အခန်း (၂၉၄)
Vol. 30 Ch. 294
အခန်း။ ၂၉၄
ထိုအသံကို ကြားသည်နှင့် လုချွမ်းသည် မြေပုံဆီမှ အကြည့်ကို ရှေ့ဘက်ကောင်းကင်ယံဆီသို့ လျင်မြန်စွာ လွှဲပြောင်းကြည့်ရှုလိုက်သည်။
သူ ဘာလဲဆိုတာ သေချာမမြင်ရသေးခင်မှာပင် စူးရှလှသော အော်ဟစ်သံများစွာမှာ ရှေ့ဘက်မှ ပဲ့တင်ထပ်ထွက်ပေါ်လာသည်။ နောက်တစ်စက္ကန့်တွင်တော့ ရှေ့မှ မြင်ကွင်းကြောင့် လုချွမ်း၏ မျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းလဲသွားတော့သည်။
ရှေ့ဘက်ရှိ ကျောက်ကမ်းပါးယံများပေါ်မှ ကြီးမားလှသော အရိပ်ကြီးများ ပျံတက်လာသည်ကို သူ မြင်လိုက်ရသည်။ ၎င်းတို့မှာ အတောင်ပံဖြန့်လိုက်လျှင် ဆယ်မီတာခန့်အထိ ရှိသော အမည်းရောင်နှင့် အဖြူရောင် ရောယှက်နေသည့် မှောက်ပြာငှက်ကြီးများနှင့် တူလှသည်။
ထိုငှက်ကြီးများသည် ကျောက်ဆောင်များပေါ်မှ ပျံတက်လာပြီးနောက် ကောင်းကင်ယံတွင် စုရုံးကာ အတောင်ပံများကို အဆက်မပြတ် ခတ်ထုတ်နေကြသည်။ ၎င်းတို့၏ အရေအတွက်မှာ များပြားလှသဖြင့် နေရောင်ခြည်ပင် မမြင်ရတော့ဘဲ ငှက်အုပ်ကြီး၏အောက်တွင် ချက်ချင်းပင် မှောင်အတိကျသွားတော့သည်။
ကျွီ... ကျွီ...
နားကွဲမတတ် ဆူညံလှသော အော်ဟစ်သံများမှာ ရပ်တန့်ခြင်းမရှိဘဲ အတောင်ပံခတ်သံများကြောင့် ဖြစ်ပေါ်လာသော လေပြင်းများသည်လည်း ကားတန်းကြီးဆီသို့ ဝေ့ဝိုက်တိုက်ခတ်လာသည်။ တစ်ပြိုင်နက်တည်းမှာပင် ဤသားရဲငှက်ကြီးများသည် ကားတန်း၏ ဆူညံသံကြောင့် အာရုံစိုက်မိသွားပုံရပြီး အတောင်ပံများကို ပိုမိုပြင်းထန်စွာ ခတ်ကာ ကားတန်းကြီးဆီသို့ တစ်ဟုန်ထိုး ထိုးဆင်းတိုက်ခိုက်လာကြတော့သည်။
"လုချွမ်း... သူတို့ လာနေကြပြီ။ အခု ဘယ်လိုလုပ်ကြမလဲ ကားထဲမှာပဲ ပုန်းနေပြီး အပြင်မထွက်ဘဲ နေလို့ရမလား"
အရေအတွက် မရေတွက်နိုင်အောင် များပြားလှသော သားရဲငှက်အုပ်ကြီးကို ကြည့်ပြီး ကျောက်လင်းမှာ တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထသွားရသည်။ ဤသတ္တဝါများမှာ ကောင်းကင်ပျံ သားရဲများဖြစ်သဖြင့် ကိုင်တွယ်ရ အလွန်ခက်ခဲပေလိမ့်မည်။
သို့သော် ရှေ့ခန်းတွင် ထိုင်နေသော လုချွမ်းကတော့ အလွန်ပင် တည်ငြိမ်နေဆဲဖြစ်သည်။ ဤငှက်ကြီးများမှာ အရေအတွက် များပြားပြီး တစ်ကောင်ချင်းစီက သားရဲများ ဖြစ်ကြသော်လည်း သူ၏ ဆင့်ကဲဇွန်ဘီရုပ်သေးများနှင့် ယှဉ်လျှင်တော့ ပြိုင်ဘက် မဟုတ်ကြသေးပေ။
ဤငှက်ကြီးများထဲတွင် အကောင်အကြီးဆုံးနှင့် အသန်မာဆုံးဆိုသည့် ကောင်များပင် အဆင့် ၃ သာ ရှိကြသောကြောင့်ပင်။
လုချွမ်းသည် စိတ်အာရုံဖြင့် အမိန့်ပေးကာ ကားတန်းကြီးကို အမြန်ရပ်တန့်စေလိုက်သည်။ ထို့နောက် လျှပ်စီး ၁ ကို စေလွှတ်ကာ လိပ်ကြီးပေါ်တွင် ထိုင်နေဆဲဖြစ်သော ချီချီလေးကို ကားထဲသို့ ပြန်ခေါ်လာစေလိုက်သည်။
တစ်ပြိုင်နက်တည်းမှာပင် သူ၏ အခြားသော ဆင့်ကဲဇွန်ဘီရုပ်သေးများကိုလည်း ငှက်အုပ်ကြီး၏ တိုက်ခိုက်မှုကို တုံ့ပြန်ရန် အသင့်ပြင်ခိုင်းလိုက်သည်။
ကျွီ... ဝူး...
ထိုစဉ် ငှက်အုပ်ကြီးမှာ အနီးသို့ ရောက်ရှိလာပြီး ထိတ်လန့်ဖွယ်ကောင်းသော အော်ဟစ်သံများကို ထုတ်လွှတ်နေကြသည်။ နောက်တစ်စက္ကန့်တွင်တော့ ထိုငှက်ကြီးများသည် အတောင်ပံများကို ခတ်ထုတ်ကာ အောက်ဘက်ရှိ ကားတန်းကြီးဆီသို့ တစ်ဟုန်ထိုး ထိုးဆင်းလာကြတော့သည်။ ပျံသန်းလာစဉ်အတွင်းမှာပင် သူတို့၏ ရွှေရောင်လက်သည်းချွန်ကြီးများဖြင့် ကားတန်းကို စောင့်ကြပ်နေသော ဇွန်ဘီရုပ်သေးများကို အားကုန်ဆွဲကုတ်ရန် ပြင်လိုက်ကြသည်။
သို့သော်လည်း ဆင့်ကဲဇွန်ဘီရုပ်သေးများမှာ သူတို့၏ ဗျူဟာအတိုင်း အသင့်နေရာယူထားပြီး ဖြစ်သည်။
တာဖန်းနှင့် အာဖန်းကဲ့သို့သော အဆင့်မြင့် တင့်ကားအမျိုးအစားဇွန်ဘီများက ရှေ့ဆုံးမှ နေရာယူထားသည်။ သူတို့၏ သန်မာထွားကြိုင်းသော ခန္ဓာကိုယ်ကြီးများကို အသုံးပြုကာ ငှက်အုပ်ကြီး၏ ပထမအသုတ် တိုက်ခိုက်မှုကို ခုခံတားဆီးရန် ပြင်ဆင်ထားကြသည်။
သူတို့၏နောက်တွင် မီးတောက် ၁ ၊ မီးတောက်၂ နှင့် ဧရာမဇွန်ဘီများက အကာအကွယ်ယူရင်း တိုက်စစ်အတွက် အသင့်စောင့်နေကြသည်။
လျှပ်စီး ၁ ကဲ့သို့သော လျင်မြန်သည့်ဇွန်ဘီများမှာ ငှက်အုပ်ကြီး ဘေးဘက်မှ ဝင်ရောက်မတိုက်ခိုက်နိုင်စေရန် ကားတန်းပတ်ပတ်လည်တွင် ဖြန့်ကြက်နေရာယူထားသည်။
အစွမ်းအထက်ဆုံး တိုက်စစ်မှူး မသေနိုင်သူ ၁ ကတော့ လုချွမ်း၏ ကားခေါင်းပေါ်သို့ တက်ကာ သူတို့သုံးဦးကို ကာကွယ်ပေးရင်း ငှက်များကို တိုက်ခိုက်ရန် တာဝန်ယူထားသည်။
ငှက်ကြီးများ၏ အတောင်ပံခတ်သံကြောင့် လေပြင်းများ ပိုမိုပြင်းထန်လာပြီး ၎င်းတို့မှာ မီတာနှစ်ရာခန့်အကွာသို့ ရောက်ရှိလာပြီဖြစ်သည်။
နောက်တစ်စက္ကန့်တွင်တော့ စွမ်းအင်များကို စုစည်းထားသော မီးတောက် ၁ နှင့် မီးတောက် ၂ တို့က စတင်လှုပ်ရှားလိုက်ကြတော့သည်။
ဘုန်း...
ပြင်းထန်လှသော မီးတောက်များမှာ ရုတ်တရက် ဝုန်းခနဲ ထွက်ပေါ်လာပြီး မီးမြွေများအဖြစ် ပြောင်းလဲသွားကာ ရှေ့သို့ တိုးဝင်သွားကြသည်။ ၎င်းတို့သည် ကြယ်တံခွန်များအလား ကောင်းကင်ယံရှိ ငှက်ကြီးများနှင့် အရှိန်အဟုန်ဖြင့် ထိပ်တိုက်တွေ့ဆုံကြတော့သည်။
ဘုန်း... ဘုန်း... ဘုန်း...
မကြာမီမှာပင် မီးမြွေများသည် မီးလျှံမြစ်ကြီးများအသွင်ဖြင့် ငှက်အုပ်ကြီးကို ရိုက်ခတ်မိကာ ပြင်းထန်သော ပေါက်ကွဲမှုများကို ဖြစ်ပေါ်စေသည်။
နားကွဲမတတ် ဆူညံသံများကြားတွင် ငှက်ကြီးများသည် နာကျင်စွာ အော်ဟစ်လိုက်ကြပြီး ၎င်းတို့၏ ခန္ဓာကိုယ်များမှာ မီးစွဲလောင်ကာ အောက်ဘက်သို့ တရစပ် ပြုတ်ကျလာကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် မီးကျွမ်းနေသော အလောင်းများအဖြစ် ပြောင်းလဲသွားတော့သည်။
ရုတ်တရက်ဆိုသလို ငှက်ကြီးများသည် မုန့်လုံးရေပေါ်များအလား တစ်ကောင်ပြီးတစ်ကောင် ကောင်းကင်မှ တဖြုတ်ဖြုတ် ကြွေကျလာကြသည်။
သို့သော် ဤငှက်ကြီးများသည် အလွန်ပင် သွေးဆာနေပုံရသည်။ ရှေ့ဆုံးမှ ၎င်းတို့၏ အဖော်များ မီးလောင်ကျွမ်းနေသည်ကို မြင်ရသော်လည်း မတုန်မလှုပ်ဘဲ မီးတောက် ၁ နှင့် မီးတောက် ၂ တို့ ထုတ်လွှတ်နေသော မီးလျှံလှိုင်းကြီးများဆီသို့ မဆုတ်မနစ် တိုးဝင်တိုက်ခိုက်နေကြသည်။
ခဏချင်းမှာပင် ကားတန်း၏ ရှေ့ဘက်မြေပြင်တွင် မီးကျွမ်းနေသော ငှက်လောင်းကြီးများမှာ တောင်ပုံရာပုံ ဖြစ်နေတော့သည်။
ကျွီ... ကျွီ...
အချို့သော ငှက်ကြီးများမှာ တစ်ကိုယ်လုံး မီးစွဲနေသော်လည်း ချက်ချင်းမသေဆုံးသေးဘဲ နာကျင်စွာ အော်ဟစ်နေကြသည်။ လေထုထဲတွင်လည်း အသားကျွမ်းနံ့များနှင့်အတူ ပလတ်စတစ်လောင်နံ့ကဲ့သို့ ပြင်းထန်သော အနံ့အသက်များ ပျံ့လွင့်လာသည်။
ရှဲ...
တစ်ပြိုင်နက်တည်းမှာပင် ကားအမိုးပေါ်တွင် ရပ်နေသော မသေနိုင်သူ ၁ က စတင်လှုပ်ရှားလိုက်သည်။ ၎င်း၏ကျောပေါ်ရှိ အသားမျှင်တံလေးတွဲထံမှ သွေးနီရောင် လျှပ်စီးတန်းများ တဖျပ်ဖျပ် လက်လာတော့သည်။
နောက်တစ်စက္ကန့်တွင်တော့ သွေးဆာနေသော မိုးကြိုးတန်းများသည် ကောင်းကင်ယံကို ခွင်းလျက် အပေါ်ဘက်မှ ပျံသန်းဝင်ရောက်ရန် ကြိုးစားနေသော ငှက်ကြီးများကို ပစ်မှတ်ထားကာ ထိုးနှက်လိုက်သည်။
ဂုန်း... ဂုန်း...
မိုးခြိမ်းသံများ တစ်သားတည်းဖြစ်သွားပြီး သွေးနီရောင်အလင်းတန်းများမှာ စူးရှတောက်ပလာသည်။ မီးလျှံများကို ရှောင်ကွင်းပြီး အပေါ်စီးမှ ထိုးဆင်းရန် ကြိုးစားနေသော ထိုငှက်ကြီးများသည် သွေးဆာနေသော မိုးကြိုးတန်းများအောက်တွင် ချက်ချင်းပင်အစုတ်စုတ်အပြတ်ပြတ် ကွဲကြေသွားပြီး သူတို့၏ အသားစများနှင့် သွေးများမှာ နေရာအနှံ့ လွင့်စင်သွားတော့သည်။
ချက်ချင်းပင် ကောင်းကင်ယံတစ်ခုလုံးမှာ အပိုင်းပိုင်းအစစ ကြေမွသွားသော ငှက်ကြီးများ၏ သွေးမြူမှိုင်များဖြင့် ဖုံးလွှမ်းသွားတော့သည်။
ဗုန်း... ဗုန်း... ဗုန်း...
အထက်ကောင်းကင်ယံမှ သွေးစများနှင့် အသားစများမှာ ကားအမိုးနှင့် မှန်များပေါ်သို့ ဆူညံစွာ ကျဆင်းလာသည်။ မကြာမီမှာပင် လုချွမ်း၏ ရှေ့မှန်တစ်ခုလုံး သွေးကွက်များဖြင့် ပိတ်ဖုံးသွားတော့သည်။
ကျွီ... ဝူး...
မိမိတို့အမျိုးအနွယ်များ တရစပ် သေဆုံးနေရခြင်းက ဤငှက်ကြီးများ၏ ဗီဇဒေါသကို နှိုးဆွပေးလိုက်သကဲ့သို့ ဖြစ်သွားပြီး ၎င်းတို့သည် မျက်လုံးများ နီရဲလျက် တာဖန်းနှင့် အခြားဇွန်ဘီရုပ်သေးများဆီသို့ မကြောက်မရွံ့ တစ်ဟုန်ထိုး တိုးဝင်လာကြတော့သည်။
ဘုန်း…
မကြာမီမှာပင် ငှက်အုပ်အများအပြားသည် မီးတောက် ၁ နှင့် မီးတောက် ၂ တို့၏ ပိတ်ဆို့မှုကို ဖောက်ထွက်ကာ တာဖန်းတို့ရှေ့သို့ ရောက်ရှိလာသည်။
ထိုအခိုက်အတန့်တွင် ရှေ့ဆုံးမှ အာဖန်းက စတင်လှုပ်ရှားလိုက်သည်။ ၎င်းသည် မိမိကိုယ်ကို နက်မှောင်သော တုန်ခါမှုလှိုင်းဖြင့် ဖုံးလွှမ်းလိုက်ပြီးနောက် ကမ္ဘာဖျက်နတ်ဆိုးကြီးအလား လက်ထဲရှိ သံတုတ်ကြီးကို ဝေ့ယမ်းကာ လေထုထဲတွင် ရိပ်ခနဲပုံရိပ်ယောင်များစွာ ဖြစ်ပေါ်စေပြီး တဝေါဝေါမြည်သံများနှင့်အတူ ရိုက်နှက်တော့သည်။
ဂျိမ်း... ဂျိမ်း... ဂျိမ်း
တိုးဝင်လာသမျှ ငှက်ကြီးများသည် အာဖန်း၏ သံတုတ်ကြီးနှင့် ထိမိသည်နှင့် တပြိုင်နက် အသားစများမှာ အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားကာ ဖရဲသီးများ ပေါက်ကွဲသကဲ့သို့ ဖြစ်ကုန်တော့သည်။ အာဖန်း၏ ရှေ့မှောက်တွင် ခန္ဓာကိုယ်များ ကြေမွပျက်စီးသွားသံများမှာ အဆက်မပြတ် ပဲ့တင်ထပ်နေသည်။
မကြာမီမှာပင် အာဖန်း၏ တစ်ကိုယ်လုံး သွေးများစိုရွှဲကာ အမွှေးအမျှင်များနှင့် အသားစများ ကပ်ငြိလျက်ရှိပြီး ပျို့အန်ချင်စဖွယ် ကောင်းလှသော သွေးညှီနံ့များမှာလည်း လျင်မြန်စွာ ပျံ့နှံ့လာတော့သည်။
အာဖန်း တိုက်ခိုက်နေစဉ်မှာပင် မီးတောက် ၁ နှင့် မီးတောက် ၂ တို့ကို ကာကွယ်ပေးထားသော ဧရာမဇွန်ဘီ ၁ ကဲ့သို့သော ဧရာမဇွန်ဘီရုပ်သေးများမှာလည်း အငြိမ်မနေကြပေ။ သူတို့၏ လက်ထဲရှိ သံမဏိလက်သည်းများကို အလျင်အစလို ထုတ်လွှတ်ကာ အာဖန်း လွတ်သွားသော လေဟာပြင်များကို ဖြည့်ဆည်းကာ တိုက်ခိုက်ကြသည်။
ကျော့ကွင်းမှ လွတ်လာသမျှ ငှက်ကြီးများသည် သံမဏိလက်သည်းများဖြင့် ဦးခေါင်းကို ချက်ချင်း အဖောက်ခံရပြီးနောက် အော်ဟစ်သံလေးတစ်ချက်နှင့်အတူ တာဖန်းတို့၏ ခြေရင်းသို့ သက်မဲ့စွာ ပြုတ်ကျကုန်ကြတော့သည်။
တောအုပ်ထဲမှနေ၍ ဤအလွန်တရာ ရက်စက်ကြမ်းကြုတ်လှသော မြင်ကွင်းကို အဝေးမှ ချောင်းကြည့်နေသည့် ဝမ်လင်းမှာ ရင်တထိတ်ထိတ် ဖြစ်သွားရပြီး ကြောက်စိတ်များ ရုတ်တရက် ဝင်လာတော့သည်။
"ကံကောင်းလိုက်တာ... ငါတို့ဂိုဏ်းချုပ်က ဒီကားတန်းကို တိုက်ဖို့ သဘောမတူခဲ့တာ တကယ့်ကို ကံကောင်းတာပဲ။ မဟုတ်ရင် ငါတို့အားလုံး သေကုန်ကြမှာ။ ဒီဆင့်ကဲဇွန်ဘီတွေက တကယ့်ကို သန်မာလွန်းတယ်။ ဒါတွေက သေချာပေါက် အဆင့် ၄ ဇွန်ဘီတွေပဲ။ သံသယဖြစ်စရာကို မလိုတာ"
ဝမ်လင်းသည် အလွန်အမင်း ထိတ်လန့်နေမိသော်လည်း တစ်ဖက်လူ ရှာမတွေ့စေရန် ယခင်ကထက် ပို၍ ဂရုစိုက်နေရသည်။ မဟုတ်ပါက သူ၏အစွမ်းနှင့်ဆိုလျှင် ဤမျှအကွာအဝေးမှာပင် ချက်ချင်း အဖမ်းခံရနိုင်သည်။
သူသည် အသက်ကို အောင့်ထားပြီး စိတ်ကို ငြိမ်အောင်ထားလျက် ချုံပုတ်များကြားတွင် ခန္ဓာကိုယ်ကို နှိမ့်ချကာ တိုက်ပွဲကို တိတ်တဆိတ် စောင့်ကြည့်နေသည်။ ကြည့်ရသလောက်တော့ တိုက်ပွဲက အဆုံးသတ်ဖို့ နီးစပ်နေ၏။
ဒီငှက်ကြီးတွေက တစ်ဖက်လူကို ဘယ်လိုမှ မယှဉ်နိုင်ပါဘူး။ မီးပုံထဲကို တိုးဝင်တဲ့ ပိုးဖလံမျိုးတွေလိုပါပဲ။