အခန်း (၈၆၂-၈၆၄)
Vol. 58 Ch. 862-864
အခန်း (၈၆၂) အင်ပါယာ၏မဟာပါရမီ
ကျန်းချွန် ရှုရှင်းကို ခပ်တည်တည်လှည့်ကြည့်သည်။
"သခင်ရှု၊ ရှားထန်က ဒီကိစ္စနဲ့ ဘယ်လိုပတ်သက်နေတာလဲ"
...ရှားထန်ဆိုတဲ့လူ ပါလာတယ်ဆိုတာ ခင်ဗျားဘာလို့ကြိုမပြောတာလဲ ဝန်ကြီးရှု...
ရှုရှင်းက လုယန်ကိုသာ အဓိကအာရုံစိုက်ခဲ့သည်။ ရှားထန်ကို သိပ်အရေးမပါသည့်လူဟု ယူဆသဖြင့် ထိုလူအကြောင်း မပြောခဲ့။
သို့သော်ယခု မင်းကြီးကမေးလာသဖြင့် သူရှင်းပြရမည့် တာဝန်ရှိသည်။
"မင်းကြီး၊ ရှားထန်ဟာ လုယန်ရဲ့ ကြံရာပါတစ်ယောက်ပါ။ ဒီရှားထန်ဟာ ဉာဏ်ရည်ထက်မြက်ပြီး အုပ်ချုပ်ရေးပညာကျွမ်းကျင်တယ်လို့ လုယန်ကပြောပါတယ်။
မဟာပဲဝါနိုင်ငံတော် တည်ထောင်ပြီးရင် ရှားထန်ကို ဝန်ကြီးချုပ်အဖြစ်ခန့်အပ်မယ်လို့ လုယန်က ကတိပေးပြီး စည်းရုံးသိမ်းသွင်းထားတာပါ"
ကျန်းချွန် သူ့နဖူးသူလက်ဖြင့်အုပ်၍ အာရုံစုစည်းနိုင်ရန် ကြိုးစားနေသည်။ ရှုရှင်းစကားကို နားထောင်ပြီးနောက် သူ့ဦးနှောက်ထဲ ရှုပ်ရှက်ခတ်သွားသည်။ အတော်ကြာအောင် မူးနောက်နေသည်။
..ဒါဆိုငါ့အဖေက နိုင်ငံတော်အသစ်နဲ့ပူးပေါင်းပြီး ဝန်ကြီးချုပ်ဖြစ်လာမယ်ပေါ့။ သူက မဟာရှားကို ပြန်ကန်ဖို့ကြိုးစားနေတာလား...
မလုပ်ပါနဲ့အဖေ။ ကျုပ်ကို အင်ပါယာလုပ်ခိုင်းဖို့ အဲလောက်ထိ ကိုယ့်ကိုယ်ကို ဖိအားမပေးပါနဲ့...
...ဘုရင်ခံလုပ်နေတဲ့ အိမ်ရှေ့မင်းသားက ညီနှစ်ယောက်ရဲ့အမှုကို ရှင်းပြီးရုံပဲရှိသေးတယ်။ အခု လက်ရှိအင်ပါယာကိုပါ နိုင်ငံတော်သစ္စာဖောက်မှုနဲ့ ပြစ်ဒဏ်စီရင်ရင်ရမှာလား။ သမိုင်းဆရာတွေက သမိုင်းကျမ်းတွေထဲမှာ ဒီကိစ္စကို အရှုပ်တော်ပုံဇာတ်လမ်းအဖြစ် ရေးကြလိမ့်မယ်...
အင်ပါယာရှားလည်း ကျန်ချွန်နှင့် မျက်လုံးချင်းဆုံပြီးနောက် အနေရခက်လာသည်။ သူခဏအပြင်ထွက်လည်သည့်ခရီးက ယခုလိုဆိုးဝါးသည့်အခြေအနေမျိုးဖြင့် ဤနေရာသို့ ပြန်ရောက်လာမည်ဟု ထင်မထား။
မနေ့က တရားရေးဝန်ကြီးဌာနမှ သူ့ကိုအကျဉ်းချထားချိန်တွင် သူ့ကိုလျှို့ဝှက်ကာကွယ်နေသည့် သက်တော်စောင့်များနှင့် ဆက်သွယ်ခဲ့သည်။ သူ့ကို ကယ်ထုတ်ဖို့ပြောသည်။ သို့သော် သက်တော်စောင့်များက လာမကယ်ကြ။
အင်ပါယာရှား၏ လုံခြုံရေးအတွက်သာ သူတို့တာဝန်ယူထားသည်။ အင်ပါယာအန္တရာယ်မကြုံလျှင် သူတို့လှုပ်ရှားခွင့်မရှိဟု အကြောင်းပြချက်ပေးသည်။ တာဝန်ကို တကယ်အတိအကျလိုက်နာနေကြသည်။
သူဒုက္ခရောက်သည်ကို ထိုသက်တော်စောင့်များ တမင်အရသာခံကြည့်လိုခြင်းဖြစ်မည်ဟု အင်ပါယာရှား တွေးမိသည်။
လူအများရှေ့တွင် သူကိုယ်သူ နန်းပလ္လင်စွန့်၍ အပြင်လောကတွင် အပျော်ရှာနေသည့် အင်ပါယာရှားဖြစ်ကြောင်း ကြေညာလိုက်လျှင်လည်း သူသာမျက်နှာပျက်မည်။
ကျန်းချွန် သူ့ကိုအရူးလုပ်နေခြင်းလောဟုလည်း အင်ပါယာရှားတွေးမိသည်။ ကျန်းချွန်ရုပ်ဖျက်၍ ထွက်လည်ချိန်အတွင်း သရုပ်မှန်ထုတ်ပြရသည့်ကိစ္စက အရမ်းစိတ်ကျေနပ်စရာကောင်းသည်ဟု ပြောခဲ့သည်။
သို့သော်ယခု သူရုပ်ဖျက်၍ သူအုပ်ချုပ်သည့်မြေပေါ် ထွက်လည်ချိန်တွင် အနှောက်အယှက်အတားအဆီးများစွာ ကြုံရသည်။
ထို့ပြင် လုယန်သည် မကြာခဏ ထူးဆန်းသည့်အခြေအနေများ ကြုံတတ်ကြောင်း ယွမ်ကျိပြောဖူးသည်ကို သူမှတ်မိသည်။ သို့သော် ယွမ်ကျိပြောခဲ့သည့် 'အခြေအနေ'က ယခုလိုပုံစံမျိုးမဟုတ်။
ကျန်းချွန်လည်း နားလည်သည်။ သူ့အဖေသရုပ်မှန်ကို လူအများရှေ့ ဖွင့်ထုတ်၍မဖြစ်။ ထို့ကြောင့် တစ်ခြားလူများကို ထွက်သွားရန် လက်ယမ်းပြလိုက်သည်။
"ကောင်းပြီ။ မင်းတို့အားလုံး သွားကြတော့။ ဒီအပြစ်သားနှစ်ယောက်ကို ငါကိုယ်တိုင်စစ်ဆေးမယ်"
"ဟာ"
ရှုရှင်းတို့လူစု အခက်တွေ့သွားသည်။ အင်ပါယာတစ်ယောက်တည်း အပြစ်သားစစ်ဆေးသည်ဟု သူတို့တစ်ခါမှမကြားဖူး။ မတော်တဆ ပြဿနာတစ်ခုခုဖြစ်သွားလျှင် ခက်လိမ့်မည်။
"မင်းကြီး၊ ဒါက..."
"သွားတော့"
ကျန်းချွန် ခပ်တင်းတင်းအော်လိုက်သည်။ ရှုရှင်းတို့လူစု အင်ပါယာဆန္ဒကို မလွန်ဆန်ရဲသဖြင့် အသာထွက်သွားကြသည်။
တော်ဝင်ခန်းမထဲတွင် ကျန်းချွန်၊ လုယန်နှင့် အင်ပါယာရှားတို့သာ ကျန်ခဲ့သည်။ အပြင်လူများမရှိတော့သဖြင့် ဆက်ဟန်ဆောင်နေစရာမလိုတော့။
ကျန်းချွန် သူ့ပင်ကိုယ်ဟန်ပန်အတိုင်း ပလ္လင်ပေါ်မှ စိတ်ပျက်လက်ပျက်ဆင်းလာပြီး အင်ပါယာရှားဆီ လျှောက်သွားသည်။
"အဖေ ဘယ်လိုများတွေးပြီး ပလ္လင်ကို ခိုးခဲ့တာလဲ။ လုယန်ကိုတောင် အဖော်ခေါ်ခဲ့သေးတယ်ပေါ့။ အခု ဒီကိစ္စကို ဘယ်လိုဖြေရှင်းကြမလဲ"
အင်ပါယာရှား လေတစ်ချက်မှုတ်၍ ပြန်စိုက်ကြည့်သည်။ အိုမင်းရင့်ရော်နေသည့် မူလအသွင်သို့ ပြန်ပြောင်းသည်။
"ပေါက်တတ်ကရမပြောနဲ့။ ဘာလို့လုယန်ကို အဖော်ခေါ်ပြီးခိုးရမှာလဲ။ လုယန်ကငါ့ကို ဒီကိစ္စထဲ အတင်းဆွဲသွင်းခဲ့တာကွ"
အင်ပါယာရှား၏ ရုပ်သွင်အစစ်ကို မြင်လိုက်ရသဖြင့် လုယန်မျက်လုံးပြူးသွားသည်။ ရှားထန်သည် အင်ပါယာရှားအစစ်ဖြစ်သည်။ ခုနက ပလ္လင်ပေါ်ထိုင်နေသူက အိမ်ရှေ့မင်းသား ဟန်ဆောင်ထားခြင်းဖြစ်ကြောင်း နားလည်လာသည်။
အင်ပါယာရှားက သိက္ခာအပြည့်ဖြင့် သူ့ကိုယ်သူ ကာကွယ်သည်။
"နောက်ပြီး 'ပလ္လင်ကိုခိုးတယ်'ဆိုတာက ဘာစကားလဲကွ။ ဒီပလ္လင်က ငါတို့ဘိုးဘေးတွေရဲ့ အမွေအနှစ်ပါ။ ဒါကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ငါတာဝန်ယူထားတာ။
ပလ္လင်ကို နေရာပြောင်းလိုက်တာ ဘာဥပဒေကို ချိုးဖောက်နေလို့လဲ"
ကျန်းချွန် အာစေးမိသွားသည်။ ထိုစကားက ယုတ္တိကျသယောင်ရှိသည်။ ဥပဒေချိုးဖောက်သည်ဟု မဆိုသာ။
"ဒါတော့ မဟုတ်သေးဘူးအဖေ"
ကျန်းချွန် တစ်ခုပြန်သတိရလာပြီး လုယန်ကို လက်ညှိုးထိုးပြသည်။
"သူက အဖေ့သရုပ်မှန်ကို မသိဘူး။ သူ့လုပ်ရပ်က ခိုးမှုမြောက်တယ်"
"အာ...ငါသူ့သရုပ်မှန်ကို အစကတည်းကသိပါတယ်"
နတ်မယ်က ပြန်ပြောသည်။
"နန်းတော်ထဲကို ပလ္လင်ခိုးဖို့မလာခင် ခင်ဗျားအမြင်ကို ကျုပ်သေချာမေးတယ်လေ။ ခင်ဗျားသဘောတူခဲ့တာပဲ မဟုတ်လား"
လုယန်၏ ဥပဒေအသိပညာများကို အချိန်ကြာမြင့်စွာ ကိုယ်တွေ့ခဲ့သူဖြစ်၍ ပုန်ကန်သည့်ကိစ္စမှလွဲလျှင် ဥပဒေစည်းမျဉ်းများကို နတ်မယ် အမြဲတမ်းအတိအကျလိုက်နာခဲ့သည်။
လုယန်ကို စည်းရုံးမည့် အောင်းလင်းနှင့် ကျန်းလျန်ယိတို့အစီအစဉ် မအောင်မြင်တော့။
အကွက်ချစီစဉ်ရာတွင် အောင်းလင်းနှင့် ကျန်းလျန်ယိသည် နတ်မယ်ကို မမီရှာ။
"မင်းဘယ်လိုသိတာလဲ"
အင်ပါယာရှား အံ့အားသင့်သွားသည်။ သူသေချာပြင်ဆင်၍ ရုပ်ဖျက်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံကာကွယ်သည့်အဆင့် မှော်ရတနာတစ်ခုဖြင့် ဖုံးကွယ်ခဲ့သည်။
"ကျုပ်မျက်လုံးကိုပဲ အားကိုးတာပါ"
ဘာမှခက်ခဲသည်ဟု နတ်မယ်မခံစားရ။ တစ်ချက်ကြည့်ရုံဖြင့်သိသည်။ မသေမျိုးတစ်ဝက်များ၊ ကူးဖြတ်ခြင်းအဆင့်များကိုသာ လှည့်စားလို့ရချင်ရမည်။ သူ့ကို မရ။
အင်ပါယာရှား တွေးနေသည်။ ယွမ်ကျိသည် သူ့ဆရာတူမောင်လေးကို အတော်အလေးထားသည်။ ထို့ကြောင့် ဟန်ဆောင်ရုပ်ဖျက်ထားသူများကို ထွင်းဖောက်မြင်နိုင်သည့် မှော်ရတနာတစ်ခုခု ပေးထားခြင်းဖြစ်မည်။
သို့သော် လုယန်အစစ်က အမှန်တကယ်ပင် ဘာမှမရိပ်မိခဲ့။
"နတ်မယ်၊ သူ့က အင်ပါယာရှားဆိုတာ အစကတည်းကသိတာလား"
"သိတာပေါ့။ သူ့နာမည်ကို ငါမေ့နေလို့ပါ"
ထိုအချိန်ကျမှ လုယန် ပြန်သတိရလာသည်။ နတ်မယ်သည် ရှားထန်ကို 'မင်းနာမည်က ဘာရယ်...'ဟု မေးခဲ့ဖူးသည်။
"ဒါဆို အင်ပါယာရှားကိုဖမ်းဖို့တို့ဘာတို့ ခင်ဗျားမတွေးမိဘူးလား"
တကယ်ဆို နတ်မယ်ရည်ရွယ်ချက်အရ အင်ပါယာရှားကို ဖမ်းချုပ်ပြီး လက်အောက်ခံအဖြစ် အတင်းထိန်းချုပ်ဖို့ ကြိုစားခဲ့သင့်သည်။ နတ်မယ်ထိုသို့မလုပ်ခဲ့သဖြင့် လုယန် ရှားထန်သည် အင်ပါယာရှားဖြစ်ကြောင်း မရိပ်မိခဲ့ခြင်းလည်းဖြစ်သည်။
"လုံးဝမတွေးဘူး"
"ဘာလို့လဲ"
"စစ်ပွဲအတွင်းမှာ တစ်ခြားနိုင်ငံက သံတမန်ကိုသတ်တာဟာ စည်းကမ်းဖောက်ဖျက်တာပဲလေ"
နတ်မယ်က ပြောသည်။ သူသည် လုယန်လို ဉာဏ်နီဉာဏ်နက်များပြီး အဆိပ်သုံးသူမဟုတ်။ ပေါ်ပေါ်ထင်ထင် ပွင့်ပွင့်လင်းလင်းလှုပ်ရှားရသည်ကိုသာ ပိုသဘောကျသည်။
"ဒါဆို ခင်ဗျားသူ့ကို ဝန်ကြီးချုပ်ခန့်ခဲ့တာက..."
"အရည်အချင်းကို အားလုံးထက်ပိုပြီး ငါတန်ဖိုးထားလို့ပေါ့။ လူတစ်ယောက်ရဲ့ အတိတ်နောက်ကြောင်းကို ငါလုံးဝထည့်မစဉ်းစားဘူး"
နတ်မယ်က ဝင့်ကြွားသည့်လေသံဖြင့်ပြောသည်။ သူ့ကိုယ့်သူ ဂုဏ်တင်ရမည့်အခြေအနေရောက်လျှင် စကားလုံးကို လုံးဝအားမနာတမ်းသုံးသည်။
"ရှားထန်က အင်ပါယာဖြစ်ခဲ့ဖူးတဲ့လူပဲလေ။ နှစ်တစ်သန်းမှာတစ်ခါပေါ်တဲ့အင်ပါယာလို့ သူ့ကိုခေါ်ကြတယ်။ အုပ်ချုပ်ရေးပိုင်းမှာ ကျွမ်းကျင်တယ်။
သူ့ကို ငါတို့မဟာပဲဝါနိုင်ငံရဲ့ ဝန်ကြီးချုပ်ခန့်ရင် ကွက်တိပဲပေါ့"
လုယန် "..."
...နတ်မယ်ပြောတာတွေက ယုတ္တိကျနေသလိုပါပဲလား။
...အခုရက်ပိုင်း ပြိုင်ဘက်ကင်းနတ်ဝိညာဉ်နဲ့ ငါတိုက်ခိုက်တာများလွန်းလို့ ဉာဏ်ရည်ကျသွားတာများလား...
"ငါအားလုံးကို ထောင့်စေ့အောင်တွေးထားတယ်။ မဟာပဲဝါနိုင်ငံ တည်ထောင်ပြီးရင် အင်ပါယာရှားက ဝန်ကြီးချုပ်ဖြစ်လာမယ်။
သူ့သားကလည်း ပါရမီရှိတယ်။ ဒီတော့ ဒုဝန်ကြီးချုပ်ခန့်မယ်။ အဲဒီ့အောက်က ဝန်ကြီးနေရာတွေကိုတော့ ကျန်းမိသားစုဝင်တွေထဲက ရွေးလိုက်ရုံပဲပေါ့"
နတ်မယ် ကိစ္စများစွာ ကြိုစီစဉ်ထားသည်။ မဟာပဲဝါနိုင်ငံ၏ အုပ်ချုပ်ရေးယန္တရားကို ပုံကြမ်းဖော်ထားသည်။
အထက်လူကြီးကိုဖားပြီး တစ်ခြားလူများကိုလှည့်စားဖို့သာသိသည့် လုယန်လိုလူမျိုးသည် သူ့ရှေ့ရေးအမြင်ကို လုံးဝယှဉ်၍မရနိုင်။
နန်းပလ္လင်စွန့်၍ ဝန်ကြီးချုပ်ဖြစ်လာသည့် ကိစ္စမျိုး လုယန်ပထမဆုံးကြားဖူးခြင်းဖြစ်သည်။ အတိတ်နှစ်လေးသိန်းသာမက အနာဂတ်နှစ်လေးသိန်းကိုကြည့်လျှင်ပင် ထိုအဖြစ်မျိုး တွေ့ရမည်မထင်။
မဟာပဲဝါနိုင်ငံ၏သမိုင်းက တကယ်ထူးခြားလှသည်။
"အရှင်မရဲ့ဉာဏ်ရည်ဟာ တကယ်ထူးကဲပါပေတယ်"
**********************************
အခန်း (၈၆၃) ကံကောင်းသူ
"အဖေ ရုပ်ဖျက်ပြီး ဆက်လည်ချင်သေးလား။ ဒါမှမဟုတ် အင်ပါယာပြန်လုပ်မလား"
ကျန်းချွန် မေးသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက အတွေ့အကြုံများကို အင်ပါယာရှား ပြန်စဉ်းစားကြည့်သည်။ လုယန်က သူ့မိသားစုကို ကွပ်မျက်ဖို့ တောင်းဆိုခဲ့သည်။
နိုင်ငံတော်ပုန်ကန်မှုထဲ သူ့ကိုဆွဲသွင်းခဲ့သည်။ အင်ပါယာအဖြစ်နေသည်က ပို၍ဘေးကင်းသည်ဟု တွေးမိလာသည်။
"အရင်အတိုင်းပဲ နေပါတော့မယ်။ ငါက အိုပြီကွ။ ပင်ပန်းတဲ့ဒဏ်ကို မခံနိုင်တော့ဘူး"
ကျန်းချွန် ဝမ်းသာသွားသည်။ သူ့အဖေထိုင်ဖို့ ပလ္လင်ကိုသန့်ရှင်းပေးသည်။
မူလရုပ်သွင် ပြန်ပြောင်းပြီးနောက် အင်ပါယာရှား၏စွမ်းအင်များ သိသိသာသာလျေ့ာကျသွားသယောင်ရှိသည်။ ခြေတစ်လှမ်းလှမ်းတိုင်း မောပန်းနေသည်။
ပလ္လင်ပေါ်ထိုင်သည့်အချိန်ပင် မတ်မတ်မထိုင်နိုင်တော့။ ပလ္လင်နောက်ခံတန်းကို ကျောမှီထားရသည်။
"အဖေအဆင်ပြေရဲ့လား"
ကျန်းချွန် လန့်သွားသည်။ သူ့အဖေကို တွဲကူပေးနေချိန်တွင် သူ့အဖေလက်များက လူသေတစ်ယောက်ခြောက်ကပ်၍ အသက်ဓာတ်ကင်းမဲ့နေသည်ကို သူအာရုံခံမိသည်။
သူ့ဖခင် သူ့ကိုစနောက်နေခဲ့သည့်အဖြစ်သည် အာရုံမှောက်မှားခဲ့သယောင် ထင်ရသည်။
အင်ပါယာရှား အသက်ကိုကြိုးစားရှူသွင်းပြီးနောက် ချိနဲ့နဲ့ပြုံး၍ လက်ခါပြသည်။
"ဘာမှမဖြစ်ပါဘူး။ လှုပ်လှုပ်ရှားရှားမလုပ်ဖြစ်တာကြာတော့ ငါ့ခန္ဓာကိုယ်က အပင်ပန်းမခံနိုင်တာပါ"
ထိုသို့ပြောသော်လည်း သူ့မျက်နှာက အလွန်တရာဖြူရော်နေသည်။ မျက်တွင်းများချိုင့်ဝင်နေသည်။ သေခါနီးလူတစ်ယောက်လိုဖြစ်နေသည်။ ထိုအဖြစ်ကိုကြည့်၍ အိမ်ရှေ့မင်းသား ရင်နာမိသည်။
အစကတည်းက သူ့အဖေသက်တမ်းသည် သိပ်မကျန်တော့။ အပြင်ထွက်ပြီးပျော်ဖို့အတွက် အသက်ဓာတ်ကို အတင်းထုတ်သုံးခဲ့သည်။ ထို့ကြောင့် အခြေအနေပိုဆိုးလာသည်။
"ငါ့သား၊ ငါသိပ်ကြာကြာမနေရလောက်တော့ဘူး။ ဒီဘဝမှာ ငါ့ဘိုးဘေးတွေရဲ့ မျှော်လင့်ချက်အတိုင်း ရှင်သန်နေထိုင်ပြီး လူတွေကို အလင်းပြပေးခဲ့တယ်၊ နိုင်ငံကို ထိန်းသိမ်းနိုင်ခဲ့တယ်လို့ ငါ့ကိုယ်ငါ ဂုဏ်ယူလို့ရပါပြီ။
ဒါပေမယ့် ငါစွမ်းရည်ကလည်း အကန့်အသတ်ရှိတယ်။ မင်းနဲ့မင်းညီတွေကို ကောင်းကောင်းမသွန်သင်နိုင်ခဲ့ဘူး။ ဒါကြောင့် မင်းညီတွေမှာ စိတ်ဆိုးစိတ်ယုတ်တွေ ဝင်လာတယ်။ မဟာရှားကို သူတို့လက်ထဲလွှဲခဲ့ရမှာ စိုးရိမ်စရာပဲ။
ဘိုးဘေးဝိညာဉ်တွေ ကူညီကြမယ်ဆိုရင်တောင် ငါစိတ်မချနိုင်ဘူး.."
တစ်ဘက်လှည့်နှင့်ပြောနေသည့် စကားအဓိပ္ပါယ်ကို ရိပ်မိသဖြင့် ရှားချွန် နည်းနည်းစိတ်ပျက်သွားသည်။
"ဒါတွေတွေးမနေပါနဲ့ အဖေ။ အဖေအပြင်ထွက်ပြီး တစ်ခါပျော်ခဲ့ပြီးပြီပဲ။ နောက်ထပ်နှစ်ခါသုံးခါလောက် ထွက်ပျော်လိုက်ပါဦးလား"
အင်ပါယာရှား၏စကားသံက ဂိတ်ဆုံးအထိမြင့်တက်သွားသည်။
"မင်းဘာဖြစ်နေတာလဲ ဟေ့ကောင်။ အင်ပါယာလုပ်ရမှာကို မင်းဘာလို့ဒီလောက်ခါးခါးသီးသီး ဖြစ်နေတာလဲကွ။...တော်တော့ တော်တော့။ မင်းသွားတော့ကွာ"
အင်ပါယာရှား စိတ်မရှည်တော့သဖြင့် လက်ယမ်းပြပြီး ရှားချွန်ကို မောင်းထုတ်လိုက်သည်။
"ဟုတ်ကဲ့ပါ"
နတ်မယ်နှင့်အင်ပါယာရှား ခန်းမထဲမှထွက်သွားပြီးနောက် အင်ပါယာရှား အားအင်ချိနဲ့သည့်ပုံမျိုး ပြန်ပေါ်လာသည်။ အသက်ဓာတ်ငွေ့ငွေ့သာ ကျန်တော့သယောင်ထင်ရသည်။
သူ့ဘဝအချိန်အများစုကို ဤပလ္လင်ထက်တွင်သာ ကုန်ဆုံးခဲ့ရသည်။ ထွက်သွားသည့် ကျန်းချွန်ကျောပြင်ကိုကြည့်၍ စိတ်ပျက်မိသည်။ သူ့ဘာသာ တီးတိုးရေရွတ်နေသည်။
"ငါ့သား၊ ငါ့ခန္ဓာကိုယ်က တကယ်နောက်ဆုံးအဆင့်ကိုရောက်နေပြီ။
...ဒါပေမယ့်လည်း ဒီရက်ပိုင်းအတွင်း ငါတကယ်ပျော်ခဲ့ရပါတယ်။ ကျေးဇူးတင်ပါတယ် လုယန်"
ခန်းမထဲမှထွက်လာသည့် လုယန်နှင့် အိမ်ရှေ့မင်းသားကိုကြည့်၍ ရှုရှင်း၊ လီကုန်းကုန်းနှင့် တော်ဝင်သက်တောင်စောင့်များ မင်သက်မိနေကြသည်။
လုယန်နှင့်ရှားထန် ဝင်သွားသည်။ လုယန်နှင့်အိမ်ရှေ့မင်းသား ပြန်ထွက်လာသည်။ ထို့ကြောင့် ရှားထန်ဘယ်သူဘယ်ဝါဆိုသည်မှာ အလိုလိုရှင်းသွားသည်။
ပူးပေါင်းကြံစည်နေဟန်ရှိသည့် ထိုနှစ်ယောက် အကောင်းပကတိပြန်ထွက်လာသည်။ အင်ပါယာသည် သူ့သားကြီးကို ဘယ်အတိုင်းအတာထိများ သည်းခံခဲ့သည်မသိ။
သိစိတ်နယ်မြေတွင် နတ်မယ် သမ်းတစ်ချက်ဝေသည်။
"ကစားရတာ ငြီးငွေ့လာပြီ။ အိပ်တော့မယ်။ ရှောင်ယန်၊ နင့်ခန္ဓာကိုယ် ပြန်ယူတော့"
"အဲ...ဘာရယ်"
လုယန် အခြေအနေကို နားမလည်သေးမီ အင်ပါယာဝတ်ရုံဝတ်ထားသည့်နတ်မယ် သိစိတ်နယ်မြေတွ လှဲချ၍ အိပ်ပျော်သွားသည်။
အချိန်အတော်ကြာငှားခဲ့ရသည့် ခန္ဓာကိုယ်ကို လုယန် ပြန်ထိန်းချုပ်ခွင့်ရလာသည်။
"အကိုလုယန်၊ ဘာဖြစ်တာလဲ"
လုယန် ရုတ်တရက် ခြေလှမ်းရပ်သွားသည်ကို ကျန်းချွန်မြင်သည်။
"ဘာမှမဖြစ်ဘူး ဘာမှမဖြစ်ဘူး"
"ဒါဆိုကျုပ်တို့ ဒီမှာပဲ လမ်းခွဲကြတာပေါ့"
ကျန်းချွန်က လုယန်ကို နှုတ်ဆက်သည်။
"ကောင်းပါပြီ"
လုယန် ခန္ဓာကိုယ်ပြန်ရလာသည်။ သူ့ဝိညာဉ်က သိစိတ်နယ်မြေတွင် ပြိုင်ဘက်ကင်းနတ်ဝိညာဉ်နှင့် လေ့ကျင့်ခဲ့သဖြင့် များစွာတိုးတက်လာသည်။
ထို့ကြောင့် အမှန်ဆိုလျှင် ဝိညာဉ်နှင့်ခန္ဓာကိုယ် မညီမျှမှုမျိုး ဖြစ်သင့်သည်။ သို့သော် လုယန်အံ့ဩရသည်။ သူ့ဝိညာဉ်ခန္ဓာကိုယ်က တစ်သားတည်းကျနေသည်။
ထိုသို့တစ်သားတည်းကျအောင် နတ်မယ်က သူ့ရုပ်ခန္ဓာကျင့်ကြံမှုကို ကူညီပေးခဲ့ခြင်းသာ ဖြစ်ရမည်။
"နတ်မယ်က တကယ်အားကိုးရတာပဲ"
လုယန် သဘောကျသွားသည်။
မုန်အိမ်တော်သို့ သူပြန်ရောက်လာသည်။ အခန်းတံခါးကို တွန်းဖွင့်လိုက်ချိန်တွင် အောင်းလင်းတို့သုံးယောက်က သူ့ကို သားကောင်တစ်ကောင်တွေ့သကဲ့သို့ လောဘရိပ်သန်းနေသည့်မျက်လုံးများဖြင့် စိုက်ကြည့်နေသည်ကို မြင်ရသည်။
သူ့အခန်းထွင် မသေမျိုးတစ်ဝက်သုံးယောက် ရှိနေသေးကြောင်း လုယန် အခုမှပြန်သတိရလာသည်။
နတ်မယ်...ကျုပ်ခန္ဓာကိုယ်ကို ခင်ဗျား ဆက်ယူထားပါလား။ ဒီအခြေအနေကို ကျုပ်ရင်မဆိုင်နိုင်ဘူး...
"အကိုလုပြန်လာပြီပေါ့"
လုယန်၏ဟန်ပန်အပြောင်းအလဲကို အမြင်စူးရှသည့် အောင်းလင်းနှင့်ကျန်းလျန်ယိက ချက်ချင်းရိပ်မိသည်။
"မြန်သားပဲ"
ကျင်းချိုင်ဝေက တအံ့တဩပြောရင်း လုယန်ကိုကြည့်သည်။ ခုနက သူတို့သုံးယောက် သံတမန်ဆက်ဆံရေးဖြင့် လုယန်ဘယ်အဖွဲ့နှင့် လက်တွဲသင့်သည်ကို သူတို့ဆွေးနွေးနေခဲ့သည်။
အတိအကျပြောရလျှင် အောင်းလင်းနှင့်ကျန်းလျန်ယိတို့ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။ သူက ဘေးမှနားထောင်သူသာဖြစ်သည်။
ထိုထက်ပိုတိကျအောင်ပြောရလျှင် အောင်းလင်းနှင့်ကျန်းလျန်ယိတို့ တိုက်ခိုက်တော့မလိုဖြစ်ခဲ့ကြသည်။
သို့သော်ယခု တိုက်ခိုက်စရာလိုမည်မထင်တော့။ လုယန် ဘေးကင်းစွာ ပြန်ရောက်လာသည်။ ဘာပြဿနာမှ မရှိသည့်သဘောဖြစ်သည်။
"ရှားထန်က ဘယ်မှာလဲ"
လုယန်တစ်ယောက်တည်း ပြန်ရောက်လာသဖြင့် ကျင်းချိုင်ဝေ့ အံ့ဩနေသည်။
လုယန် ဇာတ်ကြောင်းတစ်ခုလုံးကို ရှင်းပြရသည်။ ရှားထန်သည် အင်ပါယာရှားဖြစ်ကြောင်း၊ သူတို့ပလ္လင်သွားခိုးခြင်းသည် ခိုးမှုမမြောက်ကြောင်း ပစ္စည်းကူရွှေ့ပေးခြင်သာဖြစ်ကြောင်း သေချာရှင်းပြသည်။
"ဪ..သူက အင်ပါယာရှားလား။ ကူးဖြတ်ခြင်းအဆင့်တစ်ချို့ ပုန်းလျှိုးကွယ်လျှိုးနဲ့ သူ့နောက်ကဘာလို့လိုက်နေကြလဲဆိုတာ ငါစဉ်းစားမရဖြစ်နေတာ။ အခုတော့ ရှင်းသွားပါပြီ"
ကျန်းလျန်ယိ ခေါင်းငြိမ့်သည်။ သိပ်အံ့ဩဟန်မရှိ။
အောင်လးင်းနှင့် ကျင်းချိုင်ဝေက ထိုကူးဖြတ်ခြင်းအဆင့်များကို အာရုံမရကြ။ ကျန်းလျန်ယိသာ အာရုံခံနိုင်သည်။ သူ့ရှင်သန်မှုအရိယဖလသန္ဓေက ကိုယ့်ထက်အားနည်းသူများကို အာရုံခံနိုင်စွမ်းရှိသည်။
မုန်ကျင်းကျိုလးည်း တံခါးပိတ်ကျင့်ရာမှ ထွက်လာသည်။ ခုနစ်ရက်သာကြာသော်လည်း အတော်အကျိုးထူးခဲ့သည်။
"ဘာ၊ လုယန်က စတုတ္ထမင်းသားပုန်ကန်တာကို သွားတိုင်တယ်ပေါ့"
သူတံခါးပိတ်ကျင့်နေစဉ်အတွင်း ဖြစ်သွားသည့် အံ့ဖွယ်ကိစ္စများကို မုန်ကျင်းကျိုးသိလိုက်ရသည်။
ဤအချိန်မျိုးတွင် တံခါးပိတ်ကျင့်ခဲ့မိသည်ကို နောင်တရနေသည်။ စိတ်လှုပ်ရှားစရာပွဲကောင်းများ လွတ်သွားသည်။
"ပဥ္စမမင်းသားရဲ့ အိမ်တော်လည်း ရှာဖွေစစ်ဆေးခံရတယ်ပေါ့"
နားထောင်နေရင်း မုန်ကျင်းကျိုး ပြုံးလိုက်သည်။ သက်သေမရှိသော်လည်း ထိုကိစ္စသည် လုယန်နှင့်ပတ်သက်နေမည်ဟု အလိုလိုခန့်မှန်းမိသည်။
"ပလ္လင်ကို လုယန်ကခိုးတယ်။ အခု ပုန်ကန်မှုနဲ့ပါ စွပ်စွဲခံထားရတယ်ပေါ့"
လုယန်ပလ္လင်ခိုးသည့်ဖြစ်ရပ်ကို လျှို့ဝှက်ထားသ်ောလည်း တရားရေးဌာနက မုန်အိမ်တော်တွင် လုယန်ကို ဖမ်းဆီးကြခြင်းဖြစ်သည်။ ထိုကိစ္စကို မုန်မိသားစုဝင်များ သိနေသည်။
မုန်ကျင်းကျိုး အံ့ဩသွားသည်။ သူတံခါးပိတ်ကျင့်ခဲ့သည့်အချိန်က ခုနစ်ရက်လား ခုနစ်နှစ်လားဟု သေချာပြန်တွေးနေသည်။ ကိစ္စများစွာဖြစ်သွားသည်။ လုယန် တကယ်သတ္တိကောင်းလွန်းသည်။
"ဘယ်လို၊ ငါတို့မိသားစုက ဘာမှမကူညီရဘဲ လုယန်က အကောင်းပကတိ ပြန်ရောက်လာတယ်ပေါ့"
ကြားရသည့်သတင်းက များလွန်းသဖြင့် မုန်ကျင်းကျိုး လုယန်ကို ချက်ချင်းသွားတွေ့သည်။
လုယန်က သူ့အိမ်တော်ဘေးတွင်နေသည်။ လုယန်အိမ်တံခါးကို တွန်းဖွင့်ရင်း ရယ်မော၍ ပြောလိုက်သည်။
"ဟားဟား လောင်လု၊ မင်းက နိုင်ငံတော်ပုန်ကန်ဖို့ ကြံစည်နေတယ်လို့ ငါကြားတယ်"
ထို့နောက်တွင် မိန်းမချောနှစ်ယောက်နှင့် ကောင်မလေးတစ်ယောက် ဝန်းရံထားသည့် လုယန်ကို သူမြင်လိုက်ရသည်။
ထိုသူကောင့်သား၏ မိန်းမကံဇာတာက ကောင်းပဲကောင်းနိုင်လွန်းသည်။
မုန်ကျင်းကျိုးစိတ်ထဲ မနာလိုစိတ်ပေါ်လာသည်။ တံခါးပိတ်ကျင့်ရာမှ ထွက်လာစဖြစ်၍ ဦးနှောက်ထုံထိုင်းပြီး အမြင်အာရုံများ ဝေဝါးနေသေးသည်။
သို့သော် သူချက်ချင်းပြန်သတိရလာသည်။ လက်ရှိလုယန်သည် ထာဝရနတ်မယ်ဖြစ်သည်။ သို့ဆိုလျှင် ယခုမြင်ကွင်းသည် ဘာမှမဆန်းလှ။
"ပေါက်တတ်ကရမပြောနဲ့။ ဒါတွေအားလုံးက ကောလဟာလတွေကွ"
လုယန် ချက်ချင်းငြင်းသည်။
လေသံအရ လုယန်အစစ်ဖြစ်ကြောင်း မုန်ကျင်းကျိုး ချက်ချင်းနားလည်လာသည်။
"လုယန်၊ ခွေးသူတောင်းစား၊ မင်းကကံတွေစွတ်ကောင်းပြီး..."
သူစကားဆက်မပြောနိုင်အောင် လုယန် ချက်ချင်းကန်ထုတ်လိုက်သည်။ မုန်ကျင်းကျိုး အခန်းအပြင်သို့ လွင့်ထွက်သွားသည်။
သူ့စကားကိုသာ ချီလင်မသေမျိုးကြားသွားလျှင် ဘာတွေဖြစ်လာမည်မသိနိုင်။
************************************
အခန်း (၈၆၄) မသေမျိုးမက်မွန်
မုန်ကျင်းကျိုး အခန်းထဲ ပြန်ဝင်လာသည်။ မိန်းမသုံးယောက်မျက်နှာကို သေချာမြင်ရပြီးနောက် ထိတ်လန့်တုန်လှုပ်သွားသည်။
ကျင်းချိုင်ဝေကိုသူမသိ။ အောင်းလင်းနှင့်ကျန်းလျန်ယိကိုတော့ သူတွေ့ဖူးပြီးသားဖြစ်သည်။
...လုယန် မင်းဘယ်လိုလုပ်လိုက်တာလဲ။ ဒီဘိုးဘေးနှစ်ယောက်ကို ငါ့အိမ်ကိုခေါ်လာတယ်ပေါ့...
"အကြီးအကဲသုံးယောက်လာလည်တာ ကျုပ်တို့မုန်အိမ်တော်အတွက် ဂုဏ်ယူစရာကိစ္စပါ။ ကျုပ်တို့ထွက်ပြီးမကြိုဆိုမိတာကို နားလည်ခွင့်လွှတ်ပေးစေချင်ပါတယ်"
မုန်ကျင်းကျိုး လေးလေးစားစားပြောသည်။ ကျင်းချိုင်ဝေကို သူမသိ။ သို့သော် ထိုမိန်းကလေးအဆင့်အတန်းသည်လည်း အောင်းလင်းနှင့် ကျန်းလျန်ယိတို့ထက် လျော့မည်မဟုတ်မှန်း သူရိပ်မိသည်။
"ဪ...မုန်မျိုးရိုးကောင်လေးပဲ"
နတ်ဝိညာဉ်နှစ်ခုရှိသည့် ထိုလူငယ်ကို အောင်းလင်းမှတ်မိနေသည်။
နတ်ဝိညာဉ်နှစ်ခုရှိခြင်းသည် ယနေ့ခေတ်ကျင့်ကြံသူများ၏ ပုံမှန်ဖြစ်စဉ်ဟု သူအစကထင်ခဲ့သည်။ သို့သော် တာအိုလမ်းစဉ်ဂိုဏ်းမှထွက်လာပြီး လက်ရှိခေတ်ကျင့်ကြံမှုလောကထဲ လည်ပတ်ကြည့်မှ မုန်ကျင်းကျိုး၏ဖြစ်စဉ်သည် ပုံမှန်မဟုတ်မှန်း သူသိလာသည်။
"အကြီးအကဲအောင်းလင်း၊ အကြီးအကဲလျန်ယိနဲ့ ဒီအကြီးအကဲလေးကို မုန်ကျင်းကျိုး ဂါရဝပြုပါတယ်"
'အကြီးအကဲလေး'သည် ကျင်းချိုင်ဝေကို ရည်ညွှန်းခြင်းဖြစ်သည်။
ကျင်းချိုင်ဝေ မုန်မိသားစုကို အလေးထားသည်။ သူတို့ချုန်းချီမျိုးနွယ်သည် အကြပ်အတည်းများဖြေရှင်းဖို့ မုန်မိသားစုထံမှ မကြာခဏငွေချေးခဲ့ရသည်။
အရေးကြီးဆုံးအချက်က မုန်မိသားစုယူသည့် အတိုးနှုန်းသည် သိပ်မမြင့်။
"ငါက ရှေးဟောင်းခေတ်ကတည်းက အိပ်စက်ခဲ့တဲ့ ချုန်းချီမျိုးနွယ်က ကျင်းချိုင်ဝေပါ"
သူ့ကိုယ်သူမိတ်ဆက်လိုက်သည်။
မုန်ကျင်းကျိုးမင်သက်မိသွားသည်။
...လုယန်နဲ့ပတ်သက်တဲ့လူတိုင်း ထူးခြားတဲ့နောက်ခံရှိမယ်ဆိုတာ သိပြီးသားပါ...အခုလည်းနောက်ထပ် ရှေးဟောင်းခေတ်ကသတ္တဝါတစ်ကောင် ရောက်လာပြန်ပြီ...
..ပြီးတော့ ချုန်းချီမျိုးနွယ်တဲ့...
"ငါတို့ဒီမှာရှိတာကို တစ်ခြားလူတွေသိလို့မဖြစ်ဘူး။ အထူးသဖြင့် မင်းတို့မုန်မိသားစုဝင်တွေပေါ့"
အောင်းလင်းက ပြောသည်။ ပြဿနာရှုပ်လာမည်ကို သူမလိုချင်။
သူတို့သုံးယောက်လုံး တရားရေးဝန်ကြီးဌာန၏ ရှာဖွေစစ်ဆေးမှုကို ရှောင်တိမ်းနိုင်စွမ်းရှိသည်။ မုန်ကျင်းကျိုးမမြင်အောင်လည်း ပုန်းကွယ်နိုင်သည်။
သို့သော် လုယန်အပေါ် လေးစားမှုထားသည့်အနေဖြင့် ကိုယ်ယောင်မဖျောက်ကြခြင်းဖြစ်သည်။
နောက်နှစ်ရက်အကြာတွင် အင်ပါယာရှား ဘဝအဆုံးသတ်ခါနီးပြီဟူသည့် အတွင်းသတင်းတစ်ခု မုန်မိသားစုကြားရသည်။ အင်ပါယာရှား သတိလစ်မေ့မျောနေသည်ဟုဆိုသည်။
တော်ဝင်နန်းတော်ကို လုံခြုံရေးတင်းကြပ်ထားသည်။ အဝင်အထွက် လုံးဝလက်မခံ။ မုန်ကျင်းကျိုး၏ဖခင်ပြောပုံအရ ထိုသတင်း တကယ်အမှန်ဖြစ်လောက်သည်။
အင်ပါယာရှားအခြေအနေ ထိုမျှဆိုးဝါးသွားမည်ဟု လုယန်မထင်ခဲ့။ ပြီးခဲ့သည့်နှစ်ရက်ကပင် စွမ်းအားအပြည့်ရှိနေသေးသည်။ စိုးရိမ်ပူပန်လာသဖြင့် နတ်မယ်ကိုနှိုးပြီး အကြံတောင်းရန်ပြင်သည်။
ထိုစဉ် ထင်မှတ်မထားသည့် ဧည့်သည်တစ်ယောက် မုန်အိမ်တော်ဂိတ်တံခါးရှေ့သို့ ရောက်လာသည်။
"ညီလေးအရိုးရိုင်း မင်းကဒီကို ဘယ်လိုရောက်လာတာလဲ"
လုယန်နှင့်မုန်ကျင်းကျိုးတို့နှစ်ယောက်လုံး အပြင်ထွက်ကြိုသည်။ အထုပ်တစ်ခုကိုင်လျက် ဂိတ်တံခါးရှေ့တွင် မင်သက်မိနေသည့် အရိုးရိုင်းကိုတွေ့ရသည်။
ထိုမျှခမ်းနားထည်ဝါသည့် ဂိတ်တံခါးမျိုး အရိုးရိုင်း တစ်ခါမှမမြင်ဖူးခဲ့။
"ဒီမှာပဲရပ်မနေနဲ့။ လာပါ။ အထဲဝင်ရအောင်"
လုယန်က မုန်ကျင်းကျိုးကို ဘေးသို့တွန်းဖယ်ပြီး အိမ်ရှင်တစ်ယောက်ကဲ့သို့ အရိုးရိုင်းကို နွေးထွေးစွာဖိတ်ခေါ်သည်။
မုန်အိမ်တော်သို့ ပထဆုံးအကြီ လာလည်ခြင်းဖြစ်၍ အရိုးရိုင်း နည်းနည်းမဝံ့မရဲဖြစ်နေသည်။
လုယန်ကိုမြင်သည်နှင့် လမ်းတွင်ကြားခဲ့သမျှ သတင်းများကို ပြန်သတိရသည်။ လေးစားမှုအပြည့်ဖြင့် သူမော့ကြည့်သည်။
"အကိုလုကိုတော့ ကျုပ်တကယ်လေးစားတယ်။ ကြာနန်းဆောင်မှာ အကိုကဗျာတစ်ပုဒ် လက်တမ်းရေးပြီး မီးပုံးပွဲတော်ရဲ့ အကောင်းဆုံးကဗျာဆရာ ဖြစ်ခဲ့တယ်လို့ကြားတယ်"
စာပေကျင့်ကြံသူဖြစ်သည့် အရိုးရိုင်းအနေဖြင့် လုယန်၏စာပေပါရမီက သူ့ထက်များစွာသာနေမည်ဟု လုံးဝမတွေးခဲ့မိ။
'ယွမ်ရှောင်၏ကျောက်စိမ်းည'ကဗျာကို ကြားပြီးနောက် လုယန်ကို စာပေနတ်ဘုရားနှင့်တူသည်ဟု သူခံစားလိုက်ရသည်။
လုယန် ရှက်ရယ်ရယ်သည်။ သူများကဗျာကို ကူးချခဲ့ခြင်းဖြစ်ကြောင်း၊ နတ်မယ်က သူ့ကိုကူ၍ ကြွားလုံးထုတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်မပြောချင်။
အရိုးရိုင်းရောက်လာသည်ဟု ကြားပြီးနောက် မုန်ပိုထန်က ကြိုဆိုသည့်အနေဖြင့် စားသောက်ပွဲတစ်ခု ချက်ချင်းစီစဉ်ခိုင်းသည်။
"ငါက မင်းတို့မျိုးနွယ်ခေါင်းဆောင်နဲ့ အသိအကျွမ်းဟောင်းတွေပါ။ သူအဆင်ပြေရဲ့လား"
မုန်ပိုထန်က လူကြီးတစ်ယောက်ပုံစံမျိုးမနေဘဲ ရယ်ရယ်မောမောဖြင့် အရိုင်းမျိုးနွယ်ခေါင်းဆောင်အကြောင်းကို မေးသည်။
"အဆင်ပြေပါတယ်။ ပြီးခဲ့တယ့် ဆယ့်ငါးရက်လောက်ကတောင် ကျုပ်သူနဲ့တွေ့သေးတယ်"
အရိုးရိုင်းက ဖြူစင်သည့်အပြုံးဖြင့် ပြန်ဖြေသည်။ မုန်ပိုထန်၏ လှိုက်လှိုက်လှဲလှဲဆက်ဆံမျိုးနှင့် သူသိပ်အသားမကျ။
"မင်းက မင်းတို့မျိုးနွယ်ဆီ အလည်ပြန်တာလား"
"ဟုတ်တယ်။ အခုမှ ပြန်ရောက်တာ။ လွန်ခဲ့တဲ့လဝက်က ကျုပ်တို့အရိုင်းမျိုးနွယ်ရဲ့ ဘိုးဘေးပူဇော်ပွဲနေ့ရှိတယ်လေ။ ကျုပ်က မပြန်ချင်ဘူး။ ဒါပေမယ့် ကျုပ်မျိုးနွယ်တွေက ပွဲလာတက်ဖို့ အတင်းပြောကြလို့ပါ"
မုန်ကျင်းကျိုး ခေါင်းငြိမ့်သည်။
"ငါနားလည်ပါတယ်။ မင်းက ရှေးဟောင်းအရိုင်းမျိုးနွယ်ပဲလေ။ တစ်ခြားလူတွေ ပွဲမတက်ရင်တောင် မင်းတော့တက်ရမှာပဲ"
အရိုးရိုင်း ခေါင်းခါသည်။ ရှက်နေသည့်အမူအရာမျိုး ပေါ်လာသည်။
"အဲဒါကြောင့် မဟုတ်ပါဘူး။ ကျုပ်နတ်ဝိညာဉ်က ဘိုးဘေးနတ်ဝိညာဉ်မဟုတ်လား။ မျိုးနွယ်အကြီးအကဲတွေက ပူဇော်ပွဲမှာ ကျုပ်ကိုစင်ပေါ်တင်ပြီး မျိုးနွယ်ဝင်တွေရှိခိုးပူဇော်နိုင်အောင် ကျုပ်နတ်ဝိညဉ်နဲ့ ဘိုးဘေးတွေကို ဆင့်ခေါ်ပေးစေချင်ကြတာ"
မုန်ကျင်းကျိုး "..."
မုန်ကျင်းကျိုး စိတ်ကူးထဲတွင် မြင်ယောင်ကြည့်သည်။ အရိုးရိုင်းက စင်ပေါ်တွင်ထိုင်နေမည်။ သန်းချီသည့် အရိုင်းမျိုးနွယ်များက အောက်ဘက်မှ သီချင်းဆိုရင်း သူ့ကိုဦးညွှတ်ပူဇော်နေကြမည်။
ထိုအဖြစ်မျိုးကို သည်းခံနိုင်ဖို့မလွယ်။
"မင်းရဲ့နတ်ဝိညာဉ်က ကြုံရာဘိုးဘေးကို ဆင့်ခေါ်တာမဟုတ်ဘူးလား"
"အဲဒါကြောင့်ပဲ အကြီးအကဲတွေက ကြုံတဲ့ဘိုးဘေးကိုရှိခိုးဖို့ ဆုံးဖြတ်ထားတယ်လေ။ ဘာပဲပြောပြော ဆင့်ခေါ်တဲ့ဝိညာဉ်တိုင်းက ဘိုးဘေးတွေပဲမဟုတ်လား။ ဘယ်သူ့ကိုပဲရှိခိုးခိုး သိပ်မကွာပါဘူး"
နတ်မယ်ကျိန်စာမတိုက်ခဲ့လျှင်လည်း အရိုင်းမျိုးနွယ်သည် အလွန်လိုက်လျောပြုကျင့်တတ်သူများ ဖြစ်လိမ့်မည်ဟု လုယန်ယူဆသည်။
အခြေအနေပေါ်မူတည်၍ အတွေးအခေါ်ကို လိုအပ်သလိုပြုပြင်ပြောင်းလဲနိုင်စွမ်းရှိကြသည်။ တကယ်ကောင်းသည့်စရိုက်ဖြစ်သည်။
"ဦးလေးမုန်က ကျုပ်တို့မျိုးနွယ်ခေါင်းဆောင်နဲ့ အတော်ရင်းနှီးတာလား"
"ဪ..ငါမင်းကို မပြောရသေးဘူးထင်တယ်။ မင်းတို့အရိုင်းမျိုးနွယ်နဲ့ ငါတို့မုန်မျိုးနွယ်ရဲ့ ရင်းနှီးမှုသက်တမ်းက နှစ်တစ်သိန်းနီးပါး ကြာခဲ့ပြီ။
မျိုးရိုးအဆက်ဆက် မဟာမိတ်တွေဖြစ်ခဲ့တာပါ"
"အဲလောက်တောင်ကြာပြီပေါ့"
အရိုးရိုင်း အံ့အားသင့်သွားသည်။ မျိုးနွယ်ခေါင်းဆောင်က ထိုအကြောင်း သူ့ကိုတစ်ခါမှမပြောဖူး။
"ဒါပေါ့။ မဟာရှားခေတ်ရဲ့ လောကအုပ်ချုပ်ခွင့် အပြိုင်အဆိုင်ကာလမှာ မင်းတို့အရိုင်းမျိုးနွယ်ဘိုးဘေးတွေက ကျန်းမိသားစုနောက်ကိုလိုက်တယ်။
ပထမအင်ပါယာ ကျန်းပင်ကန်းလက်အောက်မှာ စစ်သူကြီးတွေအဖြစ် တာဝန်ထမ်းဆောင်ခဲ့တယ်။ သူတို့က ငါတို့မုန်မိသားစုဘိုးဘေးတွေကို ခွက်ခွက်လန်အောင် ရှုံးခဲ့တာလေ"
အရိုးရိုင်း "..."
"ဒါပေမယ့် ဒါက တစ်ချိန်တုန်းက ဖြစ်ခဲ့တာတွေပါ။ ငါတို့မုန်မိသားစုလည်း အရင်ကလို အုပ်ချုပ်ခွင့်အတွက် တိုက်ခိုက်ကြတဲ့ မိသားစုမဟုတ်တော့ဘူး။ အခု ရိုးရိုးသားသားပဲ ငွေရှာဖို့ ကြိုးစားကြတယ်"
"ဒါနဲ့ ညီလေးမုန်။ မင်းလက်ထဲကအထုပ်က ဘာလဲ။ အနံ့အတော်မွှေးတာပဲ"
လုယန် လေထဲတွင်အနံ့ခံမိသည်။ ထိုအထုပ်ထဲမှ မွှေးပျံ့သည့်ရနံ့တစ်ခု ထွက်ပေါ်နေသည်။ စားပွဲပေါ်မှ အစားအသောက်များ၏ အနံ့ထက်ပင် ပိုဆွဲဆောင်အားကောင်းသည်။
"ကျုပ်လည်းမသိဘူး။ ဘိုးဘေးပူဇော်ပွဲပြီးလို့ ဂိုဏ်းကိုပြန်ရောက်ရောက်ချင်း အမယွမ်က ဒီအထုပ်ကို နန်းမြို့တော်ကိုသွားပြီး အကိုဆီပေးဖို့ ကျုပ်ကိုပြောတယ်။
အကိုဖွင့်ကြည့်ရင် သိလိမ့်မယ်တဲ့။ ကျုပ်ကို အထုပ်ဖွင့်မကြည့်ဖို့လည်း သေချာမှာလိုက်တယ်။
ဒါနဲ့စကားစပ်လို့ ပြောရဦးမယ်။ နည်းနည်းတော့ ထူးဆန်းတယ်။ ဒီအထုပ်ကို ကျုပ်ယူလာတုန်းက ဘာအနံ့မှမထွက်ဘူး။ နန်းမြို့တော်နားရောက်မှ အနံ့ထွက်လာတာ။...ရော့ပါ"
ယွမ်ကျိက တာဝန်တစ်ခုပေးလိုက်ခြင်းဖြစ်ကြောင်း လုယန်သိသည်။ အစားအသောက်ကိုပင် အရေးမစိုက်တော့ဘဲ မုန်ပိုထန်နှင့်မုန်ကျင်းကျိုးကို နှုတ်ဆက်၍ အထုပ်ကိုယူ၍ သူ့အခန်းဆီ အမြန်ပြန်သွားသည်။
"အကိုလုယန်၊ ဘာဖြစ်လာတာလဲ။ ဘာလို့ဒီလောက်အလောတကြီးဖြစ်နေတာလဲ"
အခန်းထဲတွင် ရှေးဟောင်းခေတ်မသေမျိုးတစ်ဝက်သုံးယောက်က အရိယဖလသန္ဓေအသုံးပြုနည်းအကြောင်း ဆွေးနွေးနေသည်။
"ဒီအနံ့ကို ရင်းနှီးနေသလိုပဲ"
ကျန်းလျန်ယိ လုယန်လက်ထဲမှအထုပ်ကို လှမ်းကြည့်သည်။
လုယန် အထုပ်ကိုကုတင်ပေါ်ချ၍ဖြေသည်။ သစ်သားသေတ္တာတစ်လုံး ပေါ်လာသည်။ သေတ္တာကိုဖွင့်လိုက်သည်။ နူးညံ့သည့် ပန်းရောင်မက်မွန်သီးတစ်ခုံး အထဲတွင်ရှိနေသည်။
မွှေးပျံ့သည့်ရနံ့က သေတ္တာတစ်ခုလုံး ပြည့်နေသည်။
"ဒါကြောင့် ရင်းနှီးတယ်လို့ ခံစားမိနေတာကိုး။ လက်စသပ်တော့ ကောင်းကင်သစ်ပင်ကသီးတဲ့ မသေမျိုးမက်မွန်သီးပဲ"
မြို့တော်သို့မလာခင်က ဤမသေမျိုးမက်မွန်သီးကို လုယန်မြင်ခဲ့ပါသည်။ ထိုစဉ်က မမှည့်သေး။ အစိမ်းရောင်အတိုင်း ရှိနေသည်။
ယခု ရင့်မှည့်ချိန် ရောက်လာပုံရသည်။
"မသေမျိုးမက်မွန်သီးပါလား။ အခုမှမှည့်တာထင်တယ်"
အောင်းလင်းနှင့် ကျင်းချိုင်ဝေလည်း ထိုသစ်သီးကိုသိသည်။
သူတို့သုံးယောက်လုံး ရှေးဟောင်းခေတ်တွင် မသေမျိုးမက်မွန်သီးများ စားခဲ့ဖူးသည်။ အထူးသဖြင့် အောင်းလင်းနှင့် ကျန်းလျန်ယိက မကြာခဏစားသည်။
မသေမျိုးမက်မွန်သီးသည် ရှေးဟောင်းခေတ်မှလူများသာ သိကြသည့်ရတနာဖြစ်သည်။ ရှေးဟောင်းခေတ်အဆုံး မသေမျိုးလေးယောက်နှင့်အရိပ်ထဲကရန်သူတို့ တိုက်ပွဲတွင် ကောင်းကင်သစ်ပင်(ကောင်းကင်မြစ်)က မက်မွန်လျှို့ဝှက်မြေတစ်ခုထဲ ပြေးပုန်းသည်။ နောက်ထပ်ပြန်ပေါ်မလာတော့။
ထို့ကြောင့် ရှေးဟောင်းခေတ်နောက်ပိုင်းမှလူများ မသေမျိုးမက်မွန်အကြောင်း မသိကြတော့။
************************************