← Chapters

အခန်း (၈၅၉-၈၆၁)

Vol. 58 Ch. 859-861

အခန်း (၈၅၉-၈၆၁)

Vol. 58 Ch. 859-861

အခန်း (၈၅၉) ပလ္လင်ပျောက်ရှာပုံတော်

နတ်မယ် အေးစက်သည့်ပလ္လင်ပေါ်တွင်ထိုင်ရင်း သက်ပြင်းချသည်။

"ဒီပလ္လင်က မာတင်းပြီး အေးစက်နေတာပဲ။ ငါအခုအလယ်ပိုင်းတိုက်နယ်သခင်ဖြစ်လာတောင် ထိုင်စရာနေရာ ကောင်းကောင်းမရှိပါလား"

အင်ပါယာရှား "..."

...အရင်က ပလ္လင်ပေါ်ထိုင်ရတာ သိပ်ကောင်းတယ်ထင်ခဲ့တာ...အခုခင်ဗျားပြောမှပဲ ကိုယ့်ကိုယ်ကို ဘယ်လောက်သနားစရာကောင်းမှန်း သိတော့တယ်...

"ကျူထန်က ဇိမ်ကျကျနေတတ်တယ်။ သူလုပ်တဲ့ တော်ဝင်ထိုင်ခုံက ဒီထက်ပိုပြီး သက်တောင့်သက်သာရှိတယ်"

ကျူးထန်သည် ပညာစုံတတ်သည်။ အကပညာနှင့် လက်သမားပညာသာမဟုတ်။ နတ်ဆိုးနိုင်ငံ တော်ဝင်နန်းတော်မှ အဆင်တန်ဆာအားလုံး သူကိုယ်တိုင်ဖန်တီးခဲ့ခြင်းဖြစ်သည်။

မသေမျိုးတစ်ဝက်တစ်ယောက် ဖန်တီးထားသည့် နတ်ဆိုးနိုင်ငံတော်ဝင်နန်းတော်သည် မဟာရှားနန်းတော်ထက် များစွာသာလွန်သည်။

ရှေးဟောင်းခေတ်မသေမျိုးငါးယောက်အိမ်တော်မှ ပရိဘောဂများအားလုံးသည် ကျူးထန်ဖန်တီးခဲ့ခြင်းဖြစ်သည်။

ချုန်းချီဘိုးဘေး၏ခေါင်းတလားကို ကျူးထန်လုပ်ပေးခဲ့ခြင်းဖြစ်ကြောင်း ကျင်းချိုင်ဝေကြားဖူးသည်။ မျိုးနွယ်မဟာအကြီးအကဲ၏ လက်သမားပညာပင် ကျူးထန်ကိုမယှဉ်နိုင်ဟု ပြောကြသည်။

စုစည်းခြင်းအဆင့်နှင့် မသေမျိုးတစ်ဝက်အဆင့်ကြား ကွာဟချက်က ကြီးမားသည်။

"တော်ဝင်တံဆိပ်က ဘယ်မှာလဲ"

နတ်မယ် ပလ္လင်ပေါ် အငြိမ်ထိုင်မနေနိုင်ဘဲ လှည့်ပတ်ရှာနေသည်။

"တော်ဝင်တံဆိပ်ကို လိုလို့လား"

လုယန်က မေးသည်။ အစီအစဉ်ထဲတွင် ထိုကိစ္စမပါ။

"တော်ဝင်တံဆိပ်က ဘယ်လိုပုံစံလဲဆိုတာ ကြည့်ချင်လို့ပါ။ အင်ပါယာတိုင်းမှာ အဲလိုတံဆိပ်ရှိတယ်လို့ ပြောကြတယ်မဟုတ်လား။ ငါကပဲဝါနိုင်ငံရဲ့ ပထမဆုံးအင်ပါယာဆိုတော့ တံဆိပ်လုပ်တဲ့အခါ မဟာရှားတံဆိပ်နဲ့ တူနေမှာစိုးလို့"

နတ်မယ်သည် လုပ်ရာကိုင်ရာတွင် စေ့စပ်သေချာသည်။ ထိုအချက်သည်လည်း အင်ပါယာတစ်ယောက်၏ အရည်အသွေးဖြစ်သည်။

နတ်မယ်ဝတ်ထားသည့် တော်ဝင်ဝတ်ရုံကို လုယန်လှမ်းကြည့်သည်။ ရှေ့ဘက်တွင် ပြုံးနေသည့် နတ်မယ်ပုံတူရှိသည်။ ‌ကျောဘက်တွင် အေးစက်တင်းမာသည့် ယွမ်ကျိပုံတူရှိသည်။

တော်ဝင်တံဆိပ်ကိစ္စကို နတ်မယ်သိပ်စိုးရိမ်ဖို့မလိုလှဟု လုယန်တွေးနေသည်။

တော်ဝင်တံဆိပ်လက်ထဲကိုင်ထားလည်း အင်ပါယာတစ်ယောက်နှင့် လုံးဝတူမည်မဟုတ်။

အားလုံးက သူခိုးအတွေ့အကြုံကို ပထမဆုံးကြုံဖူးခြင်းဖြစ်၍ ဘာလုပ်ရမည်သေချာမသိကြ။

အောင်းလင်းက ခန်းမထဲမှ ဆေးရေးပန်းချီများကို သဘောကျနေသည်။ မဟာယုခေတ်အဆုံးတွင် ကျန်းမိသားစု အရှိန်အဝါတက်လာပုံ၊ ကျန်းမိသားစုနှင့်မုန်မိသားစုပေါင်း၍ လေဟာနယ်အရှင်ကို တိုက်ခိုက်ပုံ၊ နောက်ဆုံးတွင် မိသားစုနှစ်ခု လောကအုပ်ချုပ်သူနေရာအတွက် ယှဉ်ပြိုင်ကြပုံများကို ရေးခြယ်သရုပ်ဖော်ထားသည်။

"ဒီပန်းချီတွေမှာသုံးတဲ့ ဆေးသားက အတော်ညံ့တာပဲ။ အရောင်တွေ မှိန်နေပြီ။ အရင်က ငါတို့အိမ်မှာရှိတဲ့ ပန်းချီပုံတွေဆို အချိန်မသေမျိုးက ကောင်းချီးပေးထားတာ။ နှစ်တွေဘယ်လောက်ပဲကြာကြာ မပျက်စီးဘူး"

အောင်းလင်းမှတ်ချက်ပြုသည်။

"ဒီမှော်ရတနာတွေရဲ့ အရည်အသွေးကလည်း သာမန်ပါပဲ။ ကြည့်ကောင်းတာပဲရှိတာ"

ကျန်းလျန်ယိ နံရံနားတွင် အတန်းလိုက်စီထားသည့် မှော်ရတနာများကို လက်ညှိုးထိုးပြသည်။

"ငါတို့အိမ်က မှော်ရတနာတွေအားလုံးကို ယင်ထန်မသေမျိုးက ဖန်တီးထားတာ။ အားလုံး မသေမျိုးအဆင့်ရတနာတွေချည်းပဲ"

အင်ပါယာရှား "..."

...အရမ်းတရားလွန်မလာကြနဲ့နော်။ ဒီခန်းမကိုလုည်း ငါတို့ဘိုးဘေးက ကြီးကြပ်ပြင်ဆင်ခဲ့တာပါ...နည်းနည်းတော့ လေးစားမှုထားမှပေါ့..

ငါတို့ဘိုးဘေးကျန်းပင်ကန်းက ပစ္စည်းသွန်းပညာ မကျွမ်းကျင်ဘူး။ ဒီနေရာကို တန်ဆာဆင်ဖို့ မသေမျိုးရတနာတွေ အဲလောက်အများကြီး ဘယ်ကရနိုင်မှာလဲ...

လောကအတွေ့အကြုံသိပ်မရှိသည့် ကျင်းချိုင်ဝေကတော့ ဘာပြစ်ချက်ရှာမတွေ့။ နန်းပလ္လင်ကို စိုက်ကြည့်၍ သူပြောသည်။

"ဒီပလ္လင်ကိုရောင်းရင် ဘယ်လောက်ရနိုင်လဲ"

သူတို့ချုန်းချီမျိုးနွယ်တွင် ဝိညာဉ်ကျောက်များ အရေးပေါ်လိုအပ်နေသည်။ ပလ္လင်ကိုရောင်းနိုင်မည်ဆိုလျှင် စွန့်စားရကြိုးနပ်သည်။

နတ်မယ်က စေတနာဖြင့် သူ့အတွေးကို ပယ်ဖျက်ပေးသည်။

"ဒါက ဟန်ပြသက်သက်ပါပဲ။ သိပ်အဖိုးမတန်ပါဘူး"

ပလ္လင်ကိုခိုးယူဖို့တွေးရင်း သူတို့အုပ်စု နန်းတော်ခန်းမကို လှည့်ပတ်ကြည့်၍ မှတ်ချက်မျိုးစုံပေးနေသည်။

"ဒီပလ္လင်ကို ဘယ်လိုသယ်ကြမလဲ"

ကျန်းလျန်ယိကမေးသည်။ အင်ပါယာပိုင်ဆိုင်သည့် ပလ္လင်ဖြစ်၍ မှော်လက်စွပ်ထဲ ထည့်၍မရ။ ထိုအတိုင်းသယ်သွားလျှင်လည်း သိသာလွန်းနေမည်။

"ငါလုပ်ပါ့မယ်"

ကျင်းချိုင်ဝေက ပြောသည်။ အရိယဖလသန္ဓေကို အသက်သွင်း၍ လက်နှစ်ဘက်ကို ပလ္လင်အပေါ်အောက်ခွဲပြီး ဆန့်ထုတ်လိုက်သည်။ ထို့နောက် လက်ခုပ်တစ်ချက် တီးလိုက်သည်။ နန်းပလ္လင် ချက်ချင်းပျောက်သွားသည်။ စက္ကူတစ်ရွက်ပေါ်လာသည်။

"ရပြီ"

ပလ္လင်ကို ပန်းချီကားလို စက္ကူချပ်ပြားတစ်ခုအဖြစ် ပြောင်းခြင်းဖြစ်သည်။ ထို့နောက် စက္ကူကိုလိပ်၍ လက်မောင်းကြားတွင် ညှပ်လိုက်သည်။ လုံးဝမသိသာတော့။

"နင့်ရဲ့အရိယဖလက အတော်အဆင်ပြေတာပဲ"

"ဒါပေါ့၊ ဒီပလ္လင်လောက်ကိုမပြောနဲ့ နန်းတော်တစ်ခုလုံးကိုတောင် ပန်းချီပုံလိုဖြစ်အောင် လုပ်လို့ရတယ်"

ကျင်းချိုင်ဝေက ဝင့်ကြွားရိပ်အပြည့်ဖြင့် ပြောသည်။

"ကဲ ကဲ။ သွားကြရအောင်"

နတ်မယ်က အားလုံးကို လောဆော်သည်။

ဝင်လာစဉ်ကလိုပင် ကျင်းချိုင်ဝေက လူအားလုံးကို စက္ကူတစ်ရွက်လို့ ပြားချလိုက်သည်။ ထို့နောက် နန်းတော်မှထွက်ခွာသည်။

နောက်တစ်နေ့မနက် ညီလာခံကျင်းပချိန်တွင် ဗလာဖြစ်နေသည့်ပလ္လင်နေရာကိုကြည့်၍ ကျန်းချွန် မင်သက်မိသွားသည်။

"ငါထိုင်တဲ့ပလ္လင်က ဘယ်ရောက်သွားတာလဲ"

...ထိုင်လို့မကောင်းဘူးလို့ပဲ ငါပြောလိုက်တာပါ...ဒါကို သယ်ထုတ်သွားဖို့ မပြောမိပါဘူး...

.....

ဤရက်ပိုင်းအတွင်း နန်းမြို့တော်တွင် အံ့ဩတုန်လှုပ်ဖွယ်ကောင်းသည့် ဖြစ်ရပ်နှစ်ခုဖြစ်သွားသည်။

ပဥ္စမမင်းသား၏ ရာဇဝတ်မှုများ ထွက်ပေါ်လာသည်။ သူ့နောက်လုက်များ ဆက်တိုက်အဖမ်းခံရသည်။ အရာရှိများကြား အကြီးအကျယ် ဂယက်ထသွားသည်။ ရုံးတော်အရာရှိများစွာ ရာထူးမှထုတ်ပယ်ခံရသည်။

ထိုသတင်းကြေင့် ဒုတိယမင်းသား အကြီးအကျယ်ထိတ်လန့်နေသည်။

ရက်ပိုင်းအတွင်း သူ့ညီတစ်ယောက် နောက်ထပ်ထောင်ထဲရောက်သွားသည်။ ယခု သူနှင့်အိမ်ရှေ့မင်းသားသာ နန်းမွေခံများအဖြစ် ကျန်ရစ်ခဲ့သည်။

ဤဖြစ်စဉ်တွင် လုယန်က အဓိကနေရာမှ ပါဝင်ခဲ့သည်။ ပဥ္စမမင်းသား၏နောက်လိုက်အကြွင်းအကျန်များက သူ့ကိုလက်စားချေကြမည်ိစိုး၍ တရားရေးဝန်ကြီးဌာနက လုယန်အကြောင်း အများသိမကြေညာခဲ့။

နောက်ဖြစ်ရပ်တစ်ခုက နန်းပလ္လင် အခိုးခံလိုက်ရခြင်းဖြစ်သည်။

ပလ္လင်ပျောက်သွားသည့်နေ့တွင် အင်ပါယာရှားက သူ့ဝန်ကြီးများနှင့်တန်းတူ ညီလာခံကျင်းပချိန်တလျှောက်လုံး မတ်တပ်ရပ်နေခဲ့သည်ဟု သတင်းထွက်လာသည်။ အရာရှိများက အင်ပါယာ၏အပြုအမူကို များစွာချီးကျူးကြသည်။

နန်းပလ္လင်သည် နန်းတော်ခန်းမတွင် နှစ်တစ်သိန်းကြာအောင် နေရာမရွေ့ခဲ့။ ထိုမျှရဲရဲတင်းတင်း ခိုးသွားသည့်သူခိုးအကြောင်း အားလုံးကသိချင်နေသည်။

အချိန်ကြာမြင့်စွာ ပျောက်ဆုံးနေသည့် သူခိုးဘိုးဘေး၏လက်ချက်ဖြစ်မည်ဟု တစ်ချို့ကခန့်မှန်းသည်။ တစ်ချို့ကလည်း ပုန်းအောင်းနေသည့် သူခိုးဘုရင်လက်ချက်ဖြစ်သည်ဟုဆိုသည်။ တစ်ချို့ကလည်း နောက်မျိုးဆက်သူခိုးများ လက်စွမ်းပြခြင်းဟု ယူဆကြသည်။

ခန့်မှန်းချက်မျိုးစုံရှိသည်။ သို့သော် ဘယ်သူမှ သေချာမပြောနိုင်ကြ။

နန်းတော်ထဲသို့ ရှုရှင်း မျက်မှောင်ကျုံ့လျက် ဝင်လာသည်။ စိုးရိမ်ပူပန်မှုကြောင့် သူ့ခြေလှမ်းများက လေလံနေသည်။ ကောလဟာသတင်းများကို သူဂရုမစိုက်။ အားလုံးက အခြေအမြစ်မရှိသည့် ထင်ကြေးများသာဖြစ်သည်။

သို့သော် ပလ္လင်ပျောက်သည့်ကိစ္စကို ထိုအတိုင်းထား၍မရ။ အင်ပါယာ(ကျန်းချွန်)က ပလ္လင်ကို တွေ့အောင်ရှာဖို့ သူကို အမိန့်ပေးထားသည်။

အကောင်းဆုံးနည်းလမ်းက ပလ္လင်ပိုင်ရှင်ဖြစ်သည့် ကျန်းပင်ကန်းကို တိုက်ရိုက်မေးကြည့်ဖို့ဖြစ်သည်။ သို့သော် အိမ်ရှေ့မင်းသားက ထိုကိစ္စအတွက် တားမြစ်နယ်မြေသို့သွား၍ ဘိုးဘေးကိုမနှောင့်ယှက်ရဲ။

ထို့ကြောင့် ပလ္လင်ပျောက်ရှာဖို့တာဝန်က ရှုရှင်းပုခုံးပေါ်ကျလာသည်။

"စုံစမ်းတာ အခြေအနေဘယ်လိုလဲ"

နန်းတော်ပတ်ဝန်းကျင်တွင် သဲလွန်စရှာနေကြသည့် တရားစီရင်ရေးဌာနမှ လက်အောက်ခံ နာမည်ကျော်စုံထောက်များနှင့်အတူ ရှုရှင်း မေးသည်။

သို့သော် ဤအမှုတွင် အဆင့်တူပြိုင်ဘက်မျိုးနှင့် ကြုံရတော့မည့်ပုံရှိသည်။

"သခင်ကြီး။ တရားခံက အရမ်းပါးနပ်ပါတယ်။ ဘာသဲလွန်စမှ မကျန်ခဲ့ပါဘူး"

နန်းတော်အပြင်ပိုင်းမှ ခန်းမထဲထိ အကြိမ်ကြိမ်စစ်ဆေးခဲ့သည့် လက်အောက်ခံများက ပြောသည်။ သူတို့ ဘာသဲလွန်စမှ မရှာနိုင်ခဲ့။

"လှုပ်ရှားမှုကို ဖုံးကွယ်နိုင်တဲ့ လူတစ်ယောက်များဖြစ်မလား"

ရှုရှင်း မျက်မှောင်ကျုံ့နေသည်။ တစ်ချိန်က သူလည်း အရည်အချင်းရှိသည့် စုံထောက်တစ်ယောက်ဖြစ်သည်။ ဝန်ကြီးချုပ်ဖြစ်ပြီးနောက် အမှုစုံစမ်းမှု သိပ်မလုပ်ဖြစ်တော့။

ဒုတရားရေးဝန်ကြီးက ခေါင်းခါ၍ စားပွဲပေါ်တွင် တော်ဝင်နန်းတော်မြေပုံကို ဖြန့်လိုက်သည်။

"ကြည့်ပါသခင်ကြီး။ နန်းတော်ထဲမှာ အာရုံခံမှော်စက်ဝန်းတွေ အများကြီးရှိတယ်။ တော်ဝင်သက်တော်စောင့်တွေလည်း ကင်းလှည့်နေတယ်။

မသေမျိုးတစ်ယောက်လက်ချက် မဟုတ်ဘူးရင် သဲလွန်စတစ်ခုခုတော့ ကျန်ခဲ့ရမှာပါ။ ဒါပေမယ့် မသေမျိုးတစ်ယောက်ကလည်း ဒီလိုအသေးအဖွဲပစ္စည်းမျိုးကို ခိုးပါ့မလား"

ကျင့်စဉ်လမ်း၏ အမြင့်ဆုံးသို့ ရောက်ပြီးဖြစ်သည့် မသေမျိုးများသည် နန်းတော်မှ ထိုင်ခုံတစ်ခုကို ခိုးသည်ဆိုလျှင် အရက်မူးနေ၍သာ ဖြစ်ဖို့များသည်။

ရှုရှင်း သက်ပြင်းချ၍ နောက်ထပ်ဖြစ်နိုင်ခြေတစ်ခုကို ပြောသည်။

"တရားခံဟာ နန်းတော်အနေအထားကို အတော်ကျွမ်းကျင်တယ်။ ဒါဟာ အတွင်းလူလက်ချက်ပဲ"

******************************

အခန်း (၈၆၀) ဥပဒေကွန်ယက်

"နန်းတော်ထဲကလူ ခိုးသွားတာလား"

ဒုတရားရေးဝန်ကြီးက သိစိတ်အသံလှိုင်းမှ မေးသည်။ ထိုကိစ္စက အရေးကြီးသဖြင့် ပေါ်တင်မမေးရဲ။

တကယ်အတွင်းကျကျ စုံစမ်းစစ်ဆေးမည်ဆိုလျှင် ဘာတွေတွေ့လာမည်မသိနိုင်။

အခုတလော တရားစီရင်ရေးဝန်ကြီးဌာနသည် တော်ဝင်မိသားစုနှင့် အတိုက်အခံဖြစ်ထားသည်။ မင်းသားနှစ်ယောက်ကို ထောင်ချထားသည်။ သမိုင်းတလျှောက် တစ်ခါမှမကြုံဖူးသည် ကိစ္စဖြစ်သည်။

"ဖြစ်နိုင်ခြေက နှစ်ခုပဲရှိတယ်။ မသေမျိုးတစ်ယောက် လက်ချက်ဖြစ်ရင်ဖြစ်။ မဟုတ်ရင် အတွင်းလူလက်ချက်ပဲ"

သို့သော် ထိုယူဆချက်နှစ်ခုသည် အဓိပ္ပါယ်တော့မရှိ။

အမှုကျူးလွန်ရသည့် ရည်ရွယ်ချက်သည် မထင်ရှား။

အင်ပါယာကို ညီလာခံတွင် မတ်တပ်ရပ်နေစေလို၍ နန်းပလ္လင်ကို ခိုးသူဟူ၍ ရှိနိုင်မည်လော။

သို့သော် ထိုရှုထောင့်မှစဉ်းစားလျှင် ဝန်ကြီးအားလုံး တရားခံဖြစ်နိုင်ခြေရှိသည်။

"ကဲဒါဆို နန်းတော်ရဲ့ အကာအကွယ်မှော်စက်ဝန်းအကြောင်း သိတဲ့လူတွေကို စာရင်းပြုစုလိုက်ပါ"

"ဟုတ်ကဲ့"

ဒုတရားရေးဝန်ကြီးက သူ့အလုပ်သူ ကျွမ်းကျင်သည်။ ချက်ချင်း စာရင်းပြုစုသည်။ တော်ဝင်မျိုးနွယ်တို့၏နာမည်များ ပြည့်နက်သွားသည်။ အင်ပါယာရှား၏ နာမည်က ထိပ်ဆုံးတွင်ရှိနေသည်။

ရှုရှင်းက ဒုဝန်ကြီးခေါင်းကို ရိုက်သည်။

"သောက်ရူး၊ မင်းကြီးနာမည်ကို ဘာလို့ထိပ်ဆုံးမှာတင်ထားတာလဲ။ မင်းကြီးက ပလ္လင်ကိုခိုးပါ့မလားကွ"

ဒုဝန်ကြီး အလိုက်တသိဖြင့် အင်ပါယာရှားနာမည်ကို ပယ်ဖျက်လိုက်သည်။

အင်ပါယာရှားတွင် သားကိုးယောက် သမီးခုနစ်ယောက်ရှိသည်။ စတုတ္ထမင်းသားနှင့် ပဥ္စမမင်းသားက ထောင်ကျနေသဖြင့် သူတို့ကို သံသယတရားခံစာရင်းမှ ပယ်ထုတ်လိုက်သည်။

မင်းသားမင်းသမီးများအပြင် အင်ပါယာရှား၏ ကိုယ်ရေးအရာရှိ လီကုန်းကုန်းကိုလည်း သံသယစာရင်းထဲ ထည့်ထားသည်။

မင်းသားကျန်းချွန်၏ အမိန့်ရထားပြီးဖြစ်၍ တရားစီရင်ရေးဌာနက စုံစမ်းစစ်ဆေးမှုများ ချက်ချင်းစလုပ်သည်။

"ဝန်ကြီးရှု၊ စုံစမ်းနေတာ အခြေအနေဘယ်လိုရှိလဲ"

ကျန်းချွန် ရှုရှင်းကို တော်ဝင်ခန်းမထဲသို့ ခေါ်မေးသည်။ ပလ္လင်ရှာတွေ့ဖို့ စိတ်အားထက်သန်စွာ မျှော်လင့်နေသည်။

သူ့အဖေအင်ပါယာ ပြန်လာချိန်တွင် ပလ္လင်ပျောက်နေလျှင် အလွန်ရှက်စရာကောင်းသည်။

"လျှောက်တင်ပါတယ် မင်းကြီး။ ဒီနှစ်ရက်အတွင်း မင်းသားမင်းသမီးတွေအားလုံးကို စုံစမ်းစစ်ဆေးခဲ့ပါတယ်။ ဘယ်သူမှ သံသယဖြစ်စရာမရှိပါဘူး။ တစ်ယောက်ကလွဲလို့ပေါ့"

"ဪ...အေး ဘယ်တစ်ယောက်လဲ"

"မင်းသားကျန်းချွန်ပါ"

ရှုရှင်း အလေးအနက်ပြောသည်။

"ကျုပ်တို့စုံစမ်းသိရသလောက် မင်းသားကျန်းချန်ဟာ ကျိပြည်နယ်ကနေ ပြန်လာပြီးကတည်းက ရက်အတော်ကြာ ပျောက်နေပါတယ်။ သူဘယ်သွားမယ်ဆိုတာလည်း ဘယ်သူ့ကိုမှ မပြောခဲ့ပါဘူး။ အတော်လေး သံသယဖြစ်စရာကောင်းပါတယ်"

ကျန်းချွန် ချောင်းတဟွတ်ဟွတ်ဆိုးလာသည်။

"အဆင်ပြေရဲ့လား မင်းကြီး"

ရှုရှင်း အတော်လန့်သွားသည်။ အင်ပါယာ ဒေါသထွက်မည်ကို စိုးရိမ်နေသည်။

အင်ပါယာရှား၏သက်တမ်းက ကုန်တော့မည်။ နောက်ဆုံးအချိန်တွင် သူ့ကြောင့် တစ်ခုခုဖြစ်သွားလျှင် သူဒုက္ခအကြီအကျယ်ရောက်လိမ့်မည်။

"အဆင်ပြေပါတယ် အဆင်ပြေပါတယ်။ အသက်ကြီးလာတော့လည်း ဒီလိုပဲပေါ့"

ကျန်းချွန် လက်ခါယမ်းလျက် ရှုရှင်းကို မစိုးရိမ်ဖို့ အချက်ပြသည်။

အသည်းအသန် ချောင်းဆိုးပြီးနောက် ချောင်းတစ်ချက်ဟန့်၍ ခံတွင်းရှင်းသည်။

"ချွန်အာက နန်းပလ္လင်ကို စိတ်မဝင်စားဘူး။ ဒါကို အားလုံးလည်း သိကြတာပဲ။ သူ့ကိုယ်သူ သိက္ခာအကျခံပြီး ပလ္လင်ကိုတော့ ခိုးမှာမဟုတ်ဘူး။ ခိုးစရာလည်း အကြောင်းမရှိဘူး။ တစ်ခြားလူတွေကိုပဲ စုံစမ်းသင့်ပါတယ် ဝန်ကြီးရှု"

ရှုရှင်း စကားပြောဖို့ ပါးစပ်ဟလာသည်။ 'မင်းကြီးက မင်းသားကျန်းချွန်ကို ကာကွယ်ပေးနေတာလား'ဟု မေးလိုက်ချင်သည်။ သို့သော် သူပြန်စဉ်းစားကြည့်သည်။

အင်ပါယာရှား ပြောသည့်စကားကလည်း ယုတ္တိကျသည်။ တစ်ခြားမင်းသားများ ပလ္လင်ခိုးလျှင် 'ပလ္လင်အရသာကို စမ်းကြည့်တာပါ'ဟု အကြောင်းပြချက်ပေးချင်ပေးမည်။

သို့သော် မင်းသားကျန်းချွန်သည် ထီးနန်းကို စိတ်မဝင်စားကြောင်း အများသိကြသည်။ ဘာကြောင့်သူက နန်းပလ္လင်ကို ရုတ်တရက်ထခိုးမည်နည်း။ အဓိပ္ပါယ်မရှိ။

"ဟုတ်ကဲ့ပါ"

နန်းတော်ဂိတ်တံခါးမှ ထွက်လာပြီးနောက် ရှုရှင်း သေချာစဉ်းစားနေသည်။ မင်းသားကျန်းချွန်မဟုတ်လျှင် တစ်ခြားဘယ်သူဖြစ်နိုင်သေးသနည်း။

"ထားပါတော့လေ။ လုယန်ဆီပဲ သွားတော့မယ်။ ဒီကောင်က ဉာဏ်ထက်တယ်။ သူ့အမြင်ကို မေးကြည့်မယ်"

လုယန်သည် စတုတ္ထမင်းသား၏ ပုန်ကန်မှုကို တိုင်ကြားခဲ့သည်။ ထို့နောက် ရှီလဲ့တို့လူစုကို ကိုယ့်ပြစ်မှုကိုယ် ဝန်ခံထွက်ဆိုပြီး အဖမ်းခံဖို့ ဖျောင်းဖျခဲ့သည်။

စွမ်းဆောင်ရည် တကယ်ထူးခြားလှသည်။ တရားစီရင်ရေးဝန်ကြီးဌာနအနေဖြင့် သူ့ကို သေချာပေါက် ဆုချီးမြှင့်ရမည်။

ယခုရက်ပိုင်း ပဥ္စမမင်းသား၏ကိစ္စ၊ ပလ္လင်ပျောက်သည့်ကိစ္စများကြောင့် အာရုံများနေ၍သာ လုယန်ကို သူသွားမတွေ့နိုင်ခဲ့ခြင်းဖြစ်သည်။

ယခု သူ့စိတ်အာရုံကို ပြောင်းလဲရတော့မည်။

...

မုန်အိမ်တော်။

နတ်မယ်က ပဲဝါနိုင်ငံ၏ အဖွဲ့ဝင်သစ်လေးယောက်ကို မုန်အိမ်တော်တွင် တည်းခိုဖို့ခေါ်လာသည်။ ထိုနေရာကို သူတို့အခြေစိုက်စခန်းအဖြစ် သတ်မှတ်သည်။

အင်ပါယာရှားကို လျှို့ဝှက်ကာကွယ်ပေးနေသည့် ကူးဖြတ်ခြင်းအဆင့်စွမ်းအားရှင်၏စိတ်ထဲတွင် တရားရေးဝန်ကြီးကို အဖြစ်မှန်အတိုင်း တကယ်ပြောပြလိုက်ချင်သည်။

စိတ်ကိုချုပ်တည်းထားရသည်မှာ တကယ်ခက်ခဲသည်။ လေးငါးကြိမ်မက သူအော်ရယ်မိမတတ်ဖြစ်ခဲ့သည်။

သို့သော် သူ့တာဝန်က အင်ပါယာရှားကို ကာကွယ်ဖို့သာဖြစ်သည်။ ထိုထက်ပို၍ သူဘာမှလုပ်မရ။

အင်ပါယာကာကွယ်ရသည့်တာဝန်ကို အသေးအဖွဲဟုသာ သူထင်ခဲ့သည်။ ထိုမျှအရောင်အသွေးစုံသည့် ဖြစ်ရပ်မျိုး ကြုံရမည်ဟု မမျှော်လင့်ခဲ့။ တစ်ကိုယ်တော်ကျင့်ကြံနေရသည်ထက် များစွာပိုစိတ်ဝင်စားစရာကောင်းသည်။

"လာပါ။ ထိုင်ကြည့်ကြပါဦး"

နတ်မယ်က သူ့တပ်ဖွဲ့ကို ချီးမြှောက်သည်။ တပ်မှူးသုံးယောက်ကို နန်းပလ္လင်ပေါ် ထိုင်ကြည့်ခွင့်ပေးသည်။

"နေပါစေတော့။ ထိုင်လို့လည်းကောင်းမယ့်ပုံမပေါ်ပါဘူး"

အောင်းလင်းတို့သုံးယောက်က ခေါင်းခါကြသည်။ ပလ္လင်တက်ဖို့ ဆန္ဒမရှိကြောင်း ပြသခြင်းလည်းဖြစ်သည်။ အင်ပါယာအရှင်မ စိတ်အေးလက်အေးနေနိုင်ကြောင်း၊ သူတို့စိတ်ကို စမ်းသပ်စရာမလိုကြောင်း ရည်ညွှန်းခြင်းဖြစ်သည်။

"ဟုတ်ပါပြီလေ"

အောင်းလင်းတို့ ထိုမျှဉာဏ်ထက်မည်ဟု နတ်မယ်ထင်မထား။ သူစမ်းသပ်နေကြာင်း ချက်ချင်းတန်းသိသည်။ တစ်ယောက်ယောက်ကသာ ပလ္လင်ပေါ်တက်ထိုင်ရဲလျှင် ရာထူးမှချက်ချင်းဖယ်ရှားပြီး သူတို့ပိုင်ဆိုင်သည့်အဆောင်အယောင်များကို သူသိမ်းလိုက်မည်။

နတ်မယ်က သိစိတ်နယ်မြေမှလုယန်ကို လှည့်မေးသည်။

"ရှောင်ယန်၊ ခုနက နင်ပြောတဲ့ 'လိုချင်လောဘ'နဲ့ 'ပိုင်ဆိုင်မှုသိမ်းယူတယ်'ဆိုတာတွေက ဘာတွေလဲ"

"ဘာမှမဟုတ်ပါဘူး။ ကျုပ်ပျင်းလို့ ပြောမိပြောရာ ပြောမိတာပါ"

နတ်မယ်က မဟာပဲဝါနိုင်ငံ တည်ထောင်နေချိန်တွင် လုယန်ကလည်း အလုပ်များနေသည်။ ပြိုင်ဘက်ကင်းနတ်ဝိညာဉ်နှင့် အဆက်မပြတ် လေ့ကျင့်နေရသည်။ သူ့စွမ်းရည်လည်း လျင်မြန်စွာတိုးတက်လာသည်။

ပြိုင်ဘက်ကင်းနတ်ဝိညာဉ်နှင့် လက်ရည်တူနီးပါးတိုက်ခိုက်ရင်း အပြင်လောကအခြေအနေကိုပင် လေ့လာသုံးသပ်နိုင်လာသည်။

ထိုသို့အာရုံလွင့်သွားသည်နှင့် ပြိုင်ဘက်ကင်းနတ်ဝိညာဉ်က အနိုင်ယူသွားသည်။

သို့သော် လုယန် ထိုအတိုင်းဆက်လုပ်သည်။ ဆုံးဖြတ်ချက် ခိုင်မာပြတ်သကြောင်း ပြသည်။

"ရှောင်ယန်၊ အခုငါတို့ ပလ္လင်ရလာပြီ။ နောက်ထပ် ဘာဆက်လုပ်မလဲ"

လုယန် ခဏစဉ်းစားပြီး ပြန်ဖြေသည်။

"ပုန်ကန်ဖို့ဆိုရင် အကြောင်းပြချက်တစ်ခုပဲ လိုတာပါ။ ဖားအော်လို့ မိုးရွာတယ်ဆိုတာမျိုး၊ ကျီးသာလို့ ဧည့်လာတယ်ဆိုတာမျိုးပေါ့။ အားလုံးက ဆင်ခြေဆင်လက်တွေပါပဲ"

ဉာဏ်အရမ်းထက်သည့်နတ်မယ် ချက်ချင်းအတွေးပေါက်သွားသည်။

"ဟန်ပြဆင်ခြေတစ်ခု ပေးရမယ်ပေါ့။ ငါနားလည်ပြီ။ ကိုးဆမသေမျိုးက အဲလိုမျိုးတွေ ခဏခဏလုပ်တယ်။ ဒါပေမယ့် ဖားအော်လို့ မိုးရွာတယ်ဆိုတဲ့စကားက သိပ်မကောင်းသေးဘူး။ ဖားအော်လို့ လုယန်နန်းတက်တယ်ဆိုရင် ပိုကောင်းမယ်"

"အား...ကျုပ်က အဆင့်အတန်းနိမ့်ပါးတဲ့လူပါ။ ကျုပ်နာမည်ကို ထည့်သုံးဖို့မလိုပါဘူး"

လုယန် အမြန်ပြန်ပြောလိုက်သည်။ နိုင်ငံတော်ပုန်ကန်သည့်ကိစ္စနှင့် သူမပတ်သက်ချင်။

သို့သော် နတ်မယ်က လုယန်ကို အတော်မျက်နှာသာပေးသည်။

"ရှောင်ယန်၊ ကိုယ့်ကိုယ်ကို အထင်မသေးပါနဲ့။ ငါ့လက်အောက်က သစ္စာခံဝန်ကြီးတစ်ယောက်အနေနဲ့..."

"ခင်ဗျားဘေးက ဝန်ကြီးပါ"

လုယန် အလေးအနက်ထား၍ စကားပြန်ပြင်ပေးသည်။ မဟာပဲဝါနိုင်ငံတော်၏ သမိုင်းရေးဆရာတာဝန်ကို သူထမ်းဆောင်ရဦးမည်။ နိုင်ငံ့ယဉ်ကျေးမှုဆိုင်ရာ ကိစ္စများ စီမံစရာရှိသေးသည်။

"အား ဟုတ်တယ်။ ငါ့ဘေးက ဝန်ကြီးပေါ့။ ငါ့ရဲ့သစ္စာခံဝန်ကြီးတစ်ယောက်ကို ငါဘယ်လိုလုပ် လျစ်လျူရှုနိုင်မှာလဲ။ ငါတို့က ကောင်းတူဆိုးဘက်တွေပဲလေ"

သူတို့စကားပြောနေချိန်တွင် ရှုရှင်း မုန်အိမ်တော်သို့ ရောက်လာသည်။ လုယန်ဆီ သူတန်းသွားသည်။

နတ်မယ်က အပြင်ဘက်မှလှုပ်ရှားမှုများကို သတိမထားမိသော်လည်း မဟာတပ်မှူးသုံးယောက်က ချက်ချင်းအာရုံခံမိသည်။

အောင်းလင်းက အရင်ဆုံး အသိဝင်လာသည်။ သူတို့သုံးယောက် လုယန်နှင့်အတူရှိနေသည်ကို ရှုရှင်းမြင်၍မဖြစ်။ ရှင်းပြဖို့ခက်သွားမည်။

ကောင်းကင်ရုံးတော်ဂိုဏ်းကိစ္စ အလိမ်ပေါ်သွားနိုင်သည်။

ကျင်းချိုင်ဝေ လက်ခုပ်သုံးချက် ဆက်တိုက်တီးလိုက်သည်။ သူတို့သုံးယောက် နံရံပေါ်ချိတ်ထားသည့် ပန်းချီကားများအဖြစ် ချက်ချင်းအသွင်ပြောင်းသွားသည်။

ရှုရှင်းက တရားစီရင်ရေးဌာနအရာရှိများနှင့်အတူ တံခါးကိုတွန်းဖွင့်၍ ရယ်ရယ်မောမောဝင်လာသည်။

"ဟားဟား၊ လုယန်၊ ငါ့ကောင်လေး။ မုန်အိမ်တော်မှာ နေတာလား။ ငါ့မှာရှာလိုက်ရတာကွာ။ မင်းက စတုတ္ထမင်းသားအကြောင်း သတင်းပို့ခဲ့တယ်။ ရှီလဲ့တို့ကို အဖမ်းခံဖို့လည်း ဖျောင်းဖျခဲ့တယ်။

ဒါကြောင့် ငါမင်းကို သီးသန့်လာဂုဏ်ပြုတာပါ"

လုယန်ကို လေးစားကြောင်းပြဖို့ ရှုရှင်းက ဂုဏ်ပြုစာလွှာ၊ ကျင့်စဉ်အထောက်အပံ့ပစ္စည်းနှင့် တစ်ခြားလက်ဆောင်တစ်ချို့ ဗန်းတစ်ခုဖြင့် ကိုယ်တိုင်သယ်လာသည်။

သို့သော် သူဝင်လာပြီးနောက်တွင် "နန်းပလ္လင်"ပေါ်ထိုင်နေသည့် လုယန်ကို မြင်လိုက်ရသည်။

*****************************

အခန်း (၈၆၁) လက်ပူးလက်ကြပ်

ရှုရှင်း အသံတိတ် နောက်ဆုတ်သွားသည်။ အပြင်သို့ထွက်၍ တံခါးပိတ်သည်။ ထို့နောက် တံခါးဖွင့်၍ ပြန်ဝင်လာသည်။

လုယန်က ပလ္လင်ပေါ်တွင် ထိုင်နေဆဲဖြစ်သည်။ သူ့အမြင်အာရုံ မှောက်မှားခြင်းမဟုတ်။

"လုယန်၊ လက်စသတ်တော့ မင်းကိုး"

...မင်းသားမင်းသမီးတွေအားလုံး ငါစစ်ဆေးခဲ့တယ်။ လီကုန်းကုန်းအိမ်တောင် မချန်ဘူး။ လက်စသတ်တော့ သူခိုးက မင်းဖြစ်နေတာကိုး...

အိမ်ရှေ့မင်းသားကိုတောင် ငါသံသယဝင်ခဲ့မိသေးတယ်။ မင်းကြီးပြောတာမှန်တယ်။ အိမ်ရှေ့မင်းသားက ဒီလိုကိစ္စမျိုး ဘယ်တော့မှမလုပ်ဘူး...

မင်းအသက်ရှင်ရတာ ငြီးငွေ့နေလို့ ပလ္လင်ခိုးဖို့ ဆုံးဖြတ်ခဲ့တာလား...

ရှုရှင်းစကားသံကြောင့် နတ်မယ် သိစိတ်နယ်မြေမှ ပြန်ထွက်လာသည်။

အောင်းလင်းတို့သုံးယောက်ကို ရှာသည်။ သုံးယောက်လုံး နံရံပေါ်တွင် ပန်းချီကားများအဖြစ် ဟန်ဆောင်နေသည်ကို မြင်ရသည်။ ယခု သူနှင့်ရှားထန်သာ ကျန်တော့သည်။

"ဘာဖြစ်တာလဲ သခင်ကြီး"

သူတို့သခင်ကြီးအော်ဟစ်သံကြောင့် အတူလိုက်လာသည့် တရားရေးဌာနအရာရှိများ အပြေးလာကြည့်ကြသည်။

"ဟား၊ ဝစီပိတ်ရဲ့တပည့်က အတော်သတ္တိကောင်းတာပဲ။ နန်းပလ္လင်ကိုတောင် ခိုးရဲတယ်ပေါ့။ ဝစီပိတ်တောင် ဒါမျိုးလုံးဝမလုပ်ရဲဘူး"

"ဆရာထက် တပည့်လက်စောင်းထက်ဆိုတဲ့စကား သိပ်မှန်တာပဲ"

"သခင်ရှုက လုယန်ကို အစကတည်းက သံသယဝင်နေတာဖြစ်မယ်။ ဒါကြောင့် ဂုဏ်ပြုမယ်လို့အကြောင်းပြပြီး သူ့ကိုဝင်ဖမ်းတာပဲ"

"သခင်ရှုလည်း အရင်က နန်းမြို့တော်ရဲ့ နာမည်ကျော်စုံထောက်ပဲလေ။ ဓားကောင်းတစ်လက်ဟာ ဘယ်တော့မှဟောင်းသွားတယ်မရှိဘူး"

တအံ့တဩရေရွတ်သံများ ဆက်တိုက်ပေါ်လာသည်။ အပြစ်သားသည် လုယန်ဖြစ်ကြောင်း သိလိုက်ရသဖြင့် တစ်ချို့ကအံ့ဩကြသည်။ တစ်ချို့ကလည်း ရှုရှင်း၏ ဆင်ခြင်သုံးသပ်နိုင်စွမ်းကို အံ့ဩကြသည်။

"လုယန်၊ မင်းဘာပြောစရာရှိသေးလဲ"

နတ်မယ်သည် အလွန်သစ္စာရှိသည်။ သူ့တပ်မှူးသုံးယောက်ကို လုံးဝဆွဲမထည့်။ ပဲဝါနိုင်ငံတော်၏ ပင်မဒေါက်တိုင်များကို သူကာကွယ်သည်။ ပလ္လင်ပေါ်မှ တည်ကြည်သည့်အသွင်ဖြင့် ထရပ်လာပြီးပြောသည်။

"လူတွေဟာ ကိုယ့်လုပ်ရပ်ကိုယ် တာဝန်ယူရတယ်။ ဒီကိစ္စကို ဝန်ကြီးချုပ်ရှားထန်နဲ့ငါ စီစဉ်ခဲ့တာပါ"

အင်ပါယာရှား "..."

...အနည်းဆုံးတော့ ငါ့ကို လမ်းမှာတွေ့လို့ခေါ်လာတဲ့ အစေခံပါလို့ ပြောလိုက်လို့မရဘူးလား...

"ဝန်ကြီးချုပ်..."

ရှုရှင်း ရှားထန်ဆီ လှည့်ကြည့်သည်။ ပြန်စဉ်းစားသည်။ စတုတ္ထမင်းသားအကြောင်း လုယန်လာတိုင်ကြားစဉ်က ထိုရှားထန်သည် မျက်မြင်သက်သေအဖြစ် ရှိခဲ့သည်။

ရှီလဲ့တို့ကို အပြစ်ဝန်ခံဖို့ လုယန်ဖျောင်းဖျစဉ်ကလည်း ထိုရှားထန် သူ့ဘေးတွင်ရှိခဲ့သည်။ ယခု ပလ္လင်ခိုးသည့်ကိစ္စတွင်လည်း ရှားထန်ပါဝင်ပတ်သက်နေသည်။

သူနှင့်လုယန် ဘယ်လိုပတ်သက်နေသည်မသိ။

"ဟုတ်တယ်၊ ရှားထန်က ငါတို့ပဲဝါနိုင်ငံတော်ရဲ့ ဝန်ကြီးချုပ်ပဲ"

"ပဲဝါနိုင်ငံ..."

ရှုရှင်း နတ်မယ်ကို ပြန်ကြည့်သည်။

နတ်မယ်က ရင်ဘတ်ကိုပုတ်၍ပြောသည်။

"ငါတည်ထောင်မယ့် နိုင်ငံပေါ့"

ရှုရှင်း ‌စဉ်းစားရကြပ်သွားသည်။ သူက သာမန်မေးခွန်းနှစ်ခုသုံးခုသာ မေးခြင်းဖြစ်သည်။ ဘာကြောင့် ပြဿနာက ပိုကြီးလာသည်မသိ။

"...သူတို့နှစ်ယောက်ကို ဖမ်းခေါ်ခဲ့"

ပဲဝါနိုင်ငံတော်တည်ထောင်စမှာပင် တရားစီရင်ရေးဌာနမှ ရှုရှင်းကိုယ်တိုင် နိုင်ငံတည်အင်ပါယာနှင့် ပထဆုံးဝန်ကြီးချုပ်ကို ဖမ်းဆီးလိုက်သည်။

ကိုယ်ယောင်ဖျောက်ထားသည့် လျှို့ဝှက်သက်တော်စောင့်က သူ့တာဝန်သူ ပြန်သုံးသပ်နေသည်။ တရားရေးဝန်ကြီးက အင်ပါယာရှားကို ဖမ်းဆီးနေသည်။

ထိုကိစ္စသည် အင်ပါယာရှား အန္တရာယ်ကြုံနေသည်ဟု သတ်မှတ်ရမည်လော...

နတ်မယ်နှင့်ရှားထန်ကို ဖမ်းခေါ်သွားပြီးနောက် မဟာတပ်မှူးသုံးယောက် မူလအသွင်ပြန်ပြောင်းကြသည်။

"ဘယ်လိုလုပ်ကြမလဲ"

ကျင်းချိုင်ဝေ ထိုအခြေအနေမျိုး ပထမဆုံးကြုံဖူးခြင်းဖြစ်၍ ဘာလုပ်ရမှန်းမသိဖြစ်နေသည်။

"စိတ်မပူပါနဲ့။ အကိုလုနဲ့ အရှေ့ပင်လယ်မျာ ပြန်ဆုံကြမှာပါ။ ငါတို့တိုက်နယ်နှစ်ခု သံတမန်ဆက်ဆံရေး တည်ဆောက်လို့ရတယ်""

နတ်မယ်ပလ္လင်ခိုးမည့်အကြံ အဆိုပြုစဉ်က သူအဖမ်းခံရနိုင်ကြောင်း အောင်းလင်းကြိုတွေးမိသည်။ ထို့အခြေအနေကိုအသုံးချ၍ လုယန်ကို အရှေ့ပင်လယ်နှင့်လက်တွဲဖို့ ဖျောင်းဖျမည်ဟု တွေးထားသည်။

ကျန်းလျန်ယိ မျက်စောင်းထိုးသည်။

"နင်တို့အရှေ့ပင်လယ်က နိုင်ငံဆိုတာတောင်မရှိဘူးလေ။ ဘယ်လိုလုပ် သံတမန်ဆက်ဆံရေး တည်ဆောင်မှာလဲ။ အကိုလုက ငါတို့နတ်ဆိုးနိုင်ငံနဲ့ပဲ လက်တွဲသင့်တယ်"

ကျန်းလျန်ယိကလည်း လုယန်ကို သူ့ဘက်ပါအောင် ဆွဲယူချင်သည်။ ထိုသို့လုပ်နိုင်လျှင် နတ်မယ်နှင့်ဆက်သွယ်ဖို့ ပိုလွယ်ကူသွားမည်။

"အကိုလုက ငါ့လူပါ"

"သူက ငါ့လူပဲ"

"ငါ့လူ"

လုယန်ကိုရဖို့အရေး အောင်းလင်းနှင့် ကျန်းလျန်ယိ ငြင်းခုံနေကြသည်။ ကျင်းချိုင်ဝေက သူတို့နှစ်ယောက်ကိုကြည့်ရင်း နားမလည်နိုင်အောင်ဖြစ်နေသည်။

....

မသေမျိုးနန်းတော်။

အလိုရှိရာဇဝတ်သားများကို ဖမ်းဆီးပြီးနောက် ရှုရှင်း အခြေအနေကို အစီရင်ခံဖို့ တော်ဝင်နန်းတော်သို့ ချက်ချင်းသွားသည်။

"သခင်ရှု ဘာလို့ဒီလောက် ရေးကြီးသုတ်ပြာဖြစ်နေတာလဲ"

နေ့တစ်ပိုင်းအတွင်း ရှုရှင်းပြန်ရောက်လာသဖြင့် ကျန်းချွန်အံ့အားသင့်နေသည်။

ရှုရှင်း တစ်ချက်တွေသွားသည်။ တစ်လမ်းလုံးစဉ်းစားခဲ့သော်လည်း အဖြစ်အပျက်ကို ဘယ်လိုစပြောရမည်မသိ။

"မင်းကြီး။ နန်းပလ္လင်ခိုးတဲ့လူကို တွေ့ပါပြီ"

ကျန်းချွန် မျက်လုံးအရာင်လက်လာသည်။ သခင်ရှုသည် တကယ်တော်သည့်စုံထောက်ဖြစ်သည်။ အမှုကို အချိန်တိုအတွင်း ဖော်ထုတ်နိုင်သည်။

"ဒါပေမယ့် ဒီကိစ္စက နိုင်ငံတော်ပုန်ကန်မှုနဲ့လည်း ပတ်သက်နေပါတယ်"

"နိုင်ငံတော်ပုန်ကန်မှုလား။ ငါသားတော်တွေထဲက ဘယ်တစ်ယောက်လဲ"

မင်းသားနှစ်ယောက်ကို လုယန်က ထောင်ထဲပို့ခဲ့သည်။ ထိုသို့ဆိုလျှင် နန်းပလ္လင်လိုချင်သူဟူ၍ ဒုတိယမင်းသားသာ ကျန်တော့သည်။

"ဒုတိယမင်းသားလား"

"လုယန်ပါ"

ကျန်းချွန် ခဏငေးကြောင်သွားသည်။ ထို့နောက် အခြေအနေကို သုံးသပ်ကြည့်သည်။ လုယန်က နောက်ထပ်ပုန်ကန်မည့်လူကို သတင်းပို့ခဲ့ကြောင်း ရှုရှင်းက ပြောလိုခြင်းဖြစ်မည်ဟု သူယူဆသည်။

သို့သော် ရှုရှင်းက ဆက်ပြောသည်။

"ကျွန်တော်မျိုး စုံစမ်းသိရသလောက် နန်းပလ္လင်ကိုခိုးခဲ့တဲ့လူဟာ လုယန်ပါ။ သူက မဟာပဲဝါနိုင်ငံကိုတည်ထောင်ဖို့ ရည်ရွယ်ထားတယ်။ ဒါဟာ နိုင်ငံတော်သစ္စာဖောက်ဖို့ ကြံစည်နေတဲ့သဘောပါပဲ။

ကြံရာပါတစ်ယောက်နဲ့အတူ လုယန်ကို လက်ပူးလက်ကြပ်မိခဲ့ပါတယ်"

"လုယန်လား။ သူက ပုန်ကန်ဖို့ကြံတယ်ပေါ့"

ကျန်းချွန် လူနှင့်အခြေအနေကို ဆက်စပ်စဉ်းစားဖို့ အတော်ခက်နေသည်။

...လုယန်က ပုန်ကန်မယ်တဲ့လား...တာအိုလမ်းစဉ်ဂိုဏ်းက လောကအုပ်ချုပ်ခွင့်အတွက် စိန်ခေါ်ဖို့ ကြိုးစားလာတာများလား...

"မင်းကြီး၊ ဒီကိစ္စ ဘယ်လိုဖြေရှင်းသင့်ပါသလဲ"

ရှုရှင်း မေးသည်။ ဝန်ကြီးလုပ်လာသည့် နှစ်နှစ်ထောင်သက်တမ်းအတွင်း ထိုအခြေအနေမျိုး တစ်ခါမှမကြုံခဲ့ဖူးသဖြင့် အထက်အရာရှိထံ သူအကြံတောင်းခြင်းဖြစ်သည်။

ဝန်ထုပ်ဝန်ပိုးကို အင်ပါယာအပေါ်လွှဲချသည့်နည်းလမ်းသည် အတော်အကျိုးရှိကြောင်း သူနားလည်သည်။ နောက်ကို သူထိုသို့သာ လုပ်တော့မည်။

ကျန်းချန်လည်း အခက်တွေ့နေသည်။ ထိုကိစ္စကို ဘယ်လိုဖြေရှင်းရမည်မသိ။

...အင်း အဖေအင်ပါယာက ငါ့ကို ယာယီရာထူးလွှဲပေးထားတာဆိုတော့ တာဝန်ကို ရှောင်ဖယ်လို့မရဘူး။

ကျန်းချွန် စားပွဲကိုလက်ဖြင့် ဘုန်းခနဲရိုက်လိုက်သည်။ တော်ဝင်ဩဇာရိပ် အပြည့်ပေါ်လာသည်။

"အင်ပါယာတောင် သာမန်လူတွေနဲ့တန်းတူ ဥပဒေကို လိုက်နာရတယ်။ တာအိုလမ်းစဉ်ဂိုဏ်းသားတွေအတွက်လည်း ချွင်းချက်ဆိုတာမရှိဘူး။ လုယန်ကို ငါကိုယ်တိုင်စစ်ဆေးမယ်။

သွားပါ၊ လုယန်ကို ခန်းမထဲခေါ်လိုက်"

"ဟုတ်ကဲ့"

ရှုရှင်း ကျိတ်၍သက်ပြင်းချလိုက်သည်။ ဤတစ်ကြိမ် အင်ပါယာရှား တကယ်ဒေါသထွက်နေဟန်ရှိသည်။ လုယန် အခြေအနေမကောင်းနိုင်။

"ခဏနေဦး"

ကျန်းချွန် ရှုရှင်းကို ပြန်ခေါ်သည်။ အင်ပါယာရှား စိတ်ပြောင်သွား၍ လုယန်ကို လွတ်ငြိမ်းခွင့်ပေးတော့မလားဟု ရှုရှင်းတွေးနေသည်။

"တော်ဝင်ပလ္လင်ကိုလည်း ခန်းမထဲကို ယူခဲ့ပါ"

"သက်သေအဖြစ်သုံးဖို့လား"

"ငါထိုင်ဖို့ကွ"

မကြာမီ လုယန်နှင့် ကြံရာပါရှားထန်ကို ရှုရှင်းက ကျန်းချွန်ရှေ့သို့ ခေါ်လာသည်။

လုယန်၏နောက်ခံက သာမန်မဟတု်သဖြင့် ဤကိစ္စကို လူသိရှင်ကြားမကြေညာခဲ့။ တရားရေးဝန်ကြီးဌာနအရာရှိများမှလွဲလျှင် ပလ္လင်ပြန်တွေ့သည့်ကိစ္စ၊ လုယန်ပလ္လင်ခိုးသည့်ကိစ္စ တစ်ခြားဘယ်သူမှမသိကြ။

နန်းတွင်းသက်တော်စောင့်များက တော်ဝင်ခန်းမ ဘေးတစ်ဘက်စီတွင် မှော်လက်နက်များကိုင်၍ တန်းစီရပ်နေသည်။

"ဝန်ကြီးရှု၊ အပြစ်သားတွေကို ခေါ်လာပြီလား"

"ခန်းမရှေ့မှာ ရောက်နေပါပြီ"

"အထဲကိုခေါ်လိုက်ပါ"

ကျန်းချွန်စကားဆုံးသည်နှင့် လီကုန်းကုန်းက အော်ခေါ်လိုက်သည်။

"အင်ပါယာမင်းမြတ်ရဲ့အမိန့်။ အပြစ်သားတွေကို ခေါ်လာပါ"

ခန်းမတစ်ခုလုံး သူ့စကားသံ ပဲ့တင်ထပ်သွားသည်။

မကြာမီ နန်းတွင်းသက်တော်စောင့်လေးယောက်က လူနှစ်ယောက်ကို ခေါ်သွင်းလာသည်။ မနက်ခင်းနေရောင်ခြည်က သူတို့အပေါ် ထိုးကျနေသည်။

နေရောင်အလင်းပြန်နေသဖြင့် အပြစ်သားနှစ်ယောက်မျက်နှာကို ကျန်းချွန် သေချာမမြင်ရ။ လုယန်ကိ မြင်ဖူးထားသဖြင့် ကိုယ်ဟန်အနေအထားကိုကြည့်၍ သူအကဲခတ်နိုင်သည်။

သို့သော် လုယန်နှင့်ပါလာသည့်လူကိုလည်း မြင်ဖူးသလိုလိုခံစားနေရသည်။

နောက်ဆုံးတွင် လုယန်နှင့်ထိုလူ နေရောင်ကိုကျော်ဖြတ်၍ ရှေ့သို့ရောက်လာသည်။ သူတို့မျက်နှာကို ရှင်းလင်းစွာမြင်လိုက်ရသည်။

"မင်းကြီး၊ လုယန်နဲ့ သူ့ကြံရာပါရှားထန်တို့ နှစ်ယောက်လုံးရောက်ပါပြီ"

ကျန်းချွန် "..."

အဖေ...ရုပ်ဖျက်ပြီး အပြင်ကိုသွားလည်တာ ဘာလို့ကျုပ်ဆီကို အပြစ်သားအနေနဲ့ ပြန်ရောက်လာတာလဲ...

****************************

All Chapters