← Chapters

အခန်း (၈၄၇-၈၄၉)

Vol. 57 Ch. 847-849

အခန်း (၈၄၇-၈၄၉)

Vol. 57 Ch. 847-849

အခန်း (၈၄၇) ပုန်ကန်ခြင်း

"မင်းက တော်လှန်ပုန်ကန်ဖို့ တွေးနေတာဆိုတော့ ဘာတွေစီစဉ်ထားလဲ"

နတ်မယ်မေးသည်။ မင်းသားနှင့်သူ့အဖော်များ၏ အမူအရာက ကောင်းကောင်းပြင်ဆင်ထားကြောင်း သိသာသည်။

"စီစဉ်ထားတာပေါ့"

မင်းသား သဘောကျသွားသဖြင့် ရယ်မောနေသည်။ လုယန်ကူညီမည်ဆိုလျှင် သို့မဟုတ် လုယန်ပါဝင်ပတ်သက်လာလျှင် တာအိုလမ်းစဉ်ဂိုဏ်းလည်း သေချာပေါက်ပါလာလိမ့်မည်။

တာအိုလမ်းစဉ်ဂိုဏ်းကို ဆွဲသွင်းနိုင်လျှင် နန်းပလ္လင်ကိုရနိုင်ခြေ ကိုးဆယ်ရာနှုန်းသေချာသည်။

"အကိုလု ကြည့်ပါ။ သူက ကျုပ်ညီအကို ကုန်းစွန်းကျိုးတဲ့။ ပြိုင်ဘက်ကင်းကျင့်စဉ်ပညာတစ်ခု တတ်ထားတယ်။ အံ့ဩစရာကောင်းတဲ့ အမြန်နှုန်းမျိုးရှိတယ်။

ကူးဖြတ်ခြင်းအဆင့်နဲ့ အချိန်ခဏ ယှဉ်နိုင်တယ်။ ကျုပ်အကိုအိမ်ရှေ့မင်းသားဆီ ရတနာလက်ဆောင်ပေးမလိုဟန်ဆောင်ပြီး သူချဉ်းကပ်လို့ရတယ်။ ရုတ်တရက် အငိုက်ဖမ်းပြီး တိုက်ခိုက်နိုင်တယ်။ ကျုပ်အကို တုံ့ပြန်ချိန်ရလိုက်မှာမဟုတ်ဘူး"

ကုန်စွန်းကျိုးက သွားဖြဲရယ်နေသည်။

"မင်းသားက ကျုပ်ကိုကောင်းကောင်းစောင့်ရှောက်ခဲ့တယ်။ အခု ကျုပ်ပြန်ပြီးကျေးဇူးဆပ်ဖို့ အချိန်ကောင်းပါပဲ"

အိမ်ရှေ့မင်းသားကိုသတ်လျှင် လူတစ်ယောက်၏ကံကြမ္မာ ပိတ်ဆို့သွားမည်။ ကုန်းစွန်းကျိုးက စတုတ္ထမင်းသားအတွက် အသက်ကိုရင်းဖို့ ဆုံးဖြတ်ထားပြီးဖြစ်သည်။

"ပြီးတော့ ဒါက ကျုပ်ညီအကို တန်ဖုန်းပါ။ သူ့လုပ်ကြံသတ်ဖြတ်နည်းတွေက အဆင့်မြင့်လွန်းလို့ တန်းခိုးရှင်တစ်ယောက်လို့တောင် ထင်ရတယ်။

ကုန်းစွန်းမအောင်မြင်ရင် ဒုတိယအစီအစဉ်အနေနဲ့ သူထပ်ပြီးလုပ်ကြံလို့ရတယ်။ လုပ်ကြံမှုနှစ်ခု ဆက်တိုက်စီစဉ်ထားမယ်လို့ ဘယ်သူမှတွေးမိမှာမဟုတ်ဘူး"

တန်ဖုန်းရုပ်သွင်က သာမန်သာဖြစ်သည်။

"မင်းသားက ကျုပ်ကို အန္တရာယ်ကြားကနေ ကယ်တင်ခဲ့တာပါ။ ကျုပ်အသက်ကို မင်းသားပဲပိုင်ပါတယ်"

"ပြီးတော့ ဒီညီအကိုက အဆိပ်ကျွမ်းကျင်တယ်။ အသံတိတ်သတ်ဖြတ်နိုင်စွမ်းရှိတယ်။ သူ့အဆိပ်ကြောင့် အိပ်ပျော်သွားတဲ့လူဟာ ဘယ်တော့မှနိုးလာတော့မှာမဟုတ်ဘူး"

"ဒီညီအကိုက စုံစမ်းရေးပိုင်းကို တာဝန်ယူထားတယ်။ နန်းမြို့တော်မှာဖြစ်တဲ့ ကိစ္စကြီးငယ်မှန်သမျှ သူ့မျက်စိအောက်ကမလွတ်ဘူး"

"ပြီးတော့သူပေါ့...တကယ်တော့သူက ကျုပ်အကိုနှစ်ရဲ့ တပည့်ပါ။ ကျုပ်အကိုစားသောက်တဲ့အလေ့အထနဲ့ နေ့စဉ်လှုပ်ရှားမှုတွေကို အကျွမ်းတဝင်ရှိတယ်"

"ပြီးတော့ သူက..."

လုပ်ကြံသတ်ဖြတ်ရေးသမား၊ သတင်းစုဆောင်းသူ၊ သူလျှို၊ ကျွမ်းကျင်သရုပ်ဆောင်၊ မြို့တော်စာမေးပွဲကျခဲ့သည့် စာပေပညာရှင်...

မင်းသားက တစ်ယောက်ချင်း မိတ်ဆက်ပေးသည်။ စားသောက်ပွဲတက်လာသူအားလုံး သူ့လူယုံများဖြစ်သည်။ သူ့အပေါ် သစ္စာရှိသည်။

ထို့ပြင် တစ်ယောက်ချင်းစီက ထူးခြားစွမ်းရည်များပိုင်ဆိုင်သည်။ နယ်ပယ်မျိုးစုံတွင် ပုန်းအောင်းနေသူများဖြစ်သည်။ သူတို့စွမ်းရည်ကို တကယ်ထုတ်ပြလျှင် ကျင့်ကြံသူလောကတွင် နာမည်တစ်ခုတော့ သေချာပေါက်ရကြလိမ့်မည်။

စတုတ္ထမင်းသားက သူ့အကိုသုံးယောက်ကိုလုပ်ကြံဖို့ အရင်ကတည်းက အစီအစဉ်ချခဲ့သည်။ သို့သော် သူ့အကိုသုံးယောက်၏ အင်အားနောက်ခံကို မသိရသေး။

ယခု လုယန်ပါဝင်လာသဖြင့် လမ်းကြောင်းဖြောင့်သွားသည်။

သူ့အကိုများ ဘယ်လောက်အစွမ်းထက်ထက် တာအိုလမ်းစဉ်ဂိုဏ်းကို ယှဉ်နိုင်ပါမည်လော...

"အရင်က ကျုပ်အဖေအင်ပါယာကိုလည်း ပစ်မှတ်ထားဖို့ စီစဉ်ခဲ့တယ်။ သူတစ်ရက်အသက်ထပ်ရှည်လေ ကျုပ်ညီတွေ စွမ်းအားတိုးလာလေပဲ။ ကျုပ်နေရာကို ခြိမ်းခြောက်လာနိုင်တယ်လေ။

ဒါပေမယ့် အဖေ့ကို နိုင်ငံ့ကံကြမ္မာစွမ်းအားက ကာကွယ်ထားတယ်။ သူ့ကိုလုပ်ကြံဖို့ ခက်ခဲတယ်။ ဒါပေမယ့် တစ်ခြားနည်းလမ်းတွေသုံးလို့လည်း ရပါတယ်။ သူ့သက်တမ်းဆွဲဆန့်နိုင်မယ့် အရာမှန်သမျှကို ဖျက်ဆီးပစ်တာမျိုးပေါ့"

"ဪ...မင်းက အတော်ပြင်ဆင်ထားတာပဲ"

နတ်မယ်က အပြုံးအရယ်မရှိသည့်မျက်နှာဖြင့် ခေါင်းငြိမ့်သည်။

"ဒါပေမယ့် မလုံလောက်သေးဘူး အကိုလု။ ကျုပ်တို့ အကိုလုရဲ့အကူအညီလိုတယ်"

မင်းသားက လုယန်ကို တောင်းခံသည့်အကြည့်ဖြင့် ကြည့်သည်။

"မင်းက ဆုံးဖြတ်ချက်မချနိုင်ဖြစ်နေတာလား"

နတ်မယ်ခဏစဉ်းစားပြီး ချက်ချင်း ဆုံးဖြတ်လိုက်သည်။

"ကောင်းပြီလေ၊ ဒီတစ်ခါတော့ ငါမင်းကို ကူညီလိုက်ပါ့မယ်"

စတုတ္ထမင်းသား၏အပြုံးက ဝေဆာလာသည်။ သူ့အစီအစဉ် အောင်မြင်တော့မည်။ ပွဲစကတည်းက မှော်ဖန်လုံးဖြင့် အဖြစ်အပျက်အားလုံးကို သူမှတ်တမ်းယူထားသည်။

နောက်ပိုင်းတွင် လုယန်ရှောင်မထွက်နိုင်အောင် သက်သေယူထားခြင်းဖြစ်သည်။

ယခု လုယန်သည် သူအဖွဲ့မှ ခွဲထွက်၍မရတော့။

နတ်မယ် ထရပ်သည်။ သူ့စိတ်ကူးကို ချက်ချင်းအကောင်အထည်ဖော်သည်။

"ကဲ သွားစို့၊ မင်းလူတွေကိုပဲသုံးပြီး မင်းအကိုသုံးယောက်ကိုရှင်းမယ်ဆိုရင် အချိန်ကြာနေလိမ့်မယ်။ အပြင်အကူအညီယူရမယ်"

မင်းသားစိတ်ထဲ အတော်ဝမ်းသာသွားသည်။ ယခု လုယန်က တာအိုလမ်းစဉ်ဂိုဏ်းကို အကူခေါ်တော့မည်။

"ခဏနေပါဦး၊ တွေ့ဆုံဖို့အတွက် လက်ဆောင်နည်းနည်းပြင်ဦးမယ်"

"မလိုဘူး"

....

တော်ဝင်နန်းတော်မှထွက်ပြီးနောက် အင်ပါယာရှား ရုပ်ဖျက်လိုက်သည်။ နုပျိုသည့်လူငယ်တစ်ယောက်အဖြစ် အသွင်ပြောင်းသည်။ သူ့ပုံမှန်ဟန်ပန်နှင့် များစွာကွာခြားသွားသည်။

သူ့သားမှာလိုက်သည့်စကားကို ပြန်ကြားယောင်လာသည်။

"တစ်ခြားလူတွေကိုယ့်ကို အထင်သေးစေချင်ရင် အတွေ့အကြုံနုတဲ့ ကျင့်ကြံသူတစ်ယောက်လို ဟန်ဆောင်ရတယ်။ ဘာမှမသိနားမလည်သေးတဲ့လူလို ဖြစ်နေရမယ်။ ဒါမှ ပြဿနာနဲ့ မြန်မြန်တိုးမှာ"

ကျန်းချွန်က ကိုယ့်အတွေ့အကြုံပေါ်အခြေခံ၍ အကြံပေးလိုက်ခြင်းသည်။

ရုတ်တရက် ရင်းနှီးနေသည့်လူနှစ်ယောက်ကို အင်ပါယာရှား မြင်လိုက်ရသည်။ တစ်ယောက်က ယွမ်ကျိ၏ ဆရာတူမောင်လေး။ နောက်တစ်ယောက်က သူ့စတုတ္ထသားဖြစ်သည်။

ဤနေရာတွင် သူတို့ဘာလုပ်နေသည်မသိ။

လုယန်က တရားစီရင်ရေးဌာန၏ ဂိတ်တံခါးတွင် အရာရှိတစ်ယောက်နှင့် အကြီးအကျယ်စကားများနေသည်။ အင်ပါယာရှား ပို၍အံ့ဩသွားသည်။

"ဘာလို့လဲ၊ ခင်ဗျားမှာ ကျိုးကြောင်းဆင်ခြင်တတ်တဲ့ဉာဏ် မရှိဘူးလား"

နတ်မယ် နည်းနည်းဒေါသထွက်နေသည်။ သူသေချာတွေးထားသည့် အစီအစဉ်က စစချင်းမှာပင် ပြဿနာတက်သည်။

"သွားကြတော့၊ သွားကြတော့။ ဒါမင်းတို့ နောက်ရပြောင်ရမယ့်နေရာမဟုတ်ဘူး"

အရာရှိက စိတ်မရှည်ဟန်ဖြင့် နတ်မယ်ကို မောင်းထုတ်သည်။

အင်ပါယာရှား သူတို့ဆီလျှောက်သွားပြီး အရာရှိကို အော်ငေါက်သည်။

"နေစမ်းပါဦး။ တရားစီရင်ရေးဌာနက အရာရှိတစ်ယောက်ဖြစ်နေပြီး လူတွေကို မျှမျှတတမဆက်ဆံတတ်ဘူးလား"

အရာရှိက အင်ပါယာရှားကို တစ်ချက်သာကြည့်ပြီး အရေးမစိုက်တော့။

အင်ပါယာရှား စိတ်ထဲတွင် နည်းနည်းကျိတ်ပျော်သွားသည်။ သရုပ်မှန်ကိုပြပြီး ကြွားလုံးထုတ်ဖို့ အခွင့်ကောင်းကြုံနေပြီဖြစ်သည်။

ဖြစ်နေသည့်အခြေအနေအရ လုယန်က ပြဿနာတစ်ခုခုကြုံ၍ တရားစီရင်ရေးဌာနသို့ တိုင်တန်းရန်လာခြင်းဖြစ်မည်။

သို့သော် အရာရှိက လာဘ်စားထား၍ မျက်နှာလိုက်ပြီး အမှုဖြေရှင်းမပေးလိုကြောင်း ငြင်းသဖြင့် စကားများနေကြခြင်းဖြစ်မည်။

ယခု သူ့သရုပ်မှန်ကိုပြပြီး တရားမျှတအောင်လုပ်ဖို့ အချိန်ကျပြီဖြစ်သည်။ တရားစီရင်ရေးဌာနမှ အရာရှိက သူ့ကိုအထင်သေးပြီး လျစ်လျူရှုသည်။

သို့သော် ထိုသို့ဖြစ်သည်က ပို၍ပင်ကောင်းသေးသည်။ တရားစီရင်ရေးဌာနမှ ဖုံးကွယ်ထားသည့် လျှို့ဝှက်ချက်များကိုပါ ဖော်ထုတ်နိုင်တော့မည်။

သူ့သရုပ်မှန်ကို ထုတ်ပြလိုက်သည်နှင့် အားလုံးက အံ့ဩတုန်လှုပ်သည့် မျက်လုံးများနှင့် ကြည့်နေကြလိမ့်မည်။

လုယန်ကို လှည့်ကြည့်၍ မသိသလိုဟန်ဆောင်ပြီး လက်နှစ်ဘက်ဆုပ်နှုတ်ဆက်ရင်း သူမေးလိုက်သည်။

"မိတ်ဆွေ၊ ဘာအမှုကိစ္စအတွက် လာတိုင်လို့ ဒီအရာရှိက မတရားဆက်ဆံနေလဲဆိုတာ ကျုပ်သိခွင့်ရှိမလား"

နတ်မယ်က အင်ပါယာရှားကို ခြေဆုံးခေါင်းဆုံးကြည့်၍ နားမလည်သည့်အမူအရာမျိုး ပေါ်လာသည်။ အင်ပါယာရှား မလုံမလဲဖြစ်သွားသည်။

လုယန်က သူ့သရုပ်မှန်ကို ထွင်းဖောက်မြင်နိုင်သလားမသိ။

မဖြစ်နိုင်။ သူဝတ်ထားသည့် ကျောက်စိမ်းတံဆိပ်သည် နိုင်ငံ့ရတနာအဆင့်ရှိသည် မှော်ပစ္စည်းဖြစ်သည်။ နတ်ဝိညာဉ်အဆင့်တစ်ယောက် ထိုးဖောက်မြင်နိုင်စရာ အကြောင်းမရှိ။

နတ်မယ်က စတုတ္ထမင်းသားကို လက်ညှိုးထိုးပြပြီး မကျေမနပ်ပြန်ပြောသည်။

"သူနိုင်ငံတော်ပုန်ကန်ဖို့စီစဉ်နေတာကို ကျုပ်လာတိုင်တာ။ တရားစီရင်ရေးဌာနက ဒါကိုလက်မခံဘူး။ ကျုပ်လိမ်နေတာလို့ ထင်နေတယ်။ တကယ်ကို တရားမျှတမှုမရှိတာပဲ"

အင်ပါယာရှား "..."

...နေပါဦး...ဘာပြောလိုက်တယ်...

စတုတ္ထမင်းသားက အင်ပါယာရှားထက်ပင် ပို၍အံ့ဩနေသည်။ မယုံကြည်နိုင်ဟန်ဖြင့် မျက်လုံးပြူး၍ လုယန်ကို ငေးကြောင်ကြည့်နေသည်။

"မင်းငါ့ကိုကူညီမယ်ဆိုတာ ဒီလိုမျိုးလား"

သူ့အကိုများကိုရှင်းပစ်ဖို့ ကူညီမည်ဟု လုယန်ပြောခဲ့သည်။ အပြင်အကူအညီသွားရှာမည် ဟုပြောသည်။ ထို့နောက် တရားစီရင်ရေးဌာနသို့လာပြီး နိုင်ငံတော်ပုန်ကန်မည့် သူ့အစီအစဉ်ကို တိုင်တန်းသည်။

နတ်မယ်လည်း စဉ်းစားမရအောင်ဖြစ်နေသည်။ ဘာကြောင့် စတုတ္ထမင်းသား ထိုမျှအံ့ဩနေသည်မသိ။

"မင်းပဲ မင်းအကိုသုံးယောက်ကိုရှင်းပစ်ပြီး နန်းတက်ချင်တယ်လို့ ပြောခဲ့တာမဟုတ်လား။ မင်းသာစပြီးပုန်ကန်လိုက်ရင် အားလုံးအဆင်ပြေသွားပြီလို့ ငါတွေးမိတယ်။

မဟာရှားမှာ နိုင်ငံတော်ပုန်ကန်တဲ့လူတွေအတွက် သူတို့မိသားစုတွေရဲ့ မျိုးရိုးကိုးဆက်ကို ကွပ်မျက်တယ်လို့ငါကြားဖူးတယ်။ ဒီတော့ မင်းအကိုသုံးယောက် သေချာပေါက်သေမယ်လေ။

အပြင်အင်အားသုံးပြီး မင်းကိုကူညီဖို့ ငါဒီကိုလာတာပါ"

"ဒါဆို ကျုပ်ကရော ဘာဖြစ်သွားမလဲ"

မင်းသား နတ်မယ်ကို ဒေါသဖြင့်စိုက်ကြည့်သည်။ သူ့အကိုသုံးယောက် သေမသေတော့ သေချာမပြောတတ်။ တစ်ခုတော့ သေချာသည်။ သူအခု ဘဝပျက်တော့မည်။

"မင်းအကိုသုံးယောက်ကို ရှင်းပစ်ချင်တယ်လို့ပဲ မင်းပြောခဲ့တာလေ။ မင်းအသက်ရှင်ချင်တယ်လို့မှ မပြောခဲ့တာ"

နတ်မယ် စဉ်းစားနေသည်။ စတုတ္ထမင်းသား၏ မျိုးရိုးကိုးဆက် ကွပ်မျက်ခံရလျှင် ကျန်းမိသားစုတွင် လူတစ်ယောက်မှ ကျန်တော့မည်မဟုတ်။

သို့ဆိုလျှင် နန်းပလ္လင်က သူ့အတွက်ဖြစ်လာမည်။

ကံကြမ္မာကောင်းချီးက သူ့တံခါးဝထိ အသင့်ရောက်လာသည်။

*************************************

အခန်း (၈၄၈)ဩချလောက်သည့်ဉာဏ်

သရုပ်မှန်ထုတ်ပြ၍ တရားစီရင်ရေးအရာရှိကို ဆူပူကြိမ်းမောင်းဖို့ အင်ပါယာရှား တွေးထားခဲ့သည်။ သို့သော်ယခု သူ့ပါးစပ်မှ စကားသံလုံးဝထွက်မလာတော့။

သူ့သားတစ်ယောက် ပုန်ကန်ဖို့ကြိုးစား၍ သူ့မိသားစုတစ်ခုလုံး ကွပ်မျက်ခံရမည့်အခြေအနေမျိုး ပထမဆုံးကြုံဖူးခြင်းဖြစ်သည်။ တရားစီရင်ရေးအရာရှိက လုယန်ကို အတင်းမောင်းထုတ်နေသည်မှာ မဆန်းတော့။ တကယ်မောင်းထုတ်သင့်သည်။

စတုတ္ထမင်းသားက လုယန်ကိုစိုက်ကြည့်နေသည်။ လုယန်စကားထဲတွင် ဟာသရိပ်ပါမပါ အကဲခတ်သည်။

သို့သော် နတ်မယ်အမူအရာက အပြောင်းအလဲမရှိ။ သူ့စိတ်ထဲတွင် တကယ်တွေးမိသည့်အတိုင်း ပြောခဲ့ခြင်းဖြစ်သည်။

စတုတ္ထမင်းသား ဒေါသကြောင့် အော်ရယ်လိုက်သည်။

"လုယန်၊ ငါမင်းကိုပြောမယ်။ လူလည်ကျဖို့မကြိုးစားနဲ့။ အိမ်တော်မှာတုန်းက ပုန်ကန်မယ့်စိတ်ကူးကို မင်းအရင်ဆုံးထုတ်ပြောခဲ့တာပါ။

ငါ့ကိုတိုင်ချက်ဖွင့်ရင် မင်းလည်း ပြစ်ဒဏ်လွတ်မှာမဟုတ်ဘူး"

နတ်မယ် မင်းသား၏တွေးခေါ်ပုံကို နားမလည်နိုင်အောင်ဖြစ်သွားသည်။

"ဘာလို့ငါအရင်ဆုံးပြောရမှာလဲ။ ပုန်ကန်ချင်တဲ့လူတွေအားလုံးကို စုစည်းထားတာ မင်းပဲမဟုတ်လား။ ဒီတော့ မင်းပုန်ကန်ဖို့ပြင်ဆင်နေတယ်ဆိုတာ ရှင်းနေတာပဲ။ ငါက မင်းစိတ်ကူးအတိုင်း လိုက်လုပ်ပေးရုံပါ"

အိမ်တော်တွင် ဖြစ်ပျက်ခဲ့သမျှကို မင်းသားပြန်စဉ်းစားသည်။ အစမှအဆုံးထိ လုယန်သည် ပုန်ကန်မည့်အစီအစဉ်များတွင် အဓိကလူအဖြစ် မပါဝင်ခဲ့။

ကြံရပါလည်းမဟုတ်။ လှုံ့ဆော်တိုက်တွန်းသူလည်းမဟုတ်။ တစ်နည်းပြောရလျှင်...အပြစ်ကင်းသည်။

မဟုတ်သေး...ဤအခြေအနေကို ပြောင်းလဲနိုင်ခြေရှိသေးသည်။

"ဒါက မင်းအပြောပဲရှိတာလေ။ ဘာသက်သေမှမရှိပါဘူး"

နိုင်ငံတော်ပုန်ကန်မှုလို ကြီးလေးသည့်ရာဇဝတ်မှုအတွက် နှုတ်ထွက်စကားလောက်ဖြင့် လူတစ်ယောက်ကို စွဲချက်တင်၍မရ။

လုယန်ကိုယ်တိုင်လည်း ပုန်ကန်ဖို့ရည်ရွယ်ချက်ရှိကြောင်း ပြောခဲ့ဖူးသည်။

အိမ်တော်ထဲတွင် တိုင်ပင်ဆွေးနွေးခဲ့သူအားလုံး မင်းသားနှင့်သေအတူရှင်မကွာ ဖြတ်ကျော်ခဲ့သူများဖြစ်သည်။ ထိုကိစ္စ ဘယ်လောက်အန္တရာယ်များကြောင်း နားလည်သည်။ သစ္စာဖောက်ကြမည်မဟုတ်။

"အဲ..မင်းမှာ မှော်ဖန်လုံးတစ်ခုရှိတယ်မဟုတ်လား။ အိမ်ထဲကို ငါစဝင်လာကတည်းက မင်းမှတ်တမ်းယူနေတာ ငါမြင်ပါတယ်။ အဲဒါက ဒီမှာသက်သေအဖြစ်သုံးဖို့ပဲ မဟုတ်လား"

သူနှင့်စတုတ္ထမင်းသား အတွေးချင်းတူသည်ဟု နတ်မယ်ယူဆသည်။ သူ့အကိုသုံးယောက်ကိုသတ်ပြီး ပုန်ကန်မှုစလိုက်လျှင် မိသားစုတစ်ခုလုံး အမြစ်ပြုတ်သွားမည်။

စတုတ္ထမင်းသားက သူ့လုပ်ရပ်သူ တိုင်တန်းဖို့ စိတ်မရဲဖြစ်နေသဖြင့် သူ့ကိုအကူအညီတောင်းခြင်းဖြစ်မည်။ စားသောက်ပွဲဖိတ်ခေါ်ပြီး သူ့ရှေ့တွင် ပုန်ကန်မည့်ကိစ္စကို ဆွေးနွေးသည်။ မှော်ဖန်လုံးဖြင့် သက်သေယူသည်။

မင်းသား၏ဆန္ဒအတိုင်း တရားစီရင်ရေးဌာနသို့လာ၍ သူအမှုတိုင်ပေးသည်။

သို့သော် ပြဿနာနှစ်ခုကြုံသည်။ တရားစီရင်ရေးအရာရှိက ထိုအမှုကို ဖြေရှင်းဖို့ တုံ့ဆိုင်းဆိုင်းဖြစ်နေသည်။ စတုတ္ထမင်းသားက နောက်ဆုံးအချိန်ရောက်မှ ပြန်နောက်ဆုတ်လိုဟန်ရှိသည်။

စိတ်ဓာတ်မပြတ်သားကြ။

လုယန်ကိုကြည့်၍ စတုတ္ထမင်းသား၏မျက်လုံးများ အရောင်ပြောင်းသွားသည်။ ထိတ်လန့်ခြောက်ခြားပြီး တုန်ရင်လာသည်။

လုယန်သည် အားလုံးကို စေ့စပ်စွာအကွက်ချစီစဉ်ထားသည်။ ဝင်လာကတည်းက ဟန်ဆောင်နေခဲ့သည်။ တကယ်ပူးပေါင်းချင်သယောင် ဟန်ဆောင်သည်။

သူ့ရည်ရွယ်ချက်ကို ထုတ်ပြခိုင်းသည်။ သူမှော်ဖန်လုံးဖြင့် မှတ်တမ်းယူပြီး အကြပ်ကိုင်မည်ကိုပင် ကြိုတင်ခန့်မှန်းနိုင်သည်။ သူ့ကိုတန်ပြန်ထိုးနှက်ပြီး မှော်ဖန်လုံးကို သက်သေအဖြစ်တင်သည်။

လုယန်၏ ပါးနပ်မှုက ဒုတိယမင်းသားအိမ်တော်တွင် ထုတ်ပြခဲ့သည်ထက်ပင် များစွာသာလွန်နေသည်။

လုယန်ကိုအသုံးချဖို့ သူစိတ်ကူးယဉ်ခဲ့သည်မှာ အတော်ရယ်စရာကောင်းလှသည်။ ထိုသို့အသုံးချနိုင်ဖို့ သူအရည်အချင်းမမီ။ လက်ရှိအရေးပေါ်အခြေအနေမှ အရင်ရုန်းထွက်နိုင်အောင် သူကြိုးစားရမည်။

အခြေအနေမကောင်းတော့မှန်း ရိပ်မိသဖြင့် သူထွက်ပြေးသည်။ သို့သော် နတ်မယ်က အလွတ်မပေး။

နတ်မယ်အတွက် ဝိညာဉ်ပြောင်းအဆင့် စတုတ္ထမင်းသားသည် သေမျိုးတစ်ယောက်သာဖြစ်သည်။ မင်းသား၏လက်ကောက်ဝတ်ကို ဖမ်းချုပ်၍ မြေပြင်ပေါ်သို့ ကိုင်ပေါက်လိုက်သည်။

မင်းသားမျက်လုံးထဲ ကြယ်မြင်လမြင်ဖြစ်သွားသည်။ မြေပြင်တွင် ချိုင့်ခွက်တစ်ခုပေါ်လာသည်။

ထိုအခြေအနေကို အခွင့်ကောင်းယူ၍ နတ်မယ်က မှော်ဖန်လုံးထည့်ထားသည့် မှော်လက်စွပ်ကိုလည်း မင်းသားထံမှ ဆွဲယူသည်။

တစ်ဘက်သတ်တိုက်ပွဲကြောင့် ရုတ်ရုတ်သဲသဲဖြစ်သွားသည်။ ဒုတရားရေးဝန်ကြီး ချက်ချင်းထွက်လာသည်။

တရားရေးဝန်ကြီးဌာနရှေ့တွင် ဘယ်သူက အတင့်ရဲပြီး ပြဿနာရှာနေသနည်း။ ဤဌာနကို သာမန်အိမ်တော်တစ်ခုဟု ထင်နေသလားမသိ။

"အဲ...ခေါင်းဆောင်ရောက်လာပြီလား"

လုယန်က ထိုလူ၏ဝတ်စုံကိုကြည့်၍ စတုတ္ထအဆင့်အရာရှိ ဒုတရားရေးဝန်ကြီးဖြစ်ကြောင်း နတ်မယ်ကိုပြောသည်။

စတုတ္ထအဆင့်သည် တကယ်အဆင့်မြင့်သည့်ရာထူးဖြစ်သည်။ တရားရေးဝန်ကြီးချုပ်(ရှုရှင်း)ပင် တတိယအဆင့်အရာရှိသာဖြစ်သည်။

"အချိန်ကိုက်ပဲ။ တော်လှန်ပုန်ကန်ဖို့ကြံနေတဲ့ လူတစ်ယောက်ကို ခုနကပဲကျုပ်ဖမ်းထားတယ်။ ဒီအမှုကို လာတိုင်တာပါ။

သူ့မှော်လက်စွပ်ထဲမှာ မှတ်တမ်းမှော်ဖန်လုံး သက်သေရှိတယ်။ ခင်ဗျားလူတွေက အမှုကိုစွဲချက်တင်ဖို့ ငြင်းနေကြလို့ပါ"

ခုနက အရာရှိသည် စတုတ္ထမင်းသားကိုမမြင်ဖူး။ သို့သော် ဒုတရားရေးဝန်ကြီးအနေဖြင့် မမြင်ဖူးစရာအကြောင်းမရှိ။

လုယန်ရိုက်ချထားသည့် မင်းသားကိုမြင်ပြီးနောက် သူထိတ်လန့်တုန်လှုပ်သွားသည်။

...ပုန်ကန်တဲ့လူက စတုတ္ထမင်းသားလား....

တရားစီရင်ရေးဝန်ကြီးဌာနတွင် နှစ်ပေါင်းရာချီ သူတာဝန်ထမ်းဆောင်ခဲ့သည်။ မင်းသားတစ်ယောက် ပုန်ကန်သည့်အမှု လာတိုင်တန်းသူမျိုး ပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။

ထိုအမှုသည် သူတို့ဌာနက ကိုင်တွယ်ဖြေရှင်းနိုင်သည့် ကိစ္စမျိုးလော...

"အဲ...ခင်ဗျားလည်း နိုင်ငံတော်ပုန်ကန်မှုကို အရေးမစိုက်ဘူးပေါ့"

နတ်မယ် မေးလိုက်သည်။ ဒုတရားရေးဝန်ကြီး ရင်ထိတ်သွားသည်။

"အဓိပ္ပါယ်မရှိတာ လျှောက်မပြောနဲ့ကွ။ ငါကဘာလို့ ပုန်ကန်မှုကို အရေးမစိုက်ဘဲနေမှာလဲ။ ဒီစကား အပြင်ကိုရောက်သွားရင် အကြောင်းမသိတဲ့လူတွေက ပုန်ကန်မှုထဲမှာ ငါကိုယ်တိုင်ပါတယ်လို့ ထင်ကြမှာပေါ့"

"ဒီအမှုကို ခင်ဗျား ဆုံးဖြတ်မပေးနိုင်ရင် ဆုံးဖြတ်နိုင်တဲ့လူကို ခေါ်လိုက်ပါ"

တုံ့ဆိုင်းဆိုင်းဖြစ်နေသေးသည့် ဒုတရားရေးဝန်ကြီးကို ဘေးတွင်ရပ်နေသည့် အင်ပါယာရှားက သတိပေးသည်။

သူ့သားစရိုက်ကို တစ်ခြားလူများထက် သူပိုသိသည်။ သူ့သားအလိမ္မာတုံးက တကယ်ပုန်ကံဖို့ ကြံရွယ်ခဲ့ခြင်းဖြစ်သည်။ ထိုကိစ္စကို ဖြေရှင်းရမည်။

အင်ပါယာရှား၏ သတိပေးစကားကြောင့် ဒုတရားရေးဝန်ကြီးခေါင်းထဲ ကြည်လင်လာသည်။ သူဘာစိုးရိမ်နေဖို့လိုသနည်း။ သူ့အထက်တွင် တစ်ခြားလူများရှိသေးသည်မဟုတ်လော...

တရားရေးဝန်ကြီးချုပ်ရှုရှင်းဆီ သူချက်ချင်းသွားသည်။

...

ကာလတိုတံခါးပိတ်ကျင့်စဉ်ဝင်ပြီး ပြန်ထွက်လာချိန်ဖြစ်၍ ရှုရှင်း၏စိတ်များ လန်းဆန်းနေသည်။

သို့သော် သူအနားမယူရသေးမီပင် သူ့လက်ထောက်၏ အစီရင်ခံချက်ကိုကြားရသည်။

"စတုတ္ထမင်းသားပုန်ကန်တာကို လုယန်က လာတိုင်တယ်ပေါ့"

သူ့အတွင်းနတ်ဆိုးစမ်းသပ်ချက်ကို ရင်ဆိုင်ရလျှင်ပင် ထိုမျှကြောင်တက်တက်နိုင်သည့် ဖြစ်ရပ်မျိုးကို စိတ်ကူးယဉ်မိမည်မဟုတ်။

သို့သော် ပြဿနာက ယခုဖြစ်ရပ်သည် အတွင်းနတ်ဆိုးစမ်းသပ်ချက်မဟုတ်။ လက်တွေ့ဖြစ်ရပ်မှန် ဖြစ်သည်။

ရှုရှင်း စိတ်ပျက်လက်ပျက် ခေါင်းကိုလက်ဖြင့်အုပ်လိုက်သည်။ ဝစီပိတ်က သူ့ကိုနှိပ်စက်၍ အားရသွားပြီထင်သည်။ ယခု သူ့တပည့်အလှည့် ရောက်လာခြင်းဖြစ်မည်။

သို့သော် ထိုတပည့်လေး၏ ပြဿနာရှာနိုင်စွမ်းက ဝစိပိတ်ထက်ပင် များစွာသာလွန်နေသည်။

"အမှုကိုလက်ခံလိုက်ပါ။ သူက အမှုတိုင်ဖို့ အများကြီးဒုက္ခခံထားတာပဲ။ လက်မခံလိုဘယ်ဖြစ်မလဲ"

သူသိထားသလောက် လုယန်သည် အတော်ဂြိုလ်မွှေသော်လည်း လိမ်ညာတတ်သူတော့ ဟုတ်မည်မထင်။

တရားစီရင်ရေးဝန်ကြီးဌာနတွင် ထိုအမှုကို ရုံးတင်စစ်ဆေးဖို့ ပြင်ဆင်သည်။

ဒုတရားရေးဝန်ကြီးက တံခါးဝသို့ထွက်လာပြီး နတ်မယ်ကို လေးလေးစားစားဖိတ်ခေါ်သည်။ ထိုဘိုးအေလေး နောက်ထပ်ဒုက္ခထပ်ပေးမည်ကို ကြောက်သည်။

ဥပမာ..ဒုတိယမင်းသားလည်း ပုန်ကန်ဖို့ကြံစည်နေပါသည်ဟု ဆက်ပြီးတိုင်တန်းလာနိုင်သည်။

"မင်းလည်းလိုက်ခဲ့ပါ။ ငါနဲ့မင်းသားပြောတဲ့စကားတွေ မင်းလည်းကြားတယ်မဟုတ်လား။ မင်းက မျက်မြင်သက်သေပဲ"

နတ်မယ်က အင်ပါယာရှားကိုပါ ဆွဲခေါ်လာသည်။

"ဒါနဲ့ မင်းနာမည်က ဘာရယ်"

နန်းတော်မှ ထွက်မလာမီကတည်းက နာမည်တစ်ခု အင်ပါယာရှား စဉ်းစားပြီးဖြစ်သည်။ သူတို့မိသားစုသည် 'ရှား'မျိုးရိုးနာမည်ကို သုံးလေ့ရှိသည်။ သူသည် အင်ပါယာဖြစ်၍ ရွေးရမည့်နာမည်ကလည်း ရှင်းနေပြီးသားဖြစ်သည်။

"ရှားထန်ပါ"

အားလုံးသေချာပြင်ဆင်ပြီးမှ ရုပ်ဖျက်ခဲ့ခြင်းဖြစ်၍ တရားရေးဝန်ကြီးဌာန၏ နောက်ခံအချက်အလက် စစ်ဆေးမှုများကို သူမကြောက်။

ရုံးတင်စစ်ဆေးမှု စတင်သည်။

လုယန်စကားကို ယုံကြည်သဖြင့် ရှုရှင်းကိုယ်တိုင် စတုတ္ထမင်းသား၏ မှော်လက်စွပ်မှ ချိတ်ပိတ်တံဆိပ်ကို ဖျက်ဆီးသည်။ အထဲမှ မှော်ဖန်လုံးကိုထုတ်သည်။

မှတ်တမ်းမှော်ဖန်လုံးတွင် မင်းသားက စွမ်းရည်ထူးခြားသည့် သူ့ညီအကိုများအကြောင်း သေချာရှင်းပြနေသည်။ သူ့အကိုသုံးယောက်ကို တစ်ယောက်ချင်းဖြိုချဖို့ ဘယ်လိုစီစဉ်ထားကြောင်း ရှင်းပြနေသည်။

ထိုမြင်ကွင်းကိုကြည့်၍ ဘေးတွင်ရပ်နေသည့် အင်ပါယာရှား ဒေါသူပုန်ထလာသည်။

သက်သေက ခိုင်မာသည်။

ရှုရှင်း လေပူတစ်ချက် မှုတ်ထုတ်လိုက်သည်။ လုယန်ပြောသလိုပင် မင်းသားသည် ပုန်ကန်ရန်ကြံစည်ခဲ့သည်။ ကြီးလေးသည့် ပြစ်မှုဖြစ်သည်။

"အစောင့်တွေ၊ မင်းသားကို ထောင်ထဲထည့်လိုက်"

"ရှုရှင်း၊ ခင်ဗျားလုပ်ရဲတယ်ပေါ့"

စတုတ္ထမင်းသား အတင်းရုန်းကန်နေသည်။ သူထောင်ထဲရောက်သွားလျှင် ဘာမှလုပ်၍ရတော့မည်မဟုတ်။

ရှုရှင်းက မင်းသားစကားကို အရေးမစိုက်။

'ငါက မင်းအဖေမမွေးခင်ကတည်းက အရာရှိဖြစ်ခဲ့တာပါ။ မင်းက ဘာကောင်မှမဟုတ်ပါဘူး'

သူ့စိတိ်ထဲတွေးလိုက်သည်။။ ထို့နောက် မင်းသားကိုခေါ်သွားရန် လက်ယမ်းပြလိုက်သည်။

"စိတ်ချပါလုယန်၊ မင်းသားကျူးလွန်တဲ့ပြစ်မှုကို အရပ်သားတွေနဲ့တန်းတူ စီရင်ဆုံးဖြတ်မှာပါ။ တရားမျှတတဲ့ စီရင်ချက်ဖြစ်လာပါလိမ့်မယ်"

ရှုရှင်း လုယန်ကို အလိုက်သင့်ပြောသည်။ လုယန်ကို ဒုက္ခဆက်မပေးသင့်တော့ကြောင်း အရိပ်အမြွက်ပြခြင်းလည်းဖြစ်သည်။

တရားစီရင်ရေးဌာန၏ နောက်ခံက အားနည်းသည်။ ကြီးမားသည့် ဝန်ထုပ်ဝန်ပိုးမျိုးကို ခံနိုင်ရည်မရှိ။

"ပြစ်ဒဏ်ပေးတဲ့အခါ သူ့မျိုးရိုးကိုးဆက်ကို ကွပ်မျက်တာမျိုးအထိ စီရင်ချက်ချလို့ရလား"

ထိုကိစ္စကို နတ်မယ်အသိချင်ဆုံးဖြစ်သည်။

ရှုရှင်း "..."

ရှုရှင်းပြန်မဖြေသဖြင့် နတ်မယ်က အင်ပါယာရှားကို လှည့်မေးသည်။

"မင်းရောဘယ်လိုထင်လဲ။ သူ့မျိုးရိုးကိုးဆက်ကို ကွပ်မျက်ပစ်လို့ရနိုင်လောက်လား။ ကိုးဆက်မဟုတ်ရင်တောင် သုံးဆက်လောက်ဆိုလည်း မဆိုးပါဘူး"

အင်ပါယာရှား "..."

အရင်က တော်ဝင်နန်းတော်ထဲမှာ မင်းငါ့ကိုစိန်ခေါ်ခဲ့ပေမယ့်် ရိုက်နှက်ခွင့်မရခဲ့လို့ အခုငါ့ကို ပေါ်တင်သတ်ဖို့ ကြိုးစားနေတာလားကွာ...

*****************************

အခန်း (၈၄၉) မြေခွေးငှားထားသည့် ကျားအရှိန်အဝါ

ရွှေဉာဏ်ရှင်လုယန် ထွက်သွားပြီးမှ ရှုရှင်း သက်ပြင်းချနိုင်သည်။ လုယန်ဆက်ရှိနေလျှင် တရားစီရင်ရေးဌာနကို စတုတ္ထမင်းသား၏ မျိုးနွယ်တစ်ခုလုံးကို ကွပ်မျက်ဖို့ ဆက်တိုက်တွန်းနေလောက်သည်။ ဖြေရှင်းရခက်သည့်အခြေအနေ ရောက်လာမည်။

သို့သော် ချက်ချင်းဆိုသလိုပင် နောက်ထပ်ပြဿနာတစ်ခု ပေါ်လာသည်။ မင်းသား၏ ပုန်ကန်သည့်ပြစ်မှုက သက်သေခိုင်မာသည်။ သို့သော် မင်းသားကို သူကိုယ်တိုင် တိုက်ရိုက်တရားစီရင်၍မရ။ ဤကိစ္စက ကြီးလေးလွန်းသည်။ သူမဖြေရှင်းနိုင်။

"သခင်ကြီး၊ သခင်ကြီးထက် အဆင့်မြင့်တဲ့လူတွေ ရှိသေးတာပဲလေ"

လက်ထောက်ဝန်ကြီးက ရှုရှင်းကို စေတနာဖြင့် သတိပေးသည်။

ရှုရှင်း ဉာဏ်အလင်းရသွားသည်။

...ဟုတ်တယ် ငါကတတိယအဆင့် တရားရေးဝန်ကြီးလေးတစ်ယောက်ပဲ။ ပုန်ကန်တဲ့ကိစ္စတွေကို မင်းကြီးပဲဖြေရှင်းသင့်တယ်...

ကျန်းချွန် ပလ္လင်ပေါ်တက်ပြီးနောက်ပိုင်း ထူးခြားသည့် အုပ်ချုပ်ရေးစွမ်းရည်ကို ပြသခဲ့သည်။ နိုင်ငံ့ရေးရာကိစ္စမျိုးစုံကို ဖြေရှင်းနိုင်စွမ်းက အင်ပါယာရှားထက်မနိမ့်။

ထိုစွမ်းရည်မျိုးမရှိလျှင် အင်ပါယာရှားကလည်း နန်းပလ္လင်ကို သူ့လက်ထဲ ယုံယုံကြည်ကြည်လွှဲထားခဲ့မည်မဟုတ်။

"နိုင်ငံ့ကိစ္စတွေဖြေရှင်းရတာ အရမ်းပင်ပန်းတယ်ဆိုပြီး အဖေကအမြဲပြောတယ်။ အဖွဲ့မျိုးစုံကြားမှာ အကျိုးအမြတ်မျှတတောင် စီမံရတယ်တဲ့။ အခုလုပ်ကြည့်ရတာ အဲလောက်လည်းမခက်လှပါဘူး"

ကျန်းချွန် အပြီးသတ်လိုက်သည့် အစီရင်ခံစာတစ်ခုကို လူတစ်ဝက်ခန့်မြင့်သည့် မှတ်တမ်းများထက်တွင် တင်လိုက်သည်။

သို့သော် အရင်က အစီရင်ခံစာများ ယခုလောက်မများကြောင်း သူမှတ်မိသည်။

"တာအိုရှင်ဝစီပိတ်က ကူးဖြတ်ခြင်းအဆင့်ကို ရောက်သွားပြီ။ ဒါကြောင့်လည်း လူတွေအများကြီး တံခါးပိတ်ကျင့်ကြံနေကြတာပဲ"

နောက်ခံအကြောင်းရင်းကို နားလည်သဖြင့် ကျန်းချွန် ကျိတ်၍သက်ပြင်းချသည်။

တံခါးပိတ်ကျင့်ကြံသည့် အရာရှိအရေအတွက် ပုံမှန်ထက်များနေသော်လည်း အုပ်ချုပ်ရေးလည်ပတ်မှုစနစ်ကို သိပ်မထိခိုက်။

"ဒီအစီရင်ခံစာကဘာလဲ။..သခင်ရှုက ယာယီတံခါးပိတ်ကျင့်ရာက ထွက်လာပြီတဲ့လား။ သူဘာတွေကြုံခဲ့ရတာလဲ...ငါ့စတုတ္ထညီက ပုန်ကန်ဖို့ကြိုးစားခဲ့တယ်ဆိုပါလား။

တိုင်တဲ့လူက လုယန်တဲ့။ ဟ...မျိုးနွယ်တစ်ခုလုံးကို ကွပ်မျက်ဖို့တောင် တောင်းဆိုခဲ့တယ်တဲ့လား"

ကျန်းချွန် အစီရင်ခံစာကိုဖတ်ရင်း နည်းနည်းလန့်သွားသည်။

...ခုနက ကျုပ်ပြောတဲ့စကားကို ပြန်ရုတ်သိမ်းပါတယ်အဖေ။ ဒီလိုကိစ္စတွေ အဖေနေ့တိုင်းဖြေရှင်းရတာလား...

အစီရင်ခံစာကို သေချာဖတ်ရင်း သူပို၍ဒေါသထွက်လာသည်။ နောက်ဆုံးတွင် အေးစက်စက်နှာခေါင်းရှုံ့၍ စားပွဲကိုလက်ဖြင့်ရိုက်လိုက်သည်။

"ငါ့ညီက အတင့်ရဲလှချည်လား။ ငါ့ကိုတောင်သတ်ဖို့ ကြံတယ်ပေါ့။ မင်းတကယ် ယုတ်မာတဲ့ကောင်ပဲ"

ထိုအစီရင်ခံစာအတွက် အမိန့််ပြန်တမ်းရေးသည်။ ကူးဖြတ်ခြင်းအဆင့် ထိပ်တန်းစွမ်းအားရှင်တစ်ချို့ကို ဆင့်ခေါ်၍ သူ့ညီ၏အပေါင်းအပါအားလုံးကို ချက်ချင်းဖမ်းဆီးဖို့ တရားရေးဌာနကို ညွှန်ကြားသည်။

မျိုးရိုးကိုးဆက်ကွပ်မျက်ဖို့ကိစ္စကတော့ ဖြေရှင်းရလွယ်ပါသည်။

"ငါ့ကိုယ်ငါ ပြစ်ဒဏ်လွတ်ကင်းမိန့်ချလိုက်ရင် ရပြီပဲ"

စတုတ္ထမင်းသား၏လူများကို ချက်ချင်းဖမ်းဆီးကြသည်။ မင်းသား၏အပေါင်းအပါများ အခြေအနေကိုပင် သေချာနားမလည်ဘဲ ဖမ်းဆီးခံလိုက်ရသည်။

...လုယန်က အပြင်အကူအညီရှာပြီး ပထမမင်းသားသုံးယောက်ကို ရှင်းပစ်မယ်လို့ ပြောခဲ့တာမဟုတ်လား...အခုဘာလို့ ကိုယ့်လူတွေကိုယ် ဖမ်းနေတာလဲ...ဘာတွေဖြစ်ကုန်တာလဲ...

စတုတ္ထမင်းသား၏ အင်အားစုသည် နည်းနည်းနောနောမဟုတ်။ ဖမ်းဆီးနေစဉ်အတွင်း ခုခံဖို့ကြိုးစားသူများရှိသည်။ တိုက်ပွဲပေါင်းများစွာ ဖြစ်ပွားသည်။

သို့သော် ကူးဖြတ်ခြင်းအဆင့်ဝါရင့်ဝန်ကြီးများ ပါနေသဖြင့် သူတို့ခုခံမှုက အရာမရောက်။

စတုတ္ထမင်းသားအဖမ်းခံရသည့်သတင်းကြောင့် မြို့တော်ထဲမှ မျိုးနွယ်စုများ အဖွဲ့အစည်းများ အကြီးအကျယ် အံ့အားသင့်သွားကြသည်။ အစက အင်ပါယာသက်တမ်းကုန်တော့မည့်ပုံရှိသဖြင့် အဖွဲ့အစည်းများအားလုံး ကိုယ်ပိုင်အစီအစဉ်များ ဆွဲထားကြသည်။

ထိုအခြေအနေအပေါ် အမြတ်ထုတ်ဖို စဉ်းစားခဲ့ကြသည်။ သို့သော်ယခု နန်းတော်၏အင်အားကို သိလိုက်ရသဖြင့် အားလုံးခဏငြိမ်သက်သွားသည်။

.....

သတင်းအစီရင်ခံစာကိုဖတ်ပြီး ဒုတိယမင်းသား မယုံနိုင်အောင်ဖြစ်နေသည်။ ရက်ပိုင်းအတွင်း သူ့ညီကို လုယန်က ရှင်းထုတ်လိုက်သည်။

"သူ့အကူအညီမပါဘဲ ထီးနန်းသိမ်းဖို့ မစဉ်းစားသင့်ဘူးလို့ အားလုံးကို သတိပေးချင်တဲ့သဘောများလား"

ဒုတိယမင်းသား တုန်လှုပ်သွားသည်။ ထိုလူနှင့် ဘယ်တော့မှ ရန်ငြှိုးမဖွဲ့ဖို့ သူဆုံးဖြတ်လိုက်သည်။

လုယန်ကို စည်းရုံးသိမ်းသွင်းရန် ကြံရွယ်ထားသည့် ပဥ္စမမင်းသားလည်း သူ့အကြံကို စွန့်လွှတ်လိုက်သည်။ မဟာမိတ်ဖွဲ့ဖို့ အစီအစဉ်များကိုလည်း ဖျက်သိမ်းလိုက်သည်။

နောက်ကွယ်မှ ဉာဏ်ကြီးရှင်ဖြစ်သည့် ထာဝရနတ်မယ်က စတုတ္ထမင်းသား၏အိမ်တော် ပိတ်သိမ်းလိုက်သည့်သတင်းကိုကြာပြီးနောက် ‌ကျန်းမျိုးနွယ်အား သေဒဏ်ချမည့်အချိန်ကို မျှော်လင့်တကြီး စောင့်ဆိုင်းနေလေသည်။

"ကျုပ်သိသလောက်တော့ မဟာရှားရဲ့ ဥပဒေစနစ်အရ အင်ပါယာဟာ ပြစ်ဒဏ်ကင်းလွတ်ခွင့်ပေးနိုင်တဲ့ အခွင့်အာဏာရှိတယ်။ စတုတ္ထမင်းသားရဲ့အမှုနဲ့တော့ မျိုးနွယ်တစ်ခုလုံးကို ရှင်းပစ်ဖို့ မဖြစ်နိုင်လောက်ဘူး"

'တရားစီရင်ရေးဌာန ဘယ်တော့လောက်ပြစ်ဒဏ်စီရင်မလဲ'ဟု တတွတ်တွတ်ရေရွတ်နေသည့် လုယန်ကို အင်ပါယာရှားက ရှင်းပြသည်။ လုယန်ရေရွတ်သံကြားတိုင်း ကြက်သီးထလာသဖြင့် ပါးစပ်ပိတ်အောင် တားလိုက်ခြင်းလည်းဖြစ်သည်။

"ဒီလိုဥပဒေသတ်မှတ်ချက်မျိုး ရှိတာလား"

နတ်မယ် တကယ်မသိခဲ့။ သူ့ဉာဏ်ရည်က မြင့်မားသော်လည်း ထီးနန်းသိမ်းဖို့ ဟာကွက်မရှိသည့် အစီအစဉ်မျိုး သူစဉ်းစားမရ။

"ကျန်မိသားစုက တကယ့်ကို ရေရှည်အမြင်ရှိတာပဲ။ ဒီနေ့ဖြစ်မယ့်ကိစ္စမျိုးကို ကြိုစဉ်းစားမိလို့ ဒီဥပဒေမျိုးချမှတ်ထားတာဖြစ်မယ်။"

နတ်မယ် မျက်မှောင်ကျုံ့သွားသည်။ ထိုမျှထောင့်စေ့အောင်တွေးထားသည့် သတ်မှတ်ချက်မျိုး ကျန်းမိသားစုက ထုတ်ထားနိုင်သည်။ သူတို့၏ဆင်ခြင်ဉာဏ်သည် ဒုခေါင်းဆောင်ထက် လျော့မည်မထင်။ သူ့ဉာဏ်ရည်ထက်တော့ နည်းနည်းနိမ့်သည်။

အင်ပါယာရှား "..."

...ဒီဥပဒေကို သတ်မှတ်တုန်းကတော့ ဒီနေ့ဖြစ်မယ့်ကိစ္စကို ဘယ်သူမှကြိုမတွေးမိခဲ့ကြဘူးထင်တာပဲ...

"မင်းလည်း ပါရမီရှိတဲ့လူပဲ။ ငါနဲ့ပူးပေါင်းမလား"

ရှားထန်သည် အတာ်ဉာဏ်ထက်သည်ဟု နတ်မယ်ယူဆသည်။ မဟာပဲဝါနိုင်ငံတည်ထောင်ပြီးသည်နှင့် ဝန်ကြီးချုပ်ရာထူးမျိုး ခန့်အပ်၍ရနိုင်သည်။

အနာဂတ်ဝန်ကြီးချုပ်အဖြစ် ရာထူးချခံလိုက်ရသည်ကို အင်ပါယာရှားမသိ။ လုယန်သည် ယနေ့ခတ်၏ ပါရမီရှင်ဖြစ်ကြောင်း၊ မကြာခဏ ထူးထူးဆန်းဆန်းပြုမူတတ်ကြောင်း၊ လုယန်အနီးအနားတွင် ထူးဆန်းသည့်ကိစ္စများ အမြဲဖြစ်တတ်ကြောင်းသာ သူသိသည်။

သူ့သက်တမ်းက သိပ်မကျန်တော့။ အနာဂတ်ပါရမီရှင်တစ်ယောက် တိုးတက်လာသည်ကို ကိုယ်တွေ့ကြည့်ပြီး အရေးကြီးသည့်အချိန်ရောက်မှ သူ့သရုပ်မှန်ကို ထုတ်ပြတော့မည်ဟု တွေးနေသည်။ ထိုအတွေ့အကြုံမျိုးက တကယ်ထိုက်တန်ပါသည်။

"ကောင်းပြီလေ"

အင်ပါယာရှား လိုလိုလားလား ခေါင်းငြိမ့်လိုက်သည်။

"အဲဒါ လုယန်ပဲ"

လုယန်ကို အမှောင်ထဲမှစိုက်ကြည့်နေသည့် အစိမ်းရောင်မျက်လုံးများ ရှိသည်။

စတုတ္ထမင်းသား၏ ညီအကိုများဖြစ်သည်။ ဝိုင်းဝန်းဖမ်းဆီးသည့်ကြားမှ ထိုးဖောက်ထွက်ပြေးနိုင်ခဲ့သဖြင့် ထောင်နန်းစံရမည့်ကံကြမ္မာမှ ယာယီလွတ်ကင်းနေသူများဖြစ်သည်။

သို့သော် ယာယီသာဖြစ်သည်။ ယခု မြို့တော်ကို အလုံပိတ်ထားသည်။ သူတို့ လုံးဝမလွတ်မြောက်နိုင်။ အချိန်တစ်ခုသာကြာမည်။

အဖမ်းခံရမည်ကိုလည်း သူတို့မကြောက်။ သို့သော် သစ္စာဖောက်လုယန် သေရမည်။

ကုန်းစွန်းကျိုး၏ အမြန်နှုန်း၊ တန်ဖုန်း၏ လုပ်ကြံပေးပညာနှင့် တစ်ယောက်တစ်မျိုးထူးချွန်သည့် စတုတ္ထမင်းသား အားကိုးယုံကြည်ရသည့် ညီအကိုများဖြစ်သည်။

သူတို့လှုပ်ရှားသည်နှင့် နတ်ဝိညာဉ်အဆင့်သာရှိသည့်လုယန် ခုခံနိုင်မည်မဟုတ်။

"တိုက်ကြ"

ကုန်းစွန်းကျိုး သိစိတ်အာရုံမှ လှမ်းပြောလိုက်သည်။ သူအချက်ပြသည်နှင့် ညီအကိုများ ငရဲတမန်များပမာ လှုပ်ရှားကြသည်။ သူတို့တိုက်ကွက်များက အသေသတ်တိုက်ကွက်ဖြစ်သည်။

သို့သော် မြေပြင်မှ ခုန်ပျံလိုက်သည်နှင့် ကြောက်စရာစွမ်းအင်ဖိအားများ သူတို့အပေါ်ကျလာသည်။ မြေပြင်ပေါ်သို့ ဖိချသည်။

ထိုဖိအားဒဏ်ကို မခံနိုင်သဖြင့် အားလုံး ဒူးထောက်ကျသွားသည်။ သူတို့မျက်နှာတွင် ထိတ်လန့်ရိပ်များ ပေါ်လာသည်။

ကူးဖြတ်ခြင်းအဆင့်စွမ်းအား။ တစ်ယောက်တည်းမဟုတ်။ ကူးဖြတ်ခြင်းအဆင့်စွမ်းအားရှင်များစွာ သူတို့ကို တိုက်ခိုက်နေခြင်းဖြစ်သည်။

စတုတ္ထမင်းသား၏အိမ်တော်ကို ပိတ်သိမ်းစဉ်ကပင် တရားစီရင်ရေးဝန်ကြီးဌာနသည် ကူးဖြတ်ခြင်းအဆင့်စွမ်းအားရှင် ထိုမျှများများမလွှတ်ခဲ့။

ဘာတွေဖြစ်နေသည်မသိ။ ဘာကြောင့် ထိုစွမ်းအားရှင်များက လုယန်ကို ကာကွယ်နေသည်မသိ။

ယခုလိုဖြစ်လာမည်ကိုပင် လုယန်က ကြိုတင်တွက်ချက်ခန့်မှန်းထားသလားမသိ။

ဝါးတုတ်တစ်ခုပုခုံးပေါ်ထမ်းထားသည့် အဘိုးအိုတစ်ယောက် လမ်ကြားတစ်ခုမှ ပေါ်လာသည်။ သူ့ဝန်ဆောင်မှုကို ကြေညာသည်။

"ကတ်ကြေးတွေ သွေးတယ်။ သွေးစရာကတ်ကြေးရှိရင် ယူလာခဲ့ပါ"

ထိုအဘိုးအိုက ကုန်းစွန်းကျိုးရှေ့တွင် ရပ်သည်။ သူ့မျက်နှာတွင် မခိုးမခန့်အမူအရာမျိုးရှိနေသည်။

"မင်းကြီးကိုများ လုပ်ကြံဖို့ကြိုးစားရဲတယ်ပေါ့။ မင်းတို့ အသက်ရှင်ရတာ အတော်ငြီးငွေ့နေပြီထင်တယ်"

ကုန်းစွန်းကျိုးတို့လူစု မင်သက်မိသွားကြသည်။

...မင်းကြီးတဲ့လား...ဘယ်ကမင်းကြီးလဲ....

အင်ပါယာရှား၏ လုံခြုံရေးသည် အရေးကြီးဆုံးဖြစ်သည်။ တော်ဝင်နန်းတော်မှ တစ်ယောက်တည်းလုံးဝမထွက်။ နန်း‌တော်မှ စွမ်းအားရှင်များ သူ့နောက်သို့ တစ်ချိန်လုံး လိုက်ပါစောင့်ရှောက်နေသည်။

ကုန်းစွန်းကျိုးတို့လူစုက လုယန်ကို ပစ်မှတ်ထားခြင်းဖြစ်သော်လည်း မင်းကြီးကို ထိခိုက်နိုင်သည့်အန္တရာယ်ရှိသည်။ ထို့ကြောင့် ဤလူစုကို လှုပ်ရှားခွင့်မပေးနိုင်ကြ။

သိစိတ်နယ်မြေတွင် လုယန်က နတ်မယ်နှင့်အတူ အခြေအနေကို စိစစ်သုံးသပ်နေသည်။

"အရှင်မက စတုတ္ထမင်းသားကိစ္စကို ဖောက်ထုတ်လိုက်ပြီဆိုတော့ သူ့နောက်လိုက်တွေ လက်စားချေတာကို ခံရနိုင်တယ်။ သတိထားသင့်ပါတယ်"

လုယန် အကြံပြုသည်။

နတ်မယ်ထိခိုက်မည်ကို သူမစိုးရိမ်ပါ။ သူ့ကိုယ်ပိုင်ခန္ဓာ ထိခိုက်မည်ကိုသာ စိုးရိမ်ခြင်းဖြစ်သည်။

ပိန်ပိန်ပါးပါး သူ့ခြေတံလက်တံများသည် နတ်မယ်၏ ဆော့ကစားမှုကို ခံနိုင်ရည်ရှိမည်မဟုတ်။

ရှောင်ယန်က သူ့အတွက် ထိုမျှစိုးရိမ်မည်ဟု ထင်မထားခဲ့သဖြင့် နတ်မယ်စိတ်ထဲ ဘဝင်ခွေ့သွားသည်။ သူအာမခံသည်။

"စိတ်မပူပါနဲ့။ လုံးဝစိတ်မပူပါနဲ့။ ငါက အမြဲတမ်းကံကောင်းတဲ့လူပါ။ ဘာအန္တရာယ်မှ မဖြစ်ပါဘူး"

**********************************

All Chapters