အစီအစဉ်ကြီးတစ်ခုကို ရေးဆွဲခြင်း
Vol. 25 Ch. 242
ရုတ်ချည်းဆိုသလိုပင် နတ်ဆိုးမျိုးနွယ်စုခြောက်စုသည် နောက်ထပ် အရေးပေါ်အစည်းအဝေးတစ်ခုကို ကျင်းပလိုက်ကြ၏။
အပြာရောင်နတ်ဆိုးမျိုးနွယ်ခေါင်းဆောင်က ပထမဆုံး စကားပြောဆိုလိုက်သည်။
"အားလုံးပဲ... လက်ရှိအခြေအနေက ငါတို့ မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူအတွက် အရမ်းကို အဆင်မပြေ ဖြစ်နေတယ်..."
"အစစ်အမှန်နတ်ဆိုး အမွေအနှစ်က ဟိုကောင်မလေး ပိုင်လင်းရဲ့ အနီးအနားမှာ ထွက်ပေါ်လာတယ်ဆိုတဲ့ သတင်းကို ငါ ရထားတယ်..."
ဤစကားများ ထွက်ပေါ်လာသည်နှင့် လူများအားလုံး၏မျက်နှာထားများ ပြောင်းလဲသွားကြသည်။
"ဒါက အစစ်အမှန်နတ်ဆိုး အမွေအနှစ်က သူ့ကို တိုက်ရိုက် ရွေးချယ်လိုက်တယ်လို့ ဆိုလိုတာပဲ မဟုတ်လား..."
တစ်စုံတစ်ယောက်က သူ၏မျက်နှာပေါ်တွင် ကြောက်ရွံ့မှုများ ထင်ဟပ်နေကာ ခက်ခက်ခဲခဲ ပြောဆိုလိုက်၏။
သူတို့ မမြင်ချင်ဆုံးသော အခြေအနေသည် တဖြည်းဖြည်း ဖြစ်ပေါ်လာပြီး လက်တွေ့ ဖြစ်လာတော့မည့်ပုံရသည်။
"အားလုံးပဲ..."
ချီဖန်းက စားပွဲကို သူ၏လက်ချောင်းများဖြင့် အကြိမ်ကြိမ် ခေါက်လိုက်သည်။
"ငါ့ရဲ့ မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူက အခုချိန်မှာ အရေးကြီးတဲ့ အလှည့်အပြောင်းကို ရောက်နေပြီ...ဒီအစစ်အမှန်နတ်ဆိုး အမွေအနှစ်က ငါတို့အတွက် အဓိပ္ပာယ်အများကြီး ရှိတယ်..."
"ပိုင်လင်းရဲ့ သွေးမျိုးဆက်က မူလဇစ်မြစ်ဆီ ပြန်ရောက်ရှိသွားတာကြောင့် အစစ်အမှန်နတ်ဆိုး အမွေအနှစ်ကို ရယူတဲ့နေရာမှာ သူ့ကို ထူးခြားတဲ့ အားသာချက် ပေးစွမ်းနေတာ ငြင်းလို့မရဘူး..."
"ဒါပေမဲ့ မင်းတို့အားလုံး အဆိုးမြင်နေစရာ မလိုဘူး..."
"မမေ့နဲ့အုံး... ငါတို့မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူကလည်း နတ်ဆိုးသခင်ရဲ့ မျိုးဆက်တွေပဲ..."
"ဒါ့ပြင် ဒီလိုမျိုး ကောင်းကင်ဘုံကို အာခံတဲ့ အမွေအနှစ်မျိုးအတွက် သာမာန်အနေနဲ့ပြောရရင် စမ်းသပ်မှုတွေ သတ်မှတ်ထားတတ်တယ်..."
"ဒီအရာက သုံးရက် ငါးရက်နဲ့ ရလဒ်ထွက်လာမှာ မဟုတ်ဘူး... သုံးနှစ် ငါးနှစ်လောက် ကြာမယ့် စမ်းသပ်မှုမျိုးက ပုံမှန်ပဲ..."
"ငါတို့ အဲ့ဒီနေရာကိုသွားရင် စမ်းသပ်မှုကို မအောင်မြင်နိုင်စရာ အကြောင်းမရှိဘူး..."
"ဒါ့ပြင် ဒါက ပိုင်လင်းကို အမြစ်ပြတ်သုတ်သင်ပစ်ဖို့ အခွင့်အရေး တစ်ခုလည်း ဖြစ်နိုင်တယ်..."
"သူ့ရဲ့ပါရမီက ဘယ်လောက်ပဲ ထူးချွန်နေပါစေ... သူ့ရဲ့သွေးမျိုးဆက်က ဘယ်လောက်ပဲ ထူးကဲနေပါစေ..."
"သူရဲ့စွမ်းအား နိမ့်ပါးတာကတော့ ထင်ရှားနေတာပဲ..."
"ငါ့ရဲ့အမြင်အရတော့... အစစ်အမှန်နတ်ဆိုး အမွေအနှစ်က နတ်ဆိုးသင်္ချိုင်းမြေရဲ့အပြင်ဘက်မှာ ထွက်ပေါ်လာတာက ငါတို့ မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူ အမြင့်ကို ပျံတက်ဖို့ အခွင့်အရေးတစ်ခု ဖြစ်လာနိုင်တယ်..."
နတ်ဆိုးခေါင်းဆောင်များသည် ဤစကားကို ကြားချိန် ကြောင်အမ်းသွားကြပြီး သူတို့၏ စိုးရိမ်ပူပန်မှုများ လုံးလုံးလျားလျား ပျောက်ကွယ်သွားခဲ့ပေ၏။
ဤသည်မှာ အမှန်ပင်...
ယခင်က ပိုင်လင်းသည် အစစ်အမှန်နတ်ဆိုး အမွေအနှစ်ကို တိုက်ရိုက်ရယူသွားပြီး ထိန်းချုပ်၍မရသော အခြေအနေသို့ ရောက်ရှိသွားမည်ကို သူတို့ စိုးရိမ်ခဲ့ကြသည်။
သို့သော် ဤအစစ်အမှန်နတ်ဆိုး အမွေအနှစ်ကို ထိုမျှထိ လွယ်ကူစွာ မည်သို့ ရယူနိုင်မည်နည်း။
ထိုအရာနှင့်အတူ အကျပ်အတည်းများနှင့် ဆင်းရဲဒုက္ခများစွာ ပါဝင်နေပေမည်။
ထိုစမ်းသပ်မှုကာလအတွင်းတွင် သူတို့ လှုပ်ရှားရန် အကောင်းဆုံးအချိန် ဖြစ်ပေလိမ့်မည်။
ပိုင်လင်းကို သုတ်သင်လိုက်သည်နှင့် အစစ်အမှန်နတ်ဆိုး အမွေအနှစ်သည် နတ်ဆိုးမျိုးနွယ်စု ခြောက်စု၏ လက်ထဲသို့ ကျရောက်လာရန် အလားအလာ အများဆုံးပင်။
ဤသည်က မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူ အမြင့်ကို ပျံတက်ရန် အခွင့်အရေး အတိအကျ ဖြစ်နေသည် မဟုတ်လော...
"အဲ့ဒီလိုဆိုမှတော့ အချိန်ဆွဲရင် ရှုပ်ထွေးမှုတွေ ဖြစ်လာနိုင်တယ်... ငါတို့က အစစ်အမှန်နတ်ဆိုး အမွေအနှစ် ရှိတဲ့နေရာကို အမြန်ဆုံး သွားသင့်တယ်..."
နတ်ဆိုးခေါင်းဆောင်တစ်ဦးက ပြောဆိုပြီး အစည်းအဝေးကို နိဂုံးချုပ်လိုက်သည်။
မကြာမီ...
နတ်ဆိုးခေါင်းဆောင်ခြောက်ဦးသည် မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူမှ ပျံသန်းသွားကြပြီး သူတို့ ယုံကြည်ရသော လက်အောက်ငယ်သားများနှင့်အဆင့်မြင့်ဂိုဏ်းသားများကို ခေါ်ဆောင်သွားကြ၏။
ဤတစ်ကြိမ်တွင် သူတို့သည် အစစ်အမှန်နတ်ဆိုး အမွေအနှစ်ကို ရယူရန် ဆုံးဖြတ်ထားကြသည်။
...
ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်း...
ဤဂိုဏ်းသည် မြောက်ပိုင်းဒေသတစ်ခုလုံးရှိ အသန်မာဆုံး ထိပ်သီးအင်အားစုကြီး လေးခုအနက်တစ်ခုပင်။
မြောက်ပိုင်းဒေသတွင်...
အရှေ့ဘက်၌ ဖူဝမ်နန်းတော် မြောက်ဘက်၌ မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူ တောင်ဘက်၌ ထျန်းရှင်းတောင် နှင့် အနောက်ဘက်၌ ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်းတို့ ရှိကြသည်။
ဤထိပ်သီးအင်အားစုကြီးလေးစုသည် မရေမတွက်နိုင်သော နှစ်ကာလများစွာ ကြာသည်အထိ မြောက်ပိုင်းဒေသတစ်ခုလုံးကို အုပ်စိုးခဲ့ကြ၏။
သူတို့သည် လောကကြီး၏ လူများ၏မျက်လုံးထဲတွင် မြင့်မားပြီး အစွမ်းထက်သော တည်ရှိမှုများပင်။
အစစ်အမှန်နတ်ဆိုးအမွေအနှစ်၏ ဆွဲဆောင်နိုင်မှုမှာ အလွန်ကြီးမားသည်။
ထိုဆွဲဆောင်နိုင်မှု အလွန်ကြီးမားသဖြင့် ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်းတစ်ဂိုဏ်းလုံး လှုပ်ရှားလာပြီး ပါဝင်ပတ်သက်လိုကြကာ ဤ အထွတ်အထိပ် အမွေအနှစ်ကို သိမ်းပိုက်ရန် ဆုံးဖြတ်လိုက်ကြသည်။
မြူခိုးများ ဖုံးလွှမ်းနေသော စိတ်ဝိညာဉ်တောင်ထိပ်တစ်ခုပေါ်တွင်...
ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်းမှ အဆင့်မြင့်အဖွဲ့ဝင်များအားလုံး တန်းစီ၍ မတ်တတ်ရပ်နေကြ၏။
ပင်မခန်းမဆောင် အတွင်းတွင်...
အကြီးအကဲတစ်ဦးက ရှေ့သို့တက်လာသည်။
"ဂိုဏ်းချုပ်... ဒီလို အခွင့်အရေးမျိုးက နှစ်ပေါင်း တစ်သောင်းမှာတောင် ရှားပါးပါတယ်..."
"တကယ်လို့ ကျွန်တော်တို့ ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်းက ဒီအမွေအနှစ်ကို ရရှိနိုင်မယ်ဆိုရင် သေချာပေါက် အမြင့်ကို တက်လှမ်းနိုင်ပါလိမ့်မယ်..."
"ဂုဏ်ကျက်သရေဆိုတာ ကျွန်တော်တို့နဲ့လက်တစ်ကမ်း အကွာမှာပါ..."
"ဒီကောင်းကင်ဘုံကို အာခံတဲ့ အခွင့်အရေးကို သိမ်းပိုက်ဖို့ ကျွန်တော်တို့ကို ချက်ချင်း ဦးဆောင်ပေးပါ ဂိုဏ်းချုပ်..."
တခြားအကြီးအကဲတစ်ဦးကလည်း ချက်ချင်း ထောက်ခံလိုက်သည်။
"အမိန့်ပေးလိုက်ပါ ဂိုဏ်းချုပ်..."
"အစစ်အမှန်နတ်ဆိုး အမွေအနှစ် ထွက်ပေါ်လာတာက မြောက်ပိုင်းဒေသရဲ့ အခုလက်ရှိ အင်အားချိန်ခွင်လျှာကို မလွဲမသွေ ပျက်စီးစေပါလိမ့်မယ်..."
"ကျွန်တော်တို့ ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်း အနေနဲ့ နောက်ကျကျန်ရစ်နေစရာ အကြောင်းမရှိပါဘူး..."
...
ပင်မခန်းမဆောင်တစ်ခုလုံးသည် တိုက်ခိုက်ရန် တောင်းဆိုမှုများဖြင့် ပြည့်နှက်နေပေ၏။
ပင်မခန်းမဆောင်ရှိ ပလ္လင်ပေါ်တွင် အဘိုးအိုတစ်ဦး ထိုင်နေသည်။
သူ့ထံတွင် မီးခိုးရောင် သန်းနေသော ဆံစများရှိကာ အင်မော်တယ်တစ်ဦး၏ အသွင်အပြင်ကို ပိုင်ဆိုင်ထားသည်။
အနီရောင်ငှက်မွေးဝတ်ရုံသည် သူ၏ ထူးကဲသော အရှိန်အဝါကို ပို၍တိုးမြှင့်ထားပေ၏။
သူ၏အမည်မှာ ယွဲ့နန်ထျန်း ဖြစ်ပြီး ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်း၏ လက်ရှိဂိုဏ်းချုပ်ပင်။
အောက်ဘက်မှ တိုက်ပွဲဝင်ရန် တောင်းဆိုမှုများကို နားထောင်ရင်း ယွဲ့နန်ထျန်းသည် အချိန်တခဏမျှ စဉ်းစားပြီးနောက် သဘောတူလိုက်သည်။
သူသည် အစစ်အမှန်နတ်ဆိုး အမွေအနှစ်အပေါ် လိုချင်တပ်မက်မှု သိပ်မရှိလှချေ။
သို့သော် ဤလူများ၏စကားများသည် အလွန် မှန်ကန်ပေ၏။
အစစ်အမှန်နတ်ဆိုး အမွေအနှစ်သည် ဒေသတစ်ခုလုံး၏ လက်ရှိဖွဲ့စည်းပုံကို ပြောင်းလဲပစ်ရန် လုံလောက်သည်။
သူ၏ဂိုဏ်းက မရရှိလျှင်ပင် ထိုအမွေအနှစ်အား တခြားအင်အားစုများ၏လက်ထဲသို့ ရောက်ရှိသွားမည့်ကိစ္စမျိုး သူ လုံးဝအဖြစ်ခံ၍ မရပေ။
ထိုအချိန်မှာပင်...
ပင်မခန်းမဆောင်၏အပြင်ဘက်မှနေ၍ ထူးခြားပြီး ရင်သပ်ရှုမောဖွယ်ကောင်းအောင် လှပသော အမျိုးသမီးတစ်ဦး ဝင်ရောက်လာခဲ့သည်။
"ငါတို့ ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်းအနေနဲ့ ဒီအစစ်အမှန်နတ်ဆိုး အမွေအနှစ်ကို သိမ်းပိုက်ဖို့ လုံးဝမကြိုးစားရဘူး..."
"အဲ့ဒါကို ထိလိုက်တာနဲ့ ကပ်ဘေးကြီး ဆိုက်ရောက်လာလိမ့်မယ်လို့ ငါ စိုးရိမ်မိတယ်..."
ထိုစကားတစ်ခွန်းတည်းဖြင့် ခန်းမဆောင်တစ်ခုလုံး လှုပ်လှုပ်ရွရွဖြစ်သွားပေ၏။
ထိုအမျိုးသမီး ပင်မခန်းမဆောင်ထဲသို့ ကျက်သရေရှိစွာ ဝင်ရောက်လာသည်ကို လူများအားလုံးက မော့ကြည့်လိုက်ကြသည်။
ယခုရောက်ရှိလာသူမှာ နတ်ဆိုးသင်္ချိုင်းမြေတွင် ကျုံးချင်နှင့် တွေ့ဆုံခဲ့ဖူးသော ယွဲ့ကျီပင်။
"သခင်မ ယွဲ့ကျီ... ဘာကို ဆိုလိုတာလဲ..."
"လောကကြီးရဲ့ရတနာတွေက စွမ်းရည်ရှိတဲ့သူနဲ့ပဲ သက်ဆိုင်တာပါ..."
"အစစ်အမှန်နတ်ဆိုး အမွေအနှစ်က အနယ်နယ်အရပ်ရပ်က လိုချင်တပ်မက်တဲ့ မျက်လုံးတွေကို ဆွဲဆောင်နိုင်မှာ ငြင်းဆန်လို့မရဘူး..."
"ဒါက နဂါးနဲ့ကျားကြားက ပြင်းထန်တဲ့တိုက်ပွဲတစ်ပွဲ ဖြစ်လာမှာ သေချာပေါက်ပဲ..."
"ဒါပေမဲ့ ကျွန်တော်တို့ ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်းက မြောက်ပိုင်းဒေသကို လွှမ်းမိုးထားတာလေ... အဲ့ဒါကို ထိလိုက်တာနဲ့ ကပ်ဘေးကြီး ဆိုက်ရောက်လာလိမ့်မယ်လို့ သခင်မ ပြောတာက သိပ်ပြီးခြိမ်းခြောက်လွန်းရာ မကျဘူးလား..."
အဆင့်မြင့်အဖွဲ့ဝင်တစ်ဦးက ရိုသေလေးစားစွာ မေးမြန်းလိုက်သည်။
ယွဲ့ကျီ၏စွမ်းအားသည် ဂိုဏ်းတစ်ဂိုဏ်းလုံးတွင် အမြင့်မားဆုံး ဖြစ်ချင်မှ ဖြစ်ပေလိမ့်မည်။
သို့သော် သူမ၏အဆင့်အတန်းသည် အလွန် မြင့်မားလှ၏။
သူမသည် ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်းမှ ဘိုးဘေး၏မွေးစားသမီးပင်။
ယွဲ့ကျီသည် ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်းတွင် တစ်ဦးတည်းသော မဟာအကြီးအကဲပင်။
သူမ၏အဆင့်အတန်းသည် ဂိုဏ်းချုပ်နှင့် တန်းတူအဆင့်တွင် ရှိနေပေ၏။
ယွဲ့ကျီ၏စကားများကို ရင်ဆိုင်ရချိန်တွင် လူများအားလုံး ဇဝေဇဝါ ဖြစ်သွားကြသည်။
ဂိုဏ်းချုပ်ပင်လျှင် သူမကို သံသယဖြင့် ကြည့်လိုက်သည်။
ယွဲ့ကျီက အသက်ပြင်းပြင်းရှိုက်ပြီး ရှင်းပြလိုက်သည်။
"ငါ အရင်က နတ်ဆိုးသင်္ချိုင်းမြေထဲကို ဝင်ခဲ့တယ်...အဲဒီထဲမှာ ငါ ဘာကိုတွေ့ခဲ့လဲဆိုတာ နင်တို့ သိလား..."
ဤစကားများသည် လူများအားလုံး၏သိလိုစိတ်ကို အောင်မြင်စွာ နှိုးဆွနိုင်ခဲ့သည်။
"ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ရှင်းပြပေးပါ မဟာအကြီးအကဲ..."
ယွဲ့ကျီက သူမ၏မျက်လုံးများကို စုံမှိတ်ပြီး ပြန်ပြောင်းတွေးတောလိုက်သည်။ ယခုအချိန်ထိ ထိုအကြောင်းကို တွေးမိလိုက်တိုင်း သူမထံ၌ ကြောက်ရွံ့မှုတချို့ ကျန်ရှိနေသေးသည်ဟု ခံစားရဆဲပင်။
လူများအားလုံး၏ စူးစမ်းလိုပြီး သံသယဖြစ်နေသော အကြည့်များအောက်တွင် သူမက ဖြည်းညှင်းစွာ ပြောဆိုလိုက်သည်။
"အဲ့ဒီ အစစ်အမှန်နတ်ဆိုး အမွေအနှစ်ကို လူတစ်ယောက်က အတင်းအကြပ် ရွှေ့ပြောင်းသွားခဲ့တာ...ဒါတင်မကဘူး... သူက နတ်ဆိုးဘိုးဘေးရဲ့ နတ်ဆိုးစစ်သူကြီး ဆယ့်နှစ်ယောက်ကိုလည်း နှိမ်နင်းခဲ့တယ်..."
"လူတိုင်းက ဒီနတ်ဆိုးစစ်သူကြီးဆယ့်နှစ်ယောက် အကြောင်းကို သိပ်မသိကြလောက်ဘူး..."
"ဒါပေမဲ့ သူတို့တစ်ယောက်စီတိုင်းက ယန်သုံးပါးနယ်ပယ်ရဲ့ အထက်မှာရှိတဲ့ တည်ရှိမှုတွေချည်းပဲ..."
"ဘာ..."
ကျောက်တုံးတစ်တုံးက လှိုင်းလုံးတစ်ထောင် ဖြစ်စေသည်ဆိုသည့် စကားအတိုင်းပင်။
နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦး၏တည်ရှိမှုသည် အလွန်ရှေးကျသဖြင့် သူတို့ အမှန်တကယ်ကို သိပ်မသိကြချေ။
သို့သော် ကျင့်ကြံခြင်းနှင့် ပတ်သက်လာလျှင် သူတို့ မစိမ်းကြချေ။
ယန်သုံးပါးနယ်ပယ်၏အထက်...
ဤသည်က မည်ကဲ့သို့ တည်ရှိမှုမျိုး ဖြစ်သနည်း...
မြောက်ပိုင်းဒေသတစ်ခုလုံးကို ကြည့်လျှင် လက်တစ်ဆုပ်စာ ပမာဏာရှိသော လူအနည်းငယ်သာ ရောက်ရှိနိုင်သည့် အဆင့်ပင်။
ယခုချိန်၌ ယွဲ့ကျီက လူတစ်ယောက်သည် ယန်သုံးပါးနယ်ပယ်အထက်ရှိ ထိပ်သီးကျင့်ကြံသူဆယ့်နှစ်ဦးကို နှိမ်နင်းခဲ့သည်ဟု ပြောနေသည်။
ဤအရာက သူတို့ကို မည်သည်ကြောင့် မတုန်လှုပ်စေဘဲ နေမည်နည်း... မည်သည်ကြောင့် မထိတ်လန့်စေဘဲ နေမည်နည်း...
အချိန်တခဏအတွင်းတွင် ခန်းမဆောင်အတွင်း၌ ဆူညံသံများနှင့် ထိတ်လန့်တုန်လှုပ်သော အသက်ရှူသံများဖြင့် ပြည့်နှက်သွားတော့သည်။
"မဟာအကြီးအကဲ... ဒါက အမှန်ပဲလား..."
တစ်စုံတစ်ယောက်က မယုံကြည်နိုင်စွာဖြင့် မေးမြန်းလိုက်သည်။
ယွဲ့ကျီသည် သူမ၏စိတ်ခံစားချက်များကို တည်ငြိမ်အောင် ပြုလုပ်လိုက်၏။
အမှန်အားဖြင့် သူမသည် ဂိုဏ်းသို့ ပြန်ရောက်ရောက်ချင်း ရှေးဟောင်းကျမ်းစာများကို စတင် လေ့လာခဲ့သည်။ ထိုအချိန်ကျမှသာ နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦး၏ အထောက်အထားများကို သူမ အတည်ပြုနိုင်ခဲ့သည်။
ရှေးဟောင်းကျမ်းစာများထဲတွင် အချက်အလက်အနည်းငယ်မျှကို တွေ့ရှိခဲ့ခြင်းကြောင့်သာ နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦး မည်မျှထိ စွမ်းအားကြီးကြောင်း သူမ နားလည်သဘောပေါက်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးကို နှိမ်နင်းနိုင်ခြင်းသည် မည်မျှထိ ကြောက်မက်ဖွယ်ကောင်းသော စွမ်းဆောင်ရည် ဖြစ်ကြောင်းကိုလည်း သူမ နားလည်ခဲ့သည်။
သူမသည် ခန်းမဆောင်တစ်ခုလုံးကို ဝေ့ဝိုက်၍ကြည့်ပြီး တည်ကြည်လေးနက်စွာ ပြောဆိုလိုက်၏။
"ဒါက အမှန်ပဲ... အတိတ်ကစစ်ပွဲကြီးကြောင့် နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ယောက်ရဲ့ စွမ်းအားက ကျဆင်းသွားခဲ့ပေမယ့်... ပိန်နေတဲ့ ကုလားအုတ်က မြင်းထက် ကြီးနေတုန်းပဲ... အခုချိန်ထိ သူတို့က ယန်သုံးပါးနယ်ပယ်မှာ ရှိနေတုန်းပဲ..."
"ပြီးတော့ အဲ့ဒီလူက အစစ်အမှန်နတ်ဆိုး အမွေအနှစ်ကို ရွှေ့ပြောင်းလိုက်တာကြောင့် နတ်ဆိုးသင်္ချိုင်းမြေတစ်ခုလုံးက နတ်ဆိုးချီစွမ်းအင်တွေ ဆုတ်ခွာသွားခဲ့တယ်..."
"သူ့ရဲ့ နည်းလမ်းတွေက ကောင်းကင်ဘုံထိ မြင့်မားတယ်လို့ တင်စားနိုင်ပြီးတော့ လုံးဝစိတ်ကူးလို့မရနိုင်လောက်အောင်ပဲ..."
"ပြီးတော့ သူက အမွေအနှစ်ကို လွယ်လွယ်ကူကူ ရွှေ့ပြောင်းနိုင်ပေမယ့် သူ့အတွက် အသုံးမပြုဘဲနဲ့ လောကကြီးကလူတွေရဲ့မျက်စိရှေ့မှာ ဒီလိုမျိုး လာချထားတယ်..."
"အဲ့ဒီစီနီယာက အစီအစဉ်ကြီးတစ်ခုကို ရေးဆွဲနေတယ်လို့ ငါ သံသယရှိတယ်..."
"ငါတို့ရဲ့ ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်း အနေနဲ့ ဒီအရှုပ်အထွေးထဲကို ဝင်ပါစရာအကြောင်း လုံးဝမရှိဘူး..."