အခန်း (၃၃၁)
Vol. 33 Ch. 331
အခန်း။ ၃၃၁
ထွက်ပြေးရမယ်။ ငါ မဖြစ်မနေ ထွက်ပြေးရမယ်။
ကောင်းကင်စူးစမ်းရေးအဖွဲ့မှ ဤဆင့်ခေါ်သူ မိန်းကလေးသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုတစ်ခုဖြစ်ကြောင်း ယခုမှသာ သူ သဘောပေါက်လိုက်တော့သည်။
သူမ၏ သေးငယ်သော ခန္ဓာကိုယ်သည် လျှို့ဝှက်လူသားများကြားတွင် လျှပ်စီးကဲ့သို့ လှုပ်ရှားနေပြီး လက်တစ်ဖက်စီမှ မီးတောက်ပေါက်ကွဲမှုမှော်များကို ဆက်တိုက်ဆိုသလို ပစ်လွှတ်နေသည်။
သူမ၏ မျက်ဝန်းအစုံတွင် နီရဲသော မီးလျှံများ အရိပ်ထင်နေပြီး သွေးပင်လယ်ကြီးသဖွယ် ဖြစ်နေတော့သည်။ သူမ သတ်ဖြတ်နေချိန်တွင် လွင့်ပျံ့နေသော ဆံပင်အရှည်များမှာ ငရဲပြည်မှ အသက်နှုတ်ရန် ရောက်ရှိလာသည့် မိစ္ဆာတစ်ကောင်နှင့်ပင် တူလှသည်။
ကင်းခြေများ ပုရွက်ဆိတ် စစ်သူကြီးရှေ့တွင်မူ အထူးလေ့ကျင့်ထားသော ထိုစစ်သည်တော်များမှာ အပိုင်းပိုင်းအပြတ်ပြတ် ဆွဲဖြဲခံရပြီး တစ်ကောင်လုံး အဝါးခံနေရတော့သည်။ သူ၏ လက်အောက်ငယ်သားများထံမှ ထွက်ပေါ်လာသော အသက်ဘေးမှ ကယ်တင်ရန် တောင်းပန်တိုးလျှိုးသံများမှာ ဘယ်သောအခါမှ မဆုံးနိုင်သည့် ငရဲတေးသံများကဲ့သို့ပင်။
လျှို့ဝှက်လူသား အနည်းငယ်၏ အကာအကွယ်ဖြင့် ခေါင်းဆောင်ငယ်သည် နောက်ဆုံးတွင် မိုင်းတွင်းဂူအတွင်းမှ အသည်းအသန် ရုန်းထွက်နိုင်ခဲ့သည်။ သို့သော် သူ အပြင်သို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် သူ့ကို စောင့်ကြိုနေသည်မှာ မုဆိုးစစ်သည်တော် ရာပေါင်းများစွာ ဖြစ်နေတော့သည်။
မုဆိုးစစ်သည်တော်များ အားလုံးမှာ ပြင်းထန်သော တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားတော့မည်ဟု ပြင်ဆင်ထားကြပြီး အလောင်းများ ပြန့်ကျဲနေမည့် မြင်ကွင်းကို တွေးထားကြသော်လည်း သူတို့ အထဲသို့ ဝင်လိုက်သည့်အခါတွင်မူ မယုံနိုင်စရာ အခြေအနေကို တွေ့လိုက်ရသည်။
စားသောက်ဆောင်အတွင်း၌ ဘေးကင်းစွာ ကျန်ရှိနေသော ရွာသား ဒါဇင်ပေါင်းများစွာကို သူတို့ တွေ့ရှိခဲ့ရသည်။ ထို့နောက် တိုက်ခိုက်ရန် အသင့်ပြင်ကာ မိုင်းတွင်းဂူဝသို့ ရောက်လာသောအခါသွေးအလိမ်းလိမ်းနှင့် ဖရိုဖရဲ ဖြစ်နေသော စစ်သည်အချို့ ဂူအတွင်းမှ ထွက်ပြေးလာသည်ကို မြင်လိုက်ရသည်။
ထိုသူများ၏ မျက်နှာပေးမှာ သရဲသပက်ကို မြင်လိုက်ရသည့်အလား ထိတ်လန့်တုန်လှုပ်နေကြသည်။
စစ်နတ်ဘုရားတစ်ပါးကဲ့သို့ ခန့်ညားလှသော ခေါင်းဆောင်ကြီးမှာ ရှေ့ဆုံးမှ ချီတက်လာသည်။
"ကောင်းကင်စူးစမ်းရေး အမဲလိုက်အဖွဲ့... ယန်ချန်းလန်က မင်းတို့ကို စောင့်နေတာ ကြာပြီ"
မိုးကြိုးပေါက်ကွဲမှု မှော်စက်ကွင်းများ မရှိတော့သည့်နောက်တွင် ယန်ချန်းလန်နှင့် ရာနှင့်ချီသော မုဆိုးစစ်သည်တော်များသည် တားဆီး၍မရသော အရှိန်အဝါဖြင့် ရန်သူများကို အပြတ်အသတ် ရှင်းလင်းကာ တိုက်ခိုက်ကြတော့သည်။
"ကျိုးနိုင်ငံ... ယန်ချန်းလန်ပဲ"
စစ်နတ်ဘုရားကိုယ်တိုင် ဆင်းသက်လာသည့်အလား ခန့်ညားထည်ဝါလှသော ယန်ချန်းလန်နှင့် သူ၏ ပကတိအတိုင်း ပြန်လည်ကောင်းမွန်နေသော လက်မောင်းကို မြင်လိုက်ရသောအခါ၊ လျှို့ဝှက်လူသားခေါင်းဆောင်မှာ ဆက်လက်တောင့်မခံနိုင်တော့ဘဲ ဒူးညွှတ်ကာ မြေပြင်ပေါ်သို့ ခွေခေါက်လဲကျသွားတော့သည်။
ဒီလူက ဘယ်လိုဖြစ်ပြီး လက်ပြန်ကောင်းနေတာလဲ။ ပြီးတော့ ကျန်တဲ့လူတွေရော ဘယ်
ရောက်ကုန်ပြီလဲ။
"ဦးလေး... အချိန်ကိုက် ရောက်လာတာပဲ"
ယန်ချန်းလန်မှာ အခြေအနေကို နားမလည်ဘဲ ကြောင်အမ်းနေစဉ် သူ၏တူမဖြစ်သူမှာ မိုင်းတွင်းအတွင်းမှ ဘာမှမဖြစ်သကဲ့သို့ အေးအေးလူလူ လျှောက်ထွက်လာသည်ကို တွေ့လိုက်ရသည်။
လျှို့ဝှက်လူသားခေါင်းဆောင်မှာ ယွင်ရှန်းကို မြင်လိုက်ရသည်နှင့် "အနားမလာနဲ့ ထပ်ပြီး အနားမကပ်လာနဲ့တော့" ဟု ထပ်တလဲလဲ အော်ဟစ်နေတော့သည်။
သူ၏အကြည့်တွင် ယွင်ရှန်းမှာ မိစ္ဆာဆိုးတစ်ကောင်သဖွယ် ဖြစ်နေပုံပင်။ ယန်ချန်းလန်မှာလည်း ခေါင်းခဲသွားရသည်။
သူ့တူမလေးကတော့ ဒီလူတွေကို တကယ့်ကို အကျပ်ရိုက်အောင် လုပ်လိုက်ပြီထင်တယ်။
"ဦးလေး..."
ယွင်ရှန်း တစ်စုံတစ်ခု ပြောရန် ပြင်လိုက်စဉ်မှာပင် ယန်ချန်းလန်၏ မျက်နှာထား ရုတ်တရက် ပြောင်းလဲသွားပြီး မုဆိုးစစ်သည်တော်များမှာလည်း သူတို့၏နောက်ဘက်သို့ သတိကြီးစွာ လှည့်ကြည့်လိုက်ကြသည်။
စစ်မြင်းများ ဟီသံနှင့်အတူ မိုင်းတွင်းဧရိယာ၏ အဝင်ဝတွင် ကောင်းကင်ယံမှ တိမ်တိုက်များအလား စစ်အလံများ တလူလူလွင့်ပျံလာသည်။ အလံများပေါ်တွင် ကျိုးနိုင်ငံဟူသော စာလုံးကို ထင်ရှားစွာ ထိုးထွင်းထားသည်။
"ဟဲ့..."
ကျိုးနိုင်ငံ၏ စစ်ဗိုလ်ချုပ်တစ်ဦး မြင်းကို အဟုန်ဖြင့်စီးကာ ရှေ့ဆုံးမှ ပေါ်ထွက်လာသည်။ ထိုမြင်း၏နောက်တွင် ဒီဟုန်မြို့မှ ရွှမ်မိသားစု မောင်နှမနှစ်ဦး လိုက်ပါလာကြသည်။
"ကျိုးနိုင်ငံရဲ့ ဝေယွမ်နယ်စားမင်းစစ်တပ်က ဒီဓားပြတွေကို ဝိုင်းရံနှိမ်နင်းဖို့ အမိန့်ရထားတယ်။ မင်းတို့အားလုံး အခုချက်ချင်း ဆုတ်ခွာကြ"
ထိုသို့ ပြောကြားလိုက်သူမှာ ဝေယွမ်နယ်စားမင်း၏ တူတော်စပ်သူ တောင်ဘက်နယ်စပ် ကင်းတပ်၏ ခေါင်းဆောင် ဗိုလ်ချုပ် နီရန်ရီပင်။
ကျိုးနိုင်ငံရဲ့ ကင်းတပ်က ဒီကို ဘယ်လိုရောက်လာတာလဲ။
ယန်ချန်းလန်၏ မျက်နှာထားမှာ ချက်ချင်းပင် ပျက်ယွင်းသွားသည်။ အောင်နိုင်သူများအလား ဝင့်ကြွားနေသော ရွှမ်မောင်နှမ နှစ်ဦးနှင့်အတူ ပါလာသည့် ဗိုလ်ချုပ် နီရန်ရီကို မြင်လိုက်ရကတည်းက တစ်ခုခုတော့ လွဲနေပြီဖြစ်ကြောင်း သူ သိလိုက်သည်။
ယွင်ရှန်းသည်လည်း အရာအားလုံးကို ထိန်းချုပ်ထားနိုင်ပြီဟု ထင်မှတ်ထားစဉ်မှ တောင်ဘက်နယ်ခြားစောင့်တပ်၏ မမျှော်လင့်ဘဲ ရောက်ရှိလာမှုကြောင့် အခြေအနေများ ပြောင်းလဲသွားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။
"ဪ... ညီအစ်ကိုယန်ပါလား"
မုဆိုးစစ်သည်တော်များနှင့်အတူ ရပ်နေသော ယန်ချန်းလန်နှင့် မြေပြင်ပေါ်တွင် ဒူးထောက်နေရသော လျှို့ဝှက်လူသားများကို ကြည့်ရင်း ဗိုလ်ချုပ်နီရန်ရီ၏ သေးငယ်သော မျက်လုံးများမှာ မှေးစင်းသွားသည်။
သူနှင့် ယန်ချန်းလန်မှာ အသက်အရွယ်တူ သိကျွမ်းသူဟောင်းများ ဖြစ်ကြသည်။ သို့သော် ယန်ချန်းလန် စစ်တပ်သို့ စတင်ဝင်ရောက်စဉ်က စစ်ရေးစွမ်းရည်တွင် သူ့ထက် အမြဲသာလွန်နေခဲ့သဖြင့် သဘောထားသေးသိမ်သော နီရန်ရီမှာ အမြဲတမ်း မကျေမနပ် ဖြစ်ခဲ့ရသည်။
လွန်ခဲ့သော နှစ်အနည်းငယ်က ယန်ချန်းလန်မှာ ရွှမ်ဝူကျိ၏ သစ္စာဖောက်မှုကို ခံရပြီး လက်မောင်းတစ်ဖက် ဆုံးရှုံးသွားသည်ဟူသော သတင်းကို ကြားသောအခါ နီရန်ရီသည် ဝမ်းသာအားရဖြင့် သူ၏အိမ်တော်၌ ခမ်းနားသော ဂုဏ်ပြုစားပွဲကြီး ကျင်းပခဲ့သူလည်း ဖြစ်သည်။
သူ၏မျက်စိထဲက ဆူးတစ်ချောင်းဖြစ်သော ယန်ချန်းလန် ဖယ်ရှားခံလိုက်ရပြီးနောက် ဝေယွမ်နယ်စားမင်း၏ အကူအညီဖြင့် နီရန်ရီ၏ ရာထူးမှာ တဟုန်ထိုး တက်လာခဲ့သည်။ သူသည် တောင်ဘက်နယ်စပ်ရှိ အကျိုးအမြတ်များလှသော နယ်ခြားစောင့်တပ် ဗိုလ်ချုပ်ရာထူးကိုပင် ရရှိခဲ့သည်။ နှစ်အတော်ကြာ နယ်စပ်တွင် အုပ်စိုးနေစဉ်အတွင်း သူသည် ဒီဟုန်မြို့၊ ဟောက်ချင်းနိုင်ငံ၊ တန်ယွမ်နိုင်ငံတို့နှင့် ပူးပေါင်းကာ ကိုယ်ကျိုးရှာခဲ့သည်။ ယခုအကြိမ် ခရမ်းရွှေမိုင်းကြောမှလည်း သူသည် အကျိုးအမြတ်အမြောက်အမြား ရရှိရန် ကြံရွယ်ထားခြင်း ဖြစ်သည်။
ယန်ချန်းလန်နှင့် ဒေသခံမုဆိုးစစ်သည်တော်များက ဘယ်ကမှန်းမသိ ပေါ်လာပြီး သူ၏အစီအစဉ်ကြီးကို ဖျက်ဆီးပစ်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ရွှမ်မောင်နှမများမှာလည်း အလွန်ပင် ကောက်ကျစ်လှသည်။ သူတို့သည် လျှို့ဝှက်လူသားခေါင်းဆောင်များထက်ပင် ဦးအောင် မိုင်းတွင်းအတွင်းရှိ မှော်စက်ကွင်းများ ပျက်စီးနေသည်ကို ရှာဖွေတွေ့ရှိခဲ့ကြသည်။ တစ်ခုခုမှားနေပြီဟု သိသည်နှင့် သူတို့သည် နီရန်ရီအား ညတွင်းချင်း သတင်းပို့ခဲ့ကြသည်။ သို့မှသာ ယန်ချန်းလန်တို့က လျှို့ဝှက်လူသားများကို စစ်ဆေးမေးမြန်းခြင်း မပြုနိုင်မီ ကျိုးနိုင်ငံစစ်တပ်၏ အမည်ကို အသုံးပြု၍ ဤမိုင်းကြောကို အပိုင်စီးနိုင်ရန် ဖြစ်သည်။
"ဗိုလ်ချုပ်နီ... မတွေ့ရတာ ကြာပြီပဲ။ ဒီမိုင်းကြောကို ကျွန်တော်တို့ စူးစမ်းရှာဖွေဖို့အတွက် ဧကရာဇ်မင်းမြတ်ကိုယ်တိုင် ယွိကျင်းမြို့မှာ ရှိစဉ်ကတည်းက တာဝန်ပေးထားတာပါ"
ယန်ချန်းလန်သည်လည်း အခြေအနေကို ရိပ်မိသော်လည်း သူသည် ကျိုးနိုင်ငံစစ်တပ်မှ နုတ်ထွက်ထားသူ ဖြစ်သည်။ ရာထူးအဆင့်အတန်းအရ သူသည် ယခုအခါ အရပ်သားတစ်ဦးသာဖြစ်ပြီး နီရန်ရီမှာမူ အာဏာရှိ အရာရှိတစ်ဦး ဖြစ်သည်။ ကျိုးနိုင်ငံ၏ နယ်နိမိတ်အတွင်း၌ သူသည် နီရန်ရီကို တိုက်ရိုက်ဆန့်ကျင်၍ မရနိုင်ပေ။
သူ လုပ်နိုင်သမျှမှာ ဧကရာဇ်မင်းမြတ်၏ တာဝန်ပေးချက်ကို နီရန်ရီအား သတိပေးရန်သာ ရှိတော့သည်။
"ဒီကိစ္စနဲ့ ပတ်သက်လို့ နယ်စားမင်းက ကျွန်တော့်ကို ပြောထားပြီးသားပါ။ အခု မိုင်းကြောကို ရှာတွေ့ပြီဆိုတော့ ဒီမိုင်းကြောကို ကျူးကျော်သိမ်းပိုက်ထားတဲ့ ရာဇဝတ်ကောင်တွေကို ကျွန်တော်တို့ပဲ ကိုင်တွယ်ဖြေရှင်းပါ့မယ်။ ပြီးတော့ မင်းတို့ရဲ့ နောက်ကွယ်က မိုင်းတွင်းဂူကိုလည်း ဒီဗိုလ်ချုပ်ရဲ့ လက်ထဲကို လွှဲပြောင်းပေးရမယ်"
ဂူအတွင်း၌ ကျန်ရှိနေသေးသော ခရမ်းရွှေရိုင်း ထက်ဝက်ခန့်ကို တွေးတောရင်း နီရန်ရီမှာ အတွင်းစိတ်၌ သွားရည်ကျနေတော့သည်။
ဒီအသေမထူးတဲ့ မုဆိုးစစ်သည်တော်တွေက ငါ့ရဲ့ စည်းစိမ်ကို လုဖို့ ကြိုးစားနေကြတာကိုး။
မိုင်းကြောနဲ့ လျှို့ဝှက်လူသားတွေကို သူ့လက်ထဲ အပ်ရမယ် ဟုတ်လား။
ယွင်ရှန်း တစ်ယောက် မျက်မှောင်ကြုတ်သွားမိသည်။
အကယ်၍ သူတို့သာ သဘောမတူပါက စစ်မိန့်ကို ဖီဆန်ရာ ရောက်ပေလိမ့်မည်။ မုဆိုးစစ်သည်တော် မဟာမိတ်အဖွဲ့မှ မုဆိုးများသည်လည်း စစ်တပ်နှင့် ထိပ်တိုက်တွေ့ရန် သဘောတူကြမည်မဟုတ်ပေ။ သူမနှင့် ဦးလေးဖြစ်သူ နှစ်ဦးတည်းဖြင့်လည်း စစ်တပ်ကို ယှဉ်ရန်မှာ မဖြစ်နိုင်ကြောင်း ထင်ရှားလှသည်။
ဗိုလ်ချုပ်နီမှာ ယနေ့အတွက် ကောင်းကောင်းပြင်ဆင်လာခဲ့ပြီး ထိပ်တန်းနယ်ခြားစောင့်တပ်သား ထောင်ပေါင်းများစွာကို ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။ ရွှမ်မောင်နှမ များမှာမူ တိတ်တဆိတ် ဝမ်းသာနေကြပြီး အထူးသဖြင့် ရွှမ်ဝူကျိသည် ယန်ချန်းလန်၏ မကျေမနပ်ဖြစ်နေသော မျက်နှာကို ကြည့်ကာ အလွန်ပင် ကျေနပ်အားရနေတော့သည်။
"နေဦး... ဘယ်က မျက်စိမပါတဲ့ကောင်က မိုင်းကြောကို လွှဲပေးရမယ်လို့ ပြောနေတာလဲ"
ကောင်းကင်ယံထက်တွင် ဇူရန့် သည် နဂါးလက်သည်း လင်းနို့ပေါ်၌ ထိုင်နေရင်း နီရန်ရီကို အထက်စီးမှ အငြိုးတေးအပြည့်ဖြင့် ငုံ့ကြည့်လိုက်သည်။
ရွှမ်မောင်နှမများသည်လည်း ဇူရန့်ကို မှတ်မိသွားကြသည်။
"သန့်စင်သော သားရဲဆင့်ခေါ်သူလား"
ရောက်ရှိလာသူ၏ ခြေဖဝါးအောက်ရှိ ဧရာမလင်းနို့ကြီးကို မြင်လိုက်ရသောအခါ နီရန်ရီ၏ နှလုံးသားထဲသို့ ကြောက်စိတ်များ စိမ့်ဝင်သွားတော့သည်။ ကျိုးနိုင်ငံနယ်နိမိတ်အတွင်း၌ သန့်စင်သော သားရဲဆင့်ခေါ်သူအဆင့်ရှိသူများ ဘယ်အချိန်ကတည်းက ပေါ်ပေါက်နေရတာလဲ။
"လေးစားအပ်ပါသော ဆရာကြီး... ဆရာကြီးက ဘယ်သူပါလဲခင်ဗျာ"
နီရန်ရီသည် ကျိုးနိုင်ငံစစ်တပ်၏ ခေါင်းဆောင်တစ်ဦး ဖြစ်သဖြင့် လောကအတွေ့အကြုံတော့ ရှိပေသည်။ ဇူရန့်ကဲ့သို့ အစွမ်းထက်သူနှင့် ရင်ဆိုင်ရလျှင် ထိပ်တိုက်တွေ့၍ မဖြစ်ကြောင်း သူ ကောင်းကောင်းသိသည်။
"ဆင့်ခေါ်သူ ဆရာကြီးခင်ဗျာ... ဝူကျိတိုက်ကြီးက နိုင်ငံတွေကြား သဘောတူညီချက်အရ ဒီခရမ်းရွှေမိုင်းကြောဟာ ကျိုးနိုင်ငံရဲ့ နယ်နိမိတ်ထဲမှာ ရှိတဲ့အတွက် ကျိုးနိုင်ငံကပဲ ပိုင်ဆိုင်တာပါ။ အဲဒါကြောင့် ဆရာကြီးအနေနဲ့..."
နီရန်ရီ၏ အထင်မှာ သန့်စင်သော သားရဲဆင့်ခေါ်သူတစ်ဦး ဖြစ်နေလင့်ကစား ကျိုးနိုင်ငံ၏ မိုင်းကြောကို ဗြောင်ကျကျ လုယူဝံ့လိမ့်မည် မဟုတ်ဟု ဖြစ်သည်။
"ဘယ်သူက ပြောလို့လဲ။ ဒီမိုင်းကြောက ထွက်တဲ့ သတ္တုရိုင်း ၅၀ ရာခိုင်နှုန်းဟာ ငါ့ရဲ့ ပိုင်ဆိုင်မှုပဲ။ ဒါဟာ ကျိုးနိုင်ငံရဲ့ ဧကရာဇ်မင်းမြတ်ကိုယ်တိုင် ပြောထားတာ"
ဇူရန့်က စူးစူးရှရှ စိုက်ကြည့်ရင်း ပြောလိုက်ရာ သူ၏အောက်ရှိ နဂါးလက်သည်း လင်းနို့ဘုရင်မှာလည်း အတောင်ပံများကို အဆက်မပြတ် ခတ်ထုတ်နေတော့သည်။
အဆင့်တက်သွားပြီးနောက် လင်းနို့ဘုရင်မှာ ယခင်ကထက် သုံးပုံတစ်ပုံခန့် ပိုမိုကြီးမားလာသည်။ ၎င်း၏ အတောင်ပံခတ်သံမှာ လေဆင်နှာမောင်းငယ်တစ်ခုသဖွယ် ဖြစ်နေတော့သည်။
အောက်ဘက်ရှိ စစ်သည်တော်များမှာ လေဟုန်ကြောင့် ဟန်ချက်ပျက်ကာ ဖရိုဖရဲ ဖြစ်ကုန်ကြသည်။ နီရန်ရီမှာမူ ဟန်ချက်ကို မနည်းထိန်းထားရင်းမှ စကားထစ်ထစ်ဖြင့် "ဆင့်ခေါ်သူ ဆရာကြီး... ဆရာကြီးပြောတာ တကယ်ပဲလား။ သက်သေမရှိဘဲနဲ့တော့..."
"သက်သေမရှိဘူး ဟုတ်လား။ ဒါဘာလဲဆိုတာ ကြည့်လိုက်စမ်း"
ဇူရန့်သည် အဝတ်စတစ်ခုကို အောက်သို့ လွှင့်ပစ်လိုက်တော့သည်။