← Chapters

အမှောင် ကောင်းကင် မိစ္ဆာစွမ်းအား

Vol. 3 Ch. 236

အမှောင် ကောင်းကင် မိစ္ဆာစွမ်းအား

Vol. 3 Ch. 236

ဟွမ်လုန်ကျီ ရောက်ရှိလာကာ အမြဲစိမ်းပန်းပွင့်ကို ဝယ်ယူသည့် အတွက်ကြောင့် ကျန့်ယီဂိုဏ်းမှ တပည့်သုံးယောက်မှာ အံ့သြမှင်တက်သွားကြလေသည်။

အစိမ်းရောင်ဝတ် မိန်းကလေးသည် လက်သီးကို ကျစ်ကျစ်ပါအောင် စုပ်ထားလိုက်သည်။ ကျန့်ယီဂိုဏ်းမှာ ဂိုဏ်းကြီး တစ်ဂိုဏ်းဖြစ်သည့်တိုင် ကွမ်းချင်းနတ်ဘုရား ဂိုဏ်းနှင့် ယှဉ်လျှင်တော့ မိုးနှင့်မြေပမာ အဆင့်ကွာခြား လွန်းလေသည်။

ကွမ်းချင်း နတ်ဘုရားဂိုဏ်းကို လောကနတ်ဘုရား ငါးပါးက စောင့်ရှောက် နေကြသည့် အတွက် မည်သည့် ကျင့်ကြံသူ ဂိုဏ်းကမှ ကွမ်းချင်း နတ်ဘုရားဂိုဏ်းကို မဆန့်ကျင်ရဲကြပေ။

ကျန့်ယီဂိုဏ်းမှ တပည့်သုံးယောက်မှာ သူတို့ဆရာ၏ အမိန့်ဖြင့် ရတနာ ပစ္စည်းလေလံပွဲသို့ ရောက်ရှိ လာကြခြင်း ဖြစ်ပြီး ရွှမ်ထုံ နတ်မိစ္ဆာ ဘုရင်မကလည်း သူတို့ကို အထူး ဂရုစိုက်လေသည်။ အမြဲစိမ်းပန်းပွင့်ကို လဲလှယ်သည့် ပိုင်ရှင်ကလည်း သူတို့ သုံးယောက် ဘက်မှ လဲလှယ်သည့်၏ ပစ္စည်းကို သဘောကျသည့် အတွက် အမြဲ စိမ်းပန်းပွင့်သည် သူတို့ လက်တွင်းသို့ ရောက်ရှိနေပြီ ဖြစ်လေသည်။

ဟွမ်လုန်ကျီသာ မနှောင့်ယှက်လျှင် သူတို့က အဆင်ပြေပြေဖြင့် အမြဲ စိမ်းပန်းပွင့်ကို ကျန့်ယီဂိုဏ်းသို့ ပြန်ယူသွားနိုင်မည် ဖြစ်လေသည်။

“မင်းတို့ ကျုပ်တို့ဆိုတာ မိုးကောင်းကင်က မွေးဖွားပြီး မြေပြင်မှာ သေကြရမယ့် လူတွေပဲ၊ ကျုပ်တို့တွေဟာ ကံတရားကို မလွန်ဆန်နိုင်တဲ့ သက်ရှိတွေပါပဲ၊ ကျုပ်တို့က မသေမျိုး ဖြစ်တဲ့ နတ်ဘုရား လမ်းစဉ်ကို လျှောက်လှမ်း နေကြပေမယ့် မြေပြင်ဆိုတာ မိုးကောင်းကင် အလိုအတိုင်း ရှိနေကြတာပါပဲ၊ အားလုံးက သေကြရမယ့် သူတွေပဲကို မင်းက ဘာလို့ ပန်းပွင့်လေး တစ်ပွင့် အတွက်နဲ့ ကျုပ်ကို ရန်လုပ်နေရတာလဲ”

ဟွမ်လုန်ကျီမှာ စကားများအရတော့ အလွန်မှ မြင့်မြတ်သူကြီး တစ်ယောက်ပမာ ဟိတ်ဟန် ထုတ်နေလေသည်။ သူ၏ခန္ဓာကိုယ်မှ နတ်ဘုရား အငွေ့အသက်များ ထွက်ပေါ်နေပြီး သူ၏ ခြေထောက်အောက်မှ အဝါရောင် တိမ်တိုက်မှာ တည်ငြိမ် နေလေသည်။ သူ၏ ကျင့်စဉ်လမ်း အဆင့် မြင့်မားခြင်းကို ပြသနေခြင်း ဖြစ်လေသည်။

နဂါးသဏ္ဌာန်ပြောင်း ပညာကို ကျင့်ကြံလျှင် လက်ငါးချောင်းပါသည့် နဂါးကြီး တစ်ကောင်အဖြစ် အသွင်ပြောင်းနိုင်မည် ဖြစ်လေသည်။ ဟွမ်လုန်ကျီမှာ လူသားအသွင်ကို ယူထားသည့်တိုင် နဂါးတစ်ကောင်၏ အငွေ့အသက်များက ပတ်ဝန်းကျင်တွင် ပျံ့လွင့်နေလေသည်။ နဂါးဆိုသည်က ရာဇသွေး ရာဇမာန်ဖြင့် ပြည့်နေသည့် တော်ဝင် သတ္တဝါဖြစ်ပြီး အခြားသော သတ္တဝါများက သူ့ကို ဦးညွှတ် ရလေသည်။

ရတနာ ပစ္စည်းလေလံပွဲမှ ကျင့်ကြံသူများမှာ အဆင့်မြင့် ကျင့်ကြံသူများ ဖြစ်ကြသည့်တိုင် ဟွမ်လုန်ကျီထံမှ ထွက်ပေါ်နေသည့် ဝိညာဉ် စွမ်းအားများကြောင့် စိတ်ကျဉ်းကျပ်လျက် ရှိကြလေသည်။

အထူးသဖြင့် နတ်မိစ္ဆာ ဘုရင်များမှာ ပိုပြီး စိတ်ကျဉ်းကျပ်သလို ခံစားနေကြရလေသည်။

သို့သော် ချင်းဟွမ်အော်နှင့် ရွှမ်ထုန်နတ်မိစ္ဆာ ဘုရင်မကိုတော့ ဟွမ်လုန်ကျီ၏ နဂါးဝိညာဉ် စွမ်းအားများက သက်ရောက်နိုင်ခြင်း မရှိပါ။ ချင်းဟွမ်အော်က အခြေအနေ တစ်ခုလုံးကို ငြိမ်သက်စွာဖြင့် ကြည့်နေလေသည်။ သူက ကွမ်းချင်းနတ်ဘုရား ဂိုဏ်း၏ ရက်စက် ကြမ်းကြုတ်မှုများကို သိထားသူပီပီ ကွမ်းချင်း နတ်ဘုရားဂိုဏ်းဖြင့် ရန်သူ မဖြစ်ချင်ပေ။

ဟွမ်လုန်ကျီ၏ စကားများကြောင့် ရွှမ်ထုံ နတ်မိစ္ဆာဘုရင်မက ရယ်မောလိုက်လေသည်။

ချင်းရွှမ်နတ်တံခါး၏ ဂိုဏ်းချုပ်ဖြစ်သည့် ဆန်းတန်ခိုးရှင်ပင်လျှင် ယဉ်ကျေး သိမ်မွေ့ပြီး လောကဝတ်ကို နားလည်လေသည်။ ကွမ်းချင်း နတ်ဘုရားဂိုဏ်းမှ ကျင့်ကြံသူများကတော့ ရိုင်းစိုင်းလွန်းသည်။ သူမက ရန်မလိုဘဲ အေးဆေးစွာ နေခဲ့သည့်အတွက် နှစ်ပေါင်းများစွာ သူမကျင့်ကြံ ခဲ့သည့် သူမ၏ တန်ခိုးစွမ်းအားများကို လူအများက မေ့နေကြပြီ ထင်သည်။

“ကောင်းပြီလေ၊ ရှင်က စကားတွေ ဒီလောက်တောင် ပြောပြီးပြီဆိုတော့ ကျွန်မအနေနဲ့ ဘာမှ ပြန်ပြောစရာ မရှိတော့ပါဘူး၊ ကျွန်မရဲ့ ဓားသိုင်းကို ခုခံနိုင်မယ် ဆိုရင် ရှင်လိုချင်တဲ့ ပစ္စည်း ပေးလိုက်မယ်”

ရွှမ်ထုန်နတ်မိစ္ဆာ ဘုရင်က ပေါ့ပေါ့ပါးပါး လေသံဖြင့် ပြောလိုက်လေသည်။

ဟွမ်လုန်ကျီက ပြုံးလိုက်ရင်း…

“ကောင်းပြီလေ၊ မင်းက တကယ့်ကို ပွင့်ပွင့်လင်းလင်း သမားပဲ၊ ကျုပ်ကလည်း အမြဲစိမ်းပန်းပွင့်ကို မရရင် အလျှော့ မပေးနိုင်ဘူး၊ ကျုပ်ကြောင့် ဒီမှာ ဒုက္ခဖြစ်ရမှာတော့ အားနာမိပါရဲ့”

စကား ဆက်ပြောစရာ မလိုတော့ပေ။ တိုက်ခိုက်ရန်သာ ရှိတော့သည်။

ကျင့်ကြံသူများ ဆိုသည်က မလိုအပ်ဘဲ တိုက်ခိုက်ခြင်းကို မပြုလုပ်ကြပေ။ သို့သော် တကယ်တမ်း တိုက်ခိုက်ပြီ ဆိုလျှင်လည်း နောက်ပြန် မဆုတ်တတ်ကြပေ။

ဟွမ်လုန်ကျီမှာ အမြဲစိမ်းပန်းပွင့်ကို အမှန်တကယ်ပင် လိုချင်နေသူ ဖြစ်လေသည်။ သို့သော် ရောင်းချ ပြီးသွားပြီ ဖြစ်သည့်အတွက် သူမရနိုင် တော့သည်ကိုလည်း သိထားလေသည်။ ထို့ကြောင့် ဖြစ်လာမည့် အခြေအနေများ အားလုံးကို ခန့်မှန်း ထားပြီးသား ဖြစ်လေသည်။

ဆန်းလျန်အက အခြေအနေကို စူးစိုက်လေ့လာနေလေသည်။ ယနေ့တော့ ရွှမ်ထုန် နတ်မိစ္ဆာ ဘုရင်မ၏ တန်ခိုးစွမ်းအား မည်မျှ မြင့်မားသည်ကို တွေ့မြင်ရတော့မည် ဖြစ်လေသည်။ ရွှမ်ထုန် နတ်မိစ္ဆာ ဘုရင်မမှာ တန်ခိုး စွမ်းအား ပေါင်းများစွာကို ကျင့်ကြံထားသူ ဖြစ်လေသည်။ နတ်မိစ္ဆာ ဘုရင်များကြားတွင် ထိပ်တန်း နတ်မိစ္ဆာ ဘုရင်မ တစ်ပါးဟု သတ်မှတ်၍ ရနိုင်လေသည်။

ယနေ့တွင်တော့ ဟွမ်လုန်ကျီကို ရင်ဆိုင်ရန်အတွက် သူမ၏ ဓားသိုင်းအစွမ်းကို မြင်တွေ့ ရတော့မည်ဖြစ်လေသည်။

“ကျင့်ထင်ထုံအော်…”

ရွှမ်ထုန် နတ်မိစ္ဆာဘုရင်က ခေါ်လိုက်သည်။

ကျင့်ထင်ထုံအော်က ပြုံးလိုက်ပြီး သူ၏ ခန္ဓာကိုယ်ကို တစ်ချက် ခါးရမ်းလိုက်ပြီး ဓားဝိညာဉ် တစ်ခုအသွင် ချက်ချင်း ကူးပြောင်း သွားလေသည်။

ရွှမ်ထုန် နတ်မိစ္ဆာဘုရင်မသည် ဓားဝိညာဉ်ကို သူမလက်ထဲတွင် ကိုင်ဆောင် ထားလေသည်။

ကျင့်ထင်ထုံအော်မှာ ကြာပန်းစိမ်းဂိုဏ်းမှ ဓားတင်ဆောင်သည့် အနှစ်လေးရာ သက်တမ်းရှိ ကျောက်တုံး တစ်တုံး ဖြစ်လေသည်။ ထို့ကြောင့် ဓားဝိညာဉ်ပေါင်း များစွာ၏ တန်ခိုးစွမ်းအားများ သူ့အထဲတွင် စိမ့်ဝင်နေလေသည်။ ထို့ကြောင့် ဝိညာဉ် စွမ်းအား အလွန်ကောင်းသော ဓားဝိညာဉ် တစ်ခုဖြစ်လေသည်။

ဓားဝိညာဉ်သည် ရွှမ်ထုန် နတ်မိစ္ဆာဘုရင်၏ လက်ထဲတွင် ရေကဲ့သို့ ကြည်လင်နေပြီး ရွှမ်ထုန် နတ်မိစ္ဆာဘုရင်မမှာ ဓားနှင့်လူ တစ်သားတည်း ကျသွားလေသည်။ ထွက်ပေါ်နေသည့် ဓားတန်ခိုး စွမ်းအားများမှာ ရွှမ်ထုန် နတ်မိစ္ဆာ ဘုရင်မထံမှလား၊ ဓားဝိညာဉ်ထံမှလား ခွဲခြား၍ မရနိုင်တော့ပေ။ ဓားသိုင်း လမ်းစဉ်ကို ကျင့်ကြံကြသည့် ဓားသမား အများစုသည် သူတို့ဘဝ တစ်လျှောက်လုံး ဓားသိုင်းကို ကျင့်ကြံ ခဲ့ကြသည့်တိုင် ရွှမ်ထုန် နတ်မိစ္ဆာ ဘုရင်မကဲ့သို့ အဆင့်မြင့် ဓားတန်ခိုး စွမ်းအားကို ရရှိနိုင်ရန် ခဲယဉ်း လှလေသည်။

ရွှမ်ထုန် နတ်မိစ္ဆာဘုရင်မက လေထဲသို့ ခုန်ဝင်လိုက်ပြီး ဟွမ်လုန် ကျီရှေ့သို့ ရောက်ရှိ သွားလေသည်။

သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် စိုက်ကြည့် နေကြလေသည်။

ရုတ်တရက် ဓားဝိညာဉ်က ကောင်းကင်ကို လျင်မြန်စွာပင် ထိုးခွဲလိုက်လေသည်။

ဟွမ်လုန်ကျီက ရွှမ်ထုန်နတ်မိစ္ဆာ ဘုရင်မ၏ လှုပ်ရှားမှုကို သတိထားပြီး စောင့်ကြည့် နေသည့်တိုင် ထိုမျှလောက် မြန်ဆန်လိမ့်မည်ဟု ထင်မထားခဲ့မိပေ။

မျက်စိတစ်မှိတ် အတွင်းမှာပင် ဖြစ်ပျက်သွားခြင်း ဖြစ်ပြီး ဟွမ်လုန်ကျီမှာ ရှောင်ချိန်ပင် မရလိုက်ပေ။

ယွမ်လုန်ကျီ၏ ခြေဖဝါးအောက်မှ အဝါရောင် တိမ်တိုက်သည် တစ်ချက် တုန်ခါသွားပြီး နှစ်ပိုင်းကွဲကာ လေထဲသို့ လွင့်စဉ်သွားလေသည်။

ထိုအဖြစ်အပျက်ကိုကြည့်ရင်း လူအားလုံးမှာ အံ့သြသွားကြရသည်။

ဟွမ်လုန်ကျီ၏ တန်ခိုးစွမ်းအားမှာ သာမန် တန်ခိုးစွမ်းအား မဟုတ်ပေ။ အလွန်သန့်စင်ပြီး ပြိုင်ဘက် ကင်းလေသည်။

လေထုက ရုတ်တရက် လှုပ်ရှားသွားပြီး နဂါးအမြီး ရိုက်ချက် တစ်ခုအလား ရွှမ်ထုန် နတ်မိစ္ဆာဘုရင်မဆီသို့ ဝင်ရောက်လာကာ ဓားဝိညာဉ်ကို ရိုက်ချ လိုက်လေသည်။

သို့သော် ဓားဝိညာဉ်မှာ သာမန်ဓားဝိညာဉ် မဟုတ်။ အလွန် အစွမ်းထက်ကာ ထူးခြားသည့် ဓားဝိညာဉ် တစ်ခုဖြစ်ရကား ဓားဝိညာဉ်မှာ ကြာပန်းစိမ်း ကိုးပွင့်အသွင်သို့ ရုတ်တရက် ကူးပြောင်း သွားလေသည်။

ကြာပန်းစိမ်း ကိုးပွင့်သည် လေထဲတွင် စီးမျောနေပြီး ရေကန်လေးထဲမှ ရေ၏ အနှစ်သာရကို စုပ်ယူလိုက်လေသည်။

ကြာပန်းစိမ်း ကိုးပွင့်က လေထဲတွင် တစ်ပတ်လည် သွားပြီး အဖြူရောင် အလင်းတန်း တစ်ခု ထွက်ပေါ် လာလေသည်။ အလင်းတန်းမှာ သလင်းကျောက်ကဲ့သို့ ကြည်လင်နေပြီး ကြာပန်းစိမ်း များမှာ တောက်ပနေလေသည်။

ရတနာ ပစ္စည်းလေလံပွဲမှ ကျင့်ကြံသူ အားလုံးမှာ ဓားဝိညာဉ်၏ အစွမ်းကို ရင်သပ်ရှုမော အံ့သြစွာဖြင့် ကြည့်နေကြလေသည်။ ကြာပန်းပွင့် ချပ်များ ပေါင်းစည်းသွားပြီး ဓားဝိညာဉ် ပြန်လည် ဖြစ်တည်လာကာ ဟွမ်လုန်ကျီကို ထိုးစိုက်ချ လိုက်လေတော့သည်။ သူ့ထံသို့ ဓားဝိညာဉ် ဝင်ရောက်လာသည်ကို တွေ့လိုက်သည်နှင့် ဟွမ်လုန်ကျီမှာ အံ့သြ တုန်လှုပ်သွားပြီး သူ၏ သွေးကြောဆုံချက်များ လောင်ကျွမ်း သွားသကဲ့သို့ပင် ခံစား လိုက်ရလေသည်။

ရွှမ်ထုန်နတ်မိစ္ဆာ ဘုရင်မမှာ အမှန်တကယ်ပင် ကြောက်စရာ ကောင်းသူ ဖြစ်လေသည်။ သူမက ကြာပန်းစိမ်း ဓားကျမ်းကို ကျင့်ကြံအောင်မြင် ထားသည့်အပြင် "ကြားပန်းစိမ်း ကိုးပွင့် ဓားဝိညာဉ်" ကိုပါ တီထွင်ထားသူ ဖြစ်လေသည်။ ကြာပန်းစိမ်း ကိုးပွင့် ဓားဝိညာဉ်မှာ ရေ၏ အနှစ်သာရနှင့် ကြာပန်းကို ပေါင်းစပ် ထားသည့် ထိပ်တန်း ဓားသိုင်းပညာတစ်ခု ဖြစ်လေသည်။

ရွှမ်ထုန်နတ်မိစ္ဆာဘုရင်မက ဓားသိုင်း တစ်ကွက်ကိုသာ ထုတ်လိုက်ခြင်း ဖြစ်သော်လည်း ထိုဓားသိုင်း တစ်ကွက်တွင် ထောင်ပေါင်း များစွာသော အလှည့်အပြောင်းများ ပါဝင်လေသည်။

ဟွမ်လုန်ကျီမှာ ထိုဓားဝိညာဉ်ဖြင့် အဆက်မပြတ် တိုက်ခိုက်ခံရလျှင် ရေရှည်တွင် သူ့အတွက် ခုခံရန် မလွယ်ကူလှကြောင်း ကောင်းကောင်း သိသွားလေသည်။

ဟွမ်လုန်ကျီမှာ အနည်းငယ် ရင်ထိတ်သွားပြီး ချက်ချင်းပင် တန်ခိုးစွမ်းအားကို ထုတ်လွှတ် လိုက်ကာ အဝါရောင် နဂါးကြီးအသွင် ပြန်လည် ဖန်ဆင်းလိုက်လေသည်။

ဓားဝိညာဉ်၏ အရိပ်များက နဂါးကြီးကို ဖုံးလွှမ်းထားလိုက်ပြီး ရွှေနှင့် သတ္တု ရိုက်ခတ်သံကဲ့သို့ အသံများ ထွက်ပေါ်လာလေသည်။ ဓားဝိညာဉ်မှာ နဂါးအကြေးခွံနှင့် ရိုက်ခတ်မိခြင်း ဖြစ်လေသည်။

သို့သော် ဓားဝိညာဉ်မှာ နဂါး အကြေးခွံကိုတော့ ထိုးဖောက်နိုင်ခြင်း မရှိပေ။

"အဝါရောင် နဂါးဟွမ်လုန်ကျီဆိုတာ တကယ့်ကို အံ့သြစရာပဲ"

ဟု တိုက်ပွဲကို ကြည့်နေကြသည့် ကျင့်ကြံသူများ အားလုံးက တွေးမိလိုက်ကြလေသည်။

သူတို့ အတွေးမဆုံးမီမှာပင် ရွှမ်ထုန် နတ်မိစ္ဆာဘုရင်မက တန်ခိုး စွမ်းအားတစ်ခု ထုတ်လွှတ် လိုက်လေသည်။ သူမ၏ လက်များဆီမှ မိစ္ဆာစွမ်းအား တစ်ခုကို ထွက်ပေါ်လာပြီး သူမက ထိုစွမ်းအားကို အဝါရောင် နဂါးကြီးထံသို့ ပစ်လွှတ် လိုက်လေသည်။ ထိုစွမ်းအားက နဂါးအကြေးခွံများ အားဖြင့် ထုချေပစ်လိုက်ပြီး လေထဲတွင် သွေးမြူမှုန်များ ပျံ့နှံ့သွားလေတော့သည်။

တိုက်ပွဲကို ကြည့်နေကြသည့် ပရိသတ်များ အားလုံးမှာ အံ့သြ တုန်လှုပ် သွားကြရလေသည်။

ဟွမ်လုန်ကျီက နာကျင်စွာဖြင့် တစ်ချက် အော်ဟစ်လိုက်သည်။

"အမှောင်ကောင်းကင် မိစ္ဆာစွမ်းအားပဲ၊ မင်းဒီလို မိစ္ဆာကျင့်စဉ်မျိုး ကျင့်ကြံထားမယ်လို့ ထင်မထားမိဘူး"

ထိုသို့ပြောပြီးသည့် နောက်တွင်တော့ ဟွမ်လုန်ကျီမှာ တိမ်ထဲသို့သို့ တိုးဝင် ပျောက်ကွယ် သွားလေတော့သည်။

သူ၏ နဂါး၏ ခန္ဓာကိုယ်မှ သွေးမှုံများ လွင့်ပျံနေသည်ကို အားလုံး မြင်တွေ့ လိုက်ကြရလေသည်။ ဟွမ်လုန်ကျီမှာ ရွှမ်ထုန် နတ်မိစ္ဆာ ဘုရင်မက ပျောက်ဆုံးနေသည်မှာ ကြာပြီဖြစ်သော "အမှောင်ကောင်းကင် မိစ္ဆာစွမ်းအား" ဖြင့် သူ့ကို တိုက်ခိုက် လိမ့်မည်ဟု ထင်မထားမိပေ။

အမှောင်ကောင်းကင် မိစ္ဆာစွမ်းအားမှာ နတ်မိစ္ဆာများ ကျင့်ကြံကြသည့် ကျင့်စဉ်တစ်ခု ဖြစ်လေသည်။ နတ်မိစ္ဆာများ ကျင့်စဉ်လမ်း မအောင်မြင်သေးခင် အချိန်တွင် အနှောင့်အယှက် ရန်အပေါင်းကို ကာကွယ်ရန် ထိုကျင့်စဉ်ကို ကျင့်ကြံကြလေသည်။ ရန်သူမှာ မည်မျှပင် ခံနိုင်ရည်ရှိပြီး မာကျောသည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပါစေ ဒဏ်ရာ ပြင်းထန်စွာရအောင် တိုက်ခိုက်နိုင်မည် ဖြစ်လေသည်။

သို့သော် အမှောင်ကောင်းကင် မိစ္ဆာစွမ်းအားမှာ တစ်ကြိမ် အသုံးပြုပြီးလျှင် နောက်တစ်ကြိမ် အသုံးပြုရန် အတွက် အချိန်ကြာမြင့်စွာ ပြန်လည် အားဖြည့်ရလေသည်။ အားဖြည့်ရန် အတွက် မိစ္ဆာ အအေးစွမ်းအား လိုအပ်လေသည်။ ပြန်လည် အားဖြည့်ပြီးသည်နှင့် အလွန်အကျွံ မသုံးမိစေရန်လည်း အရေးကြီးလေသည်။

ရွှမ်ထုန်နတ်မိစ္ဆာ ဘုရင်မက ဟွမ်လုန်ကျီကို သူသေကိုယ်သေ တိုက်ခိုက်လိုက်သည့် အတွက် ဒုက္ခ အကြီးအကျယ်တော့ ရောက်တော့မည်ဟု ကျင့်ကြံသူများက တွေးနေကြလေသည်။

ကွမ်းချင်းနတ်ဘုရားဂိုဏ်းမှ လောက နတ်ဘုရားငါးပါးကို အသာထား ဟွမ်လုန်ကျီ၏ ဂိုဏ်းတူ ညီအစ်ကိုများ ဖြစ်သည့် ဖော့ဝမ့် အဆင့်ကျင့်ကြံသူ ဆယ့်တစ်ယောက်နှင့်ပင် ဒုက္ခအကြီးအကျယ် ရောက်မည် ဖြစ်လေသည်။ အထူးသဖြင့် နတ်ဘုရား တစ်ပါးအဖြစ် အဆင့်တက်ရောက် တော့မည့် ဟွမ်ကျန်းပင် ဖြစ်လေသည်။

ဟွမ်လုန်ကျီသာ လက်စား ချေရန်အတွက် သူ၏ ဂိုဏ်းတူ ညီအစ်ကိုများကို ခေါ်လာမည်ဆိုလျှင် ရွှမ်ထုန်နတ်မိစ္ဆာ ဘုရင်မ အနေဖြင့် မည်သို့မျှ ခုခံနိုင်မည် မဟုတ်ပေ။

ရွှမ်ထုမ်နတ်မိစ္ဆာ ဘုရင်မက တိမ်လွှာနန်းတော်မှ နတ်ဘုရား ဈေးပွဲတော်ကို စွန့်ခွာ ထွက်ပြေးမည် ဆိုလျှင်တောင်မှ သူမ၏ပိုင်နက်ကို ကွမ်းချင်း နတ်ဘုရားဂိုဏ်းမှ သိမ်းယူကာ နတ်ဘုရား ဈေးပွဲတော်ကို ချုပ်ကိုင်တော့မည် ဖြစ်လေသည်။

ရွှမ်ထုန်နတ်မိစ္ဆာ ဘုရင်မမှာ လုကျိုးယွမ်ထံတွင် ပညာသင်ခဲ့သူ ဖြစ်သော်လည်း တကယ်တမ်း ပြဿနာဖြစ်လာလျှင် ရွှမ်ထျန်း နတ်ဘုရား ဂိုဏ်းကလည်း သူမဘက်မှ ရပ်တည်ပေးရန်မှာ မသေချာလှပေ။

လုကျိုးယွမ်သာ ပါဝင်ပတ်သက်မည် ဆိုလျှင်တော့ ကွမ်းချင်း နတ်ဘုရား ဂိုဏ်းက နောက်ဆုတ်မည် ဖြစ်လေသည်။ ကွမ်းချင်း နတ်ဘုရားဂိုဏ်းမှာ မည်မျှပင် မောက်မာပါစေ လောကပထမ နတ်ဘုရား ဂိုဏ်းဖြစ်သည့် ရွှမ်ထျန်း ဂိုဏ်းကိုတော့ ထိပ်တိုက် ရင်ဆိုင်ရဲမည် မဟုတ်ပေ။

အစိမ်းရောင်ဝတ် မိန်းကလေးက သက်ပြင်း တစ်ချက် ချလိုက်ရင်း တီးတိုး ပြောလိုက်သည်။

"ကျွန်မတို့ ဘာလုပ်ကြမလဲ အစ်ကိုသုံး၊ ကျွန်မတို့အတွက်နဲ့ ရွှမ်ထုန်ဘုရင်မက ကွမ်းချင်း နတ်ဘုရားဂိုဏ်းကို တိုက်ခိုက်လိုက်တာ၊ ဒါ မကောင်းဘူး ထင်တယ်နော်"

အစ်ကိုသုံးဆိုသူက တည်တည်ငြိမ်ငြိမ် ရှိလှသည်။

"ရွှမ်ထုန်ဘုရင်မ လျှမ်းလျှမ်းတောက် ကျော်ကြားတဲ့ အချိန်တုန်းက မင်းတို့ ငါတို့တောင် မွေးသေးတာ မဟုတ်ဘူး၊ သူ ဒီလိုမျိုးလုပ်တာ သူ့အကြောင်းနဲ့သူ ရှိမှာပေါ့၊ ကွမ်းချင်း နတ်ဘုရားဂိုဏ်းက တော်တော် မိုက်ရိုင်းတာပဲ၊ ဆရာပြောတာ မှတ်မိတယ်မလား၊ သူတို့တွေ အဆုံးထိ ပွင့်လန်းပြီးရင် ကြွေလွင့်ရမှာပဲ ဆိုတာလေ၊ ဒီတော့ ငါတို့ ကျန့်ယီဂိုဏ်းက သူတို့ ကျဆုံးတဲ့ အချိန်ကို ထိုင်ကြည့်နေရုံပဲပေါ့"

အဓိက နတ်ဘုရား ကျောင်းတော်ကြီးလေးခုက ပုံမှန်အတိုင်း ဣန္ဒြေ မပျက်ရှိနေသည့်တိုင် ကွမ်းချင်း နတ်ဘုရားဂိုဏ်းက ကျင့်ကြံသူလောကတွင် လွှမ်းမိုးမှုရရှိရန် အရှိန်အဟုန်ဖြင့် ကြိုးစား လာလေသည်။

အတိုင်းအတာ တစ်ခုထိ ကျင့်ကြံသူလေကကို လွှမ်းမိုး လာနိုင်သည့်တိုင် ကျင့်ကြံသူ ဂိုဏ်းအများစုကတော့ သူတို့နှင့် ပတ်သက်လိုခြင်း သိပ်မရှိကြပေ။

ကျင့်ကြံသူများက လွတ်လပ်စွာ နေထိုင်ကြသူများ ဖြစ်လေသည်။ သေးငယ်သည့် ဂိုဏ်းလေး တစ်ဂိုဏ်းပင် ဖြစ်ပါစေ လွတ်လပ်စွာသာ ရပ်တည်ချင်ပြီး အခြားဂိုဏ်း တစ်ဂိုဏ်းမှ လာရောက် ခြယ်လှယ်သည်ကို မည်သို့မျှ လက်ခံနိုင်မည် မဟုတ်ပေ။

ကွမ်းချင်း နတ်ဘုရားဂိုဏ်းမှ ဟွမ်လုန်ကျီကို ရွှမ်ထုန် နတ်မိစ္ဆာဘုရင်မက သူသေကိုယ်သေ တိုက်ခိုက်လိုက်ခြင်း အတွက် ဆန်းလျန်မှာ နားမလည်နိုင် ဖြစ်နေရလေသည်။ ရွှမ်ထုန် နတ်မိစ္ဆာ ဘုရင်မမှာ တန်ခိုးစွမ်းအား အလွန်ကြီးမားသူ ဖြစ်သည့်တိုင် ဟိုင်သခင်ကြီးကိုတော့ မမီသေးပေ။

ကွမ်းချင်း နတ်ဘုရားဂိုဏ်းမှ နတ်ဘုရား အလောင်းလျာ ဆယ့်နှစ်ပါးမှာ အလွန်အဆင့်မြင့်သည့် ကျင့်ကြံသူများ ဖြစ်ကြလေသည်။ ဆယ့်နှစ်ပါးလုံး မဆိုထားနှင့် နှစ်ယောက် သုံးယောက်ကိုပင်လျှင် တိုက်ခိုက်ရန် ခဲယဉ်းမည် ဖြစ်လေသည်။

ရတနာ ပစ္စည်းလေလံပွဲမှာ ပြီးဆုံးသွားပြီ ဖြစ်လေသည်။

ဆန်းလျန်က ကျောက်ရှောင်ယွီကို တစ်ချက် ရှာဖွေလိုက်သည်။

ကျောက်ရှောင်ယွီသည် အဝေးတစ်နေရာရှိ တိမ်တိုက်များ အလယ်တွင် တစ်ယောက်တည်း ရပ်နေလေသည်။ သူမ၏အလှမှာ ရေကန်အလယ်တွင် တစ်ပွင့်တည်း ပွင့်လန်းနေသည့် ကြာဖြူပန်းလေး အလားပင် ဖြစ်လေသည်။ အဝေးမှ ငေးကြည့်ရသည်ပင်လျှင် ကျက်သရေ ရှိလွန်းလှသည်။

ဆန်းလျန်က သူမထံသို့ လျှောက်သွား လိုက်လေသည်။

သူမဆီသို့ လျှောက်လာသော ဆန်းလျန်ကို မြင်လိုက်သည့် အခါတွင်တော့ ကျောက်ရှောင်ယွီ မပြုံးဘဲ မနေနိုင်တော့ပေ။

"ဆန်းကျွင်းအရှင် ဒီလိုမျိုး ကျွန်မကို လာရှာတယ်ဆိုတာ ပထမဆုံး အကြိမ်ဘဲ၊ အံ့သြစရာ ကောင်းလိုက်တာ"

သူမ၏ မျက်နှာတွင် အံ့သြပျော်ရွှင် နေမှုများကို အထင်းသား တွေ့မြင်နေရလေသည်။ သူမမှာ ဆန်းလျန်က သူမကို လာရှာသည့်အတွက် အလွန်မှ စိတ်ကြည်နူး ပျော်ရွှင်နေပုံရလေသည်။

ဆန်းလျန်မှာ ဝမ်းသာအားရ ပြောလိုက်သော သူမ၏ စကားကြောင့် ဘာပြန်ပြောရမှန်း မသိပင် ဖြစ်သွားရလေသည်။

ထို မိန်းမပျို၏ စိတ်ကို ခန့်မှန်းနိုင်ရန်မှာ ခက်ခဲလွန်းလေစွ။ သူမ၏ စကားများနှင့် အပြုအမူများမှာ ဆန်းလျန် အတွက်တော့ ယုံရခက်ခက်ပင် ဖြစ်နေ ရလေတော့သည်။

***

All Chapters