အခန်း (၈၅၀-၈၅၂)
Vol. 57 Ch. 850-852
အခန်း (၈၅၀) တောင်ခွဲပုဆိန်
သူကိုယ်တိုင်က သတိမထားမိသော်လည်း နတ်မယ်သည် နန်းမြို့တော်၏ အာရုံအစိုက်ခံရဆုံးလူ ဖြစ်လာသည်။ အင်အားစုမျိုးစုံက လုယန်၏ လှုပ်ရှားမှုတိုင်းကို သေချာစောင့်ကြည့်နေကြသည်။
အထူးသဖြင့် ဒုတိယမင်းသားနှင့် ပဥ္စမမင်းသားက အလေးထားစောင့်ကြည့်နေသည်။
စတုတ္ထမင်းသား၏ နောက်လိုက်အကြွင်းအကျန်များက လုယန်အား ဒုက္ခပေးကြမည်ကို သူတို့သိသည်။ မင်းသားတစ်ယောက်ကို ဆန့်ကျင်၍ လုယန်ပြန်ပေးဆပ်ရသည့် တန်ကြေးဖြစ်သည်။
သူတို့နှစ်ယောက် စတုတ္ထမင်းသားနှင့် ပြိုင်ဆိုင်နေသော်လည်း ဤကိစ္စက တော်ဝင်မိသားစုတွင်းကိစ္စဖြစ်သည်။ လုယန်လို အပြင်လူတစ်ယောက် င်စွက်ဖက်စရာအကြောင်းမရှိ။
ထို့ပြင် လုယန်က အောက်တန်းကျသည့် နည်းလမ်းများ သုံးခဲ့သည်။
ထို့ကြောင့် သွေးကြွေးပြန်ဆပ်ရမည်။
သို့သော် အတော်ကြာအောင်စောင့်နေသော်လည်း စတုတ္ထမင်းသား၏နောက်လိုက်များ အသံတိတ်ပျောက်ဆုံးသွားကြောင်းသာ သိရသည်။ အလောင်းလည်း ရှာမတွေ့။
သူတို့ဒူးထောက်ကျသည့်နေရာတွင် ကြီးမားသည့်ချိုင်ခွင့်များ ကျန်ရစ်ခဲ့သည်။
"ကူးဖြတ်ခြင်းအဆင့်..လုယန်ဘက်မှာ ကူးဖြတ်ခြင်းအဆင့်တွေ တစ်ယောက်မကရှိနေတာပဲ"
အားလုံး တစ်ညီတစ်ညွတ်တည်း ကောက်ချက်ချသည်။ ကူးဖြတ်ခြင်းအဆင့်တစ်ယောက်တည်း လှုပ်ရှားလျှင် ထိုမျှရှင်းလင်းသေသပ်မည်မဟုတ်။
"လုယန် သူ့ကိုယ်သူ အမြဲတမ်းယုံကြည်မှုရှိနေတာ မဆန်းတော့ပါဘူး။ သူ့နောက်မှာ တာအိုလမ်းစဉ်ဂိုဏ်းပဲရှိတယ်လို့ ထင်ထားတာ။
ကူးဖြတ်ခြင်းအဆင့်တွေ သူ့ဘေးမှာရှိနေမယ်လို့ ထင်မထားမိဘူး"
မင်းသားနှစ်ယောက်လုံး အံ့ဩတုန်လှုပ်သွားသည်။ လုယန်နှင့် ပိုဆက်ဆံမိလေ ဘယ်လောက်ကြောက်စရာကောင်းမှန်း သိလာလေဖြစ်သည်။ သူ့စွမ်းအားက ခန့်မှန်းမရအောင် မြင့်မားသည်။
သို့သော် နာမည်ကျော်လုယန်ကို ရှေးဟောင်းမသေမျိုးတစ်ယောက် ဝင်ပူးကပ်ထားကြောင်း ဘယ်သူမှမသိကြ။ လက်ရှိတွင် လုယန်သည် ထိုမသေမျိုး အပျင်းပြေကစားသည့် ရုပ်သေးတစ်ရုပ်ထက်မပို။ အတော်ဝမ်းနည်းကြေကွဲစရာကောင်းသည့် အခြေအနေဖြစ်သည်။
မုန်အိမ်တော်သို့ သူပြန်ရောက်လာသည်။ မုန်မိသားစုဝင်တို့၏ အိမ်တော်များက လေးဘက်လေးတန်တွင် ပိတ်ဆို့ထားသဖြင့် အပြင်လူများ အိမ်တော်ထဲ ဝင်၍မရနိုင်။
သို့သော် မုန်ပိုထန်က လုယန်၏ အနဂတ်တိုးတက်လမ်းကို ကြိုတွေးမိသဖြင့် အိမ်တော်ထဲတွင် မုန်ကျင်းကျိုးနှင့်တန်းတူ အခွင့်အရေးများပေးထားသည်။
အမွေခံခွင့်မှလွဲ၍ ကျန်သည့်အခွင့်အရေးအားလုံး ပေးထားခြင်းဖြစ်သည်။ အပြင်လူများကိုလည်း ခေါ်လာခွင့်ရသည်။
အထူးသဖြင့် လုယန်က တရားစီရင်ရေးဌနကို အသုံးချ၍ စတုတ္ထမင်းသားအား ရှင်းပစ်ခဲ့သည့်သတင်းကို ကြားပြီးနောက် ထိုလူငယ်သည် မုန်မိသားစုနှင့် တကယ်ကံရေစက်ရှိသည်ဟု မုန်ပိုထန် ပိုခံစားမိလာသည်။
"ပြန်လာပြီလား အကိုလုယန်"
လုယန်ကိုမြင်သည်နှင့် မုန်ကျင်းယု ပျော်ရွှင်စွာ ပြေးထွက်လာသည်။
"ဒီအကိုက ဘယ်သူလဲ"
မုန်ကျင်းယုက လုယန်နောက်မှ ရှားထန်ကို တစ်ချက်ကြည့်သည်။
'အကို'ဟူသည့် အခေါ်အဝေါ်ကြောင့် အင်ပါယာရှား မျက်ခုံးတစ်ချက်လှုပ်သွားသည်။
မုန်ကျင်းယုကို သူသိပါသည်။ ထိုကလေးမ၏ ရက်တစ်ရာပြည့်ဂုဏ်ပြုစားသောက်ပွဲကိုပင် ကိုယ်တိုင်တက်ခဲ့သည်။
မုန်ကျင်းကျိုးမောင်နှမ၏ မိခင်သည် သူ့အမအကြီးဆုံး တော်ဝင်မင်းသမီးဖြစ်သည်။ ထို့ကြောင့် ဆွေမျိုးစပ်လျှင် ဤမုန်မောင်နှမသည် သူတူ၊တူမများဖြစ်သည်။
"သူ့နာမည်က ရှားထန်ပါ။ ကျင့်စဉ်အဆင့် သိပ်မမြင့်ပေမယ့် ဉာဏ်ထက်တယ်။ သူအခု ငါ့နောက်လိုက်ဖြစ်နေပြီ"
နတ်မယ်က ဓားပြခေါင်းဆောင်လေသံမျိုးဖြင့် ပြောသည်။ ထိုအပြောမျိုးကို မုန်ကျင်းယုကလည်း အထင်ကြီးလေးစားနေသည်။
မုန်ကျင်းယု မျက်တောင်တစ်ချက်ခတ်ပြီး ပြုံး၍ နှုတ်ဆက်သည်။
"မင်္ဂလာပါ အကိုရှား"
အင်ပါယာရှား ကိုယ့်ဆုံးဖြတ်ချက်ကိုယ် နောင်တရလာသည်။ အမြင်ကျယ်မည်ထင်ပြီး လုယန်နောက်သို့လိုက်ဖို့ ဆုံးဖြတ်ခဲ့သည်။ သို့သော် လုယန်သည် မုန်ကျင်းကျိုးနှင့် အလွန်ရင်းနှီးသဖြင့် မုန်မိသားစုဝင်များနှင့် သေချာပေါက် အဆက်အသွယ်ရှိမည့်အဖြစ်ကို သူမစဉ်းစားခဲ့မိ။
ဘာလုပ်ရမည်မသိတော့။
မုန်အိမ်တော်သို့ဝင်ဝင်ချင်းပင် သူ့ဝါစဉ်လျှောကျသွားသည်။
မုန်ကျင်းယုက ရှားထန်ကိုသိပ်စိတ်မဝင်စား၊ လုယန်လက်ကိုဆွဲ၍ စာကြည့်တိုက်ဆီ ခေါ်သွားသည်။
"အကိုလုယန်၊ ဆရာက ရှေးဟောင်းခေတ်နဲ့ပတ်သက်ပြီး အိမ်စာပေးသွားတာရှိတယ်။ ကျွန်မကို ကူညီပါဦး။ အကိုလုယန်က ရှေးဟောင်းခေတ်နဲ့ ပတ်သက်ရင် ဗဟုသုတများတယ်လို အကိုကခဏခဏချီးကျူးတယ်"
မုန်မိသားစုသည် သူတို့ကလေးများ အသိအမြင်ကျယ်ပြန့်စေရန် သမိုင်းဘာသာကိုပါ ထည့်သွင်းထားသည်။
မုန်ကျင်းယုတောင်းဆိုချက်ကို နတ်မယ်ချက်ချင်းလက်ခံသည်။
"ဒါက အသေးအဖွဲလေးပါ"
ရှေးဟောင်းခေတ်အကြောင်း သူ့ထက်ဘယ်သူပိုသိနိုင်မည်နည်း။
မုန်ကျင်းယုသည် စိတ်နှစ်ကိုယ်နှစ် သင်ယူလေ့လာတတ်သည့် ကောင်မလေးဖြစ်သည်။ စာကြည့်ခန်းတွင် သပ်သပ်ရပ်ရပ်စီထားသည့် စာအုပ်များ အတန်းလိုက်ရှိသည်။ စာအုပ်အဖုံးများ နည်းနည်းနွမ်းနေသည်။
မကြာခဏဖတ်ရှုခဲ့သည့် လက္ခဏာဖြစ်သည်။ စာအုပ်များဖုန်တက်အောင်ပစ်ထားလေ့ရှိသည့် နတ်မယ်၏စာကြည့်ခန်းနှင့် လုံးဝမတူ။
"ဒီမေးခွန်းကို ဘယ်လိုဖြေရမလဲ။ တောင်ခွဲပုဆိန်ကို သွန်းလုပ်ခဲ့တဲ့ ရှေးဟောင်းမသေမျိုးတစ်ယောက်ရှိတယ်။ ဘာရည်ရွယ်ချက်နဲ့ ဒီပုဆိန်ကို သွန်းလုပ်ခဲ့တာလဲတဲ့"
လုယန်အစစ်သာဆိုလျှင် ရှေးဟောင်းခေတ်သမိုင်းကို လေ့လာနေလျှင် အကျိုးမရှိနိုင်ကြောင်း၊ ခေတ်သမိုင်းကိုသာ လေ့လာသင့်ကြောင်း မုန်ကျင်းယုကို ပါးပါးနပ်နပ်ပြောပေလိမ့်မည်။
သို့သော် ယခုရှိနေသူက လုယန်အစစ်မဟုတ်။ နတ်မယ်က အမှန်တရားစစ်စစ်ကိုသာပြောသည်။
"အဲဒါလား၊ အဲဒီ့အကြောင်းနဲ့ပတ်သက်ပြီး ပြောစရာတွေအများကြီးရှိတယ်...."
....
နောက်တစ်နေ့တွင် အလွတ်ပညာသင်ဆရာက လှုပ်လှုပ်ရွရွဖြစ်နေသည့် မုန်မိသားစုလူငယ်များကို ခပ်တင်းတင်းမျက်လုံးဝေ့ကြည့်သည်။
သူသည် အလွန်ဒေါသကြီးပြီး ခေါင်းမာသည်ဟု နာမည်ကြီးသည်။ ဘယ်သူ့ကိုမှမကြောက်။
"မနေ့ကပေးလိုက်တဲ့အိမ်စာက တကယ်ခက်ပါတယ်။ အထူးသဖြင့် တောင်ခွဲပုဆိန်အကြောင်းပေါ့။ အားလုံးသိတဲ့အတိုင်းပဲ၊ တောင်ခွဲပုဆိန်ဟာ ရှေးဟောင်းမှော်ရတနာတစ်ခုပါ။
သူ့စွမ်းအားက မသေမျိုးရတနာဖြစ်တဲ့ ကောင်းကင်ခွဲပုဆိန်ကို မမီပေမယ့် သူ့နာမည်ဂုဏ်သတင်းကတော့ ကောင်းကင်ခွဲပုဆိန်အောက် မလျော့ဘူး"
တောင်ခွဲပုဆိန်နှင့် ကောင်းကင်ခွဲပုဆိန်နှစ်ခုလုံး အတော်ကျော်ကြားသည်။ တစ်ချိန်က တာအိုလမ်းစဉ်ဂိုဏ်း ဝင်ခွင့်စမ်းသပ်ပွဲကျင်းပချိန်တွင် မြစ်ဝိညာဉ်က မြစ်ထဲမှ သာမန်ပုဆိန်တစ်လက်၊ တောင်ခွဲပုဆိန်နှင့် ကောင်းကင်ခွဲပုဆိန်တို့ကို ဆွဲထုတ်ပြခဲ့သည်။
"တောင်ခွဲပုဆိန်ရဲ့ ဇစ်မြစ်နဲ့ပတ်သက်ပြီး ရှေးဟောင်းကျမ်းတွေမှာ ရှင်းလင်းတဲ့မှတ်တမ်းမျိုး မတွေ့ရဘူး။ ဒါပေမယ့်ငါပေးထားတဲ့ ဖြည့်စွက်သင်ခန်းစာတွေကို သေချာဖတ်ထားရင် အဖြေကိုစဉ်းစားနိုင်မှာပါ။
တောင်ခွဲပုဆိန်ကို ယင်ထန်မသေမျိုး မသေမျိုးအဆင့်မရောက်ခင်မှာ သွန်းလုပ်ခဲ့တယ်။ မှတ်တမ်းတွေအရ ရှေးဟောင်းခေတ်ကလူတွေဟာ တောင်တန်းတစ်ရာကြားမှာ ပိတ်မိပြီး ရှေ့ဆက်သွားလို့လည်းမရ အပြင်လောကနဲ့လည်း မဆက်သွယ်နိုင် ဖြစ်နေခဲ့တယ်တဲ့။
ယင်ထန်မသေမျိုးက ပုဆိန်တစ်လက်သွန်းလုပ်တယ်။ တောင်တန်းတွေကိုခွဲပြီး လမ်းကြောင်းတစ်ခုဖန်တီးခဲ့တယ်။ ဒါကြောင့် အဲဒီ့ရှေးဟောင်းခေတ်ကလူတွေက ဒီပုဆိန်ကို တောင်ခွဲပုဆိန်ဆိုပြီး လေးလေးစားစားခေါ်ခဲ့ကြတယ်"
ထို့နောက် အလွတ်သင်ဆရာ၏လေသံက ပိုတင်းမာလာသည်။
"ဒါပေမယ့်အခုကြည့်ဦး။ မင်းတို့အားလုံး စက္ကူအလွတ်တွေပဲ ပြန်အပ်ကြတယ်။ ဒါပေမယ့် အဖြေရေးတဲ့လူတွေလည်း ရှိပါတယ်။
မုန်ကျင်းယုလိုမျိုးပေါ့။ ကဲ၊ မင်းဘာရေးထားလဲဆိုတာ အားလုံးကြားအောင် ပြောစမ်းပါဦး"
မနေ့က နတ်မယ်ပြောပြသည့် ဇာတ်လမ်းကို မုန်ကျင်းယု ယုံကြည်ချက်အပြည့်ဖြင့်ပြောသည်။
"ရှေးဟောင်းခေတ်မှာ ယင်ထန်မသေမျိုးက ငွေကြေးချို့တဲ့ပြီး အခက်ကြုံတယ်။ ဘဝရပ်တည်ဖို့အတွက် တောင်တန်းတွေကို တူးဖြိုပြီးလမ်းဖောက်တယ်။ ပြီးတော့ လမ်းကြေးကောက်တယ်။
သူဖောက်ထားတဲ့လမ်းမှာ ပုဆိန်ကို ကန့်လန့်ဖြတ်ချထားပြီး ခရီးသွားတွေကို 'ဒီတောင်ကို ငါခွဲထားတာ။ ဒီသစ်ပင်တွေလည်း ငါစိုက်ထားတာ။ ဒီကဖြတ်သွားချင်ရင် လမ်းကြေးငွေ နည်းနည်းချန်ခဲ့ပါ'လို့ သူအမြဲပြောတယ်။
ငွေရပြီးမှ ယင်ထန်မသေမျိုးက ပုဆိန်ကိုဖယ်ပြီး ဖြတ်သွားခွင့်ပေးတယ်။ ဒါကြောင့် ရှေးဟောင်းခေတ်လူတွေက ဒီပုဆိန်ကို တောင်ခွဲပုဆိန်လို့ ခေါ်ခဲ့ကြတာ"
"မင်းဒီအကြောင်းကို စာအုပ်တွေဖတ်ပြီး လေ့လာထားတာလား"
အလွတ်သင်ဆရာ နားမလည်နိုင်အောင်ဖြစ်သွားသည်။ ဘယ်မှောင်ခိုစာအုပ်က ထိုကလေးမကို အသိမှားများပေးလိုက်သည်မသိ။
"ဒီအကြောင်းတွေအားလုံး အကိုလုယန်ပြောပြတာပါ။ ဒီတော့ အမှန်ပဲဖြစ်မှာပါ"
မုန်ကျင်းယု လုယန်ကို အပြည့်အဝယုံကြည်သည်။
"လုယန်လား။ သူ့ကိုခေါ်လိုက်ပါ။ ငါသူနဲ့ ပြောစရာရှိတယ်"
လုယန်အကြောင်း သူကြားဖူးပါသည်။ သို့သော် လုယန်သည် ကျင့်စဉ်ပါရမီကြောင့် နာမည်ကျော်သူဖြစ်သည်။ သမိုင်းပါရဂူမဟုတ်။
နှစ်ပေါင်းများစွာ ရှေးဟောင်းခေတ်အကြောင်း သူပင်ပင်ပန်းပန်းလေ့လာခဲ့သည်။ ရှေးဟောင်းသမိုင်းနှင့်ပတ်သက်လာလျှင် လုယန်ကို သူမကြောက်။
မုန်ကျင်းယုက နတ်မယ်ကို သွားခေါ်သည်။
"အကိုလုယန်၊ အကိုမနေ့ကပြောတဲ့ဇာတ်လမ်းက အမှန်မဟုတ်ဘူးလို့ ဆရာကပြောတယ်"
"အဲ...ငါဘယ်နားမှားလို့လဲ"
နတ်မယ် စဉ်းစားသည်။ တွေးမရ။ သူအမှတ်မှားခြင်းလော...။ မဖြစ်နိုင်။ ယင်ထန်မသေမျိုးကို ထိုသို့လုပ်ဖို့ သူကိုယ်တိုင်အကြံပေးခဲ့ခြင်းဖြစ်သည်။
အလွတ်သင်ဆရာက စံပြအဖြေကို ထပ်ပြောပြသည်။ စာပေပညာရှင်များကြားတွင် လက်ခံထားကြသည့် အဖြေလည်းဖြစ်သည်။
"ကျုပ်ပြောတာလည်း အဲဒီ့အတိုင်းပဲမဟုတ်လား"
နတ်မယ် ပြန်မေးသည်။
အလွတ်သင်ဆရာ ဒေါသထွက်သွားသည်။
"အဓိပ္ပါယ် အများကြီးကွဲတယ်ကွ။ မင်းပြောပုံနဲ့ဆို ယင်ထန်မသေမျိုးက လမ်းပေါ်ထွက်ပြီး ဓားပြတိုက်သလိုဖြစ်နေတယ်"
နတ်မယ်က အကြောမခံဘဲ ပြန်မေးသည်။
"ဘာလို့ဓားပြတိုက်သလို ဖြစ်ရမှာလဲ။ ယင်ထန်က သူ့ပုဆိန်နဲ့ တောင်တွေကိုဖြိုပြီး ပင်ပင်ပန်းပန်းလမ်းဖောက်ရတာ။
သစ်ပင်စိုက်မှော်ပညာသုံးပြီး သစ်ပင်တွစိုက်ခဲ့တာ။ လမ်းကြေးနည်းနည်းပဲတောင်းတာလေ။ အဲဒါ မဖြစ်သင့်ဘူးလား"
"ဒါပေမယ့် ယင်ထန်မသေမျိုးက 'ဒီတောင်ကိုငါခွဲထားတာ'ဆိုတာမျိုးတော့ ပြောမှာမဟုတ်ဘူ"
ထိုစကားက ရှေးဟောင်းမသေမျိုးများ သိက္ခာကျအောင် တမင်အပုပ်ချသည့်စကားဟု သူယူဆသည်။
နတ်မယ် ပို၍ပင် နားမလည်နိုင်အောင်ဖြစ်သွားသည်။
"အဲလိုမပြောရင် ဒီတောင်ကိုခွဲပြီး သူလမ်းဖောက်ထားတယ်ဆိုတာ ဘယ်သူကသိမှာလဲ။ ဘယ်သူကရော လိုလိုလားလားနဲ့ လမ်းကြေးပေးမှာလဲ"
**********************************
အခန်း (၈၅၁) မျှော်လင့်မထားတဲ့ မိတ်ဆွေ
အလွတ်သင်ဆရာ ခွန်းတုံ့ပြန်ရင်ပြင်သည်။ သို့သော် စကားသံ ထွက်မလာ။
လုယန်ပြောသည့်စကားလည်း ယုတ္တိကျသလိုရှိသည်။
"ဒါဆို ကောင်းကင်ခွဲပုဆိန်ကို မင်းဘယ်လိုရှင်းပြမလဲ။ ယင်ထန်မသေမျိုးက ကောင်းကင်မှာ ပုဆိန်နဲ့လမ်းကြောင်းဖောက်၊ 'ဒီကောင်းကင်ကိုငါခွဲထားတာ'လို့အော်ပြီး လမ်းကြေးကောက်၊ ပြီးတော့ ပုဆိန်ကို ဒီနာမည်ပေးခဲ့တာလား"
ကောင်းကင်ခွဲပုဆိန်၏ဇစ်မြစ်ကို သူတွေးဆခဲ့ဖူးသည်။ ဘယ်ရှေးဟောင်းစာအုပ်တွင်မှ မှတ်တမ်းတင်မထား။ ယင်ထန်က ဘာကြောင့်ထိုနာမည်ပေးခဲ့သည်ကိုလည်းမသိ။
ထိုကိစ္စသည် ရှေးဟောင်းခေတ်သမိုင်းလေ့လာသည့် ပညာရှင်များကို အမြဲဒုက္ခပေးခဲ့သည့် ပဟေဠိဖြစ်သည်။ ထင်မြင်ယူဆချက် များစွာရှိသည်။
တစ်ချို့က ယင်ထန်မသေမျိုးသည် ထိုမှော်ပုဆိန်ဖြင့် ကောင်းကင်ကိုခွဲသည်။ ကပ်ဆိုးများကိုခွဲထုတ်ပြီး ယင်နှင့်ယန်ကို ပိုင်းခြားသည်ဟု ဆိုသည်။
တစ်ချို့ကလည်း ထိုပုဆိန်သွန်းလုပ်စဉ်က ကောင်းကင်ကွဲထွက်သည့်နိမိတ်ပေါ်ပြီး ဝိညာဉ်အားလုံး ရှိခိုးဦးညွှတ်ကြသည်ဟု ဆိုသည်။
တစ်ချို့ကလည်း ယင်ထန်သည် ထိုပုဆိန်ဖြင့် မိုးမြေကိုပုံစံအသစ်ပြောင်း၍ မြေ၊ မီး၊ လေ၊ လျှပ်စီးမိုးကြိုးစွမ်းအားများ ဖန်တီးတိုင်သည်ဟုပင် ဆိုကြသည်။
ရှေးဟောင်းသမိုင်းပညာရှင်များ ထိုကိစ္စနှင့်ပတ်သက်၍ အတောမသတ် ငြင်းခုန်ခဲ့ကြသည်။ အပြီးသတ်ကောက်ချက် မချနိုင်ခဲ့ကြ။ အားလုံးက ထင်မြင်ချက်များသာဖြစ်သည်။ သက်သေမရှိ။
"ယင်ထန်မသေမျိုးက ဒီနာမည်အရမ်းကောင်းတယ်ထင်လို့ ရွေးခဲ့တာလေ။ တစ်ခြား ဘာအကြောင်းရှိရဦးမှာလဲ"
နတ်မယ် အလွတ်သင်ဆရာကို နားမလည်ဟန်ဖြင့် ပြန်ကြည့်နေသည်။
ကျင့်စဉ်ပညာများ မှော်လက်နက်များ၏ နာမည်ကို သိပ်တန်ဆာမဆင်သင့်၊ ရိုးရိုးရှင်းရှင်းသာဖြစ်သင့်သည်ဟု သူအမြဲတွေးသည်။ သေဟန်ဆောင်ပညာ၊ မသေမျိုးလက်သီးပညာ...။
သို့သော် ယင်ထန်ကထိုသို့မဟုတ်။ အလန်းစားနာမည်များကိုသာ စဉ်းစားသည်။ တောင်ခွဲပုဆိန်၊ ကောင်းကင်ခွဲပုဆိန်၊ ကပ်ဆိုးမီးဖို၊ စကြာဝဠာခေါင်းလောင်း စသဖြင့်ရှိသည်။
"ရယ်စရာကောင်းလိုက်တာ။ ယင်ထန်မသေမျိုးဆိုတာ ဘယ်လိုပုဂ္ဂိုလ်လဲ။ သူရွေးတဲ့နာမည်တွေနောက်မှာ နက်ရှိုင်းတဲ့အဓိပ္ပါယ် ရှိကိုရှိရမယ်"
အလွတ်သင်ဆရာ နတ်မယ်စကားကို မယုံကြည်။ ယုတ္တိမရှိဟု ယူဆသည်။
"ဥပမာ ဒဏ္ဍာရီ ကပ်ဆိုးမီးဖို တို့လိုမျိုးပေါ့။ ရှေးဟောင်းကျမ်းတွေမှာ သေချာမှတ်တမ်းတင်ထားတာပဲ။ ယင်ထန်မသေမျိုးဟာ တစ်ခါက ဒီမီးဖိုနဲ့ ကပ်ဆိုးတွေကို သန့်စင်ခဲ့ဖူးတယ်။
ဒါကြောင့် ကပ်ဆိုးမီးဖိုလို နာမည်တွင်ခဲ့တာ"
"ဪ...အဲဒါလား။ အဲဒါက ငါ-..."
နတ်မယ် ကိုယ့်အကြောင်းကိုယ် ထုတ်ပြောမိတ်မတတ်ဖြစ်သွားသည်။
"...ယင်ထန်က ဒီမီးဖိုနဲ့ ကပ်ဆိုးသားရဲတစ်ကောင်ကို ချက်ပြုတ်ခဲ့ဖူးတယ်။ ဒါကြောင့် ဒီနာမည်ပေးခဲ့တာပါ"
ကပ်ဆိုးမျိုးနွယ်။ ရှေးဟောင်းနတ်ဆိုးလေးမျိုးထဲမှ တစ်မျိုးဖြစ်သည်။
ထိုကပ်ဆိုးမီးဖိုကို နတ်မယ်တကယ်လွမ်းမိသည်။ ထိုမီးဖိုမရှိဘဲ ဟင်းချက်ရသည်မှာ တစ်ခုခုလိုနေသလို ခံစားရသည်။
(**နွားလိုအကောင်ဟု ဆိုပါသည်။ သူသွားလေရာတွင် အဆိပ်ကျသည်။ ရေများခမ်းသွားသည်။ မြက်များခြောက်သွားသည်)
အလွတ်သင်ဆရာ ခဏတုံ့ဆိုင်းသွားသည်။ သူပြန်မငြင်းနိုင်။ ရုတ်တရက် 'ဟင်းချက်ကျမ်း'ဆိုသည့် စာအုပ်မျိုး ယင်ထန်ရေးဖူးကြောင်း သူသတိရလာသည်။
ထိုစာအုပ်တွင် ကပ်ဆိုးသားရဲချက်ပြုတ်နည်းအကြောင်း ဖော်ပြထားသည်။ လုယန်စကားက ယုတ္တိကျသလိုဖြစ်နေသည်။
ယင်ထန်၏ နာမည်ပေးစွမ်းရည်က တကယ်ထိုမျှနိမ့်သလော...
"လုယန်၊ မင်းရှေးဟောင်းသမိုင်းကို နည်းနည်းနားလည်တယ်ဆိုရင် တရားဝင်ဆွေးနွေးဖို့ ငါတို့တော်ဝင်ကျောင်းတော်ကို လိုက်ခဲ့ရဲလား"
ထိုအလွတ်သင်ဆရာနာမည်က ယဲ့ကုဖြစ်သည်။ မုန်မိသားစုဝင်မဟုတ်။ တော်ဝင်ကျောင်တော်မှ ရာဇဝင်ဆရာဖြစ်သည်။ အခကြေးငွေကောင်းကောင်းရသဖြင့် မုန်မိသားစုကိုယ်ပိုင်ကျောင်းတွင် စာသင်နေခြင်းဖြစ်သည်။
"အခုလား"
"အခုပဲ"
နတ်မယ်ကို သူပြန်မချေပနိုင်သဖြင့် တော်ဝင်ကျောင်းတော်တွင် အကူအညီရှာလိုခြင်းဖြစ်သည်။
သူ့နောက်ဆုံးစကားကြောင့် အောက်ဘက်မှ မုန်မိသားစုတပည့်များ ပျော်ရွှင်စွာ အော်ဟစ်ကြသည်။ ယဲ့ကု တော်ဝင်ကျောင်းသို့ပြန်လျှင် ယနေ့သူတို့ စာသင်စရာမလိုတော့။
ယဲ့ကုက ထိုကလေးများကို ခပ်တင်းတင်း တစ်ချက်ကြည့်သည်။ မိတ္တူပွားထားသည့် အိမ်စာများကို ဝေပေးခိုင်းသည်။ ချက်ချင်းဆိုသလို စိတ်ပျက်လက်ပျက် ညည်းညူသံများ ပေါ်လာသည်။
အင်ပါယာရှားက ကိုယ်ပိုင်ကျောင်းထဲသို့မဝင်။ အပြင်ဘက်တွင် ရပ်စောင့်နေသည်။ လုယန်ထွက်လာသည်ကို သူမြင်ရသည်။
"မင်းဘယ်သွားမလို့လဲ"
"တော်ဝင်ကျောင်းကို။ ရှေးဟောင်းသမိုင်းကို ကျုပ်အတော်ကျွမ်းကျင်လို့ ဒီလူက ကျောင်းတော်မှာ သင်ကြားပို့ချဖို့ ဖိတ်ခေါ်နေတယ်"
နတ်မယ် ပျော်ရွှင်စွာ ကြေညာသည်။
အင်ပါယာရှား တွေးရခက်သွားသည်။ တော်ဝင်ကျောင်းသည် ခေါင်းမာပြီး ပြောရဆိုရခက်သည့် စာပေပညာရှင်အဘိုးကြီးများ ပြည့်နေသည့်နေရာဖြစ်သည်။ သူတို့က လုယန်ကို သင်ကြားပို့ချစေချင်သည်တဲ့လား...
"ငါမင်းကို တရားဝင်ဆွေးနွေးဖို့ ဖိတ်ခေါ်တာပါ"
ယဲ့ကုက စကားပြင်ပေးသည်။
"ကျုပ်ကို လက်တွေ့စိန်ခေါ်ချင်လို့ မဟုတ်လား။ ဟားဟား၊ ကျုပ်နားလည်ပါတယ်"
နတ်မယ်က ယဲ့ကု၏ သိပ်မလျှို့ဝှက်သည့်ရည်ရွယ်ချက်ကို ထိုးဖောက်မြင်သည်။
လုယန်၏နောက်လိုက်ဖြစ်သည့် အင်ပါယာရှားလည်း တော်ဝင်ကျောင်းတော်သို့ လိုက်သွားသည်။
တော်ဝင်ကျောင်းတော်သည် မဟာရှားမှ နာမည်ကျော်အဖွဲ့အစည်းတစ်ခုဖြစ်သည်။ သို့သော် တစ်ခြားကျောင်းများနှင့်မတူ။ ကျင့်ကြံမှုကို အလေးမပေး။ သမိုင်းလေ့လာမှုကို အလေးပေးသည်။
မဟာချန်ခေတ်၊ မဟာယုခေတ် သမိုင်းအချက်အလက်များစွာရှိသည်။ ကျောင်းတော်၏ သုတေသနလေ့လာမှုများ၏ အကျိုးကျေးဇူးဖြစ်သည်။
အသိခက်ဆုံး မကြာခဏငြင်းခုန်ရဆုံးဖြစ်သည့် ရှေးဟောင်းခေတ်သမိုင်းကိုလည်း ကျောင်းတော်တွင် လေ့လာကြသည်။
ကျောင်းတာ်၏လမ်းတစ်လျှောက် တစ်ယောက်နှင့်တစ်ယောက် ဣန္ဒြမဆည်နိုင်အောင် ငြင်းခုန်နေသည့် ပညာရှင်များကို တွေ့ရသည်။ ကိုယ်ပိုင်အမြင်ကိုသာ ကိုင်စွဲထားသည်။ ဘယ်သူမှအလျှော့မပေး။
"ဒီဟင်းချက်ကျမ်းမှာ ချက်တဲ့ပြုတ်တဲ့အခါ စက္ကန့်ကို စံသတ်မှတ်ချက်အဖြစ် ထားရမယ်လို့ ပြောထားတယ်လေ။ ဘယ်လိုလုပ်မှားနိုင်မှာလဲ"
"စာလုံးပေါင်းမှားတာပါ။ ရေးတဲ့စာလုံးမှားသွားတာပဲ ဖြစ်ရမယ်"
"ဘာလို့ စာလုံးပေါင်းမှားရမှာလဲ။ ယင်ထန်က ဆားကိုကြိုက်လို့ပဲ ဖြစ်ရမယ်။ ယင်ထန်မသေမျိုးက အင်အားကြီးရန်သူတွေကို အနိုင်ယူပြီးတဲ့တိုင်း မာန်ပါပါနဲ့အမြဲပြောတဲ့စကားရှိတယ်။
'ငါစားခဲ့တဲ့ဆားတွေက မင်းလျှောက်ခဲ့တဲ့လမ်းတွေထက် ပိုများပါတယ်'တဲ့။ အဲဒါ ခိုင်မာတဲ့သက်သေပဲလေ"
ပညာရှင်သုံးယောက် စကားများကြသည်။ ထိုးကြိတ်တော့မလို ဖြစ်နေကြသည်။
ထိုအဖြစ်ကို လုယန်က သိစိတ်နယ်မြေမှ အသံတိတ်ကြည့်နေသည်။ ယင်ထန်၏ နာမည်ဂုဏ်သတင်းက တကယ်ဖုံးဖိဖို့ခက်လှသည်။
ထို့နောက် ဆွေးနွေးနေသည့် ပညာရှင်များ နောက်ထပ်တွေ့ရသည်။
"ငါလေ့လာကြည့်သလောက်တော့ ယင်ထန်မသေမျိုးရဲ့ အရိယဖလဟာ ကောင်းကင်ဆင်းရဲလျှပ်စီးနဲ့ ဆက်စပ်နေလိမ့်မယ်"
"သိပ်ဖြစ်နိုင်တာပေါ့...အဲ...မင်းပြောလိုက်တာ ဘာရယ်"
"ငါပြောတာက ယင်ထန်မသေမျိုးဟာ...အဲ ဟုတ်သားပဲ။ ငါဘာပြောလိုက်တာဘာလိမ့်"
ပညာရှင်နှစ်ယောက် အချင်းချင်း ကြောင်တက်တက်စိုက်ကြည့်နေသည်။ ခုနက ဘာပြောခဲ့သည်ကို သူတို့မမှတ်မိကြတော့။
ယဲ့ကုက လုယန်နှင့်အင်ပါယာရှားကို ကျောင်းတော်အတွင်းပိုင်းမှ ရိုးရှင်းသည့် သက်ငယ်မိုးတဲအိမ်လေးတစ်ခုဆီ ခေါ်သွားသည်။
တဲအိမ်ထဲတွင် ဖြူရော်သည့်အသားအရေနှင့် သက်ကြီးပိုင်းတစ်ယောက်ရှိသည်။ ကိစ္စတစ်ခုကို စိတ်ပါလက်ပါ ဆွေးနွေးနေသည်။ သူ့မျက်နှာတွင် အပျော်ရိပ်သန်းနေသည်။
ထိုအဘိုးအိုသည် တစ်ခြားမဟုတ်။ ကျောင်းတော်၏ မော်ကွန်းထိန်း ချီရှို့ယာဖြစ်သည်။ ရှေးဟောင်းနှင့်ခေတ်သစ် သမိုင်းကြောင်းအသိတွင် ဆရာတစ်ဆူဟု နာမည်ကျော်သည်။
သမိုင်းအသိဗဟုသုတွင် ပြိုင်ဘက်ကင်းသည်။ အပြင်လောကတွင် 'မော်ကွန်းထိန်းချီ' 'လောင်ချီ'ဟု သိကြသည်။ သူသည် အပြင်လောကသို့ အလွန်ထွက်ခဲသည်။
ထို့ကြောင့် နာမည်ကျော်လုယန်ပင် သူ့အကြောင်း လုံးဝမကြားဖူး။
သူသည် တာအိုရှင်ဝစီပိတ်နှင့်လည်း ရန်ငြှိုးရန်စမရှိ။ အပြင်လောကနှင့် ဘယ်လောက်ကင်းကင်းနေကြောင်း ထိုအချက်က သက်သေခံနေသည်။
သူ့မျက်နှာချင်းဆိုင်ထိုင်နေသူက တံခါးဘက်သို့ ကျောပေးထားသည်။ ထို့ကြောင့် မျက်နှာကိုမမြင်ရ။
ယဲ့ကုဝင်လာသည်နှင့် ချီရှို့ယာ ပြုံး၍မေးသည်။
"ရှောင်ကု၊ ဒီလိုအချိန်ဆို မုန်မိသားစုမှာ စာသင်နေရမှာမဟုတ်လား။ ဘာလို့ဒီကိုရောက်လာတာလဲ"
"ဆရာ၊ မုန်အိမ်တော်မှာ ကျုပ်စာသင်ရင်း တောင်ခွဲပုဆိန်ရဲ့ နောက်ခံဇာတ်လမ်းကို ဆွေးနွေးဖြစ်ပါတယ်။ လုယန်ဆိုတဲ့ ဒီမိတ်ဆွေက ပုဆိန်ဇစ်မြစ်နဲ့ပတ်သက်ပြီး နောက်ထပ်အယူဆသစ်တစ်ခုကို ပြောပြပါတယ်"
ယဲ့ကုက နတ်မယ်ပြောခဲ့သည့်စကားကို ထပ်ပြောပြသည်။ ချီရှို့ယာ မုတ်ဆိတ်ကိုသပ်ရင်း အသံတိတ်သွားသည်။
"စိတ်ဝင်စားစရာရှုထောင့်တစ်ခုပဲ။ ဒါပေမယ့် သက်သေတော့မရှိဘူးမို့လား"
နတ်မယ်စကား မှန်မမှန်မသိသဖြင့် သူ့ရှေ့တွင်ထိုင်နေသူထံ အကြံတောင်းသည်။
"မိတ်ဆွေကျင်းရော ဘယ်လိုမြင်လဲ"
ချီရှို့ယာက လုယန်တို့ကို မိတ်ဆွေကျင်းနှင့် မိတ်ဆက်ပေးသည်။
"ကျုပ်မိတ်ဆက်ပေးမယ်။ ဒါက ကျုပ်နဲ့အခုမှဆုံဖူးတဲ့ တာအိုရှင်ကျင်းပါ။ အသက်ငယ်ပေမယ့် ရှေးဟောင်းခေတ်သမိုင်းနဲ့ပက်သက်ပြီး ထူးခြားတဲ့ ထိုးထွင်းသိမြင်မှုမျိုးရှိတယ်။
ခဏလေးစကားပြောတာတောင် ကျုပ်အများကြီး အမြင်ကျယ်သွားပါတယ်"
တာအိုရှင်ကျင်းက ခဏစဉ်းစားပြီးနောက် ပြန်ပြောသည်။
"ဟုတ်တယ်၊ ယင်ထန်မသေမျိုး နာမည်မရခင် အစောပိုင်းနှစ်တွေမှာ ကျင့်ကြံမှုအထောက်အပံ့ ပြတ်သွားလို့ တောင်ခွဲပုဆိန်ကိုသုံးပြီး လမ်းကြေးကောက်ခဲ့တယ်လို့ ကြားဖူးတယ်။
'ဒီတောင်ကိုငါခွဲထားတာ'ဆိုတာမျိုးတောင် သူပြောတယ်တဲ့"
...ထူးဆန်းတယ်။ ဒီနေ့ခေတ်လူတွေကတော့ ဒီအကြောင်းကို မသိကြလောက်ဘူး...
တာအိုရှင်ကျင်း ထရပ်၍ နည်းနည်းအံ့ဩနေသည့် အမူအရာဖြင့် လုယန်ကို လှည့်ကြည့်လာသည်။
တာအိုရှင်ကျင်း၏မျက်နှာကို လုယန် ရှင်းလင်းစွာမြင်လိုက်ရသည်။ နူးညံ့သည့်အသားအရေ၊ ချစ်စရာမျက်နှာပေါက်နှင့် သေးသေးကွေးကွေး ကောင်မလေးတစ်ယောက်ဖြစ်သည်။
သေးသွယ်သည့်သူ့မျက်နှာက တင်းမာသည်။ အရယ်အပြုံးမရှိ။
တာအိုရှင်ကျင်းကို လုယန်မသိ။ သို့သော် နတ်မယ်က သိသည်။
ထိုကောင်မလေးသည် ချုန်းချီမျိုးနွယ်၏ ဘိုးဘေးငယ် ကျင်းချိုင်ဝေပင်ဖြစ်သည်။
******************************
အခန်း (၈၅၂) ကျင်းချိုင်ဝေ
နတ်မယ်က ကျင်းချိုင်ဝေကို မှတ်မိသလို ကျင်းချိုင်ဝေကလည်း လုယန်ကိုမှတ်မိသည်။
ချုန်းချီမျိုးနွယ်ခေါင်းဆောင်ကျင်းချွဲ့ နောက်ဆုံးတစ်ခေါက်ပြန်လာစဉ်က တာအိုလမ်းစဉ်ဂိုဏ်းနှင့် ပူးပေါင်းဖို့ကိစ္စ အဆိုပြုခဲ့သည်။ ထိုကိစ္စကို သူစဉ်းစားနေသည်။
တာအိုလမ်းစဉ်ဂိုဏ်းသည် သူတို့မျိုးနွယ်နှင့် ပူးပေါင်းဆောင်ရွက်ဖို့ တကယ်အရည်အချင်းမီသည်။ လေဟာနယ်အရိယဖလသန္ဓေပိုင်ရှင် မသေမျိုးတစ်ဝက် ပင်လယ်တာအိုသခင်ရှိနေသောကြောင့်ဖြစ်သည်။
သို့သော် ကျင်းချိုင်ဝေသည် ဘာမဆို တစ်ယောက်တည်းသာလုပ်လေ့ရှိသည်။ တစ်ခြားလူများနှင့် ပူးပေါင်းဆောင်ရွက်ရသည်ကို မကြိုက်။
နောက်ပိုင်းတွင် ချုန်းချီမျိုးနွယ်ထက် သာလွန်သည့် လက်ရှိအင်အားစုများကို သူစာရင်းပြုစုကြည့်ခဲ့သည်။ မဟာမိတ်ဖွဲ့မထားလျှင် မဟာကပ်ကာလ၌ နေရာတစ်ခုရဖို့ တကယ်ခက်ခဲမည်ဖြစ်ကြောင်း သူသိလာသည်။
ကျူးထန်က နတ်ဆိုးနယ်မြေကို အုပ်ချုပ်သည်။ သူ့လက်အောက်တွင် ကူးဖြတ်ခြင်းအဆင့် ဆယ်ယောက်ကျော်ရှိသည်။ ကျန်းလျန်ယိနှင့် အောင်းလင်းတို့ နိုးထလာသည်။ ထိုရှေးဟောင်းစွမ်းအားရှင်သုံးယောက်ကို သူအနိုင်မယူနိုင်။
ဗုဒ္ဓနိုင်ငံတွင် မသေမျိုးတစ်ဝက်တစ်ယောက်ရှိသည်ဟု ယူဆထားသည်။ ထိုမသေမျိုးနှင့် တကယ်တမ်းတိုက်ခိုက်ကြလျှင် သူ့ကိုယ်တိုင်ကတော့ ကြောက်ချင်မှကြောက်မည်။ သို့သော် ချုန်းချီမျိုးနွယ်အင်အားဖြင့် ဗုဒ္ဓနိုင်ငံကို အနိုင်ယူဖို့တော့ လုံးဝမဖြစ်နိုင်။
မဟာရှားနိုင်ငံအင်အားက ခန့်မှန်းရခက်သည်။ မသေမျိုးများ ရှိနိုင်ခြေများသည်။ ယှဉ်၍မရနိုင်။
ရှေးဟောင်းကောင်းကင်ရုံးတော်က ပို၍ပင်ရင်ဆိုင်ရခက်ဦးမည်။ မသေမျိုးနှစ်ယောက်ရှိသည်။
မဟာယုအင်အားစုတွင် မဟာစွမ်းအားရှင်ကြီးသုံးယောက်ဖြစ်သည့် ပထမအင်ပါယာယုနှင့် နိုင်ငံ့ဆရာနှစ်ယောက်ကို သူမယှဉ်နိုင်။
မဟာချန်အင်အားစုအကြောင်း ဘာမှမသိရသေး။
ထို့ပြင် အရှေ့ပင်လယ်၌ အမည်မသိမသေမျိုးတစ်ယောက် ပေါ်လာသည်။ ထိုမသေမျိုးနောက်တွင် ဘယ်အဖွဲ့အစည်းရှိနေမှန်း မသိရ။ သို့သော် အနိုင်ယူဖို့တော့ လုံးဝမဖြစ်နိုင်။
မုန်မိသားစုသည် စွမ်းအားမြင့်ရန်သူများကြားတွင် ယနေ့ထိ ရှင်သန်ရပ်တည်နိုင်ခဲ့သည်။ သို့ဆိုလျှင် သူတို့နောက်ကွယ်တွင် မသေမျိုးတစ်ဝက်အဆင့်တစ်ယောက်တော့ ရှိပေလိမ့်မည်။
ယခုပြောခဲ့သမျှ စာရင်းထဲတွင် ယင်ထန်တို့ရှေးဟောင်းမသေမျိုးသုံးယောက်ကို ထည့်မတွက်သေး။
(**သူသည် ချီလင်နှင့်ဇာတ်ရှုပ်ခဲ့ဖူးသူဖြစ်၍ ချီလင်ကို ပြိုင်ဘက်အဖြစ်ထည့်တွက်စရာမလို)
ပြိုင်ဘက်များကို ရေတွက်ကြည့်ပြီးနောက် ကျင်းချိုင်ဝေ တဖြေးဖြေးစိုးရိမ်ပူပန်လာသည်။ ချီလင်မသေမျိုးပေါ်မလာလျှင် နံပတ်ဆယ့်တစ်နေရာချိတ်ဖို့ပင် မဖြစ်နိုင်ကြောင်း နားလည်လာသည်။
လက်ရှိထိပ်သီးအဖွဲ့အစည်းများတွင် တစ်ချို့က အင်အားတောင့်သည်။ တစ်ချို့က ချမ်းသာကြွယ်ဝသည်။ ချုန်းချီမျိုးနွယ်အနေဖြင့် ပူးပေါင်းဖို့အဆင်မပြေ။ တစ်ချို့က မသေမျိုးများရှိသည်။ အထက်စီးနေရာမျိုး ရဖို့မလွယ်။
ထိုသို့စဉ်းစားကြည့်လိုက်လျှင် တာအိုလမ်းစဉ်ဂိုဏ်းတစ်ခုသာ သူတို့နှင့်ပူးပေါင်းဖို့ သင့်တော်သည်။ နှစ်ဘက်လုံး မသေမျိုးတစ်ဝက်များရှိသည်။ လူအင်အားချင်းလည်း တန်းတူလောက်ရှိသည်။
ရှောင်ချွဲ့ပြောသည့်စကား မှန်သည်။ တာအိုလမ်းစဉ်ဂိုဏ်းနှင့် မဟာမိတ်ဖွဲ့ဖို့ စဉ်းစားသင့်သည်။
ထို့ကြောင့်လည်း တာအိုလမ်းစဉ်ဂိုဏ်းသို့သွားပြီး လေ့လာကြည့်ဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ သို့သော် ဂိုဏ်းသို့တန်းမသွားသေး။ ထိုမျှတိုက်ရိုက်ဆန်လွန်းလျှင် သိပ်မကောင်း။
ထို့ကြောင့် မဟာရှား၏ကျင့်ကြံမှုဗဟိုဖြစ်သည့် နန်းမြို့တော်သို့ သူဦးတည်ခဲ့သည်။ တာအိုလမ်းစဉ်ဂိုဏ်းအပေါ် ကျင့်ကြံသူများ ဘယ်လိုအမြင်ရှိသည်ကို လေ့လာသည်။
နန်းမြို့တော်တွင် ရှိနေစဉ်အတွင်း တော်ဝင်ကျောင်းတော်က ရှေးဟောင်းခေတ်သမိုင်းကို လေ့လာနေကြောင်း သူကြားသည်။
ထို့ကြောင့် ကျောင်းတော်၏လေ့လာမှု ဘယ်လောက်ခရီးရောက်သည်ကို လာကြည့်သည်။ ထိုမှတစ်ဆင့် မော်ကွန်းထန်း ချီရှို့ယာနှင့် အမှတ်မထင်ဆုံရခြင်းဖြစ်သည်။
သို့သော် လုယန်ကို ဤနေရာတွင်တွေ့ရမည်ဟု သူထင်မထားခဲ့။
တာအိုလမ်းစဉ်ဂိုဏ်း၏ ဂိုဏ်းချုပ်လောင်း။ ပင်လယ်တာအိုသခင်အလေးပေးခံရသူ။ ကျင့်ကြံမှုပါရမီရှင်လုယန်သည် သူအဓိကစုံစမ်းဖို့ ရည်ရွယ်ထားသည့်လူဖြစ်သည်။
ယခု လုယန်က ယင်ထန်မသေမျိုး၏ လျှို့ဝှက်ချက်တစ်ချို့ကို သိနေသည်။ သူ့ကိုယ်ပိုင်လျှို့ဝှက်ချက်တစ်ချို့ ရှိပုံရသည်။
"ဪ...ကျားပေါက်လေးပါလား"
နတ်မယ်က ကျင်းချိုင်ဝေကို လက်ညှိုးထိုး၍ ရယ်လိုက်သည်။ ထိုကျင်းချိုင်ဝေ ယခုထိ အသက်ရှင်နေဦးမည်ဟု သူထင်မထား။
လူအသွင်မပြောင်းနိုင်ခင်ကတည်းက ကျင်းချိုင်ဝေကို သူပွေ့ချီခဲ့ဖူးသည်။
လုယန်က သူ့သရုပ်မှန်ကို ရုတ်တရက်ထုတ်ပြောလိုက်သဖြင့် ကျင်းချိုင်ဝေ ရင်ထိတ်သွားသည်။ မွှေးညှင်းများ ထောင်ထလာသည်။ မျက်လုံးများက ကျားမျက်လုံးလို အဝါရောင်ပြောင်းသွားသည်။
အံ့ထိတ်လန့်သွားသည့် ကြောင်လေးတစ်ကောင်လို ဖြစ်လာသည်။
လုယန်သည် နတ်ဝိညာဉ်အဆင့်သာရှိသည်။ သူ့မျိုးနွယ်ကို ဘယ်လိုထွင်းဖောက်မြင်နိုင်သည်မသိ။
နတ်မယ် လုယန်ခန္ဓာကိုယ်ကို သုံးနေခြင်းဖြစ်ကြောင်း ပြန်သတိရလာသည်။ ကျင်းချိုင်ဝေကို သူမသိသင့်။ ထို့ကြောင့် ကျင်းချိုင်ဝေရင်ဘတ်မှ ကျောက်စိမ်းတံဆိပ်ကို လက်ညှိုးထိုး၍
"ဪ...မင်းကျောက်စိမ်းတံဆိပ်မှာပါတဲ့ ကျားပေါက်လေးရဲ့ပုံက ချစ်စရာကောင်းလို့ပါ"
ထိုကျားတံဆိပ်သည် ချုန်းချီဘိုးဘေးပေးခဲ့သည့် လက်ဆောင်ဖြစ်သည်။
သူနားလည်မှုလွဲသွားခြင်းဖြစ်ကြာင်း သိလိုက်သဖြင့် ကျင်းချိုင်ဝေ သက်ပြင်းတစ်ချက်ချသည်။
"နတ်မယ်၊ သူကဘယ်သူလဲ"
နတ်မယ် ချော်လဲရောထိုင် လုပ်လိုက်ခြင်းဖြစ်ကြောင်း လုယန်ရိပ်မိသည်။
"ငါတို့ ချုန်းချီသင်္ချိုင်းကိုသွားတုန်းက ချုန်းချီအိုရဲ့ ခေါင်းတလားတစ်ခုတွေ့ခဲ့တာ နင်မှတ်မိသေးလား။ အဲဒီ့ချုန်းချီမှာ ကျင်းချိုင်ဝေဆိုတဲ့ သမီးတစ်ယောက်ရှိတယ်။
အဲဒီ့ကောင်မလေးက ချီလင်မသေမျိုးနဲ့ အရမ်းရင်းနှီးတယ်။ ရှောင်လင်းတို့ လျန်ယိတို့နဲ့တော့ မျက်နှာကြောမတည့်ဘူးပေါ့။ အဲဒီတုန်းက ငါတွေးမရဖြစ်နေတာ။
ချုန်းချီအိုက သက်တမ်းကုန်လို့ သေသွားတယ်။ ကျင်းချိုင်ဝေက ကူးဖြတ်ခြင်းအဆင့်ပဲရှိခဲ့တာဆိုတော့ ချုန်းချီအိုထက်အရင် သေခဲ့သင့်တာပေါ့။
ဒါပေမယ့် အဲဒီ့ရှေးဟောင်းသင်္ချိုင်းမှာ ကျင်းချိုင်ဝေရဲ့ ခေါင်းတလားမတွေ့ဘူးလေ။
အခုမှပဲ ငါသဘောပေါက်တယ်။ ဒီကျားမလေးက မသေမျိုးတစ်ဝက်အဆင့်ကိုရောက်ပြီး ဂူအောင်းအိပ်စက် နေခဲ့တာပဲ။ အခုမှ နိုးထလာတာဖြစ်မယ်"
"မသေမျိုးတစ်ဝက်လား"
လုယန် မျက်လုံးပြူးသွားသည်။ နောက်ထပ်မသေမျိုးတစ်ဝက်တစ်ယောက် ထပ်ပေါ်လာသည်။ ရှားပါးသည်ဟူသည့် မသေမျိုးတစ်ဝက်များ မုန်လာဥကန်စွန်းဥလို မကြာခဏထွက်ပေါ်နေသည်။
အောင်းလင်းနှင့် ကျန်းလျန်ယိလိုမဟုတ်။ ကျင်းချိုင်ဝေက နတ်မယ်အကြောင်းကို မမှတ်မိ။ ချီလင်ကလည်း မက်ဆေ့မချန်ခဲ့။ ထို့ကြောင့် သူနှင့်ရင်းရင်းနှီးနှီးပေါင်းသင်းဖို့ မဖြစ်နိုင်။
လူသား၊ နတ်ဆိုးနှင့် မသေမျိုးတို့ကြားမှ ရှုပ်ထွေးသည့် ဆက်နွယ်မှုကို မော်ကွန်းထိန်းချီ ဘာမှမရိပ်မိ။ ကျင်းချိုင်ဝေက လုယန်အယူအဆကို ထောက်ခံသဖြင့် စိတ်ဝင်စားမှုကြောင့် သူ့မျက်နှာပြုံးရွှင်လာသည်။
ကျင်းချိုင်ဝေ၏စွမ်းရည်ကို သူသိပြီးဖြစ်သည်။ ရှေးဟောင်းသမိုင်းကို သူ့ထက်ပိုနားလည်သည်။
သို့ဆိုလျှင် လုယန်ပြောသည့်အဖြစ်အပျက်က သမိုင်းအမှန်ဖြစ်မည်။ တောင်ခွဲပုဆိန်သည် ယင်ထန်မသေမျိုး လမ်းဖောက်၍ လမ်းကြေးကောက်ဖို့သုံးခဲ့သည့် မှော်လက်နက်ဖြစ်လိမ့်မည်။
"မိတ်ဆွေလုလည်း ရှေးဟောင်းသမိုင်းကို နက်နက်နဲနဲနားလည်ထားပုံပဲ။ ကျုပ်မေးချင်တာ တစ်ခုရှိသေးတယ်။ မိတ်ဆွေတို့နှစ်ယောက်လုံး ဖြေပေးစေချင်ပါတယ်"
အင်ပါယာရှားက တောင်ခွဲပုဆိန်၏သမိုင်းကြောင်းကို နားထောင်ရင်း အံ့ဩနေသည်။
"မေးပါ"
နတ်မယ်ကပြောသည်။ ကျင်းချိုင်ဝေဘေးမှ ထိုင်ခုံတွင် ဝင်ထိုင်သည်။
ကျင်းချိုင်ဝေသည် အတော်သတိထားတတ်သူဖြစ်သည်။ လူစိမ်းများနှင့် သိပ်အရောဝင်လေ့မရှိ။ သို့သော် ဘာကြောင့်မှန်းမသိ။ လုယန် သူ့ဘေးတွင်လာထိုင်သော်လည်း အနေခက်သလိုမခံစားရ။
မော်ကွန်းထိန်းချီက စိတ်အားထက်သန်စွာမေးသည်။
"ဒဏ္ဍာရီက ဒီလိုရှိတယ်။ ရှေးဟောင်းခေတ်က ယင်ထန်မသေမျိုးနဲ့ အချိန်မသေမျိုးဟာ မသေမျိုးအဆင့်ကိုရောက်ပြီးတော့ လကမ္ဘာပေါ်မှာ တိုက်ခိုက်ကြတယ်။
ဒါပေမယ့် ဒီတိုက်ပွဲကိုကြည့်ဖို့ အရည်အချင်းမီတဲ့လူ မရှိသလောက်ပဲတဲ့။ အဲဒီတိုက်ပွဲအကြောင်း မိတ်ဆွေတို့သိသလား။ နောက်ဆုံးမှာ ဘယ်သူနိုင်သွားလဲသိသလား"
ခဏစဉ်းစားပြီးနောက် ကျင်းချိုင်ဝေ ယုံကြည်ချက်အပြည့်ဖြင့် ပြောသည်။
"ဒီအကြောင်း ကျွန်မကြားဖူးတယ်။ ယင်ထန်မသေမျိုးနဲ့ အချိန်မသေမျိုးတို့ရဲ့ ကျင့်စဉ်ပညာတွေက အခြေခံသဘာဝချင်း ကွဲပြားတယ်။ ဒီတော့ သူတို့တာအိုကို သက်သေပြဖို့ လက်ရည်စမ်းတိုက်ခိုက်ဖို့လိုတယ်။
အဲဒီ့တိုက်ပွဲမှာ ယင်ထန်က ကောင်းကင်ခွဲပုဆိန်နဲ့ တစ်လောကလုံး အံ့ဩဘနန်းဖြစ်ရတဲ့ စွမ်းအားကိုပြတယ်။ မိုးမြေကို တကယ်ခွဲတော့မလိုပဲတဲ့။
လောကသစ်ပင်ကမွေးဖွားလာတဲ့ အချိန်မသေမျိုးက သစ်သားဓာတ်စွမ်းအားကို ပိုင်ဆိုင်တယ်။ သစ်ပင်တွေကို ထိန်းချုပ်နိုင်စွမ်းရှိတယ်။ သက်တမ်းရင့်သစ်ပင်တွေက ကောင်းကင်ကို အဆုံးမရှိ ထိုးတက်သွားတယ်။ သာမန်ကြည့်ရုံနဲ့ သစ်ပင်ထိပ်ဖျားကို မမြင်ရဘူး။
မသေမျိုးနှစ်ယောက် အံ့ဖွယ်စွမ်းအားကိုယ်စီနဲ့ တိုက်ခိုက်ကြတယ်။ အတုမဲ့အဖျက်စွမ်းအားနဲ့ အဆုံးမရှိတောက်ပနေတဲ့ အမြင့်ဆုံးအသက်ဓာတ်စွမ်းအားကို ပြကြတယ်။ သစ်ပင်တွေကို ယင်ထန်ကခုတ်ချတယ်။ ဒါပေမယ့် ပြတ်သွားတဲ့သစ်ကိုင်းတွေကနေ အပင်သစ်တွေ ပြန်ပေါ်လာတယ်။
အဲလိုအဆုံးမရှိ ပြန်ရှင်သန်နေတော့ လကမ္ဘာတစ်ခုလုံး သစ်ပင်တွေပြည့်သွားတယ်။ တိုက်ပွဲကို အဝေးကကြည့်နေတဲ့ ကျင့်ကြံသူတွေ တုန်လှုပ်ခြောက်ခြားသွားတယ်။ စွမ်းအားဂယက်လှိုင်းတွေ ထိမှာစိုးလို့ အနားကိုမကပ်ရဲကြဘူး။ နောက်ဆုံးမှာ ဘယ်သူမှ အနိုင်မရဘဲ သရေပွဲနဲ့အဆုံးသတ်သွားတယ်တဲ့"
ထိုတိုက်ပွဲကို ကိုယ်တိုင်မမြင်ခဲ့ရသော်လည်း သူ့အဖေချုန်းချီကိုယ်တိုင် ပြောပြခဲ့သည့် ဇာတ်လမ်းဖြစ်သည်။ အမှန်ဖြစ်မည်ဟု သူယုံကြည်သည်။
ယခုပင် ထိုတိုက်ပွဲမြင်ကွင်းကို စိတ်ကူးကြည့်ရင်း သူ့ကျောရိုးထဲမှ စိမ့်တက်လာသည်။ မသေမျိုးတို့၏ တိုက်ခိုက်စွမ်းအားက တကယ်ကြောက်စရာကောင်းလွန်းသည်။
"အား..အဲလိုဖြစ်ခဲ့တာလား။ ယင်ထန်နဲ့အချိန်မသေမျိုးတို့ အရက်မူးရင်း စကားများပြီး လက်ရည်စမ်းခဲ့တာမဟုတ်ဘူးလား။ ယင်ထန်က သူ့ပုဆိန်ခုတ်ချက် ဘယ်လောက်မြန်ကြောင်းကြွားတယ်။
အချိန်မသေမျိုးကလည်း သူ့သစ်ပင်စိုက်ပညာ ဘယ်လောက်မြန်ကြောင်း ကြွားလုံးထုတ်တယ်။ နှစ်ယောက်လုံး ဘယ်သူမှ အလျှော့မပေးချင်ကြဘူး။ ဒါကြောင့် လကမ္ဘာပေါ်မှာ ပြိုင်ဆိုင်ခဲ့ကြတာမဟုတ်လား"
နတ်မယ် ခေါင်းကုတ်နေရင်း ပြောသည်။ သူမှတ်မိနေသည့်အဖြစ်က ကျားမလေးပြောသည်နှင့်မတူ။
"ယင်ထန်က ပုဆိန်နဲ့ မနားတမ်းခုတ်တယ်။ အချိန်မသေမျိုးကလည်း သစ်ပင်မနားတမ်းစိုက်တယ်။ နောက်ဆုံးတော့ နှစ်ယာက်လုံး စွမ်းအင်ကုန်ပြီး ခြေကုန်လက်ပန်းကျသွားတယ်။
သူတို့လက်ရည်စမ်းကြလို့ လပေါ်မှာနေတဲ့ ကျောက်စိမ်းယုန်မျိုးနွယ်တွေတောင် ကြောက်လန့်ပြီး ထွက်ပြေးသွားတယ်လေ"
***************************