အခန်း (၃၇၃-၃၇၅)
Vol. 25 Ch. 373-375
အပိုင်း (၃၇၃) ထိတ်လန့်စရာ အပြောင်းအလဲ (၁)
ညသည် မှောင်ရီပျိုးစ ပြုနေလေပြီ။ ကလေးနှစ်ယောက်လုံး အိပ်မောကျနေကြသည်။ ဒီလိုအချိန်မျိုးမှာ ကျောင်းဖန်နန်းဆောင်သို့ လာရန်ဆင့်ခေါ်ခြင်းသည် တစ်စုံတစ်ခု အရေးကြီးကိစ္စ ဖြစ်ပျက်နေ၍သာ ဖြစ်မည်။
လုမင်ယွိ၏ ရင်ထဲတွင် လေးလံသွားသော်လည်း မျက်နှာထားကတော့ တည်ငြိမ်နေဆဲပင်။ "ငါ အခု သွားလိုက်ဦးမယ်။ နင် နေခဲ့ပြီး ရွှီအာနဲ့ ရွှမ်းအာကို စောင့်ရှောက်လိုက်"
ချီယွင်က ခေါင်းညိတ်လိုက်လေသည်။
လုမင်ယွိသည် လျင်မြန်စွာ ထရပ်ပြီး အဝတ်အစားလဲလှယ်ကာ ဆံပင်ကိုလည်း သေသပ်အောင် မပြင်ဆင်နိုင်တော့ဘဲ ရိုးရှင်းစွာ ထုံးဖွဲ့လိုက်လေသည်။ ဆံထိုးပင် မထိုးတော့ဘဲ ကျောင်းဖန်နန်းဆောင်သို့ အပြေးအလွှား ထွက်ခွာသွားလေသည်။
ညကောင်းကင်ယံသည် နက်မှောင်နေပြီး ကြယ်တာရာများ တောက်ပနေသည်။ ကြီးမားခမ်းနားသော နန်းတော်ကြီးသည် ညအမှောင်ထုအောက်တွင် တိတ်ဆိတ်ငြိမ်သက်နေသော သားရဲကြီးတစ်ကောင်ကဲ့သို့ ရှိနေလေသည်။
ကျောင်းဖန်နန်းဆောင်ထဲတွင် မီးပုံးများ ထွန်းညှိထားသဖြင့် နေ့ခင်းဘက်ကဲ့သို့ လင်းထိန်နေလေသည်။
တောက်ပနေသော ဖယောင်းတိုင်မီးရောင်အောက်တွင် ချောင်မိဖုရားခေါင်၏ မျက်နှာသည် ထိတ်လန့်နေပြီး မျက်ဝန်းအိမ်များ နီရဲနေလေသည်။ အံ့သြစရာကောင်းသည်မှာ စတုတ္ထမင်းသားလည်း ရောက်ရှိနေပြီး မျက်နှာထား တင်းမာနေလေသည်။
လုမင်ယွိ၏ ရင်ထဲတွင် လေးလံသွားပြန်သည်။ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားကာ မေးလိုက်လေသည်။ "မူဟုပ်၊ ဘာဖြစ်လို့လဲ"
ချောင်မိဖုရားခေါင်သည် လုမင်ယွိ၏ လက်ကို ဆွဲယူလိုက်ပြီး အသံတုန်တုန်ယင်ယင်ဖြင့် ပြောလိုက်လေသည်။ "ထိုက်ဇီ... အားကျင့် ဒဏ်ရာရသွားပြီ"
လုမင်ယွိ၏ ဦးနှောက်သည် ချက်ချင်း ဗလာဖြစ်သွားတော့သည်။
စတုတ္ထမင်းသား၏ အသံ ထွက်ပေါ်လာသည်။ "ညီလာခံကို စစ်သတင်း ရောက်လာတယ်။ ရှင်းယန်စစ်တပ်နဲ့ ယန်စစ်တပ် တိုက်ပွဲဖြစ်ပွားရာမှာ ထိုက်ဇီက ယန်စစ်တပ်ကို လိုက်လံတိုက်ခိုက်ရင်း ရင်ဘတ်ကို မြှားမှန်သွားတာ..."
စတုတ္ထမင်းသား၏ ပါးစပ် လှုပ်ရှားနေပြီး စကားပြောမြန်နေသော်ငြား နောက်ပိုင်း ပြောနေသည့်စကားများကို လုမင်ယွိ ကြားနိုင်စွမ်း မရှိတော့ပေ။
နှလုံးသားကို ဆွဲဆုတ်ခံလိုက်ရသလို နာကျင်ခံစားနေရသည်။
လုမင်ယွိသည် မျက်လုံးကို အားကုန်မှိတ်ထားလိုက်ပြီး ရေလှိုင်းလို ဝင်ရောက်လာသော နာကျင်မှုကို ဖိနှိပ်ထားလိုက်ကာ မျက်လုံးပြန်ဖွင့်ပြီး စတုတ္ထမင်းသားကို စိုက်ကြည့်ကာ မေးလိုက်လေသည်။ "ဘယ်သူက ထိုက်ဇီကို ဒဏ်ရာရအောင် လုပ်တာလဲ"
စတုတ္ထမင်းသားသည် မျက်မှောင်ကြုတ်လိုက်ပြီး တိုးတိုးလေး ဖြေလိုက်လေသည်။ "ယန်စစ်သူကြီး ယန်ထော်ပါ"
ယန်ထော်!
လုမင်ယွိ၏ အသက်ရှူသံ ကျပ်တည်းသွားပြီး ဦးနှောက်ထဲတွင် ပုံရိပ်တစ်ခု ဖြတ်ပြေးသွားလေသည်။
စစ်တိုက်မထွက်ခင်က လီကျင့်သည် သူမကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားပြီး နားနားကပ်ကာ ပြောခဲ့ဖူးသည်။ "ရှောင်ယွိ စိတ်မပူနဲ့။ ကိုယ်ရှိနေသရွေ့ ယွဲ့ဖု ဘာမှမဖြစ်စေရဘူး"
ဒါက လီကျင့်ရဲ့ အကြံအစည် ဖြစ်နေတာကိုး။
သူက ကိုယ်တိုင် စစ်တပ်ကို ဦးဆောင်ပြီး ယန်ထော်ကို လိုက်လံတိုက်ခိုက်ခဲ့တယ်။ လုလင်းကို အန္တရာယ် မဖြစ်စေချင်လို့ပေါ့။ အခုတော့ သူမရဲ့ အဖေက အန္တရာယ်ကင်းနေပြီး သူက ဒဏ်ရာရသွားခဲ့ပြီ...
လီကျင့်၊ ရှင် ဘာလို့ ဒီလိုလုပ်ရတာလဲ။
ကျွန်မက အဖေ့ကို စိတ်ပူသလို ရှင့်ကိုလည်း စိတ်ပူတာပဲလေ။
ပူနွေးသော အရည်များသည် မျက်ဝန်းအိမ်ထဲသို့ ပြေးဝင်လာသော်လည်း လုမင်ယွိသည် ကြိတ်မှိတ်သည်းခံကာ တိုးတိုးလေး ဆက်မေးလိုက်လေသည်။ "ဒီတိုက်ပွဲကို နိုင်ခဲ့လား။ ထိုက်ဇီအပြင် တခြား ဒဏ်ရာရတဲ့သူ ရှိသေးလား"
စတုတ္ထမင်းသားက သက်ပြင်းချလိုက်လေသည်။ "တိုက်ပွဲကတော့ နိုင်ပါတယ်။ ဒါပေမဲ့ ရှင်းယန်စစ်တပ်ထဲမှာ သေကြေဒဏ်ရာရတာတွေ မနည်းဘူး။ ထိုက်ဇီရဲ့ ဒဏ်ရာက မသေးဘူး။ နောက်ပြီး လုဖေးလည်း ဒဏ်ရာအနည်းငယ် ရသွားတယ်"
တကယ်တမ်း ဒဏ်ရာက ဘယ်လောက် ပြင်းထန်တာလဲ။
လုမင်ယွိ၏ နှာခေါင်းထိပ်များ ရှုံ့တွသွားပြီး မျက်ရည်များ ဝဲလာတော့သည်။
ချောင်မိဖုရားခေါင်သည် ထိန်းချုပ်မထားနိုင်တော့ဘဲ ငိုကြွေးလိုက်လေသည်။ "ဒီလောက် စစ်သူကြီးတွေ အများကြီး ရှိတာကို အားကျင့်က ဘာလို့ ဒီလောက်ထိ အသက်နဲ့ရင်းပြီး တိုက်ရတာလဲ။ တစ်ခုခု ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ"
စတုတ္ထမင်းသား၏ ရင်ထဲတွင်လည်း လေးလံနေလေသည်။
ယန်နဲ့ ချူကို တိုက်ခိုက်တာ တကယ်ပဲ ခက်ခဲကြမ်းတမ်းတဲ့ စစ်ပွဲပါပဲ။ သာ့ကောက ညာဘက်ခြေထောက် ဒဏ်ရာရသွားတယ်။ အခု အာ့ကော ရင်ဘတ် မြှားမှန်သွားတယ်။ သာ့ဝေတိုင်းပြည်ရဲ့ အေးချမ်းမှုက စစ်သည်တော်တွေ အသက်ပေးပြီး တည်ဆောက်ထားရတာ။ သွေးတွေအများကြီး စီးဆင်းခဲ့ရတာ။
ချောင်မိဖုရားခေါင်၏ ငိုသံသည် တစ်နှစ်ကျော်ကြာ စိုးရိမ်ပူပန်မှုများကို ဖော်ပြနေသကဲ့သို့ပင်။ မကြာခင် အားအင်ကုန်ခမ်းသွားပြီး ယိုင်နဲ့သွားတော့သည်။
လုမင်ယွိသည် မျက်ဝန်းများ နီရဲလျက် ချောင်မိဖုရားခေါင်ကို ဇာမဏိသလွန်ဆီသို့ တွဲပို့ပေးလိုက်လေသည်။ ချောင်မိဖုရားခေါင်သည် ထိုင်ခုံပေါ်သို့ လျှောကျသွားပြီး တစ်ကိုယ်လုံး အားအင်မရှိတော့ဘဲ လုမင်ယွိ၏ အကူအညီဖြင့်သာ မလဲကျအောင် ထိန်းထားနိုင်လေသည်။
"အားကျင့် ဖြစ်နိုင်ပါ့မလား..." ချောင်မိဖုရားခေါင်သည် တုန်ယင်နေပြီး နောက်ဆက်တွဲ စကားလုံးများကို မပြောထွက်တော့ချေ။
လုမင်ယွိ၏ မျက်ဝန်းများ ပိုမို နီရဲလာသော်လည်း မျက်ရည်မကျဘဲ အားတင်းထားလေသည်။ "မူဟုပ် စိတ်မပူပါနဲ့။ အရှင်မင်းသားက ကံကောင်းတဲ့သူပါ။ ဒဏ်ရာရသွားရင်တောင် အမြန်ဆုံး သက်သာလာမှာပါ"
စတုတ္ထမင်းသားသည်လည်း မျက်ဝန်းများ နီရဲလျက် အားတင်းကာ ချောင်မိဖုရားခေါင်ကို နှစ်သိမ့်ပေးလိုက်လေသည်။ "စစ်သတင်းထဲမှာ ထိုက်ဇီ ဒဏ်ရာရတယ်လို့ပဲ ပါတယ်။ ဒဏ်ရာအခြေအနေကို မပြောထားပါဘူး။ ကြည့်ရတာ နောက်ရက်နည်းနည်းလောက်နေရင် တိကျတဲ့ သတင်း ရောက်လာမှာပါ။ မူဟုပ် အားတင်းထားပါ။ ကိုယ့်ကိုယ်ကိုယ် မခြောက်လှန့်ပါနဲ့။ ဒဏ်ရာအသေးစားလေး ဖြစ်ပြီး မြန်မြန် သက်သာသွားမှာပါ"
ရင်ဘတ်ကို မြှားမှန်တာ ဘယ်လိုလုပ် ဒဏ်ရာအသေးစား ဖြစ်နိုင်မှာလဲ။
လုမင်ယွိသည် နှုတ်ခမ်းကို ဖိကိုက်လိုက်ပြီး တည်ငြိမ်အောင် ကြိုးစားလိုက်လေသည်။ "လျို့တိ ပြောတာ မှန်ပါတယ်။ မူဟုပ် စိတ်မပူပါနဲ့။ အရှင်မင်းသား ဘာမှမဖြစ်ပါဘူး"
ကိစ္စက ဒီအခြေအနေ ရောက်နေမှတော့ မျက်လုံးကွယ်အောင် ငိုနေလည်း အလကားပဲ။ ထိုက်ဇီ ဒဏ်ရာရတဲ့ သတင်းက မကြာခင် နန်းတော်ထဲမှာ ပျံ့နှံ့သွားတော့မှာ။ လူတွေ စိတ်လှုပ်ရှားနေကြမှာ။ ချောင်မိဖုရားခေါင်က တည်ငြိမ်နေမှ ဖြစ်မယ်။
ချောင်မိဖုရားခေါင်သည် တစ်ချက်တုန်ယင်သွားပြီး ရှိုက်သံဖြင့် ပြောလိုက်လေသည်။ "ပန်ကုံးလည်း မင်းတို့ပြောသလို ဖြစ်ပါစေလို့ ဆုတောင်းပါတယ်။ ထိုက်ဇီ ဘာမှမဖြစ်ပါစေနဲ့..."
စကားမဆုံးမီ နန်းတွင်းအပျိုတော်တစ်ဦး ဝင်ရောက်လာပြီး လျှောက်တင်လိုက်လေသည်။ "ဟွမ်ဟုပ်ညန်ညန်၊ မယ်တော်ကြီးကျောက် ကြွလာပါတယ်"
...
မယ်တော်ကြီးကျောက်သည် ချင်ဖေး၏ တွဲကူမှုဖြင့် ရောက်လာခြင်း ဖြစ်လေသည်။
စတုတ္ထမင်းသားသည် သတင်းရရချင်း ကျောင်းဖန်နန်းဆောင်သို့ လာရောက်သတင်းပို့သလို လူလွှတ်ပြီး ချင်ဖေးကိုလည်း အသိပေးလိုက်သည်။ ချင်ဖေးသည် ချက်ချင်း ရှို့နင်နန်းဆောင်သို့ သွားရောက်ပြီး ထိုက်ဇီ ဒဏ်ရာရသည့်သတင်းကို မယ်တော်ကြီးကျောက်အား ပြောပြလိုက်လေသည်။
မယ်တော်ကြီးကျောက်သည် ဘယ်လိုလုပ် ငြိမ်နေနိုင်ပါမည်နည်း။ ချက်ချင်းပင် ကျောင်းဖန်နန်းဆောင်သို့ ရောက်လာခြင်း ဖြစ်လေသည်။
မျက်ရည်များဖြင့် ပြည့်နှက်နေသော ချောင်မိဖုရားခေါင်၏ မျက်နှာကို မြင်လိုက်ရသည်နှင့် မယ်တော်ကြီးကျောက်သည် ရင်ဘတ်ကိုထုကာ ငိုကြွေးလေတော့သည်။
"ပထမမင်းသား ဒဏ်ရာရပြီး ညာဘက်ခြေထောက် မသန်တော့ဘူး။ အခု ထိုက်ဇီလည်း ဒဏ်ရာရပြန်ပြီ။ နတ်ဘုရားတွေက သာ့ဝေတိုင်းပြည်ရဲ့ ကံကောင်းခြင်းတွေကို တမင်သက်သက် ချိုးနှိမ်နေတာလား"
ချင်ဖေးသည်လည်း လက်ကိုင်ပုဝါဖြင့် မျက်ရည်သုတ်ကာ ငိုကြွေးလိုက်လေသည်။ "ထိုက်ဇီအရှင်မင်းသားရဲ့ ဒဏ်ရာက ဘယ်လိုနေလဲ မသိဘူး။ ချန်ချဲ့ ဒီသတင်းကြားတော့ ရင်ထဲမှာ ဆူးနဲ့ထိုးသလို ခံစားရတယ်။ နတ်ဘုရားတွေ ထိုက်ဇီအရှင်မင်းသားကို စောင့်ရှောက်တော်မူပါ"
နတ်ဘုရားတွေ စောင့်ရှောက်ပြီး ထိုက်ဇီအရှင်မင်းသားရဲ့ ကိုယ်တွင်းအင်္ဂါတွေ ထိခိုက်ပြီး ပြန်မကောင်းလာတော့ရင် ကောင်းမှာပဲ။
ပထမမင်းသားက မသန်မစွမ်း ဖြစ်သွားပြီ။ ထိုက်ဇီက ဒဏ်ရာရသွားပြီ။ နောက်တစ်ယောက်က တတိယမင်းသား အလှည့်လား။ အဲဒီအချိန်ကျရင် မြို့တော်မှာ အန္တရာယ်ကင်းကင်း ကျန်ခဲ့တဲ့ စတုတ္ထမင်းသားက အခွင့်ကောင်း ရသွားတော့မှာပေါ့။
စစ်တိုက်မထွက်ခင်က နေ့တိုင်း ဘုရားရှိခိုး ဆုတောင်းခဲ့ရတာ အလကား မဖြစ်တော့ဘူး။ ဟားဟားဟား!
ချင်ဖေးသည် အားရပါးရ ရယ်မောချင်စိတ်ကို ထိန်းချုပ်ကာ ဟန်ဆောင်ပန်ဆောင်နှင့် ပခုံးများ တုန်ခါအောင် ငိုကြွေးလိုက်လေသည်။
ချောင်မိဖုရားခေါင်သည် ဒီသတင်းဆိုးကြောင့် စိတ်ဓာတ်ကျဆင်းနေသဖြင့် ချင်ဖေး တွေးတောနေသည့် အကြောင်းအရာကို ဂရုစိုက်နိုင်စွမ်း မရှိတော့ချေ။ လုမင်ယွိသည်လည်း စိတ်ထဲတွင် လေးလံထိုင်းမှိုင်းနေသဖြင့် ချင်ဖေးကို ကြည့်ချင်စိတ် မရှိပေ။
မကြာမီ မုန့်ဖေးနှင့် စူးဖေးတို့လည်း သတင်းကြားပြီး ရောက်လာကြသည်။
မုန့်ဖေးသည် မူလက ပွဲလာကြည့်ခြင်း ဖြစ်သော်လည်း လူတိုင်း၏ ဝမ်းနည်းပူဆွေးနေသော ပုံစံများကို မြင်လိုက်ရသည့်အခါ ညာဘက်ခြေထောက် ဒဏ်ရာရထားသော သားဖြစ်သူကို သတိရသွားပြီး မျက်ဝန်းများ နီရဲကာ ငိုကြွေးလေတော့သည်။
စူးဖေး၏ ရင်ထဲတွင် ပျော်ရွှင်မှုများဖြင့် ပွင့်လန်းနေသော်လည်း မျက်ရည်ညှစ်ကာ လူအများနှင့်အတူ ဟန်ဆောင်ငိုကြွေးလိုက်ရလေသည်။
သိပ်ကောင်းတာပဲ!
ပထမမင်းသား မသေပေမဲ့ မသန်မစွမ်း ဖြစ်သွားပြီ။ ထိုက်ဇီလည်း ဒဏ်ရာအပြင်းအထန် ရသွားပြီဆိုတော့ ပြန်ကောင်းလာဖို့ မလွယ်တော့ဘူး။ သူမရဲ့သား လီဟောက်ကတော့ ထူးချွန်ပြောင်မြောက်ပြီး အရောင်အဝါတွေ တောက်ပနေတာ။
စစ်တပ်ကြီး မြို့တော်ကို ပြန်ရောက်လာရင် ယုံးကျားဧကရာဇ်က လီဟောက်ကို သေချာပေါက် ထိုက်ဇီအရာ ပေးအပ်တော့မှာ။
ဒီအကြောင်းတွေကို တွေးလိုက်တိုင်း စူးဖေးသည် ရင်ထဲတွင် ပန်းများ ပွင့်ဝေနေသကဲ့သို့ ခံစားရလေသည်။
ကျောင်းဖန်နန်းဆောင်ထဲတွင် ငိုသံများ ဆူညံနေလေသည်။ အထူးသဖြင့် ချောင်မိဖုရားခေါင်က အသည်းအသန် ငိုကြွေးနေပြီး မယ်တော်ကြီးကျောက်က ဒုတိယလိုက်လေသည်။ မုန့်ဖေးနှင့် ကျန်နှစ်ယောက်ကတော့ ကိုယ်စီ အတွေးကိုယ်စီဖြင့် ဟန်ဆောင်ငိုကြွေးနေကြခြင်းသာ ဖြစ်လေသည်။
ဒီလို ဆက်ငိုနေလို့လည်း အဖြေထွက်လာမှာ မဟုတ်ဘူး။
လုမင်ယွိသည် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ချောင်မိဖုရားခေါင်ကို ပြောလိုက်လေသည်။ "မူဟုပ်၊ အာရှီ ယန်နိုင်ငံကို သွားမယ်"
ချောင်မိဖုရားခေါင်၏ မျက်လုံးများ နီရဲရောင်ရမ်းနေပြီး ဦးနှောက်လည်း ထိုင်းမှိုင်းနေလေသည်။ "မင်း ယန်နိုင်ငံကို ဘာသွားလုပ်မလို့လဲ"
"အရှင်မင်းသားကို သွားပြီး ပြုစုမလို့ပါ" လုမင်ယွိသည် ချောင်မိဖုရားခေါင်ကို စူးစိုက်ကြည့်ပြီး ပြတ်သားသော အသံဖြင့် ပြောလိုက်လေသည်။ "အာရှီ တစ်ယောက်တည်း မြင်းစီးပြီး ယန်နိုင်ငံကို သွားမယ်။ ရွှီအာနဲ့ ရွှမ်းအာကို မူဟုပ်ဆီမှာ အပ်ခဲ့ပါရစေ"
...
အပိုင်း (၃၇၄) ထိတ်လန့်စရာ အပြောင်းအလဲ (၂)
"မဖြစ်ဘူး!"
ပထမဆုံး ကန့်ကွက်လာတဲ့သူမှာ စတုတ္ထမင်းသား ဖြစ်နေမည်ဟု မည်သူမှ ထင်မထားကြချေ။
"အာ့စောင်ရဲ့ မြင်းစီးစွမ်းရည်ကောင်းမှန်း ကျွန်တော် သိပါတယ်။ မြင်းကို အမြန်စီးပြီး ယန်နိုင်ငံကိုသွားတာ ခက်ခဲတဲ့ကိစ္စ မဟုတ်ပါဘူး၊ ဒါပေမဲ့ နန်းတော်ကြီးကလဲ အာ့စောင်မရှိရင် မဖြစ်ဘူးလေ"
ကလေးနှစ်ယောက်ကို ထားလိုက်ပါအုံး။ ယုံးကျားဧကရာဇ်က နန်းတော်ထဲမှာ မရှိဘူး။ ချောင်မိဖုရားခေါင်ရဲ့ စွမ်းရည်နဲ့ဆိုရင် အနောက်နန်းဆောင်ရဲ့ အသေးအဖွဲကိစ္စတွေကို ဖြေရှင်းနိုင်ပေမဲ့ တကယ်အရေးကြီးကိစ္စ ဖြစ်လာရင် တောင့်ခံထားနိုင်မှာ မဟုတ်ဘူး။ လုမင်ယွိကို သွားခွင့်ပေးလို့ မဖြစ်ဘူး။
ချောင်မိဖုရားခေါင်၏ ရှုပ်ထွေးနေသော ဦးနှောက်သည် အနည်းငယ် ကြည်လင်လာပြီး သဘောတူလိုက်လေသည်။ "စတုတ္ထမင်းသားပြောတာ မှန်တယ်။ မင်း သွားလို့ မဖြစ်ဘူး"
မယ်တော်ကြီးကျောက်သည် မျက်ရည်ကိုသုတ်လိုက်ပြီး နားခါးစရာစကားကို ပြောလိုက်ပြန်သည်။ "စစ်မြေပြင်မှာ ယောက်ျားသားတွေချည်းရှိတာ။ မင်းက ထိုက်ဇီဖေးလေ။ ဂုဏ်မြင့်တဲ့ မိန်းမသားတစ်ယောက်ဖြစ်ပြီး စစ်တပ်ထဲကိုသွားလို့ ဘယ်ဖြစ်မှာလဲ။ ကြည့်လို့တောင် မကောင်းဘူး!"
စူးဖေးကတော့ မရိုးသားသော စကားလုံးများဖြင့် ဝင်ပြောလိုက်လေသည်။ "ထိုက်ဇီဖေးက ထိုက်ဇီကို အရမ်းချစ်တာပဲ။ ထိုက်ဇီ ဒဏ်ရာရသွားတော့ ထိုက်ဇီဖေးက စိတ်ပူပြီး နေမထိထိုင်မသာ ဖြစ်နေမှာပေါ့။ စစ်တပ်ထဲသွားပြီး ထိုက်ဇီကို ပြုစုချင်တာ နားလည်ပေးလို့ရပါတယ်"
သွားလိုက်စမ်းပါ! ရှုပ်ထွေးပွေလီနေတဲ့ ယန်နိုင်ငံကို သွားလိုက် အဲဒီ့ရောက်ရင် မြှားမှန်ပြီး သေသွားရင် ပိုကောင်းတာပေါ့။
လုမင်ယွိသည် စူးဖေးကို လုံးဝဂရုမစိုက်ဘဲ ချောင်မိဖုရားခေါင်ကို ပြောလိုက်လေသည်။ "ဒီလောက်ဝေးကွာတဲ့နေရာကို သတင်းပို့ဖို့ အသွားအပြန် တလကျော်လောက်ကြာတယ်။ အခု အရှင်မင်းသား ဘယ်လိုနေတယ်ဆိုတာကို ဘယ်သူမှမသိနိုင်ဘူး။ အာရှီက စစ်တပ်ထဲကို ကိုယ်တိုင်သွားပြီး အရှင်မင်းသားကို ပြုစုပေးမယ်။ အရှင်မင်းသား ဒဏ်ရာပျောက်တာနဲ့ ပြန်လာခဲ့ပါမယ်"
ထိုက်ဇီ ဒဏ်ရာရသည့်ကိစ္စတွင် စိတ်အပူဆုံးလူမှာ ချောင်မိဖုရားခေါင် ဖြစ်လေသည်။
ချောင်မိဖုရားခေါင်၏ စိတ်ဆန္ဒသည် မြန်မြန်ပင် ယိုင်နဲ့သွားတော့၏။ ထိုက်ဇီ ဒဏ်ရာရသွားလျှင် ဘေးနားတွင် ပြုစုပေးမည့်သူ လိုအပ်သည်တွင် လုမင်ယွိကိုယ်တိုင် သွားရောက်ပြုစုမည်ဆိုသည့် အချက်ကလဲ မကောင်းသည့်အကြံတော့ မဟုတ်ပေ။
စတုတ္ထမင်းသားက မျက်မှောင်ကြုတ်လိုက်ပြီး ရုတ်တရက် ပြောလိုက်လေ၏။ "အာ့စောင်က အာ့ကောကို စိတ်မချနိုင်ဘူး ဖြစ်နေတယ်။ တစ်ယောက်ယောက်က သွားရောက်ပြုစုပေးဖို့ လိုအပ်တယ်ဆိုရင် ကျွန်တော် သွားလိုက်ပါ့မယ်"
လူအားလုံးမှာ အံ့အားသင့်သွားပြီး စတုတ္ထမင်းသားကို ဝိုင်းကြည့်လိုက်ကြ၏။
စတုတ္ထမင်းသားသည် ဒီတစ်နှစ်တွင် အသက်၁၇နှစ်ရှိပြီဖြစ်ပြီး ငယ်ရွယ်သော အမူအယာများ ပျောက်ကွယ်စ ပြုလာပြီဖြစ်သည်။ မျက်ဝန်းထဲတွင် ပြတ်သားမှုများ တောက်ပနေပြီး အသံက တည်ငြိမ်နေလေ၏။ "လီမိသားစုမှာ ယောက်ျားသားတွေ ရှိပါသေးတယ်။ မိန်းမသားတစ်ယောက်ကို ခရီးဝေးနှင်ပြီး စစ်တပ်ထဲသွားခိုင်းလို့ ဘယ်ဖြစ်မှာလဲ။ ကျွန်တော် သွားမယ်"
လုမင်ယွိက ဘာမှမပြောရသေးခင်မှာပင် ချင်ဖေးက ဒေါသတကြီး ထအော်လေတော့သည်။ "အားရှန်း မင်းရူးသွားပြီလား။ အခုက စစ်ပွဲအကြမ်းတမ်းဆုံးအချိန် ရောက်နေတာ ထိုက်ဇီတောင် ဒဏ်ရာရထားတာ ဒီလိုအချိန်မှာ မင်းက ယန်နိုင်ငံကို သွားမယ်ဆိုတာ သေချာလို့လား။ မဖြစ်ဘူး မင်းသွားလို့မရဘူး။ ငါလုံးဝ သဘောမတူဘူး"
ဒီစကားက မည်မျှပင် နားဝင်ဆိုးလိုက်ပါသနည်း။
မယ်တော်ကြီးကျောက်ပင် မျက်မှောင်ကြုတ်မိလေတော့သည်။ "ချင်ဖေး မင်းဘာစကားတွေ ပြောနေတာလဲ။ ပါးစပ်ပိတ်ထားစမ်း"
ဘာသေချင်လို့လဲ ဟုတ်လား။ ဒါက ယုံးကျားဧကရာဇ်တို့ သားအဖလေးယောက်စလုံးကို ကြိမ်ဆဲလိုက်တာပဲ။
ချင်ဖေးသည် မည်သို့ ပါးစပ်ပိတ်နိုင်ပါမည်နည်း။ စတုတ္ထမင်းသား၏ လက်ကောက်ဝတ်ကို ဆွဲကိုင်ထားပြီး တရစပ် ပြောဆိုနေတော့သည်။ "အားရှန်း မင်းအဲဒီ့အကြံကို ဖျက်ပစ်လိုက်။ လုရှီက ထိုက်ဇီကို စိတ်ပူလို့သွားချင်ရင် သူ့သဘောပဲ ..."
"မူဖေး တော်ပါတော့" စတုတ္ထမင်းသား၏ မျက်နှာအမူအယာသည် ယခင်က မရှိဖူးလောက်အောင် လေးနက်တည်ငြိမ်နေလေသည်။ "ထိုက်ဇီက ကျွန်တော့်ရဲ့ အစ်ကိုအရင်းပါ။ အာ့စောင် ယန်နိုင်ငံကိုသွားတာကို လက်ပိုက်ကြည့်နေမယ်ဆိုရင် ကျွန်တော်က လီမိသားစုရဲ့ ယောက်ျားသားလို့ ပြောလို့ရပါအုံမှာလား။ နောက်ပိုင်း အာ့ကောကို ဘယ်လိုကြည့်ရမှာလဲ"
မျက်နှာမရချင်လည်း နေပါစေတော့ အသက်မရှိတာထက်စာရင်တော့ တော်သေးတာပေါ့။
ချင်ဖေးသည် စိတ်လောသွားပြီး သွေးများဆူပွက်လာကာ ထိုစကားကို ပြောထွက်လုနီးပါး ဖြစ်သွားလေသည်။ တော်သေးသည်မှာ အသိစိတ်အနည်းငယ် ကျန်နေသေးသဖြင့် မနည်းထိန်းထားလိုက်ရ၏။
လုမင်ယွိသည် ယခုအချိန်တွင် တည်ငြိမ်သွားပြီ ဖြစ်လေသည်။ သေချာစဥ်းစားကြည့်လိုက်သောအခါ စတုတ္ထမင်းသားက ယန်နိုင်ငံကို သွားခြင်းသည် အကောင်းဆုံး ရွေးချယ်မှုဖြစ်ကြောင်း ဝန်ခံရတော့သည်။
ရွှီအာနှင့်ရွှမ်းအာတို့က ငယ်သေးကြသဖြင့် မိခင်နှင့်ခွဲလို့ မဖြစ်သေး။ ပိုအရေးကြီးသည်က အနောက်နန်းဆောင်ထဲတွင် မိန်းမသားတွေသာ ရှိနေသဖြင့် ခေါင်းဆောင်နိုင်မည့်သူတစ်ယောက် ရှိနေမှဖြစ်မည်။ ညီလာခံတွင် အပြောင်းအလဲတစ်ခု ဖြစ်လာလျှင် ချောင်မိဖုရားခေါင်တစ်ယောက်တည်းနှင့် အမတ်တွေကို ထိန်းချုပ်နိုင်မည် မဟုတ်ပေ။
သူမက လီကျင့်ကို မည်မျှပင် စိတ်ပူနေပါစေ စိတ်လောပြီး ဆုံးဖြတ်ချက်ချလို့ မဖြစ်ပေ။
သူမသည် လီကျင့်၏ ဇနီးသည်ဖြစ်သလို သာ့ဝေတိုင်းပြည်၏ ထိုက်ဇီဖေးလဲ ဖြစ်လေသေးသည်။
လုမင်ယွိသည် ပြတ်သားသော မျက်နှာအမူအယာဖြင့် ရှိနေသည့် စတုတ္ထမင်းသားကို ကြည့်လိုက်ပြီး ရင်ထဲတွင် ရှုပ်ထွေးသောခံစားချက်များ ဖြစ်ပေါ်လာတော့သည်။ "စစ်တိပြောတာ အဓိပ္ပါယ် ရှိတယ်။ ဒီလိုဆိုရင်တော့ စစ်တိကိုပဲ အပင်ပန်းခံခိုင်းရတော့မယ်"
ချောင်မိဖုရားခေါင်၏ ရင်ထဲမှကျောက်တုံးကြီး.ပြုတ်ကျသွားသလို ခံစားလိုက်ရပြီး မျက်ဝန်းများနီရဲလျှက် စတုတ္ထမင်းသားကို ပြောလိုက်လေသည်။ "လိမ်မာလိုက်တဲ့ကလေး။ မင်းက တကယ့်ကို တာဝန်ယူစိတ်ရှိတဲ့ လီမိသားစုရဲ့ သားကောင်းပါပဲ။ ပန်ကုံး အရင်က မင်းကို အထင်သေးခဲ့မိတယ်"
တော်ဝင်မိသားစု၏ သံယောဇဥ်က နည်းပါးသော်ငြား လုံးဝမရှိတော့ခြင်းတော့ မဟုတ်ပေ။
စတုတ္တမင်းသားသည် ကိုယ့်ကိုယ်ကို လှောင်ပြောင်သလို ပြောလိုက်လေသည်။ "ဒီလိုအချိန်မရောက်လာရင် ကျွန်တော်လဲ ကိုယ့်ဟာကို ဒီလောက်သတ္တိရှိမှန်း မသိခဲ့ပါဘူး။ အခု မိုးချုပ်နေပြီ။ ကျွန်တော် အိမ်ပြန်ပြီး ညတွင်းချင်း အဝတ်အစားတွေ ထုတ်ပိုးလိုက်ပါအုံးမယ်။ မနက်ဖြန် မိုးလင်းတာနဲ့ ခရီးထွက်ပါမယ်"
"စစ်တိ ကျေးဇူးတင်ပါတယ်" လုမင်ယွိက တိုးတိုးလေး ကျေးဇူးတင်စကား ပြောလိုက်၏။
စတုတ္ထမင်းသားကလဲ အားနာမနေတော့ချေ။ "အာ့စောင်ရဲ့ ကျေးဇူးတင်စကားကို ကျွန်တော် လက်ခံလိုက်ပါပြီ။ အာ့စောင် စိတ်ချပါ။ ကျွန်တော် စစ်တပ်ထဲရောက်ရင် အာ့ကောကို ကောင်းကောင်းပြုစုပေးပါမယ်"
ချင်ဖေးသည် ကြောင်အမ်းအမ်းဖြစ်သွားပြီး အော်ဟစ်ငိုကြွေးလေတော့သည်။
မုန့်ကွေ့ဖေး၏ ရင်ထဲတွင်လည်း ခါးသက်သွားရတော့၏။
ထိုစဥ်က ပထမမင်းသား ဒဏ်ရာရချိန်က ပိုပြင်းထန်သော်လည်း ဘယ်သူကမှ ချူနိုင်ငံသို့သွားပြီး ပြုစုဖို့ရန် မစဥ်းစားပေးခဲ့ကြချေ။ ထိုက်ဇီအလှည့်ရောက်မှ ဂုဏ်ပုဒ်ခြင်းမတူသဖြင့် စတုတ္ထမင်းသားက မျက်နှာလိုမျက်နှာရ လုပ်နေတော့သည်။
စူးဖေးသည် ငိုကြွေးနေရင်း စိတ်ထဲတွင် ဆုတောင်းနေလေ၏။
စတုတ္ထမင်းသား သွားချင်ရင်သွားပါစေ။ လမ်းမှာ သူပုန်တွေနဲ့တွေ့ပြီး မတော်တဆ ဖြစ်သွားတာကောင်းမယ်။ ပြန်မလာနိုင်တော့ရင် ပိုကောင်းတယ်။
...
နာရီဝက်ခန့် ကြာပြီးနောက်တွင် လူအားလုံးလဲ ပြန်သွားကြ၏။ ချောင်မိဖုရားခေါင်သည် ကြောင်ပြီး သလွန်ပေါ်တွင် ငူငူငိုင်ငိုင် ထိုင်နေဆဲပင်။
လုမင်ယွိက ချောင်မိဖုရားခေါင်၏ဘေးတွင် ဝင်ထိုင်လိုက်လေသည်။ တစ်ကိုယ်လုံး အားအင်ကုန်ခမ်းနေပြီး စကားပြောချင်စိတ်လည်း မရှိတော့ချေ။ သမီးယောက္ခမနှစ်ယောက်သား တိတ်ဆိတ်စွာ အချိန်အကြာကြီး ထိုင်နေကြလေသည်။
"အားကျင့် ဘာမှမဖြစ်လောက်ပါဘူးနော်" ချောင်မိဖုရားခေါင်က ငြီးတွားသလို တိုးတိုးလေး ပြောလိုက်လေသည်။ နားစွင့်မထားလျှင် ကြားရမည်မဟုတ်ပေ။
လုမင်ယွိကလဲ တိုးတိုးလေး ပြန်ဖြေလိုက်၏။ "ဘာမှမဖြစ်တာ သေချာပါတယ်"
ချောင်မိဖုရားခေါင်၏ နှာခေါင်းဝများက ရှုံ့တွသွားပြီး အချိန်အတော်ကြာမှ ပြောလိုက်လေသည်။ "စတုတ္ထမင်းသားက ယန်နိုင်ငံကို သွားမယ်လို့ ကိုယ်တိုင်ပြောထွက်လာမယ်လို့ ပန်ကုံး ထင်မထားမိဘူး"
တကယ်ပဲ မထင်မှတ်ထားစရာပါပဲ။
ဒီဘဝမှာ အရာရာက ကွဲပြားခြားနားသွားခဲ့ပြီ။
စတုတ္ထမင်းသားရဲ့ ဒီနေ့လုပ်ရပ်ကြောင့် နောက်ဆိုရင် စတုတ္ထမင်းသားတို့ ဇနီးမောင်နှံကို ကောင်းကောင်းဆက်ဆံမှ ဖြစ်တော့မယ်။
လုမင်ယွိသည် အားတင်းပြီး ပြောလိုက်လေသည်။ "စစ်တိ မရှိတော့ရင် ညီလာခံမှာ လူမရှိလို့မဖြစ်ဘူး။ ပဥ္စမမင်းသားလဲ မငယ်တော့ပါဘူး။ သူ့ကို စာသင်တာနားခိုင်းပြီး နေ့တိုင်း ညီလာခံတက်ခိုင်းရမယ်"
ချောင်မိဖုရားခေါင်သည် ကြောင်သွားပြီး လွှတ်ခနဲ မေးလိုက်မိလေသည်။ "သူက သွားလို့ ဘာအသုံးဝင်မှာလဲ"
လီချန်က အရည်အချင်းမရှိဘဲ တုံးအလွန်းအားကြီးသည်။ တခြားမင်းသားများနှင့်ယှဥ်လျှင် အများကြီး ကွာခြားသည်။ နိုင်ငံရေးကိစ္စများနှင့်လည်း မထိတွေ့ဖူးချေ။ သူက ဘာလုပ်နိုင်ပါမည်နည်း။
လုမင်ယွိက တည်ငြိမ်စွာ ပြောလိုက်လေသည်။ "မျက်နှာပြတာပဲဖြစ်ဖြစ် သွားခိုင်းရမယ်။ သူ့ကို ကျွန်မတို့ရဲ့မျက်လုံး ကျွန်မတို့ရဲ့နားအဖြစ်ထားပြီး နားထောင်ခိုင်း ကြည့်ခိုင်းရမယ်"
အနောက်နန်းဆောင်က နိုင်ငံရေးကို ဝင်မစွက်ဖက်ရဘူးဆိုပေမဲ့ အခုလို အခြေအနေမျိုးမှာ နိုင်ငံရေးကို လုံးဝလက်လွှတ်ထားလို့ မဖြစ်ဘူး။ လီချန်ကို ညီလာခံတက်ခိုင်းတာက အမတ်တွေကို သတိပေးလိုက်တာပဲ။ နန်းတော်ထဲမှာ မိဖုရားခေါင်နဲ့ထိုက်ဇီဖေး ရှိသေးတယ်ဆိုတာကိုပေါ့။ အမတ်တွေ စကားပြောတာ အလုပ်လုပ်တာ နိုင်ငံရေးကိစ္စ ဆောင်ရွက်တာတွေကို သတိထားပြီး လုပ်ဆောင်စေချင်လို့ပါ။
ချောင်မိဖုရားခေါင်သည် သက်ပြင်းတစ်ချက်ချကာ ခေါင်းညိမ့်လိုက်လေသည်။ "မင်း သဘောအတိုင်း စီစဥ်လိုက်ပါ။ ပန်ကုံး အခု စိတ်တွေရှုပ်ထွေးနေလို့ ဘာအကြံမှ မထွက်တော့ဘူး"
လုမင်ယွိကလဲ အားမနာတော့ချေ။ "ကောင်းပါပြီ။ ဒီနေ့တော့ မိုးချုပ်နေပြီ။ မနက်ဖြန် မနက်စောစောကျရင် ပဥ္စမမင်းသားကို ခေါ်ခိုင်းလိုက်ပါ့မယ်"
ချောင်မိဖုရားခေါင်ကလဲ ခေါင်းညိမ့်လိုက်ပြန်သည်။
ထို့နောက် ယောက္ခမနှင့်ချွေးမ နှစ်ယောက်သားသည် တိတ်ဆိတ်သွားကြပြန်၏။
ညအမှောင်ထုသည် ပိုပြီး သိပ်သည်းလာလေသည်။
ဒေါင် ဒေါင် ဒေါင်!
သန်းခေါင်ယံအချိန် ရောက်နေပြီ။
ချောင်မိဖုရားခေါင်သည် တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်လေ၏။ "ပြန်နားလိုက်တော့လေ။ ကလေးတွေက ငယ်သေးတယ်။ သူတို့ကို ဒီအကြောင်းတွေကို မပြောပြနဲ့။ လန့်သွားမှာစိုးလို့"
လုမင်ယွိက ခေါင်းညိမ့်ကာ ထပြန်ရန် နှုတ်ဆက်လိုက်၏။
ကျောင်းဖန်နန်းဆောင်မှ ထွက်လာပြီး တခဏအတွင်း အောင့်ထားသမျှ မျက်ရည်များမှာ တသွင်သွင် စီးကျလာလေတော့သည်။
...
အပိုင်း (၃၇၅) ထိတ်လန့်စရာ အပြောင်းအလဲ (၃)
နှလုံးသားထဲက နာကျင်မှုသည် အထွတ်အထိပ်သို့ ရောက်သွားပြီဖြစ်ရာ ဘာမှမခံစားရတော့လောက်အောင် ထုံကျင်သွားတော့သည်။
မျက်စိရှေ့က မြင်ကွင်းများသည် တိမ်တိုက်များ ဖုံးကွယ်ထားသကဲ့သို့ မှုန်ဝါးနေလေသည်။ သူမသည် အဆုံးမရှိသော အမှောင်ထုထဲတွင် တစ်ယောက်တည်း လမ်းလျှောက်နေပြီး ခြေလှမ်းများက အလိုအလျောက် ရွေ့လျားနေသကဲ့သို့ပင်။
ရင်းနှီးသော ခြေသံတစ်ခုက သူမကို သတိဝင်လာစေသည်။ "ထိုက်ဇီဖေး ဘာဖြစ်တာလဲ။ တကယ်ပဲ ဘာဖြစ်ခဲ့လို့လဲ"
မီးရောင်အောက်တွင် ချီယွင်၏ စိုးရိမ်ပူပန်နေသော မျက်နှာကို တွေ့လိုက်ရ၏။
လုမင်ယွိက အားတင်းထားသမျှ ပြိုကျသွားပြီး မျက်ရည်များ ဝဲတက်လာကာ ရှိုက်သံဖြင့် ပြောလိုက်လေသည်။ "ချီယွင်။ ထိုက်ဇီ ရင်ဘတ်မှာ မြှားမှန်သွားတယ်"
ချီယွင်၏ ရင်ထဲတွင် ထိတ်လန့်သွားပြီး မျက်နှာမှာ ဖြူဖျော့သွားတော့သည်။
လုမင်ယွိ ဒီလောင်စိတ်ဓာတ်ကျနေသည်မှာ မဆန်းတော့ချေ။ ထိုက်ဇီက ဒဏ်ရာရသွားခြင်း ဖြစ်နေသည်ကိုး။
ချီယွင်သည် ရင်ထဲက ရှုပ်ထွေးနေသော အတွေးများကို ဖိနှိပ်ထားလိုက်ပြီး လုမင်ယွိကို ပွေ့ဖက်ကာ တိုးတိုးလေး နှစ်သိမ့်လိုက်လေသည်။ “အသက်အန္တရာယ် မစိုးရိမ်ရရင် ပြီးတာပါပဲ။ ဒဏ်ရာရရင်လည်း ဖြည်းဖြည်းချင်း ကုသလို့ရပါတယ်"
လုမင်ယွိသည် ချီယွီ၏ပုခုံးကို ခေါင်းမှီချလိုက်ပြီး မျက်ရည်များမှာ အဆက်မပြတ် စီးကျလာလေတော့သည်။
လီကျင့်က ယန်ထော် ဘယ်လောက် ကောက်ကျစ်စဥ်းလဲတယ်ဆိုတာကို သိတာမဟုတ်ဘူး။ သူမ အရင်ဘဝတုန်းက အဖေသေဆုံးသွားလို့ ဘယ်လောက် ဝမ်းနည်းခဲ့ရတယ်ဆိုတာကိုပဲ သူ သိတာ။ သူမရဲ့ အဖေကို ကာကွယ်ပေးချင်လို့ သူကိုယ်တိုင် စစ်တပ်ကိုဦးဆောင်ပြီး ယန်ထော်ကို ရင်ဆိုင်နိုင်ခဲ့တာ။
ဒီလောက်နက်ရှိုင်းတဲ့ ချစ်ခြင်းမေတ္တာကို သူမက ဘယ်လိုပြန်ပေးဆပ်ရမှာလဲ။
ချီယွင်သည် ငိုကြွေးနေသည့် သခင်ဖြစ်သူကိုကြည့်ပြီး ရင်ထဲတွင် စိတ်မကောင်း ဖြစ်နေမိ၏။
နှစ်ပေါင်းများစွာ အတူနေလာခဲ့ကြပြီး သခင်မ၏ တက်ကြွရွှင်လန်းသည့်ပုံစံ မြင်းစီးမြှားပစ်သည့်ပုံစံကို တွေ့ဖူးခဲ့သော်ငြား ယခုလို အားငယ်ပြီး ငိုကြွေးနေသည်ကိုတော့ တခါမှ မမြင်ခဲ့ဖူးခပေ။
"ထိုက်ဇီဖေး မငိုပါနဲ့တော့" ချီယွင်သည် မျက်ဝန်းများနီရဲလျက် တိုးတိုးလေး ပြောလိုက်လေသည်။ "ထိုက်ဇီ အရှင်မင်းသားက သူတော်ကောင်းမလို့ နတ်ကောင်းတွေ စောင့်ရှောက်မှာပါ"
လုမင်ယွိကတော့ ခေါင်းငုံ့ကာ ငိုကြွေးနေဆဲပင်။
ရုတ်တရက် ပုခက်ထဲမှ ကလေးငိုသံ ထွက်ပေါ်လာခဲ့၏။ "မေမေ!"
"မေမေ!"
ရွှီအာနှင့်ရွှမ်းအာတို့သည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေကြသော်ငြားလည်း မိခင်နှင့်သားသမီးတို့၏ စိတ်ချင်းဆက်နွယ်မှုကြောင့် လုမင်ယွိ၏ တိုးတိုးတိတ်တိတ် ငိုသံကို ကြားလိုက်ရပြီး လန့်နိုးလာကြခြင်း ဖြစ်လေ၏။
လုမင်ယွိသည် မျက်ရည်များကို အမှတ်တမဲ့ သုတ်လိုက်ပြီး အခန်းထဲသို့ ဝင်သွားလိုက်လေသည်။
အိပ်ခန်းထောင့်တွင် မီးအိမ်တစ်လုံးသာ ထွန်းညှိထားသဖြင့် အလင်းရောင်မှိန်ပြပြသာ ရှိလေသည်။ မောင်နှမနှစ်ယောက်သည် ထထိုင်လိုက်ပြီး မျက်ရည်များ ကျနေကြလေတော့သည်။
လုမင်ယွိက ကုတင်ဘေးတွင် ဝင်ထိုင်လိုက်ပြီး ကလေးနှစ်ယောက်စလုံးကို ရင်ခွင်ထဲထည့်ကာ ကျောကုန်းလေးများကို ပုတ်ပေးလိုက်လေသည်။
ရင်းနှီးသော ရင်ခွင်ထဲသို့ ရောက်သွားပြီး မိခင်၏ ကိုယ်သင်းနံ့ကို ရလိုက်သည်နှင့် ကလေးနှစ်ယောက်သာ အငိုတိတ်သွားပြီး မိခင်ဖြစ်သူ၏ လက်မောင်းတစ်ဖက်စီကိုဖက်ကာ ပြန်အိပ်ပျော်သွားတော့သည်။
လုမင်ယွိသည် အချိန်အတော်ကြာအောင် ပွေ့ဖက်ထားပြီးမှ ကလေးများကို ပြမ်ချထားလိုက်၏။
ချီယွင်ကတော့ ကုတင်ဘေးသို့ ရောက်လာပြီး ကလေးများကို စောင်ခြုံပေးလိုက်လေသည်။ ထို့နောက် မျက်ဝန်းများနီရဲနေသော လုမင်ယွိကို ကြည့်ပြီး သနားကြင်နာစွာဖြင့် ပြောလိုက်တော့သည်။ "မိုးချုပ်နေပါပြီ။ ထိုက်ဇီဖေး အိပ်လိုက်ပါအုံး။ ဘာပဲဖြစ်ဖြစ်လေ မနက်မိုးလင်းမှ ဆက်ပြောကြတာပေါ့"
လုမင်ယွိကလဲ နှုတ်ဆိတ်ကာပင် ခေါင်းညိမ့်ပြလိုက်၏။
သူမသည် ကုတင်ပေါ် လဲလျောင်းလိုက်သည်နှင့် မျက်လုံးထဲတွင် လီကျင့်၏ ပုံရိပ်များ ပေါ်လာတော့သည်။
ခွဲခွာနေရသည်မှာ တစ်နှစ်ကျော်ရှိနေပြီ ဖြစ်သဖြင့် သူမသည် လွမ်းဆွတ်မှုများကို ဖိနှိပ်ထားခဲ့ရသည်။ ယနေ့ လီကျင့် ဒဏ်ရာရသည့်သတင်းကို ကြားလိုက်ရချိန်တွင် နှလုံးသားထဲက အမာခံအခွံများသည် အရည်ပျော်ကျသွားခဲ့လေပြီ။
လီကျင့်။ ရှင် အားတင်းထားနော်။ သေချာပေါက် ပြန်ကောင်းလာရမယ်။
နောက်ဆိုရင် ကျွန်မ ရှင့်ကို စိတ်ရောကိုယ်ပါ ချစ်ပေးပါတော့မယ်။ သံသယတွေ မထားတော့ပါဘူး။
မျက်ရည်များသည် မျက်လုံးထောင့်က စီးကျလာပြီး ခေါင်းအုံးပေါ်ကို စိုစွတ်သွားစေတော့သည်။
...
"အားရှန်း မင်း ဘာလို့ ဒီလောက်တုံးအရတာလဲ။ ယန်နိုင်ငံကို ဘာသွားလုပ်မလို့လဲ"
တစ်ချိန်တည်းတွင် ချင်ဖေးသည် နှလုံးသားကို ဓားနှင့်မွှန်းထားသကဲ့သို့ ခံစားနေရပြီး သားဖြစ်သူ၏ လက်ကိုဆွဲကာ ငိုကြွေးနေလေ၏။ "ထိုက်ဇီ ဒဏ်ရာရတာ လုရှီက စိတ်မချလို့ ကိုယ်တိုင်သွားချင်တာလေ။ မင်းနဲ့ ဘာဆိုင်လို့လဲ။ မင်း ဘာလို့ အဲလောက်မိုက်မဲရတာလဲ"
"မင်း လမ်းမှာတစ်ခုခုဖြစ်သွားရင် ငါ ဘယ်လိုဆက်အသက်ရှင်ရမှာလဲ" ချင်ဖေးသည် အသက်ရှူမဝတော့လောက်အောင် ငိုကြွေးနေလေ၏။
စတုတ္ထမင်းသားက သက်ပြင်းချလိုက်လေတော့သည်။ "နောက်ဆိုရင် မူဖေး ဒီလိုစကားမျိုး မပြောပါနဲ့တော့။ ဒဏ်ရာရတာ သူများ မဟုတ်ဘူး။ ကျွန်တော့်ရဲ့ ဒုတိယအစ်ကိုပါ။ ကျွန်တော်က အာ့စောင် စစ်တပ်ထဲသွားတာကို လက်ပိုက်ကြည့်နေပြီး ကိုယ်တိုင်ကျတော့ မြို့တော်မှာ ပုန်းနေမယ်ဆိုရင် နောက်ပိုင်း အာ့ကောမျက်နှာကို ဘယ်လိုကြည့်ရတော့မှာလဲ"
ချင်ဖေးက ငိုယိုကာဖြင့် ပြောလိုက်လေသည်။ "ပထမမင်းသား ဒဏ်ရာရတုန်းကလဲ ဘယ်သူမှမသွားဘဲ ဒီလိုပဲ ပြီးသွားတာပဲလေ"
စတုတ္ထမင်းသားက သက်ပြင်းတစ်ချက် ထပ်ချလိုက်ပြန်သည်။ "အဲဒါက သာ့စောင်ကိုယ်တိုင် မသွားဘူးလို့ပြောလို့လေ။ ပြီးတော့ သာ့ကောနဲ့ အာ့ကောက ဘယ်တူမှာလဲ။ အာ့ကောက သာ့ဝေတိုင်းပြည်ရဲ့ အိမ်ရှေ့စံလေ။ သူသာ တစ်ခုခုဖြစ်သွားရင် တိုင်းပြည်မငြိမ်မသက် ဖြစ်သွားမှာ ..."
"မငြိမ်မသက်ဖြစ်သွားရင် ကောင်းတာပေါ့ " ချင်ဖေး၏ ရင်ထဲကစကားများမှာ ထွက်ပေါ်လာလေတော့သည်။ "မင်း မြို့တော်မှာ ကောင်းကောင်းမွန်မွန်နေခဲ့ရင် နောက်ပိုင်း ထိုက်ဇီနေရာက မင်းအလှည့် ဖြစ်လာမှာ မဟုတ်ဘူးလား"
စတုတ္ထမင်းသားမှာ မျက်မျောင်ကြုတ်လိုက်ပြီး အသံက တည်ငြိမ်လေးနက်သွားတော့၏။ "မူဖေး စကားကို ဆင်ခြင်ပြောပါ"
"သာ့ဝေတိုင်းပြည်နဲ့ ယန်ချူစစ်ပွဲက အဆုံးအဖြတ်အခြေအနေ ရောက်နေတာ။ နိုင်ရင် တိုင်းပြည်အေးချမ်းပြီး ထာဝရ တည်တံ့ခိုင်မြဲသွားမယ်။ ရှုံးရင် စစ်ပွဲတွေဖြစ်လာပြီး ပြည်သူတွေ ဒုက္ခရောက်ကုန်ကြမှာ။ စစ်သည်တော်တွေ ဘယ်လောက်သေကုန်ကြမလဲ မသိဘူး။ မူဖေးက ကိုယ့်အတ္တတစ်ခုတည်းအတွက်နဲ့ တိုင်းပြည်စစ်ရှုံးတာကို မျှော်လင့်နေတာလား"
"အသိုက်အမြုံပျက်သွားရင် ဥတွေက ဘယ်လိုလုပ်ပြီး ကောင်းကောင်းနေနိုင်တော့မှာလဲ။ ဒီလောက် ရိုးရှင်းတဲ့သဘောတရားကို မူဖေး နားမလည်ဘူးလား"
စတုတ္ထမင်းသားသည် ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ပြီး လူချစ်လူခင်များသော်ငြားလည်း မိခင်ဖြစ်သူအပေါ် ယခုလောက် တည်ကြည်လေးနက်စွာ ပြောဆိုသည်မှာ ပထမဦးဆုံး အကြိမ်ပင်။
ချင်ဖေးသည် ကြက်ဥကို အစိမ်းလိုက်မြိုချမိသလို ပါးစပ်ဟထားပြီး ဘာမှပြန်မပြောနိုင်တော့ချေ။
စတုတ္ထမင်းသားက အေးစက်စွာဖြင့် ဆက်ပြောလိုက်လေသည်။ "ကျွန်တော် ခရီးထွက်သွားပြီးရင် မူဖေး နန်းတော်ထဲမှာ ငြိမ်ငြိမ်လေးနေပါ။ အားရင် မယ်တော်ကြီးကျောက်ကို သွားပြီးတော့ အဖော်ပြုပေးပါ။ ယွီပြောင်ကျဲရဲ့ ကျန်းမာရေးကိုလဲ ဂရုစိုက်ပေးပါ။ တခြားကိစ္စတွေအတွက် ပါးစပ်ပိတ်ထားပါ"
ပြောပြီးသည်နှင့် ထွက်ခွာသွားလေတော့သည်။
ချင်ဖေးသည် လိုက်လို့မမှီတော့ဘဲ ထိုင်ခုံပေါ်တွင် ပြန်ထိုင်ကာ မျက်နှာအုပ်ပြး ငိုကြွေးလိုက်လေတော့သည်။
စတုတ္တမင်းသားသည် မြင်းစီးပြီး အိမ်သို့ အမြန်ပြန်လာ၏။
နွေဦးရာသီ၏ ညလေပြေသည် နွေးထွေးနေပြီး စတုတ္ထမင်းသား၏ မျက်နှာကို လာရောက်တိုးဝှေ့နေလေ၏။ ရင်ထဲက သွေးများကလဲ ဆူပွက်လို့နေလေသည်။
သူ နောင်တရမလားဆိုတာတော့ မသိသေးဘူး။ လောလောဆယ်တော့ နောင်တမရဘူး။
သူလဲ အိမ်ရှေ့စံဖြစ်ချင်တာပေါ့။ မင်းသားတိုင်း အိမ်ရှေ့စံဖြစ်ချင်ကြတာပဲ။ ဒါက ရှက်စရာကိစ္စ မဟုတ်ဘူး။ ဝန်ခံရမှာလည်း မကြောက်ပါဘူး။ ဒါပေမဲ့ သူက သာ့ကောလို စိတ်ကြီးဝင်နေတဲ့သူ မဟုတ်ဘူး။ ပြီးတော့ ထီးနန်းအာဏာထက် ညီအစ်ကိုသံယောဇဥ်က ပိုအရေးကြီးတယ်။
သံယောဇဥ်က နည်းပါးပေမဲ့လည်း သွေးထဲမှာ စီးဆင်းနေတာပဲလေ။
မြင်းခွာသံများသည် ညအမှောင်ထုကို ဖြိုခွင်းပြီး စတုတ္ထမင်းသား အိမ်တော်သို့ ရောက်ရှိလာခဲ့လေသည်။ တံခါးဝတွင် ရင်းနှီးသော ပုံရိပ်လေးတစ်ခုက ရပ်နေလေ၏။ အရပ်အမောင်း သိပ်မရှည်သော်ငြား ချစ်စရာကောင်းသော မိန်းကလေးတစ်ယောက်ပင်။
ကျောက်ယွီက သူ့ကို စောင့်နေတာပဲ။
စတုတ္ထမင်းသား၏ ရင်ထဲတွင် နွေးထွေးသွားပြီး မြင်းပေါ်မှဆင်းကာ အနားသို့ လျှောက်သွားလိုက်ပြီးနောက် လက်ကို ဆုပ်ကိုင်လိုက်လေသည်။ "ဒီလောက်မိုးချုပ်နေပြီ ဘာလို့မအိပ်သေးတာလဲ"
ကျောက်ယွီသည် ဖြစ်ခဲ့သည့် အကြောင်းအရင်းများကို မသိသေးသဖြင့် ပြုံးရွှင်စွာ ပြန်ဖြေလိုက်လေ၏။ "နေ့ခင်းက အိပ်တာများသွားလို့ အိပ်မပျော်ဘူးလေ။ ရှင် ပြန်မလာသေးလို့ တံခါးဝမှာ ထွက်စောင့်နေတာ"
စတုတ္ထမင်းသားသည် ဇနီးသည်၏ ပါးပြင်ကို နမ်းရှုံ့လိုက်လေသည်။ "မိန်းမက ကိုယ့်အပေါ် တကယ်ကောင်းတာပဲ"
ကျောက်ယွီက ရှက်သွေးဖြာသွားကာ ပြုံးလိုက်ပြီး အိမ်ထဲသို့ ဝင်သွားကြလေသည်။
အိမ်ထဲသို့ ရောက်လာသောအခါ လင်မယားနှစ်ယောက် ပွေ့ဖက်ရင်း စကားပြောကြလေ၏။
ကျောက်ယွီသည် ကိုယ်ဝန်၅လကျော် ရှိနေပြီဖြစ်ကာ ဗိုက်ကလဲ ထွက်လာပြီဖြစ်သည်။ အဝတ်အစား ပွပွဝတ်ထားသော်လည်း ဗိုက်ကို ဖုံးကွယ်လို့ မရတော့ချေ။
စတုတ္ထမင်းသာသည် သူမ၏ ပုခုံးကို ဖက်ထားလိုက်ပြီး ဗိုက်ကိုပွတ်သပ်ကာ ပြောလိုက်လေသည်။ "ကျွန်တော် မင်းကို ပြောစရာရှိတယ်"
ကျောက်ယွီသည် ထူးခြားမှုကို သတိထားမိလိုက်ပြီး မော့ကြည့်ကာ မေးလိုက်၏။ "တစ်ခုခုဖြစ်လို့လား။ ပုံမှန်ဆိုရင် ရှင်က ရွှတ်နောက်နောက် နေတတ်တာ။ ဒီနေ့ ဘာဖြစ်လို့ ဒီလောက်တည်ကြည်နေရတာလဲ"
စတုတ္ထမင်းသား "..."
...