လုပ်ကြံသတ်ဖြတ်ခြင်း
Vol. 9 Ch. 88
ချင်နန်မြစ်ကမ်းဘေးတစ်နေရာ...။
ချူလျန်သည် လျိုရှောင်ယွီလေးကို ခေါ်ဆောင်ပြီး စာထဲတွင် ချိန်းဆိုထားသော နေရာသို့ ရောက်ရှိလာရာ၊ မည်သည့်အစ်မကိုမျှ မတွေ့ရဘဲ၊ ပိုးထည်ဝတ်ရုံ ဝတ်ဆင်ထားသော လူတစ်ဦး ရပ်နေသည်ကိုသာ တွေ့လိုက်ရသည်။
"မြို့စားလေး..."
ချူလျန်သည် ထိုမြင်ကွင်းကို တွေ့သော်လည်း အံ့သြခြင်း မရှိပေ။ ထိုစာကို တင့်ဆန်းမြို့စားစံအိမ်မှ လူများ ရေးသားခြင်း ဖြစ်နိုင်ကြောင်း သူ မူလကတည်းက ခန့်မှန်းထားပြီး ဖြစ်သည်။
မြို့စားလေးသည် ချူလျန်နှင့် လျိုရှောင်ယွီလေး လျှောက်လာသည်ကို မြင်သောအခါ၊ နှုတ်ခမ်းထောင့်တွင် ထိန်းချုပ်မရသော ယုတ်မာသည့် အပြုံးတစ်ခု ပေါ်လာသည်။ "မင်းတို့ ရောက်လာကြပြီပဲ..."
သူ၏လေသံတွင် အံကြိတ်သံများ ပါဝင်နေပြီး၊ မျက်လုံးထဲတွင် အချိန်အတော်ကြာ ဖိနှိပ်ထားခဲ့သော ဒေါသများ ပေါက်ကွဲထွက်တော့မည့် စိတ်လှုပ်ရှားဖွယ် အရောင်များ တောက်ပနေသည်။ "ငယ်ငယ်ကတည်းက ကျုပ်ကို ဒီလောက်အထိ မုန်းတီးအောင် လုပ်နိုင်တဲ့လူ မရှိသေးဘူး... ခင်ဗျားက..."
‘တကယ့်ကို ပြင်းထန်တဲ့ ရန်လိုမှုပါလား...’
ချူလျန်သည် သူ၏ဖုံးကွယ်မထားသော ရက်စက်သည့် အရှိန်အဝါကို ကြည့်ရင်း၊ သူ့အပေါ်ထားသော ဒေါသများ ပေါက်ကွဲတော့မည်ကို သိလိုက်ရသဖြင့်၊ လက်ချောင်းကို မြှောက်လိုက်သည်။
အမျက်ဖြေမန္တန်...။
ဘယ်လိုပဲဖြစ်ဖြစ် ပေါက်ကွဲမည်ဆိုသော်ငြား၊ နည်းနည်းလောက် နောက်ကျမှသာ ပေါက်ကွဲပါစေတော့... အရင်ဆုံး စကားကို ရှင်းအောင် ပြောလိုက်ပါဦး...။
အမျက်ဖြေမန္တန်၏ အကြိမ်ရေ ကျန်ရှိနေသေးသဖြင့်၊ သူသည် မြို့စားလေးအပေါ်တွင် တိုက်ရိုက် သုံးစွဲလိုက်သည်။ တိုက်ဆိုင်စွာပင်၊ ဤအမျက်ဖြေမန္တန်ကို ရရှိကတည်းက၊ စမ်းသပ်သည့် တစ်ကြိမ်မှလွဲ၍ ကျန်အကြိမ်အားလုံးကို မြို့စားလေးအပေါ်တွင်သာ သုံးစွဲခဲ့ခြင်း ဖြစ်သည်။
အမျက်ဖြေမန္တန်အတွက် နံပါတ်တစ် သားကောင်ဟုပင် ဆိုရပေမည်။
မြို့စားလေး၏ခေါင်းပေါ်တွင် အစိမ်းရောင်အလင်းကွင်းတစ်ခု ပေါ်လာပြီး၊ သူသည် ရက်စက်သော စကားလုံးများကို ပြောဆိုနေရင်း ရုတ်တရက် ကြောင်အသွားလေသည်။
ဒေါသတရားများနှင့် ထပ်မံ၍ အဆက်အသွယ် ပြတ်တောက်သွားပြန်သည်။
"မင်း... အင်... အင်..." ရုတ်တရက် အပြောင်းအလဲကြောင့်၊ မြို့စားလေး၏ စကားလုံးများမှာ ပါးစပ်ဖျားတွင် တစ်ဆို့သွားပြီး၊ ပျောက်ကွယ်သွားလေသည်။
‘ဒီ ရင်းနှီးတဲ့ ခံစားချက်ကြီးပါလား...’
မျက်စိရှေ့မှ ချူလျန်ကို ကြည့်ရင်း၊ ‘ဒီလူရဲ့ လုပ်ရပ်တွေက သူ့ဘက်က ကြည့်ရင်လည်း ကျိုးကြောင်းဆီလျော်မှု ရှိတယ်’ဟု ရုတ်တရက် ခံစားလိုက်ရသည်။
‘ပြီးတော့ ဒီနေ့ သူတို့ကို သတ်ဖို့ ဆုံးဖြတ်ထားပြီးသားပဲ၊ သေတော့မယ့် လူတွေနဲ့ ငါ ဘာလို့ စိတ်ဆိုးနေရမှာလဲ...’
မှန်ပေသည်။
အမျက်ဖြေမန္တန်သည် လူတစ်ယောက်၏ ရင်ထဲရှိ ဒေါသတရားများကိုသာ ဖယ်ရှားပေးနိုင်ပြီး၊ မူလကတည်းက ရှိနေသော သတ်ဖြတ်လိုစိတ်အပေါ် သက်ရောက်မှု မရှိပေ။
အထူးသဖြင့် မြို့စားလေးက ချူလျန်ကို သတ်ချင်သည်မှာ ဒေါသသက်သက်ကြောင့် မဟုတ်ဘဲ၊ ပိုအရေးကြီးသည်မှာ လျိုရှောင်ယွီသည် တင့်ဆန်းမြို့စားစံအိမ်အတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေသောကြောင့်ပင်။
ရှအန်း၏မျက်လုံးများ ရုတ်တရက် ငြိမ်သက်သွားသည်ကို မြင်လိုက်ရမှ၊ ချူလျန်က မေးလိုက်သည်။ "မြို့စားလေးက စာရေးပြီး ချိန်းဆိုလိုက်တာ... ရှောင်ယွီလေးရဲ့ အစ်မ ဘယ်မှာရှိလဲဆိုတာ သိလို့လား..."
"ဟက်..." မြို့စားလေးက ခေါင်းယမ်းပြီး ပြုံးလိုက်ကာ၊ တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။ "ကျုပ် မသိဘူး... တကယ်လို့ သိခဲ့ရင်၊ ပထမဆုံး သတ်ပစ်မယ့်သူက သူမကိုပဲ..."
မန္တန်၏ အကျိုးသက်ရောက်မှုအောက်တွင်၊ သူ၏စိတ်ထားမှာ အလွန် တည်ငြိမ်နေပြီး၊ သေတော့မည့် သူနှစ်ယောက်ကို အမှန်အတိုင်း ရှင်းပြပြီး သေပျော်အောင် လုပ်ပေးရခြင်းကို ဝန်မလေးနေပေ။
"ရှင် ဘာလို့ အစ်မကို သတ်ချင်ရတာလဲ..." လျိုရှောင်ယွီလေးက ထိုစကားကို ကြားသောအခါ၊ စိတ်ပူသွားပြီး ရှေ့တိုးကာ မေးလိုက်သည်။
"အစက ကျုပ် သူမကို စံအိမ်ထဲ လှည့်စားပြီး ခေါ်သွားတုန်းက သတ်ဖို့ အကြံမရှိဘူး... သူမက ကိုယ့်နေရာကိုယ်မနေဘဲ စံအိမ်ရဲ့ လျှို့ဝှက်ချက်တွေကို ခိုးနားထောင်မိလို့လေ... သူမကို အရှေ့ပိုင်းဒေသဆီ ရောင်းစားမလို့ လုပ်တာကို… သူမက မိစ္ဆာမလေး ဖြစ်နေပြီးတော့ ထွက်ပြေးလွတ်မြောက်သွားတာ... ကျုပ် စံအိမ်ရဲ့ လျှို့ဝှက်ချက်တွေကို အပေါက်ကြားခံလို့ မရဘူး..."
ရှအန်းက သိသမျှ အကုန်ပြောပြလိုက်ပြီး၊ ချူလျန်ကို ကြည့်ကာ ပြောလိုက်သည်။
"ခင်ဗျားက မလုပ်သင့် မလုပ်ထိုက်ဘဲ ဒီကိစ္စထဲ ဝင်ပါလာတာ... တကယ်လို့ ရှုတောင်ဂိုဏ်းတပည့်တွေ သူမကို ရှာတွေ့သွားရင်၊ တင့်ဆန်းမြို့စားစံအိမ်က ပြန်လမ်းမရှိတဲ့ လမ်းကို ရောက်သွားမှာပေါ့... ဒါကြောင့်၊ ဒီနေ့ ခင်ဗျားတို့ကို ဒီနေရာ ခေါ်ထုတ်လာပြီး သတ်ပစ်ရမှာပဲ..."
‘သူက တကယ်ပဲ လူသတ်ချင်နေတာကိုး…’
ဤသည်မှာ ချူလျန် မျှော်လင့်ထားသည်ထက် ကျော်လွန်နေသည်။
သို့သော် ချူလျန်သည် ထိုစကားကို ကြားလိုက်ရသော်လည်း အံ့သြဟန် မပြဘဲ၊ အမျက်ဖြေမန္တန်၏ အာနိသင် ရှိနေတုန်း အမြန် မေးလိုက်သည်။
"တင့်ဆန်းမြို့စားစံအိမ်မှာ ဘယ်လို လူမသိသူမသိ လျှို့ဝှက်ချက်တွေ ရှိနေလို့ ဒီလောက်တောင် အသဲအသန် ကာကွယ်နေရတာလဲ..."
မမြင်ကွယ်ရာတွင်မူ သူ၏ညာလက်က တိတ်တဆိတ် လှုပ်ရှားလိုက်သည်။
ဖောက်ခနဲ သဲ့သဲ့မျှ ကျိုးပဲ့သံတစ်ခု ထွက်ပေါ်လာသည်။
"တောင်ပိုင်းဒေသက အမျိုးသမီးတွေကို အရှေ့ပိုင်းဒေသဆီ ရောင်းစားတဲ့ စီးပွားရေးလေးပါပဲ..." မြို့စားလေးက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
ဖြေပြီးသည်နှင့် "အခု အကုန် ပြောပြပြီးပြီဆိုတော့... ခင်ဗျားတို့ သေလို့ရပြီ..." ဟု ဆက်ပြောလိုက်သည်။
အကယ်၍ အမျက်ဖြေမန္တန်၏ အာနိသင်သာ မရှိလျှင်၊ သူသည် စကားတစ်ခွန်းမှ မပြောဘဲ တန်းပြီး လက်ပါမိမည် ဖြစ်သည်။ မန္တန်က ဒေါသကို ဖြေလျှော့ပေးလိုက်သောကြောင့်သာ စိတ်ရှည်လက်ရှည် ရှင်းပြနေခြင်း ဖြစ်၏။
သို့သော် မူလအစီအစဉ်ကမူ ပြောင်းလဲမည် မဟုတ်ပေ။
သူ၏စကားဆုံးသည်နှင့်၊ လျိုရှောင်ယွီလေးက ကြောက်ရွံ့စွာဖြင့် ချူလျန်ဘက်သို့ လှည့်ကြည့်လိုက်သည်။ ထိုတစ်ချက်ကြည့်လိုက်ခြင်း၌၊ အလွန် ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုကို မြင်လိုက်ရသကဲ့သို့ ဖြစ်သွားချေသည်။
သူမ၏ မျက်ဝန်းထဲတွင် ထိတ်လန့်မှုများ ချက်ချင်းပင် ပြည့်နှက်သွားတော့သည်။
ချူလျန်သည် သူမ၏အကြည့်ကို မြင်လိုက်ရပြီး၊ တစ်ချိန်တည်းမှာပင် ကြက်သွေးရောင်ကွပ်မျက်သူဓားထံမှ တုန်ခါမှုတစ်ခုကို ခံစားလိုက်ရသည်။
သူ၏ စိတ်အာရုံမှာ တစ်ခဏချင်းတွင် အချက်ပေးသံများ မြည်သွားလေသည်။
‘အန္တရာယ်…’
မျက်စိတစ်မှိတ်အတွင်းမှာပင်၊ အစိမ်းရောင်အလင်းတန်းတစ်ခုက သူ့ကို လွှမ်းခြုံသွားလေသည်။
...
မူလက မြို့စားလေး စကားပြောပြီးသည်နှင့် တစ်ပြိုင်နက်၊ ချူလျန်၏ နောက်ကျောဘက် လေထုထဲမှ အနက်ရောင်ဝတ် လက်တစ်ဖက် ရုတ်တရက် ထွက်ပေါ်လာပြီး၊ လက်ထဲတွင် မည်းနက်သော ဓားမြှောင်တစ်ချောင်းကို ကိုင်ဆောင်ထားလေသည်။
ထိုလက်သည် အသံမမြည်သလို မည်သည့်အရိပ်အယောင်မျှမပြဘဲ၊ လေထဲမှ ရုတ်တရက် ထိုးထွက်လာပြီး ချူလျန်ကို ဓားဖြင့် ထိုးစိုက်လိုက်ခြင်းပင် ဖြစ်၏။
လျိုရှောင်ယွီလေးက ချူလျန်ဘက်သို့ လှည့်ကြည့်လိုက်ချိန်တွင် ထိုလက်ကို မြင်လိုက်ရခြင်း ဖြစ်ပြီး၊ ကံကောင်းထောက်မစွာဖြင့် ချူလျန်သည်လည်း အလွန် အာရုံခံစားမှု ကောင်းမွန်သဖြင့်၊ လျိုရှောင်ယွီ၏ မျက်လုံးအမူအရာနှင့် ဓား၏ တုန်ခါမှုတို့မှတဆင့် အန္တရာယ်ရှိကြောင်း ချက်ချင်း သိရှိလိုက်ခြင်း ဖြစ်သည်။
သူသည် လျှပ်စီးလက်သကဲ့သို့ လျင်မြန်စွာပင် အသက်ရင်းမြစ် မူလသစ်ရွက်စိမ်းကို ထုတ်ဖော်လိုက်ပြီး၊ ချက်ချင်းပင် မိမိကိုယ်ကို ဖက်ထုတ်တစ်ခုကဲ့သို့ ထုပ်ပိုးလိုက်လေသည်။
ဇွပ်...
ထိုဓားချက်သည် သာမန်ဟု ထင်ရသော်လည်း၊ တိုဖူးကို ထိုးဖောက်သကဲ့သို့ပင် သစ်ရွက်စိမ်း၏ ခိုင်မာသော ကာကွယ်မှုကို လွယ်လင့်တကူ ဖောက်ထွင်းသွားပြီး၊ ဓားသွားတစ်ခုလုံး နစ်ဝင်သွားလေသည်။ ထို့နောက် သွေးများနှင့်အတူ ပြန်ဆွဲထုတ်လိုက်သည်။
ဓားကို ပြန်လည်နုတ်ယူလိုက်ပြီးနောက်၊ ထိုလက်သည် လေထဲတွင် ပြန်လည် ပျောက်ကွယ်သွားလေသည်။
အနက်ရောင်လူရိပ်တစ်ခုသည် မြို့စားလေး၏ နောက်ကျောဘက်တွင် ပေါ်လာပြီး၊ အေးစက်စွာ ပြောလိုက်သည်။ "တစ်ချက်တည်းနဲ့ မသေဘူးဆိုတော့... သူ့ရဲ့ မှော်ဝင်ပစ္စည်းက နည်းနည်း ထူးခြားတာပဲ..."
ဤသူမှာ ဆရာလုပင် ဖြစ်ချေသည်။
တစ်ချိန်က ကြက်သွေးရောင်ကွပ်မျက်သူဓား၏ တုန်ခါမှုကို ဖြစ်ပေါ်စေခဲ့သော အလွန်ဆိုးရွားသည့် လူယုတ်မာကြီးပင်။
တစ်ဖက်တွင် ချူလျန်သည် သစ်ရွက်စိမ်း၏ ကာကွယ်မှုကို ဖယ်ရှားလိုက်ပြီး၊ မြေကြီးပေါ်တွင် ဖင်ထိုင်ကျသွားကာ အသက်ကို ပြင်းပြင်းရှူနေရသည်။
မြင်တွေ့ရသည်မှာ၊ သူ၏ခန္ဓာကိုယ် ညာဘက်ခြမ်းတွင် အလွန်နက်ရှိုင်းသော ဒဏ်ရာတစ်ခု ဖြစ်ပေါ်နေပြီး၊ မျက်စိတစ်မှိတ်အတွင်းမှာပင် သွေးများ စီးကျလာကာ အောက်ရှိ မြက်ခင်းပြင်ကို ရဲရဲနီသွားစေသည်။
"ဆရာလုရဲ့ ခုနစ်ထွေ ပုန်းကွယ်သတ်ဖြတ်ခြင်း ခန္ဓာအောက်မှာ တစ်ချက်တည်းနဲ့ မသေဘဲ လွတ်မြောက်နိုင်တာနဲ့တင် ခင်ဗျားအတွက် သေပျော်ပါပြီ..." မြို့စားလေးက အေးစက်စွာ ပြောလိုက်သည်။
ဆရာလုသည် ဓားမည်းပေါ်ရှိ သွေးများကို ညင်သာစွာ သုတ်လိုက်ပြီး၊ ချူလျန်ကို ကြည့်သော အကြည့်မှာ ကြောင်အိုကြီးက သွက်လက်သော ကြွက်ကလေးတစ်ကောင်ကို ကြည့်သကဲ့သို့ အရသာခံနေပုံ ရလေသည်။
သူသည် ဆဌမအဆင့် ရုပ်ခန္ဓာကို အောင်မြင်ထားသူ ဖြစ်ပြီး၊ ခုနစ်ထွေသတ်ဖြတ်ခြင်း လမ်းစဉ်၏ ခုနစ်ထွေ ပုန်းကွယ်သတ်ဖြတ်ခြင်း ခန္ဓာကို လေ့ကျင့်ထားသူ ဖြစ်သည်။
ကောင်းကင်ကြယ်တာရာဂိုဏ်းကြီး ထွန်းကားခဲ့စဉ်က၊ ခုနစ်ထွေသတ်ဖြတ်ခြင်း လမ်းစဉ်သည် ဂိုဏ်းအတွင်း ကြီးမားသော လမ်းစဉ်မဟုတ်သော်လည်း၊ ပြင်ပလူများ အလွန် ကြောက်ရွံ့ကြသော လမ်းစဉ် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ခုနစ်ထွေသတ်ဖြတ်ခြင်းသည် အစွမ်းထက်ဆုံး လုပ်ကြံသတ်ဖြတ်ခြင်း လမ်းစဉ်ဟု ကျော်ကြားသောကြောင့်ပင်။
ပုန်းကွယ်လုပ်ကြံခြင်းကို ကျွမ်းကျင်သဖြင့်၊ ကာကွယ်ရန် အလွန် ခက်ခဲလှသည်။
အစောပိုင်းက လေထဲမှ ထိုးထွက်လာသော အသံမမြည်သည့် ဓားချက်သည်လည်း၊ ဆဌမအဆင့်၏ အစွမ်းထက်သော စွမ်းအားကို ပြသလိုက်ခြင်းပင် ဖြစ်၏။ အကယ်၍ ကံကောင်းမှု အနည်းငယ် မပါဝင်ခဲ့လျှင်၊ ချူလျန်မှာ ခေါင်းနှင့်ကိုယ် အိုးစားကွဲသွားလောက်ပြီ ဖြစ်သည်။
သို့သော် ကံကောင်းခြင်းအပြင်၊ ဆဌမအဆင့်၏ သေစေနိုင်သော တိုက်ခိုက်မှုကို တားဆီးနိုင်သည့် ရတနာတစ်ခု ရှိနေခြင်းကလည်း အဓိကကျသည်။ မဟုတ်ပါက၊ ကြိုတင်ကာကွယ်ထားလျှင်လည်း အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။
ထို အသက်ရင်းမြစ် မူလသစ်ရွက်စိမ်း မှော်ဝင်ပစ္စည်းသည်၊ အပြည့်အဝ မကာကွယ်နိုင်ခဲ့လျှင်တောင်မှ တစ်ဝက်တစ်ပျက် ကာကွယ်ပေးနိုင်ခဲ့သည်မှာ အလွန်ပင် တန်ဖိုးရှိလှပေသည်။
"ဟူး..."
ချူလျန်သည် ခက်ခဲစွာ အသက်ရှူလိုက်ပြီး၊ ဒဏ်ရာမှ နာကျင်မှုကို အံကြိတ်ခံကာ၊ ချီစွမ်းအင်ဖြင့် သွေးကြောများကို ပိတ်လိုက်သည်။ ထို့နောက် ဘေးနားတွင် ကြောက်လန့်တကြား ဖြစ်နေသော လျိုရှောင်ယွီလေးကို မော့ကြည့်လိုက်သည်။
"ရှောင်ယွီလေး... မြေပေါ်ရောက်ရင် ဘယ်မှ လျှောက်မသွားနဲ့၊ ကျုပ် လာရှာတဲ့အထိ စောင့်နေ..." သူ ခက်ခဲစွာ ပြောလိုက်သည်။
"ဟင်..." လျိုရှောင်ယွီလေးမှာမူ သူ ပြောနေသည်များအား လုံးဝ နားမလည်ပေ။
ထို့နောက်၊ ချူလျန်သည် လက်ချောင်းထိပ်ကို မြှောက်လိုက်ရာ အစိမ်းရောင်အလင်းတန်းတစ်ခုသည် လျိုရှောင်ယွီလေးကို ထပ်မံ လွှမ်းခြုံသွားပြန်သည်။
ဤသည်မှာ သူမအတွက် တတိယအကြိမ်မြောက် ငါးအသားဖက်ထုတ် ဖြစ်သွားရခြင်းပင်။
ဝမ်ယွဲ့လုံ သန့်စင်ပေးခဲ့သော ဤသစ်ရွက်စိမ်း မှော်ဝင်ပစ္စည်းသည် ဆဌမအဆင့် ကျင့်ကြံသူ၏ ဓားချက်ဖြင့် အပေါက်ဖောက်ခံလိုက်ရသော်လည်း၊ အပြည့်အဝ ပျက်စီးသွားခြင်း မရှိဘဲ အပေါက်တစ်ပေါက်သာ ကျန်ရစ်ခဲ့သည်။
ချူလျန် လက်ချောင်းကို လှုပ်ရှားလိုက်ပြီး၊ ပါးစပ်မှ တိုးတိုးလေး ရေရွတ်လိုက်သည်။ "သွားစမ်း..."
ရွှစ်...
အစိမ်းရောင်အလင်းတန်းတစ်ခုသည် မိုးကောင်းကင်ထက်သို့ ရုတ်တရက် ပျံတက်သွားပြီး၊ ဝေးကွာသော အရပ်သို့ ဦးတည်သွားတော့သည်။
"သူမကို မလွတ်စေနဲ့..." မြို့စားလေးက အော်ဟစ်လိုက်သည်။
သူ့နောက်မှ ဆရာလုက လက်ကို မြှောက်လိုက်ရာ၊ လက်မောင်းတစ်ဖက် လေထဲတွင် ပျောက်ကွယ်သွားပြီး၊ အစောပိုင်းကကဲ့သို့သော နတ်ဘုရားစွမ်းရည်ကို ထပ်မံ ထုတ်ဖော်လိုက်ပုံ ရသည်။
သို့သော် လေထဲမှ ဓားချက်ကို ပြန်လည် ရုပ်သိမ်းလိုက်သောအခါ၊ ဓားပေါ်တွင် သွေးစွန်းခြင်း မရှိပေ။ သူ၏မျက်နှာမှာ မည်းမှောင်သွားပြီး "ပြေးတာ တော်တော် မြန်တာပဲ... ငါ့ရဲ့ နတ်ဘုရားစွမ်းရည်တောင် အဲဒီ မှော်ဝင်ပစ္စည်းကို မမီလိုက်ဘူး..."
ထင်ရှားသည်မှာ အစောပိုင်းက သူ ချူလျန်ကို ထိုးလိုက်သော ဓားချက်ကဲ့သို့ပင် လျိုရှောင်ယွီလေးကို တိုက်ခိုက်လိုက်ခြင်း ဖြစ်သော်လည်း မမီလိုက်ခြင်း ဖြစ်သည်။
ထိုသစ်ရွက်စိမ်းမှာ ဝေးကွာသော ကောင်းကင်ယံတွင် ကြယ်တစ်ပွင့် ဖြစ်သွားခဲ့ပြီ ဖြစ်၏။ ချူလျန် စောစောက အားကုန် ထုတ်လွှတ်လိုက်သဖြင့်၊ မိုင်ပေါင်း ရာချီလောက် ပျံသန်းပြီးမှသာ ပြန်ကျလာလောက်မည်ဟု ခန့်မှန်းရသည်။
လျိုရှောင်ယွီလေးတစ်ယောက် ဘေးကင်းကင်း ဆင်းသက်နိုင်ပါစေ...။
မြို့စားလေးမှာမူ ချူလျန်သည် ဤကဲ့သို့ အချိန်မျိုးတွင်၊ ထိုကဲ့သို့သော ထွက်ပြေးနိုင်သည့် စွမ်းရည်မျိုး ရှိနေသေးသည်ကို မမျှော်လင့်ထားခဲ့သလို၊ ယင်းကို လျိုရှောင်ယွီအတွက် သုံးစွဲလိုက်သည်ကိုလည်း အံ့သြနေမိတော့သည်။
သူ အော်ဟစ်လိုက်သည်။ "သူ့ကိုတော့ အသက်ရှင်လျက် လွတ်မြောက်ခွင့် မပေးနဲ့..."
"သူကတော့ သေချာပေါက် ပြေးမလွတ်ပါဘူး..." ဆရာလုက ချူလျန်ကို တည်ငြိမ်စွာ ကြည့်ပြီး ပြောလိုက်သည်။
"မိုက်မဲတဲ့ ရှုတောင်ဂိုဏ်းတပည့်လေး... မင်းမှာ ဒီလိုနည်းလမ်းတွေ ရှိနေမယ်လို့ မထင်ထားဘူး... ပိုပြီး မထင်ထားတာက... မင်းက ကိုယ်အသက်ရှင်မယ့် မျှော်လင့်ချက်ကို တခြားလူဆီ ပေးလိုက်ပြီး၊ ကိုယ်တိုင်က သေလမ်းကို ရွေးလိုက်တာပဲ..."
ဒဏ်ရာအပြင်းအထန် ရရှိပြီး မြေကြီးပေါ်တွင် ထိုင်နေသော ချူလျန်သည် ခေါင်းမော့လိုက်ပြီး၊ မိမိကို လုံးဝ အနိုင်ယူနိုင်သော ဆဌမအဆင့် ကျင့်ကြံသူကို ရင်ဆိုင်လိုက်သည်။
ရုတ်တရက်၊ သူတို့ မမျှော်လင့်ထားသော အပြုံးတစ်ခုကို ပြုံးပြလိုက်လေသည်။
သူ ပြုံးပြီး မေးလိုက်သည်။ "ဘယ်သူက ပြောတုန်း..."