← Chapters

နဂါးဘုရင်ဘုရားကျောင်းကို ရေလွှမ်းမိုးခြင်း

Vol. 25 Ch. 245

နဂါးဘုရင်ဘုရားကျောင်းကို ရေလွှမ်းမိုးခြင်း

Vol. 25 Ch. 245

အချိန်များသည် ဖြည်းညင်းစွာ ကုန်ဆုံးသွားပေ၏။

ယနေ့၌ ကျုံးချင်သည် နှင်းလွင်ပြင်နှင့် မျက်နှာချင်းဆိုင်ရှိ နှင်းဖုံးတောင်တစ်လုံးပေါ်တွင် မတ်တတ်ရပ်နေသည်။

ထိုနှင်းဖုန်းတောင်မှ လှမ်းမျှော်ကြည့်လိုက်လျှင် အောက်ဘက်ရှိ မြေပြင်အနေအထားနှင့် လူသားများ၏ အခြေချနေထိုင်မှုများကို မြင်တွေ့နေရသည်။

ထိုစဉ် မိုးကောင်းကင်ယံထက်တွင် ပုံရိပ်ဆယ့်နှစ်ခု ပျံသန်းရောက်ရှိလာသည်။

ဤသည်မှာ နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးပင်။

မော့ရီသည် တောင်ပံခတ်၍ ပျံသန်းလာကာ ကျုံးချင်၏ရှေ့သို့ ရောက်ရှိလာပေ၏။

သူက ရိုသေလေးစားစွာ ပြောဆိုလိုက်သည်။

"နတ်ဆိုးသခင်... အစစ်အမှန်နတ်ဆိုး အမွေအနှစ် ထွက်ပေါ်လာတာက လူတွေအများကြီးကို ဆွဲဆောင်ခဲ့ပါတယ်... ဒီ အဆင့်နိမ့် ပုရွက်ဆိတ်တွေက သခင်ရဲ့အမွေအနှစ်ကို မက်မောရဲကြတယ်... နတ်ဆိုးသခင် မျက်စိနောက်သက်သာအောင်လို့ ကျွန်တော်တို့က လှုပ်ရှားပြီး သူတို့ကို ရှင်းလင်းပေးရမလား..."

မော့ရီသည် ထိုစကားကို ပြောဆိုရင်း ပြင်းထန်သော သတ်ဖြတ်လိုစိတ်များက သူ၏မျက်လုံးထဲတွင် ဖြတ်ပြေးသွားသည်။

အကယ်၍ သူသာ အမိန့်ပေးလိုက်ပါက နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးသည် ပြိုင်ဘက်ကင်းမိစ္ဆာများအဖြစ် ပြောင်းလဲသွားပြီး ရန်သူများအားလုံးကို စိတ်ကြိုက်လိုက်လံသတ်ဖြတ်ကြလိမ့်မည်ကို ကျုံးချင် သံသယမရှိချေ။

သူက ခေါင်းခါယမ်းလိုက်ပြီး ဂရုမစိုက်ဟန်ဖြင့် ပြုံးလိုက်၏။

"လောလောဆယ် မလုပ်နဲ့အုံး...မင်းတို့အားလုံး လွတ်လွတ်လပ်လပ် သွားလာလို့ ရပြီ...လိုအပ်ရင် ငါ ညွှန်ကြားလိုက်မယ်..."

"ဟုတ်ကဲ့... နတ်ဆိုးသခင်..."

နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးသည် ကျုံးချင်၏ရှေ့၌ တညီတညွတ်တည်း ဒူးထောက်၍ အရိုအသေပြုလိုက်ကြသည်။

ထို့နောက် သူတို့သည် အုပ်စုလိုက် ဟိန်းဟောက်ပြီး ထွက်ခွာသွားကြ၏။

သူတို့သည် လေကဲ့သို့ လျှင်မြန်စွာ ရောက်လာပြီး လေကဲ့သို့ ထွက်ခွာသွားကြခြင်းပင်။

နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦး ထွက်ခွာသွားပြီးနောက်...

ကျုံးချင်သည် သူ၏ခါးတွင် ချိတ်ထားသော ဝိုင်ဘူးသီးခြောက်ကို ဖြုတ်လိုက်ပြီး ဝိုင်အရက်တစ်ငုံ မော့သောက်လိုက်သည်။

သူ အနည်းငယ် မော့သောက်ပြီးနောက် ဝိုင်အရက်များ လုံးလုံးလျားလျား ကုန်သွားလေ၏။

သူ သိုလှောင်ထားသော ဝိုင်အရက်ကောင်းများသည်လည်း ယနေ့တွင် ကုန်ဆုံးသွားခဲ့လေပြီ။

ကျုံးချင်သည် သူ၏ပါးစပ်ကို လျှာဖြင့်သပ်လိုက်ပြီး တောင်အောက်ရှိ ဝိုင်အရက်ဆိုင်များကို ကြည့်လိုက်သည်။

သူ၏ပုံရိပ် လှုပ်ရှားသွားပြီး တဖန်ပြန်၍ ထွက်ပေါ်လာချိန်တွင် တောင်ထိပ်မှ တောင်ခြေသို့ ရောက်ရှိနေလေပြီ။

မူလက လူနေကျဲပါးသော နှင်းလွင်ပြင်တွင် ကြယ်လဂိုဏ်းတစ်ဂိုဏ်းတည်းကသာ ကြီးစိုးထားသည်။

သက်ရှိများ၏ လှုပ်ရှားမှုတချို့ ယခင်က ဤနေရာတွင် ရှိနေခဲ့သော်လည်း တိတ်ဆိတ်ပြီး လူသူကင်းမဲ့သော နေရာတစ်နေရာ ဖြစ်နေဆဲပင်။

သို့သော် အစစ်အမှန်နတ်ဆိုးအမွေအနှစ် ဤနေရာတွင် ထွက်ပေါ်လာကာ လူအမြောက်အများကို ဆွဲဆောင်နိုင်ခဲ့သည့် အချိန်မှစ၍ ဤနေရာသည် အလွန်အမင်း စည်ကားလာခဲ့သည်။

သောင်းနှင့်ချီသောလူများ စုဝေး၍ ရောက်ရှိလာကြရာ မြို့ငယ်တချို့၏ စုစုပေါင်းလူဦးရေနှင့်ပင် ယှဉ်နိုင်လုနီးပါး ဖြစ်နေပေ၏။

ထို့ပြင် ဤလူများသည် နှိုင်းယှဉ်ချက်အရ နေရာတစ်နေရာတည်းတွင် စုဝေးနေကြသဖြင့် စည်ကားမှုအဆင့်သည် မြို့ကြီးတချို့နှင့်ပင် နှိုင်းယှဉ်နိုင်သည်။

ထိုကဲ့သို့ လူဦးရေ မြင့်မားလာမှုနှင့်အတူ စီးပွားရေးလုပ်ငန်းတချို့လည်း သဘာဝကျစွာ ပေါ်ပေါက်လာခဲ့သည်။

အချိန်တိုအတွင်း...

ဝိုင်အရက်ဆိုင်များနှင့် ဈေးဆိုင်များစွာသည် နှင်းလွင်ပြင်တွင် ထွက်ပေါ်လာခဲ့သည်။

အမှန်အားဖြင့် ဤဆိုင်များသည် အလွန်ရိုးရှင်းပြီး အများစုမှာ ယာယီတဲများသာ ဖြစ်ကြသည်။

တဲအပြင်ဘက်တွင် သစ်သားပျဉ်ပြားတစ်ချပ်ကို ဆိုင်းဘုတ်ချိတ်ဆွဲလိုက်ရုံဖြင့် ဆိုင်တစ်ဆိုင် ဖြစ်လာပေ၏။

ကျုံးချင်သည် ချန်မိသားစုဝိုင်အရက်ဆိုင်ဟုခေါ်သော ဆိုင်တစ်ဆိုင်သို့ ရောက်ရှိလာသည်။

ဆိုင်အတွင်းသို့ သူ ဝင်လိုက်ချိန်တွင် ဧရိယာသည် အတော်လေးကျယ်ဝန်းပြီး စတုရန်းမီတာ ရာပေါင်းများစွာ ရှိသည်။

ဤဆိုင်သည် လူတစ်ရာကျော် ဝင်ဆံ့နိုင်ပေ၏။

ဆိုင်ထဲတွင် ဂိုဏ်းအသီးသီးနှင့် အင်အားစုအသီးသီးမှ တပည့်များစွာ ရှိနေကြသည်။

ကျုံးချင်က လွတ်နေသော စားပွဲတစ်လုံးဆီသို့ လျှောက်လှမ်းသွားပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"စားပွဲထိုး... မင်းတို့ဆိုင်ရဲ့ နာမည်ကြီး ဝိုင်အရက်ကောင်းတစ်အိုး ချပေးစမ်း..."

"သခင်ကြီး... ခဏလောက် စောင့်ပေးပါအုံး.."

စားပွဲထိုး၏စိတ်အားထက်သန်သော အသံ ထွက်ပေါ်လာပြီး မကြာမီတွင် 'ပန်းမူးယစ်' ဝိုင်အရက်အိုးတစ်လုံးက ကျုံးချင်၏ရှေ့သို့ ရောက်ရှိလာသည်။

"အမြည်းအတွက် ဟင်းလျာတွေရော ရှိလား..."

ကျုံးချင်က စားပွဲထိုးကို မေးမြန်းလိုက်၏။ သူသည် အစားစားရန် မလိုတော့သည့် ကျင့်ကြံဆင့်နယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း အစားအစာ၏အရသာကို ခံစားနေဆဲပင်။

ဝိုင်အရက်နှင့်အတူ မြည်းစရာဟင်းလျာများ မပါလျှင် တစ်ခုခုလိုနေသကဲ့သို့ သူ အမြဲတစေ ခံစားရသည်။

"သခင်ကြီး... ကျွန်တော်တို့ရဲ့ ဆိုင်လေးက အခုမှ ဖွင့်တာဆိုတော့ ပါဝင်ပစ္စည်းတွေ အများကြီး မပြင်ဆင်ရသေးပါဘူး... အခုလောလောဆယ်တော့ နာမည်ကြီး ဟင်းပွဲသုံးမျိုးပဲ လုပ်ပေးနိုင်မယ်..."

စားပွဲထိုးက မျက်နှာချိုသွေး၍ ပြောဆိုသည်။

အမှန်အားဖြင့် ဤတစ်ကြိမ်တွင် ထိပ်သီးကျင့်ကြံသူ အမြောက်အများ နှင်းလွင်ပြင်သို့ ရောက်ရှိလာကြသည်။

သို့သော် သူတို့ကြားတွင် ရေနောက်၌ ငါးဖမ်းရန် ကြိုးစားနေကြသော သာမန်ကျင့်ကြံသူများလည်း ရှိကြသည်။

သူတို့ကိုယ်သူတို့ အဆင့်အတန်း မြင့်မားသည်ဟု သတ်မှတ်ထားသော ဂုဏ်သတင်းကြီးသည့် ဂိုဏ်းကြီးတချို့သည် ထိုကဲ့သို့ အဆင့်နိမ့် စီးပွားရေး လုပ်ငန်းများကို လုပ်ဆောင်ရန် မနှစ်မြို့ကြပေ။

သို့သော် သာမန်လေလွင့်ကျင့်ကြံသူများ သို့မဟုတ် ဂိုဏ်းငယ်များသည် အစစ်အမှန်နတ်ဆိုးအမွေအနှစ်ကို ရယူရန် အခွင့်အရေး မရှိသော်လည်း စီးပွားရေးပြုလုပ်ရန်အတွက် ဤအခွင့်အရေးကို အသုံးချနိုင်ကြသည်။

စားပွဲထိုးသည် ဤအမျိုးအစားဝင် လူတစ်ယောက် ဖြစ်သဖြင့် သူ၏အနေအထားသည် အလွန်အမင်း နှိမ့်ချနေပေ၏။

သူသည် တတ်နိုင်သမျှ နာခံရို့ကျိုးစွာဖြင့် အရိုအသေ ပေးနေကာ သူ၏အနေအထားကို သူ ရှင်းလင်းစွာ နားလည်ထားသည်။

သူသည် တခြားလူများကို မျက်နှာချိုသွေးရင်း ပိုက်ဆံရှာရသော ပင်ပန်းသည့် အလုပ်အကိုင်ကို လုပ်ဆောင်နေရသူပင်။

"နာမည်ကြီး ဟင်းပွဲသုံးမျိုးကို တစ်ပွဲစီ ယူခဲ့လိုက်..."

ကျုံးချင်က ဝိုင်အရက်တစ်ခွက်ငှဲ့ပြီး ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်၏။

"ကောင်းပါပြီ သခင်ကြီး... ကျေးဇူးပြုပြီး ခဏလောက် စောင့်ပေးပါ..."

စားပွဲထိုး အလျင်အမြန် ထွက်ခွာသွားပြီး မကြာမီ ချက်ပြုတ်ထားသော ဟင်းပွဲသုံးပွဲက စားပွဲပေါ်သို့ ရောက်ရှိလာသည်။

ကျုံးချင်က ဝိုင်အရက်သောက်ပြီး အမြည်းစားလိုက်သည်။

သူ၏နံဘေးပတ်လည်ရှိ ဆွေးနွေးသံများကို နားထောင်ရင်း သူသည် မြောက်ပိုင်းဒေသရှိ အဓိကအင်အားစုများအကြောင်း အကြမ်းဖျင်း နားလည်လာခဲ့သည်။

ယေဘုယျအားဖြင့် မြောက်ပိုင်းဒေသကို ထိပ်သီးအင်အားစုကြီးလေးခုက လွှမ်းမိုးထားသည်။

ထိုထိပ်သီးအင်အားစုကြီး တစ်ခုစီတွင် အလွန် နက်ရှိုင်းသော နောက်ခံနှင့် ခိုင်မာသော အမွေအနှစ်များ ရှိကြသည်။

ဥပမာအားဖြင့် ထျန်းရှင်းတောင်သည် ကောင်းကင်ဘုံနတ်ဘုရား ချန်ထားရစ်ခဲ့သော အမွေအနှစ်ကို ပိုင်ဆိုင်ထားသည်ဟု ကောလာဟလများ ရှိသည်။

နောက်ထပ် ဥပမာတစ်ခုမှာ ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်းပင်။ ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်း၏ ဘိုးဘေးသည် အင်မော်တယ်တစ်ယောက် ကောင်းကင်ဘုံသို့တက်လှမ်းသွားပြီးနောက် ချန်ထားရစ်ခဲ့သော အကြွင်းအကျန်များကို ရရှိခဲ့သဖြင့် ကြီးပွားတိုးတက်လာပြီး ကြီးမားသော အင်အားစုကြီးတစ်ခုကို တည်ထောင်နိုင်ခဲ့သည်ဟု ဆိုကြသည်။

ထိပ်သီးအင်အားစုကြီးတစ်ခုစီသည် အလွန်လျှို့ဝှက်ဆန်းကြယ်ကြ၏။

သူတို့သည် အင်မော်တယ်များနှင့် ဆက်နွှယ်နေခြင်း သို့မဟုတ် နတ်ဘုရားများနှင့် ရှုပ်ထွေးစွာ ဆက်စပ်နေခြင်းများ ရှိနေသည်။

ဤကိစ္စများ အမှန်ဟုတ်မဟုတ်ကိုမူ သူ စောင့်ကြည့်ရပေမည်။

ကျုံးချင်က သူ၏နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်မိသည်။ ဤ အင်အားစုများသည် အမှန်တကယ်ကို ကြောက်မက်ဖွယ် ကောင်းလှသည်။

ကံကောင်းထောက်မစွာဖြင့် သူသည် ယခင်ကနှင့် မတူတော့ချေ။

သူ၏ကိုယ်ပိုင်စွမ်းအားသည် ကြီးမားလာရုံသာမက သူ၏လက်အောက်ငယ်သားများသည်လည်း သာလွန်ထူးကဲကြပြီး ဝှက်ဖဲများစွာလည်း ပိုင်ဆိုင်ထားသည်။

နတ်ဆိုးမြို့တော်သည်ပင် သူ၏ထိန်းချုပ်မှုအောက်တွင် ရှိနေသည်ကို ထည့်ပြောနေရန် မလိုတော့ချေ။

ယေဘုယျအားဖြင့် လက်ရှိအခြေအနေသည် သူ၏ထိန်းချုပ်မှုအောက်တွင် ရှိနေဆဲပင်။

... ...

အခြားတစ်ဖက်တွင်...

နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးသည် လွတ်လပ်စွာ သွားလာရန် ကျုံးချင်၏အမိန့်ကို ရရှိထားသဖြင့်...

ဇက်ကြိုးလွတ်သွားသော မြင်းရိုင်းများကဲ့သို့ ဖြစ်နေကြ၏။

သူတို့သည် ဟိန်းဟောက်ပြီး မိုးကောင်းကင်ယံသို့ အတက်အဆင်း ပြုလုပ်ကာ လျှင်မြန်စွာ ပျံသန်းနေကြသည်။

သူတို့သည် သူတို့၏ပင်ကိုယ်ဗီဇများကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်နေကြခြင်းဖြစ်သည်။

ဤှသည်က မည်မျှထိ ပျော်ရွှင်ဖွယ် ကောင်းသနည်း။

နတ်ဆိုးသင်္ချိုင်းမြေတွင် မရေမတွက်နိုင်သော နှစ်ကာလများစွာကြာအောင် ပိတ်လှောင်ခံထားရသော နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးအတွက် လေရှူရှိုက်ရခြင်းကိုပင် လွတ်လပ်မှုဟု ခံစားနေရသည်၏

"အစ်ကိုကြီး... ငါတို့ ချိပ်ပိတ်ခံထားရတာ ကြာလွန်းလို့ ပါးစပ်တွေတောင် အရသာ ပျက်နေပြီ..."

"ငါတို့ အားပြန်ဖြည့်ဖို့ အသားနည်းနည်းလောက် ရှာစားကြမလား..."

"ပြီးတော့ ငါတို့ရုပ်ခန္ဓာကိုယ်တွေရဲ့စွမ်းအားကိုလည်း မြှင့်တင်ရအောင်လေ..."

နွားဝါကြီးတစ်ကောင်က ဟိန်းဟောက်လိုက်ပြီး သူ၏မျက်လုံးအကြည့်ကို ကစားလိုက်၏။

နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးသည် စည်းလုံးညီညွတ်ကြပြီး တစ်ယောက်ကိုတစ်ယောက် ညီအစ်ကိုများဟု ခေါ်ဝေါ်ကြသည်။

နတ်ဆိုး ၁ မှ နတ်ဆိုး ၅ အထိ ကြက်ပေါက်စများ ဖြစ်ကြကာ...

နတ်ဆိုး ၆ နှင့် နတ်ဆိုး ၇ သည် ဘဲပေါက်စများ ဖြစ်ကြ၏။

နတ်ဆိုး ၈ မှ နတ်ဆိုး ၁၀သည် အစက်အပြောက်များပါသော ဝက်သုံးကောင်၏ရုပ်ခန္ဓာကိုယ်များကို သိမ်းပိုက်ထားကြသည်။

နောက်ဆုံးအနေဖြင့် နွားနှစ်ကောင်မှာ နတ်ဆိုး ၁၁ နှင့် နတ်ဆိုး ၁၂ တို့ပင်။

နွားဝါကြီး၏စကားကို ကြားချိန်၌ တခြားနတ်ဆိုးစစ်သူကြီးများ သိသိသာသာ စိတ်ဝင်စားသွားကြ၏။

သူတို့သည် အထွတ်အထိပ် အခြေအနေတွင် မရှိကြဘဲ လက်ရှိတွင် အားနည်းနေကြသော်လည်း...ပိန်လှီးနေသော ကုလားအုတ်သည် မြင်းထက် ကြီးနေဆဲဟူသော ဆိုရိုးစကားအတိုင်းပင်။

မည်သို့ပင်ဆိုစေကာမူ သူတို့သည် အစစ်အမှန်နတ်ဆိုး၏နောက်လိုက် ဖြစ်ခဲ့ဖူးသူများပင်။

သူတို့၏စွမ်းအားသည် ယခင်ထက် ဆယ်ပုံတစ်ပုံအောက် လျော့နည်းနေလျှင်ပင် အောက်ဘက်ရှိ ပုရွက်ဆိတ်အုပ်စုကို ရိုက်နှက်ခြင်းသည် ဆန်မုန့်စားသလောက် လွယ်ကူလိမ့်မည်ဟု သူတို့ ယုံကြည်ကြသည် မဟုတ်လော.....

ဤ အကြံပြုချက်သည် နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးလုံးထံမှ တညီတညွတ်တည်း သဘောတူညီချက်ကို ရရှိခဲ့သည်။

သူတို့သည်တစ်ကောင်ပြီး တစ်ကောင် လည်ပင်းဆန့်တန်းလိုက်ပြီး သားကောင်ကို စတင်၍ ရှာဖွေလိုက်ကြ၏။

"အစ်ကိုကြီး... ကြည့်ပါအုံး... ဟိုနွားနဲ့ မြင်း ဆိုရင်ရော ဘယ်လိုလဲ..."

အစက်အပြောက်ပါသော ဝက်တစ်ကောင်က နှာမှုတ်ပြီး သူ၏နှာခေါင်းဖြင့် ညွှန်ပြလိုက်သည်။

တခြားသူများက သူ ညွှန်ပြရာ လမ်းကြောင်းအတိုင်း ကြည့်လိုက်ကြသည်။

နတ်ဆိုးမြို့တော်၏အပြင်ဘက်ရှိ လူသူကင်းမဲ့သော တောအုပ်တစ်ခုတွင် နွားတစ်ကောင်နှင့် မြင်းတစ်ကောင်သည် မြေပြင်ပေါ်၌ အေးအေးလူလူ လမ်းလျှောက်နေသည်ကို သူတို့ မြင်တွေ့လိုက်ရသည်။

သူတို့၏နံဘေးတွင် စာခြောက်ရုပ်တစ်ရုပ်လည်း မြေကြီးထဲတွင် စိုက်လျက်သား ရှိနေပေ၏။

နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးသည် စာခြောက်ရုပ်ကို လုံးလုံးလျားလျားလျစ်လျူရှုလိုက်ကြသည်။

ထိုအစား သူတို့၏မျက်လုံးများသည် နွားနှင့် မြင်းကို ကြည့်မိချိန်၌ တောက်ပသွားသည်။

"ယန်သုံးပါးနယ်ပယ် ဒုတိယအဆင့် ကျင့်ကြံသူ... သူတို့ရဲ့စွမ်းအားက မဆိုးဘူးပဲ..."

"အဓိကကတော့ နွားသားနဲ့ မြင်းသားက တကယ့်ကို အရသာရှိတယ်..."

"သူတို့ကို ရွေးချယ်လိုက်ပြီ..."

မော့ရီ၏မျက်နှာပေါ်တွင် စိတ်လှုပ်ရှားသော အမူအယာတစ်ရပ် ထင်ဟပ်လာသည်။

"ညီလေးတို့... တိုက်ခိုက်ကြ.တော့..သူတို့ကို ဖမ်းပြီး ဒီည ဝိုင်အရက်နဲ့ အသား စားကြမယ်..."

ရုတ်ချည်းဆိုသလိုပင် နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးသည် တပြိုင်နက်တည်း လှုပ်ရှားလိုက်ကြ၏။

ကျိုင်းကောင်အုပ် ဖြတ်သန်းသွားသည့်အလား သူတို့ထံမှ အထိန်းအကွပ်မဲ့သော အော်ဟစ်ရယ်မောသံများ ထွက်ပေါ်လာသည်။

ပိုင်လင်း၏အမိန့်ကို ရရှိပြီးနောက် စာခြောက်ရုပ်သည် မြေကမ္ဘာနွားနတ်ဆိုးနှင့် မိုးပြာနဂါးမြင်းတို့ကို နတ်ဆိုးမြို့တော်၏အပြင်ဘက်သို့ ခေါ်ထုတ်လာခဲ့သည်။

သူတို့သည် တိတ်ဆိတ်သော နေရာတစ်ခုကို ရှာတွေ့ခဲ့ပြီးနောက် စာခြောက်ရုပ်သည် အိပ်ပျော်နေသော အခြေအနေသို့ ရောက်ရှိသွားပေ၏။

အခြားတစ်ဖက်တွင် မြေကမ္ဘာနွားနတ်ဆိုးနှင့် မိုးပြာနဂါးမြင်းတို့သည် အပျင်းပြေ စကားစမြည် ပြောဆိုနေကြသည်။

သူတို့ စကားပြောနေသည်မှာ သိပ်မကြာသေးမီမှာပင်.....

မွေးမြူရေး တိရစ္ဆာန်တစ်အုပ်သည် ထူထပ်သိပ်သည်းစုဝေးပြီး သူတို့ဆီသို့ ပြေးဝင်လာသည်ကို မြင်တွေ့မိပေ၏။

ထို့ပြင် ယနေ့ည၌ သူတို့၏အသားကို စားမည်ဟုပင် အော်ဟစ်နေကြသည်။

သူတို့သည် စာခြောက်ရုပ်ထံ အညံ့ခံခဲ့ရသော်လည်း တစ်စုံတစ်ယောက်အတွက် နွားနှင့် မြင်းအဖြစ် အမှုထမ်းရခြင်းသည် သူတို့ကို အနည်းငယ် စိတ်မကျေမနပ် ဖြစ်စေပြီး ဖိနှိပ်ခံရသည်ဟု ခံစားနေရဆဲပင်။

အိုး ဘုရားရေ...

သူတို့ထက် ပို၍သန်မာအားကောင်းသူတစ်ယောက်၏ အနိုင်ကျင့်ခြင်းကို ခံရသည်ကို အရေးမစိုက်လျှင်ပင်....

ယခုချိန်၌ အသိဉာဏ်အနည်းငယ် ရရှိထားသော စိတ်ဝိညာဉ်နတ်ဆိုးလေးများ ဖြစ်သည့် မွေးမြူရေးတိရစ္ဆာန်တစ်အုပ်က သူတို့ကို ရန်စဝံ့နေကြသည်။

သူတို့ကို အနိုင်ကျင့်ရန် အလွန်လွယ်ကူသည်ဟု ဤကောင်စုတ်များက အမှန်တကယ် ထင်နေကြသလော...

မည်သို့ပင်ဆိုစေကာမူ သူတို့သည် ပျင်းရိနေသဖြင့် ဤနတ်ဆိုးတစ်စုနှင့် ကစားလိုက်သည်က ပိုကောင်းပေလိမ့်မည်။

မြေကမ္ဘာနွားနတ်ဆိုးနှင့်မိုးပြာနဂါးမြင်းတို့သည် အကြည့်ချင်း ဖလှယ်ပြီး ပြုံးလိုက်ကြ၏။

သူတို့၏အပြုံးများသည် တဖြည်းဖြည်း ယုတ်မာကောက်ကျစ်မှုသို့ ပြောင်းလဲလာခဲ့သည်။

All Chapters