အခန်း (၈၄၄-၈၄၆)
Vol. 57 Ch. 844-846
အခန်း (၈၄၄) ဓားပြတိုက်သည်ထက်ပိုမြန်သည်
"အတိုး..."
ကျောက်ရိုး ကြက်သီးထသွားသည်။
စုစည်းခင်းအဆင့်တစ်ယောက် ခန္ဓာကိုယ်ခွေယိုင်သွားသည့်အဖြစ်မျိုးက ကြုံခဲလှသည်။
"ဟုတ်တယ်လေ။ အတိုးမရဘဲနဲ့ ကျုပ်တို့က ဘာလို့ငွေချေးမှာလဲ"
မုန်ပိုထန် ချက်ကျလက်ကျ ပြန်ပြောသည်။ ကျောက်ရိုးဘာကြောင့် ထိုမျှအမူအရာပျက်သွားသည်ကို သူစဉ်းစားမရ။
မုန်မိသားစုသည် ဒါနရှင်အဖွဲ့အစည်းမဟုတ်။ ငွေချေးပြီး ငွေရင်းအတိုင်းသာ ပြန်ဆပ်ကြလျှင် မုန်မိသားစု အရင်ကတည်းက မွဲပြာကျပြီးဖြစ်မည်။
ကျောက်ရိုးမျက်နှာက ပြုံးနေသော်လည်း ငိုသည်ထက်ပင် ကြည့်ရဆိုးသည်။
...သောက်လခွမ်း...အတိုးကိစ္စကို ငါဘာလို့ မတွေးခဲ့မိတာလဲ...
သူ့ဘေးမှမူပိုင်ယိလည်း သူ့လက်ထောက်ကို မနှစ်သိမ့်နိုင်တော့။ အတော်လေးမျက်နှာပျက်နေသည်။
သူလည်း အတိုးကိစ္စကို မစဉ်းစားမိ။
ကျောက်ရိုးသာ အကြွေးရှိသည်မဟုတ်။ သူလည်း ငွေချေးထားသည်။
တစ်ခုတော့ကွာသည်။ ရွှေစီးပွားအသင်းမှ သူငွေချေးချိန်တွင် နေမင်းဂိုဏ်းသားအဖြစ် ဟန်ဆောင်ခဲ့သည်။
အသားကင်ဆိုင်မှရသည့် အမြတ်ငွေဖြင့် အကြွေးမြန်မြန်ဆပ်လိုက်လျှင် နောက်ဆက်တွဲဒုက္ခများကို ရှောင်နိုင်ပြီဟု ထင်ခဲ့သည်။
ထိုအကြောင်းသာ သတင်းပေါက်သွားလျှင် ကူးဖြတ်ခြင်းတစ်ဝက်အဆင့်ဖြစ်သည့်တိုင် သူ့အသက်သူ ကာကွယ်နိုင်တော့မည်မဟုတ်။
"အ...အတိုးက ဘယ်...ဘယ်လောက်လဲ"
ကျောက်ရိုး တုန်တုန်ရင်ရင်ဖြင့်မေးသည်။ ချင်ဟော်ရန်အလောင်းကိုပြန်တူးဖော်ပြီး ကြိမ်နှင့်ရိုက်ချင်စိတ်ပေါက်နေသည်။
မုန်ပိုထန်က ကျောက်ရိုးလို ဖောက်သည်အကြီးစားမျိုးကို အတော်အလေးထားဆက်ဆံသည်။ ထိုအကြွေးပမာဏမျိုးကို တစ်ခြားလူကိုယ်စား ဆပ်ပေးသည့်လုပ်ရပ်ကြောင့်လည်း ကျောက်ရိုးကို သူလေးစားသည်။
သိက္ခာနှင့် သစ္စာသမာဓိရှိသူဟု မြင်သည်။
သို့သော် ဘယ်လောက်လေးစားသည်ဖြစ်စေ စာရင်းဇယားကိုတော့ သေချာရှင်းဖို့လိုသည်။
"ချေးငွေယူတုန်းက စာချုပ်ထဲမှာ ရှင်းရှင်းလင်းလင်းရေးထားပါတယ်။ ဒါက 'ကောင်းကင်ဆင်းရဲဖြတ်ကျော်မှုအာမခံ'အကြွေးစာချုပ်ပါ။ ကူးဖြတ်ခြင်းအဆင့်ကို တက်နိုင်ရင်တော့ အတိုးပေးစရာမလိုဘူး။ ငွေရင်းကို ဆပ်ရုံပဲ။
အဆင့်တက်တာမအောင်မြင်ရင် နှစ်တိုင်း အတိုးနှစ်ဆယ်ရာနှုန်းပေးရမယ်လို့ သတ်မှတ်ထားတယ်"
မုန်ပိုထန်က ကျောက်ရိုးနားလည်စေရန် လေထဲတွင် ကိန်းဂဏန်းများရေး၍ တွက်ချက်ပြသည်။
"ချေးငွေထုတ်ခဲ့တာ နှစ်လေးဆယ်ကြာပြီ။ 'အတိုးအရင်းဆတူ'စနစ်နဲ့ အရစ်ကျဆပ်ဖို့ သဘောတူထားတယ်။ သန်းတစ်ထောင်ချေးထားတယ်ဆိုတော ပျမ်းမျှတွက်ရင် တစ်လကို သန်းတစ်ရာ့တစ်ဆယ် ပြန်ဆပ်ရမယ်။
ခင်ဗျားပေးတဲ့ သန်းတစ်ထောင်ကိုနှုတ်လိုက်ရင်တောင် နှစ်လေးဆယ်ဆိုတော့ သန်းလေးထောင့်ငါးရာ ကျန်ပါသေးတယ်"
လေထုတစ်ခုလုံး ကိန်းဂဏန်းများ ပြည့်သွားသည်။ ကျောက်ရိုးတုန်လှုပ်ခြောက်ခြားနေသည်။
စုစည်းခြင်းအဆင့်ရောက်နေသူဖြစ်၍ ထိုကိန်းဂဏန်းလောက်တော့ သူလည်း တွက်တတ်သည်။ အခြေအနေမှန်ကို လက်မခဲရဲသည်သာရှိသည်။
ဘေးတွင်ထိုင်နေသည့် မူပိုင်ယိလည်း မျက်ခုံးလှုပ်သွားသည်။ ထိုဝိညာဉ်ကျောက်ပမာဏလောက်သာ သူ့လက်ထဲတွင်ရှိလျှင် ဖုန်ဒူကို အရင်ကတည်းက တည်ဆောက်ပြီးဖြစ်မည်။
ဤပမာဏက ကျောက်ရိုးဆပ်ရသည့် အကြွေးသာဖြစ်သည်။ သူ့အကြွေးက ထိုထက်ပိုများသည်။
မြန်မြန်အကြွေးဆပ်လေ ဒုက္ခလွတ်လေဟု သူထင်ခဲ့သည်။ ဖုန်ဒူတည်ဆောက်သည့်လုပ်ငန်းကို အရှိန်မြှင့်နိုင်မည်ဟု ထင်ခဲ့သည်။ ယခု ထိုလုပ်ငန်းကို ရွှေ့ဆိုင်းထားရမည့်သဘောရှိသည်။
ဖုန်ဒူတည်ဆောက်သည့်ကိစ္စက သိပ်လောဖို့မလိုလှပါ။
ယခုနှစ်ပိုင်းအတွင်း ကောင်းကင်ရုံးတော်၏ဦးဆောင်မှုအောက်တွင် ကိုးငရဲဂိုဏ်းနှင့်နေမင်းဂိုဏ်း တိုးတက်ဖွံ့ဖြိုးခဲ့သည်။ ဂိုဏ်းသခင်လု၏ လမ်းပြမှုကြောင့် နေမင်းဂိုဏ်းက သုတေသနလေ့လာမှုလမ်းကြောင်းသို့ ပြောင်းလိုက်သည်။
နေစွမ်းအင်ဖယောင်းတိုင်များ ဈေးကွက်တင်တော့မည်။ အသားကင်လုပ်ငန်းထက် ငွေမြန်မြန်ရမည်မှာ သေချာသည်။
မူပိုင်ယိ အကောင်းဘက်က တွေးကြည့်ဖို့ ကြိုးစားနေသည်။
လုယန်က သိစိတ်နယ်မြေထဲမှ တွေးနေသည်။ မုန်မိသားစု ဥပဒေကို အတိအကျလိုက်နာကြသည်မှာ အံ့ဩစရာမရှိတော့။ တရားဝင်ငွေရှာသည်က တရားမဝင်ငွေရှာသည်ထက်ပင် ပိုမြန်နေသယောင်ရှိသည်။
ဓားပြတိုက်လျှင်ပင် ယခုလောက် ငွေများများရမည်မဟုတ်။
နတ်မယ် အတော်နောင်တရသွားသည်။
"ဆိုးလိုက်တာ။ ငါအကြီးအကျယ် နစ်နာတာပဲ။ ဝိညာဉ်ကျောက်နည်းနည်းလောက် ဘဏ်မှာအပ်ထားခဲ့ရမှာ။ နှစ်သုံးသိန်း...အဲ မဟုတ်ဘူး...နှစ်လေးသိန်းတောင်ကြာခဲ့ပြီ။
အခုချိန်ငွေပြန်ထုတ်ရင် ငါ့ဝိညာဉ်ကျောက်တွေ အများကြီးဖြစ်နေမှာ"
"..အင်း..အရှင်မကို မေးပါရစေ။ ရှေးဟောင်းခေတ်ကနေ အခုခေတ်ထိ ဖွင့်ခဲ့တဲ့ဘဏ်မျိုးရော ရှိတာသေချာရဲ့လား"
နတ်မယ်စဉ်းစားသည်။ လုယန်စကား မမှားကြောင်း နားလည်လာသည်။
ထို့ကြောင့် ငွေကိစ္စကို ခေါင်းထဲမှထုတ်လိုက်သ်ည။
ကျောက်ရိုးနှင့်မူပိုင်ယိတို့ မုန်အိမ်တော်မှ စိတ်ပျက်လက်ပျက်ထွက်လာသည်။
"ဂိုဏ်းချုပ်၊ ဘာဆက်လုပ်မလဲ။ ဌာနချုပ်ကိုပြန်မှာလား"
မူပိုင်ယိ ခေါင်းခါသည်။
"နန်းမြို့တော်က လူနေမှုအဆင့်အတန်းဟာ တစ်ခြားမြို့တော်တွေထက် ပိုမြင့်နေတာ မင်းသတိထားမိလား။
ဒါဟာ အသစ်အဆန်းတွေကို သူတို့ပိုပြီး လက်ခံကြတဲ့သဘောပဲ။ အရင်က ငါတို့အသားကင်လုပ်ငန်းစတဲ့အချိန်မှာ မြို့ငယ်လေးတွေကနေ စခဲ့ရတယ်။
ပြီးမှ တဖြေးဖြေး အနီးအနားကမြို့တော်တွေဆီ လုပ်ငန်းချဲ့တယ်။ အသားကင်ဆိုင်တွေကလည်း အတော်ပေါတယ်။ ငါတို့အားသာချက်က အရသာကောင်းတာပဲ။ လူတိုင်းက လက်ခံတယ်။
အသားကင်ဆိုတာ အသစ်ထွင်ထားတဲ့ ပစ္စည်းမျိုးလည်း မဟုတ်ဘူးလေ။
ဒါပေမယ့် နေမင်းဂိုဏ်းကတီထွင်တာတွေအားလုံးကို လူတွေက ချက်ချင်းလက်ခံကြမှာမဟုတ်ဘူး။ နေစွမ်းအင်ဈေးကွက်ကို လွှမ်းမိုးချုပ်ကိုင်ချင်ရင် နန်းမြို့တော်ကနေ စရမယ်ထင်တယ်။
ဒီတော့ နေမင်းဂိုဏ်းကလူတွေကို မင်းသွားဆက်သွယ်ပါ။ ဈေးကွက်လေ့လာရေးဆင်းဖို့ နန်းမြို့တော်ကို ခေါ်လိုက်ပါ"
ကိုယ်ထက် လေ့လာသုံးသပ်နိုင်စွမ်းပိုမြင့်၍ ဂိုဏ်းချုပ်ဖြစ်နေသည်မှာ မဆန်းတော့ဟု ကျောက်ရိုးတွေးမိသည်။
.........
'အဖေ၊ သားပြန်လာပြီ"
နန်းတော်ထဲတွင် အိမ်ရှေ့မင်းသားက အင်ပါယာရှားကို ဒူးထောက်အရိုအသေပေးသည်။
လွန်ခဲ့သည့်သုံးလက ကျိပြန်နယ်မှအရာရှိများ လာဘ်စားပြီး မတရားအုပ်ချုပ်နေသည်ဟု လူတစ်ယောက်က တိုင်တန်းသည်။
အကျင့်ပျက်အရာရှိများနှင့် သူတို့လုပ်ရပ်များကို စုံစမ်းစစ်ဆေးဖို့ ကျိပြည်နယ်သို့ ကျန်းချွန် ရုပ်ဖျက်၍သွားသည်။ သာမန်ပြည်သူများကြားတွင် ဝင်ရော၍ သဲလွန်စရှာသည်။
သူ့သရုပ်မှန်ကိုထုတ်ပြပြီး အကျင့်ပျက်အရာရှိများကို အပြစ်ပေးသည်။ အားလုံး ငြိမ်ကျသွားအောင်လုပ်သည်။ မိန်းမလှတစ်ယောက်နှင့် ရင်းနှီးခဲ့သည်။ ကဗျာဆန်သည့်အခိုက်အတန့်ကို ခံစားခဲ့ရသသည်။
ယခုမှ နန်းမြို့တော်သို့ သူပြန်ရောက်လာခြင်းဖြစ်သည်။
သို့သော် သူနှင့်မတွေ့ဖြစ်သည့် သုံးလအတွင်း သူ့အဖေအင်ပါယာ ထိုမျှအိုစာသွားမည်ဟု ထင်မထားခဲ့။
တစ်ချိန်က အားမာန်အပြည့်ရှိသည့်အင်ပါယာရှား မဟုတ်တာ့။ သက်တမ်းကုန်တော့မည့် အဘိုးကြီးတစ်ယောက်လို ဖြစ်နေသည်။ မျက်နှာမှအရေပြားများ တွန့်လိမ်နေသည်။
မျက်ခွံများတွဲကျလျက် မျက်လုံးအိမ်ကို ဖုံးနေသည်။
သူ့အဖေ ဆယ်နှစ်ခန့်သက်တမ်းကျန်သေးသည်ဟု ပြောကြသည်။ သို့သော်ယခု ငါးနှစ်ပင်မပြည့်သေး။ သေခါနီးဆဲဆဲပုံစံမျိုး ဖြစ်နေသည်။
အင်ပါယာရှားသည် ဤသားအကြီးဆုံးကို အချစ်ဆုံးဖြစ်သည်။ ကျန်းချွန်ပြန်လာသည်ကိုမြင်သဖြင့် သူပြုံးလာသည်။ လက်ထဲမှ အစီရင်ခံစာကိုချပြီး အနားသို့လာဖို့ လက်ယပ်ခေါ်သည်။
"အဖေ၊ အဖေ့ကျန်းမာရေးက..."
ကျန်းချွန် ရင်ထဲတွင်ဆို့နင့်လာသည်။ အင်ပါယာရှား သူ့ဦးခေါင်းကိုပွတ်နိုင်အောင် ပလ္လင်ရှေ့တွင် ဒူးထောက်လိုက်သည်။ ငယ်စဉ်ဘဝကို ပြန်တွေးမိသည်။
သူ့အဖေအင်ပါယာ ပလ္လင်ပေါ်ထိုင်လျှင် သူ့ကိုပေါင်ပေါ်တင်ထားလေ့ရှိသည်။
"အဟွတ်..အဟွတ်..ကိစ္စမရှိပါဘူး။ ငါ့ခန္ဓာကိုယ်အကြောင်း ငါသိပါတယ်။ အချိန်နည်းနည်းတော့ ထပ်နေရဦးမှာပါ"
အင်ပါယာရှား၏မျက်လုံးများ ရီဝေနေသည်။ သူ့အမြင်အာရုံများ သိပ်မကောင်းတော့။ စကားပြောလျှင် သိပ်မပီတော့။ တံတွေးများသာ ထွက်လာသည်။
"ကောင်းကင်က ငါ့အသက်ကိုယူနိုင်တဲ့စွမ်းအား မရှိသေးပါဘူး။ မင်းက လွတ်လပ်မှုကိုမြတ်နိုးလို့ ထီးနန်းမဆက်ခံချင်တာ ငါသိတယ်။ မိဘတစ်ယောက်အနေနဲ့ ငါမင်းကိုအတင်းမတောင်းဆိုဘူး။
ဒါပေမယ့် နန်းမွေခံမယ့်လူကို ကြိုတင်ခန့်အပ်မထားရင်၊ ငါဆက်မထိန်းနိုင်တော့လို့ ဒီလောကထဲက ထွက်သွားတဲ့တစ်နေ့ကျရင် ငါ့ကိုယ်ပေါ်မှာ တွယ်ကပ်နေတဲ့ နိုင်ငံကံကြမ္မာစွမ်းအားက ပိုင်ရှင်မဲ့သွားလိမ့်မယ်။
အဲဒီအချိန်ကျရင် ရှောင်လွှဲလို့မရတဲ့ အရှုပ်အထွေးတွေ ဖြစ်လာမယ်။ ဘိုးဘေးကိုယ်တိုင် ထွက်လာပြီး နှိပ်ကွပ်ရတော့မယ်။
ဒီနိုင်ငံ့ကံကြမ္မာစွမ်းအားက ငါတို့မဟာရှားရဲ့အုတ်မြစ်ပဲ။ အမှားအယွင်းခံလို့မဖြစ်ဘူး။
လောင်အာ(ဒုတိယသား)က အကြံအစည်များတယ်။ သူ့ကိုယ်သူ အဟုတ်ထင်တယ်။ လောင်စန်းက နိုင်ငံအုပ်ချုပ်နိုင်တဲ့ ပါရမီမျိုးမရှိဘူး။ စာပေမှာပဲ အာရုံနှစ်ထားတယ်...
မင်းရဲ့ညီရှစ်ယောက်လုံး ချွင်းချက်အမျိုးမျိုးရှိကြတယ်။ ကြီးမားတဲ့တာဝန်တွေကို ထမ်းဆောင်ဖို့ မသင့်တော်ဘူး။ နိုင်ငံကို သူတို့လက်ထဲအပ်ရမှာ ငါစိတ်မချဘူး။
မင်းရဲ့ညီမခုနစ်ယောက်အကြောင်းလည်း မင်းကောင်းကောင်းသိပါတယ်"
"အဖေ၊ ဆက်မပြောပါနဲ့တော့။ ကျုပ် ထီးနန်းဆက်ခံပါ့မယ်"
ကျန်းချွန် ရင်နာနာဖြင့် ခေါင်းငြိမ့်လိုက်သည်။ သူ့အသံက အက်ကွဲနေသည်။ မျက်လုံးတွင် မျက်ရည်စို့နေသည်။
သူ့အဖေ သူ့ကိုအမြဲတမ်းယုံကြည်အားကိုးမှန်း သူသိသည်။ မယုံကြည်လျှင် ကျိပြည်နယ်အရာရှိများကိစ္စ သူ့ကိုဖြေရှင်းခိုင်းမည်မဟုတ်။ ထိုကိစ္စသည် သူ့ဩဇာတည်ဆောက်ဖို့ အခွင့်ရေးပေးသည့်သဘောလည်း ဖြစ်သည်။
"အား..အဲဒါမင်းပြောတာနော်။ ပြောပြီးသားကတိကို ပြန်ဖျက်လို့မရဘူး"
အင်ပါယာရှား ချက်ချင်းခါးမတ်လာသည်။ မျက်လုံးများ ကြည်လင်တောက်ပလာသည်။ ကျန်းချွန်ကို အလေးအနက် စိုက်ကြည့်သည်။ သေခါနီးအဘိုးကြီးပုံစံ မဟုတ်တော့။
ကျန်းချွန် "..."
...အဖေ၊ ကျန်းမာရေးကောင်းရင်လည်း...ဘာလို့ဟန်ဆောင်နေသေးတာလဲ...
ဒုတိယမင်းသားက 'တော်ဝင်မိသားစုတွင် အစစ်အမှန်ဟူ၍မရှိ'ဟု ပြောခဲ့သည်။ အကွက်ချကြံစည်မှုများသာ ရှိသည်။
သူပြောသည့်စကား တကယ်မှန်သည်။
****************************
အခန်း (၈၄၅) အေးစက်သည့်ပလ္လင်
"ကျုပ်စိတ်ပြောင်းသွားပြီ"
ကျန်းချွန် တည်ငြိမ်စွာကြေညာသည်။ သူ့စကားသံတွင် ရှက်ရွံ့သည့်အရိပ်မျိုး လုံးဝမရှိ။
...ကျုပ်ကတိတည်ရမယ်ဆိုတာ ဘာကိုပြောတာလဲ။ ကျုပ်ပြောတဲ့စကား ဘယ်သူကြားလို့လဲ။ ဘာသက်သေရှိလဲ...
"ဟေ့ကောင်၊ မင်းငယ်ငယ်ကတည်းက စကားတည်ပြီး ရိုးသားဖြောင့်မတ်ဖို့ ငါသင်ပေးခဲ့တယ်။ အဲဒါတွေ မင်းမေ့သွားပြီလား"
အင်ပါယာရှား ဂဏာမငြိမ်ဖြစ်လာသည်။ သူ့သားပါးစပ်မှ ထိုစကားမျိုးထွက်လာအောင် လှည့်စားဖို့ လွယ်သည်မဟုတ်။
ယခု ပြောပြီးသားစကားကို သူ့သားက ချက်ချင်းပြန်ရုတ်သိမ်းနေသည်။
ကျန်းချွန် သူ့အဖေအင်ပါယာကိုကြည့်၍ မယုံနိုင်အောင်ဖြစ်သွားသည်။
...အဖေခုနက နေမကောင်းဖြစ်သလို ဟန်ဆောင်နေတဲ့အချိန်ကရော အဲဒီ့ရိုးသားဖြောင့်မတ်မှုတွေ ဘယ်ရောက်နေလဲ...
"မင်းနောင်တရလည်း ဘာမှအကျိုးထူးမလာဘူး။ မင်းပြောတာတွေအားလုံး ငါမှော်ဖန်လုံးနဲ့ မှတ်တမ်းယူထားတယ်"
သူ့သားအကြောင်းသိနေသည့် အင်ပါယာရှားက သေချာကြိုတင်ပြင်ဆင်ထားသည်။
ဘာကြောင့် သူ့သားကြီးသည် အင်ပါယာအဖြစ် ရိုးရိုးသားသား မနေချင်သည်မသိ။
"ဘယ်သူသိသိ ကျုပ်မရှက်ဘူး"
ကျန်းချွန်က ရေနွေးပူမကြောက်သည့် ဝက်တစ်ကောင်လို ခေါင်းမာနေသည်။ အပြင်လောက်ကတွင် အများမြင်ရသည့် ခံ့ညားတည်ကြည်သည့်ပုံနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်နေသည်။
သားအဖနှစ်ယောက် အချင်းချင်းစိုက်ကြည့်နေသည်။ တိုက်ကြက်နှစ်ကောင်နှင့် တူနေသည်။ ဘယ်သူမှ နောက်မဆုတ်ကြ။
နောက်ဆုံးတွင် အင်ပါယာရှားက အရင်ဆုံးစိတ်လျှော့သွားသည်။ သက်ပြင်းရှည်တစ်ချက်ချသည်။
"မင်းကိုယ်မင်းလည်း ပြန်တွေးကြည့်ဦး။ မိသားစုတိုင်းက နန်းပလ္လင်ကို လိုချင်ကြတယ်။ မင်းကဘာကြောင့် ဒီလောက်ခါးခါးသီးသီးငြင်းနေတာလဲ။
ထီးနန်းဆက်ခံလိုက်တာနဲ့ အလယ်ပိုင်းတိုက်နယ်ကို အုပ်စိုးနိုင်ရုံတင်မကဘူး။ နိုင်ငံကံကြမ္မာကိုလည်း မင်းထိန်းသိမ်းခွင့်ရမယ်။ နိုင်ငံ့ကံကမ္မာစွမ်းအားရဲ မှော်ဆန်တဲ့အကျိုးကျေးဇူးတွေကို မင်းသိပါတယ်။ မင်းရဲ့ကျင့်စဉ်လမ်းကို အထောက်အကူပေးနိုင်တယ်လေ"
"အဖေ၊ ပလ္လင်ပေါ်ထိုင်ရတာ ဘယ်လောက်အချုပ်အခြယ်များသလဲ အဖေအသိဆုံးပါ။ တစ်ခြားကိစ္စတွေမပြောနဲ့ဦး။ ကျုပ်လိုမျိုး ရုပ်ဖျက်ပြီး တစ်နေကုန် သွားချင်ရာလျှောက်သွားနိုင်လို့လား။
ကျင့်ကြံသူတွေဟာ လွတ်လပ်မှုကို သဘောကျတယ်။ ကျုပ်ထီးနန်းဆက်ခံလို့ မလွတ်မလပ်ဖြစ်လာရင် နိုင်ငံကြမ္မာစွမ်းအားအကူအညီရလည်း ကျုပ်စိတ်ဓာတ်စွမ်းအား လျော့နည်းနေမှာပဲ။ ကျုပ်ဘယ်လို ဆက်ပြီးကျင့်ကြံနိုင်မှာလဲ။
ဘယ်လိုလဲအဖေ။ အဖေ့မျက်နှာ ဘယ်လိုဖြစ်သွားတာလဲ။ ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး ဒီလောက်ရိုးရှင်းတဲ့ အမှန်တရားကိုတောင် နားမလည်ဘူးလား"
အင်ပါယာရှား "..."
...ငါ့ထက်ကျင့်စဉ်ပါရမီပိုမြင့်တယ်ဆိုပြီး မင်းကိုယ့်ကိုယ်ကို အဟုတ်ကြီးထင်မနေနဲ့နော်...
"ပြီးတော့ တားမြစ်နယ်မြေက ဟိုအကြီးအကဲလည်း ရှိတယ်။ သူဘယ်သူဘယ်ဝါဆိုတာ ကျုပ်မသိဘူး။ ဒါပေမယ့် သူလည်း အရင်က ဒီနန်းပလ္လင်ပေါ်ထိုင်ခဲ့ဖူးမှာပါ။
သူဘာလို့ ပလ္လင်ပေါ်က ဆင်းသွားတာလဲ။ သေချာပါတယ်၊ သူလည်း အဲဒီ့ပေါ်ထိုင်ရတာ သက်တောင့်သက်သာမရှိဘူးလို့ ခံစားရလို့ပေါ့။
ဒီလိုလုပ်ပါလား။ အဖေ့နေရာကို ဆက်ခံဖို့ အဖေကြိုက်တဲ့တစ်ယောက်ရွေးလိုက်ပါ။ ညီနှစ်၊ ညီ'လေး'၊ ညီငါးတို့အားလုံးက ရည်မှန်းချက်ရှိကြတယ်။ ထီးနန်းလွှဲပေးလို့ရတယ်။ သူတို့အမှားမလုပ်မိအောင် ကျုပ်ကူညီပေးမယ်လေ"
အင်ပါယာရှား ဒေါသထွက်သွားသည်။
"အဓိပ္ပါယ်မရှိတာမပြောနဲ့ကွ။ နှစ်တစ်သိန်းအတွင်း ငါတို့မိသားစုမှာ ဒီလိုဓလေ့မျိုး တစ်ခါမှမရှိခဲ့ဖူးဘူး"
"တစ်ခြားကိစ္စမရှိရင် ကျုပ်သွားတော့မယ်အဖေ။ အနားယူပြီး ရောဂါကုဖို့ပဲ အာရုံစိုက်ပါ"
ကျန်းချွန် လှည့်ထွက်သွားရန်ပြင်သည်။
"နေဦး"
အင်ပါယာရှား အကြံတစ်ခုရလာသဖြင့် လှမ်းတားသည်။
ကျန်းချွန် စိတ်မပါလက်မပါ ပြန်လှည့်လာသည်။ လက်နှစ်ဘက်ကို အင်္ကျီလက်ထဲထိုး၍ ပြန်မေးသည်။
"ဘာလဲ"
"ခုနက မင်းပြောတယ်မဟုတ်လား။ ရုပ်ဖျက်ပြီးလူတွေကြားမှာ လျှောက်သွားရင်း မတရားမှုတွေ့တဲ့အချိန်မှာ မင်းနောက်ခံကို ထုတ်ပြောပြီး ခြိမ်းခြောက်လိုက်ရတာ အတော်အရသာရှိတယ်ဆို"
ကျန်းချွန် တုံ့ဆိုင်းသွားသည်။
"ဟုတ်ပါတယ်"
"ဒါဆို ငါ့လုပ်ပုံကိုင်ပုံတွေအားလုံး မင်းသိပြီးသားပဲ။ ငါ့ပုံစံမျိုးရုပ်ပြောင်းပြီး နိုင်ငံတော်ကိစ္စတွေ ရက်ပိုင်းလောက် ကိုင်တွယ်ဖြေရှင်းလိုက်ပါ။ ငါအပြင်ထွက်ပြီး နည်းနည်းပျော်လိုက်ဦးမယ်"
ကျန်းချွန် သူ့အဖေကို တအံ့တဩကြည့်လိုက်သည်။
...အဖေ၊ ကိုယ်ပြောတဲ့စကားလည်း ကိုယ့်ဘာသာပြန်နားထောင်ကြည့်ပါဦးလား...
သူ့သားပြောသည့်စကား မမှားဟု အင်ပါယာရှားယူဆသည်။ ကျင့်ကြံသူများအတွက် လွတ်လွတ်လပ်လပ်နေနိုင်ဖို့သာ အရေးကြီးဆုံးဖြစ်သည်။
"ငါ့နေရမယ့်ရက်တွေ သိပ်မကျန်တော့ဘူး။ ဘဝကို နည်းနည်းတော့ ပျော်သွားချင်သေးတယ်။ အကြီးဆုံးသားတစ်ယောက်အနေနဲ့ သူ့အဖေဖြစ်ချင်တာကို ကူညီဖြည့်ဆည်းပေးသင့်တယ်မဟုတ်လား"
"ကောင်းပါပြီ"
ကျန်းချွန် ခေါင်းငြိမ့်ရုံမှတစ်ပါး ရွေးစရာမရှိ။
"ကဲ လာပါ၊ ဒီမှာလာထိုင်ပါ"
အင်ပါယာရှား ချက်ချင်းနေရာဖယ်ပေးသည်။ သူ့သားကို ပလ္လင်ပေါ်တွန်းတင်ပြီးနောက် နန်းတော်ရတနာတိုက်ဆီသွားသည်။ ဟန်ဆောင်ရုပ်ဖျက်နိုင်ဖို့ ရတနာများ သွားရှာခြင်းဖြစ်သည်။
သူ့ကျင့်စဉ်အဆင့်က ဝိညာဉ်ပြောင်းအဆင့်သာရှိသည်။ သူ့ကိုယ်ပိုင်အစွမ်းဖြင့်ရုပ်ဖျက်လျှင် တစ်ခြားလူများရိပ်မိဖို့ လွယ်ကူသည်။
သို့သော် ကိစ္စမရှိ။ သူအစွမ်းသိပ်မရှိသော်လည်း နိုင်ငံ့ရတနာတိုက်တွင် သရုပ်မှန်ဖုံးကွယ်နိုင်သည့်နည်းလမ်းများ အပြည့်ရှိသည်။
တဖြေးဖြေးဝေးကွာသွားသည့် သူ့ဖခင်၏သဏ္ဌာန်ကို မင်းသားကျန်းချွန် ကြည့်နေသည်။ နန်းပလ္လင်မှ လွတ်မြောက်ခွင့်ရသွားသည့် သူ့ဖခင်၏အပျော်စိတ်ကို သူခံစားမိသည်။
သူသက်ပြင်းချသည်။ နန်းပလ္လင်သည် လုံးဝသက်တောင်သက်သာမရှိဟု သူခံစားရသည်။ စိတ်နှလုံးထဲထိ အေးစိမ့်နေသည်။
"ဒီထိုင်ခုံက အခုအခံလေးတောင်မပါပါလား။ ငါ့အဖေဒီလောက်အကြာကြီးထိုင်ခဲ့တာတောင် နွေးမလာသေးဘူး"
....
လုယန်ကို ဒုတိယမင်းသားက စားသောက်ပွဲဖြင့် ဧည့်ခံသည့်သတင်းကို တစ်ယောက်ယောက်က တမင်တကာ သတင်းဖြန့်ခဲ့သလားမသိ။ သို့မဟုတ် တစ်ခြားမင်းသားများက စိတ်လောလာခြင်းလားမသိ။
နတ်မယ် ဒုတိယမင်းသားအိမ်တော်မှ ထွက်လာကတည်းက မင်းသား'လေး'နှင့် မင်းသားငါးထံမှ လက်ဆောင်များ နေ့တိုင်းရောက်လာသည်။
ထီးနန်းဆက်ခံသည့်ကိစ္စတွင် လုယန်၏ဆန္ဒသည် ဖြစ်လာမည့်အခြေအနေကို အပြည့်အဝမဆုံးဖြတ်ပေးနိုင်သော်လည်း အရေးကြီးသည့်အခန်းကဏ္ဍမှ ပါဝင်သည်။
ဤမျိုးဆက်သစ်နံပတ်တစ်ကို အားလုံးက စည်းရုံးသိမ်းသွင်းချင်ကြသည်။
နတ်မယ်က ကိုယ့်ကိုယ်ကို ဘယ်လောက်အရေးပါမှန်း လုံးဝမသိ။ လက်ဆောင်ဘာကြောင့်ပို့သည်ကိုလည်း ထည့်မစဉ်းစား။ ရသမျှအကုန်လက်ခံသည်။
ထိုလက်ဆောင်များဖြင့် လုယန်၏ ကျင့်ကြံမှုကို ကူညီသည်။ သူ့အိပ်နိုင်စွမ်းကလည်း သိသိသာသာတိုးတက်လာသည်။ ခန္ဓာပိုင်ရှင်လုယန်က သိစိတ်နယ်မြေတွင် ပြိုင်ဘက်ကင်းနတ်ဝိညာဉ်နှင့် လေ့ကျင့်နေရသည်။
"ဓားတစ်သောင်းအသွင်ပြောင်း"
လုယန် အော်ဟစ်လိုက်သည်။ သူ့သိစိတ်နယ်မြေအထက်ပိုင်းတွင် ဓားရိပ်များပေါ်လာသည်။ ထိုမြင်ကွင်းကိုမြင်သူတိုင်း ထိတ်လန့်ခြောက်ခြားပေလိမ့်မည်။
ပြိုင်ဘက်ကင်းနတ်ဝိညာဉ်လည်း ဓားတစ်သောင်းအသွင်ပြောင်းပညာ ထုတ်သုံးသည်။ အောက်မြေပြင်မှ ဓားချီများထိုးထွက်လာပြီး ရုပ်ထွေးသည့် ဓားရိပ်များဖြစ်လာသည်။
နှစ်ယောက်လုံး တစ်ပြိုင်တည်း တိုက်ခိုက်သည်။ ဓား'နှစ်သောင်း'ရင်ဆိုင်တွေ့သည်။ မီးပွားများ လွင့်ထွက်လာသည်။ လူသတ်ရိပ်များ လေထဲတွင်သိပ်သည်းနေသည်။
ထို့နာက် နှစ်ယောက်လုံး ရွာလက်ဝါးပညာကိုသုံးသည်။ လက်ဝါးချင်းရိုက်သည်။ မိုးခြုန်းသလိုအသံမျိုး ပေါက်လာသည်။
အဆင့်မြင့်ပညာရပ်နှစ်ခု ဆက်တိုက်သုံးပြီးနောက် လုယန် ဝိညာဉ်စွမ်းအားကုန်ခမ်းသွားသည်။ သူအသက်ကိုမောပန်းစွာ ရှူရှိုက်နေစဉ် နတ်ဝိညာဉ်က တရကြမ်းပြေးဝင်လာသည်။
"ရပ်တော့၊ ရပ်တော့။ ဆက်မတိုက်တော့ဘူး"
လုယန် အမြန်တားလိုက်သည်။
သူ့ပုံမှန်ဝိညာဉ်စွမ်းအားသည် ပြိုင်ဘက်ကင်းနတ်ဝိညာဉ်နှင့် တန်းတူရှိသည်။ သို့သော် ပညာရပ်နှစ်ခု ထုတ်သုံးပြီးနောက် သူ့နတ်ဝိညာဉ်က စွမ်းအားကျန်သေးသည်။
နတ်ဝိညာဉ်က ဝိညာဉ်စွမ်းအားကို အလေအလွင့်မရှိအောင် လုယန်ထက်ပို၍ ကောင်းကောင်းအသုံးချနိုင်သောကြောင့်ဖြစ်သည်။ လုယန် သင်ယူဖို့လိုသည်။
"ထပ်လုပ်ပါ။ ငါကြည့်ချင်တယ်"
နတ်မယ်၏အမိန့်ကြောင့် ပြိုင်ဘက်ကင်းနတ်ဝိညာဉ်ကို လုယန် လိုသလိုညွှန်ကြားနိုင်သည်။ သူနှင့်လေ့ကျင့်ရုံသာမက တစ်ချို့ပညာများကို သူအကဲခတ်လေ့လာဖို့ ထပ်လုပ်ခိုင်းနိုင်သည်။
ထို့ကြောင့် လုယန်၏ကျင့်ကြံမှုတိုးတက်နှုန်း အတော်မြန်ဆန်လာသည်။
.....
"အဲ..ကျန်းမိသားစုရဲ့ စတုတ္ထသားက ငါနတ်မယ်ကို ဖိတ်ခေါ်ထားတာပဲ"
တစ်နေ့တွင် ပုံမှန်အတိုင်း လက်ဆောင်လက်ခံနေချိန်တွင် လက်ဆောင်များကြားမှ ဖိတ်ခေါ်စာတစ်ခုကို သူတွေ့သည်။
စာထဲမှ စတုတ္ထမင်းသား၏လေသံက ပွင့်လင်းရဲတင်းသည်။ လုယန်ကို သူ့အိမ်တော်သို့လာစေလိုကြောင်း မြို့ခံတစ်ယောက်၏ ဝတ္တရားကို ဖြည့်ဆည်းလိုကြောင်း ပြောထားသည်။
စတုတ္ထမင်းသားသည် အတော်လေးအပေါင်းအသင်းဆန့်သည်ဟု လုယန်ကြားဖူးသည်။ မိတ်ဆွေဖွဲ့ရသည်ကို နှစ်သက်သည်။ သူ့မိတ်ဆွေများ၏ နောက်ခံအဆင့်အတန်းကို အရေးမစိုက်။ လူပေါင်းစုံနှင့် ပေါင်းသင်းသည်။
ထိုကိစ္စကို လုယန် အရင်ကသိပ်အရေးမစိုက်ခဲ့။ သို့သော် စတုတ္ထမင်းသားလည်း ထီးနန်းရဖို့ ကြိုးစားနေသည်ဟု မုန်ပိုထန်ကပြောပြီးနောက် သူစဉ်းစားကြည့်သည်။
စတုတ္ထမင်းသားသည် အလွှာစုံ နေရာစုံမှလူများနှင့် ခင်မင်ရင်းနှီးသည်။ တစ်နည်းဆိုရလျှင် သူ့သတင်းပေးများ နေရာတိုင်းရှိသည်။ ကြောက်စရာကောင်းသည့် သတင်းကွန်ယက်ကြီးဖြစ်သည်။
တိုင်ပုဖန်၏ သတင်းကွန်ယက်ထက်ပင် ပိုကောင်းနိုင်သည်။
စတုတ္ထမင်းသားက အဆင်ချောအောင် လက်ဆောင်များဖြင့် လမ်းခင်းပြီးမှ ဖိတ်ခေါ်စာပို့သည်။
"နတ်မယ်၊ ခင်ဗျားသွားမှာလား"
"သွားမယ်လေ"
ဒုတိယမင်းသားအိမ်သို့ သွားလည်စဉ်က နတ်မယ် အတော်ပျော်ခဲ့သည်။
***********************************
အခန်း (၈၄၆) ဗျူဟာ
စတုတ္ထမင်းသားက ဒုတိယမင်းသားဖိတ်ခေါ်ခဲ့သည့် ဧည့်သည်များကြားတွင် သူလျှိုထည့်ထားသည်။ ပြီးခဲ့သည့်စားသောက်ပွဲအကြောင်း အသေးစိတ်သိသည်။
"လုယန်က ချက်ချင်း တန်ပြန်ထိုးနှက်နိုင်တယ်။ သူ့ပါးနပ်မှုက တကယ်လေးစားစရာပဲ။ အတွေးစေ့စပ်တယ်လို့ နာမည်ကြီးတဲ့ ငါ့အကိုတောင် ထောင်ချောက်ထဲကျသွားတယ်ပေါ့"
လုယန်သည် ရင်ဆိုင်ရခက်သည့် ပြိုင်ဘက်ဖြစ်ကြောင်းသိသဖြင့် မုန်အိမ်တော်သို့ ရက်အတော်ကြာအောင် လက်ဆောင်များဆက်တိုက်ပို့၍ စိတ်ရင်းစေတနာကို ပြခဲ့သည်။
ယခု လုံလောက်အောင်လမ်းခင်းပြီးဖြစ်၍ နောက်တစ်ဆင့်တက်ဖို့ပြင်သည်။
"အကိုလုယန်ရဲ့ နာမည်ဂုဏ်သတင်းကို ကျုပ်လေးစားနေခဲ့တာ ကြာပါပြီ။ ဒီနေ့ ကိုယ်တိုင်တွေ့မှပဲ တကယ်ထူးခြားတဲ့လူဆိုတာ လက်တွေ့မြင်ရတော့တယ်"
ဒုတိယမင်းသားလိုပင် သူကလည်း လုယန်ကို အိမ်တော်တံခါးဝထိထွက်၍ အလေးထားကြိုဆိုသည်။ သို့သော် သူအကိုလို တော်ဝင်မင်းသားတစ်ယောက်ဟန်ပန်မျိုးမဟုတ်။ တရားမျှတမှုအတွက် ရင်ဆိုင်ရပ်တည်သည့် သူရဲကောင်းဓားပြတစ်ယောက်လို ပြုမူပြောဆိုသည်။
စတုတ္ထမင်းသား ပေါင်းသင်းဆက်ဆံရေးပွင့်လင်းသည်ဟု အများကပြောကြသည်။ သူ့အပေါင်းအသင်းများ၏ နောက်ခံအဆင့်အတန်းကို အရေးမစိုက်ဟုဆိုသည်။
သို့သော် အမှန်တော့ သူမိတ်ဆွေဖွဲ့ထားသူတိုင်းသည် သူ့အတွက် အသုံးဝင်သူများဖြစ်သည်။ သူ့ရည်ရွယ်ချက်အမှန်ကို ဖုံးကွယ်ဖို့ မထင်မရှားကျင့်ကြံသူများနှင့်ပင် သွေးသောက်ညီအကိုဖွဲ့ထားသေးသည်။
မုန်ကျင်းကျိုးက တံခါးပိတ်ကျင့်စဉ်ဝင်သွားသဖြင့် နတ်မယ် သူ့ကိုမခေါ်ခဲ့တော့။
ထို့ပြင် မုန်ကျင်းကျိုးပါပါမပါပါ သိပ်မထူးလှဟု နတ်မယ်တွေးသည်။ အကြံဉာဏ်ပေးမည့် နည်းဗျူဟာရှင်ဒုခေါင်းဆောင် သူ့သိစိတ်နယ်မြေတွင်ရှိသည်။
ဒုခေါင်းဆောင်၏ဉာဏ်ရည်က သူ့ကိုမမီသော်လည်း နည်းနည်းတော့ အထောက်အကူရသည်။
စတုတ္ထမင်းသား နတ်မယ်သဘောထားကို မသိမသာအကဲခတ်သည်။ သူ့ချီးကျူးစကားကို သိပ်အရေးမစိုက်ကြောင်း ရိပ်မိသဖြင့် နည်းနည်းထူးဆန်းသည်ဟု ခံစားနေရသည်။
နတ်မယ်ကလည်း စတုတ္ထမင်းသားကို အူကြောင်ကြောင်နိုင်သည်ဟု တွေးနေသည်။
...ငါက ထူးခြားတဲ့လူဆိုတာ အများသိပြီးသားပဲ။ ရှင်းနေတဲ့ကိစ္စပဲ။ ဘာလို့ဒီလောက် ဇာချဲ့ပြီးပြောနေတာလဲ...
လုယန်သည် တကယ်ခန့်မှန်းရခက်သည်ဟု စတုတ္ထမင်းသား မြင်သည်။
"အထဲကိုဝင်ကြစို့ အကိုလု"
စတုတ္ထမင်းသား၏ အိမ်တော်က အတော်လေးကဗျာဆန်သည်။ စမ်းရေများစီးဆင်းနေသည်။ လှပသည့်ဥယျာဉ်များရှိသည်။ ဂီတပညာရှင်များ တီးခတ်ဖျော်ဖြေနေသည်။ အတော်စိတ်ကြည်နူးစရာကောင်းသည့် ပတ်ဝန်းကျင်မျိုးဖြစ်သည်။
ကျင့်ကြံသူများစွာ ရောက်ရှိနေသည်။ ထိုလူများထဲတွင် အဆင့်မြင့်မိသားစုဝင်များ နည်းနည်းသာပါသည်။ အများစုက ဆောင်ကြာမြိုင်သခင်များ၊ လက်ဖက်ရည်ဆိုင်ပိုင်ရှင်များ၊ ပန်းချီဆရာများ၊ ဆေးပညာရှင်များဖြစ်သည်။ အောင်သွယ်တော်များပင် ရှိနေသည်။
ထိုလူများသည် စတုတ္ထမင်းသားနှင့် ဆိုးတူကောင်းဖက် ဖြတ်ကျော်ခဲ့သူများဖြစ်သည်။ အပြည့်အဝယုံကြည်စိတ်ချရသည်။
တီးခတ်နေသည့်ဂီတသံက သာယာသော်လည်း စရောက်ကတည်းက သူ့ကို လူအားလုံး သတိဖြင့်စောင့်ကြည့်နေသည်ဟု နတ်မယ်ခံစားရသည်။
စတုတ္ထမင်းသားက လုယန်ကို ဒုတိယထိုင်ခုံတွင် နေရာပေးသည်။ သူကိုယ်တိုင်က ထိပ်ဆုံးထိုင်ခုံတွင် ထိုင်သည်။
စတုတ္ထမင်းသား နေရာယူပြီးနောက် လေထုက အတော်လေး သက်တောင့်သက်သာဖြစ်သွားသည်။ အကောင်းစားဝိုင်နှင့် အစားအသောက်များ တည်ခင်းထားသည်။ ငွေကိုအလကားရထားသယောင် ထင်ရသည်။
အရှေ့ပင်လယ်တွင် နဂါးအင်ပါယာစီစဉ်ခဲ့သည့် စားသောက်ပွဲထက်ပင် အမျိုးအစားစုံလင်သည်။
စတုတ္ထမင်းသား၏ ဧည့်သည်များက နဂါးအင်ပါယာစားသောက်ပွဲ၏ ဧည့်သည်အရေအတွက်ထက် များစွာလျော့နည်းသောကြောင့်လည်း ဖြစ်လိမ့်မည်။
အစေားအသောက်များ၏ အရည်အသွေးက သာမန်သာဖြစ်၍ နတ်မယ် သိပ်အထင်မကြီး။ သို့သော် ထိုအစားအသောက်များသည် လုယန်၏ကျင့်စဉ်စွမ်းအားကို တိုးမြှင့်ပေးနိုင်သဖြင့် စိတ်မပါ့တပါဖြင့် သူစားရသည်။
ဝိုင်နံ့များ သင်းပျံ့လာသည်။ ဖျော်ဖြေသူများက မှော်ပညာများ နတ်စွမ်းအားပညာများဖြင့် မကြာခဏ စိတ်ခံစားချက်ကို လှုံ့ဆော်သည်။ ရယ်မောသံများ စကားပြောသံများ အဆက်မပြတ်ထွက်ပေါ်နေအောင် ဖန်တီးပေးသည်။
ရုတ်တရက် စတုတ္ထမင်းသားက ဝိုင်ခွက်ကိုချပြီး စိတ်မကောင်းဟန််ဖြင့် ပင့်သက်တစ်ချက်ရှိုက်သည်။
"အင်း... နောက်ဆို ငါတို့ဒီလိုအတူ ပျော်ပျော်ရွှင်ရွှင်မတွေ့ဆုံနိုင်တော့မှာ စိုးရိမ်မိတယ်"
ခန်းမလေထုက ချက်ချင်းလေးလံထိုင်းမှိုင်းသွားသည်။ ဧည့်သည်အားလုံး ကိုင်ထားသည့်တူများကိုချ၍ မင်းသားဆီ ပြိုင်တူလှမ်းကြည့်ကြသည်။
မလာမီကတည်းက စတုတ္ထမင်းသား ဘာကြောင့်စားသောက်ပွဲကျင်းပသည်ကို အကြမ်းဖျင်း ခန့်မှန်းမိကြပြီးဖြစ်သည်။ အရေးကြီးကိစ္စတစ်ခု တိုင်ပင်စရာရှိနေသည်။
"မင်းသားဘာလို့ ဒီလိုပြောတာလဲ"
တစ်ယောက်က အသံကျယ်ကျယ်လှမ်းမေးသည်။
စတုတ္ထမင်းသား လူအုပ်ကြီးကို မျက်နှာမသာမယာဖြင့်ကြည့်သည်။ ထို့နောက် အသံတိတ်စားသောက်နေသည့် လုယန်ကိုကြည့်သည်။
ထို့နောက် ဝိုင်ခွက်ကိုကောက်ကိုင်၍ တစ်ခါတည်းမော့သောက်လိုက်ည်။
ဆက်ပြောမည့်စကားများက နိုင်ငံတော်ပုန်ကန်မည့်ကိစ္စများဖြစ်၍ ဝိုင်ဖြင့် ရဲဆေးတင်ဖို့လိုသည်။
"အဖေ့ရဲ့သက်တမ်းက သိပ်မကျန်တော့ဘူး။ ငါကလည်း သူ့သားဖြစ်ပြီး ဘာမှအကူအညီမပေးနိုင်ဘူး။ အဖေတဖြေးဖြေးအိုစာလာတာကို ကြည့်နေရတာ ငါအိပ်မပျော်စားမဝင်ဘူး။
အဖေကွယ်လွန်ပြီး ကောင်းကင်ကိုတက်သွားတယ်။ ငါ့အကိုတွေက ထီးနန်းကိုအပြိုင်လုတယ်။ ပြည်သူတွေ ဒုက္ခရောက်ကြတယ်လို့ ခဏခဏအိပ်မက်မက်တယ်။
ဒီအိပ်မက်ကြောင့် ညသန်းခေါင်မှာ လန့်လန့်နိုးပြီး ငါကြောက်ချွေးပြန်ရတယ်။ အဲဒီ့အချိန်ရောက်လို့ မဟာရှားမငြိမ်မသက်ဖြစ်လာရင် ငါတို့ဘယ်လိုလုပ် ဒီလိုအတူထိုင်ပြီး ပျော်ပျော်ရွှင်ရွှင် သောက်စားနိုင်တော့မှာလဲ"
မင်းသားပြောသည့် အခြေအနေကိုတွေးမိပြီးနောက် အားလုံးခေါင်းငုံ့သွားသည်။ ဝမ်းနည်းသန်းလာကြသည်။
နတ်မယ် ခေါင်းမော့လာသည်။ ဘာကြောင့်လူအားလုံး ရုတ်တရက် ပြဇာတ်ထခင်းနေကြသည်ကို သူနားမလည်။
ကိစ္စမရှိ။ သူနှင့်ဘာမှမဆိုင်။ ခေါင်းငုံ့၍ အစားအသောက်ကို ဆက်စားသည်။
သို့သော် မင်းသားက နတ်မယ်အတွေးကို မသိ။ လုယန်ခေါင်းထောင်လာသည်ကို သူမြင်လိုက်သည်။ သူတို့စကားကို စိတ်ဝင်စားလာပြီဟု ယူဆသည်။
ပညာတတ်ပုံစံပေါက်သည့် သက်လတ်ပိုင်းလူတစ်ယောက်က ပြောသည်။
"ဒီအခြေအနေကို ဖြေရှင်းဖို့ နည်းလမ်းတစ်ခုတော့ရှိပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းက သစ္စာဖောက်ရာရောက်သလို တာအိုနဲ့လည်း ဆန့်ကျင်နေတော့ သုံးဖို့မဖြစ်နိုင်ဘူး"
"ပြောသာပြောပါ သခင်လွီ"
မင်းသားက တိုက်တွန်းသည်။
"ပြောလို့မဖြစ်ပါဘူး"
သခင်လွီ ခေါင်းခါသည်။
"အဲဒီသစ္စာဖောက်တယ်ဆိုတာက လောကကြီးမှာရှိတဲ့ သန်းချီတဲ့လူတွေရဲ့ အကျိုးစီးပွားနဲ့ငြိမ်းချမ်းရေးကို ဘယ်လိုယှဉ်လို့ရမှာလဲ"
နောက်ဆုံးတွင် သခင်လွီ သူ့နည်းလမ်းကို ပြောပြသည်။
"လောကငြိမ်းချမ်းစေချင်ရင် အမြင့်ဆုံးအချုပ်အခြာဖြစ်တဲ့ နန်းပလ္လင်ကို သိမ်းပိုက်ရမယ်။ ပုံမှန်ဆိုရင်တော့ အိမ်ရှေ့မင်းသားပဲ နန်းတက်မှာပေါ့။
ဒါပေမယ့် ဒုတိယမင်းသားနဲ့ တတိယမင်းသားက ဒီအတိုင်းငြိမ်ထိုင်နေကြမှာမဟုတ်ဘူး။ ပလ္လင်အတွက် ယှဉ်ပြိုင်ကြလိမ့်မယ်။
ဒီသုံးယောက်လုံး ပြိုင်ပွဲမဝင်နိုင်ရင် နန်းပလ္လင်က မင်းသားလက်ထဲကို ရောက်လာပါလိမ့်မယ်"
စတုတ္ထမင်းသား ထိုနည်းလမ်းကို ငြင်းပယ်ရန် ဟန်ပြင်သည်။ သို့သော် သူပြောမည့်စကားကို သိနေဟန်ဖြင့် သခင်လွီက ဆက်ပြောသည်။
"မင်းသားက နန်းပလ္လင်အတွက် ယှဉ်ပြိုင်ဖို့ စိတ်ကူးမရှိတာ ကျုပ်သိပါတယ်။ ဒါပေမယ့် အများပြည်သူအကျိုးအတွက်ဆိုရင် ဒီ့ပြင်နည်းလမ်းမရှိတော့ဘူး"
မင်းသားက တစ်ခုခုပြောလိုဟန်ဖြင့် ပါးစပ်ဟလာပြီးမှ ပြန်ပိတ်သွားသည်။ ထို့ပြင် သူ့သစ္စာခံမိတ်ဆွေများကလည်း စိတ်အားထက်သန်သည့်အကြည့်ဖြင့် ကြည့်နေကြသည်။
ထို့ကြောင့် သူငြင်းပယ်ဖို့ အားမရှိတော့။
"ဟုတ်ပါပြီ၊ ဟုတ်ပါပြီ"
သူခေါင်းငုံ့၍ ပြောသည်။
"ဒါပေမယ့် ငါ့အကိုသုံးယောက် နန်းပလ္လင်ကို မယူနိုင်အောင် ငါတို့ဘယ်လိုလုပ်ကြမှာလဲ"
အားလုံး အသံတိတ်သွားသည်။ ထိုကိစ္စက အခက်ဆုံးအပိုင်းဖြစ်သည်။
မင်းသားက နတ်မယ်ကိုလှည့်ကြည့်၍ မေးသည်။
"အကိုလုရော နည်းလမ်းစဉ်းစားမိလား"
နတ်မယ်က ခေါက်ဆွဲတစ်လုတ်အမြန်စားပြီး မင်းသားကိုလှည့်ကြည့်သည်။
"ရိုးရိုးလေးပဲလေ။ နန်းတော်ကိုပုန်ကန်လိုက်ပေါ့"
မင်းသားအံ့ဩတုန်လှုပ်သွားမည်ဟု လုယန်ထင်ထားသည်. သို့သော် တကယ့်လက်တွေ့တွင် မင်းသားက အမူအရာမပျက်။ နတ်မယ်ကိုဆက်မေးသည်။
"အကိုလု ကျုပ်ကိုကူညီဖို့ ဆန္ဒရှိလား"
လုယန်ထံမှ ထိုအဖြေကို သူကြားလိုခြင်းဖြစ်သည်။ ဒုတိယမင်းသားအိမ်တော်မှအဖြစ်အပျက်ကို သူသတင်းရထားသည်။
လုယန်က တော်လှန်ပုန်ကန်ဖို့ကိစ္စ၊ နိုင်ငံသစ်တည်ထောင်ဖို့ကိစ္စကို ခဏခဏ ကြွားလုံးထုတ်ခဲ့သည်။ နန်းပလ္လင်ပြိုင်ပွဲကိစ္စကို ပါးနပ်စွာရှောင်ထွက်သည်။
ထို့ကြောင့် ဒုတိယမင်းသား လုယန်ကို အတော်ရှိန်သွားသည်ဟုဆိုသည်။
သို့သော် စတုတ္ထမင်းသားက တော်လှန်ပုန်ကန်ဖို့ တကယ်စဉ်းစားထားသည်။
ထိုသို့မလုပ်လျှင် သူဘယ်တော့မှ နန်းတက်ခွင့်ရမည်မဟုတ်။
လုယန် 'ဆန္ဒမရှိ'ဟုဖြေလျှင် စကားကြီးစကားကျယ်ပြောခဲ့သည်ကို ဝန်ခံသလိုဖြစ်သွားမည်။ မင်းသားက အကြပ်ကိုင်၍ စည်းရုံးနေခြင်းဖြစ်သည်။
'ဆန္ဒရှိသည်'ဟု ဖြေလျှင်တော့ ပိုကောင်းသည်။ လုယန်ကို သူ့ဘက်သို့ တိုက်ရိုက်ဆွဲသွင်းနိုင်သည်။
"ကူညီရမှာပေါ့"
နတ်မယ် စိတ်အားထက်သန်စွာ ခေါင်းငြိမ့်သည်။ ကူညီဖို့လည်း သူတကယ်တွေးထားသည်။
***********************************