← Chapters

ဒေါသအမျက်

Vol. 9 Ch. 90

ဒေါသအမျက်

Vol. 9 Ch. 90

တင့်ဆန်းမြို့စားသည် တောင်ကုန်းတစ်ဝက်ရှိ နေရာတွင် တည်ငြိမ်စွာ ထိုင်နေပြီး၊ မျက်နှာတွင် အပြုံးတစ်ခုဖြင့် နယ်လှည့်ဖျော်ဖြေပွဲ အစီအစဉ် စတင်မည့်အချိ်န်ကို စောင့်မျှော်နေလေသည်။

သူသည် လှပသော ပိုးဖြူဝတ်ရုံကို ဝတ်ဆင်ထားပြီး၊ ပါးသိုင်းမွေးခပ်ပါးပါးနှင့် ကြည့်ကောင်းသော ရုပ်ရည်ရှိကာ၊ အလွန် သန့်ရှင်းသပ်ရပ်သော ပုံစံရှိသည်။ ဤအချက်မှာ မြို့စားလေးသည် သူ့ဖခင်နှင့် တူခြင်းဖြစ်ပြီး၊ တင့်ဆန်းမြို့စားစံအိမ်၏ မျိုးရိုးလိုက်သော ချောမောမှုမှာ အမှန်တကယ်ပင် မဆိုးလှပေ။

တောင်တံခါးမြို့မှ ပြည်သူများသည် တင့်ဆန်းမြို့စားက ကျင့်ကြံခြင်းကို စွဲလမ်းကြောင်း သိထားကြပြီး၊ သူ့ကို တွေ့မြင်ရခဲလှသဖြင့်၊ လူအများအပြားသည် ထိုဘက်သို့ မကြာခဏ လှမ်းကြည့်နေကြသည်။

တင့်ဆန်းမြို့စားသည် ပုလဲလိုက်ကာ နောက်ကွယ်မှနေ၍ အောက်ဘက်ရှိ လူပင်လယ်ကြီးကို ငုံ့ကြည့်ကာ၊ ရုတ်တရက် အေးစက်စွာ ပြုံးလိုက်မိသည်။

သာမန်လူတွေလား...

ပုရွက်ဆိတ်တွေပါပဲ။

သူသည် တော်ဝင်မိသားစုတွင် မွေးဖွားလာပြီး၊ မွေးကတည်းက ရှမျိုးနွယ်ဝင် ဖြစ်သဖြင့်၊ လူ့လောက၏ ဆင်းရဲဒုက္ခများကို တစ်ခါမျှ မခံစားခဲ့ရဖူးဟု ဆိုနိုင်ပေသည်။ သို့သော် သူသည် ငယ်ရွယ်စဉ်ကတည်းက၊ လောကီအရာများကို စိတ်ဝင်စားမှု ပျောက်ဆုံးခဲ့သည်။ ကျင့်ကြံခြင်းသည်သာ သေမျိုးလောကမှ လွတ်မြောက်စေနိုင်သည်ဟု ယုံကြည်ထားသည်။

သူ့ကဲ့သို့ မွန်မြတ်သော မျိုးရိုးရှိသော်လည်း ပါရမီ အလယ်အလတ်သာ ရှိသည့် ကျင့်ကြံသူများအတွက်၊ မြင့်မြတ်ဂိုဏ်း (၉) ဂိုဏ်းနှင့် မြေကမ္ဘာဂိုဏ်း (၁၀) ဂိုဏ်းတို့တွင် တူညီသော သဘောထားတစ်ခု ရှိကြသည်။ ၎င်းမှာ ပြင်ပဂိုဏ်းဝင် အဆင့်အတန်းအား ပေးနိုင်သလို၊ ကျင့်စဉ်များကိုလည်း ပေးနိုင်သည်။ သို့သော် ပင်မတပည့်အဖြစ် လက်ခံမည် မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် တော်ဝင်မျိုးနွယ် ဖြစ်နေသဖြင့်၊ သူသည် သာမန်တပည့်များကဲ့သို့ ဂိုဏ်းအတွက် အသက်ပေးပြီး တိုက်ခိုက်ကာ ထောက်ခံမှု ရယူရန် မဖြစ်နိုင်သလို၊ ကိုယ့်ကိုယ်ကိုယ် အန္တရာယ်ထဲ ပို့ပြီး အရင်းအမြစ်များ ရှာဖွေရန်လည်း မဖြစ်နိုင်ပေ။ ထိုကဲ့သို့သော တပည့်တစ်ဦးကို လက်ခံခြင်းသည် ဘိုးအေတစ်ဦးကို လက်ခံလိုက်သကဲ့သို့ ဖြစ်နေမည်ဖြစ်ရာ၊ မည်သည့် ထိပ်တန်းဂိုဏ်းမှ ထိုကဲ့သို့သော မိုက်မဲသည့်အလုပ်ကို လုပ်မည် မဟုတ်ပေ။

ထို့ကြောင့် တင့်ဆန်းမြို့စားသည် ဤနှစ်များအတွင်း၊ စိတ်နှလုံး အပြည့်အဝဖြင့် တာအိုကို ရှာဖွေနေသော်လည်း၊ ပင်မကျင့်ကြံသူများလောက၏ တံခါးဝတွင်သာ လှည့်လည်နေရပြီး၊ ဝင်နိုင်ခွင့်မရှိ ဖြစ်နေရသည်။

စံအိမ်တော်၏ နှစ်ပေါင်းများစွာ စုဆောင်းထားသော စည်းစိမ်များကို သုံးစွဲပြီးမှသာ၊ မိမိကိုယ်ကို ဆဌမအဆင့်အထိ ရောက်အောင် ပံ့ပိုးနိုင်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ယခုအခါ မြေကမ္ဘာနယ်ပယ် အတားအဆီးကို ကျော်ဖြတ်ရန်မှာ သူ့အတွက် ကောင်းကင်သို့ တက်ရသည်ထက် ခက်ခဲနေသော်လည်း၊ သတ္တမအဆင့် တာအိုသိရှိခြင်းသို့ ရောက်ရှိပြီး ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကျယ်ပြန့်သော အဆင့်သို့ ရောက်ရန် သူ လက်မလျှော့နိုင်ဘဲ၊ မတရားသော နည်းလမ်းများဖြင့် အကျိုးအမြတ် ရှာဖွေနေခြင်း ဖြစ်သည်။

အမျိုးသမီးများကို အရှေ့ပိုင်းဒေသသို့ ရောင်းစားခြင်း ကိစ္စတွင်လည်း၊ သူ့တွင် အပြစ်ရှိစိတ်ဟူ၍ လုံးဝ မရှိပေ။ သူ၏မျက်လုံးထဲတွင် သာမန်လူများသည် ကျွဲ၊ နွား၊ ဝက်၊ ခွေးများနှင့် မခြားနားဘဲ၊ တော်ဝင်မျိုးနွယ် ဆိုသည်မှာလည်း အဆင့်အတန်းမြင့်သော ကျွဲနွားများသာ ဖြစ်သည်။

အကယ်၍ သူ၏ကျင့်ကြံခြင်း လုပ်ငန်းစဉ်ကို အထောက်အကူ ပြုမည်ဆိုလျှင်၊ ရောင်းစားသည်သာမက အကုန် သတ်ပစ်ရမည် ဆိုလျှင်ပင် သူ မျက်တောင်တစ်ချက် ခတ်မည် မဟုတ်ပေ။

တောင်တံခါးမြို့မှ သာမန်ပွဲလမ်းသဘင်များကို၊ သူသည် ဘယ်တုန်းကမှ စိတ်မဝင်စားသလို မျက်နှာလည်း မပြခဲ့ပေ၊ နှစ်ပေါင်းများစွာ ကျင့်ကြံခြင်းကိုသာ အာရုံစိုက်ခဲ့သည်။ ယနေ့ ရွှဲ့လင်းရွှယ်၏ ဖျော်ဖြေပွဲကို လာရောက်ကြည့်ရှုရခြင်းမှာ၊ သူ ရွှဲ့လင်းရွှယ်အပေါ်တွင် မျှော်လင့်ချက် အနည်းငယ် ရှိနေသောကြောင့် ဖြစ်သည်။

အကယ်၍ သားဖြစ်သူသည် ရွှဲ့လင်းရွှယ်နှင့် အဆင်ပြေသွားပါက၊ သူသည်လည်း တောင်ပိုင်းဂီတမျှော်စင်နှင့် ဆွေမျိုးတော်သွားမည် ဖြစ်ပြီး၊ နှစ်ပေါင်းများစွာ သူ ဝင်ချင်သော်လည်း မဝင်ရသေးသော ပင်မကျင့်ကြံသူများ၏လောကသို့၊ ဤနည်းဖြင့် ဝင်ရောက်နိုင်မည် ဖြစ်သည်။

ထို့အပြင် နန်းတွင်းမှ လျှို့ဝှက်သတင်းများအရ၊ တောင်ပိုင်းဂီတမျှော်စင်မှ ရှန်ချင်းရန်သည် အိမ်ရှေ့မင်းသား၏ ကြင်ရာတော် ဖြစ်လာနိုင်ချေ ရှိသည်ဟု ဆိုသည်။ ထိုသို့ဆိုလျှင် နောင်တစ်ချိန်တွင် မိဖုရားခေါင်ကြီး ဖြစ်လာပေလိမ့်မည်။

ရွှဲ့လင်းရွှယ်နှင့် ရှန်ချင်းရန်တို့သည် တစ်သုတ်တည်း အတူတူ ပေါ်ထွက်လာပြီး ရင်းနှီးကြသဖြင့်၊ အကယ်၍ သားဖြစ်သူက ဤလမ်းကြောင်းကို ချိတ်ဆက်နိုင်ပါက၊ အနာဂတ်အတွက် ကြီးကျယ်သော လမ်းမကြီးတစ်ခု ခင်းပေးလိုက်ခြင်းပင် ဖြစ်သည်။

တင့်ဆန်းမြို့စားစံအိမ်သည် ဤမျှ "ဆင်းရဲ" နေရခြင်းမှာ၊ တောင်ပိုင်းဒေသကဲ့သို့သော ခေါင်ဖျားသည့် နေရာတွင် အသုံးဝင်သည့်အရာဟူ၍ မရှိ၊ အာဏာဟူ၍လည်း မရှိ၊ အကျိုးအမြတ်သည်လည်း မပြောပဘဲ အမည်ခံ ဂုဏ်ဒြပ်သက်သက်သာ ရှိနေသောကြောင့် မဟုတ်ပါလော။

သူ အများကြီး တွေးတောထားသော်လည်း၊ ရွှဲ့လင်းရွှယ်က သူ့သားကို သဘောကျမည်လော ဆိုသည်မှာမူ မသေချာသေးပေ။

သို့သော် ဤကိစ္စနှင့် ပတ်သက်၍ သူ့တွင် ယုံကြည်မှု ရှိသည်။ အဘယ်ကြောင့်ဆိုသော် သားဖြစ်သူသည် သူ၏ ချောမောသောရုပ်ရည်ကို အမွေရထားသည့်အပြင်၊ သူ့တွင်ပင် မရှိသော မိန်းကလေးများကို ဆွဲဆောင်နိုင်သည့် နည်းလမ်းများလည်း ရှိနေသေးသည်။ တော်ဝင်မျိုးနွယ် အဆင့်အတန်းနှင့် ရွှဲ့လင်းရွှယ်ကို ပေါင်းဖက်ရခြင်းသည် နိမ့်ကျမသွားစေနိုင်ပေ။ ထို့ကြောင့် ဤကိစ္စသည် ဖြစ်နိုင်ခြေများလေ၏။

ထိုကဲ့သို့သော အတွေးများဖြင့် သူသည် ယနေ့ ဖျော်ဖြေပွဲကို ကိုယ်တိုင် လာရောက်ခဲ့ခြင်း ဖြစ်သည်။ ဖျော်ဖြေပွဲ ပြီးဆုံးပါက သူကိုယ်တိုင် ရွှဲ့လင်းရွှယ်ကို သွားရောက် တွေ့ဆုံပြီး၊ သားအတွက် ဆက်ဆံရေး တည်ဆောက်ပေးရန် ရည်ရွယ်ထားသည်။

ထိုသို့သော ရည်ရွယ်ချက်များဖြင့်၊ သူသည် ဤနေရာတွင် ထိုင်ပြီး ပြုံးရွှင်စွာဖြင့် အစီအစဉ် စတင်မည့်အချိန်ကို စောင့်မျှော်နေခြင်း ဖြစ်သည်။

ထို့နောက်….။

သူ ထူးဆန်းသော မြင်ကွင်းတစ်ခုကို မြင်လိုက်ရလေသည်။

သူ မျှော်လင့်ချက်ကြီးစွာ ထားရှိသော သားရတနာလေးသည် အဝေးကနေ ပျံသန်းလာပြီး၊ အနောက်တွင် ဓားအလင်းတန်းတစ်ခုက လိုက်နေချေသည်။

စင်မြင့်အနား ရောက်သည့်အခါဝယ် အနီရောင်အလင်းတန်းတစ်ခု၏ ရစ်ပတ်ခြင်းကို ခံလိုက်ရပြီး လူမြင်မကောင်းသည့် ပုံစံဖြင့် စင်ပေါ်သို့ ပြုတ်ကျသွားလေသည်။

နောက်မှ လိုက်ပါလာသော လူငယ်ကျင့်ကြံသူက ဓားဖြင့်ချိန်ကာ အပြစ်ဝန်ခံခိုင်းနေချေသည်။

အောက်ဘက်ရှိ ပွဲကြည့်ပရိသတ်အရေအတွက်မှာ သောင်းနှင့်ပင်ချီနေကာ အဆုံးအစပင် မရှိပေ။

တင့်ဆန်းမြို့စား၏ နှစ်ပေါင်းများစွာ တည်ငြိမ်နေသော မျက်နှာတွင် တွေ့ရခဲသော အံ့သြမှုနှင့် ဒေါသ အရိပ်အယောင်များ ပေါ်လာပြီး၊ ရုတ်တရက် မတ်တတ်ရပ်လိုက်သည်။ ထင်ရှားသည်မှာ ဤမြင်ကွင်းသည် သူ၏ အတွေးစိတ်ကူးများထက် ကျော်လွန်နေသောကြောင့်ပင်။

ငါက ဒီမှာ ပွဲစဖို့ စောင့်နေတာလေ…။

ငါ့သားက ပွဲစဉ်ရဲ့ ကြယ်ပွင့် ဖြစ်သွားတာလား...။

...

ချူလျန်သည် ဓားဖြင့် ရှအန်းကို ဖမ်းချုပ်ထားပြီး လူအများရှေ့တွင် အပြစ်ဝန်ခံခိုင်းနေကာ၊ တစ်ကိုယ်လုံး သွေးများ စွန်းထင်းနေသဖြင့် အရှိန်အဝါမှာ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။

ရှအန်းသည်မှာမူ အစောပိုင်းက ချူလျန်တစ်ယောက် ဆရာလုကို တစ်ချက်တည်း သတ်လိုက်သည်ကို မြင်ခဲ့ရသဖြင့်၊ ရင်ထဲတွင် ကြောက်ရွံ့မှုများ မပြေပျောက်သေးဘဲ "ကျွန်တော် ဝန်ခံပါတယ်" ဟု အော်ဟစ်ပြီး ကောင်းကင်ဘုံကို ချမ်းသာပေးရန် ဆုတောင်းချင်နေပြီ ဖြစ်သည်။

သို့သော် သူ ခေါင်းမော့ပြီး အော်ဟစ်လိုက်တော့မည့်အချိန်မှာပင်၊ ရင်းနှီးပြီး တည်ငြိမ်သော အော်ဟစ်သံတစ်ခုကို ကြားလိုက်ရသည်။

"အတင့်ရဲလှချည်လား"

လေတစ်ချက် တိုက်ခတ်လာပြီး၊ စင်မြင့်ပေါ်သို့ ဂုဏ်သရေရှိလူတစ်ဦး ရောက်ရှိလာသည်။ ယင်းမှာ သူ၏ဖခင်၊ လက်ရှိ တင့်ဆန်းမြို့စားပင် ဖြစ်ချေသည်။

ခဏအကြာတွင်၊ နောက်ထပ် အစွမ်းထက်သော သိုင်းပညာရှင် တစ်ဒါဇင်ခန့် ဆင်းသက်လာကြပြီး အားလုံးမှာ စံအိမ်တော် အစောင့်များ ဖြစ်ကြကာ၊ ချူလျန်ကို အလယ်တွင် ဝိုင်းထားလိုက်ကြတော့သည်။

ချူလျန်သည် ဓားသွားကို ရှအန်း၏လည်ပင်းပေါ်တွင် တင်းတင်းကျပ်ကျပ် ကပ်ထားပြီး၊ မျက်နှာထား တည်ငြိမ်စွာဖြင့် တင့်ဆန်းမြို့စားကို စိုက်ကြည့်နေကာ ကြောက်ရွံ့ခြင်း အလျင်းမရှိပေ။

တင့်ဆန်းမြို့စားသည် သွေးများ စွန်းထင်းနေသော ဤလူငယ်ကို ကြည့်ရင်း ခဏတာမျှ မျက်လုံးထဲတွင် အပူရှိန်ကို ခံစားလိုက်ရပြီး၊ ချက်ချင်းပင် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ "မင်း ဘာလုပ်နေလဲ ဆိုတာ သိရဲ့လား..."

"တရားမျှတမှုကို ဖော်ဆောင်နေတာလေ..." ချူလျန်က အေးဆေးစွာ ပြန်ဖြေလိုက်သည်။

"ဟဟ..." တင့်ဆန်းမြို့စားက ပိုမို ပြင်းထန်သော အကြည့်ဖြင့် ပြန်လည် ဖိအားပေးလိုက်သည်။ "လျှောက်ပြောနေတယ်... တော်ဝင်မျိုးနွယ်ကို စွပ်စွဲတာ ဘာအပြစ်လဲဆိုတာ မင်း သိလား... လာကြစမ်း… သူ့ကို ဖမ်းလိုက်..."

သူသည် ချူလျန်၏ ဓားအောက်ရောက်နေသော သားကို လုံးဝဂရုမစိုက်ဘဲ၊ တိုက်ရိုက် ဖမ်းဆီးရန် အမိန့်ပေးလိုက်သည်။

ချူလျန်သည် ရှအန်း၏ လည်ပင်းပေါ်တွင် ကပ်နေသော ဓားကို ညင်သာစွာ လှန်လိုက်ရာ၊ ချက်ချင်းပင် သွေးကြောင်းတစ်ခု ပေါ်လာပြီး၊ ရှအန်းတစ်ယောက် ကျယ်လောင်စွာ အော်ဟစ်လိုက်ရသည်။ "အဖေ... မလုပ်ပါနဲ့... ကယ်... ကယ်ပါဦး..."

သို့သော် တင့်ဆန်းမြို့စားသည် လုံးဝ တုန်လှုပ်ခြင်း မရှိဘဲ၊ တစ်ကိုယ်လုံးမှ ချီစွမ်းအင်များကို ထုတ်ဖော်လိုက်ရာ၊ ကြီးမားသော ဖိအားသည် ချူလျန်ကို ဖိနှိပ်လာပြီး တောင်ကြီးတစ်လုံး ပခုံးပေါ် ကျရောက်လာသကဲ့သို့ပင်။

ချူလျန်ခမျာ အံကို တင်းတင်း ကြိတ်ထားလိုက်ရပြီး ထိုချီစွမ်းအင်ကြောင့် ပြိုလဲလုနီးပါး ဖြစ်သွားရသည်။ ကြက်သွေးရောင်ကွပ်မျက်သူဓား မရှိဘဲနှင့်၊ ဆဌမအဆင့်နှင့် တတိယအဆင့်ကြား ကွာဟချက်မှာ အမှန်တကယ်ပင် ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကြီးမားလှသည်။ ဤချီစွမ်းအင် ဖိအားတစ်ခုတည်းနှင့်ပင် သူ့ကို မရှူနိုင်မကယ်နိုင် ဖြစ်စေသည်။

သို့သော် ဘေးပတ်လည်မှ စံအိမ်တော်အစောင့်များမှာ နီးကပ်လာပြီ ဖြစ်ပြီး၊ ယခုအချိန်တွင် သူသည် မြို့စားလေးကို ဓားတစ်ချက်တည်းဖြင့် သတ်ဖြတ်ခြင်းမှလွဲ၍၊ အခြား မည်သည့် ပြန်လည်ခုခံမှုမျှ မပြုလုပ်နိုင်တော့ပေ။

ဘေးနားမှ အစောင့်များသည်လည်း ကြွက်ကိုပစ်၍ ပန်းကန်ကွဲမည်ကို စိုးရိမ်သကဲ့သို့၊ ချက်ချင်း ဝင်ရောက် တိုက်ခိုက်ရန် မဝံ့မရဲ ဖြစ်နေကြသဖြင့် သူ ချက်ချင်း အဖမ်းခံရခြင်း မရှိသေးပေ။

မည်သို့ပင်ဖြစ်စေ တင့်ဆန်းမြို့စားသည် သားဖြစ်သူကို ဂရုမစိုက်သလို ပုံစံဖမ်းနေသော်ငြား၊ တစ်ယောက်ယောက်က အရင်ဆုံး ဝင်တိုက်ကာ ချူလျန်တစ်ယောက် မြို့စားလေးကို သတ်လိုက်မိပါက နောက်ပိုင်းတွင် တင့်ဆန်းမြို့စားက အပြစ်မတင်ဟု မည်သူက အာမခံနိုင်ပါမည်နည်း။

ထို့ကြောင့် အစောင့်များ၏ ခြေလှမ်းများသည် အနည်းငယ် တွန့်ဆုတ်စွာဖြင့် ရှေ့သို့ တိုးလာကြရသည်။

ဤကဲ့သို့ မလူးသာမလွန့်သာ ဖြစ်နေသော အခိုက်အတန့်တွင် ဘေးဘက်မှ အော်ဟစ်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာလေသည်။

"ရပ်လိုက်..."

မိုးကြိုးပစ်သကဲ့သို့ ကျယ်လောင်သော အသံနှင့်အတူ၊ လူရိပ်တစ်ခုသည် စင်မြင့်အလယ်သို့ သွက်လက်စွာ ခုန်ဆင်းလာလေသည်။

လူတိုင်း လှည့်ကြည့်လိုက်ရာ မျက်ခုံးထူထူ မျက်လုံးကြီးကြီးနှင့် ယောကျ်ားပီသသော မျက်နှာထား ရှိသော လူငယ်လေးတစ်ဦး ဖြစ်လေသည်။ သူသည် စင်မြင့်အလယ်တွင် တည်ငြိမ်စွာ ရပ်လိုက်ပြီး၊ လက်နှစ်ဖက်ကို ဘေးသို့ ဖြန့်ကာ အခြေအနေကို ထိန်းသိမ်းလိုက်ပြီး တင့်ဆန်းမြို့စားကို ပြောလိုက်သည်။

"မြို့စားမင်း စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့ဦး... အားလုံးပဲ လက်မပါကြနဲ့... ကျုပ်ကို မျက်နှာသာ ပေးကြပါ..."

တင့်ဆန်းမြို့စားက မျက်မှောင်ကြုတ်ပြီး သူ့ကို ကြည့်လိုက်သည်။ "မင်းက ဘယ်သူလဲ..."

လူငယ်လေးက ဖြေလိုက်သည်။

"ကျုပ်က လင်းပေ့ပါ..."

"ထွက်သွားစမ်း..."

(စကားချပ် - “ကျုပ်က လင်းပေ့ပါ” ဆိုတာ စကားစုရဲ့ သံတူကြောင်းကွဲက “ငါက မင်းအဖေ” လို့ အဓိပ္ပါယ်ရပါတယ်)

All Chapters