← Chapters

သတ်ဖြတ်လိုစိတ်

Vol. 9 Ch. 87

သတ်ဖြတ်လိုစိတ်

Vol. 9 Ch. 87

"ဒီလောကကြီးမှာ... တစ်ဖက်လူက ဘယ်လောက်ပဲ ဆိုးရွားတာတွေ လုပ်ပါစေ... သူ့ကို မြင်လိုက်တာနဲ့ ဒေါသထွက်လို့ မရအောင် လုပ်နိုင်တဲ့ တန်ခိုးစွမ်းရည်မျိုး ရှိသလားလို့ မေးနေတာ..."

"မြို့စားလေး... အဲဒါက ချစ်ခြင်းမေတ္တာလေ..."

"ချစ်ခြင်းမေတ္တာက ခင်ဗျားအမေ..."

"..."

တင့်ဆန်းမြို့စားစံအိမ်အတွင်း၌၊ မြို့စားလေးသည် စာကြည့်ခန်း စားပွဲနောက်တွင် ထိုင်နေပြီး၊ ဒေါသအိုး ပေါက်ကွဲနေလေသည်။

မျက်နှာချင်းဆိုင်ရှိ မြို့စားစံအိမ် အမှုဆောင်မှာ စကားတစ်ခွန်း မှားပြောမိသဖြင့်၊ ဆဲဆိုကြိမ်းမောင်းခြင်း ခံလိုက်ရပြီး၊ ခေါင်းငုံ့တောင်းပန်နေရုံသာ တတ်နိုင်တော့သည်။

"သွားစမ်း... သွားစမ်း..." မြို့စားလေးက စိတ်မရှည်စွာ လက်ဝှေ့ယမ်းလိုက်သည်။

တစ်ဖက်လူမှာ လွတ်ငြိမ်းချမ်းသာခွင့် ရလိုက်သကဲ့သို့၊ အလျင်အမြန် ထွက်ပြေးသွားတော့သည်။

မြို့စားလေးရှအန်း တစ်ယောက်တည်း ကျန်ရစ်ခဲ့ပြီး၊ တွေးတောဆင်ခြင်ခန်း ဝင်နေလေသည်။

မိမိသည် ဘယ်တုန်းကမှ စိတ်သဘောထား ကောင်းမွန်သူ တစ်ယောက် မဟုတ်ခဲ့ပေ။ ထိုချူလျန်နှင့် တွေ့ဆုံတိုင်း၊ အဘယ်ကြောင့် ဒေါသတရားများ ပျောက်ကွယ်သွားရသနည်း။

သေချာပေါက် တစ်ခုခု မှားယွင်းနေသည်။

လွန်ခဲ့သော နှစ်ရက်အတွင်း မိမိ ကြုံတွေ့ခဲ့ရသည်များကို ပြန်စဉ်းစားကြည့်လျှင်၊ မူလက ထိုနေရာမှာတင် ပေါက်ကွဲခဲ့ပါက၊ ဤမျှလောက် ဒေါသထွက်ရမည် မဟုတ်ပေ။

သို့သော် ဖိနှိပ်ချုပ်တည်း ခံထားရပြီးနောက်၊ ပြီးမှ ပြန်စဉ်းစားမိသောအခါ... ။

နောက်တစ်လှမ်းဆုတ်လိုက်တိုင်း ပိုပြီး တွေးမိလေ၊ ပိုပြီး ဒေါသထွက်လေ ဖြစ်နေရသည်။

ယခုအခါ မြို့စားလေးမှာ ဒေါသကြောင့် အံကြိတ်နေမိတော့သည်။

ငါ့ရဲ့ မျက်နှာပန်းကို လုယူတယ်... ငါ့ရဲ့ လက်ဆောင်ကို ဖျက်ဆီးတယ်... ငါ့ရဲ့ ချိန်းဆိုမှုကို လုယူတယ်...

အကယ်၍ ထိုကိစ္စများသာဆိုလျှင်၊ ရှအန်းအနေဖြင့် အလွန်အမင်း ဒေါသထွက်မိမည် ဖြစ်သော်လည်း၊ ဆင်ခြင်တုံတရား ရှိနေဦးမည် ဖြစ်ပြီး၊ ဤကဲ့သို့သော စိတ်လိုက်မာန်ပါ ကိစ္စများကြောင့် တစ်ဖက်လူနှင့် ရန်ငြိုးဖွဲ့ခြင်းမှာ မိုက်မဲသော လုပ်ရပ်ဖြစ်ကြောင်း သိရှိနေမည် ဖြစ်သည်။

သို့သော်...။

ယနေ့တွင် ချူလျန်သည် လျိုရှောင်ယွီ၏ ကိစ္စကိုပါ မေးမြန်းလာခဲ့သည်။

ဤသည်မှာ တင့်ဆန်းမြို့စားစံအိမ်၏ သေရေးရှင်ရေး အချက်ပင် ဖြစ်ချေသည်။

တောင်ပိုင်းနယ်မြေသို့ နယ်နှင်ဒဏ်ပေးခံရသော ဤတော်ဝင်မျိုးနွယ် မြို့စားများမှာ၊ ကြီးမားလှသော ယွီမင်းဆက် တော်ဝင်မိသားစုကြီး အတွင်းတွင်၊ တကယ်တမ်း၌ ဘေးဖယ်ခံထားရသော မျိုးနွယ်ခွဲများသာ ဖြစ်ကြသည်။

ယွီမင်းဆက် တော်ဝင်မိသားစုမှာ ဘွဲ့ထူးသာ ရှိပြီး အာဏာမရှိသဖြင့်၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအာဏာများ မရှိကြပေ။ ထို့အပြင် နယ်မြေကလည်း ဆင်းရဲသဖြင့်၊ တကယ်တမ်းတွင် တောင်ပိုင်းနယ်မြေမှ တော်ဝင်မျိုးနွယ်များမှာ ပြောပလောက်အောင် ချမ်းသာကြွယ်ဝခြင်း မရှိကြပေ။

နေ့စဉ်ဘဝ နေထိုင်မှုအတွက်မူ၊ သေချာပေါက် ဇိမ်ခံနိုင်သော အဆင့်အတန်းတစ်ခုကို ထိန်းသိမ်းထားရန် လုံလောက်ပေသည်။

သို့သော် ရှအန်း၏ ဖခင်၊ လက်ရှိ တင့်ဆန်းမြို့စားမှာမူ အလွန်ဆိုးရွားသော အရာတစ်ခုကို စွဲလမ်းနေခဲ့သည်။

ယင်းမှာ ကျင့်ကြံခြင်းကို စွဲလမ်းနေခြင်း ဖြစ်၏။

အကယ်၍ ပါရမီ အလွန်ကောင်းမွန်သည်၊ သို့မဟုတ် လုံးဝ ပါရမီမပါသည် ဆိုလျှင် ကိစ္စမရှိပေ။

လောကတွင် သနားစရာအကောင်းဆုံး အချက်မှာ၊ သင်၏ ပါရမီက စစ်မှန်သော အောင်မြင်မှု ရရှိရန် မလုံလောက်သော်လည်း၊ သင့်ကို တမူထူးခြားသော မျှော်လင့်ချက်တစ်စွန်းတစ်စ ပေးထားခြင်းပင် ဖြစ်လေသည်။

လက်ရှိ တင့်ဆန်းမြို့စားမှာ ထိုကဲ့သို့ပင် ဖြစ်၏။

သူ၏ ကျင့်ကြံခြင်းပါရမီမှာ အလယ်အလတ်အဆင့် ဖြစ်ပြီး၊ ပုံမှန်အားဖြင့် တတိယအဆင့်၊ သို့မဟုတ် အများဆုံး စတုတ္ထအဆင့်လောက်သာ ရောက်ရှိပြီး ရပ်တန့်သွားရမည့်သူ ဖြစ်သည်။ သို့သော် သူသည် သက်တမ်းကုန်ဆုံးတော့မည့် အဖြစ်ကို မလိုလားဘဲ၊ အရင်းအမြစ် အမြောက်အမြားကို ပုံအောသုံးစွဲပြီး၊ မြေကမ္ဘာနယ်ပယ်ကို ကျော်ဖြတ်ကာ၊ သတ္တမအဆင့်သို့ ရောက်ရှိရန် ကြိုးစားနေခဲ့သည်။

ဤသည်မှာ မည်မျှပင် ခက်ခဲလိုက်မည်နည်း…။

ဆယ်စုနှစ်များစွာ အတွင်း၊ မြို့စားစံအိမ်တစ်ခုလုံး၏ မျိုးဆက်ပေါင်းများစွာ စုဆောင်းခဲ့သော စည်းစိမ်များမှာ သူ့ကြောင့် ကုန်ခမ်းလုနီးပါး ဖြစ်နေခဲ့ချေပြီ။

ကံကောင်းထောက်မစွာဖြင့် လွန်ခဲ့သော နှစ်အနည်းငယ်က သူသည် စီးပွားရေးလုပ်ငန်းသစ် တစ်ခုကို ရှာတွေ့ခဲ့သည်။

တင့်ဆန်းမြို့စားသည် တောင်ပိုင်းနယ်မြေမှ ကျဆုံးနေသော တော်ဝင်မျိုးနွယ် ဆယ်စုကျော်ကို စုစည်းပြီး၊ တောင်ပိုင်းမှ အမျိုးသမီးများကို ဖမ်းဆီးကာ အရှေ့ပိုင်းဒေသသို့ ရောင်းချခြင်းဖြင့် အကျိုးအမြတ် ရယူခဲ့ကြသည်။

အရှေ့ပင်လယ် ဝေလငါးဂိုဏ်းမှ ခေါင်းဆောင်တစ်ဦးနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သဖြင့်၊ ဤစီးပွားရေးလုပ်ငန်းမှာ လျှို့ဝှက်စွာဖြင့် လည်ပတ်နေခဲ့သည်။

လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း သူသည် လုံးဝနီးပါး လစ်လျူရှုလိုက်ပြီး၊ ကျင့်ကြံခြင်း အလုပ်ကိုသာ အာရုံစိုက်နေခဲ့သည်။ ဤလူကုန်ကူးသော စီးပွားရေးလုပ်ငန်းကိုမူ သူ၏ သားလိမ္မာ ရှအန်းအား လွှဲပြောင်းပေးခဲ့သည်။

မြို့စားလေး စီမံခန့်ခွဲလာခဲ့သည်မှာ နှစ်အနည်းငယ် ရှိပြီဖြစ်သော်လည်း၊ ဤသည်မှာ ပထမဆုံးအကြိမ် အကျပ်အတည်းနှင့် ကြုံတွေ့ရခြင်း ဖြစ်သည်။

ဤရာဇဝတ်မှုသာ ပေါက်ကြားသွားပါက၊ တင့်ဆန်းမြို့စားစံအိမ်သည် ကြီးမားသော ဘေးဒုက္ခနှင့် ကြုံတွေ့ရပေလိမ့်မည်။

အကယ်၍ သေသည်မသေသည် မသေချာသော မိစ္ဆာမလေး တစ်ကောင်တည်းဆိုလျှင် ကြောက်စရာ မလိုသော်လည်း၊ ရှုတောင်ဂိုဏ်းသားများ သတိပြုမိသွားပါက ကိစ္စမှာ ကြီးလေးသွားမည် ဖြစ်သည်။

အချိန်ကြာမြင့်စွာ စဉ်းစားပြီးနောက်၊ ဖယောင်းတိုင်မီးရောင်အောက်တွင် မြို့စားလေး၏ မျက်နှာမှာ တဖြည်းဖြည်း မည်းမှောင်လာတော့သည်။

"ဆရာလု..." သူ တိုးညင်းစွာ ခေါ်လိုက်သည်။

အနက်ရောင် လူရိပ်တစ်ခုက မြို့စားလေး၏ နောက်တွင် ချက်ချင်း ပေါ်ထွက်လာသည်။

"ကျုပ် သူတို့ကို သေစေချင်တယ်..."

...

ရက်အနည်းငယ် လျင်မြန်စွာ ကုန်လွန်သွားပြီးနောက်၊ လီမိသားစုစံအိမ်အပြင်ဘက် တောင်ကုန်းတဝက်လောက်တွင်၊ စင်မြင့်တစ်ခုကို မြင့်မားစွာ တည်ဆောက်ထားပြီးဖြစ်၏။ ကြီးမားသော မီးတိုင်ကြီး တစ်ဒါဇင်ကျော်က ပတ်လည်ဝန်းရံထားပြီး၊ အောက်ဘက်တွင် ကျယ်ပြန့်သော ကွင်းပြင်ကြီး ရှိနေကာ၊ တောင်တံခါးမြို့မှ ပြည်သူတစ်ဝက်ခန့်ကို နေရာပေးနိုင်လောက်အောင် ကျယ်ဝန်းလှသည်။

လူအများအပြားသည် စောစောစီးစီး ရောက်ရှိလာပြီး စောင့်ဆိုင်းနေကြပြီ ဖြစ်သည်။ တောင်ပိုင်းဂီတမျှော်စင်၏ ထောက်ခံအားပေးသူများသည် ကြီးမားသော ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြပြီး၊ ပန်းစည်းများနှင့် ရောင်စုံဖဲကြိုးများကို ပြင်ဆင်ထားကြသည်။ အားလပ်နေသော လူအချို့သည်လည်း နေရာကောင်း ရရှိရန်အတွက် ကြိုတင် နေရာဦးထားကြလေသည်။

တောင်ပိုင်းဂီတမျှော်စင်နှင့် လိုက်ပါလာသော ဂီတပညာရှင်များသည် တီးမှုတ်ဖျော်ဖြေနေကြပြီး၊ ကချေသည်များနှင့် အဆိုတော်များကလည်း ဘေးနားတွင် လေ့ကျင့်နေကြရာ၊ ကြည့်ရှုသူအများအပြား ဝန်းရံနေကြပြီး အလွန် စည်ကားလှပေသည်။

ညနေစောင်းတွင်၊ ရွှဲ့လင်းရွှယ်၏ ပထမဆုံး နယ်လှည့်ဖျော်ဖြေပွဲသည် ဤနေရာ၌ စတင်တော့မည် ဖြစ်သည်။

စင်မြင့်နှင့် မျက်နှာချင်းဆိုင် တောင်ကုန်းတစ်ဝက်လောက်တွင်၊ မိုးကာများနှင့် ပုလဲလိုက်ကာများ တပ်ဆင်ထားသော သီးသန့်ထိုင်ခုံတန်းများကို စောစောစီးစီး ပြင်ဆင်ထားပြီး၊ တောင်တံခါးမြို့မှ အထက်တန်းလွှာများနှင့် ငွေကြေးသုံးစွဲနိုင်သော သူဌေးများအတွက် သီးသန့် စီစဉ်ပေးထားခြင်း ဖြစ်လေသည်။

တောင်ပိုင်းဂီတမျှော်စင်၏ ဖျော်ဖြေပွဲများသည် ဝင်ကြေးအခမဲ့ ဖြစ်သော်လည်း၊ သီးသန့်ထိုင်ခုံ လိုချင်ပါက ပွဲစီစဉ်သူများအနေဖြင့် လက်မှတ်ခ ကောက်ခံခြင်းမှာ ကျိုးကြောင်းဆီလျော်မှု ရှိပေသည်။ ဤကိစ္စနှင့် ပတ်သက်၍ တောင်ပိုင်းဂီတမျှော်စင်သည်လည်း မသိမသာ မျက်စိမှိတ်၍ နေလေ့ရှိသည်။

လီမိသားစုစံအိမ်၏ ကျေးဇူးကြောင့်၊ ချူလျန်နှင့် လင်းပေ့တို့သည်လည်း ထိုအထဲတွင် သီးသန့်အခန်းငယ်တစ်ခု ရရှိထားလေသည်။

ယခုအချိန်တွင်၊ လျိုရှောင်ယွီလေးသည် ထိုအခန်းငယ်၏ ထိုင်ခုံတွင် ထိုင်နေပြီး၊ ရှေ့တွင် စားပွဲတစ်လုံး ရှိနေကာ၊ လင်းပေ့သည် စားပွဲပေါ်သို့ လင်ပန်းငယ်များ တင်ပေးနေလေသည်။

"သစ်သီးခြောက်၊ ယို၊ သကြားလုံး၊ အသားခြောက်..." သူ တစ်မျိုးပြီးတစ်မျိုး တင်ပေးနေသည်။

"ငါ သိမ်းထားတဲ့ သစ်သီးလက်ဖက်ရည်လည်း ရှိသေးတယ်..." ချူလျန်ကလည်း သောက်စရာများ တင်ပေးလိုက်သည်။

"ဟမ့်... ဒီဟာမျိုး ငါ့တောင် တိုက်ဖူးတာ မဟုတ်ဘူး..." လင်းပေ့က ပြောလိုက်သည်။

"တစ်အိုးကို ဓားဒင်္ဂါးတစ်ပြား ပေးရတာ... သူမဆီမှာ ရှုတောင်ပိုက်ဆံ မရှိဘူး၊ မင်းမှာက ရှိတယ်လေ..." ချူလျန်က ပြုံးပြီး ပြောလိုက်သည်။

"ဟမ့်..." လင်းပေ့က လက်ပိုက်လိုက်ပြီး ပါးဖောင်းကာ စိတ်ကောက်လိုက်သည်။

"ထားလိုက်ပါတော့... မင်းကိုလည်း တစ်အိုး ပေးပါ့မယ်..." ချူလျန်က နောက်ထပ်တစ်အိုး ထုတ်ပေးလိုက်သည်။

လင်းပေ့က ထိုအခါမှ ယူလိုက်ပြီး၊ တဟီးဟီး ရယ်မောလိုက်သည်။

"သောက်ပြီးရင် သုံးသပ်ချက် စာလုံးရေ (၈၀၀) ရေးပြီးတော့၊ မင်းရဲ့ ကျောက်စိမ်းဓားတောင်ထွတ်က ဂိုဏ်းတူတွေကို ဖြန့်ဝေပေးလိုက်ဦး..." ချူလျန်က ဆက်ပြောလိုက်သည်။

"ကောင်းပါပြီကွာ... ချီးတဲ့မှ… မင်းကတော့ ဖားကိုညှစ်ပြီး အဆီထုတ်မယ့်ကောင်ပဲ… ဘယ်နေရာမှကို အရှုံးမခံဘူး..." လင်းပေ့က အာမေဍိတ်သံ ပြုလိုက်သည်။

"အချင်းချင်းတွေပဲဟာ..." ချူလျန်က သူ့ပုံစံအတိုင်း ရင်ဘတ်ကို ပုတ်ပြလိုက်သည်။

သူတို့နှစ်ဦး ရယ်မောပြောဆိုနေကြသော်လည်း၊ ထိုင်နေသော လျိုရှောင်ယွီလေးမှာမူ စိတ်မပျော်မရွှင် ဖြစ်နေပြီး၊ နှုတ်ခမ်းဆူကာ ဝမ်းနည်းနေပုံ ရသည်။

လင်းပေ့ မြင်လိုက်ရသောအခါ၊ သက်ပြင်းချလိုက်ပြီး "ရှောင်ယွီလေး... အကုန်လုံး ပြင်ဆင်ပေးထားပြီးပြီလေ... ဘာလိုချင်သေးလို့လဲ..." ဟု မေးလိုက်သည်။

"အစ်မကို လိုချင်တယ်..." လျိုရှောင်ယွီလေးက သနားစဖွယ် ပြောလိုက်သည်။

ချူလျန်နှင့် လင်းပေ့တို့လည်း ဘာမှ မတတ်နိုင်တော့ပေ။ တကယ်တမ်းတွင် ထိုစဉ်က ကူညီစုံစမ်းပေးမည်ဟုသာ ကတိပေးခဲ့ခြင်း ဖြစ်သော်လည်း၊ ယခုအချိန်ထိ သတင်းအစအန မရရှိသေးပေ။

အိမ်ရာမဲ့နေသော ဤမိန်းကလေးငယ်ကို ပစ်ထားခဲ့၍လည်း မဖြစ်သဖြင့်၊ လီမိသားစုစံအိမ်တွင် ဆက်လက် ခေါ်ထားရခြင်း ဖြစ်သည်။

သူမ၏ ရိုးအမှု အတိုင်းအတာအရ ဆိုလျှင်၊ အိမ်ပေါက်က ထွက်ပြီး နှစ်မိုင်လောက် မလျှောက်ရသေးခင်မှာပင် လူကုန်ကူးခံလိုက်ရပေလိမ့်မည်။

လွန်ခဲ့သော နှစ်ရက်က သူမသည် ပျော်ပျော်ရွှင်ရွှင် ရှိနေသေးသော်လည်း၊ အချိန်ကြာလာသည်နှင့်အမျှ၊ မိန်းကလေးငယ်သည်လည်း မကောင်းသော နိမိတ်တစ်ခုခုကို ခံစားမိပုံရပြီး၊ တဖြည်းဖြည်း မှိုင်တွေလာတော့သည်။

သူတို့သုံးဦး နေရာထိုင်ခင်းကို ကြည့်ရှုနေစဉ်၊ လီမိသားစုစံအိမ်မှ အစေခံတစ်ဦး ရောက်လာပြီး စာတစ်စောင် လာပေးလေသည်။

"တစ်ယောက်ယောက်က စာတစ်စောင် လာပို့ပါတယ်... သူရဲကောင်းလေးချူကို ပေးပေးပါတဲ့..." အစေခံက ပြောလိုက်သည်။

ချူလျန် စာကို ယူလိုက်ပြီး၊ အကြောင်းအရာကို ကြည့်လိုက်ရာ၊ ရွှေငါးကြင်းလေးမှာ အမှန်တကယ်ပင် ရွှေငါးကြင်းလေး ဖြစ်ပြီး၊ လိုချင်တာ ဖြစ်လာတတ်ကြောင်း တွေးလိုက်မိတော့သည်။

(စကားချပ် - ကံကောင်းတယ်၊ ဆုတောင်းတိုင်း ဖြစ်တယ်လို့ ပြောချင်တာပါ)

"ဘာတဲ့လဲ..." လင်းပေ့က မေးလိုက်သည်။

"ချင်နန်မြစ်ကမ်းဘေးမှာ ရှောင်ယွီလေးနဲ့ ရုပ်ချင်းဆင်တဲ့ မိန်းကလေးတစ်ယောက်ကို တွေ့တယ်တဲ့... သူမအစ်မ ဖြစ်နိုင်တယ် ဆိုပြီးတော့... အခုချက်ချင်း ခေါ်ပြီးသွားကြည့်ဖို့ ပြောထားတယ်..." ချူလျန် ပြောလိုက်သည်။

"တကယ့် ရွှေငါးကြင်းလေးပဲ..." လင်းပေ့ကလည်း ပြုံးလိုက်သည်။ "ဒါဆိုရင် သူမကို ခေါ်သွားပြီး ကြည့်လိုက်ကြတာပေါ့... ဒီည ဖျော်ဖြေပွဲမတိုင်ခင် ညီအစ်မနှစ်ယောက် ပြန်ဆုံနိုင်ကြတာပေါ့..."

"ကျုပ်ပဲ ခေါ်သွားလိုက်ပါ့မယ်..." ချူလျန် ပြောလိုက်သည်။ "မင်း ဒီမှာပဲ နေခဲ့..."

"ဘာဖြစ်လို့လဲ..." လင်းပေ့ မေးလိုက်သည်။

"ကျုပ်... ဒီသတင်း ရောက်လာတာ နည်းနည်း ထူးဆန်းတယ်လို့ ခံစားရတယ်... တကယ်လို့ ကျုပ် အချိန်ကြာလို့ ပြန်မရောက်ရင်... မင်း ရှုတောင်ကို အမြန်ဆုံးပြန်ပြီး သတင်းပို့လိုက်..." ချူလျန် စဉ်းစားလိုက်ပြီး ပြောလိုက်သည်။

"ငါက နောက်တစ်ခါ သတင်းပြန်ပို့ရဦးမှာလား..." လင်းပေ့ ကြောင်သွားသည်။

အမ်...

ငါ ဘာလို့ ‘နောက်တစ်ခါ’ လို့ ပြောလိုက်တာပါလိမ့်...

All Chapters