစစ်ရှုံးလို့ မဖြစ်တော့ဘူး။ ကျောက်တပ်က အဆင်မပြေတော့ဘူး။ ကျုပ်လဲ ဒဏ်ရာရထားတယ်။ နောက်ပိုင်းတိုက်ပွဲတွေမှာ ရှင်းယန်စစ်တပ်ကပဲ ရှေ့ကနေဦးဆောင်ပြီး ယန်တပ်ရဲ့အရှိန်ကို အရင်ချိုးနှိမ်သင့်တယ်"

ပြောလာတဲ့စကားက မှန်ပါတယ်။ ဒါပေမဲ့ ဖူယန်ဟိုရဲ့ ပါးစပ်ကထွက်လာတော့ နားထောင်ရတာ စိတ်ထဲမှာ တစ်မျိုးဖြစ်နေတယ်။

ကျောက်တပ် ထိခိုက်သေဆုံးမှုရှိရင် ဖူယန်ဟိုက အသားလွတ် နာကျင်နေသလို ခံစားရတယ်။ ရှင်းယန်တပ်ကတော့ ရှေ့တန်းကနေ အသက်ပေး တိုက်ခိုက်ရမှာတဲ့လား။

ကျန်းကျုံးသည် စိတ်မရှည်တော့ဘဲ ဝင်ပြောလိုက်လေသည်။ "ရှင်းယန်တပ်က အမြဲတမ်း ရှေ့တန်းက တိုက်ခိုက်နေတာပါ။ ထိခိုက်သေဆုံးမှုက ကျောက်တပ်ထက် ပိုများပါတယ်”

ဖူယန်ဟိုသည် အရေးကြီးသည့်အချိန်တွင် မျက်နှာပြောင် တိုက်တတ်စမြဲပင်။ သူ၏ ဒဏ်ရာရထားသော လက်မောင်းကို လူတိုင်းမြင်အောင် ပြသလိုက်လေသည်။ "ကျောက်တပ်က စစ်သူကြီးတောင် ဒဏ်ရာရထားတာနော်"

ကျန်းကျုံး "..."

ဖူယန်ဟိုနဲ့ မျက်နှာပြောင်တိုက်ပြီး ပြိုင်ရင် ဘယ်တော့မှ မနိုင်ပါလား။

ကျန်းကျုံးသည် နှုတ်ခမ်းထောင့်များ တွန့်ကွေ့သွားပြီး အလျှော့ပေးလိုက်ရလေသည်။ အိမ်ရှေ့စံ၏ မျက်နှာအမူအယာသည်လဲ အနည်းငယ် တည်သွားလေ၏။.စစ်တဲထဲတွင် အဆင့်၄နှင့်အထက် စစ်သူကြီးများသာ ရှိကြသည်။ ဒီလိုအခြေအနေမျိုးတင် ဖူယန်ဟိုက မျက်နှာပြောင်တိုက်ပြီး ဆုတ်ခွာရန်ပင် ပြောရဲသေးသည်။ ဒါက စစ်သူကြီးများ၏ စိတ်ဓာတ်ကို ထိခိုက်စေနိုင်လေသည်။

သို့သော် ဖူယန်ဟိုသည် ကျောက်စစ်တပ်၏ စစ်သူကြီးဖြစ်သဖြင့် လီကျင့်သည် စိတ်ထဲတွင် မကျေနပ်သော်ငြား စစ်သူကြီးအပြားအများရှေ့တွင် ဖူယန်ဟို၏ သိက္ခာကို မချလိုပေ။

လုဖေးကတော့ တည်ငြိမ်စွာ ပြောလိုက်၏။ "ကျွန်တော် ထင်တာကတော့ အတင်းအဓ္ဓမ တိုက်ခိုက်လို့ မဖြစ်ဘူး။ စစ်သည်တော်တွေကို အရင်အနားယူခိုင်းပြီးမှ စစ်သည်တော်တွေကို အကောင်းစားတွေ တိတ်တဆိတ် ရွေးထုတ်ပြီး တိုက်ခိုက်သင့်တယ်။ ကျွန်တော် ကိုယ်တိုင်ဦးဆောင်ပြီးတော့ တိုက်ခိုက်ပါရစေ။ ထိုက်ဇီက ခွင့်ပြုပေးပါ"

အရေးကြီးတဲ့အချိန်ကြတော့ ယောက်ဖက အားကိုးရတာပဲ။

အိမ်ရှေ့စံ၏ မျက်နှာအမူအယာသည် ပြေလျော့သွားပြီး ခေါင်းညိမ့်ရန် ပြင်လိုက်စဥ်မှာပင် တတိယမင်းသားလီဟောက်က ဝင်ပြောလိုက်လေသည်။ "ဖူယန်ဟိုက ဒဏ်ရာရထားတော့ စစ်တိုက်ဖို့ မသင့်တော်ပါဘူး။ ကျွန်တော်ကိုယ်တိုင် ဦးဆောင်ပြီး တိုက်ခိုက်ပါရစေ။ ထိုက်ဇီ ခွင့်ပြုပေးပါ"

လီကျင့်သည် လီဟောက်ကို ကြည့်လိုက်ရာ ညီအစ်ကိုနှစ်ယောက်၏ အကြည့်များသည် လေထဲတွင် ဆုံစည်းသွားကြလေသည်။

တစ်ယောက်က တည်ငြိမ်လေးနက်နေပြီး တစ်ယောက်က စူးရှထက်မြက်နေသည်။ အပ်နှင့်ထိတွေ့လိုက်သကဲ့သို့ စူးရှသွားကြလေ၏။

ယခင်လအနည်းငယ်က ရှင်းယန်တပ်နှင့် ကျောက်တပ်တို့သည် မိုင်ဆယ်ချီ ကွာဝေးခဲ့ကြသည်။ ညီအစ်ကိုနှစ်ယောက်သည်လဲ တွေ့ဆုံရန် အခွင့်အရေး မရှိခဲ့ချေ။ ယခုအခါ တပ်နှစ်ခုပေါင်းစည်းလိုက်ပြီဖြစ်သဖြင့် တွေ့ဆုံရန် အခွင့်အရေး များပြားလာခဲ့သည်။ တစ်ယောက်နှင့်တစ်ယောက် ပြိုင်ဆိုင်မှုများ ရှိလာသည်မှာလည်း မလွဲမသွေပင်။

လီဟောက်သည် စစ်ဆေးရေးမှူးဖြစ်သော်လည်း ကိုယ်တိုင် စစ်တပ်ကို ဦးဆောင်ခွင့်မရခဲ့သဖြင့် စိတ်ထဲတွင် မကျေမနပ် ဖြစ်နေခဲ့ရ၏။ ယနေ့ အခွင့်အရေးရလာသည်တွင် စစ်တိုက်ရန် တောင်းဆိုလိုက်ရာ လီကျင့်အနေဖြင့် ငြင်းပယ်ရန် အကြောင်းပြချက် မရှိပေ။

လီကျင့်သည်လဲ ငြင်းပယ်ရန် အစီအစဥ် မရှိပေ။

လောလောဆယ် အရေးအကြီးဆုံးမှာ ပြည်မကြီးကို စုစည်းရန်ဖြစ်သည်။ ညီအစ်ကို မသင့်မြတ်ခြင်းကို ဘေးဖယ်ထားနိုင်သည်။ လီဟောက်သည် စစ်တိုက်ရာတွင် ရဲ့ရင့်ပြီး ကျွမ်းကျင်သူဖြစ်သဖြင့် အသုံးမချဘဲ ထားလိုက်ခြင်းကသာ နှမြောစရာ ကောင်းပေလိမ့်မည်။

"စန်းတိက ကိုယ်တိုင်တိုက်ခိုက်ချင်တယ်ဆိုမှတော့ အာ့ကောက ဘာလို့ငြင်းမှာလဲ"

လီကျင့်က တည်ငြိမ်စွာ ပြောလိုက်၏။ "ဖူယန်ဟိုက ဒဏ်ရာရထားတော့ ကောင်းကောင်းအနားယူလိုက်ပါ။ စစ်တပ်ကို ဦးဆောင်မဲ့အာဏာကို စန်းတိဆီ ခဏလွှဲပေးလိုက်ပါ"

မည်သို့ပင်ဖြစ်စေ အိမ်ရှေ့စံ၏ သဘောထားကြီးမှုနှင့် ပြတ်သားမှုသည် လေးစားဖွယ် ကောင်းလှဗလသည်။

လီဟောက်သည် စိတ်ထဲတွင် ကြိတ်ပြီးသက်ပြင်းချလိုက်ပြီး လက်နှစ်ဖက်ကိုယှက်ကာ ကျေးဇူးတင်စကား ပြောလိုက်တော့၏။ "ထိုက်ဇီကို ကျေးဇူးတင်ပါတယ်"

ဖူယန်ဟိုကတော့ မကျေနပ်ချေ။

သူက ရှေ့တန်းထွက်ပြီး မတိုက်ခိုက်ချင်တာကတစ်ပိုင်း။ လက်ထဲက စစ်တပ်အာဏာကို သူများလက်ထဲထည့်ပေးရမှာက တစ်ပိုင်းပဲ။

လီဟောက်က စစ်တပ်ကို ဦးဆောင်တိုက်ခိုက်လျှင် သေမှာက သူ့တပည့်တွေပဲလေ။ သူ့လူတွေပဲသေပြီး လီဟောက်က အကျိုးဆောင်မှုကို ယူသွားမှာ။ ဘယ်လိုစဥ်းစားစဥ်းစား မတန်ပါဘူး။ ဖူယန်ဟိုက ချောင်းဟန့်လိုက်ပြီး ပြောလိုက်၏။ "တတိယမင်းသားက အရင်တုန်းက စစ်တပ်ကို မဦးဆောင်ဖူးတော့ စစ်ဆေးရေးမှူးလုပ်တာက ပြဿနာ မရှိပါဘူး။ စစ်တပ်ကိုဦးဆောင်ပြီး ရှေ့တန်းထွက်တာက အရမ်းအန္တရာယ်များတယ်။ ပထမမင်းသားရဲ့ သင်ခန်းစာလဲ ရှိနေတာပဲ။ တတိယမင်းသားကိုယ်တိုင် ရှေ့တန်းမထွက်တာ ပိုကောင်းပါလိမ့်မယ်"

"တကယ်လို့ တစ်ခုခုဖြစ်သွားခဲ့လျှင် ကျွန်တော်မျိုးက အရှင်မင်းကြီးကို ဘယ်လိုမျက်နှာပြရမှာလဲ။ အဲဒီ့အချိန်ကျရင် ထိုက်ဇီလဲ ညီအစ်ကိုကို မငဲ့ညှာဘူးဆိုပြီး နာမည်ဆိုး ရသွားပါလိမ့်မယ်"

စစ်သူကြီးများသည် အလန့်တကြား ဖြစ်သွားကြပြီး ဖူယန်ဟိုကို ဝိုင်းကြည့်လိုက်ကြလေသည်။

ဖူယန်ဟို ... ခင်များက တကယ်ပြောရဲတာပဲနော်။

တတိယမင်းသားက စစ်အာဏာလိုချင်နေတာ။ အိမ်ရှေ့စံကလဲ သူများလက်ကိုငှားပြီး လူသတ်ချင်နေတာလို့ ဘာလို့ ဒဲ့တိုးမပြောလိုက်တာလဲ။

ဖူယန်ဟိုကတော့ ပြောရဲဆိုရဲတာပေါ့လေ။

သူက မယ်တော်ကြီးရဲ့ တူတော်မောင်ကိုး။ အရှင်မင်းကြီးရဲ့ ဝမ်းကွဲညီတော်။ မင်းသားတွေရဲ့ ဦးလေးတော်စပ်သူ။ သူ မပြောရဲတာ ဘာရှိလို့လဲ။

ဖူယန်ဟိုသည် ထူးဆန်းသော အကြည့်များကြားတွင် ခါးကိုမတ်ထားလိုက်ပြီး မျက်နှာပြောင်တိုက်ကာ ဆက်ပြောလေသည်။ "ပြန်ပြောရရင် တတိယမင်းသား ဒီလောက်စိတ်လောနေတာကလဲ စစ်နိုင်ချင်လို့ပါ။ ဒီလိုလုပ်ရင်ရော ... တတိယမင်းသားက နောက်ကနေအကြံပေးပြီး ကျွန်တော်မျိုးက တခြားစစ်သူကြီးတွေကို စစ်တိုက်ခိုင်းလိုက်မယ်။ ဒါဆိုရင် တတိယမင်းသားရဲ့ လုံခြုံရေးလဲ စိတ်ချရသလို စစ်ပွဲလဲ မနှောင့်နှေးတော့ဘူးပေါ့"

ဒါက တတိယမင်းသားကို အလုပ်ခိုင်းချင်ပေမဲ့ စစ်သူကြီးရာထူးနဲ့ အကျိုးဆောင်မှုကိုတော့ မပေးချင်ဘူးဆိုတဲ့ သဘောပဲ။

စစ်သူကြီးများသည် မည်မျှပင် ရိုးအ,ကြသော်လည်း ဒီလိုကွာခြားချက်ကို ခွဲခြားနိုင်သဖြင့် စိတ်ထဲတွင် မျက်စောင်းထိုးမိကြလေတော့သည်။

ရှင်းယန်ဝမ်၏ မျက်နှာအမူအယာကတော့ ပြောင်းလဲခြင်းမရှိဘဲ မသိမသာ ခေါင်းညိမ့်လိုက်လေ၏။ "ဖူယန်ဟိုပြောတာလဲ အကြောင်းအကျိုး ညီညွတ်ပါတယ်။ စစ်မြေပြင်မှာ စစ်သူကြီးလဲလှယ်တာက စစ်တပ်ရဲ့စိတ်ဓာတ်ကို ထိခိုက်စေနိုင်တယ်။ တတိယမင်းသားက စစ်တပ်ကို ဦးဆောင်ချင်တာက ကိစ္စမရှိပေမဲ့ စစ်သူကြီးရာထူးကိုတော့ ဖူယန်ဟိုပဲ ဆက်ယူထားလိုက်ပါ"

ကျောက်တပ်၏ စစ်အာဏာကို ဖူယန်ဟိုလက်ထဲတွင် ထားရှိခြင်းက အကောင်းဆုံးပင်။ လီဟောက်က စစ်တပ်ထဲတွင် အင်အားမွေးပြီး နောင်တစ်ချိန် ရန်သူဖြစ်လာမည့်အရေးကို ကာကွယ်ရာ ရောက်လေသည်။

ရှင်းယန်ဝမ်သည် သမက်ဖြစ်သူအတွက် စဥ်းစားပေးခြင်းကို လုံးဝဖုံးကွယ်ထားခြင်း မရှိချေ။

ရှင်းယန်ဝမ်၏ ဂုဏ်ဒြပ်နှင့်ရာထူးအရ ဒီစကားကို ပြောလိုက်သည်နှင့် လီဟောက်က စစ်အာဏာရယူမည့် အစီအစဥ်သည် ပျက်စီးသွားလေတော့သည်။

လီကျင့်သည် ယောက္ခမဖြစ်သူ၏ စေတနာကို လက်ခံလိုက်ပြီး ခေါင်းညိမ့်ကာ ပြောလိုက်တော့၏။ "ရှင်းယန်ဝမ် ပြောတဲ့အတိုင်း လုပ်ကြတာပေါ့"

ထို့နောက်တွင်တော့ လီဟောက်ကို ပြောလိုက်တော့သည်။ "စန်းတိ ဒီလိုစီစဥ်တာ သဘောတူရဲ့လား"

လီဟောက်သည် စိတ်ထဲတွင် မကျေနပ်သော်လည်း နှုတ်ကတော့ သဘောတူရလေသည်။ အားလုံး ထိုက်ဇီ စီစဥ်တဲ့အတိုင်းပါပဲ"

...

All Chapters