← Chapters

နောက်ယောင်ခံလိုက်ခြင်း

Vol. 9 Ch. 85

နောက်ယောင်ခံလိုက်ခြင်း

Vol. 9 Ch. 85

ထိုမူးရူးနေသော လူငယ်လေးမှာ လင်းပေ့ပင် ဖြစ်ချေသည်။

သူသည် ရှအန်း၏ နောက်သို့လိုက်ရင်း ဤလျှို့ဝှက်သော သစ်တောအုပ်ဇရပ်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ မူလက ရှေ့တိုးပြီး မေးမြန်းရန် ရည်ရွယ်ခဲ့သော်လည်း၊ မြို့စားလေးက ဇရပ်ထဲတွင် ထိုင်လိုက်ပြီး၊ တစ်စုံတစ်ယောက်ကို စောင့်နေပုံရသည်ကို မြင်လိုက်ရသဖြင့်၊ လင်းပေ့ ရုတ်တရက် အတွေးများ ပေါ်လာလေသည်။

မြွေမြွေချင်းခြေမြင်သော ထူးဆန်းသည့် အာရုံခံစားမှုဖြင့်၊ သူသည် ဤမြို့စားလေးမှာလည်း နှာဘူးတစ်ကောင် ဖြစ်မည်ဟု ခံစားမိလိုက်သည်။

သူ ဒီလို တိတ်တိတ်ဆိတ်ဆိတ် လာစောင့်နေတာက၊ မိန်းကလေး တစ်ယောက်ယောက်နဲ့ ချိန်းတွေ့ဖို့များလား...။

အရက်မူးပြီးနောက်... တောအုပ်ထဲမှာဆိုတော့ကာ...။

နောက်ယောင်ခံလိုက်ခြင်းမှသည်... ချောင်းမြောင်းကြည့်ရှုခြင်းဆီသို့... အဟေးဟေး…။

ထင်ကြေးများစွာက သူ၏ ရင်ထဲတွင် လှုပ်ရှားသွားစေပြီး၊ သူ့ကို ခြေလှမ်းရပ်တန့်စေကာ အတင်းရှေ့မတိုးစေဘဲ၊ ဤနေရာတွင်သာ ရပ်ပြီး မြို့စားလေး ဘာလုပ်မည် ဆိုသည်ကို စောင့်ကြည့်ချင်စိတ်အား ဖြစ်ပေါ်စေခဲ့သည်။

မြို့စားလေးသည် ကျင့်ကြံသူတစ်ဦး ဖြစ်သော်လည်း၊ ကျင့်ကြံခြင်း အဆင့်မမြင့်မားဘဲ ပုံမှန်အားဖြင့် ဆရာလု၏ အမြဲမပြတ် ကာကွယ်မှုကို အားကိုးနေရသူ ဖြစ်သည်။ ယနေ့တွင် သူသည် အရေးကြီးကိစ္စမရှိဟု ထင်မြင်သဖြင့်၊ ဆရာလုကို လွှတ်လိုက်ရာ၊ လင်းပေ့အတွက် နောက်ယောင်ခံလိုက်ရန် အခွင့်အရေး ရရှိစေခဲ့သည်။

အကယ်၍ ဆရာလုသာ ရှိနေလျှင်၊ လင်းပေ့၏ နောက်ယောင်ခံလိုက်ခြင်းမှာ ဤမျှ ချောမွေ့နိုင်မည် မဟုတ်ပေ။

နောက်ပိုင်းတွင် ရွှဲ့ဟူ ရောက်ရှိလာသော်လည်း၊ ရွှဲ့ဟူမှာ သိုင်းပညာရှင် ဖြစ်လေသည်။ သိုင်းပညာရှင်များ၏ အာရုံခံစားမှုမှာ ချီစွမ်းအင်နှင့် အသံအပေါ်တွင် ပိုမို အားပြုပြီး၊ တစ်နည်းအားဖြင့် လှုပ်ရှားနေသော အရာဝတ္ထုများကို အာရုံခံရာတွင် ပိုမို အားကောင်းသည်။

ထို့ကြောင့် သူ၏ ကျင့်ကြံခြင်းအဆင့်မှာ လင်းပေ့ထက် မြင့်မားသော်လည်း၊ ကြိုတင်ပုန်းအောင်းနေပြီး အရှိန်အဝါကို ဖုံးကွယ်ထားသော လင်းပေ့ကို ချက်ချင်း မတွေ့ရှိခဲ့ပေ။

ထွားကျိုင်းသော လူကြီးတစ်ဦး ရောက်လာသည်ကို မြင်လိုက်ရသောအခါ၊ လင်းပေ့၏ ထင်ကြေးထဲတွင် တစ်ခု ထပ်တိုးလာသည်။

ယောက်ျားချင်းလားဟ...

သူ ပိုမို စိတ်လှုပ်ရှားလာတော့သည်။

ရလဒ်အနေဖြင့် ခဏကြာအောင် ချောင်းနားထောင်လိုက်ရာ၊ သူတို့ ပြောဆိုနေသည်မှာ ထူးဆန်းသော အကြောင်းအရာများ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ မှောင်မိုက်သောကိစ္စများ ဖြစ်ပုံရသော်လည်း၊ သူ စိတ်ကူးထားသကဲ့သို့ မှောင်မိုက်သည့်ကိစ္စမျိုး မဟုတ်ပေ။

လင်းပေ့ခမျာ စိတ်မဝင်စားတော့ဘဲ၊ သူတို့ စကားပြောပြီးလုနီးပါး ဖြစ်နေပြီကို မြင်လိုက်ရသဖြင့်၊ ပြန်လှည့်ပြီး ထွက်ခွာရန် ပြင်လိုက်တော့သည်။

ထွက်ခွာရန် ပြင်လိုက်သည်နှင့် ရွှဲ့ဟူ သတိထားမိသွားပြီး၊ ချက်ချင်းဆိုသလို လိုက်လံတိုက်ခိုက်လေသည်။

တစ်ဖက်လူ၏ ကျင့်ကြံခြင်းအဆင့်မှာ မိမိထက် များစွာ မြင့်မားကြောင်း သိရှိလိုက်ရသဖြင့်၊ ထွက်ပြေးလျှင်လည်း ဝေးဝေးရောက်မည် မဟုတ်ကြောင်း သိလိုက်ရသည်။

မျက်စိတစ်မှိတ် အတွင်းမှာပင်၊ လင်းပေ့သည် ဉာဏ်အလင်းပွင့်သွားပြီး၊ နှစ်ပေါင်းများစွာ လေ့ကျင့်ထားသော ကျွမ်းကျင်မှုဖြင့်...

တစ်ခဏချင်းတွင် သူ၏ ဘောင်းဘီကို ချွတ်ချလိုက်လေသည်။

အစောပိုင်းက အရက်အများအပြား သောက်ထားသဖြင့်၊ မျက်လုံးကို မှေးလိုက်ရုံဖြင့် ငမူးအဖြစ် ဟန်ဆောင်နိုင်ပေသည်။ ထို့ကြောင့် ရွှဲ့ဟူ ရောက်လာသောအခါ၊ မူးရူးပြီး အပေါ့သွားနေသော မြင်ကွင်းကို တွေ့လိုက်ရခြင်း ဖြစ်၏။

ထို့နောက် လင်းပေ့က ဦးအောင် အော်ဟစ်လိုက်သဖြင့်၊ ရွှဲ့ဟူ၏ မျက်နှာထားမှာ အနေရခက်သွားရရှာသည်။

သူ၏ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော မျက်နှာမှာ တောင့်တင်းသွားပြီး၊ အသံနက်ကြီးဖြင့် ဟိန်းဟောက်လိုက်သည်။ "ဘယ်သူက မင်းကို ဒီမှာ စည်းမဲ့ကမ်းမဲ့ အပေါ့သွားခိုင်းလို့လဲ..."

"သွားစမ်းပါကွာ..." လင်းပေ့ ဘောင်းဘီကို ပြန်ဆွဲတင်လိုက်ပြီး၊ ဆဲဆိုကာ ပြန်လှည့်ထွက်ခွာသွားလေသည်။ "ရုပ်ကဖြင့် လူမိုက်လိုလို ဘာလိုလိုနဲ့... စည်းတွေကမ်းတွေ လာပြောနေတယ်..."

ထိုသို့ ဆဲဆိုရင်း လျှောက်လှမ်းသွားကာ၊ လမ်းလျှောက်ရင်း ဘောင်းဘီပေါ်တွင်ပင် လက်သုတ်လိုက်သေးသည်။

ရွှဲ့ဟူသည် လင်းပေ့၏ ကျောပြင်ကို စိုက်ကြည့်နေပြီး၊ အတော်ကြာမှ မျက်ခုံးကြားရှိ သတ်ဖြတ်လိုစိတ်များကို ဖြေလျော့လိုက်ရသည်။

"ဘာဖြစ်တာလဲ..." ရှအန်း လျှောက်လာပြီး မေးလိုက်သည်။

"ဘာမှ မဖြစ်ပါဘူး..." ရွှဲ့ဟူ ခေါင်းခါလိုက်သည်။ "ငမူးတစ်ကောင်ပါ..."

တွေ့ဆုံမှု ပြီးဆုံးသွားပြီးနောက်၊ နှစ်ယောက်သား ညစာစားပွဲ ခန်းမထဲသို့ ပြန်လည် ဝင်ရောက်သွားကြပြီး၊ ကိုယ့်အလုပ်ကိုယ် ဆက်လုပ်ကြကာ၊ တစ်ယောက်နှင့်တစ်ယောက် မသိသကဲ့သို့ နေလိုက်ကြသည်။

ညစာစားပွဲ ပြီးဆုံးသောအခါ၊ ရှအန်းလည်း အလျင်အမြန်ပင် မြို့စားစံအိမ်သို့ ပြန်လာခဲ့သည်။

ဆရာလုမှာ စံအိမ်တွင် စောင့်ဆိုင်းနေပြီ ဖြစ်သည်။

"ဘယ်လိုလဲ..." ရှအန်း မေးလိုက်သည်။

"အဲဒီကောင်မလေးက ရွှေငါးကြင်းမလေး ဖြစ်နေတာကိုး... ရေထဲရောက်တာနဲ့ အရမ်းမြန်မြန် ထွက်ပြေးသွားတယ်... ကျုပ် ဆယ်မိုင်လောက် အကွာကနေ နတ်ဘုရားစွမ်းရည်နဲ့ သူမကို ဓားတစ်ချက် ထိုးလိုက်တယ်... သေမသေတော့ မသိဘူး... လူတွေကို ညတွင်းချင်း ဆယ်ယူခိုင်းထားတယ်... တကယ်လို့ သေသွားရင် အလောင်း ရှိလောက်မှာပါ..." ဆရာလုက ပြန်ဖြေလိုက်သည်။

"မနေ့က ခင်ဗျား သူမကို ဖမ်းတုန်းက မိစ္ဆာဆိုတာ မသိခဲ့ဘူးလား..." မြို့စားလေးခမျာ အနည်းငယ် မကျေမနပ် ဖြစ်သွားသည်။

"သာမန်လူပဲဖြစ်ဖြစ်၊ မိစ္ဆာအငယ်စားပဲဖြစ်ဖြစ်၊ ကျုပ်အတွက်တော့ အားနည်းတာချင်း အတူတူပဲ... သူမက မိစ္ဆာအငွေ့အသက် မထုတ်လွှတ်တော့ သတိထားမိဖို့ ခက်တယ်..." ဆရာလုက တည်ငြိမ်စွာ ပြောလိုက်သည်။

"ပြီးတော့... တကယ်လို့ အဲဒီအချိန်တုန်းက ကျုပ်ကို သတ်ခွင့်ပေးခဲ့ရင်၊ လူဖြစ်ဖြစ် မိစ္ဆာဖြစ်ဖြစ် ကိစ္စရှိမနေဘူးလေ..."

သူ၏စကားကို ကြားသောအခါ၊ မြို့စားလေးခမျာ စကားမပြောနိုင် ဖြစ်သွားရသည်။

မှန်ပေသည်၊ သူသည် ဆရာလုကို လျိုရှောင်ယွီအား အသက်ချမ်းသာပေးရန် ပြောခဲ့ခြင်း ဖြစ်ပြီး၊ ဤသို့သော ကိစ္စမျိုး ဖြစ်လာလိမ့်မည်ဟု မည်သူက ထင်မှတ်ထားမည်နည်း။

ယခုလို ဤကိစ္စ ဖြစ်ပျက်လာသည့်အခါတွင်မူ ဆရာလုကို အပြစ်တင်၍ မရနိုင်ပေ။

ဒါဆို ဘယ်သူ့ကို အပြစ်တင်ရမလဲ...။

ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ရမှာလား...။

ချီးတဲ့မှ… ဒေါသထွက်စရာ ကောင်းလိုက်တာ...။

"ထားလိုက်ပါတော့... မိစ္ဆာအငယ်စားလေး တစ်ကောင်ပဲဟာ... ခင်ဗျား ဓားချက်ထိထားတယ်ဆိုတော့၊ အသက်ရှင်ဖို့ မလွယ်လောက်ပါဘူး... မသေရင်တောင်၊ မိစ္ဆာတစ်ကောင်က ငါတို့ရဲ့ လျှို့ဝှက်ချက်ကို ပေါက်ကြားအောင် လုပ်နိုင်မှာ မဟုတ်ပါဘူး..." မြို့စားလေးသည် ဆရာလုကို ပြောပြနေသလို၊ ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်နေသလို ပြောလိုက်ရတော့သည်။

ဆရာလုသည်လည်း ကိုယ့်ဘာသာ ပြန်ထွက်သွားပြီး၊ အခန်းထဲတွင် သူတစ်ယောက်တည်းသာ ကျန်ရစ်ခဲ့တော့သည်။

မြို့စားလေးသည် ယနေ့ ဖြစ်ပျက်ခဲ့သော ကိစ္စများကို ပြန်စဉ်းစားပြီး၊ ဒေါသထွက်လွန်းသဖြင့် ရင်ဘတ် ပေါက်ကွဲမတတ် ခံစားလိုက်ရသည်။

စဉ်းစားလေ ဒေါသထွက်လေပင်...။

အဖိုးတန် ထန်ယွမ် ရှေးဟောင်းစောင်းကို လက်ဆောင်ပေးခဲ့သော်လည်း၊ ထိုရှုတောင်ဂိုဏ်းသားက မျက်နှာသာ ရယူသွားခဲ့သည်။ နောက်ပိုင်းတွင် စောင်းကြိုးပြတ်သွားသည့်အခါ၌၊ ထိုလူကပင် မိမိစောင်းကို အတုဟု စွပ်စွဲခဲ့သေးသည်။

မိမိသည် ထိုအချိန်တုန်းက ပြန်လည် မအော်ဟစ်ခဲ့မိချေ... ။

သောက်ကျိုးနည်း… ဘယ်အကြောက ငြိသွားသည်လဲ မသိပေ...။

ထိုသို့နှင့်… ချီးပုံအား အသာတကြည် ခေါင်းရွက်မိခဲ့ချေသည်။

ထို့အပြင်၊ ဤကဲ့သို့သော မိစ္ဆာမလေး ထွက်ပြေးသည့် ကိစ္စနှင့် ပေါင်းလိုက်သည့်အခါတွင်မူ…။

ရှအန်းခမျာ ဒေါသထွက်လွန်း၍ ရင်ဘတ်ကြီးပင် ပေါက်ကွဲလုနီးပါး ဖြစ်နေရချေပြီ။

အကယ်၍ ချူလျန်သာ ရှုတောင်ဂိုဏ်းသား မဟုတ်ခဲ့လျှင်၊ ဆရာလုကို လွှတ်ပြီး ညတွင်းချင်းပင် သွားသတ်ခိုင်းကာ ဒေါသဖြေလိုက်မိမှာ သေချာသည်။

နှမြောစရာကောင်းသည်မှာ ချူလျန်၏ အဆင့်အတန်းကြောင့်၊ သူသည် နောက်ကျမှ ရောက်လာသော ဒေါသများကို ဖိနှိပ်ထားရုံသာ တတ်နိုင်တော့သည်။

ဤသို့သောကိစ္စမျိုးအတွက် လောင်းကြးကြီးကြီးတင်၍ ရှုတောင်ဂိုဏ်းသားကို သတ်ဖြတ်ခြင်းသည်ကား အမှန်တကယ် ဉာဏ်နည်းရာ ကျလွန်းပေသည်။

ရှအန်း ပါးစပ်မှ ရေရွတ်လိုက်သည်။

"မလောနဲ့... ရွှဲ့လင်းရွှယ်က ငါ့လက်ထဲ ရောက်ကို ရောက်ရမယ်..."

...

နောက်တစ်နေ့...

သူသည် လီမိသားစုစံအိမ်သို့ ထပ်မံ ရောက်ရှိလာပြီး၊ ရွှဲ့လင်းရွှယ်ကို တွေ့ဆုံရန် တောင်းဆိုလိုက်သည်။ ရှအန်း၏ အဆင့်အတန်းမှာ မြို့စားစံအိမ်ကို ကိုယ်စားပြုနေသဖြင့်၊ ရွှဲ့လင်းရွှယ်သည် အချိန်ပေးပြီး တွေ့ဆုံလိုက်ရသည်။

"မြို့စားလေး ဒီကိုလာတာ၊ ကိစ္စရှိလို့လား..." နှင်းကဲ့သို့ ဖြူစင်သော အသားအရေရှိသည့် မိန်းကလေးရွှဲ့က မျက်နှာချင်းဆိုင်တွင် ထိုင်လျက်၊ တိုးညင်းစွာ မေးလိုက်သည်။

ရှအန်းသည် တစ်ဖက်လူ၏ အလှတရားကို စိတ်ထဲတွင် ချီးကျူးလိုက်ပြီး၊ မျက်နှာတွင် ယဉ်ကျေးပျူငှာစွာ ပြုံးလျက် ပြောလိုက်သည်။

"မနေ့က ကျွန်တော် ပြန်ရောက်တော့ အဖေ့ကို မေးကြည့်လိုက်တာ... သူလည်း အဲဒီ တန်ဖိုးကြီးပေးပြီး လဲလှယ်ခဲ့တဲ့ ထန်ယွမ် ရှေးဟောင်းစောင်းက အတုဖြစ်နေမယ်လို့ မသိခဲ့ဘူးတဲ့... မိန်းကလေးရွှဲ့ရဲ့ လက်ချောင်းလေးကို ထိခိုက်စေခဲ့တာ၊ တကယ့်ကို အမှားကြီး ကျူးလွန်မိတာပါပဲ... ဒါကြောင့် ကျွန်တော့်ကို မိန်းကလေးရွှဲ့ဆီ လာပြီး မဖြစ်မနေ တောင်းပန်ခိုင်းလိုက်လို့ပါ..."

မှန်ပေသည်၊ ဤသည်မှာ သူ စဉ်းစားထားသော နည်းဗျူဟာ ဖြစ်သည်။

ဖြေရှင်းချက်ပေးရန် အကောင်းဆုံး အချိန်ကို ကျော်လွန်သွားပြီ ဖြစ်၍၊ လူတိုင်းက ထန်ယွမ် ရှေးဟောင်းစောင်းကို အတုဟု ထင်မှတ်နေကြပြီ ဖြစ်ရာ၊ ဤအတိုင်း ဝန်ခံလိုက်ခြင်းက ပိုကောင်းပသည်။

ထို့နောက် ထိုးမည့်ဆင် တစ်လှမ်းဆုတ်ဆိုသည့်အတိုင်း၊ ရွှဲ့လင်းရွှယ်နဲ့ သီးသန့် တွေ့ဆုံနိုင်မယ့် အကြောင်းပြချက်အဖြစ် အသုံးချလိုက်ရပေမည်။

"ရပါတယ်..." ရွှဲ့လင်းရွှယ် ပြုံးပြီး ပြန်ဖြေလိုက်သည်။ "ကျွန်မကလည်း ကျင့်ကြံသူ တစ်ယောက်ပါ... ဒဏ်ရာသေးသေးလေးပါ၊ ပျောက်ကင်းသွားပါပြီ..."

"မိန်းကလေးရွှဲ့က သဘောထားကြီးလို့ ရပါတယ် ပြောပေမဲ့... ကျွန်တော့် ရင်ထဲမှာတော့ အားနာစိတ်တွေ ရှိနေတုန်းပါပဲ... တောင်းပန်တဲ့ အနေနဲ့၊ ကျွန်တော် ပန်းချီလှေတစ်စင်း ငှားထားပါတယ်... မိန်းကလေးရွှဲ့ကို ညစာစားဖို့ ဖိတ်ခေါ်ချင်သလို ချင်နန်မြစ် ရှုခင်းကိုလည်း ကြည့်ရှုစေချင်ပါတယ်..." သူက ရဲရဲတင်းတင်း ပြောလိုက်သည်။

အမျိုးသမီးများကို ဖိတ်ခေါ်ရာတွင်၊ အဆိုးရွားဆုံးမှာ ရည်ရွယ်ချက်ကို သိသာစေခြင်း ဖြစ်သည်။ အထူးသဖြင့် လူချင်း စသိကာစအချိန်တွင်၊ ရုတ်တရက် စားသောက်ရန် ဖိတ်ခေါ်ခြင်းသည်၊ အမျိုးသမီးများကို စိတ်မသက်မသာ ဖြစ်စေပြီး၊ သံသယ ဝင်စေနိုင်သည်။

ရှအန်းကဲ့သို့သော ကျွမ်းကျင်သူမျိုးသည်သာ ကိစ္စရပ်အားလုံးကို သဘာဝကျကျ မိမိ၏ အခွင့်အရေးအဖြစ် ပြောင်းလဲနိုင်ပြီး၊ တစ်ဖက်လူနှင့် နီးစပ်အောင် ပြုလုပ်နိုင်သည်။

အရိပ်အယောင် မပြဘဲ၊ အသံတိတ် ချဉ်းကပ်ခြင်းပင်။

သူ၏ အစီအစဉ်ထဲတွင်၊ ရွှဲ့လင်းရွှယ်သာ ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်ပါက၊ အတူရှိနေစဉ် အချိန်အတွင်း နောက်တစ်ကြိမ် တွေ့ဆုံရန် အကြောင်းပြချက်ကို သေချာပေါက် ရှာတွေ့နိုင်မည် ဖြစ်သည်။ ဤသို့ဖြင့် အကြိမ်ကြိမ် တွေ့ဆုံရင်း၊ တစ်ဖက်လူက မိမိရှိနေခြင်းကို ကျင့်သားရသွားလိမ့်မည်။ သူမ မိမိကို ချစ်မိသွားပြီဟု သတိထားမိချိန်တွင်၊ နောက်ကျသွားပြီ ဖြစ်ပေလိမ့်မည်။

သို့သော် ဤမျှ ချောမွေ့သော ဖိတ်ခေါ်မှုသည်၊ ရွှဲ့လင်းရွှယ်၏ ခေါင်းခါခြင်းကိုသာ ရရှိလိုက်လေသည်။

"တောင်းပန်ပါတယ် မြို့စားလေး..." ရွှဲ့လင်းရွှယ် ငြင်းပယ်လိုက်သည်။ "ကျွန်မ ဒီနေ့ ချိန်းထားတာ ရှိလို့ပါ..."

"ဟင်..." ရှအန်း နားထောင်ပြီး စဉ်းစားလိုက်ကာ ထပ်ပြောလိုက်သည်။ "တောင်တံခါးမြို့ထဲက ဘယ်သူနဲ့လဲ... ကျွန်တော် သွားပြီး ညှိနှိုင်းပေးလို့ ရပါတယ်... မိန်းကလေးရွှဲ့ရဲ့ အချိန်ကို အားအောင် လုပ်ပေးပါမယ်... မိန်းကလေးရွှဲ့ကို စိတ်ရင်းအတိုင်း တောင်းပန်ခွင့် မရရင်၊ ကျွန်တော် ကိုယ်တိုင်လည်း စားမဝင်အိပ်မပျော် ဖြစ်ရသလို၊ အဖေ့ကိုလည်း ပြန်ပြောပြလို့ မရဘူးလေ..."

"တောင်တံခါးမြို့ထဲက လူမဟုတ်ပါဘူး... ရှုတောင်ဂိုဏ်းက သူရဲကောင်းလေးချူလျန် ပါ..." ရွှဲ့လင်းရွှယ် စကားပြောရင်း၊ တံခါးအပြင်ဘက်သို့ မော့ကြည့်လိုက်သည်။

ချူလျန်အကြောင်း ပြောနေစဉ်ပင်၊ သန့်ရှင်းသပ်ရပ်သော ပုံရိပ်တစ်ခုက တံခါးဝတွင် ပေါ်လာတော့သည်။

"မိန်းကလေးရွှဲ့... ‌အဲ... မြို့စားလေးလည်း ရှိနေတာလား..." ချူလျန်သည် နွေးထွေးသော အပြုံးဖြင့်၊ သူတို့နှစ်ဦးကို နှုတ်ဆက်လိုက်သည်။

ရှအန်းသည် ထိုနွေးထွေးသော အပြုံးနှင့် မျက်နှာကို ကြည့်ရင်း၊ ရုတ်တရက် မီးတောက်များ ထွက်ပေါ်လာပြီး၊ ထိုမျက်နှာကို လက်သီးဖြင့် ထိုးပစ်ချင်စိတ်များ ပေါက်လာသည်။

အငြိုးဟောင်း အငြိုးသစ်များပင်...။

သူ အံကိုကြိတ်ပြီး မေးလိုက်သည်။ "သူရဲကောင်းလေးချူက ဒီနေ့ မိန်းကလေးရွှဲ့နဲ့ ချိန်းထားတာလား..."

"ဟုတ်ပါတယ်..." ချူလျန် ခေါင်းညိတ်လိုက်ပြီး၊ မျက်လုံးများ ကစားလိုက်ပြီး ခဏမျှ စဉ်းစားလိုက်ရုံဖြင့် ဘာဖြစ်နေသည်ကို သဘောပေါက်လိုက်သည်။

ဒီမြို့စားလေးက မိန်းကလေးရွှဲ့အပေါ် စိတ်ဝင်စားနေတာ ထင်ရှားတယ်…။

မနေ့က ငွေအများကြီး သုံးပြီး လက်ဆောင်ပေးခဲ့သလို… ဒီနေ့ အိမ်တိုင်ရာရောက် လာဖိတ်တာလည်း မဆန်းတော့ဘူး...။

ငါ မိန်းကလေးရွှဲ့နဲ့ ဒီနေ့ တွေ့ဖို့ ချိန်းထားတာလည်း အမှန်ပဲ... ဒါပေမဲ့ ခဏတဖြုတ် စကားပြောရုံ သက်သက်ပဲလေ… ကြည့်ရတာ ရွှဲ့လင်းရွှယ်က ဒါကို အကြောင်းပြပြီး မြို့စားလေးရဲ့ ဖိတ်ကြားမှုကို ငြင်းပယ်လိုက်တာ ဖြစ်ရမယ်...။

ဒီနေ့ သူမကို အကူအညီတောင်းစရာ ရှိနေတော့၊ သူမအတွက် မြို့စားလေးရဲ့ ဒေါသကို ကာပေးလိုက်တာလည်း သင့်လျော်ပါတယ်လေ...။

ဒါပေမဲ့... မနေ့က သူ့ရဲ့ မျက်နှာသာ ရယူမှုကို လုယူခဲ့သလို… သူ ပေးတဲ့ စောင်းကို အတုလို့ စွပ်စွဲခဲ့တယ်… ဒီနေ့လည်း သူ့ရဲ့ ချိန်းတွေ့မှုကိုပါ လုယူလိုက်ပြန်ပြီ... ဒီမြို့စားလေးတော့ ငါလေးကို ဘယ်လောက်တောင် မုန်းတီးနေမလဲ မသိဘူး...။

ဟူး...။

"သူရဲကောင်းလေးချူ..." ရှအန်း၏ မျက်လုံးထဲတွင် ဖုံးကွယ်၍ မရနိုင်သော မည်းမှောင်မှုများ ရှိနေပြီး၊ သူသည် ချူလျန်ကို ထွက်သွားရန် ပြောတော့မည် ဖြစ်ကာ၊ ရွှဲ့လင်းရွှယ်၏ ယနေ့အချိန်ဇယားကို ရှင်းလင်းပေးစေလိုသည်။

အကယ်၍ ချူလျန် မပူးပေါင်းဘူး ဆိုရင်မူ...

သကောင့်သားသည် ရှုတောင်ဂိုဏ်းသား ဖြစ်နေလျှင်ပင်၊ ဤနေရာသည် တောင်တံခါးမြို့ပင် မဟုတ်ပါလော…။

တောင်တံခါးမြို့တစ်ခုလုံးကို ကြည့်လိုက်ပါက၊ ဘယ်သကောင့်သားသည်ကား မြို့စားလေးကို စော်ကားဝံ့မည်နည်း…။

ဤခွေးကောင်သည် တစ်ခေါက်ပြီးတစ်ခေါက် ဤကိုယ်တော်လေးကို ဒေါသထွက်အောင် လုပ်နေမည်ဆိုပါက… အငြိုးဟောင်း အငြိုးသစ်တွေ ပေါင်းပြီး ဒင်းအား စာရင်းရှင်းဖို့ရာ ဝန်လေးနေမည် မဟုတ်ချေ...။

ရှအန်း၏ အမြင်မကြည်သည်ကို မြင်လိုက်ရသောအခါ၊ ချူလျန်သည် သူ ဘာပြောမည်ကို ကြိုတင် ခန့်မှန်းလိုက်မိပြီး၊ လက်ကို မြှောက်ကာ ညွှန်ပြလိုက်လေတော့သည်။

အမျက်ဖြေမန္တန်...။

ယနေ့မှ အသစ်ပြန်လည် အသုံးပြုခွင့်ရထားသော မန္တန်သည် ချက်ချင်းဆိုသလို ရှအန်း၏ ကိုယ်ပေါ်သို့ ကျရောက်သွားပြန်သည်။ ကံကောင်းသည်မှာ သူ၏ကျင့်ကြံခြင်း အဆင့်သည် မိမိလောက် မမြင့်မားသဖြင့်၊ အမျက်ဖြေမန္တန်က အကြိမ်ကြိမ် အလုပ်ဖြစ်နေခြင်း ဖြစ်၏။

ရှအန်းသည် မျက်နှာမည်းမှောင်ပြီး အကြည့်မကောင်းစွာဖြင့် "သူရဲကောင်းလေးချူ" ဟု ခေါ်လိုက်ကာ၊ လေထုမှာ ချက်ချင်းဆိုသလို တင်းမာသွားသည့် အခိုက်အတန့်တွင်...

ရုတ်တရက် တောက်ပစွာ ပြုံးလိုက်ပြီး ပြောလိုက်ချေသည်။

"ခင်ဗျားနဲ့ မိန်းကလေးရွှဲ့တို့ ပျော်ပျော်ရွှင်ရွှင် ကစားကြနော်..."

All Chapters