← Chapters

အခန်း (၂၉၉)

Vol. 30 Ch. 299

အခန်း (၂၉၉)

Vol. 30 Ch. 299

အခန်။ ၂၉၉

လုချွမ်း၏ လက်ရှိအစွမ်းနှင့်ဆိုပါက တောင်တန်းမြို့တစ်ခုလုံးသည် ဗီဇပြောင်းသားရဲများ၏ လက်အောက်သို့ ကျရောက်နေပြီး ၎င်းတို့အတွက် နိဗ္ဗာန်ဘုံသဖွယ် ဖြစ်နေသော်လည်း သူ့အတွက်မူ စိုးရိမ်ပူပန်စရာ တစ်စုံတစ်ရာမျှ မရှိပေ။ အမှန်စင်စစ် တောင်တန်းမြို့သည် လုချွမ်းအတွက် အလွန်ဘေးကင်းသော နေရာတစ်ခု ဖြစ်နေသည်။

ထို့ကြောင့် လုချွမ်းသည် ကားတန်းကြီးကို ဤမြို့၌ပင် အချိန်အတန်ကြာ အခြေချရန် ဆုံးဖြတ်လိုက်သည်။ ကားကိုယ်ထည်များပေါ်ရှိ သွေးများနှင့် အနံ့အသက်များကို ရှင်းလင်းရန် အချိန်လိုအပ်သည့်အပြင် လုချွမ်း စဉ်းစားထားသည့် အဓိကအကြောင်းရင်းနှစ်ချက်ရဗိသည်။

ပထမအချက်မှာ ဆင့်ကဲဇွန်ဘီရုပ်သေးများအတွက် လိုအပ်သော အမြုတေအမြောက်အမြား ရရှိနိုင်ရန် ဗီဇပြောင်းသားရဲများကို အမဲလိုက်ရန်ပင်။ တောင်တန်းမြို့အတွင်းရှိ ဇွန်ဘီများကို သားရဲများက အကုန်အစင် သုတ်သင်ပစ်ခဲ့ပြီ ဖြစ်သဖြင့် လုချွမ်းအနေဖြင့် အဖိုးတန်သော အမြုတေများ ရရှိရန်အတွက် ဤသားရဲများကိုသာ ပစ်မှတ်ထားရတော့မည်ပင်။

ဆင့်ကဲဇွန်ဘီများ၌သာမက ဗီဇပြောင်းသားရဲများအတွင်း၌လည်း အမြုတေများ တည်ရှိနေသည်ကို သူ မမေ့လျော့သေးပေ။ အနှစ်သာရအားဖြင့် နှစ်မျိုးစလုံးမှာ အတူတူပင်။

ဇွန်ဘီများ ရှာမတွေ့တော့လျှင်လည်း သားရဲများကိုသာ သုတ်သင်ရမည်ဖြစ်ရာ သူ့အတွက်မူ အမြုတေ လိုအပ်ချက်မှာ အမြဲတစေ ရှိနေသည်။

သူ့လက်အောက်ရှိ ဇွန်ဘီရုပ်သေးများသည် အစာကျွေးမည်အချိန်ကို အငမ်းမရ စောင့်မျှော်နေကြခြင်းပင်။

၎င်းပြင် သားရဲများ ပေါများသဖြင့် စားနပ်ရိက္ခာမှာလည်း အလျှံပယ်ပင်။ နေ့စဉ် အမျိုးမျိုးသော အသားကင်များကို စိတ်ကြိုက်စားသုံးနိုင်မည်ဖြစ်ပြီး လတ်လတ်ဆတ်ဆတ် အမဲလိုက်

ရရှိသော အသားများဖြစ်သဖြင့် အရသာနှင့် အာဟာရမှာလည်း ပြည့်စုံနေမည်ပင်။

ဒုတိယအချက်မှာ ဤနေရာတွင် သားရဲများ သောင်းကျန်းနေသဖြင့် အခြားသော လူသားများနှင့် ထိတွေ့ဆက်ဆံရန် မလိုအပ်တော့ပေ။ ထို့ကြောင့် လုချွမ်းသည် ဇွန်ဘီဘုရင်တစ်ဦး ဖြစ်နေသည်ဟူသော အချက်ကို လူသားများ သိရှိသွားပြီး သတင်းပျံ့နှံ့မည်ကိုလည်း ပူပန်စရာ မလိုတော့ပေ။

ဤသည်မှာ လုချွမ်း အလေးအနက်ထားသည့် အချက်ပင်။ ထိုသို့ နေထိုင်ခြင်းဖြင့် လူသားအစိုးရ၏ အလျင်အမြန် လက်တုံ့ပြန် တိုက်ခိုက်မှုကိုလည်း ခံရမည် မဟုတ်တော့ပေ။ အရင်တုန်းက ပိုင်ချန်ခရိုင်တွင် အေးချမ်းစွာ နေထိုင်ရာမှ အလျင်အစလို ထွက်ခွာခဲ့ရခြင်းမှာလည်း နဂါးကျားဂိုဏ်းမှ လူနှစ်ဦး၏ ပယောဂကြောင့်ပင်။

အကယ်၍ သူတို့သာ ပိုင်ချန်ခရိုင်မှာ ဖြစ်ပျက်ခဲ့တာတွေကို လူသားအာဏာပိုင်တွေဆီ သတင်းပို့လိုက်မယ်ဆိုရင် လုချွမ်း အသေအချာ သိရှိထားသည်မှာ လူသားများဘက်မှ လက်တုံ့ပြန်မှုများ ချက်ချင်းဖြစ်ပေါ်လာပြီး အင်အားအလုံးအရင်းဖြင့် ပိုင်ချန်ခရိုင် အတွင်းသို့ ချီတက်လာကြမည် ဖြစ်ကြောင်းပင်။

ထိုအချိန်ကျရောက်ပါက အင်အားကြီးမားသော လူသားတို့၏ တန်ပြန်တိုက်ခိုက်မှုအောက်တွင် လုချွမ်းအနေဖြင့် ယခင်ညက ခြံတိုက်ပွဲတွင်ကဲ့သို့ပင် အထိအခိုက် အကျအဆုံး များပြားနိုင်သည်။

အထူးသဖြင့် သူ၏ ဇွန်ဘီရုပ်သေးများသည် အလွန်တန်ဖိုးရှိလှသဖြင့် ရန်သူ၏ ကျည်ဆန်များအောက်တွင် အလဟဿ အဆုံးရှုံးမခံနိုင်ပေ။ ထိုသို့ဖြစ်လာပါက တကယ့်ကို နှမြောစရာကောင်းသော အဖြုန်းတီးကြီး ဖြစ်နေပါလိမ့်မည်။

ဟောက်ယွန်းအိမ်ရာဝင်းနှင့် တစ်ကီလိုမီတာခန့် ဝေးကွာသော နေရာတွင် ကြီးမားလှသည့် ဘောလုံးကွင်းကြီးတစ်ခု တည်ရှိသည်။ မူလက လက်ဖဝါးစာခန့်သာရှိသော မြက်ခင်းများသည် ယခုအခါ တစ်မီတာခန့်အထိ မြင့်တက်နေပြီး စိမ်းလန်းစိုပြည်လွန်းသဖြင့် စတုရန်းပုံစံ ကော်ဇောစိမ်းကြီးတစ်ချပ် ခင်းထားသကဲ့သို့ နူးညံ့ပျော့ပျောင်းနေသည်။

ဝူး...

ဘောလုံးကွင်း၏ အလယ်ဗဟို သွေးအိုင်အတွင်း၌ ရပ်နေသော ကျားနက်ကြီးတစ်ကောင်ထံမှ ဟိန်းဟောက်သံ ထွက်ပေါ်လာသည်။ သူသည် ချဉ်းကပ်လာနေသော ပုံရိပ်ကို စူးစိုက်ကြည့်ရှုရင်း အစွမ်းကုန် သတိထားနေ၏။ သူ၏ခြေရင်းတွင်မူ ကိုက်ခဲရာဗရပွဖြင့် သက်မဲ့ဖြစ်နေသော ဗီဇပြောင်းသမင်ပြာကြီးတစ်ကောင် လဲလျောင်းနေသည်။

လျှပ်စီး ၁ သည် အဆင့် ၄ ၏ ပြင်းထန်သော အရှိန်အဝါများကို ထုတ်လွှတ်လျက် ဖြည်းဖြည်းချင်း ချဉ်းကပ်လာသည်။ ယခုအချိန်တွင် သူ၏ နီရဲသော မျက်ဝန်းများသည် အဆင့် ၃ ရှိသည့် ကျားနက်ကြီးအပေါ်သို့ အသေသတ် ပစ်မှတ်ထားထားပြီး လှုပ်ရှားလိုက်တိုင်း တဖျတ်ဖျတ် လက်နေသော သံမဏိလက်သည်းများက ပြင်းထန်သော ဖိအားကို ပေးစွမ်းနေသည်။

ရှဲ...

နောက်တစ်စက္ကန့်တွင် လျှပ်စီး ၁ စတင်လှုပ်ရှားလိုက်ကာ စပရင်များကဲ့သို့ သန်မာလှသော သူ၏ခြေထောက်များဖြင့် ရှေ့သို့ ဝုန်းခနဲ ပစ်လွှတ်လိုက်ရာ အရိပ်တစ်ခုအလား ပြောင်းလဲသွားပြီး ကျားနက်ကြီးထံသို့ တဟုန်ထိုး ပြေးဝင်သွားသည်။ လေခွင်းသံမှာ နားကွဲမတတ် ပြင်းထန်လှ၏။

ဝူး...

ကျားနက်ကြီးသည် ထိတ်လန့်တကြား အော်ဟစ်ရင်း လှည့်ကာ ထွက်ပြေးသည်။ သူသည် ဘောလုံးကွင်းကို ဖြတ်ကျော်ကာ အသက်လုလျက် ပြေးလွှားနေရသည်။

ကံဆိုးစွာပင် အဆင့် ၃ ရှိသော ကျားနက်ကြီးသည် လျှပ်စီး ၁ ၏ အရှိန်ကို မမှီနိုင်ဘဲ ခဏချင်းမှာပင် အမီလိုက်ခြင်း ခံလိုက်ရသည်။

ရွှပ်...

နောက်တစ်စက္ကန့်တွင် လျှပ်စီး ၁ ၏ ထက်မြက်လှသော သံမဏိလက်သည်းများသည် ရက်ရက်စက်စက် အရှိန်ဖြင့် ရှေ့သို့ ဝေ့ယမ်းလိုက်ရာ အသားစများ လွင့်စင်သွားတော့သည်။

"ဝူး... အား..."

ကျားနက်ကြီး၏ နောက်ပိုင်းတစ်ခြမ်းမှာ လုံးဝနီးပါး ဆွဲဖြဲခံလိုက်ရပြီး နောက်ခြေထောက်တစ်ဖက်မှာလည်း သံမဏိလက်သည်းကြောင့် ပြတ်တောက်သွားသည်။ ရင်နာစရာကောင်းလှသော အော်ဟစ်သံကြီးနှင့်အတူ ကျားနက်ကြီးမှာ မြေပြင်ပေါ်သို့ အင်အားမဲ့စွာ ပြုတ်ကျသွားပြီး စက္ကန့်ပိုင်းအတွင်းမှာပင် အသက်ပျောက်သွားတော့သည်။

လျှပ်စီး ၁ သည် သူ၏ လက်သည်းကို ဆန့်ထုတ်ကာ ကျားနက်ကြီး၏ ဦးခေါင်းအတွင်းမှ အဆင့် ၃ အမြုတေ ဟကို ထုတ်ယူလိုက်သည်။ လုချွမ်းသည် သူ့ရှေ့က အမြုတေကို ကြည့်ကာ ကျေနပ်သွားမိသည်။

နောက်ထပ် အဆင့် ၃ အမြုတေတစ်ခု လက်ထဲရောက်လာခြင်းပင်။

လက်ရှိတွင် လုချွမ်းသည် သူ၏ အဆင့် ၄ ဇွန်ဘီရုပ်သေးအများစုကို လမ်းမများပေါ်သို့ စေလွှတ်ကာ သားရဲများကို လိုက်လံသတ်ဖြတ်စေပြီး အမြုတေများကို ရိတ်သိမ်းခိုင်းထားသည်။ အချိန်ကြာလာသည်နှင့်အမျှ လုချွမ်းအတွက် ရလဒ်ကောင်းများစွာ ထွက်ပေါ်လာခဲ့သည်။

လုချွမ်းက ဗီဇပြောင်းသားရဲများကို အမဲလိုက်ပြီး အမြုတေများ ရှာဖွေနေချိန်တွင် ကျန်သည့်နှစ်ဦးမှာလည်း သူတို့နည်းသူတို့ဟန်ဖြင့် အလုပ်ရှုပ်နေကြသည်။

ကျောက်လင်းသည် နေ့စဉ်နေ့တိုင်း အပြင်ထွက်ကာ သူမ၏ တိုက်ခိုက်ရေးစွမ်းရည် တိုးတက်လာစေရန် သားရဲများနှင့် လေ့ကျင့်ကာ တိုက်ခိုက်နေသည်။ ကျိရုရွှယ်ကမူ သူမ၏ဖခင်မှာ အဆင့် ၅ သို့ ရောက်ရှိနေပြီဖြစ်ရာ နောက်ကျကျန်မရစ်ခဲ့စေရန် အဆင့် ၅ သို့ အမြန်ဆုံး တက်လှမ်းနိုင်ရေးအတွက် ကျင့်ကြံခြင်း၌သာ အာရုံစိုက်ထားသည်။

ယနေ့တွင်တော့ ဟောက်ယွန်းအိမ်ရာဝင်းမှ နှစ်လမ်းကျော်ဝေးသော လမ်းမတစ်ခုပေါ်တွင် ဒေါသတကြီး အော်ဟစ်သံများ ဆူညံစွာ ပဲ့တင်ထပ်လာတော့သည်။

"ရုတ်ရက်တဲ့ သားရဲ... သေပေတော့"

ကျောက်လင်းသည် စစ်သုံးဓားကို မြဲမြံစွာဆုပ်ကိုင်ရင်း ပြတ်သားသော အကြည့်များဖြင့် ရှေ့ရှိ အဆင့် ၃ ကြက်သွေးရောင် နွားသိုးကြီးထံသို့ အားကုန်သုံး၍ ပြေးဝင်သွားသည်။

"မူး..."

ကျောက်လင်း၏ စိန်ခေါ်မှုကို တုံ့ပြန်သည့်အနေဖြင့် နွားသိုးကြီးသည် ဟိန်းဟောက်လိုက်ပြီး တိုင်လုံးသဖွယ်ကြီးမားသော ခွာများဖြင့် မြေကြီးကို ကုတ်ခြစ်လိုက်သည်။ ထို့နောက် ၎င်း၏ခန္ဓာကိုယ်တစ်ခုလုံးတွင် ကြက်သွေးရောင် မီးတောက်များ ဟုန်းခနဲ တောက်လောင်လာကာ ကောင်းကင်သို့ ထိုးထွက်နေသော ဦးချိုကြီးများဖြင့် ကျောက်လင်းကို အရှိန်အဟုန်ဖြင့် တိုက်ခိုက်တော့သည်။

နွားသိုးကြီး စတင်လှုပ်ရှားလိုက်သည်နှင့် လမ်းမတစ်ခုလုံး တုန်ဟည်းသွားပြီး ပြင်းထန်သော အရှိန်အဝါများက ရှေ့သို့ လှိုင်းလုံးကြီးသဖွယ် တိုးဝင်လာသည်။

ဒေါင်...

စက္ကန့်ပိုင်းအတွင်းမှာပင် ကျောက်လင်း၏ သံမဏိဓားသည် လေထုကို ခွင်းလျက် ကောင်းကင်ယံ၌ အလင်းတန်းတစ်ခုအလား ဖြစ်သွားပြီး နွားသိုးကြီး၏ ဦးချိုကို ပြင်းထန်စွာ ခုတ်ပိုင်းလိုက်သည်။

ချက်ချင်းဆိုသလိုပင် နားမခံသာသော အသံကြီးနှင့်အတူ ပြင်းထန်သော တုန်ခါမှုကြောင့် ကျောက်လင်းမှာ ဓားကိုပင် လွှတ်ချလုနီးပါး ဖြစ်သွားကာ ခြေလှမ်းပေါင်းများစွာ နောက်သို့ အရှိန်ဖြင့် ဆုတ်ခွာလိုက်ရသည်။

နွားသိုးကြီးမှာမူ ၎င်း၏ ကြီးမားလှသော ခန္ဓာကိုယ်အလေးချိန်ကြောင့် မလှုပ်မယှက် ရှိနေသော်လည်း ပြင်းထန်သော ထိပ်တိုက်တွေ့မှုကြောင့် ခေါင်းမူးသွားပုံရပြီး ဦးခေါင်းကို တရမ်းရမ်း လုပ်နေရသည်။

"ရှူး..."

ကျောက်လင်းသည် ပေါက်ပြဲသွားသော သူမ၏ လက်ဖဝါးကို ကြည့်ရင်း နာကျင်မှုကြောင့် အသံထွက်သွားသည်။

"သေစမ်း"

နောက်တစ်ခဏတွင် ကျောက်လင်းသည် ထပ်မံအော်ဟစ်ကာ နွားသိုးကြီးနှင့် အကြိတ်အနယ် ပြန်လည်တိုက်ခိုက်တော့ရာ လမ်းမကြီးတစ်ခုလုံးတွင် သံထည်ချင်း ရိုက်ခတ်သံများ တအုန်းအုန်းဖြင့် ပဲ့တင်ထပ်နေတော့သည်။

ကျောက်လင်း၏ လွှဲယမ်းလိုက်သော ဓားချက်တိုင်းတွင် အားအပြည့်ပါဝင်နေပြီး နွားသိုးကြီးကို ပြင်းထန်စွာ ထိမှန်နေကာ သူမ၏ တိုက်ပွဲဝင်စိတ်ဓာတ်မှာ အထွတ်အထိပ်သို့ ရောက်ရှိနေသည်။

နွားသိုးကြီး၏ ဦးချိုများက သူမကို ရှပ်ထိသွားသော်လည်း ကျောက်လင်းမှာ နာကျင်မှုကို အာရုံမရတော့ဘဲ နွားသိုးကြီးကိုသာ အငြိုးတကြီး ဆက်တိုက် ခုတ်ပိုင်းနေသဖြင့် နွားသိုးကြီးမှာ သွေးစွန်းသော ဒဏ်ရာဗရပွဖြင့် နာကျင်စွာ အော်ဟစ်ရင်း တဖြည်းဖြည်း နောက်ဆုတ်သွားရတော့သည်။

ထိုအချိန်တွင် အဝေးရှိ အထပ်မြင့်အဆောက်အအုံတစ်ခုပေါ်၌ အရိပ်တစ်ခုသည် အောက်ဘက်မှ တိုက်ပွဲကို တိတ်တဆိတ် စောင့်ကြည့်နေသည်။

နွားသိုးကြီး တဖြည်းဖြည်း အရေးနိမ့်လာသည်ကို မြင်လိုက်ရသည့်အခါ ထိုသူ၏ အမူအရာမှာ ပြောင်းလဲသွားသည်။

"တောင်တန်းမြို့ကို ဒီလောက်အစွမ်းထက်တဲ့ ဆင့်ကဲပြောင်းလဲသူတစ်ယောက် ဘယ်တုန်းက ရောက်လာတာလဲ"

ထို့နောက် ထိုဆင့်ကဲပြောင်းလဲသူသည် ငှက်ငယ်လေးတစ်ကောင်အဖြစ် အသွင်ပြောင်းကာ အဆောက်အအုံ၏ အခြားတစ်ဖက်ရှိ ပြတင်းပေါက်မှတစ်ဆင့် ပျံထွက်သွားပြီး မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတော့သည်။

All Chapters