← Chapters

အခန်း (၃၆၇-၃၆၉)

Vol. 25 Ch. 367-369

အခန်း (၃၆၇-၃၆၉)

Vol. 25 Ch. 367-369

အပိုင်း (၃၆၇) လွမ်းဆွတ်တမ်းတခြင်း

ထိုဆွေးနွေးပွဲသည် မိုးချုပ်သည်အထိ ကြာမြင့်သွားလေသည်။

စစ်သူကြီးများ ထွက်ခွာသွားကြပြီးနောက် လီကျင့်သည် ရှင်းယန်ဝမ်၊ ကျန်းကျုံးနှင့် လုဖေးတို့ကို ဆက်လက်နေရစ်ခိုင်းခဲ့၏။ ယောက္ခထီးနှင့် သားသမက်၄ယောက်တို့သည် အတူတကွထိုင်ကာ ရိုးရှင်းသောညစာကို စားသုံးကြလေသည်။

ထုံးစံအတိုင်း အရက်အိုးကိုကြည့်ကာ လက်ဖက်ရည် သောက်ကြလေ၏။

ကျန်းကျုံးသည် လက်ဖက်ရည်တစ်ခွက်ကို မော့သောက်လိုက်ပြီးနောက် သက်ပြင်းချကာ ပြောလိုက်တော့သည်။ "ဒီနေ့တော့ မျက်စိပွင့်နားပွင့် ဖြစ်သွားတာပဲ။ ဒီလောက် မျက်နှာပြောင်တိုက်တတ်တဲ့လူက ဘယ်လိုလုပ်ပြီး ဖူယန်ဟို ဖြစ်လာရတာလဲ"

ဟုတ်တာပေါ့ ဆွေးမျိုးတော်စပ်မှုကြောင့် ဖြစ်လာတာလေ။

ဒါပေမဲ့ ဒီလိုစကားမျိုးကို စိတ်ထဲမှာပဲ တွေးလို့ရတယ်။ အပြင်ထုတ်ပြောရင် မကောင်းလေဘူး။ ဖူယန်ဟိုက အိမ်ရှေ့စံရဲ့ ဦးလေးတော်လေ။

လုဖေးက စားပွဲအောက်မှ ကျန်းကျုံးကို ခြေထောက်ဖြင့်ကန်လိုက်ပြီး ပါးစပ်ပိတ်ရန် သတိပေးလိုက်လေသည်။

ကျန်းကျုံးကတော့ ဘာမှမဖြစ်သလိုပင်။

အိမ်ရှေ့စံက ယောက်ဖဖြစ်သူကို တစ်ချက်ကြည့်လိုက်ပြီး အသံတိုးတိုးဖြင့် ပြောလိုက်၏။ "ဖူယန်ဟိုရဲ့ စိတ်နေစိတ်ထားကို ကျွန်တော် သိပါတယ်။ ဒီမှာ အပြင်လူမှမရှိတာ ပြောချင်တာပြောလို့ ရပါတယ်"

လုဖေး "..."

စောစောက လူမှားကန်မိသွားတာပဲ။

လုဖေးမှာ မျက်နှာပူပူဖြင့် အိမ်ရှေ့စံကို တောင်းပန်လိုက်ရတော့သည်။ "ခုနက ကျွန်တော် မတော်တဆ ထိမိသွားတာပါ။ တောင်းပန်ပါတယ်နော် ထိုက်ဇီ"

လီကျင့်ကတော့ နားလည်စွာဖြင့် ပြုံးလိုက်လေသည်။ "စားပွဲကကျဥ်းတော့ လက်လှုပ်ခြေလှုပ်ရင်း ထိမိတာပါ။ တောင်းပန်စရာ မလိုပါဘူး"

ကျန်းကျုံးသည်လဲ သဘောပေါက်သွားပြီး ရယ်ချင်စိတ်ကိုထိန်းကာ ဝင်ပြောလိုက်လေသည်။ "ဟုတ်တာပေါ့ ဟုတ်တာပေါ့။ နောက်တစ်ခါ ခြေထောက်လှုပ်ရင် ကျွန်တော် ဘယ်မှာထိုင်နေလဲဆိုတာ သေချာကြည့်အုံး"

လုဖေးလဲ မျက်နှာပြောင်တိုက်ပြီး ပြုံးကာ ခေါင်းညိမ့်လိုက်ရလေတော့သည်။

ရှင်းယန်ဝမ်ကတော့ ထိုမြင်ကွင်းကိုကြည့်ပြီး ပြုံးလိုက်မိတော့၏။ ခွက်ကိုမြှောက်ကာ ပြောလိုက်လေ၏။ "ကဲပါ ... ငါတို့ယောက္ခမ သားသမက်၄ယောက် အတူတူ သောက်လိုက်ကြရအောင်"

လက်ဖက်ရည်ခွက်၄လုံးသည် လေထဲတွင် ထိခိုက်မိသံ ထွက်ပေါ်လာပြီး မော့သောက်လိုက်ကြလေသည်။

တကယ်ပဲ အရက်သောက်ရသလို အရသာ ရှိလှ၏။

ရှင်းယန်ဝမ်က လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး လေသံတိုးတိုးဖြင့် ပြောလာခဲ့သည်။ "တတိယမင်းသားက စစ်တပ်ကို ဦးဆောင်ချင်နေတာ ကြာပါပြီ။ ဖူယန်ဟိုက စစ်အာဏာကို လက်မလွှတ်ချင်တော့ ကျောက်တပ်ကို သူ့လက်ထဲမှာပဲ ဆက်ထားတာ ကောင်းပါတယ်"

ခဏနားပြီးနောက် သွယ်ဝိုက်သောနည်းဖြင့် သတိပေးလိုက်၏။ "တစ်ချို့လူတွေက မွေးရာပါ စစ်တိုက်တတ်တဲ့ ပါရမီပါလာတယ်။ အရည်အချင်း ထောက်ပြလိုက်တာနဲ့ ဖုံးဖိလို့မရတော့ဘူး"

ဒါက လီဟောက်သည် မွေးရာပါ စစ်သူကြီးတစ်ဦးဖြစ်ကြောင်း လီကျင့်ကို သတိပေးလိုက်ခြင်းပင်။

လီကျင့်၏ မျက်လုံးများက လက်ခနဲဖြစ်သွားပြီး တည်ငြိမ်စွာ ပြောလိုက်လေသည်။ "ယွဲ့ဖုပြောတာကို ကျွန်တော် နားလည်ပါတယ်။ စန်းတိက ငယ်ငယ်ကတည်းက ဉာဏ်ကောင်းပြီး စာပေရောစစ်ရေးပါ ထူးချွန်တယ်။ စစ်တိုက်တဲ့နေရာမှာ သာ့ကောထက်တောင် သာလွန်ပါသေးတယ်။ ဒါပေမဲ့ သူ့အမေကြောင့်ရယ် ဆွေမျိုးအသိုင်းအဝိုင်းက အားမကိုးရတာရယ်ကြောင့် ဒီနှစ်တွေမှာ မထင်ပေါ်ခဲ့တာပါ"

"ကျွန်တော်က သူ့ရဲ့ အစ်ကိုဖြစ်သလို အိမ်ရှေ့စံလဲ ဖြစ်ပါတယ်။ ဒီလောက်တော့ သဘောထားကြီးရမှာပေါ့"

"သူစစ်တပ်ကို ဦးဆောင်ချင်ရင်လည်း ဦးဆောင်ခိုင်းလိုက်ပါ။ သူ အကျိုးဆောင်ချင်ရင်လဲ ဆောင်ပါစေ"

“သေချာတာပေါ့။ ကာကွယ်သင့်တာတော့ ကာကွယ်ရမယ်” ယောက္ခထီးနှင့်သမက်ဖြစ်သူတို့ အချိတ်အဆက်မိမိ သရုပ်ဆောင်ခဲ့ကြပြီး တစ်ယောက်ကလူဆိုး တစ်ယောက်ကလူကောင်း လုပ်ခဲ့ကြလေသည်။ လီဟောက်ကို စစ်တပ်ဦးဆောင်ခွင့် ပေးလိုက်သော်လည်း ကျောက်တပ်ကို ထိန်းချုပ်ခွင့် ပေးလိုက်ခြင်းကား မဟုတ်ပေ။

ရှင်းယန်ဝမ်က အိမ်ရှေ့စံ၏ သဘောထားကြီးမှုကို ချီးကျူးလိုက်ပြီး နှစ်ယောက်သား တစ်ခွက်မော့သောက်လိုက်ကြကာ မျက်လုံးများတွင် အပြုံးရိပ်များ ဖြတ်ပြေးသွားကြလေသည်။

လုဖေးကတော့ ရုတ်တရက် သက်ပြင်းချလိုက်တော့၏။ "ပထမမင်းသားကတော့ နှမြောစရာပဲ"

"စစ်ရှုံးတာက ကိစ္စမရှိပေမဲ့ ခြေထောက်ဒဏ်ရာရသွားတာကတော့ တကယ့်ကို ဆိုးဝါးသွားတာပဲ"

ကျန်းကျုံး၏ လေသံထဲတွင် နှမြောတသဖြစ်သည့် အရိပ်အယောင် မပါချေ။ "နောက်ဆို မြင်းစီးပြီးစစ်တိုက်လို့ မရတော့ဘူး"

လီကျင့်က သက်ပြင်းချလိုက်လေသည်။ သူ အကြိမ်ကြိမ် သတိပေးခဲ့သော်လည်း ပထမမင်းသားက သူ့ကို အကောင်းမထင်သဖြင့် နားမထောင်ခဲ့ပေ။ ကံကောင်းသည်မှာ အသက်မသေခြင်းပင်။ ယခင်ဘဝကဲ့သို့ စစ်မြေပြင်တွင် ကျဆုံးမသွားခဲ့ပေ။

စစ်ပွဲအကြောင်းပြောပြီးနောက်တွင် အိမ်တွင်းရေးရာများကို ပြောဆိုကြပြန်သည်။ "ကျွန်တော် မြို့တော်ကနေထွက်လာတာ နှစ်ဝက်လောက် ရှိနေပြီ"

ရှင်းယန်ဝမ်က ပြောလိုက်လေ၏။ "ရွှီအာနဲ့ ရွှမ်းအာတို့တောင် ၁နှစ်ပြည့်တော့မယ်။ ကလေးတွေ ပစ္စည်းရွေးတဲ့ပွဲက စည်ကားနေမှာပဲ။ နှမြောစရာကောင်းတာကတော့ ငါတို့တွေ ကိုယ်တိုင်မမြင်လိုက်ရတာပဲ"

လီကျင့်သည် သားသမီးနှစ်ယောက်ကို လွမ်းဆွတ်သတိရချိန် ဖြစ်ပေါ်လာပြီး တီးတိုးရေရွတ်လိုက်တော့သည်။ "မောင်နှမနှစ်ယောက် အခုလောက်ဆို လမ်းလျှောက်တတ်နေလောက်ပြီ။ အဖေလို့တောင် ခေါ်တတ်နေလောက်ပြီ"

ကလေးတွေ တနေ့တခြားကြီးပြင်းလာတာ အခုဆို ဘယ်လိုပုံစံဖြစ်နေမလဲတောင် မသိဘူး။

ရှောင်ယွိကရော ... သူ လွမ်းနေသလို သူ့ကို လွမ်းနေပါ့မလား။

အရိုးထိအောင် စိမ့်ဝင်နေသော လွမ်းဆွတ်မှုများသည် ရင်ထဲသို့ အလုံးအရင်း ဝင်ရောက်လာလေသည်။ လီကျင့်သည် လက်ဖက်ရည်သောက်ရင်း အရက်သောက်ရသလို ခံစားလာရတော့သည်။

နေပါအုံး!

ပါးစပ်ထဲဝင်လာတာ ပူစပ်ပူလောင်အရသာက အရက်မဟုတ်ဘူးလား။

လီကျင့်မှာ အလန့်တကြား ဖြစ်သွားပြီး သတိပြန်ဝင်လာတော့၏။ ကျန်းကျုံးက မျက်စိမှိတ်ပြလိုက်ပြီး ဘေးက အရက်အိုးပွင့်နေသည်ကို တွေ့လိုက်ရလေသည်။ လူ၄ယောက်ရှေ့က လက်ဖက်ရည်ခွက်များထဲတွင် အရက်များ ဖြည့်ထားပြီးသား ဖြစ်နေလေ၏။

ဒီကျန်းကျုံးက စစ်မြေပြင်မှာဆိုရင် လူသတ်နတ်ဘုရားလိုပဲ သာမာန်အချိန်မှာကြတော့ ရယ်စရာကောင်းပြီး ချစ်ဖို့ကောင်းပြန်ရော။

လီကျင့်မှာ မနေနိုင်ဘဲ ရယ်မောမိလေတော့သည်။ "စစ်တိုက်နေချိန်မှာ အရက်မသောက်ရဘူးလေ။ သာ့ကျဲဖူက ဘယ်လိုလုပ် အရက်အိုးကို ဖွင့်လိုက်တာလဲ"

ကျန်းကျုံးကလဲ မျက်နှာပြောင်တိုက်ပြီး ရယ်မောလိုက်လေ၏။ "ပုံမှန်ဆိုရင် ကျွန်တော်တို့ မသောက်ပါဘူး။ ဒီနေ့ညတော့ တကယ်မနေနိုင်လို့ တစ်ခွက်ပဲ သောက်တာပါ။ အရက်သောက်ပြီး အိပ်လိုက်ရင် မိန်းမနဲ့ကလေးကို အိမ်မက်ထဲမှာ မြင်ရမလားလို့လေ"

လီကျင့်နှင့်လုဖေးတို့ကလဲ ရယ်မောလိုက်ကြတော့သည်။

ရှင်ယန်ဝမ်သည်လဲ စည်းကမ်းကြီးသူတော့ မဟုတ်ပေ။ "တစ်ခွက်လောက်သောက်တာ ကိစ္စမရှိပါဘူး။ ဒါပေမဲ့ ဒီတစ်ခွက်ပဲနော် မနက်ဖြန်ကျရင် အလုပ်ရှိသေးတယ်။ အရက်သောက်ပြီး အလုပ်မပျက်စေနဲ့"

ကျန်းကျုံးသည် ဝမ်းသာသွားပြီး ကတိပေးလိုက်တော့သည်။ "စိတ်ချပါ ယွဲ့ဖု။ လုံးဝ အလုပ်မပျက်စေရပါဘူး"

...

လက်ဖက်ရည်တစ်ခွက်သည် သာမာန်အရက်ခွက် ၅ခွက်စာ၆ခွက်စာနှင့် ညီမျှလေသည်။

လီကျင့်သည် အရက်သောက်သည့်နေရာတွင် ခံနိုင်ရည်မရှိသဖြင့် တစ်ခွက်သောက်ရုံနှင့် မူးသွားလေတော့၏။

ယောက္ခမနှင့်ယောက်ဖများ ပြန်သွားပြီးနောက် လက်ဝဲကိုယ်ရံတော် ခေါင်းဆောင်သည် စာပို့သမားကို ခေါ်ဆောင်လာခဲ့လေ၏။ စစ်တဲအတွင်းမှ အရက်နံ့ကို မရသလိုဟန်ဆောင်ကာ အရိုအသေ ပြုလိုက်တော့သည်။

စာပို့သမားသည်လဲ အရိုအသေပြုပြီး အကျိုးအကြောင်း ပြောပြလိုက်လေ၏။

"ကျွန်တော်မျိုး ပထမမင်းသားကို တွေ့ခဲ့ပါတယ်။ ပထမမင်းသား ခြေထောက်ဒဏ်ရာက တော်တော်ပြင်းထန်ပုံ ရပါတယ်။ ကုတင်ပေါ်က မဆင်းနိုင်ပါဘူး။ စိတ်ဓာတ်တွေလဲ ကျနေပါတယ်။ ကျွန်တော်မျိုးက စာပေးလိုက်ပေမဲ့လည်း ပထမမင်းသားက ချက်ချင်းမဖတ်ပါဘူး။ နောက်ပိုင်း ဖတ်လားမဖတ်လားတော့ ကျွန်တော်မျိုးလဲ မသိပါဘူး။ ပြန်စာလဲ မပေးလိုက်ပါဘူး"

ပထမမင်းသား၏ စိတ်ထားအရ ထိုစာသည် အပိုင်းပိုင်း အဖြဲခံရပြီး မီးသွေးခွက်ထဲ ရောက်သွားလောက်ပေပြီ။ ပြန်စာဆိုလျှင်တော့ မည်သည့်နေရာတွင် ရှိနေမှန်းပင် မသိချေ။

ထားလိုက်ပါတော့။ သူ ညီအစ်ကိုဝတ္တရား ကျေပွန်ခဲ့ပြီပဲ။ ကိုယ့်လိပ်ပြာကိုယ်လုံရင် ပြီးတာပါပဲ။

သူများ ကျေးဇူးတင်မတင်ကတော့ သူ တတ်နိုင်တဲ့ကိစ္စ မဟုတ်ဘူးလေ။

လီကျင့်က ခေါင်းညိမ့်လိုက်ကာ "ငါ သိပြီ။ မင်း ပင်ပန်းလာပြီဆိုတော့ သွားနားလိုက်တော့"

လူများထွက်သွားပြီးနောက်တွင် ညဥ့်နက်နေပြီဖြစ်သဖြင့် လီကျင့်သည် ကိုယ်လက်သန့်စင်ကာ အိပ်ရာဝင်လိုက်လေသည်။

ခန္စာကိုယ်က ပင်ပန်းနေသော်ငြားလည်း အိပ်မပျော်နိုင် ဖြစ်နေရ၏။

လီကျင့်သည် ကုတင်ပေါ်တွင် ဟိုလှိမ့်ဒီလှိမ့် လုပ်နေမိတော့သည်။ အရက်ရှိန်ကြောင့်လားမသိ ခန္ဓာကိုယ်ထဲက မီးတောက်တစ်ခု လောင်ကျွမ်းနေသလို ပူလောင်အိုက်စပ်နေလေတော့၏။ နောက်ဆုံးတွင် လီကျင့်သည် သည်းမခံနိုင်တော့ဘဲ လက်ကို စောင်အောက်သို့ ထည့်လိုက်ပြီး မျက်လုံးမှိတ်ကာ လုမင်ယွိ ဘေးနားတွင်ရှိနေသကဲ့သို့ စိတ်ကူးယဥ်လိုက်လေသည်။ အချိန်အတော်ကြာမှ သက်ပြင်းရှည်ကြီး ချလိုက်နိုင်တော့၏။

တင်းနေသော ကြိုးတစ်ချောင်းက လျော့သွားသကဲ့သို့ပင်။

လွမ်းဆွတ်တမ်းတမှုများသည်လဲ အနည်းငယ် သက်သာသွားခဲ့လေသည်။

ထို့နောက် အိမ်ရှေ့စံမင်းသားသည် သူခိုးတစ်ယောက်ကဲ့သို့ တိတ်တဆိတ် ထရပ်ကာ သန့်ရှင်းသည့်အတွင်းခံ အဝတ်အစားကို လဲလှယ်လိုက်လေတော့သည်။ ထို့နောက် ခေါင်းအုံးဘေးက သေတ္တာလေးကိုယူကာ ဖယောင်းတိုင်မီးရောင်အောက်တွင် ဖွင့်လိုက်ပြီး လုမင်ယွိ၏ စာများကို ထုတ်ဖတ်လေတော့သည်။

အစပိုင်းတွင် စာမျက်နှာတစ်ဝက်သာ ရှိသော်လည်း နောက်ပိုင်းတွင်တော့ စာနှစ်မျက်နှာအထိ ဖြစ်လာခဲ့သည်။ တိုးတက်မှုရှိသည်ဟုတော့ ဆိုရမည်။ ရံဖန်ရံခါ စာအဆုံးတွင် "ရှင့်ကို လွမ်းတယ်"ဆိုသော စာလုံးလေးများကို တွေ့လာရတတ်သည်။

စာတစ်စောင်ပြီးတစ်စောင် စုစုပေါင်းစာ၁၀စောင် ရှိလေသည်။ လီကျင့်သည် နှမြောတသစွာဖြင့် စာအားလုံးကို တစ်ခေါက်ဖတ်ရှုပြီးမှ ကျေနပ်စွာ မျက်လုံးမှိတ်ကာ အိပ်စက်လိုက်လေတော့သည်။

...

အပိုင်း (၃၆၈) အရှက်မဲ့ခြင်း

ထိုနေ့ညတွင်ပင် တခြားစစ်တဲတစ်ခု၌ လီဟောက်သည်လဲ အိပ်မပျော်နိုင် ဖြစ်နေလေသည်။

ယနေ့ဖြစ်ပျက်ခဲ့သည့် ကိစ္စများအပေါ် သူသည် မကျေနပ်သည်မှာ အမှန်ပင်။ သူ့အမြင်အရ ဖူယန်ဟိုသည် သေရမှာကြောက်ပြီး စစ်တိုက်ဖို့ ငြင်းဆန်နေခြင်းပင်။ ဒါသည် သူ့အတွက် စစ်အာဏာရစေရန် အခွင့်ကောင်း ဖြစ်လေသည်။

သို့သော် ဖူယန်ဟိုသည် သူ့အပေါ်အေးစက်ပြီး စတုတ္ထမင်းသားအပေါ် ဆက်ဆံသကဲ့သို့ ရင်းနှီးခြင်းမရှိပေ။ စစ်အာဏာကိုလဲ လုံးဝ လက်မလွှတ်ချင်ပေ။

လီကျင့်ကတော့ ဟန်ဆောင်ကောင်းပြီး ရှင်းယန်ဝမ်နှင့် ပူးပေါင်းကာ သူ့ကို လှည့်စားသွားခဲ့သည်။ သူ သိသော်ငြားလည်း ဘာမှမတတ်နိုင်ပေ။

မည်သို့ဆိုစေ စစ်တပ်ကို ဦးဆောင်တိုက်ခိုက်ခွင့် ရရှိခြင်းက အကျိုးဆောင်မည့် အခွင့်အရေးတစ်ခုပင်။

လီဟောက်သည် သက်ပြင်းချကာ ကိုယ်ကိုလှည့်လိုက်ပြီး စစ်တဲအတွင်းဘက်ကို ငေးကြည့်နေမိ၏။

စူးဖေးပြောသလိုဆိုရင် ပထမမင်းသားက အရင်ဘဝက စစ်မြေပြင်မှာ ကျဆုံးသွားခဲ့တာ။ ဒီဘဝမှာတော့ ကံကောင်းထောက်မစွာနဲ့ အသက်ဘေးကနေ လွတ်မြောက်သွားခဲ့တယ်။ ဒါပေမဲ့ ပထမမင်းသားရဲ့ ခြေထောက်ကျိုးသွားပြီဖြစ်ပြီး လူကောင်းပကတိလဲ မဟုတ်တော့ဘူး။ သူ့အတွက် ခြိမ်းခြောက်မှုမရှိတော့ဘူး။

တကယ်လို့ ... လီကျင့်သာ သေသွားရင် ထီးနန်းဆက်ခံမဲ့သူက သူ ဖြစ်လာတော့မှာ။

စူးဖေး၏ မှတ်ဉာဏ်ထဲတွင် ယခင်ဘဝက ထိုအတိုင်း ဖြစ်ပျက်ခဲ့လေသည်။

ဖြစ်ချင်တော့ စူးဖေးက အိမ်ရှေ့စံ မြှားမှန်သေဆုံးခဲ့သည်ကိုသာ သိရှိခဲ့ပြီး တခြားအကြောင်းအရာမျာကို မသိရှိခြင်းပင်။ အိမ်ရှေ့စံ စစ်တိုက်ထွက်တိုင်း သူက အိမ်ရှေ့စံ မြှားမှန်သေဆုံးးမည့် သတင်းဆိုးကို မျှော်လင့်နေခဲ့မိသည်။ သို့သော် စောင့်မျှော်နေရင်းနှင့်ပင် အိမ်ရှေ့စံသည် လအနည်းငယ်အတွင်း နာမည်ကျော်ကြားလာပြီး စစ်ပွဲများကို အနိုင်ရရှိခဲ့လေသည်။

လီကျင့်က ဘယ်တော့သေမှာလဲ။

လီဟောက်သည် ကိုယ်ကိုလှည့်ကာ ပက်လက်အနေအထားဖြင့် စစ်တဲအမိုးကို စိုက်ကြည့်နေမိ၏။

တနေ့နေ့မှာ သူ သာ့ဝေတိုင်းပြည်ရဲ့ အိမ်ရှေ့စံဖြစ်လာပြီး ရွှေပုလ္လင်ပေါ်ရောက်သွားရင် လုမင်ယွိနဲ့ ပြန်ပေါင်းဖက်နိုင်ပါအုံးမလား။

မဖြစ်နိုင်တော့ဘူး။ လုမင်ယွိရဲ့ စိတ်ဓာတ်မာကျောပုံကို သူ အသိဆုံးပဲ။

ဒါမှမဟုတ် သူက မိခင်တစ်ယောက် ဖြစ်လာပြီဆိုတော့ စိတ်သဘောထား ပျော့ပျောင်းသွားနိုင်တယ်။ သားသမီးတွေအတွက် သူ့မာနကို စွန့်လွှတ်ပြီး သူ့ကို ပြုံးပြမယ် စကားချိုချိုသာသာ ပြောမယ်။ ပြီးတော့ တခြားအရာတွေပါ လုပ်ပေးလာနိုင်တယ်။

လီဟောက်၏ ခေါင်းထဲတွင် မဖွယ်မရာပုံရိပ်များ ပေါ်လာပြီး ခန္ဓာကိုယ်သည် ရုတ်တရက် ပူလောင်လာကာ မျက်နှာတစ်ခုလုံး နီရဲလာလေတော့သည်။

ယခုအချိန်တွင် လီဟောက်သည် သူ့ဇနီးနှင့်သမီးကို သတိမရဘဲ လုမင်ယွိ၏ အေးစက်ပြီး တောက်ပသောမျက်နှာကိုသာ မြင်ယောင်နေမိလေသည်။

ထိုမျက်နှာသည် လီဟောက်၏ အိမ်မက်ထဲတွင် တညလုံး နေရာယူထားလေတော့၏။

"လီဟောက် ကျွန်မ ရှင့်ကိုပဲ အမြဲတမ်း သတိရနေတာပါ" အိမ်မက်ထဲတွင် သူမသည် သူ့ခန္ဓာကိုယ်ကို တင်းကြပ်စွာ ဖက်တွယ်ထားပြီး နာနာခံခံသာ တီးတိုးပြောလိုက်လေသည်။ "ကျွန်မ ချစ်တဲ့သူက ရှင်တစ်ယောက်တည်းပါ"

သူ့ရင်ထဲတွင် ပူလောင်နေပြီး ခန္ဓာကိုယ်တစ်ခုလုံးက မီးတောက်နေသကဲ့သို့ ဖြစ်နေလေ၏။ သူမကို ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ပြီး ဖိနှိပ်ထားလိုက်လေတော့သည်။

နောက်တနေ့မနက် လီဟောက် နိုးလာသောအခါ လည်ချောင်းများ ခြောက်ကပ်နေပြီး စောင်များကလဲ ပေကျံနေလေသည်။ သူက ချောင်းဟန့်လိုက်ပြီး ရေချိုးရန် ပြင်ဆင်ခိုင်းလိုက်တော့၏။ မကြာမီတွင် ကိုယ်ရံတော်နှစ်ယောက်သည် ရေနွေးတစ်စည်ကို သယ်ဆောင်လာကြလေသည်။

သူက အစေခံများကိုမခေါ်ဘဲ ကိုယ်တိုင်ရေချိုးပြီးနောက် ချွတ်ထားသော အဝတ်အစားများကိုလည်း လျှော်ဖွတ်လိုက်လေသည်။ မနေ့ညက မဖွယ်မရာ အိမ်မက်ကိုတော့ ရင်ထဲတွင် တိတ်တဆိတ် သိမ်းဆည်းထားလိုက်တော့၏။

အတွင်းနန်းဆောင်ကုန်းကုန်း ရှောင်နျန်က ရိုသေစွာ လျှောက်တင်လာခဲ့သည်။ "အရှင်မင်းသားကို လျှောက်တင်ပါတယ်။ ဖူယန်ဟိုက အရှင်မင်းသားနဲ့ ဆွေးနွေးစရာရှိလို့ ကိုယ်တိုင်ရောက်ရှိနေပါတယ်"

လီဟောက်က စိတ်ကို တည်ငြိမ်အောင်ထားလိုက်ပြီး "ဖူယန်ဟိုကို ဝင်ခိုင်းလိုက်ပါ"

...

လက်မောင်းတစ်ဖက် ဒဏ်ရာရထားသော ဖူယန်ဟိုသည် စစ်တဲအတွင်းသို့ ဝင်ရောက်လာခဲ့လေသည်။

လဝက်ကျော်ကာလအတွင်းတွင် လီဟောက်နှင့် ဖူယန်ဟိုတို့သည် အကြိမ်ကြိမ် အငြင်းပွားခဲ့ကြသည်။ နှစ်ဦးစလုံးက စိတ်ထဲတွင် မကျေနပ်မှုများ ရှိနေကြ၏။ သို့သော် ရန်သူလို ဖြစ်မသွားကြဘဲ အပေါ်ယံတွင်တော့ သင့်မြတ်နေကြဆဲပင်။

"ဟိုရယ်က လက်မောင်းဒဏ်ရာရထားတာ ဘာဖြစ်လို့ ကောင်းကောင်းမနားတာလဲ။ မနက်စောစောစီးစီး ရောက်လာတယ်"

လီဟောက်က ရင်းနှီးဟန်ဆောင်ကာ ပြုံးပြလိုက်လေသည်။

ဖူယန်ဟိုကတော့ မြွေကိုတုတ်ဖြင့်ရိုက်သလို အလိုက်သင့် နေတတ်သူဖြစ်လေသည်။ "စစ်ပွဲက အရေးကြီးတယ်လေ။ ဒီဒဏ်ရာနည်းနည်းလောက်က ဘာမှမဖြစ်ပါဘူး"

ဒီစကားပြောရတာ အရှက်မရှိဘူးလား။

မြှားချက်ထိသွားတဲ့ အရေပြားဒဏ်ရာလေးကို အရိုးထိသွားသလိုလုပ်ပြီး လူတွေရှေ့မှာ လျှောက်ပြောနေတာ။ တကယ်တမ်းကြတော့ ရှင်းယန်စစ်တပ်ကို ရှေ့တန်းပို့ချင်လို့ လုပ်နေတာလေ။

လီဟောက်၏ စိတ်ထဲတွင် မကျေမနပ်ဖြစ်နေသော်လည်း အသံတိုးတိုးဖြင့် ပြောလိုက်လေ၏။ "စစ်တပ်ထဲမှာ စစ်သူကြီးတွေ အများကြီးရှိပါတယ်။ ဟိုရယ်ကိုယ်တိုင် ဦးဆောင်စရာ မလိုပါဘူး။ ကောင်းကောင်းအနားယူပြီး စစ်နိုင်တဲ့ သတင်းကောင်းကိုသာ စောင့်နေလိုက်ပါ"

မနေ့က ဆွေးနွေးပွဲတွင် ဖူယန်ဟိုသည် ကျောက်စစ်တပ်၏ စစ်သူကြီးအဖြစ် ဆက်လက်ရှိနေဆဲပင်။ လီဟောက်ကတော့ စစ်တပ်ကို ဦးဆောင်ပြီး တိုက်ခိုက်ခွင့်ရရှိသည်။ စစ်တပ်ထုံးစံအရ လက်အောက်ငယ်သား စစ်သူကြီးများ စစ်နိုင်လျှင် စစ်သေနာပတိသည် အကျိုးဆောင်မှုတစ်ဝက် ရရှိလေသည်။

ဖူယန်ဟိုသည် ထိုစကားကို ကြားလိုက်ရသောအခါ ဝမ်းသာအားရ ဖြစ်သွားလေတော့၏။ "ကောင်းပြီလေ ... ဒါဆိုရင် အရှင်မင်းသားရဲ့ သတင်းကောင်းကို စောင့်နေပါ့မယ်"

လီဟောက်သည်လဲ ဘာတတ်နိုင်ပါမည်နည်း။ သည်းခံရုံသာ ရှိတော့သည်။

သို့သော် ဖူယန်ဟို ရောက်လာခြင်းသည် ထိုကိစ္စတစ်ခုတည်းအတွက်တော့ မဟုတ်ချေ။

သူ၏ နောက်ဆက်တွဲလုပ်ရပ်သည် လီဟောက်၏ ခံယူချက်များကို လုံးဝပြောင်းလဲသွားစေတော့၏။

ဖူယန်ဟိုသည် ရင်ဘတ်ထဲက စာရွက်တစ်ရွက်ကို ထုတ်ယူလိုက်ကာ ထိုစာရွက်ပေါ်တွင် နာမည်လေးငါးခု ရေးသားထားသည်ကို တွေ့လိုက်ရ၏။

ဖူယန်ဟိုက စာရွက်ကို လီဟောက်ထံသို့ လှမ်းပေးလိုက်ပြီး အသံတိုးတိုးဖြင့် မှာကြားလိုက်လေသည်။ "ဒီလူတွေက ကျောက်မျိုးနွယ်ဝင်တွေပါ။ အရှင်မင်းသား စစ်တိုက်တဲ့အခါ သူတို့ကို သေချာဂရုစိုက်ပေးပါအုံး။ အကျိုးဆောင်မှုရရင် သူတို့ကို နည်းနည်းခွဲပေးလိုက်ပါ။ ဒါမှ နောက်ဆို သူတို့လဲ ရာထူးတက်လို့ရမှာပါ"

လီဟောက် "..."

လီဟောက်မှာ ဒေါသထွက်လွန်းသဖြင့် ရယ်ချင်သွားလေတော့သည်။ "ဟိုရယ်က တော်တော်လေးကို စဥ်းစားပေးတတ်တာပဲ။ ကျွန်တော် ဒီကိစ္စကို ထိုက်ဇီနဲ့ဖုဟွမ်ဆီ တိုင်ပြောလိုက်ရင် ဘယ်လိုလုပ်မလဲ"

ဖူယန်ဟိုကတော့ မျက်နှာပြောင်ပြောင်ဖြင့် ပြောလာ၏။ "ဒီလောက်ကိစ္စလေးနဲ့တော့ အရှင်မင်းကြီးနဲ့ ထိုက်ဇီကို အသိပေးစရာ မလိုပါဘူး။ အရှင်မင်းကြီး သိရင်လည်း ဘာမှဖြစ်မှာ မဟုတ်ဘူး။ အရင်တုန်းက ကျွန်တော်မျိုး အရှင်မင်းကြီးနဲ့ စစ်တိုက်တုန်းက ဒီလိုကိစ္စတွေ အများကြီး ရှိခဲ့တာပဲ။ အရှင်မင်းကြီးကိုယ်တိုင်တောင် ကျွန်တော်မျိုးကို အကျိုးဆောင်မှု ခွဲဝေပေးခဲ့သေးတယ်လေ မဟုတ်ရင် ကျွန်တော်မျိုးက ဘယ်လိုလုပ်ပြီး ဖူယန်ဟို ဖြစ်လာမှာလဲ"

လီဟောက် "..."

ဖူယန်ဟိုသည် ပါးစပ်အဟောင်းသားဖြစ်နေသည့် လီဟောက်ကို ကြည့်လိုက်ပြီး ဟားခနဲ ရယ်မောလိုက်လေ၏။ "ကျွန်တော်မျိုးနဲ့ အရှင်မင်းကြီးက ညီအစ်ကိုဝမ်းကွဲတွေလေ။ ငယ်ငယ်ကတည်းက အတူတူ ကြီးပြင်းလာကြတာ။ ကျွန်တော်မျိုးက ဘယ်လောက် အရည်အချင်းရှိလဲဆိုတာ အရှင်မင်းကြီး မသိဘဲ နေပါမလား"

"အရှင်မင်းကြီးက ကျောက်မိသားစုကို မြှောက်စားချင်လို့ ညီကိုဝမ်းကွဲဖြစ်တဲ့ ကျွန်တော့်ကိုပါ မြှောက်စားလိုက်တာလေ။ ဒီလိုလုပ်တာက အပြင်လူတွေရဲ့ ပါးစပ်ကို ပိတ်ချင်လို့ပါ။ မင်းသားတို့ ငယ်ငယ်တုန်းက ကျွန်တော်မျိုး ဒီအကြောင်းတွေ မပြောပြခဲ့ပါဘူး။ အခု စစ်တပ်ထဲရောက်နေပြီဆိုတော့ ပြောပြလည်း ကိစ္စမရှိပါဘူး"

"ကျွန်တော်မျိုးက မြို့စားဘွဲ့ရထားပြီးပြီဆိုတော့ ရာထူးတက်စရာ မလိုတော့ဘူးလေ။ ဆွေမျိုးသားချင်းတွေကို မြှောက်စားပေးတာက ဖြစ်သင့်တဲ့ကိစ္စပါ။ အရှင်မင်းသား ဒီစာရင်းကို ယူထားလိုက်ပါ။ နောက်ပိုင်း စစ်တိုက်ပြီး အကျိုးဆောင်မှုရရင် အရှင်မင်းသား သဘောပါပဲ"

လီဟောက်တစ်ယောက်မှာ သွေးအန်ချင်စိတ် ပေါက်သွားလေတော့သည်။

လူက အရှက်မရှိရင် ဘာမဆို လုပ်ရဲတယ်ဆိုတာ သက်သေပြနေတာပဲ။

လီဟောက်ကတော့ မျက်နှာပူတတ်သူဖြစ်သဖြင့် စာရင်းကို မကျေမနပ်ဖြင့် လက်ခံလိုက်ရတော့သည်။

ဖူယန်သည် လီဟောက်၏ ပုခုံးကို လှမ်းပုတ်ပေးလိုက်ပြီး "လူငယ်လေးက ထက်မြက်တယ်။ မင်းကို အားကိုးပါတယ်" စသည့် မြှောက်ပင့်ပြောဆိုစကားများ ပြောဆိုပြီးနောက် ထွက်ခွာသွားလေတော့သည်။

စာရင်းကိုကိုင်ပြီး မျက်နှာညိုမည်းနေသော လီဟောက်တစ်ယောက်သာ ကျန်ရစ်ခဲ့တော့၏။

လီဟောက်သည် လက်ကို မသိမသာ တင်းကြပ်နေအောင် ဆုပ်ကိုင်ထားလိုက်ရာ စာရွက်မှာ ကြေမွလုနီးပါး ဖြစ်သွားတော့သည်။

ခဏအကြာတွင် လီဟောက်သည် သက်ပြင်းရှည်ကြီးချလိုက်ပြီး အမိန့်ပေးလိုက်တော့၏။ "လာကြအုံး။ အဆင့်၄နဲ့အထက် စစ်သူကြီးတွေကို ခေါ်လိုက် ဆွေးနွေးစရာရှိတယ်"

စာရင်းထဲက လူများသည် ရာထူးမကြီးသဖြင့် အစည်းအဝေးတက်ရောက်ခွင့် မရှိချေ။ လူရွေးသည့်အခါမှသာ ထည့်သွင်းရပေမည်။

ထိုကိစ္စကို တွေးမိလိုက်သည်နှင့် လီဟောက်၏ ရင်ထဲတွင် ဒေါသမီးက တောက်လောင်နေတော့သည်။ သို့သော်ငြား ဒေါသကို မြိုသိပ်ထားရပေအုံးမည်။

သူသည် စစ်တိုက်ပြီး အကျိုးဆောင်ချင်လျှင် ကျောက်စစ်တပ်ကို အသုံးပြုရအုံးမည်။ ထို့ကြောင့် ဖူယန်ဟိုနှင့် ရန်ဖြစ်လို့တော့ မဖြစ်သေးချေ။ ဖူယန်ဟို ပြောသည့်အတိုင်း ကျောက်မျိုးနွယ်ဝင်များကို "မြှောက်စား" ပေးပေရအုံးမည်။

...

အပိုင်း (၃၆၉) စစ်သူကြီးအရည်အချင်း

လူတစ်ချို့သည် အမှန်တကယ်ပင် မွေးရာပါ စစ်သူကြီးအရည်အချင်း ပါလာကြသူများ ဖြစ်ကြ၏။

ဥပမာအားဖြင့် တတိယမင်းသား လီဟောက်ဆိုလျှင် ယခင်က စစ်တပ်ကို တစ်ခါမှ ဦးဆောင်ဖူးခြင်း မရှိခဲ့ချေ။ စစ်ဆေးရေးမှူးအဖြစ် နှစ်ဝက်ကျော်ခန့် လုပ်ကိုင်ခဲ့သော်ငြား အများစုမှာ စစ်တပ်၏ နောက်တန်းတွင်သာ နေထိုင်ခဲ့ရသည်။ သို့သော် စစ်တပ်ကို ဦးဆောင်ပြီး စစ်မြေပြင်သို့ ထွက်လိုက်သည်နှင့် ဓားအိမ်မှ ကျွတ်ထွက်လာသည့် သံမဏိဓားသွားပမာ အရောင်အဝါများ တောက်ပလာခဲ့လေသည်။

ပထမဆုံးအကြိမ် တိုက်ပွဲတွင် ယန်စစ်သူကြီးနှင့် ရင်ဆိုင်ခဲ့ရပြီး ကြီးမားသော စစ်ပွဲကို အနိုင်တိုက်ခိုက်နိုင်ခဲ့သည်။ လွန်ခဲ့သည့် ၂လတာကာလအတွင်း ကျဆင်းနေမှုများကို ဖယ်ရှားပစ်နိုင်ခဲ့သည်။ မူလက စိတ်ဓာတ်ကျဆင်းနေခဲ့ကြသည့် သာ့ဝေတိုင်းပြည်၏ စစ်သည်တော်များ၏ စိတ်ဓာတ်သည်လည်း ထိုကိစ္စကြောင့် တက်ကြွလာခဲ့ကြလေသည်။

အောင်ပွဲခံသည့် သတင်းကောင်းသည် ယုံးကျားဧကရာဇ်၏ နားထဲသို့ လျင်မြန်စွာ ရောက်ရှိသွားခဲ့သည်။

ယုံးကျားဧကရာဇ်သည် အလွန်အမင်း ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားပြီး စစ်သူကြီးအပေါင်းကို ပြောလိုက်လေသည်။ "ကျန်းရဲ့သားတွေက တစ်ယောက်ချင်းစီတိုင်း သူရဲကောင်းတွေချည်းပဲ"

ပထမမင်းသား စစ်ရှုံး၍ ညာဘက်ခြေထောက် ဒဏ်ရာရခဲ့သည့်ကိစ္စကို မည်သူကမှ ထပ်မံထုတ်ဖော် မပြောကြတော့ချေ။ စစ်သူကြီးများ အားလုံးသည် တတိယမင်းသားကို ဝိုင်းဝန်းချီးကျူး စကားဆိုလိုက်ကြလေသည်။

တတိယမင်းသားသည် ကွမ်းပင်းနယ်စား၏ သားမက်တော်စပ်သူဖြစ်ရာ ကွမ်းပင်းနယ်စားသည်လည်း မျက်နှာပွင့်လန်းနေပြီး ယုံးကျားဧကရာဇ်ကို ပြုံးကာ လျှောက်တင်လိုက်လေသည်။ "အရှင်မင်းသားက စစ်မှုထမ်းသက် အကျိုးဆောင်မှုတွေ အများကြီး ပြုလုပ်ခဲ့ပြီးပါပြီ။ တတိယမင်းသားကလည်း ဒီလောက်အထိ ရဲရင့်လိမ့်မယ်လို့ ထင်မထားမိပါဘူး။ ကျွန်တော်မျိုး အရှင်မင်းကြီးကို ဂုဏ်ပြုပါတယ်"

ပြောရမည်ဆိုလျှင် ထိုက်ဇီသည် ရှင်းယန်စစ်တပ်ထဲတွင် ရှိနေခြင်းဖြစ်၏။ ရှင်းယန်ဝမ်သားအဖသည် ထိုက်ဇီအတွက် စိတ်ရောကိုယ်ပါ နှစ်မြှုပ်ထားကြပြီး စစ်တိုက်တော်သည်ဟူသော ဂုဏ်ပုဒ်ကို ရရှိလာအောင် ပံ့ပိုးပေးခဲ့ကြသည်။

ဖူယန်မြို့စား၏ စိတ်ထားနှင့်ဆိုလျှင် တတိယမင်းသားကို ထိုကဲ့သို့ ပံ့ပိုးပေးလိမ့်မည် မဟုတ်ဘဲ ခြေထိုးမခံရလျှင်ပင် ကံကောင်းလှပြီဖြစ်၏။

ဤကဲ့သို့သော အခြေအနေအောက်တွင် တတိယမင်းသားသည် ပထမဆုံးအကြိမ် စစ်တပ်ကို ဦးဆောင်ကာ အောင်ပွဲခံနိုင်ခဲ့ပြီး သန့်သန့်ရှင်းရှင်း ပြတ်ပြတ်သားသား အနိုင်ရရှိခဲ့သည်မှာ လူအများကို အံ့အားသင့်စေသည်မှာ မလွှဲမရှောင်သာပင်။

ယုံးကျားဧကရာဇ်၏ မျက်ဝန်းထဲတွင် ဂုဏ်ယူဝင့်ကြွားမှုများ ဖြတ်ပြေးသွားပြီး ပြောလိုက်လေသည်။ "ကျန်းရဲ့ သားတော်တွေ အားလုံးက တော်ကြပါတယ်။ တတိယမင်းသားက မွေးဖွားလာတဲ့ မျိုးရိုးနိမ့်ကျပေမဲ့ မွေးရာပါ ပါရမီထူးချွန်ပြီး စာပေရော စစ်ရေးပါ နှံ့စပ်ကျွမ်းကျင်တယ်"

ကွမ်းပင်းနယ်စားသည်လည်း သားမက်ဖြစ်သူကို ဂုဏ်တက်အောင် ပြောဆိုပေးရန် ဝန်လေးနေမည် မဟုတ်ပေ။ ထို့ကြောင့် ချက်ချင်းပင် ပြုံးကာ ပြောလိုက်လေသည်။ "ကျွန်တော်မျိုး အမြင်အရဆိုရင်တော့ တတိယမင်းသားက အရှင်မင်းကြီး ငယ်ငယ်တုန်းကနဲ့ အတူဆုံးပါပဲ။ မွေးရာပါ စစ်သူကြီး အရည်အချင်းပါပဲ"

ပထမမင်းသားကတော့ အသုံးမဝင်တော့ချေ။ ကွမ်းပင်းနယ်စားသည် လျင်မြန်စွာပင် ဦးတည်ချက်ကို ပြောင်းလဲလိုက်ပြီး မိမိ၏ သားမက်ကို မြှောက်ပင့်ပေးရခြင်းသည်လည်း ပျော်ရွှင်စရာ ကိစ္စတစ်ခုပင်။

ယုံးကျားဧကရာဇ်သည် ဝမ်းသာအားရ ဖြစ်နေခိုက်တွင် ကိုယ်တိုင် စုတ်တံကိုကိုင်ကာ တတိယမင်းသားထံသို့ စာတစ်စောင် ရေးသားလိုက်လေသည်။

...

ညီလာခံတွင် အောင်ပွဲရ သတင်းကို ရရှိလိုက်သည်နှင့် အရာရှိအပေါင်းတို့သည် အလွန် ဝမ်းမြောက်သွားကြပြီး နန်းတော်အတွင်းမှ လေးလံထိုင်းမှိုင်းနေသော လေထုသည်လည်း လျင်မြန်စွာ ပေါ့ပါးသွားခဲ့လေသည်။

ရက်အတော်ကြာ နေမကောင်းဖြစ်နေခဲ့သည့် မယ်တော်ကြီးကျောက်သည် စိတ်လက်ကြည်လင်သွားပြီး ၂ရက်တာ ကာလအတွင်းတွင် အိပ်ရာမှ ထနိုင်ခဲ့လေသည်။ စူးဖေးကို ရှားရှားပါးပါး ကိုယ်တိုင် ဆင့်ခေါ်လိုက်ပြီး ကြည်လင်ရွှင်ပြသော မျက်နှာထားဖြင့် ပြောလိုက်လေသည်။

"တတိယမင်းသားက စစ်တပ်ကို ဦးဆောင်ပြီး တိုက်ပွဲကြီးကို အနိုင်ယူနိုင်ခဲ့တယ်။ သာ့ဝေတိုင်းပြည်ရဲ့ စစ်ရေးစိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်ခဲ့တယ်။ အကျိုးဆောင်မှုကို မူတည်ပြီး ဆုချဖို့ကတော့ နောက်မှပဲ ပြောရမယ်။ လောလောဆယ်မှာတော့ အိုက်ကျားက မင်းကို ဆုချရမယ်"

ဘေးနားမှ နန်းတွင်းအပျိုတော်သည် အကောင်းစား ပိုးထည်အုပ်များကို ကိုင်ဆောင်ကာ လာပေးလေသည်။ ပစ္စည်းများက သိပ်ပြီး ထူးဆန်းလှသည် မဟုတ်သော်ငြား အရေးကြီးသည်မှာ ထိုဂုဏ်မျက်နှာပင်။

စူးဖေးသည် မမျှော်လင့်ထားသော မျက်နှာသာပေးခံရမှုကြောင့် အံ့အားသင့်သွားပြီး အလျင်အမြန် ထရပ်ကာ ကျေးဇူးတင်စကား ပြောလိုက်လေသည်။ "ချန်ချဲ့က မယ်တော်ကြီးကျောက်ရဲ့ ကျေးဇူးတော်ကို ကျေးဇူးတင်ပါတယ်"

သားကို အကြောင်းပြုပြီး မိခင်က မြင့်မြတ်လာသည်ဟူသော စကားမှာ တစ်ဝက်မျှပင် မမှားယွင်းချေ။

ထိုစဉ်က စူးဖေးသည် ကချေသည်ဘဝဖြင့် လီမိသားစု၏ အတွင်းဆောင်သို့ ဝင်ရောက်လာခဲ့ပြီး သားတစ်ယောက် မွေးဖွားပြီးနောက်တွင်မှ ကိုယ်လုပ်တော်အဖြစ် တင်မြှောက်ခံခဲ့ရခြင်း ဖြစ်သည်။ ဒီနှစ်များအတွင်း နန်းတော်ထဲတွင် ရပ်တည်နိုင်ခဲ့ခြင်းမှာလည်း သားနှစ်ယောက်ကို ဆက်တိုက် မွေးဖွားပေးနိုင်ခဲ့ခြင်းကြောင့်ပင် ဖြစ်လေသည်။

တတိယမင်းသားသည် စစ်မှုထမ်းသက် အကျိုးဆောင်မှု ရရှိခဲ့သဖြင့် စူးဖေး၏ မျက်နှာသည်လည်း ဂုဏ်တက်နေပြီး ဒီရက်ပိုင်းအတွင်း ဘယ်နေရာသွားသွား ခါးကို မတ်မတ်ထားကာ လျှောက်လှမ်းနေတော့သည်။

မယ်တော်ကြီးကျောက်က ပြုံးကာ ပြောလိုက်လေသည်။ "နန်းတော်ထဲမှာက အစားအသောက် အဝတ်အစား မရှားပါဘူး။ မင်းမှာလည်း ပိုးထည်တွေ မနည်းမနော ရှိမှာပါ။ ဒါက အိုက်ကျားရဲ့ စေတနာမို့လို့ မင်း လက်ခံလိုက်ပါ"

စူးဖေးသည် ထပ်မံ၍ ကျေးဇူးတင်စကား ပြောလိုက်ပြီး ပျော်ရွှင်စွာဖြင့် ဆုလာဘ်များကို လက်ခံယူလိုက်လေသည်။

ဟုတ်ပေသည်။ ယိဟွားနန်းဆောင်တွင် စားဝတ်နေရေးအတွက် လိုအပ်ချက်မရှိသော်ငြား လိုအပ်နေသည်မှာ ဂုဏ်ရည်နှင့် မျက်နှာသာပေးခံရခြင်းပင်။

မယ်တော်ကြီးကျောက်ကပင် စူးဖေးကို ဆုချီးမြှင့်နေသည်တွင် ချောင်မိဖုရားခေါင်သည်လည်း မသိချင်ယောင်ဆောင်နေ၍ မရတော့ဘဲ ပြုံးကာ ပြောလိုက်လေသည်။ "မူဟုပ်က စူးဖေးကို ဆုချမှတော့ အာရှီကလည်း အလိုက်သင့်လေး စူးဖေးကို ဆုချပါရစေ"

ချောင်မိဖုရားခေါင်သည် စူးဖေးကို ခေါင်းဆောင်းရတနာ တစ်စုံ ဆုချလိုက်လေသည်။

စူးဖေးသည် မျက်နှာအပြည့် အပြုံးပန်းများ ဝေဆာလျက် ကျေးဇူးတင်စကား ဆိုလိုက်၏။ ကိုယ်နေဟန်ထားသည် ယခင်ကထက် ပိုမိုပေါ့ပါးလန်းဆန်းနေတော့သည်။

ဘေးတွင် ထိုင်နေသော ချင်ဖေးမှာမူ ရင်ထဲတွင် မနာလိုဝန်တိုစိတ်များ တဖွားဖွား ဖြစ်ပေါ်နေတော့သည်။ သို့သော် ပါးစပ်ကတော့ ဘာမှ ပြောမထွက်ချေ။ ထိုစဉ်က စတုတ္ထမင်းသား စစ်တိုက်ရာမှ အနိုင်ရပြီး မြို့တော်သို့ ပြန်ရောက်လာစဉ်က ချောင်မိဖုရားခေါင်နှင့် မယ်တော်ကြီးကျောက်တို့သည်လည်း ဆုလာဘ်များ မနည်းမနော ချီးမြှင့်ခဲ့ကြသည်ပင်။

ယခုအခါတွင် နာမည်ကြီး လူရာဝင်လာသူမှာ စူးဖေး ဖြစ်လာခဲ့ပြီဖြစ်ရာ ချင်ဖေးသည် မနာလိုစိတ်များကို မြိုသိပ်ထားကာ ဂုဏ်ပြုစကားသာ ပြောလိုက်ရတော့သည်။

စူးဖေးသည် စိတ်လက်ပေါ့ပါးနေပြီး ပြုံးကာ ပြောလိုက်လေသည်။ "ချန်ချဲ့က နန်းတော်ထဲမှာပဲ နေရတာဆိုတော့ စစ်တိုက်တဲ့ ကိစ္စတွေကို နားမလည်ပါဘူး။ တတိယမင်းသားက သာ့ဝေတိုင်းပြည်အတွက် အားဖြည့်ပေးနိုင်တာကို တွေးပြီး ချန်ချဲ့ရဲ့ စိတ်ထဲမှာလည်း အရမ်း ဝမ်းသာမိပါတယ်"

လုမင်ယွိသည် ပျော်ရွှင်မြူးထူးနေသော စူးဖေးကို ကြည့်လိုက်ရာ မျက်စိစူးသလို ခံစားလိုက်ရပြီး အကြည့်ကို လျင်မြန်စွာ လွှဲဖယ်လိုက်လေသည်။

လီဟောက်က အရင်ဘဝတုန်းက ဧကရာဇ်ပလ္လင်ပေါ် ထိုင်နိုင်ခဲ့တာ ကံတရားပါတာကြောင့် ဆိုပေမဲ့ သူက စစ်ရေးကျွမ်းကျင်ပြီး တိုက်ပွဲတွေအများကြီးကို အနိုင်ယူနိုင်ခဲ့တာကြောင့်လည်း ပါတာပဲ။ သူမက လီဟောက်ကို ဘယ်လောက်ပဲ မုန်းတီးနေပါစေ ဒီအချက်ကိုတော့ ငြင်းပယ်လို့ မရဘူး။

ရှို့နဉ်နန်းတော်မှ ကျောင်းဖန်နန်းဆောင်သို့ ပြန်ရောက်ပြီးနောက် ချောင်မိဖုရားခေါင်သည် သက်ပြင်းတစ်ချက်ကို နက်ရှိုင်းစွာ ရှူထုတ်လိုက်ပြီး လုမင်ယွိကို တိုးတိုးလေး ပြောလိုက်လေသည်။

"ပန်ကုံးက သဘောထား သေးသိမ်တာ မဟုတ်ပါဘူး။ တတိယမင်းသား စစ်နိုင်တာကို ပန်ကုံးလည်း ဝမ်းသာပါတယ်။ ဒါပေမဲ့ စူးဖေးရဲ့ လူပါးဝတဲ့ စရိုက်ကို ကြည့်ရတာ ယင်ကောင်တစ်ကောင်ကို မျိုချမိလိုက်သလိုပဲ။ တကယ်ကို ရွံဖို့ကောင်းလိုက်တာ"

လုမင်ယွိသည် စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး ပြုံးကာ ချောင်မိဖုရားခေါင်ကို နှစ်သိမ့်လိုက်လေသည်။ "မူဟုပ်က သူ့ကို မမြင်ချင်ယောင်ဆောင်နေလိုက်ရင် ပြီးတာပါပဲ"

ဒီလိုကိစ္စမျိုးတွေက နောက်ဆိုရင် နည်းမှာ မဟုတ်ဘူး။

ချောင်မိဖုရားခေါင်သည်လည်း စိတ်ထဲတွင် နားလည်ထားသဖြင့် သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။ "အရည်အချင်းရှိတဲ့သူက ဖုံးကွယ်ထားလို့ မရပါဘူး။ ဒီတိုက်ပွဲပြီးရင် တတိယမင်းသားက နာမည်ကြီးလာပြီး ထိုက်ဇီကိုတောင် ကျော်တက်သွားမှာ စိုးရိမ်မိတယ်"

လုမင်ယွိ၏ မျက်နှာထားကတော့ တည်ငြိမ်နေလေသည်။

"မူဟုပ် တွေးပူလွန်းနေပါပြီ။ ထိုက်ဇီအရှင်မင်းသားက စစ်မှုထမ်းသက် အကျိုးဆောင်မှုတွေ အများကြီး ရှိထားတာပါ။ ဘယ်သူကမှ အရှင်မင်းသားကို ကျော်တက်လို့ မရပါဘူး။ နောက်တစ်လှမ်းဆုတ်ပြီး ပြောရရင် တတိယမင်းသားက အကျိုးဆောင်မှု ပိုများလာရင်တောင် အရှင်မင်းသားရဲ့ နေရာကို လှုပ်ခါနိုင်မှာ မဟုတ်ပါဘူး"

ချောင်မိဖုရားခေါင်သည် ခဏမျှ တိတ်ဆိတ်ငြိမ်သက်သွားပြီးမှ တိုးတိုးလေး ပြောလိုက်လေသည်။ "ထိုက်ဇီ စစ်တိုက်ထွက်သွားတုန်းက ပန်ကုံးရဲ့ စိတ်ထဲမှာ လုံးဝ မလိုလားခဲ့ဘူး။ အခု ပြန်စဉ်းစားကြည့်တော့ ထိုက်ဇီ သွားလိုက်မိတာ ကံကောင်းသွားတယ်"

"ဒါမှမဟုတ်ရင် မြို့တော်မှာကျန်ခဲ့ပြီး တတိယမင်းသား ဒီလို နာမည်ကြီးနေတာကို မျက်စိဖွင့်ပြီး ကြည့်နေရုံပဲ ရှိတော့မှာ"

...

ဒီတိုက်ပွဲ အောင်မြင်ပြီးနောက်တွင် ဆက်တိုက်ဆိုသလို ကြားရသည်မှာ သတင်းကောင်းများသာ ဖြစ်လေသည်။

လီဟောက် ဦးဆောင်သော ကျောက်မိသားစုစစ်တပ်သည် ဆက်တိုက် အောင်ပွဲခံခဲ့သလို ရှင်းယန်စစ်တပ်သည်လည်း အားမလျော့ခဲ့ချေ။ ချူနိုင်ငံဘက်မှလည်း အောင်ပွဲရ သတင်းကောင်းများ စတင် ကြားလာရပြီ ဖြစ်သည်။ သာ့ဝေတိုင်းပြည်၏ စစ်ကြောင်းနှစ်ကြောင်းစလုံး တိုက်ပွဲနိုင်ကြပြီး ဝါးကိုခွဲသကဲ့သို့ အရှိန်အဟုန်ပြင်းစွာ ထိုးဖောက်နိုင်မည့် အနေအထား ရှိလာခဲ့သည်။

အားလုံး၏ ရင်ထဲတွင် ဆွဲထားသော ကျောက်တုံးကြီးသည် တိတ်တဆိတ် ပြုတ်ကျသွားခဲ့လေပြီ။

ယခုအချိန်တွင် ပထမမင်းသား၏ ခြေထောက်ဒဏ်ရာကို စိတ်ပူနေသူမှာ မုန့်ဖေးနှင့် ပထမမင်းသား ကြင်ရာတော်တို့သာ ကျန်ရှိတော့သည်။ ပထမမင်းသား ကြင်ရာတော်သည် နေမကောင်းဖြစ်နေရာမှ ၂လကျော်ခန့် အနားယူ ကုသပြီးနောက် လူက သိသိသာသာ ပိန်လှီချည့်နဲ့သွားသော်ငြား နောက်ဆုံးတွင် အိပ်ရာမှဆင်းကာ လမ်းလျှောက်နိုင်ခဲ့လေပြီ။

သူမသည် နန်းတော်ထဲသို့ ဝင်ရောက်လာပြီး ယန်ရှီးနန်းဆောင်သို့ ယောက္ခမဖြစ်သူကို သွားရောက် ဂါရဝပြုလေသည်။

တွေ့ဆုံလိုက်သည်နှင့် ပထမမင်းသား ကြင်ရာတော်သည် လန့်ဖျပ်သွားရတော့သည်။ "မူဖေးရဲ့ မျက်နှာက ဘာလို့ ဒီလောက် ကြည့်ရဆိုးနေရတာလဲ"

မုန့်ဖေးသည် အိပ်ရာထက်တွင် နာမကျန်းဖြစ်ကာ လဲလျောင်းနေပြီး တစ်ကိုယ်လုံး ပိန်လှီကာ ရုပ်ပျက်ဆင်းပျက် ဖြစ်လုနီးပါး ဖြစ်နေတော့သည်။ မျက်နှာက ဖယောင်းရောင်ကဲ့သို့ ဝါကျင်ကျင်ဖြစ်နေပြီး မျက်လုံးများထဲတွင်လည်း ယခင်က အရောင်အဝါများ မရှိတော့ဘဲ ညှိုးနွမ်းခါနီး ပန်းတစ်ပွင့်နှယ် ဖြစ်နေလေသည်။

ပထမမင်းသား ကြင်ရာတော်၏ အသံကို ကြားလိုက်ရသည်တွင် မုန့်ဖေးသည် မျက်လုံးကို အနည်းငယ် ပင့်ကြည့်လိုက်ပြီး လျင်မြန်စွာ ပြန်ချလိုက်လေသည်။ စကားပြောချင်စိတ်ပင် မရှိတော့ချေ။

ပထမမင်းသား ကြင်ရာတော်သည် စိတ်ထဲတွင် စိုးရိမ်ထိတ်လန့်သွားပြီး ကုတင်ဘေးမှ ကျင့်အန်းကုန်းကျူကို လှမ်းကြည့်လိုက်လေသည်။ "ညီမလေး။ မူဖေး နေမကောင်းဖြစ်နေတာ ဒီလောက်ကြာနေပြီ။ သက်သာလာတာ မရှိဘူးလား"

ကျင့်အန်းကုန်းကျူသည် မိခင်ရင်း၏ ကုတင်ဘေးတွင် ၂လကြာအောင် စောင့်ရှောက်ပေးခဲ့ရသဖြင့် ချောမောလှပသော ပါးပြင်လေးများသည် နီရဲခြင်းမရှိတော့ဘဲ အနည်းငယ် ညှိုးငယ်နေသယောင် ရှိလေသည်။

စကားကို ကြားလိုက်ရသောအခါ ခါးသက်သက် ပြုံးလိုက်လေသည်။ "နန်းတော်ထဲက တော်ဝင်သမားတော်တွေ နေ့တိုင်းလာပြီး ကုသပေးကြပါတယ်။ ညီမလည်း နေ့တိုင်း နှစ်သိမ့်ပေးပါတယ်။ ဒါပေမဲ့ မူဖေးက နေ့တိုင်း အစ်ကိုတော်ကို စိတ်ပူနေပြီး ဆေးရည်ကို မသောက်ချင်ဘူး ဖြစ်နေတယ်။ ရောဂါအခြေအနေက ပိုပြီးဆိုးလာတာပဲ ရှိတယ်"

ပထမမင်းသား ကြင်ရာတော်သည် ကိုယ်ချင်းစာမိသွားပြီး မျက်ဝန်းများ နီရဲလာတော့သည်။ "အရှင်မင်းသားက ဒဏ်ရာအပြင်းအထန် ရသွားတာ။ အခု ဘယ်လိုနေလဲ မသိဘူး။ ကျွန်မ ဒီအကြောင်းကို တွေးလိုက်တိုင်း ရင်ထဲမှာ မီးဖုတ်ပြီး ဆီပူနဲ့ကြော်နေသလို ခံစားရတယ်။ ဒါပေမဲ့ ဘယ်လောက်ပဲ ဝမ်းနည်းပူဆွေးနေပါစေ ရှေ့ဆက်ပြီး နေသွားရမှာပဲလေ။ အိမ်တော်ထဲမှာ စောင့်ရှောက်ရမယ့် ထန်အာလည်း ရှိသေးတာမို့လို့ နေ့တိုင်း ကျွန်မ ကိုယ့်ကိုယ်ကိုယ် အတင်းအကျပ် ဆေးသောက်ခိုင်းနေရတယ်"

မုန့်ဖေးသည် ဘာမှမကြားလိုက်ရသကဲ့သို့ လှုပ်ပင်မလှုပ်ရှားပေ။

ကျင့်အန်းကုန်းကျူသည် အလွန်သိတတ် လိမ္မာသူဖြစ်ရာ လျင်မြန်စွာပင် မျက်ဝန်းအိမ်များ နီရဲလာပြီး မျက်ရည်များက မျက်လုံးထောင့်မှ စီးကျလာလေတော့သည်။

…

All Chapters