← Chapters

အခန်း (၈၅၆-၈၅၈)

Vol. 58 Ch. 856-858

အခန်း (၈၅၆-၈၅၈)

Vol. 58 Ch. 856-858

အခန်း (၈၅၆) အညံ့ခံသူ

လုယန် ဉာဏ်အလင်းပွင့်သွားသည်။ သူ့ဘဝကံကြမ္မာကို မီးမောင်းထိုပြနေသည့် အနာဂတ်ဟောစာတမ်းကို သူရလိုက်သည်။

သူသေရမည်။ ယင်ထန်လက်ချက်ဖြင့် သေလျှင်သေ။ မဟုတ်လျှင် ချီလင်လက်ချက်ဖြင့် သေမည်။

သေရမည်တော့ လုံးဝမလွဲ။

ချီလင်မသေမျိုးသာ ဤမြင်ကွင်းကို မြင်ခဲ့လျှင် လုယန် အသက်ရှင်နိုင်စရာအကြောင်းမရှိတော့။

"ဘာရယ်၊ အာဟဲတဲ့လား။ ငါက ချီလင်မသေမျိုးမဟုတ်ပါဘူး"

နတ်မယ်က ပြောသည်။ သူ့တန်ဖိုးသူ အလျော့ခံပြီး ချီလင်မသေမျိုးအဖြစ် ဟန်ဆောင်နေမည်မဟုတ်။ သူသည် အမြဲတမ်း သိက္ခာသမာဓိအပြည့်ဖြင့် နေခဲ့သူဖြစ်သည်။

"အာဟဲမဟုတ်ဘူးလား"

ကျင်းချိုင်ဝေက နတ်မယ်ကို မသင်္ကာသည့်မျက်လုံးများဖြင့် ကြည့်သည်။

...ငါက ငတုံးပုံပေါက်နေလို့လား။ နင်ဘာတွေလာလိမ်နေတာလဲ...

အောင်းလင်းနှင့် ကျန်းလန်ယိကို ထိုမျှရင်းနှီးကျွမ်းဝင်သူသည် အာဟဲမှလွဲ၍ တစ်ခြားလူမရှိနိုင်။

"မှန်တယ်။ သူက ငါ့ယောက်ျားမဟုတ်ဘူး"

အောင်းလင်းက မပွင့်တပွင့်ပြုံး၍ ကျင်းချိုင်ဝေကို ငုံ့ကြည့်နေသည်။

"ကောင်မလေး။ ရှေးဟောင်းခေတ်ကိစ္စတွေဟာ ရှုပ်ထွေးနက်နဲတယ်။ နင်ဘယ်လိုလုပ် အကုန်နားလည်နိုင်မှာလဲ"

"ငါ့ကို ကောင်မလေးလို့မခေါ်နဲ့"

ကျင်းချိုင်ဝေ ဒေါသထွက်သွားသည်။ ထိုသို့ခေါ်သည်ကို သူအမုန်းဆုံးဖြစ်သည်။ အထူးသဖြင့် အောင်းလင်းနှင့် ကျန်းလျန်ယိက ထိုသို့ခေါ်လျှင် သူသည်းမခံနိုင်။

သို့သော် သူတို့ပြောပုံအရဆိုလျှင် လုယန်သည် ချီလင်မသေမျိုးဟုတ်မည်မထင်။

ကျင်းချိုင်ဝေ စဉ်းစားရကြပ်လာသည်။

ရှေးဟောင်းခေတ်ကိစ္စများကို သူအကျယ်တဝင်မသိသည်က အမှန်ဖြစ်သည်။ ဥပမာ ရှေးဟောင်းကောင်းကင်ရုံးတော်အကြောင်းကို သူမသိ။

အောင်းလင်းနှင့် ကျန်းလျန်ယိက ရှေးဟောင်းကောင်းကင်ရုံးတော်ဂိုဏ်း၏ အဖွဲ့ဝင်များဖြစ်နေသည်။ သူ့ထက် ထိုဂိုဏ်းအကြောင်း ပိုသိနေသည်မှာ သေချာသည်။

"သူက ချီလင်မသေမျိုးမဟုတ်ရင် တစ်ခြားဘယ်သူဖြစ်နိုင်သေးလို့လဲ"

ရှေးဟောင်းမသေမျိုးလေးယောက်ထဲတွင် ချီလင်မသေမျိုးသာ လက်ရှိပုံစံနှင့် ကိုက်ညီသည်။

အပြင်လူများမရှိလျှင် နတ်မယ်အကြောင်း ကျင်းချိုင်ဝေကို အောင်းလင်းပြောပြလိုက်ချင်သည်။ သို့သော် လောလောဆယ်အခြေအနေက အဆင်မပြေ။

အောင်းလင်းက တစ်ဦးတည်းသောအပြင်လူကို လှမ်းကြည့်သည်။

"ဒီလူက ဘယ်သူလဲ"

"သူ့နာမည် ရှားထန်တဲ့။ ငါ့အဖွဲ့ထဲဝင်တာ သိပ်မကြာသေးဘူး"

"နောက်လိုက်လား"

အောင်းလင်း ရှားထန်ကို နောက်တစ်ကြိမ်ထပ်ကြည့်သည်။ မသေမျိုးအမ၏ နောက်လိုက်ဖြစ်ဖို့ စံသတ်မှတ်ချက်မြင့်မားကြောင်း သူသိသည်။ တော်ရုံတန်ရုံဖြင့် နောက်လိုက်အဖြစ် လက်ခံမည်မဟုတ်။

ဤရှားထန်တွင် ထူးခြားချက်ရှိ၍သာဖြစ်မည်။

သို့သော် သူကြည့်ရသလောက် ကျင့်စဉ်အဆင့်ကလည်း သိပ်အထင်ကြီးစရာမရှိ။ တကယ်တမ်းတိုက်ခိုက်လျှင် သူ့အကိုကြီးလုယန်ပင် ထိုရှားထန်ကို နိုင်လောက်သည်။

မသေမျိုးအမက ဘာကိုကြည့်၍ အလေးပေးနေသည်မသိ။

သို့သော် အရေးမကြီး။ မသေမျိုးအမလုပ်သည့်အရာတိုင်း အကြောင်းရင်းရှိသည်။

မသေမျိုးတစ်ဝက်သုံးယောက်ကို ရင်ဆိုင်နေရသော်လည်း အင်ပါယာရှား မကြောက်။ သူ့နောက်တွင်လည်း မသေမျိုးတစ်ယောက်ရှိသည်။ သူသည် ထိုမသေမျိုး၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်းဆောင်နေသည်။

သူ့အဆင့်အတန်းက ဤမသေမျိုးတစ်ဝက်များထက် မလျော့။

သို့သော် သူ့သရုပ်မှန်ကို ‌ဖော်ထုတ်လိုက်လျှင် ရုပ်ဖျက်ပြီးလည်ပတ်နေရသည့်ဘဝကို ဆက်ခံစားနိုင်မည်မဟုတ်တော့။

အင်ပါယာရှား တွေးနေသည်။ သူ့သားကြီး အပြင်လောကသို့ထွက်စဉ်က လောကဘဝကို ခံစားရသည်။ ယခု သူအပြင်ထွက်ချိန်ရောက်မှ သူ့ကိုကွပ်မျက်ဖို့ တောင်းဆိုသူများ၊ ရှေးဟောင်းမသေမျိုးတစ်ဝက်များနှင့် ကြုံတွေ့ရသည်။

သူ့သရုပ်မှန်ကို ကြားလုံးထုတ်ဖို့ပင် အခွင့်အရေးလုံးဝမရ။

"လျန်ယိ၊ မြေပေါ်မှာလဲနေတဲ့လူတွေကို တရားစီရင်ရေးဝန်ကြီးဌာနဆီသွားပြီး အပြစ်ဝန်ခံခိုင်းလိုက်ပါ။ ငါမင်းတို့နဲ့ ဆွေးနွေးစရာရှိတယ်"

နတ်မယ်က ပြောသည်။

"ကောင်းပြီလေ"

ကူးဖြတ်ခြင်းကျင့်ကြံသူများဆီ ကျန်းလျန်ယိ လျှောက်သွားသည်။ ကျင့်ကြံသူများ ထွက်ပြေးရန်ကြိုးစားသည်။ သို့သော် နဂါးစွမ်းအားဖြင့် ဖိနှိပ်ထားခံရသဖြင့် လုံးဝမလှုပ်နိုင်ကြ။

ကျန်းလျန်ယိ ရှင်သန်မှုအရိယဖလသန္ဓေကို အသက်သွင်း၍ ကူးဖြတ်ခြင်းကျင့်ကြံသူများပေါ်တွင် တံဆိပ်တစ်ခုစီကပ်ပြီး ထိန်းချုပ်လိုက်သည်။

ထိုအဖြစ်ကိုကြည့်၍ ကျင်းချိုင်ဝေ နှာခေါင်းရှုံ့သည်။ ကျင်းချွဲ့အပေါ် ကျန်းလျန်ယိကပ်ခဲ့သည့် ဝိညာဉ်တံဆိပ်ကို ပြန်သတိရလာသည်။

ထိုကိစ္စက နတ်ဆိုးနိုင်ငံတည်ပွဲတော် မကျင်းပမီ ကြုံခဲ့ခြင်းဖြစ်သည်။ ချုန်းချီခေါင်းဆောင်က တည်းခိုခန်းတစ်ခုသို့ အမှတ်တမဲ့ဝင်မိသည်။ ပြန်နိုးထလာစ ကျန်းလျန်ယိကို မြင်သွားသည်။

ကျန်းလျန်ယိက လူအများအာရုံစိုက်မခံလိုသဖြင့် သူ့အကြောင်းထုတ်မပြောဖို့ ကျင်းချွဲ့ကို အမိန့်ချထိန်းချုပ်ခဲ့သည်။

ကျင်းချွဲ့အသံတိတ်နေသော်လည်း ကျန်းလျန်ယိနှင့် တစ်ကြိမ်မက ကြုံခဲ့ဖူးသည့် ကျင်းချိုင်ဝေက ကျန်းလျန်ယိ၏ အရိယဖလဝိညာဉ်တံဆိပ်ဖြစ်ကြောင်း ချက်ချင်းသိသည်။

"နင်တို့ခုနစ်ယောက် တရားစီရင်ရေးဝန်ကြီးဌာနကိုသွားပြီး နင်တို့ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအားလုံးဝန်ခံပါ။ ဒါပေမယ့် ငါ့အကြောင်း၊ အောင်းလင်းအကြောင်း ကျင်းချိုင်ဝေအကြောင်း လုံးဝထုတ်မပြောနဲ့"

ကူးဖြတ်ခြင်းအဆင့်ထိ ရောက်လာနိုင်သည်ဆိုလျှင် ထိုကိစ္စမျိုးသူတို့လုပ်ဖူးသည်မှာ တစ်ကြိမ်နှစ်ကြိမ်မကလောက်။

ကျန်းလျန်ယိ၊ အောင်းလင်းနှင့် ကျင်းချိုင်ဝေတို့သည် သာမန်လူများမဟုတ်။ သူတို့နန်းမြို့တော်သို့ရောက်နေကြောင်း တရားရေးဝန်ကြီးဌာနက သိသွားလျှင် အင်ပါယာရှားလည်း သိသွားမည်။

ထင်မှတ်မထားသည့် အရှုပ်အထွေးများ ပေါ်လာနိုင်သည်။

ပြဿနာနည်းလေ ပိုကောင်းလေဖြစ်သည်။

"ဟုတ်ကဲ့"

ကူးဖြတ်ခြင်းခုနစ်ယောက် ပြိုင်တူအော်လိုက်သည်။

အောင်းလင်းက နဂါးစွမ်းအားကို ပြန်ရုပ်သိမ်းပေးသည်။ ကူးဖြတ်ခြင်းခုနစ်ယောက် ထရပ်လာသည်။ ပုံမှန်လူလိုသာဖြစ်သည်။ သို့သော် သူတို့ဦးတည်ရာက တစ်ချိန်ကသူတို့ လုံးဝမသွားခဲ့သည့် နေရာတစ်ခုဖြစ်သည်။

တရားရေးဌာနတွင် သူတို့အဖမ်းမခံလို။ သို့သော် ရှင်သန်မှုအရိယဖလသန္ဓေစွမ်းအားကို သူတို့မဆန့်ကျင်နိုင်။ တွန့်ဆုတ်သည့် အမူအရာမျိုးပင် မပြနိုင်ကြ။

.....

တရားစီရင်ရေးဌာန။

စတုတ္ထမင်းသားကို မင်းကြီး(ကျင်းချွန်)ဆီလွှဲပေးပြီးနောက် ဝန်ထုပ်ဝန်ပိုးတစ်ခု လျော့သွားသလို ရှုရှင်းခံစားရသည်။ သူ့ခြေလှမ်းများ ပို၍ပေါ့ပါးသွက်လက်လာသည်။

သူလေ့ကျင့်ပေးထားသည့် လက်ထောက်များက ကောင်းကင်ကိုထိန်းထားနိုင်ခဲ့သည်။ သူတံခါးပိတ်ကျင့်နေချိန်အတွင်း တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သည်။

ဌာန၏အမှုအခင်းများကို အစီအစဉ်တကျ ကိုင်တွယ်ဖြေရှင်းခဲ့သည်။ 'ပိုင်ဆိုင်မှုဥပဒေ'ကိုပင် အသစ်မွမ်းမံပြင်ဆင်ခဲ့ကြသည်။

ကူးဖြတ်ခြင်းအဆင့်ရောက်ဖို့ သိပ်မဝေးတော့ကြောင်း သူခံစားနေရသည်။ အဆင့်တက်ရာတွင် အပျော်စိတ်ကလည်း အထောက်အကူပေးနိုင်သည်။ စိတ်နှလုံးက သဘာဝဗီဇကို အားဖြည့်ပေးသည်။ ထိုကိစ္စက သိမ်မွေ့နက်နဲသည်။

"ဝစီပိတ်ရဲ့တပည့်လေး အခုဘာတွေများလုပ်နေလဲမသိဘူး။ ဒီကောင်လေးက ပါရမီတော့ အတော်ထူးတာပဲ"

ရှုရှင်း မချိပြုံးပြုံးလိုက်သည်။ တံခါးပိတ်ကျင့်ရာမှ သူထွက်လာပြီးနောက် လုယန်အကြောင်း သတင်းများစွာကြားရသည်။ လော်ထန်တောအုပ်တွင် ပြိုင်ဘက်ကင်းဟန်ပန်ဖြင့် သက်တူရွယ်တူများကို အနိုင်ယူခဲ့သည့်အကြောင်း။

ကြာနန်းဆောင်တွင် ကဗျာစပ်၍ယဲ့မုန်ယင်ကို ဆွဲဆောင်နိုင်ခဲ့ကြောင်း....စသဖြင့်ကြားသည်။

မျိုးရိုးကိုးဆက်ကွပ်မျက်ဖို့ တောင်းဆိုသည့်ကိစ္စမှလွဲလျှင် ထိုဝစီပိတ်၏တပည့်သည် ဝစီပိတ်ထက် များစွာကြည့်ကောင်းသည်။

ထိုစဉ် ဒုတရားရေးဝန်ကြီးဝင်လာသည်။ စကားပြောဖို့ တုံ့ဆိုင်းဆိုင်းဖြစ်နေသည်။

"ဘာကိစ္စလဲ"

စိတ်ပျော်နေသဖြင့် ရှုရှင်းလေသံက ခါတိုင်းထက်ပိုညင်သာသည်။

"သခင်ကြီးကို အစီရင်ခံပါတယ်။ အပြင်မှာ...အင်း...ကိုယ်တိုင်သာလိုက်ကြည့်ပါတော့ သခင်ကြီး"

ဒုတရားရေးဝန်ကြီး အံ့ဩလွန်းသဖြင့် ဘယ်လိုရှင်းပြရမည်မသိတော့။

"ကောင်းပြီလေ"

ရှုရှင်း ဒုတရားရေးဝန်ကြီးနှင့်အတူ ဧည့်ခန်းသို့သွားသည်။ ရင်းနှီးနေသည့်လူခုနစ်ယောက်ကို မြင်ရသည်။

"ရှီလဲ့၊ ပိုင်ယိဝမ်၊ ‌ကျောက်ထို..."

ပဥ္စမမင်းသား၏ လက်ပါးစေများဖြစ်သည်။

ရှီလဲ့က ရှုရှင်းကို မမြင်လေသကဲ့သို့ အတက်အကြမရှိသည့်လေသံဖြင့် သူ့ပြစ်မှုများကို ထပ်ပြောသည်။

"မင်းသားငါးရဲ့အမိန့်နဲ့ နန်းတွင်းစာမေးပွဲမေးခွန်းတွေ ကြိုဖြန့်ပေးပြီး အကျိူးအမြတ်ယူခဲ့ပါတယ်...

မင်းသားငါးက အရာရှိတွေပေါ် လွှမ်းမိုးချုပ်ကိုင်ချင်လို့ သူတို့တူမတွေ ဆွေမျိုးတွေကို နန်းမြို့တော်ထဲ နေရာပေးခိုင်းပါတယ်....

ဒီနေ့ လေလံပွဲမှာလည်း မင်းသားမျက်စိကျတဲ့ပစ္စည်းကို လူတစ်ယောက်က ဝယ်သွားတယ်။ မင်းသားငါးရဲ့နောက်ခံကို ထုတ်ပြောတာတောင် အဲဒီ့လူက မျက်နှာသာမပေးပဲ ပစ္စည်းကို ဈေးကြီးပေးပြီးဝယ်သွားတယ်။

မင်းသား အရှက်ကွဲတယ်။ ရတဲ့နည်းနဲ့ အဲဒီ့ပစ္စည်းကို ပြန်ယူဖို့ မင်းသားက ကျုပ်တို့ကို အမိန့်ပေးတယ်။ နောက်ပိုင်း ကျုပ်တို့ရုပ်ဖျက်ပြီး..."

ထိုခုနစ်ယောက်လုပ်သမျှ ပြစ်မှုတိုင်းသည် ပဥ္စမမင်းသားနှင့် ဆက်နွယ်နေသည်။

ရှုရှင်း "..."

..မဟုတ်သေးပါဘူး..စတုတ္ထမင်းသားကိစ္စ အဆုံးသတ်တာ မကြာသေးဘူး...အခု ပဥ္စမမင်းသားကိစ္စ ပေါ်လာပြန်ပြီလား...

...မင်းတို့ခုနစ်ယောက် စတုတ္ထမင်းသားကိစ္စကိုကြားလို့ ရုတ်တရက် စိတ်ပြောင်းပြီး အတူလာအဖမ်းခံတာလား...

"နေပါဦး။ မင်းတို့ဘာလို့ ဒီလိုအဖမ်းခံဖို့ ဆုံးဖြတ်လိုက်တာလဲ"

ရှုရှင်း မေးမိသည်။ ဤခုနစ်ယောက်သည် သတိသံဝေဂရမည့် လူမျိုးမဟုတ်။

ရှင်သန်မှုအရိယဖလသန္ဓေ၏ လွှမ်းမိုးမှုကြောင့် ကျန်းလျန်ယိတို့သုံးယောက်အကြောင်း ရှီလဲတို့ မပြောနိုင်ကြ။ နတ်မယ်က ကျန်းလျန်ယိကို ညွှန်ကြားသည်။ ကျန်းလျန်ယိက သူတို့ခုနစ်ယောက်ကို အမိန့်ပေးသည်။

"ကျုပ်တို့ဒီကိုလာပြီး အဖမ်းခံဖို့ပြောတာ လုယန်ပါ"

*********************************

အခန်း (၈၅၇) တဖြေးဖြေးအင်အားတိုးလာသည့် ပဲဝါနိုင်ငံတော်

ရှီလဲ့တို့က လုယန်နားချမှုကြောင့် လာအဖမ်းခံကြသည်။ အမှုဟောင်းများစွာ ပြန်ဖွင့်ရသည်။ အမှုအားလုံးက လူအတော်များများကို သိမ်းသွင်းစည်းရုံးချင်သည့် ပဥ္စမင်းသား၏ အားထုတ်မှုများဖြစ်သည်။

တရားစီရင်ရေးဝန်ကြီးဌာန ချက်ချင်းအလုပ်ရှုပ်လာသည်။ စတုတ္ထမင်းသားပုန်ကန်စဉ်ကထက်ပင် ပိုအလုပ်များသည်။

ပုန်ကန်မှုသည် အမှုကြီးတစ်ခုဖြစ်သော်လည်း အမှုကတစ်ခုတည်းဖြစ်သည်။ ဖမ်းဆီးသည့်အချိန် နည်းနည်းအားစိုက်ရသည်သာရှိသည်။

သို့သော် ယခုအခြေအနေက ထိုသို့မဟုတ်။ အမှုပေါင်းများစွာ ကိုင်တွယ်ဖြေရှင်းရသည်။ သက်ရောက်မှုက ကျယ်ပြန့်သည်။ နန်းမြို့တော်မှ အရာရှိများစွာ ပါဝင်ပတ်သက်နေသည်။

ရှီလဲ့တို့ခုနစ်ယောက်ကို တစ်ညလုံး စစ်ဆေးမေးမြန်းကြသည်။ ကောင်းသည့်တစ်ချက်က သူတို့ခုနစ်ယောက်လုံး ပူးပေါင်းဆောင်ရွက်လိုသည့်စိတ်ဓာတ် အပြည့်ရှိသည်။

မေးသမျှ ဖြေသည်။ ပဥ္စမမင်းသား၏ လက်ပါးစေများဖြစ်၍ သူတို့ထံတွင် သက်သေအထောက်အထားများစွာရှိသည်။ ထို့ကြောင့် တရားရေးဌာန များစွာသက်သာသွားသည်။

....

ဖခင်အင်ပါယာအဖြစ် ရုပ်ပြောင်းပြီး ပလ္လင်ပေါ်ထိုင်မိသည်ကို ကျင်းချွန် နောင်တရနေသည်။ အဆုံးမရှိသည့် အစီရင်ခံစာများကို သူဖြေရှင်းနေရသည်။

"တော်သေးတယ်။ ဘယ်လက်ရုံး ညာလက်ရုံး အကြံပေးအမတ်တွေ တံခါးပိတ်ကျင့်မနေကြလို့။ ငါ့အလုပ်တစ်ချို့ကို သူတို့ကူလုပ်ပေးကြတယ်"

ဘယ်လက်ရုံးညာလက်ရုံး အကြံပေးများက သိပ်အရေးမကြီးသည့် အစီရင်ခံစာများကို ကိုင်တွယ်ဖြေရှင်းပေးသဖြင့် သူအသက်ရှူနည်းနည်းချောင်သည်။

ထိုအစီရင်ခံစာများသည် ဖြေရှင်းဖို့သိပ်မခက်သော်လည်း ငြီးငွေ့စရာကောင်းသည်။ သူ့ဖခင်အဖြစ် ဟန်ဆောင်နေခြင်းဖြစ်၍ သူလုပ်ဖို့အဆင်မပြေသည့် ကိစ္စများစွာရှိသည်။

"ရုပ်ဖျက်ပြီး လျှောက်လည်ခဲ့ရတဲ့အချိန်တွေကို သတိရလိုက်တာ။ ငါ့အဖေအခြေအနေကရော ဘယ်လောက်များ တိုးတက်နေပြီလဲ"

ကျင်းချွန် ယုပြည်နယ်မှ ပြည်နယ်စားပို့လိုက်သည့် အစီရင်ခံစာတစ်ခု ဖွင့်ဖတ်သည်။ ထိုပြည်နယ်တွင် မဟာယုကျင့်ကြံသူများတွေ့ကြောင်း သတင်းပို့ခြင်းဖြစ်သည်။

ကူးဖြတ်ခြင်းအဆင့် မဟာချန်ကျင့်ကြံသူတစ်ယောက်ရှိသည်ဟု သံသယရှိကြောင်းလည်း ပြောထားသည်။ မဟာယုအကြွင်းအကျန်ကျင့်ကြံသူများကို ကူရှာပေးဖို့ ယုပြည်နယ်မှ တပ်ဖွဲ့များကို တောင်းဆိုထားသည်။

သို့သော် မဟာယုဘက်မှ အင်အားဘယ်လောက်ရှိမည်ကို မသိနိုင်သဖြင့် တော်ဝင်ရုံးတော်သို့ တပ်ကူတောင်းခြင်းဖြစ်သည်။

"ဒါဆိုရင် လော်ရွှေတပ်ကို ယုပြည်နယ်ဆီ လွှတ်ရမှာပေါ့"

နောက်အစီရင်ခံစာတစ်ခု ဖတ်ရန်ပြင်နေချိန်တွင် လီကုန်းကုန်းက လာသတင်းပို့သည်။

"မင်းကြီး၊ တရားရေးဝန်ကြီးရှုရှင်းက တွေ့ခွင့်တောင်းနေပါတယ်"

"ဝင်ခွင့်ပေးလိုက်ပါ"

တည်ငြိမ်သည့်ခြေလှမ်းဖြင့် ရှုရှင်း ခန်းမထဲဝင်လာပြီး ကျန်းချွန်ကို ဦးညွှတ်အရိုအသေပြုသည်။

"ရှုရှင်း မင်းကြီးကိုဂါရဝပြုပါတယ်"

"ထပါ ဝန်ကြီးရှု"

"ဟုတ်ကဲ့"

"ဘာကိစ္စရှိလို့လဲ"

ရှုရှင်း စာအုပ်ငယ်တစ်ခုထုတ်ပြီး ကုန်းကုန်းလီကိုပေးသည်။ ကုန်းကုန်းလီက ကျန်းချွန်ဆီ သွားပေးသည်။

စာအုပ်ကိုကြည့်၍ ကျန်းချွန် ကြောင်တက်တက်ဖြစ်သွားသည်။

"ဒါက ဘာလဲ"

"ပဥ္စမမင်းသား ကျူးလွန်ခဲ့တဲ့ ပြစ်မှုစာရင်းပါ မင်းကြီး"

"ဘယ်သူရယ်"

"ပဥ္စမမင်းသားပါ"

ကျန်းချွန် စာအုပ်ကို ဝိညာဉ်အာရုံဖြင့် အမြန်ဖတ်သည်။ ပဥ္စမင်းသား၏ ပြစ်မှုများကိုကြည့်ရင်း သူမျက်ခုံးလှုပ်လာသည်။ တစ်ချိန်က မဖြေရှင်းနိုင်ခဲ့သည့် အမှုဟောင်းများအတွက် ရှင်းလင်းချက်သေချာရေးထားသည်။

"အချိန်က အရေးကြီးပါတယ်။ တရားခံကို ခြောက်လှန့်သလို ဖြစ်မှာစိုးလို့ အမှုနည်းနည်းလောက်ပဲ တရားဝင်အတည်ပြုထားပါတယ်"

နည်းနည်းဆိုသည့်ထိုအမှုများကပင် အတော်ကြီးလေးနေသည်။ အမှုအားလုံး အတည်ပြုပြီးလျှင် ပဥ္စမမင်းသား၏ ကံကြမ္မာလည်း စတုတ္ထမင်းသားထက် ပိုကောင်းနိုင်မည်မထင်။

တစ်ခုတည်းသော ကွာခြားချက်က ပဥ္စမင်းသား၏ ပြစ်မှုများသည် မျိုးရိုးကိုးဆက် ကွပ်မျက်စရာမလို။ ကျန်းချွန်လည်း သူ့ကိုယ်သူ ပြစ်ဒဏ်ကင်းလွတ်မိန့် ထပ်ချစရာမလို။

...မဟုတ်သေး။ ညီ'လေး'ကိစ္စ ဖြေရှင်းပြီးပြီးချင်း ညီငါးကိစ္စ ချက်ချင်းပေါ်လာတယ်...ဘာလို့ ဒီလိုဖြစ်ရတာလဲ...

ငါအင်ပါယာလုပ်တာ သုံးရက်ပဲရှိသေးတယ်...ငါ့ညီနှစ်ယောက်ရဲ့အမှုက ငါ့လက်ထဲရောက်လာတယ်...

အဖေ...အဖေအင်ပါယာလုပ်တဲ့အချိန်က ဘာအမှုမှမဖြစ်ဘဲ အဖေထွက်သွားမှ ပြဿနာတွေအားလုံး စုပြုံရောက်လာတယ်။ ဘာလို့ ဒီလိုဖြစ်ရတာလဲ...

သမိုင်းတွင် မင်းသားများ ယာယီဘုရင်လုပ်ကြသည့် သာဓကများ ရှိဖူးပါသည်။ သို့သော် ထိုသို့ယာယီဘုရင်လုပ်ရင်း တစ်ခြားမင်းသားများကို တရားစီရင်ရသည့်အဖြစ်မျိုးတော့ မရှိခဲ့ဖူး။

မင်းသားတစ်ယောက်တည်းဆိုလျှင် မဆိုးလှသေး။ ယခုတော့ မင်းသားနှစ်ယောက်။ နောက်မျိုးဆက်များက ဤသမိုင်းအဖြစ်အပျက်ကို ဘယ်လိုမြင်ကြမည်နည်း။

"ဒီအကြောင်းတွေကို ဘယ်လိုစုံစမ်းခဲ့တာလဲ"

ရှုရှင်းသည် စေ့စပ်သေချာပြီး ယုံကြည်အားကိုးရသည်။ တကယ်မဟုတ်ဘဲ လုပ်ကြံရေးသားပြီး အစီရင်ခံမည်မဟုတ်။

လုပ်ကြံရေးသားမည်ဆိုလျှင်ပင် ဘယ်သူမှ ထိုမျှအကျယ်တဝင့် မဆင်မခြင်လုပ်ရဲမည်မဟုတ်။ စကားအဖြစ်သာ သူမေးခြင်းဖြစ်သည်။

"ရှီလဲ့ဦးဆောင်တဲ့ ပဥ္စမမင်းသားရဲ့ လက်ပါးစေတွေက ဝန်ခံထွက်ဆိုခဲ့တာပါ"

"သူတို့က အဲလောက်ရိုးသားတယ်ပေါ့"

ကျန်းချွန် မျက်မှောင်ကျုံ့သွားသည်။

"လုယန်က သူတို့ကို တရားစီရင်ရေးဌာနကိုသွားပြီး အဖမ်းခံဖို့ ဖျောင်းဖျခဲ့တာလို့ ပြောပါတယ်"

ကျန်းချွန် သူ့နဖူးသူ လက်ဖြင့်အုပ်လိုက်သည်။ စတုတ္ထမင်းသားကိစ္စကို လုယန်တိုင်ခဲ့သည်။ ယခု ပဥ္စမမင်းသားကိစ္စလည်း လုယန်နှင့်မလွတ်ကင်း။

...လုယန်၊ မင်းက ငါ့ညီတွေအားလုံးကို ထောင်ထဲပို့ပြီး ငါပလ္လင်တက်ဖို့ လမ်းရှင်းပေးနေတာများလားကွာ...

"သူတို့ကို အဖမ်းခံဖို့ ဖျောင်းဖျခဲ့တာ လုယန်တစ်ယောက်တည်းလား"

"ဒါတော့ ကျုပ်မသိပါဘူး။ ဒါပေမယ့် ရှီလဲ့တို့ပြောတာတော့ သူတို့ကို ဖျောင်းဖျနေတဲ့အချိန်က လုယန်ဘေးမှာ ရှားထန်ဆိုတဲ့ ကျင့်ကြံသူတစ်ယောက်လည်း ရှိတယ်တဲ့"

ကျန်းချွန် "..."

ရှားထန်ဆိုတာ ငါ့အဖေအင်ပါယာရဲ့ နာမည်တုကြီးပဲမဟုတ်လား...ဒါကြောင့် ဒီကိစ္စ မရိုးဘူးလို့ထင်နေတာ...လက်စသတ်တော့ အင်ပါယာရှားရဲ့လက်ချက်ပဲ...

.....

လော်ထန်တောအုပ်တွင် နတ်မယ်၊ အောင်းလင်း၊ ကျန်းလျန်ယိ၊ ကျင်းချိုင်ဝေနှင့် အင်ပါယာရှားတို့ စည်းဝေးပွဲထိုင်နေသည်။

"ငါတို့အားလုံး ဒီလိုအတူဆုံဖို့ ခဲယဉ်းတယ်။ ဒီနေ့ဆွေးနွေးမယ့်ကိစ္စက တစ်ခုတည်းပါပဲ။ နိုင်ငံသစ်တည်ထောင်ဖို့ ငါအသင့်ဖြစ်နေပြီ။ အဲဒီ့နိုင်ငံကို မဟာပဲဝါနိုင်ငံလို့ နာမည်ပေးဖို့လည်း တွေးထားပြီးပြီ"

ထိုစကားကြောင့် အောင်းလင်းနှင့် တစ်ခြားလူများအားလုံး အံ့အားသင့်သွားပြီး ခါးနည်းနည်းမတ်လာသည်။

နိုင်ငံသစ်တည်ထောင်မည်ဟူသည့် စိတ်ကူးကြောင့် အံ့ဩသူများရှိသည်။ နိုင်ငံသစ်၏နာမည်ကြောင့် အံ့ဩသူများလည်းရှိသည်။

"သူတော်စင်ကပြောတယ်။ 'လောကပလ္လင်ဟာ မြင့်မြတ်တဲ့သူပဲ ထိုင်သင့်တယ်'တဲ့။ ငါက အဲလိုမြင့်မြတ်မှုနဲ့ မွေးဖွားလာတဲ့လူပဲ။ ဒီတော့ ငါပဲအင်ပါယာဖြစ်သင့်တယ်လေ"

အောင်းလင်းနှင့် ကျန်းလျန်ယိတို့ စိတ်အားထက်သန်စွာ လက်ခုပ်တီးကြသည်။ နတ်မယ်ကို အားမာန်အပြည့်ဖြင့် ကြည့်နေကြသည်။

ယခု မသေမျိုးအမ လောကကိုအုပ်စိုးဖို့ စိတ်ကူးနေပြီထင်သည်။

နတ်မယ် ပြုံးလိုက်သည်။ အောင်းလင်းနှင့်ကျန်းလျန်ယိကို သိပ်စိတ်မလှုပ်ရှားဖို့ လက်ကာပြသည်။ ထို့နောက် ဆက်ပြောသည်။

"အချိန်သမိုင်းကြောင်းကို ငါလေ့လာကြည့်တယ်။ နိုင်ငံအပြောင်းအလဲဖြစ်တိုင်း သွေးစက်တွေ မီးတောက်တွေ ပြည့်သွားတယ်။ လူတွေ ဒုက္ခရောက်တယ်။ တစ်လောကလုံး ဒုက္ခရောက်ကြတယ်။ ငါဒါမျိုးတော့ မဖြစ်ချင်ဘူး"

သိစိတ်နယ်မြေမှ လုယန်ရေးပေးသည့် မိန့်ခွန်းအတိုင်း နတ်မယ်ပြောနေခြင်းဖြစ်သည်။ စာကိုဖတ်ရင်းလည်း အလျင်းသင့်သလို သူ့ဘာသာ ပြောင်းလဲပြင်ဆင်သည်။

"နိုင်ငံသစ်တည်ထောင်တာ စစ်တိုက်စရာမလိုဘူးလို့ ငါယူဆတယ်။ ငြိမ်းချမ်းတဲ့ နည်းလမ်းတွေ သုံးလို့ရတယ်။ ဥပမာ...စတုတ္ထမင်းသား နိုင်ငံတော်ပုန်ကန်ဖို့ကြံနေတာကို ငါသွားတိုင်ပေးလိုက်တယ်။

သူ့မျိုးနွယ်တစ်ခုလုံးကို အမှုတွဲထဲဆွဲထည့်လိုက်တယ်။ ဒါဆို တိုက်ခိုက်စရာမလိုဘဲ ကျန်းမိသားစုကို ဖျက်ဆီးနိုင်ပြီလေ။ ဒါပေမယ့် ကျန်းမိသားစုဘိုးဘေးတွေက ဉာဏ်ထက်တယ်။ လွတ်ငြိမ်းချမ်းသာခွင့်ဥပဒေကို ကြိုတင်ချမှတ်ထားတယ်။

ဒါကြောင့် ငါ့အစီအစဉ်ပျက်သွားတယ်။ တကယ်ရင်ဆိုင်ရခက်တဲ့ ပြိုင်ဘက်မျိုးပဲ။

ဒါပေမယ့် ကိစ္စမရှိပါဘူး။ ဘယ်အလုပ်မဆို အမြဲတမ်း ချောမွေ့တယ်လို့ ဘယ်ရှိနိုင်ပါ့မလဲ။ အစပိုင်းမှာ အမြဲတမ်း ခက်ခဲတာချည်းပါပဲ။ ငါတို့စည်းစည်းလုံးလုံးရှိနေရင် ဒါတွေကို မကျော်လွှားနိုင်စရာ အကြောင်းမရှိဘူး"

နတ်မယ် စားပွဲပေါ်တက်၍ မတ်တပ်ရပ်သည်။ ထို့နောက် လက်နှစ်ဘက်ကိုမြှောက်၍ အော်ဟစ်လိုက်သည်။

"ကဲ အားလုံးပဲ။ ငါနဲ့အတူ နိုင်ငံသစ်တည်ထောင်ဖို့ ဆန္ဒရှိကြလား"

"ရှိပါတယ်"

အောင်းလင်းနှင့်ကျန်းလျန်ယိက မေးစရာမလို။ နတ်မယ်လုပ်သမျှ အမြဲတမ်း ချွင်းချက်မရှိထောက်ခံသည်။

"ကောင်းပြီ၊ ဒါဆို မင်းတို့နှစ်ယောက်ကို မဟာတပ်မှူးတွေအဖြစ် ခန့်အပ်တယ်"

နတ်မယ် အားမာန်အပြည့်ဖြင့်ပြောပြီးနောက် စားပွဲပေါ်မှခုန်ဆင်းသည်။ ကျင်းချိုင်ဝေကို ကြည့်သည်။

"ကျားပေါက်လေး၊ မင်းကရောဘယ်လိုလဲ"

နိုင်ငံသစ်တည်ထောင်ဖို့ကိစ္စကို ကျင်းချိုင်ဝေ သိပ်စိတ်မဝင်စား။ သို့သော် အောင်းလင်းနှင့်ကျန်းလျန်ယိက ထောက်ခံနေသည်။ သူမထောက်ခံလျှင် နောက်ကောက်ကျသွားမည်။ ထိုသို့အဖြစ်မခံနိုင်။

"ကျွန်မလည်း ဆန္ဒရှိပါတယ်"

"ဒါဆိုမင်းကိုလည်း မဟာတပ်မှူးအဖြစ် ခန့်အပ်တယ်"

ထို့နောက် မိန်းကလေး လေးယောက်လုံး အင်ပါယာရှားကို ပြိုင်တူလှည့်ကြည့်သည်။ သူတို့ကြည့်သည့် အဓိပ္ပါယ်က ထုတ်ပြောစရာပင်မလိုတော့။

ရှင်ကရော ဘယ်လိုလဲ။

သူတို့အကြည့်ကြောင့် အင်ပါယာရှား ကျောရိုးထဲစိမ့်တက်လာသည်။ ကျန်သည့်လူအားလုံး သဘောတူပြီး သူသဘောမတူလျှင် စည်းဝိုင်းအပြင်ဘက်သို့ ရောက်သွားမည်မဟုတ်လော...

အင်ပါယာရှား လက်ကိုဖြေးညှင်းစွာမြှောက်လိုက်သည်။

"ကျုပ်လည်း ဆန္ဒရှိပါတယ်"

"ဒါဆို ငါမင်းကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တယ်"

ထိုမြင်ကွင်းကိုကြည့်၍ အင်ပါယာရှားကို လျှို့ဝှက်ကာကွယ်ပေးနေသည့် ကူးဖြတ်ခြင်းအဆင့်ကျင့်ကြံသူ မင်သက်မိနေသည်။

နှစ်ပေါင်းထောင်ချီ နေထိုင်ခဲ့သော်လည်း ထိုအဖြစ်မျိုး တစ်ခါမှသူမမြင်ဖူး။

******************************

အခန်း (၈၅၈) နန်းသိမ်းဖို့အကြံ

အင်ပါယာရှား မသေမျိုးတစ်ဝက်သုံးယောက်နှင့် မဟာမိတ်ဖွဲ့လိုက်သည်မှာ အတော်ကောင်းသည်ကိစ္စဟု လျှို့ဝှက်သက်တော်စောင့် တွေးနေသည်။

လုံခြုံရေးအတွက် အပြည့်အဝအာမခံနိုင်သည်။ အင်ပါယာရှားအတွက် နောက်ထပ်စိုးရိမ်စရာမလိုတော့။

မည်သို့ဆိုစေ သူ့တာဝန်က အင်ပါယာရှားကို ကာကွယ်ဖို့သာဖြစ်သည်။ တစ်ခြားဘာမှ သူအရေးမစိုက်။

အသစ်ခန့်ထားသည့် တပ်မှူးသုံးယောက်က တိုက်ပွဲဝင်ခွင့် တောင်းခံသည်။ သူတို့အစွမ်းအစကို သက်သေပြချင်နေကြသည်။

"ငါ့မှာ ရှင်သန်မှုအရိယဖလသန္ဓေရှိတယ်။ မသေမျိုးခန္ဓာအဆင့်ကို ယာယီမြှင့်ထားနိုင်တယ်။ ကျန်းမိသားစုမသေမျိုးကို တိုက်ကွက်တစ်ခုနှစ်ခုစာလောက် ထိန်းထားနိုင်တယ်"

တိုက်ခိုက်စွမ်းရည်တွင် အောင်းလင်းသည် အားအကောင်းဆုံးဖြစ်သည်။ ကျန်းမိသားစုမသေမျိုးနှင့် မတိုက်ခိုက်မီ တစ်ခြားစွမ်းအားရှင်များ၏ တိုက်ခိုက်မှုကို ခံယူလိုက်လျှင် မသေးမျိုးခန္ဓာအဆင့်သို့ ရောက်လာမည်။

ကျန်းလျန်ယိက တစ်ခြားလူများကို ကူညီရသည်ကို သဘောကျသည်။ အထူးသဖြင့် အောင်းလင်းကို သူကူညီချင်သည်။

"ငါ့ရဲ့အရိယဖလသန္ဓေက တစ်ခြားလူတွေကို ထိန်းချုပ်နိုင်တယ်။ တော်ဝင်နန်းတော်က လူတွေအားလုံးကို ငါတို့လူအဖြစ်ပြောင်းပစ်နိုင်တယ်။ အတွင်းထဲကနေ ထိုးဖောက်ပြီး ကျန်းမိသားစုကို အငိုက်ဖမ်းတိုက်ခိုက်လို့ရတယ်"

ကျင်းချိုင်ဝေကလည်း အညံ့မခံ။

"ငါ့မှာ ရေပြင်ညီအရိယဖလသန္ဓေရှိတယ်။ ဘယ်အရာမဆို ပြားချပ်သွားအောင် လုပ်နိုင်တယ်။ အရိယဖလအစစ်ရလာရင် လောကတစ်ခုလုံးကိုတောင် ချပ်ပြားတစ်ခုဖြစ်အောင် ပြောင်းနိုင်တယ်"

ထို့နောက် တပ်မှူးသုံးယောက် ဝန်ကြီးချုပ်ကို လှည့်ကြည့်ကြသည်။ မသေမျိုးအမ အလေးထားသည့် ထိုဝန်ကြီးချုပ် ဘယ်လိုစွမ်းရည်ရှိသည်ကို သိလိုကြသည်။

"ငါ...ငါ့ကိုယ်ငါ သတ်သေနိုင်ပါတယ်"

အောင်းလင်း "..."

နိုင်ငံတော်ပုန်ကန်မည့်ကိစ္စတွင် ဝိညာဉ်ပြောင်းအဆင့်သာရှိသည့် သူ့ကျင့်စဉ်စွမ်းအားက အသုံးဝင်နိုင်မှန်း အင်ပါယာရှားသိသည်။ ထို့ကြောင့် မဟာပဲဝါနိုင်ငံတည်ထောင်နိုင်အောင် ကိုယ့်ကိုယ်ကိုသတ်သေ၍ နန်းစွန့်ရုံသာ သူတတ်နိုင်သည်။

"ဟုတ်ပါပြီ ဟုတ်ပါပြီ။ ငြိမ်းချမ်းတဲ့ နည်းလမ်းတွေကိုသုံးမယ်လို့ ငါပြောထားတယ်လေ။ အခုမင်းတို့ကိုကြည့်ဦး။ အရိယဖလသန္ဓေသုံးဖို့တွေ သတ်သေဖို့တွေ ပြောနေကြတယ်"

"ဒါဆို မဟာရှားကို ငြိမ်းငြိမ်းချမ်းချမ်း ဘယ်လိုသိမ်းပိုက်မလဲ"

အောင်းလင်းက မေးသည်။ ကျန်းမိသားစုမသေမျိုးနှင့် တိုက်ခိုက်ဖို့ သူပြင်ဆင်ထားပြီးဖြစ်သည်။

နတ်မယ်တစ်ကိုယ်တည်းဆိုလျှင်တော့ အကျိုးရှိမည့် နည်းလမ်းတစ်ခုခုစဉ်းစားဖို့ ခက်ခဲပေလိမ့်မည်။ သို့သော် နတ်မယ်သည် ဘယ်တုန်းကမှ တစ်ကိုယ်တည်းမဟုတ်။

သူ့သိစိတ်နယ်မြေတွင် ဗျူဟာရှင်လုယန် ရှိနေသည်။

"ပလ္လင်ကိုသိမ်းပြီး ဩဇာအာဏာကိုချုပ်ကိုင်တယ်ဆိုတဲ့ စကားရှိတယ်။ မဟာရှားကို ဖြိုခွဲဖို့ ဒီနှစ်ဆင့်လုပ်ရမယ်။ အရင်ဆုံး ပလ္လင်ကိုသိမ်းပြီးမှ ဩဇာချုပ်ကိုင်ဖို့ စဉ်းစားသင့်တယ်လို့ ကျုပ်မြင်တယ်။

ပလ္လင်သိမ်းတယ်ဆိုတာ ဘာအဓိပ္ပါယ်လဲ။ နန်းပလ္လင်ကို လက်လွှဲယူတာပဲလေ။ ပလ္လင်ဘယ်လောက်အရေးပါသလဲဆိုတာ ပြောနေစရာတောင်မလိုပါဘူး။ မင်းသားအတော်များများက အဲဒီ့ပလ္လင်ကိုပဲ အရူးအမူးဖြစ်ကြတာမဟုတ်လား။

ပလ္လင်ကိုသိမ်းလိုက်ရင် မဟာရှားနိုင်ငံတစ်ဝက်ကို သိမ်းလိုက်တဲ့သဘောပဲ။ ဒီတော့ တော်ဝင်နန်းတော်ကိုသွားပြီး ပလ္လင်ကိုခိုးကြရင် ကောင်းမယ်ထင်တယ်"

"သိပ်ကောင်းတဲ့စိတ်ကူးပဲ"

အောင်းလင်းနှင့် ကျန်းလျန်ယိ စိတ်အားထက်သန်စွာ ပြိုင်တူလက်ခုပ်တီးကြသည်။

သိစိတ်နယ်မြေမှလုယန် သက်ပြင်းတစ်ချက်ချလိုက်သည်။ သူတွက်ချက်စဉ်းစားဉာဏ်ကောင်း၍ သေဒဏ်မှ တစ်သက်တစ်ကျွန်းထောင်ဒဏ်သို့ လျှော့ချနိုင်ခဲ့သည်။

သူအကောင်းဆုံး မျှော်လင့်နိုင်သည်က နတ်မယ်အဖမ်းခံရပြီး တစ်နှစ်လောက်‌ထောင်ကျ၍ သွေးအေးသွားဖို့သာဖြစ်သည်။

သစ္စာမဲ့သည့် ဤလုယန်သည် သစ္စာဖောက်မည့်အတွေးများသာ တွေးနေသည်။ သေဒဏ်အကြိမ်တစ်ထောင်လောက် ကျထိုက်ပေသည်။

"ရှား...အဲ...မင်းနာမည်ကဘာရယ်။ မင်းရော ဒီစိတ်ကူးကို ဘယ်လိုမြင်လဲ"

နတ်မယ်က မေးသည်။

"ကျူပ်နာမည် ရှားထန်ပါ။ ဒီစိတ်ကူး တကယ်ကောင်းပါတယ်"

ဤကိစ္စတွင် ရှားထန် နေရာရလာပြီဖြစ်သည်။

"တော်ဝင်နန်းတော်အနေအထားကို ကျုပ်ကောင်းကောင်းကျွမ်းကျင်တယ်။ ဝင်ဖို့လမ်းကြောင်းကို ကျုပ်စီစဉ်မယ်"

.....

တိတ်ဆိတ်သည့် ညအမှောင်ကိုအားပြု၍ လူငါးယောက် တော်ဝင်နန်းတော်ထဲသို့ ခိုးဝင်ကြသည်။

အိမ်ရှေ့မင်းသားသည် ကူးဖြတ်ခြင်းအဆင့်ဖြစ်၍ အိပ်ဖိုနားဖို့မလို။ သို့သော် သူသည် မြည်းမဟုတ်။ နေထွက်ချိန်မှ နေဝင်ချိန်ထိ အလုပ်လုပ်ပြီး နေဝင်ချိန်မှ နေထွက်ချိန်ထိ ပြန်အလုပ်မလုပ်နိုင်။

ထို့ပြင်ယခု သူသည် သူ့ဖခင်အဖြစ် ဟန်ဆောင်နေသည်။ နားမကျန်းဖြစ်နေသည့် သူ့အဖေသွင်ပြင်သည် အလုပ်ဆက်တိုက်လုပ်နိုင်သည့် ပုံစံမျိုးနှင့် မကိုက်ညီ။

"ဝိညာဉ်အာရုံမသုံးမိအောင် သတိထားကြပါ။ နန်းတော်စွမ်းအားရှင်တွေ ရိပ်မိသွားလိမ့်မယ်"

နတ်မယ်က အားလုံးကို သတိပေးသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း သူစုံစမ်းထားသည့် သတင်းအရ ကျန်းမိသားစုမသေမျိုးသည် တော်ဝင်နန်းတော်ထဲမှ တားမြစ်နယ်မြေတွင် နေထိုင်သည်။ နန်းတော်ထဲမှအဖြစ်အပျက်များကို အာရုံစိုက်မည်မဟုတ်။

သို့သော် ရှောင်လင်းတို့လို မသေမျိုးတစ်ဝက်အဆင့်များ ဝိညာဉ်အာရုံဖြန့်လျှင်တော့ ထိုမသေမျိုး အာရုံစိုက်လာနိုင်သည်။

"နားလည်ပါတယ်"

အင်ပါယာရှားက တီးတိုးပြောသည်။ ဝိညာဉ်အာရုံသုံးဖို့ သူလုံးဝစိတ်ကူးမရှိ။ နန်းတော်အစောင့်အကြပ်များ၏ ကျင့်စဉ်အဆင့်က သူထက်ပိုမြင့်သည်။ ဝိညာဉ်အာရုံသုံးလျှင် သူ့ကို ချက်ချင်းအာရုံခံမိကြလိမ့်မည်။

ယခု ငါးယောက်လုံး တကယ့်'အရိပ်'များလို ဖြစ်နေသည်။ ကျင်းချိုင်ဝေက ရေပြင်ညီအရိယဖလစွမ်းအားဖြင့် သူတို့လူစုကို 'နှစ်ဘက်မြင်'အခြေအနေဖြစ်ပြောင်းထားသည်။ ကြမ်းပြင်ပေါ်တွင်ကပ်လျက် ရွေ့လျားနေသည်။

အဓိကအားဖြင့် အင်ပါယာရှားနှင့် လုယန် ဘေးကင်းစေရန် ထိုသို့လုပ်ခြင်းဖြစ်သည်။ သူတို့နှစ်ယောက်က ကျင့်စဉ်အဆင့်နိမ့်သည်။ အလွယ်တကူ လူမိသွားနိုင်သည်။

"နင်က'အမြင့်'ဆိုတဲ့ အယူအဆကို ဖယ်ထုတ်ပြီး အလျားနှင့်အနံပဲ ချန်ထားတာလား"

(**သုံးဘက်မြင်ဒိုင်မင်းရှင်းတွင် အလျား၊အနံ၊အမြင့် ရှိသည်။ အလျားအနံ့ နှစ်ဘက်မြင်ဒိုင်မင်းရှင်းသည် အလျား(အကျယ်)နှင့် အနံ(ဗြက်)သာရှိသည်)

အောင်းလင်းက သဘောကျသွားဟန်ဖြင့် ကျင်းချိုင်ဝေကို မေးသည်။

ကျင်းချင်ဝေ၏ အရိယဖလသန္ဓေသည် သူ့အဖေချုန်းချီဘိုးဘေးလို ဝိညာဉ်အရိပ်အရိယဖလသန္ဓေဟု အောင်းလင်း အစကထင်ခဲ့သည်။ ယခုမှ အရိယဖလသန္ဓေအမျိုးစားသစ်မှန်း သိရသည်။ ထိုပါရမီမျိုးကို အထင်သေး၍မရ။

အကြောင်းမသိဘဲ ကျင်းချိုင်ဝေနှင့် ပထမဆုံးအကြိမ် ရင်ဆိုင်မည်ဆိုလျှင် သူပင်အငိုက်မိသွားနိုင်သည်။

"နင်က ဦးနှောက်နည်းနည်းတော့ရှိသားပဲ"

ကျင်းချိုင်ဝေ နှာခေါင်းရှုံ့၍ မာနအပြည့်ဖြင့် ပြောသည်။ ဤအရိယဖလသန္ဓေကို ဖန်တီးဖို့ သူပင်ပင်ပန်းပန်း ကြိုးစားခဲ့ရသည်။

နှစ်ဘက်မြင်အခြေအနေသည် ကိုယ်ပျောက်သည့်အနေအထားနှင့် မတူ။ အာရုံခံဖို့ ပိုခက်ခဲသည်သာရှိသည်။

သို့သော် လူမိသွားလည်း ကိစ္စမရှိ။ ကျန်းလျန်ယိ၏ အရိယဖလသန္ဓေစွမ်းအားဖြင့် ထိုလူများကို ထိန်းချုပ်နိုင်သည်။ သူ့တို့ရှိနေသည့်အဖြစ်ကို မေ့သွားအောင်လုပ်နိုင်သည်။

သိစိတ်နယ်မြေတွင် လုယန်တွေးနေသည်။ ထိုင်ခုံတစ်ခုခိုးဖို့အတွက် အရိယဖလသန္ဓေများ တစ်ခုပြီးတစ်ခုသုံးဖို့ တကယ်လိုအပ်လေသလော...

ဒုတိယနိုင်ငံ့ဆရာ တာအိုလမ်းစဉ်ဂိုဏ်းထဲ ခိုးဝင်စဉ်ကပင် အရိယဖလသန္ဓေ တစ်မျိုးတည်းသာသုံးခဲ့သည်။

အရိယဖလသန္ဓေနှစ်ခုအကူအညီဖြင့် ဝိညာဉ်ခြောက်ခုပါသည့် လူငါးယောက်အုပ်စု နန်းတော်ခန်းမထဲသို့ ချောမွေ့စွာ ရောက်လာကြသည်။

ခန်းမတစ်ခုလုံး မှောင်မည်းတိတ်ဆိတ်နေသည်။ သို့သော် ကိစ္စမရှိ။ ကျင့်စဉ်စွမ်းအားအနိမ့်ဆုံးဖြစ်သည့် လုယန်နှင့်အင်ပါယာရှားပင် ခန်းမအခြေအနေကို သေချာမြင်နိုင်သည်။ မသေမျိုးတစ်ဝက်သုံးယောက်အတွက် ပြောစရာပင်မလိုတော့။

လုယန်နှင့်နတ်မယ် ဤခန်းမထဲရောက်ဖူးသည်မှာ ပထမဆုံးအကြိမ်မဟုတ်။ မသေမျိုးဂိုဏ်းစည်းဝေးပွဲကို ဤနေရာတွင် ပြုလုပ်ခဲ့သည်။ တစ်ခြားမသေမျိုးလေးဂိုဏ်းခေါင်းဆောင်များနှင့် ဤနေရာတွင် တွေ့ဆုံခဲ့သည်။

ခန်းမရှေ့တွင် နဂါးလိမ်လှေခါးရှိသည်။ လှေခါးထစ်များပါသည့် ဆင်ခြေလျှောစင်္ကြံလမ်းဖြစ်သည်။ ခန်းမထုပ်တန်းများကို ဆေးရောင်စုံခြယ်ထားသည်။ ခန်းမတံခါးနှင့် ပြတင်းပေါက်များပေါ်တွင် စတုဂံပုံမှန်ကူကွက်များရှိသည်။ တစ်ခုချင်းစီက လေးနက်သည့်အဓိပ္ပါယ်ရှိသည်။

သို့သော် မြင်သာထင်သာအရှိဆုံးက ခန်းမတစ်ဘက်ထိပ်မှ လူပေါင်းများစွာ အလေးထားကြသည့် နန်းပလ္လင်သာဖြစ်သည်။ မဟာရှားအချုပ်အခြာအာဏာ၏ သင်္ကေတဖြစ်သည်။

"ရောက်ပြီ"

နတ်မယ် စိတ်လှုပ်ရှားမှုအပြည့်ဖြင့် တီးတိုးရေရွတ်သည်။ ခြေလှမ်းကျဲကျဲလျှောက်သွားပြီး ပလ္လင်ပေါ်တက်ထိုင်သည်။

ကျန်းချန်ယိမျက်လုံးများ အရောင်လက်လာသည်။ စာရွက်နှင့်စုတ်တံကိုထုတ်၍ ပုံတစ်ခုအမြန်ဆွဲသည်။

ဖြူမည်းပန်းချီပုံထဲတွင် လုယန်က နန်းပလ္လင်ထက်တွင် ထိုင်နေသည်။ လက်နှစ်ဘက်က ပလ္လင်လက်ရန်းပေါ်တင်ထားသည်။ မျက်လုံးများက နဂါးတစ်ကောင်လို စူးရှသည်။ ဩဇာရိပ် ထင်ဟပ်နေသည်။

တစ်မိုးအောက်တစ်ယောက်ထွန်းသည့် သခင်တစ်ယောက် ဟန်ပန်မျိုးရှိသည်။ သူ့ဦးခေါင်းထက်တွင် 'ဖြောင့်မတ်တည်ကြည်ခြင်း'ဟုရေးထားသည့် သစ်သားဆိုင်းဘုတ်ပြားတစ်ခုရှိသည်။

သေချာကြည့်လျှင် ထိုဘုတ်ပြားအောက်ဘက်ထောင့်စွန်းတွင် မုန်ကျွင်းဇီဟူသည့် နာမည်ကို မြင်ရမည်။

"နတ်မယ်၊ ပလ္လင်ပေါ်ထိုင်ရတာ ဘယ်လိုနေလဲ"

လုယန် မေးလိုက်သည်။

နတ်မယ် ပလ္လင်ပေါ်တွင် ဘယ်ညာနည်းနည်းယိမ်းကြည့်သည်။ သိပ်သဘောမကျ။

"သိပ်မကောင်းဘူး။ ကျူးထန်ရဲ့ထိုင်ခုံတွေကမှ ပိုပြီးသက်တောင့်သက်သာရှိသေးတယ်"

တောင်ဝင်ဩဇာကို ဘယ်လောက်ကိုယ်စားပြုသည်ဖြစ်စေ ထိုပလ္လင်ကို ကျင့်စဉ်စွမ်းအားသိပ်မမြင့်သည့် လက်မှုပညာရှင်များက ဖန်တီးထားခြင်းသာဖြစ်သည်။

ကျူးထန်ကိုယ်တိုင်လုပ်သည့် အင်ပါယာထိုင်ခုံနှင့် ယှဉ်၍မရနိုင်ပေ။

**********************************

All Chapters