ကျင့်ယယ်ကျန်းရန်
Vol. 3 Ch. 234
ဗျပ်စောင်းကို မြင်သည်နှင့် လေလံ ပွဲတက်ရောက်လာသည့် ဧည့်သည်တော်များမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြလေသည်။
“ဒီဗျပ်စောင်းက သူတော်စင် တေးသွား ဗျပ်စောင်းလား”
ဝူချင်ကျီက မေးလိုက်လေသည်။
ထိုက်စန့် နတ်ဘုရားဂိုဏ်းမှ ဆရာသခင် တစ်ပါးအနေဖြင့် ထိုရတနာ ပစ္စည်းမှာ ရှားပါး ပစ္စည်းတစ်ခု ဖြစ်ကြောင်း ချက်ချင်းပင် သိရှိလိုက်သည်။
ဝူချင်ကျီသာ မဟုတ် အားလုံးကလည်း သိချင်နေကြပြီ ဖြစ်လေသည်။
သူတော်စင် တေးသွား ဗျပ်စောင်းကို "သူတော်စင် ဗျပ်စောင်း" ဟူ၍လည်း ခေါ်ကြပြီး ထိုဗျပ်စောင်းကို ပြုလုပ်သူမှာ အလွန်နာမည် ကျော်ကြားသော ရှေးခေတ် ဘုရင်တစ်ပါး ဖြစ်သည့် “ဖူရှီ” မင်းကြီးပင် ဖြစ်လေသည်။ ဖူရှီမင်းကြီးမှာ နတ်မိစ္ဆာများ၏ သူတော်စင်တစ်ပါးဖြစ်ပြီး နောက်ပိုင်းတွင် နာမည် ကျော်ကြားသည့် ဘုရင်တစ်ပါး ဖြစ်လာခဲ့လေသည်။
ယခု လေလံပွဲတွင် ပြသထားသည့် ဗျပ်စောင်းမှာ သူတော်စင် ဖူရှီချန် ရစ်ခဲ့သည့် ဗျပ်စောင်းသာမှန်လျှင် တန်ဖိုး မဖြတ်နိုင် လောက်အောင်ပင် အဖိုး အနဂ္ဃထိုက်တန်မည် ဖြစ်လေသည်။
ရွှမ်ထုံနတ်မိစ္ဆာ ဘုရင်မက ရယ်မောလိုက်ရင်း…
“မဟုတ်ရပါဘူးရှင်…”
သူမ၏ စကားကြောင့် အားလုံးမှာ စိတ်ပျက် သွားကြသည့်တိုင် စိတ်သက်သာရာလည်း ရသွားကြလေသည်။ ရွှမ်ထုန် နတ်မိစ္ဆာ ဘုရင်မကဲ့သို့သော လူမျိုးက အလွန် အဖိုးတန်သည့် သူတော်စင် တေးသွား ဗျပ်စောင်းကို လေလံတင်မည် ဆိုလျှင် ရူးမိုက်လို့သာ လေလံတင်ခြင်း ဖြစ်ပေလိမ့်မည်။
ဆန်းလျန်က ဗျပ်စောင်းကို စူးစိုက် ကြည့်နေလေသည်။ ထိုဗျပ်စောင်းမှာ သူတော်စင် တေးသွား ဗျပ်စောင်းအစစ် မဟုတ်သည့်တိုင် ကောင်းမြတ်သည့် မူလ အရင်းခံ ဇာတ်ကြောင်း ရှိသည့် ဗျပ်စောင်း တစ်လက် ဖြစ်လေသည်။
ရွှမ်ထုံ နတ်မိစ္ဆာဘုရင်မက သူမ၏ တန်ခိုးစွမ်းအား အသုံးပြုကာ စောင်းကြိုးကို တီးခတ်လိုက်စဉ်က ဗျပ်စောင်းသံစဉ်သည် ရေကို ထိုးခွင်းလိုက်သည်ကို ကြည့်ခြင်းအားဖြင့် ထိုဗျပ်စောင်းမှ ထွက်ပေါ်လာသည့် သံစဉ်သည် တန်ခိုးစွမ်းအား ပြင်းထန်လေသည်။ ရေကိုပင် ထိုးခွင်းနိုင်ပြီး မောလီကျူးများကို ယာယီ ဖျက်ဆီးပစ်နိုင်သည့် သဘောရှိကြောင်း ဆန်းလျန် သိလိုက်သည်။
ရွှမ်ထုန် နတ်မိစ္ဆာ ဘုရင်မက စကား ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ ဒီဗျပ်စောင်းက သူတော်စင် တေးသွား ဗျပ်စောင်းပုံစံ အတိုင်း ကျင့်ယယ် ကျန်းရန်က ပြုလုပ်ထားခဲ့တဲ့ ဗျပ်စောင်းပါ၊ သူတော်စင် တေးသွား ဗျပ်စောင်း အစစ်ကို ပြုလုပ်တဲ့ သစ်သားနဲ့ ပြုလုပ်ထားတာပါ၊ တကယ့် အစစ်လောက် ကောင်းချင်မှ ကောင်းပါလိမ့်မယ်၊ ဒါပေမဲ့ ဒီဗျပ်စောင်းကလည်း ဝိညာဉ် စွမ်းအားတွေနဲ့ ပြည့်ဝနေတဲ့ ပစ္စည်းပါ၊ သင်က ဂီတကို ဝါသနာပါသူ ဖြစ်လို့ ဒီဗျပ်စောင်းနဲ့ ဂီတ တီးခတ်တာကို လေ့ကျင့်မယ် ဆိုရင် နတ်ဘုရားတစ်ပါး အဆင့်တက်ရောက်တဲ့ အချိန်ကျရင် ဒီဗျပ်စောင်းက သင့်ရဲ့ မှော်ဝင် ဗျပ်စောင်း တစ်လက်အဖြစ် ပြောင်းလဲ သွားနိုင်ပါတယ်”
ကျင့်ယယ် ကျန်းရန်ဆိုသည့် အမည်ကို ကြားလိုက်ရသည်နှင့် ဆန်းလျန် ရင်ခုန် သွားရလေသည်။
ကျင်ယယ်ကျန်းရန် ဆိုသည်မှာ လွန်ခဲ့သည့် မျိုးဆက်မှ ဂီတသူတော်စင် တစ်ပါး ဖြစ်လေသည်။ သူက တိုင်းပြည်တစ်ခုမှ ဘုရင့်ထံ ခစားရသည့် တော်ဝင်ဂီတ ပညာရှင်တစ်ယောက် ဖြစ်လေသည်။ သူက တာအို ကျမ်းစာများကို ဖတ်ရင်း ကျင့်ကြံသူ တစ်ယောက် ဖြစ်လာခဲ့လေသည်။ တာအိုကျမ်းစာများကို ကိုယ်တိုင်လေ့လာပြီး နတ်ဘုရား တစ်ပါး ဖြစ်သည်အထိ အဆင့်တက်ရောက် နိုင်သည်မှာ အလွန်မှအရည်အချင်း ရှိသောကြောင့် ဖြစ်လေသည်။
သို့သော် ကျင့်ယယ်ကျန်းရန်၏ ဘဝတွင် ကျင့်စဉ်လမ်းထက် ဂီတပညာကသာ ပိုပြီး အရေးကြီး လေသည်။
သူ၏ ဂီတပညာ အပေါ်တွင် တစိုက်မတ်မတ် လေ့ကျင့်ခဲ့မှုကြောင့် အသက်နှစ်ဆယ်တွင် မျက်လုံးနှစ်ဖက် အမြင်အာရုံ ဆုံးရှုံးခဲ့ရလေသည်။ သို့သော် သူက လက်မလျှော့ခဲ့ပေ။ သူ၏နားကို မျက်လုံးကဲ့သို့ အသုံးပြုကာ ဂီတပညာကို ဆက်လက် လေ့လာခဲ့လေသည်။ နောက်ဆုံးတွင်တော့ နတ်ဘုရားတစ်ပါး ဖြစ်သွားခဲ့လေသည်။
ဆန်းလျန်က ကျင့်ယယ်ကျန်းရန် အကြောင်းကို ကောင်းကောင်း သိလေသည်။ အဘယ်ကြောင့်ဆိုသော် ကျင့်ယယ်ကျန်းရန်သည် ချင်းရွှမ်သို့ လာရောက် လည်ပတ်လေ့ ရှိသူတစ်ယောက် ဖြစ်သောကြောင့်ပင်။ ယခင်မျိုးဆက် ဆရာသခင်ကလည်း သူ့ကို အလွန်ခင်မင်ပြီး ထိုက်ဝေ့ ထိုင်ခန်းမဆောင်တွင် အမြဲတမ်း သူတီးခတ်သည့် ဗျပ်စောင်း သံစဉ်ကို နားထောင်လေ့ ရှိလေသည်။ ထိုအကြောင်းများကို ချင်းရွှမ် နတ်တံခါးရှိ မှတ်တမ်းများတွင် ရေးသားထားလေသည်။
“တစ်ကြိမ် တီးခတ်လိုက်သည်နှင့် ကြိုးကြာနီကြီး နှစ်ကောင် ထွက်ပေါ်လာသည်။ နှစ်ကြိမ် တီးခတ်လိုက်သည်နှင့် ကြိုးကြာနီကြီး များက ဘေးချင်းယှဉ်ကာ ရပ်တန့်လိုက်သည်။ သုံးကြိမ် တီးခတ်လိုက်သည်နှင့် ကြိုးကြာနီကြီးများမှာ သံစဉ်ဆိုညည်းရင်း အတောင်များကို ဖြန့်ကာ ကခုန်ကြသည်။ ထို့နောက် သူက “ချင်းကျောင်” သံစဉ်ကို တီးခတ်သည့် အခါတွင်တော့ အနောက်ဆီမှ နတ်ဘုရား တိမ်တိုက်များ ပျံ့လွင့် လာကြလေသည်။ ထိုတိမ်တိုက်များနှင့် အတူ လေနှင့်မိုးကိုပါ ခေါ်ဆောင်လာပြီး လေနှင့်မိုးက ခန်းမဆောင်၏ လိုက်ကာများကို ထိုးခွဲ ပစ်လိုက်သည်။ အသက်ရှူ ရပ်မတတ်ပင် အံ့သြ ထိတ်လန့်စရာ ဂီတ တန်ခိုးစွမ်းအားပါပေ”
ဟု ချင်းရွှမ်နတ်တံခါးရှိ မှတ်တမ်းများထဲတွင် ရေးသား ထားလေသည်။
ဤသည်ကို ကြည့်ခြင်း အားဖြင့် ကျင့်ယယ် ကျန်းရန်မှာ ဂီတနှင့် တာအိုကျင့်စဉ်ကို ပေါင်းစပ်ပြီး ချင်းရွှမ် နတ်တံခါးမှ ဆရာသခင်များကိုပင် ညှို့ယူ ဖမ်းစား သွားနိုင်ခဲ့သူ တစ်ယောက် ဖြစ်လေသည်။
ထိုမျှ ဂီတမှော်ဝင်သော ကျင့်ယယ်ကျန်းရန်မှာ သူတော်စင် တေးသွား ဗျပ်စောင်းကို ပုံစံတူ ပြုလုပ်နိုင်ခြင်းမှာ မထူးဆန်းလှတော့ပါ။ ထို့ပြင် ကျင့်ယယ်ကျန်းရန်မှာ သူတော်စင်ဖူရှီ၏ မျိုးဆက်မှ ဆင်းသက်လာသူ တစ်ယောက် ဖြစ်လေသည်။ နှစ်ပေါင်းများစွာ ကြာမြင့်သွားသည့် အတွက်သာ ကျင့်ယယ်ကျန်းရန်နှင့် ဖူရှီမင်းကြီးကို မဆက်စပ် မိကြတော့ခြင်း ဖြစ်လေသည်။
သို့သော် ဆန်းလျန်ကတော့ ထိုအကြောင်းများ အားလုံးကို သိထားလေသည်။
အခြားသူများ ကျင့်ယယ် ကျန်းရန်အကြောင်း သိသည်ဆိုသည်မှာ အပေါ်ယံမျှသာ ဖြစ်လေသည်။
အားလုံးက ထိုဗျပ်စောင်းမှာ အလွန်ကောင်းမွန်သည့် ရတနာပစ္စည်း တစ်ခုဖြစ်ကြောင်း သိရှိကြလေသည်။ သို့သော် ဗျပ်စောင်းဖြင့် ဂီတသံစဉ် လေ့ကျင့်မည် ဆိုလျှင်ပင် တန်ခိုးစွမ်းအား များစွာကို အသုံးပြုရမည် ဖြစ်သလို ထိုဗျပ်စောင်းမှာ အစစ်မဟုတ်သည့် အတွက် တန်ခိုးစွမ်းအား မည်မျှ ကြီးမားကြောင်း အာမခံချက်မရှိပေ။
ကျင့်ယယ်ကျန်းရန်မှာ ကျော်ကြားသည့် နတ်ဘုရား တစ်ပါး ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ သို့သော် သူတို့ အတွက်တော့ နာမည် သိပ်မကြီးလှသည့် နတ်ဘုရား တစ်ပါးသာ ဖြစ်လေသည်။ ထို့ပြင် ကျင့်ယယ်ကျန်းရန်သည် အခြားသူများနှင့် တိုက်ခိုက်ခဲ့ဖူးခြင်း သိပ်မရှိပေ။ တိုက်ခိုက်သည့် အချိန်တွင်လည်း သူက ဗျပ်စောင်း သံစဉ်ဖြင့်သာ တိုက်ခိုက် ခဲ့လေသည်။
ကျင့်ယယ်ကျန်းရန်ကို လူသိများသည့် အချက်မှာ တာအိုကျင့်စဉ်နှင့် ဂီတ ပညာပေါင်းစပ်ခြင်း အတွက် မျက်စိ ကွယ်သွားရသည့် အချက်ပင် ဖြစ်လေသည်။
ယခုတော့ သူတော်စင် တေးသွား ဗျပ်စောင်း ပုံစံတူကို စိတ်ဝင်စားသူ အနည်းငယ်သာ ရှိတော့သည်။
ရွှမ်ထုံ နတ်မိစ္ဆာဘုရင်မက ဗျပ်စောင်းကို လေလံတင်ရန် အတွက် ကြမ်းခင်းဈေး သတ်မှတ်ပေးခြင်း မရှိပါ။ ဈေးပြိုင် ခေါ်ယူခြင်းကို တန်းပြီး ပြုလုပ်လေသည်။
ယိယွမ်ပြဒါးဆေး ငါးသောင်းဖြင့် ဝူချင်ကျီက စတင် ဈေးခေါ်လေသည်။
ဝူချင်ကျီ ဈေးခေါ်သည်ကို ကြားသည်နှင့် အစိမ်းရောင် မိန်းကလေးက လျှာတစ်ချက် ထုတ်လိုက်ရင်း…
“ဒီလူက တကယ် ချမ်းသာတာပဲ”
ဟု ပြောလိုက်လေသည်။
အစ်ကိုသုံးဆိုသူက …
“ဒီလူက ထိုက်စန့် နတ်ဘုရားဂိုဏ်းက ဆရာသခင် တစ်ပါးပဲ၊ ပြဒါးဆေး ငါးသောင်း လောက်က သူ့အတွက် ဘာအရေးလဲ”
အစိမ်းရောင်ဝတ် မိန်းကလေးမှာ အဓိက နတ်ဘုရား ကျောင်းတော်ကြီး လေးခုတွင် တစ်ခု အပါအဝင်ဖြစ်ပြီး ကျင့်ကြံသူ လောကတွင် ရှေ့တန်းမှ ဦးဆောင်နေသည့် ထိုက်စန့် နတ်ဘုရား ဂိုဏ်းအကြောင်းကို ကောင်းကောင်း သိပါသည်။ ထိုက်စန့် နတ်ဘုရားဂိုဏ်း၏ ကြွယ်ဝ ချမ်းသာမှုကို အပြင်လူများ မည်သို့ ခန့်မှန်းနိုင်မည်နည်။
“ဒီနေရာမှာ ဒီလိုလူမျိုးတွေနဲ့ ပြည့်နေတာ ကျွန်မတို့ လိုချင်တာကို ရမှရနိုင် ပါတော့မလားဟင် အစ်ကိုသုံး”
မိန်းကလေးက မေးလိုက်လေသည်။
အစ်ကိုသုံး ဆိုသည်က စိတ်မရှည်သလို တစ်ချက် ရေရွတ်လိုက်ရင်း…
“နောက်ပိုင်း လေလံတင်မယ့် ပစ္စည်းတွေက ပစ္စည်းချင်းလဲမှာလေ၊ တခြားတစ်ယောက်က ငါတို့လိုချင်တဲ့ ပစ္စည်းကို ဝယ်သွားမယ် ဆိုရင်လည်း ဆရာပြောတဲ့ အစီအစဉ်အတိုင်း ဆက်လုပ် ကြတာပေါ့၊ ငါတို့မချမ်းသာလဲ အဆင်ပြေနိုင်ပါတယ်ဟာ”
ချင်းဟွမ်အော်က ဝူချင်ကျီကို ဈေးပြိုင် ခေါ်လိုက်သည်။
“ခြောက်သောင်း”
ဝူချင်ကျီက နှာခေါင်း တစ်ချက် ရှုံ့လိုက်ရင်း…
“မင်းလို အရိုင်းအစိုင်းကောင်က ဘယ်လိုလုပ် ဂီတအကြောင်း နားလည်မှာလဲ၊ ကျုပ် တစ်သိန်း ဈေးခေါ်မယ်”
ဝူချင်ကျီမှာ ချင်းဟွမ်အော်က စ နောက် လိုက်သည်ကိုပင် သည်းမခံနိုင်ဘဲ လေးသောင်း တိုးပေး လိုက်လေသည်။
ချင်းဟွမ်အော်မှာ အမှန်ပင် အရိုင်းအစိုင်း တစ်ယောက် ဖြစ်လေသည်။ သူက ဝူချင်ကျီမှာ ထိုက်စန့် နတ်ဘုရားဂိုဏ်းမှ ဆရာသခင်မှန်းသိသည့်တိုင် ကြောက်လန့်ခြင်း မရှိပေ။
“ကျုပ်က အရိုင်းအစိုင်းဆိုရင် မင်းကတော့ ဂုဏ်သရေ ရှိချင်ယောင်ဆောင် နေတဲ့ ကြောင်သူတော် ကြွက်သူခိုးပဲ၊ မင်းအသဲကွဲအောင် လုပ်ပစ်လိုက်မယ်၊ မင်းနဲ့ ဒီဗျပ်စောင်းကို အဆုံးထိ ပြိုင်ပြီး မရ ရအောင် ယူမယ်မှတ်"
သူတို့နှစ်ယောက်၏ စကားသံများမှ ထွက်ပေါ်လာသည့် တန်ခိုး စွမ်းအားများကြောင့် တည်ငြိမ်နေသည့် ကြာပန်း ရေကန်မှာပင် လှိုင်းဂယက်များ ထလာရလေသည်။
အစိမ်းရောင် မိန်းကလေးမှာ ဝူချင်ကျီနှင့် ချင်းဟွမ်အော်တို့ စကားသံများမှ ထွက်ပေါ်လာသည့် တန်ခိုးစွမ်းအားများ၏ ဒဏ်ကို မခံနိုင်ဘဲ စိတ်များ ရှုပ်ထွေးသွားရလေသည်။
အစ်ကိုသုံးဆိုသူက အင်းစက္ကူလေးများကို ထုတ်ကာ သူ၏ ညီနှင့် ညီမကို ပေးလိုက်သည်။ ထိုအင်းစက္ကူလေးများမှ အလင်းတန်းလေး တစ်ခု ဖြာထွက်လာပြီး သူတို့ကို ကာကွယ် ပေးထား လိုက်လေသည်။
ဆန်းလျန်က တစ်ချက် လှမ်းကြည့်လိုက်ပြီး ထိုအင်းပညာမှာ ကျန့်ယီဂိုဏ်းမှ "ထျန်းရှစ်ဖူ အင်းပညာ" ဖြစ်ကြောင်း ချက်ချင်း သိလိုက်သည်။
ကျန့်ယီဂိုဏ်းမှာ ကျင့်ကြံသူ ဂိုဏ်းတစ်ဂိုဏ်းပင် ဖြစ်လေသည်။ အင်းနှင့် မန္တန်ပညာကို ဦးစားပေး လေ့ကျင့်ကြပြီး ဟိုင်သန်း အဆင့်ကိုလည်း အင်းနှင့် မန္တန်ပညာဖြင့်ပင် တက်ရောက် ကြလေသည်။ ကျန့်ယီ ဂိုဏ်းသားများမှာ အင်းနှင့် မန္တန်ပညာ အလွန်တော်ကြာပြီး အင်းစက္ကူ တစ်ရွက်၊ မန္တန် တစ်ပုဒ်ဖြင့် မိုးနှင့်လေကို တားဆီးနိုင်သလို ရန်သူ စစ်တပ်ကိုလည်း ပဲစေ့များအဖြစ် ပြောင်းပစ် နိုင်ကြလေသည်။
ထင်ရှားသည့် အင်းပညာ တစ်ခုမှာ “စာကိုးလုံး အမှန်တရား” အင်းပညာ ဖြစ်လေသည်။ ထိုအင်းပညာဖြင့် မည်သည့် တန်ခိုးစွမ်းအားကိုမဆို အနိုင်ယူနိုင်လေသည်။ ထိုအင်းပညာကို အသုံးပြုသူသည် ဟိုင်သန်း အဆင့်ကို ပုံပြောင်း အဆင့်ကိုးဆင့်ဖြင့် အောင်မြင်ထားသည့် ကျင့်ကြံသူနှင့် တန်ခိုးစွမ်းအား ညီမျှလေသည်။
သို့သော် ထိုအင်းပညာ ပျောက်ကွယ် နေသည်မှာ ကြာပြီ ဖြစ်လေသည်။
သို့သော် …
ကျန့်ယီဂိုဏ်း၏ ဂိုဏ်းချုပ်မှာ လောကနတ်ဘုရား တစ်ပါးဖြစ်သည့် အတွက်ကြောင့် ကျန့်ယီ နတ်ဘုရား ဂိုဏ်းကို အထင်သေး၍ မရပေ။
အစိမ်းရောင်ဝတ် မိန်းကလေးမှာ ဆန်းလျန် သူတို့ဘက်သို့ လှမ်းကြည့် လိုက်သည်ကို သတိပြုလိုက် မိလေသည်။ ဆန်းလျန်က သူမကို ကြည့်လိုက်သည် ထင်ပြီး မိန်းမပျိုမှာ ရှက်သွေးဖြာ သွားလေသည်။
“သူ နင့်ကို ကြည့်နေတာ မဟုတ်ဘူးဟဲ့”
အစ်ကို ငါးဆိုသူက သတိပေး လိုက်သည်။
“နင်နဲ့ဘာဆိုင်လဲ”
အစိမ်းရောင် မိန်းကလေး ရှက်ရမ်းရမ်း လေတော့သည်။
ဝူချင်ကျီနှင့် ချင်းဟွမ်အော် တို့နှစ်ယောက်ကြားမှ အငြင်းပွားမှုက ကြီးမားလာသည်။ ဝူချင်ကျီမှာ ချင်းဟွမ် အော်ကဲ့သို့သော အရိုင်းအစိုင်းမျိုးကို မတွေ့ဖူးပေ။ ထိုက်စန့် နတ်ဘုရားဂိုဏ်းမှ တာအိုဆရာ တစ်ပါးသည် တော်ဝင် နတ်မိစ္ဆာမျိုးနွယ်ကို အရေးလုပ်ကာ ဂရုစိုက်နေမည် မဟုတ်ပေ။
ထိုက်စန့်နတ်ဘုရားဂိုဏ်းမှာ ဆရာသခင် ထိုက်စန့်၏ ဆက်ခံသူများ ဖြစ်ကြလေသည်။ နတ်မိစ္ဆာ တစ်ကောင်ကို အဘယ်ကြောင့် အရေး လုပ်နေပါမည်နည်း။ တာအို ဆရာသခင် ထိုက်ယီပင်လျှင် ဆရာသခင် ထိုက်စန့်ကို အလေးအမြတ် ထားခဲ့လေသည်။
သူတို့နှစ်ယောက် ဈေးပြိုင်လာကြရာ ပြဒါးဆေး နှစ်သိန်းထိပင် ရောက်ရှိ လာပြီဖြစ်လေသည်။
ထိုအချိန် ရောက်မှပင် သူတို့ နှစ်ယောက်လုံး သတိဝင် လာကြလေသည်။ ယိယွမ် ပြဒါးဆေးမှာ သူတို့ နှစ်ယောက်လုံး အတွက် အရေးပါသည့် ပစ္စည်းမဟုတ်ပေ။ သို့သော် နှစ်သိန်းဆိုသည့် ပမာဏကတော့ နှမြောစရာ ကောင်းသည့် အနေအထား ဖြစ်လေသည်။ ထိုမျှများပြားသည့် ပမာဏရရှိရန် အတွက် သူတို့ပိုင်ဆိုင်သည့် အဖိုးတန် မှော်ဝင်ပစ္စည်း တစ်ခုခုနှင့် လဲလှယ်မှသာ ရနိုင်မည် ဖြစ်လေသည်။
သူတို့နှစ်ယောက် အနည်းငယ် တွန့်ဆုတ်သွားသည့် အချိန်တွင်….
“သုံးသိန်း…”
နူးညံ့သည့် အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။
ဆန်းလျန်၏ အသံပင် ဖြစ်လေသည်။
ဆန်းလျန်၏အသံမှာ တည်ငြိမ်နက်ရှိုင်းစွာ ထွက်ပေါ် လာလေသည်။ အသံလှိုင်းများသည် ကျယ်လောင်ခြင်း မရှိသည့်တိုင် ပတ်ဝန်းကျင် တစ်ခုလုံးသို့ ငြင်သာစွာဖြင့် ပျံ့လွင့် သွားလေသည်။ ဆန်းလျန်၏ အသံကို ကြားရသူတိုင်းသည် စိတ်ထဲတွင် အေးချမ်းသွားသလို ခံစားလိုက်ကြရသည်။
ဆန်းလျန်၏ အသံကို ကြားသည်နှင့် ဝူချင်ကျီက ဆက်လက် ဈေးမခေါ်တော့ပေ။ ဆန်းလျန်သည် စိတ်ဓာတ်ခိုင်မာသည့် ကျင့်ကြံသူ တစ်ယောက် ဖြစ်လေသည်။ ထို့ပြင် ချင်းဟွမ်အော် ဆိုသည့် အရိုင်းအစိုင်းကောင်နှင့် လားလားမျှ မဆိုင်စွာ ချောမောလှပပြီး ကျက်သရေ ရှိလွန်းလှလေသည်။
ချင်းဟွမ်အော်မှာလည်း ဆန်းလျန်၏ တန်ခိုးစွမ်းအားကို ကျိတ်ပြီး အံ့အားသင့် သွားလေသည်။ သူက ဆန်းလျန်ကို စိုက်ကြည့် လိုက်သည်။ ဆန်းလျန်၏ မျက်ဝန်းများသည် ကန်ရေပြင်အလား တည်ငြိမ် ကြည်လင် နေလေသည်။ သူ့အကြည့်ဖြင့် မည်မျှပင် ထိုးဖောက်ပါစေ လှိုင်းဂယက်တစ်ချက် ရိုက်ခတ် သွားခြင်း မရှိပေ။
ဆန်းလျန်၏ မျက်ဝန်းထဲတွင် မရှိမှုတရားနှင့် သန့်စင်ခြင်း တရားကို တွေ့မြင်ရလေသည်။ ဝိညာဉ် စွမ်းအား ကောင်းမွန်မှုကြောင့် ထိုမျက်ဝန်းများထံမှ အနွေးဓာတ် ငွေ့ငွေ့ကိုပါ ခံစား လိုက်ရလေသည်။
ချင်းဟွမ်အော်မှာ အစအနောက် သန်ကာ ရမ်းကားတတ်သူ ဖြစ်သော်လည်း ထိုသူနှင့်တော့ ရန်သူမဖြစ်လိုပေ။ ထို့ပြင် ဆန်းလျန် ဈေးခေါ်သည့် ပြဒါးဆေး သုံးသိန်းမှာလည်း အလွန်တန်ဖိုး မြင့်နေလေသည်။ ဆန်းလျန်က ကုချင် ဗျပ်စောင်းကို မရရအောင် ဝယ်ယူရန် စိတ်ဆုံးဖြတ် ထားပုံ ရလေသည်။
ထို့ကြောင့် နောက်ထပ် လေလံတင်မည့် ပစ္စည်းကိုသာ စူးစမ်းရန် ဆုံးဖြတ် လိုက်လေသည်။
ယခုတော့ လေလံပွဲမှ ကျင့်ကြံသူများ အားလုံးက ဆန်းလျန်ကို အာရုံစိုက်မိ သွားကြပြီ ဖြစ်လေသည်။ လူငယ်လေး တစ်ယောက်သည် ဘယ်လောက်ထိ ကြွယ်ဝ ချမ်းသာသည့် အတွက် ပြဒါးဆေး သုံးသိန်းဖိုးကို ဖြုန်းတီး နိုင်ရပါသနည်း။
အမှန်တော့ ဆန်းလျန်၏အမည်မှာ ကျင့်ကြံသူလောကတွင် အလွန်ကျော်ကြား လေသည်။ သို့သော် သူ့ကို မြင်တွေ့ဖူးသူတော့ သိပ်မရှိကြပေ။ ထို့ကြောင့် ဆန်းလျန် မည်သူ ဖြစ်သည်ကို သူတို့က သိရှိကြခြင်း မရှိပေ။
သူတော်စင် တေးသွား ဗျပ်စောင်း ပုံစံတူကို ဆန်းလျန် ရရှိသွားသည့် အတွက် ရွှမ်ထုန် နတ်မိစ္ဆာ ဘုရင်မက ကျေနပ်စွာဖြင့် ပြုံးလိုက်လေသည်။
“မိတ်ဆွေလေးက တကယ့်ကို ဆုံးဖြတ်ချက် ခိုင်မာတာပဲကိုး၊ တကယ်တော့ ဒီဗျပ်စောင်း ကလည်း မိတ်ဆွေလေးနဲ့သာ အသင့်တော်ဆုံးပါပဲ”
ရွှမ်ထုံ နတ်မိစ္ဆာဘုရင်က ပြောလိုက် လေတော့သည်။
***