အခန်း (၂၉၃)
Vol. 30 Ch. 293
အခန်း။ ၂၉၃
တောင်ဂူအတွင်းရှိ လူအုပ်ကြီးမှာ လှုပ်လှုပ်ရှားရှားဖြစ်သွားပြီးနောက် မျက်နှာထားတင်းမာကာ တြိဂံပုံစံမျက်လုံးများရှိသည့် အမျိုးသားတစ်ဦး လျှောက်လာနိုင်ရန် လမ်းဖယ်ပေးလိုက်ကြသည်။
ထိုအမျိုးသားမှာ အခုလေးတင် မေးခွန်းထုတ်လိုက်သည့်သူပင်။
ကိုယ်ရောင်ဖျောက်ဆင့်ကဲပြောင်းလဲသူသည် ထိုလူကို မြင်သည်နှင့် ရိုသေစွာ ဦးညွှတ်လိုက်ပြီး "ဂိုဏ်းချုပ်" ဟု ခေါ်လိုက်သည်။
"ငါ့မေးခွန်းကို ဖြေစမ်း။ မင်းအခုပြောလိုက်တာတွေက အမှန်လား အလိမ်လား"
ချန်ရွှမ်းသည် ကိုယ်ရောင်ဖျောက်သမားကို မျက်မှောင်ကြုတ်ကာ စူးစမ်းသော အကြည့်များဖြင့် ကြည့်လိုက်သည်။
မိန်းမတစ်ယောက်က ကလေးတစ်ယောက်ကို ခေါ်ပြီး ဒီနေရာအထိ ရောက်လာနိုင်တယ်ဆိုတာက တစ်ကြောင်း ဒါပေမဲ့ ဇွန်ဘီတွေက သူတို့ကို ကာကွယ်ပေးထားတယ်ဆိုတာကတော့ တကယ့်ကို ထူးဆန်းလွန်းပြီး ယုတ္တိမရှိသလိုပဲ...
ဇွန်ဘီတွေက လူကို မစားဘဲနေဖို့တောင် ခဲယဉ်းလှသည်ကို အခုတော့ လူသားတွေကို ကာကွယ်ပေးနေသည်ဆိုသည်မှာ အတော်လေးကို မဖြစ်နိုင်သောအရာပင်။
"ဂိုဏ်းချုပ်... ကျွန်တော်ပြောသမျှ အားလုံးက အမှန်တွေပါ။ တကယ့်အစစ်အမှန်တွေပါ။ အဲဒီလူနှစ်ယောက်က ဟိုဘက်က တောင်တက်လမ်းပေါ်မှာ ရှိနေတုန်းပဲ။ အကယ်၍ ဂိုဏ်းချုပ်အနေနဲ့ ကျွန်တော့်ကို မယုံဘူးဆိုရင် တခြားလူတစ်ယောက်ကို ထပ်ပြီး စေလွှတ်စစ်ဆေးခိုင်းလို့ ရပါတယ်"
"ပြီးတော့ ကျွန်တော့်အနေနဲ့ အားလုံးကို ဒီလိုမယုံနိုင်စရာကောင်းတဲ့ အကြောင်းအရာနဲ့ လိမ်ညာရမယ့် အကြောင်းပြချက်လည်း မရှိပါဘူး"
အခြေအနေကို ရိပ်မိသဖြင့် ကိုယ်ရောင်ဖျောက်သမားမှာ ပြတ်သားသော လေသံဖြင့် အလျင်အစလို ရှင်းပြလိုက်သည်။
သူ့အတွက် ဘာအကျိုးအမြတ်မှမရှိဘဲ ဒီလိုကိစ္စမျိုးကို ဘာကြောင့် ဖုံးကွယ်ထားရမှာလဲ။ သူပြောသည်ကို အခြားသူများ ယုံကြည်ရန် ခက်ခဲလိမ့်မည်ဟု သိထားသော်လည်း သူကိုယ်တိုင် မြင်တွေ့ခဲ့ရသည့် အခြေအနေမှာ ထိုအတိုင်းပင် ဖြစ်နေသောကြောင့် သူလည်း ဘာမှမတတ်နိုင်ပေ။
"မိန်းမတစ်ယောက်... ကလေးမလေးတစ်ယောက်ကို ခေါ်လာတယ်... အရေးကြီးဆုံးက ဇွန်ဘီတွေက သူတို့ကို ကာကွယ်ပေးထားတယ်ပေါ့..."
ထိုစကားကို ကြားသောအခါ ချန်ရွှမ်းက ခေါင်းအနည်းငယ် ငြိမ့်လိုက်သည်။ ကိုယ်ရောင်
ဖျောက်ဆင့်ကဲပြောင်းလဲသူ ဝမ်လင်းမှာ သူ့ကို လိမ်ညာရန် အကြောင်းပြချက် မရှိသဖြင့် သူပြောသည်ကို ယုံကြည်ရန် ဆုံးဖြတ်လိုက်သော်လည်း စိတ်ထဲတွင်တော့ ဇဝေဇဝါ ဖြစ်နေဆဲပင်။
ဒီကမ္ဘာမှာ လူတွေကို ကာကွယ်ပေးတဲ့ ဇွန်ဘီတွေ တကယ်ပဲ ရှိနိုင်ပါ့မလား ငါတော့ တစ်ခါမှ မမြင်ဖူးပါဘူး...
သို့သော် ချန်ရွှမ်းသည် ဝမ်လင်းဘက်သို့ ပြန်လှည့်ကာ တည်ကြည်လေးနက်သော မျက်နှာပေးဖြင့် "ဝမ်လင်း... အဲဒီဇွန်ဘီတွေအကြောင်း ငါ့ကို အသေးစိတ်ပြောစမ်း။ သူတို့က ဘယ်လိုမျိုးလဲ။ အရေအတွက်ကော ဘယ်လောက်ရှိလဲ" ဟု ပြတ်သားစွာ မေးလိုက်သည်။
"ဟုတ်ကဲ့ ဂိုဏ်းချုပ်။ အဲဒီဆင့်ကဲဇွန်ဘီတွေက ကျွန်တော်တို့ အရင်က တွေ့ဖူးတဲ့ကောင်တွေထက် ပိုပြီး အဆင့်မြင့်ပုံရတယ်။ သူတို့က အဆင့် ၄ ဆင့်ကဲဇွန်ဘီတွေ ဖြစ်နိုင်ပြီး အရေအတွက်က ဆယ်ဂဏန်းထက်မနည်း ရှိပါတယ်။
အဲဒီအချိန်တုန်းက အဲဒီအဆင့် ၄ ဇွန်ဘီတွေက မိန်းမနဲ့ ကလေးမလေးကို အလယ်မှာထားပြီး ဝိုင်းပတ်ကာကွယ်ပေးထားတာပါ။ သူတို့ရဲ့ လှုပ်ရှားမှုတွေက အရမ်းကို သိသာလွန်းလို့ ကျွန်တော် မျက်စိမှားတာ မဟုတ်ပါဘူး။ သူတို့ တကယ်ပဲ ကာကွယ်ပေးနေတာပါ။
ဒါတင်မကသေးဘူး... သူတို့မှာ ကားတန်းအရှည်ကြီးလည်း ပါသေးတယ်။ ပစ္စည်းတွေ အများကြီး တင်ထားတာပဲ။ အဲဒီလောက်များတဲ့ ကားတွေကို ဒီလိုလမ်းမျိုးမှာ ဘယ်လိုမောင်းလာကြလဲဆိုတာ ကျွန်တော် စဉ်းစားလို့တောင် မရဘူး"
ဝမ်လင်းက သူမြင်တွေ့ခဲ့ရသည့် ပုံရိပ်များကို စိတ်ထဲတွင် ပြန်လည်ပုံဖော်ကာ ဖြည်းဖြည်းချင်း ရှင်းပြလိုက်သည်။
"အဆင့် ၄ ဇွန်ဘီတွေနဲ့ ကားတန်းကြီး ဟုတ်လား... အဆင့် ၄ ဇွန်ဘီတွေက လူသားတွေကို ကာကွယ်ပေးတယ်ဆိုတာ ငါ တစ်ခါမှ မကြားဖူးဘူး။ အဲဒီလူနှစ်ယောက်က တောင်တန်းမြို့ကလူတွေ မဟုတ်ဘဲ အပြင်ကလာတဲ့လူတွေ ဖြစ်ရမယ်"
ချန်ရွှမ်းက မျက်မှောင်ကြုတ်ရင်း သုံးသပ်လိုက်သည်။
ယခု သူတို့ရှိနေသည့်နေရာမှာ တောင်တန်းမြို့၏ အစွန်အဖျားဖြစ်ပြီး ထိုသူတို့မှာ မြို့ထဲသို့ ဦးတည်နေခြင်းကြောင့် အပြင်လူများဖြစ်နိုင်ခြေ အလွန်များနေသည်။
"ဒါဆို ဂိုဏ်းချုပ်... ကျွန်တော်တို့ အဲဒီလူနှစ်ယောက်ကို တိုက်ခိုက်ပြီး ရှင်းပစ်ရမလား သူတို့ကားတွေပေါ်မှာ ရိက္ခာတွေ အများကြီး ပါမှာ သေချာတယ်"
ထိုစဉ် ဆံပင်ရွှေအိုရောင်နှင့် ကြမ်းတုတ်သော လူငယ်တစ်ဦးက အနားသို့ တိုးကပ်လာပြီး လည်ပင်းလှီးပြသည့် အမူအရာဖြင့် ရက်စက်စွာ ပြောလိုက်သည်။
"ဟုတ်တယ် ဂိုဏ်းချုပ်။ သူတို့မှာ ရိက္ခာတွေ အများကြီး ပါလာမှာ။ ကျွန်တော်တို့ အကြီးစား အမြတ်မရတာ တော်တော်ကြာပြီ။ ဒီတစ်ခါတော့ အကွက်ကြီးပဲ"
"ဂိုဏ်းချုပ်... လုပ်လိုက်ကြရအောင် သူတို့ကို လုယက်လိုက်ရင် ကားတန်းကြီးကိုပါ အလကားရမှာ။ ဒါက ဘယ်လိုပဲကြည့်ကြည့် မြတ်မယ့် အပေးအယူပဲ"
"ဟုတ်တယ်... ငါတို့ အကြီးစားအမြတ်မရတာ တော်တော်တောင် ကြာပြီ။ အခုလို အသက်ရှင်ကျန်ရစ်သူတွေနဲ့ တိုးတာက တကယ့်ကို အခွင့်အရေးကောင်းပဲ"
"မှန်တယ်... ကျွန်တော်လည်း သဘောတူတယ်..."
ဂိုဏ်းသားအသီးသီးက ဝိုင်းဝန်းထောက်ခံကြပြီး သူတို့၏မျက်လုံးများထဲတွင် လောဘရိပ်များက ဟုန်းဟုန်းတောက်နေတော့သည်။
"ဘာဖြစ်တယ် မလုပ်ရဘူး... လုံးဝသွားမတိုက်ရဘူး"
ဖြောင်း….
ချန်ရွှမ်း၏ မျက်နှာက မည်းမှောင်သွားပြီး ဆံပင်ရွှေအိုရောင်နှင့် လူငယ်၏ခေါင်းကို အားဖြင့်ရိုက်ချလိုက်သည်။
"အား... ဂိုဏ်းချုပ် ကျွန်တော့်ကို ဘာလို့ရိုက်တာလဲဗျ"
ထိုလူငယ်က နာကျင်လွန်းလို့ အော်ဟစ်ရင်း ခေါင်းကို အုပ်ကာ နောက်သို့ ဆုတ်သွားတော့သည်။ သူ၏မျက်နှာတွင်လည်း အလွန်အမင်း ဇဝေဇဝါဖြစ်နေသည့် အရိပ်အယောင်များ ပေါ်လွင်နေ၏။
ဆူညံနေသည့် လူအုပ်ကြီးကလည်း ချက်ချင်းဆိုသလို တိတ်ဆိတ်သွားကြပြီး သူတို့၏ ခေါင်းဆောင် ဘာလို့ ဒီလောက်အထိ ဒေါသထွက်နေရတာလဲဆိုတာကို နားမလည်နိုင် ဖြစ်နေကြသည်။
"ဟွန့်... မင်းတို့အားလုံး ရူးနေကြပြီလား။ ဝမ်လင်း အခုလေးတင် ပြောသွားတာကို မကြားလိုက်ဘူးလား"
"အဆင့် ၄ ဆင့်ကဲဇွန်ဘီတွေကွ အဲဒီလိုကောင်တွေ ဆယ်ဂဏန်းထက်မက ရှိတာ။ အဲဒီထဲက တစ်ကောင်တည်းကိုတောင် မင်းတို့ထဲက ဘယ်သူက ကိုင်တွယ်နိုင်မှာလဲ"
"ငါတို့အားလုံး စုပြီးသွားတိုက်ရင်တောင် သူတို့ရဲ့ခြေဖဝါးအောက်မှာ ပြားသွားဖို့ပဲ ရှိမယ်။ အခုသွားတိုက်မယ်ဆိုတာက ကိုယ့်သေတွင်းကိုယ်တူးတာနဲ့ အတူတူပဲ"
ချန်ရွှမ်းက လူအုပ်ကြီးကို စူးရှသည့်အကြည့်များဖြင့် လိုက်ကြည့်ပြီး ထိုဦးနှောက်မရှိသည့် အဖွဲ့ကို ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။
တစ်ခါတစ်ရံမှာ သူ့တပည့်တွေက ဝက်တွေထက်တောင် ပိုအူကြောင်ကြောင်နိုင်တယ်လို့ သူ ခံစားနေရသည်။
အမြဲတမ်း အင်အားကိုပဲ အသုံးပြုချင်ကြပြီး ဘာကိုမှ ဦးနှောက်နဲ့ မစဉ်းစားတတ်ကြတာ။
တကယ်တော့ ငါ့တပည့်တွေကသာ ဒီလောက်မတုံးကြဘူးဆိုရင်... ငါလည်း သူတို့ကြားမှာ ခေါင်းဆောင် ဖြစ်လာစရာ အကြောင်းမရှိပါဘူး။
ချန်ရွှမ်း၏ စကားများကြောင့် လူအုပ်ကြီးမှာ လောဘဇောများ ပြေလျော့သွားပြီး အသိပြန်ဝင်လာကြသည်။ အဆင့် ၄ ဆင့်ကဲဇွန်ဘီများအကြောင်းကို ပြန်တွေးမိသည်နှင့် သူတို့၏မျက်နှာများမှာ ကြောက်လန့်တကြားဖြင့် ဖြူဖျော့သွားကြတော့သည်။ အဆင့် ၄ ဇွန်ဘီဆိုသည်မှာ အလွန်ကြောက်စရာကောင်းလှသည်။ အဆင့် ၃ ဇွန်ဘီတစ်ကောင်တည်းနှင့်ပင် သူတို့ကို အလွယ်တကူ အပြတ်အသတ် သတ်ဖြတ်နိုင်သည်။
ဆံပင်ရွှေအိုရောင်နှင့် လူငယ်မှာလည်း သူ့ခေါင်းကို ပွတ်ရင်း ကြောက်ကြောက်လန့်လန့်ဖြင့် "ဒါဆို ဂိုဏ်းချုပ်... သူတို့ကို ဒီအတိုင်းပဲ လွှတ်ပေးလိုက်တော့မှာလား အခွင့်အရေးကြီးကို လက်လွှတ်လိုက်ရသလိုပဲ..."
အမှန်တကယ်တော့ အဆင့် ၄ ဆင့်ကဲဇွန်ဘီများကို သူ ဘယ်လိုမှ ရင်မဆိုင်နိုင်မှန်း သူ သိသည်။ မကျေမနပ် ဖြစ်နေသော်လည်း လက်တွေ့အခြေအနေကိုတော့ လက်ခံရုံမှတစ်ပါး အခြားမရှိပေ။ သူတို့နောက်ကို လိုက်သွားခြင်းမှာ သေမင်းထံ ကိုယ်တိုင် အပ်နှံခြင်းနှင့် အတူတူပင်။
အခြားလူများမှာလည်း စိတ်ပျက်သွားကြသည်။ အဆင့် ၄ ဇွန်ဘီများအကြောင်း ကြားလိုက်ရခြင်းမှာ သူတို့၏ တက်ကြွနေသော စိတ်အဟုန်များကို ရေအေးဖြင့် အလောင်းခံလိုက်ရသလိုပင်။
ချန်ရွှမ်းလည်း သူတို့နည်းတူ စိတ်မသက်မသာ ဖြစ်ရသော်လည်း သူတို့၏ အင်အားမလုံလောက်မှုကို သူ ကောင်းကောင်းသိသည်။ သို့သော်လည်း...
သူသည် ခေတ္တမျှ စဉ်းစားပြီးနောက် တိတ်ဆိတ်နေသော ဝမ်လင်းဘက်သို့ လှည့်ကာ "ဝမ်
လင်း... ငါတို့နေရာကို ကျော်သွားရင် အမွှေးမပါတဲ့ ငှက်တွေရဲ့ နယ်မြေရှိတယ်။ သူတို့နောက်ကို ခပ်လှမ်းလှမ်းကနေ လိုက်ကြည့်စမ်း ဒါပေမဲ့ သူတို့ မရိပ်မိစေနဲ့နော်။ မဟုတ်ရင်တော့ ငါကိုယ်တိုင်တောင် မင်းကို ကယ်နိုင်မှာ မဟုတ်ဘူး"
"ဟုတ်ကဲ့ ဂိုဏ်းချုပ် အခုပဲ သွားလိုက်ပါ့မယ်"
ဝမ်လင်းက တုန်တုန်ရင်ရင်ဖြင့် ခေါင်းညိတ်ကာ ထွက်ခွာသွားတော့သည်။
"ဒီလမ်းကတော့ တကယ့်ကို အဆိုးဆုံးပဲ"
ကြမ်းတမ်းလှသော တောင်တက်လမ်းပေါ်တွင် ကားမှာ တုန်ခါနေပြီး အလွန်နှေးကွေးစွာ သွားနေရသည်။ နောက်ခန်းမှ ကျောက်လင်းမှာလည်း မနေနိုင်ဘဲ ညည်းတွားရှာသည်။ သူမ ဇီဇာကြောင်နေခြင်း မဟုတ်သော်လည်း လမ်းမှာ အလွန်ဆိုးရွားလှသဖြင့် စားထားသမျှ အစာများပင် ပြန်အန်ထွက်မတတ် ဖြစ်နေရသောကြောင့်ပင်။
လုချွမ်းကတော့ ထိုမိန်းမကို ဂရုမစိုက်ဘဲ ရှေ့မှ လမ်းအနေအထားကိုသာ အသေအချာ စောင့်ကြည့်နေသည်။ ကားတန်းကြီးမှာ ချောက်ကမ်းပါးအောက်ခြေ တစ်နေရာသို့ ရောက်ရှိလာသည်။ လမ်း၏ တစ်ဖက်မှာ မတ်စောက်သော လျှိုကြီးဖြစ်ပြီး အခြားတစ်ဖက်မှာမူ ထောင်လိုက်ရှိနေသော ကျောက်တောင်နံရံကြီး ဖြစ်သည်။
ဝူး... ဝူး...
ကားတန်းကြီးမှာ ဆူညံသံများနှင့်အတူ ဖြည်းညှင်းစွာ ရှေ့တိုးနေစဉ်မှာပင်... ကျောက်လင်းသည် ကားရှေ့မှန်ကို လက်ညှိုးထိုးပြရင်း အံ့သြတကြီး အော်ဟစ်လိုက်တော့သည်။
"ဘုရားရေ... ဟိုမှာကြည့်စမ်း ငှက်တွေ... ငှက်တွေ အများကြီးပဲ"