ဇဝေဇဝါ ဖြစ်ရသော ကျုံးချင်
Vol. 25 Ch. 247
"သေကြစမ်း..."
မော့ရီက ခြေတစ်ဖက် ဆောင့်နင်းလိုက်ပြီး စာခြောက်ရုပ်ဆီသို့ တန်းတန်းမတ်မတ် ပြေးဝင်သွားကြ၏။
ကြွင်းကျန်သော နတ်ဆိုးစစ်သူကြီးများ၏ မျက်လုံးများထဲတွင်လည်း ရက်စက်သော အကြည့်များ ထင်ဟပ်လာကာ သတ်ဖြတ်ခြင်းလှုပ်ရှားမှုများကို ထုတ်ဖော်လိုက်ကြသည်။
သူတို့သည် နွားနှင့်မြင်းကို အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲပစ်ရန် ရည်ရွယ်ထားပုံရပေ၏။
ဤနွားနှင့်မြင်းသည် သူတို့၏အရှင်သခင်ကို စော်ကားခဲ့သည် မဟုတ်လော....
ထိုသားရဲနှစ်ကောင်၏အပြစ်များသည် မည်မျှထိ ကြီးလေးပြီး ခွင့်လွှတ်၍ မရနိုင်ကြောင်း သိရှိနားလည်စေရန်အတွက် သူတို့သည် အရက်စက်ဆုံးနည်းလမ်းများကို အသုံးပြုရပေမည်။
သို့သော် နောက်ထပ်အချိန်တခဏတွင်...
ပတ်ဝန်းကျင်နေရာတဝိုက်လုံး တိတ်ဆိတ်သွားခဲ့သည်။
ထူးဆန်းပြီး အစွမ်းထက်သော အားလှိုင်းတစ်ခုသည် လေဟာနယ်ကို တိုက်ရိုက်အေးခဲသွားစေပေ၏။
ဤသည်မှာ လောကကြီးရှိလှုပ်ရှားမှုများကို ယာယီရပ်တန့်ခိုင်းလိုက်သည့်အလားပင်။
နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးသည် လေဟာနယ်ထဲတွင် အေးခဲတောင့်တင်းသွားကြသည်။
သူတို့၏အတွေးများကိုသာ ဖြည်းညှင်းစွာ လည်ပတ်နိုင်တော့သည်။
"ဒါ... ဒါက ဘယ်လို အခြေအနေကြီးလဲ..."
အချိန်တခဏအတွင်းတွင် နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦး ထိတ်လန့်တုန်လှုပ်သွားကြသည်။
သူတို့သည် အတိတ်က နတ်ဆိုးသခင်ထံ၌သာ ဤကဲ့သို့ နည်းလမ်းများကို မြင်တွေ့ခဲ့ဖူးသည်။
ဤနေရာအနီးတဝိုက်တွင် အစစ်အမှန် နတ်ဘုရားတစ်ပါး ပုန်းအောင်းနေခြင်း ဖြစ်နိုင်သလော....
ဤအကြောင်းကို တွေးတောမိသည်နှင့် နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးလုံး စိတ်မသက်မသာ ဖြစ်သွားကြသည်။
သူတို့ အံ့အားသင့်နေချိန် သို့မဟုတ် တုန်လှုပ်နေချိန်တွင်...
စာခြောက်ရုပ်က လှုပ်ရှားလိုက်သည်။
သူသည် သူ၏တံစဉ်ကို ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်၏။
သူသည် အေးစက်စက်မျက်နှာထားဖြင့် နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးထံသို့ လျှောက်လှမ်းသွားလိုက်သည်။
အစောပိုင်းက သူ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခဲ့သည်။
နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးထံတွင် ကျန်ရှိနေသော ရင်းနှီးသည့် အရှိန်အဝါကိုလည်း သူ အာရုံခံမိပေ၏။
ဤသည်မှာ သူ့သခင်၏ အရှိန်အဝါပင်။
သူ့ထံတွင် တိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိသည့်အပြင် ဆန္ဒလည်း မရှိခဲ့ပေ။
သူ၏အမြင်အရ ဤအရာသည် ဟာသပြက်လုံးတစ်ခုသာဖြစ်ပြီး ပြီးဆုံးသွားပါက သူတို့အားလုံး လူစုခွဲသွားသင့်သည်။
သို့သော် နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးက သူ့ကို တိုက်ခိုက်ခဲ့ကြရာ ဤအရာကို သူ သည်းမခံနိုင်ချေ။
ထို့ကြောင့် စာခြောက်ရုပ်သည် လှုပ်ရှားလိုက်ခြင်း ဖြစ်ပေ၏။
သူသည် နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးကို တောင့်တင်းအေးခဲသွားစေခဲ့သည်။
သူ၏ခြေလှမ်းများသည် မြန်ဆန်ခြင်းမရှိဘဲ ယိုင်တိယိုင်တိုင်ဖြစ်နေကာ ရူးသွပ်စေသော ခံစားချက်ကို ပေးစွမ်းနိုင်သည်။
သို့သော် မြေကမ္ဘာနွားနတ်ဆိုးနှင့် မိုးပြာနဂါးမြင်းတို့၏ မျက်လုံးထဲတွင်မူ...
ဤခြေလှမ်းများသည် မြင့်မြတ်မှုများဖြင့် ပြည့်နှက်နေသည်။
သူတို့သည် အမြဲတစေ အတုခိုးချင်ခဲ့ကြသော်လည်း ထိုခြေလှမ်းများ၏အနှစ်သာရကို မည်သည့်အချိန်ကမျှ နားမလည်နိုင်ခဲ့ကြချေ။
စာခြောက်ရုပ် ရွေ့လျားလာသည်နှင့် နွားနှင့် မြင်းတို့သည် စိတ်လှုပ်ရှားလာကြ၏။
"မင်းတို့ ဘယ်လောက်ပဲ စွမ်းအားကြီးပါစေ... နတ်ဆိုးသခင်ရဲ့ရှေ့မှောက်မှာတော့ မင်းတို့က အမှိုက်တွေပဲ..."
"ဟမ့်..."
"ခုဏက မင်းတို့က ငါတို့ညီအစ်ကိုနှစ်ယောက်ကို တော်တော်လေး ရက်ရက်စက်စက် တိုက်ခိုက်ခဲ့ကြတယ် မဟုတ်လား..."
နွားနှင့်မြင်းတို့သည် သူတို့၏ ခွာများကို မြှောက်လိုက်ပြီး နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးအပေါ်သို့ ကြုံရာကျပန်း ရိုက်နှက်လိုက်ကြသည်။ ထို့နောက် သူတို့သည် စိတ်သက်သာရာ ရသွားပုံရပြီး လူမိုက်တစ်ယောက်မှ သူ လိုချင်သည်ကို ရသွားသည့် ပျော်ရွှင်မှုမျိုးအား အပြည့်အဝ ထုတ်ဖော်ပြသလိုက်ကြ၏။
သူတို့က ရိုက်နှက်နေရင်း အော်ဟစ်လိုက်ကြသည်။
"မင်းတို့က ကြောက်စရာကောင်းတာတော့ အမှန်ပဲ... ဒါပေမဲ့ ငါတို့သခင်ရဲ့ လက်ထဲမှာတော့ အမြှောက်စာလေးတွေ သက်သက်ပါပဲ..."
သို့သော် ဤအချိန်တွင် နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးသည် နွားနှင့်မြင်းတို့၏ လက်စားချေမှုကို ဂရုမစိုက်နိုင်ကြတော့ချေ။
သူတို့က စာခြောက်ရုပ်ကို စူးစိုက်၍ ကြည့်နေကြသည်။
ဤအချိန်တွင် လှုပ်ရှားလိုက်သူမှာ စာခြောက်ရုပ်ဖြစ်ကြောင်း သူတို့ နောက်ဆုံးတွင် အတည်ပြုလိုက်နိုင်ကြလေပြီ။
ယခင်က သူတို့၏ မျက်လုံးထဲတွင် အသက်စွမ်းအားမရှိဘဲ အလှဆင်ပစ္စည်းတစ်ခုသာ ဖြစ်ခဲ့သည့် စာခြောက်ရုပ်သည် ယခုအချိန်၌ သူတို့ထံသို့ ခြေတစ်လှမ်းချင်း လျှောက်လှမ်းလာသည်။
သူ၏အရှိန်အဝါသည် ယုံကြည်နိုင်စရာမရှိလောက်အောင် အားကောင်းလှသည်။
ငရဲနယ်မြေမှ နတ်ဆိုးနတ်ဘုရားတစ်ပါးအလားပင်။
နက်နဲသော... အားကောင်းသော... တိုင်းတာ၍ မရနိုင်သော...
အချိန်တစ်ခဏအတွင်းတွင် အေးစက်မှုတစ်ခုသည် နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦး၏ စိတ်နှလုံးသားထဲသို့ ဖြတ်သန်းသွားခဲ့သည်။
နတ်ဆိုးသခင်အပြင် ဤလောကကြီးထဲတွင် ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်တစ်ခု လျှောက်လှမ်းနေလိမ့်မည်ဟု သူတို့ မည်သည့်အချိန်ကမျှ စိတ်ကူးမယဉ်ဖူးခဲ့ကြချေ။
စာခြောက်ရုပ်က သူ၏တံစဉ်ကို ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်သည်နှင့်...
ကြောက်မက်ဖွယ်ရာ အကျပ်အတည်း အာရုံခံစားမှုတစ်ခုသည် နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦး၏စိတ်နှလုံးသားထဲသို့ လွှမ်းမိုးသွားခဲ့သည်။
သူတို့၏ခန္ဓာကိုယ်များပေါ်ရှိ အမွှေးများအားလုံး ထောင်မတ်သွားကြ၏။
သူတို့၏အားကောင်းပြီး စူးရှသော အာရုံခံစားမှုများကို အခြေခံ၍... ဤ တိုက်ခိုက်မှုကို လုံးဝကျရောက်မခံနိုင်ကြောင်း သူတို့၏မသိစိတ်က ပြောပြနေသည်။
ထိုသို့မဟုတ်ပါက သူတို့ သေသွားပေလိမ့်မည်။
သူတို့၏နတ်ဘုရားစိတ်ဝိညာဉ်များသည် ချေမှုန်းခံရမည် ဖြစ်ပြီး မည်သူမျှ သူတို့ကို ကယ်တင်နိုင်မည် မဟုတ်ပေ။
အချိန်တခဏအတွင်းတွင် နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦး၏မျက်လုံးများသည် အရေးပေါ် အခြေအနေကြောင့် ဖြူဖျော့သွားကြ၏။
"သခင်... ကျွန်တော်တို့ကို ကယ်ပါအုံး..."
နောက်ဆုံးတွင် မော့ရီက အသံကုန်အော်ဟစ်လိုက်သည်။
ဤအဆင့်ရောက်လာသဖြင့် အကူအညီ တောင်းခံရသည့် ရှက်ရွံ့မှုကို သူ ဂရုမစိုက်နိုင်တော့ပေ။
စာခြောက်ရုပ်သည် အလွန်ကြောက်မက်ဖွယ် ကောင်းကာ သူတို့ကို စိုက်ကြည့်နေရုံဖြင့် သူတို့၏ကျောရိုးတလျှောက် စိမ့်တက်လာသော ကြောက်ရွံ့မှုကို ပေးစွမ်းနေပေ၏။
ဤလောကကြီးတွင် သူတို့ကို မည်သူက ကယ်တင်နိုင်သနည်းဟု မေးပါက...
နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦး၏စိတ်နှလုံးသားထဲတွင် ပြိုင်ဘက်ကင်းစွမ်းအားရှိသော အထွတ်အထိပ်နတ်ဆိုးသခင် ကျုံးချင် တစ်ဦးတည်းသာရှိသည်။
မော့ရီက အကူအညီ တောင်းခံနေသည်ကို မြင်လိုက်ရသဖြင့် မြေကမ္ဘာနွားနတ်ဆိုးနှင့် မိုးပြာနဂါးမြင်းတို့သည် တုန်လှုပ်သွားကြ၏။
ဤသတ္တဝါတစ်စု၏စွမ်းအားသည် မည်မျှထိ ကြောက်မက်ဖွယ်ကောင်းကြောင်း သူတို့ သိထားကြသည်။
သူတို့ကို အညံ့ခံစေပြီး သခင်အဖြစ် အသိအမှတ်ပြုစေနိုင်သော လူတစ်ယောက်သည် ရိုးရှင်းမည်လော...
ဤသည်က မည်သည်ကြောင့် ရှင်းပြ၍မရအောင် ကြောက်မက်ဖွယ်ကောင်းနေသနည်း...
သို့သော် အလွန်လျင်မြန်စွာဖြင့် သူတို့သည် သူတို့ကိုယ်သူတို့ အတင်းအကြပ် တည်ငြိမ်အောင် ပြုလုပ်လိုက်ကြသည်။
စာခြောက်ရုပ်၏စွမ်းအားသည် သူတို့ မြင်ဖူးသမျှ ကျင့်ကြံသူများအနက် အမြင့်မားဆုံး ဖြစ်ကြောင်း သူတို့ သိထားကြသည်။
သူ လှုပ်ရှားလိုက်တိုင်း အသက်ရှင်ကျန်ရစ်သူ မရှိခဲ့ပေ။
ပြိုင်ဘက်၏ကျင့်ကြံခြင်းသည် မည်သည့်ကျင့်ကြံဆင့်နယ်ပယ်၌ ရှိနေပါစေ ဒုတိယအကြိမ် တိုက်ခိုက်ရန် မလိုအပ်ခဲ့ချေ။
နှစ်ဖက်လုံးထံတွင် သခင်များ ရှိနေသဖြင့်...
နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦး၏သခင်သည် သူတို့၏အရှင်သခင်ဖြစ်သော နတ်ဆိုးသခင်ကို အနိုင်ယူနိုင်လိမ့်မည်ဟု သူတို့ မယုံကြည်ကြပေ။
ဤသို့ တွေးမိလိုက်ပြီးနောက် နွားနှင့်မြင်း၏ တင်းမာနေသော အာရုံကြောများ အနည်းငယ် ပြေလျော့သွားသည်။
သူတို့သည် နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးကို ကြည့်ပြီး ပြောဆိုလိုက်၏။
"အော်လိုက်စမ်းပါ...မင်းတို့ လည်ချောင်းကွဲတဲ့ထိ အော်နေရင်တောင် ဘာမှအသုံးဝင်မှာ မဟုတ်ဘူး..."
"မင်းတို့က ငါတို့ ညီအစ်ကိုတွေကိုပဲ ရန်စခဲ့မယ်ဆိုရင် မင်းတို့အသက်ရှင်ဖို့ မျှော်လင့်ချက်ရောင်ခြည်လေး နည်းနည်းတော့ ရှိနေအုံးမယ်..."
"ဒါပေမဲ့ မင်းတို့က ငါတို့ရဲ့သခင်ကို ရန်စခဲ့မှတော့... ဒီနေ့ ကောင်းကင်ဧကရာဇ် ဆင်းလာရင်တောင် မင်းတို့ကို ကယ်တင်နိုင်မှာ မဟုတ်ဘူး..."
တစ်ချိန်တည်းမှာပင်...
ချန်မိသားစု ဝိုင်အရက်ဆိုင် အတွင်း၌...
ဝိုင်အရက်သောက်နေသော ကျုံးချင်က မျက်မှောင်ကြုတ်လိုက်သည်။
မော့ရီ၏ အကူအညီတောင်းခံသံကို သူ ကြားလိုက်ရပေ၏။
မော့ရီ၏စွမ်းအားကို သူ သိရှိထားသည်။ သူသည် ယန်သုံးပါးနယ်ပယ်တွင်ရှိသော တည်ရှိမှုတစ်ခုပင်။ သူ၏လက်ရှိအခြေအနေသည် အထွတ်အထိပ်သို့ မရောက်ရှိသေးသော်လည်း ယန်သုံးပါးနယ်ပယ်အတွင်းတွင် သူသည် ပြိုင်ဘက်ကင်း ဖြစ်နေသင့်ပေသည်။
ထို့ပြင် နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးသည် အလွန်စည်းလုံးညီညွတ်ပေ၏။
သူတို့ကို အကူအညီ တောင်းခံအောင် မည်သူက ပြုလုပ်နိုင်သနည်း....
ဤအကြောင်းကို တွေးတောမိသည်နှင့် ကျုံးချင် ထိုင်မနေနိုင်တော့ချေ။
သူ၏နတ်ဘုရားစိတ်အာရုံကို ချက်ချင်းဖြန့်ကျက်လိုက်သည်။
ရုတ်ချည်းဆိုသလိုပင် မော့ရီနှင့်တခြားသူများသည် သူ့ထံမှ ဆယ်မိုင်အောက်သာ ဝေးသော နေရာတွင် ရှိနေသည်ကို မြင်လိုက်ရပြီး တံစဉ်ကို ကိုင်မြှောက်ထားသော စာခြောက်ရုပ်ကိုလည်း တွေ့လိုက်ရသည်။
ဤအခြေအနေသည် ကျုံးချင်ကို လုံးလုံးလျားလျား ဇဝေဇဝါ ဖြစ်သွားစေသည်။
နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးကို သတ်ချင်နေသူမှာ စာခြောက်ရုပ် ဖြစ်နေခဲ့သည်။
ဤသည်မှာ ရေကြီးပြီး နဂါးဘုရင်ဘုရားကျောင်းကို တိုက်စားသွားသကဲ့သို့ ဖြစ်မနေသလော....
သူ အချိန်ဆွဲမနေဘဲ စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးကို ထုတ်ယူကာ စားပွဲပေါ်သို့ တင်လိုက်သည်။
ထို့နောက် သူသည် သူ၏အမြန်ဆုံး အရှိန်နှုန်းကို ထုတ်သုံးလိုက်ရာ အခင်းဖြစ်ပွားရာနေရာသို့ ကူးပြောင်းလိုက်သည့်အလား ရောက်ရှိသွားသည်။
နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးသည် အလွန်သန်မာပြီး သူ့အတွက် အားကိုးရသော လက်ရုံးများပင်။
အကယ်၍ စာခြောက်ရုပ်သာ သူတို့ကို ဓားချက်တစ်ချက်တည်းဖြင့် ခုတ်ပိုင်းလိုက်ပါက သူသည် အမှန်တကယ်ကို အချိန်အကြာကြီး နာကျင်ကြေကွဲနေရပေမည်။
ကျုံးချင်သည် ယခုအချိန်၌ ယန်သုံးပါးနယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်ရာ သူ၏အမြန်နှုန်း အလွန်မြန်ဆန်လှသဖြင့် ဆယ်မိုင်ခရီးကို အသက်ရှူချိန်အနည်းငယ်အတွင်း ရောက်ရှိသွားခဲ့သည်။
စာခြောက်ရုပ်၏တံစဉ် မြင့်မားစွာ မြောက်တက်သွားပြီး ကျဆင်းတော့မည့် အချိန်တွင်...
"ရပ်လိုက်..."
ကျုံးချင်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
စာခြောက်ရုပ်၏မျက်တွင်းဟောက်ပက်ထဲတွင် ခပ်ဖျော့ဖျော့ အပြာရောင်အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။
သူသည် ကျုံးချင်၏အသံကို မှတ်မိပေ၏။
"ဟူး..."
ထိုအချိန်မှသာ ကျုံးချင်က လေဟာနယ်ထဲမှ ထွက်ပေါ်လာခဲ့သည်။
တော်ပါသေးရဲ့...
သူ အချိန်မီ ရောက်လာခဲ့သည်။
အကယ်၍ သူ ခြေလှမ်းတစ်ဝက်ခန့် နောက်ကျခဲ့ပါက သူသည် နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦး၏ အလောင်းများကို အမှန်တကယ် ကောက်ယူရပေလိမ့်မည်။
ကျုံးချင် ရောက်ရှိလာခြင်းနှင့်အတူ မျှော်လင့်ချက် ကင်းမဲ့နေသော နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦး၏ မျက်လုံးများတွင် မျှော်လင့်ချက်များ ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။
"သခင်... နောက်ဆုံးတော့ ရောက်လာပြီပဲ..."
"ဒီ စာခြောက်ရုပ်က ကျွန်တော်တို့ကို သတ်ဖို့လုပ်နေတယ်.. ဒါက သခင့်ရဲ့ ဂုဏ်သိက္ခာကို စော်ကားလိုက်တာပဲ... ကျေးဇူးပြုပြီး သခင့်ရဲ့ ဂုဏ်သိက္ခာကို တည်ဆောက်ဖို့ သူ့ကို ရိုက်နှက်လိုက်ပါ..."
မော့ရီက ထိုစကားကိုပြောဆိုရင်း မြေကမ္ဘာနွားနတ်ဆိုးနှင့်မိုးပြာနဂါးမြင်းတို့ကို မောက်မာထောင်လွှားသောအကြည့်ဖြင့် ကြည့်လိုက်သည်။
သူ၏ မျက်နှာထားသည် 'ဘယ်သူ့မှာ သခင် မရှိလို့လဲ' ဟု ပြောနေသည့်အလားပင်။
ဤအကြည့်သည် နွားနှင့်မြင်းကို အနေရခက်စေခဲ့သည်။
သို့သော် မြေကမ္ဘာနွားနတ်ဆိုးက အေးစက်စက် နှာမှုတ်လိုက်၏။
"စောစောစီးစီး ပျော်မနေနဲ့အုံး... ငါတို့သခင်က လောကမှာ ပြိုင်ဘက်ကင်းတယ်... သူ့ရဲ့ နတ်ဆိုးစွမ်းအားက ကောင်းကင်ကို လွှမ်းခြုံထားတယ်...သူက ပြိူင်ဘက်ကင်းကျင့်ကြံသူလို့ပြောရင် လွန်မှာ မဟုတ်ဘူး...မင်းတို့ရဲ့သခင် ရောက်လာတော့ရော ဘာဖြစ်သလဲ..."
"သူလည်း..."
သူ၏စကားမဆုံးမီမှာပင် စာခြောက်ရုပ်သည် သရဲတစ္ဆေ တစ်ကောင်အလား ကျုံးချင်၏ရှေ့သို့ မျောလွင့်သွားကာ ခြောက်သွေ့ပြီး အက်ကွဲသော အသံတစ်သံက သူ၏ပါးစပ်မှ ထွက်ပေါ်လာခဲ့သည်။
"ဂါရဝပြုပါတယ်... သခင်..."
ဤအချိန်တွင် ပတ်ဝန်းကျင်နေရာတဝိုက်လုံး ရုတ်တရက် တိတ်ဆိတ်သွားပြီး လူများအားလုံး စကားမပြောနိုင် ဖြစ်သွားကြသည်။
နွားနှင့်မြင်း၏မျက်လုံးများ ကျွတ်ထွက်လုနီးပါး ပြူးကျယ်သွားကြ၏။
သူတို့ ဘာကြားလိုက်ရတာလဲ...
သူတို့၏စိတ်ထဲတွင် နတ်ဘုရား သို့မဟုတ် နတ်ဆိုးသခင်ကဲ့သို့ ပြိုင်ဘက်ကင်းနီးပါး ဖြစ်နေသော စာခြောက်ရုပ်က ယခုရောက်လာသော လူကို 'သခင်' ဟု အမှန်တကယ် ခေါ်ဆိုလိုက်သလော...