အခန်း (၃၂၉)
Vol. 33 Ch. 329
အခန်း ၃၂၉
"ဒီမှာ မြေအောက်လှိုဏ်ခေါင်းတစ်ခုရှိတယ် ငါ့ရဲ့အဖော်တွေ တူးထားပေးတာ"
ယွင်ရှန်းက ထိုလှိုဏ်ခေါင်း၏ အစအနကို ဝေဝါးဝါးသာ ရှင်းပြလိုက်သည်။
ယခုအချိန်တွင် ရွာသားများမှာ ယွင်ရှန်းအပေါ် အလွန်အမင်း ကြည်ညိုလေးစားနေကြပြီ ဖြစ်သည်။ သူတို့ထဲမှ မည်သူမျှ ငြင်းဆန်ခြင်းမရှိဘဲ ယွင်ရှန်း၏ ညွှန်ကြားချက်အတိုင်း တစ်ဦးပြီးတစ်ဦး လှိုဏ်ခေါင်းအတွင်းသို့ ဆင်းသွားကြတော့သည်။
လျှိုကျိ နှင့် သူ၏ဖခင်အလှည့် ရောက်သောအခါ လျှိုကျိဖခင်သည် ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် လှည့်ပြောလိုက်သည်။
"နတ်ဆေးဆရာမလေး... ကျွန်တော် ကျွန်တော့်ဇနီးအတွက် စိတ်မအေးဘူး။ သူမနဲ့အတူတူ လိုက်သွားချင်တယ်။ ပြီးတော့ မင်းဘက်ကလည်း ကူညီပေးမယ့်သူ လိုအပ်တယ်လေ။ ကျွန်တော်က အရင်က မုဆိုးတစ်ယောက်ဖြစ်ခဲ့ဖူးတော့ လက်ဝှေ့နည်းနည်းပါးပါး တတ်ပါတယ်။ ကျွန်တော် ဒီမှာနေပြီး မင်းကို ကူညီပါရစေ"
ထိုစကားကို ကြားသောအခါ လျှိုကျိကလည်း သူပါ လိုက်နေမည်ဟု ဆိုလာသည်။
"ကောင်းပါပြီ... လျှိုကျိ ဦးလေးပဲ နေခဲ့ပါစေ။ မင်းကတော့ ကျန်တဲ့ရွာသားတွေကို ဦးဆောင်ပြီး လှိုဏ်ခေါင်းအတိုင်း ဆက်သွားလိုက်။ ဘေးကင်းတဲ့နေရာ ရောက်တာနဲ့ နန်ယမြို့ ဘက်ကို တန်းတန်းမတ်မတ် သွားကြ လမ်းမှာ ငါ့လူတွေနဲ့ ဆုံပါလိမ့်မယ်"
လျှိုကျိ၏ မိဘနှစ်ပါးကြားရှိ နက်ရှိုင်းသော သံယောဇဉ်ကို မြင်တွေ့ရသောအခါ ယွင်ရှန်း အတော်ပင် စိတ်လှုပ်ရှားသွားရသည်။ လျှိုကျိ၏ဖခင်မှာ ဇနီးဖြစ်သူကို ထားခဲ့မည်မဟုတ်ကြောင်း သူမ ကောင်းကောင်းသိနေသည်။
အတန်ကြာ ဖျောင်းဖျပြီးနောက်တွင်မူ လျှိုကျိသည် မချိတင်ကဲဖြင့် လှိုဏ်ခေါင်းအတွင်းသို့ ဝင်သွားတော့သည်။
နာရီဝက်ခန့်အတွင်းမှာပင် မိုင်းတွင်းတစ်ခုလုံးတွင် လူသူကင်းမဲ့သွားပြီး မြေပြင်ပေါ်၌ လျှို့ဝှက်လူသားများနှင့် မိစ္ဆာသားရဲများ၏ အလောင်း နှစ်ဆယ်ခန့်သာ ကျန်ရစ်တော့သည်။
ယွင်ရှန်းသည် ရှေ့သို့လျှောက်သွားကာ လျှို့ဝှက်လူသားတစ်ဦး၏ မျက်နှာဖုံးကို ဆွဲခွာလိုက်သည်။ လျှိုကျိဖခင်က အလောင်းကို ရှာဖွေကြည့်ရာ မမျှော်လင့်ဘဲ တံဆိပ်ပြားတစ်ခုကို တွေ့ရှိလိုက်သည်။
ယွင်ရှန်းက ထိုတံဆိပ်ပြားကို လှမ်းကြည့်လိုက်ရာ ၎င်းပေါ်တွင် ရှောင်ဟူသော စာလုံး ရေးထိုးထားသည်ကို တွေ့လိုက်ရသည်။ သူမအနေဖြင့် ထိုတံဆိပ်ပြား၏ အရင်းအမြစ် အတိအကျကို မသိရသေးသော်လည်း လောလောဆယ် သိမ်းဆည်းထားရန် ဆုံးဖြတ်လိုက်တော့သည်။
"ဦးလေး... ထောင်ချောက်ဆင်တဲ့နည်းကို သိလား။ ခဏနေရင် ကျွန်မတို့ နှစ်ယောက် အပြင်ကို ခိုးထွက်တဲ့အခါ..."
ယွင်ရှန်းသည် သူမ၏ သိုလှောင်လက်စွပ်အတွင်း၌ ငှက်ပျောရွက်ကျေးရွာမှ ယူဆောင်လာခဲ့သော သားရဲဖမ်းထောင်ချောက် အချို့ရှိနေသေးသည်ကို သတိရသွားသည်။
ယွင်ရှန်းသည် သူမ၏ မီးတောက်ဖွတ်၊ လျှိုကျိဖခင်တို့နှင့်အတူ ဂူအပြင်ဘက်သို့ တိတ်တဆိတ် ထွက်လာခဲ့ကြသည်။ လူပေါင်းနှစ်ရာကျော်ကို အောင်မြင်စွာ ရွှေ့ပြောင်းပေးနိုင်ခဲ့သော်လည်းတိရစ္ဆာန်ခြံအနီးတွင် လျှိုကျိ၏မိခင် အပါအဝင် ရွာသားတစ်ရာကျော် ကျန်ရှိနေသေးသည်။
ယွင်ရှန်းသည် လျှိုကျိဖခင်အား လျှို့ဝှက်လူသားတစ်ဦး၏ အဝတ်အစားများကို ဝတ်ဆင်ခိုင်းကာ သူမအား အပြင်သို့ ဖမ်းဆီးခေါ်ဆောင်သွားဟန် ဆောင်ခိုင်းလိုက်သည်။ လျှိုကျိဖခင်သည် မိုင်းတွင်းပြင်ပသို့ ယုံကြည်စိတ်ချရသော ဟန်ပန်ဖြင့် လျှောက်လှမ်းလာခဲ့သည်။ မိုင်းတွင်းအပြင်ဘက်တွင် လျှို့ဝှက်လူသားအချို့ ကင်းစောင့်နေကြပြီး နောက်တစ်သုတ်နှင့် အလှည့်ကျစောင့်ရန် စောင့်ဆိုင်းနေကြသည်။
ဂူအပြင်ဘက်ရှိ လူများမှာ ဂူအတွင်း၌ ဖြစ်ပွားခဲ့သော တော်လှန်ပုန်ကန်မှုအကြောင်းကို လုံးဝမသိရှိကြသေးပေ။
"ဒီကလေးက ဘာလုပ်လို့လဲ"
အားငယ်နေပုံ ပေါ်သော ယွင်ရှန်းကို မြင်သောအခါ ကင်းစောင့်တစ်ဦးက မေးမြန်းလိုက်သည်။
"လက်မသန့်ဘူးလေ ခရမ်းရွှေရိုင်းတစ်တုံးကို တိတ်တဆိတ် ဝှက်ထားတာ မိလို့။ အရင်ကဆို သေအောင် ရိုက်သတ်ခံရမှာ။ အခုတော့ လူအင်အား မလုံလောက်လို့သာ တော်တော့တယ်။ သူ့ကို တိရစ္ဆာန်ခြံဘက် ခေါ်သွားလိုက်မယ်"
လျှိုကျိဖခင်မှာ အခြေအနေနှင့်အညီ ပါးနပ်စွာ ဟန်ဆောင်နိုင်လှသည်။ သူသည် ယွင်ရှန်းကို ဒေါသတကြီး စိုက်ကြည့်ရင်း ပြောလိုက်သည်။
"သွား... သွား... ပြီးတော့ မီးဖိုချောင်က လူတွေကိုလည်း မြန်မြန်လုပ်ခိုင်းဦး။ နောက်တစ်သုတ် လဲမယ့်ကောင်တွေက အတော်နောက်ကျနေပြီ။ ငါတို့ကို အငတ်ထားမလို့လား မသိဘူး"
မိုင်းတွင်းစောင့်မှာ စိတ်မရှည်စွာ လက်ဝှေ့ယမ်းပြလိုက်သည်။ မီးဖိုချောင်ရှိ လျှို့ဝှက်လူသားများမှာ အဆိပ်သီးကြောင့် မေ့လဲနေပြီဖြစ်ကြောင်း သူ လုံးဝမသိရှိသေးချေ။
"နားလည်ပါပြီ အစ်ကိုကြီး ပင်ပန်းနေပါပြီဗျာ"
လျှိုကျိဖခင်သည် ယွင်ရှန်းကို တွန်းထုတ်ကာ မီးဖိုချောင်ရှိရာဘက်သို့ အမြန်လျှောက်သွားတော့သည်။
လမ်းတွင် ယွင်ရှန်းသည် ထူးခြားသောအချက်တစ်ခုကို သတိပြုမိလိုက်သည်။ ၎င်းမှာ မူလက မိုးကြိုးစွမ်းအင်များ ပြည့်နှက်နေသော မိုးကြိုးပေါက်ကွဲမှု မှော်စက်ကွင်းများအားလုံးမှာ အလုပ်မလုပ်တော့ဘဲ ချို့ယွင်းနေခြင်းပင်။
တကယ့်ကို ကောင်းကင်က မစတာပဲ။
ယွင်ရှန်း တစ်ယောက် စိတ်ထဲမှ တိတ်တဆိတ် ဝမ်းသာမိသွားသည်။ ယနေ့တွင် ဖြစ်ပျက်သမျှမှာ တစ်စုံတစ်ယောက်က သူမကို ကွယ်ရာမှ ကူညီနေသကဲ့သို့ပင် မယုံနိုင်လောက်အောင် ချောမွေ့နေတော့သည်။
ယွင်ရှန်းသည် လျှိုကျိဖခင်အား လမ်းတစ်လျှောက်တွင် သားရဲဖမ်းထောင်ချောက် အများအပြားကို ဆင်ခိုင်းခဲ့သည်။
သူတို့နှစ်ဦး မီးဖိုချောင်သို့ ရောက်ရှိလာပြီး တံဆိပ်ကို တွန်းဖွင့်လိုက်သည်နှင့် ရှူးခနဲ မြည်ဟီးလာသော ဓားချက်တစ်ချက်မှာ သူတို့၏ နားစည်ဘေးသို့ ဖြတ်သန်းသွားတော့သည်။
"ဦးလေး... သတိထား"
ယွင်ရှန်းသည် သူမ၏ မှော်လှံတံကို ချက်ချင်းထုတ်ယူလိုက်ပြီး လေဓာတ်မှော်ဖြင့် ထိုဓားချက်ကို လမ်းကြောင်းလွဲသွားအောင် ပယ်ဖျက်လိုက်သည်။
"ငါ့သားအမေ... ငါတို့ပါ"
လျှိုကျိဖခင်က သေသေချာချာ ကြည့်လိုက်သောအခါ လျှိုကျိမိခင်နှင့်အတူ အိမ်နီးနားချင်း ရွာသူတစ်စုမှာ မီးဖိုချောင်သုံးဓားများကို ကိုင်စွဲကာ တံခါးဝတွင် စုရုံးနေကြသည်ကို တွေ့လိုက်ရသည်။ သူသည် သူ၏မျက်နှာဖုံးကို အမြန်ပင် ဆွဲခွာလိုက်ရတော့သည်။
ခုနက ဓားဖြင့် ခုတ်လိုက်သူမှာ လျှိုကျိ၏မိခင်ပင်။ ဓားချက်ကို လွှဲလိုက်ပြီးမှသာ သူမမှာ နတ်ဆေးဆရာမလေးနှင့် သူမ၏ ခင်ပွန်းဖြစ်သူ ဖြစ်နေသည်ကို မြင်လိုက်ရခြင်းပင်။
ပုံမှန်အားဖြင့် ကြက်တစ်ကောင်ကိုပင် မသတ်ဝံ့ကြသော ဤအမျိုးသမီးများသည် သေရေးရှင်ရေး အခြေအနေများကို ကြုံတွေ့ခဲ့ရပြီးနောက် သူတို့၏အတွင်းစိတ်မှ သူရဲကောင်းစိတ်ဓာတ်များ နိုးထလာခဲ့ကြပြီ ဖြစ်သည်။ သူတို့သည် သေမထူးနေမထူး စိတ်ဓာတ်ဖြင့် ဓားများကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားကြသည့် ပုံစံမှာ စိုးရိမ်စိတ်ဝင်နေသော ယွင်ရှန်းကိုပင် ငိုအားထက် ရယ်အားသန် ဖြစ်သွားစေတော့သည်။
"အမလေး... ငါ့သားအဖေရယ် ရှင်တို့ကလည်း ငါ့ကို သေအောင်လန့်အောင် လုပ်တာပဲ။ ဟိုလူယုတ်မာတွေရဲ့ အပေါင်းအပါတွေ ထင်လို့။ နတ်ဆေးဆရာမလေး မှာထားတဲ့အတိုင်းပဲ သူတို့အားလုံးကို ငါ အဆိပ်ခတ်ထားပြီးပြီ"
လျှိုကျိမိခင်က သူမ၏ ရင်ဘတ်ကို ဖိရင်း နောက်ဘက်သို့ လက်ညှိုးထိုးပြလိုက်သည်။
အမှန်ပင်... သူမ၏ နောက်ကွယ်တွင် လျှို့ဝှက်လူသား ဒါဇင်ပေါင်းများစွာမှာ မေ့လဲနေကြသည်။
ယွင်ရှန်း၏ အကြည့်များမှာ အေးစက်သွားပြီး လျှိုကျိဖခင်အား ထိုလူများ၏ လည်ပင်းကို တစ်ယောက်ပြီးတစ်ယောက် ဓားဖြင့် လှီးခိုင်းလိုက်သည်။ သူမအနေဖြင့် ဤလူယုတ်မာများအပေါ် မည်သည့်စာနာမှုမျှ မရှိပေ။
ယွင်ရှန်း တွက်ချက်ကြည့်ရသလောက် ယခင်က သတ်ဖြတ်ခဲ့သူများကိုပါ ပေါင်းလိုက်လျှင် သူတို့သည် မိုင်းတွင်းဧရိယာရှိ လျှို့ဝှက်လူသား အင်အားစု၏ အနည်းဆုံး ထက်ဝက်ခန့်ကို ရှင်းလင်းပြီး ဖြစ်သည်။
ယခုအခါ အခက်ခဲဆုံး ရင်ဆိုင်ရမည့်သူများမှာ ကျင့်စဉ်အဆင့် အမြင့်မားဆုံးဖြစ်သော ခေါင်းဆောင်ငယ်နှင့် မိုင်းတွင်းဧရိယာတွင် ရှိနေသည့် ရွှမ်မိသားစုမှ မောင်နှမနှစ်ဦးသာ ကျန်ရှိတော့သည်။
"အားလုံးပဲ မစိုးရိမ်ကြပါနဲ့။ ရှင့်တို့ရဲ့ မိသားစုဝင်တွေနဲ့ ကလေးတွေအားလုံး အခု ဘေးကင်းရာမှာ ရှိနေကြပါပြီ။ လောလောဆယ်တော့ ဒီစားသောက်ဆောင်ကနေ အပြင်ကို ထွက်မသွားကြပါနဲ့ဦး။ အဒေါ်... ဟိုခေါင်းဆောင်ငယ်နဲ့ ရွှမ်မောင်နှမတွေ ဘယ်မှာ တည်းခိုနေလဲဆိုတာ သိလား"
ယွင်ရှန်းက လျှိုကျိမိခင်ကို မေးမြန်းလိုက်သည်။
"သိတာပေါ့။ နေ့တိုင်း ဒီအချိန်ဆိုရင် ငါနဲ့ မီးဖိုချောင်က အမျိုးသမီးတချို့ သူတို့အတွက် ထမင်းသွားပို့ပေးနေကျပဲ"
လျှိုကျိ ဘေးကင်းစွာ ထွက်ခွာသွားနိုင်ပြီဖြစ်ကြောင်း ကြားသိရသဖြင့် လျှိုကျိမိခင်မှာ စိတ်သက်သာရာရသွားကာ ပြန်ဖြေလိုက်သည်။
"ဒါဆိုရင် ကျွန်မ မီးဖိုချောင်အကူတစ်ယောက်အဖြစ် အသွင်ပြောင်းပြီး အဒေါ်နဲ့အတူ လိုက်ခဲ့မယ်"
ယွင်ရှန်းသည် မီးဖိုချောင်အကူ ဝတ်စုံကို အမြန်လဲလှယ်လိုက်သည်။ ထို့နောက် လေးလံသော ထမင်းချိုင့်ကိုယ်စီကို ကိုင်ဆောင်ကာ သူမနှင့် လျှိုကျိမိခင်တို့သည် ခေါင်းဆောင်နှင့် ရွှမ်မောင်နှမများ နေထိုင်ရာဆီသို့ ဦးတည်ထွက်ခွာခဲ့ကြသည်။
သူတို့နှစ်ဦးသည် ခေါင်းငိုက်စိုက်ထားကာ မိုင်းတွင်းဧရိယာ၏ အစိတ်အပိုင်းအတော်များများကို ဖြတ်သန်းလာခဲ့ကြပြီး ယာယီဆောက်လုပ်ထားသော တဲနန်းတစ်ခုသို့ ရောက်ရှိလာသည်။
တဲအတွင်း၌ ညဉ့်ပုလဲများဖြင့် လင်းထိန်နေပြီး လျှို့ဝှက်လူသားခေါင်းဆောင်ငယ် တစ်ဦးတည်းသာ ရှိနေသည်ကို တွေ့ရသည်။ ရွှမ်မောင်နှမများကိုမူ မတွေ့ရပေ။ အပြင်ဘက်တွင် ကင်းစောင့်နေသော လျှို့ဝှက်လူသားများမှာ ပုံမှန်အတိုင်းပင် ရှိနေကြရာ ဂူအတွင်း၌ ဖြစ်ပျက်ခဲ့သည်များကို သူတို့ မသိရှိကြသေးသည်မှာ ထင်ရှားလှသည်။
"သခင်... ဒီနေ့အတွက် အစားအသောက် ရောက်ပါပြီ"
လျှိုကျိမိခင်က ထမင်းချိုင့်ကို ချထားပေးလိုက်သည်။
"နေဦး... မင်းကို ငါ အရင်က မတွေ့ဖူးပါလား"
လျှို့ဝှက်လူသား ခေါင်းဆောင်ငယ်မှာ အလွန်သတိကြီးသူဖြစ်သည်။ သူသည် ယွင်ရှန်းကို စူးစိုက်ကြည့်လိုက်ရာ သူမ၏ လှပသော မျက်နှာနှင့် ဖြူဝင်းသော အသားအရေကို သတိပြုမိသွားပြီး သူမ၏လက်ကို ရုတ်တရက် ဖမ်းဆွဲလိုက်တော့သည်။
ယွင်ရှန်းသည် ကျောက်စိမ်းရိုးတွင်းခြင်ဆီ ကျင့်စဉ်ကို ကျင့်ကြံထားသူ ဖြစ်သဖြင့် သူမ၏လက်များမှာ နူးညံ့ချောမွေ့နေပြီး သာမန်တောသူမများ၏ ကြမ်းတမ်းသော လက်များနှင့် အလွန်ပင် ကွာခြားလှသည်။ ထို့ကြောင့် ခေါင်းဆောင်ဖြစ်သူက ယွင်ရှန်း၏ ထူးခြားသော ရုပ်ရည်သွင်ပြင်ကို တစ်ချက်ကြည့်ရုံနှင့် ရိပ်မိသွားခြင်းပင်။
"သခင် အရေးကြီးကိစ္စ ရှိပါတယ်"
အပြင်ဘက်မှ လျှို့ဝှက်လူသား အချို့ ပြေးဝင်လာကြသည်။
"မှော်စက်ကွင်းမှာ ပြဿနာတက်နေပါပြီ"
"ဘာ"
ခေါင်းဆောင်ဖြစ်သူမှာ လန့်သွားပြီး ယွင်ရှန်း၏လက်ကို လွှတ်လိုက်သည်။
ထိုမိုးကြိုးပေါက်ကွဲမှု မှော်စက်ကွင်းများ၏ ချို့ယွင်းချက်ကို သူတို့ ရှာတွေ့သွားကြပြီလား။
ယွင်ရှန်းသည် လျှိုကျိတို့နှင့်အတူ မိုင်းတွင်းသို့ ပထမဆုံးအကြိမ် ခေါ်ဆောင်ခံရစဉ်က မှော်ဆရာအများအပြား ရှိနေသည်ကို သတိပြုမိခဲ့သည်။ သို့သော် မကြာသေးမီရက်ပိုင်းအတွင်း၌မူ ထိုမှော်ဆရာများကို မတွေ့ရတော့ပေ။ တစ်စုံတစ်ရာ အထူးအကြောင်းပြချက်ဖြင့် မှော်ဆရာအားလုံးမှာ အခြားနေရာသို့ ပြောင်းရွှေ့ခံလိုက်ရဟန် ရှိသည်။ ဤသည်မှာလည်း သာမန်စစ်သည်များသာဖြစ်သော ဤလျှို့ဝှက်လူသားများက မှော်စက်ကွင်းများ ဖျက်ဆီးခံထားရသည်ကို သတိမပြုမိကြခြင်း၏ အကြောင်းရင်းပင်။
သူတို့၏ စကားကို ကြားလိုက်ရသည့်အခါမှ ယွင်ရှန်း သဘောပေါက်သွားသည်မှာ သူတို့ပြောသော မှော်စက်ကွင်းမှာ မိုးကြိုးစက်ကွင်းမဟုတ်ဘဲ ခရမ်းရွှေရိုင်းများကို သယ်ယူပို့ဆောင်ပေးနေသည့် မှော်သယ်ယူပို့ဆောင်ရေးစက်ကွင်းဖြစ်နေခြင်းပင်။