ကြီးကျယ်ခမ်းနားသော မြင်ကွင်း
Vol. 25 Ch. 244
တစ်ချိန်တည်းမှာပင်...
ပိုင်လင်းသည် နတ်ဆိုးမြို့တော်ထဲသို့ ဝင်ရောက်သွားပြီးနောက် သူမ၏စိတ်နှလုံးသားတစ်ခုလုံး ရှင်းပြ၍ မရနိုင်လောက်အောင် ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။
မြို့တော်၏အပြင်ဘက်တွင် လေပြင်းများနှင့် နှင်းမုန်တိုင်းများ အဆုံးမရှိတိုက်ခတ်နေသည်။ သို့ရာတွင် မြို့တော်အတွင်း၌မူ နတ်ဆိုးစွမ်းအင်များ တလိမ့်လိမ့်ထနေသော ကြက်သွေးရောင် ကမ္ဘာတစ်ခု ဖြစ်နေပေ၏။ မြို့တော်၏ အတွင်းနှင့်အပြင်သည် မတူညီသော ကမ္ဘာနှစ်ခုအလားပင်။
ဤသည်မှာ သွေးရောင်လွှမ်းနေသော ကမ္ဘာတစ်ခု ဖြစ်ပြီး ကောင်းကင်ပြာနှင့်တိမ်ဖြူများ မရှိသည့်အပြင် ကြယ်များ နေ သို့မဟုတ် လ လည်း မရှိချေ။ အနက်ရောင်သန်းနေသော အနီရောင်သည်သည် ကောင်းကင်နှင့်မြေပြင်ကြားတွင် တစ်ခုတည်းသော အရောင် ဖြစ်ပုံရသည်။
မြို့တော်တစ်ခုလုံးတွင် သန့်စင်သော နတ်ဆိုးစွမ်းအင်များ တလိမ့်လိမ့်ထနေပြီး သာမန်လူများအတွက် အလွန်အမင်း ဒုက္ခပေးသော အရာတစ်ခုပင်။ သို့ရာတွင် ပိုင်လင်းအတွက်မူ ဤနေရာသို့ ဝင်ရောက်ခြင်းသည် သူမ၏မွေးရပ်မြေသို့ ဝင်ရောက်ခြင်းနှင့် တူညီနေပေ၏။ သူမသည် ထူးကဲသော သက်တောင့်သက်သာ ရှိမှုနှင့် ရင်းနှီးမှုကိုသာ ခံစားနေရသည်။
မည်သို့ပင်ဆိုစေကာမူ သူမ၏သွေးမျိုးဆက်သည် ဘိုးဘေးများသို့ဦးလှည့်ခြင်း အခြေအနေသို့ ပြန်လည်ရောက်ရှိသွားကာ သူမ၏ခန္ဓာကိုယ်အတွင်း၌ စီးဆင်းနေသည်မှာ သန့်စင်သော နတ်ဆိုးမျိုးနွယ် သွေးမျိုးဆက်ပင်။
သူမအတွက်မူ ဤနတ်ဆိုးစွမ်းအင်များသည် ကြီးမားသော အားဖြည့်ဆေးတစ်လက်ထက် လျော့နည်းခြင်းမရှိပေ။
နွား မြင်းနှင့် စာခြောက်ရုပ်တို့သည် ပိုင်လင်း၏ နောက်မှ ထပ်ချပ်မကွာ ကပ်လိုက်လာကြသည်။
ပိုင်လင်း၏ သက်တောင့်သက်သာ ရှိမှုနှင့် နှိုင်းယှဉ်လျှင် နွားနှင့်မြင်းသည် အနည်းငယ် လေးလံထိုင်းမှိုင်းနေပေ၏။ သူတို့သည် နတ်ဆိုးစွမ်းအင်များ၏တိုက်စားမှုကို တားဆီးရန် သူတို့၏ နက်နဲသိမ်မွေ့သော စွမ်းအားများကို ချက်ချင်းအသက်သွင်းလိုက်ကြသည်။
မိုးပြာနဂါးမြင်းနှင့် မြေကမ္ဘာနွားနတ်ဆိုးတို့၏ ကျင့်ကြံဆင့်နယ်ပယ်သည် ပိုင်လင်းထက် များစွာပို၍ မြင့်မားသော်လည်း သူတို့သည် နတ်ဆိုးစွမ်းအင်ကို သူတို့အတွက် အာဟာရအဖြစ် ပြောင်းလဲနိုင်စွမ်း မရှိကြချေ။
စာခြောက်ရုပ်အတွက်မူ သူသည် အလွန် ထူးခြားသော တည်ရှိမှုတစ်ခုဖြစ်ပြီး နတ်ဆိုးစွမ်းအင်၏သက်ရောက်မှုကို လုံးဝမခံရပေ။
နတ်ဆိုးမြို့တော်သည် ကြီးမားလှ၏။ မြို့တော်ဟု ခေါ်ဆိုသော်လည်း ဤသည်က ကိုယ်ပိုင်ကမ္ဘာငယ်လေးတစ်ခု ဖြစ်နေသည်။
ပုံရိပ်လေးခုသည် မြို့တော်ကို ဖြတ်သန်း၍ လျှောက်လှမ်းနေကြပြီး ရက်အနည်းငယ်ကြာ ရှာဖွေပြီးနောက် နောက်ဆုံးတွင် ကောင်းကင်လှေကားထစ်တစ်ခု၏ရှေ့သို့ ရောက်ရှိလာကြသည်။
မျက်စိတစ်ဆုံး မြင်ရသလောက် လှေကားထစ်များသည် တစ်ခုနှင့်တစ်ခု ဆက်စပ်နေပြီး မြင့်တက်လိုက် နိမ့်ဆင်းလိုက်ဖြင့် ကွေ့ကောက်၍ တည်ရှိနေကာ မိုးကောင်းကင်သို့ တန်းတန်းမတ်မတ် ထိုးတက်နေပြီး အဆုံးသတ်ကို မမြင်နိုင်ချေ။
အစစ်အမှန်နတ်ဆိုး အမွေအနှစ်သည် ကောင်းကင်လှေကားထစ်ပေါ်တွင် ရှိနေကြောင်း ပိုင်လင်း၏ဆဌမအာရုံက သူမကို ပြောပြနေသည်။
သူမသည် တွန့်ဆုတ်မနေဘဲ ကောင်းကင်လှေကားထစ်ပေါ်သို့ ချက်ချင်းတက်လှမ်းလိုက်၏။
သို့သော် သူမ လှေကားထစ်ပေါ်သို့ တက်လှမ်းလိုက်သည်နှင့် သူမ၏ခန္ဓာကိုယ် ရုတ်တရက် တုန်ခါသွားပြီး ကြောက်မက်ဖွယ်ရာ ဖိအားတစ်ရပ်က သူမကို လွှမ်းခြုံသွားသည်။
ဤသည်မှာ တောင်ကြီးတစ်လုံးမှ သူမကို ဖိနှိပ်လိုက်သည့်အလားပင်။
ဤအရာက သူမ၏ခြေလှမ်းများကို အလိုအလျောက် ယိုင်နဲ့သွားစေခဲ့သည်။
တစ်ချိန်တည်းမှာပင် ထိုအရာသည် ပိုင်လင်းအား အစစ်အမှန်နတ်ဆိုးအမွေအနှစ်၏ တည်နေရာကို ပို၍သေချာစေခဲ့သည်။
အမှန်အားဖြင့် သူမသည် အစစ်အမှန်နတ်ဆိုး အမွေအနှစ်ကို လွယ်လင့်တကူ ရရှိနိုင်မည်ဟု မည်သည့်အချိန်ကမျှ မယုံကြည်ခဲ့ချေ။
ကောင်းကင်နှင့်မြေပြင် ရတနာများနှင့်အတူ ထူးဆန်းသောသားရဲများ ရှိနေတတ်သည်ဟု ဆိုကြသည်။
ပိုင်ရှင်မဲ့နေသော ဤအမွေအနှစ်သည်လည်း လွယ်လင့်တကူ ယူဆောင်သွား၍ ရမည်မဟုတ်ချေ။
ဤသည်မှာ စမ်းသပ်မှုတစ်ခုဖြစ်မည်ဟု သူမ သိရှိထားသည်။
ဤစမ်းသပ်မှုကို အောင်မြင်မှသာ သူမသည် အစစ်အမှန်နတ်ဆိုးအမွေအနှစ်၏ ဆက်ခံသူ ဖြစ်လာနိုင်ပြီး လက်စားချေရန် စွမ်းအားကို ရရှိနိုင်ပေလိမ့်မည်။
ဤသို့ တွေးတောပြီးနောက် သူမသည် နွား မြင်းနှင့် စာခြောက်ရုပ်ကို လှည့်ကြည့်လိုက်၏။
"ဒီအချိန်အတောအတွင်းမှာ အဖော်ပြုပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်... ဒါပေမဲ့ ရှေ့ဆက်ရမယ့်လမ်းကို ငါ တစ်ယောက်တည်း လျှောက်ရတော့မယ်..."
"ဒီနေရာက နတ်ဆိုးစွမ်းအင်တွေက နင်တို့နဲ့ အဆင်မပြေဘူး... နင်တို့က မြို့ထဲကနေ အရင်ဆုံး ထွက်သွားသင့်တယ်..."
"တကယ်လို့..."
"တကယ်လို့ ငါ သုံးလအတွင်း ပြန်ထွက်မလာရင်... နင်တို့ လာခဲ့တဲ့နေရာကို ပြန်သွားကြတော့..."
နောက်ပိုင်းစကားကို ပြောဆိုချိန်၌ ပိုင်လင်း၏ အသံသည် သိသိသာသာ တွန့်ဆုတ်သွားပေ၏။
ယေဘုယျအားဖြင့် စမ်းသပ်မှုများနှင့်အတူ အန္တရာယ်အမျိုးမျိုး ရှိနေတတ်သည်။
ဤတစ်ကြိမ်တွင် သူမသည် ခြေတစ်လှမ်းမျှ နောက်ဆုတ်မည် မဟုတ်ပေ။
သူမသည် အဆိုးဆုံးအတွက် ပြင်ဆင်ထားပြီး ဖြစ်ကြောင်း သိသာထင်ရှားသည်။
သူမ၏စကားများ အဆုံးသတ်သွားပြီးနောက် ပိုင်လင်းသည် နောက်သို့ပြန်လှည့်လိုက်ပြီး ဆက်လက်၍ တက်လှမ်းသွားခဲ့ပေ၏။
သူမ လှမ်းလိုက်သော ခြေလှမ်းတိုင်းသည် ယုံကြည်နိုင်စရာ မရှိလောက်အောင် ခက်ခဲနေသည်။
ခြေလှမ်းတိုင်းနှင့်အတူ သူမ၏ခန္ဓာကိုယ်ပေါ်ရှိ ဖိအားသည် တစ်ဆင့်ချင်း တိုးလာပေ၏။
ဆယ်လှမ်းကျော်မျှသာ ရှိသေးသော်လည်း သူမသည် အလွန်ခက်ခက်ခဲခဲ လျှောက်လှမ်းနေရသည်။
ပိုင်လင်း တက်လှမ်းသွားချိန်တွင် စာခြောက်ရုပ်သည် နွားနှင့်မြင်းကို ဦးဆောင်ပြီး နတ်ဆိုးမြို့တော်ထဲမှ ထွက်ခွာသွားသည်။
တစ်ချိန်တည်းမှာပင် အကြည့်တစ်ခုသည် ဤအရာအားလုံးကို စောင့်ကြည့်နေပေ၏။
ထိုအကြည့်ပိုင်ရှင်မှာ ကျုံးချင်မှလွဲ၍ တခြားသူ မဟုတ်ချေ။
ဤအချိန်တွင် ကျုံးချင်သည် နှင်းတောင်ပေါ်တွင် ရှိနေပြီး အစစ်အမှန်နတ်ဆိုးကြေးမုံမှတဆင့် ပိုင်လင်း၏လှုပ်ရှားမှုတိုင်းကို ကြည့်ရှုနေသည်။
ဤနတ်ဆိုးမြို့တော်သည် ကောင်းကင်ဘုံကို အာခံသော ဝင်္ကပါတစ်ခုဟု ပြောဆိုရပေမည်။
မည်သည့်ဝင်္ကပါမဆို ဝင်္ကပါအခြေတစ်ခု ရှိရစမြဲပင်။
ဤအစစ်အမှန်နတ်ဆိုးကြေးမုံသည် ဝင်္ကပါအခြေ တည်ရှိသောနေရာပင်။
ထိုအရာကို ကိုင်ဆောင်ထားခြင်းဖြင့် ဝင်္ကပါ အသက်သွင်းခြင်းအား ထိန်းချုပ်နိုင်ရုံသာမက နတ်ဆိုးမြို့တော် အတွင်းရှိ လှုပ်ရှားမှုတိုင်းကိုလည်း စောင့်ကြည့်နိုင်သည်။
ကျုံးချင်သည် နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးကို နှိမ်နင်းပြီးနောက် မကြာမီတွင် မော့ရီက ဤရတနာကို ကျုံးချင်အား ဆက်သခဲ့ခြင်းဖြစ်သည်။
အစစ်အမှန်နတ်ဆိုးကြေးမုံမှတဆင့် ပိုင်လင်း နတ်ဆိုးမြို့တော်ထဲသို့ ဝင်ရောက်သည့် အချိန်မှစ၍ သူမ၏ လှုပ်ရှားမှုတိုင်းသည် ကျုံးချင်၏ စောင့်ကြည့်မှုအောက်တွင် ရှိနေခဲ့သည်။
သူ့ကို စိတ်ကျေနပ်စေသည်မှာ စာခြောက်ရုပ်သည် သူ၏ မျှော်လင့်ချက်များနှင့် ကိုက်ညီပြီး လမ်းခရီးတစ်လျှောက် ပိုင်လင်းကို ကောင်းစွာ ကာကွယ်ပေးခဲ့ခြင်းပင်။
ခွဲခွာခဲ့သည်မှာ အချိန်အတန်ကြာပြီးနောက် ထိုမိန်းကလေးသည် အနည်းငယ် ပြည့်ဖြိုးလာပုံ ရပေ၏။
သူတို့ ပထမဆုံး တွေ့ဆုံခဲ့စဉ်ကကဲ့သို့ သူမထံ၌ ဖျားနာပြီး နုနယ်သော ပုံစံမျိုး အရိပ်အယောင်မျှ မကျန်တော့ပေ။
သူ့ကို အံ့အားသင့်စေသည်မှာ ပိုင်လင်းနှင့်စာခြောက်ရုပ်အပြင် သူတို့၏နောက်သို့ လိုက်ပါလာသော နွားတစ်ကောင်နှင့် မြင်းတစ်ကောင်လည်း ရှိနေခြင်းပင်။
ထိုသားရဲနှစ်ကောင်သည် အားမနည်းကြချေ။ ကျင့်ကြံဆင့်နယ်ပယ် သက်သက်ဖြင့် ပြောရလျှင် သူတို့သည် သူ့ထက်ပင် အဆင့်မြင့်မားနေကြသည်။
ဤသည်က အမှန်တကယ်ကို ရယ်ရွှယ်ဖွယ် ကောင်းလှသည်။
အမှန်အားဖြင့် ကျုံးချင်ကိုယ်တိုင်ပင်လျှင် စာခြောက်ရုပ်၏ အစစ်အမှန်စွမ်းအားသည် မည်မျှထိ သန်မာကြောင်း မသိရှိချေ။
ဤစာခြောက်ရုပ်သည် အလွန်ထူးကဲပြီး ပိုင်လင်းကို ကာကွယ်စောင့်ရှောက်မည့် တာဝန်အား ထမ်းဆောင်နိုင်စွမ်း ရှိသင့်ကြောင်းသာ သူ သိထားသည်။
သူ မမျှော်လင့်ထားသည်မှာ စာခြောက်ရုပ်သည် သူ စိတ်ကူးထားသည်ထက် ပို၍ထူးကဲနေပုံရခြင်းပင်။
မည်သို့ပင်ဆိုစေကာမူ ယန်သုံးပါးနယ်ပယ် ဒုတိယအဆင့် ထိပ်သီးကျင့်ကြံသူနှစ်ဦးကို အညံ့ခံအောင် ပြုလုပ်နိုင်ရန်အတွက် စာခြောက်ရုပ်၏ပါဝင်ကူညီမှုသည် မရှိမဖြစ် လိုအပ်ခဲ့ပေလိမ့်မည်။
ထိုကိစ္စ၏ တိကျသော အသေးစိတ် အချက်အလက်များကို မသိလျှင်ပင် ကျုံးချင်သည် ခန့်မှန်းရုံဖြင့် အများစုကို ရိပ်မိနိုင်သည်။
ကျုံးချင်၏အတွေးများ လွင့်မျောနေရင်း သူ၏အကြည့်သည် ပိုင်လင်းထံသို့ ပြန်ရောက်သွားပေ၏။
ပိုင်လင်း တက်လှမ်းရသော လမ်းကြောင်းသည် အလွန်ခက်ခဲကြောင်း သူ မြင်နိုင်သည်။ သူမ လှမ်းလိုက်သော ခြေလှမ်းတိုင်းသည် ကြီးမားသောဖိအားကို ခံစားနေရပေ၏။
နောက်ပိုင်းတွင် သူမ၏ပါးစပ်ထောင့်မှ သွေးများပင် ယိုစီးကျလာသည်။
ထိုအချင်းအရာကို ကြည့်ခြင်းအားဖြင့် ဤအမွေအနှစ်မှ သတ်မှတ်ထားသော စမ်းသပ်မှုသည် အမှန်တကယ် ခက်ခဲကြောင်း ရှင်းလင်းနေသည်။
ဤအရာက ကျုံးချင်၏စိတ်နှလုံးသား နာကျင်မှုကို ခံစားရစေသည်။
သို့သော် သူသညိ ဝင်ရောက်စွက်ဖက်ခြင်း မပြုခဲ့ပေ။
သူ တိတ်တဆိတ် ကူညီပေးပါက မလွဲမသွေ ပြောင်းလဲမှုများ ပေါ်ပေါက်လာလိမ့်မည်ဟု စနစ်က ပြောဆိုထားသည်။
ထိုကြောင့် သူသည် သူ၏စိတ်နှလုံးသားထဲမှ စိုးရိမ်ပူပန်မှုကို ဖိနှိပ်ထားရုံသာ တတ်နိုင်တော့၏။
ထို့ပြင် ပိုင်လင်းသည် သူ၏တပည့် ဖြစ်လာနိုင်စွမ်းရှိသည်ဟု စနစ်က ဆုံးဖြတ်ထားသဖြင့် သူမသည် စိန်ခေါ်မှုကို မအောင်မြင်ဘဲ နေမည် မဟုတ်ကြောင်း အကြောင်းပြချက် ပေးနိုင်သည်။
ကောင်းကင်ဘုံသည် လူတစ်ယောက်ကို ကြီးမားသောတာဝန် ပေးအပ်တော့မည်ဆိုပါက ပထမဆုံး သူ၏စိတ်ဆန္ဒကို ခါးသီးစေခြင်း သူ၏ကြွက်သားများနှင့်အရိုးများကို ပင်ပန်းစေခြင်း သူ၏ခန္ဓာကိုယ်ကို ငတ်မွတ်စေခြင်းစသည်တို့ဖြင့် သူ၏သန္နိဋ္ဌာန်ကို ခိုင်မာစေပြီး သူ၏စွမ်းရည်များကို တိုးမြှင့်ပေးလေ့ ရှိသည်ဟု ဆိုကြ၏။
လူတစ်ယောက်၏ဘဝတွင် ကိစ္စဆယ်ခု၌ ကိုးခုသည် စိတ်ကျေနပ်ဖွယ် ကောင်းလေ့မရှိချေ။
ဤကိစ္စကို သူမ ကြီးထွားလာမည့် လမ်းခရီးရှိ ဘေးဒုက္ခတစ်ခု အဖြစ်သာ သတ်မှတ်ရပေမည်။
ဤသို့ တွေးတောပြီးနောက် ကျုံးချင်သည် သူ၏လက်ထဲမှ အစစ်အမှန်နတ်ဆိုးကြေးမုံကို ချထားလိုက်သည်။
သူသည် ပိုင်လင်း စိန်ခေါ်မှုကို ဖြတ်ကျော်ပြီး သုခဘုံမှတဆင့် ပြန်လည်မွေးဖွားလာမည့်အချိန်ကိုသာ စောင့်မျှော်ရပေမည်။
ထိုနေ့သည် သူ တပည့်တစ်ဦးကို အောင်မြင်စွာ လက်ခံနိုင်မည့် မင်္ဂလာရှိသော နေ့တစ်နေ့ ဖြစ်လာပေလိမ့်မည်။
ပိုင်လင်း၏ စိန်ခေါ်မှုကာလအတွင်းတွင်...
မြောက်ပိုင်းဒေသတစ်ခုလုံးသည် ရှုပ်ထွေးပွေလီနေသည်ဟု ပြောဆိုရပေမည်။
မရေမတွက်နိုင်သော ထိပ်သီးကျင့်ကြံသူများ ထွက်ပေါ်လာပြီး အင်အားကြီးသော အဖွဲ့အစည်းများမှ လူများကို စေလွှတ်နေကြသည်။
နေ့စဥ်နေ့တိုင်း ဤနှင်းလွင်ပြင်သို့ သောင်းနှင့်ချီသောလူများ စုပြုံ၍ ဝင်ရောက်လာကြ၏။
ဤကာလအတွင်း ကြယ်လဂိုဏ်းတစ်ဂိုဏ်းလုံးအတွက် သူတို့၏နေ့ရက်များသည် ပါးလွှာသော ရေခဲပြင်ပေါ်တွင် လမ်းလျှောက်နေရသကဲ့သို့ ဖြစ်ပြီး အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။
ကြယ်လဂိုဏ်းသည်လည်း ထင်ရှားကျော်ကြားသော ဂိုဏ်းတစ်ဂိုဏ်းဖြစ်ပြီး ဒေသတွင်းအုပ်စိုးသူ အဆင့်ရှိသော တည်ရှိမှုတစ်ခုပင်။
ဂိုဏ်းမှ မည်သည့်တပည့်တစ်ယောက်မဆို ဂိုဏ်းမှ ထွက်ခွာချိန်၌ သူ၏ခေါင်းကို မတ်မတ်ထားပြီး မောက်မာမှုအပြည့်ဖြင့် မထွက်ခွာဘဲ နေမည်နည်း။
သို့သော် ယခု၌မူ သူတို့သည် တခြားမည်သူထက်မဆို ပို၍မြန်မြန် ခေါင်းငုံ့ကြပြီး တခြားမည်သူ့ထက်မဆို ပို၍နိမ့်အောင် ခါးကိုင်းထားကြသည်။
သူတို့သည် လူများအားလုံးကို ပြုံးရွှင်သော မျက်နှာဖြင့် နှုတ်ဆက်ကြပြီး အဆုံးစွန်ဆုံးအဆင့်ထိ နှိမ့်ချနေကြ၏။
သူတို့ ရန်စရန် မတတ်နိုင်ချေ။ သူတို့ မည်သို့မျှ ရန်စနိုင်မည် မဟုတ်ပေ။
ဤနေရာသို့ ရောက်ရှိလာသော လူဆယ်ယောက်တွင် ကိုးယောက်သည် အစစ်အမှန်နတ်ဆိုး အမွေအနှစ်နဲ့ ပတ်သက်ပြီး စိတ်ကူးရှိကြသော သူများသာဖြစ်သည်။
သူတို့သည် အစွမ်းထက်ရုံသာမက သူတို့၏ နောက်ခံများသည်လည်း အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းလှ၏။
တခြားသူများကို ဘေးဖယ်ထားလျှင်ပင် ငယ်ရွယ်ပုံရသော လူများသည် သူတော်စင်မိန်းမပျို သို့မဟုတ် သူတော်စင်သားတော်များ ဖြစ်နေတတ်သည်။
ရက်အနည်းငယ် အတွင်းမှာပင် နှင်းလွင်ပြင်၌ အနယ်နယ်အရပ်ရပ်မှ စုဝေးလာသောလူဦးရေသည် တစ်သိန်းကျော်လွန်သွားခဲ့သည်။
ထို့ပြင် လူများ အဆက်မပြတ် ဝင်ရောက်လာနေဆဲပင်။
မြောက်ပိုင်းဒေသ တည်ရှိခဲ့သော နှစ်ကာလ တစ်လျှောက်လုံးတွင် ဤကဲ့သို့ ကြီးကျယ်ခမ်းနားသည့် မြင်ကွင်းမျိုး အမှန်တကယ် ရှားပါးခဲ့သည်ဟု ပြောဆိုနိုင်ပေ၏။
အုတ်ခဲတစ်လုံး ပစ်ချလျှင်ပင် အရှင်သခင်အဆင့် ကျင့်ကြံသူ သို့မဟုတ် ပါရမီရှင် တစ်ယောက်ယောက်ကို ထိမှန်သွားပေလိမ့်မည်။
သူတော်စင်သားတော်များနှင့် သူတော်စင်မိန်းမပျိုများသည် ခွေးများကဲ့သို့ ပေါများပြီး ယင်သုံးပါးနယ်ပယ် ကျင့်ကြံသူများက နေရာအနှံ့အပြားတွင် လမ်းသလားနေကြသည်။ ဤအရာက ရှုပ်ထွေးပွေလီသော အခြေအနေကို ဖော်ပြနေခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။