နဂါးသဏ္ဍာန်ပြောင်းပညာ
Vol. 3 Ch. 235
ဆန်းလျန်က ရွှမ်ထုန် နတ်မိစ္ဆာဘုရင်မ၏ စကားကို ပြန်လည် ပြုံးပြလိုက်ရင်း အသိအမှတ် ပြုလိုက်လေသည်။
ရွှမ်ထုံ နတ်မိစ္ဆာဘုရင်မမှာ တည်ကြည် ဖြောင့်မတ်သည်ဟု ဂုဏ်သတင်းကြီးသူ ဖြစ်လေသည်။ သို့သော် သူမက ဆန်းလျန်ကို နှစ်သက် သဘောကျသည့် ဟန်ဖြင့် ကြည့်နေလေသည်။ ထိုအကြည့်ကြောင့် အခြားသူများမှာ များစွာ အံ့သြ သွားကြရသည်။ ဖော့ဝမ့် အဆင့်ကျင့်ကြံ သူများကိုပင် ရွှမ်ထုန်နတ်မိစ္ဆာဘုရင်က ခပ်တည်တည်ပင် ဆက်ဆံသူ ဖြစ်လေသည်။
ဆန်းလျန်မှာ တန်ခိုးစွမ်းအား ကြီးမားပုံ ရသည့်တိုင် နတ်ဘုရား တစ်ပါးတော့ ဟုတ်ဟန် မတူသေးပေ။ “ထိုလူငယ်မှာ မည်သူပါလိမ့်” ဟု အားလုံးက စဉ်းစားနေမိကြလေသည်။
နောက်ထပ် ပစ္စည်းတစ်ခုမှာ စကြဝဠာ သံမဏိ ဖြစ်လေသည်။ ဓားသိုင်းလမ်းစဉ် ကျင့်ကြံသူ တစ်ယောက်ဖြစ်လျှင် အလွန် အသုံးဝင်မည့် ရတနာပစ္စည်း ဖြစ်လေသည်။ ဆယ်စုနှစ် တစ်ခုကြာအောင် သန့်စင်ပြီးလျှင် စစ်မှန်သည့် ဓားဝိညာဉ် တစ်ခုကို ရရှိမည် ဖြစ်လေသည်။
ကျန်ယီဂိုဏ်းမှ တပည့် သုံးယောက်မှာ အပြိုင်အဆိုင် ဈေးခေါ်နေကြသည့် ချမ်းသာ ကြွယ်ဝသည့် ကျင့်ကြံသူများကို ငေးကြည့်နေကြလေသည်။
အစိမ်းရောင်ဝတ် မိန်းကလေးမှာ ထိုမြင်ကွင်းကို ကြည့်ရင်း အားကျ နေမိလေသည်။ အဘယ်ကြောင့်ဆိုသော် သူမ၏ ရည်မှန်းချက်မှာ ဓားသိုင်း လမ်းစဉ်ဖြင့် နတ်ဘုရား အဖြစ် တက်ရောက်လိုခြင်း ဖြစ်လေသည်။ သို့သော် ကျန့်ယီဂိုဏ်းသို့ ဝင်ရောက်ခဲ့သည့် သူမအတွက် အင်းနှင့် မန္တန်ပညာကို သင်ယူရန်သာ အခွင့်သာခဲ့လေသည်။
နောက်ဆုံးတော့ စကြဝဠာ သံမဏိကို ကျင့်ကြံသူ တစ်ယောက်က ရရှိသွားလေသည်။ ထိုကျင့်ကြံသူမှာ အသက်အရွယ် ကြီးရင့်နေပြီ ဖြစ်လေသည်။ သို့သော် ထိုသူမှာ လျှို့ဝှက် ကျင့်စဉ် တစ်ခုကို ကျင့်ကြံနေသူဖြစ်ကြောင်း ဆန်းလျန် ရိပ်မိလိုက်လေသည်။
ရွှမ်ထုံနတ်မိစ္ဆာ ဘုရင်မ၏ ရတနာ ပစ္စည်းသုံးမျိုး လေလံပွဲ ပြီးဆုံးသွားပြီ ဖြစ်လေသည်။
လေလံပွဲ နောက်တစ်ပိုင်းမှာ ကုန်ပစ္စည်းချင်း လဲလှယ်သည့် အပိုင်း ဖြစ်လေသည်။ ကျင့်ကြံသူ အများစုမှာ ထိုအစီအစဉ်ကို စောင့်မျှော် နေကြလေသည်။
ကျင့်ထင်ထုံအော်က ဆေးပင်တစ်ပင်ကို ထုတ်ယူလိုက်သည်။ ဆေးပင်မှာ အစိမ်းရင့်ရောင် တောက်ပနေလေသည်။ သစ်ပင်၏ ပုံသသဏ္ဌာန်မှာ လူသားတစ်ယောက် ပုံသဏ္ဌာန် ဖြစ်လေသည်။ ဦးခေါင်းနှင့် ခြေထောက်လေးများ ထင်ရှားစွာ ပါရှိလေသည်။
"ဒီရတနာ ပစ္စည်းကိုတော့ အားလုံးပဲ သိကြမယ် ထင်ပါတယ်၊ ဒီပစ္စည်းကို မိတ်ဆွေ တစ်ယောက်က မထင်မှတ်ဘဲ တွေ့ခဲ့တာပါ၊ ဒီပစ္စည်းနဲ့ ပစ္စည်းချင်း လဲလှယ်လိုတဲ့ သူတိုင်း သင်တို့ လဲလှယ်မယ့် ရတနာပစ္စည်းကို ကျောက်စိမ်း သေတ္တာလေးထဲမှာ ထည့်ထားနိုင်ပါတယ်၊ ကျွန်မရဲ့ လက်ထောက်က ကျောက်စိမ်း သေတ္တာလေးထဲက ပစ္စည်းတွေကို ကြည့်ပြီး သင့်တော်ပြီး စိတ်ဝင်စားစရာ ပစ္စည်းနဲ့ လဲလှယ်မှာ ဖြစ်ပါတယ်၊ အားလုံးပဲ ယုံကြည် စိတ်ချစွာ လဲလှယ်နိုင်ပါတယ်၊ ကျွန်မက ကြားလူ အဖြစ် ဆောင်ရွက်ပေးတာ ဖြစ်ပြီး ဝယ်ယူသူနဲ့ ရောင်းချသူတို့ရဲ့ သတင်း အချက်အလက်တွေ ပေါက်ကြားခြင်း မရှိစေရပါဘူး"
ရွှမ်ထုန်ဘုရင်မက ကြေငြာလိုက်လေသည်။
ကြေညာချက်အရ ရောင်းသူနှင့် ဝယ်သူ ပစ္စည်း အလဲအလှယ် ပြုလုပ်ခြင်း အထ မြောက်သွားသည်ကို ရွှမ်ထုံဘုရင်မ တစ်ယောက်သာလျှင် သိရှိမည် ဖြစ်လေသည်။ သို့သော် သူမက နတ်ဘုရားဈေးပွဲတော် စီစဉ်သူ ဖြစ်သည့်အတွက် သတင်းပေါက်ကြားခြင်း မရှိစေရန် ဂုဏ်သိက္ခာ ရှိရှိဖြင့် တာဝန်ယူလေသည်။
ရုတ်တရက်…
ပတ်ဝန်းကျင် တစ်ခုလုံးရှိ အလင်းရောင်များ မှိန်ကျ သွားလေသည်။
ပစ္စည်းချင်း လဲလှယ်မည့် သူများက ကျောက်စိမ်း သေတ္တာလေးများထဲသို့ ပစ္စည်းများ ထည့်ပြီးသည်နှင့် ကျောက်စိမ်း သေတ္တာလေးများက ပိတ်သွားကြလေသည်။ သေတ္တာလေးထဲမှ ပစ္စည်းကို မည်သူမှ မြင်တွေ့ရခြင်း မရှိပေ။ ထို့ပြင် အရံအတားလည်း ပြုလုပ်ထားသည့် အတွက် အခြားသူများက ဝိညာဉ် စွမ်းအား အသုံးပြုပြီး အာရုံခံရန် ကြိုးစားပါက ချက်ချင်းသိရှိမည် ဖြစ်လေသည်။
ပတ်ဝန်းကျင် တစ်ခုလုံး ပြန်လည် လင်းလက် လာလေသည်။
ရွှမ်ထုံနတ်မိစ္ဆာ ဘုရင်က လူသား ပုံသသဏ္ဌာန် ဆေးပင်လေးကို ယူဆောင် သွားရန် ပြောလိုက်လေသည်။ ပစ္စည်းကို ရရှိသွားသူမှာ မည်သူဖြစ်ကြောင်း သိရှိရခြင်း မရှိပေ။
ပစ္စည်းကို ရသွားသည့် သူကလည်း လျှို့ဝှက် ထားလိုသည့်အတွက် အမူအရာမပျက် ငြိမ်သက်နေမည်သာ ဖြစ်လေသည်။
ဆန်းလျန်ကလည်း ထိုလူသားပုံသဏ္ဌာန် ဆေးပင်ကို စိတ်ဝင်စားမိသည့် အတွက် ကုန်ပစ္စည်း လဲလှယ်မှုတွင် ပါဝင်ခဲ့သော်လည်း ရောင်းချသူက စိတ်ဝင်စားခဲ့ခြင်း မရှိသောကြောင့် ရရှိခဲ့ခြင်းမရှိပေ။
အခြားသော ရှားပါး ရတနာ ပစ္စည်းသုံးခု ထပ်မံလဲလှယ်မှု ပြုလုပ်ကြလေသည်။ ရတနာပစ္စည်း အားလုံးမှာ အလွန်ရှားပါးသည့် ရတနာပစ္စည်းများ ဖြစ်လေသည်။
"နောက်ထပ် ရတနာပစ္စည်းကတော့ လုံးဝ လက်မလွှတ်သင့်တဲ့ ရတနာပစ္စည်းပါပဲ"
ရွှမ်ထုံနတ်မိစ္ဆာ ဘုရင်မက ပြောလိုက်သည်။
ထို့နောက် သူမက ရေကန် အတွင်းသို့ လက်ဖြင့် ထိုးညွှန်လိုက်ရာ ရေကန်ထဲမှ မီးခိုးငွေ့များ ထွက်ပေါ်လာပြီး အစိမ်းရောင် အလင်းတန်းများ လင်းလက် လာလေသည်။ အလင်းရောင်များ ပျောက်ကွယ် သွားသည်နှင့် အစိမ်းရောင် ပန်းပွင့်တစ်ပွင့် ပေါ်လာလေသည်။ ပန်းပွင့်၏ ပွင့်ဖတ်များမှာ ကြာရွက်များကဲ့သို့ အရွက်ဖားဖားနှင့် ဖြစ်လေသည်။
ထိုပန်းပွင့် ထွက်ပေါ်လာသည်နှင့် ရေကန်မှာပိုပြီး ကြည်လင်သွားပြီး ကြာပန်းများပင် ပွင့်လန်း လာလေသည်။ အစိမ်းရောင် ပန်းပွင့်၏ တန်ခိုးစွမ်းအားက ရေကန် တစ်ခုလုံးကို ထိန်းချုပ် လိုက်လေသည်။
လေလံပွဲမှ လူများအားလုံးမှာ စိတ်လှုပ်ရှားပြီး လှုပ်လှုပ်ရှားရှား ဖြစ်သွားကြလေသည်။
"မှော်ဝင်ပစ္စည်းများနှင့် ဝိညာဉ် စွမ်းအား ပစ္စည်းများ မှတ်တမ်း" စာအုပ်ထဲတွင် ထူးဆန်းသည့် သစ်ပင် တစ်ပင်အကြောင်း ဖော်ပြထားလေသည်။ ထိုအပင်၏ သစ်ရွက်များမှာ ကြာရွက်နှင့်တူပြီး ပင်စည်မှာ သစ်ကြံပိုးပင်နှင့် တူလေသည်။ ထိုသစ်ပင်မှ ရာသီအလိုက် အပွင့်ရောင်စုံ ပွင့်လန်းလေ့ ရှိလေသည်။ အစိမ်းရောင် ပန်းပွင့်မှာ နွေဦးတွင် ပွင့်ပြီး အနီရောင် ပန်းပွင့်ကတော့ နွေရာသီတွင် ပွင့်လေသည်။ အဖြူရောင်ပန်းပွင့်မှာတော့ ဆောင်းဦးရာသီတွင် ပွင့်ပြီး ခရမ်းရောင် ပန်းပွင့်ကတော့ ဆောင်းရာသီတွင် ပွင့်လေသည်။ ထိုသစ်ပင်ကို “အမြဲစိမ်းသစ်ပင်” ဟု ခေါ်လေသည်။
ယခုရေကန်ထဲမှ အမြဲစိမ်းပန်းမှာ အစိမ်းရောင် ဖြစ်သည့်အတွက် နွေဦးတွင်ပွင့်သည့် အမြဲစိမ်းပန်းပွင့်ဖြစ်ပြီး အသက်ဓာတ် စွမ်းအားနှင့် ပြည့်ဝလေသည်။ ထိုအစိမ်းရောင် ပန်းကို အလင်းသုံးပါး ပရိတ်ရေဖြင့် ရောစပ်ပြီး ဆေးဖော်စပ်ပါက တန်ခိုးစွမ်းအားကို သန့်စင်စေသည့် မှော်ဆေးရည်ကို ရရှိမည် ဖြစ်လေသည်။
ဟိုင်သန်းအဆင့်ကို ပုံပြောင်း အဆင့်ခြောက်ဆင့် သို့မဟုတ် ခုနစ်ဆင့်ဖြင့် တက်ရောက် ထားသူများ အနေဖြင့် ထိုဆေးကို အသုံးပြုပါက ပုံပြောင်းအဆင့် တစ်ဝက်သို့မဟုတ် တစ်ခု ထပ်မံအဆင့် တိုးတက် လာနိုင်လေသည်။ ဟိုင်သန်းအဆင့်တွင် ပုံပြောင်း အဆင့်များလေ နတ်ဘုရားအဆင့် တက်ရောက်နိုင်ရန် အတွက် မူလဝိညာဉ် ရရှိရန် အခွင့်အလမ်း ပိုများလေ ဖြစ်လေသည်။
ယခုကဲ့သို့ တန်ဖိုးကြီးမားသည့် ပစ္စည်းကို လေလံပွဲတွင် လဲလှယ်မည်ဟု မည်သူမျှ ထင်မထားမိကြပေ။
ထိုပစ္စည်းနှင့် ထိုက်တန်အောင် မည်သည့် ပစ္စည်းဖြင့် လဲလှယ် ရမည်ကိုပင် မသိ ဖြစ်နေကြရလေသည်။
ထို့ပြင် ထိုပန်းပွင့်မှာ နတ်ဘုရားသင်္ချိုင်းမှ ပစ္စည်းတစ်ခု ဖြစ်ကြောင်း လူတိုင်း သိရှိကြလေသည်။
နတ်ဘုရားသင်္ချိုင်းသို့ ဝင်ရောက်ခွင့်ရသည့် ကျင့်ကြံသူများမှာ အလွန်ကံကောင်းသည့် ကျင့်ကြံသူများ ဖြစ်လေသည်။ နတ်ဘုရား သင်္ချိုင်းမှ ပြန်ထွက်လာသည်နှင့် တန်ခိုးစွမ်းအားများ မြင့်တက် လာတတ်ကြပြီး ဟိုင်သန်းအဆင့်ကို ပုံပြောင်းအဆင့် ကိုးဆင့်ဖြင့် အောင်မြင်ထားသည့် ကျင့်ကြံသူကိုပင် ကောင်ကောင်း ယှဉ်ပြိုင်နိုင်ကြလေသည်။
ဆန်းလျန်အတွက်တော့ အမြဲစိမ်းပန်းပွင့်က အသုံးမဝင်လှပေ။
အခြားသူများကတော့ လဲလှယ်မည့် ပစ္စည်းများကို ကျောက်စိမ်း သေတ္တာလေးများထဲသို့ အသီးသီး ထည့်လိုက်ကြလေသည်။
ခဏအကြာတွင်တော့ ရွှမ်ထုန်နတ်မိစ္ဆာ ဘုရင်က ပြောလိုက်သည်။
“အားလုံးပဲ နောက်ထပ် ရတနာပစ္စည်း တစ်ခုကို ကြည့်ရှုကြပါဦး”
ကျင့်ကြံသူများမှာ မကျေမနပ်ဖြင့် သူမကို ကြည့်လိုက်ကြလေသည်။ အမြဲစိမ်းပန်းပွင့်ကို မည်သူ ရရှိသွားသည်ကို သူတို့အားလုံးက သိချင်နေကြလေသည်။
ရုတ်တရက်မှာပင်….
တိမ်တိုက်ကြီး တစ်ခုလုံး တုန်ခါလာပြီး သူတို့ဆီသို့ ရှည်လျားသည့် အရာကြီးတစ်ခု ရွေ့လျားလာသည်ကို တွေ့မြင် လိုက်ကြရလေသည်။
သေသေချာချာ ကြည့်မည်ဆိုလျှင် ရွေ့လျားလာသည့် အရာမှာ အဝါရောင် နဂါးကြီး တစ်ကောင်ဖြစ်ကြောင်း သိရှိနိုင်မည်ဖြစ်သည်။ ရှည်လျားသည့် နဂါးကြီးတစ်ကောင် ဖြစ်ပြီး လက်သည်းများမှာလည်း ထက်ရှ နေလေသည်။
အဝါရောင် နဂါးကြီးက ရတနာ ပစ္စည်းလေလံပွဲမှ လူများအားလုံးကို စူးရှစွာဖြင့် တစ်ချက် ကြည့်လိုက်ပြီး အနားသို့ တိုးကပ် လာလေသည်။
ထို့နောက် အဝါရောင် ဝတ်ဆင်ထားသည့် တာအိုဆရာ တစ်ပါးအသွင် ချက်ချင်း ပြောင်းလဲ သွားလေသည်။ ထိုတာအိုဆရာ ဝတ်ဆင်ထားသည့် အဝါရောင်ဝတ်စုံ၏ ရင်ပတ်ပေါ်တွင် ပါးကွ သင်္ကေတ တစ်ခု ရေးထားလေသည်။ သူက အဝါရောင် တိမ်တိုက်ပေါ်တွင် ရပ်တန့်နေပြီး ရွှမ်ထုန် နတ်မိစ္ဆာဘုရင်နှင့် မျက်နှာချင်း ဆိုင်လိုက်သည်။
“ကျုပ်က ကွမ်းချင်း နတ်ဘုရားဂိုဏ်းက အဝါရောင်နဂါး ဟွမ်လုန်ကျီပဲ၊ ခုန မင်း ပြသထားတဲ့ အမြဲစိမ်းပန်းပွင့်ကို လိုချင်တယ်၊ ဈေးကောင်းပေးမယ်လို့ အာမခံတယ်”
ကွမ်းချင်းနတ်ဘုရား ဂိုဏ်းမှ အဝါရောင် နဂါးဟွမ်လုန်ကျီမှာ နဂါးသဏ္ဌာန်ပြောင်း ပညာကို ကျင့်ကြံအောင်မြင် ထားသူဖြစ်ကြောင်း လူတိုင်း သိကြလေသည်။ ယခုတော့ အမှန်တကယ်ပင် ဟွမ်လုန်ကျီကို မြင်တွေ့ကြရပြီ။
ရွှမ်ထုံနတ်မိစ္ဆာ ဘုရင်မက အဝါရောင်နဂါး ဟွမ်လုန်ကျီကို မျက်စိတစ်ချက် ဆွေကာ ကြည့်လိုက်ရင်း…
“အမြဲစိမ်းပန်းပွင့်က မိတ်ဆွေ တစ်ယောက်ကို ရောင်းချ ပြီးသွားပါပြီ၊ အားနာမိပေမယ့် ဒီက မိတ်ဆွေက နောက်ကျသွားပါပြီ”
ဟွမ်လုန်ကျီက ပြုံးလိုက်ရင်း…
“ကောင်းပြီလေ၊ အဲဒီရတနာကို ဘယ်တစ်ယောက်ကို ရောင်းလိုက်တာလဲသာ ပြောပါ၊ ကျုပ်ရအောင် ပြန်ဝယ်ပါ့မယ်၊ မင်းအတွက်လည်း မနစ်နာစေရပါဘူး”
ရွှမ်ထုန်နတ်မိစ္ဆာ ဘုရင်မက မဲ့ပြုံးတစ်ချက် ပြုံးလိုက်ရင်း…
“ကျွန်မက ရတနာ ပစ္စည်းလေလံပွဲကို စီစဉ်တဲ့သူပါ၊ ပြီးတော့ ဒီလေလံပွဲမှာ ရှင့်ကိုလည်း ဖိတ်ကြားထားခြင်း မရှိပါဘူး၊ ရှင်က အရောင်းအဝယ်မှာ ပါဝင်ချင်တယ် ဆိုရင်တော့ ရတနာ ပစ္စည်းလေလံပွဲ မဟုတ်တဲ့ အပြင်က နတ်ဘုရား ဈေးပွဲတော်မှာပဲ ပါဝင်လို့ရမှာ ဖြစ်ပါတယ်”
ရွှမ်ထုန် နတ်မိစ္ဆာဘုရင်မ၏ ပိုင်နက် အတွင်းသို့ ယခုကဲ့သို့ မပြောမဆို ဝင်ရောက်လာခြင်းမှာ အလွန်ပင် ရိုင်းစိုင်းရာ ကျလွန်းသည်ဟု ကျင့်ကြံသူများက တွေးနေကြလေသည်။
ထို့ကြောင့် ရွှမ်ထုန်နတ်မိစ္ဆာဘုရင်မ ဒေါသထွက်မည် ဆိုလျှင်လည်း ထွက်ချင်စရာပင် ဖြစ်လေသည်။
***