← Chapters

အခန်း (၈၅၃-၈၅၅)

Vol. 57 Ch. 853-855

အခန်း (၈၅၃-၈၅၅)

Vol. 57 Ch. 853-855

အခန်း (၈၅၃) ချီလင်၏မိန်းမများ

"အဲလိုလား"

မော်ကွန်းထိန်းချီ တွေးနေသည်။ လုယန်ပြောသည့် ဇာတ်လမ်းနှင့်စာလျှင် ကျင်းချိုင်ဝေပြောသည့် ဇာတ်လမ်းကသာ သူနားလည်ထားသည့် မသေမျိုးတို့၏ ခံ့ညားထည်ဝါသည့်ပုံရိပ်နှင့် ပိုကိုက်ညီသည်။

ကျင်းချိုင်ဝေ တုံ့ဆိုင်းသွားသည်။ လုယန်အဖြေကို ထောက်ခံရမလား ငြင်းပယ်ရမလား မဝေခွဲတတ်တော့။

သူသည် ရှေးဟောင်းခေတ်အဆုံးတွင် မွေးဖွားခဲ့သူဖြစ်သည်။ ထိုအချိန်သည် ပါရမီရှင်များ အဆင့်တက်ဖို့ ယှဉ်ပြိုင်တိုက်ခိုက်ကြသည့် ကာလမဟုတ်တော့။ မသေမျိုးလေးယောက် ဘုန်းမီးနေလ တောက်ပချိန်ဖြစ်သည်။

ကြယ်ကမ္ဘာများကို အုပ်ချုပ်သည်။ သူ့အဖေ ချုန်းချီအိုသည်လည်း ရှေးဟောင်းစွမ်းအားရှင်များထဲတွင် တစ်ယောက်အပါအဝင်ဖြစ်သည်။ မသေမျိုးလေးယောက်ထက် တစ်ဆင့်သာနိမ့်သည်။

ထိုအချိန်က သူ့ကျင့်စဉ်စွမ်းအားသည် မသေမျိုးတိုက်ပွဲလို ဖြစ်ရပ်များတွင် ဝင်ပါနိုင်လောက်အောင် အဆင့်မမြင့်သေး။ သူအဖေပြောပြသည့် ဇာတ်လမ်းများကိုသာ အားထားခဲ့ရသည်။

ယင်ထန်နှင့် အချိန်မသေမျိုးတို့ တိုက်ပွဲအကြောင်းလည်း သူအဖေထံမှတစ်ဆင့် သိခဲ့ရခြင်းဖြစ်သည်။

သမိုင်းဖြစ်ရပ်အတော်များများကို အရှက်မရှိသည့် ယင်ထန်မသေမျိုးက ပြောင်းလဲပြင်ဆင်ခဲ့ကြောင်း ချီလင်မသေမျိုးပြောပြဖူးသည်ကို သူမှတ်မိနေသည်။

အပေါ်ယံမကြည့်ဘဲ အခြေနေမှန်ကို စဉ်းစားသုံးသပ်သင့်ကြောင်း ပြောခဲ့သည်။

လုယန်ပြောသည့်ဇာတ်လမ်းသည် ချီလင်ပြောသည့် 'အခြေနေမှန်'နှင့် ကိုက်ညီနေသည်။

ထို့ပြင် လုယန်ပြောပုံဆိုပုံက သူ့ထက်ပို၍ တိကျသေချာသည်။ အသေးစိတ်အခြေအနေကို ကိုယ်တွေ့မြင်ခဲ့သလို ပြောနေခြင်းဖြစ်သည်။

ကျင်းချိုင်ဝေစိတ်ထဲတွင် ထိုယုံကြည်ချက်မျိုးမရှိ။

"ကျွန်မလည်း မပြောတတ်တော့ဘူး"

ကျင်းချိုင်ဝေ စိတ်ပျက်လက်ပျက် ခေါင်းခါလိုက်သည်။ လုယန်စကားကို သူအတည်ပြုနိုင်စွမ်းမရှိ။

"နားလည်ပါပြီ"

ထိုတိုက်ပွဲက တကယ်အသိခက်သည်ဟု ချီရှို့ယာ တွေးနေသည်။ ရှေးဟောင်းသမိုင်းလက္ခဏာနှင့် တကယ်ပြည့်စုံသည်။

ထို့နောက် ယဲ့ကုကို သူအကြံပေးသည်။

"ရှောင်ကု၊ ရှေးဟောင်းသမိုင်းအကြောင်း နည်းနည်းလေ့လာထားရုံနဲ့ မာန်မတက်ဖို့ မင်းကိုငါ အစကတည်းကပြောတယ်။

ရှေးဟောင်းခေတ်ဆိုတာ ကျင့်ကြံမှုလောကမှာ အခမ်းနားဆုံး အတောက်ပဆုံးကာလပဲ။ အဆုံးမရှိတဲ့ ဒဏ္ဍာရီတွေ ပြည့်နေတယ်။

တစ်သက်လုံးလေ့လာရင်တောင် လျှို့ဝှက်ချက်အားလုံးကို ဖော်ထုတ်နိုင်မှာမဟုတ်ဘူး။

ဒီမိတ်ဆွေလေးနှစ်ယောက်ကိုကြည့်လိုက်။ ရှေးဟောင်းခေတ်နဲ့ပတ်သက်တဲ့ သူတို့အသိက မင်းထက်သာတယ်။

ဒါတောင် အဖြစ်အပျက်တစ်ခုတည်းကို အဖြေနှစ်ခုထွက်လာတယ်။ ရှေးဟောင်းခေတ်သမိုင်းဟာ ဘယ်လောက်လျှို့ဝှက်ဆန်းကျယ်သလဲဆိုတာ ရှင်းနေတာပဲ"

သူ့စကားကြောင့် ယဲ့ကု ကိုယ့်ကိုယ်ကို အတော်ရှက်သွားသည်။

"ကျုပ်မှားမှန်းသိပါပြီဆရာ"

"သိရင် ကောင်းတာပေါ့။ ကဲ..မုန်အိမ်တော်ကို ပြန်သွားပြီး စာသင်တော့"

ချီရှုယာက လုယန်တို့နှစ်ယောက်နှင့် ရှေးဟောင်းခေတ်သမိုင်းကို ဆက်ဆွးနွေးသည်။

"ချီလင်မသေမျိုးမှာ နဂါးဘိုးဘေးနဲ့ ဖီးနစ်ဘိုးဘေးတို့ ဇနီးနှစ်ယောက်ပဲ ရှိတာမဟုတ်ဘူးပေါ့။ ချုန်းချီဘိုးဘေးငယ်လည်း သူ့ဇနီးပဲလား"

ကျန်းလျန်ယိက သူနှင့်အောင်းလင်းသည် ချီလင်၏ဇနီးနှစ်ယောက်ဖြစ်ကြောင်း အများသိကြေညာခဲ့သည်။ ထိုစဉ်က ရှေးဟောင်းသမိုင်းပညာရှင်အသိုင်းအဝိုင်း ဂယက်ထသွားခဲ့သည်။

ယခု ချီလင်တွင် နောက်ထပ်ဇနီးတစ်ယောက်ရှိသည်ဟု သူသိရပြန်သည်။

သူ့ရှေ့မှမိန်းကလေးနာမည်က ကျင်းချိုင်ဝေဖြစ်ကြောင်းသာ ချီရှုယာသိသည်။ ချုန်းချီဘိုးဘေးငယ်၏ နာမည်သည်လည်း ကျင်းချိုင်ဝေဖြစ်ကြောင်း သူမသိ။

ကျင်းချိုင်ဝေသည် အောင်းလင်း၊ ကျူးထန်၊ ကျန်းလျန်ယိတို့လောက် သိပ်နာမည်မကျော်။ နောက်ပိုင်းမျိုးဆက်များက ချုန်းချီဘိုးဘေးအကြောင်းသာ သိသည်။ ဘိုးဘေးငယ်ကျင်းချိုင်ဝေအကြောင်းကို မသိကြ။

"မိတ်ဆွေကျင်းက ဒီအကြောင်းကို ဘယ်ရှေးမှတ်တမ်းထဲမှာတွေ့တာလဲ"

ကျင်းချိုင်ဝေပြောတိုင်းလည်း ချီရှို့ယာ မယုံနိုင်။ သက်သေလိုချင်သည်။

ရှေးဟောင်းကျမ်းများစွာ သူလေ့လာခဲ့သည်။ ချီလင်တွင် ဇနီးသုံးယောက်ရှိကြောင်း ဖော်ပြထားသည့်မှတ်တမ်းမျိုး သူမတွေ့ဖူး။

"ပြပါ့မယ်"

ကျင်းချိုင်ဝေ ရှေးဟောင်းကျမ်းတစ်အုပ် ထုတ်ပြသည်။ ချီလင်တွင် ဇနီးသုံးယောက်ရှိကြောင်း ရှင်းလင်းစွာ ဖော်ပြထားသည်။ တတိယဇနီးက ချုန်းချီမျိုးနွယ်ဝင်ဖြစ်သည်။

ချီရှို့ယာက ထိုကျမ်းစာကို ရတနာတစ်ခုလို သဘောထားသည်။

မှတ်တမ်းတွင် နောက်မျိုးဆက်များမသိသည့် အချက်အလက်များစွာ ဖော်ပြထားသည်။ အဖိုးဖြတ်မရသည့် မှတ်တမ်းတစ်ခုဖြစ်သည်။

"ဒီကိစ္စကို ထူးဆန်းတယ်လို့ ကျုပ်အမြဲတွေးနေခဲ့တာ။ လက်ရှိအင်ပါယာတောင် မိဖုရားနန်းဆောင်သုံးခု မောင်းမဆောင်ခြောက်ခု ထားနိုင်တယ်။

ချီလင်လို ထိပ်တန်းမသေမျိုးတစ်ယောက်က ဘာလို့ဇနီးနှစ်ယောက်ပဲ ထားတာလဲဆိုတာကိုပေါ့"

အင်ပါယာရှား "..."

..ဆရာချီ၊ ကျုပ်ခင်ဗျားကို ရန်မစခဲ့ဖူးပါဘူး...တော်ဝင်ကျောင်းတော်အတွက် ထောက်ပံ့ကြေးကိုလည်း ထုတ်မပေးဘဲ မနေခဲ့ဖူးပါဘူး...

"နတ်မယ်၊ ဒါက ဘယ်လိုဖြစ်တာလဲ"

လုယန် တွေးမရဖြစ်နေသည်။ ချီရှို့ယာက ရှေးဟောင်းကျမ်းစာကို တစ်လုံးချင်းဘာသာပြန်နေချိန်တွင် လုယန်က အစအဆုံးဖတ်လိုက်ပြီးဖြစ်သည်။

ဘယ်ကျမ်းပြုဆရာက ချီလင်တွင် မိန်းမသုံးယောက်ရှိကြောင်း ရေးရဲသနည်း။ အောင်းလင်းနှင့် ကျန်းလျန်ယိသည် ရွှံ့ရုပ်များမဟုတ်။

"ဒီရှေးမှတ်တမ်းက အတုလား"

"အတုမဟုတ်ပါဘူး။ တကယ်ရှေးဟောင်းခေတ်က စာအုပ်ပါ။ ဒီကျားမလေးကိုယ်တိုင် ရေးထားတဲ့စာအုပ်ဖြစ်မှာပေါ့"

နတ်မယ် ခန့်မှန်းမိသည်။ ဤစာအုပ်ကို ရှေးဟောင်းခေတ်အတွင်း ကျင်းချိုင်ဝေ ရေးခဲ့ခြင်းဖြစ်မည်။ ထို့ကြောင့် ဘယ်သူစစ်ဆေးသည်ဖြစ်စေ ရှေးမှတ်တမ်းအစစ်ဟု သိကြလိမ့်မည်။

သို့သော် ရှေးမှတ်တမ်းများတွင် ရေးထားသမျှအားလုံးကို အမှန်ဟု ယူဆ၍မရ။

သမိုင်းပညာရှင်၏အလုပ်သည် တကယ်မလွယ်လှဟု လုယန်တွေးမိသည်။ တစ်ဘက်တွင် ယင်ထန်မသေမျိုးက ဂုဏ်သိက္ခာတက်ဖို့ ကြိုးစားသည်။ တစ်ခြားတစ်ဘက်တွင် ကျင်းချိုင်ဝေက ဝါစဉ်တက်ဖို့ကြိုးစားသည်။

သူတို့ရေးသည့်စာကို လေ့လာသူတိုင်း ခေါင်းရှုပ်သွားပေလိမ့်မည်။

သူ့ဘေးတွင် ရှေးဟောင်းသမိုင်းကို အကုန်သိသည့် နတ်မယ်ရှိနေ၍သာ တော်သေးသည်။

...မဟုတ်သေး၊ ထိုသမိုင်းကြောင်းများကို သူမသိသည်က အကောင်းဆုံးဖြစ်သည်။

ကျင်းချိုင်ဝေ ဤကျောင်းတော်သို့လာရသည့် နောက်ရည်ရွယ်ချက်တစ်ခုက ကောလဟာလဖြန့်ဖို့ဖြစ်သည်။ အောင်းလင်းနှင့်ကျန်းလျန်ယိကို သူမနိုင်သော်လည်း လူအများအထင်ကြီးခံရလျှင် သူအတွက် အကျိုးရှိသည်။

မော်ကွန်းထိန်း ချီရှို့ယာကို လှည့်စားပြီးနောက် ကျင်းချိုင်ဝေ လုယန်ကို လှည့်ကြည့်သည်။ ထိုလုယန်သည် သူထင်သလောက်မရိုးရှင်းလှ။ သူလိမ်နေမှန်း သိချင်သိနေနိုင်သည်။

ချီရှို့ယာ ရှေးဟောင်းကျမ်းထဲ အာရုံစိုက်နေချိန်တွင် ကျင်းချိုင်ဝေက နတ်မယ်ကို ခပ်တင်းတင်းကြည့်၍ ပါးစပ်ဟပြီး ကျားစွယ်များကိုဖြဲပြသည်။ အဖြစ်မှန်ကို ထုတ်မပြောဖို့ သတိပေးခြင်းဖြစ်သည်။

"ချီလင်မှာ နောက်ထပ်မိန်းမတစ်ယောက်ရှိတာ အမှန်ပါပဲ။ ချုန်းချီမျိုးနွယ်ပါ"

သို့သော် ထူးထူးဆန်းဆန်းပင် နတ်မယ်က ကျင်းချိုင်ဝေလိမ်နေသည်ကို ထုတ်မပြော။ လုယန် နားမလည်နိုင်အောင်ဖြစ်သွားသည်။

"နတ်မယ်၊ ဒါက..."

"ဘာလဲ၊ ဒီကျားမလေးပြောတာလည်း မမှားဘူးလေ။ ချီလင်ကိုယ်တိုင် ဝန်ခံခဲ့တာပဲ"

"အဲလိုဇာတ်လမ်းမျိုး ရှိသေးတယ်ပေါ့"

"ချီလင်မသေမျိုး ရှောင်လင်းနဲ့လျန်ယိကို လက်မထပ်ခင်တုန်းက ဖြစ်မယ်ထင်တယ်။ သူတို့နှစ်ယောက်က ဘယ်သူ့ကိုကြိုက်လဲ၊ ဘယ်သူ့ကိုလက်ထပ်မှာလဲဆိုပြီး ချီလင်ကို အတင်းအကြပ်မေးတယ်။

ချီလင်က နှစ်ယောက်လုံးကိုဖက်ပြီး နှစ်ယောက်လုံးကြိုက်ပါတယ်လို့ ဖြေတယ်။ အဲလိုနဲ့ နှစ်ယောက်လုံး သူ့မိန်းမဖြစ်လာတယ်။ ဒီတော့ ချီလင်ရဲ့စရိုက်အရဆို ကျားမလေးကိုလည်း ကြိုက်ခဲ့လောက်တယ်။ အဲတော့ ကျင်းချိုင်ဝေလည်း သူ့မိန်းမပဲပေါ့"

နတ်မယ် ပေါက်ပန်းဈေး လျှောက်ပြောနေခြင်းမဟုတ်။ သူပြောသမျှအားလုံးက ကျိုးကြောင်းယုတ္တိ ခိုင်မာသည်။

"ချီလင်မသေမျိုးမှာ မိန်းမအတော်များများရှိတယ်။ အမြီးကိုးချောင်းမြေခွေးမျိုးနွယ်တို့ ဘာတို့လည်း ရှိသေးတယ်"

ချီလင် မသေမျိုးအဆင့်ရောက်သွားသည်မှာ ကံကောင်းသည်ဟု လုယန်တွေးနေသည်။ မသေမျိုးတစ်ဝက်အဆင့်သာဆိုလျှင် ဟာရမ်ရွှေသန္ဓေပိုင်ရှင်လို ခန္ဓာကိုယ်တစ်စစီဆုတ်ဖြဲခံရပြီး အဆုံးသတ်သွားနိုင်သည်။

"နောက်ပိုင်းတော့ ငါတွေးတယ်။ ချီလင်ကြိုက်တဲ့လူတွေက အတော်များတော့ ဘယ်သူ့ကို သူသဘောအကျဆုံးလဲဆိုတာ ငါသိချင်လာတယ်။

သူ့မိန်းမတွေအားလုံး လှကြပေမယ့် အဆင့်တစ်မျိုးမျိုးတော့ ခွဲလိုတယ်လေ။ ရှေးဟောင်းခေတ်မှာ ထိပ်တန်းအလှပိုင်ရှင်ဆယ်ယောက်ကို အဆင့်ခွဲသလိုမျိုးပေါ့။

သူ့မိန်းမတွေအားလုံး ငါခေါ်လိုက်တယ်။ ဘယ်သူ့ကို သဘောအကျဆုံးလဲလို့ ငါ့သူ့ကိုမေးတယ်။ စိတ်လှုပ်ရှားလွန်းလို့ထင်တယ်။ ချီလင်က တစ်ကိုယ်လုံးတုန်လာတယ်။

သူငြိမ်သွားအောင် ထိုင်ခုံမှာ ကြိုးနဲ့တင်းတင်းတုပ်ပေးလိုက်တယ်။ အဲဒီကျမှ သူတုန်တာရပ်သွားတယ်။ သူက သူ့မိန်းမအားလုံးကို တန်းတူချစ်တဲ့ပုံပဲ။ ဘယ်သူ့ကိုသဘောအကျဆုံးလဲဆိုတာ သူလုံးဝထုတ်မပြောဘူး"

နတ်မယ် စိတ်ပျက်လက်ပျက် ခေါင်းခါသည်။ ထိုရလာဒ်ကို သူကျေနပ်ခဲ့ပုံမပေါ်။

"အဲဒီ့နေရာက ငါထွက်လာတော့ ချီလင်အရိုက်ခံရပြီး အော်နေတဲ့အသံကို ကြားရတယ်။ အချစ်စမ်းကြတာ ဖြစ်မှာပေါ့။ ဒါပေမယ့် ဒါကသူတို့လင်မယားတွေကိစ္စဆိုတော့ ငါဆက်ပြီးမစပ်စုခဲ့တော့ဘူး"

နတ်မယ်ဘာတွေးနေသည်ကို ကျင်းချိုင်ဝေမသိ။ သို့သော် ဤလုယန်သည် သူ့ကိုကူ၍ လိမ်ပေးခဲ့သည်။ နောင်တစ်ချိန် ဤမျိုးဆက်သစ်လူငယ်ကို တိုးတက်အောင် ပြုစုပျိုးထောင်ပေးလျှင် ရနိုင်လောက်သည်။

*******************************

အခန်း (၈၅၄) လူအင်အား

ကျောင်းတော်သို့လာသည့် ရည်ရွယ်ချက် အောင်မြင်ပြီးဖြစ်၍ ကျင်းချိုင်ဝေ ဆက်နေစရာအကြောင်းမရှိတော့။ ချီရှုယာကို အမြန်နှုတ်ဆက်၍ ထွက်လာသည်။

"ကျားပေါက်လေး၊ နေပါဦး။ မင်းငါနဲ့ လျှောက်မလည်ချင်ဘူးလား"

နတ်မယ်က အရပ်သိပ်မမြင့်သည့် ကျင်းချိုင်ဝေရှေ့တွင် ဆောင့်ကြောင့်ထိုင်ပြီး ပြုံး၍မေးသည်။

ကျင်းချိုင်ဝေတွင် ကျားပုံတံဆိပ်ရှိသည်။ ထို့ကြောင့် ကျားပေါက်လေးဟုခေါ်သည်မှာ သဘာဝကျသည်။

ရှေးဟောင်းခေတ်မှလူတစ်ယောက်ကို တွေ့ဖိုခဲယဉ်းသည်။ ကျင်းချိုင်ဝေက သူ့အကြောင်းမမှတ်မိနိုင်သော်လည်း နတ်မယ် မိတ်ဆွေများများလိုချင်သည်။

ထို့ပြင် နိုင်ငံသစ်တစ်ခုတည်ထောင်လျှင် လူများများလိုသည်သာဖြစ်သည်။

"ရှင်နဲ့အတူလိုက်ရမှာလား"

ကျင်းချိုင်ဝေ လုယန်ကို ခြေဆုံးခေါင်းဆုံးကြည့်သည်။ တစ်ခြားလူသာ ထိုစကားမျိုးပြောလာလျှင် ခန္ဓာကိုယ် နှစ်ခြမ်းပြတ်အောင် သူဆုတ်ဖြဲပစ်ပြီးဖြစ်မည်။

သို့သော် ထိုလုယန်အပေါ် ထူးဆန်းသည့်ခင်မင်စိတ်မျိုး ဖြစ်ပေါ်နေသည်။

"ဟုတ်တယ်၊ ငါနဲ့လိုက်ခဲ့ပါ"

နတ်မယ် ပြုံး၍ပြောသည်။ ထို့နောက် သူ့နောက်လိုက်အဖြစ် ထမ်းဆောင်နေသည့် ရှားထန်ကို လက်ညှိုးထိုးပြသည်။

"ကြည့်လေ၊ ငါနဲ့လိုက်ချင်တဲ့ အဖော်တစ်ယောက်တောင် ရှိနေပြီ"

ကျင်းချိုင်ဝေ စဉ်းစားသည်။ မဟာရှားသို့လာရသည့် ရည်ရွယ်ချက်က တာအိုလမ်းစဉ်ဂိုဏ်းအကြောင်း လေ့လာဖို့ဖြစ်သည်။ လုယန်နှင့်အတူလိုက်သွားလျှင် သူ့ရည်ရွယ်ချက်လည်း အောင်မြင်မည်။

"ကောင်းပြီလေ"

သူတို့နှစ်ယောက်ပြောသည့်စကားများကို နားထောင်နေရင်း သိစိတ်နယ်မြေမှလုယန် မျက်ခုံးလှုပ်လာသည်။ သူသာဆိုလျှင် မသေမျိုးတစ်ဝက်တစ်ယောက်ကို သူ့ဘေးတွင် လုံးဝခေါ်ထားရဲမည်မဟုတ်။

"ရှင့်အဖော်က ဘယ်သူလဲ"

ကျင်းချိုင်ဝေ အသံတိတ်ရပ်နေသည့် အင်ပါယာရှားကို လှမ်းကြည့်သည်။

"သူ့နာမည်က ရှားထန်တဲ့။ အတော်ပါရမီထူးတဲ့လူပါ"

"ဪ"

နတ်မယ် အင်ပါယာရှားကို အတော်အလေးထားသည်။ သို့သော် ကျင်းချိုင်ဝေက သိပ်စိတ်မဝင်စား။

နတ်မယ်၏ ဦးဆောင်မှုနောက်သို့ ရှားထန်နှင့် ကျင်းချိုင်ဝေတို့ လိုက်လာကြသည်။

ရှားထန်က ကျင်းချိုင်ဝေ၏ ရှေးဟောင်းအသိဗဟုသုတများကို လေးစားသဖြင့် အနားသို့ မသိမသာကပ်ပြီးမေးသည်။

"မိန်းကလေးကျင်း၊ တော်ဝင်ကျောင်းတော်ကိုဝင်ဖို့ ဆန္ဒရှိလား။ မင်းပါရမီနဲ့ဆို မော်ကွန်းထိန်းရာထူး ချက်ချင်းရနိုင်ပါတယ်"

ချီရှို့ယာပင် ကျင်းချိုင်ဝေလောက် ရှေးဟောင်းခေတ်သမိုင်းကို မသိကြောင်း ဝန်ခံခဲ့သည်။

ကျင်းချိုင်ဝေက နှာခေါင်းရှုံ့ပြီး ရှားထန်ကို ခေါင်းစောင်း၍ကြည့်သည်။ သူသည် အရပ်သိပ်မမြင့်သဖြင့် လူတိုင်းကို ခေါင်းမော့ကြည့်ရသည်။

ထို့ကြောင့်လည်း သူနှင့်စကားပြောဖို့ ဆောင့်ကြောင့်ထိုင်ခဲ့သည့်လုယန်ကို သဘောကျသွားခြင်းဖြစ်သည်။

"ရူးနေတာပဲ"

သူပြန်ပြောလိုက်သည်။

"ဟေ့ကောင်မလေး၊ မင်းက စေတနာကို နားမလည်တတ်ဘူးပဲ"

သူ့တစ်သက်တာတွင် ရှားထန် ထိုသို့တစ်ခါမှ အပြောမခံရဖူး။

သို့သော် သူသည် အငြှိုးအတေးထားတတ်သူမဟုတ်။ ထိုမိန်းကလေး အန္တရာယ်ကြုံလာလျှင် သူရှေ့ထွက်ပြီး သရုပ်မှန်ကိုထုတ်ပြလိုက်မည်။

ထိုအချိန်ရောက်လျှင် ထိုမိန်းကလေး သူ့စကားသူ ပြန်နောင်တရလိမ့်မည်။

ကျင်းချိုင်ဝေ ခြေလှမ်းအရှိန်မြှင့်ပြီး လုယန်ကို အမီလိုက်သည်။

"ရှေးဟောင်းခေတ်နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ရှင်ဘယ်ကနေ လေ့လာခဲ့တာလဲ"

ချီရှုယာက ထိုကိစ္စ၏အတိမ်အနက်ကို သတိမထားမိသော်လည်း သူသတိထားမိသည်။ လုယန်သိထားသည့် ရှေးဟောင်းခေတ် ဗဟုသုတက ကျယ်ပြန့်လွန်းသည်။

ထိုမျှအသေးစိတ်ကျသည့် အချက်အလက်များကို စာအုပ်ဖတ်ရုံဖြင့် သိနိုင်မည်မဟုတ်။

နတ်မယ်က ကျင်းချိုင်ဝေကို အဓိပ္ပါယ်ပါပါကြည့်၍ သိစိတ်အာရုံမှ ပြန်ပြောသည်။

"ငါက ဘာလေ့လာနေစရာလိုမှာလဲ။ အစကတည်းက အားလုံးသိနေတာပဲလေ"

ကျင်းချိုင်ဝေ မျက်မှောင်ကျုံ့သွားသည်။ လုယန်သည် သာမန်လူမဟုတ်ကြောင်း ပိုနားလည်လာသည်။

"ရှင်ဘယ်သူလဲ"

လုယန်သည် လုယန်အစစ်မဟုတ်ဘဲ ဟိုအရင်ကတည်းက စွမ်းအားရှင်တစ်ယောက် ပူးကပ်ထားခြင်းဖြစ်မည်ဟု သူတွေးနေသည်။ ရှေးဟောင်းခေတ်မှ စွမ်းအားရှင်ဖြစ်လိမ့်မည်။

ထို့ကြောင့်လည်း လုယန်ပါရမီက ထိုမျှအံ့ဩစရာကောင်းနေခြင်းဖြစ်သည်။

နတ်မယ်က လက်ညှိုးကို နှုတ်ခမ်းပေါ်ကန့်လန့်တင်၍ တီးတိုးပြောသည်။

"ရှူး...ကျားပေါက်လေး၊ ငါဘယ်သူလဲ မင်းမသိလောက်သေးဘူး"

ကျင်းချိုင်ဝေ နည်းနည်းမျက်နှာပျက်သွားသည်။ လုယန် သူ့မျိုးနွယ်နာမည်ကို ခေါ်ခဲ့သည်မှာ တိုက်ဆိုင်မှုဟုတ်ကြောင်း နားလည်လာသည်။

နတ်မယ်က လေသံကိုထပ်နှိမ့်၍ပြောသည်။

"ငါနတ်မယ်က ရှေးဟောင်းခေတ်ကတည်းက အိပ်စက်ခဲ့တဲ့လူပါ။ မဟာရှားကို သိမ်းပိုက်ပြီး နိုင်ငံသစ်တစ်ခု တည်ထောင်မှာ။

မင်းရော ငါ့ကိုကူညီဖို့ ဆန္ဒရှိလား ကျားပေါက်လေး"

ကျင်းချိုင်ဝ ကျောရိုးထဲ စိမ့်တက်သွားသည်။ လုယန်က အမှန်တကယ် မဟာရှားကိုသိမ်းပိုက်ရန် ကြံရွယ်ထားသည်။ ပူးကပ်နေသူသည် မသေမျိုးတစ်ယောက်ဖြစ်ဖို့များသည်။

ထိုစကားမျိုးကို မသေမျိုးတစ်ယောက်သာ ပြောရဲပေလိမ့်မည်။

တကယ့်ချောက်နက်ကြီးဖြစ်သည်။ သူဝင်စွက်ဖို့ စိတ်ကူးမရှိ။ ပါဝင်ပတ်သက်မိသည်နှင့် လွတ်မြောက်နိုင်တော့မည်မဟုတ်။

"ဆန္ဒမရှိဘူး"

ကျင်းချိုင်ဝေ နတ်မယ်ကမ်းလှမ်းချက်ကို အပြတ်ငြင်းသည်။

နတ်မယ် တဟက်ဟက်ရယ်နေသည်။ ကျင်းချိုင်ဝေ၏ တုံးတုံးအအပုံစံကို လှောင်နေသယောင်ထင်ရသည်။

ကျင်းချိုင်ဝေ လုယန်ကို သတိဖြင့်ကြည့်နေသည်။ တိုက်ခိုက်လာမည်ကို စိုးရိမ်နေသည်။ နတ်ဝိညာဉ်အဆင့်တစ်ယောက်ဟု သတ်မှတ်မထားရဲတော့။

"ရှင်ဘာလုပ်မလို့လဲ"

"စိတ်အေးအေးထားပါ။ ငါမင်းကို အတင်းမတိုက်တွန်းပါဘူး။ တကယ်တော့ မင်းနဲ့ငါ အရင်ကတွေ့ဖူးပါတယ်။ မင်းက မေ့နေလို့ပါ။ မင်းကိုတောင် ငါပွေ့ချီခဲ့ဖူးတယ်"

နတ်မယ်က ပြောသည်။

"မဖြစ်နိုင်ဘူး"

နတ်မယ်စကားကို သူမယုံ။ တစ်ယောက်ယောက် ပွေ့ချီခံရသည့်အဖြစ်မျိုးကို သူမမှတ်မိ။

...မဟုတ်သေး။ သူတကယ်ပွေ့ချီခံခဲ့ရဖူးသလိုလို ခံစားနေရပြန်သည်။

နတ်မယ် သက်ပြင်းချသည်။

"ခေတ်အဆက်ဆက်ပြောင်းခဲ့တော့ အချိန်လှိုင်းလုံးတွေက အမှန်တရားတွေကို တိုက်စားသွားတယ်။ မင်းမှတ်ဉာဏ်ကို မင်းတကယ်ယုံကြည်လို့လား။

ဒါပေမယ့် ငါ့ဘေးကနေ အလောတကြီး ထွက်သွားဖို့မလိုပါဘူး။ ငါနဲ့အတူလိုက်ခဲ့ပါ။ မင်းကို အဖြစ်မှန်တွေ ငါပြောပြမယ်"

ကျင်းချိုင်ဝေ ဘာတွေးနေသည်တော့မသိ။ သို့သော် နတ်မယ်စကားကြားပြီးနောက် သူထွက်မသွားတော့။

သိစိတ်နယ်မြေတွင် နတ်မယ်က လုယန်ပုခုံးကို ကိုင်လှုပ်၍ စိတ်လှုပ်ရှားမှုအပြည့်ဖြင့် မေးသည်။

"ဘယ်လိုလဲ..ဘယ်လိုလဲ။ ငါသရုပ်ဆောင်တာ ပီပြင်ရဲ့လား"

လုယန် ".."

...ခုနကတော့ အတော်ပီပြင်ပါတယ် နတ်မယ်။ ဒါပေမယ့် သိစိတ်နယ်မြေမှာလည်း နည်းနည်းဣန္ဒြေလေးထိန်းလို့မရဘူးလား...

လုယန် လေးလေးစားစားဦးညွှတ်လိုက်ည်။

"အရှင်မဟာ နှစ်အသင်္ချေမှာတစ်ခါပဲပေါ်တဲ့ ဉာဏ်ကြီးရှင်အင်ပါယာပါ။ လောကတစ်ခုလုံးကို စိတ်နှလုံးထဲထည့်ထားတယ်။ မြင့်မြတ်ခြင်းတွေအားလုံး ပိုင်ဆိုင်တယ်။

ဒီတော့ အရှင်မသရုပ်ဆောင်သမျှက တကယ့်အစစ်အမှန်လိုပါပဲ"

နတ်မယ် ‌ပျော်ရွှင်စွာရယ်မောလိုက်သည်။ ထို့နောက် ရုတ်တရက် တစ်စုံတစ်ခုကို သတိရလာဟန်ဖြင့် လက်ချိုးရေတွက်ကြည့်သည်။

"ကျားပေါက်လေးရယ်၊ ရှားထန်ရယ်ပဲဆိုတော့ လူအင်အားနည်းသေးတယ်"

"ဘာကိုနည်းတာလဲ"

"နိုင်ငံတော်ပုန်ကန်ဖို့ပေါ့။ ကျားပေါက်လေးက မသေမျိုးတစ်ဝက်အဆင့်ရှိပြီး တိုက်ခိုက်စွမ်းအားအတော်ကောင်းပေမယ့် ပုန်ကန်ဖို့အတွက်ဆို ငါတို့လူအင်အားက နည်းသေးတယ်။

နောက်ထပ် ကူညီမယ့်လူ နည်းနည်းထပ်ရရင် ကောင်းမှာပဲ"

လုယန် ဘာမှပြန်မပြောရဲ။ သူ့ကိုပါ စာရင်းထဲထည့်တွက်မည်ကို စိုးရိမ်နေသည်။

မဟုတ်သေး...ထည့်တွက်တွက်မတွက်တက် ဘာမှမထူး။ နတ်မယ်ပုန်ကန်ဖို့သုံးမည့် ခန္ဓာကိုယ်က သူ့ခန္ဓာကိုယ်ဖြစ်သည်။

စကားပြောရင်း ကျင်းချိုင်ဝေနှင့်ရှားထန်ကို နတ်မယ်က လော်ထန်တောအုပ်ကိုဖြတ်၍ ဦးဆောင်ခေါ်လာသည်။ ထိုလမ်းကြောင်းသည် မုန်အိမ်တော်သို့ပြန်ဖို့ အတိုဆုံးလမ်းကြောင်းဖြစ်သည်။

သစ်ပင်များက မြင့်မားစွာတည်ရှိနေသည်။ တိုက်ပွဲကြောင့် ပျက်စီးသွားသည့် သစ်ပင်များကို မုန်မိသားစုဝင်များက ပြန်စိုက်ထားသည်။ တိုက်ပွဲ၏ ခြေရာလက်ရာများအားလုံး ပျောက်သွားသည်။

ထိုစဉ် ရုတ်တရက် မလှမ်းမကမ်းမှ အေးစက်စက်စကားသံတစ်ခု လွင့်ပျံလာသည်။

အင်ပါယာရှား မျက်လုံးမှေးစင်းလျက် လှမ်းကြည့်သည်။ နုနယ်သည့် မိန်းကလေးနှစ်ယောက်ကို ကျင့်ကြံသူတစ်စုက ဝိုင်းထားသည်။ ထိုလူစုက မှော်လက်နက်ကိုယ်စီကိုင်ထားသည်။ မျက်နှာများက တင်းမာခက်ထန်သည်။

ဝတ်ရုံနက်ဝတ်ထားသည့် ခေါင်းဆောင်က သူ့မှော်လက်နက်ထဲသို့ ဝိညာဉ်စွမ်းအားဖြည့်ရင်း ခပ်တင်းတင်းပြောသည်။

"မင်းတို့နှစ်ယောက် လေလံပွဲကနေ ပစ္စည်းကောင်းတစ်ခု ရလာတယ်မဟုတ်လား။ အဲဒီ့ပစ္စည်းကို ထုတ်ပေးပါ။ မင်းတို့အသက်ကို ချမ်းသာပေးမယ်"

အားနွဲ့သည့် မိန်းကလေးနှစ်ယောက်က ထိုအဖြစ်မျိုး တစ်ခါမှမကြုံဖူးသဖြင့် ထိတ်လန့်တုန်လှုပ်နေကြသည်။

သူတို့နှစ်ယောက်သည် မြို့ခံမဟုတ်။ သူတို့လိုချင်သည့် ပစ္စည်းတစ်ခု လေလံတင်မည်ဟု သတင်းကြားသဖြင့် မြို့တော်သို့ရောက်လာခြင်းဖြစ်သည်။

သို့သော်ယခု လေလံပစ္စည်းကို သူတို့ရလာပြီးစမှာပင် ဓားပြတိုက်ခံရသည်။

အင်ပါယာရှား ကျိတ်ပျော်သွားသည်။ သူ့သရုပ်မှန်ကိုထုတ်ပြဖို့ အခွင့်အရေးပေါ်လာပြီဖြစ်သည်။

သို့သော် သူဘာမှမပြောနိုင်မီ လုယန်က မိန်းကလေးနှစ်ယောက်ကို ဝမ်းသာအားရလှမ်းခေါ်သည်။

"ရှောင်လင်း၊ လျန်ယိ...မင်းတို့က ဒီမှာဘာလုပ်နေကြတာလဲ"

*********************************

အခန်း (၈၅၅) ရှင်းလင်းလာသည့် သရုပ်မှန်

အစက မိန်းက‌လေးနှစ်ယောက် ဝိုင်းဝန်းပိတ်ဆို့ခံထားရသဖြင့် လေထုက တင်းမာနေသည်။ သို့သော် နတ်မယ်၏အော်သံက တိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်သည်။

အတော်ရင်းနှီးနေသည့် နာမည်နှစ်ခုကို ကြားလိုက်ရသဖြင့် အင်ပါယာရှား တစ်ကိုယ်လုံးတောင့်တင်းသွားသည်။ ရွှင်မြူးနေသည့်လုယန်ကို တအံ့တဩ လှည့်ကြည့်သည်။

ထို့နောက် ဓားပြတိုက်ခံရသည့် မိန်းကလေးနှစ်ယောက်ဆီ လှမ်းကြည့်သည်။

အောင်းလင်းနှင့် ကျန်းလျန်ယိသည် ရှေးဟောင်းခေတ်မှ နာမည်ကျော်ပုဂ္ဂိုလ်များဖြစ်သည်။ အဖွဲ့အစည်းတိုင်းတွင် သူတို့ပုံတူပန်းချီများရှိသည်။

သို့သော် ထိုမိန်းကလေးနှစ်ယောက်၏ ရုပ်ရည်က ထိုပုံတူပန်းချီများနှင့် လုံးဝမတူ။

လုယန် လူမှားခေါ်မိခြင်းလော...

သို့မဟုတ် သူနားကြားမှားခြင်းလော...

မိန်းကလေးနှစ်ယောက်လည်း အတော်ကြောင်တက်တက်ဖြစ်သွားသည်။ အကိုလုယန်သည် ပုံမှန်အားဖြင့် သူတို့ကို ထိုသို့ရင်းရင်းနှီးနှီးခေါ်လေ့မရှိ။

ရှေးဟောင်းခေတ်ကလိုပင် သူတို့နှစ်ယောက် ဂိုဏ်းမဲ့ကျင့်ကြံသူအဖြစ်ရုပ်ဖျက်ပြီး လေလံပွဲတက်ခဲ့သည်။ လေသံပိတ်ပစ္စည်းကို လေလံပြိုင်သည်။ ကူးဖြတ်ခြင်းကျင့်ကြံသူများက သူတို့ပစ္စည်းကို မျက်စိကျသွားသည်။

ထိုကူးဖြတ်ခြင်းကျင့်ကြံသူများ တိုက်ခိုက်ခါနီးမှ သူတို့သရုပ်မှန်ကိုထုတ်ပြပြီး ထိတ်လန့်အံ့ဩသွားအောင်လုပ်ဖို့ ကြံရွယ်ထားခဲ့သည်။

သို့သော် လုယန်က သူတို့နာမည်ရင်းကို ခေါ်လိုက်ပြီဖြစ်၍ ဆက်ဟန်ဆောင်နေလည်း အကျိုးမရှိတော့။

နှစ်ယောက်လုံး မူလရုပ်သွင်ပြန်ပြောင်းလိုက်သည်။ မြင်သူတိုင်းကို ဖမ်းစားနိုင်သည့် ရင်သပ်ရှုမောဖွယ် အလှပိုင်ရှင်များ ဖြစ်လာသည်။

မှန်သည်။ အောင်းလင်းနှင့် ကျန်းလျန်ယိအစစ်ဖြစ်သည်။

"ခင်ဗျားတို့က..."

လောဘဇောပြည့်နေခဲ့သည့် ကူးဖြတ်ခြင်းကျင့်ကြံသူများ မျက်နှာဖြူရော်သွားပြီး ချက်ချင်းထွက်ပြေးသည်။

သို့သော် မသေမျိုးတစ်ဝက်အဆင့်နှစ်ယောက်ရှေ့မှ သူတို့လွတ်မြောက်နိုင်စရာအကြောင်းမရှိ။ ကြီးမားသည့်နဂါးလက်သည်းရိပ်တစ်ခု ကျဆင်းလာသည်။ အရှိန်နှေးကွေးသော်လည်း ရှောင်တိမ်း၍မရ။။

ကူးဖြတ်ခြင်းကျင့်ကြံသူများကို အောင်းလင်းက အသာအယာ မြေပေါ်ဖိချသည်။ ဘယ်သူမှ မလှုပ်နိုင်ကြ။ သူတို့စိတ်တွင် အဆုံးစမဲ့အကြောက်တရားများ ပြည့်နက်လာသည်။

ထို့နောက်‌ အောင်းလင်းနှင့်ကျန်းလျန်ယိက လုယန်ဆီ လျှောက်လာပြီး သေချာအကဲခတ်သည်။

လုယန်ကို နန်းမြို့တော်တွင် တွေ့ရမည်ဟု ထင်မထားကြ။ ယနေ့ သူ့ပုံစံက နည်းနည်းထူးဆန်းသည်ဟုလည်း ခံစားနေရသည်။

"ဘာလဲ၊ ငါ့ကိုတောင် မမှတ်မိတော့ဘူးလား"

နတ်မယ်က ပြုံး၍မေးသည်။ နှစ်ယောက်လုံး မျက်လုံးပြူးသွားကြသည်။ ချက်ချင်းသဘောပေါက်သွားပြီး ပြုံးရွှင်လာသည်။

"ဪ ရှင်ကိုး"

မိန်းကလေးနှစ်ယောက်က လုယန်၏ ဘယ်ညာလက်မောင်းတစ်ဘက်စီကို ရင်းရင်းနှီးနှီးတွယ်ဖက်သည်။ မြင်သူတိုင်း မနာလိုဖြစ်ရမည့် မြင်ကွင်းမျိုးဖြစ်သည်။

"နင်တို့နှစ်ယောက် ဒီမှာဘာလုပ်နေတာလဲ"

ကျင်းချိုင်ဝေက အောင်းလင်းနှင့် ကျန်းလျန်ယိကို သတိဖြင့်ကြည့်နေသည်။

သူမတွေ့ချင်ဆုံးနှစ်ယောက်ကိုမှ တစ်ပြိုင်တည်း တိုက်တိုက်ဆိုင်ဆိုင် လာတွေ့ရသည်။ စိတ်ဖိအားကြောင့် လူသားအသွင်ကိုပင် ကောင်းကောင်းမထိန်းနိုင်တော့။

သူ့မျက်ဆံ ရွှေရောင်ဒေါင်လိုက်အနေအထား ပြောင်းသွားသည်။ ကျားဖြူနားရွက်နှစ်ဘက် ထွက်လာသည်။ ကျားစွယ်နှစ်ချောင်းကို ဖြဲပြသည်။

"ကျင်းချိုင်ဝေပါလား။ နင်မသေသေးဘူးပေါ့"

နတ်မယ်ကိုသာ အာရုံစိုက်နေသဖြင့် အောင်းလင်းနှင့်လျန်ယိ ကျင်းချိုင်ဝေကို သတိမထားမိခဲ့ကြ။ ယခုမှ လှည့်ကြည့်မိသည်။

ကျင်းချိုင်ဝေ နတ်ဆိုးနယ်မြေမှ ထွက်လာကတည်းက လုံးဝရုပ်မဖျက်ခဲ့။ သူ့ကို ဘယ်သူမှလည်း သိမည်မဟုတ်သဖြင့် ပုံမှန်လူသားရုပ်သွင်အတိုင်းသာ နေသည်။

ထို့ကြောင့် အောင်းလင်းတို့နှစ်ယောက် ချက်ချင်းမှတ်မိသည်။

"ငါက ဘာလို့သေရမှာလဲ။ နင်တို့ပဲ အရိယဖလသန္ဓေရှိတယ်ထင်နေလား"

ကျင်းချိုင်ဝေ၏ မူလအသွင်ဖြစ်သည့် အဖြူရောင်ကျားပျံပုံရိပ် သူ့နောက်ကျောဘက်တွင် ပေါ်လာသည်။ ရှားပါးသည့် အဖြူရောင်ချုန်းချီဖြစ်သည်။

ရှေးဟောင်းခေတ်တွင် တိုက်ပွဲပေါင်းများစွာ ဆင်နွှဲခဲ့ဖူးသည့် အောင်းလင်းနှင့်လျန်ယိကည်း ကျင်းချိုင်ဝေလို အိမ်တွင်းပုန်းတစ်ယောက်ကို ကြောက်စရာအကြောင်းမရှိ။

အောင်းလင်း နှာခေါင်းတစ်ချက်ရှုံ့လိုက်သည်။ သူ့နောက်ဘက်တွင် အနက်ရောင်နဂါးပုံရိပ်ပေါ်လာပြီး ကျင်းချိုင်ဝေကို အေးစက်စက်ငုံ့ကြည့်နေသည်။

"ဪ..ဒါဆို နင့်အရိယဖလသန္ဓေ ဘယ်လောက်စွမ်းသလဲ ငါကြည့်ချင်လိုက်တာ"

ကျန်းလျန်ယိလည်း ရှေ့တက်လာသည်။ ဖီးနစ်ပုံရိပ် သူ့နောက်ဘက်တွင်ပေါ်လာသည်။ ဖီးနစ်အော်သံ ပဲ့တင်ထပ်သွားသည်။

ကျားဖြူ၊ နဂါးနက်၊ ရွှေဖီးနစ်။ ရှေးဟောင်းမသေမျိုးသားရဲသုံးကောင် စုဝေးနေသည်။ တစ်ဘက်နှင့်တစ်ဘက် အညံ့မခံကြ။ နဂါးနက်နှင့်ရွှေဖီးနစ်စွမ်းအားက အဖြူရောင်ချုန်းချီထက် သာလွန်သည်က ထင်ရှားနေသည်။

တိုက်ပွဲကြီးတစ်ခု ဖြစ်လာတော့မည်။

အင်ပါယာရှားလုံခြုံရေးအတွက် တာဝန်ယူထားသည့် ကူးဖြတ်ခြင်းအဆင့်ကျင့်ကြံသူ စိတ်ထဲတွင်ကျိတ်၍ ညည်းမိသည်။

ဘယ်လိုအခြေအနေ ကြုံနေရမှန်းမသိ။ နန်းမြို့တော်ထဲတွင် အင်ပါယာကိုကာကွယ်ခြင်းသည် ဘာအန္တရာယ်မှ မရှိနိုင်ဟု ထင်ခဲ့သည်။

အေးအေးလူလူထမ်းဆောင်ရသည့် တာဝန်မျိုးဖြစ်သည်။ မသေမျိုးတစ်ဝက်အဆင့် သားရဲသုံးကောင်၏တိုက်ပွဲနှင့် ကြုံရမည်ဟု ထင်မထား။

မသေမျိုးတစ်ဝက်သုံးယောက်။ အားလုံးက မသေမျိုးတစ်ယောက်(ချီလင်)၏ နောက်ခံရှိသည်။ သူ့သွေးသန္ဓေအားလုံး စတေးလျှင်ပင် အင်ပါယာရှားကို ကယ်တင်နိုင်မည်မဟုတ်။

"ကဲပါ၊ ကဲပါ။ အားလုံးက လူရင်းတွေပဲလေ။ စိတ်လျှော့ကြ စိတ်လျှော့ကြ"

နတ်မယ်က ဝင်ထိန်းသည်။ ကိုယ့်အချင်းချင်း တိုက်ခိုက်နေစရာမလိုဟု သူယူဆသည်။

အောင်းလင်းနှင့်လျန်ယိ စွမ်းအင်ရိပ်များ ပြန်သိမ်းကြသည်။ ကျင်းချိုင်ဝေလည်း ဖိအားလျော့သွားသည် ချုန်းချီအရိပ်ကို ပြန်သိမ်းလိုက်သည်။

သို့သော် အခြေအနေက နည်းနည်းတင်းမာနေဆဲဖြစ်သည်။

"ရှောင်လင်းနဲ့လျန်ယိ၊ မင်းတို့က ဒီမှာဘာလုပ်နေတာလဲ"

နတ်မယ်က မိန်းကလေးနှစ်ယောက်လက်ကိုတွဲရင်း ပြုံး၍မေးသည်။

အောင်းလင်းနှင့်ကျန်းလျန်ယိ မျက်နှာနည်းနည်းနီလာသည်။ နတ်မယ်၏မေးခွန်းကိုဖြေဖို့ နည်းနည်းအခက်တွေ့နေသည်။ မြေပေါ်တွင်လဲကျနေသည့် ကူးဖြတ်ခြင်းအဆင့်များကို သူတို့လက်ညှိုးထိုးပြသည်။

"ရှေးဟောင်းခေတ်တုန်းက အတွေ့အကြုံမျိုး ပြန်ခံစားကြည့်နေတာပါ။ နန်းမြို့တော်ကိုလာပြီး လေလံပွဲတက်တယ်။ လေလံပိတ်ရတနာကိုဝယ်တယ်။ သူတို့လောဘတက်အောင် ဆွဲဆောင်တယ်လေ"

နတ်ဆိုးစွမ်းအားဖိနှိပ်ခံထားရသည့် ကူးဖြတ်ခြင်းအဆင့်စွမ်းအားရှင်များ ယနေ့အိမ်မှထွက်မလာမီ ဗေဒင်မမေးခဲ့မိသည်ကို အကြီးအကျယ်နောင်တရနေကြသည်။ သူတို့အားလုံး ပစ္စည်းလုရုံသာရည်ရွယ်ခဲ့သည်။

သို့သော် မဟာစွမ်းအားရှင်နှစ်ယောက်ကိုမှ သူတို့ဓားပြတိုက်မိသည်။

ထိုနှစ်ယောက် ရှေးဟောင်းခေတ်တွင် ဘယ်လိုနေထိုင်ခဲ့သည်မသိ။ မသေမျိုးတစ်ဝက်နှစ်ယောက်က လေလံပွဲတက်သည်ဟု ပြောနေသည်။ လေလံပွဲဆိုသည်က ထိုမျှစိတ်ဝင်စားစရာကောင်းနေသလော...

"ဪ အဲလိုလား"

နတ်မယ် ခေါင်းငြိမ့်သည်။ ထိုပညာကို သူကိုယ်တိုင် သင်ပေးခဲ့ခြင်းဖြစ်သည်။

"ငါကတော့ မိတ်ဆွေနှစ်ယောက် ရထားပြီ"

"ဘယ်သူက မိတ်ဆွေလို့ပြောလဲ။ ရှင်ဘယ်သူလဲ"

ကျင်းချိုင်ဝေ နတ်မယ်ကို စိုက်ကြည့်သည်။ မာနကြီးသည့် အောင်းလင်းနှင့် ကျန်းလျန်ယိကို စကားတစ်ခွန်းဖြင့် တားဆီးနိုင်သည်။ ထိုလူ ဘယ်သူမှန်းမသိ။

အင်ပါယာရှားလည်း အံ့ဩမင်သက်မိနေသည်။ ရှေးဟောင်းကောင်းကင်ရုံးတော်ဂိုဏ်းသည် တာအိုလမ်းစဉ်ဂိုဏ်း၏ လိမ်ဆင်တစ်ခုမှန်း သူသိသည်။ လုယန်က တည်ထောင်သူဖြစ်သည်။

သို့သော် နတ်မယ်အကြောင်း သူမသိ။ ယွမ်ကျိက ကောင်းကင်ပဲဝါအရှင်နေရာတွင် သရုပ်ဆောင်နေသည်ဟုသာ သူထင်နေသည်။

အောင်းလင်းနှင့်ကျန်းလျန်ယိတို့ လုယန်နှင့်သိကျွမ်းသည့်ကိစ္စကတော့ အံ့ဩစရာသိပ်မရှိ။ ထိုဘိုးဘေးနှစ်ယောက်လုံး ကောင်းကင်ရုံးတော်ဂိုဏ်ဝင်များဖြစ်ကြောင်း အများသိကြေညာထားသည်။

သို့သော် လုယန်က ထိုနှစ်ယောက်နှင့် ရင်းနှီးလွန်းနေသည်။ တွေ့တွေ့ချင်း အရမ်းရင်းနှီးပြီး ဖက်လှဲတကင်းဖြစ်နေသည်။

ကျင်းချိုင်ဝေသာမရှိလျှင် ထိုထက်ပို၍ ရင်းရင်းနှီးနှီးနေကြလောက်သည်။

ကျင်းချိုင်ဝေသည် ရှေးဟောင်းခေတ်မှချုန်းချီဖြစ်သည်။ သို့ဆိုလျှင် ချီလင်၏ တတိယမြောက်ဇနီးဖြစ်နေမလားမသိ။

ခုနက တော်ဝင်ကျောင်းသို့ဝင်ဖို့ကိစ္စ ကျင်းချိုင်ဝေ ဘာကြောင့်ငြင်းခဲ့သည်ကို အင်ပါယာရှား သဘောပေါက်လာသည်။

"နင်ဘာဖြစ်နေတာလဲ"

ကျန်းလျန်ယိက နတ်မယ်ရှေ့တွင် ကာရပ်လိုက်သည်။ ကျင်းချိုင်ဝေ အန္တရာယ်ပေးမည်ကို စိုးရိမ်ဟန်ဖြင့် အပြည့်အဝ ကာကွယ်ထားသည်။

ကျင်းချိုင်ဝေက ခံ့ညားရိပ်နည်းနည်းပါသည့် လုယန်မျက်နှာကို စိုက်ကြည့်သည်။ သူတွေ့ကြုံခဲ့သမျှကို ပြန်စဉ်းစားသည်။

လုယန်က ကိုယ့်ကိုယ်ကို မသေမျိုးဟု ကြေညာခဲ့သည်။ တကယ်မသေမျိုးတစ်ယောက် ဝင်ပူးကပ်နေခြင်း ဖြစ်လိမ့်မည်။

ရှေးဟောင်းခေတ်သမိုင်းကို သူ့ထက်ပိုသိသည်။ ကိုယ်တွ့ကြုံခဲ့သူဖြစ်လိမ့်သည်။ ရှေးဟောင်းခေတ်မသေမျိုးတစ်ယောက်ဖြစ်မည်။

သို့ဆိုလျှင် လုယန်သည် ရှေးဟောင်းမသေမျိုးလေးယောက်ထဲမှ တစ်ယောက်ဖြစ်လိမ့်မည်။

ရှေးဟောင်းခေတ်သမိုင်းကို ကျွမ်းကျင်ပြီး သူ့ကိုလည်း ချီလင်၏ တတိယဇနီးအဖြစ် အသိအမှတ်ပြုသည်။

သူ့ကို ပွေ့ချီဖူးသည်ဟုပြောသည်။

လုယန်ကို ဆန့်ကျင်လိုသည့် ခံစားချက်မျိုး သူ့စိတ်ထဲတွင် မပေါ်ခဲ့။ ရင်းနှီးသလိုပင် ခံစားနေရသည်။

ထူးထူးဆန်းဆန်း ခင်မင်စိတ်ဖြစ်ပေါ်နေသည်။

အောင်းလင်းနှင့်လျန်ယိက လုယန်နှင့် ရင်းနှီးနေသည်။ လုယန်စကားကိုလည်း နားထောင်ကြသည်။

သို့ဆိုလျှင် အဖြေက ရှင်းနေသည်။

ကျင်းချိုင်ဝေ နည်းနည်းမကျေမနပ်ဖြစ်လာပြီး လုယန်ကို လက်ညှိုးထိုးသည်။ သို့သော် သူ့ကိုတတိယဇနီးအဖြစ် အသိအမှတ်ပြုခဲ့သည့်အဖြစ်ကို ပြန်သတိရလာသဖြင့် သူ့ခံစားချက်များ အပျော်ဘက်သို့ ပိုယိမ်းလာသည်။

စိတ်လှုပ်ရှားမှုကြောင့် သူ့စကားသံ အရှိန်မြင့်သွားသည်။

"ရှင်...ရှင်က အာဟဲပဲ"

ချီလင်မသေမျိုး၏ နာမည်ရင်းသည် ရှီဟဲဖြစ်သည်။

*********************************

All Chapters