အခန်း (၂၉၆)
Vol. 30 Ch. 296
အခန်။ ၂၉၆
ရှည်လျားလှသော ကားတန်းကြီးသည် တောင်တန်းမြို့၏ လမ်းမများထက်တွင် ဖြည်းညှင်းစွာ ရွေ့လျားနေပြီး လုချွမ်းနှင့် ကျန်နှစ်ဦးမှာ ကားပြတင်းပေါက်မှတစ်ဆင့် ပြင်ပအခြေအနေကို အကဲခတ်နေကြသည်။
မြို့အတွင်း၌ သားရဲများ၏ ဖျက်ဆီးထားမှု အထောက်အထားများကို နေရာအနှံ့ တွေ့မြင်နေရသည်။ ဆိုင်တန်းများအပေါ်ရှိ ဆိုင်းဘုတ်များမှာ မည်သည့်အမျိုးအစားမှန်းမသိရသော ပျံသန်းနိုင်သည့် သားရဲများကြောင့် အစိတ်စိတ်အမွှာမွှာ စုတ်ပြဲနေကြသည်။ လမ်းဘေးတွင် ရပ်နားထားသော ကားမှန်များပေါ်တွင်လည်း လက်သည်းရာများမှာ ထင်ထင်ရှားရှား ရှိနေပြီး မှန်ပေါ်ရှိ အကာအကွယ်ဖလင်များကို ဖောက်ထွက်ကာ မှန်သားအတွင်းပိုင်းအထိ နက်ရှိုင်းစွာ စူးဝင်နေသည်။
တစ်ချိန်တည်းမှာပင် မြေပြင်ပေါ်၌ နီညိုရောင်ရှိသော ခွဲခြားမရသည့် အရာဝတ္ထုပုံများကို နေရာအနှံ့ မြင်တွေ့နေရပြီး ၎င်းတို့မှာ အသတ်ခံထားရသော ဇွန်ဘီများ၏ အလောင်းအကြွင်းအကျန်များပင်။
ထိုအလောင်းများပေါ်တွင် ဖြူဖျော့ဖျော့ လောက်ကောင်များမှာ တစ်ရွရွနှင့် မနားတမ်း တွားသွားနေကြသဖြင့် အလွန်ပင် ရွံရှာဖွယ် ကောင်းလှသည်။ လုံးဝ မပုပ်သိုးသေးသည့် အချို့သော ရုပ်အလောင်းများပေါ်တွင်လည်း လက်သည်းဖြင့် ဆွဲဖြဲထားသည့် ဒဏ်ရာဗရပွကို တွေ့မြင်နေရသည်။
ဤဇွန်ဘီများ၏ သင်္ချိုင်းဂူကြီးအတွင်း၌ ဗီဇပြောင်းသားရဲများ၏ အရိုးစုများကိုလည်း ရံဖန်ရံခါ တွေ့ရတတ်ပြီး ၎င်းတို့မှာလည်း ပုပ်စော်နံလှသော အနံ့အသက်များကို ထုတ်လွှတ်နေကြသည်။ ယခုအချိန်တွင် ကားတန်းကြီးတစ်ခုလုံးသည် အသက်ရှူရကျပ်လှသော အနံ့ဆိုးများ ဖုံးလွှမ်းနေသည့် ကမ္ဘာတစ်ခုအတွင်းသို့ ရောက်ရှိနေသကဲ့သို့ပင်။
ထိုပျို့အန်ချင်စဖွယ် အနံ့ဆိုးမှာ ကား၏ အကြားအလပ်များမှတစ်ဆင့် အတွင်းသို့ ဇွတ်အတင်း ဝင်ရောက်လာသဖြင့် နောက်ခန်းရှိ ကျိရုရွှယ်နှင့် ကျောက်လင်းတို့မှာ တစ်ပြိုင်နက်တည်း မျက်မှောင်ကြုတ်လိုက်ကြသည်။
၎င်းမှာ အလွန်ပင် နံလွန်းလှသဖြင့် ကျောက်လင်းအနေဖြင့် ကမ္ဘာပျက်ကပ်မတိုင်မီ ကျေးလက်ဒေသ၌ တာဝန်ကျစဉ်က သုံးခဲ့ရသော အိမ်သာဟောင်းကြီး၏ အနံ့ကိုပင် မဆီမဆိုင် ပြန်လည်သတိရသွားစေသည်။
ထိုစဉ်မှာပင် ရှေ့ဘက်လမ်းဆုံမှ ဟောင်သံများနှင့်အတူ ဆူညံသံများ ထွက်ပေါ်လာသည်။
"ဝူး... ဝူး... ဝူး..."
ပြေးလွှားလာသော ခြေသံများနှင့်အတူ ဗီဇပြောင်း ခွေးဘီလူးအုပ်ကြီးတစ်အုပ်သည် လမ်းဆုံမှ ဝုန်းခနဲ ထွက်ပေါ်လာသည်။ တစ်ကောင်ချင်းစီ၏ ပခုံးအမြင့်မှာ နှစ်မီတာနီးပါးရှိပြီး သူတို့၏ အမွှေးအမျှင်များမှာ ပြောင်လက်တောက်ပနေကာ ကြွက်သားများမှာလည်း အထုံးလိုက် အကျိတ်လိုက်နှင့် အလွန်ပင် သန်မာထွားကြိုင်းလှသည်။
မျက်လုံးများမှာ သွေးဆာနေသည့် အရိပ်အယောင်များဖြင့် နီရဲနေကာ စီတန်းနေသော အဖြူရောင် သွားစွယ်ထက်ထက်များကို ထုတ်ပြရင်း ထိုသားရဲကြီးများသည် ကားတန်းကို ကြည့်ကာ အရူးအမူး ဟောင်နေကြတော့သည်။
နောက်တစ်စက္ကန့်တွင်တော့ ထိုဗီဇပြောင်း ခွေးဘီလူး အကောင် ၂၀ ကျော်သည် လျှပ်စီးတန်းများအလား တစ်ဟုန်ထိုး ပြေးထွက်လာပြီး ဖြည်းဖြည်းချင်း ရွေ့လျားနေသော ကားတန်းကြီးဆီသို့ ဦးတည်တိုက်ခိုက်လာကြသည်။
ရှဲ...
ရှေ့ခန်းတွင် ထိုင်နေသော လုချွမ်းသည် အလွန်ပင် တည်ငြိမ်နေဆဲ ဖြစ်သည်။ သူ၏ စိတ်အာရုံမှာ အနည်းငယ် လှုပ်ရှားသွားပြီးနောက် လျှပ်စီး ၁ နှင့် အခြားသော လျင်မြန်သည့် ဆင့်ကဲဇွန်ဘီရုပ်သေးများသည် ကားတန်းပေါ်မှ တိုက်ရိုက် ခုန်ဆင်းလိုက်ကြသည်။ သူတို့၏ အရှိန်မှာ ပုံရိပ်ယောင်များပင် ထင်ကျန်ရစ်လောက်အောင် မြန်ဆန်လှသဖြင့် ခွေးအုပ်ကြီး ကားတန်းဆီသို့ မရောက်မီမှာပင် ကြားဖြတ်တိုက်ခိုက်လိုက်ကြသည်။ လေထုကို ဖြတ်သန်းသွားသော သံမဏိလက်သည်းများ၏ စူးရှသော မြည်သံများနှင့်အတူ အေးစက်သော အလင်းတန်းများမှာ အဆက်မပြတ် လက်ခနဲ ပေါ်ထွက်လာတော့သည်။
သတ်ဖြတ်မှုကြီးမှာ တရားဝင် စတင်သွားကာ မျက်စိတစ်မှိတ်အတွင်းမှာပင် အသားစများနှင့် သွေးများမှာ နေရာအနှံ့ လွင့်စင်သွားပြီး ကြွက်သားများ ပြတ်တောက်ကာ အရိုးများ ကြေမွသွားသံများ၊ ခွေးအုပ်ကြီး၏ နာကျင်စွာ အူဟောင်သံများမှာ မဆုံးနိုင်အောင် ထွက်ပေါ်လာသည်။
ခဏချင်းမှာပင် ကားတန်း၏ ရှေ့မှောက်ရှိ စစ်မြေပြင်မှာ လုံးဝ တိတ်ဆိတ်သွားတော့သည်။ မြေပြင်ပေါ်တွင် ကြီးမားလှသော အလောင်းကြီးများမှာ ဟိုတစ်စ ဒီတစ်စနှင့် ပြန့်ကျဲနေပြီး ပြင်းထန်သော သွေးညှီနံ့များမှာ လေထုထဲတွင် ပျံ့လွင့်နေသည်။
သိပ်မကြာခင်မှာပင် လျှပ်စီး၁ နှင့် အခြားဇွန်ဘီရုပ်သေးများသည် ထိုဗီဇပြောင်း ခွေးအုပ်
ကြီး၏ ခန္ဓာကိုယ်များထဲမှ အမြုတေအားလုံးကို လျင်မြန်စွာ ထုတ်ယူလိုက်ကြသည်။ ထို့နောက် သူတို့သည် ကားတန်းဆီသို့ ချက်ချင်း ပြန်လည်ရောက်ရှိလာကြသည်။
ကားတန်းကြီးမှာ ခေတ္တမျှပင် ရပ်တန့်ခြင်းမရှိဘဲ သေဆုံးသွားသော ခွေးအလောင်းအချို့ကို ကြိတ်ခြေကာ ရှေ့သို့ ဖြည်းဖြည်းချင်း ဆက်လက်မောင်းနှင်သွားတော့သည်။
နောက်ပိုင်းအချိန်များတွင်လည်း လမ်းဘေးဝဲယာ နေရာအသီးသီးမှ ထွက်ပေါ်လာသော သားရဲများ၏ တိုက်ခိုက်မှုကို ကားတန်းကြီး ခဏခဏ ကြုံတွေ့ရသော်လည်း လုချွမ်းအနေဖြင့် အလွယ်တကူပင် ရှင်းလင်းနိုင်ခဲ့သည်။ ၎င်းမှာ ဤသားရဲများမှာ အလွန်အမင်း အစွမ်းမထက်ကြဘဲ အများဆုံး အဆင့် ၃ သာ ရှိကြသောကြောင့် ဖြစ်ပြီး လုချွမ်း၏ လက်အောက်မှ မည်သည့်ဇွန်ဘီရုပ်သေးမဆို ထိုသားရဲအုပ်စုကို တစ်ယောက်တည်းနှင့်ပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိကြသည်။
"ဒီမြို့ထဲမှာ ဆင့်ကဲပြောင်းလဲသူတွေ မရှိတာကတော့ သူတို့ ပုန်းနေကြလို့ ဖြစ်နိုင်တယ်ဆိုဦးတော့... ဒါပေမဲ့ ဘာလို့ ဇွန်ဘီတစ်ကောင်တောင် မတွေ့ရတာလဲ"
လုချွမ်းသည် စိတ်ထဲတွင် ဇဝေဇဝါ ဖြစ်လာသည်။
ကားအပြင်ဘက်ရှိ မြင်ကွင်းများကို အသေအချာ လေ့လာနေရင်း လုချွမ်း၏ စိတ်အတွင်း၌ သံသယတစ်ခု တဖွားဖွား ပေါ်ပေါက်လာသည်။
တော်တော်ကြာသည့်တိုင်အောင် သူမြင်တွေ့နေရသည်မှာ သောင်းကျန်းနေသော သားရဲများသာဖြစ်ပြီး နေရာအနှံ့အပြား၌ ၎င်းတို့၏ ခြေရာလက်ရာများဖြင့်သာ ပြည့်နှက်နေခြင်းပင်။
တောင်တန်းမြို့တစ်ခုလုံးသည် သားရဲတို့၏ နယ်မြေအဖြစ်သို့ အလုံးစုံ ပြောင်းလဲသွားသကဲ့သို့ပင်။
လမ်းတစ်လျှောက်၌ ပြန့်ကျဲနေသော ဇွန်ဘီအလောင်းများကို ကြည့်ရှုရင်း လုချွမ်း၏ ဦးနှောက်အတွင်း၌ အတွေးတစ်ခု လျှပ်ခနဲ ပေါ်လာပြီး သူ အတော်လေး အံ့ဩသွားရသည်။
“ဒီမြို့ထဲက ဆင့်ကဲပြောင်းလဲသူတွေနဲ့ ဇွန်ဘီတွေအားလုံးကို ဒီဗီဇပြောင်း သားရဲတွေကပဲ အပြတ်အသတ် သတ်ဖြတ်လိုက်တာများလား”
အသေအချာ ပြန်လည်သုံးသပ်ကြည့်သည့်အခါ ဤသည်မှာ ဖြစ်နိုင်ခြေ အလွန်များပြားလှသည်။ တောင်တန်းမြို့သည် မူလကတည်းက တောင်တန်းများကြားတွင် တည်ဆောက်ထားခြင်းဖြစ်ပြီး ရှုခင်းလှပကာ ရာသီဥတုမျှတသဖြင့် ခရီးသွားလာရန်နှင့် အပန်းဖြေရန် အလွန်သင့်တော်သော နေရာတစ်ခု ဖြစ်သည်။ သို့သော် အားသာချက်ရှိသကဲ့သို့ အားနည်းချက်လည်း ရှိနေပြန်သည်။ ၎င်းမှာ မြို့၏တည်နေရာကြောင့် တောင်ပေါ်ရှိ တောရိုင်းတိရစ္ဆာန်များသည် မြို့အတွင်းသို့ မကြာခဏ ရောက်ရှိလာတတ်ပြီး ရှုပ်ထွေးမှုများ ဖြစ်ပွါးလေ့ရှိခြင်းပင်။
ယခု မြင်တွေ့နေရသော အခြေအနေအရ ပတ်ဝန်းကျင်တောင်တန်းများပေါ်ရှိ ဗီဇပြောင်းသားရဲများသည် မြို့ပြဧရိယာအတွင်းသို့ အုပ်စုလိုက် အလုံးအရင်းဖြင့် ဝင်ရောက်လာကြပြီး နောက်ဆုံး၌ မြို့အတွင်းမှာပင် အခြေချနေထိုင်သွားကြပုံပင်။ တောင်တန်းမြို့သည် ယခုအခါ တောင်တန်းကြီး၏ အစိတ်အပိုင်းတစ်ခုအဖြစ်သို့ လုံးဝအသွင်ပြောင်းသွားခဲ့ပြီ ဖြစ်သည်။
ဤအချက်ကို တွေးမိသောအခါ လုချွမ်းသည် အနည်းငယ် စိတ်ပျက်သွားမိသည်။ မူလကမူ တောင်တန်းမြို့သို့ ရောက်ရှိပါက ဇွန်ဘီများထံမှ အမြုတေအမြောက်အမြား ရိတ်သိမ်းရန် သူ မျှော်လင့်ထားခဲ့ခြင်းပင်။ ယခုမူ ထိုမျှော်လင့်ချက်မှာ လုံးဝ ပျောက်ကွယ်သွားရသည်။ အဆိုပါ အမြုတေအားလုံးကို ဤသားရဲများကပင် အကုန်အစင် လုယူသွားကြသည်။
“တောက်... တောင်တန်းမြို့ တစ်မြို့လုံးက တကယ်ပဲ သားရဲအုပ်ကြီးရဲ့ လက်ထဲ ရောက်သွားတာလား”
ဤအခြေအနေကို လုချွမ်းတစ်ဦးတည်း သတိပြုမိသည်မဟုတ်ဘဲ အပြင်ဘက်ကို အမြဲမပြတ် စောင့်ကြည့်နေသော ကျောက်လင်းကလည်း အံ့ဩတကြီးဖြင့် ရေရွတ်လိုက်သည်။
"မမကျောက်လင်း... ဒီဇွန်ဘီတွေကတော့ ဒီသားရဲတွေရဲ့ လက်ချက်နဲ့ သေကုန်တာ သေချာတယ်။ တောင်တန်းမြို့ထဲမှာ ရှိတဲ့ သားရဲအရေအတွက်က တကယ့်ကို မနည်းလှဘူးနော်"
ဘေးနားမှ ကျိရုရွှယ်ကလည်း အခြေအနေကို ရိပ်မိကာ ထိုနှစ်ဦးကို အချိန်ကိုက် သတိပေးလိုက်သည်။
တောင်တန်းမြို့သည် ကျင်းပြည်နယ်ရှိ အခြားမြို့များနှင့် နှိုင်းယှဉ်ပါက အရွယ်အစား သေးငယ်သော်လည်း ကမ္ဘာပျက်ကပ် မတိုင်မီက ဤနေရာတွင် အနည်းဆုံး လူဦးရေ သောင်းနှင့်ချီ၍ နေထိုင်ခဲ့ကြသည်။
ထို့ကြောင့် ဇွန်ဘီအဖြစ် ပြောင်းလဲသွားသူများမှာလည်း အမြောက်အမြား ရှိနေမည်မှာ သေချာသည်။ ထိုဇွန်ဘီအားလုံးကို ရှင်းလင်းပစ်နိုင်သည်ဆိုပါက ဤသားရဲများ၏ အရေအတွက်မှာလည်း အနည်းငယ်မျှသာ မဟုတ်ဘဲ အလွန်ပင် များပြားလှပေလိမ့်မည်။
မကြာမီမှာပင် ကားတန်းကြီးသည် အဆင့်မြင့် အိမ်ရာဝင်းတစ်ခု၏ အဝင်ဝတွင် ရပ်တန့်လိုက်သည်။
ဟောက်ယွန်း အိမ်ရာဝင်း..
လုချွမ်းသည် အိမ်ရာဝင်း အမည်ကို တစ်ချက်ကြည့်လိုက်ပြီး ချီချီလေးနှင့် ကျောက်လင်းတို့ကို ဤနေရာတွင် ခေတ္တအနားပေးရန် ဆုံးဖြတ်လိုက်သည်။
ဘုန်း…
လျှပ်စစ်ခြံစည်းရိုးတံခါးမှာ ဗီဇပြောင်း လိပ်ကြီး၏ တိုက်ခိုက်မှုကြောင့် ပွင့်ထွက်သွားပြီး ကားတန်းကြီးမှာ အထဲသို့ တိုက်ရိုက်မောင်းဝင်သွားတော့သည်။ အိမ်ရာဝင်းအတွင်းရှိ လမ်းအတိုင်း အနီးဆုံးဖြစ်သော အဆောက်အအုံအမှတ် ၁၂ ဆီသို့ ဖြည်းဖြည်းချင်း ဦးတည်သွားကြသည်။
ထိုအချိန်တွင် ရှေ့ဘက်ရှိ အဆောက်အအုံအမှတ် ၁၃ ၏ ရှစ်လွှာမြောက် အခန်းတစ်ခန်းအတွင်း၌ သာမန်လူအရွယ်အစားခန့်ရှိပြီး ခန္ဓာကိုယ်တစ်ခုလုံးတွင် အလင်းပြန်နေသော အကြေးခွံအကာအကွယ်များ ဖုံးလွှမ်းနေသည့် ဆင့်ကဲဇွန်ဘီတစ်ကောင် ရှိနေသည်။ ၎င်းသည် အေးစက်စက် အလင်းပြန်နေသော လက်သည်းထက်ထက်များကို ဝှေ့ယမ်းလျက် ထိုဟာလာဟင်းလင်း အခန်းအတွင်း၌ ရည်ရွယ်ချက်မရှိဘဲ လျှောက်သွားနေခြင်းဖြစ်သည်။
သို့သော် ရုတ်တရက်ဆိုသလို ထိုဆင့်ကဲဇွန်ဘီမှာ လှုပ်ရှားမှုများ ရပ်တန့်သွားသည်။ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ၎င်းထံသို့ လျင်မြန်စွာ ချဉ်းကပ်လာနေသည်ကို အာရုံခံမိလိုက်ပုံပင်။
ချက်ချင်းပင် ပိန်လှီသော ထိုဇွန်ဘီ၏ ခန္ဓာကိုယ်မှာ ထိန်းမနိုင်သိမ်းမရ တုန်ရင်လာပြီး အလွန်အမင်း ထိတ်လန့်သွားတော့သည်။ သွေးနီရောင် မျက်လုံးများထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင်များ အထင်းသား ပေါ်လွင်လာသည်။
ဝူး...
ထိုဆင့်ကဲဇွန်ဘီသည် ကြောက်လန့်တကြား ဟိန်းဟောက်လိုက်ပြီးနောက် အခန်း၏ ပြတင်းပေါက်မှတစ်ဆင့် ရုတ်တရက် ခုန်ချလိုက်တော့သည်။
နောက်တစ်စက္ကန့်တွင် လေခွင်းသံတစ်ခု ထွက်ပေါ်လာပြီး ထိုဇွန်ဘီသည် အမည်းရောင် အကြေးခွံများဖြင့် ဖုံးလွှမ်းထားသော အတောင်ပံတစ်စုံကို ဖြန့်လိုက်သည်။ အတောင်ပံများကို ပြင်းထန်စွာ ခတ်ထုတ်လိုက်ရာ လေပြင်းများ ထွက်ပေါ်လာပြီး ၎င်း၏ခန္ဓာကိုယ်မှာ အရှိန်အဟုန်ဖြင့် ပျံသန်းထွက်ခွာသွားတော့ရာ ခဏချင်းမှာပင် ကောင်းကင်ယံ၌ အမည်းစက်လေးတစ်ခုအဖြစ်သာ ကျန်ရစ်တော့သည်။
ထိုလှုပ်ရှားမှုကို သတိပြုမိသွားသော လုချွမ်းမှာ လှမ်းကြည့်ရင်း ခေတ္တမျှ မှင်တက်သွားရသည်။ ထို့နောက် သူ့မျက်ဝန်းထဲတွင် အရောင်တစ်မျိုး လက်ခနဲ ပေါ်လာတော့သည်။
ဒါက ပျံသန်းနိုင်တဲ့ဇွန်ဘီပဲ။