← Chapters

အခန်း (၂၉၅)

Vol. 30 Ch. 295

အခန်း (၂၉၅)

Vol. 30 Ch. 295

အခန်း။ ၂၉၅

အချိန်ကာလတို့သည် တရွေ့ရွေ့ ကုန်လွန်သွားခဲ့ပြီး စစ်မြေပြင်ထက်မှ ငှက်ဆိုးတို့၏ ဟိန်းဟောက်သံများသည်လည်း တဖြည်းဖြည်း တိတ်ဆိတ်သွားခဲ့သည်။ ဆင့်ကဲပြောင်းလဲထားသော ဇွန်ဘီရုပ်သေးတပ်ဖွဲ့၏ မညှာမတာ ချေမှုန်းမှုအောက်တွင် မကြောက်မရွံ့ တိုးဝင်ခဲ့ကြသည့် ငှက်ကြီးအုပ်မှာ အကုန်အစင် သုတ်သင်ခြင်း ခံလိုက်ရသည်။

ယခုအချိန်တွင်မူ စစ်မြေပြင်တစ်ခုလုံးမှာ နီရဲသော သွေးပင်လယ်ပြင်ကြီးအလား ဖြစ်နေသည်။ ကားတန်း၏ရှေ့မှောက်တွင် မီးကျွမ်းနေသော ငှက်အလောင်းများမှာ တောင်လိုပုံနေပြီး ပုပ်စော်နံလှသော အနံ့အသက်များ ထွက်ပေါ်နေသည်။ အလောင်းပုံကြီးဆီမှ ထွက်ပေါ်လာသော မီးပွားများနှင့် အပူလှိုင်းများသည် အရပ်မျက်နှာအနှံ့သို့ ရိုက်ခတ်လျက် ရှိနေသည်။

တာဖန်း၊ အာဖန်း နှင့် အခြားသော တင့်ကားအမျိုးအစား ဇွန်ဘီများ၏ တစ်ကိုယ်လုံးတွင်မူ သွေးများ ရွှဲရွှဲစိုနေပြီး ငှက်သွေးများ၊ အသားစများနှင့် အမွှေးအမျှင်များ ကပ်ငြိနေသဖြင့် သွေးလူသားကြီးများအလား ထင်မှတ်ရသည်။ အထူးသဖြင့် ရှေ့ဆုံးမှ ရပ်တည်နေသော အာဖန်း၏ သံတုတ်ကြီး နှစ်ဖက်စလုံးတွင် သွေးများနှင့် ငှက်မွှေးများ ပေကျံနေပြီး မရေတွက်နိုင်သော ငှက်ကြီးများသည် ဤသံတုတ်အောက်၌ အသက်ပျောက်ကွယ်ခဲ့ကြရခြင်းပင်။

၎င်းတင်မကသေးဘဲ အာဖန်း၏ ခြေထောက်အောက်တွင် စုပုံနေသော ငှက်အလောင်းများမှာ သူ၏ ဒူးဆစ်အထိပင် ရောက်ရှိနေပြီ ဖြစ်သည်။ အလောင်းများဆီမှ စီးကျလာသော သွေးများသည် တောင်ကုန်းအောက်သို့ ဖြည်းဖြည်းချင်း စီးဆင်းသွားသဖြင့် သွေးရေတံခွန်ငယ်လေးတစ်ခုအလား ဖြစ်ပေါ်နေသည်။ နောက်ကွယ်ရှိ ကားတန်းကြီး၏ အမိုးများနှင့် ကိုယ်ထည်များပေါ်တွင်လည်း သွေးများနှင့် အသားစများ ဖုံးလွှမ်းနေပြီး သွေးရွှံ့နွံများ ပေကျံနေသကဲ့သို့ပင်။

ရုတ်တရက်ဆိုသလို လေထုအတွင်း၌ ပြင်းထန်လှသော သွေးညှီနံ့များ ဖုံးလွှမ်းသွားပြီး ဤတောင်တက်လမ်းလေးမှာ ကြောက်မက်ဖွယ်ကောင်းသော သွေးနီရောင်လောကကြီးအဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်။

“နောက်ဆုံးတော့ ပြီးသွားပြီ”

အပြင်ဘက်မှ ငှက်အော်သံများ ရပ်တန့်သွားသည်ကို ကြားသိလိုက်ရသောအခါ ကားအတွင်း၌ ကျုံ့ကျုံ့လေး ပုန်းကွယ်နေသည့် ကျောက်လင်းသည် ဝမ်းသာအားရ ဖြစ်သွားပြီး လတ်ဆတ်သော လေကို ရှူရှိုက်ရန်အတွက် ကားမှန်ကို ချလိုက်သည်။ သို့သော် မှန်ကို အနည်းငယ်မျှသာ ဟလိုက်ရသေးသည်။ ပျို့အန်ချင်စဖွယ် ကောင်းလှသော အနံ့ဆိုးကြီးမှာ ဝုန်းခနဲ တိုးဝင်လာသည်။

“အု... အန်... အရမ်းနံတာပဲ ”

ကျောက်လင်း၏ မျက်နှာမှာ ချက်ချင်းပင် ပြောင်းလဲသွားပြီး ပျို့အန်မတတ် ဖြစ်သွားကာ အရှုံးပေးလိုက်ရသည့် အမူအရာဖြင့် ကားမှန်ကို အမြန်ပင် ပြန်တင်လိုက်တော့သည်။

ဘေးတွင်ရှိနေသော ကျိရုရွှယ်မှာလည်း ကျောက်လင်းကို "အူကြောင်ကြောင်နိုင်လှချည်လား" ဆိုသည့် အကြည့်မျိုးဖြင့် ကြည့်ကာ ဘာပြောရမှန်းပင် မသိတော့ပေ။

"မမကျောက်လင်း... အခုချိန်မှာ အပြင်မထွက်တာ အကောင်းဆုံးလို့ ထင်တယ်နော်။ အပြင်ကကိစ္စတွေကိုတော့ ဖေဖေပဲ ကိုင်တွယ်ပါစေ"

ကျိရုရွှယ်က အကြံပြုလိုက်သည်။ အခုလို အခြေအနေမျိုးတွင် အပြင်ထွက်ခြင်းမှာ ဒုက္ခရှာခြင်းသာ ဖြစ်သည်ဟု သူမ တွေးမိသောကြောင့်ပင်။

အနည်းငယ် သက်သာလာသော ကျောက်လင်းက အမြန်ခေါင်းညိတ်ကာ "အင်း... ချီချီလေး မမ မင်းစကားကို နားထောင်ပါ့မယ်" ဟု ပြန်ပြောလိုက်သည်။ စောစောက အနံ့ဆိုးဒဏ်ကို အလူးအလဲ ခံလိုက်ရသဖြင့် ထိုအတွေ့အကြုံမျိုးကို ထပ်မကြုံချင်တော့ပေ။

လုချွမ်းသည် ကျောက်လင်း၏ အခြေအနေကို သတိပြုမိပြီးနောက် ပါးစပ်ဖျားလေး အနည်းငယ် တွန့်ရုံမျှ ပြုံးလိုက်ကာ စိတ်အာရုံကို ပြန်လည်စုစည်းပြီး စစ်မြေပြင်ကို ရှင်းလင်းရန် ဇွန်ဘီရုပ်သေးများကို ခိုင်းစေလိုက်တော့သည်။

ပထမဆုံး လုပ်ဆောင်ရမည့်အလုပ်မှာ ဤငှက်ကြီးများ၏ ခန္ဓာကိုယ်ထဲမှ အမြုတေအားလုံးကို ထုတ်ယူရန် ဖြစ်သည်။

ထို့နောက်တွင်တော့ ငှက်ကြီးများ၏ မပျက်မစီးဘဲ ကျန်ရှိနေသော အသားစအချို့နှင့် သန့်ရှင်းသည့် အတောင်ပံများကို ဖြတ်တောက်ကာ နောက်နောင်တွင် အသုံးပြုရန် သိမ်းဆည်းလိုက်သည်။

မကြာမီမှာပင် ဇွန်ဘီရုပ်သေးအချို့ကို ခိုင်းစေကာ ကားရှေ့မှန်များပေါ်တွင် ပေကျံနေသော သွေးရွှံ့နွံများနှင့် အသားစများကို အကြမ်းဖျင်း ရှင်းလင်းစေပြီးနောက် ကားတန်းကြီးမှာ ထွက်ခွာရန် အသင့်ပြင်လိုက်တော့သည်။

လုချွမ်းအနေဖြင့် ကားကိုယ်ထည်များပေါ်တွင် သွေးညှီနံ့များနှင့် အညစ်အကြေးများစွာ ပေကျံနေသည်ကို သိသော်လည်း ယခုအချိန်မှာ ထိုအရာများကို အသေးစိတ် ဆေးကြောနေရန် အချိန်မဟုတ်သေးပေ။ မြို့ထဲသို့ ရောက်ရှိပြီး အခြေချပြီးမှသာ ထိုကိစ္စကို ကိုင်တွယ်ရန် သူ ဆုံးဖြတ်လိုက်သည်။

ရှေ့တွင် ပိတ်ဆို့နေသော အလောင်းပုံကြီးကို ဖယ်ရှားပြီးနောက် ကားတန်းကြီးမှာ ၎င်းတို့၏ ပန်းတိုင်ဖြစ်သော တောင်တန်းမြို့ မြို့ပြဧရိယာဆီသို့ ဦးတည်ကာ ထပ်မံထွက်ခွာလာခဲ့သည်။

ကားတန်းကြီးမှာ တုန်တုန်ခါခါဖြင့် ဆက်လက်ထွက်ခွာလာရာ သိပ်မဝေးလှသော နေရာသို့ အရောက်တွင် ကမ္ဘာမြေကြီးပင် တုန်ဟီးသွားစေမည့် ဟိန်းဟောက်သံကြီးကို ကြားလိုက်ရသည်။ အစင်းကျား အလွန်အမင်း ကြီးမားသော ကျားကြီးတစ်ကောင်မှာ ကားတန်းမှ ထွက်ပေါ်နေသည့် သွေးညှီနံ့၏ ဆွဲဆောင်မှုကြောင့် ရောက်ရှိလာခြင်းပင်။

ဝူး...

ထိုအစင်းကျားကြီးသည် ပြင်းထန်စွာ ဟိန်းဟောက်ရင်း တောအုပ်ထဲမှ ဝုန်းခနဲ ခုန်ထွက်လာကာ ပါးစပ်ကြီးကို ဟလျက် ရှေ့သို့ တစ်ဟုန်ထိုး ပြေးဝင်လာတော့သည်။

ရှဲ...

နောက်တစ်စက္ကန့်တွင်တော့ သွေးနီရောင် လျှပ်စီးတန်းတစ်ခုသည် ကောင်းကင်ယံကို ခွင်းလျက် ထိုကျားကြီးအပေါ်သို့ တည့်တည့်မတ်မတ် ကျရောက်သွားသည်။ ချက်ချင်းပင် ကြီးမားလှသော ကျားကြီး၏ ခန္ဓာကိုယ်မှာ ပေါက်ကွဲထွက်သွားပြီး အသားစများနှင့် သွေးများမှာ နေရာအနှံ့ လွင့်စင်သွားတော့သည်။

သွေးမြူမှိုင်များကြားမှ ကြေမွသွားသော ဦးခေါင်းခွံအတွင်းမှ အဆင့် ၂ အမြုတေတစ်ခုသည် လွင့်ထွက်လာပြီး လေထဲတွင် တောက်ပသော အလင်းတန်းများ ထွက်ပေါ်နေသည်။

ကားအမိုးပေါ်ရှိ မသေနိုင်သူ ၁ သည် လျင်မြန်စွာပင် အောက်သို့ ခုန်ဆင်းလိုက်ပြီး ၎င်း၏ အသားမျှင်တံများဖြင့် အမြုတေကို ဖမ်းယူကာ အံ့သြဖွယ်ကောင်းသော အရှိန်ဖြင့် အမိုးပေါ်သို့ ပြန်လည် ခုန်တက်သွားတော့သည်။

ကားတန်း၏ အရှိန်မှာ အပြောင်းအလဲမရှိဘဲ ပုံမှန်အတိုင်းသာ ရှေ့သို့ ဆက်လက်ရွေ့လျားနေသည်။ အဆင့် ၂ ဗီဇပြောင်းသားရဲလေးတစ်ကောင်အတွက် လုချွမ်းအနေဖြင့် ကားတန်းကို ရပ်တန့်ပြီး ကိုင်တွယ်ရန် အချိန်မဖြုန်းလိုပေ။

ထို့နောက်တွင်တော့ ကားတန်းမှ ထွက်ပေါ်နေသော သွေးညှီနံ့မှာ မှောင်မိုက်သော ညဉ့်နက်အတွင်းမှ မီးပြတိုက်တစ်ခုအလား ဖြစ်နေပြီး အမျိုးမျိုးသော ဗီဇပြောင်းသားရဲများကို အစဉ်မပြတ် ဆွဲဆောင်နေတော့သည်။ ရှေ့သို့ တိုးလာနေသော ကားတန်းကြီးကို မြင်သောအခါ ထိုသားရဲများသည် ပြင်းထန်လှသော သွေးနံ့၏ ဆွဲဆောင်မှုကို မတွန်းလှန်နိုင်ဘဲ အတားအဆီးမရှိ တိုက်ခိုက်လာကြသည်။

သို့သော် ဤဗီဇပြောင်းသားရဲများထဲတွင် အသန်မာဆုံးဆိုသည့် ကောင်ပင် အဆင့် ၃ သာ ရှိသည်။ ဤမျှသော အစွမ်းမှာ လုချွမ်း၏ အဆင့် ၄ နှင့် အဆင့် ၅ ဇွန်ဘီရုပ်သေးများရှေ့တွင် စက္ကူကဲ့သို့ပင် ပျော့ညံ့လွန်းလှသဖြင့် ထိမိသည်နှင့် ကြေမွကုန်ကြရသည်။ မီးပုံထဲသို့ တိုးဝင်သည့် ပိုးဖလံများအလား မိမိတို့၏ သေတွင်းကို မိမိတို့ကိုယ်တိုင် ရှာဖွေနေကြခြင်းပင်။

လမ်းတစ်လျှောက်လုံးတွင် ခပ်လှမ်းလှမ်း အကွာအဝေးတိုင်း၌ ကြေမွနေသော အရိုးပုံကြီးများကို ချန်ရစ်ခဲ့တော့သည်။

အချိန်များ တဖြည်းဖြည်း ကုန်လွန်သွားပြီး ကားတန်းကြီးမှာ မည်မျှကြာအောင် ခရီးနှင်ခဲ့သည် မသိရသော်လည်း နောက်ခန်းရှိ ကျောက်လင်းနှင့် ကျိရုရွှယ်တို့မှာမူ ထိုင်ခုံများကို မှီလျက် အိပ်ပျော်သွားကြသညါ။

ရှေ့ခန်းတွင် ထိုင်နေသော လုချွမ်းကတော့ မြေပုံကို ကိုင်ထားဆဲဖြစ်ပြီး တောင်တန်းမြို့ပြဧရိယာသို့ ရောက်ရန် မည်မျှလိုသေးသည်ကို အတည်ပြုနိုင်ရန် ကားတန်း၏ လမ်းကြောင်းနှင့် မြေပုံကို တိုက်၍ စစ်ဆေးနေတော့သည်။

"ဒါက ဟုန်ရှန်းမြို့နယ်ရဲ့ လမ်းဆုံပဲ ဆိုလိုတာက ငါတို့ တောင်တန်းမြို့ပြဧရိယာနဲ့ တော်တော်လေး နီးနေပြီပေါ့"

ဝေးကွာလှမ်းလှမ်းအထိ ဆန့်တန်းသွားသော တောင်တက်လမ်းကို ကြည့်ရှုရင်း လုချွမ်းသည် သူတို့၏မြို့နှင့် နီးကပ်လာပြီဖြစ်ကြောင်း သိရှိလိုက်ရသဖြင့် စိတ်လှုပ်ရှားသွားမိသည်။

သွေးများပေကျံနေသဖြင့် အနည်းငယ် မှုန်ဝါးနေသော ကားရှေ့မှန်မှတစ်ဆင့် လုချွမ်းသည် အဝေးမှ မြို့ပြ၏ ဝိုးတဝါးပုံရိပ်လွှာများကို မြင်တွေ့လိုက်ရပြီး သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်ပေါက်လာသည်။ ကြည့်ရသည်မှာ ဤညတွင်မူ သူတို့အနေဖြင့် တောတောင်ထဲ၌ စခန်းချရန် စဉ်းစားစရာမလိုတော့ဘဲ မြို့အတွင်းသို့ အမြန်ဆုံး ရောက်ရှိတော့မည်ပင်။

ဆယ်မိနစ်ခန့်အကြာတွင် ကားတန်းကြီးသည် လမ်းမအတိုင်း လိုက်ပါလာရင်း မြို့၏ အစွန်ဆုံးနယ်နိမိတ်သို့ ရောက်ရှိလာခဲ့သည်။ ရှေ့ဆုံးမှ လမ်းရှင်းပေးနေသော ဗီဇပြောင်းလိပ်ကြီးက လမ်းပေါ်၌ ပိတ်ဆို့နေသည့် ကားဟောင်းများကို ဘေးသို့ တွန်းဖယ်ပေးနေသဖြင့် ကားတန်းကြီးမှာ အဟန့်အတားမရှိဘဲ မြို့ပြဧရိယာအတွင်းသို့ ဖြည်းဖြည်းချင်း စတင်ဝင်ရောက်လာခဲ့သည်။

သို့သော် မြို့အတွင်းသို့ များစွာမရောက်ရှိသေးမီမှာပင် ထွက်ပေါ်လာသော သားရဲဟိန်းသံများနှင့် ငှက်အော်သံများက လုချွမ်း၏ အာရုံကို ဆွဲဆောင်သွားသည်။

“ဘာတွေဖြစ်နေတာလဲ။ တောင်တန်းမြို့ထဲမှာ ဘာလို့ ဒီလောက်တောင် သားရဲအော်သံတွေ များနေရတာလဲ”

လုချွမ်းသည် အံ့ဩသွားပြီး မျက်မှောင်ကြုတ်လိုက်မိသည်။ ထို့နောက် သူသည် သူ၏ ဆင့်ကဲဇွန်ဘီရုပ်သေးများ၏ အမြင်အာရုံမှတစ်ဆင့် လမ်းဘေးဝဲယာရှိ အခြေအနေများကို စတင်လေ့လာကြည့်ရှုသည်။

ကျွီ...

ငှက်အော်သံတစ်ချက်နှင့်အတူ ဘဲတစ်ကောင်နှင့် တူသော်လည်း ခုနစ်ဆ၊ ရှစ်ဆခန့် ပိုမိုကြီးမားသော သားရဲငှက်တစ်ကောင်သည် အနီးအနားရှိ ငါးထပ်တိုက်ခေါင်မိုးပေါ်မှ ပျံတက်သွားသည်။ အတောင်ပံများကို ခတ်ထုတ်ရင်း မလှမ်းမကမ်းရှိ တခြားတိုက်ခေါင်မိုးတစ်ခုဆီသို့ ပျံသန်းသွားခြင်းပင်။ ချက်ချင်းဆိုသလိုပင် အဆိုပါတိုက်ခေါင်မိုးပေါ်ရှိ တခြားသော သားရဲငှက်အချို့မှာလည်း အာရုံစိုက်မိသွားပြီး ကောင်းကင်ယံသို့ အတူတူပျံတက်လာကြကာ ပျော်ရွှင်မြူးထူးသော အော်ဟစ်သံများကို ထုတ်လွှတ်နေကြသည်။

ခဏအကြာတွင် အနီးအနားရှိ တိုက်နှစ်လုံးကြားမှ စာကလေးနှင့်တူသော်လည်း အိမ်မွေးကြောင်တစ်ကောင်စာခန့် ရှိသည့် သားရဲငှက်နှစ်ကောင်သည် ကားတန်းအပေါ်မှ ဖြတ်ပျံသွားကာ ကားပေါ်ရှိ အသားစအချို့ကို သုတ်ယူ၍ အလျင်အစလို ထွက်ပြေးသွားကြသည်။ တစ်ချိန်တည်းမှာပင် မီတာရာဂဏန်းအကွာရှိ လူနေအိမ်ရာဝင်းတစ်ခု၏ သံပန်းစည်းရိုးများကြားမှ မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရပြန်သည်။

အိမ်ရာဝင်း၏ သစ်ပင်ချုံပုတ်များအနီး၌ ဗီဇပြောင်းဝံနက်အချို့ ရပ်တန့်နေပြီး သူတို့၏ ရှည်လျားလှသော ဦးချိုများမှာ ကောင်းကင်သို့ ထိုးထွက်နေသည်။ လက်ရှိတွင် အဆိုပါဝံနက်များသည် သစ်ရွက်များကို စားမြိန်နေကြသော်လည်း သူတို့၏နားရွက်များကိုမူ ထောင်ထားလျက် ပတ်ဝန်းကျင်ကို အလွန်အမင်း သတိထားစောင့်ကြည့်နေကြခြင်းပင်။

မြို့အတွင်းသို့ ပိုမိုတိုးဝင်လေလေ လုချွမ်းသည် ဗီဇပြောင်းသားရဲများကို ပိုမိုများပြားစွာ မြင်တွေ့လာရလေဖြစ်ရာ သူသည် တကယ့်ကို အံ့အားသင့်သွားရသည်။ ဤတောင်တန်းမြို့ပြဧရိယာမှာ စောစောက သူတို့ဖြတ်ကျော်လာခဲ့သော တောတောင်ကြီးအတိုင်းပင်ဖြစ်ပြီး တကယ့်ကို သားရဲများ စိုးမိုးအုပ်ချုပ်ထားသော နယ်မြေတစ်ခု ဖြစ်နေသည်။

All Chapters