← Chapters

အခန်း (၃၇၀-၃၇၂)

Vol. 25 Ch. 370-372

အခန်း (၃၇၀-၃၇၂)

Vol. 25 Ch. 370-372

အပိုင်း (၃၇၀) ရောဂါသည်းခြင်း

ဒီတိုင်းသာ ဆက်သွားမည်ဆိုပါက မုန့်ဖေးသည် ပထမမင်းသား ပြန်ရောက်လာသည်အထိ ခံနိုင်ရည်ရှိပါ့မလားဟု စိုးရိမ်ရလေသည်။

ပထမမင်းသား ကြင်ရာတော်သည် မျက်ရည်များကို လက်ကိုင်ပုဝါဖြင့် သုတ်ကာ တိုးတိုးလေး ပြောလိုက်လေသည်။

"မူဖေး စိတ်မကောင်းဖြစ်နေတာကို အာရှီ နားလည်ပါတယ်။ ဒါပေမဲ့ အခု ဒီအခြေအနေထိ ရောက်နေမှတော့ မူဖေးကလည်း စိတ်လျှော့နိုင်မှ ဖြစ်မှာပါ။ ဘာပဲဖြစ်ဖြစ် အရှင်မင်းသားက အသက်တစ်ချောင်းတော့ ပြန်ရလိုက်ပါသေးတယ်"

အသက်ပြန်ရလိုက်ရုံနဲ့ ဘာများ အသုံးဝင်မှာမလို့လဲ။

ခြေထောက် ဒဏ်ရာရသွားပြီးနောက် နောက်ပိုင်းမှာ မတ်တပ်ရပ်ပြီး လမ်းမလျှောက်နိုင်တော့သလို ဓားကိုင်ပြီး မြင်းမစီးနိုင်တော့ဘူး။ မသန်စွမ်းတဲ့သူနဲ့ ဘာများ ကွာခြားတော့လို့လဲ။ နောက်ပိုင်းမှာ ထိုက်ဇီ တစ်စုံတစ်ခု ဖြစ်သွားခဲ့ရင်တောင် သာ့ဝေတိုင်းပြည်ရဲ့ ထီးနန်းဆက်ခံသူနေရာက မသန်စွမ်းသူတစ်ယောက် လက်ထဲကို ရောက်လာမှာ မဟုတ်ဘူး။

သူမ၏ ဘဝတစ်ဝက်စာ ကြိုးပမ်းအားထုတ်မှုနှင့် မျှော်လင့်ချက်တွေက ဒီလိုပဲ ပျက်စီးသွားခဲ့ရလေပြီ။

မိခင်အရင်းတစ်ယောက်က သားအပေါ်ထားတဲ့ မေတ္တာတရားကို ဘယ်သူကများ နားလည်ပေးနိုင်မှာလဲ။

ပထမမင်းသား ကြင်ရာတော် ငိုကြွေးနေတာကို ကြည့်မနေနဲ့။ ဝမ်းနည်းပူဆွေးမှုက သူမရဲ့ တစ်ဝက်လောက်တောင် ရှိတာ မဟုတ်ဘူး။

ကုတင်ပေါ်တွင် လဲလျောင်းနေသော မုန့်ဖေးသည် မျက်လုံးများကို မှိတ်ထားလိုက်ပြီး ချွေးမဖြစ်သူကို တစ်ချက်လေးမှ ကြည့်ချင်စိတ် မရှိတော့ချေ။

ပထမမင်းသား ကြင်ရာတော်သည် ခဏလောက် နေပြီးနောက်တွင် ထပြန်ရန် နှုတ်ဆက်လိုက်ရလေသည်။ ကျင့်အန်းကုန်းကျူသည် မရီးဖြစ်သူကို လိုက်ပို့ပေးရင်း တိုးတိုးလေး ပြောလိုက်လေသည်။ "မူဖေးက နေမကောင်းဖြစ်နေတော့ စိတ်တိုလွယ်နေတာပါ။ သာ့စောင် စိတ်ထဲမထားပါနဲ့"

ပထမမင်းသား ကြင်ရာတော်သည် သက်ပြင်းတစ်ချက်ချကာ "တစ်မိသားစုတည်းပဲဟာ ဘာများ စိတ်ခုစရာ ရှိမှာလဲ။ သာ့စောင် နောက်ရက် အားရင် လာပြီး ပြုစုပေးပါ့မယ်"

မယ်တော်ကြီးကျောက် နေမကောင်းဖြစ်စဉ်က မိဖုရားခေါင်ကြီးနှင့် ထိုက်ဇီဖေးတို့ ဦးဆောင်ကာ မင်းသားနှင့် မင်းသမီးတို့က အလှည့်ကျ လာရောက်ပြုစုခဲ့ကြသည်။ ယခု မုန့်ဖေး အလှည့်ရောက်တော့ နေ့တိုင်း ကုတင်ဘေးတွင် လာရောက်စောင့်ရှောက်ပေးသူမှာ ကျင့်အန်းကုန်းကျူ တစ်ယောက်သာ ရှိလေသည်။

တတိယမင်းသားသည် စစ်ပွဲအောင်နိုင်ခဲ့သဖြင့် ယိဟွားနန်းဆောင်မှ စူးဖေးသည် မျက်နှာပွင့်လန်းနေတော့သည်။

ပထမမင်းသား၏ ခြေထောက်တစ်ဖက် မသန်မစွမ်း ဖြစ်သွားသဖြင့် ယန်ရှီနန်းဆောင်သည် တိတ်ဆိတ်ငြိမ်သက်နေပြီး လူမမာမေးလာသူ တစ်ယောက်မှ မရှိချေ။

နန်းတော်ထဲတွင် နိမ့်ပါးသွားသူကို နင်းချေပြီး မြင့်မားသူကို ဖေးမကြသည်မှာ ထုံးစံပင်။

ကျင့်အန်းကုန်းကျူသည် ခါးသက်သက် ပြုံးလိုက်လေသည်။ "ယန်ရှီနန်းဆောင်က ခြောက်ကပ်ကပ် ဖြစ်နေတယ်။ သာ့စောင် အားတဲ့အချိန် လာပြီး စကားပြောပေးပါ။ မူဖေးရဲ့ ရောဂါက မြန်မြန် သက်သာလာမလားလို့ပါ"

မုန့်ဖေးသည် နှစ်ပေါင်းများစွာ ဂုဏ်တက်ခဲ့ပြီး ယခုလို အခြေအနေမျိုးသို့ ရောက်ရှိသွားသောအခါ စိတ်ထဲတွင် ခံစားချက်က နည်းနည်းလေးမှ မကောင်းပေ။ ရောဂါအခြေအနေ တစ်ရက်ထက်တစ်ရက် ပိုဆိုးလာရခြင်းမှာ စိတ်ရောဂါကြောင့်သာ။

သာ့စောင်နှင့် ယောက်မ နှစ်ယောက်သား အချိန်အတော်ကြာ တိုးတိုးတိတ်တိတ် စကားပြောပြီးမှ လမ်းခွဲခဲ့ကြလေသည်။

...

နောက်တစ်နေ့တွင် ပထမမင်းသား ကြင်ရာတော်သည် နန်းတော်ထဲသို့ ဂါရဝပြုရန် ထပ်မံရောက်ရှိလာခဲ့သည်။

ချောင်မိဖုရားခေါင်သည် သဘောထားတင်းမာသူ မဟုတ်သဖြင့် နူးညံ့စွာ ပြောလိုက်လေသည်။ "မင်း နေမကောင်းဖြစ်တာ ဒီလောက်ကြာသွားပြီဆိုတော့ အခု ပြန်ကောင်းလာပြီပေါ့။ အားတဲ့အချိန်ကျရင် ယန်ရှီနန်းဆောင်ကို သွားပြီး မုန့်ဖေးကို နှစ်သိမ့်ပေးလိုက်ပါဦး"

ချင်ဖေးသည် ချက်ချင်းပင် ဝင်ပြောလိုက်လေသည်။ "ဟွမ်ဟုပ်ညန်ညန် ပြောတာ မှန်ပါတယ်။ ပထမမင်းသားက ဒဏ်ရာရခဲ့ပေမဲ့ အသက်အန္တရာယ် မစိုးရိမ်ရတော့ဘူးလေ။ ကောင်းကောင်းမွန်မွန် အသက်ရှင်နေတာပဲ။ မုန့်ဖေးက အိပ်ရာပေါ်မှာ အသည်းအသန် ဖြစ်နေတာက ပထမမင်းသားရဲ့ ကံကောင်းခြင်းတွေကို ချိုးနှိမ်လိုက်သလို ဖြစ်နေပြီ"

စကားလုံးများက ဂွမ်းဆီထိသလို နူးညံ့သော်ငြား ဆူးများ ပါဝင်နေသဖြင့် ရင်ထဲတွင် စူးရှနာကျင်သွားရလေသည်။

ဒဏ်ရာရတာ ကိုယ့်သား မဟုတ်လို့ ဘေးကနေ ရပ်ကြည့်ပြီး လေလုံးထွားနေတာ။

ပထမမင်းသား ကြင်ရာတော်သည် စိတ်ထဲတွင် အံကြိတ်ထားလိုက်ပြီး ခေါင်းငုံ့ကာ ပြန်ဖြေလိုက်လေသည်။ "ချင်ဖေးညန်ညန်ကို ကျေးဇူးတင်ပါတယ်"

ဒီရက်ပိုင်းအတွင်း မျက်နှာပွင့်လန်းနေသော စူးဖေးသည် ဟန်ဆောင်ပန်ဆောင် သက်ပြင်းချလိုက်လေသည်။ "မင်းသားတွေက စစ်မြေပြင်မှာ အသက်နဲ့ရင်းပြီး တိုက်ခိုက်နေကြတာ။ ငါတို့က နန်းတော်ထဲမှာ တခြားဘာမှ မလုပ်ပေးနိုင်ပေမဲ့ ကိုယ့်ကျန်းမာရေးကိုတော့ ကိုယ်ဂရုစိုက်သင့်တယ်။ ဒါမှ ကိုယ့်သားက စိတ်ပူနေစရာ မလိုမှာ"

ဟွန်း!

တတိယမင်းသား နာမည်ကြီးလာတာကို အားကိုးပြီး စူးဖေးကပါ ဘဝင်မြင့်နေတော့တာပဲ။

အရင်တုန်းကဆိုရင် စူးဖေးက အမြဲတမ်း ခေါင်းငုံ့ပြီး ပြုံးပြနေခဲ့ရတဲ့သူ။ ဘယ်အချိန်ကများ အခုလို မောက်မာဝင့်ကြွားခွင့် ရသွားတာလဲ။

ပထမမင်းသား ကြင်ရာတော်သည် နောက်တစ်ကြိမ် အံကြိတ်လိုက်မိပြန်သည်။

လုမင်ယွိသည် စူးဖေး၏ အမူအရာကို ကြည့်မရတော့သဖြင့် အေးစက်စက် ပြောလိုက်လေသည်။ "စစ်မြေပြင်မှာ အမြဲတမ်း နိုင်နေတဲ့ စစ်သူကြီးဆိုတာ မရှိပါဘူး။ စကားပြောရင်လည်း ဆင်ခြင်ပါဦး။ တတိယမင်းသား တစ်ခုခု လွဲချော်သွားခဲ့ရင် အဲဒီကျမှ စူးဖေးရဲ့ အဖြစ်က မုန့်ဖေးလောက်တောင် ရှိမှာ မဟုတ်ဘူး"

စူးဖေး၏ သတ္တိနှင့် စိတ်နေသဘောထားသည် ကြီးထွားလာခဲ့ပြီ။ ယခင်က ဘာမှ ပြန်မပြောဘဲ ငြိမ်နေခဲ့သော်လည်း ယနေ့တွင်တော့ ခါးကို မတ်မတ်ထားပြီး လုမင်ယွိကို ပြန်ကြည့်ကာ ပြောလိုက်လေသည်။

"ထိုက်ဇီဖေး ဒီလိုပြောရတာ စိတ်မကောင်းဘူးလား။ တတိယမင်းသားက သာ့ဝေတိုင်းပြည်အတွက် အားကုန်သုံးပြီး တိုက်ခိုက်နေတာပါ။ ထိုက်ဇီဖေးရဲ့ ပါးစပ်ကနေကျတော့ ဒီလိုစကားမျိုး ထွက်လာရတယ်လို့။ ဒီစကားသာ အပြင်ကို ပျံ့သွားရင် ထိုက်ဇီဖေးရဲ့ သိတတ်လိမ္မာတဲ့ ဂုဏ်သတင်းကို ထိခိုက်သွားလိမ့်မယ်"

လုမင်ယွိ၏ မျက်နှာထားက တည်ငြိမ်နေပြီး အသံထဲတွင် အေးစက်မှုတို့ လွှမ်းခြုံနေလေသည်။

"ကျွန်မက မှန်မှန်ကန်ကန် နေထိုင်တယ်။ လူတွေက ကွယ်ရာမှာ အတင်းပြောတာကို မကြောက်ဘူး။ စူးဖေးကသာ တတိယမင်းသားအတွက် ကုသိုလ်များများ လုပ်ပေးလိုက်ပါ။ သူ့ရဲ့ ကံကောင်းခြင်းတွေကို မချိုးနှိမ်မိပါစေနဲ့"

စူးဖေး "..."

စူးဖေး၏ မကြာသေးမီက မောက်မာမှုများသည် လူအများကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည်မှာ ကြာပြီဖြစ်သည်။

ချင်ဖေးသည် ပထမဆုံး ဝင်ရောက် တိုက်ခိုက်လိုက်လေသည်။ "ထိုက်ဇီဖေး ပြောတာ အဓိပ္ပာယ် ရှိတယ်။ အရင်တုန်းက စတုတ္ထမင်းသား သူပုန်တွေကို နှိမ်နင်းပြီး အကျိုးဆောင်မှု ရတုန်းက ကျွန်မက မိခင်တစ်ယောက်အနေနဲ့ ဝမ်းသာပေမဲ့ နေ့တိုင်း ပါးစပ်ဖျားမှာ ချိတ်ဆွဲမထားခဲ့ပါဘူး"

ချောင်မိဖုရားခေါင်သည် စူးဖေးကို တစ်ချက် စွေကြည့်လိုက်လေသည်။ "ကြည့်ရတာ စူးဖေးက အရင်တုန်းက အနှိမ်ခံရလွန်းလို့ အခု တတိယမင်းသား စစ်ပွဲနိုင်တော့ ခါးမတ်ပြီး လူတွေရှေ့မှာ ဟန်ရေးပြချင်နေတာ ဖြစ်မယ်"

စူးဖေးသည် မပြုံးနိုင်တော့ဘဲ အရှက်ကွဲမှုကို သည်းခံကာ ထရပ်ပြီး တောင်းပန်လိုက်ရလေသည်။ "ဟွမ်ဟုပ်ညန်ညန် စိတ်လျှော့ပါဦး။ ချန်ချဲ့က ဟန်ရေးပြချင်တဲ့ သဘော မရှိပါဘူး။ တတိယမင်းသားအတွက် ဝမ်းသာလွန်းလို့ပါ။ အပြောအဆို မှားယွင်းသွားတာ ရှိရင် ဟွမ်ဟုပ်ညန်ညန် နားလည်ပေးပါ"

ချောင်မိဖုရားခေါင်သည် မလေးမပင် သတိပေးလိုက်လေသည်။ "စစ်ပွဲနိုင်တာ ပန်ကုံးလည်း ဝမ်းသာပါတယ်။ ဒါပေမဲ့ အပြီးသတ် အောင်မြင်တာ မဟုတ်သေးဘူး။ စစ်တပ်ကြီး မြို့တော်ကို ပြန်ရောက်လာတဲ့နေ့ကျမှ ဝမ်းသာလည်း နောက်မကျပါဘူး"

စူးဖေးသည် ခေါင်းငုံ့ကာ ဟုတ်ကဲ့ ဟု ပြန်ဖြေလိုက်လေသည်။

စူးဖေး ငြိမ်ကျသွားမှ လုမင်ယွိ၏ ရင်ထဲမှ ဒေါသအနည်းငယ် ပြေလျော့သွားပြီး ပထမမင်းသား ကြင်ရာတော်ကို ပြောလိုက်လေသည်။ "မုန့်ဖေးက အကြာကြီး နေမကောင်းဖြစ်နေတာ စိတ်ရောဂါကြောင့်ပါ။ သာ့စောင် ယန်ရှီနန်းဆောင်ကို သွားပြီး မုန့်ဖေးကို အားတင်းထားဖို့ ပြောလိုက်ပါ။ နေ့တိုင်း ဆေးမှန်မှန် သောက်ရမယ်လို့။ မဟုတ်ရင် သမားတော်တွေက ဘယ်လောက်ပဲ ကြိုးစားကုသပေးပါစေ သူ့ရောဂါကို ကုနိုင်မှာ မဟုတ်ဘူး"

ပထမမင်းသား ကြင်ရာတော်သည် တိုးတိုးလေး ပြန်ဖြေလိုက်လေသည်။

သို့သော် မုန့်ဖေး၏ စိတ်ဒဏ်ရာက ကြီးမားလွန်းသဖြင့် ပထမမင်းသား ကြင်ရာတော်နှင့် ကျင့်အန်းကုန်းကျူတို့ အလှည့်ကျ နှစ်သိမ့်ပေးသော်လည်း မသက်သာခဲ့ပေ။

...

ရက်များ ကုန်ဆုံးသွားသည်မှာ ရေစီးသကဲ့သို့ပင်။ မျက်စိတစ်မှိတ်အတွင်း နှစ်သစ်သို့ ရောက်ရှိလာခဲ့ပြန်သည်။

ယုံးကျား ၁၁နှစ် ၃လပိုင်းတွင် ယုံးကျားဧကရာဇ် ကိုယ်တိုင် ချူစစ်သူကြီး ယွဲ့ရုံကို ခေါင်းဖြတ်သတ်လိုက်ပြီး ပထမမင်းသားအတွက် လက်စားချေပေးလိုက်လေသည်။

သတင်းစကား နန်းတော်ထဲသို့ ရောက်ရှိလာသောအခါ ချောင်မိဖုရားခေါင်၏ မျက်နှာတွင် အပြုံးရိပ်များ ထင်ဟပ်လာပြီး လုမင်ယွိသည်လည်း သက်ပြင်းချလိုက်မိလေသည်။

သူမ မှတ်မိသလောက် မမှားဘူးဆိုရင် ဒီတိုက်ပွဲပြီးသွားရင် ချူနိုင်ငံရဲ့ စစ်ရေးစိတ်ဓာတ်တွေ လုံးဝ ပျက်စီးသွားပြီး နောက်ပိုင်းမှာ ဆက်တိုက် ဆုတ်ခွာသွားတော့မှာ။ ဒါက သာ့ဝေတိုင်းပြည်က ယန်နဲ့ ချူကို တိုက်ခိုက်ရာမှာ အဓိက အကျဆုံး အောင်ပွဲပဲ။

"ဒီယွဲ့ရုံကို သတ်လိုက်တာ ကောင်းတယ်"

လုမင်ယွိက ချောင်မိဖုရားခေါင်ကို ပြုံးကာ ပြောလိုက်လေသည်။ "ယွဲ့ရုံက ချူနိုင်ငံရဲ့ နာမည်ကြီး စစ်သူကြီးပါ။ အရင်တုန်းက ပထမမင်းသားက သူ့လက်ချက်နဲ့ စစ်ရှုံးပြီး ခြေထောက် ဒဏ်ရာရခဲ့တာ။ အခု ဖုဟွမ် ကိုယ်တိုင် ယွဲ့ရုံကို သတ်ပြီး လက်စားချေလိုက်တော့ ချူစစ်တပ်ရဲ့ စိတ်ဓာတ်တွေ ကျဆင်းသွားလောက်ပြီ။ မကြာခင်မှာပဲ မိုင်ပေါင်းများစွာ ဆုတ်ခွာသွားရတော့မှာ"

ချောင်မိဖုရားခေါင်သည် စိတ်ကျေနပ်သွားပြီး တိုးတိုးလေး ပြောလိုက်လေသည်။ "ပန်ကုံးကတော့ စစ်တပ်ကြီး စောစောစီးစီး အောင်ပွဲခံပြီး မြို့တော်ကို ပြန်လာစေချင်တာ။ အားကျင့် ထွက်သွားတာ ဒီလောက် ကြာနေပြီ။ ပန်ကုံးက နေ့တိုင်း သတိရနေတာ"

အချိန်ကို တွက်ကြည့်လိုက်လျှင် စစ်တပ်ကြီး မြို့တော်မှ ထွက်ခွာသွားသည်မှာ တစ်နှစ်ကျော် ရှိနေပြီ ဖြစ်သည်။

ချောင်မိဖုရားခေါင်က သားကို လွမ်းဆွတ်သလို လုမင်ယွိကရော ခင်ပွန်းသည်ကို မလွမ်းဆွတ်ဘဲ နေပါမည်လား။

ချောင်မိဖုရားခေါင်လို ပါးစပ်ဖျားတွင် အမြဲတမ်း တဖွဖွ ပြောမနေခြင်းသာ ကွာခြားလေသည်။

လုမင်ယွိက ပြုံးကာ ပြန်ပြောလိုက်လေသည်။ "မူဟုပ် စိတ်မလောပါနဲ့။ ချူစစ်တပ်က ဆုတ်ခွာသွားပေမဲ့ ချူနိုင်ငံနဲ့ ယန်နိုင်ငံ အားလုံးကို သိမ်းပိုက်ဖို့က အချိန်ယူရဦးမှာပါ။ အာရှီ အမြင်အရဆိုရင် စစ်တပ်ကြီးက ဒီနှစ်ကုန်လောက်မှ မြို့တော်ကို ပြန်ရောက်ရင်တောင် မြန်တယ်လို့ ပြောရမယ်"

ချောင်မိဖုရားခေါင်သည် သက်ပြင်းတစ်ချက် ချလိုက်ပြီး ပြုံးကာ ပြောလိုက်လေသည်။ "မတတ်နိုင်ပါဘူးလေ။ စိတ်ရှည်ရှည်ထားပြီး စောင့်ရတော့မှာပေါ့" ခဏရပ်ပြီး ချိုင်လန်ကို အမိန့်ပေးလိုက်ပြန်သည်။ "ယန်ရှီနန်းဆောင်ကို သွားပြီး အရှင်မင်းကြီး စစ်ပွဲနိုင်လို့ ယွဲ့ရုံကို သတ်လိုက်တဲ့အကြောင်း မုန့်ဖေးကို ပြောပြလိုက်ပါ"

ဒီလို သတင်းကောင်းကို ကြားလိုက်ရရင် မုန့်ဖေး နည်းနည်းလောက်တော့ အားရှိလာမယ်လို့ မျှော်လင့်ပါတယ်။

မုန့်ဖေး သေမယ်ဆိုရင်တောင် စစ်တပ်ကြီး မြို့တော်ကို ပြန်ရောက်လာတဲ့အထိ စောင့်သင့်ပါတယ်။ ဒါမှ ယုံးကျားဧကရာဇ်က သူမအပေါ် ဒေါသ မပုံချမှာ။

...

အပိုင်း (၃၇၁) နွေဦးရာသီ

"မူဖေး၊ ဖုဟွမ်က စစ်ပွဲကြီးကို နိုင်ခဲ့ပြီး ချူစစ်သူကြီး ယွဲ့ရုံကို ခေါင်းဖြတ်သတ်လိုက်တယ်။ သာ့ကောအတွက် လက်စားချေပေးခဲ့ပြီ"

ယန်ရှီးနန်းဆောင်ထဲတွင် ကျင့်အန်းကုန်းကျူ၏ အနည်းငယ် ပျော်ရွှင်နေသော အသံကို ကြားနေရသည်။

"ဒီလို သတင်းကောင်းကို ကြားရတော့ မူဖေးလည်း ပျော်တယ်မလား"

ကုတင်ပေါ်တွင် လဲလျောင်းနေသော ရောဂါသည် မုန့်ဖေး၏ မျက်နှာပေါ်တွင် လှုပ်ရှားမှုများ ပေါ်လာခဲ့သည်။ "မင်းပြောတာ တကယ်လား"

"တကယ်ပါ"

ကျင့်အန်းကုန်းကျူသည် မုန့်ဖေး၏ လက်ကို ဆုပ်ကိုင်ထားပြီး နူးညံ့စွာ ပြောလိုက်လေသည်။ "ဒီတိုက်ပွဲပြီးရင် ချူနိုင်ငံက ဘယ်လိုမှ ခုခံနိုင်တော့မှာ မဟုတ်ဘူး။ ဖုဟွမ်က မကြာခင် စစ်တပ်နဲ့အတူ မြို့တော်ကို ပြန်ရောက်လာတော့မှာ။ သာ့ကောလည်း ပြန်လာတော့မှာ။ မူဖေးလည်း အားတင်းထားမှ ဖြစ်မယ်။ မဟုတ်ရင် ဖုဟွမ်နဲ့ သာ့ကော ပြန်ရောက်လာလို့ မူဖေးရဲ့ ဒီလို ရောဂါသည်ပုံစံကို တွေ့ရင် စိတ်မကောင်းဖြစ်နေမှာပေါ့"

မုန့်ဖေးသည် လပေါင်းများစွာ အိပ်ရာပေါ်တွင် လဲလျောင်းနေခဲ့ရာမှ ရုတ်တရက် သတင်းကောင်း ကြားလိုက်ရသဖြင့် ရှားရှားပါးပါး ပြုံးနိုင်ခဲ့လေသည်။ "ကောင်းပြီ။ ငါ့ကို ထူပေးဦး"

ကျင့်အန်းကုန်းကျူသည် စိတ်ထဲတွင် ဝမ်းသာသွားပြီး မုန့်ဖေးကို ထိုင်နိုင်ရန် ကူညီပေးလိုက်လေသည်။

မုန့်ဖေးသည် တိုးတိုးလေး ညည်းတွားလိုက်သည်။ "မင်းအစ်ကိုရဲ့ ခြေထောက်ဒဏ်ရာ ဘယ်လိုနေပြီလဲ မသိဘူး"

ကျင့်အန်းကုန်းကျူသည် မိခင်ကို နှစ်သိမ့်ချင်သဖြင့် ပြုံးကာ ပြောလိုက်လေသည်။ "သာ့ကော ဒဏ်ရာသာ ပြင်းထန်တယ်ဆိုရင် မြို့တော်ကို စောစောစီးစီး ပြန်ပို့လိုက်မှာပေါ့။ စစ်တပ်ထဲမှာ ဆက်ရှိနေသေးတယ် ဆိုကတည်းက ဒဏ်ရာက သိပ်မပြင်းထန်ဘူးဆိုတာ သေချာတယ်။ နောက်ပိုင်း မြို့တော်ကို ပြန်ရောက်လာတဲ့အချိန်ကျရင် ကောင်းကောင်း လမ်းလျှောက်နိုင်မှာပါ"

နှစ်သိမ့်စကားက အတုအယောင် ဖြစ်နေပါစေ မုန့်ဖေး နားထောင်ရတာ စိတ်ချမ်းသာလေသည်။ "ငါ နေမကောင်းဖြစ်နေတာ ဒီလောက်ကြာပြီဆိုတော့ မျက်နှာက ကြည့်ရဆိုးနေမှာပဲ။ ကြေးမုံ ယူလာခဲ့စမ်း"

ကျင့်အန်းကုန်းကျူသည် ခဏလောက် တုံ့ဆိုင်းနေပြီးမှ မုန့်ဖေးကို မလွန်ဆန်နိုင်ဘဲ ကြေးမုံပြင်ကို ယူပေးလိုက်ရလေသည်။

ဝိုင်းစက်ပြီး တောက်ပနေသော ကြေးမုံပြင်ထဲတွင် အိုမင်းရင့်ရော်ပြီး ပိန်လှီနေသော ရောဂါသည်မျက်နှာတစ်ခု ပေါ်လာခဲ့သည်။

ဒီမျက်နှာပေါ်တွင် ယခင်က ဆွဲဆောင်မှုရှိပြီး လှပတောက်ပမှုများ မရှိတော့ဘဲ ညှိုးနွမ်းခြောက်သွေ့နေသော ပန်းတစ်ပွင့်လို ဖြစ်နေလေသည်။

မုန့်ဖေးသည် ကြေးမုံပြင်ထဲမှ ရင်းနှီးသလိုလို စိမ်းသက်နေသော မျက်နှာကို ငေးကြောင်ကြည့်နေမိပြီး ရင်ထဲတွင် ခါးသက်မှုများ လှိုင်တက်လာပြန်သည်။ သူမသည် ကြေးမုံပြင်ကို ရုတ်တရက် ဆွဲယူပြီး အားကုန် ပစ်ပေါက်လိုက်လေသည်။

ကြေးမုံပြင်သည် တံခါးကို ထိမှန်သွားပြီး "ဒေါင်" ခနဲ မြေကြီးပေါ်သို့ ကျသွားတော့သည်။

ဘေးနားမှ အစေခံများသည် ရင်ထဲတွင် ထိတ်လန့်သွားပြီး ခေါင်းငုံ့ထားလိုက်ကြလေသည်။ ဒေါသ မီးဟပ်ခံရမည်ကို စိုးရိမ်ကြသောကြောင့်ပင်။

ကျင့်အန်းကုန်းကျူသည် ရင်ထဲမှ ဝမ်းနည်းမှုကို ကြိတ်မှိတ်သည်းခံပြီး မုန့်ဖေးကို နှစ်သိမ့်လိုက်လေသည်။ "မူဖေးက နေမကောင်းဖြစ်နေလို့ မျက်နှာက ပုံမှန် မဟုတ်တာပါ။ နေပြန်ကောင်းလာရင် တောက်ပတဲ့ အဝတ်အစားတွေ ဝတ်ပြီး မိတ်ကပ်လေး လိမ်းလိုက်ရင် အရင်လို ပြန်လှလာမှာပါ"

မုန့်ဖေးသည် ဒေါသပေါက်ကွဲပြီးမှ နောင်တရသွားပြီး သမီးဖြစ်သူကို ဖက်ကာ ငိုကြွေးလိုက်လေသည်။

ငိုကြွေးပြီးသွားသောအခါ ရင်ထဲတွင် ဖိစီးနေသော အရာများ လျော့ပါးသွားခဲ့သည်။ ရက်အနည်းငယ်ကြာသောအခါ မုန့်ဖေးသည် ကုတင်ပေါ်မှ ဆင်းနိုင်ခဲ့လေသည်။

မုန့်ဖေးသည် အိပ်ဆောင်ထဲမှ မထွက်ခဲ့သည်မှာ ကြာပြီဖြစ်ရာ နွေဦးရာသီ၏ ပန်းရနံ့များကို ရှူရှိုက်မိလိုက်သည်နှင့် စိတ်ကူးယဉ်ဆန်လာပြီး တိုးတိုးလေး ပြောလိုက်လေသည်။ "ငါ ဥယျာဉ်တော်ထဲ လမ်းလျှောက်ထွက်ချင်တယ်"

ကျင့်အန်းကုန်းကျူသည် ဝမ်းသာအားရ ပြုံးကာ ပြန်ဖြေလိုက်လေသည်။ "ကောင်းပါပြီ။ အခုပဲ သွားကြတာပေါ့"

...

နွေဦးရာသီ ဥယျာဉ်တော်ထဲတွင် ပန်းပေါင်းစုံ ဖူးပွင့်နေပြီး ပန်းရနံ့နှင့် မြက်ရနံ့တို့ လေနှင့်အတူ လွင့်ပျံနေကာ သစ်ပင်များပေါ်တွင် ငှက်ကလေးများ တေးဆိုနေကြသည်။

"ရွှီအာ၊ ရွှမ်းအာ၊ ဖြည်းဖြည်း ပြေးကြ။ ချော်လဲနေဦးမယ်"

မောင်နှမနှစ်ယောက်သည် တစ်နှစ်ခွဲအရွယ် ရောက်နေပြီဖြစ်ကာ ဆော့ကစားရတာ နှစ်သက်ပြီး အားအင်အပြည့် ရှိနေကြသည်။ ဥယျာဉ်တော်ထဲ ရောက်သည်နှင့် မျောက်ကလေးများ လှောင်အိမ်ထဲမှ လွတ်လာသကဲ့သို့ပင်။ ဟိုပြေးဒီပြေးဖြင့် ပါးဖောင်းဖောင်းလေးများ နီရဲနေပြီး ရယ်သံလွင်လွင်လေးများ ထွက်ပေါ်နေသည်။

ချောင်မိဖုရားခေါင်သည် ကလေးအလိုလိုက်တတ်သော အဘွားတိုင်းလိုပင် မြေးနှစ်ယောက်ကို လက်ပေါ်တွင် တင်ထားချင်နေသည်။ ကလေးများ ချော်လဲမည်ကို စိုးရိမ်သဖြင့် မကြာခဏ သတိပေးနေရသည်။

ရွှီအာက အသံကျယ်ကြီးဖြင့် ပြန်အော်လိုက်လေသည်။ "မကြောက်ဘူး"

ရွှမ်းအာကလည်း လျင်မြန်စွာ ဆက်ပြောလိုက်လေသည်။ "မလဲဘူး"

မောင်နှမနှစ်ယောက်သည် လသားအရွယ်ကတည်းက ရွယ်တူကလေးများထက် ဉာဏ်ကောင်းခဲ့ပြီး စကားပြောတာလည်း စောကာ လည်လည်းလည်ကြသည်။ ဒီလောက်အရွယ်လေးနှင့် စကားလုံးများစွာနှင့် ရိုးရှင်းသော စာကြောင်းများကို ပြောတတ်နေပြီ ဖြစ်သည်။

ချောင်မိဖုရားခေါင်သည် နားထောင်ရင်း ကျေနပ်ပီတိဖြစ်နေပြီး လုမင်ယွိဘက်သို့ လှည့်ကာ ပြုံးလျက် ပြောလိုက်လေသည်။ "ငါတို့ရဲ့ ရွှီအာနဲ့ ရွှမ်းအာက တကယ်ပဲ ဉာဏ်ကောင်းကြတယ်။ သူတို့အဖေ ငယ်ငယ်တုန်းကထက်တောင် စကားပြော ပိုစောသေးတယ်"

လုမင်ယွိ၏ အကြည့်များက ဆော့ကစားနေသော သားသမီးနှစ်ယောက်ဆီသို့ ရောက်နေပြီး နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားလေသည်။

"ကျွန်မ အဖေ ပြောဖူးတယ်။ ကျွန်မ ငယ်ငယ်တုန်းက အရမ်း ဆော့တယ်တဲ့။ ၃နှစ်အရွယ်မှာပဲ အဖေနဲ့လိုက်ပြီး သိုင်းကစားတာ။ ကြည့်ရတာ ကလေးတွေ အဆော့မက်တာ ကျွန်မနဲ့ တူတာ ဖြစ်မယ်"

ချောင်မိဖုရားခေါင်သည် မျက်မှောင်ကြုတ်လိုက်ပြီး ပြုံးကာ ပြောလိုက်လေသည်။ "၃နှစ်သမီးနဲ့ သိုင်းကစားတာက စောလွန်းအားကြီးတယ်။ ကလေးတွေက အရိုးနုသေးတာ။ ၅နှစ်လောက်မှ သင်ပေးလည်း နောက်မကျပါဘူး"

သူမရဲ့ မြေးချစ်လေးတွေကို စောစောစီးစီး မြင်းစီးခိုင်းပြီး သိုင်းသင်ခိုင်းဖို့ ဘယ်လိုလုပ် ရက်စက်နိုင်မှာလဲ။

လုမင်ယွိ၏ စိတ်ထဲတွင် ကိုယ်ပိုင်အစီအစဉ် ရှိပြီးသားဖြစ်သဖြင့် ပြုံးရုံသာ ပြုံးနေလိုက်လေသည်။

ချောင်မိဖုရားခေါင်သည်လည်း သူမပြောတာ အရာမရောက်မှန်း သိသဖြင့် စိတ်ထဲတွင် အနည်းငယ် မကျေနပ်သော်ငြား ထုတ်မပြောတော့ချေ။ ယောက္ခမနှင့် ချွေးမ ဆက်ဆံရေးတွင် အပြန်အလှန် အလျှော့ပေးရသည်ပင်။

ယနေ့ ရာသီဥတု သာယာသဖြင့် ကလေးနှင့်အတူ ဥယျာဉ်တော်ထဲ လာလည်သူမှာ သူတို့တင် မဟုတ်ချေ။

ဝမ်ကျဲယွီသည်လည်း မင်းသမီးလေးကို ပွေ့ချီကာ ဥယျာဉ်တော်ထဲ ရောက်လာခဲ့သည်။ လူချင်းဆုံမိကြသောအခါ ပိုစည်ကားသွားတော့သည်။

မင်းသမီးလေးသည် လပိုင်းသာ ရှိသေးသဖြင့် အသားအရေ ဖြူဥနေပြီး မျက်လုံးဝိုင်းဝိုင်းလေးများ၊ နှုတ်ခမ်းနီနီလေးများနှင့် မွေးရာပါ အလှလေးပင်။

ချောင်မိဖုရားခေါင်သည် မင်းသမီးလေးကိုလည်း အလွန် ချစ်ခင်သဖြင့် လှမ်းချီလိုက်ပြီး ချီးကျူးလိုက်လေသည်။ "မတွေ့တာ ရက်နည်းနည်းပဲ ရှိသေးတယ်။ ရှောင်ဖျင်အန်းက ပိုပြီး ချစ်ဖို့ကောင်းလာတယ်"

ဝမ်ကျဲယွီသည် ကလေးကို ဂရုတစိုက် မွေးမြူထားပြီး ၅ရက်တစ်ကြိမ် ကျောင်းဖန်နန်းဆောင်သို့ လာရောက် ဂါရဝပြုလေ့ရှိသည်။ ကျန်အချိန်များတွင်တော့ မိမိ၏ အိပ်ဆောင်ထဲတွင်သာ နေထိုင်လေ့ရှိသည်။

ဝမ်ကျဲယွီသည် နှုတ်ခမ်းကို စေ့ကာ ပြုံးလိုက်လေသည်။ "သူက ငယ်ပါသေးတယ်။ ကြီးလာရင်လည်း ဟွမ်ဟုပ်ညန်ညန်က အခုလိုပဲ အမြဲတမ်း ချီးကျူးပေးပါဦး"

သမီးမွေးပြီးနောက်တွင် ဝမ်ကျဲယွီသည် အနောက်နန်းဆောင်တွင် အခြေကျလာခဲ့ပြီး စကားပြောဆိုပုံကလည်း ရွှင်မြူးလာခဲ့သည်။

ချောင်မိဖုရားခေါင်သည် သဘောကျစွာ ရယ်မောလိုက်လေသည်။

လုမင်ယွိသည် ပြုံးလျက် အနားတိုးလာပြီး မင်းသမီးလေး၏ ပါးနုနုလေးကို လက်ဖြင့် တို့ထိလိုက်လေသည်။ "မြန်မြန်ကြီးလာခဲ့။ နောက်ဆို တူ၊ တူမတွေက မင်းကို ခေါ်ပြီး ကစားပေးလိမ့်မယ်"

တူနဲ့ တူမက အဒေါ်လေးထက် တစ်နှစ်တောင် ကြီးနေတယ်လေ။

ဝမ်ကျဲယွီသည် တိုးတိုးလေး ရယ်မောလိုက်လေသည်။

စကားပြော ရယ်မောနေကြစဉ် မျက်လုံးထောင့်စွန်းတွင် လူရိပ်နှစ်ခု ပေါ်လာခဲ့သည်။

လုမင်ယွိသည် တစ်ချက်ကြည့်လိုက်ပြီး တိုးတိုးလေး ပြောလိုက်လေသည်။ "မူဟုပ်၊ မုန့်ဖေးနဲ့ ကျင့်အန်းတို့ပါ"

မုန့်ဖေး၏ နာမည်ကို ကြားလိုက်ရသည်တွင် ချောင်မိဖုရားခေါင်သည် အကျင့်ပါနေသလို မျက်မှောင်ကြုတ်လိုက်မိလေသည်။ "ဒီလောက် ကောင်းမွန်တဲ့ အချိန်လေးမှာ စိတ်ပျက်စရာလူနဲ့ လာတွေ့ရတယ်လို့"

နှစ်ပေါင်းများစွာ ရန်သူတော်ကြီးတွေ ဖြစ်ခဲ့ကြပြီး ရင်ထဲတွင် အဖုအထစ်တွေ ရှိနေကြသဖြင့် ပြန်လည်သင့်မြတ်ဖို့ မဖြစ်နိုင်တော့ချေ။

မုန့်ဖေး သားအမိသည်လည်း လူအုပ်ကြီးကို မြင်လိုက်ရသော်ငြား ရှောင်ဖယ်မသွားဘဲ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာခဲ့ကြသည်။ ကျင့်အန်းကုန်းကျူသည် သိမ်မွေ့နူးညံ့စွာ ပြုံးပြပြီး လူအများကို နှုတ်ဆက်လိုက်လေသည်။

မုန့်ဖေးသည် မူလက စိတ်အခြေအနေ မဆိုးသော်လည်း ပန်းပွင့်လေးလို လှပနေသော ဝမ်ကျဲယွီကို မြင်လိုက်ရသည့်အခါ ရုတ်တရက် မနာလိုဝန်တိုစိတ်များ ဖြစ်ပေါ်လာတော့သည်။

နေရောင်အောက်တွင် ဝမ်ကျဲယွီ၏ အသားအရေသည် တင်းရင်းစိုပြေနေပြီး မျက်လုံးတောက်ပကာ သွားများ ဖြူဖွေးနေပြီး အပြုံးပန်းများ ဝေဆာနေသည်။

သူမကတော့ ရုပ်ရည် ညှိုးနွမ်းအိုမင်းနေပြီး မနေ့က ပွင့်ခဲ့တဲ့ ပန်းတစ်ပွင့်လို ဖြစ်နေလေပြီ။ နှစ်ယောက်သား၏ ရုပ်ရည်က ၅ပုံပုံလျှင် တစ်ပုံခန့် တူညီနေသဖြင့် နှိုင်းယှဉ်ကြည့်လိုက်လျှင် ပိုပြီး သိသာထင်ရှားနေတော့သည်။

မုန့်ဖေး၏ အေးစက်ပြီး မနာလိုဝန်တိုသော အကြည့်အောက်တွင် ဝမ်ကျဲယွီသည် တည်ငြိမ်စွာဖြင့် ဂါရဝပြုလိုက်လေသည်။ "ချန်ချဲ့က မုန့်ဖေးညန်ညန်ကို ဂါရဝပြုပါတယ်"

မုန့်ဖေးသည် ဝမ်ကျဲယွီကို စူးစိုက်ကြည့်ကာ အေးစက်စက် ပြုံးလျက် ပြောလိုက်လေသည်။ "ဝမ်ကျဲယွီက နန်းတော်ထဲမှာ နာမည်ကြီးနေတာပဲ။ ငါက ဝမ်ကျဲယွီကို ဂါရဝပြုပြီး နှုတ်ဆက်သင့်တာပါ"

ချောင်မိဖုရားခေါင်၏ မျက်နှာထား တင်းမာသွားပြီး မုန့်ဖေးကို အေးစက်စက် ကြည့်လိုက်လေသည်။ "မုန့်ဖေး နေမကောင်းဖြစ်တာ ကြာသွားလို့ ဦးနှောက်ပါ ပျက်စီးသွားတာလား"

မုန့်ဖေးသည် ဒေါသတကြီးဖြင့် ပါးစပ်ပိတ်ထားလိုက်ရလေသည်။

လုမင်ယွိသည်လည်း မုန့်ဖေးကြောင့် ဥယျာဉ်လည်ပတ်ရသည့် စိတ်အခြေအနေ ပျက်စီးသွားမည်ကို မလိုလားသဖြင့် ပေါ့ပါးစွာ ပြောလိုက်လေသည်။ "ဟိုဘက်မှာ ဇရပ်ရှိတယ်။ ကျွန်မတို့ ကလေးတွေကို ခေါ်ပြီး ဟိုဘက် သွားထိုင်ကြရအောင်။ မုန့်ဖေး သဘောရှိပါပဲ"

မုန့်ဖေးသည် လူအုပ်ကြီး ထွက်ခွာသွားတာကို ကြည့်ရင်း မျက်လုံးထဲတွင် အငြိုးအတေးများ ပိုမို နက်ရှိုင်းလာတော့သည်။

…

အပိုင်း (၃၇၂) မောင်နှမ

အဝေးရောက်သည်အထိ နောက်ကျောဘက်မှ အမုန်းအငြိုးနှင့် ကြည့်နေသော အကြည့်တစ်စုံကို ခံစားနေရဆဲပင်။

ယခင်က မုန့်ဖေး အမုန်းဆုံးလူမှာ ချောင်မိဖုရားခေါင် ဖြစ်သည်။ ဝမ်ကျဲယွီ နန်းတော်ထဲတွင် မျက်နှာပွင့်လာချိန်မှစပြီး မုန့်ဖေး အမုန်းဆုံးလူမှာ ဝမ်ကျဲယွီ ဖြစ်လာခဲ့သည်။

တစ်ခါတစ်ရံ တွေ့ဆုံမိသည့်အခါ မုန့်ဖေးသည် ဝမ်ကျဲယွီကို ရန်သူတော်ကြီးကို ကြည့်သကဲ့သို့ ကြည့်လေ့ရှိသည်။

ကံကောင်းသည်မှာ ယုံးကျားဧကရာဇ်သည် စစ်တိုက်ထွက်သွားသဖြင့် နန်းတော်ထဲတွင် ငြိမ်သက်နေခြင်းဖြစ်သည်။ သို့မဟုတ်ပါက အရှုပ်အထွေးများ ဖြစ်နေလောက်ပြီ။

ဝမ်ကျဲယွီသည် နောက်လှည့်ကြည့်လိုက်ပြီး လုမင်ယွိ၏ အကြည့်နှင့် ဆုံသွားတော့သည်။

"စိတ်မပူပါနဲ့" လုမင်ယွိက ဝမ်ကျဲယွီကို ပြုံးပြလိုက်လေသည်။ "မူဟုပ်နဲ့ ကျွန်မ ရှိနေသရွေ့ မုန့်ဖေးက ဝမ်ကျဲယွီကို ဘာမှလုပ်လို့ရမှာ မဟုတ်ဘူး"

ဝမ်ကျဲယွီသည် ကျေးဇူးတင်စကား တိုးတိုးလေး ပြောလိုက်လေသည်။ "ထိုက်ဇီဖေးကို ကျေးဇူးတင်ပါတယ်"

လုမင်ယွိက ရယ်မောလိုက်လေသည်။ "ကျေးဇူးတင်စကားတွေ ပြောနေတာ စိမ်းကားလွန်းရာ ကျပါတယ်။ မင်းသမီးလေးကိုသာ ကောင်းကောင်း ပြုစုပေးပါ။ ဖုဟွမ် မြို့တော်ကို ပြန်ရောက်လာရင် မင်းသမီးလေးအတွက် တရားဝင် ဘွဲ့ချီးမြှင့်တဲ့ပွဲ ကျင်းပပေးလိမ့်မယ်"

သာ့ဝေတိုင်းပြည်၏ ထုံးစံအရ ကလေးအသက် ၈နှစ်ရောက်မှ စိတ်ချရသည်ဟု သတ်မှတ်လေ့ရှိသည်။ မင်းသမီးလေး ဒီလောက်ငယ်သေးတာတောင် ဘွဲ့ချီးမြှင့်ခံရမယ်ဆိုရင် ဂုဏ်ယူစရာ ကိစ္စပင်။

ဝမ်ကျဲယွီ၏ မျက်လုံးထဲတွင် အံ့သြဝမ်းသာမှုများ ဖြတ်ပြေးသွားပြီး ငြင်းဆန်လိုက်လေသည်။ "ကလေးက ငယ်ပါသေးတယ်။ ဒီလောက်စောစော ဘွဲ့ချီးမြှင့်ခံရတာက ကလေးရဲ့ ကံကောင်းခြင်းတွေကို ချိုးနှိမ်သလို ဖြစ်သွားမှာ စိုးရိမ်တယ်။ ထိုက်ဇီဖေးရဲ့ စေတနာကို လက်ခံပါတယ်။ ဒါပေမဲ့ ကလေး နည်းနည်း ကြီးလာမှပဲ ဘွဲ့ချီးမြှင့်ဖို့ လျှောက်တင်ပါ့မယ်"

နန်းတော်ထဲတွင် ငယ်ရွယ်ချောမောပြီး ဧကရာဇ်၏ အချစ်တော်ကို ခံရသော မိဖုရားများ ရှိစမြဲပင်။ သို့သော် ဝမ်ကျဲယွီကဲ့သို့ အချစ်တော် ခံရသော်ငြား သတိထားနေထိုင်တတ်သူမှာ ရှားပါးလှသည်။

တည်ငြိမ်ပြီး သတိရှိမှသာ နန်းတော်ထဲတွင် အန္တရာယ်ကင်းကင်း နေထိုင်နိုင်မည်။

လုမင်ယွိသည် သဘောကျစွာ ပြုံးလိုက်လေသည်။ "ကျွန်မလည်း သဘောပြောပြတာပါ။ စစ်တပ်ကြီး အောင်ပွဲခံပြီး ပြန်လာမှ ဘွဲ့ချီးမြှင့်မယ်ဆိုရင် အနည်းဆုံးတော့ နှစ်ဝက်လောက် စောင့်ရဦးမှာ"

ဝမ်ကျဲယွီသည် စိတ်ဝင်စားသွားပြီး တိုးတိုးလေး မေးလိုက်လေသည်။ "ထိုက်ဇီဖေး အမြင်အရဆိုရင် ဒီနှစ်မကုန်ခင် အရှင်မင်းကြီး ပြန်ရောက်လာနိုင်မလား"

လုမင်ယွိက စနောက်လိုက်လေသည်။ "ဝမ်ကျဲယွီက ဖုဟွမ်ကို စောစော ပြန်လာစေချင်နေတာလား"

ဝမ်ကျဲယွီ၏ မျက်နှာလေး နီသွားတော့သည်။ "ဖျင်အန်း မွေးပြီးကတည်းက သူ့ဖုဟွမ်ကို မမြင်ဖူးသေးဘူးလေ။ အရှင်မင်းကြီးကို စောစော ပြန်လာစေချင်တာပေါ့" ခဏရပ်ပြီး ပြုံးကာ မေးလိုက်လေသည်။ "ထိုက်ဇီဖေးကရော ထိုက်ဇီကို သတိမရဘူးလား"

ဘယ်လိုလုပ် သတိမရဘဲ နေမှာလဲ။

နေ့ဘက်တွင် ကလေးထိန်း၊ နန်းတွင်းကိစ္စများဖြင့် အလုပ်ရှုပ်နေသဖြင့် အားလပ်ချိန် မရှိသော်ငြား ညဘက်ရောက်၍ ကလေးနှစ်ယောက် အိပ်ပျော်သွားချိန်တွင် တိတ်ဆိတ်ငြိမ်သက်နေသော ညဉ့်နက်သန်းခေါင်၌ သူမသည် လီကျင့်ကို လွမ်းဆွတ်သဖြင့် အိပ်မပျော်နိုင်အောင် ဖြစ်ရလေသည်။

သို့သော် သူမသည် လွမ်းဆွတ်မှုကို ပါးစပ်ဖျားတွင် ချိတ်ဆွဲထားတတ်သူ မဟုတ်သလို ထုတ်ဖော်ပြောလေ့လည်း မရှိပေ။

ဒီနေ့ ဝမ်ကျဲယွီ မေးလိုက်မှ လုမင်ယွိ၏ ရင်ထဲတွင် ဖိထားသော လွမ်းဆွတ်မှုများ ပေါ်ထွက်လာပြီး သက်ပြင်းချကာ ပြောလိုက်လေသည်။ "လွမ်းလည်း ဘာမှ မတတ်နိုင်ဘူးလေ။ စိတ်ရှည်ရှည်ထားပြီး စောင့်ရုံပဲ ရှိတာပေါ့"

ရုတ်တရက် ထွက်ပေါ်လာသော ငိုသံကြောင့် နှစ်ယောက်သား၏ စကားဝိုင်း ပြတ်တောက်သွားတော့သည်။

လုမင်ယွိ မော့ကြည့်လိုက်ရာ ရွှီအာသည် မြေကြီးပေါ်တွင် လဲကျနေပြီး ရွှမ်းအာက လက်သီးဆုပ်လေးဖြင့် ရွှီအာကို ထိုးနေသည်ကို တွေ့လိုက်ရလေသည်။ လုမင်ယွိသည် ရယ်ချင်စိတ်ကို ထိန်းကာ ရွှမ်းအာကို ဆွဲမလိုက်လေသည်။ "မင်း ဘာလို့ အစ်ကိုကို အနိုင်ကျင့်ပြန်တာလဲ"

မောင်နှမနှစ်ယောက် ရန်ဖြစ်လိုက်၊ ကစားလိုက် ဖြစ်နေကြသည်မှာ ပုံမှန်ပင်။ ရွှမ်းအာက ရွှီအာထက် အားပိုသန်သဖြင့် ရွှီအာသည် တစ်နေ့လျှင် အကြိမ်ကြိမ် အထိုးခံရပြီး ငိုရလေသည်။

လုမင်ယွိ မျက်နှာထား တင်းလိုက်သည်နှင့် ရွှမ်းအာသည် ငြိမ်ကျသွားပြီး ခေါင်းငုံ့ကာ အပြစ်ဝန်ခံလိုက်လေသည်။ "သမီး မှားသွားပါတယ်"

"ဘယ်နေရာ မှားတာလဲ" လုမင်ယွိက မေးလိုက်သည်။

ရွှမ်းအာက လျင်မြန်စွာ ဖြေလိုက်လေသည်။ "နောက်ဆို မရိုက်တော့ပါဘူး"

ချောင်မိဖုရားခေါင်သည် ရွှီအာကို ပွေ့ချီထားပြီး ကျောကုန်းလေးကို ပုတ်ပေးကာ ညည်းတွားလိုက်လေသည်။ "ရွှမ်းအာက အားသန်တာကို အခွင့်ကောင်းယူပြီး အစ်ကိုကို အနိုင်ကျင့်နေတာ။ ကောင်းကောင်း ဆုံးမမှ ဖြစ်တော့မယ်"

လုမင်ယွိက နှုတ်ခမ်းမဲ့လိုက်လေသည်။ "ပြီးခဲ့တဲ့တစ်ခေါက် ကျွန်မ ရွှမ်းအာကို ရိုက်တုန်းက မူဟုပ်ပဲ မရိုက်ရဘူးဆို"

ချောင်မိဖုရားခေါင်က ချောင်းဟန့်လိုက်လေသည်။ "ဆုံးမတာနဲ့ ရိုက်တာနဲ့က မတူဘူးလေ။ ဒီလောက် ငယ်သေးတဲ့ ကလေးက အနိုင်ကျင့်တယ်ဆိုတာ ဘာနားလည်မှာလဲ။ ကစားရင်းနဲ့ လက်လွန်သွားတာ ဖြစ်မှာပါ။ ကောင်းကောင်း ပြောပြလိုက်ရင် ရပြီ"

လုမင်ယွိ "..."

ဒါကြောင့် ပြောတာ။ မြေးအချစ်လွန်တဲ့ အဘွားရှိရင် ကလေးကို ဆုံးမလို့ မရဘူး။

လုမင်ယွိသည် ဘာမှ ဆက်မပြောတော့ချေ။ ချောင်မိဖုရားခေါင် ရှေ့တွင် ဆုံးမ မရလျှင် အရှေ့နန်းဆောင် ပြန်ရောက်မှပဲ ဆုံးမတော့မည်။

ရွှမ်းအာသည် ဉာဏ်များလွန်းလှသည်။ အမေဖြစ်သူက ရိုက်တော့မည်ကို သိသဖြင့် ချောင်မိဖုရားခေါင် အနားသို့ တိုးသွားပြီး မျက်နှာငယ်လေးဖြင့် မော့ကြည့်ကာ ပြောလိုက်လေသည်။ "ကိုကို၊ တောင်းပန်ပါတယ်"

ရွှီအာက ရှိုက်ကြီးတငင်ဖြင့် ပြန်ဖြေလိုက်လေသည်။ "ရပါတယ်"

ရွှမ်းအာသည် သက်ပြင်းချလိုက်ပြီး အမေဖြစ်သူကို လှမ်းကြည့်လိုက်လေသည်။ အကြည့်၏ အဓိပ္ပာယ်မှာ ရှင်းလင်းလှသည်။ 'သမီးက ကိုကို့ကို တောင်းပန်ပြီးပြီ။ ကိုကိုကလည်း ခွင့်လွှတ်ပြီးပြီ။ မေမေ သမီးကို မရိုက်နဲ့တော့နော်'

လုမင်ယွိသည် အောင့်မထားနိုင်တော့ဘဲ ရယ်မောလိုက်လေသည်။

ချောင်မိဖုရားခေါင်၊ ဝမ်ကျဲယွီနှင့် ဘေးနားမှ အစေခံများလည်း ရယ်မောလိုက်ကြလေသည်။

ဒီရွှမ်းအာက တကယ်ပဲ ဆိုးလည်းဆိုး လည်လည်းလည်သည်။

ရွှီအာသည် ချောင်မိဖုရားခေါင်၏ ရင်ခွင်ထဲမှ ရုန်းထွက်ပြီး ညီမဖြစ်သူ၏ လက်ကို ဆွဲကာ ပြေးထွက်သွားပြန်သည်။ မောင်နှမနှစ်ယောက်သည် တစ်နေ့လုံး တပူးပူးတတွဲတွဲဖြင့် ခွဲမရအောင်ပင်။

...

အရှေ့နန်းဆောင်သို့ ပြန်ရောက်သောအခါ လုမင်ယွိသည် ရွှမ်းအာကို ခေါ်ပြီး ဆူပူကြိမ်းမောင်းကာ တင်ပါးကို နှစ်ချက် ရိုက်လိုက်လေသည်။

အားမပြင်းသော်ငြား ဒီလောက်အရွယ် ကလေးအတွက်တော့ နာကျင်စေ၏။

ရွှမ်းအာ၏ မျက်ဝန်းထဲတွင် မျက်ရည်များ ဝဲနေသော်လည်း ခေါင်းမာစွာဖြင့် မငိုဘဲ အောင့်ထားလေသည်။

ဒီခေါင်းမာတဲ့ စိတ်ဓာတ်က သူမ ငယ်ငယ်တုန်းကနဲ့ တစ်ပုံစံတည်းပဲ။

လုမင်ယွိသည် စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။ သို့သော် သူမသည် ကလေးကို ဆုံးမရာတွင် စိတ်မပျော့တတ်သလို လက်လျော့လေ့လည်း မရှိပေ။ မျက်နှာထား တင်းတင်းဖြင့် ဆက်ပြောလိုက်လေသည်။ "နောက်ဆို အားသန်တာကို အခွင့်ကောင်းယူပြီး အစ်ကိုကို အနိုင်မကျင့်ရဘူး"

ရွှမ်းအာက ခေါင်းညိတ်လိုက်လေသည်။

ရွှီအာသည် ရုတ်တရက် လျှောက်လာပြီး ရွှမ်းအာ၏ ရှေ့တွင် ကာရပ်လိုက်ကာ ဒေါသတကြီးဖြင့် အမေဖြစ်သူကို ကြည့်ပြီး ပြောလိုက်လေသည်။ "ညီမလေးကို၊ အနိုင်မကျင့်နဲ့"

အစ်ကိုကြီး ပီသလိုက်တာ။

လုမင်ယွိသည် ရယ်ချင်စိတ်ကို ထိန်းကာ ရွှီအာ၏ နှာခေါင်းလေးကို တို့ထိလိုက်လေသည်။ "ညီမလေးကို ချစ်တာ ကောင်းပါတယ်။ ဒါပေမဲ့ မင်းလည်း သတ္တိရှိစမ်းပါ။ ညီမလေး အရိုက်ခံရတိုင်း အော်ငိုမနေနဲ့။ ဟုတ်ပြီလား"

ရွှီအာက ခေါင်းညိတ်ကာ အသံကျယ်ကြီးဖြင့် ဖြေလိုက်လေသည်။ "ဟုတ်!"

ထို့နောက် ညီမဖြစ်သူ၏ မျက်လုံးထောင့်မှ မျက်ရည်များကို သုတ်ပေးလိုက်လေသည်။

ထိုမြင်ကွင်းကို ကြည့်ပြီး လုမင်ယွိ၏ စိတ်နှလုံး ပျော့ပျောင်းသွားပြီး ကြည်နူးစိတ်များ ဖြစ်ပေါ်လာတော့သည်။

"မင်းတို့ မောင်နှမနှစ်ယောက်က တကယ့်ကို အမေရဲ့ ဂြိုဟ်ဆိုးလေးတွေပဲ" လုမင်ယွိသည် ပြုံးကာ သက်ပြင်းချလိုက်ပြီး ကလေးနှစ်ယောက်လုံးကို ပွေ့ဖက်လိုက်လေသည်။ "ကဲ၊ အမေ မဆူတော့ပါဘူး။ အခု နေ့လယ်စာ စားပြီး အိပ်ကြမယ်"

မောင်နှမနှစ်ယောက်လုံး ဝဖြိုးနေကြပြီး တစ်ယောက်လျှင် ပေါင်၃၀နီးပါး ရှိသည်။ တစ်ယောက်ချီလျှင်ပင် မောပန်းရသည်။ လုမင်ယွိ တစ်ယောက်သာ ကလေးနှစ်ယောက်လုံးကို တပြိုင်တည်း ချီနိုင်စွမ်း ရှိလေသည်။

ရွှီအာသည် ရယ်မောကာ လုမင်ယွိ၏ ပါးပြင်ကို ခေါင်းလေးဖြင့် ပွတ်သပ်နေလေသည်။

ရွှမ်းအာကတော့ အရိုက်ခံထားရသည်ကို စိတ်ကောက်နေပြီး ခေါင်းကို တစ်ဖက်သို့ လှည့်ထားလေသည်။ ကုတင်ပေါ် ရောက်သောအခါ တိတ်တဆိတ် တိုးကပ်လာပြီး လုမင်ယွိ၏ ရင်ခွင်ထဲသို့ တိုးဝင်လေသည်။

"မေမေ" ရွှမ်းအာက တိုးတိုးလေး မေးလိုက်လေသည်။ "မေမေ သမီးကို ချစ်လား"

လုမင်ယွိ၏ ရင်ထဲတွင် ကြည်နူးမှုများ ပြည့်နှက်သွားပြီး တိုးတိုးလေး ပြန်ဖြေလိုက်လေသည်။ "ချစ်တာပေါ့။ မေမေက သားတို့ သမီးတို့ကို အချစ်ဆုံးပဲ"

ရွှမ်းအာသည် မိခင်၏ ရင်ခွင်ထဲတွင် ချိုမြိန်စွာ ပြုံးလိုက်လေသည်။

လုမင်ယွိသည် ကလေးနှစ်ယောက်၏ ကျောကုန်းကို ပုတ်ပေးကာ သိပ်လိုက်လေသည်။

ချီယွင်သည် အခန်းထဲသို့ တိုးတိုးလေး ဝင်ရောက်လာပြီး လျှောက်တင်လိုက်လေသည်။ "ထိုက်ဇီဖေး၊ ဟွမ်ဟုပ်ညန်ညန်က စကားပါးလိုက်ပါတယ်။ ညီလာခံမှာ အရေးကြီးကိစ္စ ဖြစ်ပျက်နေလို့ ထိုက်ဇီဖေးကို ကျောင်းဖန်နန်းဆောင်သို့ အခုချက်ချင်း လာခဲ့ပါတဲ့"

...

All Chapters