အခန်း (၈၆၅-၈၆၇)
Vol. 58 Ch. 865-867
အခန်း (၈၆၅) ကြားဖြတ်လုခြင်း
"လောလောဆယ် ဒီမသေမျိုးမက်မွန်ကို အလိုအပ်ဆုံးလူက အင်ပါယာရှားပဲ။ သူ့ဆီချက်ချင်းပို့မှဖြစ်မယ်"
အင်ပါယာရှားအခြေအနေက အားရစရာမရှိ။ နောက်ထပ် ရက်ကြာကြာနေရတော့မည်မထင်။ ဤမသေမျိုးသစ်သီးကို စားမှဖြစ်မည်။
ယွမ်ကျိက ထိုသစ်သီးကို အင်ပါယာနန်းတော်သို့ တိုက်ရိုက်မပို့ခိုင်းဘဲ ဘာကြောင့် သူ့ဆီပို့ခိုင်းသည်ကို လုယန်နားမလည်နိုင်အောင်ဖြစ်ရသည်။
သို့သော် အခြေအနေက အရေးကြီးသဖြင့် သူထပ်မတွေးတော့။ နန်းတော်သို့သွားဖို့ ချက်ချင်းပြင်ဆင်သည်။
စိတ်ချရစေရန် မုန်ပိုထန်ကိုလည်း မသေမျိုးမက်မွန်သီးကိစ္စ ပြောပြသည်။ သူနှင့်အတူ နန်းတော်သို့လိုက်ဖို့ မုန်မိသားစုဝင်တစ်ယောက်ယောက် ထည့်ပေးလိုက်စေချင်သည်။
အောင်းလင်းတို့သုံးယောက်သည် နာမည်ကျော်ပုဂ္ဂိလု်များဖြစ်သည်။ သူတို့လိုက်ပို့လျှင် 'လုယန်ကို သူတို့ဘာကြောင့်ကူညီသလဲ'ဟူသည့်မေးခွန်းက ဖြေရခက်လာမည်။
ထိုကိစ္စထဲ သူတို့ဝင်မပါသည်က အကောင်းဆုံးဖြစ်သည်။
"သက်တမ်းဆွဲဆန့်နိုင်တဲ့ ရတနာလား။ ဒီလိုပစ္စည်းမျိုး လောကမှာ တကယ်ရှိတယ်ပေါ့"
မုန်ပိုထန် အံ့အားသင့်သွားသည်။ မုန်မိသားစုသည် ချမ်းသာကြွယ်ဝပြီး ဩဇာရှိသော်လည်း မသေမျိုးမက်မွန်သီးအကြောင်း လုံးဝမကြားဖူး။
"မိတ်ဆွေယွမ်ကျိပြောတာဆိုရင်တော့ မမှားနိုင်ပါဘူး။ သွားစို့၊ ငါကိုယ်တိုင် မင်းကိုလိုက်ပို့မယ်"
ဤကိစ္စအရေးကြီးကြောင်း မုန်ပိုထန်သိသည်။ လုယန်က နန်းမြို့တော်၏လက်ရှိအခြေအနေကို နားမလည်သော်လည်း သူကကောင်းကောင်းနားလည်သည်။
အင်ပါယာရှားက သက်တမ်းကုန်တော့မည်။ အဖွဲ့အစည်းများ မငြိမ်မသက်ဖြစ်လာမည်။ ထိုအခြေအနေကို အမြတ်ထုတ်ဖို့ ကြိုးစားကြမည်။
ဤမသေမျိုးမက်မွန်သီးကို သက်တမ်းသိပ်မကျန်တော့သည့် အဆင့်မြင့်စွမ်းအားရှင်များ မျက်စိကျလာလိမ့်မည်။
မသေမျိုးမက်မွန်သီးသည် ကောင်းကင်သစ်ပင်မှထွက်လာသည့် သစ်သီးဖြစ်သည်။ မက်မွန်သီးအနံ့ကို အဆင့်မြင့်ကျင့်ကြံသူများ အာရုံခံမိမည်။ သက်တမ်းဆွဲဆန့်နိုင်သည့် ပစ္စည်းဖြစ်ကြောင်း ရိပ်မိလိမ့်မည်။
အရိုးရိုင်းက မသေမျိုးမက်မွန်သီးကို မြို့တော်သို့ ယူလာသည်။ မြို့တော်ဂိတ်တံခါးမှ မုန်အိမ်တော်သို့ ဆက်သယ်လာသည်။
မက်မွန်သီးနံ့ရ၍ လုယက်ရန်ကြံနေသည့် ကျင့်ကြံသူများ ရှိနေပြီးဖြစ်လိမ့်မည်။
မုန်ပိုထန် နည်းလမ်းအမျိုးမျိုးသုံး၍ မသေမျိုးမက်မွန်သီးကို အလုံပိတ်ရန် ကြိုးစားသည်။ သို့သော် မက်မွန်သီးနံ့မထွက်အောင် သူမတားဆီးနိုင်။ မုန်အိမ်တော်တောင်တန်းပေါ်တွင်နေသည့် ကူးဖြတ်ခြင်းအဆင့်ဘိုးဘေးကို အကူအညီတောင်းလည်း အကျိုးမရှိနိုင်။
ရွေးစရာမရှိတော့သဖြင့် အနံ့ထွက်နေသည့် မက်မွန်သီးသေတ္တာကိုသယ်၍ နန်းတော်သို့ သူတို့သွားသည်။ မုန်မိသားစုမှ စုစည်းခြင်းအဆင့်စွမ်းအားရှင်တစ်ချို့နှင့် ကူးဖြတ်ခြင်းစွမ်းအားရှင်တစ်ယောက် လိုက်ပါလာသည်။
အပေါ်ယံကြည့်လျှင် နန်းမြို့တော်က ခါတိုင်းကဲ့သို့ စည်းကားသိုက်မြိုက်နေသည်ဟုထင်ရသည်။ ကျင့်ကြံသူများ နေရာတိုင်းပြည့်နေသည်။ သို့သော် ထိုအခြေအနေသည် ဟန်ပြသာဖြစ်ကြောင်း မုန်ပိုထန်သိသည်။ အဖွဲ့အစည်းများစွာ အသင့်ပြင်နေသည်။
လေးညှို့ကိုဆွဲ၍ နန်းတော်အခြေအနေကို အကဲခတ်နေကြသည်။
နန်းမွေခံမည့်လူကို သိချင်နေကြသည်။ အိမ်ရှေ့မင်းသားလော...ဒုတိယမင်းသားလော...။
နန်းမြို့တော်ကို မြစ်တစ်စင်းက နှစ်ပိုင်းခွဲထားသည်။ တောင်ပိုင်းမြို့တော်နှင့် မြောက်ပိုင်းမြို့တော်ဟု ဖြစ်လာသည်။ တော်ဝင်နန်းတော်က မြောက်ပိုင်းတွင်ရှိသည်။ မုန်အိမ်တော်က တောင်ပိုင်းတွင်ရှိသည်။
မုန်အိမ်တော်မှ နန်းတော်သို့လာလျှင် ကျင်းရှားမြစ်ကို ဖြတ်ကျော်ရသည်။
လုယန်တို့လူစု တံတားကိုဖြတ်ချိန်တွင် အင်အားတောင့်တင်းသည့် လူတစ်စု သူတို့ရှေ့သို့ရောက်လာသည်။ ခေါင်းဆောင်က ထွားကျိုင်းသန်မာသည့် မြင်းတစ်ကောင်ကို စီးလာသည်။
"တာအိုရှင်လုယန်၊ ဦးလေးမုန်၊ ဘယ်ကိုသွားကြမလို့လဲ"
ထိုလူ မြင်းပေါ်မှဆင်း၍ ယဉ်ကျေးစွာမေးသည်။
လုယန်က ထိုလူကိုသတိမပြတ်ကြည့်ရင်း နောက်သို့ခြေနှစ်လှမ်းဆုတ်လိုက်သည်။
"ဒါက ဒုတိယမင်းသားနဲ့ မဆိုင်ပါဘူး"
ဒုတိယမင်းသား၏မျက်လုံးများ မှေးစင်းသွာားသည်။ သူ့အကြည့်က လုယန်ကျောတွင်လွယ်ထားသည့် သေတ္တာဆီ အကြည့်ရောက်သွားသည်။
"ငါ့အထင်မမှားရင် မိတ်ဆွေလုသယ်လာတာ သက်တမ်းဆွဲဆန့်နိုင်တဲ့ ပစ္စည်းဖြစ်မယ်ထင်တယ်။ အဲဒါ ငါ့ကိုပေးပါ။ ငါနန်းတက်ပြီးရင် မင်းလိုချင်တာ ဘာမဆိုငါပေးမယ်"
ဒုတိယမင်သားက သေတ္တာကို လောဘမျက်လုံးဖြင့် စိုက်ကြည့်နေသည်။
သူ့နောက်လိုက်များထဲတွင် အရှေ့ပင်လယ်ခရီး၌ လုယန်တစ်ခါကြုံဖူးသည့် စန်းမုန်ကျိလည်းပါသည်။
လုယန်ထံတွင် အင်ပါယာရှား၏သက်တမ်းကို ဆွဲဆန့်နိုင်သည့် ပစ္စည်းတစ်ခုပိုင်ဆိုင်ထားကြောင်း ဒုတိယမင်းသားကို စန်းမုန်ကျိ သတင်းပို့ခဲ့ခြင်းဖြစ်သည်။
ထိုပစ္စည်းသည် အဓိပဓိမသေမျိုးရတနာဖြစ်မည်ဟု မင်းသားခန့်မှန်းသည်။ အင်ပါယာရှားက သူ့ကို ထီးနန်းလွှဲပေးနိုင်လောက်သည့် ပစ္စည်းဖြစ်သည်။
အသက်ကယ်ရတနာကို အင်ပါယာရှားအတွက် သူရအောင်ရှာပေးနိုင်လျှင် ထီးနန်းကို သေချာပေါက် သူ့ဆီလွှဲပေးလိမ့်မည်။
မုန်ပိုထန်က လုယန်ရှေ့တွင်ရပ်လျက် ခပ်တင်းတင်းပြောသည်။
"ဘေးဖယ်ပါ။ အင်ပါယာက အသက်မျှင်မျှင်ပဲရှိတော့တယ်။ အရေးကြီးတဲ့အချိန် ရောက်နေပြီ။ ဒီလိုကိစ္စတွေအတွက် အချိန်ကုန်မခံနိုင်ဘူး"
မုန်မိသားစုနှင့် တာအိုလမ်းစဉ်ဂိုဏ်းကို ဒုတိယမင်းသား သိပ်မဆန့်ကျင်လို။ သို့သော် ဤကိစ္စသည် သူထီးနန်းရဖို့ တစ်ခုတည်းသောအခွင့်အရေးဖြစ်ကြောင်း သူသိသည်။
နန်းတော်မှသတင်းများအရ အင်ပါာရှားသည် ထီးနန်းကို သူ့အကိုလက်ထဲလွှဲပေးဖို့ အမိန့်ပြန်တမ်းတစ်ခု အင်ပါယာရှားက ပြင်ဆင်ထားပြီးဖြစ်သည်ဟုဆိုသည်။
သို့သော် အင်ပါယာက မထင်မှတ်ဘဲ ရုတ်တရက် သတိလစ်မေ့မျောသွားသည်။
အင်ပါယာ ပြန်သတိရလာပြီး အမိန့်ပြန်တမ်းကြေညာသည်နှင့် သူထီးနန်းရဖို့ အခွင့်အရေးမရှိတော့။
အောင်မြင်မှု ကျရှုံးမှုက ဤအခိုက်အတန့်ပေါ် မူတည်နေသည်။ ထို့ကြောင့် သူအစွမ်းကုန်သုံးရမည်။
ထီးနန်းသိမ်းနိုင်ဖို့ လူပေါင်းများစွာနှင့် သူပူးပေါင်းပြီး သဘောတူညီချက်ယူထားသည်။ ဤအချိန်ကျမှ သူနောက်ဆုတ်လျှင် သူ့နောက်ကွယ်မှ အင်အားစုများက လက်ခံမည်မဟုတ်။
"ကျုပ်ကငြင်းမယ်ဆိုရင်ရော ဘာလုပ်မလဲ"
"ဒါဆို လစ်လိုက်တော့"
မုန်ပိုထန်လည်း ငယ်စဉ်က လောင်မာ၊ အိမ်ထိန်းရှုတို့နှင့်အတူ လောကတစ်ခွင် လှည့်လည်ခဲ့သူဖြစ်သည်။ သူခိုးဓားပြစရိုက်မျိုးရှိသည်။ မိသားစုခေါင်းဆောင်ဖြစ်ပြီးမှသာ နည်းနည်းဆင်ခြင်သွားခြင်းဖြစ်သည်။
ယခု သူလုံးဝထိန်းချုပ်မနေတော့။
"အားလုံး အတူတိုက်ကြ"
မုန်ပိုထန်အမိန်ကြောင့် မုန်မိသားစုအကြီးအကဲများ ပြိုင်တူလှုပ်ရှားသည်။ ဓာတ်ငါးမျိုးစွမ်းအားများ လွင့်ပျံလာသည်။ ယင်နှင့်ယန်စွမ်းအင်များ ထိုးထွက်လာသည်။
သို့သော် ဒုတိယမင်းသားဘက်ကလည်း အချဉ်မဟုတ်။ စုစည်းခြင်းအဆင့်ကျင့်ကြံသူများ ပါလာသည်။
"ဝုန်း"
နှစ်ဘက်အုပ်စု ကျင်းရှားမြစ်ပေါ်တွင် တိုက်ခိုက်ကြသည်။ တံတားက ကျယ်လောင်စွာပေါက်ကွဲထွင်၍ ပြိုကျသွားသည်။ ကျောက်တုံးကျောက်ခဲများ မြစ်ထဲသို့ တဝုန်းဝုန်းပြုတ်ကျနေသည်။
တံတားဖြတ်နေသည့် လမ်းသွားလမ်းလာများက ထိုနှစ်ဖွဲ့ အခြေအနေတင်းမာသည်ကို ရိပ်စားမိသဖြင့် အစောကတည်းက အဝေးသို့ ရှောင်ထွက်သွားကြသည်။ တံတားကိုမဖြတ်ရဲကြ။
အဆင့်မြင့်သည့် စုစည်းခြင်းအဆင့်တိုက်ပွဲဖြစ်၍ လုယန်ဘာမှမကူညီနိုင်။ ဘေးသို့ထွက်ပြေးရသည်။
သို့သော် မသေမျိုးမက်မွန်သီးကို သူသယ်ထားသည်။ ထိုပစ္စည်းသည် တိုက်ပွဲဖြစ်ရသည့် အဓိကအကြောင်းရင်းဖြစ်သည်။
မြစ်ရေပြင်အောက်မှ အရိပ်တစ်ခု လုယန်ဆီ ချဉ်းကပ်လာသည်။
မြစ်ရေပြင်ဆူပွက်၍ ရေငွေ့များတက်လာသည်။ ရေငွေ့ဖြင့်ဖန်တီးထားသည့် သံကြိုးများ လုယန်ဆီ ဆန့်ထွက်လာသည်။
"စန်းမုန်ကျိ၊ မင်းအတော်သတ္တိကောင်းတာပဲ"
လုယန်ဦးခေါင်းထက်မှ အော်ဟစ်သံပေါ်လာသည်။ ထိုအသံတွင်ပါဝင်သည့် ခြင်္သေ့ဟောက်သံစွမ်းအားက ရေသံကြိုးများကို ဖျက်ဆီးသည်။
စန်းမုန်ကျိ ရေပြင်ထက်သို့ တက်လာသည်။ သံကြိုးဖျက်ဆီးသူကို လှမ်းကြည့်ပြီး မျက်လုံးပြူးသွားသည်။
"မုန်ခွန်း၊ မင်းဘယ်တုန်းက ကူးဖြတ်ခြင်းအဆင့်ကို ရောက်တာလဲ"
မုန်ကျင်းကျိုး၏အဖိုး မုန်ခွန်း။ တာအိုရှင်ဝစီပိတ်၏ မိတ်ဆွေ။ ဘယ်လက်ရုံးညာလက်ရုံး အကြံပေးအမတ်နှစ်ယောက်၏ မဟာရန်သူ။ မုန်အိမ်တော်၏ မိသားစုခေါင်းဆောင်ဟောင်း။
"ငါအဆင့်တက်တာ မင်းကိုသံတော်ဦးတင်နေရဦးမှာလား"
မုန်ခွန်းက ဓားပြားကြီးတစ်လက်ကိုင်ထားသည်။ သူ့လက်ဝါးကို ဓားသွားပေါ် ပွတ်လိုက်သည်။ စီးကျလာသည့်သွေးများကို ဓားကချက်ချင်းစုပ်ယူသည်။
ဓားပြားတစ်ခုလုံး နီရဲလာသည်။ ဓားရိုးက မုန်ခွန်းလက်ကောက်ဝတ်တွင် ရစ်ပတ်သွားသည်။ လက်နှင်ဓား တစ်သားတည်းလို ထင်ရသည်။
"ကျန်းမင်းသားကို မျက်နှာချိုသွေးဖို့ မျိုးဆက်သစ်တွေဆီက ပစ္စည်းကိုလုယူတယ်ပေါ့။ မင်းအရှက်ရောရှိရဲ့လား"
မုန်ခွန်း၏ သွေးနီးဓားမှ ပြင်းထန်သည့် သွေးလှိုင်းတစ်ခု ထွက်ပေါ်လာသည်။ ထိုမြင်ကွင်းကြောင့် စန်းမုန်ကျိ မျက်နှာအကြီးအကျယ်ပျက်သွားသည်။
"သွေးဓားကျင့်စဉ်...မဖြစ်နိုင်ဘူး။ သွေးဓားကျင့်စဉ်ပညာဆိုတာ တိုက်ပွဲတွေအများကြီး ဖြတ်သန်းရတယ်။ တိုက်ပွဲထဲမှာ ဉာဏ်အလင်းရှာပြီး အဆင့်တက်ရတယ်။
တိုက်ပွဲကြီးကြီးမားမားမဖြစ်တာ နှစ်တစ်သိန်းနီးပါးရှိပြီ။ ဒီပညာကို မင်းဘယ်နေရာမှာ သွားကျင့်ကြံလို့ရမှာလဲ"
မုန်ခွန်းက တဟားဟားအော်ရယ်၍ သူ့ဓားကို စန်းမုန်ကျိဆီ ဝှေ့ယမ်းလိုက်သည်။
"ငတုံး၊ စီးပွားရေးဆိုတာလည်း တိုက်ပွဲပဲမဟုတ်လား။ ငါမိသားစုခေါင်းဆောင်လုပ်တုန်းက စီးပွားရေးတိုက်ပွဲတွေ ဘယ်လောက်ဖြတ်သန်းခဲ့ရတယ်ထင်လဲ။
ဒီဓားကွက်ကို ကြည့်ထား။ သွေးဓားကျင့်စဉ်ရဲ့...အဆုံးမဲ့ဓနဓားချက်"
စန်းမုန်ကျိ ရေရိပ်အသွင်ပြောင်းလိုက်သည်။ ရေနတ်ဘုရားတစ်ယောက်လို ဖြစ်လာသည်။ အမာကို အပျော့ဖြင့် အနိုင်ယူသည်။ ရေဓာတ်ပညာကျွမ်းကျင်သည့် ကူးဖြတ်ခြင်းအဆင့်တစ်ယောက်ဖြစ်၍ သူ့ပင်ကိုယ်သဘာဝအရ ဓားသွားနှင့် ဓားကျင့်ကြံသူများကို ရင်ဆိုင်နိုင်သည်။
မုန်ခွန်း၏ ဓားချက်ကျလာသည်။ စန်းမုန်ကျိ၏ ရေခန္ဓာကိုယ် နှစ်ခြမ်းကွဲသွားသည်။ ထို့နောက် ပြန်ပေါင်းစည်းသည်။ စန်းမုန်ကျိ ထိခိုက်ခြင်းမရှိ။
"မင်းကိုယ်မင်းဘယ်လောက်စွမ်းတယ်ထင်နေလဲ သရဲအိုမုန်ခွန်း။ မင်းကူးဖြတ်ခြင်းအဆင့်ရောက်တိုင်း ငါ့ကိုယှဉ်နိုင်မယ်ထင်မနေနဲ့။
မုန်ခွန်း တဟက်ဟက်ရယ်သည်။ သူ့နောက်ကျာမှ အဝတ်အိတ်ကြီးတစ်ခု ဆွဲယူလိုက်သည်။ တောက်ပသည့် ထိပ်တန်းဝိညာဉ်ကျောက်များ ပြည့်နေသည်။
ထိုအိတ်ကိုမြင်သည်နှင့် စန်းမုန်ကျိမျက်နှာ ကျောက်ရုပ်လိုဖြစ်သွားသည်။ သူ့မှော်လက်စွဲထဲ ချက်ချင်းစစ်ဆေးကြည့်သည်။ သူ့ထိပ်တန်းဝိညာဉ်ကျောက်များအားလုံး တစ်ခုမှမရှိတော့။
"ဒါဘယ်လိုဓားပညာလဲကွ"
စန်းမုန်ကျိ စိတ်ပျက်လက်ပျက် အော်ဟစ်လိုက်သည်။
"မင်းကိုငါပြောသားပဲ။ အဆုံးမဲ့ဓနဓားချက်ပါလို့"
"အဓိပ္ပါယ်မရှိတာ လျှောက်မပြောနဲ့။ သွေးဓားပညာမှာ ဒီလိုတိုက်ကွက်မျိုးမရှိဘူး"
"စီးပွားရေးတိုက်ပွဲဆိုတာ သူ့ငွေကို ကိုယ့်ငွေဖြစ်အောင် ပြောင်းလဲဖို့ပဲလေ။ ငါ့စီးပွားရေးတိုက်ပွဲတွေကနေ ဒီဓားကွက်မျိုး အသစ်ဖန်တီးနိုင်ခဲ့တာ ဘာဆန်းလို့လဲ"
************************************
အခန်း (၈၆၆) မဟာယု၏တွက်ချက်မှု
အကြီးအကျယ် အရှုံးပေါ်သွားသဖြင့် စန်းမုန်ကျိ မုန်ခွန်းဓားချက်များကို တိုက်ရိုက်ရင်မဆိုင်ရဲတော့်။ နောက်ထပ် ဓာနှစ်ချက်လောက်ထိလျှင် သူမွဲပြာကျသွားလိမ့်မည်။
ရှောင်ရင်းတိမ်းရင်းဖြင့် လုယန်လက်ထဲမှ မသေမျိုးမက်မွန်သီးကို လုယူရန် သူကြိုးစားသည်။
သို့သော် လုယက်သည့် အတွေ့အကြုံတွင် မုန်ခွန်းကို သူဘယ်လိုယှဉ်နိုင်မည်နည်း။ သူလက်တစ်ချက်လှုပ်ရုံဖြင့် မုန်ခွန်းက သူ့အကြံကိုရိပ်မိပြီး ကြိုတင်လမ်းပိတ်ထားသည်။
သူ့လှုပ်ရှားမှုများကို တစ်ဘက်က ကြိုသိနေသည်။ ထိပ်တိုက်လည်း ရင်မဆိုင်ရဲ။ ထို့ကြောင့် စန်းမုန်ကျိ အရေးမလှဖြစ်လာသည်။
မုန်ပိုထန်သည် ကျင့်ကြံခဲ့သည့်သက်တမ်းက နှစ်နှစ်ထောင်မပြည့်သေး။ တာအိုလမ်းစဉ်ဂိုဏ်းအကြီးအကဲများလောက် အတွေ့အကြုံမရှိ။ သို့သော် ကျင့်ကြံမှုနှင့် တိုက်ခိုက်စွမ်းအားနှစ်ခုလုံးတွင် သူ့ပါရမီက ထူးခြားသည်။
ကူးဖြတ်ခြင်းတစ်ဝက်အဆင့်များနှင့်မကြုံလျှင် စုစည်းခြင်းအဆင့်၌ ဘယ်သူမှ သူ့ကိုယှဉ်နိုင်မည်မဟုတ်။
ဒုတိယမင်းသားဘက်မှ စွမ်းအားရှင်များက သူတို့သရုပ်မှန်ကို ဖုံးကွယ်ဖို့ မျက်နှာဖုံးစွပ်ထားကြသည်။ သရုပ်မှန်ပေါ်သွားလျှင် သူတို့ဘဝဇာတ်သိမ်းသွားလိမ့်မည်။
"ခုန်ယွမ်၊ မင်းလို နယ်စားအိမ်တော်ရဲ့ အတွင်းရေးမှူးချုပ်ကလည်း ဝင်ပါတယ်ပေါ့"
ခဏတိုက်ခိုက်ပြီးနောက် တစ်ဘက်လူ၏သရုပ်မှန်ကို မုန်ပိုထန်ခန့်မှန်းမိသည်။ မျက်နှာဖုံးစွပ်လုပ်ကြံရေးသမားများ သူ့ကိုမကြာခဏတိုက်ခိုက်ခဲ့ဖူးသည်။
သူ့ကျင့်စဉ်အဆင့်က မြင့်မားနေ၍သာ ဒုက္ခမရောက်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ အကြိမ်ကြိမ် အလစ်အငိုက် လုပ်ကြံတိုက်ခိုက်ခံရသည့် တွေ့အကြုံကြောင့် တိုက်ခိုက်သူများ၏သရုပ်မှန်ကို ခန့်မှန်းနိုင်သည့်စွမ်းရည်လည်း အလိုလိုတိုးလာသည်။
"ဘာတွေပြောနေတာလဲ။ ခုန်ယွမ်က ဘယ်သူလဲ။ ဘာခုန်ယွမ်မှ ငါမသိဘူး"
ခုန်ယွမ် အတင်းငြင်းသည်။
မုန်ပိုထန် သူ့ကို မြစ်တစ်ဘက်ကမ်းသို့ရောက်အောင် ပိတ်ကန်လိုက်သည်။ ခုန်ယွမ် သွေးများအန်ထွက်လာပြီး မျက်နှာဖုံးကျွတ်သွားသည်။
မြေပေါ်တွင် သုံးလေးပတ်လိမ့်ပြိးနောက် တိုက်ပွဲကြည့်နေသည့် လူအုပ်ကြီးရှေ့တွင် သူရပ်သွားသည်။ လူတစ်ယောက် ထိုသို့လွင့်ထွက်လာမည်ဟု လူအုပ်ကြီးက ထင်မထားကြ။
ခုန်ယွမ် စိတ်ထဲတွင်ကျိန်ဆဲလိုက်သည်။ သူ့မျက်နှာကို ဘယ်သူမှအမြင်မခံနိုင်။ ထို့ကြောင့်...
"သေလိုက်တော့"
စုစည်းခြင်းအဆင့်များ တိုက်ခိုက်ကြလျှင် ဘေးကြည့်သူများ ထိခိုက်တတ်သည်မှာမဆန်းလှ။
သို့သော် လူအုပ်ထဲမှ လူတစ်ယောက်ခုန်ထွက်လာပြီး ခုန်ယွမ်ကို လက်သီးဖြင့်ထိုးသည်။ လက်သီးချက်ကြောင့် သူမူးဝေသွားသည်။
"နန်းမြို့တော်ရဲ့ ကာကွယ်ရေးစနစ်က တကယ်ညံ့ဖျင်းတာပဲ"
မူပိုင်ယိ စုပ်တစ်ချက်သပ်၍ပြောသည်။ ခုန်ယွမ်ကို နောက်တစ်ကြိမ် ထပ်ထိုးသည်။
ကိုးငရဲဂိုဏ်းနှင့် နေမင်းဂိုဏ်းက နန်းမြို့တော်မှ စီးပွားရေးလုပ်ငန်းခွင်ကို လာအကဲခတ်ခြင်းဖြစ်သည်။
ရောက်လာသည်မှာ ရက်ပိုင်းသာရှိသေးသည်။ စုစည်းခြင်းအဆင့်များ၏ တိုက်ပွဲနှင့် ကြုံရသည်။ ယခု တစ်ယောက်က သူတို့ကိုပင် သတ်ဖို့ကြိုးစားနေသည်။
ခုန်ယွမ် သေချာစဉ်းစားခဲ့သင့်သည်။ ယခုလိုအချိန် တိုက်ပွဲကိုကြည့်နေရဲသူများသည် သာမန်မြို့သူမြို့သားများ ဖြစ်နိုင်ပါမည်လော။
"ကဲ ဘယ်သူလာဦးမလဲ"
"ကျုပ်လာမယ်၊ ကျုပ်လာမယ်"
နတ်ဆိုးဂိုဏ်းနှစ်ဂိုဏ်း၏ အဆင့်မြင့်စွမ်းအားရှင်များ တစ်ယောက်ပြီးတစ်ယောက် ထွက်လာသည်။ မဟာရှားအရာရှိများကို လက်စားချေဖို့အခွင့်အရေးက လွယ်လွယ်ရတတ်သည်မဟုတ်။
စုစည်းခြင်းအဆင့်များ တိုက်ခိုက်ကြလျှင် ထိခိုက်တတ်သည်မှာမဆန်းလှ။
"လုယန်၊ သူတောင်းစားလေး။ မြန်မြန်သွားတော့"
စန်းမုန်ကျိကို ဖိနှိပ်ထားနိုင်သော်လည်း မုန်ခွန်းအနေဖြင့် ချက်ချင်းအနိုင်ယူနိုင်ဖို့မလွယ်။ အရေးကြီးဆုံးကိစ္စက မသေမျိုးမက်မွန်သီးကို နန်းတော်သို့ မြန်မြန်ပို့နိုင်ဖို့ဖြစ်သည်။
မုန်ခွန်း လုယန်ကို အင်္ကျီကော်လာမှဆွဲကိုင်၍ မြောက်ပိုင်းမြို့တော်ရှိသည့် မြစ်တစ်ဘက်ကမ်းသို့ လွှင့်ပစ်လိုက်သည်။
လုယန် မြေပြင်ပေါ် ခြေပစ်လက်ပစ်ကျသည်။ ထို့နောက် ဓားဆေးကန်ကို အမြန်ထုတ်ပြီး တော်ဝင်နန်းတော်ဆီ ပျံသန်းသွားသည်။
နန်းမြို့တော်တွင် ထိုမျှပြဿနာရှုပ်ထွေးနေသဖြင့် ပြဿနာရင်းမြစ်ဖြစ်သည့် လုယန်နောက်သို့ လိုက်ကြည့်လျှင် ပိုစိတ်ဝင်စားစရာကောင်းမည်ဟု နတ်ဆိုးဂိုဏ်းနှစ်ခုမှလူများ ယူဆကြသည်။
ထို့ကြောင့် သတိလစ်နေသည့်ခုန်ယွမ်ကို ချမ်းသာပေးပြီး လုယန်နောက်သို့ တိတ်ဆိတ်လိုက်သွားကြသည်။
မြောက်ပိုင်းမြို့တော်တစ်ဝက်ခန့် ပျံသန်းလာပြီးနောက် ရုတ်တရက် ပြိုင်ဘက်ကင်းနတ်ဝိညာဉ် အတင်းလှုပ်ရှားလာပြီး ထွက်ပြေးရန်ကြိုးစားနေသည်ကို လုယန်ခံစားလိုက်ရသည်။
ထို့ကြောင့် ဓားဆေးကန်ကို အားဖြင့်တွန်းထုတ်ပြီး ဘေးတစ်ဘက်သို့ ခုန်ရှောင်လိုက်သည်။
"ဘုန်း"
ဓားဆေးကန်ရှိခဲ့သည့်နေရာသို့ မီးတန်းတစ်ခုကျလာသည်။ ထိုမီးတန်းသာထိခဲ့လျှင် သူသေချာပေါက်သေသွားလိမ့်မည်။
"ဪ...နတ်ဝိညာဉ်အဆင့်လေးတစ်ယောက်က ငါ့တိုက်ကွက်ကို ရှောင်နိုင်တယ်ပေါ့။ တာအိုလမ်းစဉ်ဂိုဏ်းက မင်းကိုအတော်အလေးထားလို့ အသက်ကယ်ရတနာတစ်ခု ပေးထားပုံပဲ"
မီးတောက်မီးလျံများကြားမှ လူတစ်ယောက် ဖြေးညှင်းစွာထွက်လာသည်။ အနက်ရောင်ဝတ်စုံနှင့် ရုပ်ရည်ခံ့ညားသူတစ်ယောက်ဖြစ်သည်။ အဆင့်မြင့်မိသားစုမှ သခင်လေးတစ်ယောက်ပုံမျိုးရှိသည်။
သူ့နှုတ်ခမ်းတွင် မပွင့်တပွင့်အပြုံးမျိုးရှိသည်။
"ခင်ဗျားဘယ်သူလဲ"
လုယန် ထိုလူကို သတိမပြတ်ကြည့်နေသည်။
"ငါလား။ ငါ့ကို ယုသခင်လေးလို့ ခေါ်လို့ရပါတယ်"
လုယန် မျက်လုံးပြူးသါားသည်။
"မဟာချန်စစ်တပ်ရဲ့ အကြွင်းအကျန်တွေကို သုတ်သင်ခဲ့တဲ့ တပ်မှူးယုလား။ မဟာချန်မင်းဆက်ကို အပြီးသတ်ဖျက်ဆီးပြီး တိုက်ပွဲပေါင်းတစ်ရာ မရှုံးနိမ့်ခဲ့တဲ့လူ။
သူ့တစ်သက်တာမှာ အိပ်မက်ဆိုးအဓိပဓိနဲ့ ဝူယော်ကိုပဲရှုံးခဲ့တယ်။ နောက်ပိုင်းမှာ ဝူယော်နဲ့ မဟာမိတ်ဖွဲ့ခဲ့တယ်လို့ ပြောကြတယ်"
အိပ်မက်ဆိုးအဓိပဓိ။ လောကအုပ်စိုးခွင့်ရဖို့ ပထမနိုင်ငံဆရာ၊ ဝူယောက်တို့နှင့် ယှဉ်ပြိုင်ခဲ့သည့် စွမ်းအားရှင်ဖြစ်သည်။
အပ်မက်ဆိုးအဓိပဓိကို ရှုံးနိမ့်ခြင်းသည် ရှက်စရာကိစ္စမဟုတ်သည်က သေချာသည်။ နောက်ပိုင်းမျိုးဆက်များကြား နာမည်ကျော်ကြားလာနိုင်သည့် အကြောင်းရင်းဖြစ်သည်။
အိပ်မက်ဆိုးအဓိပဓိကို ရှုံးရုံသာရှုံးပြီး အသတ်မခံခဲ့ရ။ သို့ဆိုလျှင် တပ်မှူးယုလည်း မသေမျိုးတစ်ဝက်အဆင့် ဖြစ်လောက်သည်။
"မင်းက အတော်ဗဟုသုတရှိသားပဲ။ မင်းလွယ်လွယ်သေနိုင်အောင် ငါမြန်မြန်သတ်ပေးပါ့မယ်"
တပ်မှူးယုက ပြုံး၍ပြောသည်။ လုယန်ကို သေလုဟု သတ်မှတ်ထားပြီးဖြစ်သည်။
"မဟာယုခေတ်ရဲ့ မသေမျိုးတစ်ဝက်က မဟာရျားနန်းမြိုတော်မှာ ပေါ်လာရဲတယ်ပေါ့။ ကျန်းမိသားစုဘိုးဘေး ထွက်လာမှာကို ခင်ဗျားမစိုးရိမ်ဘူးလား"
ဒုတိယမင်းသား မသေမျိုးသစ်သီးလုသည့်ကိစ္စက မြို့တော်တွင်းကိစ္စဖြစ်သည်။ ကျန်းပင်ကန်းအာရုံစိုက်ဖို့ မထိုက်တန်။ သို့သော် မြို့တော်ထဲတွင် မဟာယုခေတ် မသေမျိုးတစ်ဝက်သောင်းကျန်းနေလျှင်တော့ သူသေချာပေါက်ထွက်လာလိမ့်မည်။
တပ်မှူးယု သေမှာမကြောက်၍လော...
"ဪ...မင်းက အတော်သိထားတာပဲ"
တပ်မှူးယု လုယန်ကို နောက်တစ်ကြိမ် သေချာပြန်အကဲခတ်ကြည့်မိသည်။ ထိုလျှို့ဝှက်ချက်မျိုးကို သိထားသည်ဆိုလျှင် လုယန်သည် အပြင်လောကတွင် ပြောနေကြသလို တကယ်အခွင့်ထူးရထားသူဖြစ်မည်။
တာအိုလမ်းစဉ်ဂိုဏ်း၏ ဂိုဏ်းချုပ်လောင်းအဖြစ် လျာထားခြင်းခံရသူဖြစ်လိမ့်မည်။
သို့သော် ဘာအရေးစိုက်စရာလိုသနည်း။ သူသည် တာအိုလမ်းစဉ်ဂိုဏ်းကိုပင် မျက်လုံးထဲမထည့်။
တပ်မှူးယုက လုယန်ကို မပွင့်တပွင့်ပြုံး၍ကြည့်နေသည်။ လုယန်ကို သေလူဟု သတ်မှတ်ထားပြီးဖြစ်၍ နောက်ထပ် စကားဆက်ပြောသည်။
"ယုပြည်နယ်ဆိုတာ နန်းမြို့တော်ကနေ အတော်လေးဝေးပါတယ်။ ဒီကသတင်း အဲဒီကိုမရောက်လောက်သေးဘူး။ ငါတို့က ယုပြည်နယ်မှာ တမင်လူလုံးပြခဲ့တာ။ မင်းတို့မဟာရှားနိုင်ငံရဲ့ လော်ရွှေတပ်ဖွဲ့ကို မျှားခေါ်ဖို့ပေါ့။
ဒါမေယ့် မင်းတို့မဟာရှားတွေ လုံးဝခန့်မှန်းမိမှာမဟုတ်ဘူး။ အဲဒီမှာလည်း မသေမျိုးတစ်ဝက်အဆင့်တစ်ယောက်ကို တာဝန်ပေးထားတယ်။ သူက ယုပြည်နယ်တစ်ဝက်လောက်ကို ပိတ်ဆို့ပြီး လော်ရွှေတပ်ဖွဲ့၊ ယုပြည်နယ်တပ်တပ်ဖွဲ့၊ ယုပြည်နယ်ရဲ့နယ်စားနဲ့ တစ်ခြားထိပ်တန်းအရာရှိတွေ၊ ပြီးတော့ ယုပြည်နယ်ပြည်သူတွေကို ထိန်းထားလိမ့်မယ်"
လုယန်မျက်လုံးပြူးသွားသည်။ နောက်ထပ် မဟာယုမသေမျိုးတစ်ဝက်တစ်ယောက် ရှိနေသေးပုံရသည်။
မသေမျိုးတစ်ဝက်အဆင့်စွမ်းအား ဘယ်လောက်ကြောက်စရာကောင်းသည်ကို လုယန် သေချာသိသည်။ ကူးဖြတ်ခြင်းအဆင့်ထက် အရိယဖလသန္ဓေသာ အပိုရှိသော်လည်း စွမ်းအားချင်း များစွာကွာခြားသည်။
ဒုတိယနိုင်ငံ့ဆရာကို ဥပမာကြည့်နိုင်သည်။ သူသာ ကျိုးကြောင်းအရိယဖလသန္ဓေကို သုံးမည်ဆိုလျှင် ကူးဖြတ်ခြင်းအဆင့်များ ပြန်တိုက်ခိုက်နိုင်စွမ်း ရှိမည်မဟုတ်။
ထို့ကြောင့် ပိတ်လှောင်ခံထားရသည့် ကျင့်ကြံသူများသည် မသေမျိုးတစ်ဝက်စွမ်းအားရှင်ကို လုံးဝယှဉ်နိုင်မည်မဟုတ်။
ယုပြည်နယ်ကိစ္စကို ချောမွေ့စွာဖြေရှင်းနိုင်ဖို့ မသေမျိုးတစ်ယောက် လှုပ်ရှားမှဖြစ်မည်။
မှန်သည်။ တပ်မှူးယု ဆက်ပြောသည်။
"ကျန်းပင်ကန်းက ဒီကိစ္စဖြေရှင်းဖို့ ယုပြည်နယ်ကိုသွားပြီလေ။ နေ့တစ်ပိုင်းအတွင်း ပြန်လာနိုင်မှာမဟုတ်ဘူး"
အရင်က မဟာရှားနယ်မြေထဲ၌ မသေမျိုးတစ်ဝက်အဆင့်တစ်ယောက်နှင့် လုယန်ကြုံသည့်အချိန်တွင် ကျန်းပင်ကန်း ထွက်လာသင့်သည်။ သို့သော် လုယန်က ထိုမသေမျိုးတစ်ဝက်ကို အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့သည်။ ကျန်းပင်ကန်း လှုပ်ရှားစရာမလိုခဲ့။
သို့သော်ယခု လုယန်သည် ယုပြည်နယ်တွင် ရှိနေခြင်းမဟုတ်။
မဟာယုကျင့်ကြံသူများက ယနေ့ကိစ္စအတွက် အချိန်ယူပြင်ဆင်ခဲ့သည်။
"တော်ပါပြီ။ သေမယ့်လူကို ဒါတွေပြောနေလည်း ဘာအကျိုးရှိမှာလဲ"
တပ်မှူးယု ပျင်းရိပျင်းတွဲလေသံဖြင့် ပြောသည်။ ခရမ်းရောင်မီးလုံးများစွာ သူ့နောက်ဘက်တွင် ပေါ်လာသည်။ ကြောက်စရာအပူရှိန်ကြောင့် လေဟာနယ်တွင် လှိုင်းတွန့်များပေါ်လာသည်။
သူ့ရည်ရွယ်ချက်က မသေမျိုးမက်မွန်သီးကို လုယူဖို့မဟုတ်။ ဖျက်ဆီးဖို့ဖြစ်သည်။ သို့မှသာ အင်ပါယာရှား သေမည်။
ခရမ်းရောင်မီးလုံးများ လုယန်ဆီ လွင့်ပျံလာသည်။ မြေပြင်တွင် မီးစွဲသွားသည်။ တပ်မှုးယုလှုပ်ရှားပြီဆိုလျှင် အမြဲတမ်းစေ့စပ်သေချာသည်။ ထိုမီးလုံးများသည် နတ်ဝိညာဉ်အဆင့်မဆိုထားနှင့်။ စုစည်းခြင်းအဆင့်စွမ်းအားရှင်ကိုပင် သေစေနိုင်လောက်သည်။
ရုတ်တရက် ထူးဆန်းသည့် နတ်ဆိုးလေပြင်းတစ်ခု တိုက်ခတ်လာသည်။ မရဏအဖျက်စွမ်းအားကို သယ်ဆောင်လာသည်။ ခရမ်းရောင်မီးလုံးများကို ငြိမ်းသတ်လိုက်သည်။
"ဒီမသေမျိုးမက်မွန်သီးကို ငါတို့ကောင်းကင်ရုံးတော်ဂိုဏ်းက ယူမယ်။ ဒါကိုဘယ်သူထိရဲသလဲ ကြည့်ရသေးတာပေါ့"
"ဘယ်သူလဲကွ"
တပ်မှူးယု ချက်ချင်းခေါင်းမော့ကြည့်သည်။ တောက်ပသည့်အဖြူရောင်အလင်းကြောင့် သူ့မျက်လုံးများ ကျိန်းစပ်သွားသည်။ သူ့အမြင်အာရုံ ပြန်ကြည်လာပြီးနောက် ကြီးမားသည့် ချုန်းချီတစ်ကောင်ကို မြင်လိုက်ရသည်။ အရိုးတောင်ပံများကို တဖျတ်ဖျတ်ခတ်နေသည်။
ရွှေရောင်ကျားမျက်လုံးများက အဖြူရောင်အလင်းနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။
"ကောင်းကင်ရုံးတော်ရဲ့ တော်ဝင်ကာကွယ်သူ မြောက်ဝင်ရိုးဓနရှင်မဟာအင်ပါယာပါ"
********************************
အခန်း (၈၆၇) ဓနရှင် အင်ပါယာ
ကျင်းချိုင်ဝေ မဟာရှားသို့ စရောက်စဉ်က တာအိုလမ်းစဉ်ဂိုဏ်းနှင့် မဟာမိတ်ဖွဲ့ဖို့ တွေးထားခဲ့သည်။ သို့သော် မုန်အိမ်တော်သို့ ရောက်ပြီးနောက် အောင်းလင်းနှင့် ကျန်းလျန်ယိက ကောင်းကင်ရုံးတော်အကြောင်း သူ့ကိုပြောပြသည်။
သူလည်း ကောင်းကင်ရုံးတော်သို့ဝင်ဖို့ ဆုံးဖြတ်ခဲ့သည်။
မည်သို့ဆိုစေ ကောင်းကင်ရုံးတော်သို့ဝင်လျှင် တာအိုလမ်းစဉ်ဂိုဏ်းဝင်တစ်ဝက်ဖြစ်ပြီဟု ဆိုနိုင်သည်။ သူ့မူလရည်ရွယ်ချက်နှင့် သိပ်မကွဲလွဲ။
ကျင်းချိုင်ဝေက သူ့မျှော်လင့်ချက်ကို ကိုယ်စားပြုသည့်အနေဖြင့် 'မြောက်ဝင်ရိုးဓနရှင်'ဟူသည့် နာမည်ကိုရွေးခဲ့သည်။
"မြောက်ဝင်ရိုးဓနရှင်မဟာအင်ပါယာ..."
နန်းမြို့တော်မှလူများ ကျင်းချိုင်ဝေဆီ ချက်ချင်းအာရုံရောက်လာသည်။
"ဒီလိုရှေးဟောင်းချုန်းချီမျိုး ရှိသေးတာလား။ မှတ်တမ်းတွေအရဆို မသေမျိုးတစ်ဝက်ချုန်းချီတွေဟာ ယောက်ျားတွေဖြစ်ရမှာပါ"
"ငါလည်း မသိဘူးကွာ"
လူအုပ်ကြီးက ထိုရှေးဟောင်းမသေမျိုးတစ်ဝက်အကြောင်း မကြားဖူး။
"အသေးစိတ်အကြောင်းရင်းတွေကို မေ့ထားလိုက်ပါ။ သူ့ဘွဲ့နာမည်အရဆို ဒီမဟာအင်ပါယာက ဓနဥစ္စာကို ထန်းချုပ်တဲ့သူပဲ။ သူ့ကိုရှိခိုးရင် ငါတို့ ချမ်းသာလာနိုင်လောက်မလား"
"ဖြစ်နိုင်ပါတယ်။ စမ်းကြည့်ကြမယ်လေ"
"မင်းတို့ မသေမျိးတစ်ဝက်တွေ ပေါ်လာပြန်ပြီလား"
တပ်မှူးယု၏ အပြုံးများ မှေးမှိန်ပျောက်ကွယ်သွားသည်။ လူမိုက်ဆန်သည့် မပွင့်တပွင့်အပြုံးမျိုးလည်း မရှိတော့။
"ဝူယွီထောင် အရိုင်းနယ်မြေမှာလှုပ်ရှားခဲ့တာတွေ မအောင်မြင့်ခဲ့တာ မင်းတို့ကောင်းကင်ရုံးတော်ကြောင့်ပဲ။ အခုမင်းတို့က ထပ်ပြီးဝင်ရှုပ်ပြန်ပြီလား"
"ဝင်ရှုပ်တယ်တဲ့လား"
အဖြူရောင်ချုန်းချီက လှောင်ပြုံးပြုံးသည်။
"ဒီမသေမိုးမက်မွန်ဟာ မိုးမြေကြားမှာတစ်ခုတည်းရှိတဲ့ ဝိညာဉ်မြစ်ကနေ သီးလာတာ။ တစ်လုံးစားလိုက်တာနဲ့ အံ့ဩစရာအကျိုးကျေးဇူးတွေ အများကြီးရှိတယ်။ သက်တမ်းဆွဲဆန့်နိုင်ရုံတင် မဟုတ်ဘူး။
ရှေးဟောင်းခေတ်မသေမျိုးတွေဟာ တစ်ချိန်တုန်းက ဒါတွေကိုစားခဲ့တာ။ ဒီဝိညာဉ်မြစ်ဟာ ကောင်းကင်ရုံးတော်ပိုင်တဲ့ ပစ္စည်းပဲ။ ဒါပေမယ့် ရှေးဟောင်းခေတ်အဆုံး မသေမျိုးတိုက်ပွဲတွေကြားမှာ ဝိညာဉ်မြစ်ပျောက်သွားတယ်။
အခု မသေမျိုးမက်မွန်သီး လောကမှာပေါ်လာပြီဆိုတော့ ကောင်းကင်ဝိညာဉ်မြစ်ကို ပြန်ရှာလို့ရပြီပေါ။ မင်းတို့မဟာယုကျင့်ကြံသူတွေ ဘာမှနားမလည်ပါဘူး။ မင်းတို့ရှေ့ကသစ်သီးကို ဘာသစ်သီးမှန်းမသိဘူး။
မသေမျိုးမက်မွန်ကို ဖျက်ဆီးဖို့တောင် ကြိုးစားနေတယ်မဟုတ်လား။ တကယ့်နလဗိန်းတုံးတွေပဲ"
"မိုးမြေကြားမှာ တစ်ခုတည်းရှိတဲ့ ဝိညာဉ်မြစ်..."
ထိုစကားကြောင့် တပ်မှူးယု ထိတ်လန့်သွားသည်။ ထိုမသေမျိုးမက်မွန်သီး ဘယ်လောက်ထူးခြားကြောင်း နားလည်လာသည်။
မှန်သည်။ ဒဏ္ဍာရီသက်ရှည်ဆေးများမှလွဲလျှင် ယခုလိုကောင်းကင်ပစ္စည်းမျိုးသာ သေခါနီးဖြစ်နေသည့် အင်ပါယာရှားကို ကာကွယ်နိုင်လိမ့်မည်။
"နင့်လိုခေတ်သစ်နလဗိန်းတုံးကို စကားတွေအများကြီးမပြောတော့ဘူး။ တာအိုလမ်းစဉ်ဂိုဏ်းကကောင်လေး...မသေမျိုးမက်မွန်သီး ငါ့ကိုပေးပါ"
ကြီးမားသည့် ကျားလက်ဝါးတစ်ခု လုယန်ဆီ ဆန့်ထွက်လာသည်။
လုယန် ကျောက်ရုပ်လိုဖြစ်သွားသည်။ ရှေးဟောင်းချုန်းချီ၏ ကြောက်စရာဟန်ပန်ကြောင့် ချောက်ခြားနေသည်။
"အရင်ဦးတဲ့လူ အရင်ပိုင်တယ်။ ဒီမသေမျိုးမက်မွန်ဟာ ငါတို့မဟာယုအပိုင်ပဲ"
တပ်မှူးယု မီးတောက်ဓားရိပ်တစ်ခုထုတ်လွှတ်ပြီး ကျင်းချိုင်ဝေ၏ ကျားလက်ဝါးကို ပုတ်ထုတ်သည်။
တပ်မှူးယု တစ်ခုတော့ နားလည်သည်။ အင်ပါယာရှားကို နိုင်ငံ့ကံကြမ္မာစွမ်းအားက ကာကွယ်ထားသည်။ အလွယ်တကူ သတ်ဖြတ်ဖို့မဖြစ်နိုင်။ သဘာဝအတိုင်း သေမည့်အချိန်ကိုသာ စောင့်ရမည်။
သူ့တာဝန်က မသေမျိုးမက်မွန်သီးကို နန်းတော်သို့မရောက်အောင် တားဆီးဖို့ဖြစ်သည်။ ဖျက်ဆီးသည်ဖြစ်စေ သူအပိုင်ယူသည်ဖြစ်စေ ကိစ္စမရှိ။
ထို့ကြောင့် သူအရင်ရအောင်ယူဖို့ ဆုံးဖြတ်လိုက်သည်။
ဝိညာဉ်သံပြားများစွာ မီးတောက်ကြောင့် အရည်ပျော်၍ ပျံထွက်လာသည်။ တပ်မှူးယုခန္ဓာကိုယ်တွင် ကပ်သွားသည်။ သံချပ်ကာတစ်စုံ ဖြစ်လာသည်။
မဟာချန်ခေတ်အဆုံး တိုက်ပွဲများတွင် သူဝတ်ခဲ့သည့် သံချပ်ကာဖြစ်သည်။ တပ်ဖွဲ့ပေါင်းထောင်ချီကို အားမန်အပြည့်ဖြင့် အမိန့်ပေးခဲ့သည်။ လောကအုပ်စိုးခွင့်အတွက် ယှည်ပြိုင်နိုင်စွမ်းရှိခဲ့သည်။
တပ်မှူးယု မီးလုံးတစ်ခုကိုင်၍ ကျင်းချိုင်ဝေကို တိုက်ခိုက်သည်။
"ဘာမှမသိတဲ့ငတုံးပဲ"
ချုန်းချီကျင်းချိုင်ဝေ၏ ရွှေရောင်ကျားမျက်လုံးများ အေးစက်တင်းမာလာသည်။ ချုန်းချီတို့သည် တိုက်ပွဲကိုနှစ်သက်သည်။ သူ့ဖခင်သည် ရှေးဟောင်းခေတ်အတွင်းက ရန်သူများစွာကို သတ်ဖြတ်၍ နာမည်ကျော်ခဲ့သူဖြစ်သည်။
ချုန်းချီဘိုးဘေး၏ သမီးဖြစ်၍ သူလည်း အားနည်းသည်မဟုတ်။
"ဝေါင်း"
ချုန်းချီ အောဟစ်ဟိန်းဟောက်သည်။ အရိုးတောင်ပံများကို ခတ်သည်။ နားကျည်းဝိညာဉ်တို့၏ အော်သံများကြောင့် လေဟာနယ်အက်ကွဲသွားသည်။ တပ်မှူးယုက ထိုလေဟာနယ်အက်ကြောင်းများကို ဖြတ်သန်း၍ ကျင်းချိုင်ဝင်ဆီ ပြေးဝင်လာသည်။
ချုန်းချီက ပါးစပ်ကိုဟလျက် မီးတောက်လှံထိပ်ကို ကိုက်သည်။ ထို့နောက် ခေါင်းကို ခပ်ကြမ်းကြမ်းရမ်းခါသည်။ မီးတောက်လှံရော တပ်မှူးယုပါ လွင့်ထွက်သွားသည်။
မီးတောက်လှံပေါ်မှ ကျားစွယ်ရာကိုကြည့်၍ တပ်မှူးယု အံ့အားထိတ်လန့်လာသည်။ ထိုလှံသည် သူနှင့်အတူ တိုက်ပွဲပေါင်းများစွာ ဖြတ်သန်းခဲ့သည်။ ယခု ဤချုန်းချီတစ်ချက်ကိုက်ရုံဖြင့် သွားစွယ်ရာထင်ကျန်ခဲ့သည်။
ရှေးဟောင်းစွမ်းအားရှင်နှစ်ယောက် ပြင်းထန်စွာတိုက်ခိုက်နေကြသည်။ လုယန် ဝင်မပါရဲ။ မသေမျိုးမျက်မွန်သီးကို တင်းတင်းဆုပ်ကိုင်၍ အမြန်ထွက်ပြေးသည်။
"သောက်လခွမ်း၊ သူက ဒီဘက်ကိုပြေးလာပြီဟ"
တိုက်ပွဲကို အရသာခံကြည့်နေသည့် ကိုးငရဲဂိုဏ်းနှင့် နေမင်းဂိုဏ်းမှ အဆင့်မြင့်ဂိုဏ်းဝင်များ မျက်လုံးပြူးသွားသည်။ လုယန်က သူတို့ရှိရာဘက်သို့ ပြေးလာခြင်းဖြစ်သည်။
စုစည်းခြင်းအဆင့်များဖြစ်၍ လုယန်ထက် ပိုမြန်အောင်ပြေးနိုင်သဖြင့် တော်သေးသည်။ လုယန်ရှေ့မှ ကြိုပြေးကြသည်။
လုယန်က နန်းတော်ဆီသွားနေခြင်းဖြစ်၍ သူတို့နှင့် ပြေးလမ်းတူနေသည်။
သို့သော် ကောင်းကင်မှ မသေမျိုးနှစ်ယောက်က လုယန်ကို အလွတ်မပေးချင်ကြ။
နတ်ဆိုးဂိုဏ်းဝင်များသည် စွမ်းအားကြီးသော်လည်း မသေမျိုးတစ်ဝက်အဆင့်တိုက်ပွဲကို အနီးကပ်မကြည့်ရဲ။
တပ်မှူးယု ကျင်းချိုင်ဝေနှင့် နောက်ထပ်ထိပ်တိုက်ရင်မဆိုင်တာ့။ အရိယဖလသန္ဓေကို အသက်သွင်းလိုက်သည်။ နီညိုရောင်မီးတောက်တစ်ခု သူ့ညာလက်ဝါးတွင် ပေါ်လာသည်။
နေမင်းဂိုဏ်းချုပ် မျက်ခုံးလှုပ်သွားသည်။
တပ်မှူးယုလက်ဝါးမှ မီးတောက်အပူရှိန်က နေမျက်နှာပြင်ထက်ပင် ပိုပြင်းထန်နေသည်။ စုစည်းခြင်းအဆင့်တစ်ယောက်ကို ချက်ချင်းပြာကျသွားစေနိုင်သည်။
ထို့နောက် တပ်မှူးယုဘယ်လက်ဝါးတွင် ရေခဲတုံးတစ်ခုပေါ်လာသည်။ ပတ်ဝန်းကျင်အပူချိန် ချက်ချင်းထိုးကျသွားသည်။ လေထဲတွင် နှင်းမှုန်များစုဝေးလာသည်။ အောက်ဘက်မှသစ်ပင်များ ရေခဲတုံးအဖြစ်ပြောင်းသွားသည်။ ထိလိုက်ရုံဖြင့် ကွဲကြေသွားသည်။
အဆုံးစွန် အပူဓာတ်နှင့် အအေးဓာတ်နှစ်ခုကို တပ်မှူးယု တစ်ပြိုင်တည်းထိန်းချုပ်သည်။ ဆန့်ကျင်ဘက်ဓာတ်နှစ်ခုက ပူးတွဲတည်ရှိနေသည်။
တပ်မှူးယု၏ အရိယဖလသန္ဓေကို ကျင်းချိုင်ဝေ ချက်ချင်းသိလိုက်သည်။
"ဆန့်ကျင်ဘက်ဓာတ်နှစ်ခုကို ထိန်းချုပ်နိုင်တယ်ဆိုတော့ နင်က ယင်ယန်အရိယဖလသန္ဓေ ပိုင်ဆိုင်ထားတာဖြစ်မယ်"
မဟာကပ်အပြိုင်အဆိုင်ခေတ်မျိုးကို မကြုံဖူးသော်လည်း သူ့ဖခင်ပြောသည့် ရှေးဟောင်းခေတ်အကြောင်းများ ကြားဖူးထားသည်။
ကိုးဆမသေမျိုးသည် ယင်ယန်အရိယလသန္ဓေပိုင်သည်။
"ကိုးဆမသေမျိုးက မသေမျိုးတစ်ဝက်အဆင့်နဲ့ တိုက်ခိုက်တာဆိုရင်တော့ ငါယှဉ်နိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့်...နင်ကတော့ အဲဒီအဆင့်ရှိဖို့ အဝေးကြီးလိုပါသေးတယ်"
"မောက်မာလှချည်လားကွ။ ရှေးဟောင်းခေတ်ဟာ ဒီနေ့ခေတ်ထက် ဘာမှပိုမသာဘူးဆိုတာ မင်းသိအောင်လက်တွေ့ပြမယ်"
နီညိုရောင်မီးတောက်များ ရေခဲများ ကျင်းချိုင်ဝေထံ လွင့်ပျံထွက်လာသည်။ ကိုးဆမသေမျိုး၏ ယင်ယန်စွမ်းအားလို အချိန်ကိုရပ်တန့်နိုင်သည့် အပူချိန်မျိုးမဟုတ်သော်လည်း မီးတောက်များကြောင့် လေဟာနယ် ပြိုကွဲမတတ်ဖြစ်နေသည်။ ရေခဲများကြောင့် အချိန်နှင့်လှုပ်ရှားမှု နှေးသွားသည်။
ကျင်းချိုင်ဝေ ကျားလက်ဝါးကို ဆန့်ထုတ်ပြီး အသာအယာဖိချလိုက်သည်။ နီညိုရောင်မီးတောက်နင့် ရေခဲများ ရေပြင်ညီစက္ကူတစ်ခုလို ပြားချပ်သွားသည်။
ရှေ့တည့်တည့်မှကြည့်လျှင် အနက်ရောင်မျဉ်းတစ်ကြောင်းတည်းသာ မြင်ရသည်။
အစပိုင်းတွင် တပ်မှူးယု သိပ်အရေးမစိုက်ဘဲ မီးတောက်နှင့်ရေခဲဦးတည်ရာကို ထိန်းချုပ်တိုက်ခိုက်သည်။ သို့သော် သိပ်မကြာမီ မူမမှန်သည့်အချက်ကို သတိထားမိလာသည်။
သူ့မီးတောက်နှင့် ရေခဲများက လှုပ်သည်ဆိုရုံသာ လှုပ်နိုင်သည်။ အထက်အောက် မရွေ့လျှားနိုင်တော့။ မမြင်နိုင်သည့် ရေပြင်ညီမျဉ်းတစ်ခုထဲတွင် ပိတ်မိသလိုဖြစ်နေသည်။
အပူအအေးထုတ်လွှတ်မှုက ထိုရေပြင်ညီမျဉ်းတွင်သာ သက်ရောက်သည်။
အချိန်စီးကြောင်းက ပုံမှန်အတိုင်းပြန်ဖြစ်လာသည်။
တကယ်လက်တွေ့တွင် ရေပြင်ညီအရိယဖလသန္ဓေစွမ်းအား ရိုက်ခတ်ခံရလျှင် ရေပြင်ညီအတိုင်းသာ လှုပ်ရှားနိုင်သည်။ ထောင်မတ်နေသည့် အတားအဆီးများကို မဖြတ်ကျော်နိုင်တော့။
နန်းတော်ထဲခိုးဝင်စဉ်က လူအားလုံးလွတ်လပ်စွာ လှုပ်ရှားနိုင်ခြင်းသည် ကျင်းချိုင်ဝေက တမင်လွှတ်ပေးထားခြင်းကြောင့်ဖြစ်သည်။
"မင်းအရိယဖလသန္ဓေက ဘာလဲ"
ထိုမျှရူးကြောင်ကြောင်နိုင်သည့် မေးခွန်းမျိုးကို ကျင်းချိုင်ဝေ ပြန်မဖြေ။ ကျားဟိန်းသံ တစ်ချက်ပေါ်လာသည်။
ကျားဟိန်းသံ၏ အသံလှိုင်းများက ဒီရေကဲ့သို့ အဆုံးစမရှိ ပြန့်ထွက်သွားသည်။ ထိုအသံလှိုင်းကြောင့် တပ်မှူးယု နေရာတွင် ကျောက်ရုပ်လိုဖြစ်သွားသည်။ လုံးဝ မလှုပ်ရှားနိုင်တော့။
ကျင်းချိုင်ဝေက အရိယဖလသန္ဓေစွမ်းအားသုံးပြီး တပ်မှူးယုကို ရေပြင်ညီစက္ကူတစ်ခုအဖြစ်ပြောင်းရန် ဆက်ကြိုးစားသည်။
ထိုစွမ်းအားဒဏ် အထိခံ၍မဖြစ်မှန်းသိသဖြင့် တပ်မှူးယု မာန်သွင်းအော်ဟစ်လိုက်သည်။
"ယင်ယန်ပြောင်းလဲခြင်းစွမ်းအား"
********************************