ရွှေမီးလျှံစာကလေး နတ်ဆိုးနှိမ်နင်းကျောက်တိုင်
Vol. 46 Ch. 451
ချင်းယွဲ့ဂိုဏ်း၊ ဝါးမျှော်စင်အတွင်း၌အကြီးအကဲလျိုသည် စားပွဲနောက်၌ထိုင်လျက် စာအုပ်တစ်အုပ်ကို အလေးအနက်ဖတ်ရှုနေ၏။ ကျောက်စိမ်းဖြူမြို့တော်အဆင့်သို့ ရောက်ရှိနေသော ကျင့်ကြံသူများအဖို့ ဤကာလသည် စိတ်လှုပ်ရှားမှုမျိုးစုံဖြင့်ပြည့်နှက်နေတတ်သည်။
၎င်းတို့သည် ကျင့်ကြံခြင်းလမ်းစဉ်၏အဆုံးသတ်သို့ ရောက်ရှိနေကြပြီဖြစ်သည်။
ကျယ်ပြောလှသော သက်တမ်းတစ်လျှောက်တွင် အခွင့်အရေးတစ်ခုကိုငြိမ်သက်စွာ ထိုင်စောင့်ရင်း အိုမင်းရင့်ရော်သွားရုံမှတစ်ပါး အခြားလုပ်ဆောင်ရန် မရှိသလောက်ပင်။
နောက်ထပ် ခြေတစ်လှမ်းလှမ်းနိုင်ပါက မသေမျိုးအဆင့်သို့ တက်လှမ်းနိုင်မည် ဖြစ်သော်လည်း၊ ထိုခြေတစ်လှမ်းမှာပင် မတက်လှမ်းနိုင်ဘဲ သေဆုံးသွားကြသူများမှာ ဒုနှင့်ဒေး ရှိလှသည်။
ထို့ကြောင့် အကြီးအကဲ လျိုရှီချန်း သည် ကျောက်စိမ်းပြားများထက် စာအုပ်စာပေများကို ဖတ်ရှုခြင်းဖြင့်သာ အချိန်ကုန်လွန်စေခဲ့သည်။
ထိုစဉ် အပြင်ဘက်မှခြေသံများ ရုတ်တရက် ထွက်ပေါ်လာသဖြင့် သူသည် စာအုပ်ကိုပိတ်ကာ မော့ကြည့်လိုက်၏။ ဝင်ရောက်လာသူမှာ အကြီးအကဲဝတ်ရုံကို ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦး ဖြစ်သည်။
ဆံပင်များမှာ ဗျိုင်းဖြူကဲ့သို့ ဖွေးဖွေးလှုပ်နေသော်လည်း မျက်နှာမှာမူလူငယ်တစ်ဦးကဲ့သို့ နုပျိုလျက် ရှိသည်။ ၎င်း၏စွမ်းအင်နှင့် စိတ်ဝိညာဉ်မှာ လူလတ်ပိုင်းအရွယ်သာ ရှိသေးသော လျိုရှီချန်းထက်ပင် ပိုမိုနုပျိုပုံရသည်။
"အခြားဂိုဏ်းက အကြီးအကဲလီက ကျုပ်ဆီ သတင်းတစ်ခုပို့လိုက်တယ်။ မင်း နားထောင်ချင်လား" ဟု အကြီးအကဲ ချီယန်က စားပွဲဘေး၌ ထိုင်ရင်း မေးမြန်းလိုက်သည်။
၎င်းတို့နှစ်ဦးမှာ မိတ်ဆွေဟောင်းများဖြစ်သဖြင့် ဟန်ဆောင်မှုများပြုလုပ်မနေတော့ဘဲ တိုက်ရိုက်ပင် စကားစလိုက်ခြင်း ဖြစ်သည်။
"နန်ယန်ရတနာနယ်မြေအကြောင်းပါပဲ။ မင်းက အဲဒီက လူငယ်လေးတွေကို အတော်လေး စောင့်ရှောက်ပေးနေတယ်လို့ ကြားတယ်"
ထိုစကားကို ကြားသော် လျိုရှီချန်းသည် အကြည့်ကို လွှဲလိုက်ပြီး "စိတ်မဝင်စားဘူး" ဟု ပြန်လည် ဖြေကြားလိုက်၏။
"ဘာလို့ ဒီလောက်တောင်ခေါင်းမာနေရတာလဲ" အကြီးအကဲ ချီယန်က ခေါင်းကို ခါယမ်းရင်း အေးဆေးစွာဆက်ပြောသည်။ "ဒီကိစ္စက တစ်နေ့ကျရင် အဖြေတစ်ခုထွက်ရမှာပဲ။ မင်းသိတဲ့အတိုင်း အကြီးအကဲတွေနဲ့ တိုက်ရိုက်တပည့်တွေကို ရေတွက်ကြည့်ရင် ဂိုဏ်းတစ်ခုမှာတင်ဆယ်ဂဏန်းလောက်ရှိတယ်။ နန်ဟုန်းသားတော်ခုနစ်ပါး အားလုံးပေါင်းလိုက်ရင် ကျောက်စိမ်းဖြူမြို့တော် အဆင့် ကျင့်ကြံသူတစ်ရာနီးပါး ရှိနေတာ။"
"မင်းနဲ့ ငါ အပါအဝင် ဒီလူတွေ အားလုံးက ရတနာနယ်မြေတစ်ခုစာအတွက် စောင့်နေကြတာ။ အခု အဲဒီမြေက ပေါ်လာပြီလေ။ မင်းက အဲဒါမရှိသလို ဟန်ဆောင်နေရင် မင်းရဲ့တာအိုနှလုံးသား ပျက်စီးသွားမှာကို မကြောက်ဘူးလား"
ချီယန်၏တည်ငြိမ်သော စကားများက လျိုရှီချန်းကို တုန်လှုပ်စေခြင်း မရှိဘဲ ပို၍ပင်တည်ငြိမ်သွားစေ၏။
"အကယ်၍ ကျုပ်သာ အဲ့နယ်မြေကို အတင်းအဓမ္မ လိုချင်တပ်မက်မိမှသာ ကျုပ်၏တာအိုနှလုံးသား ပျက်စီးသွားပေလိမ့်မယ်"
"ဟားဟား"
ချီယန်က ရယ်မောလိုက်၏။ "ဒီလို ပြန်ဖြေမယ်ဆိုတာ ငါသိပြီးသားပါ။ ဒါကြောင့်လည်း မင်းနဲ့ လာဆွေးနွေးတာ။ နန်ယန်ရတနာနယ်မြေ ပြန်ပေါ်လာတာကို ဂိုဏ်းချုပ်ခြောက်ယောက်စလုံး သိပေမဲ့ ဘာအမိန့်မှ ထုတ်မလာသေးဘူး။ အဲဒါက စဉ်းစားစရာပဲ။ အခုတော့ လူတိုင်းရဲ့စိတ်တွေက လှုပ်ရှားနေကြပြီ။"
"ကောင်းကင်ဓားဂိုဏ်းက ဦးဆောင်ပြီး အကြီးအကဲ အချို့ကနည်းလမ်းတစ်ခု အဆိုပြုထားကြတယ်။ အစီအရင်ကို ပြန်ဖွင့်ခဲ့တဲ့ ရှန်းဆိုတဲ့ လူငယ်လေးကို အဓိကဂုဏ်ပြုသင့်ပြီး သူ့ကို ဂိုဏ်းချုပ်အဖြစ် အသိအမှတ်ပြုထားမယ်။ သူ ကြီးမားတဲ့ အမှားမျိုးမလုပ်သရွေ့ ဒီရာထူးက တစ်သက်လုံးတည်မြဲနေမှာဖြစ်ပြီး သားတော်ခုနစ်ပါး မဟာမိတ်စာချုပ်ကိုလည်း အတည်ပြုပေးမယ်။"
ထိုစကားကို ကြားသောအခါ လျိုရှီချန်း၏ မျက်မှောင်များစုကြုတ်သွား၏။ ကျောက်စိမ်းဖြူမြို့တော်အဆင့် ကျင့်ကြံသူများထဲတွင် စိတ်ကောင်းရှိသူ ရှိနိုင်သည်ဟု သူ ယုံကြည်သော်လည်း အများစုမှာ ဆာလောင်နေသော ဝံပုလွေများသာ ဖြစ်ကြသည်။ အမဲသားတုံးကြီး တစ်တုံးကိုမြင်လိုက်ရသည်တွင် ၎င်းတို့က မည်သို့ လွှတ်ပေးနိုင်ပါမည်နည်း။
မျှော်လင့်ထားသည့်အတိုင်းပင် ချီယန်၏ လေသံမှာ ပြောင်းလဲသွားသည်။ "သူတို့က နန်ယန်ဂိုဏ်းမှာ တာအိုအစောင့်အရှောက်အကြီးအကဲ ရာထူးတစ်ခု ထားရှိဖို့ရည်ရွယ်နေကြတယ်။ အဲဒီ အကြီးအကဲကနန်ယန်မှာ အရင်အခြေချပြီး ငါတို့ဂိုဏ်းခုနစ်ခုအတွက် နောက်ထပ် ပေါင်းစည်းခြင်းအဆင့်ကျင့်ကြံသူတစ်ဦး ပေါ်ထွက်လာအောင် လုပ်ပေးမယ်။ တစ်ချိန်တည်းမှာပဲ နန်ယန်က လူငယ်တွေကိုလည်း အေးအေးချမ်းချမ်းကျင့်ကြံနိုင်အောင် စောင့်ရှောက်ပေးမယ်ပေါ့။"
"တကယ်လို့ ရတနာနယ်မြေကို လက်ဆင့်ကမ်းရမယ့်အချိန်ရောက်လာရင်၊ ရှန်းဆိုတဲ့ လူငယ်က ကျောက်စိမ်းဖြူမြို့တော်အဆင့်ကို ရောက်နေမယ်ဆိုရင် သူ့ကိုပဲဦးစားပေးမယ်လို့ ဆိုကြတယ်"
ချီယန်၏ စကားမဆုံးမီမှာပင် လျိုရှီချန်း၏ မျက်နှာထက်၌ ခါးသီးသော အပြုံးတစ်ခု ပေါ်လာသည်။
"ရတနာနယ်မြေ မရှိတဲ့ ဂိုဏ်းချုပ်လား။ ဘယ်မှာလဲ ဦးစားပေးမှုဆိုတာ။ ခင်ဗျားတို့က သူ့မြေကို လိုချင်ရုံတင်မကဘူး၊ သူ့အသက်ကိုပါ လိုချင်နေကြတာပဲ။"
ရှေ့က အဆိုပြုချက်မှာ အလွန်အကျွံ ဖြစ်နေပြီဖြစ်သလို နောက်တစ်ခုမှာလည်း လျော်ကြေးပေးသလိုနှင့် လက်တွေ့တွင် သေဒဏ်ပေးလိုက်ခြင်းသာ ဖြစ်သည်။ ဂိုဏ်းချုပ်၏အကာအကွယ် မရှိသော အမွေဆက်ခံသူတစ်ဦး၏ဘဝမှာ မတွေးဝံ့စရာပင်။
ရှန်းယီသည် ထိုနေ့အထိ အသက်ရှင်ခဲ့လျှင်ပင် မတော်တဆမှုဟူသော အဓိပ္ပာယ်ကို လက်တွေ့ ခံစားရပေလိမ့်မည်။
"..."
ချီယန်သည် ခေတ္တမျှတိတ်ဆိတ်သွားပြီးနောက် ရယ်မောကာ ခေါင်းခါလိုက်၏။ "ဒါကြောင့်လည်း ငါက ကန့်ကွက်ခဲ့တာပေါ့။ သူတို့စကားတွေကြောင့် ဒေါသထွက်ပြီးထွက်လာခဲ့ရတာ။ အဲဒါကြောင့် မင်းလို လူအေးကြီးနဲ့လာပြီး စကားစမြည် ပြောနေတာပါ။ ဒါပေမဲ့ သူတို့ မင်းကိုလာမပြောဘဲကျော်သွားတာထက်စာရင် ငါလာပြောတာကပိုကောင်းပါသေးတယ်။"
လျိုရှီချန်းက စာအုပ်ကို ပြန်ဖွင့်လိုက်ပြီး "သူတို့ဘာသာတိုက်ခိုက်ကြပါစေ။ အချိန်တွေ အများကြီး ရှိပါသေးတယ်" ဟု ဆိုသည်။
"ငါ သိပါတယ်။ ငါ ပြောချင်တာက မင်း သူ့ကို တကယ်ကူညီချင်တယ်ဆိုရင် အခြေအနေတွေကို သူ့ကို ပွင့်ပွင့်လင်းလင်းပြောပြလိုက်တာ ပိုကောင်းမယ်။ အကယ်၍ သူ့မှာပါရမီရှိပြီး စိတ်ဓာတ်လည်း ရင့်ကျက်မယ်ဆိုရင် သူ့ကို မင်းရဲ့တိုက်ရိုက်တပည့်အဖြစ် သိမ်းလိုက်ပါ။ သူ ဂိုဏ်းချုပ်မဖြစ်နိုင်ရင်တောင် အနာဂတ်မှာအကြီးအကဲ တစ်ယောက်တော့ ဖြစ်ခွင့်ရမှာပေါ့။ ရာထူးအမည်နာမတွေက သိပ်အရေးမကြီးပါဘူး။"
ချီယန်သည် နှုတ်ဆက်ကာ ဝါးမျှော်စင်မှ ထွက်ခွာသွား၏။ လျိုရှီချန်းသည် ထွက်ခွာသွားသော ပုံရိပ်ကို ငြိမ်သက်စွာကြည့်နေမိသည်။ ခေတ္တအကြာတွင် သူသည် သက်ပြင်းတစ်ချက်ကို ဖြည်းညှင်းစွာ မှုတ်ထုတ်လိုက်၏။
ဆာလောင်နေသော ဝံပုလွေအုပ်ထဲသို့ အသားတုံးတစ်တုံး ရုတ်တရက်ရောက်ရှိလာခြင်းမှာ အလွန်ပင် သနားစရာကောင်းလှသည်။ အကယ်၍ အကြီးအကဲ လီရွှမ်ချင်းသာ ဤသို့ ဖြစ်မသွားခဲ့လျှင်၊ တာအိုအစောင့်အရှောက်အကြီးအကဲ ရာထူးကို သူသာ ရရှိမည်ဖြစ်ပြီး အခြေအနေအားလုံးမှာ ငြိမ်သက်နေပေလိမ့်မည်။
...
နန်ယန်ဂိုဏ်း
"ဂိုဏ်းချုပ်ရှန်း၊ ကျွန်မတို့ ပြန်ပါရစေဦးမယ်"
ချင်းယွဲ့ ရတနာဝေဟင်သင်္ဘောကြီးသည် တိမ်တိုက်များကြားသို့ တဖြည်းဖြည်း ပျောက်ကွယ်သွားချိန်တွင် အမျိုးသမီး နှစ်ဦးမှာ လက်သီးဆုပ်နှုတ်ဆက်ကြ၏။ ရှန်းယီသည် သူ၏နောက်ကွယ်တွင် ရှိနေသော စိုးရိမ်ထိတ်လန့်နေသည့် ယွီမျိုးနွယ်စုဝင်များကို ကြည့်လိုက်သည်။
သူသည် တာအိုချပ်ပြားကို ထုတ်ယူကာ မဟာအစီအရင်ကို အသက်သွင်းလိုက်၏။
အလင်းကာရံကြီးပေါ်ထွက်လာသည်နှင့် ၎င်းတို့အားလုံးသည် အတွင်းတံခါးမကြီး၏ ခန်းမဆောင်ရှေ့သို့ ရောက်ရှိသွားကြသည်။
ဖုန်း
နတ်ဝိညာဉ် အရှိန်အဝါ တစ်ရာကျော်နှင့် ကျင့်ကြံသူအမြောက်အမြား၏ရုတ်တရက် ရောက်ရှိလာမှုကို အာရုံခံမိသောအခါ လီချင်းဖုန်း၏ လက်ကိုင်ယပ်တောင်မှာ မြေပြင်သို့ ပြုတ်ကျသွားသည်။ သူသည် သစ်သားရုပ်ထုဟောင်းကို စနောက်နေခြင်းကို ရပ်တန့်လိုက်ပြီး ထိတ်လန့်တကြားဖြင့် ခန်းမဆောင်ပြင်ပသို့ ပြေးထွက်လာ၏။
ဘာတွေ ဖြစ်နေတာလဲ။ ရန်သူတွေ တိုက်ခိုက်တာလား။
ဂိုဏ်းချုပ်ရှန်း မရှိခိုက်တွင် သူသည် စီနီယာအစ်ကိုနီကို ဆက်သွယ်ရန် အလိုလိုတွေးမိသွားသည်။ သူသည် ကျောက်စိမ်းပြားကို ထုတ်ယူလိုက်စဉ်မှာပင် နတ်ဆိုးတစ်ပိုင်းလူတစ်ပိုင်း ဖြစ်နေသော လူအုပ်ကြားမှ ထွက်လာသည့် ရှန်းယီကို မြင်လိုက်ရသည်။
"အော်..."
လီချင်းဖုန်းသည် ကျောက်စိမ်းပြားကို ပြန်သိမ်းလိုက်၏။ ရှန်းယီက သူ့ကို အသာအယာ ခေါင်းငြိမ့်ပြသည်။
"သူတို့ကို အတွင်းစည်းထဲမှာ နေစရာနေရာ ရှာပေးလိုက်ပါ"
ထိုစကားကို ကြားမှ လီချင်းဖုန်းသည် ဂိုဏ်းထဲသို့ လူသစ်များရောက်ရှိလာခြင်းဖြစ်ကြောင်း နားလည်သွားသည်။ ဝူထုံတောင်တွင် နှစ်ပေါင်းများစွာကြာအောင် နတ်ဘုရားစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူ ဆယ်ဂဏန်းခန့်သာ ရှိခဲ့သော်လည်း ဂိုဏ်းချုပ်ရှန်းမှာတစ်ခါတည်းနှင့် တစ်ရာကျော် ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။
ဂိုဏ်းချုပ်သာ မရှိလျှင် ဤစွမ်းအားရှင်များကို မည်သူက ထိန်းချုပ်နိုင်ပါမည်နည်း။
"သူတို့ဘာလိုအပ်လဲဆိုတာ မင်းကို ပြောလိမ့်မယ်"
ရှန်းယီသည် လီချင်းဖုန်းကို ညွှန်ပြလိုက်ပြီးနောက် လျင်မြန်သောခြေလှမ်းများဖြင့် ထွက်ခွာသွား၏။
သူသည် ထျန်းဟွမ်ဆေးလုံးကို ထပ်မံ ဖော်စပ်ရန် မအောင့်နိုင်အောင် ဖြစ်နေပြီ ဖြစ်သည်။
"..."
လီချင်းဖုန်းသည် စိတ်ကိုတည်ငြိမ်အောင် ထိန်းကာ တံတွေးတစ်ချက်မြိုချလိုက်သည်။ သူ၏ ဖျတ်လတ်လှသောလျှာမှာပင် စကားတစ်လုံးမှ မထွက်နိုင်တော့ပေ။
လူအုပ်ထဲမှ အဘွားအိုတစ်ဦး ထွက်လာသည့် အချိန်အထိ သူကြောင်နေမိဆဲပင်။ ထိုအဘွားအို အနားသို့ ရောက်လာသည်နှင့် လီချင်းဖုန်းမှာ အေးစက်လှသော အရှိန်အဝါတစ်ခုကို ခံစားလိုက်ရသည်။
၎င်းမှာ သူ၏ဆရာသခင်ထက်ပင် မြင့်မားကာ ချင်းယွဲ့ဂိုဏ်းမှ အထောက်တော်လျိုနှင့် အဆင့်တူလောက် ရှိပေလိမ့်မည်။
ထိုအဘွားအိုက ရိုသေစွာဖြင့် ဂါရဝပြုလျက် "ယွီမျိုးနွယ်စုက မသေမျိုးကို ဂါရဝပြုပါတယ်။ ကျွန်မတို့မှာ လိုအပ်ချက်သိပ်မရှိပါဘူး။ အိုင်အနားနဲ့ နီးတဲ့နေရာလေး ဖြစ်မယ်ဆိုရင် ပိုကောင်းပါတယ်" ဟု ဆိုသည်။
မသေမျိုး
လီချင်းဖုန်းသည် လက်စအတွင်း၌ လက်ကို တင်းတင်းဆုပ်ထားလိုက်သည်။ သူသည် ဂိုဏ်းချုပ်ရှန်း၏မျက်နှာကို အပျက်မခံနိုင်ပေ။
စိတ်ကို ထိန်းချုပ်လိုက်ပြီးနောက် "အားလုံးပဲ ကျွန်တော့်နောက်ကို လိုက်ခဲ့ကြပါ" ဟု ပြောကြားလိုက်သည်။
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း လီချင်းဖုန်းသည် အကြီးအကဲလီရွှမ်ချင်းကို ပြုစုရုံသာမက အတွင်းစည်းသို့ ပို့ထားသော သတင်းအချက်အလက်များကိုလည်း အလွတ်ကျက်မှတ်ထားခဲ့သည်။
"ဟူး..."
လူများလူစုခွဲသွားသည်ကို ကြည့်ရင်း ယန်ဝမ်ချန့် သည် သက်ပြင်းချကာ ဟောပြောပွဲခန်းမဆီသို့ ဦးတည်လိုက်သည်။ သူသည် ဂိုဏ်းချုပ်ရှန်းနှင့် စကားပိုပြောခွင့်ရရန် မျှော်လင့်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
ရှန်းယီသည် အစီအရင်ပညာရှင်တစ်ဦး ဖြစ်ပါလျက်နှင့် အစီအရင်ဆိုင်ရာ အချက်အလက်များကို လေ့လာနေသည်ကို တစ်ခါမျှမတွေ့ရခြင်းမှာ အလွန်ပင် ထူးဆန်းလှသည်ဟု သူ တွေးနေမိသည်။
တစ်ချိန်တည်းမှာပင် ရှန်းယီသည် ဆိတ်ငြိမ်သော လိုဏ်ဂူတစ်ခုကို ရှာဖွေတွေ့ရှိသွား၏။ သူသည် ဟောင်းနွမ်းနေသော ခရမ်းရွှေဆေးမီးဖိုကို ထုတ်ယူကာ လွန်ခဲ့သော ရက်အတော်ကြာကတည်းက မတိုးတက်သေးသော ကျင့်ကြံခြင်းကို မြှင့်တင်ရန် အခွင့်အရေးရပြီဖြစ်ကြောင်း သတိပြုမိလိုက်သည်။
သူသည် ငွေရောင်ခေါင်းလောင်းကို ထုတ်ယူကာ စာကလေးနတ်ဆိုးလေးကောင်ထံမှ အနှစ်သာရ သွေးများကို စတင်စုဆောင်းတော့သည်။
သူသည် ဆေးဖော်စပ်ခြင်းကို အလျင်စလို မပြုလုပ်သေးဘဲ နတ်ဆိုးသက်တမ်းကို အရင်ကြည့်လိုက်၏။ ဤတစ်ကြိမ် ရိတ်သိမ်းမှုတွင် အကျိုးအရှိဆုံးမှာ စာကလေးငယ် ဖြစ်သည်။
[ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့် ရွှေမီးလျှံ စာကလေးနတ်ဆိုးအား သတ်ဖြတ်ပြီး၊ စုစုပေါင်း သက်တမ်း ၂၁၀၀၀၀ နှစ်၊ ကျန်ရှိ သက်တမ်း ၁၄၀၀၀၀ နှစ်၊ စုပ်ယူခြင်းပြီး။]
စာကလေးအိုကြီးမှာမူ ကျန်ရှိသက်တမ်း တစ်သောင်းကျော်သာ ရှိသဖြင့် သိပ်မထူးခြားလှပေ။ လေးကောင်စလုံး ပေါင်းလိုက်လျှင် သက်တမ်း ၂၇၀၀၀၀ နီးပါး ရရှိသည်။
ကံကောင်းထောက်မစွာဖြင့် ယခင်က ကျန်ရှိသော သက်တမ်းများ ရှိနေသဖြင့် ဤနတ်ဆိုးများကို ပြန်လည် တည်ဆောက်ရန် လုံလောက်မှု ရှိပေသည်။
[လက်ကျန် နတ်ဆိုးသက်တမ်း - ၃၉၄၀၀၀ နှစ်]
ရှန်းယီသည် ဦးစွာ နတ်တိုးနှိမ်နင်းကျောက်တိုင် တစ်ခုကို တည်ဆောက်ကာ ရွှေစာကလေးငယ်၏ အသွေးအသားများကို အထဲသို့ ထည့်သွင်းလိုက်၏။ ထို့နောက် ဒုတိယတစ်ခုကို ပြင်ဆင်ပြန်သည်။
သို့သော် ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့် လေး ရှိသော စာကလေးအို၏အသွေးအသားများကို ထည့်ရန်ကြိုးစားသောအခါ ထူးဆန်းသော အရာတစ်ခု ဖြစ်ပေါ်လာသည်။ သွေးသားမြစ်ကြီးမှာ ဒုတိယကျောက်တိုက်ထဲသို့ မစီးဝင်ဘဲ ပထမ ရွှေစာကလေးငယ်၏ရုပ်ထုထဲသို့သာ စီးဝင်သွားခြင်း ဖြစ်သည်။
"..."
ရှန်းယီ အံ့အားသင့်သွားသည်။ ၎င်းမှာ အဘယ်သဘောနည်း။ မျိုးရိုးတူ နတ်ဆိုးများဖြင့် ဒုတိယမြောက်ကျောက်တိုင်ကို တည်ဆောက်၍ မရခြင်းလော။
သူသည် ခေတ္တမျှတွန့်ဆုတ်သွားသော်လည်း ကျန်ရှိသော စာကလေးနတ်ဆိုးများ၏ အကြွင်းအကျန် အားလုံးကို ထိုရုပ်ထုထဲသို့သာ လောင်းထည့်လိုက်တော့သည်။
အသွေးအသားများပေါင်းစပ်သွားသည်နှင့်အမျှ ရွှေမီးလျှံစာကလေးရုပ်ထုမှာ ပိုမိုအသက်ဝင်လာပြီး အသေးစိတ်အချက်အလက်များပင် ပြောင်းလဲသွားသည်။ အမွှေးအတောင်များမှာ ပိုမိုရှည်လျား ချောမွတ်လာကာ နှုတ်သီးမှာလည်း သိသိသာသာ ကြီးထွားလာ၏။
၎င်းသည် အသွင်ပြောင်းလဲခြင်းတစ်ခု ဖြစ်ပေါ်နေသကဲ့သို့ပင်။ ရှန်းယီသည် မျက်မှောင်ကြုတ်ကာ ကြည့်နေမိသည်။
သူ အရှုံးပေါ်သွားသလား သို့မဟုတ် အမြတ်ရလိုက်သလားမသေချာသော်လည်း ယခင်က နတ်ဆိုးဝိညာဉ်လေးခု လိုအပ်ခဲ့ရာမှ ယခုမူ တစ်ခုတည်းဖြင့် လုံလောက်သွားပြီ ဖြစ်သည်။
သူသည် နတ်ဆိုးမူလအနှစ်သာရခုနစ်ခုကို စုစည်းကာ ရွှေစာကလေးငယ်၏ဝိညာဉ်ကို ပြန်လည် ပုံဖော်လိုက်၏။ သို့သော် ယခင်က အကြိမ်ကြိမ် ပြုလုပ်ဖူးသော ဤလုပ်ငန်းစဉ်မှာ ယခုတစ်ကြိမ်တွင် အခက်အခဲနှင့်ကြုံတွေ့ရသည်။
စာကလေးငယ်၏နတ်ဆိုးဝိညာဉ်မှာ ထိုရုပ်ထုကို နိုးထစေရန် မလုံလောက် ဖြစ်နေခြင်းပင်။
ရှန်းယီသည် နတ်ဆိုးမူလအနှစ်သာရများကိုတစ်ခုပြီးတစ်ခု ထပ်မံ ဖြည့်သွင်းလိုက်သည်။ မူလအနှစ်သာရရှစ်ခုခန့် ထပ်မံပေးလိုက်ပြီးနောက်တွင် မျက်နှာပြင်စနစ်၌ အပြောင်းအလဲ ဖြစ်ပေါ်လာတော့သည်။
[ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့် (ထူးခြားအဆင့် ) - ရွှေစာကလေး အမွေခံ]
ရှန်းယီသည် ထူးခြားအဆင့်ဟူသော စကားလုံး၏ အဓိပ္ပာယ်ကို သိလိုသော်လည်း နတ်ဆိုးသက်တမ်းမှာ သိပ်မကျန်တော့သဖြင့် တာအိုမဏ္ဍိုင်တစ်ခုတည်းအတွက် ဆက်လက်အဖြုန်းမခံနိုင်ပေ။ သူသည် နတ်ဆိုးဝိညာဉ်ကို နှိမ်နင်းခြင်းကျောက်တိုင်ထဲသို့ စေလွှတ်လိုက်၏။
ဤတစ်ကြိမ်တွင် ရွှေမီးလျှံစာကလေးရုပ်ထုမှာ အသက်ဝင်လာသော်လည်း ရွှေစာကလေးအမွေခံ၏မူလရုပ်သွင်နှင့် မတူတော့ပေ။
ရွှေရောင် အမွှေးအတောင်များ၏ထိပ်ဖျားတွင် အနီရောင်အရိပ်အယောင်များ ပါရှိနေပြီး စိမ်းရွှေရောင်မျက်လုံးများမှာလည်း အစိမ်းရောင် လျော့နည်းသွားသည်။ အရွယ်အစားမှာလည်း တစ်ပတ်စာခန့် ပိုမိုကြီးထွားလာ၏။
ရှန်းယီသည် လက်ဟန်ကိုပြောင်းလဲကာ တိုင်းတာရေးပေတံကို အနားသို့ ကပ်လိုက်သည်။ ရုတ်တရက် ရွှေရောင်အလင်းတန်းများ ပန်းထွက်လာ၏။
ထိုအလင်းမှာ တတိယအဆင့်ကို ကျော်ဖြတ်ကာ အရှိန်အဟုန်ဖြင့်မြင့်တက်သွားပြီး ဒုတိယအဆင့် မျဉ်း၏လေးပုံတစ်ပုံ အကွာတွင် ရပ်တန့်သွားသည်။
"ဟူး..."
ရှန်းယီသည် လက်ကို တင်းတင်းဆုပ်လိုက်မိသည်။ သူ၏ကနဦး ခန့်မှန်းချက်အရ ဒုတိယအဆင့် တာအိုမဏ္ဍိုင်ကိုရရှိရန်အတွက် ချင်းယွဲ့ဂိုဏ်း၏ပြင်ပအကြီးအကဲ တစ်ဦးနှင့် ညီမျှသော ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့်အဆင့် ငါး ရှိသည့် နတ်ဆိုးကြီးတစ်ကောင် လိုအပ်မည် ဖြစ်သည်။
ယခုရရှိလိုက်သော စွမ်းအားမှာ ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့်အဆင့် ငါး နှင့် အတော်လေးနီးစပ်နေပြီ ဖြစ်သည်။
သူသည် ဤတာအိုမဏ္ဍိုင်ကို တာအိုနန်းတော်ထဲသို့ ထည့်သွင်းရန်ပင် နှမြောသလိုဖြစ်သွားမိ၏။
သို့သော် လီရွှမ်ချင်းသည် ဤထက် ပိုမိုအားကောင်းသောအရာများကို အသုံးပြုခဲ့သော်လည်း ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့် လေးသို့သာ ရောက်ရှိခဲ့သည်ကို သူ သတိရလိုက်၏။ ပိုမိုများပြားသော စွမ်းအားများ စုစည်းနိုင်မှသာ မြင့်မားသောအဆင့်များသို့ တက်လှမ်းနိုင်မည် မဟုတ်ပါလော။
"အရင်ဆုံး ခန္ဓာကိုယ်ကျင့်စဉ်ကို စမ်းကြည့်ရအောင်"
ရှန်းယီသည် စိတ်ကိုပြန်လည် တည်ငြိမ်စေလိုက်သည်။ အကယ်၍ သူသည် ကောင်းကင်ဘုံဖီးနစ်ထာဝရမူလခန္ဓာကိုယ်မှတစ်ဆင့် မိမိကိုယ်ကို ကာကွယ်နိုင်သောစွမ်းအားကို ရရှိနိုင်မည်ဆိုလျှင် လိုအပ်သည့်အခါမှသာ တာအိုမဏ္ဍိုင်ကို အသုံးပြုမည်ဟု ဆုံးဖြတ်လိုက်၏။
သူသည် ကျန်ရှိနေသော ဆေးပင်များအားလုံးကို ထုတ်ယူကာ ဆေးလုံးများအဖြစ် စတင်ဖော်စပ်လိုက်တော့သည်။