← Chapters

လောကတခွင်လုံး တုန်လှုပ်သွားခြင်း

Vol. 25 Ch. 241

လောကတခွင်လုံး တုန်လှုပ်သွားခြင်း

Vol. 25 Ch. 241

ကြယ်လဂိုဏ်း...

မော့ရီသည် မြင့်မားသော လေထုထဲသို့ တက်လှမ်းပြီး သူ၏လက်ကိုဝှေ့ယမ်းကာ အော်ဟစ်လိုက်သည်။

"ငါတို့က မင်းတို့ရဲ့ဂိုဏ်းကို အခုသိမ်းပိုက်လိုက်ပြီ... မင်းမှာ ကန့်ကွက်စရာရှိလား..."

လီကျန်းချန် မည်သို့ ငြင်းဆန်ရဲမည်နည်း....

သူ ဘာပြောရဲမည်နည်း....

မော့ရီ၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော နက်နဲသိမ်မွေ့ပြီး ကျယ်ပြန့်သည့် ချီစွမ်းအင်များကို ကြည့်ရှုရင်း သူသည် တုန်ရီနေသောအသံဖြင့် တုံ့ပြန်လိုက်ရတော့သည်။

"အရှင်က ကျွန်တော်တို့ ကြယ်လဂိုဏ်းကို မျက်နှာသာပေးတာက...ကျွန်တော်တို့ဂိုဏ်းရဲ့ ကံကောင်းခြင်းပါပဲ..."

ဤမြင်ကွင်းကြောင့် မိုးကောင်းကင်ယံတွင် ရှိနေသော ကျုံးချင်သည် မျက်ခုံးပင့်မိသွားပေ၏။

သူက မော့ရီကို 'အသိပေးလိုက်ပါ'ဟု မှာကြားခဲ့သည်။

သို့သော် ဤ 'အသိပေးမှု' မှာမူ အလွန်ကြမ်းတမ်းလွန်းနေသည်။

သို့သော် ဤအရာများမှာ ကိစ္စအသေးအမွှားများသာ ဖြစ်ပေ၏။

ကျုံးချင်၏အကြည့်သည် နှင်းလွင်ပြင်၏ အဆုံးသတ်သို့ ရောက်ရှိသွားသည်။

ယခုအချိန်၌ အရာအားလုံး အဆင်သင့် ဖြစ်နေပြီဖြစ်ရာ နောက်ဆုံးလက်စသတ်ရန်သာ လိုတော့သည်။

ယခုချိန်၌ သူသည် သူ၏တပည့်လေး ရောက်လာပြီး အစစ်အမှန်နတ်ဆိုးအမွေအနှစ်အား ရယူမည့်အချိန်ကိုသာ စောင့်မျှော်ရပေမည်။

နှင်းလွင်ပြင်တွင်...

ကြယ်လဂိုဏ်းနှင့် မိုင်အနည်းငယ် အကွာ၌...

ကြီးမားသော နှင်းမုန်တိုင်းအောက်၌ မိုးပြာနဂါးမြင်းပေါ်တွင် ရှိနေသော ပိုင်လင်းသည် မျက်မှောင်ကြုတ်ထားကာ အဝေးသို့ လှမ်းမျှော်ကြည့်လိုက်သည်။

"ဒီလောက် ကြီးမားတဲ့ နှင်းမုန်တိုင်းနဲ့ဆိုရင် အဲ့ဒီနေရာကိုရောက်ဖို့ ဘယ်လောက်ထိ ကြာအုံးမှာလဲ..."

သူမ၏မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေပေ၏။

ဤခရီးစဉ်တွင် ကြီးမားသောဘေးအန္တရာယ်များ မရှိဘဲ အဆင်ပြေချောမွေ့ခဲ့ပြီး ထိတ်လန့်စရာ အသေးအမွှားကိစ္စများသာ ရှိခဲ့သော်လည်း...

သူမ ရှေ့ဆက်ရမည့် လမ်းခရီးသည်လည်း ဤမျှထိ ချောမွေ့မည်ဟု မဆိုလိုချေ။ မျိုးနွယ်စုခြောက်စုသည် သူမကို လွှတ်ပေးမည် မဟုတ်ကြောင်း သူမ ကောင်းစွာသိရှိထားသည်။

သူမ ရှေ့သို့ခရီးဆက်လေလေ မျိုးနွယ်စုခြောက်စု၏လိုက်လံဖမ်းဆီးမှုများ ပို၍ပြင်းထန်လာလေလေသာ ဖြစ်ပေမည်။

"အစစ်အမှန်နတ်ဆိုးအမွေအနှစ်သာ ငါ့ဆီကို သူ့အလိုလို ရောက်လာရင် ဘယ်လောက်ကောင်းလိုက်မလဲ..."

သူမက တီးတိုးရေရွတ်လိုက်မိသည်။

သို့သော် ထိုအတွေး ထွက်ပေါ်လာသည်နှင့် သူမသည် ခါးသည်းစွာ ပြုံးလိုက်ပြီး သူမ၏ခေါင်းကို ခါယမ်းလိုက်မိသည်။

ဤသည်မှာ သူမသည် နေ့လယ်ကြောင်တောင် အိပ်မက်မက်နေမိခြင်းပင်။

သူမသည် ထိုကဲ့သို့ အိပ်မက်မျိုးကိုပင် မက်ရဲနေလေပြီ။

"ဟူး..."

မိုးပြာနဂါးမြင်းပေါ်၌ ပိုင်လင်းသည် လေပူများကို မှုတ်ထုတ်လိုက်၏။

ထို့နောက် သူမက မိုးပြာနဂါးမြင်းကို အရှိန်မြှင့်ရန် တိုက်တွန်းလိုက်သည်။

သို့သော် သူမ အချိန်တခဏကြာမျှ စီးနင်းလိုက်ရုံသာ ရှိသေးချိန်မှာပင်....

သူမ၏မျက်လုံးထဲတွင် ဧရာမတောင်ကြီးတစ်လုံးကဲ့သို့ အဆောက်အအုံတစ်ခု ထွက်ပေါ်လာခဲ့သည်။

ဤသည်မှာ အနက်ရောင် နတ်ဆိုးမြို့တော်ကြီး တစ်ခုပင်။

ဤနတ်ဆိုးမြို့တော်သည် အလွန်မြင့်မားကာ အလွန်အမင်း ယိုယွင်းပျက်စီးနေပေ၏။

သို့သော် ထိုမြို့တော်ကြီး၏တံခါးအထက်ရှိ စာလုံးများသည် သူမ၏မျက်လုံးများကို ပြူးကျယ်သွားစေခဲ့သည်။

ဤသည်မှာ..

နတ်ဆိုးမြို့တော်၏ဝင်ပေါက်တွင် ရှေးကျပြီး အရှိန်အဝါပြင်းထန်သော စာလုံးကြီးတချို့ကို ရေးသားထားသည်။

'အစစ်အမှန်နတ်ဆိုး အမွေအနှစ်မြေ'

ဤတိုက်ရိုက်ကျသော အရိပ်အမြွက်သည် ပိုင်လင်းကို မျက်လုံးပြူးသွားစေပေ၏။

သူမ လုံးလုံးလျားလျား ကြောင်အမ်းသွားခဲ့သည်။

အကယ်၍ အစစ်အမှန်နတ်ဆိုးအမွေအနှစ်သာ သူမထံသို့ ရောက်လာလျှင် ကောင်းမည်ဟု သူမ အစောပိုင်းက ရေရွတ်ခဲ့မိသည်။

ယခု၌မူ ထိုအရာကြီးက သူမ၏မျက်စိရှေ့တွင် အမှန်တကယ် ထွက်ပေါ်လာခဲ့လေပြီ။

သူမသည် လုံးလုံးလျားလျား ဆွံ့အသွားပေကာ အိပ်မက်တစ်ခုထဲတွင် နေထိုင်နေရသကဲ့သို့ ခံစားလိုက်ရသည်။

သူမ ရောက်ရှိနေသော လောကကြီးသည် လုံးလုံးလျားလျား အစစ်အမှန်မဟုတ်တော့သည့်အလားပင်။

အေးစက်သော လေပြင်းများ တိုက်ခတ်လာပြီး သူမကို ချမ်းစိမ့်သွားစေမှသာ သူမ အိပ်မက်မက်နေခြင်း မဟုတ်ကြောင်း နားလည်သဘောပေါက်လိုက်သည်။

တစ်ချိန်တည်းမှာပင် ဤနတ်ဆိုးမြို့တော် အတွင်းမှ ဆွဲဆောင်မှုတစ်ခုကိုလည်း သူမ ခံစားမိပေ၏။

ဤသည်မှာ ဆင့်ခေါ်မှုတစ်ခုပင်။

ထိုမြို့ထဲတွင် သူမကို ဆွဲဆောင်နေသော အရာတစ်ခု ရှိနေကြောင်း သိသာထင်ရှားသည်။

သူမ၏ခန္ဓာကိုယ်ထဲရှိ သွေးမျိုးဆက်ပင်လျှင် ဆူပွက်လာခဲ့သည်။

သူမ၏ခန္ဓာကိုယ်ရှိ ဆဲလ်အားလုံးသည် ပျော်ရွှင်စွာဖြင့် အားပေးကြွေးကြော်နေသည့်အလားပင်။

ဤသည်မှာ သွေးမျိုးဆက် ပဲ့တင်ထပ်ခြင်းဖြစ်ပြီး ထိုခံစားချက်သည် သူမအတွက် အလွန်စစ်မှန်နေသည်။

"ဒါဆို... အစစ်အမှန်နတ်ဆိုး အမွေအနှစ်က ငါ့ရှေ့ကို တကယ်ကြီး ရောက်လာတာပေါ့..."

အချိန်တခဏအတွင်းတွင် ပိုင်လင်း၏ရင်ဘတ်သည် နိမ့်ချည်မြင့်ချည် ဖြစ်သွားပြီး ဤလောကကြီးသည် အိပ်မက်ဆန်သော အရောင်များဖြင့် ပြည့်နှက်နေသည်ဟု ခံစားလိုက်ရသည်။ သူမ၏မျက်လုံးအတွင်း၌ မျက်ရည်များ အလိုအလျောက် ဝဲတက်လာခဲ့ပေ၏။

သို့သော် သူမ၏စိတ်နှလုံးသားထဲတွင် ထိတ်လန့်တုန်လှုပ်နေသော်လည်း...

ဤနတ်ဆိုးမြို့တော်ကြီး မည်သည်ကြောင့် ဤနေရာ၌ ထွက်ပေါ်လာသည်ကို သူမ မသိသည့်အပြင် နက်နက်နဲနဲ တွေးတောရန်လည်း အချိန်မရှိပေ။

သူမသည် နတ်ဆိုးမြို့တော်အတွင်းသို့ ချက်ချင်းဝင်ရောက်လိုက်သည်။

နက်ရှိုင်းသော အမုန်းတရားသည် ဧရာမတောင်ကြီးတစ်လုံးကဲ့သို့ သူမ၏စိတ်နှလုံးသားကို ဖိစီးထားပြီး အသက်ရှူရန်ပင် ခက်ခဲစေခဲ့သည်။

သူမသည် အချိန်တိုင်း လက်စားချေရန်သာ တွေးတောနေခဲ့ပေ၏။

ယခုချိန်၌ အခွင့်အရေးကြီးသည် သူမ၏ရှေ့တွင် ရောက်ရှိနေပြီဖြစ်ရာ လက်ရှိအခြေအနေသည် မည်မျှထိ မယုံကြည်နိုင်ဖွယ် ကောင်းနေပါစေ... သူမသည် ဤအခွင့်အရေးကို ဆုပ်ကိုင်ထားရပေမည်။

ဤသို့ တွေးတောရင်း ပိုင်လင်းသည် စာခြောက်ရုပ်နှင့် မျက်လုံးအပြူးသားဖြင့် မယုံကြည်နိုင် ဖြစ်နေကြသော မြေကမ္ဘာနွားနတ်ဆိုး မိုးပြာနဂါးမြင်းတို့ကိုခေါ်ဆောင်ကာ နတ်ဆိုးမြို့တော်ထဲသို့ ဝင်ရောက်သွားတော့သည်။

တစ်ချိန်တည်းမှာပင်...

နတ်ဆိုးမြို့တော် ထွက်ပေါ်လာသည့် သတင်းသည်...

နှစ်ရက်မပြည့်မီမှာပင် တောမီးပမာ လောကကြီး၏အနှံ့အပြားသို့ ပျံ့နှံ့သွားခဲ့လေသည်။

မြောက်ပိုင်းဒေသတစ်ခုလုံး ထိတ်လန့်တုန်လှုပ်သွားပေ၏။

"မင်း ငါ့ကို နောက်နေတာလား..."

"နတ်ဆိုးသင်္ချိုင်းမြေထဲက အစစ်အမှန်နတ်ဆိုး အမွေအနှစ်က နှင်းလွင်ပြင်မှာ ပေါ်လာတယ်.... ဟုတ်လား..."

"သေဆုံးသွားတဲ့ အစစ်အမှန်နတ်ဆိုး ပြန်ရှင်လာတယ်လို့ ပြောလိုက်တာကမှ ပိုပြီးယုံချင်စရာ ကောင်းအုံးမယ်..."

အမှန်အားဖြင့် ထိုသတင်းပျံ့နှံ့မှုနှင့်အတူ သံသယများစွာလည်း ထွက်ပေါ်လာခဲ့သည်။

သို့သော် သံသယများကို ဘေးဖယ်ထားလိုက်လျှင်...

မငြင်းသာသော အချက်မှာ ဤသတင်းသည် လှိုင်းလေထန်နေသော သမုဒ္ဒရာထဲသို့ ဧရာမဗုံးတစ်လုံး ပစ်ချလိုက်သည့်အလားပင်။

မြောက်ပိုင်းဒေသတစ်ခုလုံးရှိလူများ ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။

မရေမတွက်နိုင်သော ဂိုဏ်းကြီးများသည် ကြီးမားသော အာဏာနှင့် ကြောက်မက်ဖွယ် နည်းလမ်းများကို ပိုင်ဆိုင်ထားကြသည်။

ထို့ကြောင့် သူတို့ထံ၌ အမှန်တရားကို ပိုင်းခြားသိမြင်နိုင်သော နည်းလမ်းများ ရှိကြပေ၏။

အစစ်အမှန်နတ်ဆိုး အမွေအနှစ်သည် နှင်းလွင်ပြင်နှင့်နှင်းတောင်တန်းတစ်သိန်း ဆုံမှတ်တွင် ထွက်ပေါ်လာကြောင်း အတည်ပြုပြီးနောက် သူတို့အားလုံး ရူးသွပ်သွားကြပြီး တည်ငြိမ်မှုများ လုံးလုံးလျားလျား ဆုံးရှုံးသွားတော့သည်။

အစစ်အမှန်နတ်ဆိုးဆိုသည်မှာ မည်ကဲ့သို့ တည်ရှိမှုမျိုး ဖြစ်သနည်း....

ဤသည်မှာ ဒဏ္ဍာရီလာသက်ရှိ ဒဏ္ဍာရီလာတည်ရှိမှုကြီးတစ်ခုပင်။

အစစ်အမှန်နတ်ဆိုး အမွေအနှစ်ကို ရယူနိုင်သမျှ ကာလပတ်လုံး...

သူတို့သည် သေချာပေါက် မြင့်မားသောနေရာသို့ ပျံသန်းနိုင်ပေလိမ့်မည်။

ထို့ပြင် သူတို့သည် ကုန်းမြေတစ်ခုလုံးကို ထိတ်လန့်တုန်လှုပ်စေမည့် တည်ရှိမှုတစ်ခု ဖြစ်လာပေမည်။

ယခင်က နတ်ဆိုးသင်္ချိုင်းမြေတွင် အစစ်အမှန်နတ်ဆိုး အမွေအနှစ် ရှိနေခြင်းသည် မြောက်ပိုင်းဒေသ၌ လျှို့ဝှက်ချက် မဟုတ်ခဲ့ပေ။

သို့သော် နတ်ဆိုးသင်္ချိုင်းမြေသည် ကြောက်မက်ဖွယ် နတ်ဆိုးစွမ်းအင်များ ပုန်းအောင်းနေသော အန္တရာယ်များဖြင့် ပြည့်နှက်နေပေ၏။

ဤသည်မှာ လူသူကင်းမဲ့သော တားမြစ်နေရာတစ်ခုပင်။

အခွင့်အရေးရှာဖွေရန်အတွက် ထိုနေရာသို့ ဝင်ရောက်ကာ ကြိုးစားခဲ့ကြသော အစွမ်းထက်သည့် ကျင့်ကြံသူများလည်း ရှိခဲ့ဖူးသည်။

အကြွင်းမဲ့စွမ်းအားဖြင့် ဤအစစ်အမှန်နတ်ဆိုး အမွေအနှစ်ကို ရယူရန်အတွက် သူတို့အားလုံး ကြိုးစားခဲ့ကြသည်။

သို့သော် နောက်ဆုံးရလဒ်ကမူ ကျရှုံးမှုဖြင့်သာ အဆုံးသတ်ခဲ့ရပေ၏။

ယန်သုံးပါးနယ်ပယ် ထိပ်သီးကျင့်ကြံသူ အနည်းငယ်ပင်လျှင် ထိုနယ်မြေအတွင်း၌ သေဆုံးခဲ့ရသည်။

တားမြစ်နယ်မြေဆိုသည်မှာ စကားသက်သက် ပြောရုံ မဟုတ်ချေ။

ဤသည်က မရေမတွက်နိုင်သော သက်ရှိများ၏ အသက်များဖြင့် တည်ဆောက်ထားသော ဂုဏ်သတင်းတစ်ခု ဖြစ်ပေ၏။

နောက်ပိုင်းတွင် ဤအစစ်အမှန်နတ်ဆိုး အမွေအနှစ်ကို မက်မောရဲသူ သိပ်မရှိကြတော့ပေ။

အစစ်အမှန်နတ်ဆိုး အမွေအနှစ်ကို နတ်ဆိုးမျိုးနွယ်ဝင်များကသာ လက်ခံရရှိနိုင်ပြီး တခြားသူများ ပိုင်ဆိုင်ခွင့်မရှိဟူသော ကောလာဟလများပင် ထွက်ပေါ်လာခဲ့သည်။

လူအများစုက ထိုအချက်ကို နက်ရှိုင်းစွာ ယုံကြည်ခဲ့ကြသည်။

သို့သော် အသေးစိတ် အချက်အလက်များကို မှန်တစ်ချပ်ကဲ့သို့ ရှင်းလင်းစွာ သိရှိသူများ အမြောကိရှိနေဆဲပင်။

ယခုတွင်မူ...

အစစ်အမှန်နတ်ဆိုး အမွေအနှစ်သည် နတ်ဆိုးသင်္ချိုင်းမြေမှ ထွက်ခွာလာခဲ့လေပြီ။

ဤသည်မှာ လောကကြီးရှိ လူအများထံသို့ အချက်ပြလိုက်ခြင်းပင်။

ဆိုလိုသည်မှာ အစစ်အမှန်နတ်ဆိုးအမွေအနှစ်ထံတွင် အသိဉာဏ် ရှိကောင်းရှိနေနိုင်ခြင်းပင်။

ထိုအရာသည် နတ်ဆိုးသင်္ချိုင်းမြေတွင် အချိန်အကြာကြီး စောင့်ဆိုင်းခဲ့ရသဖြင့် ဆက်လက်၍ မစောင့်ဆိုင်းနိုင်တော့ပုံ ရသည်။

ယခုတစ်ကြိမ် ထွက်ပေါ်လာခြင်းသည် အမွေအနှစ်၏အရှင်သခင်ကို ကိုယ်တိုင် ရွေးချယ်ရန်သာ ဖြစ်ပေလိမ့်မည်။

အချိန်တခဏအတွင်းတွင် လောကကြီးတခွင်လုံး ထိတ်လန့်တုန်လှုပ်သွားပေ၏။

မရေမတွက်နိုင်သော တံခါးပိတ် ကျင့်ကြံနေသည့် ဘိုးဘေးအိုကြီးများနှင့် မွန်းစတားအိုကြီးများသည် သူတို့ ကျင့်ကြံနေသော နေရာများမှ ထွက်ခွာလာကြသည်။

ဂိုဏ်းကြီးအသီးသီးမှ ထိပ်သီးကျင့်ကြံသူများအားလုံး ထွက်ပေါ်လာကြ၏။

မြောက်ပိုင်းဒေသ၏အထက်တွင် ကြောက်မက်ဖွယ်ရာပုံရိပ်များသည် ရံဖန်ရံခါ ထွက်ပေါ်လာပြီး သူတို့၏ပစ်မှတ်မှာ နတ်ဆိုးမြို့တော်ပင်။

အစစ်အမှန်နတ်ဆိုး အမွေအနှစ် ထွက်ပေါ်လာခြင်းကြောင့် မြောက်ပိုင်းဒေသတစ်ခုလုံး ဆူညံပွက်လောရိုက်နေသည်ဟု ပြောဆိုနိုင်သည်။

မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူ...

မျိုးနွယ်စုခြောက်စုမှ ခေါင်းဆောင်များ စုဝေးနေကြသည်။

လက်ရှိအချိန်တွင် အစစ်အမှန်နတ်ဆိုး အမွေအနှစ်နှင့် ပတ်သက်သော သတင်းများသည် နေရာအနှံ့အပြား၌ အလွန်အမင်း ပျံ့နှံ့နေသည်။

သူတို့သည်လည်း ထိုကိစ္စနှင့် ဆက်စပ်နေသော ကောလာဟလများကို ကြားသိထားကြသည်။

အမှန်အားဖြင့် မျိုးနွယ်စုခြောက်စုမှ ခေါင်းဆောင်များသည် ဤကိစ္စကို မယုံကြည်နိုင် ဖြစ်နေကြဆဲပင်။

အစစ်အမှန်နတ်ဆိုး အမွေအနှစ်သည် မည်သည်ကြောင့် ရုတ်တရက်ကြီး ထွက်ပေါ်လာခဲ့သနည်း။

ဤအရာသည် သူတို့၏အစီအစဉ်များကို ဖျက်ဆီးလိုက်ပြီး သူတို့၏စိတ်နှလုံးသား နက်ရှိုင်းသောနေရာမှ ကြောက်ရွံ့မှုများကိုလည်း နှိုးဆွလိုက်သည်။

မူလက သူတို့သည် ပိုင်လင်းကို မသုတ်သင်နိုင်သေးသော်လည်း ထိတ်လန့်တုန်လှုပ်ခြင်း မရှိခဲ့ကြချေ။ ပိုင်လင်းသည် အစစ်အမှန်နတ်ဆိုးနယ်မြေနှင့် အလွန်ဝေးကွာနေသေးသဖြင့် သူတို့အတွက် အခွင့်အရေးများစွာ ကျန်ရှိနေပေ၏။

ပိုင်လင်းသည် အစစ်အမှန်နတ်ဆိုးနယ်မြေသို့ ရောက်ရှိနေလျှင်ပင် တလိမ့်လိမ့်ထနေသော နတ်ဆိုးစွမ်းအင်များကို သူမ ခံနိုင်ရည်ရှိမရှိ မသိနိုင်သေးချေ။

သို့သော် ယခု၌မူ အခြေအနေများသည် အလွန်အမင်း ပြောင်းလဲသွားခဲ့လေပြီ။

ထိုကြောင့် သူတို့၏စိတ်နှလုံးသားထဲမှ မသက်မသာဖြစ်မှုများ အကြီးအကျယ် တိုးပွားလာခဲ့၏။

အကယ်၍ ပိုင်လင်းသာ အစစ်အမှန်နတ်ဆိုး အမွေအနှစ်ကို ရရှိသွားပါက သူမကို လိုက်လံဖမ်းဆီးရန် ခက်ခဲမှုသည် အဆများစွာ မြင့်တက်သွားပေလိမ့်မည်။

မုဆိုးနှင့်သားကောင် ကြားမှ ဆက်ဆံရေးသည်ပင် ဤအချက်မှ စတင်၍ ပြောင်းလဲသွားနိုင်သည်။

ဤအခြေအနေကို တွေးမိချိန်၌ နတ်ဆိုးမျိုးနွယ်စုခြောက်စုမှ ခေါင်းဆောင်များသည် မည်သို့ တည်ငြိမ်စွာ နေနိုင်မည်နည်း။

All Chapters