← Chapters

အလှည့်အပြောင်းများစွာ

Vol. 46 Ch. 460

အလှည့်အပြောင်းများစွာ

Vol. 46 Ch. 460

“စီနီယာ... ဒီလိုကိစ္စမျိုးတွေက လောကမှာ ပုံမှန်ပါပဲ၊ စိတ်ထဲ သိပ်အလေးအနက်မထားပါနဲ့။”

ကျန်းယဲ့ သည် ရှန်းယီ၏ ဘေးမှ လိုက်ပါရင်း တိုးတိုးလေး နှစ်သိမ့်လိုက်၏။ ထို့နောက် သူက ဆက်၍ “စီနီယာအနေနဲ့ ရတနာပန်းပွင့်ဂိုဏ်းဆီကို ဘယ်လိုကိစ္စမျိုးနဲ့ လာရှာတာလဲဆိုတာ ကျွန်တော် သိချင်မိလို့ပါ... ကျွန်တော်စပ်စုတယ်လို့တော့ မထင်ပါနဲ့... ကျွန်တော်က သိပ်အရည်အချင်းမရှိပေမယ့်သတင်းအချက်အလက်တော့ အတော်လေး စုံစုံလင်လင် သိထားပါတယ်” ဟု ဆို၏။

အကျိုးအမြတ်များသော ကုန်ပစ္စည်းပို့ဆောင်မှုတစ်ခုပြီးမြောက်သွားသော်လည်း ရတနာပန်းပွင့်ဂိုဏ်းသို့ သွားရာလမ်းကြောင်းမှာ ပိတ်ဆို့ခံထားရပြီ ဖြစ်သည်။ အားလပ်ချိန် ရနေသဖြင့် ကျန်းယဲ့သည် ဤစီနီယာနှင့် ရင်းနှီးမှုတည်ဆောက်ရန် ဆုံးဖြတ်လိုက်ပေ၏။

အကယ်၍ အနာဂတ်တွင် တစ်စုံတစ်ရာအကူအညီ လိုအပ်လာပါက အကျိုးရှိနိုင်သလို၊ မလိုအပ်လျှင်ပင် ဤကဲ့သို့သောပုဂ္ဂိုလ်နှင့် မိတ်ဆွေဖြစ်ရခြင်းမှာ အကျိုးမဲ့မည် မဟုတ်ပေ။

“…”

ရှန်းယီသည် ပြန်လည်ဖြေကြားခြင်း မရှိဘဲ ခြေလှမ်းများကို ဖြည်းဖြည်းချင်းရပ်လိုက်၏။ ထို့နောက် သူသည်အကွာအဝေးတစ်ခုတွင် ရပ်နေသောလူရိပ်တစ်ခုထံသို့ လှည့်ကြည့်လိုက်၏။

ဧည့်ခံဆောင်မှ ထွက်လာကတည်းက တစ်စုံတစ်ယောက်က နောက်ကွယ်မှတောက်လျှောက် လိုက်ပါလာခဲ့သည်။ သူသည် နန်ယန်ဂိုဏ်း၏ဝတ်ရုံဖြူကို ဝတ်ဆင်မထားသလို လက်စွပ်ကိုလည်း ဝှက်ထားခဲ့သည်။

ဂိုဏ်းပြင်ပသို့ တစ်ဦးတည်း ပထမဆုံးအကြိမ် ထွက်လာခြင်းဖြစ်ရာ မည်သည့်အတွက်ကြောင့် တစ်စုံတစ်ဦး၏ ပစ်မှတ်ထားခြင်းကို ခံနေရသနည်းဟု သူသိချင်နေမိသည်။

“အယ်...”

ထိုမိန်းကလေးမှာ နားစွင့်ကာခိုးနားထောင်နေစဉ် မိသွားသဖြင့် ရှက်ကိုးရှက်ကန်းနှင့် ရယ်မောလိုက်သည်။ “ဟဲဟဲ...”

“ကျွန်မ ကြည့်ရသလောက်တော့ မိတ်ဆွေမှာ ဆွဲဆောင်မှုရှိတဲ့... အဟမ်း ထူးခြားတဲ့အရှိန်အဝါရှိပေမယ့် တစ်ခုခုကိုစိတ်ညစ်နေပုံရတယ်။ ကျွန်မကို ပြောပြကြည့်ပါလား။ ကျွန်မက ရတနာပန်းပွင့်ဂိုဏ်းရဲ့ တပည့်တစ်ယောက်ပါ၊ တစ်ခုခု ကူညီနိုင်ရင်ကူညီပေးချင်လို့ပါ”

သူမသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ဘာမှမဖြစ်သလိုပုံစံဖြင့် လျှောက်လာခဲ့သည်။

ထိုစကားကိုကြားသောအခါ ကျန်းယဲ့သည် မျက်မှောင်ကို အသာအယာကြုတ်လိုက်ပြီးနောက် ရိုသေစွာဦးညွှတ်ကာ ရှန်းယီ၏ နောက်သို့ တိတ်ဆိတ်စွာ ဆုတ်ခွာသွား၏။

ဤမိန်းကလေး၏ အကြောင်းပြချက်မှာ အတော်ပင် ရယ်စရာကောင်းလှ၏။ သို့သော် သူ၏ အတွေ့အကြုံအရ... သူမ ပြောသည်မှာ အမှန်တရားဖြစ်နိုင်သည်ဟု သူ ယုံကြည်နေမိသည်။

“ကျွန်တော် ဆေးအဆိပ်အကြောင်း စုံစမ်းချင်လို့ပါ”

ရှန်းယီသည် မည်သည့်အရာကိုမျှ ဖုံးကွယ်မထားပေ။ ဤသည်မှာ ရှက်စရာကောင်းသော လျှို့ဝှက်ချက်မဟုတ်သောကြောင့်ပင်။ သူသည် ပေါင်ဟွားနတ်မိမယ်မှလွဲ၍ အခြားသော ဖြေရှင်းနည်းကို ရှာဖွေနေခြင်း ဖြစ်သည်။

“ဆေးအဆိပ် ဟုတ်လား”

မိန်းကလေးသည် ရှန်းယီကို သေချာစွာ စစ်ဆေးကြည့်ပြီးနောက် ဗီဇအရမျက်မှောင်ကြုတ်လိုက်မိသည်။ “ရှီးး ဒါက ဆေးအဆိပ်သင့်ရုံတင် မဟုတ်ဘူး၊ လူကိုယ်တိုင်က ဆေးအဆိပ်ကနေ ပေါက်ဖွားလာသလိုပဲ”

စကားအဆုံးတွင် သူမသည် ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး “ဒါပေမဲ့ ကျွန်မတို့ ရတနာပန်းပွင့်ဂိုဏ်းရဲ့ နည်းလမ်းတွေကတော့ နာမည်ကြီးပဲ။ ပေါင်ဟွားဆေးလုံးတစ်လုံးက ရှင့်ရဲ့လက္ခဏာတွေကို အနည်းဆုံး သုံးပုံတစ်ပုံလောက် သက်သာစေနိုင်တယ်။ ဒါပေမဲ့ အလဲအလှယ်အနေနဲ့ ဘာပေးမှာလဲ” ဟု မေးလိုက်သည်။

ပေါင်ဟွားဆေးလုံးဟူသော အမည်ကို ကြားလိုက်ရသည့်အခါ ကျန်းယဲ့နှင့် လျိုကျွင်းတို့၏ မျက်နှာအမူအရာများ အနည်းငယ်ပြောင်းလဲသွား၏။

သာမန်လူများအတွက်မူ ထိုဆေးလုံးမှာ ဒဏ္ဍာရီလာနတ်ဆေးကဲ့သို့ပင် ဖြစ်ပြီး ကောလာဟလများထဲတွင်သာ ကြားဖူးကြခြင်း ဖြစ်သည်။ သို့သော် ဤမိန်းကလေးမှာမူ ထိုဆေးလုံးကို တကယ်ပင် ထုတ်ပေးနိုင်မည့် ပုံစံမျိုးရှိနေသည်။

“မင်းက ဘာနဲ့ အလဲအလှယ် လုပ်ချင်တာလဲ”

ရှန်းယီသည် ဘေးရှိ လူနှစ်ဦး၏ မျက်နှာအမူအရာ အပြောင်းအလဲကို သတိပြုမိလိုက်ပြီး ထိုမိန်းကလေးကို ပိုမိုလေးနက်စွာကြည့်လိုက်သည်။

မိန်းကလေးသည် သူမ၏ လက်ကို ယမ်းကာ ပြုံးလျက် ငြင်းဆိုလိုက်၏။ “အဲဒီ ပေါင်ဟွားဆေးလုံးက ကျွန်မအလကားပေးဖို့အတွက် တန်ဖိုးကြီးလွန်းတယ်။ ကိုယ့်ဘာကိုယ် ရှာဖွေယူပါ။ ရတနာပန်းပွင့်ဂိုဏ်းရဲ့ တာဝန်တစ်ခုကို အတူတူ လုပ်ကြရအောင်။ ကျွန်မကတော့ ဂုဏ်သတင်းနဲ့ အကျိုးပြုမှုတွေ ရမယ်၊ ရှင်ကတော့ အဲဒီဆေးလုံးကို ရမယ်”

“ဘယ်လိုလဲ”

“စီနီယာ...” ကျန်းယဲ့က ရှန်းယီကို မသွားရန် အသာလေး ခေါင်းခါပြလိုက်သည်။

ပေါင်ဟွားဆေးလုံးကို ဂိုဏ်း၏ တာဝန်များမှတစ်ဆင့်တကယ် ရနိုင်မရနိုင် ဆိုသည်မှာ အသာထားဦး။ အကယ်၍ တကယ် ရနိုင်သည်ဆိုလျှင်ပင် ဤမိန်းကလေးက ကတိမတည်ဘဲ နေမည်မဟုတ်ဟု မည်သူက အာမခံနိုင်မည်နည်း။

သူမသာ ဂိုဏ်းထဲသို့ ဝင်ရောက် ပုန်းအောင်းသွားပါက မည်သူက သူမကိုပြဿနာရှာရဲမည်နည်း။

“ဒါဆို ရှင့်မှာ တခြားနည်းလမ်း ရှိလို့လား”မိန်းကလေးက ကျန်းယဲ့ကို စောင်းငဲ့ကြည့်လိုက်၏။

“ကျွန်တော်... ကျွန်တော့်မှာ ဘယ်လိုလုပ် အဲဒီလို နည်းလမ်းရှိမှာလဲ” ကျန်းယဲ့သည် အခက်တွေ့စွာဖြင့် အနောက်သို့ အလျင်စလိုဆုတ်လိုက်သည်။

ဤကဲ့သို့သောအရာမှာ သူ၏ အသက်ကို ပေးလျှင်ပင် လက်လှမ်းမီနိုင်သော အရာမဟုတ်ပေ။

“အဲဒါဆိုရင်တော့ ဒါပဲပေါ့” မိန်းကလေးက ပြုံးလိုက်၏။

“စီနီယာရှန်း၊ စိတ်ချပါ။ အကယ်၍ သူက ကတိမတည်ဘူးဆိုရင် ကျွန်တော့်မှာ နည်းလမ်းရှိပါတယ်... ဒီတစ်ခါတော့ တကယ်ပါ” လျိုကျွင်းက သူ၏အသက်ကို အပေါင်ထားသကဲ့သို့ ကျိန်ဆိုကာ ပြောလိုက်သည်။ ပေါင်ဟွားနတ်မိမယ်သည် သစ္စာစောင့်သိမှုကို တန်ဖိုးထားပြီး ကတိဖျက်သူများကို မုန်းတီးကြောင်း သူ၏အစ်မထံမှ ကြားဖူးထားသည်။

အကယ်၍ ဤမိန်းကလေးသာ ကတိဖျက်ပြီး ရတနာပန်းပွင့်ဂိုဏ်း၏ ဂုဏ်သတင်းကို ညှိုးနွမ်းစေပါက အထက်လူကြီးများကို စကားတစ်ခွန်း ပြောရုံဖြင့် နတ်မိမယ်က သူမကို လွှတ်ထားမည် မဟုတ်ပေ။

“…”

ရှန်းယီသည် ထိုလူငယ်ကို တစ်ချက်ကြည့်ကာ ခေတ္တမျှစဉ်းစားပြီးနောက် အသာအယာ ခေါင်းညိတ်လိုက်သည်။ “ကောင်းပြီ၊ ဘယ်တော့ ထွက်ကြမလဲ”

တောင်နှင့် ပင်လယ်များကို ဖြတ်ကျော်လာခဲ့ရသဖြင့်လက်ဗလာနှင့် ပြန်သွားရန် မသင့်တော်ပေ။ ဆေးလုံးကိစ္စအပြင် အခြားသူ၏ အမည်နာမအောက်တွင် လုပ်ဆောင်ရင်း နတ်ဆိုးများထံမှ အပိုသက်တမ်း ရရှိနိုင်ခြင်းကလည်း မဆိုးလှပေ။

“အခုချက်ချင်း ထွက်လို့ရတယ်”

မိန်းကလေးသည် လူအုပ်ကြားမှ တိုးထွက်လာပြီး ခေါင်းဆောင်တစ်ဦးကဲ့သို့ ပုံစံဖမ်းလိုက်၏။ “နေဦး၊ ရှင်က ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့် နှစ် မဟုတ်လား။ ဘယ်လို တာဝန်တွေ ရှိလဲဆိုတာ အရင်ကြည့်လိုက်ဦးမယ်”

ထိုသို့ပြောပြီးနောက် သူမသည် ကျောက်စိမ်းပြား တစ်ခုကို ထုတ်ယူကာ ကြည့်ရှုတော့သည်။ သို့သော် သူမ၏စိတ်ထဲတွင်မူ အလွန် ပျော်ရွှင်နေ၏။

သူမသည် ဂိုဏ်းအတွင်း အထင်ရှားဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်သဖြင့် ကိုယ်တိုင်ကိုယ်ကျလှုပ်ရှား၍ မရပေ။ သူမ၏အာကာသနန်းတော် နှစ်ခုနှင့် ဝိညာဉ်နန်းတော်သုံးခု၏ စွမ်းအားကို အသုံးပြုလိုက်သည်နှင့် လူသိသွားမည်။

သူမသည် သူမ၏စွန့်စားခန်းလေးကို အချိန်အနည်းငယ် ပို၍ခံစားလိုသည်။ သဘာဝကျကျပင် ပြင်ပလူတစ်ဦးကို အင်အားအဖြစ် အသုံးပြုရပေမည်။ ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့် နှစ်က အနည်းငယ် နိမ့်ပါးနေသော်လည်း သူ၏ ပုံစံမှာ ကြည့်ကောင်းပြီး အလွန်အမင်းအရပ်မရှည်သလို မပုသဖြင့် အတော်ပင် အဆင်ပြေလှ၏။

မည်သို့ပင်ဆိုစေကာမူ သူမသည် သူရဲကောင်းလုပ်ခြင်း၊ တရားမျှတမှုကို ဖော်ဆောင်ခြင်းနှင့် အားနည်းသူများကို ကူညီခြင်းတို့ကိုသာ တွေ့ကြုံခံစားလိုခြင်းဖြစ်ရာ အလွန်အမင်းကြီးကျယ်နေရန် မလိုပေ။

“ဟေး၊ရှောင်မိသားစုခံတပ်ရဲ့ ဒီတာဝန်က ဘယ်သူမှ လက်မခံဘဲ ဒီအတိုင်း ရှိနေတာကြာလှပြီ၊ ဒီလူတွေက တကယ်ပျင်းတာပဲ”

သူမသည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီးနောက် ယုံကြည်ချက်အပြည့်ဖြင့် ဆိုသည်။ “ဒါဆိုရင်တော့ ဒီသူရဲကောင်းမလေးကပဲ စမ်းကြည့်ရမှာပေါ့ သွားကြစို့”

“…”

ရှန်းယီသည် အတော်ကြာအောင် တိတ်ဆိတ်သွားပြီး ရုတ်တရက်နောင်တရိပ်လေးတစ်ခု ဖြစ်ပေါ်လာ၏။ ဤကလေးမလေးနှင့် ကလေးကစားသလိုများဖြစ်နေပြီလားဟု သူ ခံစားလိုက်ရသည်။

ဤမိန်းကလေးက သူ လိုချင်သောအရာကို တကယ်ပေးနိုင်ပါ့မလားဟု သူ ယခုအခါ မသေချာတော့ပေ။

ရှန်းယီသည် စိတ်ကိုပြန်လည်စုစည်းကာ လျိုကျွင်းကို နှုတ်ဆက်လိုက်၏။ ထို့နောက် သူသည် ထိုမိန်းကလေး၏ နောက်မှ လိုက်ပါကာ ဂိုဏ်း၏ ရတနာနယ်မြေမှ ထွက်ခွာခဲ့တော့သည်။

ရတနာပန်းပွင့်ဂိုဏ်းသည်လည်း တာအိုပေါင်းစည်း ရတနာနယ်မြေကို ပိုင်ဆိုင်သော အဓိက အင်အားစုတစ်ခု ဖြစ်သည်။ နန်ဟုန်သားတော်ခုနစ်ပါး ကဲ့သို့ မကြီးကျယ်သော်လည်း အရပ်ရပ်ကို အကာအကွယ်ပေးနိုင်ပြီး ထင်ရှားကျော်ကြားသော မသေမျိုးဂိုဏ်းတစ်ခု ဖြစ်သည်။

သို့သော် ထိုမျှအင်အားကြီးသော ဂိုဏ်း၏ တပည့်တစ်ဦးမှာ လမ်းကိုပင်မသိပေ။

“ဘာကြည့်နေတာလဲ... ရှင်က အပြင်ကနေ ခုမှ လာတာပဲ၊ ရှောင်မိသားစုခံတပ်ကို ဘယ်လိုသွားရမလဲဆိုတာ မသိဘူးလား” ပေါင်ဟွားနတ်မိမယ်က မိမိကိုယ်ကိုယ် ကာကွယ်သည့် ပုံစံဖြင့် ဆိုလိုက်၏။

“စီနီယာရှန်းကလည်း ဒီနေရာကို အသစ်ရောက်တာပဲ၊ ကျွန်တော်ပဲ လမ်းပြပါရစေ” ကျန်းယဲ့သည် ဤမိန်းကလေးမှာ လုံးဝအားကိုး၍မရဟု ခံစားလိုက်ရ၏။ ထို့ကြောင့်ပင် သူမက စီနီယာရှန်းကို ပြဿနာများထဲသို့ ခေါ်ဆောင်သွားမည်ကို သူ စိုးရိမ်နေခြင်း ဖြစ်သည်။

All Chapters